• June 23, 2025
  • admin
  • 0

#ဖျာပုံလှမိုးနွယ်
မမျှော်လင့်သော ဘိုးတော်ကြီး

ဦးဘခက်မှာ အသက် (၆၀) ကျော်၊ ကိုယ်တစ်ခြမ်း လေဖြတ်ထား၍ တဲပေါ်နှင့် တဲအောက်ဝန်းကျင်သာ လှုပ်ရှားသွားလာနိုင်သည်။ မိခင်ဖြစ်သူ ဒေါ်သန်းတင်သည် ဦးဘခက်ကို အနီးကပ် စောင့်ရှောက်ပြုစုသည်။

သမီးခင်တုတ်က ဒီလုံး၊ ခေါင်းကြီးတို့ အကူဖြင့် တောတွင်းဝင်၍ သစ်ခုတ်သည်။ ထင်းဖြတ်သည်။ တဲရှေ့တွင်ပုံ၍ ကုန်သည်တို့ကို ရောင်းချသည်။ ဆန် ဆီ ဆား အဝတ်တို့နှင့် ဖလှယ်သည်။

ရေထွက်ပစ္စည်း၊ ငါးခြောက်၊ ပုစွန်ခြောက်နှင့် တောထဲမှရသော အမဲကောင်တို့အသားကိုလည်း တောမှထွက်၍ ရွာများသို့သွား၍ ရောင်းချသည်။

“ကျုပ်သားကြီးသံချောင်း သေတဲ့အတွက် ကျုပ်ကို လေတစ်ခြမ်းဖြတ်လို့ မလှုပ်နိုင်တဲ့အပြင် ကျန်တဲ့ကိုယ်တစ်ခြမ်းပါ သားကြီးနဲ့အတူ သေပြီလို့ ထင်မိတယ်ဗျား။ ကျုပ်တို့အားကိုးရတဲ့ သားတစ်ယောက်ကို အစားထိုးစရာ မရှိတော့ပါဘူး”

အဘိုးအို၏စကားကို ကိုအောင်သိန်း ကြားယောင်နေသည်။ ဒီလုံးနှင့် ခေါင်းကြီးတို့သည် ငယ်ရွယ်တက်ကြွ၍ သန်မာဖျတ်လတ်ပြီး ထုသားပေသား ခံနိုင်ရည်ရှိသော ဝါသနာတူမုဆိုးများဖြစ်၍ ကိုအောင်သိန်း သဘောကျသည်။

အသက် ၂၈ နှစ်အရွယ် အစ်ကိုတွေကြားတွင် ယောက်ျားစိတ်၊ ယောက်ျားဟန်နှင့် အားမာန်ပါပါ လှုပ်ရှားတိုက်ခိုက်တတ်ပြီး သတ္တိလည်းကောင်းသော ခင်တုတ်ကိုလည်း နှမလေးကဲ့သို့ ကိုအောင်သိန်း သံယောဇဉ်ဖြစ်ရသည်။

ဖခင်ဦးဘခက်သည် မြို့ဆင်ခြေဖုံးတွင် နေခဲ့သူ ဖြစ်သည်။ ခေတ်အမျိုးမျိုးကို ကြုံခဲ့သည်။ အင်္ဂလိပ်လက်အောက် ကျရောက်နေသောကာလ မျိုးချစ်စိတ်ဓာတ်ရှိသူတိုင်း အချိန်အခါ မရောက်သေး၍ ကျိတ်ပြီး ဓားသွေးနေချိန်ဖြစ်သည့်အတိုင်း ကိုယ့်ထီးကိုယ့်နန်းနှင့် မြန်မာတို့ ရပ်တည်နိုင်အောင် ကာကွယ်ထိန်းသိမ်းခဲ့သော မြန်မာ့ဓားရေး လှံရေး အတတ်တို့ကို အတော်အတန် သင်ယူထားသူဖြစ်သည်။ ထို့ကြောင့် သူ့သားသမီးအားလုံး ဖခင်၏ထံမှ ဓားရေးလှံရေး သင်ယူထားကြရသည်။

ခင်တုတ်သည် ဓားရေးခေသူမဟုတ်ကြောင်း ကိုအောင်သိန်း လက်တွေ့သိထားပြီးဖြစ်ပါသည်။

“ကျုပ်တို့ အစ်ကိုကြီး မရှိတော့ ခင်ဗျားက အစ်ကိုကြီးပေါ့။ ခင်တုတ်တို့အစ်ကိုကြီးကို သတ်ခဲ့တဲ့ ဝက်ခါးပတ်ကျားကောင်ကို ခင်တုတ်တို့လက်နဲ့ သတ်ရမှ ကျေနပ်မယ်။ လက်စားချေရမယ်။ အစ်ကိုကြီးက ခင်တုတ်တို့ကို နည်းလမ်းသင်ပေးပါ။ ခင်တုတ်တို့ ဘယ်လိုလုပ်ရမလဲ”

“ဟုတ်ပါ့ဗျာ၊ ကျုပ်တို့အစ်ကိုကြီးအဖြစ်နဲ့ အားကိုးပါတယ်။ အစ်ကိုကြီး ကိုအောင်သိန်းက ခိုင်းပါ။ ကျုပ်တို့ လုပ်ပါ့မယ်။ ဘယ်လို ဒင်းကို ဖမ်းနိုင်တယ် ဆိုတာ စီစဉ်ပေးပါ။ အတွေ့အကြုံလည်းရ ပညာလည်း သင်ရတာပေါ့ဗျာ”

သူတို့မောင်နှမဆိုသည့်အတိုင်း ကိုအောင်သိန်း စီစဉ်ရပါသည်။ သူတို့အစ်ကိုကြီး ကိုသံချောင်းကို ဝက်ခါးပတ်ကျား ပက်၍ ဗိုက်ပွင့်သေဆုံးပြီးနောက် အခြေအနေကို စောင့်ကြည့်နေခဲ့သည်မှာ သုံးလခန့်ကြာပြီ။ အလွန်ပါးနပ်သော ခါးပတ်ကျားဝက်ကြီးသည် ယခင်ဆင်းနေကျ ကိုသံချောင်းထောင်ခဲ့သည့် ထောက်ချောက်ရှိသော လမ်းကြောင်းသို့ ဆင်းမလာတော့ပါ။

ယခု သုံးလကျော်မှ ထောက်ချောက်များသိမ်းထားသော ထိုလမ်းကြောင်းသို့ ဝက်များ ဆင်းလာကြောင်း ခြေရာစောင့်ကြည့်ရင်း သိလိုက်ကြသည်။

“သိပ်ပါးတဲ့ကောင်ကြီး။ သုံးလကျော်တဲ့အထိ သူနဲ့ အပေါင်းအဖော်တွေပါ ဒီလမ်းကို မဆင်းဘူး။ ဒီသစ်ဥသစ်ဖုမျိုးစုံပေါတဲ့ ဒီချောင်းဖျားရေအိုင်ကို မလာဘူး။ တခြားဘက်တွေကို သွားနေတယ်။ ဘယ်နေရာအတိအကျလို့သာ မသိရတယ်။ ဒီပြင့်အကောင်ထက် ကြီးထွားပြီး ဇောင်းတွေအတက်တွေနဲ့ ချွန်ထက်တဲ့ ခွာရာကြီးတွေကို ဒီအကောင်ကြီးခြေရာဖြစ်ကြောင်းတော့ သိထားပါတယ်။

နေရာအနှံ့ရောက်တယ်။ ပုံမှန်လမ်းကြောင်း မထားခဲ့ဘူးကွ။ အခု ဒီလမ်းကြောင်းတော့ စောင့်ကြည့်တာ ငါးရက်တစ်ခါလောက်ဆင်းတယ်။ ဒါ့ကြောင့် တို့ ဒီလမ်းကြောင်းက ထောင်ချောက်လုပ်မယ်”

“အစ်ကိုကြီးကိုအောင်သိန်း ပြောတာ ဟုတ်တယ်ဗျ။ ကျုပ်လည်း နေရာအနှံ့ တောတိုးလေ့လာနေခဲ့တာပဲ။ ပုံသေလမ်းကြောင်းရယ်လို့ အစ်ကိုကြီး ပြထားတဲ့ ခြေရာမျိုးနဲ့ ဆင်းတာ တက်တာ နေရာမမှန်ဘူးဗျ။ ဒီသုံးလေးနေရာမှာ တွေ့ပြီး နောက်ကြည့်တာ မလာတော့ဘူး။ ကုန်းတန်းထဲမှာရှိတာတော့ သေချာတယ်။

ကျုပ်လည်း သူ့ကိုရှာရင်းဖွေရင်းနဲ့ အင်္ဂလိပ်ကောင်တွေရဲ့ အရိုးစုတွေထင်ပါရဲ့ တွေ့ခဲ့သေးတယ်။ ဒီပြင်ဟာသာ မကြောက်တာ။ ဒီလိုအရိုးစုတော့ တစ္ဆေကောင်အမှတ်နဲ့ ကျုပ်ကကြောက်တယ်။ ရုတ်တရက် တွေ့တွေ့ချင်း အသံထွက်အောင် လန့်အော်မိတယ်ဗျာ။ နောက်မှ သတိထားပြီး အကျိုးအကြောင်း သိချင်တာနဲ့ အနားရောက်အောင် အရဲစွန့်သွားခဲ့တယ်။ နှစ်လံ သုံးလံအကွာလောက်ပါပဲ။ အဲဒီနားက ဟောဒီကျည်ဆန်လေးတောင့် ရခဲ့တယ်ဗျာ။ ပြောင်ပြောင်လေးတွေမြင်လို့ လှတာနဲ့ မြေကြီးထဲက ကော်ထုတ်ပြီး ကောက်ခဲ့တာ”

ကုန်းတန်းကျောမှ အနည်းငယ်နိမ့်သော နေရာကို ထောက်ချောက်တူးရန် ကိုအောင်သိန်း သတ်မှတ်ထားသည်။ အလျား ၆ တောင်၊ အနံ ၄ တောင် သတ်မှတ်၍ ကာလရှည်မြင့်စွာ ကုန်းတန်းပေါ်မှ ဝက်များ ရေအိုင်သို့ ဆင်းရာလမ်းကြောင်းပေါ်တွင် ထောင်ချောက်နေရာ သတ်မှတ်၍ တူးစေသည်။

ကိုအောင်သိန်း နေရာ စီစဉ်သတ်မှတ်နေချိန်တွင် ခေါင်းကြီးသည် သစ်ခွဲသမားများထံမှ သစ်လုံးလေးဖက် အကာချခွဲထားသော ပျဉ်အကာခြမ်းများကို လှေနှင့်တင်၍ ယူလာခဲ့သည်။ ကိုအောင်သိန်းအနားသို့ သွား၍ မကြာခင်က တောတွင်းမှရရှိခဲ့သော ရိုင်ဖယ်ကျည်ဆန်လေးတောင့်ကို ပြသည်။

မနီးမဝေးတွင် မီးဖိုတစ်ခုဖို၍ ဖွဲနှင့်ပက်သကဲ့သို့ လူကို ကိုက်ခဲသွေးစုပ်သော ခြင်ပိုးလောင်းတို့ကို မီးခိုးမှိုင်းတိုက်ပေးနေသော ခင်တုတ်က အနီးသို့ ရောက်လာပြီး ငုံ့ကြည့်သည်။ ခေါင်းကြီးက လက်ဝါးပေါ် ကျည်ဆန်တောင့်ကို တင်၍ပြသည်။

ကိုကိုအောင်သိန်းနှင့် ဒီလုံးတို့လည်း ဝိုင်းကြည့်ကြသည်။

“လှလို့ယူလာတာက အကြောင်းမဟုတ်ဘူးကွ။ အင်္ဂလိပ်အကောင်တွေသိရင် လက်နက်ပုဒ်မနဲ့ ဖမ်းသွားလိမ့်မယ်”

“ဟုတ်တယ်ကွ။ မင်းက ဘာမသိညာမသိနဲ့။ ပြီးတော့ တောထဲလည်း အနှံ့ရောက်သလို လူတွေရှိတဲ့ ရပ်ထဲရွာထဲလည်း ရောက်ချင်ရောက်သွားတတ်တဲ့အကောင်။ လက်ပူးလက်ကျပ်နဲ့သာမိရင် မလွယ်ဘူး”

ကိုအောင်သိန်းအပြောကို ဒီလုံးဟာ ထောက်ခံပြောရင်း ညီဖြစ်သူကို အပြစ်တင်နေသည်။ ခင်တုတ်ကမူ မည်သို့မျှ မဆိုတတ်သလို အားလုံးကို မော့ကြည့်ရင်း နှုတ်ဆိတ်နေသည်။

“ဟာဗျာ .. အစ်ကိုတို့သိအောင် ဝှက်ထားရာက တမင်ယူလာပြတာပါ။ ကျုပ်က လူတကာသိအောင် ပြောပါ့မလား။ ကျည်ဆန်တွေကို ထည့်ပစ်စရာ သေနတ်လည်း မရှိပါဘူးဗျာ။ လှလို့ သိမ်းထားမိတာပါ”

“အေးပါ မင်းပဲ သိမ်းထား။ အခု ငါမှာတဲ့ အကာခြမ်းရခဲ့ပြီလား။ ကိုဒီလုံးလည်း ရှစ်တောင်လောက် အရှည်နဲ့ အရင်းထွာဆိုင်နီးပါး မျောတိုင်ရှစ်လုံး လောက်ခုတ်ထားရဲ့လား”

“အဆင်သင့်ပါပဲ။ မျောတိုင်တွေ ဟိုဘက်နားမှာ ပုံထားတယ်။အကာခြမ်းတွေလည်း အဲဒီနားပဲ ထားမယ်”

ဒီလုံးက ပြန်ပြောသည်။ ခေါင်းကြီးနဲ့အတူ ခပ်လှမ်းလှမ်း ချောင်းထဲရှိ လှေပေါ်မှ သစ်တုံးအကာခြမ်းများကို သယ်တင်ကြသည်။ ကိုအောင်သိန်းသည် ပေါက်တူးနှင့် လှည့်ပတ်အရာပေး သတ်မှတ်သည်။ ကိုယ်တိုင်စ၍ တူးသည်။

ခင်တုတ်သည် မီးဖိုထဲသို့ ထင်းများကို ဖြည့်ထည့်ပြီး တဲမှယူခဲ့သော ဆတ်သားခြောက်ဖုတ်နှင့် ကောက်ညှင်းပေါင်းတို့ကို စားသောက်ရန် ပြင်ဆင်သည်။ သူမနှင့် ဆယ်လံအကွာ ကုန်းတန်းအမြင့်ပေါ်တွင် ကိုအောင် သိန်းတစ်ယောက် ပေါက်ပြားတစ်လှည့် တူးရွင်းတစ်လှည့်ဖြင့် မြေကြီးကို တူးနေသည်။

“အစ်ကိုတို့… မနက်စောစော အစာစားပြီးမှ ဆက်လုပ်တာပေါ့။ အားလုံး ပြင်ထားပြီးပြီ။ လာရင် လာနော်။ မလာရင် အကုန်စားပစ်လိုက်မယ်”

ခင်တုတ်က လှမ်း၍ အသံပြုသည်။ မကြာမီ ကိုအောင်သိန်း၊ ဒီလုံး၊ ခေါင်းကြီးတို့ ရောက်လာကြသည်။ သူမပေါင်းယူလာသော ကောက်ညှင်းပေါင်းနှင့် ဆတ်သားခြောက်မီးဖုတ်ကို ပန်းကန်တစ်ချပ်စီနှင့် ထည့်၍ ခင်တုတ်က လှမ်းပေးသည်။ ခြင်ပိုးလောင်းတို့သည် ခင်တုတ်၏မီးဖိုမှ မီးခိုးတို့ကြောင့် အဝေးသို့ ထွက်ပြေးကြသည်။

“အလျားရှစ်တောင် နှစ်လံပေါ့ကွာ။ အနံက လေးတောင် တစ်လံပေါ့ကွာ။ ဇောက်အနက် ခြောက်တောင် တူးရမယ်ကွာ။ ဒီပုံစံက အကြမ်းလျာထားတဲ့ပုံစံပါ။ တူးရွင်းနဲ့ အခြေအနေအရ ဒီထက်ပိုနက်အောင် လုပ်သင့်လည်း လုပ်ရမယ်။ သံနန်းကြိုးကို ကိုယ်လုံးအားနဲ့ ဖိရုန်းပြီး ဒေါင်ဒေါင်မြည်တင်းတော့မှ ချိုတွေကို ကားထွက်နေတဲ့ ဘောက်ဘောက်မြည်အောင် မာန်သွင်းသွေးထားတဲ့ အစွယ်နဲ့ ကျွဲခတ်သလို ပက်ခတ်ဖြတ်နိုင်တဲ့ ဝက်ခါးပတ်ကျား။ ငါပြောတဲ့ တွင်းထဲရောက်ရင် သံနန်းကြိုးအစား သံမှိန်းတွေ၊ သံလှံတွေနဲ့ တွေ့ရမှာပေါ့ကွာ”

ကိုအောင်သိန်းက မာကျစ်သော မြေသားကို စတင်တူးနေသော ဒီလုံးနှင့် ခေါင်းကြီးတို့ကို ကြည့်ပြီး ပြောသည်။ ခင်တုတ်သည် တူးပြီး မြေစိုင်ခဲတို့ကို တောင်းနှင့်ထည့်၍သယ်ပြီး ခပ်လှမ်းလှမ်း မြေနိမ့်ချိုင့်တစ်ခုထဲ သွန်ရသည်။

“သဲကုန်းတန်းမြေက အကြောလိုက် မာကျောတယ်ဗျာ။ ကျုပ်တို့တောထဲနင်းရတဲ့ နုန်းက ပျော့အိနေတယ်”

ခေါင်းကြီးက တူးသလောက် ခရီးမတွင်သော မြေမာတို့ကို ပေါက်တူးနှင့်ပေါက်ရင်း ပြောသည်။

“အဲဒီကုန်းတန်း မြေကြောသဘောကို ငါ မြို့ရောက်စဉ်က ငါ့သားနှစ်ယောက်စာသင်တဲ့ ကျောင်းအုပ်ဆရာနဲ့ မေးကြည့်တယ်ကွ။ မြေအောက်က တုန်လှုပ်မှု တိုးတိုက်မှုတွေကြောင့် မြုပ်ကွယ်နေတဲ့ တောင်ကြောကြီးတွေရဲ့ အကြောအမျှင်နဲ့တူတဲ့ မြေသား အကြောမာတွေ မောက်တက် ဖြစ်ထွန်းတယ်လို့ ပြောတယ်ကွ။ အသေအချာ ဟုတ် မဟုတ်တော့ မသိဘူးကွာ။

အဲဒီ သက်ရင့် မြေသားထု အကြောမာတွေဟာ တောင်တန်းလို ရှည်လျားတဲ့အတွက် ကုန်းပေါ်မှာ တောင်ကုန်းမြင့်ကြီးတွေဖြစ်သလို နိမ့်ပြီး ငုပ်လျှိုသွားလိုက်၊ ပေါ်တဲ့နေရာ ပေါ်လိုက်နဲ့ ပင်လယ်အောက်ကိုလည်း ရောက်သတဲ့။

နောက်တစ်ခါ မြေအောက်က အလွှာထုအက်ကြောင်းတွေ အရှိန်နဲ့ ဖိတိုက်လို့ သိမ့်သိမ့်ခါအောင် တုန်လှုပ်သွားတဲ့အခါ အဲဒီတုန်းတန်းချောတွေ မြုပ်ပြီး ပျောက်သွားတာလည်း ရှိတယ်။ အခြားတစ်နေရာမှာ ထွက်ပေါ်တာလည်း ရှိတယ်။ နှစ်ပေါင်း နှစ်ရာ သုံးရာကြာရင် မြေအနေအထားပုံစံတွေ ပြောင်းလွှဲသွားတယ်လို့လည်း ပြောတယ်ကွ”

ကိုအောင်သိန်း ပြောသမျှကို သူတို့အားလုံး ယုံကြည်လေးစားစွာ ငေး၍ နားထောင်ကြသည်။ မြေကြီး ရွက်သယ်ပေးသော ခင်တုတ်ပင် အနားတွင် ငေးရင်းနားထောင်သည်။

xxx xxx xxx

“ဖြောင်း… အုန်း … အုန်း”

နံနက် ၉ နာရီခန့်ဖြစ်၍ နေရောင်ခြည်က သစ်ပင်အားလုံးပေါ် ရွှန်းသစ်ဖြာကျနေသည်။ သစ်ကိုင်းသစ်ရွက်တို့အကြားမှ နေခြည်နွေးနွေးတို့ မြေပေါ် ရောက်လာကြသည်။ ဆောင်းလေဝှေ့တိုင်း နှင်းမှုန်တို့ တိုးဝင်၍ အေးမြသောကိုယ်ပေါ်သို့ နေခြည်နွေးနွေးတို့ ကျသောအခါ ရင်ထဲသို့တိုင် အနွေးဓာတ်က တိုးဝင်သွားသည်။

ထိုအချိန်တွင် ကုန်းတန်း၏အရှေ့ဘက် နေပြောက်ပင်မထိုးနိုင်သော သစ်ပင်အုပ်တို့အကြားမှ သစ်ကိုင်းကျိုးသံများ၊ သစ်ကိုင်းကြီးများ တစ်နေရာဆီသို့ပြင်းထန်သောအရှိန်နှင့် လွင့်စဉ်ထိခိုက်သံများ တစ်ခဲ
နက်ထွက်ပေါ်လာသည်။

ငှက်ကြီးများနှင့်မျောက်တို့ အလန့်တကြား အော်သံ လည်း ဆူညံသွားသည်။

ကိုအောင်သိန်း သတ်မှတ်ထားသော အကျယ်အဝန်းပေါ်တွင် ခြောက်လက်မခန့် ပေါက်တူးတစ်လွှာစာမျှပင်တူး၍ မပြီးသေးပါ။ အားလုံး အသံကြားရာဆီသို့ အာရုံရောက်သွားသည်။ လျင်မြန်ဖျတ်လတ်သော ခင်တုတ်သည် မီးဖိုအနီး သစ်ပင်တစ်ပင်တွင် ချိတ်ထားသော သူ၏ဒူလေးနှင့် မြားတံထည့်ဘူးကိုပြေးယူသည်။ ဓားမြှောင်ရှည်ပါသော ခါးစည်းကြိုးကို သူ၏ ဖျင်ဘောင်းဘီဝတ်သော ခါးစည်းကြိုးပေါ်မှ ထပ်ပတ်စည်းနှောင်သည်။ ဂါးကျည်တောက် မြားဘူးကို ပခုံးတွင်လွယ်၍ သီးသန့်အဆိပ်လူးထားသော မြားတံကိုယူပြီး ဒူးလေးကို အသင့်ပြင်ထားသည်။

“ဒီလုံးရေ… ဒါ ဘာသံလဲကွ။ သစ်ကိုင်းတွေကို ချိုးပြီးလွှင့်ပစ်တဲ့ အသံကွ။ အင်မတန်အားကြီးတဲ့ တိရစ္ဆာန်တစ်ကောင်ကောင်ဟာ သူ့သွားလမ်း လာ လမ်း မလွတ်တဲ့အပင်တွေ၊ အကိုင်းတွေကို ချိုးယူပြီး စိတ်မရှည်သလို ပစ်ပေါက်တဲ့အသံမျိုးကွ

“ဟုတ်တယ် အစ်ကိုကြီး ကိုအောင်သိန်း။ ကျုပ်လည်း အဲဒီလိုပဲ ထင်တယ်ဗျာ။ တောထဲမှာ ဒီလောက်ကြီးတဲ့ သတ္တဝါဆိုလို့ ဘယ်လိုအကောင်မျိုး ဖြစ်မလဲ”

“ဟာကွာ အစ်ကိုဒီလုံးကလည်း၊ ဟိုအနောက်ဘက် ကုန်းတန်းကြီးတွေက မြစ်ချောင်းတွေ ဖြတ်ကူးလာတဲ့ လူဝံကောင် မျောက်ဝံကောင်ကြီးတွေလားမှ မသိပဲကွ”

ကိုအောင်သိန်းက အသံကြားရာဆီသို့ ငေးမောရင်း ပြောသည်။ ဒီလုံးကလည်း တွေးတွေးဆဆနှင့် ပြန်ပြောနေသည်။ ခေါင်းကြီးက ပြောင်စပ်စပ် ကြည့်ရင်း ပြောနေသည်။ ခင်တုတ်ကမူ ဒူးလေးအသင့်နှင့် သူတို့အနီးရောက်လာပြီ။

“မင်းကလည်း နေရာတကာ ပြောင်ချော်ချော်နဲ့ကွာ။ မင်းအဘလူဝံက ဘယ်တုန်းက ရောက်လာဖူးတယ်လို့ ဘယ်သူပြောသလဲ။ အခုဟာက မင်းအဘမဟုတ်ပဲ”

ဒီလုံး ရုတ်တရက် နှုတ်ပိတ်သွားသည်။ ကိုအောင်သိန်းက သူ့ပခုံးကို လှမ်းပုတ်လိုက်သည်။ ပြီးတော့ ခပ်သုတ်သုတ်တီးတိုးပြောလိုက်သည်။

“အဘမဟုတ်ဘူးဟေ့၊ ဘိုးတော်…ဘိုးတော်”

“ဗျာ….ဘိုးတော်ဟုတ်လား”

“အေး ဟုတ်တယ်။ ဘိုးတော်ဆိုတာ သိတယ်မဟုတ်လား။ ဆင်ကွ… မြန်မြန်ပြေးကြစို့”

“ဖြောင်း… ဖြောင်း.. ဝုန်း… ဝုန်း… ဝုန်း”

သူတို့အားလုံး မြင်ရပါသည်။ ခင်လှမ်းလှမ်း ကုန်းတန်းပေါ်တွင် အလေ့ကျ သစ်ပင်မျိုးစုံတို့သည် ပြည့်ညပ်စွာ ပေါက်ကြသည်။ အပင်မြင့်ကြီးများ ရှိသကဲ့သို့ မြေပေါ်ကိုင်းကျသော အခက်အလက် ရှုပ်ထွေးသည့် အပင်မျိုးစုံတို့လည်း ရှိသည်။ ထိုအပင်တို့ကို သူ့အရပ် ကိုယ်လုံးဖြင့် မလွတ်သဖြင့် မြင့် မားသောအရပ်နှင့် တောဆင်ရိုင်းကြီးတစ်ကောင်သည် သစ်ပင်အကိုင်း အခက်တို့ကို လိမ်ချိုးသည်။ စိတ်မရှည်သလို ပစ်ပေါက်သည်။ တစ်တောလုံး ဟိန်း၍ ဆူညံနေသည်။

ကိုအောင်သိန်းတို့ သူ့ကို မြင်လိုက်ချိန်တွင် သူကလည်း လှမ်းမြင်သဖြင့် ခုန်ရပ်၍ ကြည့်လိုက်သည်။ ကျည်ခနဲ… ကျည်ခနဲ ညှစ်အော်သည်။ ရန်ပြုတော့မည်ကို ကြွေးကြော်ခြင်းဖြစ်သည်။

“ရင်ဆိုင်လို့ မဖြစ်ဘူးကွ။ တို့မှာ ဓားနဲ့ ဒူးလေးပဲ ရှိတယ်။ အကောင်းဆုံးကတော့ လှေပေါ်ဆင်းပြီး လွတ်အောင်ပြေးကြတာ ကောင်းတယ်။ ရွှံ့နုန်း မြေထဲကို ရုတ်တရက်မဆင်းပါဘူး။ ပြေးကြစို့”

သို့သော် ဆင်ရိုင်းကြီးက လျင်မြန်သည်။ သစ်ပင်သစ်ကိုင်းအချို့တို့ကို ဟောခနဲ တိုးတိုက်ပြီး .တစ်ဟုန်တိုး ပြေးလာသည်။ စွယ်စုံဖြူဖွေးဖွေးနှင့် ကြီးမားသော ဆင်ကြီးကို တစ်ချက်မျှ လှည့်ကြည့်ပြီး မုဆိုးကျော် ကိုအောင်သိန်းလည်း ကုန်းတန်းအမြင့်မှ ဆင်းပြေးခဲ့သည်။ ဒီလုံး၊ ခေါင်းကြီးနှင့် ခင် တုတ်တို့လည်း သူ့ရှေ့မှ ဆင်းပြေးကြသည်။ ဆင်ကြီးကလည်း ကုန်းတန်း အပေါ်ဆီမှတစ်ရှိန်ထိုးပြေးလာသည်။ ကိုအောင်သိန်း အော်လိုက်သည်။

“လူစုခွဲ ပြေးဟေ့။ တစ်ယောက် တစ်နေရာစီ ခွဲပြေး”

ခင်တုတ်သည် လျင်မြန်ဖျတ်လတ်သည်။ နုန်းမြေများကို ကျော်လွှား၍ သစ်ပင်ကြီးတစ်ပင်၏ ခြေရင်းတွင် ကပ်ရပ်ပြီး ဒူးလေးကို မောင်းတင်သည်။ မြားလမ်းကြောင်းပေါ်သို့ အဆိပ်လူးမြားကို အကျအန တင်လျက် အသင့်ပြင် စောင့်နေသည်။

ဒီလုံးက ဝက်များ ညအခါ စံပျော်ခဲ့ရာ ရေအိုင်ကြီးတစ်ဖက်စီတွင် လှံကိုကိုင်ရင်း စောင့်နေသည်။

ကိုအောင်သိန်း ပြေးရင်း တစ်စုံတစ်ခုကို သတိရသည်။ သို့ကြောင့် သူနှင့်အတူ ယှဉ်ပြေးနေသော ခေါင်းကြီးကို လှမ်းဆွဲသည်။

“ဟေ့ကောင် ခေါင်းကြီး စောစောက မင်းပြတဲ့ကျည်ဆန်တွေ ဘယ်မှာလဲ”

“ဒီမှာ ခါးပိုက်ထဲမှာပါ အစ်ကိုကြီး”

“အေး ဟုတ်ပြီ၊ အဲဒီ ကျည်ဆန်လေးခုကို ခင်တုတ်ရဲ့ မီးပုံအလယ်ထဲ အသေအချာရောက်အောင် ပစ်ထည့်ပြီး ပြန်ပြေးခဲ့။ ငါ့အနားရောက်တာနဲ့ မြေကြီးပေါ်ဝပ်ချလိုက်နော်”

ကိုအောင်သိန်းက နောက်ကို တစ်ချက် ငဲ့ကြည့်သည်။ ခေါင်းကြီး လက်ထဲမှ ကျည်ဆန်လေးတောင့်ကိုအသေအချာဆုပ်ကိုင်စေပြီး မီးဖိုဆီသို့ ခေါင်းကြီးကို တွန်းလွှတ်သည်။

“ဟုတ်… ဟုတ်ကဲ့ဗျ”

ခေါင်းကြီးသည် ထင်းတုံးအချို့နှင့် အရှိန်ကောင်းစွာ မီးခိုးအူထွက်နေသော ခင်တုတ်၏ မီးပုံဆီ ပြေးသည်။ ကိုအောင်သိန်း မှာသည့်အတိုင်း ကျည် ဆန်လေးတောင့်ကို မီးပုံအလယ်ကောင် ပစ်ချပြီး ကိုအောင်သိန်းထံ ပြေးသည်။ ပြေးလိုက်လာသော ဆင်ကြီးနှင့်ကား မဝေးလှပါ။

ကိုအောင်သိန်းက ကနစိုချုံပုတ်တို့ကို ပြေး၍ ကျော်သွားပြီး ပါးပျဉ်းကြီးများ ခြံရံထားသော ကနစိုပင်ကြီးခြေရင်းတွင် ဝပ်လိုက်သည်။

ချက်ချင်း ခေါင်းကြီး ပြေးလာသည်။ ဝပ်သည်။ တစ်ရှိန်ထိုးပြေးလာသော ဆင်ရိုင်းကြီးသည် သူ့ရှေ့တွင် တွေ့ရနေရသော မီးဖိုကြီးကို တစ်ချက် ကြည့်သည်။

မီးဖိုအနီးတွင် ကောက်ညှင်းပေါင်းထည့်အိုးနှင့် လိုလိုမယ်မယ် ခင်တုတ်ယူလာခဲ့သော ရေခပ်သံပုံးကြီးနှစ်ပုံးကို တွေ့နေသည်။ ဒေါသတကြီးဖြင့် မီးပုံအနီးမှ
ထိုပစ္စည်းတို့ထံ ဆင်ကြီး ခြေလှမ်းပြင်လိုက်ချိန်တွင် မီးဖိုထဲမှ ရုတ်တရက် အသံတစ်ခုထွက်လာသည်။

“ဖွတ်…. ရှူး”

ဆင်ကြီး မီးပုံကိုတွေ့၍ ရပ်ပြီး စိုက်ကြည့်နေသည်။ ဆယ်လံခန့်အကွာမှ ကိုအောင်သိန်းနှင့် ခေါင်းကြီးတို့သည် အသက်မရှူဝံ့ဘဲ ဆင်ကြီးကို ငြိမ်သက်၍ ကြည့်နေမိသည်။ သူတို့လက်ထဲတွင် ဓားတစ်ချောင်းစီသာ ရှိသည်။ ဆင်ကြီး သူတို့ဘက် လှည့်လာလျှင် မည်သို့ ပြေးရမည်ကို အပြေးအလွှား တွေးနေ မိသည်။

“ဒိုင်း…”

“ဝူး…”

ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ မီးပွားများ လွှင့်စဉ်သွားသည်။ ခြေလှမ်းပြင်၍ တွေကြည့်နေသော ဆင်ကြီးသည် အံ့ဩထိတ်လန့်စွာ နှာမောင်းကို ရှေ့သို့တန်း၍ ခါးကုန်းသည်အထိ စူးရှစွာ အော်လိုက်သည်။ ချက်ချင်း လာလမ်းဘက်ကုန်းတန်းဆီသို့ သူ့ကိုယ်လုံးကြီးကို လှည့်လိုက်သည်။

“ဒိုင်း”

“ဝုန်း”

ထပ်မံ၍ ပေါက်ကွဲသော ကျည်ဆန်၏ ထိပ်ဖူးသည် မီးဖိုအနီးရှိ ရေဆွဲသံပုံးကြီးကို မှန်သည်။ မြောက်တက်ပြီး ပြန်ကျလျှင် ဆင်ကြီးသည် နောက်တစ်ကြိမ် ဝူးခနဲအော်၍ ပြေးသည်။

“ဒိုင်း”

နောက်ဆုံးကျန်သော ကျည်တစ်တောင့်သည် မီးဖိုထဲမှ ပေါက်ကွဲ၍ မီးဖိုတစ်ခုလုံး လွင့်စဉ်ထွက်သွားသည်။

“ဝူး … ဝူး … ဝူး”

“ဖြောင်း … ဝုန်း… ဝုန်း … ဝုန်း”

ကြီးမားသော ဆင်ရိုင်းကြီးသည် သူလာခဲ့သော လမ်းကြောင်းအတိုင်း တိုးဝှေ့တိုက်ခိုက်ရင်း လျင်မြန်စွာ ထွက်ပြေးသွားသည်။

ကုန်းတန်းတစ်ခုလုံး ဟိန်း၍ထွက်သော သေနတ်ကျည်ဆန်ပေါက်ကွဲသံများနောက်တွင် ဆင်ကြီးပြေးလွှားသံများမှာ သိမ့်သိမ့်ခါလျက် ရှိပါသည်။ သစ်ပင်အသိုက်များဆီမှ ငှက်များ လန့်၍အော်ရင်း ပျံကြသည်။

မျောက်နှင့် ရှဉ့်တို့သည် အော်ဟစ်ဆူညံစွာ ပြေးလွှားရင်း ပုန်းကြသည်။

ဆောင်းလေအေး တသုန်သုန်မြူး၍ နေခြည်ဝင်းလက်တောက်ပသဖြင့် နှင်းစက်တို့နှင့် လှပသော စိမ်းညို့ညို့တောသည် တစ်စတစ်စနှင့် ငြိမ်သက်သွားပါသည်။

ကိုအောင်သိန်းနှင့် ခေါင်းကြီးတို့သည် မီးဖိုဆီသို့ ပြေးသွားကြရသည်။ လွင့်စဉ်ပြန့်ကျဲနေသော မီးခဲများကို ရွှံ့များနှင့်ဖုံး၍ ငြိမ်းသတ်ရသည်။ မကြာမီ ဒီလုံးနှင့် ခင်တုတ်တို့သည် ရောက်လာကြသည်။ အားလုံး သက်ပြင်းကိုယ်စီချမိသည်။

“ဘယ့်နှယ်လဲ ကျွန်တော်မောင်ခေါင်းကြီးလေး လှလို့ကောက်လာခဲ့တဲ့ ရာဇဝတ်မှုမကင်းဘူးဆိုတဲ့ ကျည်ဆန်လေးတောင့်က ကယ်ပေလို့ပေါ့။ ဒီလိုမှ မဟုတ်ရင် ခုချိန်ဆိုရင် ဘယ်လိုအခြေအနေ ဖြစ်နေကြပြီလဲ တွေးတောင် မတွေးဝံ့ပါဘူးခင်ဗျာ”

ခေါင်းကြီးက လက်မကိုထောင်၍ ခပ်တင်းတင်း ပြုံးရင်း ပြောလိုက်သည်။ ဒီလုံးနှင့် ကိုအောင်သိန်းက ရယ်ကြသည်။

“ဘယ်ရမလဲ အစ်ကိုခေါင်းကြီးရာ၊ အစ်ကိုကြီး ကိုအောင်သိန်း ဉာဏ်ကောင်းလို့ အဲဒီ ကျည်ဆံတွေ ခါးပိုက်ထဲမှာထားပြီး ပြေးနေတဲ့ အစ်ကိုခေါင်းကြီး ခင်တုတ်မွေးထားတဲ့ မီးဖိုထဲထည့်လို့ပါနော်။

အဲဒီလိုမဟုတ်ရင်လည်း ခင်တုတ်က အသင့်ပါပဲ။ တစ်ဆွေ့ခုန် အဆိပ်လူးထားတဲ့ မြားတစ်စင်း အဲဒီ အကောင်ကြီး နှာမောင်းအထက်က ဦးကင်းမို့မို့ကြီးကို အသေအချာ ချိန်ပစ်ထည့်လိုက်ရင် မြားတံတစ်ဝက်လောက် ဝင်သွားမယ်။ အဲဒီအကောင်ကြီး ခြေဘယ်နှစ်လှမ်း ပြေးနိုင်မလဲ။ မြားအဆိပ်တွေ ဦးနှောက်ထဲရောက်ပြီး ချောသွားစေရမယ်။ မိန်းမမုဆိုး ခင်တုတ် ဒီအကောင်ကြီးကို ဒူးလေးနဲ့ မပစ် လိုက်ရတာ နာတယ်ကွာ။ အမှတ်တရလေး ဖြစ်သွားရအောင်ပါ”

သူမအပြောကို အားလုံးက ဝိုင်းသဘောကျစွာရယ်ကြသည်။

“ကိုင်း … တို့အလုပ်လည်း သိမ်းကြစို့၊ ထောင်ချောက်ဆင်မယ့်နေရာ ဒီပုံတူလားလို့တော့ သိပ်ကိစ္စမရှိတန်ပါဘူး။ ဒါပေမဲ့ ကျည်ဆန်ပေါက်ကွဲတဲ့ အရှိန်နဲ့ ဒီပတ်ဝန်းကျင်အပင်တွေမှာ ယမ်းနံ့စွဲသွားပြီ။ အလွန်ပါးနပ်တဲ့ ဝက်ခါးပတ်ကျားက အဲဒီအနံ့ကို လေထဲက ရတာနဲ့ပဲ ဒီနေရာကို လာမယ်မထင် ဘူး။ အဲဒီတော့ ပုံမှန်အခြေအနေရောက်အောင် ခဏတော့ စောင့်ကြည့်ကြဦးစို့။ သယ်လာခဲ့တဲ့ ပျဉ်ချပ်တွေနဲ့ မျောတိုင်တွေကို အဲဒီနေရာမှာပဲ ထားခဲ့ကြ။ တစ်ပတ်လောက်နေရင် လာကြည့်ကြတာပေါ့။ တခြား လမ်းကြောင်း တွေ့သလားလို့ ရှာကြတာပေါ့”

ကိုအောင်သိန်းက တွေးတွေးဆဆနှင့် ပြောပါသည်။ သူ့ကို အားလုံးက ငေးကြည့်နေကြသည်။ သူ့အစီအမံအတိုင်း လိုက်ရှာကြည်ကြမည့်သူများ ဖြစ်ပါသည်။ ခေါင်းကြီးကမူ သူ၏ကြီးမားသော ဆံပင်တို့ကို ဖုံးထားသည့် ငယ်ထိပ်ကိုကုတ်လျက်ပြောသည်။

“ဒီနေ့ ဒီအချိန်မှ ဒီဘိုးတော်ကလည်းဗျာ၊ ဒီနေရာကို တိုက်တိုက်ဆိုင်ဆိုင် ရောက်လာလို့ ဒီလို အနှောင့်အယှက် ဖြစ်ရတာ။ အစ်ကိုကြီး ကိုအောင်သိန်းတို့များ ထောင်ချောက်မြေကျင်းတူးဖို့ မြေခံနဲ့ ရက်ရာဇာလေးဘာလေး မရွေးခဲ့ဘူးထင်ပါရဲ့ဗျာ”

“ဒီအကောင်ကွာ… ပေါက်ကရပြောတော့မယ်”

ကိုအောင်သိန်းသည် အသံထွက်အောင်ရယ်ပြီး ခေါင်းကြီး၏ပခုံးကို ပုတ်လိုက်သည်။ အားလုံး ပြုံးမိကြသည်။ မုဆိုးကျော်ကြီးများသည် သူတို့ တောတွင်း ဓလေ့အခေါ် ဘိုးတော်ဟူသော ဆင်ရိုင်းကြီး၏ ဘေးမှ ကြံကြံဖန်ဖန် ခေါင်းကြီးစပ်ဆော့မိ၍ ကျည်ဆန်များ ယူလာခဲ့သဖြင့် လွတ်မြောက်လာကြသည်ကို တွေးရင်း ပြောရင်း ရယ်မောရင်းဖြင့် ထိုနေရာမှ ပြန်ခဲ့ကြပါသည်။

– ပြီး –

စာရေးသူ – ဖျာပုံလှမိုးနွယ်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *