မနှောင်းသေးသောမိုက်နောင်တ
=====================
(၁)
ဌေးဝင်းတို့နေသည့် အုန်းတောစံပြကျေးရွာ သည် ရွာကြီးတစ်ရွာဖြစ်သည်။ အထက်တန်း ကျောင်းအထိရှိပြီး ကျေးလက်ဆေးပေးခန်း လည်းရှိသည်။ ရွာလယ်လမ်းမကြီးက အလွန် ကျယ်ဝန်းကောင်းမွန်လှပြီး သရက်၊ ကုက္ကို၊ အုန်းပင်၊ ငှက်ပျောတို့ဖြင့် လမ်းဘေးတစ် လျှောက်ပေါက်ရောက် အရိပ်ကောင်းလှပြီး နေချင့်စဖွယ် ရှုပျော်လှ၏။
ဌေးဝင်းတို့အိမ်သည် အထက်တန်း ကျောင်းနှင့် နှစ်ခေါ်သာသာလောက်သာဝေး သည်။ ဌေးဝင်းတို့အဖေနှင့် အမေသည် တောသူ တောင်သားများဖြစ်ကြပြီး လယ်ယာလုပ်ငန်း ကိုသာ အဓိကအားထားလုပ်ကိုင်ကြသည်။ မရှိမရှားပေမယ့် သားသမီးများကိုတော့ ပညာ တတ်ဖြစ်အောင် ကျောင်းထားပေးသည်။
ဌေးဝင်းက အငယ်ဆုံးသားဖြစ်ပြီး မိခင် ဒေါ်အေးရွှေ၏ အချစ်ရဆုံးသားလည်းဖြစ် သည်။ ငယ်စဉ်ကတည်းက အစ်ကို၊ အစ်မများ နှင့် ရန်ဖြစ်စကားများတိုင်း အမေက ဌေးဝင်း ဘက်က ဖြစ်သည်။
“မင်းတို့ကွယ် ကိုယ့်ညီလေး တစ်ယောက် တည်ရှိတယ်။ ဒါကို မတည့်ကြဘူး။ တစ်ဝမ်းထဲ ဆင်းတဲ့ ညီအစ်ကိုမောင်နှမတွေပဲ၊ ဖေးဖေးမမ ရှိကြပေါ့…”
အမေက ထိုသို့ အလိုလိုက်လေ ဌေးဝင်းက ဆိုးလေဖြစ်သည်။ အဖေကတော့ ထိုသို့မဟုတ်။ ရိုက်ဆုံးမသည်။ အလိုမလိုက်။ ဌေးဝင်းကို အဖေရိုက်လျှင် အစ်ကို၊ အစ်မများပါ အေးအေး ဆေးဆေးမနေရ။ အမေကပတ်ပြီး ဆူပူလေ သည်။
ဌေးဝင်းက ရှိုက်သံသဲ့သဲ့ဖြင့် ငိုလေ၊ အမေ က သူဝယ်ထားသည့် မုန့်များချကျွေးပြီး ချော့မော့လေဖြစ်၏။
မည်သို့ပင်ဆိုစေ ဌေးဝင်း၏ ငယ်စဉ်ဘဝ သည် အလိုလိုက်မှုများ၊ ဆိုးနွဲ့မှုများဖြင့် ကြီးပြင်းခဲ့ရသည်။
(၂)
ဌေးဝင်း ကျောင်းစတက်သည့် အရွယ် ရောက်တော့ အမေက သူ့ကို ကျောင်းလိုက်ပို့ သည်။ ဌေးဝင်းက ကျောင်းမတက်ချင်တာရော၊ အမေနှင့် မခွဲနိုင်တာရောကြောင့် ငိုလေသည်။ အမေပြန်တော့ နောက်က ပြေးလိုက်သည်။ ဆရာမတွေက အတင်းဆွဲသည်။
“အဒေါ်… ပြန်တော့။ အဒေါ့်ကလေးကို ထားခဲ့လိုက်”
ဆရာမတွေက ဌေးဝင်းကို အတင်းဆွဲ ခေါ်ပြီး ကျောင်းတံခါးပိတ်သည်။ ဌေးဝင်း တစ်ယောက် အမေနှင့်ခွဲရပြီ အသိဖြင့် ငိုယိုကာ ကျန်ခဲ့သည်။ ပြန်သွားသည့် ဒေါ်အေးရွှေတစ် ယောက်ဟန်ပြသာ။ ဌေးဝင်း မမြင်နိုင်သည့်နေရာ မှ ဌေးဝင်းကို ကြည့်နေသည်။ ဌေးဝင်းတစ် ယောက် ငိုလို့မောသွားတော့ ဆရာမ၏ ချော့မြှူ မှုနှင့် အခြားကျောင်းသားများနည်းတူ ကဗျာ ရွတ်၊ စာအံ လုပ်လာသည်။ ထိုအချိန်ကျမှ မိခင် ဒေါ်အေးရွှေ ပြန်ခဲ့သည်။
ကျောင်းတက်ချိန် ဌေးဝင်းတစ်ယောက် ညီအစ်ကိုမောင်နှမတွေကြား နှာတစ်ဖျားသာ အခွင့်အရေးရလေသည်။ ထမင်းစားလျှင် အစ်ကို၊ အစ်မများ ဟင်းနှစ်တုံးရလျှင် ဌေးဝင်း က သုံးတုံးရသည်။ ဟင်းတစ်တုံးကို ထမင်း အောက်မှာ ဖွက်ပေးတတ်သော အမေ့ အကြောင်းကို အစ်ကို၊ အစ်မများက သိနှင့်ပြီး ဖြစ်၏။
ဌေးဝင်းတစ်ယောက် နောက်ရက်များတွင် အမေကျောင်းလိုက်ပို့စရာ မလိုတော့။ သူ့ အစ်ကို၊ အစ်မများနှင့် ကျောင်းသွားတတ်ပြီဖြစ် သည်။
အမေက ပိုက်ဆံနှစ်ရွက်ကို အင်္ကျီမှာလုံး ပြီး သားရေပင်နှင့်ချည်ပေးလိုက်၏။ ကျပျောက် မှာ စိုးသောကြောင့် ဖြစ်သည်။
လွယ်အိတ်ကလေး ဘေးတစောင်းလွယ် ပြီး အစ်ကို၊ အစ်မများ လက်ကလေးဆွဲကာ ထွက်သွားသည့် ကျောင်းသားကလေး ဌေးဝင်း ကို မျက်စိတစ်ဆုံးကြည့်ရင်း ဒေါ်အေးရွှေ စိတ်မကောင်း ဖြစ်ရသည်။
စတင်ခွဲခွာခြင်းဆိုသည့် အသိကြောင့် ရင်ထဲဟာတာတာ ဖြစ်မိသည်။
“အမေ မရှိရင်… သား ဘယ်သူနဲ့ နေရမှာ လဲ”ဆိုသည့် စကားတတ်သော ဌေးဝင်းအပေါ် အရာရာ စိတ်မချဖြစ်နေခြင်းက အခြားတစ် ဖက်တစ်ခုကို တွန်းပို့သလို ဖြစ်နေသည်ကို တော့ ဒေါ်အေးရွှေ သတိမထားမိပေ ။
(၃)
အချိန်ကာလတွေ အလီလီ ပြောင်းလဲခဲ့ပြီ ဖြစ်သည်။ ဌေးဝင်းအစ်ကိုက ကျောင်းပြီး၍ ကျေးရွာအုပ်ချုပ်မှုစာရေး ဝင်လုပ်သည်။ အစ်မ ဖြစ်သူကတော့ ရွာကျောင်းလေးမှာပင် ကျောင်းဆရာမတာဝန် ထမ်းဆောင်ခွင့်ရရှိလေ သည်။
ဌေးဝင်းတစ်ယောက်မှာသာ မိခင်၏ အလို လိုက်မှုကြောင့် ဆိုးပေတေလေကာ အထက် တန်းကျောင်းသားဘဝမှာပင် စာမေးပွဲ ခဏ ခဏကျ၍ ကျောင်းထွက်ပြီး အိမ်အလုပ် ဝိုင်းကူ လုပ်ရသည်။
ဖခင်ကြီးဆုံးပါးပြီးနောက်ပိုင်း အစ်ကို ကြီးနှင့် အစ်မကြီးတို့ အိမ်ထောင်အသီးသီးကျ ကာ သူ့အိုးသူ့အိမ်ဖြင့် အိုးခွဲနေထိုင်ကြ၏။
အငယ်ဆုံးသား ဌေးဝင်းတစ်ဦးသာ အမေ နှင့်ကျန်ရစ်ပြီး လယ်ယာလုပ်၊ ငါးဖမ်း၊ မြှုံးထောင် လုပ်နေ၏။ ညနေကျလျှင်တော့ အရက်လေး တထွေထွေနှင့် ဘဝကိုအဓိပ္ပာယ်မဲ့စွာ ဖြတ်သန်း နေလေသည်။
မိခင်ဒေါ်အေးရွှေက ဆုံးမလျှင် သားအမိ နှစ်ယောက် ကတောက်ကဆ ဖြစ်ရပြန်သည်။ အရာရာ သူသိသူတတ်ဖြင့် ဆရာလုပ်တတ် သည်။ ရွာအတွင်း၌လည်း မကြာခဏ ရန်ဖြစ် လေ့ရှိသည်။ ရန်ဖြစ်တိုင်းလည်း သူကဦးအောင် လုပ်သည်။ ဒေါ်အေးရွှေက နောက်ကလိုက်၍ ဖြေရှင်းရသည်။ မုဆိုးမဒေါ်အေးရွှေတစ် ယောက် သားလည်း ဆုံးမ မရသည့်အပြင် ရွာအတွင်းမှာပါ မျက်နှာပျက်စရာတွေနှင့် နေ့စဉ်နီးပါးကြုံတွေ့ရသည်။
နောက်ဆုံး မပြောနိုင်တော့ပေ။ ကံတရား အရသာ၊ ဝဋ်ကြွေးအရသာ ဟူ၍သာ တရားဖြင့် ဖြေသိမ့်နေရလေတော့၏။
(၄)
ရာသီစက်ဝန်းကြီးက ချားရဟတ်ပမာ အစဉ်လိုက် တာဝန်မပျက် လည်ပတ်နေလေ သည်။ ယခုဆိုလျှင် ဌေးဝင်းတစ်ယောက် ရွာအတွင်းက ယဉ်လှဆိုသည့် မိန်းကလေးနှင့် အိမ်ထောင်ကျ၍ သားတစ်ယောက်ပင် ထွန်းကားနေလေပြီ။
မယဉ်လှက တစ်ကောင်ကြွက်၊ အဒေါ်နှင့် အတူ နေထိုင်သူ ဖြစ်၏။
“ယဉ်လှ… သားရော…”
“တော့်သား… ခြံထဲမှာ ကစားနေတယ်။ အမေက ရွာဦးကျောင်း ဆွမ်းသွားပို့တယ်”
မိန်းမဆီက အဖြေရပြီး ဌေးဝင်း ရေနွေး ကြမ်းသောက်နေလေသည်။ ညက များသွားလို့ ထင်သည်။ ခေါင်းထဲ မကြည်လင်။
“အား….အဖေရေ…သားကို ခွေးကိုက် တယ် ဟီး… ဟီး… ”
သားငယ်၏ စူးစူးဝါးဝါး အော်ခေါ်ပြီး ငိုသံ ကြောင့် ဌေးဝင်း အိမ်အောက်ပြေးဆင်းခဲ့၏။ ယဉ်လှလည်း မီးဖိုချောင်က ပြေးထွက်လာ သည်။ ခွေးမှာ သားပေါက်နေသော ခွေးဖြစ် သည်။ သားက ခွေးပေါက်ကလေးများ အလယ် မှာ ငိုနေ၏။
