မောင်မြင့်မား(ဘိုကလေး)
မုဆိုးကြမ်းနှင့် တောကြမ်း
စောလယ်ခူးက ဖောင်ကြီးနားက ရွာတွင်နေသော မုဆိုးတစ်ယောက် ဖြစ်သည်။ မုဆိုးဆိုပေမင့် စီးပွားဖြစ် မုဆိုးတော့မဟုတ်။ ရံဖန်ရံခါမှ အမဲလိုက်သော မုဆိုးဖြစ်သည်။ အမဲလိုက်၍ရသော သားကောင် များကို သူ့မိန်းမ နော်ချား ထမင်းရောင်းသော ထမင်းဆိုင်တွင် ချက်ပြုတ်ရောင်းချကာ စီးပွားဖြစ်နေသူ ဖြစ်သည်။
စောလယ်ခူး ထမင်းဆိုင်က ချေ(ဂျီ)သား၊ ဆတ်သား၊ ဒရယ်သား၊ တောဝက်သား၊ ယုန်သား၊ တောကြက်သား အစုံရသည်။ ရံဖန်ရံခါ မြွေပါသားတို့၊ ဖွတ်သားတို့တောင် ရသေးသည်။
တင်ဝင်းက ဖောင်ကြီး သင်တန်းလာတက်ရင်း စောလယ်ခူးတို့ ထမင်းဆိုင်တွင် မကြာခဏ စားနေရသောကြောင့် ရင်းနှီးခင်မင်သွားသည်။
စောလယ်ခူးက မုဆိုး၊ တင်ဝင်းက ဝန်ထမ်းတစ်ပိုင်း မုဆိုးတစ်ပိုင်းဖြစ်တာကြောင့် ပို၍ ခင်မင်သွားသည်။ ဖောင်ကြီး သင်တန်းလာတက်သော ဝန်ထမ်းများ သင်တန်းပြီးသွားပါက ဖောင်ကြီးသင်တန်းကို တကူးတကနဲ့ လာဖို့ဝေးလို့ လှည့်တောင်မကြည့်တော့။
တင်ဝင်းက သင်တန်းပြီးသော်လည်း (၆)လ တစ်ခါ၊ တစ်နှစ် တစ်ခါလောက် ဖောင်ကြီးကို ရောက်သည်။ စောလယ်ခူးထံသို့ လာလည်ခြင်းဖြစ်သည်။ လာလည်တိုင်း တောကောင်သားကြိုက်တတ်သော တင်ဝင်းအတွက် ရောက်လာသည့်အချိန်တွင် မရှိသော်လည်း ရှိအောင် ဟင်းစား ဖန်တီးပေးသည်။
ယခုလည်း တင်ဝင်းက မမျှော်လင့်ဘဲ မိုးချုပ်မှ ရောက်လာသည်။ စောလယ်ခူးရော နော်ချားပါ အံ့သြနေကြသည်။
တင်ဝင်းက ဘိုကလေးသား ဖြစ်သောကြောင့် သူ့ကို ဘိုသားဟု ခေါ်ကြသည်။ နော်ချားက ချွေးတလုံးလုံးနှင့် ထမင်းရောင်းနေရာမှ ထလာကာ
“ဟဲ့… ဘိုသား ၊ နင် ဘယ်လိုဖြစ်လာတာတုန်း။ အချိန်မဟုတ် အခါမဟုတ်”
“ဘယ်လိုမှ မဖြစ်ပါဘူး နော်ချားရယ်။ မရောက်တာကြာလို့ လာတာပါ၊ မလာရတော့ဘူးလား”
“ဟဲ့… နင် အသက်ရှည်ဦးမှာ။ နင်မလာတာကြာလို့ မနေ့ကတင် စောလယ်ခူးနဲ့ ငါ ထမင်းစားနေရင်း ပြောနေကြသေးတယ်”
“ကဲ… ကဲ… နော်ချား ထမင်းဆာပြီဗျာ။ နောက်မှ စကားပြောကြတာပေါ့”
ထိုအချိန်တွင် စောလယ်ခူးက တင်ဝင်းအနားကို ရောက်လာကာ တိုးတိုးကပ်ပြောလိုက်သည်။ တင်ဝင်းက ခေါင်းညိတ်သည်။ စောလယ်ခူး ပြန်ရောက်လာပြီးနောက် ထမင်းဝိုင်း ပြင်လိုက်သည်။ စောလယ်ခူးက
“ဘိုသား စားကွ။ ဒါကတော့ ကြက်ဆီပြန်၊ ဒါက ဆတ်သားခြောက်ဖုတ်၊ ဒါက ပုစွန်တုပ်ကို အစိမ်းသုပ်၊ ဒါက တောထဲက ပဒဲကောဟင်းချို”
“စောလယ်ခူး မြိုင်လှချည်လား။ ပုစွန်တုပ်ကို သံပရာရေ ညှစ်ထားတဲ့ အစိမ်းသုပ်က ဘယ်ကရတာလဲ”
“ဟာ… ပုစွန်တုပ်ပဲကွာ။ မင်းတို့ မြစ်ဝကျွန်းပေါ်မှ ရှိတာမဟုတ်ပါဘူး။ ရိုးမထဲက ချောင်းတွေထဲမှာ ငါးရှာဖားရှာလုပ်နေတဲ့ ငါ့မိတ်ဆွေတွေ အများကြီး ရှိပါတယ်။ တောကောင်ရရင် သူတို့အတွက် ဟင်းစား ပေးလိုက်ရင် ပုစွန်တုပ် ဖြစ်လာတာပေါ့ကွာ”
ထမင်းစားသောက်ကြပြီးနောက် အိမ်ရှေ့တွင် ရေနွေးကြမ်းဝိုင်းဖွဲ့ကာ ရှေးဟောင်းနှောင်းဖြစ်များ ပြောကြသည်။ ရေနွေးကြမ်းနှင့် မြည်းစရာက ကျွတ်ရွနေအောင် ကြော်ထားသော ယုန်သားကြော်။
စောလယ်ခူးဆီရောက်လျှင် ထူးထူးဆန်းဆန်း မုဆိုးဝတ္ထုဇာတ်လမ်းများ ရတတ်သောကြောင့် တင်ဝင်းက…
“စောလယ်ခူး တစ်ခါတလေရောက်တုန်း ထူးခြားရှားပါးတဲ့ ဇာတ်လမ်းကလေးဘာလေး ပြောပြပါဦးဗျ”
“သိပါတယ် … မင်းလာရင်တော့ ငါ့ဆီက ဇာတ်လမ်းလိုချင်လို့ ဆိုတာ။ မင်းရေးတာတွေလည်း တစ်ခါတလေ ဖတ်ရပါတယ်။ ကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ စာဖတ်ဖို့ အချိန်မရပါဘူး။ နော်ချားက ထမင်းဆိုင်ထိုင်ရင်း ဖတ်မိလို့ သူပြောမှ ငါ ဂရုစိုက်ပြီး ဖတ်ရတာပါ။ တကူးတကတော့ မဖတ်အားပါဘူးကွာ”
“လွန်ခဲ့တဲ့ အနှစ်(၂ဝ)ကျော်လောက်က နော်ချားနဲ့ မရခင် ငါ လူပျိုဘဝက ရိုးမထဲကို ရွာကလူတွေနဲ့ ဝါးခုတ်ရင်း လိုက်လိုက်သွား တတ်တယ်။ ဝါးခုတ်တာက ဝါးအရေအတွက် မရရင် တစ်ပတ် , ၁ဝ ရက်လောက် ကြာတတ်တော့ အဖော်ကောင်းရင် အမဲပစ်တတ်တယ်။
တို့လှည်းတွေ တောထဲဝင်မရတော့ တောင်ခြေက ယာတဲတစ်ခုမှာ လှည်းတွေရော၊ နွားတွေရော၊ အပ်ထားခဲ့ရတာပေါ့ကွာ။ အဲဒီယာတဲပိုင်ရှင်က တို့လို လူမျိုးပဲ။ အဲဒီတော့ ငါနဲ့ ပိုခင်တာပေါ့။ ငါကလည်း အမဲပစ်လို့ ရလာရင် သူ့ကို ဟင်းစားအမြဲပေးတတ်တယ်။ ငါနဲ့သိတဲ့အချိန်မှာ သူက အသက်အတော် ကြီးလှပြီ။
သူလည်း တစ်ချိန်တုန်းက မုဆိုးကြီး လုပ်ခဲ့တယ်တဲ့။ အသက်ကြီးလာတော့ အနားယူလိုက်တယ်ပေါ့ကွာ။ သူ့နာမည်က ဦးထော်နီ … လူရွတ်ကြီးကွ။ သူ မုဆိုး ဘဝသက်တမ်းတစ်လျှောက်မှာ ရွတ်လွန်းအားကြီးလို့ ဒဏ်ရာဒဏ်ချက်တွေ အတော်ရခဲ့တယ်။ သေဘေးနဲ့လည်း ခဏခဏ ကြုံခဲ့ဖူးတယ်။
အသက်ကြီးလို့ မုဆိုးဘဝက အနားယူလိုက်တယ်ဆိုပေမယ့် သူ့မှာ သင်ခန်းစာရလောက်အောင် အတွေ့ အကြုံတစ်ခု ရခဲ့တယ်ကွ။ အဲဒါကတော့…”
xxx xxx xxx
ဦးထော်နီက ဖြောင့်စင်းနေသော မြားတံများကို မီးသင်းကာ သနေသည်။ တစ်ချောင်းခြင်း သနေရင်းမှ အနားတွင်ရှိသော ဆတ်သားခြောက်ဖုတ် တစ်ချောင်းကိုယူကာ ကောက်ဝါးလိုက်သည်။ မနေ့က တောပစ်ရင်း ရလာသော ချေ(ဂျီ)တစ်ကောင်အား ဖျက်ကာ အသားများကို ကျပ်တင်နေသော တပည့်ဖြစ်သူ လွယ်လှက…
“အဘ… ဒီနေ့ ထွက်ဦးမှာလား”
“အေး … ထွက်တော့ ထွက်ချင်သားကွ။ မနေ့က ဟင်းစားရလာတော့ နားရင် ကောင်းမလားလို့”
“ဒါဆိုရင် ရွာထဲက ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကို ခေါ်ပြီး မနေ့က တွေ့ထားတဲ့ မှိုကျင်းကို သွားခူးလိုက်မယ်။ အဘ နားတော့”
“ဟေ … မှိုကျင်းဆိုတာ လွယ်လွယ်နဲ့ ခူးလို့ရတာမှတ်လို့။ ပိုးကောင် မွှားကောင်တွေ တွေ့ တတ်တယ်ကွ။ မင်းတို့လူငယ်တွေ ဒါတွေ နားမလည်သေးပါဘူးကွာ။ မှိုကျင်းရှိရင် ပိုးကောင်ကလေးတွေက လာစားတတ်တယ်။
အဲဒီပိုးကောင်ကလေးတွေကို ပုတ်သင်တို့၊ ဖားတို့က ဖမ်းစားတတ်တယ်။ တစ်ခါ အဲဒီ ဖားတို့၊ ပုတ်သင်တို့ကို မြွေပွေး၊ မြွေဟောက် စတဲ့ အကောင်တွေက ချောင်းပြီး စားတတ်တယ်။ ဒါကြောင့်မို့ မှိုကျင်းတွေ့ရင် အန္တရာယ်ကို အရင်ကြည့်ရတယ်”
“မြွေလောက်များ အဘရယ်၊ မုဆိုးလုပ်ပြီး သူ့ထက်ကြီးတဲ့ အကောင်တွေတောင် ပစ်လာသေးတာပဲ”
“မင်းတို့ အဲဒါပဲ သိတာပဲ။ ကဲ… ကဲ… မထူးပါဘူးကွာ။ မင်း သွားရင် ငါလည်း ပျင်းနေတာ၊ ငါပါ လိုက်ခဲ့ပါမယ်။ ဟင်းစားကောင် ရတော့လည်း ပစ်ရတာပေါ့”
“ကောင်းတယ် … အဘလိုက်ရင် နေ့လယ်လောက် ထွက်ကြတာပေါ့။ ချောင်းခွရွာနားက တောထဲမှာ တွေ့ခဲ့တာလေ”
ဦးထော်နီနှင့် လွယ်လှတို့နှစ်ယောက် တောထဲကိုရောက်တော့ နေအတော်အမြင့်နေပြီ။ တောရိပ်၊ တောင်ရိပ်ကြောင့်သာ အပူချိန်ကို မသိသာခြင်းဖြစ်သည်။ ချောင်းခွရွာနှင့် တောတန်းက အတော်ပင်လှမ်း သည်။
ကြခတ်ဝါးရုံတော တစ်ခုအလွန်တွင် ဦးထော်နီတို့ရှေ့မှ ယုန်ကလေးတစ်ကောင် ဖြတ်ပြေးသည်။ ယုန်က သွားလိုရာကို တည့်တည့်မသွား၊ စူးစမ်းလိုသောသဘောဖြင့် ခေါင်းကလေးလှည့်ကာ ကြည့်လိုက် သွားလိုက် လုပ်နေသောကြောင့် …
“ဝှစ်”
ဦးထော်နီ ပစ်လိုက်သော ဒူးလေးမြားတံက ယုန်ကလေးမှာ တန်းလန်း၊ တစ်ချက်ပဲ လှုပ်လိုက်သည် ငြိမ်ကျသွားသည်။ ဦးထော်နီက ယုန်ကလေးကို ကောက်ကိုင်လိုက်ရင်း…
“ပွဲဦးထွက် ဟင်းစားကောင် ကြီးကြီးမားမား လိုချင်ကာမှ ဒီ ငါ… မစားလောက် မသောက်လောက်ကောင်မှ လာရတယ်။ လွယ်လှရေ မီးဖိုလုပ်ပြီး ကင်လိုက်စမ်းကွာ။ မြည်းရအောင်”
“အဘ တစ်ကောင်တည်းဗျာ။ အလုပ်ရှုပ်အောင်။ သွားစရာကလည်း ရှိသေးတယ်မဟုတ်လား”
“ဟကောင် လွယ်လှ၊ မင်း တော်တော်ရှည်တာပဲ။ ခဏ အမောဖြေရင်း မော့ရအောင်ကွ။ ငါ့ဆီမှာ မီးတောက်အရက် ရေဘူးနဲ့အပြည့် ပါလာတယ်ကွ။ မင်းမှိုကျင်းက ဝေးသေးတယ်။ ခဏနားဦးကွ”
လွယ်လှက ဦးထော်နီ ပြောသည့်အတိုင်း မီးဖိုလိုက်ကာ ယုန်ကို အရေခွံဆုပ် ခေါင်းဖြတ်၍ နနွင်းဆားလူးကာ မီးကင်လိုက်သည်။ မီးကင်ထားပြီးနောက် လွယ်လှက သားရေခွကိုကိုင်၍ လောက်စာလုံး လွယ်အိတ်ကို လွယ်ကာ ကြခတ်ဝါးတောထဲကို ဝင်သွားသည်။
ဦးထော်နီက ယုန်သားကင် နီရဲရဲ တစ်ဖဲ့ကိုက်၍ ရေဘူးထဲမှ မီးတောက်အရက်ကို တစ်ငုံမော့နေချိန်တွင် လွယ်လှက ကြက်တစ်ကောင် အရွယ်မျှရှိသော အကောင်တစ်ကောင်ကို ဆွဲကာ ရောက်လာသည်။
“အဘရေ အတော်ပဲဗျ။ ဒီမှာ ငှက်ငနွားတစ်ကောင် ရလာတယ်။ ထုံးစံအတိုင်း ကင်လိုက်ရမလား”
“အေး… ကောင်းတာပေါ့ကွ။ ယုန်တစ်ကောင်တည်း ဘယ်လောက်မှာလဲ။ ရော့ မင်းလည်း တစ်ခွက်လောက်ချ”
“ခဏ အဘရာ၊ ဒီ ငှက်ငနွားကို အရေခွံဆုတ်ပြီး ကင်လိုက်ဦးမယ်”
ဦးထော်နီနှင့် လွယ်လှတို့နှစ်ယောက် ယုန်ကင်၊ ငှက်ငနွားကင်များကို မြည်းကာ မီးတောက်အရက်နှင့် တစ်ယောက်တစ်ခွက် အဆင်ပြေနေကြချိန်တွင်…
“တောက်”
တိတ်ဆိတ်နေသော တောထဲတွင် ကျယ်လောင်သော တောက်ခတ်သံကြီးတစ်ခုက ထွက်လာသည်။ ဦးထော်နီနှင့် လွယ်လှတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ဦးထော်နီက….
“တောက်ခတ်သံ မဟုတ်လားကွ”
“ဟုတ်တယ် အဘ”
“မင်းလည်း မခတ်ဘူး၊ ငါလည်း မခတ်ဘူး။ ဘယ်က တောက်ခတ်တာလဲကွ”
“မသိဘူးလေ အဘ”
ဦးထော်နီက ပတ်ဝန်းကျင်ကို ကြည့်ရင်း…
“ပတ်ဝန်းကျင်မှာ လူလည်း တစ်ယောက်မှ မရှိပါဘူးကွာ။ မဟုတ်မှလွဲရော တောခြောက်တာလား မသိဘူး”
ဦးထော်နီက အသံကို ပိုကျယ်လိုက်ကာ…
“ဟေ့… မုဆိုးလုပ်လာတာ ကြာပြီကွ။ တောခြောက်တာလောက်တော့ ရိုးနေပြီ။ လွယ်လှ တစ်ခွက်ထည့်ကွာ၊ ငှက်ငနွားကင်ရော တစ်ဖဲ့လောက်”
ဦးထော်နီနှင့် လွယ်လှတို့ စားသောက်ကြပြီးနောက် မှိုကျင်းရှိရာသို့ ထွက်လာခဲ့ကြသည်။ ကြခတ်ဝါးတောကိုလွန်၍ တောလမ်းအတိုင်း တစ်နာရီနီးပါးမျှ လျှောက်လာကြပြီးမှ မှိုကျင်းရှိသော နေရာကို ရောက်လာ ကြသည်။ ဦးထော်နီက …
“ဒီအချိန် ရောက်တာတောင် ယုန်တစ်ကောင်ပဲ ပစ်လိုက်ရသေးတယ်။ ဟင်းစားတောင် ကြီးကြီးမားမားဆိုလို့ တွေ့ တောင် မတွေ့သေးဘူး။ အခုလည်း မှိုရတဲ့ မျက်နှာနဲ့ပဲ ရွာပြန်ရမယ် ထင်တယ်ဟေ့”
“အဘကလည်း မုဆိုးဆိုတာ ဇွဲမလျှော့ရဘူးဆိုဗျ။ အဘပဲ ခဏ ခဏ ပြောနေပြီးတော့။ အပြန် ရှိပါသေးတယ် အဘရဲ့။ ကဲ… မှိုခူးရအောင်”
“ဟေ့ကောင် လွယ်လှ အရမ်းမသွားနဲ့။ ငါ အရင်ကြည့်လိုက်ဦးမယ်”
ဖျာနှစ်ချပ်စာခန့်ရှိသော မှိုကျင်းကြီးက အဝေးကပင် လှမ်းမြင်နေရသည်။ ဦးထော်နီက လွယ်လှထံမှ ဓားကိုယူကာ တရွေ့ရွေ့ တိုးသွားရင်း မှိုကျင်းနားအရောက်တွင် . . .
“ရှူး”
ဆိုသော အသံနှင့်အတူ လူတစ်ရပ်နီးပါးလောက်အထိ အမြင့်ရှိသော ပါးပျဉ်းကြီးခွက်ကာ ထောင်ထလာသော မြွေကြီးတစ်ကောင်။
“ဟယ်”
ဦးထော်နီက အလန့်တကြားဖြင့် အာမေဍိတ်သံပြုကာ နောက်သို့ ခုန်၍ ဆုတ်လိုက်သည်။ လွယ်လှက နောက်ကလိုက်လာရင်း…
“အဘရေ မြွေကြီးပါလား။ ဟာ… အောက်က မှိုကျင်းထဲမှာလည်း မြွေတွေ မနည်းပါလား”
“ငါ ပြောတယ်မဟုတ်လား။ မှိုကျင်းဆိုတာ အရမ်း မခူးရဘူးလို့”
ထိုအချိန်တွင် ပါးပျဉ်းခွက်နေသော မြွေကြီးက ဦးထော်နီတို့ရှိရာဘက်သို့ ရှူးခနဲမြည်ကာ ထွက်လာသည်။ ဦးထော်နီက ဓားကိုကိုင်ကာ စောင့်နေရင်း အနားရောက်လာသည်နှင့် ပါးပျဉ်းအောက်နားသို့ ဓားနှင့် ပိုင်းချလိုက်သည်။ နှစ်ပိုင်းပြတ်သွားကာ ခေါင်းက တစ်နေရာကို လွင့်ထွက်သွားသည်။
ထို့နောက် ဦးထော်နီက မှိုကျင်းရှိရာသို့ ပြေးသွားကာ မြွေများကို တစ်ကောင်ပြီးတစ်ကောင် ဓားနှင့် လိုက်ခုတ်လိုက်တော့သည်။ အားလုံး အပိုင်းပိုင်းပြတ်သွားမှ ကြောင်၍ ရပ်ကြည့်နေသော လွယ်လှ ရှိရာသို့ လျှောက်သွားပြီး…
“ဟကောင် … လွယ်လှ ဘာလုပ်နေတာလဲ။ ငါ့ကိုတော့ ဝိုင်းမကူဘူး”
“ဟေ့ကောင် လွယ်လှ”
ဦးထော်နီက ပခုံးကို လှမ်းပုတ်လိုက်မှ လွယ်လှက သတိပြန်ဝင်လာသလိုဖြစ်ကာ ဦးထော်နီကို ပြန်ကြည့်လိုက်သည်။
“လွယ်လှ ဘာဖြစ်နေတာလဲ။ ကြောက်လို့လား၊ မြွေတွေ အကုန်သေကုန်ပါပြီကွ။ မင်း မှိုတွေ ခူးလို့ရပါပြီ”
“မဟုတ်ဘူး အဘ၊ မြွေ… မြွေတွေ”
“အေးလေ … ငါ အကုန် ခုတ်သတ်လိုက်ပါပြီ”
“အဲ… အဲဒီ မြွေတွေ တစ်ကောင်မှ မတွေ့တော့လို့”
“ဟေ”
ဦးထော်နီက မှိုကျင်းဘက်သို့ လှည့်ကြည့်လိုက်သည်။
“ဟာ”
မှိုကျင်းထဲတွင် ဦးထော်နီ အပိုင်းပိုင်းဖြစ်အောင် ခုတ်သတ်ခဲ့သော မြွေများ တစ်ကောင်မျှ မရှိတော့။ စောစောက ပါးပျဉ်းခွက်ကာ အနားရောက်လာ၍ ဓားဖြင့် ပိုင်းလိုက်သော မြွေကြီးကိုလည်း အရိပ်အယောင်မျှပင် မတွေ့ ရတော့။
မှိုကျင်းထဲတွင် အပိုင်းပိုင်းပြတ်နေသော အရာများက မှိုများပင် ဖြစ်နေတော့သည်။
ဦးထော်နီ တစ်ကိုယ်လုံး ကြက်သီးများ ဖြန်းခနဲ ထသွားသည်။ သို့သော် ဦးထော်နီက သတ္တိကောင်းသောကြောင့် ကြောက်စိတ်တော့ မရှိ။ ထို့ကြောင့် လွယ်လှအား…
“ဟေ့ကောင် မှိုတွေ သွားကောက်ချေလေ”
“မကောက်တော့ပါဘူး အဘရယ်။ မှိုဟင်းလည်း မစားချင်တော့ပါဘူး … ပြန်ကြပါစို့”
“ဘာလဲ … မင်း ကြောက်သွားပြီလား။ တောထဲမှာ ဒါမျိုးကြုံဖူး တာများ အဆန်းလုပ်လို့။ တကူးတကန့် ရောက်လာပြီးမှ မယူလို့ ဘယ်ဖြစ်မှာလဲကွ။ ရော့ … မင်း ဓားယူထား၊ ငါသွားကောက်မယ်”
ဦးထော်နီက လွယ်လှအား ဓားကို လှမ်းအဝေးတွင် ဓားကိုင်ထားသောလက်က မြှောက်၍မရတော့။ ဦးထော်နီက ဓားကိုင်ရင်း တွဲလောင်း ချထားသော လက်ကို မြှောက်သည်။ လုံးဝ မြှောက်မရ။ ထပ်၍ ကြိုးစားသည် … မရ။
ဦးထော်နီ မျက်လုံးပြူးသွားသည်။
ဦးထော်နီအဖြစ်ကို သိသွားသောကြောင့် လွယ်လှက အနားသို့ ကပ်သွားပြီး ဦးထော်နီကို တွဲလိုက်သည်။
“ပြန်ကြပါစို့ အဘရယ်”
xxx xxx xxx
“ဘိုသားရ … ဦးထော်နီလည်း အဲဒီကစပြီး မုဆိုးအလုပ်ကို စွန့်လွှတ်လိုက်တော့တာပဲ။ သူ့လက် မြှောက်မရလို့ ဆေးမျိုးစုံ ဆရာမျိုးစုံနဲ့ ကုတာလည်း လက်က ပြန်မကောင်းတော့ဘူး။ သေတာသွားရော ဒီအတိုင်းပဲ ဆိုပါတော့ကွာ။
တောဆိုတာ တို့မသိတာတွေ အများကြီးရှိတယ်ကွ။ မင်းလည်း ဝါသနာအလျောက် အမဲပစ်ဖူးတာပဲ မဟုတ်လား။ တချို့တောတွေက စည်းကမ်းကြီးတယ်ကွ။ အမှားမခံဘူး။
စားစရာမရှိလို့ ထမင်းလေး ဆားဖြူးပြီးစားတာတောင် မစားခင် နည်းနည်းလောက်တော့ တစ်နေရာ မှာ ပုံပေးထားရတယ်။
တောကောင်တွေ သတ်ဖြတ်စားသောက်တာဆိုရင်
ပိုသတိထားရတာပေါ့ကွာ။ မယုံကြည်ဘူး ဆိုပေမယ့် နေရာဒေသရဲ့ ဓလေ့ဆိုတာ ရှိတယ်လေ။
ဦးထော်နီတို့လို ရွတ်တဲ့လူတွေဆိုရင် ပိုဆိုးတာပေါ့။
ကဲ… ဘိုသား ငါပြောတာ ဇာတ်လမ်းတစ်ပုဒ် ရရဲ့လား”
“ရပါတယ် စောလယ်ခူးရယ်။ ကျွန်တော်တို့လည်း တောပစ်နေတာဆိုတော့ သင်ခန်းစာတောင် ရပါသေးတယ်”
“ကဲ… ဒါဆိုလည်း ညဉ့်နက်ပြီ။ အိပ်ကြရအောင်ကွာ”
– ပြီး –
စာရေးသူ – မောင်မြင့်မား(ဘိုကလေး)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