မင်းတုန်းမင်းနှင့် ဘိုးဘိုးအောင်
ပုဂံမင်းကို ညီတော်များဖြစ်ကြသည့် မင်းတုန်းမင်းနှင့် ကနောင်မင်းက ပူးပေါင်းကာ ရွှေဘိုတွင်ပုန်ကန်၍ အမရပူရနေပြည်တော်ကို တိုက်ခိုက်သည်။ ပုန်ကန်မှုအောင်မြင်၍ ပုဂံမင်းကိုနန်းချပြီး မင်းတုန်းမင်းက နန်းတက်လေသည်။
မင်းတုန်းမင်းမှာ ရတနာပုံနေပြည်တော်သစ်ကိုတည်ထောင်ပြောင်းရွေ့စိုးစံခဲ့သည်။ ဘိုးဘိုးအောင်မှာ မင်းဆိုးမင်းညစ် တရားမစောင့်သောမင်းများ၏ လက်ထက်တွင် ပုန်းလျိုးကွယ်လျှိုးနေထိုင်ရာမှ မင်းတုန်းမင်းကြီးလက်ထက်တွင် ပြန်လည်ပေါ်ပေါက်လာလေသည်။ ထိုသို့ပေါ်ပေါက်လာရခြင်းမှာလည်း မင်းတုန်းမင်းမှာ ဘာသာ၊ သာသနာကို အလွန်ကြည်ညိုသောမင်းဖြစ်သည်မို့ ချီးမြှင့်မြှောက်စားရန်အတွက် ရောက်ရှိလာခြင်းဖြစ်ပေသည်။
ဘိုးဘိုးအောင်မှာ မန္တလေးတောင်ပေါ်သို့ ညနေတိုင်းတက်၍ အဓိဌာန်ကျင့်စဉ်များ ကျင့်ကြံလျှက်ရှိသည်။ တောင်ပေါ်သို့တက်သည့်အခါတိုင်း တောင်ခြေရှိ ပန်းသည်မကလေး မညိုထံမှ ဘုရားပန်းများကိုဝယ်ယူလေ့ရှိသည်။ ဘိုးဘိုးအောင်ပျောက်ကွယ်သွားသည်မှာ နှစ်အတော်ကြာပြီဖြစ်သဖြင့် လူအများမှာ ဘိုးဘိုးအောင်ကိုမမှတ်မိတော့ပေ၊ ဝတ်ဖြူစင်ကြယ်နှင့် သူတော်စင်ကြီးတစ်ဦးဟုသာ ထင်မှတ်နေကြသည်။ ဘိုးဘိုးအောင်မှာ မညိုထံတွင် ပန်းဝယ်ဖန်များလာသည့်အခါ မျက်မှန်းတမ်းမိလာလေသည်။ မညိုမှာ ဘိုးဘိုးအောင်၏ ရုပ်ရည်သွင်ပြင်ကိုမြင်တွေ့ရသည်နှင့်ပင် အလွန်လေးစားကြည်ညိုနေမိသည်။
“ဘိုးဘိုးရယ် ကျွန်မက ဘိုးဘိုးကိုသိပ်ကြည်ညိုမိပါတယ်၊ ဘိုးဘိုးက ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်တာကို ကျွန်မလေးစားပါတယ်၊ ဒါကြောင့် ကျွန်မလည်းကုသိုလ်ရအောင်လို့ ဘိုးဘိုးကို ကျွန်မပန်းလှူဒါန်းပြီး ဒါနပြုပါ့မယ်၊ ဘိုးဘိုးမဝယ်ပါနဲ့တော့၊ ဟောဒီပန်းတွေထဲက ဘိုးဘိုးကြိုက်သလောက်သာယူပြီး လှူဒါန်းပါတော့”
ဘိုးဘိုးအောင်မှာ မညို၏စိတ်ဓါတ်ကို စမ်းသပ်ကြည့်ချင်သည်။ ထို့ကြောင့် တစ်နေ့နည်းနည်းနှင့် ပန်းများကိုတိုး၍ယူလေသည်။ သုံးလခန့်ကြာသည့်အခါ တစ်နေ့တစ်နေ့ပန်းများကို လက်နှစ်ဖက်နှင့်တပွေ့ကြီးသယ်ယူရသည်။ မညိုမှာ ဘိုးဘိုးအောင်တစ်ယောက် ပန်းအများအပြား အလကားယူနေသော်လည်း မျက်နှာတစ်ချက်မပျက်ခဲ့ပေ။ မိမိပင် ကုသိုလ်ရသေးသည်ဟုတွေးထင်မှတ်ထားပေသည်။
ဘိုးဘိုးအောင်မှာ မညို၏ဖြူစင်သည့်စိတ်ထားကို ချီးမြှောက်ချင်သည်။ တစ်ဖက်တစ်လမ်းကလည်း တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေသည့် မင်းတုန်းမင်းကြီး၏ စိတ်အခြေအနေကို အကဲခတ်ချင်သေးသည်။ ထို့ကြောင့် သုံးလပြည့်မြောက်ပြီးသည့် လပြည့်နေ့တစ်ရက်တွင် ဘိုးဘိုးအောင်မှာ ဘုရားပေါ်မှပြန်ဆင်းလာကာ မညိုအနီးသို့တိုးကပ်လာခဲ့သည်။
“ငါ့သမီးရဲ့ စေတနာကို ဘိုးဘိုးတကယ်လေးစားပါတယ်ကွယ်၊ တကယ်တော့ ဘိုးဘိုးက ပန်းတွေတိုးတိုးပြီးယူနေတယ်ဆိုတာ ငါ့သမီးရဲ့ သဒ္ဓါတရားကို စမ်းသပ်နေခြင်းသာဖြစ်ပါတယ်၊ ငါ့သမီးရဲ့စိတ်ထားဟာ မွန်မြတ်လှပါပေတယ်၊ ဒါပေမယ့်လည်း ငါ့သမီးဟာ စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့သူဖြစ်တာကြောင့်မို့လို့ ငါ့သမီးရဲ့လုပ်အားတွေကို ဘိုးဘိုးအလကားမယူချင်ပါဘူးကွဲ့”
ဘိုးဘိုးအောင်မှာ လွယ်အိတ်အတွင်းသို့လက်နှိုက်လိုက်ကာ ရွှေကြက်ဥကလေးတစ်လုံးကိုထုတ်ယူလိုက်သည်။ ရွှေကြက်ဥကလေးမှာ ရွှေသားအတိပြီးကာ ဝင်းလက်တောက်ပြောင်နေလေသည်။
“ဟောဒါက ငါ့သမီးကို ဘိုးဘိုးချီးမြှင့်ခဲ့တာပါ၊ ဘိုးဘိုးရဲ့ မန္တလေးတောင်ပေါ်က အဓိဌာန်က ပြည့်မြောက်သွားပြီမို့လို့ ဘိုးဘိုးရန်ကင်းတောင်ကိုသွားရတော့မယ်ကွဲ့”
ဘိုးဘိုးအောင်မှာ စောင်းတန်းမှဆင်းသွားလေသည်။ မညိုမှာ ရွေကြက်ဥကိုရသည့်အခါ အလွန်ပျော်ရွှင်သွားမိသည်။ ပန်းရောင်းသူတစ်ဦးဖြစ်သည်မို့ တစ်နေ့လုပ်မှတစ်နေ့စားရသည်။ ရွှေတိုငွေစဆိုသည်မှာ မူး၍ပင်မရှုဖူးပေ၊ ထို့ကြောင့် ရွှေကြက်ဥကလေးကို ထုခွဲရောင်းချပြီး လိုအပ်သည်များကို ဝယ်ယူမည်ဟုဆုံးဖြတ်ကာ မိမိသူငယ်ချင်းများကို ပြသလေသည်။ သူငယ်ချင်းများမှာ ရွှေအကြောင်းနားမလည်ကြသဖြင့် ရွှေပန်းထိမ်ဖိုထံသို့ သွားပြရန်လမ်းညွန်သည်။
မညိုသည် ရွှေကြက်ဥကလေးကို လက်ကိုင်ပုဝါနှင့်ထုပ်ကာ မန္တလေး ဈေးချိုတော်အနီးရှိ ပန်းထိမ်ဖိုတစ်ဖိုသို့သွားရောက်ပြသလိုက်သည်။ ပန်းထိမ်ဆရာကြီးမှာ ရွှေကြက်ဥကိုလေ့လာကြည့်ရှုလိုက်ပြီး သက်ပြင်းချကာ ခေါင်းခါလိုက်မိသည်။
“ဘယ်လိုဖြစ်တာပါလဲဆရာကြီး၊ ကျွန်မရဲ့ရွှေကြက်ဥကလေးက ရွှေအတုများဖြစ်လို့လား”
“မဟုတ်ပါဘူး လုံမရယ်၊ မင်းရဲ့ကြက်ဥက လက်ရာမြောက်လှတဲ့အပြင် ကြက်ဥရဲ့ရွှေသားကလည်း သာမန်ရွှေသားတွေနဲ့မတူဘဲ ဇမ္ဗူရာဇ်ရွှေလို့ခေါ်တဲ့ အလွန်တန်ဖိုးကြီးတဲ့ ရွှေသားနဲ့ပြုလုပ်ထားတာပဲကွဲ့၊ ဒါကြောင့် ငါ့ဆီက စည်းစိမ်ချမ်းသာတွေအကုန်လုံးပေါင်းရင်တောင် ဟောဒီရွှေကြက်ဥကိုဝယ်ယူဖို့ မလုံလောက်ပေဘူး”
“ဟုတ်ရဲ့လား ဆရာကြီးရယ်၊ ဒီရွှေကြက်ဥကလေးက ဒီလောက်တောင်ပဲ တန်ဖိုးကြီးသလား”
“ဟုတ်ပါတယ်ဆိုကွယ်၊ ဒါဖြင့် ဒီလိုလုပ်ပါလား၊ ရွှေအကြောင်းကိုတော့ ပန်းထိမ်တော်တွေကို အုပ်စိုးတဲ့ ရွှေတိုက်စိုးဝန်က အသိဆုံးဖြစ်မှာပဲ၊ ဟောဒီရွှေကြက်ဥကို ရွှေတိုက်စိုးကိုပြသရင်ဖြင့် ရွှေတိုက်စိုးက တန်ဖိုးဖြတ်ပြီ ဝယ်ယူနိုင်လိမ့်မယ်ထင်တယ်ကွဲ့”
“ဆရာကြီးကောင်းသလိုသာ စီစဉ်ပါဆရာကြီးရယ်”
“ဒါဖြင့် လုံမငါနဲ့လိုက်ခဲ့၊ ရွှေတိုက်စိုးဝန်မင်းနဲ့ ငါနဲ့သိကျွမ်းရင်းနှီးတယ်ကွဲ့၊ သူ့ဆီကို ငါတို့အတူတူသွားပြီး ပြသကြည့်ရင်မကောင်းပေဘူးလား”
သို့နှင့် မညိုနှင့်ပန်းထိမ်ဆရာကြီးတို့မှာ ရွှေတိုက်စိုးဆီသို့ ထွက်လာခဲ့ကြသည်။ ရွှေတိုက်စိုးမှာ ရွှေကြက်ဥတစ်လုံးဖြင့် သူ့ရှေ့မှောက်ရောက်လာသဖြင့် အံ့သြနေမိသည်။ မညိုက လက်ကိုင်ပုဝါထဲတွင် ထုပ်ထားသည့် ရွှေကြက်ဥကို ပြလိုက်လေရာ ရွှေတိုက်စိုးမှာ အလွန်ပင်အံ့သြသွားမိသည်။
“ကျုပ်တစ်သက်နဲ့တစ်ကိုယ် ရွှေထည်ပစ္စည်းတွေအများကြီးကို မြင်ဖူးကိုင်ဖူးလေ့လာဖူးခဲ့ပါပြီ၊ ဒါပေမယ့် အခုလိုရွှေစင်ရွှေသားမျိုးကိုဖြင့် တစ်ခါမှမမြင်ဖူးသေးပါ”
ရွှေတိုက်စိုးမှာ မညိုကိုကြည့်ကာ သံသယဝင်သွားသည်။
“ဒီမယ်လုံမ၊ မင်းပုံစံက ဆင်းရဲနုံချာလွန်းလှပေတယ်၊ မင်းရဲ့ပုံစံနဲ့ ဟောဒီက ရွှေကြက်ဥနဲ့က လားလားမှမထိုက်တန်ဘူးဖြစ်နေတယ်၊ မင်းဒီရွှေကြက်ဥကို ဘယ်လိုရတာခဲ့တာလည်း မှန်မှန်လျှောက်တင်စမ်း၊ မဟုတ်ရင်တော့ မင်းကိုရာဇဝတ်မှုနဲ့ဖမ်းဆီးရလိမ့်မယ်”
ရွှေတိုက်စိုးမှာ ရဲမက်များကိုခေါ်ဆောင်လိုက်ကာ မညိုကိုဝန်းရံထားလိုက်သည်။ မညိုမှာ ကြောက်ကြောက်လန့်လန့်နှင့်
“မဟုတ်ပါဘူး ဝန်မင်းကြီးရယ်၊ ကျွန်မကို လူသူတော်ကြီးတစ်ပါးက ဟောဒီရွှေကြက်ဥပေးခဲ့တာပါ”
“အဲဒါဆို သူဘယ်မှာနေသလဲ၊ သူ့နာမည်ဘယ်လိုခေါ်သလဲ”
“ဒါတော့ ကျွန်မမသိပါဘူးရှင်”
“ဘယ်မှာနေမှန်းမသိ နာမည်ဘယ်သူမှန်းတောင်မသိတဲ့လူက မင်းကို ဟောဒီရွှေကြက်ဥပေးတယ်ဆိုတာ ယုံချင်စရာမကောင်းလှဘူး၊ ဒီမယ် မင်းငါ့ကိုလိမ်နေတာလား”
မညိုမှာငိုယိုလျှက် လက်အုပ်ချီကာ
“မလိမ်ဝံ့ပါဘူး ဝန်မင်းရယ်၊ ကျွန်မ အမှန်အတိုင်းပြောတာပါ”
“မင်းဟာသူခိုးပဲ၊ မင်းရွှေကြက်ဥကို ဘယ်ကခိုးလာတယ်ဆိုတာ ပြောရင်ပြော၊ မပြောရင်တော့ မင်းဒဏ်သင့်မယ်ဟဲ့”
ရွှေတိုက်စိုးမှာ မညိုကိုရိုက်နှက်ရန်ပြင်ဆင်လေသည်။ ထိုအခါ ပန်းထိမ်ဆရာကြီးက
“ဝန်မင်းရယ်၊ ကလေးမကြည့်ရတာ ရိုးပုံရပါတယ်၊ ခိုးတာဝှက်တာတော့ ဖြစ်မယ်မထင်ပါဘူး၊ ကျုပ်စိတ်ထင်တော့ သိုက်ကုန်းတွေဘာတွေကများ ကောက်ရလာသလားပဲ”
“ဟုတ်တယ်၊ ပန်းထိမ်ဆရာပြောတာဖြစ်နိုင်တယ်၊ မြေကြီးကရတယ်ဆိုရင်တော့ဖြင့် ဒီပစ္စည်းဟာ ဘုရင့်ဘဏ္ဍာပစ္စည်းပေပဲ၊ ရှင်ဘုရင်ဟာ ဒီတိုင်းပြည်က ရေမြေကောင်းကင်ယံအထက်အစုံကို ပိုင်စိုးတာကြောင့်မို့ မြေကထွက်တဲ့ဒီပစ္စည်းဟာ မင်းဘဏ္ဍာဖြစ်တယ်”
“ဒါဖြင့် မင်းတရားကြီးနဲ့အများကြီးသက်ဆိုင်သွားပြီပေါ့”
“ဟုတ်တယ်ပန်းထိမ်ဆရာကြီး၊ ကဲပါလေ ဒီအဆင့်ရောက်မှတော့ မထူးပါဘူး၊ ဟောဒီက လုံမကို ရွှေကြက်ဥနဲ့အတူတူ ဘုရင့်ရှေ့တော်မှောက်ကို သွင်းရပေတော့မယ်၊ ဘုရင်မင်းက ရွှေကြက်ဥကိုသိမ်းမယ်ဆိုရင်လည်းသိမ်း၊ လုံမကိုပြန်ပေးမယ်ဆိုရင်လည်း ပေးပါစေတော့”
ရွှေတိုက်စိုးမှာ မညိုကိုဖမ်းဆီးကာ ရွှေနန်းတော်သို့ခေါ်ဆောင်လာခဲ့သည်။ မင်းတုန်းမင်းကြီးမှာ ဥယျာဉ်တော်အတွင်း စာဆိုတော်များနှင့်အတူ အပန်းဖြေနေသည့်အချိန်ဖြစ်သည်။ လက်ဖက်ရည်တော်ကပ်ရသည့် စာဆိုဦးပုညက မင်းတုန်းမင်းအား စာချိုးတစ်ခုရွတ်ဖတ်ပြနေလေသည်။ ရွှေတိုက်စိုးမှာ အရေးကြီးသည်ဟုဆိုသဖြင့် မင်းချင်းများမှာ ဥယျာဉ်တော်အတွင်းသို့ ခေါ်ဆောင်လာခဲ့ရသည်။ ရွှေတိုက်စိုးက မညိုကိုဆွဲခေါ်လာခဲ့သည်။ ရွှေတိုက်စိုးမှာ မင်းတုန်းမင်းကြီးအရှေ့တွင် ဝပ်တွားလျှက်
“အရှင်မင်းကြီး၊ ဟောဒီလုံမဟာ ရွှေကြက်ဥကို တစ်နေရာကနေရရှိလာပုံထောက်ပါတယ်၊ သူ့ကိုမေးတော့လည်း အမှန်အတိုင်းမဖြေတာနဲ့ ဒီကိစ္စကို အရှင်မင်းကြီးကပဲ ဆုံးဖြတ်အမိန့်မှတ်ပေးစေလိုပါတယ်”
မင်းတုန်းမင်းကြီးမှာ ရွှေတိုက်စိုးဆက်သသည့် ရွှေကြက်ဥကို ကိုင်တွယ်ကြည့်ရှုလေသည်။
“ရွှေသားကတော့ အတော်ကောင်းပေတာပဲ၊ ဟဲ့ လုံမ၊ ဒီရွှေကြက်ဥကို မင်းဘယ်ကရခဲ့တာလဲကွဲ့၊ ငါ့ကိုမလိမ်စမ်းနဲ့ မှန်မှန်ဖြေစမ်းပါ၊ မင်းကိုအပြစ်တော်မယူစေရပါဘူးကွဲ့”
ထိုအခါ မညိုမှာ ဖြစ်စဉ်အစအဆုံးကို မင်းတုန်းမင်းကြီးအားလျှောက်တင်လိုက်သည်။ ရွှေတိုက်စိုးနှင့် အခြားဝန်မင်းများက မညိုတစ်ယောက်လိမ်လည်ပြောဆိုနေသည်ဟု ယုံကြည်ကြသည်။
“တယ်၊ မင်းကများ ရေမြေ့သနင်းပြည့်ရှင်မင်းကို လိမ်ညာချင်သေးတာပေါ့လေ”
မူးမတ်များက မညိုကိုကဲ့ရဲ့ကြသည်။ ထိုအခါ မင်းတုန်းမင်းကြီးက လက်ကာပြလိုက်ကာ
“မင်းကြီးတို့၊ ဒီလုံမရဲ့ရုပ်ရည်သွင်ပြင်ကိုကြည့်စမ်းပါ၊ သူဆင်းရဲဆိုပေမယ့် အနေတည်တယ်၊ မျက်လုံးမျက်အိမ်လည်း တည်တည်တန့်တန့်ရှိလှတယ်၊ စကားပြောတဲ့အခါမှာလည်း တစ်ခွန်းမှထစ်ငေါ့ခြင်းမရှိဘဲ ဘွင်းဘွင်းကြီးပြောချသွားတယ်ကွဲ့၊ ငါကိုယ်တော်မြတ်ကတော့ ဒီကလေးမဟာ လူလိမ်တစ်ယောက်နဲ့မတူပါဘူးကွယ်”
မင်းတုန်းမင်းကြီးမှာ ရွှေကြက်ဥကလေးကို ဆ ကြည့်နေရင်း
“ဒီရွှေသား၊ ဒီလိုလက်ရာဆိုတာ တို့သာမန်လူတွေလုပ်ဖို့ခဲယဉ်းတဲ့အမျိုးပဲ၊ ဒီရွှေကြက်ဥဟာ လုံမပြောသလို အထက်ဝိဇ္ဇာကြီးတွေက တန်ခိုးစွမ်းအားနဲ့ဖန်ဆင်းတဲ့ ကြက်ဥပဲဖြစ်ရမယ်”
မင်းတုန်းမင်းကြီးမှာ ရွှေကြက်ဥကို သိမ်းဆည်းလိုက်ပြီး မညိုကိုလည်း ဆုတော်လာဘ်တော်များ အပ်နှင်းလိုက်သည့်အတွက် မညိုမှာ တစ်ခဏတည်းနှင့်ပင် သူကြွယ်တစ်ယောက်၏ ချမ်းသာမှုမျိုးကိုရရှိသွားလေသည်။ မင်းတုန်းမင်းကြီးမှာ ရွှေကြက်ဥပေးခဲ့သည့် ပုဂ္ဂိုလ်ကြီးကို တွေ့မြင်ချင်လှသဖြင့် မညိုအား အသေးစိတ်မေးမြန်းသည်။ မညိုမှာလည်း ပန်းသာလှူဖူးပြီး ပုဂ္ဂိုလ်ကြီးနှင့် သက်ဆိုင်သည့်အကြောင်းကို မမေးမြန်းဖူးသဖြင့် ဘာမှမသိဘဲဖြစ်နေလေသည်။
“ဒါဖြင့် အဲဒီ ပုဂ္ဂိုလ်ကြီး၊ ဘယ်အရပ်ကိုထွက်သွားတယ်ဆိုတာ လုံမတွေ့လိုက်ရဲ့လား”
ထိုတော့မှ မညိုမှာ သတိရသွားကာ
“မှန်ပါအရှင်မင်း၊ ဘိုးဘိုးကြီးက မန္တလေးတောင်မှာ အဓိဌာန်ပြီးလို့ ရန်ကင်းတောင်ကိုသွားမယ်လို့ ပြောသွားပါတယ်”
မင်းတုန်းမင်းကြီးမှာ အလွန်ဝမ်းမြောက်ပျော်ရွှင်လျှက် မင်းချင်းများကို ရန်ကင်းတောင်သို့စေလွှတ်ကာ အရှာခိုင်းရသည်။ သုံးရက်ကြာသည်အထိ ထိုပုဂ္ဂိုလ်ကြီးကို ရှာမတွေ့သေးပေ၊ မင်းတုန်းမင်းကြီးမှာ ထိုမျှနှင့်အားမရသေးဘဲ မြို့တော်အရပ်ရပ်ကို မောင်းထုကြေငြာကာ ရန်ကင်းတောင်ရှိ ပုဂ္ဂိုလ်ကြီးကိုရှာဖွေစေသည်။ ထိုခေတ်ထိုအခါက ရန်ကင်းတောင်ကြီးမှာ နက်ရင်းသောတောအုပ်ကြီးများနှင့် ဖုံးလွှမ်းနေလျှက်ရှိသည်။ မင်းမှုထမ်းများနှင့် လူသူအများစုမှာ ရန်ကင်းတောင်တစ်ဝိုက်ရှိ လျိုမြောင်၊ ချောက်ကမ်းပါး၊ တောတောင်လှိုဏ်ဂူများအနှံ့ ခြေရာချင်းထပ်မျှ လိုက်လံရှာဖွေသော်လည်း မတွေ့ရှိပေ။ နောက်ဆုံး မင်းတုန်းမင်းကြီးကိုယ်တိုင် လိုက်လံရှာဖွေလိုစိတ်ပြင်းပြလာလေသည်။
သို့သော် မူးမတ်များက ဝိုင်းဝန်းတားဆီးကြသည်။ ရန်ကင်းတောင်မှာ တောတောင်ထူထပ်သဖြင့် ပုန်ကန်သူများရန်မှ ကြောက်ရွံ့ရသည်ဖြစ်သောကြောင့်ဖြစ်သည်။ သို့သော် မင်းတုန်းမင်း၏ စိတ်အားထက်သန်မှုကို တားဆီး၍မရသဖြင့် ရှင်ဘုရင်မင်းခမ်းမင်းနားနှင့် လူသိရှင်ကြားမထွက်တော့ဘဲ၊ သာမန်လူဝတ်ဖြင့်သာ ရတနာမြင်းတော်ကိုစီး၍ ထွက်ခွာလာတော့သည်။
မင်းတုန်းမင်းကြီးမှာ ရန်ကင်းတောင်၏ အရပ်လေးမျက်နှာသို့ ကိုယ်တိုင်ဖြန့်ကျက်ရှာဖွေလေသည်။ သို့သော်မတွေ့ပေ၊ ညနေစောင်းသည့်ခါ အလွန်အမင်းစိတ်ညှိုးနွမ်းလာပြီဖြစ်သည်။ မင်းချင်းများကလည်း မိုးချုပ်တော့မည်ဖြစ်သဖြင့် နန်းတွင်းပြန်ဖို့အတွက် တိုက်တွန်းနေကြပြီဖြစ်သည်။ ထိုအခါ မင်းတုန်းမင်းကြီးမှာ ရန်ကင်းတောင်ဆီသို့လက်အုပ်လှမ်းချီရင်း
“အကျွနု်ပ်နှင့် ထိုပုဂ္ဂိုလ်ကြီး တွေ့ဆုံစည်းရမည့် ကုသိုလ်ကံအကျိုးဆက်များ ရှိနေပါက ထိုပုဂ္ဂိုလ်ကြီးသည် ထင်ထင်ရှားရှားပေါ်ပေါက်လာပါစေသား”
မင်းတုန်းမင်းက သစ္စာဆိုပြီးသည့်အခါ တောအုပ်တစ်နေရာမှ မီးအလင်းရောင်တစ်ခုကိုတွေ့ရသည်။ အစကနဦးပိုင်းက တောမီးလောင်သည်ဟုထင်သော်လည်း ထိုအလင်းရောင်မှာ တောမီးအလင်းရောင်မဟုတ်သဖြင့် ထူးခြားသည်ဟုဆိုကာ မင်းတုန်းမင်းကြီးကိုယ်တိုင် မြင်းနှင့်အပြေးထွက်လာခဲ့သည်။ အလွန်ကြီးမားသည့် သစ်ပင်ကြီးတစ်ပင်အောက်တွင် ဘိုးဘိုးအောင်မှာ ပုတီးထိုင်စိပ်နေပြီး ဘိုးဘိုးအောင်၏ နဖူးမှ အလင်းရောင်များက တိုးထွက်နေခြင်းဖြစ်သည်။ မင်းတုန်းမင်းကြီးမှာ မြင်းပေါ်မှချက်ချင်းခုန်ဆင်းလိုက်ပြီး ဘိုးဘိုးအောင်ရှေ့တွင် လက်အုပ်ချီကာထိုင်ချလိုက်သည်။
“တွေ့ပြီ၊ နောက်ဆုံးတော့ ဆရာကြီးနဲ့တွေ့ရပါပေါ့လား”
မင်းတုန်းမင်းမှာ အလွန်ပျော်ရွှင်သဖြင့် မျက်ရည်များပင်ကျဆင်းလာသည်။ ဘိုးဘိုးအောင်က မျက်လွှာကိုဖွင့်လိုက်ပြီး
“အသင်မင်းကြီးနဲ့ ဘိုးဘိုးနဲ့ဟာ ရေစက်၊ ပဌာန်းဆက်ပါလာပုံရပါတယ်၊ လူချင်းမတွေ့ဖူးခင်ကတည်းက စိတ်ချင်းသိကျွမ်းနေကြတယ်”
မင်းတုန်းမင်းကြီးမှာခေါင်းညိတ်လိုက်သည်။ ဘိုးဘိုးအောင်ပြောသည့်အတိုင်း မင်းတုန်းမင်းကြီးမှာ မညိုထံမှ ဘိုးဘိုးအောင်၏ ရုပ်ရည်သွင်ပြင် ပုံပန်းသဏ္ဍာန်ကို ကြားလိုက်ရကတည်းက ဘိုးဘိုးအောင်ကို စိတ်ထဲတွင် အလွန်ကြည်ညိုကာ တွေ့ချင်စိတ်များတဖွားဖွားဖြစ်ပေါ်နေလေသည်။ ထို့ကြောင့် ကိုယ်တိုင်ပင် လာရောက်ရှာဖွေရခြင်းဖြစ်သည်။
“ဆရာကြီးရဲ့ အမည်နာမဘွဲ့တော်ရှိရင် သိချင်ပါတယ် ဆရာကြီး”
“အသင်မင်းကြီး၊ ကျွနု်ပ်ကား အခြားသူမဟုတ်၊ ဘိုးဘိုးအောင်ပင်ဖြစ်သည်”
ဘိုးဘိုးအောင်ပြောလိုက်သည့်အခါ မင်းတုန်းမင်းကြီးမှာ အံ့သြမှင်တက်သွားသည်။
“ဘိုးဘိုးအောင်ဆိုတာ ဘိုးတော်ဘုရားလက်ထက်က အမရပူရမှာ ထင်ရှားခဲ့တဲ့ ဘိုးတော်ကြီးပေါ့နော်”
“ဟုတ်မှန်ပေသည် အသင်မင်းကြီး၊ ကျွန်ုပ်မှာ မောင်မင်းတို့အဘိုး မောင်ဝိုင်းနှင့် သူငယ်ချင်းများဖြစ်ခဲ့ကြသည်၊ အခု ရတနာပုံနေပြည်တော်ကို ကြွမြန်းလာခဲ့ရတာလည်း အသင်မင်းကြီးကို ချီးမြှောက်ကူညီဖို့ဖြစ်သည်”
“လေးစားလိုက်တာ ဘိုးဘိုးရယ်၊ ဘိုးဘိုးကို တပည့်တော်ဆည်းကပ်ချင်ပါတယ်၊ ဘိုးဘိုး နန်းတွင်းကိုလိုက်ခဲ့ပါ”
“ဘိုးဘိုးပုတီးစိပ်တာ မပြီးသေးဘူးကွဲ့၊ အသင်မင်းကြီးတို့ ပြန်နှင့်ပါ၊ ဘိုးဘိုးအနောက်ကနေ လိုက်လာခဲ့ပါ့မယ်”
“နေဝင်တော့မယ်ဘိုးဘိုးရဲ့၊ ဘိုးဘိုးခြေလျင်လိုက်လာရင် မမီဘဲရှိနေပါ့မယ်၊ မြို့တော်တံခါးပိတ်သွားရင် ဘိုးဘိုးဝင်မရဘဲဖြစ်နေပါ့မယ်၊ ဘိုးဘိုးအခုတခါတည်းလိုက်ခဲ့ပါ”
ဘိုးဘိုးအောင်က ခေါင်းသာခါပြသည်။
“ဒါဖြင့်ရင် ဘိုးဘိုးစီးနင်းဖို့အတွက် တစ်နေ့ကိုတိုင်ငါးရာပြေးနိုင်တဲ့ ရတနာမြင်းတော် ထားခဲ့ပါ့မယ်”
“အသင်မင်းကြီးသာစီးပါ၊ ဘိုးဘိုးအတွက် မြင်းတွေမလိုပါဘူး”
မင်းချင်းများကလည်း မင်းတုန်းမင်းကြီးအား အမြန်ပြန်ရန်တိုက်တွန်းနေကြပြီဖြစ်သည်။ မိုးချုပ်လျှက် မြို့တော်တံခါးပိတ်မည်၊ နန်းမြို့တံခါးပိတ်သွားပေမည်၊ ထိုအခါ နန်းတွင်းသို့မပြန်နိုင်တော့ပေ၊ ရှင်ဘုရင်ဆိုသည်မှာ နန်းတော်နှင့်မကင်းကွာသင့်ကြောင်း သာဓကများစွာရှိသည်မို့ တိုက်တွန်းနေကြခြင်းဖြစ်သည်။
“အရှင်မင်းကြီး နန်းတွင်းကိုပြန်သင့်ပါပြီဘုရား၊ အခုအချိန်ပြန်လျှင်တောင် နန်းမြို့ရိုးတံခါးပိတ်လောက်ပြီထင်ပါတယ်ဘုရား”
မူးမတ်များကလည်းတိုက်တွန်း၊ ဘိုးဘိုးအောင်ကလည်း မလိုက်ဟုဆိုသဖြင့် မင်းတုန်းမင်းကြီးမှာ အခက်တွေ့နေလေသည်။ ပြန်ရန်အတွက်မှာလည်း တဖြည်းဖြည်းမိုးပင်ချုပ်လာခဲ့ပြီ။ ဘိုးဘိုးအောင်မှာ မင်းတုန်းမင်းကြီးကို လက်ဖွဲ့တစ်ခုချီးမြှင့်လိုက်သည်။
“ဒီလက်ဖွဲ့ကိုယူပြီးပြန်ပါလေမင်းကြီး၊ ဘိုးဘိုးအမီလိုက်လာခဲ့ပါ့မယ်”
မင်းတုန်းမင်းကြီးလည်း ထိုလက်ဖွဲ့ကိုယူကာ မြင်းစီး၍ နောက်လိုက်နောက်ပါအနည်းငယ်နှင့် ရန်ကင်းတောင်ဆီမှ ပြန်ထွက်လာခဲ့လေသည်။ ရန်ကင်းတောင်နှင့် မန္တလေးမြို့မှာ အတော်အတန်ဝေးကွာလှသည်ဖြစ်ရာ မြင်းကိုဒုန်းစိုင်းမောင်းနှင်နေရသည်။ အရှေ့တွင် ကုန်းတက်ကလေးတစ်ခုသို့ရောက်လာသည်။ ထိုကုန်းတက်ကလေးပေါ်တက်လိုက်သည့်အချိန်တွင် မင်းတုန်းမင်းကြီးနှင့် မူးမတ်များမှာ မန္တလေးနန်းတော်ကျုံးနံဘေးသို့ ရောက်သွားကြကုန်သည်။
မင်းတုန်းမင်းကြီးမှာ အံ့သြဘနန်းဖြစ်ကာ ပါးစပ်ပင်မပိတ်နိုင်ပေ။ အချိန်များစွာသွားရမည့်ခရီးမှာ ကွမ်းတစ်ယာညက်ပင်မကြာလိုက်ဘဲ ရောက်ရှိလာသောကြောင့်ဖြစ်သည်။ မင်းတုန်းမင်းကြီးမှာ အနောက်သို့လှည့်ကြည့်သည့်အခါ ကုန်းကမူကလေးကိုမတွေ့ရဘဲ မြို့ပြအိုးအိမ်များကိုသာတွေ့ရသည်။ မူးမတ်များမှာလည်း အံ့သြနေကြသည်။ အများစုမှာ ဘိုးဘိုးအောင်ပေးလိုက်သည့် လက်ဖွဲ့အစွမ်းကြောင့်ဟု ထင်မြင်ချက်ပေးကြလေသည်။
မင်းတုန်းမင်းတို့မှာ နန်းမြို့တံခါးကိုဖြတ်သန်းလာပြီးသည့်အခါ နန်းမြို့တံခါးမှာပိတ်သွားသည်။ ကျုံးတွင်တပ်ဆင်ထားသည့် တံတားကြီးများကိုလည်း ရဲမက်များက ဖြုတ်ယူသိမ်းဆည်းလိုက်ကြသည်။ ထိုနည်းအတိုင်းဆိုလျှင် ဘိုးဘိုးအောင်မှာ နန်းတော်အတွင်းသို့ ဝင်စရာလမ်းမရှိတော့ဟု မင်းတုန်းမင်းကြီးက တွေးမိကာ စိတ်ပျက်အားလျှော့မိသွားသည်။ နန်းမြို့ကိုဖြတ်ကျော်ပြီးသည့်နောက် တံခါးနီသို့ရောက်ရှိလာခဲ့သည်။ တံခါးနီကိုဖြတ်လျှင် နန်းတော်ဆောင်များထံသို့ရောက်ရှိတော့မည်ဖြစ်သည်။ ထိုစဉ် တံခါးနီ အနီးတွင် ဘိုးဘိုးအောင်တစ်ယောက်မတ်တပ်ရပ်နေလေသည်။ မင်းတုန်းမင်းနှင့် မူးမတ်များကိုပင် ပြုံးပြနှုတ်ဆက်နေသေးသည်။
“မောင်မင်းတို့က ကျုပ်ထက်တောင် နောက်ကျနေပါရော့လား”
ဘိုးဘိုးအောင်မှာ ဟားတိုက်ရယ်မောလိုက်သည်။ မင်းတုန်းမင်းကြီးမှာ ထိုတော့မှ စိတ်အားတက်ကြွလာပြီး ဘိုးဘိုးအောင်လက်ကိုဆွဲကာ နန်းတွင်းသို့ခေါ်ဆောင်လာခဲ့သည်။
မင်းတုန်းမင်းကြီးမှာ ဘိုးဘိုးအောင်ကို မြေနန်းဇေဝတန်ဆောင်ကြီးထဲမှာပင် ရွှေသလွန်တော်ခင်းကျင်းပေးကာ ပူဇော်ထားသည်။ အထူးထူးသော စားသောက်ဖွယ်ရာ အဖျော်ယမကာများကိုလည်းလှူဒါန်းသည်။ အပျိုတော်များ မောင်းမ၊ မိဿံများက ယပ်တော်သွင်းပေးကြသည်။ သို့သော် ဘိုးဘိုးအောင်မှာ မောင်းမများနှင့် မိန်းမသားများကို အနောက်သို့ဆုတ်ရန်မိန့်သည်။ စားသောက်ဖွယ်ရာများကိုလည်း တစ်ချက်ကြည့်လိုက်ရင်း
“အသင်မင်းကြီးရဲ့ စေတနာသဒ္ဓါတရားကို ဘိုးဘိုးနားလည်ပါတယ်၊ ဒါပေမယ့် ဒီအစားအစာတွေဟာ ကြမ်းတမ်းလွန်းတယ်ကွဲ့”
“ဘယ်လိုပြောလိုက်ပါလိမ့် ဘိုးဘိုးရယ်၊ ဟောဒီထမင်းဟာ အလွန်နူးညံ့တဲ့ သလေးကောက်နှံကနေ ရရှိတဲ့ထမင်းဖြစ်ပါတယ်”
“ဒီလိုနူးညံ့တာကိုပြောတာမဟုတ်ဘူး အသင်မင်းကြီးရဲ့၊ လူသားတွေဟာ ချက်ပြုတ်ပြင်ဆင်ပြုပြင်ရတဲ့ ပကတိအစာလို့ခေါ်တဲ့ အစာအာဟာရကိုစားသောက်ကြရတယ်၊ ဒီအစာတွေဟာ ကြမ်းတမ်းတဲ့အတွက် ဝါးမြိုစားသောက်ရပြီး ကျန်ရှိတဲ့အစာဟောင်းတွေက အညစ်အကြေးအဖြစ်စွန့်ထုတ်ကြရတယ်ကွဲ့၊ ဘိုးဘိုးတို့လို ဝိဇ္ဇာတွေကျတော့ အလွန်နူးညံ့သိမ်မွှေ့တဲ့ ဝိကတိအာဟာရလို့ခေါ်တဲ့ အစာအာဟာရတွေကိုစားသုံးကြတယ်၊ ဒီအာဟာရတွေဟာ လျှာပေါ်တင်လိုက်တာနဲ့တင် ပျော့ပျောင်းစိမ့်ဝင်သွားတဲ့အတွက် ကျင်ကြီးကျင်ငယ်လိုအညစ်အကြေးတွေမဖြစ်ပေါ်ကြပေဘူး”
“တပည့်နားလည်ပါပြီဘိုးဘိုး”
“အသင်မင်းကြီးဟာ ဘိုးတော်မောင်ဝိုင်းနဲ့တောင် မတူညီဘူး၊ စိတ်ကောင်းနှလုံးကောင်းရှိတယ်၊ သတ္တဝါတွေအပေါ် သနားကြင်နာတတ်တယ်၊ သာသနာတော်ကိုလည်း အလွန်ကြည်ညိုလေးစားတယ်၊ ဒါကြောင့် အသင်မင်းကြီးကိုချီးမြှောက်ဖို့ ဘိုးဘိုးလာခဲ့တာပါပဲ၊ အသင်မင်းကြီးစိတ်ထဲမှာ ဆန္ဒတစ်ခုခုရှိနေတယ်ဆိုရင်ဖြင့် ဘိုးဘိုးဖြည့်ဆည်းပေးပါ့မယ်”
မင်းတုန်းမင်းကြီးမှာ မျက်နှာမှိုင်ကျသွားပြီး
“ဆန္ဒတစ်ခုကတော့ ရှိပါတယ်ဘိုးဘိုး၊ ဗုဒ္ဓသာသနာတော်မှာ အရေးပါအရာရောက်တဲ့ ပိဋကတ်တော်တွေကို ပေစာတွေနဲ့မှတ်တမ်းတင်ရေးထိုးထားကြပါတယ်၊ ဒါပေမယ့် ပေစာဆိုတာ သစ်ရွက်ပဲမို့ ရာသီဥတုဒဏ်ကိုခံစားရပါတယ်၊ မီးလောင်ပျက်စီးလွယ်ပါတယ်၊ နှစ်များစွာကြာအောင် အထားမခံလှပါဘူး၊ ဒီအတွက် ပိဋကတ်တော်တွေကို ပေစာထက်ပိုမိုပြီး တာရှည်ခံမယ့် နည်းလမ်းတစ်ခုနဲ့ ထိန်းသိမ်းမှတ်သားထားဖို့ ဆန္ဒတစ်ခုရှိနေပါတယ်ဘိုးဘိုး”
“သံဂါယနာတင်ချင်တယ်ပေါ့ အသင်မင်းကြီး”
“ဟုတ်ပါတယ် ဘိုးဘိုး၊ ပိဋကတ်တော်တွေကို ကျောက်ချပ်ပြားတွေပေါ်မှာ ကျောက်ထက်အက္ခရာတင်ထားရင် နှစ်ကာလကြာရှည်အောင် တည်တံ့နိုင်တယ်လို့ထင်ပါတယ်”
“အသင်မင်းကြီးရဲ့ အကြံဟာ ကောင်းလှပါပေတယ်”
“ဒါပေမယ့် ဘိုးဘိုးရယ်၊ အခု တပည့်ဟာ နန်းမြို့တော်သစ်ကိုတည်ထောင်ထားတာမို့ ငွေကြေးအကုန်အကျများပြားနေပါတယ်၊ ကျောက်ထက်အက္ခရာတင်တာဟာ ကျောက်သားများစွာအသုံးပြုရမယ်၊ ကျောက်ဆစ်သမား အများအပြားအသုံးပြုရမှာမို့ ငွေကြေးအလွန်ကုန်ကြတဲ့လုပ်ငန်းဖြစ်ပါတယ်၊ တပည့်မှာ ဘဏ္ဍာတော်နည်းပါးနေတာကြောင့် ဒီအကြံအစည်ကို အကောင်အထည်မဖော်နိုင်ပဲဖြစ်နေပါတယ် ဘိုးဘိုး”
“ဒါကတော့ ဟုတ်ပေတယ် အသင်မင်းကြီး၊ ဒီလုပ်ငန်းက ငွေကြေးအကုန်အကျများမယ်၊ ဒီလုပ်ငန်းလုပ်ချင်လို့ အခွန်တိုးကောက်မယ်ဆိုရင်လည်း ပြည်သူတွေနစ်နာကြလိမ့်မယ်၊ တိုင်းပြည်ဘဏ္ဍာထဲက ထုတ်သုံးမယ်ဆိုရင်လည်း တိုင်းပြည်အင်အားဆုတ်ယုတ်စေမယ်၊ ဒီအတွက် မပူပါနဲ့ အသင်မင်းကြီး၊ အသင်မင်းကြီးဆန္ဒပြည့်အောင် ဘိုးဘိုးကူညီပါ့မယ်၊ အသင်မင်းကြီးက ဘိုးဘိုးကို ကြေးစင်ပိဿာငါးဆယ်ပေးပါတော့”
မင်းမိန့်ဖြင့် ညတွင်းချင်းပင်စီမံရတော့သည်။ ကြေးချိန်ပိဿာငါးဆယ်ကို နန်းတော်တွင်းမှာပင် ကြိုချက်ရလေသည်။ နောက်တစ်နေ့မနက် ရောင်နီတက်ချိန်တွင် ကြေးချိန်ပိဿာငါးဆယ်မှာ ကြိုချက်ပြီးဖြစ်လေတော့သည်။ ဘိုးဘိုးအောင်မှာ ဓါတ်လုံးကလေးတစ်လုံးကိုထုတ်ယူလိုက်ကာ ထိုကြေးစင်များအတွင်းသို့ပစ်ချလိုက်သည်။ ဟုမ်းခနဲအသံကြီးမြည်ကာ ကြေးရည်များအတွင်းမှ မီးတောက်မီးလျှံကြီးများထွက်ပေါ်လာကာ ကြေးရည်များအဖြစ်မှ ရွှေရည်များအဖြစ်သို့ ပြောင်းလဲသွားသည်ကိုတွေ့လိုက်ကြရသည်။
အေးခဲသွားသောအခါ ကြေးအချိန်ငါးဆယ်မှာ ရွှေအချိန်ငါးဆယ်အဖြစ်သို့ပြောင်းလဲသွားသည်။ တစ်နန်းတွင်းလုံး အုတ်အော်သောင်းတင်းဖြစ်ကာ ပျော်ရွှင်နေကြသည်။
“အသင်မင်းကြီး၊ ဒီလောက်ဆိုရင် လုံလောက်ပြီမဟုတ်လား”
“လုံလောက်တဲ့အပြင် ပိုတောင်ပိုနေပါသေးတယ် ဘိုးဘိုး”
“ဒီရွှေတွေကိုအသုံးချပြီး သာသနာပြုပါတော့ အသင်မင်းကြီး”
မင်းတုန်းမင်းကြီးက ဘိုးဘိုးအောင်အနီးသို့ကပ်လိုက်ကာ
“ဘိုးဘိုးရဲ့ အဂ္ဂိရတ်ပညာဟာ အလွန်အံ့သြဖို့ကောင်းလှပါပေတယ်၊ ဘိုးဘိုးသာ ရွှေဖြစ်လုပ်နည်းကို တပည့်ကိုသင်ပေးမယ်ဆိုရင်ဖြင့် တပည့်ဟာ တိုင်းပြည်တစ်ပြည်လုံးက ဘုရားစေတီတွေကို ရွှေသားချည်းအတိဖြစ်အောင် လှူဒါန်းဆောက်လုပ်မှာပါ၊ ရွှေအုတ်ချပ်တွေစီလို့ ရွှေဂူဘုရားကြီးတွေလည်း တည်ဆောက်လှူဒါန်းပါ့မယ်၊ ဘိုးတော်ဘုရားတည်ခဲ့တဲ့ မင်းကွန်းခေါင်းလောင်းကြီးထက်ကြီးတဲ့ ရွှေခေါင်းလောင်းကြီးသွန်းလုပ်လှူဒါန်းပါ့မယ်၊ ဘိုးဘိုး တပည့်ကို ရွှေဖြစ်ငွေဖြစ်နည်းလမ်း ပြသပေးတော်မူပါ”
မင်းတုန်းမင်းမှာ လောကီလူသားပီပီ လောဘတက်လာသဖြင့် ဘိုးဘိုးအောင်မှာပြုံးလိုက်မိသည်။
“အသင်မင်းကြီး ဥစ္စာပစ္စည်းဆိုတာ သူတော်ကောင်းတွေနဲ့ မအပ်စပ်တဲ့အရာဖြစ်တယ်၊ ဥစ္စာပစ္စည်းဆိုတာ တပ်မက်မှု လောဘတဏှာကိုဖြစ်စေတယ်၊ တဏှာဆိုတာ အပါယ်ကျစေတဲ့တရားပဲ၊ ဘိုးဘိုးက ဘယ်သူ့ကိုမှ အပါယ်မကျစေချင်ပါဘူးကွယ်၊ ဒါကြောင့် ဒီနည်းလမ်းကိုတော့ ဘိုးဘိုးမသင်ပေးပါရစေနဲ့”
“ဒါဖြင့်ရင်လည်း ဘိုးဘိုးကို တပည့်က ဥယျာဉ်တော်ထဲမှာ ကျောင်းဆောက်ပြီး ကောင်းကောင်းမွန်မွန်လုပ်ကျွေး ဆည်းကပ်ချင်ပါတယ်၊ ဘိုးဘိုးလက်ခံတော်မူပါ”
“အသင်မင်းကြီးရဲ့ စေတနာကိုဘိုးဘိုးနားလည်ပေမယ့် ဘိုးဘိုးဟာ ဟိုးယခင်ကတည်းက နန်းတွင်းနဲ့ရောရောယှက်ယှက်မနေခဲ့သလို အခြားလူတွေနဲ့လည်း ဟက်ဟက်ပက်ပက်နေခဲ့တာမဟုတ်ဘူးကွဲ့၊ ဒါကြောင့် လူစော်နံလို့ လူတွေအနားမှာ မနေတတ်တော့ပါဘူးကွယ်၊ ဘိုးဘိုးနေတဲ့ တောတောင်တွေထဲကိုပဲ ပြန်ပါတော့မယ်”
ဘိုးဘိုးအောင်မှာ ပြောပြောဆိုဆိုနှင့် မိုးပေါ်ပျံတက်သွားလေသည်။ မင်းတုန်းမင်းမှာ လက်အုပ်ချီလျှက်
“ဘိုးဘိုး၊ ဒါဆို ဘိုးဘိုးဘယ်အချိန်ပြန်လာမလဲ၊ ဘိုးဘိုးကိုဘယ်လိုထပ်ပြီး တွေ့ရပါ့မလဲ ဘိုးဘိုး”
“ဘိုးဘိုးက အချိန်တိုင်းရှိနေမှာပါကွယ်၊ ဘိုးဘိုးနဲ့တွေ့ချင်တယ်ဆိုရင်တော့ ကံငါးပါးကိုလုံအောင်စောင့်ထိန်း၊ သူတော်ကောင်းတရားနဲ့အညီ ကျင့်ကြံနေထိုင်စမ်းပါကွယ်၊ အဲဒီလိုလူတွေရဲ့နံဘေးမှာ ဘိုးဘိုးရှိနေပါ့မယ်၊ အဲဒီလူတွေကို ဘိုးဘိုးအမြဲစောင့်ရှောက်နေပါတယ်ကွဲ့”
ဘိုးဘိုးအောင်မှာ ထိုသို့ပြောဆိုလျှက် ကောင်းကင်ထက်သို့ပျံတက်ကာ ပျောက်ကွယ်သွားလေတော့သည်။
ဘိုးဘိုးအောင်မှာ လူသိထင်ရှား ထပ်မံမပေါ်ပေါက်လာတော့သည်မှာ ထိုစဉ်ကတည်းကပင်ဖြစ်သည်။ သို့သော်လည်း ဘိုးဘိုးအောင်မှာကြားထားသည့်အတိုင်း ငါးပါးသီလလုံခြုံသောသူ၊ သူတော်ကောင်းစိတ်ဓါတ်အကျင့်ရှိသူ၊ မိဘလုပ်ကျွေးသူတို့အပေါ် ဘိုးဘိုးအောင်မှာ စောင့်ရှောက်ကူညီပေးလေ့ရှိသည်။ ထိုနောက်ပိုင်းတွင်လည်း ဘိုးဘိုးအောင်နှင့် တွေ့ဆုံဖူးသူ၊ ဘိုးဘိုးအောင်၏ ကူညီမစမှုခံခဲ့ရသူများမှာ ကြိုကြားကြိုကြားပေါ်ထွက်လာတတ်သေးသည်။
ဘိုးဘိုးအောင်မှာ ပထမံထွက်ရပ်ပေါက်လမ်းစဉ်ကြီးကို အလျင်းသင့်သူတိုင်းကို သင်ကြားပြသပေးလေ့ရှိသည်။ သို့သော်လည်း ဂိုဏ်းဂဏတစ်ခုအဖြစ် တည်ထောင်ခဲ့ခြင်းမဟုတ်ပေ၊ ဘိုးဘိုးအောင်မှာ ရွှေဖြစ်ငွေဖြစ် ချမ်းသာကြွယ်ဝအောင်စောင့်ရှောက်သည်ထက် ကျင့်စဉ်နည်းလမ်းများကိုသာ သင်ကြားပြသဆုံးမပေးတတ်သူတစ်ဦးဖြစ်သည်။ ရှင်းရှင်းပြောရလျှင် ပုဂ္ဂိုလ်သတ္တဝါများကို သူဌေးဖြစ်အောင်၊ ချမ်းသာအောင် ကူညီပေးသည်ထက် အကျင့်ထူး၊ သိဒ္ဓိထူးများရရှိပြီး ဝိဇ္ဇာထွက်ရပ်လမ်းကို မြန်းနိုင်ရန် ညွှန်ပြကူညီသူဖြစ်သည်။
သို့သော် လောကီလူ့ဘောင်ကြီးမှာ ရှုပ်ထွေးပွေလီလှသည်ဖြစ်ရာ ထိုအဖြစ်ကိုအခွင့်ကောင်းယူ၍ အသုံးချကိုယ်ကျိုးရှာသည့် လူပုဂ္ဂိုလ်များစွာလည်း ရှိနေပေသည်။ အဘအောင်မင်းခေါင်ကြီးပင် ဝိဇ္ဇာများနှင့်ပတ်သက်၍ “အတုကတစ်ထောင်၊ အယောင်ဆောင်ကတစ်သိန်း၊ အပလိန်း အနန္တ” ဟု မှာကြားခဲ့သည့်အတွက် အသိအလိမ်မာ ဉာဏ်ပညာနှင့်ယှဉ်၍ စဉ်းစားချင့်ချိန်ရန် များစွာလိုအပ်လှပေသည်။
မည်သို့ပင်ဆိုစေကာမူ လွန်ခဲ့သောနှစ်ပေါင်းနှစ်ရာခန့် ပေါ်ထွက်ခဲ့ဖူးသည့် လူသူတော်ဝိဇ္ဇာကြီးဘိုးဘိုးအောင်မှာ ရှေးယခင်ခေတ်ကာလများကတည်းက ဆည်းကပ်ပူဇော်သူများ များပြားခဲ့ပြီး ယနေ့အထိတိုင် မြန်မာလူမျိုးများ၏ နှလုံးအိမ်အသည်းစိုင်တွင် စွဲကပ်ယုံကြည်နေကြသည့် ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်ပါကြောင်း ဤဝတ္ထုဖြင့် ဂုဏ်ပြုပူဇော်အပ်ပါသည်။
ပြီးပါပြီ။