သားငယ်၏ ငိုသံကြောင့် ဌေးဝင်း အုတ်ခဲ ကျိုးကောက်ကိုင်ကာ လှမ်းပစ်လိုက်သည်။
“ကဲကွာ… ”
“ဂိန်… ဂိန်… ”
ဌေးဝင်းပစ်လိုက်သည့် အုတ်ခဲကျိုးကြောင့် ခွေးမခေါင်းကိုထိကာ သွေးများထွက်၍ နာကျင်စွာဖြင့် ထွက်ပြေးလေသည်။ သို့သော် ဝေးဝေးမပြေး။ သူ့ကလေးများကို ဌေးဝင်းလုပ် မည်စိုးသဖြင့် ခပ်လှမ်းလှမ်းမှ ထိုးဟောင်သတိ ပေးနေလေသည်။ အိမ်ကမွေးထားသည့် ခွေး ဖြစ်ပြီး ဌေးဝင်းကို အလွန်ခင်သော ခွေးလည်း ဖြစ်သည်။
“ကိုဌေးဝင်း ခွေးက ငုံလိုက်တာပါတော်။ တော့်သားက သူ့သားသမီး သွားကိုင်တော့ သားဇောနဲ့ ခြောက်လှန့်လိုက်တာ ဖြစ်မှာပါ။ ကျုပ်ကျေးလက်ဆေးပေးခန်းကို လိုလိုမယ် မယ် သွားပြလိုက်ဦးမယ်။ တော်… ဟင်းအိုး ခဏ ကြည့်ထားဦး”
ယဉ်လှ ကလေးခေါ်ပြီး ထွက်သွားသည်။ ဌေးဝင်းလုပ်ပြီးမှ စိတ်မကောင်းဖြစ်မိသည်။
ခဏအကြာ ယဉ်လှနှင့် သားလေးတို့ ပြန်လာသည်။
“ဘာမှမဖြစ်ပါဘူးတော်၊ ကလေးက လန့်သွားတာပါ။ ဆရာမ ဆေးပေးလိုက်ပါ တယ်… ”
ဇနီးစကားကြောင့် ဌေးဝင်းစိတ်အေးရ သည်။
“လာ… သား အဖေ့ဆီကို… ”
ဌေးဝင်းကလေးကိုချီရင်း ခုနကခွေးမိသားစု ဆီ ဆင်းလာခဲ့သည်။ ခွေးမကြီးက ခွေးကလေး တွေကိုနို့တိုက်ရင်း ဌေးဝင်းကိုတွေ့တော့ နားရွက်ကုပ်ကာ အမြီးရမ်းနေလေသည်။
“သား… ဟိုဘက်အိမ်က ကိုကိုတို့နဲ့ သွား ဆော့ချေ…”
သားငယ်ကို အောက်ချပေးလိုက်ပြီး ယဉ်လှဆီက နနွင်းမှုန့်တောင်းကာ ခွေးမခေါင်း က သွေးထွက်သောနေရာကို နနွင်းမှုန့် သိပ် ပေးလိုက်၏။ ခွေးမနှင့် ခွေးကလေးများက ဌေးဝင်းကို ကြည့်နေပုံမှာ သနားစရာပင်… ။
ဌေးဝင်းအရာတစ်ခုကို တွေ့မြင်ခဲ့ရပြီဖြစ် သည်။ ထိုအရာမှာ အခြားမဟုတ်။ မိဘမေတ္တာ ပင်ဖြစ်လေသည်။ ကိုယ့်အလှည့်ကျမှ သိမြင်ရ သော မိဘမေတ္တာဖြစ်သည်။
ပထမအချက်က ခွေးမကြီး၏ ခွေးကလေး တွေအပေါ်ထားသော မိဘမေတ္တာ ဖြစ်သည်။
ဒုတိယအချက်က သားငယ်အပေါ်ထား သည့် သူ၏ မိဘမေတ္တာဖြစ်သည်။
တတိယအချက်မှာ သူ့အပေါ်ထားသည့် မိခင်ဒေါ်အေးရွှေ၏ မိဘမေတ္တာ ဖြစ်လေသည်။
