• June 5, 2025
  • admin
  • 0
အရူးသူတော်
၅၀။ မအေးစိန်နဲ့ မှန်ထောင်ကဝေ ( စ၊ ဆုံး)
နောင်ရိုး(ဆေး)
*********
” ဟဲ့ အေးစိန်။ ညည်း အခုတစ်လော အသားအရည်တွေ သိသိသာသာ စို​ပြေ​ပြီး လှလာတယ်နော်…”
” ဟင်…ဟုတ်လား မသေး…”
” ဟုတ်တယ်တော်ရေ။ စိုပြေရုံတင်မဟုတ်ဘူး လူကလည်း တင်းရင်းပြီး လှလာတယ်တော့်။ ဒီပုံအတိုင်းဆို တော်နဲ့ပက်သက်ပြီး မကြာခင်မှာ စားရသောက်ရတော့မယ် ထင်တယ်…”
” အဟင်း ဟင်း…”
အများရဲ့ အထင်၊ အပြောနဲ့ အားကျမက်မောတဲ့ အကြည့်တွေကို မအေးစိန်တစ်ယောက် ခပ်ဖော့ဖော့ပဲ ရယ်မိရင် တုန့်ပြန်ခဲ့ပါတယ်။
*******
ပိန်းတောရွာထဲမှာ မုဆိုးမ မအေးစိန်တစ်ယောက် သိသိသာသာကိုပဲ လှပပြည့်စုံလာတယ်။
အရင်ကဆို မအေးစိန်ဟာ ယောကျ်ားဖြစ်သူ အရက်သမားပေတိုးရဲ့ နှိပ်စက်ကလူပြုမှုကြောင့် အမြဲတမ်း စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနဲ့ ပိန်လှီပိန်လှဲ့ အရိုးခေါက်ခက်နဲ့ ရှိနေခဲ့ရတယ်။
အခုတော့ အရက်သမား ပေတိုး ကောက်ကာငင်ကာ ကွယ်လွန်ခဲ့ပြီး မုဆိုးမဘွဲ့ကို မအေးစိန် ခံယူပြီးနောက် တစ်နှစ်တောင် မပြည့်သေးဘူး။ အရင်ကနဲ့ တစ်ခြားဆီ။ လှလို့ပလို့ ဝလို့ဖြိုးလို့ရယ်။
ဒီလိုကြောင့်လည်း ကျေးတောရွာက လူပျိုကာလသားများအကြားမှာ မအေးစိန်ရဲ့ အလှဂုဏ်သတင်းက သင်းပျံ့လာတယ်။
” မုဆိုးမဖြစ်ဖြစ် ဘာဖြစ်ဖြစ် မအေးစိန်ကိုသာ ပေါင်းရရင် သေရမယ်ဆိုလည်း သေလိုပါရဲ့…”
ကာလသားတွေအကြား ဒီလို ကြွေးကြော်လာသူတွေတောင် ရှိလာတယ်။
တကယ်တော့ အများမသိတဲ့ အကြောင်းက အေးစိန်တစ်ယောက် လင်ဖြစ်သူ သေဆုံးပြီးမှ ဘာကြောင့်များ အခုလို နေ့ချင်းညချင်း ပြည့်ဖြိုးလှပလာရသလဲဆိုတဲ့ အကြောင်းပါပဲ…။
တကယ်လို့သာ အထက်ကလို ကြွေးကြော်ကြသူတွေ အေးစိန်အကြောင်းကိုသာ သိခဲ့ရင်တော့…။
*******
ညဥ့်နက်လွန်းချိန်…။
အေးစိန်ရဲ့ အိမ်ထဲဆီမှာ ပုရိသယောကျ်ားသားတစ်ယောက် ရှိနေတယ်။
အဲ့ဒီ့လူဟာ ရွာအနောက်ဘက်ထိပ်မှာနေတဲ့ လူပျိုကြီးကိုမြဒေါင်းပဲ…။
သူဟာ ဒီညမှာ အေးစိန်ရဲ့ ချိန်းဆိုမှုကြောင့် တိတ်တဆိတ် အိမ်အတွင်းကို ရောက်ရှိနေတာပါ။
အေးစိန်ကတော့ ညအိပ်ကာနီး ကပိုကယိုအနေအထားနဲ့ ကိုမြဒေါင်းကို လက်ခံတွေ့ဆုံလေတယ်။
ကိုမြဒေါင်းကတော့ အေးစိန်ကို ကြည့်ပြီး သွားရည်တမြားမြားကျရင်း ရင်ခုန်သံတွေ ဆူညံလို့ရယ်ပေါ့…။
” ​တော် လာတာကို ဘယ်သူတွေ မြင်သွားခဲ့သေးလဲ ကိုဒေါင်း…”
” ဘယ်သူမှ မမြင်ပါဘူး အေးစိန်…”
” သေချာလို့လားတော်…”
” သေချာတာထက်ကို ပိုပါတယ်။ ကိုဒေါင်းက လမ်းရိုးအတိုင်းမလာပဲ ဟိုးအနောက်ဘက်ကနေ လာခဲ့တာပါ…”
” အင်း…”
အေးစိန် ဒီလောက်သာ တုန့်ပြန်လိုက်တယ်။
ဘသားချောက မြဒေါင်းက အေးစိန်အနီးကို ချဥ်းကပ်လိုက်တယ်။ လက်ကလေးကိုလည်း လှမ်းကိုင်လိုက်တယ်။
” အေးစိန် အချစ်ကို ကိုဒေါင်း ပိုင်ဆိုင်ခွင့်ရလို့ သိပ်ကို ပျော်ရတယ် သိလား။ ဒီအတွက်ကို သေရမယ်ဆိုရင်တောင် သေပျော်တယ် သိလား…”
လူပျိုကြီးဆိုပေမယ့် စားနေကျ ကြောင်ဘားကြီး မြဒေါင်းလေ။
အေးစိန်ကို အညုအတုတွေနဲ့ စတင်ပြီး သူ့လိုရာဆီကို ရောက်ဖို့ ချော့ဆွဲတယ်။
အေးစိန်က အသာအယာပြုံးတယ်။
ဒီအပြုံးမှာ အရိပ်အငွေ့တစ်ချို့ပါဝင်နေတာကိုတော့ ငါးစာသာမြင် ချိတ်မမြင်တဲ့ ငမိုက်သား ဘယ်သိနိုင်ပါ့မလဲ…။
” ကိုဒေါင်း…”
” ဟင်…အေးစိန်…”
အေးစိန် မျက်လုံးလေး ထောင့်ကပ်ပြီး မြဒေါင်းကို ညာတာတာ ကြည့်လိုက်တယ်။
” ပြောလေ အေးစိန်။ ကိုဒေါင်း သိချင်လို့…”
အေးစိန် အသာပြုံးတယ်။ မျက်လွှာအကြည့်တွေကို အသာချတယ်။ ပြီးတော့မှ…
” ကိုဒေါင်း အေးစိန်ကို ချစ်လားဟင်…”
” ဟာ…ဘယ့်နှယ့် မေးပါလိမ့် အေးစိန်ရယ်။ ချစ်တာမှ ချစ်ပေါင်းတစ်သောင်းလောက် ပေါင်းပြီး ​ဖြေချင်မိတာပါ…”
” တကယ်လား…”
” တကယ်ပေါ့ အေးစိန်ရယ်…”
” အေးစိန်အတွက် အသက်ပေးမယ်ဆိုတာကကော ညာတာလားဟင်…”
” ဘယ်အတွက် ညာရပါ့မလဲ အေးစိန်ရယ်…”
” ဒါဆို တကယ်ပေါ့…”
” တကယ်မဟုတ်ဘူး။ ဆယ်ကယ် ဆယ်ကယ်…”
အေးစိန် ဘာမှ မပြောတော့ဘူး။ ခေါင်းကို အသာငုံ့လို့ နေလိုက်လေတယ်။ ဒီပုံကို ကြည့်ပြီး မြဒေါင်းခမျာ မနေသာတော့ဘူး။
ဒါကြောင့် အေးစိန်ကို လက်ကလေးကိုင်ထားရာကနေ အဆင့်တက်ပြီး ပခုံးလေးကို လှမ်းလို့ ဖက်လိုက်တယ်။
” အေးစိန်…”
အေးစိန် ပြန်မထူး။ ခေါင်းကိုက ငုံ့ထားမြဲပဲ…။
” အေးစိန်…ကိုဒေါင်းခေါ်နေတယ်လေ…”
” အင်း…ပြောလေ…”
” အေးစိန်နဲ့ ကိုဒေါင်း…ဟိုဟာ…”
” ဘယ်ဟာလဲ…”
” ကိုဒေါင်းတို့လေ ဟို…”
မြဒေါင်းရဲ့ စကားက အရှေ့မတက်ပေမယ့် လက်တွေကတော့ အရှေ့တင်မက တစ်ဖက်ကမ်းကိုတောင် လွန်နေပြီ။
အေးစိန်က ဒါကို မသိမသာနေဟန်ပြုတော့ မြဒေါင်းပိုပြီး ရဲတင်းလာတယ်။
အေးစိန်ကို ဖက်ကာ ဆွဲလှဲလိုက်တယ်။ ပြီးတော့ နမ်းရှိုက်ဖို့ရာ အေးစိန်ရဲ့ မျက်နှာဆီကို ချဥ်းကပ်လိုက်ချိန်မှာတော့…။
