• July 4, 2025
  • admin
  • 0

#လွင်ဦး
မိုးမချုပ်မီ ရွာခြေကပ်ရအောင်

တောနှင့် တောင်စွယ်သည် မြအသွေးနှင့် ရွှေရေးကို တစ်ဆစ်စီ တစ်ရစ်စီ ခြယ်သရင်း မိခင်မြေ မြက် လောကဓါတ်အား အလှမျိုးစုံစွာ ရောင်စုံဖြစ်အောင် အလှဆင်၍ နေပါသည်။

တောင်ခိုးများကား မှိုင်းမှုံဝေရီစွာဖြင့် တောင်ခါးပန်းဝယ် ရစ်ကာဝေ့ကာ လေနှင်ရာ လွင့်ပါးလျက်ရှိသည်။

သက်ပြင်းကို လောကန်စွာချရင်း အရိပ်အာဝါသ ကောင်းသော ကညင်ပင်ကြီးအောက်ဝယ် ခြေပစ်လက်ပစ် ထိုင်ချလိုက်ပြီး လက်ထဲမှ ပွိုင့် ၂၂ ရိုင်ဖယ်ကို ပင်စည်တွင် အသာထောင်လိုက်သည်။

တစ်မနက်ခင်းလုံး ခြေရာခံ ချောင်းမြောင်းခဲ့သော်လည်း ဘာကောင်မှမတွေ့ရသဖြင့် စိတ်လည်း တိုစပြုပြီ ဖြစ်ပါသည်။ ရေဘူးထဲမှ ရေတစ်ကျိုက် မော့သောက်လိုက်ပြီး အေးမြသော သစ်ပင်ရိပ်အောက်တွင် မျက်လုံးစုံမှိတ်ကာ ခြေပစ်လက်ပစ် အနားယူလိုက်သည်။

လေနုအေးလေးကလည်း ပင်ပန်းလာသော ကျွန်တော့်အား ထွေးသိပ်နေသည့်နှယ် တစ်သုန်သုန် တိုက်ခတ်လျက် ရှိပါသည်။ ကျွန်တော် ရောက်ရှိနေသောနေရာသည်ကား မြန်မာနိုင်ငံအောက်ပိုင်း ပေါင်မြို့နယ်အတွင်း၌ ပါဝင်သော ကုလားမ တောင်ကြောကြီးပေါ်၌ ဖြစ်ပါသည်။

အရှေ့လားသော် သံလွင်မြစ်နှင့် တနင်္သာရိုးမ၊ တောင်သို့လားသော် မုတ္တမြို့၊ အနောက်သို့လားသော် ရန်ကုန်-မုတ္တမကားလမ်းနှင့် မြောက်သို့လားသော် ဇင်းကျိုက်တောင်တန်းကြီးတို့ တည်ရှိပါသည်။

မူလက တနင်္သာရီရိုးမသို့ တက်ကာ အမဲကြီးပစ်ရန် ဖြစ်သော်လည်း တပည့်ကျော် မောင်ညွန့်သည် ကောက်ရသကဲ့သို့ အပြင်းဖျားနေသဖြင့် ကော့ကန်ရွာမှ ခင်မင်ရင်းနှီးသော ဦးဗွေလုံ အိမ်တွင် ခေတ္တနားခိုခဲ့ရပါသည်။ နားနေရသော ရက်များအတွင်း အမဲငယ်များသာရှိသော ဤတောင်ကြောပေါ်သို့ အပြင်းပြေ အမဲပစ်ထွက်ခဲ့ခြင်း ဖြစ်ပါသည်။

အမဲကြီးပစ် ရိုင်ဖယ်ကိုမူ မလိုအပ်၍ မောင်ညွန့်နှင့်အတူ တည်းခိုအိမ်၌ ထားခဲ့ပါသည်။

အေးမြသာယာသော သစ်ပင်ရိပ်ကြောင့် မှေးခနဲ ဖြစ်သွားစဉ်တွင် ကျွန်တော့်နားတွင်း၌ တချွတ်ချွတ် တောတိုးလာသံများကြောင့် ဆတ်ခနဲ နိုးလာပြီး လက်ကလည်း သေနက်ဆီသို့ အလိုလို လှမ်းမိလျက်သား ဖြစ်သွားပါသည်။

ထိုအခိုက် တောတိုးသံသည် ရုတ်တရက် ရပ်တန့် သွားပါသည်။

ငယ်စဉ်ကတည်းက မုဆိုးအလုပ်တွင် ဝါသနာ ပါသော ကျွန်တော်သည် သားကောင်များ၏ အလေ့အထနှင့် တောတိုးပုံကို ပြန်လည်စဉ်းစားမိသည်။

သမင်၊ ဒရယ် စသော သားကောင်များ၏ တောတိုးသံသည် ချိုနှင့် သစ်ကိုင်း သစ်ခက်များ ထိခိုက်မှုကြောင့် ဗြောင်းဗြောင်း ဗျင်းဗျင်း မြည်တတ်ပါသည်။

တောဝက်ကဲ့သို့ အရေထူပြီး တောတိုးသန်သောအကောင်များကမူ ချုံရှုပ်ရာသို့ နင်းကန်တိုးတက်၍ တောတိုးသံကျယ်ပြီး ပြင်းထန်ပါသည်။

ယခု တောင်တိုးသံသည် နူးညံ့သော အရာတစ်ခုနှင့် သစ်ကိုင်းသစ်ခက်တို့ ထိခိုက်သံမျိုးဖြစ်ပြီး လွန်စွာ ညင်သာသဖြင့် အတွေးရ ခက်ပါသည်။

ကျွန်တော် သေနတ်ကိုဆွဲကာ ကျောက်ညီနောင်လျှိုဘက်သို့ တွက်လာခဲ့သောအခါတွင် ထို တောတိုးသံပိုင်ရှင် သတ္တဝါသည် ကျွန်တော်နှင့် ရင်ဘောင်တန်းကာ ပါလာကြောင်းကို သူ၏ တောတိုးသံများအရ သိရှိပါသည်။

ဘာကောင်ပင် ဖြစ်ပါစေ ကျောက်ညီနောင်လျှိုတွင် ဆုံမိပါက အပိုင်ပစ်ခတ်ရန် ကျွန်တော် ခြေလှမ်းသွက်သွက်ဖြင့် လှမ်းခဲ့ပါသည်။

ကျွန်တော် နောက်ကျ သွားခဲ့ပါလေပြီ။ ကျောက်ညီနောင်လျှို၏ အောက်ခြေတွင် ဖြတ်သန်း စီးဆင်းနေသော စမ်းချောင်းကလေးထဲမှ ရေများ နောက်ကျိ နေသည်ကို လှမ်းတွေ့လိုက်ခြင်းအားဖြင့် အမျိုးအမည်မသိ သားကောင်သည် ကျွန်တော့်ရှေ့မှ ဖြတ်ကူးသွားနှင့်ကြောင်း သိသာလှပါတော့သည်။

ပို၍ သေချာစေရန် စမ်းချောင်းထဲမှ ခြေရာများကို သေချာစွာ လေ့လာလိုက်သောအခါ ခြေရာရှင်ကား ကျွန်တော်ထင်သကဲ့သို့ ကျွန်တော်ပစ်ခတ်ရမည့် သားကောင်တစ်ကောင် မဟုတ်ဘဲ ကျွန်တော်အား လိုက်လံချောင်းမြောင်းနေသော ကျားကြီး (ဝါ) တောကောင်ကြီး၏ ကြီးမားလှသော ခြေရာလတ်လတ်ဆတ်ဆတ်များပင် ဖြစ်ပါသည်။ ကျွန်တော်တို့ လက်တစ်ဝါးစာမျှမကပင် ခြေရာကြီးများက ကြီးမားလှသည်။

ကျွန်တော်မဖြတ်ခင် စမ်းချောင်းကို ဦးစွ ဖြတ် လျှိုအတက်ချုံကောင်းရာမှ ဆီးကြိုတိုက်ခိုက်ရန် ပုန်းအောင်းနေမည်မှာကား မြေကြီးလက်ခတ်မလွဲပင် ဖြစ်ပါသည်။

တိုက်ပွဲဟူသည်မှာ အခြေအနေ အချိန်အခါနှင့် အသုံးပြုသော လက်နက်ပေါ်တွင် အမှီပြုကာ အရှုံးအနိုင်ကို အဆုံးအဖြတ်ပေးမြဲပင် ဖြစ်ပါသည်။ ကျွန်တော့်လက်ထဲတွင် ကိုင်ဆောင်ထားသော ယမ်းအားသေးသည့် ပွိုင့်တူးတူး ( .၂ ၂ ) ရိုင်ဖယ်လေးနှင့် တောဘုရင် ကျားကြီးကဲ့သို့ သန်မာသော သားရဲကြီးများကို ရင်ဆိုင်ရန်မှာ အကျိုးအမြတ်ထက် အန္တရာယ်များသော လုပ်ငန်းတစ်ရပ် ဖြစ်ပါသည်။

ကျွန်တော်သည် စမ်းချောင်းကလေးအား မဖြတ်တော့ဘဲ အောက်ပိုင်းသို့ စုန်၍ လျှောက်လာခဲ့ပါသည်။ ရှေ့ (၂ ) မိုင် အကွာတွင်ရှိသော တောင်ညို တောင်ကြားထဲမှ ထင်းခုတ်သမားများ စခန်းချသော တောစခန်းကလေးသို့ ဦးတည်၍ လျှောက်လာခဲ့ပါသည်။

ချောင်းပြင်သည် သဲသောင်များဖြင့် မြင်ကွင်းရှင်းလင်းလှပေရာ အန္တရာယ်ကို အဝေးမှ ရှောင်ကွင်းနိုင်မည် ဖြစ်ပါသည်။

လျှောက်ရင်း လျှောက်ရင်းဖြင့် ချောင်းပြင်သည် ဓနုံးပင်များ၊ သင်ပေါင်းပင်များဖြင့် ရှုပ်ထွေးလာသည်။ ထို့ကြောင့် အခြေအနေကို လေ့လာသုံးသပ်ရန် သစ်ပင်အကွယ်တွင် ရပ်နားလိုက်ရပါသည်။ ယင်းသို့ ရပ်နားလိုက်ရခြင်းမှာ အချိန်မီပင် ဖြစ်ပါသည်။

တောကောင်ကြီးသည် သစ်ပင်ချုံပုတ်များကို အကာအကွယ်ယူကာ ကျွန်တော်သွားရောက်မည့် စမ်းချောင်းနံဘေး ချုံရှုပ်ရှုပ် နေရာဆီသို့ ဝင်ရောက်လာခြင်းကြောင့် ဖြစ်ပါသည်။

၎င်းသည် အငိုက်မိစေရန် ချုံပုတ်များကို အကာအကွယ်ယူ၍ လာခဲ့သော်လည်း လျှင်လှသော ကျွန်တော်မျက်စိက ၎င်း၏ ကျောဝါကြီးကို မြင်လိုက်ရသဖြင့် ၎င်း၏ ကြိုးစားမှုသည် အလဟဿဖြစ်၍ သွားပါသည်။

ကျွန်တော်သည် ညာဘက်ရှိ တောင်ကြောပေါ်သို့ လှမ်း၍ တက်လိုက်ပါသည်။ တောင်ပေါ်သို့ ရောက်သောအခါ နေအတော်စောင်းပေပြီ။

တောင်ပေါ်မှ စီးကြည့်လိုက်လျှင် တောင်ခြေမှ ရွာကလေးများနှင့် ရန်ကုန်-မုတ္တမကားလမ်းကြီးကို အတိုင်းသား မြင်နေရသည်။

သို့သော် “အမြင်နီးလျက် ခရီးဝေးသည့်တောင်” ဟူသော စကားကဲ့သို့ ခရီးကား အတော်ပင် ဝေးကွာပါသေးသည်။ မိုးမချုပ်မီ ရွာခြေကပ်မိပါမှ အန္တရာယ်ဆိုးကြီးရန်မှ လွတ်ကင်းပေလိမ့်မည်။

တောင်ပေါ်တွင် အမောမဖြေအားသေးဘဲ တောင်အောက်သို့ ထပ်ဆင်းရပါသည်။ အဆင်းလမ်းမို့ ခြေသွက်လှသော်လည်း တောကောင်ကြီး လိုက်ပါမှုရှိ မရှိ သိရန် မျက်စိလျင်လျင် နားပါးပါးနှင့် ဆင်းနေ၍ ထင်သလောက် ခရီးမတွင်လှပါ။

အမှောင်ရိပ်ကလည်း တောတစ်ပြင်ကို တစ်ဖြည်းဖြည်း ဝါးမျိုလာသည်။ အတန်ကြာသောအခါ တောင် ခြေသို့ ရောက်ရှိလာပါသည်။ တောင်ခြေမှ မြောက်ဘက်သို့ ဆက်လက်လျှောက်ခဲ့သောအခါ တောင်ညိုထင်းစခန်းမှလာသော လှည်းလမ်းနှင့် သွား၍ ဆုံပါသည်။

လှည်းလမ်းပေါ်တွင် ကျွန်တော် ခေတ္တရပ်နားလိုက်ပါသည်။ လမ်းအကွေ့တွင် ချုံများ ထူထပ်လှသောကြောင့် နောက်ဆုံး အကဲခတ် လေ့လာမိပါ သည်။ ချုံနွယ် ချုံတန်းများကို အကြမ်းဖျင်းလည်း ကြည့်သည်။ တစ်ခုချင်းလည်း လေ့လာကြည့်မိပါသည်။

ဟော… တွေ့ပါလေပြီ။ မှောင်မိုက်သော ချုံနွယ်ချုံတန်းများအောက်မှ မျက်လုံးဝင်းဝင်းကြီးနှစ်ခုကို ကျင့်သားရနေသော ကျွန်တော့် တောမျက်စိများမှ တွေ့မြင်လိုက်ရပါသည်။

တောကောင်ကြီးသည် နောက်မှလိုက်၍ မမိမှန်း သိသောအခါ ကျွန်တော်ဖြတ်သန်းမည့် ဤလှည်းလမ်းမှနေ၍ အပိုင်ကြိုကာ ဆီးမိအောင် ဆီးမိခဲ့ခြင်း ဖြစ်ပါသည်။

တောကောင်ကြီးသည် ချုံပုတ်များကို အကွယ် အကာယူကာ အတင့်ရဲစွာဖြင့် ကျွန်တော်ရှိရာသို့ တက်လာခဲ့လေပြီ။

ကျွန်တော်ကလည်း ပခုံးပေါ်မှ ပွိုင့်တူးတူးကို ဖြုတ်ကာ မောင်းတင်လိုက်ပါသည်။ နောက်ဆုံး ချုံတန်းကိုအလွန် ကွက်လပ်ကလေးသို့ ကြိုတင်၍ ချိန်ထားလိုက်ပါသည်။

ရှောင်၍ မရတော့သော အခြေအနေတွင် ရှိသည့်လက်နက်ဖြင့်ပင် မီးကုန်ယမ်းကုန် ယှဉ်ပြိုင်တိုက်ခိုက်ရပေတော့မည်။ ယောက်ျားကောင်းတို့ မည်သည် သေကာမှ ဇွဲနှင့် သတ္တိကို လျော့ရမည် ဖြစ်ပါသည်။

“ဟဲ့ နွား … အမယ် ကောင်းကောင်းရုန်းတာ မဟုတ်ဘူး။ အရေးထဲ လန့်နေရသေးတယ်”

တစ်အိအိ လှည်းသံနှင့်အတူ နွားမောင်းသံများကြောင့် ထင်းတိုက်လှည်းတစ်အုပ် ပြန်လာကြကြောင်း သိလိုက်ရပါသည်။ တောကောင်ကြီးသည်လည်း လှည်းသံများ ကြားလိုက်ရသောကြောင့် နားစွင့်နေဟန်ဖြင့် ငြိမ်၍နေပါသည်။

ကျွန်တော့်ဘက်မှ ကံကြမ္မာသည် အလေးကဲ ပိုမိုခဲ့ပြီ ဖြစ်ပါသည်။ မကြာမီပင် ထင်းခုတ်လှည်းတစ်သိုက်သည် ထင်းတုံးများကို အပြည့်တင်ကာ တောင်အကွေ့မှ ဘွားခနဲ ပေါ်ထွက်လာခဲ့ကြပါသည်။

“ဗျို့ … လှည်းဆရာတို့”

ရှေ့ဆုံးမှ လှည်းဆရာကြီးသည် ကျွန်တော့်အသံကြောင့် လှမ်းကြည့်လိုက်ပြီး ကျွန်တော်ရှိရာသို့ ဆက်လက် မောင်းနှင်လာခဲ့သည်။

“မြို့က အမဲပစ်လာတဲ့ ဆရာလေးပါလား။ လာ … လာ ကျုပ်တို့ လှည်းပေါ်တက်၊ ဘာတွေ ပစ်ခဲ့ရလဲ”

လှည်းသမားကြီးက ပြောပြောဆိုဆို လှည်းကို ရပ်ပေးလိုက်သောကြောင့် ကျွန်တော်က လှည်း ပေါ်သို့ တွယ်တက်လိုက်ပါသည်။

“ဘာတွေမှ မပစ်ခဲ့ရပါဘူးဗျာ။ တောကောင်ကြီးတစ်ကောင်နဲ့တွေ့ပြီး လိုက်အချောင်းခံရလို့ မနည်း ပြေးခဲ့ရတယ်။ အခုတော့ ဟိုရှေ့နားက လမ်းအကွေ့မှာ စောင့်နေလေရဲ့။ သတိထားဗျို့”

ကျွန်တော်က လှည်းဆရာကြီးအား သတိပေးလိုက်ရင်း သွားရမည့်လမ်းတစ်လျှောက်သို့ အကဲခပ်၍ ကြည့်လိုက်ပါသည်။ တောကောင်ကြီးကား ပျောက်ချက်သားကောင်းလျက် ငြိမ်သက်၍နေပါသည်။

“မွန်းစံတင့်ရေ … တောကောင်ကြီး စောင့်နေတယ်တဲ့ ကွ။ ဘယ့်နှယ်လုပ်မလဲ”

လှည်းဆရာကြီးက သူ့နောက်မှ လှည်းသမားသို့ လှည့်ကာ ပြောကြားလိုက်ပါ။ တစ်ချိန်လုံး ကျွန်တော်တို့ပြောစကားများကို နားစိုက်ထောင်နေသောမွန်းစံတင့်အမည်ခံ လှည်းသမားကလည်း….

“ခြောက်ထုတ်ရမှာပေါ့ အရီးအိုက်စံ။ ဒီအတိုင်းဆိုရင် နွားမပြောနဲ့ လူတောင် စိတ်မချရဘူးဗျ။ ဘတ်ဂွတွေ ပါတယ်မဟုတ်လား။ တစ်ယောက် တစ်လက် ထုတ်ကြဗျာ။ ကဲ ဘယ်နားမလဲ ပြော ဆရာလေး”

“ဟောဟို သရောပင်ဝါဝါလေးတွေဘေးက ချုံထဲမှာ ဗျ”

မကြာခင်ပင် လောက်စာလုံးများ ချုံပုတ်သို့ တဗြောင်းဗြောင်း ထိမှန်သံနှင့်အတူပင်….

“အာ ဝု ဝူး … ဝေါ ဝေါ”

နားကွဲခမန်း မြေတုန်ဟည်းကာ ပေါ်ထွက်လာသော ကျားဟိန်းသံကြီးကို ကြားလိုက်ရပါသည်။ ကျားဟိန်းသံ ကြားလိုက်ရသည်နှင့်အတူပင် နွားများသည် ရှူးရှူးရှားရှားဖြင့် ထိန်းမနိုင် သိမ်းမရ လှုပ်ရှား၍ လာကြပါတော့သည်။

“ကြိုးတွေတောင့်ထားကြဟေ့။ နိုင်အောင် ထိန်းကြ။ မွန်းစံတင့်တို့ လျှံနိုက်တို့ ဆက်ပစ်ကြဟေ့ , နာနာ ဖိပစ်ကြကွ။ ဒါမှ စိတ်ချရမှာ””

ဦးအိုက်စံ၏ ဆော်ဩသံကြီးနှင့် အတူတူ လောက်လေးသံများ၊ ညာသံများသည် တစ်ခဲနက် ထွက်ပေါ်လာပြီး တောကောင်ကြီးသည် မဟန်မှန်း သိသဖြင့် နောက်ကျွမ်းပစ်ကာ တောထဲသို့ ဝင်ပြေး သွားသည်ကို တွေ့လိုက်ကြရပါတော့သည်။

XXXX XXXX XXXX

“အောက် အီး အီး အွတ်”

အရှေ့ မိုးကောင်းကင်မှ ရောင်နီကလေး ထွက်ပြူစမှာပင် မြိုင်ညိုအတွင်းမှ တောကြက်ဖကလေးများသည် သူတို့၏ အသံ သေးသေးစူးစူးကလေးများဖြင့် တွန်ကျူးလိုက်ကြပါတော့သည်။

“ဟောဒီ ရိုင်ဖယ်ကြီးနဲ့ ကျွန်တော် ပါမလာလို့ပါ ဆရာရယ်၊ ဒီနေ့တော့ အကြောင်းသိစေရမယ်”

အဖျားပျောက်စ မောင်ညွန့်သည် တုံးတိုကြီးကို ခွထိုင်ပြီး ရိုင်ဖယ်ကြီးတစ်လက်ကို သေချာစွာ တိုက်ချွက်ရင်း အားပါးတရပြောလိုက်ပါသည်။

သူ တိုက်ချွတ်နေသည်ကား ကျွန်တော်၏လက်စွဲ တော် (.၄၁၆) အမဲကြီးပစ် ရိုင်ဖယ်ကြီးပင် ဖြစ်ပါသည်။ သူ့အနီးတွင် အိမ်ရှင် ဦးဗွေလုံသည် ဆေးတစ်ဆုံဖြင့် မှိန်းရင်း ကျွန်တော်တို့ ပြောစကားများကို နားထောင်နေ၏။

ဦးဗွေလုံ၏ ဇနီး နော်ဖော့လာကား ကျွန်တော်တို့တစ်တွေ တောထဲသို့ ထုပ်ယူသွားရန် ထမင်းတစ်အိုးကို အရေးတကြီး ချက်ပြုတ်လျက် ရှိပါသည်။

“အေးပါကွာ ဒီနေ့တော့ သူသေသေ ကိုယ်သေသေ တစ်ပွဲတစ်လမ်း အကဲစမ်းကြရမှာပါ။ ဪ ဒါထက် ဦးဗွေလုံရေ ဒီကောင်ကြီးတွေ ခါတိုင်း ဒီဘက်မှာ မတွေ့ပါဘူး။ ဘယ့်နှယ် အခုမှ လာတွေ့နေရတာလဲ”

ကျွန်တော်က ရေနွေးကြမ်းတစ်ခွက် ကို ကောက်ကိုင်လိုက်ပြီး ဦးဗွေလုံဘက်သို့ မေးခွန်း ထုတ်လိုက်ပါသည်။ ဦးဗေလုံသည် ဆေးတစ်ဆုံကို ဖြည့်ရင်း….

“ဒီလိုပဲလေ ဆရာလေးရဲ့၊ ရိုးမဘက်က အကောင်တွေဟာ တစ်ခါတစ်လေ နယ်ကျွံပြီး သည်ဘက်ရောက်လာတတ်တယ်၊ နှစ်တိုင်းတော့ မဟုတ် ပါဘူး။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က တောင်ညိုစခန်းမှာ နွားတစ်ကောင် ဝင်ဆွဲသွားတာ ကြားလိုက်ရပြီး မကြားရတာ ကြာပြီ။ ခုတစ်ခါ ကြားရပြန်တော့ ဆရာလေးတောင် ကံကောင်းလို့ပါလားဗျို့ … ဟီး…”

XXXX XXXX XXXX

နေဝန်းကား အရှေ့စွန်းမှ ရဲရဲဝံ့ဝံ့ထွက်ပေါ် လာပေပြီ။ နေခြည်အောက်တွင် နှင်းငွေ့တို့ တဖြည်းဖြည်း ကျဲပါးသွားသော်လည်း သစ်ရွက်များပေါ်မှ နှင်းစက် ကျသံ တဖျောက်ဖျောက်ကိုမူ ကြားနေရဆဲ ဖြစ်ပါသည်။

“မနေ့က ဒီနေရာပေါ့ဗျ။ တောကောင်ကြီး နောက်ဆုံး ချောင်းခဲ့တဲ့ နေရာလေ””

ကျွန်တော်က တောကောင်ကြီး ဝပ်ထားသဖြင့် ထင်နေသော ဗိုက်ရာ၊ အမြီးခတ်ထားသော မြေကွက်လပ်နေရာကို ရိုင်ဖယ်ပြောင်းဖြင့် ညွှန်ပြလိုက်ပါသည်။

“ကဲ… ခြေရာရင်းက လိုက်ကြရအောင်။ လှည်းတွေလဲ ဆက်မောင်းခဲ့ကြ။ တောင်ညိုစခန်းမှာ ဆုံကြရအောင်။ မျက်စိလျင်လျင် နားပါးပါးဗျို့”

ကျွန်တော်နှင့် မောင်ညွန့်၊ ဦးဗွေလုံ ရွာသားတစ်သိုက်သည် ကျားကြီး၏ ခြေရာရင်းမှ စတင်ကာ ခြေရာခံရင်း ကျားနှင့် လူတို့၏ တစ်နေ့တာ တိုက်ပွဲနိဒါန်းကို စတင်လိုက်ကြပါသည်။

တစ်နေရာတွင် ကျားကြီးအိပ်သွားသော ကျားအိပ်ရာကြီးကို တွေ့သဖြင့် စမ်းကြည့်ရာ ပူပူနွေးနွေးကြီးသာ တွေ့ရသည်။ သို့ဖြစ်၍ ကျားကြီးသည် အိပ်နေရာမှ ကျွန်တော်တို့အသံ ကြားသဖြင့် မကြာခင်လေးကမှ ထသွားခဲ့ကြောင်း သိလိုက်ရပါသည်။

တောကောင်ကြီးသည် အိပ်ရာမှ ထကာ တအီအီ မြည်သံပေး၍ သွားနေသော လှည်းတန်းကြီးနောက်သို့ လိုက်လံချောင်းမြောင်းသော ခြေရာများကို တွေ့ရပါသည်။

သို့သော် လှည်းအုပ်၏ အင်အားကောင်းခြင်း၊ ကျွန်တော်တို့ သေနတ်သမားတစ်စု၏ ခြေရာခံလိုက်နေခြင်းတို့ကြောင့် နောက်ပိုင်းမလုံဘဲ ဝင်မဆွဲရဲသဖြင့် ဘေးမှပန်းကာ လိုက်ပါသွားသည်ကို တွေ့ရှိရပါသည်။

တောင်ညိုစခန်းတွင် လှည်းသမားများ စခန်းချသော အခါ လွှတ်ကျောင်းထားသော နွားများကို ချောင်းနေစဉ် ကျွန်တော်တို့အဖွဲ့ နောက်ပိုင်းမှ ကပ်လျက် ရောက်လာသဖြင့် အဝေးသို့ ထွက်သွားသော ခြေရာများကို တွေ့ရပါသည်။

ကျွန်တော်တို့နှင့် လှည်းသမားများသည် အိမ်မှပါလာသော ထမင်းထုပ်များကို ဖြေစားပြီး တောကောင်ကြီးနောက်သို့ လိုက်ရန် ပြင်ဆင်ကြပါသည်။ ထင်းခုတ်သမားများကလည်း အန္တရာယ်ကြီး မရှင်းသေးသဖြင့် မည်သူမျှ ထင်းမခုတ်သေးဘဲ ကျွန်တော့်အား ကူညီရန် လိုက်ခဲ့ကြပါသည်။

တောကောင်ကြီး၏ ခြေရာကား ကျောက်ညီနောင်စခန်းဆီသို့ ဦးတည်လျက် ရှိပါသည်။ သို့ သော် အကောင်အထည်၊ အရိပ်အယောင်ကိုကား လုံးဝ မတွေ့ရသေးပါ။

“ဝေါင်း… ဝေါင်း”

အနီးမှ ကပ်ကာ ဟောက်သံကြားရသဖြင့် ကပျာကယာ သေနတ်ဖြင့် လှမ်း၍ ချိန်လိုက်ပါသည်။ ကိုက် သုံးဆယ်ခန့်အကွာ တောင်ကုန်းပေါ်တွင်ကား ချေညိုလေးတစ်ကောင်ကို နောက်ပြန်လှည့်ကြည့်နေသည်ကို တွေ့ရှိရပါသည်။

အလွန်ပစ်ရန် ကောင်းသော ပစ်ကွင်းဖြစ်ပါသည်။ သို့သော် သတ္တဝါနှင့် လက်နက် မျှ မမျှ ဆိုသည့် အချက်နှင့် တောကောင်ကြီးနောက် လိုက်နေစဉ် သေနတ်သံ ပေးသင့် မပေးသင့်ဆိုသော ဆင်ခြင်တုံတရားနှင့် စဉ်းစားမိသောအခါ သေနတ်ပြောင်းကို အောက်သို့ အလိုလို ချမိပြီးသား ဖြစ်သွားပါသည်။

ထိုအခိုက် ချေသူငယ်သည် တစ်စုံတစ်ခုကို လန့်ကာ ဟောက်လျက် ထွက်ပြေးသွားပါသည်။ ချေသူငယ် လန့်၍ သွားရာဘက်သို့ သေနတ်ပြောင်းကို ကပျာကယာ လှည့်၍ ချိန်လိုက်ပါသည်။

ချေညိုလေးနောက်သို့ လိုက်ရန် ဟန်ပြင်နေသော တောကောင်ကြီးသည် ကျွန်တော်တို့ သေနတ်သမားတစ်စုရှိရာသို့ လှည့်ကာ ဟဲခနဲ မာန် သွင်းလိုက်ပြီး ခြုံကြားထဲဝယ် ရုတ်တရက် ကွယ်ပျောက်သွားပါတော့သည်။

“တောက်””

ကျွန်တော်သည် ပါးစပ်မှ မချင့်မရဲ တောက်တစ်ချက်ခေါက်လိုက်ပြီး ရိုင်ဖယ်ကို ပခုံးပေါ်သို့ ပြန်လည်၍ ထမ်းလိုက်ပါသည်။

“ကဲ… ဒီလိုလုပ်ဗျာ၊ လူအုပ်နဲ့ လိုက်ရှာနေလို့ကတော့ ဒီကောင်ကြီးကို မောင်းထုတ်သလို ဖြစ်နေမှာပဲ။ ကျွန်တော်နဲ့ မောင်ညွန့် နှစ်ယောက်တည်း ဆက်လိုက်မယ်။ ကျန်တဲ့လူတွေ စခန်းပြန်ကြပေါ့။ ဘယ့်နှယ်လဲ ပြန်ရဲတယ်မဟုတ်လား”

“ပြန်ရဲပါတယ်ဆရာလေး၊ လူအုပ်အတောင့်သားပဲဟာ။ လှည်းလမ်းပေါ်က လမ်းလဲသာပါတယ်။ ဆရာလေးတို့လဲ ကောင်းကောင်းသွားကြနော် ”

“စိတ်ချပါ၊ သေနတ်သံ ကြားရင်သာ လိုက်ခဲ့ကြ။ ကဲ… သွားကြတော့ဗျို့”

လှည်းသမားများ လှည်းလမ်းပေါ်မှ လျှောက်သွားကြချိန်တွင် ကျွန်တော်နှင့် မောင်ညွန့်လည်း တောချုံတိုးကာ သားမျိုးဘုရင် တောထိပ်တင်ကို အရှာထွက်ခဲ့ကြပါသည်။

မည်သို့ပင် ဖြစ်စေ တောကောင်ကြီးသည် ချုံကောင်းကောင်းနေရာမှ စောင့်ကာ ကျွန်တော်တို့အား အပိုင်ခုန်အုပ်ခဲ့ပါက လိုက်သူနှင့် ပြေးသူတို့၏ ဇာတ်လမ်းသည် နိဂုံးချုပ်ကာ အနိုင်အရှုံး အဖြေပေါ် ပေလိမ့်မည်။

ယခုမှု တောကောင်ကြီးသည် တိုက်စစ်ဆင်မည့်အစား ခံစစ်ဖြင့် ဆုတ်ခွာတိမ်းရှောင်နေသဖြင့် စိတ်လည်း တိုစပြုပေပြီ။

တောကောင်ကြီးသည် အရှေ့ဘက်စူးစူး သံလွင်မြစ်ဘက်ဆီသို့ ဦးတည်သွားရာမှ တောင်ဘက်သို့ ခြေကြောင်း ပြောင်းသွားပြန်သည်။ ကျွန်တော်တို့ အုပ်စုအား လှည့်စားလို၍ ခြေရာဖျောက်နေသည်လားဟု သံသယစိတ်ဖြင့် သေချာစွာ လေ့လာကြည့်သော အခါတွင် တောင်ညိုစခန်းဆီသို့ ဦးတည်ကာ တန်းတန်းမတ်မတ်ကြီး ထွက်ခွာသွားကြောင်း တွေ့ရှိရပါသည်။ လှည်းစခန်းအား အလစ်တွင် တစ်ပတ်ကြော့ ပြန်ချောင်းခြင်း ဖြစ်ကြောင်းကို ကျွန်တော် ကောင်းစွာ သဘောပေါက်မိပါသည်။

စခန်းမှ လူများ၏ အန္တရာယ်ကို စိုးရိမ်မိသည့် အလျှောက် မပြေးရုံတစ်မယ် ခြေလှမ်း ခပ်သွက်သွက်ဖြင့် တက်ခဲ့ပါသည်။

ကျားကြီး၏ ခြေရာသည် တစ်ချက်မှ မနားစတမ်း ရှေ့သို့ အတွင် ဖိတက်ခဲ့သည့် ခြေရာခြေကြောင်း များကို တွေ့ခဲ့ရသည်။

“ဟဲ့ ဟဲ့ လုပ်ကြပါဦး … ကယ်ကြပါဦး။ တောကောင်ကြီး နွားတွေကို အတင်းဝင်ဆွဲနေလို့ … လာကြပါဗျို့”

လှည်းသမားတစ်ယောက်၏ အလန့်တကြား အော်ဟစ်အကူအညီတောင်းသံနှင့်အတူ ကျား တစ်ကောင်၏ မာန်သွင်းသံ၊ နွားများ၏ တစ်ဘူးဘူး တစ်ဘဲဘဲ ဝရုန်းသုန်းကား ပြေးလွှားသံများကို ကြားလိုက်ရပါသည်။

သို့ဖြစ်၍ ချိုင့်မှန်းမသိ ကျင်းမှန်းမသိ အပြေးအလွှား တက်ခဲ့ရပါသည်။

တောစပ်ကလေးကို လွန်သော် ရှေ့မှ မြင်ကွင်းကို လျှပ်တစ်ပျက် လှမ်း၍ မြင်လိုက်ရပါသည်။ တောကောင်ကြီးသည် ပြေးမိပြေးရာ ပြေးနေသော နွားအုပ်အတွင်းမှ နွားတစ်ကောင်ကို လှမ်း၍ အုပ်လိုက်ပါသည်။

နွားကြီးသည် ကျားကြီး၏ အရိပ်ကို မြင်လိုက်သည်နှင့် ဘေးသို့ ငုံ့ကာ တိမ်းလိုက်သဖြင့် မိမိရရ မအုပ်မိဘဲ လက်သည်းဖြင့်သာ ကုတ်ခြစ်လိုက်မိပါသည်။ နွားကြီးသည် နံဘေးတွင် သွေးတွေ အရဲသားနှင့် ဘေးလွတ်ရာသို့ စွတ်ကာ ပြေးသွားတော့သည်။

ထိုအခိုက်တွင် လှံတစ်ချောင်းသည် တောကောင်ကြီး၏ နံဘေးသို့ “ဒုတ်” ခနဲ ဝင်မှန်လိုက်ပါသည်။ လှံသွား၏ မစူးရှမှု၊ အပြော့ပိုင်းကို ထိမှန်မှုတို့ကြောင့် လှံသွားသည် နောက်သို့ ပြန်ကန်ထွက်သွားပြီးတောကောင်ကြီး၏ ဒေါသကို နှိုးဆွပေးလိုက်သည်နှင့် တူပေတော့သည်။

တောကောင်ကြီးသည် လှံပိုင်ရှင် လှည်းသမားအား ရုတ်တရက် လှည့်ကာ ရင်ဆိုင်လိုက်ပြီး လေ၏ လျှင်မြန်ခြင်းနှင့်အတူ ထိုး၍ အုပ်လိုက်တော့သည်။

လှည်းသမားက ထင်းခုတ်ဓါးမကြီးဖြင့် ဆီးကြို ခုတ်လိုက်သော်လည်း ၎င်း ဓါးချက်ကို ရှေ့လက်တစ်ဖက်ဖြင့် ကျင်လည်စွာ ပုတ်ထုတ်လိုက်ပြီး ပခုံးစွန်းကို အမိအရ ခဲလိုက်သည်။ ကျားနှင့် လူသည် လုံးထွေးပြီး မြေပေါ်သို့ လဲကျသွားပါသည်။

“ဟေး … ဟေး”

ကျွန်တော်သည် လူသံပေးရင်း တောကောင်ကြီး၏ အနီးသို့ ပြေးကပ်သွားပါသည်။ ကျားနှင့် လူသည် ရောထွေးနေသဖြင့် ပစ်ကွင်းက များစွာ မကောင်းလှ။ ကျန်လှည်းသမားများကလည်း ဓါးများ၊ လှံများ တဝင်းဝင်းနှင့် ပြေးတက်လာနေကြသည်။

တောကောင်ကြီးသည် အနီးကပ်ဆုံး ရောက်ရှိလာသူ ကျွန်တော့်အား ဆီးကြို ခုန်အုပ်လိုက်ပါသည်။

“လွှား”ခနဲ မြောက်တက်လာသော တောကောင်ကြီးနှင့် လွတ်ရန် ဘေးသို့ တစ်ကွက်ခုန်လွှား တိမ်းရှောင်လိုက်ပြီး မြေကြီးပေါ်သို့ အကျတွင် ခေါင်းသို့ ထိုးပစ် ပစ်ချလိုက်သည်။

“ဒိုင်း”

(.၄၁၆) ရစ်ဘီ မဂ္ဂဇင်းရိုင်ဖယ်ကြီး၏ ပြောင်းဝမှ ရဲခနဲ မီးပွင့်သွားခြင်းနှင့်အတူ တောကောင်ကြီးသည် ခေါင်းကြီးစိုက်ကာ ချာလပတ်လည် အော်ဟစ်လျှက် ရှိသည်ကို နောက်တစ်ကြိမ် မောင်းထိုးလိုက်ရင်းမှ မြင်လိုက်မိပါသည်။ တောကောင်ကြီးသည် ဒယီးဒယိုင်ဖြင့် ဟန်ချက်ထိန်းလိုက်ပြီး ကျွန်တော် အပေါ်သို့ နောက်တစ်ကြိမ် ခုန်အုပ်ရန် အားအယူလိုက်ဝယ်-

“ဒိုင်း”

ကော်ဒိုက်ယမ်း ဂရိန်လေးရာကျော်၏ တစ်ခဲနက် ပေါက်ကွဲသံနှင့်အတူ (.၄၁၆) ရစ်ဘီ မဂ္ဂဇင်း ရိုင်ဖယ်၏ ကျည်ဖူးသည် တောကောင် ကြီး လက်ပြင်နှစ်ဘက်ကို ပွင့်ထွက်သွားအောင် တာဝန်ကျေခဲ့လေပြီတကား။

တောကောင်ကြီးသည် ညာဘက်သို့ ပစ်ကျသွားပြီး တစ်ချက်ကလေးမှ မလှုပ်နိုင်ဘဲ ငြိမ်သက်သွားပါတော့သည်။

နဖူးပြင်မှ ချွေးသီးချွေးပေါက်များကို သုတ်ရင်း ယခုမှပင် သက်ပြင်းချနိုင်ပါတော့သည်။ တင်ထားသော မောင်းတံကိုလည်း အသာလျော့၍ ချလိုက်ပါသည်။

ပခုံးသား အကိုက်ခံရသော လှည်းသမားသည် အသက်မသေသော်လည်း ဆေးရုံဝယ် အတန်ကြာ ကုရပေဦးမည်။ ကျားစွယ်ရာကြီးများကား မြင်မကောင်းလှပါ။

ကျွန်တော်တို့ ရွာသို့ ပြန်သောအချိန်တွင် မိုးချုပ်လှလေပြီ။ သို့သော် ဘေးအန္တရာယ်တို့ ကင်းရှင်းခဲ့ပြီ ဖြစ်သဖြင့် မိုးချုပ်မီ ရွာခြေကပ်ရအောင် အတင်းအဓမ္မ မောင်းနှင်ရန်မလိုဘဲ ဖြေးဖြေးမှန်မှန်သာ မောင်းနှင်ခဲ့ကြပါသည်။

စပယ်ဦးမြန်မာဝတ္ထုတိုမဂ္ဂဇင်း
အမှတ် ၆၇၊ ဩဂုတ်လ၊ ၁၉၉၀

– ပြီး –

စာရေးသူ – လွင်ဦး
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *