~~~~~~~~~~~~~~~~~

အမေရေယဉ်တို့က မောင်နှမ ငါးဦးရှိပါတယ် ။ တောင်ဦးဘုရင်လို့ ခေါ်တဲ့ ဇီးတော်ကျော် ရယ် ၊ မြောက်ဖက်ရှင်မလို့ ခေါ်တဲ့ ယောကတော်ရယ် ၊ကင်းကတော် ၊ ဆည်ကတော်နဲ့ အနောက်အမေကြီးလို့ ခေါ်တဲ့ အမေရေယဉ် စောနန်းမွန် ရယ်ပါ ။
ကောဇာ သက္ကရာဇ် ၄၆၉-နှစ် မှာ ပုဂံမှာ ခဲလောင်းမင်း လက်ထပ်မှာ ဖြစ်ခဲ့ကြတဲ့ ဇာတ်လမ်းပါ ။ အမေကြီးတို့ မောင်နှမတွေက ပုဂံထီးနန်းကို ဆီဆက်ရတဲ့ မျိုးရိုးပါ ။ မျိုးရိုးအစဉ်အဆက် နန်းတော်ထဲက လူတွေ စားဖို့ ဆီပို့ပေးခဲ့တာပါ ။ အမေကြီး အမေရေယဉ် က မွေးကတည်းက မွေးရာပါ စုန်းတက်ပါတယ် ။ ဝမ်းတွင်းစုန်းလို့ ခေါ်ကြပါတယ် ။ သူ့ကိုယ်သူ စုန်းမမှန်း အမေကြီးက မသိပါဘူး ။ ဒါပေသိ အမေကြီး ဝမ်းသာတဲ့ အခါ ဝမ်းနည်းတဲ့ အခါ ဒေါသထွက်တဲ့ အခါမျိုးမှာ ပြောလိုက်တဲ့ စကားတွေ အကုန်ဖြစ်တယ် ဆိုတာကတော့ အမေကြီးတို့ မောင်နှမတွေ အားလုံးသိကြပါတယ် ။တနေ့တော့ အမေကြီးနဲ့ တောင်ဦးဘုရင် မောင်နှမ နှစ်ယောက် နန်းတော်ကို ဆီဆက်ဖို့ အလာ တံခါးစောင့်အသစ်တွေ လဲထားလို့ အစောင့်အသစ်တွေက အမေကြီးရွက်လာတဲ့ အိုးထဲမှာ ဘာတွေလဲလို့ မေးပါတယ်။ နေပူကြီးထဲမှာ ဆီအိုးရွက်လာရလို့ စိတ်တိုနေတဲ့ အမေကြီးက ဒီလောက်ခဏခဏ နန်းတော်ကို လာနေတဲ့ ငါတို့ကို မသိရကောင်းလား ဆိုပီး စိတ်ထွက်ထွက်နဲ့ မြွေတွေဟေး… မြွေတွေ နင်တို့ ဘုရင်ကို လုပ်ကြံဖို့လို့ အညာသူပီပီ ဘွင်းဘွင်းကြီး ပြောလိုက်ပါတယ် ။
အစောင့်တွေက ရှာစမ်း ရှာစမ်းလို့ ဆိုပီ ဆီအိုးတွေကို အတင်းဖွင့်လိုက်ချိန် မှာတော့ တကယ်ကိုပဲ ဆီအိုးထဲမှာ မြွေတွေဖြစ်နေပါတယ် ။ လုပ်ကြံသူ ဟေး… ဖမ်းဟ စီးဟ ဆိုရော တောင်ဦးဘုရင် က အတင်းတိုက်ခိုက်လို့ ညီမ လက်ကိုဆွဲပီး ပြေးပါတော့တယ် ။ အိမ်ကို ရောက်အောင်ပြန်ပြေးပီး ကျန်တဲ့ ညီမတွေကိုပါခေါ်လို့ မောင်နှမ ငါးယောက် ပုဂံအထက်ပိုင်းကို တက်ပြေးပါတယ် ။ ဒီလို ပြေးရာကနေ လမ်းမှာ သုံးစု ကွဲသွားပါတယ် ။ ကင်းကတော်နဲ့ ဆည်ကတော်က ပြေးရင်လွှားရင်းနဲ့ ကျောက်ဆည် ဘက်ကိုရောက်သွားပီ အဲဒီမှာ ဆည် ဆောက်နေတာနဲ့ သွားတိုးပါတယ် ။ ဆည်ဆောက်တဲ့ နေရာမှာ မြေတွေ ပြိုကျပီး မအောင်မြင်လို့ ဗေဒင်မေးကြည့်တော့ လူစတေးမှ ရမယ်လို့ အဟောထွက်ပါတယ် ။ စတေးရမဲ့ လူရောက်မဲ့ အချိန်အခါကို စောင့်နေတုန်း မောကြီးပန်းကြီးနဲ့ ရောက်လာတဲ့ ညီအမကို မြင်လို့ နေ့နံ မေးလိုက်တော့ နေ့ကိုက် နံကိုက် ဖြစ်နေတာနဲ့ပဲ ဆည်ကတော် အမေကြီးကို ဆည်မှာ စောင့်ဖို့နဲ့ ကင်းကတော် အမေကြီးကို ဆည်အတွက် ကင်းမှာစောင့်ဖို့ ညီအမ နှစ်ယောက်ကို ဆည်ရဲ့ ဟိုဘက်ထိပ် ဒီဘက်ထိပ် မှာတင် ကွပ်မျက်လိုက်ပါတယ် ။
ဒီနေရာမှာပဲ ဒီဆည်နဲ့ ဒီကင်းကို အပိုင်စားရပီး အမေဆည်ကတော် နဲ့ ကင်းကတော် ဖြစ်လာပါတယ် ။ နောက်တစ်စုကတော့ တစ်ယောက်ထဲကွဲထွက်သွားတဲ့ မြောက်ဖက်ရှင်မပါ ။ သူက ပြေးရင်းလွှားရင်းနဲ့ ယောနယ်ထဲရောက်သွားပါတယ် ။ ဒီနေရာမှာ ယောနယ်က လူမျိုးစုရဲ့ အကြီးအကဲက မြောက်ဖက်ရှင်မကို မြင်တော့ သဘောကျပီး တော်ကောက်လိုက်ပါတယ် ။ လင်မယားပေါင်းနေရာက ကိုယ်ဝန်လဲရပီး မီးဖွားတဲ့ အချိန်မှာပဲ မမွေးနိုင်လို့ မြောက်ဖက်ရှင်မ ခင်မြာ မီးတွင်းထဲမှာပဲ ခန္ဓာစဲလို့ သူ့ညီမနှစ်ယောက်လိုပဲ နတ်ဖြစ်လာပါတယ်။ အလယ်က သုံးယောက်က နတ်ဖြစ်နေတော့ ရာဇဝတ်ဘေးနဲ့ ပြေးနေတဲ့ အကို အကြီးဆုံး နဲ့ ညီမ အငယ်ဆုံး လေးပဲ ကျန်ပါတော့တယ် ။ မောင်နှမ နှစ်ယောက်ပြေးလာလိုက်တာ မုံရွာအနောက်ဘက် ယင်းမာပင် အထိ ရောက်လာပါပီ ။ ယင်းမပင်နယ် ထဲလဲ ရောက်ရော ယမားဆိုတဲ့ ချောင်းထဲမှာ ဖောင်တုတ်ပီး ဖောင်ဆီးပြေးကြတာ ယခု ဇီးတော်ကျော် နန်းတည်တဲ့ ရွာလဲရောက်ရော ရေလယ်မှာ ဖောင်ပျက်ပါလို့ အကို အကြီးဆုံး တောင်ဦးဘုရင် ရေနစ်လို့ ဘဝဆုံးပါတယ် ။ ဒီနေရာမှာတင် အမေရေယဉ် ဒေါသက ထိပ်ဆုံးရောက်သွားပါပီ ။ ငါးယောက်ပြေးလာတာ ငါတစ်ယောက်ပဲ ကျန်တော့တဲ့ တူတူတော့ ဆက်ပြေးမနေတော့ဘူး ။ ပုဂံပြည်ကို မီးလောင်တိုက်သွင်းမဟဲ့ ဆိုပီး သူ့အကို ဆုံးတဲ့ နေရာကပဲ ပြန်လှည့်ပါတယ် ။ ဒါကြောင့် အဲဒီရွာကို ပြန်လှည့်ရွာလို့ ခေါ်ပီး နှစ်စဉ် တန်ခူးလဆိုရင် တောင်ဦးဘုရင် ( ဇီးတော်ကျော် နတ်ပွဲ ) ကျင်းပပါတယ် ။ အမေရေယဉ် ပုဂံကို အမှုန့်ချေမယ်ဆိုပီး ဒေါသတကြီးနဲ့ ပြန်လာတဲ့ အချိန်မှာ ကောင်းကင်က သိကြားမင်းထိုင်တဲ့ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာက တင်းပါသတဲ့၊ အကျိုးအကြောင်း သိရအောင် လူ့ပြည်ကို ကြည့်တော့ ဒေါသထနေတဲ့ အမေကြီးကိုမြင်ပါသတဲ့ ။ ဒီသူငယ်မဟာ ဝမ်းတွင်းစုန်းပီပီ ဒေါသထွက်ထွက်နဲ့ ကျိန်စာတိုက်လို့ကတော့ ပုဂံပြည် ပျက်လိမ့်မယ်။ ပုဂံဆိုတာ သာသနာထွန်းမဲ့ အရပ်ဖြစ်လို့ ငါတားမှပဲလို့ ဆိုပီး လူပြည်ကို ဆင်းလို့ အမေရေယဉ်ကို ပုဂံကို မဖျက်ဖို့ တားပါတယ် ။ ဒေါသထွက်နေတဲ့ အမေကြီးကို ဒီအတိုင်းတားလို့ မရမှန်းသိတော့ သိကြားမင်းက အပေးအယူလုပ်ပါတယ် ။ ညည်းပုဂံကို မဖျက်ရင် ညည်းကို လူတွေကို ကယ်ဖို့ ဆေးပညာ ငါပေးလိုက်မယ် ။ ပီးရင် ဒီနေရာ ဒီဒေသ တခွင်ကို အပိုင်စားပေးမယ်လို့ ကမ်းလှမ်းပါတယ် ။ ဒေါသထွက်နေပေမဲ့ သတ္တဝါတွေရဲ့ ကောင်းကျိုးကို ကြည့်တဲ့ အနေနဲ့ အမေကြီးက နောက်ဆုံးမှာသဘောတူလိုက်ပါတယ် ။ ဒါနဲ့ပဲ သိကြားမင်းက အမေကြီးကို ဆေးပညာ သင်ပေးလိုက်ပါတယ် ။ ပြန်ခါနီးလဲ ကျရော ဒီသူငယ်မ ဆီမှာ ဝမ်းတွင်းစုန်း အတတ်ရှိနေတာ နောင်မှာ အန္တရယ်ရှိလာနိုင်လို့ ဒီအတက်ကို ထုတ်ပေးဖို့ မေတ္တာရပ်ခံပါတယ် ၊ အမေကြီးက လဲ ပေးပါးမယ်ဆိုပီး သူ့ရဲ့ ပညာတွေကို အံဖို့လုပ်ပါတယ် ။ ဒီအတိုင်း ထားရမှာ နှမြောလို့ ဆိုပီး အမေကြီးက ဘေးပတ်ပတ်လည်ကြည့်လိုက်တော့ မြွေတကောင်သွားတွေ့ပါတယ် ။ ဒါနဲ့ပဲ အမေကြီးက မြွေကို ဖမ်းပီး အမေကြီးပါးစပ်နဲ့ မြွေရဲ့ ပါးစပ် ပူးပီး သူ့ဗိုက်ထဲက ဘူး ( စုန်းပညာဘူး ) ကို အံပါတော့တယ် ။ အမေကြီးဆီက ပညာက မြွေဆီရောက်သွားပါပီ ။ သိကြားမင်းက ဒီမြွေကိုလဲ မထားဘူးဆိုပီး သတ်ပါတယ် ။ သူ့သံလျက်နဲ့ပိုင်းလိုက်တာ သုံးပိုင်းဖြစ်သွားပါတယ် ။ ဒီမြွေသုံးပိုင်းကို အမေကြီးက ကောက်ပီး ကောင်ကင်ကို မြှောက်လိုက်တာ ခေါင်းပိုင်းက မုံရွာ အရှေးဘက် ကျနော်တို့ နယ် ( ယင်းမာပင် ) ဘက်ကို ပြန်ကျလို့ ကျနော်တို့ နယ်မှာ ရေမြွေ မြက်ရှောက အစ ဘာမြွေကိုက်ကိုက် အဆိပ်တက်ကုန်ပါတယ် ။ အမြီးပိုင်းက မုံရွာ အနောက်ဘက် ( ကျောက်ကာ ) ဘက်ကို ကျလို့ အဲမှာတော့ ဘာမြွေကိုက်ကိုက် အဆိပ်မရှိပါဘူး ။ ဗိုက်သားကတော့ ယောနယ် ၊ ဆောနယ်ဘက်ကို သွားကျလို့ ယောတို့ ဆောတို့က ဟာတွေ မသင်ပဲနဲ့ တက်တဲ့ ဝမ်းတွင်းစုန်းတွေ ဖြစ်ကုန်တာပါ ။ ဒီလိုနဲ့ အမေကြီးဟာ သူအပိုင်စားရတဲ့ နေရာတဝိုက်မှာ ဆေးအတက်နဲ့ လူတွေကို အကျိုးပြုရင် သူအသက်ကြီးလာတဲ့ အခါ သူ့ကိုယ်တိုင် သူ့အသက်ကို အသက်စေ့ ပြုလုပ်ပီး နတ်ဘဝကို ကူးသွားတယ်လို့ အဆိုရှိပါတယ် ။ တစ်ရာ့တစ်ဆယ့်တစ်ပါးသော ထီးဆောင်းမင်း တွေထဲမှာ အသက်မသေပဲ လူစင်စစ်ကနေ နတ်ဖြစ်တာ အမေကြီးအမေရေယဉ်ပဲ ရှိပါတယ် ။ အမေကြီးမှာ ဘွဲ့ထူးတွေ အများကြီးပါ ။ သူ့နယ်သူ နယ်သားတွေက အမေကြီးကို ရေမရှားတဲ့ ယမားသူ ၊ ဆပ်သွားပင်နဲ့ ရေယဉ်သူ ၊ ဆပ်သွားဖူးနဲ့ ရေဦးသူ ၊ ကြိမ်ပိုက်တော နှင့် မျှော့တောသူ ၊ နဂါးပတ်နဲ့ ကျောက်စက်သူ ၊ နဂါးရုံနဲ့ မောင်းတုံသူ ၊ ဆန်မနော နဲ့ ပြောင်းတောသူ ဆိုပီး တင်စားကြပါတယ် ။ နှစ်စဉ် တပေါင်းလ ဆိုရင် အမေကြီးပွဲ ကျင်းပပါတယ် ။ အမေကြီး သက်ပျောက်နန်းက မောင်းတုံရွာမှာပါ ။ ဒါပေမဲ့ ပွဲကိုတော့ ဇီးတော်ရွာမှာ ကျင်းပတာပါ ။ ဇီးတော်နန်းမှာရှိတဲ့ အမေကြီးရဲ့ ကန်တော့ခံ ပုံတော်ရဲ့ ရင်ညွန့်နေရာမှာ အမေကြီးထားခဲ့တဲ့ အသက်စေ့ရှိတယ်လို့ ပြောကြပါတယ် ။ ဒီအသက်စေ့ကို မယုံကြည့်တဲ့ လူတွေက ချိန်ခွင်ထဲ ထည့်ပီး ချိန်ကြည့်တာ လက်နဲ့ကိုင်တောင် ပေါ့ပေါ့လေးပါလာတဲ့ အသက်စေ့က ချိန်ခွင်ထဲမှာ အချိန် ငါးဆယ်အထိတောင် အသက်စေ့ ဘက်က အလေးသာတုန်းလို့ ပြောစမှတ် ရှိပါတယ် ။အမေကြီးရဲ့ ပွဲတော်ကာလ အတွင်းမှာ စုန်းတောက်တဲ့ ည တစ်ညရှိပါတယ် ။ အမေကြီးနယ် နဲ့ အခြားတပါးသော နယ်က စုန်းတွေ အမေကြီးရဲ့ အရှေ့မှာ ပညာပြိုင်ရတာပါ ။ စုန်းတောက်တဲ့ ကွင်းထဲမှာ ညဘက်လဲ ရောက်ရော မီးအနီတွေ အဝါတွေ တစ်လုံးပီး တစ်လုံး တက်တက် လာ​ပြီး ကောင်းကင်မှာ ပြိုင်ကြတာပါ။ နိုင်တဲ့ စုန်းက ကျန်ခဲ့ပီး ရှုံးတဲ့ စုန်းတွေက ပြုတ်ကျသွားတယ်လို့ ပြောကြပါတယ် ။ နောက်ဆုံးကျန်ခဲ့တဲ့ စုန်းနဲ့ အမေကြီးနဲ့ ပညာပြိုင်တယ်လို့ လဲ အဆိုရှိပါတယ် ။ အမေကြီး ရှေ့မှောက်မှာထပ်ပီး သူ့တို့ရဲ့ ပညာ အဆင့်ကို မြှင့်တဲ့ သဘောပါ ။ အမေကြီး ဆိုတာကလဲ ညဦးယံမှ သန်းခေါင် သူယောင်ငယ်ဖော်စားပါတဲ့ စုန်းနတ်ကဝေကို ညက်ညက်ကျေစေတဲ့ ဒုန်းထမီ နှစ်ထပ်နားနဲ့ တိမ်ဖျားကို တက်စားပါတဲ့ စုန်းတကာတို့ရဲ့ အခေါင်အချုပ် သိကြားမင်းကိုယ်တိုင် ပညာသိမ်းရသူမဟုတ်ပါလား ။ ဒီလိုတန်ခိုး ဩဇာ အာဏာနဲ့ ပြည့်စုံတဲ့ အမေရေယဥ်ကတော်ကြီးသာဖြစ်ပါတယ်။