• July 5, 2025
  • admin
  • 0

မုဆိုးငတ်နှင့် သေချင်တဲ့ဆတ်

တစ်ညနေတွင် ဖြစ်သည်။ ကျွန်တော်နှင့် ကျော်မိုးတို့နှစ်ယောက် ကိုချစ်ရွှေ၏ ‘စင်ကာပူ’စားသောက်ဆိုင်သို့ ရောက်သွားကြသည်။ ကိုချစ်ရွှေထိုင်သော ကောင်တာ၏ အထက်တည့်တည့်တွင် ချိတ်ဆွဲထားသော ဝင့်ဝင့်ကြွားကြွား ဆတ်ချိုကားကား ကြီးကြီးမားမားကြီးကို မြင်မိသဖြင့် ကျွန်တော်က မေးလိုက်မိသည်။

“ဘော်ဒါကြီး (ကျွန်တော်က ကိုချစ်ရွှေကို ရင်းရင်းနှီးနှီး နာမည်ကိုမခေါ် ။ ဘော်ဒါကြီးဟုသာခေါ်သည်။) ခင်ဗျား ဒီဆတ်ချိုကြီးက တယ်လှပါလား။ ဘယ်ကဝယ်လာတာလဲ။ ဘယ်လောက်ပေးရသလဲ”

“ဟာ ကိုဘမင်းကလည်း လူကိုအထင်သေးလှချည်လား။ ကျုပ်လည်း ခင်ဗျားလို မုဆိုးလေ၊ မေ့နေပြီလား။ ကိုယ်ပစ်တဲ့အကောင်ရဲ့ ချိုမဟုတ်ဘဲ သိက္ခာကျခံပြီး ဘယ်ဝယ်ချိတ်မှာလဲဗျာ”

“ဆောရီးဗျာ … ဆောရီး ၊ ချိုက လှလွန်း ကြီးလွန်းတော့ ကျုပ် ဆန္ဒစောပြီး သိချင်ဇောနဲ့ မေးလိုက်မိတာပါ”

သူကျေနပ်အောင်သာ တောင်းပန်လိုက်ရသော်လည်း ကျွန်တော် သူ့ကို သိထားသည်မှာ သူ့မုဆိုးဘဝ တသက်တာတွင် သားကောင်ကြီးကြီးမားမားဆို၍ အချိန်(၅ဝ)လောက် တောဝက်တစ်ကောင်၊ အချိန် (၄၀)လောက်ရှိ သမင်ပေါက်မဲအိုးတန်းကြီးတစ်ကောင်နှင့် အချိန် (၄ဝ)နီးနီး တောင်ဆိတ်ကြီးတစ် ကောင်မှလွဲ၍ အခြားကြီးကြီးမားမား ဘာသားကောင်တစ်ကောင်မျှ မရဘူးသေးဟုသာ။

“ကဲ ရောက်တုန်း ဘာစားကြ၊ ဘာသောက်ကြမှာတုံး ပြောကြ”

ဘော်ဒါကြီးက ပြောရင်း မေးရင်း ပီတိမျက်နှာနှင့် ကျွန်တော်တို့ စားပွဲသို့ လာထိုင်လိုက်သည်။ ကျွန်တော်က သူ့မေးစကားကို ဘာမျှပြန်မပြော။ ဆတ်ချိုကြီးကိုသာ သံသယစိတ်နှင့် မယုံမရဲကြည့်ရင်း ဘယ်တုန်းကပစ်ခဲ့ ရခဲ့တာလဲဟူသော မေးခွန်းကိုမေး၍ သင့်, မသင့် ချင့်ချိန်စဉ်းစားနေမိသည်။

ကျော်မိုးကတော့ ရမ်နှစ်ပက်စီနှင့် ကြက်ကြော်တစ်ပွဲမှာလိုက်သည်။

ဘော်ဒါကြီး ကိုချစ်ရွှေက ကျွန်တော့်အမူအရာကို ကြည့် အကဲခတ်ရင်း တဟဲဟဲ ရယ်သွမ်းသွေးလျက်

“မောင်ကျော်မိုး၊ မင်းဆရာကိုဘမင်းက ငါကိုယ်တိုင်တိုင်ပစ်ခဲ့တဲ့ ဆတ်ချိုကြီးဆိုတာ မယုံမရဲဖြစ်နေပုံရတယ်ကွ။ သူယုံသွားအောင် သံသယကင်းသွားအောင် မင်းကိုယ်တိုင် ပြောပြလိုက်စမ်းပါကွာ။ ဒါမှယုံသွားမှာ”

ဒီတော့မှ ကျော်မိုးက စားရင်းသောက်ရင်း သူကိုယ်တိုင်ပါဝင်ခဲ့သော အဖြစ်အပျက်အလုံးစုံကို ခရစေ့တွင်းကျ ပြန်လှန်ပြောပြပါတော့သည်။

“ရာသီကြက်ဆောင်း လတပေါင်း”
“တပေါင်းသာခေါင် လများနောင်”

ဟု စာဆိုတို့က နွေအကြောင်းကို အမျိုးမျိုးတင်စားရေးဖွဲ့ခဲ့ကြသည်။

နွေအလှကို ပန်းချီဆရာတို့က ဆေးပန်းချီခြယ်မှုန်းလို့ မကုန်ဆုံးနိုင်ဟု ဆိုကြသလို နွေသဘာဝကိုတော့ တောပစ်မုဆိုးများက သဘောကျ၊ နှစ်သက်လိုလား၊ မြတ်နိုးကြသည်မှာ ပြောမဆုံးနိုင်အောင်ပင်။

နွေပေါက်၍ လေရူးကလေးနှောက်လိုက်သည်ဆိုသည်နှင့် ပင်ပေါ်ထက်မှ ရော်ဝါရွက်တို့က တဖြုတ်ဖြုတ်ကြွေ လေမှာဝဲ ဝဲကာပျံ ၊ လောကဓံ၏ ရိုက်နှက် ချက်ကြောင့် ပင်အိုထက်၊ ကိုင်းခက်သာအထီးကျန်၊ ရိုးတံကတပြိုင်းပြိုင်း၊ ရှုတိုင်းမြင်သာ သားကောင်ရှာလို့ လွယ်သည်မို့ မုဆိုးတွေမှာ ဘဝင်ခိုက် အကြိုက်တွေ့နေကြသောအခါပင်။

ရွက်ဝါကြွေ မြေမှာကြဲ မီးတဟဲဟဲလောင်ပြီးလို့ တောတောင်ကပြောင် သားကောင်မှာ ဝမ်းစာခက်သစ်ရွက်ကမကျန်၊ သီးစားသာကျန်တော့သဖြင့် ခေါက်ပြန်လူးလာ အရှာကြီးရှာနိုင်ပါမှ ဝမ်းစာဝဝ စားကြရသည့် ခါသမယလည်းဖြစ်သည်။

ပြာသိပ်မိုး၊ သင်္ကြန်မိုးတို့ တဖွဲဖွဲရွာသွန်းလိုက်ပြန်တော့ ပုရစ်ဖူးတွေက အစီအရီ ရွက်နုတွေထွက်လာပြီဆိုတော့ သမင်၊ ဒရယ်၊ ချေ၊ ငယ်၊ စိုင်၊ ဆတ်တို့မှာ ငတ်ခဲ့သမျှအတိုးချစားသောက်ရန် မြူးထူးပျော်ပါးစွာ ထွက်ခဲ့ပြန်သည်။

သားကောင်များက မြူးထူးပျော်ပါး အတွေ့ များလာပြန်တော့၊ မုဆိုးများလည်း တစ်စခန်းထလာကြသည်။ ကားနှင့်တစ်မျိုး လှည်းနှင့်တစ်သွယ် ခြေလျင်တစ်ဖုံ အမျိုးစုံအောင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် လှုပ်ရှားလာကြသည်။ ယခုလည်း သူတို့မုဆိုးအဖွဲ့မှာ အခါကြီးရက်ကြီး သင်္ကြန်ရက်ကြီးမှာပင် ပျော်ပျော်ပါးပါး မြို့မှာရေမကစားကြဘဲ တောကစားရန် ထွက်ခဲ့ကြခြင်းဖြစ်သည်။

အခါတွင်း သင်္ကြန်ရက် မှို၊ သစ်ခုတ်၊ ဝါးခုတ်၊ ထင်းခုတ် ပျားဖွပ်၊ သစ်ခွရှာ ဝမ်းစာအတွက် လှုပ်ရှားနေကြသူများပင် ကိုယ်ရပ်ကိုယ့်ရွာပြန်သွားကြသဖြင့် တောတောင်တစ်ခုလုံးမှာ လူသံ သူသံ တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေတော့သည်။ ဤသည်ကပင် သူတို့မုဆိုးအဖွဲ့အတွက် အကွက်ကောင်း၊ အခါကောင်းတစ်ခု ဖြစ်နေတော့သည်။

ကောင်းကင်ထက်တွင် လရောင်ကမရှိ ကြယ်ရောင် ပြိုးပြက်လင်းလက်လက်ကလေးများလောက်သာရှိသဖြင့်လည်း မုဆိုးကားမှ (၁၂)ဗို့ ရှာမီးက စူးရှတောက်ပလှသည်။

မီးလောင်ပြီးမှ သင်္ကြန်အကြိုမိုးက ရွာထားသဖြင့် မြက်ပင်ပေါက်ကလေးများက စိမ်းမြမြပေါ်ထွက်နေကြသလို သစ်ပင်နွယ်ပင်တို့မှာလည်း ပုရစ်ဖူး ကလေးများက အစီအရီထွက်ပြူစဖြစ်နေကြပြီ။

ဦးဦးဖျားဖျား ထွက်ပေါ်လာသောမြက်နု၊ ပုရစ်ဖူးကလေးများမှာ တောတွင်းသားကောင်များအတွက် ခုံမင်နှစ်သက်စရာ အစားအစာဖြစ်နေကြောင်းကို သိထားသော မုဆိုးများမှာလည်း ဒီအခွင့်အရေးကို ရရှိရန် တစ်နှစ်ပတ်လုံး စောင့်စားခဲ့ကြရသည် မဟုတ်လား။

အခုလာခဲ့ကြသော မုဆိုးအဖွဲ့တွင်တော့ ‘ကျော်မိုး’ ဦးဆောင်လျက် စင်ကာပူချစ်ရွှေ (စင်ကာပူပြန်တော့မဟုတ်၊ စင်ကာပူ စားသောက်ဆိုင်ပိုင်ရှင်သာဖြစ် သည်) ဘဌေး၊ ဟတ်ကင်းနှင့် ဆင်စခန်းမှ ကံချွန်တို့ဖြစ်သည်။

ကျော်မိုးမှာ မန္တလေးမုဆိုးတစ်ဦးဖြစ်ပြီး ထိုအချိန်က ဆည်တော်ကြီး တာတမံအခြေတွင် သစ်စက်တည်လျက် သစ်ကွက်တွေ လေလံဆွဲပြီး သစ်ထုတ်လုပ်ငန်းလုပ်နေသော သူတစ်ဦးဖြစ်သည်။

ကျော်မိုးသစ်ကွက်များမှာ ဆည်တော်ကြီး အရှေ့ဘက်ကမ်း ရှမ်းပြည်နယ် ‘နောင်ချို’ မြို့နယ်နှင့် ‘စဉ့်ကူး’မြို့နယ်အစပ်တွင်ဖြစ်ပြီး တစ်ဖက်က ဆည် တော်ကြီးရေဝပ်ဧရိယာ၊ ကျန်တစ်ဖက်က ရှမ်းတောင်တန်းများဖြစ်သဖြင့် သားကောင်များကို ခြံခတ်ပိတ်လှောင်ထားသော လှောင်အိမ်ကြီးသဖွယ် ဖြစ်နေတော့သည်။

“ဟ ကျော်မိုး၊ နင်ပြောတော့ နင့်ဒီသစ်ကွက်တွေမှာ ဆတ်တွေက ခြံခတ်ထားသလိုပေါမှပေါဆို။ အခုဘယ်မှာလဲ ဆတ်၊ ချေတောင်တစ်ကောင်မျှ မတွေ့ရ မပစ်ရသေးဘူး”

မှောင်ရီပျိုးစ (၇ နာရီလောက်ကတည်းက မီးရှာပြီးထွက်ခဲ့ကြသော သူတို့ မုဆိုးအဖွဲ့ ယခု(၁၀)နာရီထိုးတဲ့အထိ ဘာသားကောင်၊ ဘာမျက်လုံးမျှ မတွေ့ ကြ မမြင်ကြရသေးသဖြင့် ဆတ်ပစ်ချင်၊ ဆတ်သားစားချင်လှသော မုဆိုးငတ်ကြီး စင်ကာပူချစ်ရွှေက ညည်းညည်းတွားတွား စကားဆိုလိုက်ခြင်းဖြစ် သည်။

“အချိန်မတန်သေးလို့ပါ ဗိုလ်ချစ်ရာ၊ အချိန်တန်တော့ နွားပိန်ကန်လိမ့်မပေါ့”

“နင့် နွားပိန်က ဒီည ကန်ပါဦးမလား။ ငါတို့တစ်တွေ ဒီနေရာကို လိုက်လာကြတာ နင့်အပြောနဲ့ ဆတ်ပေါတယ်၊ ဆတ်ပစ်ရမယ်၊ ဆတ်သားဝဝစားရမယ် ဆိုလို့ မျှော်လင့်ချက်ကြီးတွေနဲ့ လိုက်လာကြတာနော်။ မဟုတ်ရင် ချေ၊ သမင်ပေါတဲ့ ယမနေငှက်ပျောတိုင်တောမှာ ချေသား၊ သမင်သားကတော့ အသေချာ စားရတယ်။ အခုတော့ အခြေအနေက ဆတ်သားဝေးလို့၊ ချေသားတောင် ငတ်တော့မယ်ထင်တယ်”

မှန်ပါသည်။ တကယ်ဆိုတော့လည်း စင်ကာပူချစ်ရွှေကြီးတို့အဖွဲ့မှာ ချေ၊ သမင်ပေါသည့် ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်တွင်းရှိ ယမနေငှက်ပျောတိုင်တောသွားမလို့ စီစဉ်နေစဉ် မန္တလေးခဏကိစ္စနှင့် ပြန်လာသော ကျော်မိုးနှင့်တွေ့ပြီး ကျော်မိုးက သူတို့အဖွဲ့ကို ဆတ်ပစ်ချင် ဆတ်သားစားချင်ရင် သူ့သစ်ကွက် ဆည်တော်ကြီးအရှေ့ဘက်ကမ်းကို လိုက်ခဲ့ကြ။ ဆတ်ကတော့ ပေါမှပေါ။ ခြံခတ်ထားသလို ပစ်ရမယ်ဟု သွားရည်ကျလောက်အောင် ပြောခဲ့သဖြင့် ဆတ်ပစ်ချင်ကြသော ဆတ်သားစားချင်ကြသော မုဆိုးငတ်ကြီးများ အဖွဲ့မှာ ထင်တစ်လုံးနှင့် ကျော်မိုးခေါ်ရာလိုက်ခဲ့ကြခြင်းဖြစ်သည်။

ကျော်မိုးက သူသွားနေကျ တောင်ဆင်းတောင်တက်လမ်းများကို သူ၏ (Surf)ကားဖြင့် ကျင်လည်စွာမောင်းနှင်လာခဲ့သလို မီးသမား ကံချွန်ကလည်း သားကောင်တွေ့တတ်သည့် အကွက်အကွင်းမှန်သမျှ မကျန်အောင် စေ့စေ့စပ်စပ် ရှာနေသည်။ သေနတ်သမား စင်ကာပူချစ်ရွှေကြီးမှာလည်း လက်ထဲမှ နှစ်လုံးပြူးမောင်းဖုံးတွင် (SG ၉) လုံး ခဲယမ်းတောင့်နှစ်တောင့်ထိုးလျက် ဆတ်တွေ့က အရန်သင့်ပစ်ခတ်ရန် တရွရွ တကြွကြွ ဖြစ်နေသည်။

ခါတိုင်း ကျောက်မိုးကြီးစခန်း မရောက်ခင်မှာပင် ချေ၊ ဆိတ်၊ ဆတ် တစ်ကောင်ကောင်ကတော့ တွေ့ရမြဲ ပစ်ရမြဲ။ အခုတော့ သားကောင်အစအနမျှ မတွေ့ မပစ်ရသေးသဖြင့် ကျော်မိုးက –

“နင်တို့အဖွဲ့က လာဘ်မရှိတာနဲ့ တူပါတယ်။ ခါတိုင်းဆိုရင် ဒီကျောက်မိုးကြီးစခန်းရောက်ရင်ကို ချေ၊ ဆိတ်၊ ဆတ်ကတော့ ပစ်နေရပြီ။ အခုတော့ မျက်လုံးတောင် မတွေ့ရဘူးဆိုတော့ နင်တို့အငတ်ကြီး ကျလွန်းလို့နေမှာ”

“အငတ်ကြီးကျတာတော့ မပြောနဲ့ ကိုကျော်မိုး၊ ဆတ်သားမစားရတာကို ၃ နှစ်လောက် ရှိနေပြီဗျ”

ဘဌေးက အမှန်အတိုင်း ဝန်ခံပြောလိုက်သည်။

“ဟုတ်ပါ့ဗျာ၊ ကိုဘဌေးကမှ ချေသား၊ သမင်သားလေး စားရသေးတယ်။ ကျုပ်က ဆတ်သားမပြောနဲ့ ချေသား သမင်သားတောင် မစားရတာကြာလှပြီ”

ဟတ်ကင်းကလည်း အငတ်သတင်းဖြန့်လိုက်ပြန်သည်။

“ဟုတ်ပါပြီ ဒီလောက်အငတ်ကြီးကျနေကြလို့ ဘာဆိုဘာမျှ မတွေ့တာနေမှာ သေချာပါတယ်”

ကျော်မိုးက ပြောပြောဆိုဆို သူမောင်းနေသောကားကို တသွင်သွင်စီးနေသော ကျောက်မိုးကြီးချောင်းဘေးရပ်လိုက်ပြီး

“ကိုင်း ငါ့လူတို့ စိတ်သစ် လူသစ်ဖြစ်သွားအောင် ဒီချောင်းရေမှာ မင်းတို့ ကိုယ်လက်မျက်နှာတွေကို ဆေးကြောခဝါချ အသစ်လုပ်လိုက်ကြစမ်း”

မှောင်မိုက်တိတ်ဆိတ်သော ညအချိန်မို့ တစ်မိုင်လောက်ဝေးသေးသော ရေတံခွန်မှ ရေကျသံများက တဝေါဝေါ၊ တဝုန်းဝုန်း ကြားနေကြရသည်။

ယခု သူတို့ကိုယ်လက်မျက်နှာ ဆေးကြောနေသော ချောင်းရေမှာ ရေတံခွန်မှလာသော ချောင်းရေဖြစ်သဖြင့်လည်း အေးမြကြည်လင်လှသည်။ ခြေလက် မျက်နှာဆေးကြောပြီးသည်နှင့် အားလုံးအဖွဲ့သားများမှာ လန်းဆန်းကြည်လင်လာပြီး စိတ်သစ် လူသစ် အားသစ် အင်သစ်များပင် တိုးလာကြသည်ဟု ထင်မိတော့သည်။

“ကိုင်း ပြီးရင်တက်ကြ၊ ခရီးဆက်ကြမယ်။ မီးသမားကံချွန်က အသေချာ ရှာ။ ဒီဘက်အပိုင်းက အခုလာခဲ့တဲ့ဘက်ထက် သားကောင်ပိုပေါ ပိုတွေ့တယ်”

ကျော်မိုးက မီးရှာကောင်းအောင် ကားကိုဖြည်းဖြည်းချင်း မောင်းပေးရင်းက ပြောလိုက်သဖြင့် မီးသမားက မီးကို အကြိုအကြား လျှိုမြောင်ချပ်ကြား မကျန်အောင် စေ့စေ့စပ်စပ်သေချာစွာရှာနေသည်။

တစ်နေရာအရောက်တွင် မျက်လုံးဝင်းဝင်းတစ်စုံကို ဖျတ်ခနဲ တွေ့လိုက်သဖြင့် ကားသမားကို အချက်ပေးရင်း ရပ်ခိုင်းလိုက်ရာ သေနတ်သမား ချစ်ရွှေကြီးမှာ

“ဘာလဲ .. ဘာလဲ ၊ ဘာကောင်လဲ”

ဟု မေးမေး ထထ ပျာယာခတ်သွားတော့သည်။

သေနတ်ကိုလည်း မီးထိုးထားရာသို့ ထိုးချိန်လိုက်သည်။

ကြောင် ဖြစ်နေသဖြင့် ‘ဟင်း’ ဟု မချင့်မရဲ သက်ပြင်းချပြီး ပြန်ထိုင်လိုက်ရသည်။

“ငါက ဆတ်များလားလို့ကွာ၊ ဝမ်းသာပြီး ရင်ကိုခုန်သွားတာပဲ”

မှန်ပါသည်။ တကယ်ဆိုတော့လည်း စင်ကာပူချစ်ရွှေကြီးမှာ မုဆိုးလောကရောက်တာ ကြာပြီဖြစ်သော်လည်း သူ့မုဆိုးသက်တမ်းတွင် ဆတ်တစ်ကောင်မျှ သူကိုယ်တိုင် ပစ်ခတ်မရဘူးသေးပေ။

ရေတံခွန်မှ ရေကျသံ စီးသံ တဝေါဝေါ တဝုန်းဝုန်း အသံများကြားမှ ချေဟောက်သံ ဆတ်ထိန်သံများကို ကြားကြရသဖြင့် အားတက်လာကြသည်။

တောမှာလည်း တဖြည်းဖြည်းနက်လာပြီး သစ်ကြီးဝါးကြီးများဖြစ်ကြသော ကျွန်း၊ ပျဉ်းကတိုး၊ သစ်ရာအင်၊ အင်ကြင်း၊ ပိတောက်၊ ဒီးဒူး၊ လက်ပံ၊ ထမလန်းနှင့် ဝါးဘိုးဝါးတောကြီးများကို တွေ့ရသဖြင့် ကျော်မိုး၏ သစ်လုပ်ကွက်များသို့ ရောက်လာပြီဟု သိလိုက်ကြသည်။

တစ်နေရာ ချောင်းကမ်းပါးထိပ်အရောက် အောက်ချောင်းစပ်တွင် ရေသောက်နေသော ချေတစ်ကောင်ကို အရှင်းသားတွေ့နေရသော်လည်း ဆင်း ကောက်ရန် မလွယ်သောနေရာမို့ မပစ်ဘဲ ချမ်းသာပေးခဲ့ကြသည်။

ညကနက်လာ၍ နာရီပြန် ၂ ချက်ပင် ထိုးပေပြီ။

“ပူစီ ပူစီ ဒီးဒုတ်”

“ဒီး ဒီး ဒီး ဒီးဒုတ်”

ဒီးဒုတ်မောင်နှံ၏ အစာရှာထွက်ရင်း မဖိုမောင်နှံခေါ်သံ ထူးသံများက တစ်ခါတစ်ခါ ကြားနေရသလို ဇီးကွက်မောင်နှံ၏ အသံကလည်း နီးနီးနားနားမှ ကြားလိုက်ရပြန်သည်။

“ကွက် ကွက် ကွက်”

“ကွက် ကွက်”

“ဟော လာဘ်ကောင် ဇီးကွက်သံတော့ ကြားရပြီ။ တို့အဖွဲ့ လာဘ်တိုက်တော့မယ်ထင်တယ်။ အသေအချာမီးရှာဟေ့”

ဘဌေးက ဇီးကွက်သံကြားသည်နှင့် အတိတ်နိမိတ်ကောက်၍ အဖွဲ့သား တွေကို ပြောလိုက်ခြင်းဖြစ်သည်။

ကားကလေးက သစ်ကွက် (၁၉ -၂ဝ) များသို့ ရောက်လာကြသည်။ တောတောင်အခြေအနေက ပို၍ ကောင်းလာသလို သားကောင်တွေ့ချင်စရာကလည်း အထူးကောင်းသည်။

အညွန့် အညှောက်များ ထိုးထိုးထောင်ထောင်ရှိနေသော ဂွေးငယ်ပင်များရှိသည့် ကုန်းခင်တန်းကလေးတစ်ခုနားရောက်သောအခါ မီးသမားက မီးကို ခင်ကြောထိပ်သို့ ထိုးလိုက် ကစားကြည့်လိုက်ရင်း

“ဦးကျော်မိုး ဒီတောထဲမှာ သစ်ခုတ်၊ ဝါးခုတ်၊ ကျွဲ နွားအဖွဲ့တွေများ ရှိကြသေးသလား”

“ဘာပြုလို့လဲ မရှိဘူး။ အားလုံး အခါတွင်း အောက်ဆင်း ရွာပြန်ကုန်ကြပြီ”

“မျက်လုံးဝင်းဝင်း ကျယ်ကျယ်ကြီးတစ်စုံ တွေ့နေရလို့ဗျ။ အတော်ကြာ ကျွဲ၊ နွားတွေ မှားပစ်မိလို့ လျော်ပေါက်တိုးနေမှာစိုးလို့”

“မီးကစားကြည့်လေကွာ။ မျက်လုံးငြိမ်သလား ကစားသလားကြည့်။ အိမ်ကောင်ဆိုရင် မျက်လုံးငြိမ်တယ်”

“မျက်လုံးကတော့ ငြိမ်တယ်၊ မကစားဘူး ဦးဘဌေးရ”

ကျော်မိုးက မြင်ရသော မျက်လုံးများနှင့် တတ်နိုင်သမျှနီးအောင် ကားကို မောင်းပေးလိုက်သည်။ သို့သော် လမ်းနှင့် မျက်လုံးတွေ့ရသော ကုန်းကလေးမှာ လျှိုတစ်ခုခြားနေသဖြင့် ကိုက် (၄ဝ)ကျော်လောက်ဝေးပေမည်။

နေရာ အကွက်အကွင်းကိုကြည့်ပြီး ကျော်မိုးက အိမ်ကောင်မဟုတ်မှန်းသိသဖြင့်

“ဆတ်ဟ … ဆတ်ဖားကြီး အိပ်နေတာကွ”

ဟု တိုးတိုးပြောလိုက်ပြီး ကားကိုရပ်ပေးထားလိုက် သည်။

စောစောက အိမ်ကောင် တောကောင် မသေချာ ဇဝေဇဝါဖြစ်နေသဖြင့် ငြိမ်နေသော ချစ်ရွှေကြီးမှာ ကျော်မိုးစကား ဆတ်ဖားကြီးဟု ကြားလိုက်ရသည် နှင့် ကပျာကယာအားရဝမ်းသာစွာနှင့် သေနတ်မောင်းကွင်းထဲ လက်ကိုင်မြှောက်ထလိုက်ရာ ပြောင်းဝမှ ‘ဒိုင်း’ခနဲ မြည်ဟည်းမီးပွင့်ထွက်သွားတော့သည်။

မီးသမားခမျာ မမျှော်လင့်ဘဲ သူ့နားမှ ကပ်ထွက်သွားသော သေနတ်သံကြောင့် လန့်ပြီး လက်ထဲမှ ရှာမီးကို လွှတ်ချလိုက်ရာ ဝါယာပြတ်ပြီး အလင်း ရောင် မှောင်သွားပါတော့သည်။

“ဟာ ဘယ်လိုလုပ်လိုက်တာလဲ ဗိုလ်ချစ်ရာ။ အကုန်သေကုန်တော့မှာပဲ။ ရှားရှားပါးပါးတွေ့ထားတဲ့ ဆတ်ကြီးလည်း လန့်ပြေးလောက်ရောပေါ့။ ပါတဲ့မီး ဖွင့်ကြစမ်းပါဦးဟ”

ချစ်ရွှေကြီး သေနတ်ထွက်သွားတာကို အပြစ်တင်ရင်း ဆတ်လည်း ပြေးလောက်ပြီအထင်နှင့် ကျော်မိုးက စကားကျယ်ကျယ်ပင် ပြောလိုက်ပြီး မီးဖွင့်ခိုင်းလိုက်သည်။

ရှာမီးပြန်ဖွင့်၍ မရတော့သဖြင့် ဘဌေးက သုံးခဲထိုးဓာတ်မီးဖွင့်၍ ဆတ်ဆီသို့ ဝေ့ကြည့်လိုက်ရာ၊ ဆတ်မှာ တုတ်တုတ်မျှမလှုပ်။ နေရာတွင် အခြေမပျက် ဆက်လက်ငြိမ်သက်စွာရှိနေတုန်းပင်။

“ဟ ရှိသေးတယ်ဗျ၊ မပြေးသေးဘူး။ အိပ်ပျော်နေတာနဲ့တူတယ်။ ဗိုလ်ချစ် ပစ် … ပစ် အသေချာချိန်ပစ်”

ဘဌေးစကားကြောင့် အားလုံးမီးစိုက်ထားရာသို့ ကြည့်လိုက်ကြပြီး ငြိမ်လျက် ဗိုလ်ချစ်၏သေနတ်ပစ်သံကိုသာ ရင်တထိတ်ထိတ်နှင့် စောင့်စားနေကြ သည်။

သေနတ်သံတော့ မကြားကြရ။ ဗိုလ်ချစ်၏

“သေနတ်ဟင်းတပ် (Hand Guard)မရှိတော့ဘူး။ ကျည်ထွက်သွားတုန်းက အောက်ပြုတ်ကျသွားတယ်ထင်တယ်။ ရှာကြည့်စမ်းပါဦးဟ”

ဟူသော တီးတိုးကျိတ်ပြောလိုက်သောစကားသာ ကြားလိုက်ကြသဖြင့် အားမလိုအားမရ သက်ပြင်း ‘ဟင်း’ချလိုက်ကြပြီး မြန်မြန်အောက်ဆင်းရှာကြရတော့သည်။ ဟင်းကပ်ပြန်တွေ့၍ သေနတ်တွင်ပြန်
တပ်ပြီး ဆတ်ဆီထိုးချိန်လိုက်သည်အထိ သေချင်သောဆတ်မှာ အရေးမလုပ် ကျောက်ရုပ်လိုပင် နေရာတွင် ရှိနေဆဲ။

နှစ်လုံပြူးဘယ်ပြောင်းမှ မီးပွင့်ထွက်သွားသည်နှင့် ဒုတိယမ္ပိသေနတ်သံက တစ်တောလုံး တစ်တောင်လုံး ပဲ့တင်ဟည်းသွားပြန်သည်။

အပစ်ခံရသော အကောင်မှာ မီးရောင်ထဲတွင် မြောက်ခနဲ တစ်ချက်ထခုန်တာမြင်လိုက်ကြရပြီး တဝုန်းဝုန်း တဗြုံးဗြုံး ခြေကန်သံများကို ကြားနေရတော့သည်။

“ထိတယ် … ထိတယ် ၊ ဆင်းကြ … ဆင်းကြ”

ဟု ပြောရင်း အားလုံး ကားပေါ်မှ ဆင်းသွားကြသည်။

လျှို ခြားနေသဖြင့် ဘယ်သူမျှ ရှေ့ဆက်မတိုးနိုင်ကြတော့ဘဲ ထိုနေရာမှာပင် လင်းသည်အထိ စောင့်ရတော့သည်။

နံနက်လင်းမှ သွားရှာကြရာ ပစ်လိုက်သောနေရာ၊ အိပ်ကျင်းနှင့် ကိုက် (၃၀)အကွာလောက်တွင် တုံးလုံးပက်လက် အသက်ထွက်နေသော ဆတ်ဖား ချိုကားကားကြီးကို ခပ်လှမ်းလှမ်းကပင် ဝမ်းသာစရာမြင်တွေ့ကြရပါတော့သည်။

“ဆတ်ကြီးက အချိန် (၁၀၀)ပိဿာလောက်ရှိတယ် အစ်ကိုရ။ သူ့မုဆိုးဘဝမှာ ဒီဆတ်ဟာ ပထမဦးဆုံးနဲ့ အကြီးဆုံး ရဖူးတာဆိုပြီး ထ,ကမတတ်ပဲ။ အဲဒီနေ့က ပါလာတဲ့အဖွဲ့သားအားလုံးကိုလည်း ကျွေးလိုက် မွေးလိုက်တာ လိုလေသေးမရှိပဲ။ ကျွန်တော်တော့ အဲဒီနေ့ကလောက် ဗိုလ်ချစ်ပီတိဖြစ်နေတာ စေတနာကောင်းနေတာ တစ်ခါမျှ မတွေ့ဖူး မကြုံဘူး”

“ကျွန်တော်က ကျော်မိုးပြောပြချက်ကြားရပြီးသည်နှင့် ဘော်ဒါကြီးအား ဝမ်းသာစွာဖြင့် ကွန်ဂရက်ကျူလေးရှင်းဆိုပြီး လက်ဆွဲနှုတ်ဆက်လိုက်သည်။ အဲဒီနေ့က သူ၏အပြုံးမျက်နှာပီတိဖြစ်နေပုံကို ယနေ့ထက်ထိုင် မြင်ယောင်မဆုံးဖြစ်နေမိသေးသည်။

“အေးဗျာ၊ ဘော်ဒါကြီးအကြောင်း အမှတ်တရဝတ္ထုတစ်ပုဒ်လောက် ရေးချင်နေတာ၊ အခုတော့ ကုန်ကြမ်းရပြီပေါ့”

ကျွန်တော့် စကားကြားလိုက်သော ကျော်မိုးက သောက်လက်စရမ်ကို အမြန်မော့ချလိုက်ပြီး

“အစ်ကို သူ့အကြောင်းဝတ္ထုရေးမယ်ဆိုရင် ဘာခေါင်းစဉ်နဲ့ ရေးမှာလဲ”

“ခေါင်းစဉ်တော့ မစဉ်းစားရသေးပါဘူး ကျော်မိုးရ”

“ဒါဖြင့် ကျွန်တော် ခေါင်းစဉ်ပေးမယ်။ ကျွန်တော်ပေးတဲ့ ခေါင်းစဉ်နဲ့ ရေးလိုက်စမ်းပါ’”

“မင်းပြောမယ့်ခေါင်းစဉ်နဲ့ ဟပ်ရင်တော့ ဖြစ်ပါတယ်”

“ဟပ်မှဟပ် … သိပ်ကိုဟပ် အစ်ကိုရေ။ အဲဒီဆတ်က သေကို သေချင်နေတာ၊ ကျည်ဆန်ထွက်သွားတာလည်း မပြေး။ စကားတွေ ဒီလောက်ညံနေအောင်ပြောတာလည်း တုတ်တုတ်တောင် မလှုပ်တာ။ သေချင်လို့ပေါ့”

“ကိုင်း ဒါဖြင့် ပြောကြည့်လေကွာ”

ကျော်မိုးက ချက်ချင်းမပြောသေး။ စင်ကာပူချစ်ရွှေကြီးမျက်နှာကို ပြည်တည်တည်နှင့်ကြည့်ရင်း၊ ရယ်ကျဲကျဲနှင့်

“မုဆိုးငတ်နဲ့ သေချင်သောဆတ် လို့လေ”

““အေး ကောင်းတယ်၊ ဟပ်မိတယ် … ဟပ်မိတယ်”

ကျွန်တော်က ထောက်ခံအတည်ပြုလိုက်သည်။ ဘော်ဒါကြီး ကိုချစ်ရွှေကတော့ ကျော်မိုးစကားကို ဒေါမခီး ပြုံးဖြဲ ပြုံးဖြဲကြီး။

(၁ – ၁ – ၀၇) နေ့က ကွယ်လွန်သွားရှာသော ဘော်ဒါကြီးကိုချစ်ရွှေအား အမှတ်တရ။

– ပြီး –

စာရေးသူ – မန္တလာသား

Leave a Reply

Your email address will not be published. Required fields are marked *