မိချမ်းဝေ
မိန့်မူးမင်းမူ
ကျယ်လောင်ပြီး စူးရှရှည်လျားတဲ့ သံရှည်တစ်ခု
ကြောင့် တစ်ဝက်တပျက် သေဆုံးခြင်းနဲ့ မိတ်ဆွေဖွဲ့နေတဲ့ ငါ့ရဲ့အာရုံကြောတွေကို လှုပ်နိုးလိုက်သလို ဖြစ်သွားတယ်။
ပွင့်လာတဲ့ မျက်လုံးများမှတဆင့် အမြင်အာရုံများ ဝင်ရောက်လာခြင်းကို နိုးထခြင်းလို့ သတ်မှတ်နိုင်မယ်ဆိုရင်တော့ ငါ ထာဝရအိပ်ပျော်နေချင်စမ်းပါရဲ့။
ရောင်နီရဲ့ ရှေ့တော်ပြေး အဲဒီဘဲလ်ဆွဲသံရှည်ကြီးကို ငါတို့လှေသားတွေအားလုံး မုန်းကြတယ်။ ကိုယ့်ကိုယ်ကို မပိုင်၊ မြစ်ထဲ ပစ်ချထားခဲ့ရတာ ကြာပြီမို့ အလိုမကျမှုများနဲ့ နေသားတကျ လိုက်လျောညီထွေ နေတတ်ခဲ့တာ ကြာတောင့် ကြာရှည်ခဲ့ပြီ။
အိပ်ချင်စိတ် ဆန္ဒမြင်းရိုင်းတွေ ဇက်ဖြေလွှတ်ချပြီး တစ်တစ်နေ့တာရုန်းထမှုများ စတင်ဖို့ ခြေလှမ်းစလိုက်ချိန်မှာ ‘စွန်ရဲ(၁)’ ရဲ့ လေးဘက်လေးတန်မှာ ဆလိုက်မီးတွေ ထွန်းညှိထားလိုက်တာများ ပါရီမြို့ကြီး ပင်လယ်ထဲ ရောက်နေသလား ထင်ရတယ်။
စက်ရှိန် လျော့ထားတဲ့အတွက် ဖျော့တော့တော့ အင်ဂျင်စက်သံဟာ ကြားနေကျ သံစဉ်တေးသွားတစ်ပုဒ်လို အပိုအလိုမရှိ ကွက်တိပါပဲ။
လှေလည်း ကျောက်ချထားပြီ။ ဆလိုက်မီးလည်း ထွန်းညှိထားပြီ။ ငါတို့မုန်းတဲ့ ဘဲလ်သံရှည်လည်း ဆွဲပြီးပြီဆိုရင် ငါးအုပ်ကို တွေ့ထားပြီဆိုတာ ဘယ်သူ့ ဘယ်သူမှ မေးစရာမလိုတော့ပါဘူး။
မြန်မြန်ထ၊ သွက်သွက်လုပ်၊ မလှုပ်တလှုပ် လုပ်နေလို့ကတော့ ရေရှူးရဲ့ခြေထောက်က အတောင်ပေါက်ပြီး ရောက်လာလိမ့်မယ်။ ဆဲရေးသံတွေနဲ့ ထုံမွှန်းထားလေ့ရှိတဲ့ ပဲ့နင်းကြီးရဲ့ အာသံ လျှာသံ မကြားရခင် ငါတို့တတွေ မီးဖောင်တွေပေါ်က ဂတ်စ်အိုးတွေ မီးထွန်းလို့ အလုပ်စနေကြပါပြီ။
မီးဖောင်တစ်စင်းမှာ ဂတ်စ်အိုးသုံးလုံး၊ မီးဖောင်နှစ်စင်းဆိုတော့ ဂတ်စ်အိုးခြောက်လုံး ထွန်းကြရမယ်။ ဆလိုက်မီးတွေ လေးဘက်လေးတန် ထွန်းထားလို့ လက်လက်ဖြာနေတဲ့ ရေပြင်ပေါ်မှာ သံပြားကွပ်ဖော့ပြား ဖောင်နှစ်စင်းဟာ ထိန်ထိန်လင်းနေတဲ့ ဂတ်စ်အိုးတွေ ထမ်းပိုးပြီး ဆောင့်ကြွားကြွား လျှောက်သွားဖို့ ဟန်ပြင်နေတုန်း ငါတို့လူနှစ်ယောက်နဲ့ ပဲ့ချိတ်လှေတစ်စီးဟာ ဖောင်ကို ထိန်းမတ်ဖို့ လိုက်ဆင်းသွားတာ တွေ့ရတယ်။
ရေစီးနဲ့အတူ ဖောင်လွင့်ထွက်မသွားစေဖို့ ပဲ့ချိတ်နဲ့ဖောင်ကို ထိန်းထားတဲ့ ကြိုးကတော့ ရေပြင်ကျယ်ထက်မှာ ပေါ်ချည်မြုပ်ချည်။
လောကကြီးမှာ ကိုယ်လိုချင်တာရအောင် ဆွဲဆောင်ခြင်းဟာ တရားမျှတမှု ရှိပါရဲ့လား။ လောကထဲက လောဘသားတွေပီပီ ကိုယ်ရဖို့တစ်ခုအတွက် နှစ်ခု သုံးခု ရင်းနှီးရတာဟာလည်း အစဉ်အလာတစ်ရပ်လို ဖြစ်နေခဲ့ပြီ။
ငါက မင်းရဲ့အချစ်တွေ ရဖို့အတွက် ဘာတစ်ခုမှ မရင်းနိုင်ခဲ့ဘူးဆိုတာ မင်းကောင်းကောင်း သဘောပေါက်ခဲ့မယ်ဆိုရင် သွားစွယ်ကလေးတွေ ပေါ်အောင်တောင် မင်းရယ်နိုင်တော့မှာ မဟုတ်ပါဘူး။ ငါ့မှာ ချမ်းသာတဲ့ အချစ်တစ်ခုတည်းကလည်း မင်းအတွက် အသုံးမတည့်တဲ့ ဘက်ထရီအိုးပျက်တစ်ခုလို ဖြစ်နေတာမို့
ဆွဲသော်လည်း မဆောင်သာတဲ့အဖြစ်ကို ရောက်ခဲ့တာ ငါ့ကိုယ်ငါ အသိဆုံးပါ။
ဂါဝန်ရှည်ကြီးကိုဝတ်ပြီး ကျောပိုးအိတ်သေးသေးလေးကို လွယ်လို့ မြို့ပြရဲ့ မဂ္ဂဇင်းလမ်းမပေါ်က နုဆတ်သစ်လွင်တဲ့ ပန်းကလေးတစ်ပွင့်ကို ငေးရီ ကြည့်ဖူးတဲ့ ညနေခင်းတွေဟာ အမှန်တကယ် ရှိခဲ့တာပါ။ မင်းဆီက တစ်စုံတစ်ရာရဖို့အတွက် ငါ့ဘက်က တစ်ခုကလေးတောင်မှ ပေးနိုင်ခွင့်မရှိတဲ့ ငါဟာ ငေးမောနိုင်ခွင့်ကလေးကိုတော့ ထာဝရဖက်တွယ်ထားပါရစေ။
ပင်လယ်ထဲ ငါလှေတစ်ခေါက် လိုက်ထွက်လို့ရတဲ့ ငါ့ရဲ့လစာဟာ မင်းရဲ့ဖိနပ်ကလေးတစ်ရံစာတောင် မရှိဘူးဆိုတာ သိတဲ့နေ့က ငါ့ရဲ့အသည်းတွေကို ကြောင်ငယ်ရပ်ကွက်က ဦးအုန်းသင်အရက်ဆိုင်မှာ ချိတ်ဆွဲထားခဲ့တယ်ဆိုတာ မင်း ဘယ်သိနိုင်မှာလဲ စင်ဒရဲလားလေးရယ်။
ငါးစာရှိမှ ငါးလာသတဲ့။ ငါ့မှာတော့ ငါးစာတောင် မရှိခဲ့ပါလား။ ငါးစာမပါဘဲ ငါးလာအောင်လုပ်နည်း ကတော့ မီးနဲ့ ဆွဲဆောင်ခြင်းပါပဲ မိန်းကလေးရေ။ အခု ငါတို့ ငါးတွေကို မီးနဲ့ ဆွဲဆောင်နေကြတယ်။ ငါးရှိနိုင်လောက်တဲ့ နေရာမှာ မီးဖောင်တွေချပြီး ငါးတွေကို ခေါ်နေပြီလေ။
ပိုးဖလံမျိုးမဟုတ်တဲ့ ငါးတွေဟာ ဘာလို့ မီးကိုတိုးကြပါလိမ့်။ ဘာလို့ မီးကို ကြိုက်ကြပါလိမ့်။
အန္တရာယ်ကို မမြင်ဘဲ မီးရောင်အောက်ကို စုဝေးရောက်ရှိပြီး လူတွေရဲ့ လှည့်စားမှုထောင်ချောက်ထဲ သက်ဆင်းကျရောက်ရတာ ဆန်းကျယ်တဲ့ သဘာဝတစ်မျိုးပါပဲ။
ဖောင်ထိန်းတဲ့ လှေကလေး ရေထဲရောက်တယ်ဆိုရင်ပဲ စွန်ရဲရဲ့ လေးဘက်လေးတန်မှာ ထိုးထားတဲ့ ဆလိုက်မီးတွေ အကုန်ငြိမ်းလို့ ပွိုင့်မီးစိမ်းကလေးလောက်သာ ထွန်းထားချိန်မှာတော့ ဝန်းကျင်တစ်ခွင်လုံး အမှောင်ထုက ကြီးစိုးလာပြန်တယ်။ ဝပ်အားနည်းတဲ့ စိမ်းတောက်တောက် မီးသီးကလေးရဲ့ အောက်မှာ ငါတို့ဟာ ရုပ်ရှင်ရုံထဲမှာ ထိုင်နေရသလို အမြင်တွေ ဝေဝါးသွားရပြန်တယ်။
ရေပြင်ကျယ်ထက်မှာတော့ မီးဖောင်တဝိုက်မှာသာ အလင်းရောင်တွေ စူးရဲဖြာထွက်နေပြီး ငါးတွေကို စည်းရုံးခေါ်ငင်နေလေရဲ့။
ဒီအချိန်မှာ စွန်ရဲဟာ ကျောက်ဆူးနှုတ်ပြီး အပြင်ဘက်ကို ပတ်မောင်းနေပါရော။
ငါးဆရာကတော့ ငါးအုပ်နဲ့ လှေအကွာအဝေး ချိန်နေပြီလေ။
လောကကြီးမှာ ကိုယ်လိုချင်တာရဖို့အတွက် အချိန်အဆလည်း လိုသေးတယ် မိန်းကလေးရေ။ ချိန်သားကိုက်မှ ဟန်ချက်ညီတယ်။ ဟန်ချက်ညီမှ တန်ရာတန်ကြေး ရမယ်ပေါ့။
လူကို ရောင်းကုန်ပစ္စည်းအဖြစ် သတ်မှတ်ခဲ့တာ ရာစုနှစ် အတော်များများ ကြာခဲ့ပြီထင်ပါရဲ့။
ဘယ်သူက ဘယ်သူ့ကို ဘယ်လောက်နဲ့ တင်တောင်းတယ်ဆိုတဲ့ ငွေစကား ကြေးစကားတွေနဲ့ လူရဲ့ တန်ဖိုးကို ဖြတ်တောက်ချိန်တွယ်ခဲ့ကြတာ ကြာခဲ့ပါပြီ။
ငါ့မှာ မင်းနဲ့အညီ ခြင်တွယ်ချိန်ဆနိုင်တဲ့ တန်ကြေးမရှိနိုင်တဲ့ ကာလမှာ တန်ကြေးမပေးရဘဲ စိတ်ကူးတွေနဲ့ မိန့်မူးမြူးပျော်နေတာ ရူးသွပ်ခြင်းတစ်မျိူးပါပဲကွာ။
xxx xxx xxx
အနားသတ်မျဉ်းတစ်ကြောင်းရဲ့ထိပ်မှာ ရောင်နီတစ်စ မြင်ရချိန်မှာတော့ လတစ်ခြမ်းပဲ့ကလေးက ခပ်မဲ့မဲ့ နှုတ်ဆက်နေပါပြီ။ နေ့သစ်တစ်နေ့ရဲ့ လန်ဗန်းဆန်းသစ်လွင်မှုတွေဟာ နွေးထွေးညံ့သက်နေပေမယ့် ငါ့ရဲ့ကိုယ် စိတ် ကျန်းမာရေးကတော့ ချူချာနေဆဲပါ။ တစစ်စစ်ကိုက်နေတဲ့ အနာဆိပ်မှတစ်ဆင့် အဖျားဝင်ပြီး မျက်လုံးမဖွင့်နိုင်အောင် ကိုက်ခဲနာကျင်မှုတွေကို ကြိတ်မှိတ်ခံစားရင်း မနေ့က အဖြစ်ကလေးကို ပြန်တွေးနေမိတယ်။
မုဆိုးဟာ သားကောင်မဖြစ်ဖို့ လိုသလို တံငါသည်ဟာလည်း ရေမနစ်ဖို့ လိုသည်။ ပိုက်သမားကတော့ ကိုယ့်ပိုက်ကိုယ် ပြန်မတိုးမိဖို့ လိုတာပေါ့။
ပင်လယ်ထဲ အကျမတော်လို့ ကိုယ့်ပိုက်မှာ ကိုယ်ပြန်မိပြီး အသက်ဆုံးဖူးတဲ့ တံငါပုံပြင်တွေဟာ ငါတို့ကို ခြောက်လှန့်နေဆဲပါ။
မနေ့ကတော့… မနေ့တုန်း ကတော့… ။
ငါးတွေကို ဝိုင်းတော့မယ်ဆိုတော့ ပိုက်အစတွေကို တစ်ဘက် သုံးယောက်ကိုင်ပြီး တိုင်မင်နဲ့ညီညီ ဝမ်း၊ တူး၊ သရီး၊ ဖိုး အော်ပြီး ရေမှာချနေတုန်းက ငါဟာ လန်းဆန်းတက်ကြွမှုတွေ အပြည့်နဲ့ပါ။
ဒီအချိန်မှာ ငိုက်နေလို့ မရဘူး၊ ငိုင်နေလို့ မရဘူး။ ငေးငိုင်တွေဝေနေလို့ တိုင်မင်နဲ့ညီအောင် မချနိုင်ရင် နောက်ကျတဲ့ကောင် ရေထဲကျပေရော့။
ဒီအချိန်မှာ ငါ့ရဲ့စိတ်တွေဟာ မင်းရဲ့ကျောပိုးအိတ်ကလေးထဲ ရောက်နေလို့ မဖြစ်ဘူး မိန်းကလေးရေ။ ဒီလို ပိုက်ဝိုင်းပြီဆိုရင် လှေသားတစ်ယောက်ဟာ ရေထဲဆင်းပြီး ဘော့သီးတွေရဲ့ ကွင်းကလေးတွေထဲ ကြိုးစကို လိုက်လျှိုထည့်နေရတယ်။ ပိုက်ဆွဲတော့ မယ်ဆိုရင် ကြိုးက ဘော့သီးကို ကူညီပြီး ဆွဲနိုင်အောင်လို့ပေါ့။
ကောင်းပြီ … ငါးကလည်း ဗိုက်ထဲမှာပြည့်ပြီ။ ဘော့သီးထိပ်က (ရေပုံးဆယ်တဲ့) ချိတ်နှစ်ခု ချိတ်မိရင် ပိုက်အစ ရပြီပေါ့။ ပိုက်အစကို ကရိန်းနဲ့ ဆွဲတင်မှာလေ။
ဒီအချိန်မှာ ငါးရောက်လာတာနဲ့ ရေခဲကစ်ထဲ ထည့်နိုင်ဖို့ ပြင်ဆင်ရပြီ။ ရေခဲကစ်ထဲ ရေခဲတွေခင်း၊ အဆင်သင့်ပြင်သူကပြင်၊ ရွက်တိုင်နဲ့ မာလိန်စင် အကြား တန်းပေါ်မှာ ခပ်ခွက်စွပ်သူကစွပ်။
သည်လိုနဲ့ ငါးဆရာလက်ထောက် ရေရှူးရဲ့ ဆူသံဆဲသံ ကြွက်ကြွက်ညံအောင် နာခံရင်း ငါးတွေ လှေထဲရောက်ကရော ဆိုပါတော့။
အဲဒီ ငါးလုံးမည်းဆိုတဲ့ ငါးတွေကို ငါတို့လှေသားတွေ အတော်ကြိုက်ကြတယ်။ စားကျင့်မရှိရင် မူးမူးဝေဝေ ဖြစ်တတ်ပေမယ့် ထိုင်းဘက်မှာ သွားရောင်းရင် ဈေးကောင်းရတဲ့ ငါးပါ။
ငါးဆရာရဲ့အလစ်မှာ တန်ချိန်သောင်းချီပြီး ဝင်လာတဲ့ ငါးတွေအထဲက ငါးဆရာမမြင်အောင် ခိုးရတာ ပျော်စရာကောင်းလှတယ်။ စီးပွားဖြစ် ခိုးရောင်းတာ မဟုတ်ဘဲ စားဖို့ခိုးတာဆိုတော့ အပြစ်မကြီးလှပေမယ့် တွေ့သွားလို့ကတော့ လက်သီးစာ အမိပဲပေါ့။
ရေခဲကစ်ထဲ ငါးတွေ နေရာချနေတုန်း ခိုးပြီး လှေအိုးသူကြီးနဲ့ပေါင်း အသွင်းပြောင်းလိုက်ရုံပေါ့။
အဲဒီနေ့က ငါးလုံးမည်းကင် မွှေးမွှေးလေးတောင် မစားလိုက်ရဘူး။ တစ်ခါတစ်ရံမှ မျက်စိလည်ပြီး ပါလာလေ့ရှိတဲ့ ငါးလိပ်ကျောက်မြီးရှည်ကြီး တစ်ကောင်ကြောင့် ကြမ္မာဆိုးနဲ့ တိုးခဲ့ရတာ ပြန်တောင် မတွေးချင်တော့ဘူး မိန်းကလေးရေ။
ငါးလိပ်ကျောက်ကို မြင်ရင် သူ့ရဲ့လက်နက်ဖြစ်တဲ့ အမြီးကို အရင်ဖြတ်ရတယ်ဆိုတာ လှေသားတိုင်း သိပြီးသားကိစ္စပါ။ ငါကလည်း အမြီးကို ခုတ်၊ ဒေါမာန်ကြီးနေတဲ့ ငါးလိပ်ကျောက်ကြီးကလည်း အမြီးဖျားနဲ့အရိုက် ငါးလိပ်ကျောက်အမြီးဟာ ငါ့ရင်ဘတ် နဲ့ လက်မောင်းတွေဆီ ကန့်လန့်ဖြတ် ရိုက်ချသလို ဖြစ်သွားပြီး လူလည်း ပက်လက်လန်လဲသွားတော့တယ်။
ရန်သူနဲ့ ရင်ဆိုင်ရတဲ့အခါ ဦးရာလူနိုင်စမြဲမို့ ငါ့ရဲ့နောက်ကျသွားတဲ့ ဓားချက်အတွက် ခုတော့ အိပ်ရာထဲ စန့်စန့်ကြီး လဲနေရပြီပေါ့။
ငါးလိပ်ကျောက်ရဲ့အမြီးမှာ ဆူးတွေပါလို့ ဆူးချက်မိပြီး အနာရင်း အဖျားဝင်နေတာ ငါးဆရာလာတိုက်တဲ့ အကိုက်အခဲပျောက်ဆေးနဲ့ မလုံလောက်တော့ပါဘူး။
မြို့မှာဆိုရင်တော့ ဆရာဝန်ပြ ဆေးထိုးလိုက်ရင် အပျောက်မြန်မှာပေါ့။ ပင်လယ်ထဲမှာ ဆရာဝန်ဆိုတာ ငိုပြီးရှာတာတောင် တွေ့မှာမဟုတ်ပါဘူး မိန်းကလေးရေ။ တစ်ခုပဲရှိတယ်။ နောက်တစ်ရက် နှစ်ရက်ကြာလို့ ‘ငါးကဲ့လှေ’ တွေလာလို့ လိုက်သွားရင်တော့ အနီးဆုံးငါးစခန်းကို ရောက်ပြီး ဆရာဝန်မဟုတ်တောင် ဆရာဝန်လောက်နီးပါး ကျွမ်းကျင်သူတွေနဲ့ တွေ့နိုင်တယ်။ လောလောဆယ်တော့ ခံပေဦးတော့။
ဒါကြောင့် တော်ရုံစိတ်ဓာတ်ကြံ့ခိုင်မှုမျိုးနဲ့ ပင်လယ်ပြင်ကို ထွက်လို့မရဘူး။ လှိုင်းကြမ်းလေကြမ်း သဘာဝဘေးအန္တ ရာယ်တွေအပြင် မမြင်နိုင်တဲ့ မမျှော်လင့်တဲ့ လုပ်ငန်းခွင်အန္တရာယ်တွေကလည်း အချိန်မရွေး ပေါ်လာနိုင်သေးတယ်။ ဒီလိုနဲ့ ပင်လယ်ရေငန်တွေရိုက်ပြီး ငါတို့ရဲ့ ကျောပေါ်မှာ ဆားပွင့်တွေ တက်နေတာ နှစ်တွေ ရှည်ကြာခဲ့ပါပေါ့။
“ဟေ့ကောင် ဆားသူဌေး၊ မင်းကျောကုန်းတော့ ဆားချက်လို့ ရနေပြီ” ဆိုတာ ငါတို့လှေသားတွေ တစ်ယောက်နဲ့တစ်ယောက် နောက်ပြောင်လေ့ရှိတဲ့ (မရယ်ရတဲ့ဟာသ) တစ်မျိုးပေါ့။
ငါ့ရဲ့ခန္ဓာကိုယ်ဟာ ကြမ်းရှတဲ့ ပင်လယ်ရသတွေနဲ့ လုံးထွေးသတ်ပုတ်ပြီးလို့ နားနေချိန်ရောက်တာနဲ့ ငါ့ရဲ့စိတ်တွေဟာ မင်းကလေးဆီမှာ ရောက်နေပြန်ရော။
မင်းရဲ့ကျောပေါ်က မစ်ကီးမောက်စ် ကျောပိုးအိတ်ကလေးထဲမှာ ငါရှိတယ်။
xxx xxx xxx
လေညွှန်တံထိပ်ဖျားကို ဒန်းလုပ်ပြီး စီးချင်တဲ့ မိန်းကလေးရေ …
မိသားစုရဲ့ လေးပင်တဲ့ ဝန်ထုပ်ဝန်ပိုးကြောင့် အသက်ဆယ့်ရှစ်နှစ်အရွယ်ကတည်းက လှေပေါ်ရောက်ခဲ့ပြီး အောက်ခြေသိမ်းအလုပ်တွေနဲ့ ရင့်ကျက်မှုတွေ စုစည်းရရှိခဲ့တဲ့ ရလဒ်ကတော့ မင်းနဲ့ငါကြားက ဘဝကွာဟချက်ပဲပေါ့။ ကျိုးပျက်သွားတဲ့ တစ်ပိုင်းတစ ပညာရေးကလည်း ပင်လယ်ထဲ ကျဆင်းနစ်မြုပ်သွားပါရော။ ငါ့ရင်ထဲမှာတော့ ပဲ့နင်းကြီးဖြစ်လိုတဲ့ ဆန္ဒတွေ တင်းကြမ်းပြည့်နဲ့ အမျှော်လင့်ကြီး မျှော်လင့်ခဲ့ပေမယ့် ဒီကနေ့အထိ ရောင်နီ တစ်စ မမြင်ရသေးပါဘူး။
လက်သင်ပဲ့နင်းတစ်ယောက် ဖြစ်ဖို့ဆိုတာ ပဲ့နင်းကြီး အပေါ် အများကြီး တည်နေတယ်။ ပဲ့နင်းနဲ့ ဆက်ဆံရေး အဆင်ပြေချောမွေ့မှ ပဲ့နင်းရဲ့ ချစ်ခင်အရေးပေးမှုကို ခံရမှာမဟုတ်လား။ ဒါကြောင့် ငါဟာ ပဲ့နင်း တွေကို အောက်ကြို့ပြီးပေါင်းသလို လှေမှာလည်း အလုပ်မရွေးစတမ်း ခြေပေါ့ လက်ပေါ့ လူကြီးမျက်စိကျအောင် နေ,နေရတယ်။
လမ်းခရီးမှာ ရုတ်တရက် တက်မ,ငြိနေလို့ ဆင်းဖြုတ်ရတာမျိုး၊ ပိုက်ဝိုင်းနေတုန်း ပိုက်ပေါက်လို့ ရေအောက်မှာ ဆင်းဖာရတာမျိုးဆိုရင် ပေါ့ပေါ့ပါးပါးဆင်းချပြီး တတ်သလောက် မှတ်သလောက် လက်စွမ်းပြရတာ အမောပါပဲ။
ငါ ပဲ့နင်းကြီးဖြစ်လို့ ကမ်းဝေးငါးလှေကို စီးနိုင်တဲ့အခါ ကမ္ဘာ့ရေကြောင်းနားအထိ ရောက်အောင်သွားချင်လို့ပါ။ ငါ့မှာ လူရယ်စရာကောင်းတဲ့ စိတ်ကူးတစ်ခု ရှိနေတယ် မိန်းကလေးရေ။
ကမ္ဘာ့ရေကြောင်းနား ရောက်သွားတဲ့အခါ ပင်လယ်နက်ကြီးထဲက စီးမျောပါလာတဲ့ ငါးကြီးအန်ဖတ်တွေ ရချင်လို့ပါ။ ငါးကြီးအန်ဖတ်ကို ကမ်းနီးပင်လယ်ပြင်မှာ မရနိုင်ဘူးလေ။ သိပ်နက်တဲ့ ပင်လယ်ကြီးထဲမှာနေတဲ့ စပန်းဆိုတဲ့ ဝေလငါးကြီးတွေဟာ ပြည်ကြီးငါးလို့ခေါ်တဲ့ ကင်းမွန်ဘဲလိပ်ကြီးတွေ၊ ရေသရဲလို့ခေါ်တဲ့ ရေဘဝဲကောင်ကြီးတွေကို ကိုက်စားဝါးမြိုတဲ့အခါ အစာမကြေဘဲ ပြန်အန်ထုတ်လေ့ရှိတယ်။
သူတို့ရဲ့ ငှက်နှုတ်သီးနဲ့တူတဲ့ မာကြောတဲ့ ဦးခေါင်းခွံတွေဟာ ငါးကြီးရဲ့အန်ဖတ်တွေအဖြစ် ပြန်ထွက်လာကြတယ်။
ရေပေါ်ရောက်လို့ လေနဲ့ ထိတဲ့အခါ ရေမြှုပ်လိုလို ဒိန်ခဲလိုလို ဖြူဖြူညိုညို အရောင်အဆင်းတွေနဲ့ ရေစီးကြောထဲမှာ ပေါလောပေါ်လို့ပေါ့။ သူ့ရဲ့ အနံ့ဟာ ထူးခြားပြီး ကတိုးနံ့ရတယ်လို့ ကြားဖူးတယ်။ အဲဒီငါးကြီးအန်ဖတ်ဟာ ငါတို့ကော့သောင်းဘက် ကျောက်တောင်တွေပေါ်ကရတဲ့ ငှက်သိုက်တွေထက် ဆေးဖက်ပိုဝင်ပြီး တန်ဖိုးအားဖြင့် ပိုကြီးတဲ့အရာတွေပေါ့။
ငှက်သိုက်က ဇီဝဇိုးငှက်ကလေးတွေရဲ့ အန်ဖတ်၊ ငါးကြီးအန်ဖတ်ကတော့ စပန်းဆိုတဲ့ ဝေလငါးကြီးတွေရဲ့ အန်ဖတ်ပေါ့။
ငှက်တွေ ငါးတွေရဲ့ အန်ဖတ်ဟာ လူတွေရဲ့ အသက်ကယ်ဆေးဖြစ်နေတာ သဘာဝတရားကြီးရဲ့ ဆန်းကြယ်တဲ့ လှည့်စားမှုတစ်ရပ်ပါပဲ မိန်းကလေးရယ်။
အတန်အသင့်ကြီးတဲ့ ငါးကြီးအန်ဖတ်တစ်ခုဟာ မြန်မာငွေကျပ် ခုနှစ်သောင်းကနေ ကျပ်ငါးသိန်းလောက်အထိ တန်သတဲ့။ အဲဒါရလို့ကတော့ လူတွေသတ်မှတ်ထားတဲ့ တန်ကြေးတွေနဲ့ မင်းကို တင်တောင်းနိုင်ပြီပေါ့ကွာ။
သည်လိုနဲ့ ငါဟာ မျှော်လင့်ခြင်းပင်လယ်ကြီးမှာ စီးမျောစုန်ဆန်နေရင်းနဲ့ နေဝင်မိုးသောက် ယန္တရားကြီးထဲ ချာချာလည်မူးနေပါပေါ့။
“ဒီကောင်က ကျောက်ပေါက်ထားလို့ ရူးပေါပေါဖြစ်နေရတဲ့အထဲ ဒဏ်ရာကြောင့် အဖျားကြီးပြီး ကယောင်ကတမ်းတွေ ပြောနေပြန်ပြီ။ ဒုက္ခပါပဲကွာ”
ဟင် ဒါဟာ ပဲ့နင်းကြီးရဲ့အသံပါလား။ ငါ့ကို ပဲ့နင်းပညာတွေ သင်ပေးတော့မှာ ထင်ပါရဲ့။ ဝေး … ဟေး … ဟေး … ပျော်စရာကြီးပါလား ကွယ်ရို့။
ငှက်သိုက် ၊ ငါးကြီးအန်ဖတ် ၊ မြို့ပြက ဂါဝန်ဝတ်ကောင်မလေးတစ်ယောက် ၊ စင်ဒရဲလားဖိနပ်ကလေးတစ်ရံ၊ ချစ်သူရဲ့ မစ်ကီးမောက်စ်ကျောပိုးအိတ်ကလေးထဲက ငါး။
ပြီးတော့ စီးမျောနေတဲ့ ငါ့ရဲ့စိတ်ကူးအန်ဖတ်များ …. ။ ။
မဏ္ဍိုင်မဂ္ဂဇင်း
၁၉၉၈ ခုနှစ် ၊ ဒီဇင်ဘာလ
– ပြီး –
စာရေးသူ – မိချမ်းဝေ
စာစီစာရိုက် – မုဆိုး တံငါ စာပေများ 2.0