” ဟာ…ဘာ…ဘာကြီးလဲ…”
မြဒေါင်း အလန့်တကြား ဟစ်အော်လိုက်တယ်။
အေးစိန်ရဲ့ မျက်နှာက အရင်လို စိုပြေပြည့်တင်းပြီး လှပတဲ့ မျက်နှာမဟုတ်တော့ဘူး။ အိုမင်းရွတ်တွနေတဲ့ အေးစိန်ရဲ့ မျက်နှာအသွင်အပြင်ကြီး။ မြင်ရတာ တကယ့်ကို ကြက်သီးထဖွယ်ပါပဲ။
မြဒေါင်း အလန့်တကြားနဲ့ အနောက်ကို ဆုတ်လိုက်တယ်။ ဒါပေမယ့်လည်း အေးစိန်ရဲ့ လက်တွေက သူ့ကို နွယ်ရှင်လိုပဲ ရစ်ပတ်ထားခဲ့ပြီလေ။
မြဒေါင်း ဟစ်အော်ဖို့ ကြိုးစားလိုက်ပါတယ်။
” ကယ် အစ်…အစ်…အု…”
မြဒေါင်း အသံက ထွက်မလာပါ။
သူရဲ့ လည်မျိုဆီမှာ အေးစိန်ရဲ့ လက်ချောင်းတွေက ရှည်လျား တိုးဝင်နေခဲ့ပါပြီ။
*******
” ကိုမြဒေါင်းကြီး ပျောက်နေတာ သုံးရက်ရှိပြီတဲ့…”
ရွာအနောက်ဘက်ထိပ်နေတဲ့ လူပျိုကြီးမြဒေါင်း ပျောက်ဆုံးနေတဲ့အကြောင်းက ရွာထဲမှာ ပြန့်နှံ့နေတယ်။ ရဲတွေ ရောက်လာကြပြီး ဒီကိစ္စအတွက်ကိုလည်း စုံစမ်းစစ်ဆေးကြတယ်။
သူ့အိမ်ထဲမှာ ခြေရာလက်ရာ ဘာမှပျက်မနေဘူး။ အိပ်ရာဆိုလည်း ခင်းလျှက်သားလေး။ သူစီးတဲ့ ဖိနပ်ကတော့ အိမ်မှာ ရှိမနေဘူး။ ဒီအတွက် တစ်နေရာရာကို ထွက်သွားပြီး ပျောက်ဆုံးတယ်လို့ ယူဆကြတယ်။
သူပျောက်မယ့်ညက ညပိုင်း အချိန်အထိ သူ့အိမ်မှာပဲ ရှိနေခဲ့တဲ့ အကြောင်းကို ရဲတွေဆီ သူ့ညီတစ်ဝမ်းကွဲ မောင်လှက ပြောပြတယ်။
” ကျုပ်နဲ့ အိပ်ကာနီးအထိ စကားပြောနေတာဗျ။ ကျုပ်ရယ် ငတွတ်လည်းပါတယ်။ ကျုပ်တို့ မနက်ကို ဖွဲသွားပို့မယ့် ကိစ္စပြောနေဖြစ်တာ…”
” ဟုတ်တယ် အဲ့ဒီ့ကနေ စကားကောင်းပြီး အိပ်ကာနီးမှ ပြန်ဖြစ်ခဲ့ကြတယ်…”
ငတွတ်ကလည်း ဝင်ပြောတယ်။
” သူ့ပုံစံကကော တစ်စုံတစ်ခု မသက်ာစရာ ပျက်ယွင်းနေတာမျိုး ရှိလား…”
” မရှိဘူး…”
ကိစ္စက ဒီတင်ပြီးစီးခဲ့ပြီ။
ဆက်လက်စုံစမ်းပေမယ့်လည်း ရေရာတဲ့ အဖြေကိုတော့ မရ။
ဒီလိုနဲ့ နောက်တစ်လအကြာမှာ ရွာထဲက မောင်ထွေးဆိုတဲ့တစ်ယောက် ပျောက်ပြန်ကောလား။
မောင်ထွေးရဲ့ ပျောက်ဆုံးမှုဟာလည်း အရှေ့က လူပျိုကြီးမြဒေါင်းလိုပဲ။ အစအနတောင် ရှာမရခဲ့ဘူး။
တစ်ရွာလုံး ပြာယာခတ်ကြရပြန်ပေါ့…။
လူနှစ်ယောက် တစ်လခြားပြီး ပျောက်တယ်။ သေမှန်းမသိ၊ ရှင်မှန်းမသိ။ မိသာစုများက စိတ်ပူကြရတယ်။ ရွာသူရွာသားတွေ ပူပန်ကြရတယ်။
ပျောက်ဆုံးတာကလ​ည်း ကလေးသူငယ်တစ်ယောက်မှ မပါ။ ယောကျ်ားသား အရွယ်ကောင်းတွေချည်းပါပဲ။
ဒီတော့ နောက်ထပ် လူပျောက်ဆုံးမှုဖြစ်လာမယ်ဆိုရင်လည်း အရွယ်ကောင်းသူ၊ လွတ်လပ်သူ လူပျိုလူလွတ် ယောကျ်ားသားထဲကသာ ဖြစ်လိမ့်မယ်ဆိုတာ အားလုံးရိပ်မိကြတယ်။
ဒါကြောင့်လည်း သားလူပျို၊ မောင်လူပျို၊ အစ်ကိုလူပျိုတို့ကို အသွားအလာ ဆင်ခြင်ဖို့ သတိပေးကြရတာပေါ့…။
ဒီလိုဖြစ်နေတဲ့ကြားထဲကကိုပဲ နောက်ထပ် ဖိုးလူဆိုတဲ့ တစ်ယောက်က ပျောက်သွားခဲ့ပြန်ပါကောလား။
ဒီအချိန်မှာတော့ တစ်ရွာလုံးရဲ့ ပူပန်မှုတွေက အမြင့်မားဆုံးသော စိုးရိမ်ရေအမှတ်ကို ရောက်ကြရလေပြီ။
သွားရင် လာရင် အဖော်အပေါင်းနဲ့မှ သွားကြလာကြရတဲ့အထိ ဖြစ်လာကြရတယ်။
တစ်ရွာလုံးက အခုလို ပူပန်ကြောင့်ကျနေရပေမယ့် ဘာကိုမှ မပူ၊ အေးအေးလူလူပဲ အပြုံးမပျက်၊ အလှမပျက်ပါဘဲ နေနိုင်သူကတော့ မအေးစိန်ပေါ့…။
မအေးစိန်ကတော့ သူ့မူနဲ့သူ လှမြဲပမြဲ ဆံပင်ရှည်တို့ကို ဖြန့်ချပြီး ရပ်ထဲရွာထဲ သွားလာဆဲပါပဲ…။
*******
” အေးစိန်…ရေ အေးစိန်…”
မအေးစိန်တစ်ယောက် အိမ်ထဲမှာ ဟင်းချက်ပြုတ်နေတုန်း အိမ်ရှေ့ဘက်က မိန်းမတစ်ယောက်ရဲ့ ​ခေါ်သံကို ကြားရတယ်။
” ဘယ်သူလဲ…”
” ငါ…မဆင့်…”
” ဒီမိန်းမ ဘာလာလုပ်ပြန်ပါလိမ့်…”
မဆင့်ဆိုတာက တစ်ရွာလုံးရဲ့ ရွာဆော်…။
အိမ်တကာလှည့် စကားပေါင်း သောင်းခြောက်ထောင် လှည့်လည်ပြောဆိုတတ်ပြီး အိမ်တွေဆီက ကပ်မြှောင်လို့ စားသောက်တတ်တဲ့သူ။
မဆင့်က အရင်က သူမဆီကို လာစ မရှိဘူး။
အခု လာတာကို မအေးစိန် မနှစ်မြို့ပါဘူး။ ဒါပေမယ့်လည်း သတင်းလေးဘာလေး ရလိုရငြားလို့ တွေးမိလိုက်တယ်။
” အင်း…မဆင့်။ လာပြီ လာပြီ…”
မအေးစိန် အိမ်အတွင်းကနေ အသံ​ပြန်ပေးရင်း သူ့လက်ထဲက ခုတ်ထစ်နယ်ဖပ်ထားတဲ့ အသားဇလုံကို ကြောင်အိမ်ဆီကို ထည့်ကာ အိမ်အရှေ့ဆီ ထွက်လာလိုက်တယ်။
အိမ်ရှေ့မှာတော့ မဆင့်က တန်းလျားကလေးဆီမှာထိုင်ရင်း ရှိနေလေရဲ့…။
” မဆင့်…ဘာကိစ္စရှိလို့လဲ…”
” ဪ…အေး။ ပြောစရာရှိလို့ အေးစိန်ရဲ့…”
” အင်း…ပြောလေ…”
” ဪ…တစ်ခြားမဟုတ်ပါဘူး အေ။ ရွာထဲမှာ လူတွေ ပျောက်နေတယ်မဟုတ်လား။ အဲ့ဒါအတွက် သတင်းတွေက အမျိုးမျိုး ထွက်နေတာ အေ့…”
အေးစိန် မျက်မှောင်ကြုတ်ပြီး စိတ်ဝင်စားသွားတဲ့ ဟန်ဖြစ်သွားရတယ်။
” ဘယ်လိုတွေ သတင်းထွက်လို့တုန်း မဆင့်ရဲ့…”
” အစကတော့ လူသတ်တာတို့ ဘာတို့ သတင်းထွက်နေတာအေ့…”
” အင်း…”
” အခုတော့ အဲ့ဒီ့လို မဟုတ်တော့ဘူး…”
” ဘယ်လို ဖြစ်သွားတာတုန်း…”
” ဘယ်လိုဖြစ်ရမှာတုန်းအေ။ တို့ရွာတောင်ဘက်က ဘုရားသိလား…”
” အင်း…သိတယ်လေ…”
” အဲ့ဒီ့ဘုရားမှာရှိတဲ့ သိုက်က သိုက်နန်းရှင်မက လာလာခေါ်သွားတာတဲ့တော်…”
” ဟင်…”
မအေးစိန် စိတ်အတွင်းက ရယ်ချင်မိသွားပေမယ့် ထိန်းလိုက်ပြီး အံ့သြဟန်ကိုသာ ပြုလိုက်မိတယ်။ မဆင့်က ဆက်ပြောတယ်။
” သိုက်နန်းရှင်နဲ့ သိုက်နန်းရှင်မက စိတ်ဆိုးနေတာတဲ့။ ဒါကြောင့် သိုက်နန်းရှင်မက လူယောကျ်ားတွေကို ပြုစားခေါ်ယူပြီး သူ့လင် သိုက်နန်းရှင်ကို အရွဲ့တိုက်နေတာဆိုပဲ။ အဲ့ဒီ့အတွက် လင်လုပ်သူကလည်း ပြန်ပြီး အရွဲ့တိုက်လိမ့်မယ်တဲ့။ ရွာထဲက လိပ်ပြာလှ၊ ရုပ်ရည်လှတဲ့ မိန်းမတွေ သတိထားလို့ ပြောတယ်။ အဲ့ဒါကြောင့် ညည်းကို ငါက တခုတ်တရ လာပြောတာ…”
” အဲ့ဒါ ဘယ်သူက ပြောတာတုန်း…”
” ရွာထိပ်က နတ်ကတော်ကြီး အမေစန်း ပြောတာလေ။ သူ့ကို အစောင့်နတ်က လာပြောသွားတယ်တဲ့…”
” အင်း…”
မအေးစိန် သူ့စိတ်အတွင်းကနေ မဟုတ်မတတ်ပြောတတ်တဲ့ နတ်ကတော်ကြီးကို ကျေးဇူးတင်မိမလိုတောင် ဖြစ်သွားရတယ်။
သူ့အပြောက အခု လူတွေကို အာရုံပြောင်းသွားစေတယ် မဟုတ်လား။
အစက လူသတ်မှုတို့ ဘာတို့ဆိုတုန်းက တစ်ရွာလုံးက သတိထားစောင့်ကြည့်လာတော့ သူမတောင် ကိုယ်ရှိန်တန့်ရမလို ဖြစ်ခဲ့ရတယ်။
ဒီလိုကြောင့်လည်း နောက်ဆုံးသားကောင် ဖိုးလူကို သူမ ခဲရာခဲဆစ် ဖမ်းခဲ့ရတာလေ။
” ညည်း သွားတာလာတာ သတိထားနော့်။ ကိုယ်မမြင်ဖူးတဲ့ သူစိမ်း ယောက်ျားသားတွေ ဘာတွေနဲ့ဆုံရင် ဝေးဝေးကသာ ​ရှောင်အေ…”
” ဘာလို့ရှောင်မရလဲ မဆင့်ရဲ့…”
” ဟဲ့…သိုက်နန်းရှင်က လူယောင်ဆောင်ပြီး ဖမ်းမှာတဲ့လေ…”
” အင်းလေ…”
” သူက လှတဲ့သူ လွတ်လပ်တဲ့သူကို ဖမ်းမှာအေ့။ ညည်းက အခုဆို တစ်ရွာလုံးမှာ အလှဆုံး။ ပြီးတော့ တစ်ယောက်ထဲနေတာဆိုတော့ ငါက စိတ်ပူမိလို့ လာပြောတာပါအေ…”
မအေးစိန်က သူ့စကားတွေကို ခပ်ပေါ့ပေါ့ပဲ နားထောင်နေမှန်း မဆင့်ရိပ်မိသွားတာမို့ သူ့ဘက်ကနေ စကားကို ဖြေလျော့သိမ်းသွင်းလေတယ်။
” အင်းပါ…မဆင့်ရယ်။ လာပြောပေးလို့လည်း ကျုပ် ကျေးဇူးတင်ပါတယ်…”
” ရပါတယ်​ အေ။ အင်း…သွားရင်းလာရင်း ထမင်းစားချိန်တောင် ရောက်ပြီကော…”
မဆင့်ဘက်က ထမင်းစားချင်လို့ စကားခေါ်မှန်း မအေးစိန် သိလိုက်တယ်။
” ဟုတ်ပါနော်။ အချိန်တွေကလည်း မြန်လိုက်တာ။ ဒါနဲ့…မဆင့်ကောထမင်းစားပြီးခဲ့ပြီလား…”
” ဘယ်စားရဦးမှာတုန်းအေ။ ကျုပ်မှာ ကြားရတဲ့ သတင်းအတွက် စိတ်ပူမိလို့ ရွာထဲ လိုက်ပြောပေးနေတာ…”
” ဆာနေပြီပေါ့။ ထမင်းစားသွားပါလား မဆင့်…”
” အင်း…နင် ပြောမှပဲ ဆာသလိုလို ရှိလာတယ်…”
” ကျုပ် မဆင့်ကို ထမင်းကျွေးမယ်။ ခဏစောင့်ဦး။ သွားထည့်လိုက်ဦးမယ်…”
” အင်း…”
မဖြစ်သာလို့ စားရတဲ့ ဟန်နဲ့ မဆင့် ပြန်ဖြေတယ်။
မအေးစိန်က အိမ်ထဲ ဝင်သွားတယ်။ ပြန်ထွက်လာတော့ ထမင်းဇလုံတစ်ခုထဲမှာ ထမင်းကော ဟင်းကော ထည့်လို့။
ထမင်းမှာ ငါးပိရည်လေး ဆမ်းထားတယ်။ တို့စရာ အရွက်တို့လည်း ပါရဲ့။ အသားဟင်းတုံးကလေးနှစ်ခုကလည်း ထမင်းဇလုံထက်မှာ ပြူးလို့ရယ်။
မဆင့်က ထမင်းဇလုံကို ကြည့်ပြီး မသိမသာနဲ့ ဂလုခနဲ တံတွေးကို မျိုချတယ်။
” ရော့…မဆင့်။ စား…”
မအေးစိန်က ထမင်းဇလုံကို မဆင့် လက်ထဲဆီ လှမ်းထည့်ပေးရင်း ပြောတယ်။
မဆင့်လည်း ထမင်းဇလုံကို ယူလို့ စားလေပြီ။
မအေးစိန်က မဆင့် စားနေတာကို ကြည့်ပြီး ပြုံးပြုံးကြီး လုပ်နေတယ်။ မဆင့်က ထမင်းကို စားရင်း အသားကို စားမိချိန်ကျတော့…။
” အေးစိန်…အသားက ကောင်းလိုက်တာ။ ဘာအသားလဲ…”
” ယောကျ်ားသား…”
မအေးစိန် နှုတ်ကနေ လွှတ်ခနဲ ပြောလိုက်မိတယ်။
” ဟင်…ဘယ်…ဘယ်လို…”
” အဲ…မဟုတ်ပါဘူး။ အတွေးလွန်ပြီး ယောင်လို့…”
” အေးစိန်နော် အေးစိန် ညည်း…”
မဆင့်က မအေးစိန်အတွေးကို သူသိကြောင်း စကားရောကာ ပြောတယ်။ မအေးစိန်က ပြုံးပြုံးကြီးလုပ်ရင်း…။
” တကယ် အတွေးလွန်သွားလို့ပါ မဆင့်ရယ်…”
” အေးပါဟယ်။ မေးနေတာတော့ ဖြေဦး။ အသားက တော်တော် စားကောင်းလို့…”
” ဪ…အဲ့ဒါ ဟို ကျား ကျားသား။ အဲ့ဒါ ကျားသား…”
တော်ရုံတန်ရုံ ဝက်သား၊ ကြက်သားရယ်လို့ လှီးလွှဲပြောရင် မယုံနိုင်ဘူးဆိုတာ သိတဲ့အတွက် မဖြစ်နိုင်တဲ့ အသားကို မအေးစိန် ပြောလိုက်တယ်။ ဒါမှလည်း ပထမ ယောင်ရမ်းပြီး ပြောမိတဲ့ စကားကိုလည်း ကာရာရောက်မယ် မဟုတ်လား။
မဆင့်က သူ့လက်ထဲက ဟင်းတုံးကို အသေအချာ ကြည့်နေတယ်။
” ကျားသားက ဒီလိုလား။ ငါတစ်ခါမှ ဒီလို အရသာရှိတဲ့ အသားမစားဖူးဘူး။ စားကောင်းတယ်နော်…”
” အင်း…”
” ညည်း ဘယ်က ရလာတာလဲ…”
” တစ်ဖက်ရွာက မုဆိုးကြီးလာပို့သွားတာ…”
” တစ်ဖက်ရွာက မုဆိုးကြီးဆိုတော့ ဦးပုကို ပြောတာလား…”
” အင်း…ဟုတ်တယ်…”
မေးခွန်းတွေက ဆက်လာတော့ မအေးစိန် ဘောက်ဆတ်ပြီး ဖြေလိုက်တယ်။