ထိုအချက်များနှင့်အတူ သူ့အပြစ်များ အတွက် မနှောင်းသေးဘူးဆိုသော အသိတရား ရပြီး ပြင်ဆင်နိုင်သေးသည့် အချက်ကိုပါ သတိ မူမိသည်။
(၅)
ယနေ့ကား ပြာသိုလပြည့်နေ့ ဖြစ်လေ သည်။
အမေများနေ့ ဖြစ်သဖြင့် အစ်ကို၊ အစ်မတို့ မိသားစုများက မုန့်ပုံး၊ ဖယောင်းတိုင်ထုပ်၊ အမွှေးတိုင်ထုပ်များနှင့်အတူ အမေ့ကို ကန်တော့ ရန် ရောက်ရှိနေကြသည်။
ဌေးဝင်းတို့မိသားစုလည်း အသင့်ဝယ်ထား သည့် သစ်သီးများ၊ ဖယောင်းတိုင်ထုပ်၊ အမွှေး တိုင်ထုပ်များ လင်ပန်းထဲထည့်ကာ ကန်တော့ ရန် နေရာယူကြလေသည်။
အားလုံးကန်တော့ပြီးတော့ အမေက ဆုပေးသည်။
“ယခုဘဝမှသည် ဘဝတိုင်း ဘဝတိုင်း သံသရာအဆက်ဆက် ဝဋ်ကြွေးကင်းတဲ့ဘဝ များနဲ့ နိဗ္ဗာန်မဂ်ဖိုလ်ကို ရက်တိုတိုနဲ့ ရလွယ် ရောက်လွယ် မျက်မှောက်ပြုနိုင်ကြသူများ ဖြစ်ကြပါစေကွယ်…”
“ပေးတဲ့ဆုနဲ့ပြည့်ရပါစေ အမေ…”
အားလုံးက တညီတညွတ်တည်း ဆန္ဒပြု ကြသည်။
“အမေ…သားမှားခဲ့တာတွေအတွက် ဝန်ချ တောင်းပန်ပါတယ်။ သား… ဒီနေ့ကစပြီး မဆိုး မမိုက်တော့ပါဘူး။ သား…အသိတရား ရနေပါ ပြီ အမေ…”
ဌေးဝင်း… လက်အုပ်ချီကန်တော့ တော့ ဒေါ်အေးရွှေနှင့် ညီအစ်ကို မောင်နှမတွေက အံ့သြဝမ်းသာပျော်ရွှင်ကြသည်။
အားလုံးက ဘာကြောင့်လို့ မသိကြပေမယ့် ယဉ်လှကတော့ ရိုးတိုးရိပ်တိပ် သဘောပေါက် သည်။
ဒေါ်အေးရွှေကတော့ တရားသမားပီပီ ရွာဦးကျောင်းဆရာတော်မိန့်ကြားသည့် စကား တစ်ခွန်းကိုသာ ပြန်သတိရလေသည်။
“သတ္တဝါတွေက ကျွတ်ချိန်တန်မှ ကျွတ် တာ။ ကျွတ်ချိန်မတန်ဘဲ ချွတ်လို့မရဘူး။ ကျွတ် ချိန်တန်ရင်လည်း သူ့ဘာသာ အလိုလို ကျွတ် ကြတာပဲ။ ဒါကို မှတ်ထားကြကွဲ့…”
မည်သို့ပင်ဆိုစေကာမူ သားယောကျ်ား လေး မွေးထားသော ဌေးဝင်းအဖို့ အချိန်မီ ရရှိခဲ့ သည့် နောင်တတရားတို့ကို သိမြင်ရင်း မနှောင်း သေးသော မိုက်နောင်တအတွက် ကြိုတင်ပြင် ဆင်ခွင့်ရရှိခဲ့ပြီ မဟုတ်ပါလား… ။ ။
ဇင်မင်းစိုး (ဗိုလ်ကလေး)