မုဆိုးကျော်မိုးရဲ့ ယိမ်းနွဲ့ပါးဓါး
“ကိုင်း … ကိုကျော်မိုး၊ ခင်ဗျား ထန်းရည်သောက်မှာလား၊ ဒီ ဂျော်နီဝေါ့ကား (Johny Walker) သောက်မှာလား”
နံနက်စာ ထမင်းမစားမှီ အစာကြေလေရန် အရက်ဝိုင်းလေးစရန် ဂျော်နီဝေါ့ကာဝီစကီပုလင်းနှင့် ဖန်ခွက်များချရင်း ခင်မောင်စိန်က ကျော်မိုးကို မေးခွန်းထုတ်လိုက်ခြင်း ဖြစ်သည်။
“မင်းတို့ ဂျော်နီဒုတ်ထောက် ငါ့ ထန်းရည်လောက် မမက်ပါဘူး ခင်မောင်စိန်ရာ။ မင်းတို့သာ သောက်ကြပါ”
“ဒါဆိုလည်း အကုန်သက်သာလို့ ဝမ်းသာပါတယ်ဗျာ”
ခင်မောင်စိန်က ချထားသော ဖန်ခွက်အသီးသီးတွင် ဝီစကီတစ်ပက်စီခန့် လိုက်ထည့်ရင်း ပြောလိုက် ပါသည်။
ကျော်မိုးကလည်း ထိုင်ရာမှ ထလျက် ကားပေါ်မှ ထန်းရည်ပလပ်စတစ်ပုံးကို သွားယူလာပြီး သူ့ဖန်ခွက်ထဲ အပြည့်ထည့်ကာ မနားတမ်း မော့ချလိုက်ပါသည်။
“အပါး … ပါး၊ ကောင်းမှ ကောင်း၊ ဂွဒ်ရှယ်ကောင်း၊ ပင်ကျထန်းရည် စစ်စစ်ကလေးဆိုတော့…”
ကျော်မိုးက ထန်းရည်ကောင်းကြောင်း ထုတ်ဖော်ချီးကျူးရင်း အနီးမှ ထိုင်နေသော လှရွှေကိုလည်း သောက်မလားဟု အဖော်ညှိလိုက်သည်။
“နင်ပဲ ဝအောင်သောက်ပါ ကျော်မိုးရာ။ ငါမှ ထန်းရည် အရက် မကြိုက်တာ”
ဒီအချိန်မှာပင် အိမ်ရှင် ကိုသန်းရွှေက အမြည်း ကြက်သားရည်ချို(ကာလသားချက်) တစ်ပန်းကန် လာချပေးသွားသည်။
“ထန်းရည် အရက် မသောက်လဲ အမြည်းစားပေါ့ ကိုလှရွှေရာ”
ထန်းရည် အရက်ဝိုင်းတွင် ကြောင်တက်တက်ဖြစ်နေမှာစိုးသောကြောင့် ကျော်စိုးဗိုလ်က ပြောလိုက်ခြင်း ဖြစ်သည်။
“ရတယ် … ရတယ်။ ကျုပ်ကို အားမနာကြနဲ့။ ကျုပ်အတွက် စပါရှယ် ဖရဲသီးနဲ့ သခွါးသီးတွေ ဝယ်လာတယ်”
ပြောပြောဆိုဆို လှရွှေက သူ့ကားဆီသွားပြီး ဖရဲသီးတစ်လုံးနှင့် သခွါးသီးတစ်လုံး သွားယူနေသည်။
“ကိုလှရွှေ … ရိက္ခာခြင်းထဲက ရယ်ဒီမိတ် ငါးပိထောင်းဘူးလေးရော ဆွဲခဲ့စမ်းပါဦး”
ကျော်မိုးက တဆက်တည်း လှရွှေကို ခိုင်းလိုက်ပြန်ပါသည်။
“အေး … အေး … ယူခဲ့မယ်”
ကျွန်တော်တို့ မုဆိုးအဖွဲ့များ ဖြစ်ကြသော ကျွန်တော်၊ ကျော်မိုး၊ လှရွှေ၊ ခင်မောင်စိန်နှင့် ကျော်စိုးဗိုလ်တို့ တောပစ်ကြရန်အတွက် ရေဦး-ကလေးဝလမ်း၊ တန့်ဆည် ကံထူးမဘက်မှ ရွှေကျင်မှော်ရွာ မုဆိုး ကိုသန်းရွှေ၊ ဒေါ်ကြီးပေါတို့ နေအိမ်ကို ရောက်နေကြခြင်း ဖြစ်သည်။
မန္တလေးမှ မိုင်း (၁၀၀) ကျော် ကားနှင့် လာခဲ့ကြရသောကြောင့် ပင်ပမ်းနွမ်းနယ်သမျှကို အတိုးနဲ့ချ ဖြေဖျောက်ရန် အရက်ဝိုင်းလေး စနေကြခြင်း ဖြစ်သည်။
အိမ်ရှင် ကိုသန်းရွှေပါ ဝိုင်းတွင် ဝင်ထိုင်ခိုင်းပြီး ခွက် ကိုယ်စီကိုင်၊ ခွက်ခြင်းထိ၊ အသီးသီး ပါးစပ်မှ “မာ … ကြီး … ရှည်” ဟု ပြောကြားလိုက်ပြီး မော့ချလိုက်ကြသည်။
ဝီစကီက လည်ချောင်းအတွင်း ပူဆင်းသွားသဖြင့် ကျွန်တော်က ကြက်သားရည်ချိုတစ်ဇွန်း သောက်လိုက်ရသည်။
ကျော်မိုးကတော့ သူ့ထန်းရည်ခွက် မော့ချလိုက်ပြီး သူ့ငါးပိထောင်းဘူးဖေါက်၊ လက်နှင့် တို့မြည်းလိုက်ပါသည်။
“ဟာ … ကိုကျော်မိုး၊ ဒီမှာ ကြက်သားအမြည်းရှိလျက်နဲ့ ဘယ်နှယ့် ငါးပိထောင်းတွေ မြည်းနေရတာလဲ။ ကြက်သားဟင်းတွေ အများကြီး ချက်ထားတာပါ”
အိမ်ရှင် ကိုသန်းရွှေက ကျော်မိုးကို ကြည့်ပြီး ပြောလိုက်ခြင်းပင် ဖြစ်သည်။
“ဪ … ကိုသန်းရွှေ၊ ခင်ဗျားလည်း ဒီအကြောင်း မသိသေးပဲကိုး။ အချင်းချင်းဆိုတော့ ပြောပြရမှာပေါ့။ ‘ထန်းရည်နဲ့ ငါးပိ လူမသိစေနဲ့’ ဆိုတဲ့ လျှို့ဝှက်စကား ကြားဘူးလား”
“မကြားဘူးသေးပါဘူးဗျာ။ ရှင်းသွားအောင် လင်းစမ်းပါအုံး။ ကျုပ် ကြားဘူးတာ သိထားတာကတော့ ‘ထန်းပင်ကျရည် … ထန်းပင်ကျရည် … ချိုတမြမြ မူးသလေ့လေ့’ လို့ဘဲ သိတာဘဲ”
“အဲဒါက ပင်ကျထန်းရည်စစ်စစ် ကောင်းကြောင်း မူးကြောင်း ပြောတာပေါ့ဗျာ။ ခုဟာက ပင်ကျရည်စစ်စစ် မစစ်စစ် ထန်းရည်နဲ့ဆိုရင် အကောင်းဆုံး အလိုက်ဖက်ဆုံး အမြည်းက ငါးပိထောင်းလို့ ပြောတာ”
“ညွှန်းလှချည်လား ကိုကျော်မိုးရာ။ နည်းနည်းတော့လျော့၊ ငါးပိထောင်းက ဘာကောင်းမှာလဲ”
“မယုံရင် စမ်းကြည့်၊ လက်တွေ့သိသွားမယ်”
ပြောပြောဆိုဆို ကျော်မိုးက ထန်းရည်တစ်ခွက်နှင့် ငါးပိထောင်းဘူးကို ကိုသန်းရွှေအား ပေးပြီး မြည်းခိုင်းလိုက်သည်။
“အဲ … ဟုတ်သဟ၊ ကောင်းတယ် … ကောင်းတယ်။ နောက် ထန်းရည်သောက်ရင် တခြား အသားအမြည်း ရှာစရာ မလိုတော့ဘူး”
“သွားပါပြီကွာ။ လူမသိစေနဲ့လို့ မှာထားလျက် ပြောမိတာ မှားပါပြီ”
“မှားတာတွေ အသာထား။ နင့် အသစ်လုပ်လာတဲ့ဓါး သွားယူပေးစမ်းပါ”
ကျော်မိုးက သူ့ဓါး ကားဆီသွားယူလာပြီး ကိုလှရွှေကို ကမ်းပေးလိုက်ရင်း ပြောလိုက်သည်က
“ဘာလဲ … နင်က ငါ့ဓါးကောင်းကြောင်း အဖွဲ့သားတွေကို ကြွားပေးမလို့လား”
“ဘယ်ကလာ ကြွားပေးရမှာလဲ။ ငါ့ဓါးက သေးသေးမို့ ဖရဲသီးခွဲဖို့ မကောင်းလို့ နင့်ဓါးနဲ့ ခွဲမလို့ ယူခိုင်းတာ”
“ဘာ … ဘာ … ငါ့ဓါးနဲ့ ဖရဲသီး သခွါးသီး ခွဲမလို့ … ဟုတ်လား။ ရက်စက်လိုက်တာ ကိုလှရွှေရာ။ ဒီဓါးကို ပေါ့သေးသေး မထင်နဲ့။ ငါကိုယ်တိုင် မီးရထားစပရိမ်သံ ရှာပြီး ရန်ကင်းတောင် ရေကြည်ရွာက အမိုက်စား ပန်းဘဲမှာ ဗိုလ်မှူးတိုးအောင်၊ စိုးမြင့်အောင်တို့နဲ့ သွားပြီး စိတ်တိုင်းကြ ပုံဆွဲပြ ရိုက်ခိုင်းထားရတဲ့ဓါးဆိုတာ နင်လဲ သိသားနဲ့”
“ပေါ့သေးသေးမဟုတ်မှန်းတော့ မြင်တာနဲ့ သိပါတယ်။ ဓါးသွားအရှည်က တောင်စို့လောက်၊ ဗျက် အကြီးဆုံးနေရာက လက်သုံးလုံးလောက်၊ ဒုကလည်း ထူ ဆိုတော့ ဘယ်သေးသေးပေါ့ပေါ့ ဟုတ်တော့မှာလဲ။ သစ်ရွေ့ဓါးမလောက်ကို လေးမယ်ထင်တယ်”
မှန်ပါသည်။ ပြောလည်း ပြောချင်စရာပါ။ ကျော်မိုး လုပ်လာသော ဓါးမှာ အသွား ၁ တစ်ပေလောက်ရှည်ပြီး ဗျက်အကြီးဆုံး နေရာက ၃ သုံးလက်မ၊ အနှောင့် သုံးမူးလောက်ထူပြီး ပုံစံက ဂေါ်ရခါးဓါး(ခိုရကီး) ပုံစံ ခတ်ကောက်ကောက် ဦးငိုက်ငိုက် ဖြစ်သည်။
“ဟ … ခင်မောင်စိန်ရ၊ နင် ဘာသိလို့လဲ။ ဒီဓါးက တောကြီး အမဲကြီးလည်တဲ့နေရာမှာ သုံးဘို့ စပါယ်ရှယ် လုပ်ထားတာကွ။ ခုတ်လို့ ထစ်လို့ ဖြတ်လို့ တောက်လို့ရအောင်၊ အန္တရာယ်ပေးလာမဲ့ သားကောင် ကျား၊ ကျားသစ်၊ ဝက်ဝံ၊ ဝံပုလွေ၊ တောခွေးတို့လို အန္တရာယ်ကောင်တွေရန် ခုခံကာကွယ်တိုက်ခိုက်နိုင်အောင် တမင်ရည်ရွယ်လုပ်ထားတာဟ။
ဂျီ၊ ဒရယ်၊ ယုန်၊ ကြောင်လောက်အတွက် မဟုတ်ဘူး။ စိုင်၊ ပြောင်၊ နွားနောက်လို အမဲကြီးရလို့ လည်လှီး(ဟာလာလုပ်)ရမယ်ဆိုရင် ဒီဓါးမျိုးမှ အဆင်ပြေတာ။ နင်က အမဲကြီးသမား၊ တောကြီးသမား မဟုတ်တော့ ဒါတွေ ဘယ်သိမှာလဲလေ။
အကို (ကိုဘမင်း)၊ ကိုကျော်စိုးဗိုလ်တို့ ငါတို့လို တောကြီးဝင်မုဆိုးကြီးတွေမှ ဒီဓါးရဲ့ အသုံးဝင်ပုံ အသုံးတဲ့ပုံ သိတာ။ ဒီမှာကြည့် …”
ကျော်မိုးက နေရာမှ ထလျက် သူ့ဓါးကို ဓါးအိမ်မှ ဆွဲ ထုတ်လျက်၊ ဘယ်ညာဝှေ့ရမ်းပြီး လေထဲခုတ်ပြနေသည်။ ဓါးက အသစ်၊ ဝင်းပြောင်နေတော့ နေရောင်တွင် ဝင်းကနဲ လက်ကနဲ ရောင်ပြန်ဟတ်နေတော့သည်။
ကျော်မိုး သူ့ဓါးအကြောင်းပြောပြီး ဟန်ရေးပြနေစဉ်မှာပင် ကျွန်တော်က အလွယ်တကူရှိသော ကျွန်တော်ဓါးမြှောင်နှင့် ဖရဲသီးရော သခွါးသီးပါ ကိုလှရွှေကို ခွဲစိတ်ပေးလိုက်သည်။
“ဘာလဲ ကျော်မိုး။ နင်က လေခုတ်၊ ရေခုတ်၊ မြေမခုတ်နဲ့ ကြက်ဆူ ပဒိုင်းကိုင်းကိုရှောင်ဖို့ လက်တွေ့ ဓါးရေးပြနေတာလား”
ဖရဲသီးစိတ်ကို ကောက်စားရင်း လှရွှေက မျက်စေ့နောက်သွားပုံရသည်။ ဒါကြောင့် ကျော်မိုးကို ပြောလိုက်ခြင်း ဖြစ်သည်။
“ဓါးရေးပြချင်လို့ ပြနေတာ မဟုတ်ဘူး။ ကျုပ်ဓါးက ခုခေတ် နာမည်ကြီး ရွှေဘို ကန့်ဘလူက ‘ဖုတ်တကော’ဓါး၊ ကချင်ပြည်လုပ် (ပစ္စတို) သေနတ်တံဆိပ် ဓါးတွေထက် သာကြောင်း၊ ရှေးခေတ် ရာဇဝင်တွင်ခဲ့တဲ့ မင်းကြီးရန်နောင်ဓါး၊ ယိမ်းနွဲ့ပါးဓါးတွေနဲ့ နင်လား ငါလား ပြိုင်စံရှားဆိုတာ သိအောင် မြင်အောင် ပြနေတာဗျ”
ကျော်မိုးက ကိုလှရွှေကို ရှင်းပြရင်း ဓါးကို ချ၊ ဖန်ခွက်ထဲ ထန်းရည်အပြည့်ထဲ့ပြီး တချီတည်း မော့ချလိုက်ပြန်သည်။ ပြီးမှ ငါးပိထောင်းဘူးမှ ငါးပိကို လက်ညှိုးနှင့်ကော်ပြီး မြည်းလိုက်သည်။
“အား … ကောင်းလိုက်တာ။ လင်မယား ညားခါစညလို အကြောပေါင်းတစ်ထောင် စိမ့်သွားဘဲ”
“ကျော်မိုး … မင်းဓါးက ၁ တစ်ပေလောက်ရှည်တော့ စစ်တပ်က တိုက်ခိုက်ရေးဓါးနဲ့ နင်လား ငါလားဘဲ”
“ဟုတ်တယ်။ တောကြီးအတွက် သက်သက်ဆိုတော့ ဒီလိုမှ တော်ကာကြတယ်ဆိုတာ ခင်ဗျား သိပါတယ်လေ”
“တောကြီးအတွက်ဆိုပြီး ဘာလို့ အခု တောလေး ယူလာရတာလဲ”
“အဲဒါကတော့ ကျုပ်ဓါးကို ပထမဦးဆုံး တောကောင်သွေးနဲ့ ဆေးလမိုင်းတင်ချင်လို့ပေါ့။ ဒီည ဘယ်လို စီစဉ်ကြမလဲ။ ကိုသန်းရွှေ … ခင်ဗျားက ရွာခံမုဆိုး ဆိုတော့ ဘယ်လိုအစီအစဉ်ရှိလဲ ပြောလေဗျာ”
ကျော်မိုးက ကျော်စိုးဗိုလ် အမေးကို ဖြေရင်း ကိုသန်းရွှေကိုပါ အစီအစဉ် မေးခွန်းထုတ်လိုက်သည်။
“သေချာပေါက် ပစ်ရမဲ့ အစီအစဉ်တော့ ရှိတယ်။ ဆရာတို့ အပင်ပမ်းခံ လုပ်နိုင်ရင်တော့ သေချာပေါက် နေ့ခင်း အမြင်အထင် အပိုင်ပစ်ရမှာ”
“နေ့ခင်းဆိုတော့ တောမောင်း တောခြောက်ဖို့ အစီအစဉ်လား။ မောင်းပေးမယ့်သူတွေ အရန်သင့်ရှိရင်တော့ လုပ်လိုက်လေ။ ကျုပ်တို့က တောပစ်ဖို့လာမှတော့ အပင်ပမ်းခံရမှာပေါ့။ မဟုတ်ဘူးလား ဘော်ဒါတို့”
ကျွန်တော်က ကိုသန်းရွှေ နေ့ခင်းသေချာပေါက်ပစ်ရမယ်ဆိုတဲ့ စကားအတွက် အဖွဲ့တွေကို စကားခေါ်လိုက်သည်။
“သေချာပေါက် ဆိုမှတော့ ပင်ပမ်းလည်း လုပ်ကြရုံပေါ့”
ကျော်စိုးဗိုလ်က ဝင်ထောက်ခံလိုက်သည်။
“အကုန်လုံး ပင်ပမ်းခံစရာ မလိုပါဘူး။ ၂ ယောက်ဆို ရပါပြီ”
“တောမောင်းမှာ နှစ်ယောက်နဲ့ စည်းလုံမှာလား ကိုသန်းရွှေရာ။ ကိုလှရွှေ တစ်ယောက်ကလွဲရင် ကျန် (၄)ယောက်စလုံး တောမောင်းလိုက်နိုင်ပါတယ်ဗျ”
ခင်မောင်စိန်ကလည်း ဝင်ပြောလိုက်သည်။
တောမောင်းဖို့ မဟုတ်ဘူး ကိုခင်မောင်စိန်ရ။ ရေအိုင်စောင့်ပစ်ဖို့ပါ။ ရေအိုင်က (၂)အိုင် ဆိုတော့ (၂)ယောက်စောင့်ရင် ရပြီလေ။ ကျန်တဲ့သူတွေကတော့ ညမှ လည်ကြတာပေါ့”
“ရေအိုင်လင့်စောင့်ရမှာ ဆိုရင်တော့ ကျုပ်ဆရာကြီး ကိုမင်း ရှိပါတယ်။ သူက လင့်စောင့်တာ ဝါသနာပါတယ်။ ဆေးလိပ်မသောက် ကွမ်းမစားတော့ သူနဲ့ပဲ ကိုက်တယ်”
ကျော်မိုးက ရှေ့နေလိုက်နေပြန်သည်။
“နောက်တစ်ယောက်ကရော ဘယ်သူ စောင့်နိုင်မလဲ။
ရေအိုင်စောင့် ဆိုတော့ ညနေ (၃)နာရီလောက် ကတည်းက နေပူထဲ ထိုင်စောင့်ရမှာ။ ခံနိုင်ကြပါ့မလား”
“သားကောင်လာမှာ သေချာတယ်ဆိုရင်တော့ ခံနိုင်ရမှာပေါ့။ လင့်ကရော ထိုးပြီးသား အရန်သင့်ရှိပြီးသားလား။ အခုမှ သွားထိုးရင် ဝင်မှာ မဟုတ်တော့ဘူး”
ကျွန်တော်က အခြေအနေမေးရင်း တင်ပြလိုက်သည်။
“လင့်ထိုးပြီးသားတော့ မရှိဘူး။ မြေအုံထိုင်ရမှာ။ သားကောင်ကတော့ တစ်အိုင်မဆင်း တစ်အိုင်ဆင်းမှာ သေချာတယ်။ ဒီတောမှာ ဒီနှစ်အိုင် ရေကျန်တော့တာ”
“အိုင်ပတ်ဝန်းကျင်မှာ သစ်ပင်တွေ မရှိဘူးလား”
ကျော်စိုးဗိုလ်က သူသိချင်တာ မေးလိုက်သည်။
“တစ်အိုင်မှာတော့ သစ်ပင်ကြီးကြီး လင့်ထိုးနိုင်လောက်တာ မရှိဘူး။ ချုံပုတ်တွေပဲ ရှိတာ။ နောက်တစ်အိုင်ကတော့ သစ်ပင်မြင့်မြင့် နှစ်ပင်တွဲလျက် ရှိတယ်။ ဒါပေမယ့် အရွက်တွေကြွေတော့ အရိပ်မရှိဘူး။ လင့်ထိုးဖို့လည်း အချိန်မရှိတော့ အုံလုပ်ထိုင်မှ ဖြစ်မှာ ဆရာသမားရေ”
“ကျုပ်အတွက်က လင့်ထိုးဖို့ မလိုဘူး။ ကြိုးပုခက်နဲ့ စောင့်မှာ။ ပုခက်ကြိုးချည်စရာရှိရင် ရပြီ”
“ဖြစ်ပါ့မလား ဆရာသမားရယ်။ အတော်ကြာ ကြိုးပြတ်ကျလို့ အကောင်မပစ်ရဘဲ ဒုက္ခရောက်နေပါအုံးမယ်။ အုံနဲ့သာ စောင့်ပါ”
“ရတယ် … ကြိုးပြတ်ကျမှာတော့ မပူနဲ့။ ကျုပ်ပုခက်က နိုင်ငံခြားက ဝယ်လာတဲ့ဟာ ခိုင်ပါတယ်။ ဦးဘမင်းကရော အုံနဲ့စောင့်ရင် ရတယ်မို့လား”
“ရပြီလားဗျာ။ ကျုပ်က သစ်ပင်တက်မကျွမ်းတော့ မြေအုံနဲ့စောင့်ရရင် ပိုအဆင်ပြေတာပေါ့”
“ဒါဖြင့်လည်း အစီအစဉ်ဆွဲပြီး (၃) နာရီမထိုးခင် ဦးဘမင်းနဲ့ ကျွန်တော်တို့ သွားစောင့်ကြတာပေါ့။ ဒါမှ အခြေအနေ အကွက်အကွင်းလေးတွေ သိနိုင်မှာ”
“ဟုတ်တယ်။ ကိုကျော်စိုးလည်း ပုခက်ဆင်ရမှာနဲ့၊ ကျုပ်လည်း အုံလုပ်ရဦးမှာဆိုတော့ ထမင်းစားပြီး (၃)နာရီ မထိုးခင် သွားကြတာပေါ့။ ကိုသန်းရွှေက လိုက်ပို့ဖို့ လုပ်ထားပေတော့”
“ကျုပ်တို့ကရော ဘာလိုက်ကူညီလုပ်ပေးဖို့ လိုသေးလဲ”
ခင်မောင်စိန်နှင့် ကျော်မိုးတို့က ဝင်မေးလိုက်ကြသည်။
“လောလောဆည်တော့ ဘာမှ လုပ်ပေးစရာ မလိုပါဘူး။ ကိုသန်းရွှေပါရင် ရပြီ။ သေနတ်သံ ကြားရရင်သာ သားကောင်သယ်ရအောင် လာခဲ့ကြပေါ့”
“နေရာသိ၊ အိုင်အခြေအနေတွေ ကြည့်ရအောင်တော့ လိုက်ခဲ့အုံးမယ်”
ဟု ကျော်မိုးက ပြောလိုက်ပြန်သည်။
“ဟုတ်တယ် … နေရာသိအောင် လိုက်ခဲ့ရင်တော့ ကောင်းတာပေါ့။ လိုက်ခဲ့ရင် ခင်ဗျားရဲ့ ပြိုင်စံရှားတဲ့ ယိမ်းနွဲ့ပါးဓါးလည်း ယူခဲ့ဦး။ ကျုပ် လင့်စောင့်ရာမှာ ယူထားပြီး အကောင်ပစ်ရရင် တောကောင်သွေးနဲ့ ပထမဦးဆုံး လမိုင်းတင်ပေးမယ်။ ကျေနပ်လား”
“ကျေနပ်တယ် … ကျေးဇူးဘဲ”
ဟု ပြောရင်း ကျော်စိုးဗိုလ်ကို လက်ဆွဲနှုတ်ဆက်လိုက်သည်။
“တွေ့တယ်မို့လား ခင်မောင်စိန်။ အကြောင်းသိ အထာသိတဲ့ လူကြတော့ သဘောပေါက် လက်သင့်ခံသွားတာ”
xxx xxx xxx
အရက်ဝိုင်း၊ ထန်းရည်ဝိုင်းသိမ်းပြီး ထမင်းစားဘို့ ကိုသန်းရွှေကတော် ဒေါ်ကြီးပေါက ထမင်းပွဲတွေ လာချသည်။ ဟင်းတွေက စုံလှသည်။ ကြက်သားရေချို (ကာလသားချက်) ချဉ်ပေါင်ကြော်၊ ခရမ်းချဉ်သီး ငါးပိချက်၊ ခဝဲသီးပြုတ်၊ ပဲရေပွကြော် ငြုပ်သီးတောထောင်းတို့နဲ့ စုံလှသည်။
အရက်ရှိန်၊ ထန်းရည်အရှိန်လေးနှင့် ထမင်းက စားလို့ မြိန်လှသည်။
“ကိုသန်းရွှေ … ကျုပ်တို့ ကျန်ရစ်တဲ့ အဖွဲ့တွေ ည တောလည်နိုင်ဖို့ လူလေး၊ လှည်းလေး စီစဉ်ထားအုံးနော်”
“စိတ်မပူပါနဲ့ ကိုခင်မောင်စိန်ရာ။ မိုးဝင်းနဲ့ မဲကျော်တို့ လူရော လှည်းပါ ပြောထားပြီးသားပါ။ ခင်ဗျားတို့သာ သွားရင် အရန်သင့်ဖြစ်အောင် အစီအစဉ် လုပ်ထားကြပါ”
ထမင်းစားပြီးကြသည်နှင့် ကျော်စိုးဗိုလ်နဲ့ ကျွန်တော်တို့က အိုင်စောင့်ရာတွင် လိုအပ်မည့် သေနတ်၊ ယမ်းတောင့်၊ ဓါတ်မီး၊ ဓါးမြောင်၊ ရေဘူး၊ အရေးကြီးပစ္စည်းများကို စီစစ်စုပုံထားလိုက်ကြသည်။
ကျွန်တော်က နေပူထဲ မြေအုံစောင့်ရမည့်သူဆိုတော့ လုံချည်ဟောင်းတစ်ထည်၊ အခင်း ကြက်စာအိတ် တစ်လုံးနှင့် သက်သက်သာသာ ကြာကြာထိုင်နိုင်အောင် စောင်တစ်ထည်ပါယူဖို့ ပြင်ဆင်ထားလိုက်သည်။
ကျော်စိုးဗိုလ်ကလည်း သူ့သေနတ် (30.06) သတ်တီးအိုးဆစ်နှင့် ယမ်းတောင့်အိတ်၊ ဓါတ်မီး၊ လင့်စောင့်ရန် ကွန်မန်ဒိုပြောက်ကျားပုခက်၊ ရေဘူး၊ ချိုချဉ်ထုပ် စသည်များကို အရန်သင့် ပြင်ထားလိုက်သည်။
ညနေ(၃)နာရီ မထိုးခင်မှာပင် ရွာက ထွက်ခဲ့ကြသည်။
ကျွန်တော်၊ ကျော်စိုးဗိုလ်၊ ကျော်မိုး၊ ခင်မောင်စိန်နှင့် ကိုသန်းရွှေတို့ ဖြစ်သည်။
ကျွန်တော်က နှစ်လုံးပြူး လွယ်ထားသလို ကျော်စိုးဗိုလ်ကလည်း သူ့ရိုင်ဖယ်(30.06) ကို ထမ်းလာခဲ့သည်။
ကျော်မိုးက သူ့ယိမ်းနွဲ့ပါးဓါးကို ကိုင်လျက် ခင်မောင်စိန်နှင့် ကိုသန်းရွှေတို့ကတော့ ကျွန်တော်တို့ အသုံးအဆောင်ပစ္စည်းများကို မျှဝေသယ်ခဲ့ကြသည်။
ရွာနှင့် သွားစောင့်ရမည့် ရေအိုင်မှာ တစ်မိုင်သာသာမျှသာ ဝေးသည်။ ရေအိုင်သို့ ရောက်၍ အကွက်အကွင်း၊ သားကောင် ကျ,မကျ လေ့လာလိုက်သောအခါ ကျော်စိုးဗိုလ် စောင့်ရမည့် ရေအိုင်က အကျများပြီး ကျွန်တော် အုံစောင့်ရမည့် အိုင်က အကျနည်းသည်။
ရေအိုင်နှစ်အိုင်၏ အကွာအဝေးမှာ ကိုက် (၂၀၀) ကျော်လောက်သာ ဝေးသည်။
ကျော်စိုးဗိုလ်နှင့် ကိုသန်းရွှေတို့က သစ်ပင်တက်၍ ကြိုးပုခက်ချည်ဖို့ လူတစ်ကိုယ်စာခိုင်မည့် ကိုင်းများကို ရွေးချယ်ပြီး ချည်နေကြသည်။
သူတို့ ပုခက်ချည်နေသော နေရာတွင် ခင်မောင်စိန်ကို ထားခဲ့ပြီး ကျွန်တော်နှင့် ကျော်စိုးဗိုလ်တို့က ကျွန်တော်စောင့်မည့် အိုင်ဆီသွားကာ သင့်တော်မည့် ချုံတစ်ချုံကို ရွေးလျက် အောက်ခြေရှင်းခြင်း၊ မြင်ကွင်းကောင်းအောင် ပြုပြင်ခြင်းများကို လုပ်ကိုင်လိုက် ကြသည်။
အားလုံး လုပ်ကိုင်ပြင်ဆင်ပြီးသည်နှင့် ကျော်စိုးဗိုလ်က သူ့ လင့်ပုခက်ပေါ် တက်သွားသလို ကျွန်တော်ကလည်း ကျွန်တော့်အုံတွင်း ဝင်သွားလိုက်တော့သည်။
“ကိုကျော်စိုးဗိုလ်ရေ … ကျုပ် ယိမ်းနွဲ့ပါးဓါး ဘယ်နားထားခဲ့ရမလဲ။ ရတဲ့ သားကောင်သွေးနဲ့ လမိုင်းတင်ထားပေးလိုက်ပေတော့”
“စိတ်ချ … စိတ်ချ ကိုကျော်မိုး။ ခင်ဗျား ယိမ်းနွဲ့ပါးဓါး သစ်ပင်အခြေမှာသာ ထားခဲ့။ သေနတ်သံကြားရင်သာ လာခဲ့ကြပေတော့”
“အိုကေ … သေနတ်သံကြားကြားခြင်း အပြေးလာခဲ့ကြမှာပါ။ အကောင်ကြီးကြီး အမြီးရှည်ရှည်တော့ မပစ်မိပါစေနဲ့”
xxx xxx xxx
သူတို့တတွေ ပြန်သွားကြတော့ (၃)နာရီကျော်နေပြီ။ ဆောင်းတွင်းနေမို့ အပူရှိန်က ပြင်းလှသည်။
ရော်ရွက်ဝါတို့က တဖြုတ်ဖြုတ် ကြွေနေသဖြင့် အရွက်များက မစီတော့။ ကြိုးတို့ကျဲတဲ အရွက်ကြားက
နေရောင်စူးစူးက ကြိုးပုခက်ပေါ် မလှုပ်မယှက် ငြိမ်သက်နေရသော မုဆိုးလူသားကို နှိပ်စက်ကလူ ပြုနေကြသည်။
မုဆိုးကလည်း သူ့သေနတ်ကို သစ်တက်တစ်ခုမှာ ကျည်ထိုး မောင်းတစ်ဝက်တင်ကာ အရန်သင့် ချိတ်ထားလိုက်သည်။
စူးရှတဲ့နေရောင်ဒဏ်ကို ကြံ့ကြံ့ခံ ကာကွယ်ရန် ပါလာသော ပုဆိုးတစ်ထည်ကို ခေါင်းမြီးခြုံထားရတော့သည်။
ခေါင်းမြီးခြုံထားသော ပုဆိုးကြားက တောတောင်မြင်ကွင်း ရှုခင်းများကို လှမ်းမျှော်ကြည့်လိုက်သည်။
အင်တိုင်တော၊ ခြုံပုတ်တော၊ တည်ပင်၊ သန်းပင်၊ ဒဟတ်ပင်၊ ဆူးရစ်ပင်၊ မွန်းနန်းပင်၊ ပေါက်ပင်၊ လဲပင်၊ သစ်ပကန်ပင်တို့က မျက်စေ့တဆုံး ခပ်ကျဲကျဲပေါက်နေကြသည်။
တပို့တွဲလမို့ သစ်ရွက်တို့က အစိမ်းရောင်မှ နီဝါရောင်ပြောင်းပြီး တဖြုတ်ဖြုတ် ကြွေကျ ကြွေစ ပြုနေပုံမှာ သင်္ခါရလောကဓမ္မကို ဖော်ကျူးပြသနေသယောင်ယောင်…။
စောင့်ရသော ရေအိုင်အကျယ်မှာ ပေ(၃၀)ပတ်လည်လောက်ရှိပြီး အိုင်ဟိုဘက်နှုတ်ခမ်းနှင့် လင့် အကွားအဝေးမှာ ပေ(၆၀) လောက်ရှိမည်။
နောက်ထပ်ပေ(၂၀) လောက်တွင် ချုံပုတ်တောတန်း ပါးပါးကလေးက ကာဆီးထားပြီး ချုံပုတ်တောတန်းကလေး လွန်သွားပါက ကွင်းပြင်ကျယ် ရှင်းရှင်းက မြင်ကွင်းတွင် ထင်းထင်းကြီး ဖြစ်နေသည်။
မုဆိုးက သူ့မြင်ကွင်း အနေအထား အကွာအဝေး ပစ်ကွင်းများကို သတ်မှတ်ပြီးမှ စိတ်ချလက်ချ ကြိုးပုခက်ပေါ်တွင် လှဲအိပ်ရင်း နားကို စွင့်ထားလိုက်သည်။
နေပူရှိန် မကျသေးသဖြင့် လောကဓါတ်ကြီးတစ်ခုလုံးတွင် ကြိမ်မီးအုံးထားသလို ပူနွေးခြောက်ကပ် လျက် အနေရခက်လှသည်။
သတ္တလောကကြီး တစ်ခုလုံးတွင် ဂျိုး(ချိုး) လည်ပြောက်ကူသံများမှအပ အခြားသတ္တဝါ သားကောင်များအသံကား တိတ်ဆိတ်ညိမ်သက်လျက်…။
xxx xxx xxx
ကျွန်တော်က စောင့်ရမည့် မြေအုံအတွင်း ရောက်သည်နှင့် ယူလာသော ကြက်စာအိတ်ကို မြေပေါ်တွင် ဖြန့်ခင်းလိုက်ပြီး စောင်ကိုခေါက်လျက် သက်သက်သာသာ ထိုင်နိုင်အောင် လုပ်ထားလိုက်သည်။
ပါလာသော ဓါတ်မီး၊ ရေဘူး ပစ္စည်းပစ္စယတွေကိုလည်း နေသားတကျ ထားလိုက်သည်။
နှစ်လုံးပြူးသေနတ်ကိုတော့ (SG) ကိုးလုံးကျည်နှစ်တောင့် ပြောင်းရင်းထဲ ထည့်ကာ ချုံတွင်းမှ သစ်ပင်တွင် ခတ်စောင်းစောင်း ထောင်ထားလိုက်သည်။
နေသားတကျ ရှိသွားသည်နှင့် အိုင်ဆီသို့ မျက်နှာမူလျက် သားကောင်ဆင်းတတ်သော ပစ်ကွင်းနေရာများကို စိတ်တွင်းမှတ်သားထားလိုက်သည်။
နေ့ခင်း(၃)နာရီကျော်ကျော်သာ ရှိသေးသဖြင့် နေရောင်က တကိုယ်လုံးကို လွှမ်းမိုးကြီးစိုးထားသဖြင့် ချွေးပြန်နေတော့သည်။
ဒါကြောင့် ယူလာသော လုံချည်ပုဆိုးကို ခြုံလျက် ငြိမ်သက်စွာ ဒုက္ခရစရိယာ ကျင့်နေရတော့သည်။ ဘယ်သူမပြု မိမိမှုဘဲလ။
ကိုယ့်အဖြစ်အပျက်ကို စဉ်းစားရင်း ဘယ်ဘဝက ဝဋ်ကြွေး ပြန်ဆပ်နေရပါလိမ့်ဟု တွေးတောရင်း အချိန်ကို ကုန်ဆုံးစေလိုက်ရသည်။
ဆောင်းနေက ပူသလောက် အကျမြန်သည်။ (၄)နာရီ ကျော်သည်နှင့် အပူရှိန်ရော နေရောင်ပါ ပြောင်းလဲသွားသည်။
တောတွင်းနေ သတ္တဝါများမှာလည်း အပူရှိန် ကျသွားသဖြင့် ပြန်လည်နိုးထလာကြသည်။
တောကြက်တွန်သံ၊ ခါတွန်သံ၊ ဘုတ်အီသံ၊ ဂျိုး(ချိုး)ကူသံများကိုလည်း ကြားလာကြရသည်။
အုံအတွင်းခေါင်းမြီးခြုံ ဒုက္ခခံနေရခြင်းကလည်း အခုမှ ပုံမှန်နေလို့ ရသွားတော့သည်။
“တကုကူး … ကူး … ကူ”
“တကုကူး … ကူး … ကူ … ကူး”
ဂျိုး(ချိုး)လည်ပြောက်မောင်နှံက ရေအိုင်ဆီသို့ ပထမဦးဆုံး ရေသောက်ရောက်လာကြခြင်း ဖြစ်သည်။
ချိုးများ ရေသောက်နေစဉ်မှာပင် တောကြက်ဖ ကြက်မမောင်နှံတို့ ပေါ်လာကြပြန်ပြီး…
“အောက် … အီ … အီး … အွတ်”
“ကွတ် … ကွတ် … ကွတ်”
ဟု တစ်ကောင် တစ်ကောင် ကျီစယ်ရင်း ချစ်တင်းနှောရင်း ရေသောက်ဆင်းလာကြပြန်သည်ကို အရှင်သား မြင်တွေ့နေရသည်။
ဒီမြင်ကွင်းရှု့ကွက်ကလေးတွေကို မြင်ရသော မုဆိုးရင့်မကြီးပင်ဖြစ်လင့်ကစား ဪ … လောကကြီးအတွင်းမှာ မှီတင်းနေထိုင်ကြသော သတ္တဝါဟူသမျှ တိရစ္ဆာန်ကလေးများတောင် ချစ်ခင်ခြင်း၊ ကြင်နာခြင်း၊ ယုယခြင်း၊ ပျော်ရွှင်ကြည်နူးခြင်းဆိုတာတွေ ရှိကြပါလားဟု အမြင်မှန်တရား ကိုယ်ချင်းစာတရား အတွေးလေး ပေါ်ပေါက်လာမိသည်။
ဒါကြောင့်လည်း ကျွန်တော်က …
“ငါစောင့်တဲ့ အိုင်ကို ခြေလေးချောင်းသားကောင်ကြီးတွေ မလာပါစေနဲ့”
ဟု စိတ်မှာ ကြိတ်ခါ ဆုတောင်းနေမိတော့သည်။
ဆုတောင်းလိုက်မှ “ဝေါင်း … ဝေါင်း … ဝေါင်း” ဟူသော ဂျီဟောက်သံက စတင်ပေါ်ပေါက်လာတော့သည်။
ဒုက္ခပါဘဲ … မလာပါစေနဲ့လို့ ဆုတောင်းမှ သားကောင်အသံက ပေါ်လာရတယ်လို့။
“ဟင်း”
ပေါ်လာမှာ စိုးရိမ်စိတ်နှင့် သက်ပြင်းချလိုက်မိသည်။
ဂျီဟောက်သံ ပေါ်လာပြီး မရှေးမနှောင်းမှာပင် သမင်တောက်သံက ကြားလာရပြန်သည်။
“တစ် … တီတူး၊ တစ် … တီတူး၊ တစ် … တီတူး”
ရေအိုင်၏ မြောက်ဘက် မလှမ်းမကမ်းဆီမှ ရုတ်တရက် တစ်တီတူးငှက်ထိုးသံက ဆက်တိုက် ပေါ်လာပြန်သည်။
ဒါ သားကောင်မြင်လို့ တစ်တီတူးထိုးတာ သေချာတယ်။
မှန်ပါသည် တစ်တီတူးငှက်များ၏ သဘာဝအကျင့်မှာ သူ့အနား သူ့မြင်ကွင်းမှာ လူ၊ သတ္တဝါ၊ သားကောင် တွေ့ရှိပါက ဆက်တိုက်အော်မြည်ခြောက်လှန့်ထိုးတတ်ကြသည်က သူတို့ ဓမ္မတာပင်။
ခြေလေးချောင်းသတ္တဝါ တစ်ကောင်ကောင် ရေအိုင်ရှိရာသို့ ရေသောက်လာနေသည်ကတော့ အသေချာပင်။
ကျွန်တော်စောင့်သော အိုင်နှင့် ကျော်စိုးဗိုလ်စောင့်သောအိုင် တစ်အိုင်အိုင်တော့ ဆင်းတော့မှာ သေချာပြီဟု စိတ်မှာ သိလာသည်။
ဒါကြောင့် ငါ့အိုင် မဆင်းပါစေနှင့်၊ ကျော်စိုးဗိုလ် အိုင်မှာ ဆင်းပါစေဟု အထပ်ထပ်အခါခါ ဆုတောင်းနေမိတော့သည်။
နေမင်းကြီးကလည်း အနောက်ဂေါယာကျွန်းသို့ တိုးဝင်ပျောက်ကွယ်သွားသည်မှာ နာရီဝက်ခန့်ပင် ရှိပေပြီ။ ဒါကြောင့် နေရောင်ပျောက်ကာ အလင်းရောင်မှုံတဝါးဝါးသာ ကျန်တော့သည်။
ဒီလိုအချိန်က သားကောင်များ ရေသောက်ဆင်းတတ်သော အချိန်ပင် ဖြစ်သည်။
မလွဲမသွေ ကိုယ့်အိုင်ဆင်းလာပါက မပစ်ချင်သော်လည်း ပစ်ရတော့မည်မို့ စိတ် မပါတပါနှင့် သေနတ်ကို လှမ်းယူကိုင်ထားလိုက်ရပါတော့သည်။
ကျွန်တော့်ဆုတောင်း ပြည့် မပြည့် စိုးတထိတ်ထိတ်နှင့် စောင့်စားနေလိုက်ရပါတော့သည်။
xxx xxx
နေက ဝင်သွားပြီ ဖြစ်သဖြင့် အပူရှိန်က လျော့သွားသဖြင့် ကြိုးပုခက်လင့်တွင် မှိန်းအိပ်နေသော ကျော်စိုးဗိုလ်တစ်ယောက် ထထိုင်ပြီး ရေသောက်လိုက်သည်။
ဒီအချိန်မှာပင် ခတ်လှမ်းလှမ်းမှ ဂျီ(ချေ)ဟောက်သံကို ကြားလိုက်ရသဖြင့် နားစွင့်နေလိုက်သည်။
မကြာခင်မှာပင် တစ်တီတူးငှက်ထိုးသံက ဆက်တိုက်ပေါ်လာပြီး သမင်တောက်သံကိုပါ ကြားလိုက်ရပြန်ရာ ဝမ်းသာမဆုံး ဖြစ်သွားတော့သည်။
သစ်တက်တွင် ချိတ်ထားသော လက်စွဲတော် (30-06) ရိုင်ဖယ်ကို လှမ်းယူလိုက်ပြီး အရန်သင့် ပြင်စောင့်နေလိုက်သည်။
တစ်တီတူးထိုးသံ ကြားရာဆီသို့ အပေါ်စီးမှ မျက်စေ့ကစားလိုက်ပြီး သားကောင်လှုပ်ရှားမှုကို အထူးဂရုပြု ရှာကြည့်နေလိုက်သည်။
သို့သော် ဘာမှ ထူးခြားမှု မမြင်ရသေး။
မျက်စေ့သာမက နားကိုပါ အထူး စွင့်ထားလိုက်ရာ သစ်ရွက်ခြောက်နင်းသံ ခြေသံလိုလို ကြားလိုက် ရသဖြင့် မျက်စေ့ကို အလုပ်ပေး ရှာဖွေနေမိသည်။
လင့်ပေါ် အထက်စီးမှ ကြည့်ရှုရသဖြင့် မြင်ကွင်းက မဆိုးလှ။ လင့်အရှေ့မြောက်ဘက်အိုင်နှင့် ချုံပုတ်တောအတွင်းမှ သစ်ပင်ပေါက်များက လှုပ်လှုပ် လှုပ်လှုပ်နှင့် ရွေ့လျားတိုးလာနေသည်ကို တွေ့ရတော့သည်။
အကောင်အထည် မမြင်ရသေးသဖြင့် ဘာသားကောင်ရယ်တော့ အသေချာမသိရသေး။ ဒါပေသိ ခြေလေးချောင်း သားကောင်ခပ်ကြီးကြီး ဆိုတာတော့ အတွေ့အကြုံအရ မှန်းဆသိနေရသည်။
သားကောင်မှန်း အသေချာသိရပြီမို့ သေနတ်မောင်း တစ်ဝက်တင်ထားရာမှ မောင်းအပြည့် တင်လိုက်ကာ သားကောင်ပေါ်အလာကို စောင့်စားနေလိုက်ရသည်။
သားကောင်ကလည်း ချုံပုတ်ပါးပါး အကာအကွယ်ထားကာ ရေအိုင်တွင် အန္တရာယ်အရိပ်အရောင် ရှိ မရှိ သိရအောင် (၁၀)မိနစ်ခန့် ငြိမ်သက်စူးစမ်းနေပုံရသည်။
သေနတ်သမား မုဆိုးမှာ (၁၀) မိနစ်ခန့် စောင့်ရသည်ကိုပင် ကြာလှသည် ထင်မိသည်။ သားကောင် ငြိမ်သက်နေသဖြင့် သူ့ဘက်ကလည်း မလှုပ်မရှား မျက်စေ့ပင် မကစားဘဲ အတတ်နိုင်ဆုံး သည်းခံနေလိုက်ရသည်။
မှန်ပါသည်။
ရေအိုင်၊ လူးအင်း၊ ဆားကျင်း(ကျစ်) စားပင်စောင့်သော မုဆိုးများအဘို့ ဒီအချိန်က အရေးအကြီးဆုံး အချိန် ဖြစ်သည်။ စိတ်မရှည်၊ မအောင့်အီးနိုင်လို့ လှုပ်ရှားမှု လုပ်လိုက်မိပါက သားကောင် မသင်္ကာဖြစ်ပြီး ထွက်ပြေးသွားမည်က အသေအချာပင်။
ဒါကြောင့် စိတ်မရှည်၊ အောင့်အီးသည်းခံနိုင်စွမ်း မရှိသော မုဆိုးများ လင့်စောင့်ပစ်ရန် မသင့်တော်ကြောင်း အကြံပြုချင်ပါသည်။
ညနေ (၅)နာရီ ကျော်သွားသဖြင့် အလင်းရောင်က မှုံပြပြသာ ကျန်တော့သည်။
ဒီတော့မှ သားကောင်က စိတ်ချစွာ လှုပ်ရှားလာတော့သည်။
ငြိမ်သက်စွာ ရပ်လျက် စူးစမ်းနေရာ ချုံပါးပါးနေရာမှ ရှေ့သို့ လှမ်းထွက်လိုက်သော အကောင်ထွားထွား ချို(ဂျို) ကားကား သမင်ပေါက်ကြီးကို ထင်ထင်ရှားရှား မြင်လိုက်ရတော့သည်။
မုဆိုးမှာ စောင့်စားနေရကျိုးနပ်ပြီဟု ဝမ်းသာပီတိဖြစ်ကာ သားကောင်လှုပ်ရှားသွားလာရာအတိုင်း သူ့သေနတ်နှင့် လိုက်ချိန်နေပါသည်။
သားကောင်က ချုံပုတ်တောတန်းလေးအကွယ်မှ အိုင်ရှိရာသို့ ဖြတ်ဆင်းလိုက်ပါသည်။
လှုပ်ရှားနေသော သားကောင်ဖြစ်သဖြင့် ခေါင်းလည်တိုင်ကို မပစ်တော့ဘဲ လက်နောက်အကျယ် သေချာသည့် နေရာကိုသာ ချိန်လျက် မောင်းခလုပ်ကို ဖြုတ်ချလိုက်ပါတော့သည်
“ဒိုင်း”
အောင်မြင်လှသော (30-06 ) ကျည်ဆံ ပေါက်ကွဲသံက တိတ်ဆိတ်စပြုနေသော ညနေခင်းကို နှုတ်ဆက်အသံပေးလိုက်တော့သည်။
(180gr) ဂရိမ် ကျည်ဖူးကလည်း တာဝန်ကျေစွာ သားကောင်ကို ထိမှန်လိုက်သဖြင့် သားကောင်မှာ တစ်ချက်ခုန်ထိုးပြီး တောတန်းကလေးကို ဖြတ်လျက် အရှေ့ဘက်လွင်ပြင်တွင် ယိုင်တိ ယိုင်တိုင် သွားနေတော့သည်။
လဲနိုး လဲနိုး နှင့် စောင့်ကြည်နေသော မုဆိုးမှာ မတတ်သာတော့သဖြင့် ကိုက် (၅၀)လောက် ရောက်သွားမှ နောက်ခိုင်းသွားနေသော သားကောင်ကို ချိန်လျက် နောက်တစ်ချက် ဖြုတ်လိုက်ရပြန်သည်။
ပေါင်ပါ ကျိုးသွားသော သားကောင်မှာ ရှေ့ဆက်မသွားနိုင်တော့ဘဲ ဝတ်ကျသွားပါတော့သည်။
မုဆိုးလည်း ကျည်နောက်တစ်တောင့် အမြန်ထိုးလျက် သားကောင်အခြေအနေကို စောင့်ကြည့်လိုက်ပြီး မရွှေ့နိုင်မှန်းသိမှ ပုခက်ပေါ်က ပစ္စည်းများကို သိမ်းပြီး သစ်ပင်မှ ဆင်းခဲ့တော့သည်။
သစ်ပင်အောက်ရောက်မှ ကျော်မိုးရဲ့ ယိမ်းနွဲ့ပါးဓါးကို ကောက်ယူလိုက်ပြီး သားကောင်လဲရာသို့ ထွက်လာခဲ့တော့သည်။
သားကောင်က မသေသေး။ မုဆိုးကိုမြင်တော့ လှုပ်လှုပ်ရှားရှား ပြုလာပြီး ကုန်းရုန်းထနေသည်။
သို့သော် နောက်ပေါင်ပါ ကျိုးနေသဖြင့် မထနိုင်ရှာ။ လူမကပ်နိုင်အောင်သာ ခေါင်းတခါခါ၊ ချို(ဂျို) တရမ်းရမ်း လုပ်နေတော့သည်။
ကျော်စိုးဗိုလ်က မသေသေးသဖြင့် သေနတ်နှင့် နောက်တစ်ချက်ပစ်ရန် ဟန်ပြင်လိုက်သည်။
သို့သော် သားကောင်က လုံးဝ မထနိုင်တော့သည်က တကြောင်း၊ ကျည်ဆံနောက်တစ်ထောင့် ကုန်မှာစိုးသည်က တကြောင်းကြောင့် သေနတ်နှင့် မပစ်တော့ပဲ ယိမ်းနွဲ့ပါးဓါးအကြောင်း သိရအောင် ဓါးအိမ်မှ ထုတ်၊ သားကောင်လည်ဂုတ်ကို ပြေးခုတ်လိုက်သည်။
သားကောင်က အထီးပေါက်ဆိုတော့ လည်ဆံမွှေးက ရှိနေသဖြင့် ဓါးက မတိုး၊ ထုံခံနေသည်။
နောက်တစ်ချက် အားထုတ်ပြီး ပြတ်အောင်ခုတ်မည်လုပ်တော့ ဦးချိုနှင့် လှမ်းခတ်သဖြင့် အသာရှောင်၊ ချိုထောင်ထောင်ကို ကိုင်ဖမ်း၊ ခပ်ကြမ်းကြမ်း လည်ပင်းကို ခုတ်ပိုင်းချလိုက်ပြန်သည်။
သို့သော် အထင်နဲ့ အမြင် ပါစင်အောင် လွဲသွားပြန်သည်။
အထင်က ဒီတစ်ချက်တော့ ဂုတ်ပြတ်ဇာတ်သိမ်းပြီရယ်လို့…။
အခုတော့ ဇက်မပြတ်သည့်အပြင် သားကောင် ဇွတ်ခတ်လိုက်သဖြင့် မနည်းလွတ်အောင် ရှောင်လိုက်ရသည်။
ထင်တိုင်းမပေါက်၊ ဓါးနှင့်ခုတ်တာ မထိရောက်သဖြင့် စိတ်ပေါက်ပေါက်နှင့် သုံးမရတဲ့ ယိမ်းနွဲ့ပါးဓါး သွားရော့ချုံကြားဟု ရေရွတ်ရင်း လွင့်ပစ်လိုက်တော့သည်။
မှောင်ရီကလည်း သန်းလာသဖြင့် အရာရာတို့က ထင်ထင်ရှားရှား မမြင်ရတော့။ ဒါကြောင့် ကျော်စိုးဗိုလ်က သားကောင်ကို လက်စတုံးပစ်ရန် သေနတ် ကောက်ကိုင်လိုက်ပြန်သည်။
ဒီအချိန်မှာပင် လူသံများနှင့် မီးရောင်တဝင်းဝင်းက ကျော်စိုးဗိုလ်လင့်ရှိရာသို့ ရှေ့ရှုလာနေကြသဖြင့် ခေတ္တစောင့်နေလိုက်ပြီး မီးအချက်ပြလိုက်ရသည်။
ကျွန်တော်ကလည်း သေနတ်သံနှစ်ချက် ကြားလိုက်ရပြီး အမှောင်ထုက စိုးမိုးလာသဖြင့် ပစ္စည်းပစ္စယများသိမ်းကာ အုံအတွင်းက ထွက်လာခဲ့တော့သည်။
“အဖွဲ့တွေ ဒီလာ … ဒီလာ။ သားကောင်က ဒီမှာ”
ကျော်စိုးဗိုလ်က သူလင့်အိုင်ဆီ ဦးတည်သွားနေသော ရွာမှ လိုက်လာသည့် အဖွဲ့များကို အသံပေးခေါ်လိုက်သည်။
အဖွဲ့များ အနားရောက်မှ မသေသေးဘဲ ခေါင်းထောင်ချို(ဂျို)ရမ်းနေသော သားကောင်ကြီးကို မီးထိုးပြပြီး လက်စတုံးခိုင်းလိုက်ရတော့သည်။
“ကိုကျော်မိုး ယိမ်းနွဲ့ပါးဓါးနဲ့ ဘာလို့ လမိုင်းတင်မထားတာလဲ”
“ပြော… မပြောချင်တော့ပါဘူး။ သူ့ယိမ်းနွဲ့ပါးဓါး အထင်ကြီးပြီး သားကောင်ဂုတ်ပိုး သွားခုတ်တာ။ မပြတ်ဘဲ ပြန်ခတ်လိုက်တာ ကံကောင်းလို့ ဗိုက်မပွင့်တာ”
“ဟုတ်လား … ဒါဖြင့် အဲဒီဓါး ဘယ်မှာလဲ။ သွေးသုတ်လမိုင်း တင်ခဲ့ရအောင် ကိုကျော်မိုးက အထပ်ထပ် အတန်တန် မှာလိုက်တာ”
“ဒါဆိုလည်း လေခုတ်၊ ရေခုတ်၊ သားရေမခုတ်နဲ့ဆိုတဲ့ ကိုကျော်မိုးရဲ့ အကောင်းစား ယိမ်းနွဲ့ပါးဓါး၊ ကျုပ်လွင့်ပစ်လိုက်တာ ဟောဟိုချုံကြား သွားကောက်ချေတော့ဗျာ…”
ဟု ပြောကြားလိုက်ပါတော့သတည်း။
(မုဆိုးလောကကို စွန့်ခွါသွားပြီဖြစ်သော ကိုကျော်မိုးအား အမှတ်တရ)
မန္တလာသား
[ဤဝတ္ထုသည် မည်သည့်မဂ္ဂဇင်းမှာမှ မဖော်ပြရသေးသော ဆရာမန္တလာသားရဲ့ ဝတ္ထုအသစ် ဖြစ်ပါသည်။ ဆရာကျော်စိုးဗိုလ်ရဲ့ တိုက်တွန်းမှုကြောင့် ရေးသားပီး ကျွန်တော့်ပေ့ချ်တွင် တင်ရန်အတွက် ဆရာမန္တလာသားက လက်ရေးမူနဲ့ ပို့ပေးတာပါ။
အဆိုပါလက်ရေးမူကို မေတ္တာဖြင့် ကွန်ပျူတာစာစီစာရိုက် ပြုလုပ်ပေးသော Kim ဆိုသည့် အကောင့်ပိုင်ရှင်အား ဆရာမန္တလာသား၊ ဆရာကျော်စိုးဗိုလ်နှင့် ကျွန်တော်မှ ကျေးဇူးအထူး တင်ရှိပါတယ်ခင်ဗျ။
ဤဝတ္ထုအား တဆင့်ပြန်လည်ကူးယူဖော်ပြခြင်း၊ အသံစာအုပ်ပြုလုပ်ခြင်းများ ခွင့်ပြုချက်မရဘဲ မပြုလုပ်ပါရန်၊ စာရေးဆရာဆီမှ ခွင့်ပြုချက်ရမှသာ ပြုလုပ်ရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။ လွတ်လပ်စွာ Share လို့ရပါတယ်ဗျ]
– ပြီး –
စာရေးသူ – မန္တလာသား
စာစီစာရိုက် – Kim ၊ မုဆိုး တံငါ စာပေများ
(အောက်က Telegram ကို Joint ထားကြပါဗျ)