” ဒိလူကြီးက ညည်းကို ဘာအတွက်လာပို့တာလဲ…”
” ကျုပ်ကို ကြိုက်နေလို့ တော်ရေ…”
” ဟုတ်လား။ ညည်းကကော…”
မေးခွန်းက ပိုပိုပြီး များလာပြီမို့ မအေးစိန် စိတ်မရှည်တော့ဘူး။
” မဆင့်…တော် ထမင်းစားမှာလား မေးခွန်းထုတ်မှာလား…”
” ဪ..အေး။ ထမင်းစားမှာပါဟ…”
” စားမှာဖြင့်လည်း စားတော်။ ကျုပ် နောက်ဖေးမှာ ဟင်းချက်ဖို့ တန်းလန်းကြီး။ တော့်ကို မလာစဖူး အလာထူးလို့ ဧည့်ထောက်ခံပေးနေတာ…”
” ဪ…အေးပါဟယ်။ အေးပါ…”
” မေးခွန်းထပ်မမေးနဲ့တော့နော်။ ထပ်မေးရင်တော့ တော့်ဆီက ထမင်းပန်းကန် ကျုပ် ပြန်ယူရလိမ့်မယ်…”
မအေးစိန် စကားကြောင့် မဆင့် ပြာပြာသလဲ ဖြစ်သွားတယ်။
” အမလေး မမေးနဲ့ဆို မမေးတော့ပါဘူး အေးစိန်ရယ်။ ငါ…ငါ ကျားသားလေးတော့ ကုန်အောင် စားပါရစေဦး…”
” စား…စား…ပြီးရင် ပန်းကန် ထားခဲ့လိုက်တော့…”
မအေးစိန် ဆူဆောင့် ပြောဆိုပြီး အိမ်အတွင်းကို ဝင်သွားတော့တယ်။
မဆင့်ကတော့ ကြိုက်မရှက် ငိုက်မရှက်ဆိုသလိုပဲ။ အိမ်ရှင် မကြည်တော့ပေမယ့် သူစားလက်စ ဖြစ်နေတဲ့ ကျားသားကို စားကောင်းပြီး စွဲမက်နေပြီမို့ ပေကပ်ပြီး ကုန်စင်အောင် စားနေပါတော့တယ်။
*******
ညဥ့်နက်ချိန်…။
မအေးစိန်တစ်ယောက် အခန်းထဲမှာ မအိပ်သေးဘဲ မှန်အရှေ့မှာ ထိုင်ရင်း ရှိနေလေတယ်။
” ညည်း သိပ်မှားတယ် အေးစိန်…”
” ရှင်…”
မှန်က ဖောင်းကြွလှုပ်ရှားလာတယ်။
မြင်နေရတဲ့ သူ့ပုံရိပ်က အခြားတစ်ယောက်လိုဖြစ်ပြီး ပြောလာတာကို မအေးစိန်က အာမေဋိတ်နဲ့ တုန့်ပြန်လိုက်တယ်။
” ဟုတ်တယ် အဲ့ဒီ့ရွာဆော်မကို ဘာကြောင့်များ အသားတွေ ကျွေးလိုက်ရတာလဲ။ အဲ့ဒါ ညည်းသိပ်မှားတယ်…”
” ကျွန်မ…ကျွန်မ…”
မအေးစိန်လည်း ဘာအတွက်ကြောင့် ကျွေးမိတယ်မှန်း မသိတတ်ဘူး။ စိတ်ထဲ သိပ်ကောင်းတဲ့အသားဆိုတာ ဝါကြွားလိုစိတ်တော့ အဲ့ဒီ့အချိန်က ရှိနေမိတယ်လေ။
” ညည်းမယုံရင် ကြည့်ထား။ အဲ့ဒီ့ကောင်မ ဖွလို့ အလုလောက်ဆို ရွာထဲ သတင်းက ပြန့်လောက်ပြီ။ ညည်းတကယ်ဆိုးတာပဲ…”
” ကျွန်မ တကယ်မှားပါတယ်…”
” အေး…ငါတို့ သဘောတူညီထားတာကိုတော့ ညည်း မမေ့နဲ့နော်…”
” ဟုတ်ကဲ့ မမေ့ပါဘူးရှင်…”
” မမေ့ရင် ရပြီ။ အခုကိစ္စကို ထားတော့။ နောက်တစ်ခါတော့ ထပ်မဖြစ်စေနဲ့။ မနက်ဖြန်ကျရင် နောက်ထပ်သားကောင်ကို ရှာဖွေထား…”
” ဟုတ်ကဲ့…”
မှန်က ပုံမှန်အတိုင်း ပြန်လည်ဖြစ်သွားတယ်။
မှန်ထဲက မအေးစိန်ရဲ့ ပုံရိပ်ကလည်း သာမန်ပုံရိပ်တစ်ခုလိုပဲ ဖြစ်သွားလေတယ်။
မအေးစိန် မှန်အရှေ့မှာ ငူငူကြီးထိုင်ရင်း တစ်ယောက်ထဲ ထိုင်နေမိတယ်။
အတွေးတွေက လွန်ခဲ့တဲ့ အချိန်တွေဆီကို ပြန်လည်ရောက်ရှိသွားတယ်။
အတိအကျ ပြောရရင် လင်ဖြစ်သူ ဆုံးပါးကာနီး အချိန်တုန်းက…။
အဲ့ဒီ့တုန်းက မအေးစိန်…။
လင်ဖြစ်သူ နှိပ်စက်ထားလို့ ပိန်လှီပိန်လှဲ့ ခန္ဓာကိုယ်နဲ့ လူပုံက ညစ်ညစ်နွမ်းနွမ်း။ စိတ်ဓာတ်တို့ကလည်း အလုံးစုံကျဆင်းနေမိတယ်။
တစ်ရက်သားမှာ မအေးစိန်တစ်ယောက် အိမ်အရှေ့မှာ ထမင်းလာတောင်းတဲ့ အမေအိုကြီးတစ်​ယောက်ကို သနားစိတ်ပြင်းပြလာမိပြီး အိမ်က ရှိတဲ့ ထမင်းတစ်ချို့ ကျွေးမိလိုက်တယ်။
အမေအိုကြီးက ထမင်းကို စားပြီး မအေးစိန်ကို ကျေးဇူးတင်စကားမဆိုဘဲ ခပ်စူးစူးတစ်ချက်ကြည့်လို့ ထွက်သွားတယ်။
လင်ဖြစ်သူ ပြန်ရောက်လာတော့ ဒီကိစ္စအတွက်ကို ဒေါသူပုန်ထပြီး မအေးစိန်ကို လှိမ့်နေအောင် ရိုက်ပါကောလား။
နှုတ်ခမ်းတို့ ပေါက်ပြဲ မျက်နှာတွေ ဖူးယောင်ပြီး ခန္ဓာကိုယ်အနှံ့လည်း နာကျင်လွန်းနေရတယ်။
ညဘက်ရောက်တော့ လင်ဖြစ်သူက မူးရူးပြီး တရှူးရှူးအိပ်မောကျနေချိန် မအေးစိန်တစ်ယောက် မအိပ်နိုင်ဘူး။
မှန်အရှေ့မှာ သူမရရှိထားတဲ့ ဒဏ်ရာတွေကို ကြည့်ရင်း မျက်ရည်တို့ကျဆင်းကာ ဝမ်းနည်းနေမိရတယ်။
သူမ…။
မိဘမောင်ဘွား မရှိတော့တဲ့သူ။ အားကိုးရာအဖြစ် ပေတိုးဆီကို အရာရာ ပုံအပ်မိခဲ့တယ်။ ဒီတုန်းက ပေတိုးကလည်း အသောက်အစာစအနည်းအကျဥ်းသာ ရှိပြီး မအေးစိန်အပေါ် ကောင်းပြလွန်းခဲ့တယ်လေ။
အိမ်ထောင်ရက်သား ကျကာစအထိ ပေတိုးက ကောင်းပေးခဲ့တယ်။ နောက်ပိုင်းကျတော့ ဘယ်လိုဖြစ်တယ် မသိ။ ပေတိုးတစ်ယောက် ဇာတိပြလာတာလား ဘာလား။ မီးကုန်ယမ်းကုန် ဆိုးသွမ်းပါတော့တယ်။
မအေးစိန်အပေါ် ကိုယ်ထိလက်ရောက် လုပ်လား လုပ်တယ်။ နောက်ပိုင်းမှာတော့ မူးရူးလာတိုင်း စိတ်အလိုမကျတာနဲ့ကို အညိုအမဲစွဲတဲ့အထိ သိမ်းရိုက်တာတွေပါ ခံရတော့တာပါပဲ။
အတွေးလွန်သွားတဲ့ မအေးစိန်တစ်ယောက် အရိုက်ခံရတဲ့ ဒဏ်ရာတွေကို ကြည့်ပြီး အတော့်ကို ဝမ်းနည်းနေမိတယ်။
” အေးစိန်…”
ရုတ်တရက် ဘယ်ကမှန်းမသိတဲ့ မိန်းမတစ်ယောက်ရဲ့ ခေါ်သံက ထွက်ပေါ်လာတယ်။ မအေးစိန် လိုက်ရှာကြည့်မိတယ်။
” အေးစိန်…ငါ ဒီမှာ…”
အသံက ထပ်ပြီး ထွက်ပေါ်လာတယ်။
” အေးစိန်…ဒီမှာဟဲ့…”
” ဟင်…”
မအေးစိန် ကြည့်မိတော့ မှန်ထဲက သူမရဲ့ ပုံရိပ်က သူမကို ပြန်ခေါ်နေတာမို့ တဒဂ်တော့ ကြောင့အမ်းသွားမိရတယ်။
” ညည်း သိပ်ဝမ်းနည်းနေသလား အေးစိန်…”
ပုံရိပ်က စကားထပ်ပြောလာတယ်။ ဘာကြောင့်မှန်းမသိ မအေးစိန် ဝမ်းနည်းသွားရတယ်။ မိက်ရည်တွေလည်း တွင်တွင် စီးကျလာရလေရဲ့။
” ဝမ်းမနည်းစမ်းပါနဲ့အေ။ ဒီကောင် သိပ်မိုက်ရိုင်းတယ်ဆိုတာ ငါသိတယ်။ ညည်းက သည်းခံလွန်းတာကိုးအေ့…”
” အ…အခု စကားပြောနေတာ ဘယ်သူလဲဟင်…”
” နေ့လည်က ညည်းငါ့ကို ထမင်းကျွေးလိုက်တယ်လေ…”
ထမင်းကျွေးမိလိုက်တဲ့ အမယ်အိုကြီးရဲ့ အသွင်အပြင်ကို မအေးစိန် မြင်ယောင်မိလိုက်တယ်။ အခုကတော့ အဲ့ဒီ့ပုံရိပ်မဟုတ်။ သူမနဲ့ ထပ်တူကျတဲ့ ပုံရိပ်ဖြစ်နေတယ်။
” ညည်းကို ငါကယ်တင်ပေးမယ် အေးစိန်။ ဒီမယ်ကြည့် ညည်း ဒီလိုပုံစံမျိုး ဖြစ်ချင်သလား…”
မှန်ထဲက မအေးစိန်ရဲ့ ပုံစံက ဒဏ်ရာဒဏ်ချက်တွေ ပျောက်ကင်းသွားရုံသာမက အလွန်အမင်းကို လှပပြည့်ဖြိုးပြီး ကျက်သရေအဖြာဖြာ ပြည့်စုံနေတဲ့ အသွင် ဖြစ်သွားတယ်။
” အို…လှလိုက်တာနော်…”
” အဲ့ဒါ ညည်းကိုယ်တိုင်ပဲလေ အေးစိန်…”
” ရှင်…”
” ငါမေးတာကို အရင်ဖြေဦး။ ညည်းအခု မြင်နေရတဲ့ ပုံစံလို ဖြစ်ချင်သလား…”
” အို…ဘယ်လိုတောင် မေးပါသလဲရှင်။ ဖြစ်ချင်တာပေါ့…”
” ဖြစ်ချင်ရင် ညည်း ငါခိုင်းတာတွေကို လုပ်နိုင်မလား…”
” ကျွန်မ ဘာတွေ လုပ်ပေးရမလဲဟင်…”
” လူသတ်ပေးရမယ်…”
” အို…လူသတ်ရမယ်။ ကျွန်မ ဘယ်လိုများ သတ်ရဲပါ့မလဲ…”
” ညည်းသတ်စရာမလိုပါဘူးအေ။ ညည်းက ငါးစာလုပ်ပေးရုံပဲ။ သတ်တာက ငါသတ်မယ်…”
” ဖြစ်…ဖြစ်ပါ့မလား…”
” မဖြစ်စရာ ဘာအကြောင်းရှိလဲ။ ညည်းကို လက်တွေ့ပြမယ်။ ညည်း ဟိုအကောင်ကို ချစ်သေးလား…”
” မချစ်တော့ဘူး…”
” သံယောဇဥ်ကော…”
” မရှိတော့ပါဘူး။ အားကိုးရာ မရှိလို့သာ မှီတွယ်နေရတာပါ…”
” ကောင်းပြီလေ။ ဒါဖြင့် အဲ့ဒီကောင်ကို ငါ အရင်သတ်ပြမယ်…”
မအေးစိန် ကြည့်နေမိတုန်းမှာပဲ မှန်ထဲမှာ ရှိနေတဲ့ သူမရဲ့လှပလွန်းတဲ့ ပုံရိပ်ဆီက လက်တစ်ဖက်ဟာ အပြင်ဘက်ကို ထွက်လာတယ်။
ပြီးတော့ ရှည်လျားလာကာ အိပ်မောကျနေတဲ့ ပေတိုးဆီကို ရောက်ရှိသွားလေပြီး မြွေတစ်ကောင်လိုပဲ ပေတိုးရဲ့ ပါးစပ်ထဲကို တိုးဝင်သွားလေတယ်။
ပေတိုးတစ်ယောက် အိပ်နေရင်းက လန့်နိုးလာပြီး ရုန်းကန်ပါတယ်။
ဒါပေမယ့်လည်း ပါးစပ်ထဲဝင်နေတဲ့ လက်ကြီးကြောင့် တစ်ခဏအတွင်းမှာပဲ ရုန်းကန်နေရာက ငြိမ်သက်သွားခဲ့ပါတော့ရဲ့…။
ဒီကနေ စတင်လို့ မအေးစိန်ဟာ အမယ်အိုကြီးရဲ့ စေခိုင်းမှုတွေအတိုင်း ဘာပဲဖြစ်နေနေ တစ်သွေမတိမ်းကို လိုက်လံလုပ်ဆောင်မိတော့တာပါပဲ…။
*******
” ငါပျော်လိုက်တာ လှမြင့်ရာ…”
မောင်အေးတစ်ယောက် မျက်နှာထားက မှိုရသလိို ပြုံးဖြီးဖြီး ဖြစ်လို့နေတယ်။
” အေးပေါ့ကွာ…မုဆိုးမဆိုပေမယ့် တစ်ရွာလုံးက ပုရိသတို့ရဲ့ တပ်မက်မှုကို ခံရတဲ့ သူဆီက တုန့်ပြန်အချစ်ကို မင်းရရှိခဲ့တာ သိပ်ကို ကောင်းတယ်။ မင်း ပျော်ရမှာပေါ့ကွာ…”
လှမြင့် သူငယ်ချင်းအတွက်ကို မုဒိတာစကားဆိုလိုက်တယ်။
တကယ်တမ်းတော့ သူ့ရင်ထဲမှာ မောင်အေးကို မနာလို ဝန်တိုဖြစ်မိနေပါရဲ့။ ဒါပေမယ့်လည်း ငယ်ကတည်းက တစ်ကိုယ့်တစ်စိတ်လို ပေါင်းလာကြတဲ့သူတွေဆိုတော့လည်း နားလည်မှုနဲ့ ဝန်တိုမှုမှာ ဟိုဘက်ဒီဘက် အလုအယက် ဖြစ်နေရ​ေလတယ်။
” ငါလည်း ဘယ်လိုမှ ထင်မထားတာပါကွာ။ ငါ့ကိုလေ အဖြေပြန်ပေးတဲ့ မအေးစိန်ရဲ့ မျက်နှာလေးကို ငါ အခုထိ မေ့မရဘူးကွ။ တကယ်ပါကွာ ရင်ထဲကို စူးနင့်နေတာပါပဲ…”
လှမြင့် နားထောင်ပေးနေမိပါတယ်။
” ငါ မအေးစိန်ကို အတည်ယူမှာကွာ…”
” မောင်အေး…”
” ဟေ…ငါလည်း မင်းကို အားကျတယ်ကွာ…”
” အားကျသင့်တာပေါ့ သူငယ်ချင်းရာ။ မအေးစိန်ကို မင်းလည်း ချစ်နေတယ်ဆိုတာ ငါသိတာပေါ့…”
” အင်း…ငါ ဝန်ခံပါတယ်ကွာ…”
” ငါလည်း သိပါတယ်ကွာ။ ဒါပေမယ့် ငါ့မှာ ရင်ဖွင့်ဖို့ရာက မင်းပဲ ရှိတာ။ ပြီးတော့ မအေးစိန်က ဒီကစ္စကို ဘယ်သူ့မှ မပြောရဘူးလို့ မှာထားတာ။ ငါက မင်းမို့လို့ ပြောပြတာ…”
” မအေးစိန်က အဲ့ဒီ့လို မှာထားတာလား…”
” အေး…သူရှက်လို့တဲ့ကွာ။ အင်းပေါ့လေ အိမ်ထောင်ကျပြီးသား တစ်ပင်လဲလို့ တစ်ပင်ထူတာဆိုပေမယ့် အခု မအေးစိန်က သိပ်လှသူမဟုတ်လား။ သူ ရှက်သင့်ပါတယ်…”
မောင်အေးက ချစ်တဲ့ မျက်စိနဲ့ ကြည့်ရင်း ဇွတ်ကို အမွှန်းတင်နေပါတယ်။
လှမြင့်ကတော့ ဒီလိုမတွေးမိဘူး။
ယောကျ်ားနဲ့ မိန်းမ လွတ်လပ်သူချင်း ချစ်ခင်ကြရာမှာ အချစ်ရေးအတွက် ရင်ဖွင့်ရာဖွင့်ကြောင်းတော့ လူတိုင်းရှိမှာပဲလေ။
မိဘမောင်ဘွားတွေကို မသိစေလိုတာမျိုးတော့ ထားပါတော့။ အခုက ဘယ်သူ့ကိုမှ အသိမပေးရဘူးဆိုတော့ စဥ်းစားရတော့ ခက်ခက်ပါပဲ။
” ငါ သွားလိုက်ဦးမယ်။ အိမ်က နွားတွေကို ရေချဖို့ ခိုင်းထားတာ လုပ်ပေးဖို့ ရှိသေးတယ်…”
” ဪ…အေး…”
မောင်အေးထွက်သွားတော့ လှမြင့်တစ်ယောက် ငူငူငေါင်ငေါင်နဲ့ ကျန်ရစ်ခဲ့ရပါတယ်။
ရင်ထဲမှာတော့ ဒွိဟတွေ ပလုံစီလို့။
မအေးစိန်ကိုပဲ နှမျောနေမိတာလား၊ မောင်အေးကိုပဲ မနာလိုမိနေတာလား၊ ဒါမှမဟုတ် အခြားတစ်ခုခုအတွက်ကိုပဲ စိတ်ထင့်နေမိတာလား မသိတတ်။ စိတ်တို့ကတော့ တကယ့်ကို နေရခက်နေမိတယ်။
လှမြင့် တစ်ယောက်ထဲပဲ နေချင်မိသလိုလိုဖြစ်မိတယ်။
ဒါကြောင့် ဘာရယ်မဟုတ်။ ခြေလှမ်းတွေက ရွာအပြင်ကို ထွက်ခဲ့လိုက်မိတယ်။
ရွာအပြင်ရောက်တော့ ညောင်ကြပ်ပင်ကြီးအောက်ဆီကို ဝင်ထိုင်လိုက်တယ်။ ကွင်းပြင်ကို ဖြတ်သန်းပြီး တိုက်ခတ်နေတဲ့ လေတို့က လှမြင့်ကို ထပါးတိုက်ခတ်ရင်းရှိနေလေရဲ့။
” ဟေး…ပြေးထားစမ်းကွဲ့…”
လှမြင့် တွေဝေရင်း ရှိနေတုန်း ဟစ်အော်သံကို ကြားမိပြီး အဝေးဆီက အပြေးလာနေတဲ့ လူတစ်ယောက်ကို လှမ်းမြင်လိုက်ရတယ်။
အမှတ်မထင် ငေးကြည့်နေမိရင်း တဖြေးဖြေး အနီးကို ရောက်လာတော့ လူလုံးက သည်းကွဲလာတယ်။
အရူးတစ်​ယောက်…။
ဆံပင်စုတ်ဖွားဖွား၊ အဝတ်အစားက စုတ်ပျက်ညစ်နွမ်းလို့။ လွယ်အိတ်တစ်လုံးကိုလည်း လွယ်ထားသေးပြန်တယ်။ ခွကြားမှာတော့ အုန်းလက်​ခြောက်တစ်ခုကို မြင်းအဖြစ် ခွစီးထားတယ်။
ကြည့်နေရင်း အရူးက လှမြင့်ရှိနေရာ သစ်ပင်အောက်ကို ရောက်လာတယ်။ သူ့အရှေ့မလှမ်းမကမ်းဆီမှာ ရပ်တန့်သွားတယ်။
” နင်ပြောတာ ဒီရွာပဲလား…”
” ဟင်…”
အရူးက ပြောလာတယ်။ လှမြင့်က သူ့ကို ပြောတယ်ထင်ပြီး ကြောင်အမ်းသွားမိတယ်။
” ဒီရွာပဲလားလို့ ငါမေးနေတယ်လေ…”
” ခင်ဗျား…ကျုပ်ကို မေးတာလား…”
လှမြင့်က သူ့ကို မေးတယ် အထင်နဲ့ ပြန်မေးမိတယ်။ အရူးက လက်ကာပြလာတယ်။
” ဒါဆို ဒီရွာက နင်ရှာနေတဲ့ ပိန်းတောရွာပဲပေါ့…”
လှမြင့် ကြည့်နေရင်း အရူးက တစ်ယောက်ထဲ ပြောနေတာဖြစ်ပြီး သူ့ကို ပြောနေတာ မဟုတ်မှန်း သိမိသွားတယ်။
” ဒါဖြင့်လည်း ရွာထဲဝင်ကြတာပေါ့…”
အရူးက ပြောပြီး လှမြင့်ကို တစ်ချက်တောင် လှည့်မကြည့်ဘဲ ရွာဘက်ကို လှမ်းထွက်တယ်။ ဒါပေမယ့်လည်း ညောင်ပင်အရိပ်ကို မလွန်ခင်မှာပဲ အရူးရဲ့ ခြေလှမ်းတွေက တန့်ခနဲ ရပ်တန့်သွားလေပြီး…။
” ရွာတစ်ရွာလုံး မကောင်းတဲ့ အငွေ့အသက်တွေ ပြန့်လို့ပါလား။ သွေးညှီနံ့တွေလည်း ရနေတယ်…”
အရူးဆီက ရေရွတ်သံကို လှမြင့်ကြားလိုက်ရတယ်။ အရူးက သူ့ဆီ လျှောက်လာတာကို မြင်ရတယ်။
လှမြင့်လည်း ကိုယ့်အပူနဲ့ ကိုယ့်မို့ မသိသယောင် ပြုနေလိုက်တယ်။
” ဟေ့ကောင်လေး…”
” ဗျာ…”
” နင်က ဒီရွာကလား…”
” ဟုတ်တယ် ဘာလုပ်ဖို့လဲ…”
” စေစရာရှိတယ်။ နင်တို့ ဒီရွာထဲမှာ မကောင်းတာ တစ်ခုခု ရှိနေတယ်။ ဘာတွေဖြစ်ခဲ့ပြီးပြီလဲ။ ငါသူတော်နတ်သားလေးကို ပြောပြစမ်း…”
အရူးရဲ့ မေးမြန်းမှုအဆုံး လှမြင့်က ရွာမှာ လူတွေပျောက်နေတဲ့ အဖြစ်အပျက်ကို တန်းပြီးတော့ သတိရမိလိုက်တယ်။
” ကျုပ်တို့ရွာမှာ လူတွေ ပျောက်နေတယ်ဗျ…”
” ဘယ်နှစ်ယောက် ရှိပြီလဲ…”
” သုံးယောက်…”
” အဲ့ဒီ့လူတွေ သေကုန်ပြီ…”
” ဟင်…”
အရူးရဲ့ ရုတ်တရက် အပြောမှာ လှမြင့် ကြောင်အမ်းသွားရတယ်။
” ခင်ဗျားက ဘယ်လိုသိတာလဲ…”
” သွေးညှီနံ့တွေ။ ပြီးတော့ ဟင်းအနံ့တွေ။ သူတို့ကို သတ်ပြီး ဟင်းချက်စားနေကြတယ်…”
” ဗျာ…”
” သိပ်ကို အရေးကြီးနေပြီပဲ။ ကောင်လေး…နင် ငါ့ကို ကူညီနိုင်မလား…”
အရူးက ရေးကြီးသုတ်ပြာဟန်ပန်နဲ့ ပြောလာတော့ လှမြင့်လည်း သူကြားရတာတွေအတွက်ကို စိတ်က ပူပန်လာရတယ်။
” ကျုပ် ကူညီမယ်…”
” ကောင်းပြီ။ ဒါဖြင့် နင် အခု ရွာထဲကို ပြန်ပြီး တစ်မူထူးတဲ့ သတင်းတစ်ခုလောက် စုံစမ်းရှာဖွေကြည့်ပေးပါ။ ငါ ဒီမှာပဲ ရှိနေမယ်…”
” ဟုတ်…ဟုတ်ကဲ့…”
” ဒီအကြောင်းကို ဘယ်သူမှ မသိစေနဲ့နော်…”
” ဟုတ်ကဲ့…”
လှမြင့် နေရာကနေ အပြေးထွက်သွားတယ်။
” တစ္ဆေကြီး…ခင်ဗျားလည်း ရွာထဲကိုဝင်။ ဘယ်နေရာ ဘယ်အိမ်က သာမန်မဟုတ်တဲ့ လူသားဟင်းကို ချက်နေသလဲဆိုတာ လိုက်ရှာဖွေကြည့်ချေ…”
” ဟုတ်ကဲ့ သူတော်…”
” နင့် မိသားစုကို နောက်မှရှာနော်။ ဒီကိစ္စက အလွန်အရေးကြီးနေတယ်။ တရားခံက ဘယ်သူလဲ ဘာလဲ ငါ မသိရသေးဘူး။ နောက်ကျသွားရင် နင်တို့ တစ်ရွာလုံး ပြုတ်ပြုတ်ပြုန်းတဲ့အထိ ဖြစ်သွားနိုင်တယ်…”
” ဟုတ်ကဲ့ သူတော်…”
တစ္ဆေကြီးပါ လှမြင့်နဲ့ ​ရှေးမနှောင်းမှာပဲ ရွာထဲကို အပြေးဝင်သွားခဲ့လေတယ်။
အဲ့ဒီနောက်တော့ အရူးက ညောင်ကြပ်ပင်ကြီးရဲ့ အနောက်ကို ဝင်ရောက်လိုက်လေပြီး တင်ပုလ္လင်ခွေလို့ ထိုင်လိုက်ကာ ကျောက်ရုပ်လိုပဲ ငြိမ်သက်သွားတော့လေရဲ့…။
********
သူတော်ရဲ့ နာမ်စိတ်ဟာ စေတီကလေးတစ်ဆူဆီကို လွင့်ခနဲ ရောက်ရှိသွားတယ်။
စေတီကလေးအပေါ်ဆီမှာ သူ့ရဲ့ ဆရာဖြစ်သူ ဦးဇာတိကြီးက သမထထိုင်နေလေတယ်။
သူတော် အနားကို ချဥ်းကပ်ရောက်ရှိသွားတယ်။
” သူတော် ဒီတစ်ခါတော့ ကိုယ်တိုင်ကိုယ်ကျ ရောက်လာခဲ့ပါလား…”
” အဘိုးက ကျုပ်လာမှာကို ကြိုသိနေတာလား…”
” သိနေတာပေါ့။ မင်း ကြုံနေရတာကိုလည်း အဘိုးသိတယ်။ သူတော်…အဲ့ဒီ့ရွာက မကောင်းဆိုးရွားဟာ မှန်ထောင်ကဝေမလို့ ခေါ်တဲ့သူပဲ။ သူတို့အချင်းချင်း ပညာပြိုင်မှုမှာ သူရှုံးနိမ့်တယ်။ သူ့ခန္ဓာက မကြာခင် ပျက်တော့မှာမို့ သူစွန့်ခွာခဲ့လိုက်ပြီ။ သူခန္ဓာကို ပြန်ရဖို့ လိုတယ်။ အဲ့ဒီ့အတွက် သူအားဖြည့်ဖို့ လုပ်ဆောင်တယ်။ သူက အဲ့ဒီ့ရွာမှာ ပုန်းကွယ်ရင်း လူသားကို မက်မက်မောမောစားသုံးပြီး အားဖြည့်နေတယ်။ ရွာသူတစ်ယောက်ကို မက်လုံးပေး မြူစွယ်ပြီး သူ့အလိုကို ဖြည့်စွက်ခိုင်းထားတယ်။ အချိန်ကျရင် အဲ့ဒီ့ရွာသူရဲ့ ခန္ဓာကို သူယူလိမ့်မယ်။ ပြီးရင်တော့ သူ့လက်ချက်နဲ့ တစ်ရွာလုံး သေဆုံးရလိမ့်မယ်…”
” ဘုရား ဘုရား…ကြောက်စရာ ကောင်းလိုက်တာ…”
” အင်း…ကြောက်စရာကောင်းတယ်။ သူ့ကိို ဆုံးမဖို့ရာအတွက် အထက်ဝိဇ္ဇာများဆီက အခွင့်တောင်းပြီးသွားပြီ။ ခွင့်လည်း ပြုတယ်။ ပြီးတော့ ဟောဒီ့ ဝေပုဏ္ဏ နတ်ဘီလူးမင်းတို့သာ ဆောင်ကြဥ်းအပ်တဲ့ ဆီမီးကိုလည်း ပေးအပ်လိုက်တယ်…”
ဦးဇာတိကြီးက သူတော်ကို ဆီမီးခွက်ကလေးတစ်ခုကို ပေးအပ်တယ်။ ပြီးတော့ မန္တာန်တစ်ပုဒ်ကို ထပ်မံလို့ သင်ပေးကာ…။
” သူရှိတဲ့နေရာအဝန်းကို စည်းအရင်ချပါ။ ပြီးရင် ဆီမီးကို သူရှိနေတဲ့ အဝန်းက မှန်တွေအနားမှာ ထွန်းညှိပါ။ တစ်ခု သတိထားရမယ်နော် သူတော်။ အဲ့ဒီ့ကဝေမက မှန်ရှိတဲ့ နေရာတိုင်းကို သွားနိုင်တယ်။ ဒါကိုတော့ သတိကြီးကြီးထားပါ။ စည်းကို ဖောက်မထွက်နိုင်အောင် ချဖို့တော့ လိုလိမ့်မယ်။ သူ့ခန္ဓာကို သူ ပစ်ခဲ့ပြီးပြီမို့ လက်ရှိမှာ မှန်တွေအထဲမှာပဲ အမီပြုနေရတယ်။ မှန်မရှိတဲ့အရပ်မှာ သူကြာကြာနေလို့ မရဘူး…”
” သူတော် နားလည်ပါပြီ အဘိုး…”
” အိမ်း…နောက်ကျနေတော့မယ်။ သွားတော့ သူတော်…”
သူတော်ရဲ့ နာမ်စိတ်က လွင့်ခနဲ ဖြစ်သွားတယ်။
မျက်ဝန်းတွေကို ပြန်ဖွင့်မိလိုက်တော့ ညောင်ကြပ်ပင်ကြီးအောက်ကို သူတော် ပြန်ရောက်လို့နေတယ်။
ရွာဘက်ကနေ တစ္ဆေကြီး ပြန်ပြေးလာနေတာကို တွေ့ရတယ်။
​ရှေးမနှောင်းမှာပဲ တစ္ဆေကြီးရဲ့ အနောက်ကနေ လှမြင့်လည်း ခပ်သုတ်သုတ် လာနေတာကို မြင်လိုက်ရတယ်။
နှစ်ယောက်စလုံး ရောက်လာတဲ့အထိ သူတော် စောင့်ဆိုင်းနေလိုက်တယ်။ တစ္ဆေကြီးက အရင်ရောက်လာတယ်။
” မအေးစိန်ရဲ့ အိမ်မှာ။ သွေးညှီနံ့တွေက အဲ့ဒီ့ကနေ ထွက်နေတာ…”
သူတော် ခေါင်းကို ညိတ်လိုက်တယ်။ လှမြင့်က သူတော်ဆီကို ရောက်ရှိလာတယ်။
” ကျုပ် ထွေထူးတဲ့ သတင်းတော့ မရခဲ့ဘူး။ ဒါပေမယ့် သတင်းဟုတ်မဟုတ်တော့ မသိဘူး။ တစ်ခုတော့ သိခဲ့ရတယ်…”
” ဘာကို သိခဲ့ရသလဲ…”
” ကျုပ် သူငယ်ချင်း မောင်အေးကို သူ့ချစ်သူက ဒီည ဘယ်သူမှမသိအောင်အိမ်ကို လာခဲ့ဖို့ ခေါ်နေတဲ့ ကိစ္စ…”
” သူ့ချစ်သူက ဘယ်သူလဲ…”
” မအေးစိန်တဲ့…”
သူတော်နဲ့ တစ္ဆေကြီးတို့ အကြည့်ချင်းဆုံသွားကြတယ်။ လှမြင့်က…
” ဟေ့လူ…ခင်ဗျားကို ကျုပ် တစ်ခု မေးပါရစေဦး…”
” အေး…မေးလေ…”
” ခင်ဗျား နံဘေးမှာ တစ်ယောက်ယောက် ရှိနေသလိုပဲ။ အဲ့ဒါ ဘယ်သူလဲ…”
” နင် မြင်ချင်လို့လား…”
” အင်း…”
သူတော်လည်း လှမြင့် မျက်နှာကို လက်ဖဝါးနဲ့ အုပ်လို့ ကြားစေ၊ မြင်စေမန္တာန်ကို ရွတ်လိုက်တယ်။
မန္တာန်ပြီးလို့ လှမြင့်လည်း မျက်လုံးဖွင့်လိုက်ကော…။
” ဟာ…ဒါက ဘယ်သူကြီးလဲ…”
” ငါက တစ္ဆေကြီး မောင်အုန်းပဲ။ တစ်ချိန်က ဒီရွာသားတစ်ယောက်ပေါ့…”
” ဒီရွာသား…ဟုတ်လား…”
” ကဲ…အတိအကျ ရှင်းပြနေဖို့တော့ အချိန်မရှိဘူး။ ဖြစ်ကြောင်းကုန်စင်မှာ အဓိက ပါဝင်ပက်သက်နေသူက မအေးစိန်ဆိုတာ သေချာသွားပြီ…”
” ဘယ်လိုကြောင့်လဲဗျ…”
သူတော်လည်း မထူးတော့ပြီမို့ ဖြစ်ကြောင်းတစ်ချို့ကို ရှင်းပြလိုက်ပါတယ်။
” ဒါဆို…လူတွေပျောက်နေတာ မအေးစိန်ကြောင့်ပေါ့…”
” မဟုတ်ဘူး။ မအေးစိန်က ငါးစာ။ တရားခံက မှန်ထောင်ကဝေမပဲ။ သူတို့ ဒီညမှာ မောင်အေးကို ဖမ်းစားလိမ့်မယ်။ အချိန်မီတားပြီး သုတ်သင်ကြစို့လား…”
” ဘယ်လို တားမြစ်ကြမလဲ…”
လှမြင့်က မေးလာတယ်။ ဒီအခါ သူတော်က အစီအစဥ်တို့ကို ရှင်းပြပါတော့တယ်။
*******
ညက တိတ်ဆိတ်လွန်းနေတယ်။
မောင်အေးတစ်ယောက် ရင်ခုန်သံတွေ တလှပ်လှပ်ဖြစ်ရင်း အိမ်ထဲကနေ တိတ်တဆိတ် ထွက်လာခဲ့တယ်။
မအေးစိန်က ဘယ်သူမှ မသိစေနဲ့ဆိုတော့ မောင်အေးလည်း လူသူမမြင်နိုင်မယ့် လမ်းကို ရွေးလို့ သွားနေမိတယ်။
တဖြေးဖြေး မအေးစိန်ရဲ့ အိမ်အနားကို ရောက်လာတယ်။
ဒီအခိုက် ဗြုန်းခနဲ သူ့ကို ဝင်ရောက်တွန်းတိုက်လာတဲ့ အရိပ်တစ်ခု။
မောင်အေး စေ့စေ့ကြည့်လိုက်တော့ အရပ်က သူ့အထက် ခေါင်းတစ်လုံစာလောက် မြင့်နေတဲ့ လူတစ်ယောက်။
” ခင်ဗျား ဘယ်သူလဲ…”
” ငါက သရဲ…”
” သရဲ…”
မောင်အေး ခေါင်းနပန်းတွေ ကြီးပြီး ရေရွတ်မိလိုက်တယ်။
” ဟုတ်တယ်။ ငါက သရဲပဲ…”
မောင်အေး အရှေ့က လူက ပြောရင်းနဲ့ကို အရပ်ကြီးက ရှည်ထွက်လာတယ်။
” ခင်…ခင်ဗျားက တ တကယ် သရဲပဲ။ အမလေး…သ…သရဲ…”
မောင်အေး စကားတွေကို အထစ်ထစ် အငေါ့ငေါ့ ရေရွတ်ရင်း ရုတ်ခြည်း ဟစ်အော်ကာ အနောက်လှည့်လို့ ထွက်ပြေးပါတော့တယ်။
မောင်အေးလည် ပြေးကော သရဲဆိုတဲ့သူက ပုံမှန်အရပ်လောက် ပြန်ဖြစ်သွားတယ်။ အမှောင်ထဲက အရိပ်နှစ်ခု ထွက်လာပြီး…။
” ဘယ်လိုလဲ တစ္ဆေကြီး…”
” သူ ပြေးပြီ…”
” ဒါဖြင့် လှမြင့်။ နင့် အလှည့်ပဲ။ ပြောထားတဲ့အတိုင်း အထဲရောက်ပြီး မှန်ထောင်ကဝေမ ရောက်လာတာနဲ့ ဆီမီးခွက်ကို မန္တာန်ရွတ်ပြီး မီးထွန်းပေတော့…”
သူတော်အနေနဲ့က အထဲကို ဝင်လို့ မရဘူးလေ။ မှန်ထောင်ကဝေမက သိရှိပြီး ထွက်ပြေးနိုင်တဲ့အတွက် လှမြင့်ကို တစ်ဆင့် ပြန်စေခိုင်းတာရယ်။
လှမြင့်လည်း သူတော် သင်ကြားပေးတဲ့ မန္တာန်ကို တစ်ခေါက်ပြန်ရွတ်ကြည့်တယ်။
ပြီးတော့ ဆီမီးခွက်ကို အသာဝှက်ပြီး မအေးစိန်ရဲ့ ဝိုင်းထဲကို ဝင်လိုက်တယ်။ လှမြင့် ဝိုင်းထဲရောက်တာနဲ့ သူတော်ကလည်း ဝိုင်းပတ်ပတ်လည်ကို စည်းချဖို့ ထွက်ခဲ့သလို တစ္ဆေကြီးကိုအုန်းကလည်း မောင်အေး ပြန်လှည့်လာမှာကို စိုးတဲ့အတွက် လမ်းခုလတ်ကနေ စောင့်ဆိုင်းဖို့ ထွက်သွားပါတော့တယ်။
********
” ဒေါက်…ဒေါက်…”
လှမြင့် မအေးစိန်ရဲ့ အိမ်တံခါးကို အသာခေါက်လိုက်တယ်။
” ရောက်ပြီလား…”
” အင်း…”
” တံခါး စေ့ထားတယ်။ အသာတွန်းဝင်ခဲ့…”
လှမြင့်လည်း အထဲကို ဝင်လိုက်တယ်။
” ဟာ…”
မအေးစိန်က အိပ်ခန်းထဲမှာ ဝတ်လစ်စလစ်နဲ့ ထိုင်နေတယ်။
မအေးစိန်ရဲ့ အသွင်ကို မြင်ပြီး လှမြင့် ရင်တွေ ခုန်ရကာ တစ်ကိုယ်လုံးလည်း ပူရှိန်းရှိန်းဖြစ်သွားရလေတယ်။ မအေးစိန်က မောင်အေးမဟုတ်ဘဲ လှမြင့်ဖြစ်နေတာကြောင့် ထိတ်ပြာသွားပြီး သူ့ခန္ဓာကိုယ်ကို အနီးက အဝတ်တို့နဲ့ ဖုံးကွယ်ဖို့ ကြိုးစားလိုက်ရင်း…။
” မောင်အေး မဟုတ်ဘဲ ဘယ်လိုလုပ်ပြီး မင်းဖြစ်နေတာလဲ…”
” မောင်အေးက နေမကောင်းလို့ ကျုပ်ကို လာပြောခိုင်းတာ…”
မအေးစိန်က ဝေခွဲရခက်သွားတဲ့ဟန်နဲ့ မှန်ဆီကို တစ်ချက်ကြည့်လိုက်တယ်။ မှန်ထဲက အရိပ်က သူ့ကို ခေါင်းညိတ်ပြလိုက်တာကို မြင်တော့ ဟန်ပန်က ချက်ချင်းပြောင်းလဲသွားပြီး…။
” အင်းလေ သူမလာတော့လည်း လာတဲ့သူပေါ့…”
မအေးစိန်က လှမြင့်ဆီကို လက်ကမ်းလိုက်တယ်။
လှမြင့်လည်း မအေးစိန်ဆီကို လှမ်းသွားရင်း ပူးကပ်လိုက်မိပါတယ်။ မအေးစိန်က လှမြင့်ရဲ့ လက်တွေကို ဆုပ်ကိုင်လာပြီး သူမရဲ့ ခန္ဓာကိုယ်ကို ဖက်ထားစေတယ်။
လှမြင့် ရင်တွေ ခုန်ပြီးရင်ခုန်ကာ အသွေးတွေလည်း ဆူပွက်ရတာပေါ့။ ဒါပေမယ့်လည်း အဲ့ဒီ့စိတ်ထက် ကြောက်စိတ်ကတော့ သူ့ဆီမှာ ပိုကဲလို့နေပါတယ်။
မှန်ဆီကို မသိမသာ လှမြင့် ကြည့်နေတယ်။
ကြည့်နေရင်း မှန်မျက်နှာပြင်က ရေပွက်တစ်ခုလို ပွက်ထလာတာကို လှမြင့် မြင်လိုက်ရချိန်မှာတော့ မအေးစိန်ဆီကနေ ရုတ်တရက် ရုန်းထွက်ပြီး ဆီမီးခွက်ကို ထုတ်လို့ မန္တာန်ကို ရွတ်လိုက်ပါတော့တယ်။
မီးတောက်ကလေးက ဆီမီးခွက်ဆီမှာ ဖျတ်ခနဲတောက်တယ်။
မီးတောင်ဆီက အလင်းရောင် ဖြာထွက်လာတာနဲ့ မအေးစိန်ဆီကကော မှန်ကြီးဆီကပါ အသံနက်ကြီးနဲ့ ဟစ်အော်သံတွေ တပြိုင်နက် ထွက်လာပါတော့တယ်။
မအေးစိန်က ခွေလဲကျသွားတယ်။
မှန်ကြီးကတော့ မျက်နှာပြင်တစ်ခုလုံး သွေးရောင်လွှမ်းပြီး ငြိမ်သက်သွားတယ်။
မှန်ထောင်ကဝေမကြီးက မီးခိုးအသွင်နဲ့ အပြင်ကို ထွက်ပြေးပြီလေ။ ဒါပေမယ့် ပြင်ပမှာ သူတော်က စည်းအထပ်ထပ် ချပြီးပြီမို့ ထွက်လို့မရဘူး။
မှန်မရှိဘဲ ပြင်ပမှာ ကြာကြာနေလို့ မရတာမို့ မှန်ရှိရာကို ပြန်ပြေးကပ်မိတယ်။
သူမ မှန်ဆီကို အပြေးကပ်မိလိုက်တာနဲ့ အတွင်းဆီက မှန်ဆီကို မျက်ခြည်မပြတ် စောင့်ကြည့်နေတဲ့ မောင်မြင့်ဟာလည်း ဆီမီးခွက်ကို ကိုင်ပြီး မှန်ရဲ့ မျက်နှာပြင်ဆီကို ပစ်ပေါက်လိုက်ပါတော့တယ်။
” ခွမ်း……”
” အား…..”
မှန်ကြီးအတွင်းကနေ အော်သံနက်ကြီး ထွက်ပေါ်လာပြီး တစ်ပြိုင်နက်ထဲမှာပဲ မှန်မျက်နှာပြင် တစ်ခုလုံးဟာလည်း အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားခဲ့ပါတယ်။
အဲ့ဒီလို ကွဲထွက်တာနဲ့ တစ်ပြိုင်နက် အော်သံနက်နက်ကြီးဟာ ရုတ်ခြည်း တိတ်ဆိတ်ပျောက်ကွယ်သွားကာ မှန်ကွဲစလေးများဆီမှ မီးတောက်ကလေးများ ထတောက်ပြီး လောင်ကျွမ်းလေတော့ရဲ့…။
လှမြင့်လည်း မအေးစိန်ကို ကြည့်လိုက်တယ်။
မအေးစိန်က သတိမေ့မျောနေဆဲပဲ။ အနီးက စောင်ကို ယူပြီး မအေးစိန်ကို လွှမ်းခြုံလိုက်တယ်။ ပြီးတော့ အိမ်ရှေ့တံခါးကို တွန်းဖွင့်လိုက်ချိန်မှာတော့ ပြင်ပမှာ သူ့ရဲ့ ပြောပြမှုကြောင့် အစီအစဥ်တကျ ရောက်ရှိနေတဲ့ သူကြီးဦးဆောင်တဲ့ လူအုပ်ကြီးကို တွေ့လိုက်ရပါတော့တယ်…။
ပြီးပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *