ကိုပိုက်
မုဆိုးကောင်းဟူသည်
စိမ်းစိမ်းစိုစိုတောအုပ်အတွင်း ကျွန်တော်တို့မျက်စိလည်လမ်းမှားနေကြသည်မှာ တစ်ညအိပ် နှစ်ရက်ခန့်ရှိ ချေပြီဖြစ်သည်။
“ဘယ်လိုဖြစ်ရတာလဲ ဖထီးရယ်”
ဒေသခံမုဆိုးကြီးစောလူးကို မေးလိုက်ရင်း ကျွန်းစိုပင်အောက်တွင် ထိုင်လိုက်တော့၏။ လင်းမြင့်လှိုင်သည်လည်း ကျွန်တော့်နံဘေးတွင် ထိုင်လာချေတော့၏။
“ငါလည်း ဒီတောမရောက်တာ ကြာတာရယ်၊ မိုးရာသီဖြစ်နေတာရယ်ကြောင့် ချောင်းတွေ မြောင်တွေကို ကောင်းကောင်း မမှတ်မိချင်ဖြစ်သွားတယ်ကွာ”
သို့နှယ်ပြောပြီး မုဆိုးကြီးစောလူးသည် ကျွန်တော်တို့နှင့် မထိုင်လေဘဲ မတ်တပ်ရပ်လျက် အဝေးသို့ လှမ်းကဲကြည့်နေလေတော့၏။
“ကျွန်တော်တို့ ဘယ်လိုကြောင့် ဒီလိုဖြစ်ရတာလဲ မသိဘူး။ နို့ကြောင့် ငါ ဆရာလေးတို့ကို တောစောင့်နတ်ပသဖို့ပြောခဲ့တာပေါ့။ ဆရာလေးတို့က အယုံအကြည်မရှိဘူး။ လုပ်စရာမလိုဘူး ပြောကတည်းက ငါ ထင်တော့ အထင်လိုက်သား”
မုဆိုးကြီးစောလူးပြောသလို ဟုတ်များနေလေသည်လားမသိ။ တောတွင်း စဝင်ခဲ့စဉ် တောင်သလဲပင်ကြီးအောက်တွင် ဝါးဖြင့်လုပ်ထားသော လေးတိုင်စင် နတ်ကွန်းသေးသေးလေးတစ်ခု တွေ့ရ၏။
“တောလည်သွားတဲ့သူတိုင်း ဒီနေရာမှာ ဦးခိုက်ပူဇော်ပသပြီးလေမှ သွားကြတယ်”
သို့ မုဆိုးကြီးစောလူးက ပြောပေမင့် ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် အယုံအကြည်မရှိကြသဖြင့် ခေါင်းခါငြင်းခဲ့ကြ၏။
တိုက်ဆိုင်မှုပေလားတော့မသိ။ မနေ့က တစ်နေကုန်လုတိုင် သားကောင်မတွေ့။ သည်တော့ ပစ်ခွင့်မရ။
တွေ့ပြန်တော့ကာ အလှမ်းဝေးနေပြန်။ စိတ်မရှည် ပစ်လိုက်ပြန်တော့လည်း လွဲချော်လို့ချည်းနေတော့၏။
သည်သို့ဖြင့် တောထဲတွင် တဝဲလည်လည် ဆာလောင်နေခြင်းကြောင့်လည်း တောကောင်ကို သဲကြီးမဲကြီး အာရုံထားရှာခဲ့ကြ၏။
တွေ့သမျှသားကောင် အလွတ်မပေးလို။ ပိုဆိုးသည်ကား သစ်ပင်ထက်မှ မျောက်ကောင်ကို အလွတ်မပေးလိုသဖြင့် သဲကြီးမဲကြီး လိုက်လံသတ်ဖြတ်ခဲ့ရာမှ သွားလမ်း လာလမ်းတို့ကို သတိမထားမိကြသဖြင့် လမ်းပျောက် တောမှောက်ခဲ့ကြတော့သည်။
ညက ခြင်ကိုက်၊ မှက်ကိုက်ခံပြီး အကိုင်းအခက် ခပ်စိပ်စိပ်ရှိလေသည့် သစ်ပင်ပေါ်တွင် တိုးလိုးတန်းလန်း တက်အိပ်ခဲ့၏။
ယခုတက်တိုင် မျက်စိလည်လမ်းမှားနေဆဲဖြစ်သည်။ သွားရင်းလာရင်း ရေစီးရေကြည်ချောင်းလေးများသို့ရောက်လျှင် အမောပြေ အဆာပြေအလို့ငှာ သောက်ခဲ့ကြသည့် ရေမှလွဲ၍ ကျွန်တော်တို့ဝမ်းဗိုက်တွင် မည်သည့်အစာမျှမရှိ။
သည်ကြား ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် တစ်နေ့တာ တောလည်ထွက်လာခဲ့ကြခြင်းကြောင့် ကျည်ဆံအနည်းငယ်မျှသာ ယူလာခဲ့ကြခြင်းဖြစ်သည်ဆိုတော့ မနေ့ကတစ်နေကုန် ဒေါသမီးဖြစ်လျက် ပရမ်းပတာ ပစ်ခတ်ခဲ့လေသည်ကြောင့် ကျည်လည်း ကုန်နေကြချေပြီဖြစ်၏။
ရိုင်ဖယ်သေနတ်ကိုင် မုဆိုးကြီးစောလူးထံတွင်မတော့ ကျည်တစ်တောင့် ကျန်နေသည်ဟု သိရ၏။
သည့်အတွက် မျှော်လင့်ချက်လေး နည်းနည်းတော့ရှိသေး၏။
“ဖထီးမယ် ကျည်တစ်တောင့်ကျန်သေးတာပေါ့”
ဟု ကျွန်တော် မုဆိုးကြီးစောလူးကို လှမ်းပြောလိုက်၏။ မုဆိုးကြီးစောလူးက ခေါင်းသာညိတ်ပြပြီး အဝေးသို့ လှမ်းကဲကြည့်နားစွင့်နေပုံဖြစ်သည်။
“ဘုတ် … ဘုတ် … ဘုတ်”
ခပ်လှမ်းလှမ်းမှ သို့အသံသဲ့သဲ့ထွက်ပေါ်လာ၏။ သို့အသံကို မုဆိုးကြီးစောလူး နားစွင့်နေလေခြင်းဖြစ်သည်။
“ဖထီး အဲဒါဘာဖြစ်နိုင်လဲ”
မုဆိုးကြီးစောလူး မျက်စိမျက်နှာပျက်သွားလျက်မှ
“ပြောတတ်ဘူးကွ”
ဆိုပြီး သူ့ရိုင်ဖယ်သေနက်အတွင်းမှ လက်ကျန်ကျည်တစ်တောင့်ကို ထုတ်၍ ဖင်တစ်ပြန် ခေါင်းကစ်ပြန် ကြည့်နေလေသဖြင့် လင်းမြင့်လှိုင်က –
“တစ်ဟောင့်တဲပဲ သေချာလား”
ဟုမေးလိုက်မိ၏။
“ဒီတစ်တောင့်တောင်မှ သေချာရဲ့လား ကြည့်ရသေးတယ်ကွ”
ဟု ပြောပြီး သေနတ်အတွင်း အသေအချာပြန်ထည့်လိုက်တော့သည်။
“ကဲ ကျွန်တော်တို့ ခရီးဆက်ကြစို့”
သို့ဆိုလျက် ကျွန်တော်တို့သည် ထိုနေရာလေးမှ ထွက်ခဲ့ကြပြန်သည်။ သို့လျှောက်ခဲ့ကြရာမှ ကံအားလျော်စွာ နွယ်ပင်တို့ တွဲလျောင်းကျနေသော သစ်တစ်ပင်ပေါ်တွင် မျောက်ကောင်တစ်ကောင်ကို လှမ်းတွေ့သဖြင့်
“ဖထီ မလွဲအောင်ပစ်နော့ … အလွတ်ပေးလို့မဖြစ်ဘူး။ ကျွန်တော်တို့ ဆာနေပြီ”
ဟုပြောလိုက်၏။
သို့နှယ်သာ ကျွန်တော်ပြောလေသည့်အတိုင်း ချိန်ထားသော်လည်း ပစ်ခတ်လိုက်လေခြင်းမရှိသေး။ ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် မျှော်လင့်တကြီးဖြင့် ရှိကြတော့၏။
သို့ကြောင့် မျောက်ကောင်ကို ကြည့်လိုက်။ မုဆိုးကြီးစောလူးကိုကြည့်လိုက် အားမလို အားမရဖြစ်နေမိတော့၏။
“ဟင်”
မုဆိုးကြီးစောလူးသည် သစ်ပင်ထက်မှ မျောက်ကောင်ကို လက်တွင်းရှိ သေနတ်ဖြင့် ချိန်ရွယ်ထားသော်လည်း သူ့မျက်လုံးတို့သည် မျောက်ကောင်ထံတွင် အာရုံစူးစိုက်မနေပါချေ။ တစ်ချက်တစ်ချက် ဘေးသို့သာ စွေ၍ ကြည့်နေလေခြင်းကြောင့် အံ့ဩမိတော့၏။
ဘာကြောင့်ပါလိမ့်။
မုဆိုးကြီးစောလူးသည် စိတ်လှုပ်ရှားနေလေသည်လား။
သူ့တွင်ရှိ လက်ကျန် ကျည်တစ်တောင့်သည် လွန်စွာအရေးပါ အရာရောက်နေချေပြီကော။
လွဲချော်၍မဖြစ်မှန်းလည်း သူသိနေလေသည်ကြောင့်လား။
သို့ကြောင့် သူ၏မျက်နှာတွင် ချွေးစေးတို့ စို့ထွက်နေတော့၏။ ပတ်ဝန်းကျင်တစ်ခွင် တိတ်ဆိတ်ငြိမ်သက်လို့နေ၏။
“ပစ်တော့လေဗျာ … ပစ်တော့လေ.”
ကျွန်တော်က မျောက်ကောင်ငြိမ်သက် ငုတ်တုတ်ထိုင်နေသည်တွင် သို့နှယ် အလောတကြီးပြောလိုက်၏။
မုဆိုးစောလူးသည် ပစ်မှတ်ငြိမ်သက်နေသော်လည်း ဘာကြောင့် မပစ်သေးတာပါလိမ့်။
ကျွန်တော် မုဆိုးကြီးစောလူးကို စိတ်ပျက်နေမိတော့၏။ သို့ရှိစဉ်…
“ဝေါင်း”
“ဟာ”
“ဟင်”
“ဒိန်း”
ထင်မှတ်မထားသော ချောင်းမြောင်းလုပ်ကြံမှုကြီးဖြစ်၏။
နံဘေးချုံပုပ်နွယ်ပင်နောက်ကွယ်မှ ကျားကောင်သည် သို့နှယ်အသံပေးပြီး ကျွန်တော်တို့ထံသို့ တစ် ဟုန်ထိုး ပြေးလွှားခုန်အုပ်လာ၏။
မုဆိုးကြီးစောလူးသည် ကပျာကသီလှည့်လိုက်ကာ လက်တွင်းရှိ သေနတ်ဖြင့် ရုတ်ခြည်းပစ်လိုက်လေတော့သည်။
ကျားကောင်သည် ကျွန်တော်တို့ထံ ရောက်မလာ။
ခပ်လှမ်းလှမ်းနေရာလောက်တွင် မြေပြင်သို့ ဘုတ်ခနဲ အရုပ်ကြိုးပြတ် ကျသွားလေတော့၏။
“ဟူး … တော်ပါသေးရဲ့”
မုဆိုးကြီးစောလူးသည် သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ပြီး သို့နှယ်ပြောရင်း ကျားကောင်သေကြီးရှိရာသို့ သွားလိုက်လေတော့၏။
“ငါတို့နားနေကြတုန်းက တဘုတ်ဘုတ်ကြားရတဲ့အသံက ဒီကောင် အမြီးပုတ်နေတဲ့ အသံလေကွာ။ ဆရာလေးတို့ ကြောက်မှာစိုးလို့ မပြောတာ။ နို့ကြောင့် ဒီပတ်ဝန်းကျင်မှာ ကျားကောင်ရှိနေတာကိုသိလို့ ဒီကျည်တစ်တောင့်ကို သက်စောင့်ထားရတာပေါ့။
ဆရာလေးတို့က မျောက်ကိုပဲ ပစ်စေချင်ကြတယ်။ မုဆိုးတစ်ယောက်က ငါမုဆိုးပဲဆိုပြီး သားကောင်ကိုချည်း ဂရုစိုက်နေလို့ မဖြစ်ဘူးကွ။ အခန့်မသင့်လို့ တစ်ချက်မှားလျင်ဖြင့် သားကောင်လဲဖြစ်သွားနိုင်တယ်”
သို့ မုဆိုးကြီးစောလူးပြောလေသည်တွင် ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း မှင်တက်မိသွားကြလေတော့သည်။
ဖတ်စရာဂျာနယ်အတွဲ ၁၊ အမှတ် ၃၊
၂၀၀၅၊ ဇန်နဝါရီလ
– ပြီး –
စာရေးသူ – ကိုပိုက်
စာစီစာရိုက် – မုဆိုးတံငါစာပေများ
မုဆိုးတံငါစာပေများပေ့ချ်မှကူးယူဖော်ပြသည်