• June 19, 2025
  • admin
  • 0
အောင်နိုင် (တက္ကသိုလ်)
မာန​၏ သားကောင်များ
“ဘာမပိုင် တာဝေလို ငှပြန်တော့ ရာဇဂြိုဟ် သာကေတငယ်နဲ့ ဗာရာဏရယ်တဲ့ ဟဲ့ တက္ကသိုလ် ဟို ဟို ၊ အညီတွေးလိုက်ပြန်တော့ ဒီလေးပြည် ဗဟိုအလယ်တင့် ခို စဖွယ် ထိုဝယ် ခရီးမှာတော့၊ မှောင်စိုစို ညောင်ညိုကြီးရယ်ကွယ်၊ ထီးထီးဟီး ဖြန့်သလို ဟို ဟို”
“ဗျို့ ဘကြီးကျော် … တယ်ပျော်နေတယ် မှတ်တယ်။ လာပါဦး ဘကြီးကျော်ရဲ့။ ရေနွေးကြမ်းလေး ဘာလေး သောက်လှည့်ပါဦး”
ဘကြီးကျော်ဆိုသူသည် အောင်မြင်ခန့်ညားလှသော အသံကြီးဖြင့် ရွာလယ်လမ်းတစ်လျှောက် အရှေ့မှ အနောက်သို့ လျှောက်လာရင်း ခွန်းထောက်တစ်ပုဒ်ကို ဟဲ၍လာသည်။ သူ၏ အသံမှာ အသံကောင်းသည့်ပြင် ဇာတ်စင်ထက်က မင်းသားကြီးများ ဟဲ့ဘိသကဲ့သို အပေါက်ကုန်တဲ့နေခြင်း ဖြစ်သည်။ ထို့ကြောင့် သူ့အသံမှာ ရွာဆုံးရွာဖျားကိုသာမက ရွာပြင် သို့ပင် အန်ထွက်သွားနိုင်သည်။
“ဝင်ပါဦးလေ ကိုကြီးမင်္ဂလာကျော်ရဲ့”
ဦးဖိုးရွှေက ခေါ်လိုက်ခြင်း ဖြစ်သည်။
“မင်းတို့ဝိုင်းမှာ ဘာအမြည်း ပါလို့တုံး ”
“မပါဘဲ ခေါ်ပါ့မလား ဘကြီးကျော်ရာ။ စားကောင်းသောက်ဖွယ်လေးတွေ မြက်မြက်ရှိတုန်း ကိုယ့်ဘကြီး မြည်းစေချင်လို့ ပင့်ဖိတ်ရတာပေါ့”
ဦးဖိုးရွှေ၏ သားငယ် မောင်ပျော့က ဆီဆုံတဲထဲ ဆီပွတ်နေရာမှ လှမ်း၍ခေါ်နေခြင်း ဖြစ်သည်။
နွားစာတဲ၏ ရှေ့ဘက်၌ မန်ကျည်းပင်ပုကလေးတစ်ပင်သည် စိမ်းစိမ်းစိုစိုနှင့် အုပ်ဆိုင်းနေသည်။ အပင်အောက်ရှိ ကွပ်ပျစ်ကြီးကို အတန်အသင့် အေးမြသောအရိပ် ဖန်ဆင်းပေးထားသည်။
ကွပ်ပျစ်ပေါ်၌ လူ လေးငါးယောက်ခန့် ရှိနေကြသည်။
“ဟ … ပရိသတ်က များလှချည့်လား။ ဘယ်က အကောင်တွေလဲကွ”
“တောင်ပိုင်းသားတွေပေါ့ ဘကြီးကျော်ရာ။ ဒီကောင်တွေက အနံ့ခံ သိပ်ကောင်းကြတယ်။ အစားကောင်းကောင်း ရှိပြီလားဆိုရင် အမြီးတနန့်နန့်နဲ့ သူတို့ရောက်လာကြပြီ။ အခုလဲ အမြည်းကောင်း ချလိုက်တာနဲ့ ဒီကောင်တွေ ရောက်လာကြတာပဲ။ သင်းတို့ကို ခွေးအဖြစ်သုံးပြီး ယုန်လိုက်ဖို့ကောင်းတယ်”
ဦးဖိုးရွှေ တူ ကိုသံချောင်းက ကံရ၊ ညွန့်မောင်၊ ဆိုးပေ၊ ထွန်းမြင့်တို့ကို ညွှန်ပြရင်း အပုပ်ချနေသည်။
“ဆိုစမ်းပါဦး … ဘာအမြည်းတွေများရှိလို့”
“အကောင်းစားမို့ ဘကြီးကျော်ကို ခေါ် တာ ဘကြီးရ။ ငါးပုပ်ခြောက်ကင်လေ၊ သုံးခွမြို့က လူကြုံလို့ တူတော်မောင်ချစ်တီးက ပေးလိုက်သတဲ့။ အဲဒါ မပဲဆန်က ရဲအောင်ကင်ပြီး ဆီရွှဲရွှဲဆမ်းထားတယ်။ ကြက်သွန်မိတ်လေးတွေနဲ့ မြုံ့စမ်းပါဦး ဘကြီး”
ကိုသံချောင်းက အမြည်းပန်းကန်ကို ဦးထွန်းကျော်ဘက်သို့ ထိုးပေးသည်။ ဦးထွန်းကျော်သည် ခေါင်းပေါ် ဖြန့်အုပ်လာသည့် ပုဆိုးကို ခွာယူသည်။ တစ်ကိုယ်လုံး တဒီးဒီးကျနေသည့် ချွေးများကို ပုဆိုးနှင့် သုတ်ရင်း –
“ပူလိုက် အိုက်လိုက်တာကွာ၊ တစ်မျိုးကြီးဟ။ ငါတော့ မိုးကျတော့မယ် ထင်တာပဲ”
“ထင်တာပဲ လုပ်မနေနဲ့။ ကနေ့ နက်ဖြန်ကို ရွာတော့မယ် ကိုကြီးရေ့။ ဟိုမှာ လှမ်းကြည့်လိုက်စမ်း”
ဦးဖိုးရွှေက ပုပ္ပားတောင်ဘက်သို့ မျက်နှာမူခြင်းဖြင့် ညွှန်ပြသည်။
“ပုပ္ပားကို တိမ်ညိုဆောင်းရင် မိုးကောင်းတတ်တယ်လို့ ဆိုကြတယ် မဟုတ်လား။ အခု ကြည့်စမ်း၊ တောင်ထိပ်တစ်ခုလုံး ပျောက်နေပြီ”
“အေးလကွာ၊ ရွာရင်လဲ ရွာမှပဲ။ မရွာရင် အခက်။ ပူပြင်းတာက တစ်မျိုး၊ အသီးအပင် စိုက်ဖို့ ပျိုးဖို့ကလဲ အချိန်သင့်နေပြီ။ မိုးမြေပဲက အချိန်လွန်သွားရင် သိပ်မကောင်းချင်ဘူး”
ဦးထွန်းကျော်သည် အေးနေပြီဖြစ်သော ရေနွေးကြမ်းတစ်ခွက်ကို ကောက်မော့လိုက်သည်။ ပြီးလျှင် ငါးပုပ်ကင်ကို ကောက်ယူ၍ မြုံ့နေသည်။
“ဘယ့်နှယ်လဲ ဘကြီး၊ ခံတွင်းတွေ့ရဲ့လား”
“တယ်တော့ မကြိုက်ချင်လှပါဘူးလကွယ်”
“ဟာ … ဒီအဘိုးကြီး သတိတွေ ချွတ်ယွင်းနေပြီနဲ့တူတယ်။ ကောင်းမှန်းတောင် မသိတော့ဘူး”
တောင်ပိုင်းသား ထွန်းမြင့်က စသလိုလိုနှင့် နှိမ်လိုက်သည်။ ဦးထွန်းကျော်သည် ပျော်ပျော်နေတတ်သည်။ သူ့ကို အသက်ကြီးပြီဟု ပြောသည်ကို မကြိုက်တတ်။
“မိုက်တယ် ပြောချင် ပြောကြရော့။ ငါတော့ ကိုယ့် လက်ဖြစ်အမြည်းလောက် မကြိုက်တာ အမှန်ပဲ”
ဦးထွန်းကျော်၏ စကားကို ထွန်းမြင့်တို့ လူငယ်ပိုင်းက နားလည်ကောင်းမှ နားလည်မည်။ ဦးဖိုးရွှေကတော့ နားလည်သည်။
“တစ်မျိုးစီပေါ့ အစ်ကိုကျော်ရာ။ ဒီဟာက ချိုတယ်၊ ဟိုဟာက ဆိမ့်တယ်”
“ဘာလဲ၊ အမဲခြောက်ဖုတ်ကို ပြောတာလား”
ဆီဆုံတဲဆီမှ ဆီပွတ်နေသော မောင်ပျော့က လှမ်းမေးသည်။
“အမဲခြောက်ကို စကားထဲ ထည့်ပြောမလား ပျော့စိရာ”
“မင်းဘကြီးက မေးကော့ကြွပ်ကြွပ်ကြော်ကို ပြောနေတာကွ”
ဝင်ရောက်ရှင်းပြလိုက်သည်။ မှန်ပါသည်။ ဦးထွန်းကျော်ပြောသည့် ကိုယ့်လက်ဖြစ်အမြည်းဆိုသည်မှာ မေးကော့ကြွပ်ကြွပ်ကြော်ကို ပြောချင်းဖြစ်သည်။
မေးကော့ကြွပ်ကြော် ဆိုသည်မှာလည်း ပုတတ်ကင်ကြော်ကို ခေါ်ခြင်းဖြစ်သည်။ မေးကော့ကြွပ်ကြွပ်ကြော်ဟု ပြောလျှင် မင်းကြိုရွာသားတို့ နားလည်ကြသည်။
ဤသို့ သုံးခြင်းမှာ အကြောင်း ရှိသည်။
ပုတတ်၏ ထူးခြားသော လက္ခဏာမှာ မေးကော့ပြီး ငေးနေတတ်ခြင်း ဖြစ်သည်။ ဤသို့ မေးကော့ပြီး ငေးနေလျှင် ရုတ်တရက် မလှုပ်ရှားတော့ဘဲ အတန်ကြာ မေ့မောနေတတ်သည်။ ထို့ကြောင့် မေ့တတ်သူကို ‘ဖွတ်မေ့ ပုတတ်မေ့’ ဟု ခေါ်တတ်ကြသည် မဟုတ်လော။
အညာသားတို့သည် ဖွတ်သား၊ ပုတတ်သားကို ကြိုက်ကြသည်။ မင်းကြိုရွာသားတို့လည်း ကြိုက်ကြသည်။
ယုန်သား၊ ခါသားလောက် တန်ဖိုးထားတတ်ကြသည်။ ပုတတ်ကို ဗိုက်ခွဲ၊ အူအသည်းနုတ်၊ ရေ စင်စင်ဆေး၊ အမြီးများကို လည်ပင်းသို့ ပတ်ချည်၊ ဝါးခြမ်းတွင် သီ၍ညှပ်၊ မီးကျီရဲရဲတွင် ကင်၊ ရဲလာသည့်အခါ နုတ်နုတ်ပါအောင်စဉ်း၊ ကြက်သွန်ဖြူ နီ နိုင်းချင်းနှင့် ကြွပ်လာအောင် ကြော်။ ကြက်သွန်ဖြူ နီ နိုင်းချင်းနှင့် အဆိုပါ အကြော်ကို လက်ဖက်ရည်နှင့် မြည်းရသည်မှာ အရသာရှိလှသည်။ မွှေးလည်း မွှေးသည်။ ချိုလည်း ချိုသည်။ ဆိမ့်လည်း ဆိမ့်သည်။
“ကိုယ့်လက်ဖြစ် ကိုယ် တမ်းတရအောင် ကိုယ့်အရိုးကိုရော သယ်နိုင်သေးလို့လား ဘိုးဘိုးရ”
“အမ်မာ … တောင်ပိုင်းသား ချာတိတ်က ပါးစပ်ပုပ်နဲ့ အယုတ်တမာစကား လာပြောရသလား”
ဦးထွန်းကျော်သည် အိုမင်းသည်ဟု အပြောမခံလို။ ယခု အသက် ၆ဝ နား နီးလာသည့်တိုင်အောင် ပျော်ပျော်ရွှင်ရွှင် နေသည်။ ဖျတ်ဖျတ်လတ်လတ် လှုပ်လှုပ်ရှားရှား သွားလာသည်။ ဤသည်ကို သိထားသော ထွန်းမြင့်က တမင်တကာ ဆွလိုက်ခြင်းဖြစ်သည်။
ဦးထွန်းကျော်သည် ဆတ်ဆတ်ထိမခံ ငေါက်ငန်းမာန်မဲလေတော့သည်။
“ခွေးကောင်လေး… နင့်အဘ ငကောက်လို အိုမင်းမစွမ်းများ အောက်မေ့နေသလား။
“ထားပါတော့လေ။ စားချင်သပဆိုရင် ကျုပ် ရှာဖွေပေးပါ့မယ်။ လူအို မသန်မစွမ်း ကူညီတာ ကုသိုလ်ရပါတယ်”
“ဟ … နင်ရှာပေးတာ ငါက စားမတဲ့လား။ ငါ့မှာ အားတွေ မာန်တွေနဲ့ ငါ့ဘာသာ ငါ ရှာနိုင်ပါတယ်ကွ”
“အင်း … အိုတယ်ဆိုတာ ဝန်ခံရမှာစိုးတာနဲ့ တောလုပ်တောင်လုပ် လုပ်နေရင် မကြားကောင်း မနာသာတွေ ဖြစ်ကုန်ပါဦးမယ်။ ဦးထွန်းကျော် စားချင်သပဆိုရင် ကိုယ့်အဘိုးအရင်းကို သဘောထားပြီး ကျုပ်ကိုယ်တိုင် ခဏတစ်ဖြုတ် သွားရှာလိုက်ပါ့မယ်”
“မလိုပါဘူးကွာ။ နွားပျိုသန်လှ နွားအိုပေါင်ကျိုးသလောက်တဲ့ကွ”
တွန်းမြင့်၏ စကားကြောင့် ဦးထွန်းကျော် တော်တော် ခံပြင်းသွားသည်။ ထွန်းမြင့် စကား၌ ဦးထွန်းကျော် ခံပြင်းစရာ နှစ်ချက်ရှိသည်ဟု နားလည်လိုက်သည်။
ထွန်းမြင့်သည် ယာသမားလည်း ဖြစ်သည်။ နွားကျောင်းသားလည်း ဖြစ်သည်။ နွားကျောင်းသားဆိုသည်မှာ တောကောင် သားကောင် ရှာရာ၌ အစွမ်းထက်တတ်ကြသည်။
ယခု သုံးလေးနှစ် ကာလအပိုင်းတွင် ယုန်၊ ခါ၊ဖွတ်၊ပုတတ်ရှာရာ၌ ထွန်းမြင့်သည် သူ့ကိုယ်သူ တောဘုရင်ဟုပင် ထင်နေ၏။ အစွမ်းဆုံး အစွံဆုံး ဖြစ်နေသည်။
လူမမာဓာတ်စာကျပြီဆိုလျှင် ထွန်းမြင့်ထံ လာကြ သည်။ စိတ်လည်း ချရသည်။ မရသည့်အခါ မရှိ။
အခါကြီး ရက်ကြီးများအတွက် ဖြစ်စေ၊ အလှူကြီး အတန်းကြီးအတွက် ဖြစ်စေ၊ ဟင်းမည်ထူးထူးလေးများ ထည့်လိုလျှင်လည်း ထွန်းမြင့်ထံ လာရောက်လက်တို့ကြရသည်။ နှစ်ရက်လောက်မျှ ကြိုတင်စကားရိပ်သန်းထားလျှင် ထွန်းမြင့်ကလည်း လိမ္မာပါးနပ်စွာ ပံ့သကူသားအဖြစ် ဖန်တီးယူဆောင်လာနိုင်မြဲ ဖြစ်သည်။
ထို့ကြောင့် ဦးထွန်းကျော်နှင့် စကားနိုင်လုသောအခါ ထွန်းမြင့်က “ခဏတစ်ဖြုတ် သွားရှာလိုက်မယ်” ဟု ပြောခြင်းဖြစ်သည်။ သူ့စကား၌ အဝင့်အကြွားပါသည်ဟု ဦးထွန်းကျော် ယူဆသည်။
အမှန်အားဖြင့် ဦးထွန်းကျော်သည်လည်း သူ့အချိန်အခါက ဗိုလ်ခေါ်ခံခဲ့ရသူ ဖြစ်သည်။ တောလိုက်ဝါသနာပါသလောက် သားကောင်ရ စန်းပွင့်ခဲ့သူတစ်ယောက် ဖြစ်ခဲ့သည်။
သို့သော် အသက်ကြီးလာသောအခါ သားသမီးများက မလျော်တော့ကြောင်း ပြောဆိုကန့်ကွက်ကြ သည်။ ထို့ကြောင့် တောလိုက်ခြင်းကို လျှော့လိုက်ရသည်။ သို့တိုင်အောင်လည်း တစ်ခါတစ်ရံ ဆန္ဒရှိလာလျှင် တိတ်တဆိတ် ထွက်သွားကာ ရှာတတ်သေးသည်။
များသောအားဖြင့် ရွာဝန်းကျင်တစ်ဝိုက်၌ ရှိသည့် ချိုး၊ ခါ၊ ယုန်၊ ဖွတ်၊ ပုတတ်နှင့် ပွေးများကို အရများသည်။
ထွန်းမြင့်က ကြွားဝါနေပြီဖြစ်သဖြင့် ဦးထွန်း ကျော်သည် အစွမ်းပြလိုက်ချင်သေးသည်။
ထွန်းမြင့်စကား၌ “ကိုယ့်အဘိုးရင်းလို သဘောထားပြီး” ဟူသော စကားစုလည်း ပါသည်။ ဤစကားကို ဦးထွန်းကျော် မကြိုက်။ “အဘိုး” ဟူသောစကားကို မကြိုက်ရင်းစွဲ ရှိခဲ့သည့်အပြင် ထွန်းမြင့်က မိမိမြေးမလေး “ရွှေမယ်”ကို မျက်စိကျနေသည်ဟုလည်း ကြားဖူးထားသည်။ ထို့ကြောင့် ထွန်းမြင့်၏စကားသည် အနှောင့်အသွားမလွတ်ဟု သဘောရသည်။
ထိုစဉ် ဦးဖိုးရွှေ၏ သားကြီး ငကြော့သည် ဆွဲချိုင့်တစ်ခုဆွဲလျက် ကွပ်ပျစ်ဆီသို့ လာနေသည်။
“ကဲ … ဘကြီးကျော်က ငါးပုပ်ခြောက် မကြိုက်ဘူးဆိုတော့ ဒါကိုပဲ သုံးဆောင်ပေတော့”
ဦးထွန်းကျော်သည် ချိုင့်ကိုယူ၍ ကြည့်လိုက်ကတည်းက သိလိုက်ပါပြီ။ ဆီထွေး ဖြစ်သည်။ ဆီဆုံတဲ့ထဲ၌ ပျော့စိ (ငပျော့) တစ်ယောက် ဆီကြိတ်နေသည်။ ဆီထွေးကို တင်လဲရည်နှင့် ရောယူလာခြင်း ဖြစ်သည်။
ဆီထွေးနှင့် တင်လဲရည် ရောထားသော ဆီထွေးချိုသည် မြေပဲယိုကဲ့ ချိုဆိမ့်အရသာရှိသည်။ မြေပဲယိုထက် ဆုံထွေးချိုက ပိုကောင်းသည်။ ဦးထွန်းကျော်သည် ဆီထွေးချိုကို ဇွန်းနှင့် ကော်၍ သုံးဆောင်နေတော့သည်။
ထွန်းမြင့်ကို လူငယ်တစ်သိုက်ကမူ ငါးပုပ်ခြောက်ကိုသာ မဲစားနေကြသည်။ စားရင်းကပင် ထွန်းမြင့်က-
“ဘကြီးကျော် အရွယ်ကောင်းစဉ်တုန်းက လောက်စာတစ်ရာပါရင် ပုတတ်အကောင်နှစ်ရာ ရအောင် ပစ်နိုင်တယ်ဆိုတာ အဟုတ်လား ဘကြီးကျော်”
“မင်းတို့ ဘထွေးဖိုးရွှေကို မေးကြည့်ပေါ့”
“ဟုတ်လား ဘထွေးရွှေ”
“ကွယ် … ဒီအကုသိုလ်အလုပ်တွေ ဘာလို ပြန်နွှေးနေချင်ရသလဲ။ ပြီးခဲ့တာတွေ မေ့ထားလိုက်တာ ကောင်းပါတယ်”
ထွန်းမြင့်တိုအဖွဲ့သည် အံ့ဩနေကြသည်။ ဦးဖိုးရွှေ၏ စကားအရဆိုလျှင် လောက်စာတစ်ရာ ပုတတ်နှစ်ရာဆိုတာ ဟုတ်တယ်ဟု အဓိပ္ပာယ်ရနေသည်။
“အဘိုးကျော် လောက်စာတစ်ရာ ပုတတ်နှစ်ရာ ရတယ် ဟုတ်လား”
“မင်းတို့ ကြားတဲ့အတိုင်းပဲလေ”
“အဘိုး သူငယ်တော့ မပြန်ပါဘူးနော်”
“စမ်းချင်သလားကွ”
“စမ်းချင်ဆို စာချုပ်လိုက်မယ်လေ”
“စာမကလို လင်းတပါ ချုပ်ဦး”
“သက်သေလဲ ပါတယ်နော်”
“သက်သေမကလို သက်ရှင်ပါ ပါပစေ”
“ကဲ … ဘယ်နေ့ ထွက်မလဲ”
“မိုးစရွာတဲ့ နေ့ပေါ့ကွ”
“ကောင်းပြီ၊ ဒီပြင် ဘာလိုသေးလဲ”
“အေး … လောက်စာတစ်ရာ မင်းက ယူခဲ့”
“လောင်းကြေးက ဘာလဲ … ဘယ်လိုလဲ”
“မင်းတို စားနိုင်သလောက် ကြက်သား ဝယ်ချက်ကျွေးမယ် ဟုတ်လား။ မင်းကိုက ရှုံးရင် ….”
“အဲဒီအတိုင်းပါပဲဗျာ”
“အေး … စိန်လိုက်”
xxx xxx xxx
နောက်နှစ်ရက်အကြာတွင် မိုးစရွာသည်။ အဦးဆုံးမိုးဖြစ်သည့်အတိုင်း သဲသဲမဲမဲ ရွာခြင်းမဟုတ်။ ပုဆိုး တစွတ်သာ ရွာခြင်းဖြစ်သည်။
ထွန်းမြင့်တို့လူစုသည် ဦးထွန်းကျော်အိမ်သို့ ရောက်လာကြသည်။ အိမ်အပြင်ကတည်းကပင် ဦးထွန်းကျော် ထွက်ခဲ့ဖို့ အော်ခေါ်လာကြသည်။
ဦးထွန်းကျော်ကမူ ခပ်အေးအေး လုပ်နေသည်။ ယခင်က ဘာမှ အချိန်းအချက် မပြုလေဟန် ခပ်တည်တည် လုပ်နေသည်။
သားသမီးတွေ အိမ်မှာ အစုံအညီ ရှိနေကြသည်။ သိသွားပါက အားလုံးကပင် ဝိုင်းအပြစ်တင်ကြမည်။ မသွားဖြစ်အောင် ဖျက်လိုဖျက်ဆီး လုပ်ကြမည်။
ထို့အပြင် ယနေ့ ဥပုသ်နေ့ ဖြစ်နေသည်။ နေ့ကြီးရက်ကြီးမှာ ‘သားထိုး ပျားဖွပ်’ မလုပ်သင့်။ ဘေးက လူတို့ မြင်၍ မသင့်တော်။ အသက်နှင့် အလုပ်က ပြဒါးတစ်လမ်း သံတစ်လမ်း။
ထို့ကြောင့် ထွန်းမြင့်တို့ကို တိုးတိုးတိတ်တိတ် တောင်းပန်လွှတ်လိုက်သည်။
xxx xxx xxx
နောက် သုံးရက်ခန့်အကြာတွင်မူ ဦးထွန်းကျော်ကိုယ်တိုင် ထွန်းမြင့်တို့အိမ်သို့ ရောက်လာသည်။ ခေါင်းပေါ်တွင် ပုဆိုးအိုလေးတစ်ထည် ဆောင်းထားသည်။ လက်ထဲ၌ တုတ်ကောက်ကလေးတစ်ချောင်း ကိုင်ထားသည်။ တောင်ဝှေးနှင့် တူသည်။
ထွန်းမြင့်တို့က ရွာရိုးလျှောက်ပြီး သူ့အတင်း ပြောနေကြသည်ကို ကြားရသဖြင့် မာနနှင့် ထွက်လာခဲ့ခြင်း ဖြစ်သည်။
“ဘယ်လိုလဲ၊ ကြက်သားဟင်း ချက်မကြွေးတော့ဘူးလား အဘိုး”
“အခု တောထွက်ကြမယ်လေ။ မင်းအဖွဲ့ကို စုခဲ့။ ငါ ရွာပြင် အယင်ထွက်နှင့်မယ်”
“တကယ်လား အဘိုးကြီး”
“တကယ်တွေ နှစ်ကယ်တွေ လုပ်မနေနဲ့။ မြန်မြန်ထွက်ခဲ့ကြ။ လောက်စာတော့ ပါအောင်ယူခဲ့”
ဦးထွန်းကျော်သည် ပြောပြောဆိုဆိုပင် တောင်ဝှေးကို ထောက်၍ ထောက်၍ ရွာပြင်သို့ ထွက်သွားလေပြီ။
ထွန်းမြင့်သည် ကပျာကသီ လူစုကြသည်။ စုံလျှင် ခပ်သုတ်သုတ် ထွက်လိုက်ခဲ့ကြသည်။
ရွာနှင့် တစ်ခေါ်လိုက် ရောက်သောအခါ ဦးသာဇ၏ ခင်တန်းဆီမှ သီချင်းသံတကြော်ကြော်ကို ထွန်းမြင့်တို့ ကြားရသည်။
“ညိုမှောင်ရော်ဝါ ရွှေကြာမြသား၊ နီလာစိန်ကြောင်ရွှေ ရွာစေလိုလို ပြိုဟန်က မည်း၊ ခါမိုး ဟုတ်ပါပဲ”
အသံမှာ အောင်မြင်ခန့်ညားလှသည်။ စည်းဝါးတကျလည်း ဖြစ်သည်။ မင်္ဂလာ ဦးအောင်မောင်းကြီး၏ အသံအတိုင်းပင်။
ထွန်းမြင့်တို့ ဦးထွန်းကျော်ကိုမီရန် သုတ်ခြေတင်လာကြသည်။ ပထမတွင် ဦးထွန်းကျော် ဆိုသော သီချင်းသံကို နားထောင်နေကြသေးသည်။နောက်တော့ ပြိုင်ပွဲကို သတိပေးကြသည်။
“ကဲ … အဘိုး စကြရအောင်”
“အမယ်လေး … မင်းတို့ကို စောင့်နေတာပဲ။ အဲ စတာနဲ့ တစ်ပြိုင်နက် မင်းတို့ထဲက နှစ်ယောက်တည်း ငါနဲ့ ကပ်လိုက်ခဲ့။ ကျန်လူတွေက ခပ်ခွာခွာ လိုက်ခဲ့ရမယ်။ ဒါမှ ပုတတ်က မလန့်မှာ”
ဦးထွန်းကျော်သည် ငယ်မှုငယ်သွေး ပြန်ဝင်နေသဖြင့် ဖျတ်လတ်နေသည်။ ရွှင်ပျနေသည်။
ရာသီဥတုကလည်း အကြိုက်ဖြစ်နေသည်။ မိုးရွာ ပြီးစဖြစ်၍ မြေပြင်၌ မိုးစက်ရာများ ထင်ကျန်နေ သည်။ သို့သော် မိုးချုပ်ပြီး နေပြင်းပြင်း ပူလာသဖြင့် မြေငွေ့များ ထနေလေပြီ။ ဤအခါမျိုး၌ ပူစပ်ပူလောင် ဖြစ်လာသည်။ တွင်းအောင်းသတ္တဝါတို့သည် တွင်းထဲ မနေနိုင်ဘဲ အပြင်သို့ ထွက်လာကြမြဲ ဖြစ်သည်။
ဦးထွန်းကျော်သည် ထွန်းမြင့်နှင့် ကံရကို အနီး ခေါ်ထားသည်။ လောက်စာလုံးကောက်ဖို့နှင့် ပုတတ်သယ်ဖို့ ဖြစ်သည်။
ထွန်းမြင့်က ဦးထွန်းကျော်ကို လောက်စာတစ်ပိုက်နှင့် လေးခွတစ်ခု လာပေးသည်။ ဦးထွန်းကျော်က လက်မခံ။ သူ့ ၌ ပါသော တောင်ဝှေးလို ကောက်ကောက် တုတ်ချောင်းကို မြေမှာထောက်ပြီး ခြေထောက်ဖြင့်ကန်၍ ကြိုးတင်နေသည်။ ထိုအခါမှသာ တောင်ဝှေးဟု ထင်ရသော အရာသည် ဝါးကိုင်းလောက်လေး ဖြစ်နေကြောင်း သိရသည်။
ကြိုးတင်ပြီးသွားပေပြီ။ လောက်စာထည့်ပြီး အစမ်း ပစ်ကြည့်သည်။ ပစ်မှတ်ကို မထိ။ တော်တော်ဝေးဝေး ချော်သွားသည်။ လက်နှင့် လောက်လေး ကင်းခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီကော။
ဦးထွန်းကျော်သည် အကြိမ်ကြိမ် စမ်းပစ်နေသည်။ တဖြည်းဖြည်း နီးစပ်လာသည်။ ကျေနပ်လောက်သည့် အနေအထားသို့ ရောက်လာသည်။ ပုံမှန်တော့ မဖြစ်သေး။
ပုတတ် တစ်ကောင်ကို တွေ့လိုက်ပြီ။ ပုတတ်သည် တစ်ရှိန်ထိုးပြေး၊ ရုတ်တရက် ရပ်သွားပြီး မေးကော့နေသည်။
ဦးထွန်းကျော်သည် အနီးသို့ ချဉ်းကပ်သည်။ သေချာလောက်သောအခါ ပစ်လိုက်သည်။ လွဲသွားသည်။
ထွန်းမြင့်က ပြုံးသည်။ သို့သော် ပုတတ်က မေ့မြဲ မေ့နေသေးသည်။ ဦးထွန်းကျော်သည် တစ်ဖန် ထပ်ချိန်ပြန်သည်။ သေချာအောင် အနေအထားကို ပြင်သည်။ ပစ်ထည့်လိုက်သည်။
လွဲသွားပြန်သည်။
ပုတတ်လည်း ပြေးဝင်ပျောက်ကွယ်သွားလေပြီ။
ထွန်းမြင့်နှင့် ကံရတို့က လှောင်ရယ်ရယ်ကြသည်။ ခပ်လှမ်းလှမ်းမှာ ရှိနေကြသည့် ဆိုးပေတို့ထံကိုလည်း လှမ်းအော်ပြောသည်။
“တို့အဘိုးက သိပ်တော်တာပဲ။ မေ့နေတဲ့ ပုတက်ကို သတိဝင်လာအောင် ခြောက်လှန့်ပေးလိုက်တယ်။ ဟား ဟား ဟား”
ဆိုးပေတို့လည်း လှောင်ရယ် ရယ်နေကြသည်။
“လောက်စာတစ်ရာ ပုတတ်နှစ်ရာ ရ မရတော့ မသိဘူးကွ။ ပုတတ်တစ်ကောင်ကို လောက်စာလုံး နှစ်လုံး ကုန်အောင်တော့ ခြောက်တတ်တာ သေချာတယ်။ ဟား ဟား ဟား”
ဦးထွန်းကျော် တည်တည်ငြိမ်ငြိမ်ပင်။ စိတ်ဆိုးဟန်လည်း မပြ။ ရှက်ဟန်လည်း မရှိ။ ဘာမလည်း ပြန် မပြော။
ကျောက်စရစ်ခဲလုံးလေးများကို ရှာယူပြီး သစ်ပင်၊ သစ်ကိုင်း၊ ကျေးငှက်တို့ကို လက်တည့်စမ်း ပစ်ကြည့်နေသည်။ သူ လက်တည့်စမ်းချိန်၌ ပုတက်များ အလိုလို ပြေးသွားနေသည်ကို တွေ့ရသည်။
ထွန်းမြင့်ကမူ လက်ယားနေသည်။ ဦးထွန်းကျော် အမူအရာကို လှမ်းကြည့်ပြီး
“ဘယ်လိုလဲ အဘိုး၊ မပစ်တော့ဘူးလား”
“လက်စမ်းနေရသေးတယ် ကွ”
“စမ်း … စမ်း၊ နေဝင်အောင် စမ်း။ ပုတတ် ပစ်တယ်ဆိုတာ ဒီလိုပစ်ရတယ်၊ ကြည့်”
ပြောပြောဆိုဆို လေးခွနှင့် ပစ်ထည့်လိုက်သည်။ ပုတတ်မှာ လောက်စာကြောင့် ရှပ်တိုက်ပါသွားသည်။ တုတ်တုတ်မျှ မလှုပ်နိုင်ဘဲ ပြားပြားဝပ်သွားသည်။
ထွန်းမြင့်သည် ပုတတ်အမြီးကို ကိုင်ပြီး ဆိုးပေတို့ကို မြှောက်ပြနေသည်။ ဆိုးပေတိုကလည်း သူတို့၌ ချိုးငှက်တစ်ကောင်ရကြောင်း ပြန်ပြောသည်။
ဦးထွန်းကျော်သည် ဂရုတစိုက် လက်တည့်စမ်းကြည့်သည်။ ဆယ်ကြိမ်လောက် စမ်းမိသောအခါ ကျေနပ်သောအဆင့်သို့ ရောက်လာသည်။ တဖြည်းဖြည်း ရှေ့ဆက်လျှောက်ကြရင်း ပုတတ်ကို ရှာလာကြသည်။
ရာသီဥတုကား သူတို့အကြိုက် ဖြစ်နေသည်။ နေကျကျပူလိုက်၊ မိုးအုံ့လာလိုက် ဖြစ်နေသည်။ ပူလောင်အိုက်စပ်နေသည်။ ပုတတ်များကို အလျှိုလျှို တွေ့ကြရသည်။
ဦးထွန်းကျော်သည် ပုတတ်တစ်ကောင်ကို ရွေးသည်။ ကြီးကြီးတစ်ကောင် ဖြစ်သည်။ စိတ်ချရမှ ပစ်လွှတ်လိုက်သည်။ ပုတတ်ကြီး လိမ့်သွားသည်။ အကောက်မြန်သဖြင့် ရလိုက်သည်။ ချက်ကောင်း မှန်ုခြင်း မဟုတ်၍ မြန်မြန်မကောက်ပါက လွတ်သွားနိုင်သည်။
ထွန်းမြင့်တိုကမူ အလှောင်မပျက်၊ အပြောင်အပျက်။ ကြက်ကန်းဆန်အိုး တိုးခြင်းလောက်သာ သဘောထားကြသည်။
ဦးထွန်းကျော်သည် တခဏအတွင်းမှာပင် ခပ်လှမ်းလှမ်းရှိ နောက်တစ်ကောင်ကို ခပ်ပြင်းပြင်း ဆွဲပစ်လိုက်သည်။
ဖျောင်းခနဲ မြည်သံ ထွက်သွားသည်။ ပုတတ်ကို မှန်၍ မြည်ခြင်းမဟုတ်။ လောက်လေးကိုင်း ကျိုး သွား၍ မြည်ခြင်းဖြစ်သည်။
ပထမပိုင်းတွင် အားလုံး ကြောင်ကြည့်နေကြသည်။ နောက်တွင် ထွန်းမြင့်တို့အဖွဲ့က ဝိုင်းရယ်ကြသည်။
ဦးထွန်းကျော်ခမျာ အသက်ပင်ကြီးသော်လည်း ငယ်စိတ် ပြန်ဝင်နေပြီဖြစ်သဖြင့် မခံချင်စိတ်လည်း ပြင်းနေသည်။ တရော်သားတစ်ချောင်း ဖြောင့်ဖြောင့်ရအောင် ရှာသည်။ စိတ်တိုင်းကျ ရသည်။ တရော်သားကို ရင်းဖျားညီအောင် သပ်သည်။ လောက်လေးကိုင်းဖြစ်အောင် ခုတ်ထစ်ပြုပြင်သည်။
ထွန်းမြင့်တို့အုပ်စုသည် ဦးထွန်းကျော်ကို အာရုံမစိုက်တော့ဘဲ မိမိတို့ဘာသာ သားကောင်များကို ရှာဖွေ ပစ်ခတ်နေကြသည်။ သူတို့သည် သားကောင် အလိုက်အလျောက် ရနေကြဟန် တူ၏။
ဦးထွန်းကျော်သည် မိမိတစ်ဦးတည်း စိတ်တိုင်းကျ လက်တည့်စမ်းနေလေသည်။ အရေးပေါ် ဖန်တီး ထားရသော လောက်လေးသည် အခြေအနေမဆိုး။ လောက်စာ မကုန်ရအောင် ကျောက်စရစ်ခဲများဖြင့် လက်တည့်စမ်းနေသည်။ ဆယ့်လေးငါးကြိမ်မျှ စမ်းမိသောအခါ အတော်ကို ကျေနပ်လာသည်။
“ဟေ့ ထွန်းမြင့်၊ ကံရ”
“ဗျို့ … ဘာလဲ”
“ဒီကို လာခဲ့ကြလကွာ”
“ဘာ အလုပ်ရှုပ်ဦးမလို့လဲ”
“ပြိုင်ပွဲ စတော့မယ်လေ”
“ဟား ဟား ဟား။ ဆိုင်းကလဲ ဝါးခြမ်း၊ လူကလဲ အကန်း၊ ကဲ ဆရာ ရေ့ … ရမ်းတီးပေရော့”
ဦးထွန်းကျော် ကိုယ်တိုင်ပင် ဝင်ပြုံးလိုက်သည်။ သူ့ အပြုံး၌ သီးခြားအဓိပ္ပာယ် ရှိသည်။
ပုတတ်တွေက အလွန်ပေါသည်။ ကြာကြာ လိုက်ရှာရသည် မရှိ။ ဟိုနားက ချွတ်ချွတ်၊ သည်နားက ချွတ်ချွတ် ပေါ်ပေါ်လာသည်။
ဦးထွန်းကျော်က ထွန်းမြင့်တို့ကို မျက်ရိပ်ပြပြီး ပုတတ်ဆီ ကြည့်ခိုင်းသည်။ ကြည့်နေကြစဉ် ဦးထွန်းကျော်က ပစ်ထည့်လိုက်သည်။ ဖတ်ခနဲ ကပ်နေသည်။ ပုတတ်လေး ပြားကပ်သွားသည်။
ဦးထွန်းကျော်က ကံရကို မေးငေါ့ပြပြီး ကောက်ခိုင်းသည်။ ကံရက ပြုံးတွေတွေနှင့် သွားကောက်ယူလာသည်။ ဦးတွန်းကျော်က ခေါင်းယမ်းပြသည်။ လောက်စာလုံးကို မေးထိုးပြသည်။ လောက်စာတုံးကိုပါ ပြန်ကောက်ခဲ့ရန် ဖြစ်သည်။ ထိုအခါမှာ ကံရတို့ ရိပ်မိသလိုလို ဖြစ်လာသည်။
ပုတတ်ကိုလည်း ရလိုက်သည်။ လောက်စာလည်း မဆုံး။ ထို ကောက်ယူခဲ့သော လောက်စာဖြင့်ပင် နောက်တစ်ကောင်ရအောင် ပစ်ယူနိုင်ခဲ့သည်။
ဦးထွန်းကျော်သည် လောက်လေးအပေါ် ရော မိမိလက်အပေါ်ကိုပါ အလွန်အားရလာသည်။ မုချ နိုင်ပြီ ဟု သဘောထားလိုက်သည်။ မိမိလက်ကို စိတ်ချလက်ချ အားထားပြီး ပစ်ခဲ့၍လား မသိ။ နောက်ထပ် လောက်စာတစ်လုံးတည်းနှင့်ပင် ပုတတ် ငါးကောင်ထိ ရလိုက်လေပြီ။ ပစ်ပြီးတိုင်း ပုတတ်ရော လောက်စာပါ ပြန်ပြန်ကောက်ယူနိုင်ခဲ့သည်။ ထို့ကြောင့် လောက်စာတစ်လုံး ပုတတ် ငါးကောင်ရခြင်း ဖြစ်သည်။ ဤနှုန်းအတိုင်း သွားပါက လောက်စာ တစ်ရာကုန်လျှင် ပုတတ် နှစ်ရာကျော် သုံးရာလောက်ထိ ရနိုင်နေပေပြီ။
“ဟေ့ ကောင်လေးတွေ … ဘယ့်နှယ်လဲ၊ ဆက်ပြိုင်ရဦးမလား”
“အံမာ … ပြိုင်ပွဲဆိုတာ ပြီးဆုံးမှ အနိုင်အရှုံး ဆုံးဖြတ်လို့ရတာ။ ပြီးအောင် ပြိုင်ရမှာပေါ့”
“အေး … အခု အနေအထားကိုသာ မင်းတို့ နှလုံး သားထဲ စွဲထားပါ။ နိုင်တာ ရှုံးတာက ပဓာန မဟုတ်ပါဘူး””
“ဘာရမလဲ အဘိုးကြီး၊ ပြီးအောင် ပြိုင်ပေါ့၊ မပြီးရင် အရှုံးလို သတ်မှတ်မှာပဲ”
“မင်းတို့က သတ်မှတ်ချင်လဲ သတ်မှတ်ပါ။ လောက်စာ ဆယ့်ငါးလုံးလောက်နဲ့ ပုတတ် လေးဆယ်ရအောင် ပစ်နိုင်တယ်ဆိုတာတော့ မင်းတို့ သိပြီနော်။ ငါက ရှုံးတယ်ဆိုတဲ့သဘောနဲ့ ကြက်သားဟင်း ချက်ကျွေးရမယ်ဆိုလဲ ကျွေးပါ့မယ်။ ဘာပဲဖြစ်ဖြစ် ငါတော့ ပြန်တော့မယ်”
ပြောပြောဆိုဆို ဦးထွန်းကျော် ရွာဘက် လှည့်ပြန်လေပြီ။
ခပ်လှမ်းလှမ်းရောက်မှ အော်ဟစ် သတိပေးရှာသည်။
“ဟေ့ကလေးတွေ၊ တောဆိုတာ အန္တရာယ်ရှိတယ်။ အစစအရာရာ သတိထားကြနော်”
xxx xxx xxx
ထွန်းမြင့်သည် ပုတတ်ကို ပဓါန မထားတော့။ ယုန်ကို ရှာသည်။ မရ။
ကုန်ကုန်ပြောရလျှင် ခါကလေး တစ်ကောင်တလေပင် မရ။
လာဘ်ဆိုးသော နေ့ပင်တည်း။
အမြင်မတော်တိုင်း ပစ်မိသဖြင့် ရလာသော ပုတတ်ကတော့ တစ်ရာအောက် မနည်းတော့ပြီ။ ချိုးလည်း သုံးကောင် ရသည်။
နေစောင်းလှပြီ။ လူလည်း ပင်ပန်းလှကြပြီ။ ရွာကို ပြန်ဖို့ စိတ်ကူးမိကြသည်။ သိပ်မပြန်ချင်ကြသေး။ တွေးမိတိုင်း စိတ်ဓာတ်ကျရသည်။
လောင်းကြေးအနေဖြင့် မိမိတို့က နိုင်သည်ဟု ပြောနိုင်သော်လည်း စိတ်ဓာတ်အားဖြင့်မူ မိမိတို့ ရှုံးနေကြလေပြီ။
ထို့ကြောင့် ရွာထဲ မဝင်ချင် ဖြစ်နေကြသည်။
“ဟေ့ ဟေ့ … ဟိုမယ် တွေ့လား … ဖွတ်ကြီး”
ညွှန့်မောင်က သစ်ပင်ကိုင်းခြောက်တစ်ခုဆီသို့ လက်ညှိုးထိုးပြသည်။
“ဟယ် … ဟုတ်တယ်ဟ၊ နည်းတဲ့ကောင်ကြီး မဟုတ်ဘူး”
သူတို့အားလုံး ပျော်သွားကြသည်။ သို့သော် ရင်တော့ ခုန်နေသေးသည်။
သူတို့သည် လက်နက်ကိုယ်စီဖြင့် ဖွတ်ကြီး မရိပ်မအောင် သစ်ပင်ခြေသို့ ကပ်ကြသည်။ ထွန်းမြင့်သည် ယာထိုးခက်ရင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။ ကံရကို သစ်ပင်ပေါ် တက်ဖို့ ညွှန်ပြသည်။
အားလုံး သစ်ပင်ခြေမှာ ဝိုင်းရံကာ အသင့်အနေအထားဖြင့် စောင့်နေကြသည်။
သစ်ပင်ပေါ်တက်သည့် ကံရ ခွဆုံအရောက်တွင် ဖွတ်ကြီးသည် ပင်မဘက်သို့ ဦးလှည့်ပြေးလာသည်။ ပင်စည်သို့ မရောက်မီမှာပင် မြေပြင်သို့ ခုန်ချလိုက်သည်။
အောက်ကလူများက ဝိုင်းဝန်းရိုက်ကြသည်။ တစ်ယောက်မျှ မရိုက်မိ။ တစ်ချက်မှ မထိ။
ဖွတ်ကြီးသည် ပင်ခြေရင်းရှိ မြေတွင်းထဲသို့ ဝင်ပြေးတော့သည်။ ဖွတ်က သိပ်ကြီးသည်။ သုံးပိဿာလောက်များ ရှိမလား မသိ။ တွင်းထဲပင် ဝင်သော်လည်း အမြီးဖျားလေးကို မြင်နေရသည်။
သူတို့သည် တွင်းကို ဓားနှင့် တူးကြသည်။ အပေါ်ဘက်က သစ်ပင်ဖြစ်နေသဖြင့် ခုတ်ဖဲ့ တူးဖြတ်ဖို့ ခက်နေသည်။ အောက်ဘက်မြေသားကိုသာ ခက်ခက်ခဲခဲ တူးဖြိုနေရသည်။
တဖြည်းဖြည်းနှင့် အမြီး တစ်ထွာလောက် ပေါ်လာသည်။
အမြီးကို ဝိုင်းဆွဲကြသည်။ ဆွဲ၍ မရ။ ဆွဲရဖန်များတော့ အရေခွံကျွတ်ထွက်သွားသည်။
ဆက်တူးကြပြန်သည်။ နောက် ခြေထောက်ကိုပင် မြင်ရပြီ။ ဝိုင်းဆွဲကြပြန်သည်။ ဆွဲ မရ။
ဖွတ်များသည် အတွယ်အကပ် မြဲသည်ဆိုသော စကားကို လက်တွေကျမှ ယုံကြရတော့သည်။
ထွန်းမြင့်သည် အားမလို အားမရ ဖြစ်လာသည်။ ဒေါသလည်း ဖြစ်လာသည်။ ဖွတ်လက်ကို ဆွဲထုတ်ဖို့ လက်နှင့် တွင်းထဲ နှိုက်သည်။ တစ်ချက်အနှိုက်တွင် ဒက်ခနဲ အကိုက်ခံရသည်။
“ဟာ … ဖွတ်က ကိုက်တယ်ဟ”
“မကိုက်ပါဘူးကွာ၊ ဆူးစူးတာ ဖြစ်မှာပါ”
“ဟာ ကိုက်ပါတယ်ဆို၊ ကြည့်ပါဦး”
ဟုတ်ပါသည်။ လက်ညှိုးတွင် အစွယ်ရာ နှစ်ခုမှ သွေးများ စိမ့်ထွက်နေသည်။
“ဒီဖွတ်တော့ကွာ။ အစိမ်းလိုက် ကိုက်ဝါးပစ်မယ် ဖယ်ကွာ၊ ငါ ထပ်နှိုက်မယ်”
ထွန်းမြင့်သည် တစ်ဖန် နှိုက်ပြန်သည်။ ခေါင်းကို ဆုပ်မိအောင် တိုးပြီး နှိုက်သည်။
ဒက်ခနဲ အကိုက်ခံလိုက်ရပြန်သည်။ ခေါင်းထဲက မိုက်ခနဲ ဖြစ်သွားသည်။
လက်ကို ပြန်ဆုပ်လိုက်ရသည်။ မျက်စိထဲက ပြာပြာလာသည်။
ထိုစဉ် ဘိုးငွေမောင် ရောက်လာပြီး အခြေအနေကို သိလိုက်ရလျှင် ဘိုးငွေမောင်က
“ဟေ့ ဒီလိုမလုပ်နဲ့။ သစ်ကိုင်းတစ်ခု ခုတ်၊ ဗိုက်အောက်က ထိုးထည့်၊ ပြီးမှ ဆွဲထုတ်ရတယ်”
ကပျာကသီ သစ်သားခုတ်ပြီး သစ်သားကို ဖွတ်အောက်ကို ထိုးထည့်ကြသည်။ ပြီးလျှင် အားလုံး ဝိုင်းဆွဲကြရာ သစ်သားတုံးနှင့်တကွ ဖွတ်ကြီးပါ ပါလာတော့သည်။
“ဟယ်”
“ဟာ”
“ဟင်”
“အဲဒါမှ ကိုယ်ကျိုးနည်းပါပေါ့လား”
အားလုံး ထိတ်လန့်တုန်လှုပ်ကုန်ကြပြီ။ မြင်ကွင်းကား ကြောက်စရာ ကောင်းလိုက်ပါဘိ။
ဖွတ်ကြီးသည် သစ်သားတုံးကို ဖတ်ထားသလို လက်တဖက်ကလည်း မြွေပွေးကြီး​၏ ခါးကို ဖတ်ထားသည်။ ထို့ကြောင့် ဖွတ်ကြီးနှင့်အတူ သစ်သားတုံးရော မြွေပွေးကြီးပါ တပေါင်းတည်း ပါလာလေပြီ။
မြွေကြီးမှာ ခါးပေါက်အောင် အကုပ်ခံထားရသဖြင့် တလွန့်လွန့်ဖြစ်ရင်း ဒေါသထနေသည်။ ဒေါသထနေခိုက် ထွန်းမြင့်၏ လက်က ဝင်လာသဖြင့် လက်ကိုပင် အငြိုးတကြီး ဖမ်းကိုက်လိုက်ခြင်း ဖြစ်သည်။ ဖွတ်ကိုက်သည်ဟု အထင်မှားခဲ့ကြပြီ။
ကံရ က ဖွတ်ကိုရော မြွေကိုပါ ရိုက်သတ်လိုက် သည်။ ဖွတ်ကြီးက ကြီးသလောက် မြွေကြီးက ကြောက်စရာ ကောင်းလှသည်။
ထွန်းမြင့်မှာမူ လဲနေပေပြီ။
သူတို့သည် တတ်သမျှ မှတ်သမျှ ရွတ်ဖတ်ကြသည်။ တောမမှီနိုင်စေရန် ကျင်ငယ်ရေများဖြင့် ပက်ဖြန်းကြသည်။ မြွေမြီးမျိုလျှင် မြွေဆိပ်ပြယ်သည်ဟု ကြားဖူးသည်။ မြွေမြီးကို ဖြတ်ပြီး ထွန်းမြင့်ပါးစပ်ထဲ ထည့်ကြသည်။ မျိုခိုင်းကြသည်။
သို့သော် မြွေမြီးကို ဝင်အောင် မျိုချ၍ မရနိုင်တော့ပေ။
သူတို့သည် ထွန်းမြင့်ကို ဝိုင်းဝန်းချီပိုးကြသည်။
နေကလည်း ဝင်အံ့ဆဲဆဲ ဖြစ်၏။ရွာဘက်ကို အမြန်ဆုံး ထမ်းပိုးသယ်ယူကြသည်။
ထွန်းမြင့်ကား သိပ်မဟန်တော့။ သွေးများ အန် အန် လာသည်။ သတိ လစ် လစ် လာသည်။
ရွာတံခါး ဝင်ခါနီးတွင် အသက်ကုန်သွားတော့သည်။ ထွန်းမြင့်ခမျာ ရွာထဲဝင်ခွင့် မရနိုင်တော့ပြီ။ ရွာပြင် သေသော မသာကို ရွာထဲသို့ သွင်းလေ့မရှိကြပေ။
“တောဘုရင်ခမျာ တောမှာပင် စံရတော့မှာပါကလား”
ဦးထွန်းကျော်ခမျာ ထွန်းမြင့်အတွက် စိတ်မကောင်း ဖြစ်ရသည်။ ပို၍ စိတ်မကောင်းရခြင်းမှာ ထွန်းမြင့် မသာကို လိုက်မပို့ရခြင်းကြောင့်တည်း။
မနေ့က နေပူကျဲကျဲကြီးထဲမှ ပြန်လာပြီး ရေချိုးမှားပြီး အပူလျှပ်ကာ ဖျားနေသောကြောင့်ပါတည်း။
စံပယ်ဦး မြန်မာဝတ္ထုတိုမဂ္ဂဇင်း
အမှတ် – ၆၁
ဖေဖော်ဂါရီလ – ၁၉၉၀
– ပြီး –
စာရေးသူ – အောင်နိုင် (တက္ကသိုလ်)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ 2.0
(အောက်က Telegram ကို Joint ထားကြပါဗျ)

Leave a Reply

Your email address will not be published. Required fields are marked *