တင့်ထူး(ဇေယျဝတီ)
မသေကောင်း မပျောက်ကောင်း
ဌေးအောင်တို့ သားအဖတစ်တွေ တောင်ပေါ်တစ်နေရာ၌ ယာကွက်ခုတ်ရန် တောတက်လာခဲ့ကြသည်။
ဖခင်ဖြစ်သူ ဦးဘမောင်က ရွာတောင်ဘက်တွင်ရှိသော လယ်မြေသုံးဧက လုပ်ရုံနှင့် မိသားစုဝမ်းစာ အတွက်သာ ရရှိသည်။
ဝမ်းစာစပါးနှင့် မလုံ လောက်။ ထမင်းတစ်မျိုးတည်း ချက်စားသည်နှင့်မဖြစ်။ ထမင်းနှင့် ရောဖက်စားရန် ဟင်းလျာက လိုသေးသည်။ ထို့အပြင် မိသားစုအတွက် အ၀တ်အထည်၊ အသုံးအဆောင်တွေကလည်း လိုအပ်ကြသည်။
သားတွေသမီးတွေကလည်း အရွယ်ကလေးတွေ လောက်လောက်လားလား ဖြစ်လာကြတော့ လူငယ်တို့သဘာဝ ဝတ်ချင်၊ စားချင်၊ လှချင်၊ ပချင်လာကြသည်။ သည်လယ်ကလေးလုပ်ရုံနှင့် အပိုဝင်ငွေ ရမလာနိုင်ခြင်းကြောင့် သူတို့၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် မဖြစ်နိုင်ပေ။
“အင်း ငါဟာ ဒီအိမ်မှာ အိမ်ထောင်ဦးစီးတစ်ယောက်ပဲ။ သားသမီးတွေ မွေးထားပြီး သူတို့ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရအောင် ငါ့မှာ တာဝန်ရှိနေတာပဲ။ ပြီးတော့ ငါ့သား သမီးတွေ မျက်နှာငယ်ကြရမှာကိုလည်း ငါ မလိုလားဘူး။ ဒီတော့ ဝင်ငွေ ရနိုင်အောင် ငါ အလုပ်တစ်ခုခုတော့ ရှာလုပ်ဦးမှ ဖြစ်မှာပဲ”
ဦးဘမောင်က သူ့အိမ်အခြေအနေ၊ သူ့သားသမီးတွေအရေးကို တွေးဆကြည့်နေခြင်းဖြစ်သည်။
လယ်မြေကလေး သုံးဧကကို သားသမီးတွေနှင့် ဝိုင်းလုပ်ခဲ့တော့ ရက်မကြာမီမှာပဲ စောစီးစွာ ပြီးခဲ့သည်။ လယ်ဧကများသည့် လယ်သမားများအတွက်ပင် အငှားလိုက်ပေးနိုင်သေးသည်။
“အင်း – အိမ်က လယ်သုံးဧကကို ငါ့သားကြီးနဲ့လွှဲထားရင် ရနိုင်တာပဲ။ သားကြီးက ဖအေနှင့် ဒိုးတူပေါင်ဖက် လုပ်ကိုင်ခဲ့လေတော့ လယ် ဘယ်လို စိုက်ရတယ်ဆိုတာ ကျွမ်းကျင်နေပြီပဲ”
တစ်ညတွင် ညစာစားသောက်ပြီးသည်နှင့် မိသားစုဝင်ငွေ ပိုရနိုင်အောင် လယ်လုပ်ရုံနှင့် မရနိုင်ကြောင်း၊ အခြားဝင်ငွေရနိုင်မည့် အလုပ်တစ်ခုခုကို တိုးချဲ့လုပ်ကြမှ ဝင်ငွေပိုရပြီး မိသားစုလည်း လိုအပ်ချက်တွေ ပြည့်စုံလာနိုင်မည်ဖြစ်ကြောင်း မိသားစုနှင့် တိုင်ပင်ခဲ့လေသည်။
“အဖေက လုပ်ငန်းတိုးချဲ့လုပ်မယ်ဆိုတော့ ဘယ်လိုများ လုပ်ကိုင်မယ် စိတ်ကူးရလို့လဲ အဖေရ”
“ဒီလိုကွ ၊ ငါ့သားကြီးက အဖေနဲ့အတူ လယ်ထဲဆင်းခဲ့တာဆိုတော့ လယ် ဘယ်လိုလုပ်ကိုင်ရမယ်ဆိုတာနားလည်နေပြီလေ။ ဒီတော့ အိမ်ကလယ်ကို သားကြီးကိုပဲ လုပ်ခိုင်းမယ်၊ အဖေနဲ့ သားလတ်ကတော့ အနောက် ပဲခူးရိုးမပေါ်တက်ပြီး တစ်နေရာရာမှာ ယာကွက်ကလေး ခုတ်ကြမလားလို့ကွ”
“ဟာ အဖေစိတ်ကူး မဆိုးဘူးဗျ။ ရွာအနောက်ပိုင်းက ကိုသိန်းမောင်တို့ဆိုရင် တောင်ပေါ်မှာ ယာခင်းခုတ်ထားတော့ ယာထဲက ပြောင်းချိန်တန်ရင် ပြောင်းဖူးထွက်တယ်။ ငရုတ်သီး၊ ဆင်ခရမ်းချဉ်သီး၊ ဖရုံသီး၊ သခွားသီးလည်း ထွက်တယ်လေ။ သူ့ရာသီနဲ့ သူ ခူးရောင်းမကုန်အောင် ထွက်ကြတယ်။ ဒီတော့ သူတို့မိသားစု ပြောင်ပြောင်ယောင်ယောင်နဲ့ ချောင်ချောင်လည်လည်တွေ သုံးနိုင်၊ စွဲနိုင်ခဲ့ကြတယ်လေ“
“ဒါတင်ကရိုးလားကွာ။ သီးမွှေးငှက်ပျောတွေကပြောင်းတို့၊ ငရုတ်တို့တုံးမှ နောက်ဆုံးမှ ထွက်လာပြီး သီးရင့်လာကြတော့ ယာသမားတွေဟာ အဲဒီသီးမွှေးငှက်ပျောထွက်နဲ့တင် ဝင်ငွေတွေ တအားရကြတာကွာ”
“ဟုတ်တယ်ဗျ အဖေရ။ သီးမွှေးငှက်ပျောတွေက ယာစိုက်ခင်းထဲက ထွက်တာဆိုတော့ သန်လည်းသန်၊ အဖီးကြီးတွေကလည်း ကားနေတာပဲ။ အဲဒီငှက်ပျောတွေကို ရန်ကုန်က ငှက်ပျောဒိုင်ကို ခြင်းတွေနဲ့ ထည့်ပြီးပို့တော့ ဈေးကောင်းလည်းရကြတယ်လေ”
တောင်ပေါ်တွင် ယာစိုက်ပျိုးနိုင်မည့်နေရာ ရှာဖွေပြီး ယာလုပ်ကြရန်တော့ မိသားတစ်စုလုံး သဘောကျလေသည်။ ယာသမား သားသမီးများ ဝတ်နိုင်၊ စားနိုင်၊ သုံးနိုင်၊ ဖြုန်းနိုင်ကြသည်ကို သူတို့ အားကျခဲ့ကြသည်။ ထို့ကြောင့်လည်း ဖခင်ဖြစ်သူက ယာခုတ်မည်ဟု တိုင်ပင်ခဲ့သောအခါ အားလုံးက သဘောတူကြလေသည်။ သူတို့အရပ်က ယာသမားများ ပို့ပေးသော သီးမွှေးငှက်ပျောများမှာ ရန်ကုန်ရောက်လျှင် ဈေးကောင်းရလေသည်။
သည်နေ့ မနက်စောစောတွင် ဦးဘမောင်နှင့် ဌေးအောင်တို့သားအဖ ယာခင်းကွက် ရှာဖွေ၍ ယာခုတ်ရန် တောင်ပေါ်တက်လာခဲ့သည်။
xxx xxx xxx xxx
ယာခုတ်မည့်နေရာက သစ်ပင်တွေ ထူထပ်ပြီး စိမ့်ကောင်းရမည်။ နေရောင်ခြည်ကောင်းစွာ ရနိုင်သော တောင်ကုန်းတောင်စောင်းဖြစ်ရန် လိုအပ်သည်။ ထို့အပြင် ယာခင်းထဲ၌ ရေအမြဲရှိနေသော မြောင်းတစ်မြောင်းလည်း ရှိဖို့လိုအပ်သည်။ ယာခုတ် ပေါင်းရှင်း၊ ငှက်ပျောခုတ်၊ ငရုတ်၊ သခွား၊ ဖရုံ၊ ပြောင်းတို့ ခူးဆွတ်ပြီးလျှင် ကိုယ်လက်သန့်စင်နိုင်ရန် ရေနှင့်နီးမှ ဖြစ်မည်။
ထမင်းဟင်းချက်ပြုတ်ရန်၊ ရေနွေးကျိုရန်၊ ရေသောက်ရန်ကအစ ရေနှင့်နီးမှ ဖြစ်မည်။ ရေနှင့်ဝေးနေလျှင် တောင်ကုန်း၊ တောင်စောင်း၊ လျှိုမြောင်များထဲတွင် ရေလိုက်ရှာနေရလျှင် အလုပ်ဖင့်နှေးတတ်သည်။
“သား ဌေးအောင်ရေ ဒီနေရာကို ကြည့်စမ်းကွာ။ တောက တော်တော် ထူတာပဲ။ စိမ့်လည်းကောင်းတယ်ကွ”
“ဟုတ်တယ် အဖေရ တောင်စောင်းက နေရောင်ခြည်လည်း ရနိုင်တယ်ဗျ”
“နေဦးကွ ဒီစိမ့်တောထဲမှာ ရေရှိတဲ့မြောင်ရော ရှိရဲ့လားမသိဘူးကွ”
“အဖေ ဒီနားက စောင့်နေလေ။ ကျွန်တော် ရေရှိတဲ့ စိမ့်တောထဲဆင်းသွားပြီး ရေရှိတဲ့မြောင် ရှိ မရှိ သွားကြည့်လိုက်မယ်”
“အေး အေး သား ဓားကိုင်သွားကွ၊ သတိလည်းထားသွားဦးနော်”
သားဖြစ်သူဌေးအောင်က စိမ့်တောထဲ တစ်ယောက်ထဲ ဓားကိုင်၍ ဆင်းသွားခဲ့သည်။ ဦးဘမောင်ကတော့ သစ်ပင်ရိပ်တွင်ထိုင်ကာ စိမ့်တောကြီးအား ဝေ့ဝိုက်ကြည့်နေလေသည်။ စိမ့်တောကြီးက ကျယ်လည်း ကျယ်သည်။ သစ်ပင်တွေလည်း ထူထပ်သည်။ ယာခုတ်ပြီး မီးရှို့လိုက်လျှင် ယာမီးနာပြီး မြေလည်းသီးနှံတွေစိုက်နိုင်ရန် အလွန်ကောင်းလေသည်။
နောက်တစ်ချက်က သည်နေရာတွင် ယာခုတ်ခဲ့လျှင် လမ်းမကြီးနှင့် နီးသဖြင့် သီးနှံတွေ ထွက်လာသည့်အခါ ရွာသို့ အထမ်းငှား သယ်ယူရန် အဆင်ပြေနိုင်လေသည်။
“ဟော သားပြန်လာပြီလားကွ”
“ပြန်လာပြီ အဖေ”
“စိမ့်တောထဲမှာ မြေဝင်တစ်မြောင် ရှိနေတယ်ဗျ။ ရေကတော့ နွေရော ရှိနေမဲ့ပုံပဲဗျ”
စိမ့်တောနေရာမှာ ယာခုတ်နိုင်ရန် အဘက်ဘက်က ပြည့်စုံသဖြင့် ထို စိမ့်တောတွင် ယာခုတ်ကြရန် ရွေးချယ်ခဲ့ကြလေသည်။
“သားရေ ဒီနေ့ နေ့ကောင်းတယ်ကွ။ ဒီတော့ ဒီနေ့အဖေတို့ ယာစပြီး ခုတ်သွားကြရအောင်ဟေ့”
သားအဖနှစ်ယောက်လည်း အိမ်မှပါလာသော ထမင်းထုပ်ထည့်ထားသောလွယ်အိတ်ကို သစ်ပင်ငုတ်တွင်ချိတ်၍ ယာစပြီး ခုတ်ခဲ့ကြသည်။
“အဖေ ဘယ်နေရာကစပြီး ခုတ်ရမလဲဗျ”
“အိုကွာ ကရင်တိုင်းရင်းသားတွေ ယာခုတ်တဲ့အတိုင်းပဲပေါ့ကွာ”
“ကရင်ယာသမားတွေက ဘယ်လိုခုတ်ကြလို့လဲဗျ၊ ပြောပြပါဦး”
“သူတို့က ယာကွက်ကို တောင်မြေကစပြီး တောင်ထိပ်ရောက်အောင် ခုတ်ကြတာကွ။ ဒီလို ခုတ်ကြရင်လည်း ခုတ်တဲ့ သစ်ပင်ကို အပြတ်ခုတ်လှဲ မချဘူး။ သစ်ပင်တစ်ဝက်လောက်ပဲ ခုတ်ပြီးထားခဲ့တာ။ ပြီးရင် နောက် သစ်ပင်တစ်ပင်ကို အဲဒီလိုပဲ တစ်ဝက်ပဲ ဆက်ခုတ်သွားကြတယ်လေ။ ခုတ်ရာကိုတော့ တောင်ခြေအနိမ့်ပိုင်းဘက်ကို ထားခုတ်ကြတယ်။
အဲဒီလို သစ်ပင်တစ်ဝက်တစ်ဝက်ခုတ်ပြီး ထားခဲ့ရာက ခုတ်ကွက်တော်တော်ကျယ်ကျယ် ရလာတော့ တောင်ထိပ်ကသစ်ပင်ကို အပြတ်ခုတ်ချလိုက်တော့တာပဲ။ အဲဒီသစ်ပင်ဟာ တောင်ခြေဘက်ကို လဲကျလေတော့ တောင်ခြေဘက်က ပင်စည်တစ်ဝက်သာ ခုတ်ထားတဲ့ သစ်ပင်တွေအပေါ်ကို ပိလဲကျခဲ့တော့ ပင်စည်တစ်ဝက်သာ ခုတ်ထားတဲ့ သစ်ပင်တွေဟာတစ်ပင်ပေါ် တစ်ပင်ပိ လဲကျသွားတာနဲ့ တောင်ခြေအထိအမြစ်ပင်တွေ လဲကျကုန်တော့တာပဲကွ။ ဒီနည်းဟာ အရင်ယာသမားတွေ ခုတ်ကြတဲ့ တောင်ယာခုတ်လှဲနည်းလေကွာ”
“ဟာ ဒီခုတ်နည်းက ခုတ်ရသက်သာတဲ့နည်းပဲအဖေရ။ ကျွန်တော်တို့လည်း ဒီနည်းနဲ့ပဲ ခုတ်ကြမယ်လေဗျာ”
သားအဖနှစ်ယောက် မွန်းတည့်ချိန်အထိ ပြီးသလောက် ခုတ်ခဲ့ကြတယ်။ သစ်ပင်၏ တောင်ခြေဘက်မှ ပင်စည်တစ်ဝက်သာ ခုတ်၍ အပင်မတ်တတ် ထားထားပြီး ခုတ်သွားခဲ့ကြသည်။
နေ့ခင်းတွင် မြောင်းထဲ ဆင်းလာကြကာ ရေစမ်းနံဘေးက ကျောက်တုံးများပေါ်ထိုင်၍ ပါလာသောထမင်းထုပ်ဖြည်ပြီး တောပိုင်တောင်ပိုင်များအား စားဦးစားဖျား တင်မြှောက်၍ နေ့လယ်စာ စားခဲ့ကြသည်။ ထိုမြောင်ထဲက အရိပ်၌ပင် နေခိုကာ နားနေခဲ့ကြလေသည်။ ညနေသုံးနာရီအချိန်ခန့် တစ်ဖန် သစ်ပင်များကို ဆက်ခုတ်ကြပြန်သည်။
“သားရေ နေလည်း တော်တော်နည်းသွားပြီကွ၊ အိမ်ပြန်ရမှာနဲ့ တော်ကြဦးမှပဲ”
သားအဖနှစ်ယောက် အခုတ်ရပ်ကာ ရွာသို့ ပြန်လာခဲ့ကြရာ ရွာသို့ ညခုနစ်နာရီခန့်မှ ပြန်ရောက်ခဲ့ကြသည်။
xxx xxx xxx xxx
သားကြီးက တလင်းထဲပုံထားသော ကောက်ပိုင်ပုံမှကောက်လှိုင်းများကို တလင်းထဲတွင် ဖြန့်ချပြီး စပါးနယ်နေသည်။ လယ်ရိုင်းပြတ်ကွက်ထဲတွင် ဆောင်းပဲများ ရင့်မှည့်လျှင် မနက်ပိုင်း မိသားစုအလိုက်သွား၍ ဆွတ်ကြရသည်။ သားကြီးက ရွာမှ လယ်အလုပ်ကိုသူကိုယ်တိုင်ဦးစီး၍လုပ်နိုင်ခဲ့သဖြင့် ဦးဘမောင် တောင်ပေါ်တွင် စိတ်အေးစွာ ယာခုတ်နိုင်ခဲ့လေသည်။
“ဟာ အဖေ ဒီတွင်းထဲမှာ နကျယ်ကောင်တွေအများကြီးပဲဗျ”
“ဟ… ဟ နေဦး – မင်းဟာ။ နကျယ်ကောင်က အဲဒီလို အစုလိုက် အပြုံလိုက် မနေကြဘူး”
ဦးဘမောင်က သူ့သားပြသောနကျယ်ကောင်တွင်းကို ကြည့်မိသည်။
“ဟာ ဒါ နကျယ်ကောင်မဟုတ်ဘူး။ ပျားတူကောင်တွေကွ၊ သိပ် အဆိပ်ပြင်းတယ်။ သူတို့တွင်းထဲခြေထောက်ကျွံကျမိရင် ခြေထောက်ပြန်ဆွဲထုတ်ရင် အသားတွေ ပါမလာတော့ပဲ အရိုးသာပါလာတာကွ။အနားမကပ်နဲ့ခပ်ဝေးဝေးရှောင်နေဟေ့”
ခက်ပြီ… သူတို့ဟာ ရွေးချယ်ခုတ်ခဲ့သည့် ယာကွက်ထဲမှာမှ ပျားတူအုံက ရှိနေသည်။ ထိုအုံကို ဆက်ထား၍ မဖြစ်ပေ။ တစ်နေ့နေ့ အန္တရာယ်တွေ့လာနိုင်လေသည်။
“ကဲ- သားရေ- အဖေတို့ ယာခုတ် ခဏရပ်ပြီး ဒီ ပျားတူအုံကို အရင်ရှင်းကြရအောင်ဟေ့”
“ဟင် – အဖေက ဘယ်လိုရှင်းမှာလဲဗျ”
“အဖေက ရှင်းနည်းသိပါတယ်ကွ။ သွား ဟိုမြောင်ကမ်းပါးက ရွှံ့ပျော့ပျော့ သွားခူးယူချေကွာ”
ဌေးအောင်လည်းမြောင်ထဲဆင်းလာကာမြောင်ကမ်းပါးမှရွှံ့တုံးတော်တော်ကြီးကြီးတစ်တုံး ခူးယူလာခဲ့သည်။
“သား ဒီနားမှာပဲ နေခဲ့။ အဖေ့နောက် မလိုက်လာခဲ့နဲ့နော်”
ဦးဘမောင် ရွှံ့ပျော့တုံးကိုယူ၍ ပျားတူအုံတွင်းရှိရာသို့ တဖြည်းဖြည်း ချဉ်းကပ်လာခဲ့သည်။
နေ့ခင်းဘက် နေပူသဖြင့် ပျားတူကောင်များ မြေတွင်းထဲ၌ နေကြသည်။ ပျားတူကောင်များ ဝင်ထွက်သည့် တွင်းအဝကိုတွေ့သည်နှင့် ထိုအဝနား အသာအယာကပ်သွားကာ ရွှံ့ပျော့တုံးနှင့်ပေါက်၍ ပိတ်လိုက် လေသည်။ ထွက်ပေါက်ပိတ်ခဲ့သဖြင့် တွင်းထဲတွင် ပျားတူကောင်များ ပွတ်လောရိုက်နေတော့သည်။
“ကဲ သားရေ အဖေ့နားလာလို့ရပြီကွ။ အဖေတို့ ဝါးလုံးခြောက်တွေ သစ်ရွက်ခြောက်တွေ အဲဒီပျားတူတွင်းဝပေါ်မှာ စုပုံဟေ့။ တော်တော်များများသာ ပုံကွာ”
တွင်းဝနားက မြေကို စမ်းစမ်းနင်းကြည့်ပြီးမှ ဝါးခြောက်၊ သစ်ရွက်ခြောက်များ သွားပုံခဲ့ကြသည်။ ခြေကျွံကျလျှင် အရိုးသာ ကျန်မည်ကို သိထားကြသည်။
ဦးဘမောင်က ပုံထားသော ဝါးခြောက်၊ သစ်ရွက်ခြောက်များကို မီးခြစ်၍ ရှို့ပေးခဲ့သည်။ အချိန်အတန်ကြာလောင်ခဲ့ပြီး မီးကျသွားသောအခါ တွင်းထဲ၌ ပွတ်လောရိုက်သံများ လုံးဝ မကြားခဲ့တော့ချေ။
“တွင်းထဲရှိသမျှ ပျားတူကောင်တွေ မျိုးပြုတ်သွားပြီဟေ့။ ဒါမှ အဖေတို့ ယာကို အေးအေးဆေးဆေး အန္တရာယ်ကင်းကင်းခုတ်နိုင်မှာကွ”
တွင်းဝက နီရဲနေသော ရွှံ့တုံးကိုဖယ်၍ တွင်းထဲကြည့်မိရာ ပျားတူတစ်ကောင်မျှ အသက်ရှင်ကျန်နေသည်ကို မတွေ့ခဲ့ကြတော့ချေ။
xxx xxx xxx xxx
ယာခုတ်ပြီးသွား၍ မိုးဦးကျစပြုရာ ငှက်ပျောစို့များ စိုက်ကြသည်။ ငှက်ပျောကြားတွင် ငရုတ်စေ့များ စိုက်သည်။ တဲနှင့်နီးသော တောင်စောင်းတွင် ပြောင်းစိုက်ခဲ့သည်။
နှစ်လ သုံးလခန့်ကြာလျှင် ငှက်ပျောပင်များ သန်သန် စွမ်းစွမ်း ထွက်လာကြသည်။ ငရုတ်ပင်များမှလည်း ကုလားအော်ငရုတ်များ သီးမှည့်လာကြ၍ ခူးဆွတ်ခဲ့ကြသည်။
သခွား၊ ဗုံလုံ၊ ပဲတောင့်ရှည်များလည်း ခူးယူကာ ရွာထဲ၊ ဈေးထဲတို့တွင် ရောင်းမလောက်သဖြင့် ယာမှ ဝင်ငွေ စတင်ရရှိခဲ့ကြလေပြီ။
ပြောင်းပေါ်စဉ်က ပြောင်းရောင်းရငွေ တော်တော်ပင် သုံးလိုက်ရလေသည်။ ပြောင်းက ရောင်းလည်း ရောင်း၊ စားလည်း စားရလေသည်။ ယာပြောင်းဖြစ်သဖြင့် နူးညံ့ပျော့အိနေလေသည်။ လူကြိုက်များ၍ ရောင်း မလောက်ခဲ့ပေ။ ရှေ့နှစ်တွင် ပြောင်း ပိုစိုက်ရန် ဆုံးဖြတ်ခဲ့ကြသည်။
“သားရေ အဖေတို့ယာက ခုတ်ကွက်က ကျဉ်းနေတော့ သီးနှံအထွက်နည်းပြီး ရောင်းအားနည်းခဲ့တယ်ကွ။ လာမယ့်နှစ်မှာ ဧကတိုးခုတ်ကြရမယ်”
“ဟိုမြောက်ဘက်တောင်ကြောအတိုင်း ချဲ့ခုတ်ကြတာပေါ့ကွာ”
ရင့်သမျှ ငှက်ပျောများ ခုတ်ပြီးအထမ်းဌားကာ ရွာသို့ သယ်ယူပြီး၊ ခြင်းများနှင့်ထည့်၍ ရန်ကုန်က ငှက်ပျောပွဲရုံကို ကားနှင့် တင်ပေးသည်။ ယာသစ်ကိုလည်းတိုးချဲ့ခုတ်ပြီး နေအခြောက်လှန်းထားခဲ့သည်။
တစ်နေ့တွင် သား ဌေးအောင် ရွာပြန်ကာ ရိက္ခာသွားယူနေစဉ် နေ့ခင်းနှစ်နာရီအချိန်ခန့်တွင် ဦးဘမောင် ခုတ်ကွက်ကို မီးရှို့ခဲ့လေသည်။ နေက ပူပြင်းလှသဖြင့် မီးအရှိန်ကောင်းကောင်းနှင့် ခုတ်ကွက်တစ်ခုလုံး တစ်မဟုတ်ချင်း ပျံ့နှံ့လောင်ကျွမ်းသွားခဲ့တော့သည်။
ယာထဲတွင် သားက ရှိမနေသဖြင့် ဘာမျှ စိုးရိမ်စရာ မရှိဘဲ မီးရှို့နိုင်ခဲ့သည်။ မီးလောင်ပြင်ကိုကြည့်မိကာကျေနပ်သောအမူအရာဖြင့် ယာထဲမှ တဲဆီသို့ ပြန်လာကာ ချွေးသုတ်နေလေသည်။
ထိုအချိန်တွင် သားဖြစ်သူ အူယားဖားယား ချွေးသံတရွဲရွဲဖြင့် ရောက်လာတော့သည်။
“ဟင် – သား ဌေးအောင် – မင်းတစ်ကိုယ်လုံးလည်းနွေခေါင်ခေါင်ကြီးမှာ ရွှဲနစ်နေတာပါလားကွ၊ ဘာလဲ မင်း အိုင်တစ်အိုင်ဆင်းပြီး ရေချိုးရသလားကွာ- အပူတော့ ရှပ်တော့မှာပဲ”
“ဘယ်က ဟုတ်ရမှာလဲ အဖေရာ။ သား မီးထဲပါပြီး မသေတာပဲ ကံကောင်းလို့ဗျ”
“ဟင် ဘယ်လိုဖြစ်လို့လဲကွာ”
“အဖေက နေ့ခင်းဘက်မှာ ယာကွက်အသစ်ကို မီးရှို့ခဲ့တော့ အဲဒီအရှိန်နဲ့ လောင်လောင်နေတဲ့ မီးတွေ ဝိုင်းနေတဲ့ မြောင်ထဲ ရောက်နေတယ်လေ။ မီးတွေ တဖြည်းဖြည်းဝိုင်းပြီး နီးလာလေလေ ဘယ်မှပြေးလို့ မရဘဲ မီးအပူထဲမှာ မီးလောင်ပြီး သေရတော့မှာပါလားပေါ့”
“ဟင် – ဒါဖြင့် မင်းက ဘယ်လိုကနေဘယ်လို လွတ်လာခဲ့ရတာလဲကွ”
“အဲဒီလို မီးတွေဝိုင်းလာနေတုန်း မြောင်ထဲမှာ ဟိုပြေး သည်ပြေးနဲ့ ပြေးနေတုန်းမှာ စမ်းရေအိုင်တစ်အိုင်တွေ့လို့ ရေငုပ်ပြီး လွတ်ရင်လည်း ကံပဲဆိုပြီး ရေအိုင်ထဲဆင်းပြီး ငုတ်တုတ်ထိုင်နေခဲ့ရတယ်လေ။ ရေကတစ်ထိုင်စာနက်လို့ တော်သေးတာပေါ့အဖေရာ။ နို့မို့ဆိုရင် သားလဲ မီးထဲပါပြီး သေနေလောက်ပြီ
ဌေးအောင်က မီးတွေဝိုင်းလာနေစဉ်ပြေးရင်းလွှားရင်း စမ်းရေအိုင်ထဲ ခုန်ဆင်းနေခဲ့လို့သာ မီးထဲမပါ အသက်မသေခဲ့ရခြင်း ဖြစ်သည်ကို သူ့ဖခင် အားရှင်းပြခဲ့လေသည်။
“တော်သေးတာပေါ့ သားရယ်။ အဖေက သား ရွာပြန်ပြီး ရိက္ခာသွားယူနေတယ်ဆိုပြီး ယာထဲကို ပြန်လာရင်လည်း ညမိုးချုပ်ခါနီးမှ ပြန်ရောက်လာမှာပဲဆိုပြီး မင်းမရှိမီမှာ ယာမီးရှို့ခဲ့တာလေ။ ကံကြီးပေလို့ပေါ့ သားရယ်။ စမ်းရေအိုင်က အဆင်သင့်တွေ့ခဲ့ပေလို့သာပဲ”
“ပြန်လာပါဦး – သားကရော ဘာပြုလို့ နေအေးမှ ပြန်မလာဘဲ နေ့ခင်း နေပူပူကြီးထဲမှာပြန်လာခဲ့ရတာလဲကွ”
“သားလည်း ရိက္ခာတွေ ပြည့်စုံတာနဲ့ ညနေစာ အချိန်မီချက်နိုင်အောင် ပြန်လာခဲ့ရတာလေ အဖေ”
“အင်း တော်ပါသေးရဲ့။ မသေကောင်း မပျောက်ကောင်း သားရယ်။ နောင်အခါဆိုရင်တော့ ဒီလိုမျိုးမဖြစ်ရအောင် သတိထား ဆင်ခြင်ပြီး လုပ်ကြ ရတော့မှာပဲ”
မီးထဲ ပါမသွားတဲ့ ရိက္ခာထုပ်ကိုဖြည်၍ ဆန်နို့ဆီနှစ်ဘူးကို ရေဆေးပြီး သူတို့သားအဖနှစ်ယောက် ညစာအတွက် ဦးဘမောင်က မီးထိုး၍ ချက်ရ လေတော့သည်။
– ပြီး –
စာရေးသူ – တင့်ထူး(ဇေယျဝတီ)