ဖိုးကျော့

တန်ခူးလဆန်းစ ဤကာလမျိုးရောက်လာပြီဆိုလျှင် အရှေ့မြောက်ဖျားနေ မုဆိုးကြီးများသည် ကတိုးလိုက်ရန် ထွက်တတ်ကြသည်။

သူတို့ ကတိုးကောင်လိုက်ရသော တောင်တွေမှာ ရေမျက်နှာပြင်မှ အနည်းဆုံး ပေကိုးထောင်၊ တစ် သောင်း မြင့်သည်။

တစ်ဆောင်းလုံး အေးခဲနေသော ရေခဲတောင်တန်းကြီးများ ဖြစ်သည်။

နတ်တောင်ခေါ် ခါကာဘိုရာဇီတောင်ဘက်မှ ရေခဲကွဲသံကို ကြားရသောတစ်နေ့တွင် မုဆိုးကြီး ဘွန်ကော သည် ကတိုးကောင်လိုက်ရန် ဝံပုလွေချိုင့်ဝှမ်းဘက် ထွက်လာသည်။

သူကား ဝံပုလွေချိုင့်ဝှမ်းတွင် နှစ်စဉ်နှစ်တိုင်း ကတိုးလိုက်နေကျ ဖြစ်၏။ တစ်နှစ်လျှင် ကတိုး တစ်ကောင်၊ နှစ်ကောင်ကိုလည်း နှစ်စဉ်နှစ်တိုင်း ရနေကျ ဖြစ်၏။

ထို့ကြောင့် ရွာမုဆိုးကြီးဘွန်ကောသည် ကတိုးလိုက်ရန် စိတ်သန်စွာဖြင့် ရွာက ထွက်လာလေသည်။

xxx xxx xxx

တစ်တောင်တက်၊ တစ်တောင်ဆင်း ခရီးနှင်လာခဲ့ရာ ဘွန်ကောသည် လမ်းခရီး၌ တစ်ညအိပ်ခဲ့ရ၏။ ယနေ့ညနေမှာတော့ ဝေသီမြင့်ခေါင်သော ရေခဲ တောင်ခြေရင်းရှိ ဝံပုလွေချိုင့်ဝှမ်းသို့ သူ ရောက်လာသည်။

သူသည် မိုးမချုပ်မီ နှစ်စဉ်နှစ်တိုင်း သူ စခန်းချနေကျဖြစ်သော ကျောက်ဆောင်ကြီးနားမှ ကျောက် ဂူလိုဏ်ပေါက်နား ရောက်လာ၏။

ဂူဝတွင် ခြေလှမ်းကို တုံ့ခနဲ ရပ်လိုက်သည်။ ဂူထဲမှ အသံဗလံများကို နားစွင့်သည်။ ယခင့်ယခင်နှစ်များက သူ စခန်းချဖူးသော နေရာဟောင်းပင် ဖြစ် သော်လည်း ရဲရဲတင်းတင်း ဂူထဲ မဝင်ရဲသေး။

တစ်ခါတစ်ခါတွင် လိုဏ်ဂူထဲ၌ ဝက်ဝံကြီးများ၊ ဝံပုလွေအုပ်များ ခိုအောင်းနေတတ်သဖြင့် အန္တရာယ်ရှိနိုင်သည်။ ဝံပုလွေများ၊ ဝက်ဝံကြီးများမှာ အလွန် ရန်လိုသော တိရစ္ဆာန်ကြီးများ ဖြစ်ကြသဖြင့် မမျှော်လင့်ဘဲ ရင်ဆိုင်တွေ့ကြလျှင် အသက်အန္တရာယ်ပင် ဖြစ်နိုင်သည်။

ပေတစ်သောင်းကိုးထောင်ကျော် မြင့်သော ရေခဲတောင်ပေါ်မှာ နှင်းမုန်တိုင်းများသည် အချိန်အခါမရွေး ကျတတ်လေရာ နှင်းမုန်တိုင်းကျပြီဆိုလျှင် ဝံပုလွေနှင့် ဝက်ဝံကြီးများသည် ကျောက်ဂူလိုဏ်ခေါင်းထဲဝင်၍ တစ်ရက်၊ နှစ်ရက် မုန်တိုင်းခိုနေတတ်ကြ၏။

ထို့ကြောင့် ယခု သူက ချက်ချင်းမဝင်ရဲသေးဘဲ နား စွင့်နေခြင်း ဖြစ်၏။ ဂူထဲမှာ ဘာသံမှ မကြားရ။ ထို့ကြောင့် ထင်းရှူးပင်ငယ် တစ်ပင်ကို ဘွန်ကော ခုတ်သည်။ တစ်ကုမ္ဗဝင် ဝံသားရေလွယ်အိတ်ကြီးထဲမှ မီးခတ်ကျောက်နှင့် မီးကူးဝါဂွမ်း၊ ပွတ်ကျည်၊ ဝါးကြောတို့ကို ထုတ်သည်။ မီးခတ်ကူးပြီးထင်းရှူးသားမှာ အစိမ်းလတ်လတ်ဖြစ်လေ၊ မီးတောက်လောင်လေဖြစ်ရာ ချက်ချင်း မီးစွဲလောင်လာသည်။

ယမ်းမီးခြစ်မှာ ရေခဲတောင်ပေါ်၌ ကြာရှည်သုံးစွဲမရသဖြင့် သူတို့ဆီက မုဆိုးများသည် မိရိုးဖလာ မီးခတ်ကျောက် ပွတ်ကျည်ကိုသာ သုံးကြသည်။

ထင်းရှူးမီးတောက်သံနှင့်အတူ သူ၏ ခြေလှမ်းသည် ဂူထဲသို့ တရွေ့ရွေ့ လှမ်းဝင်လာလေသည်။

xxx xxx xxx

ဘွန်ကောသည် ဂူဝမှ အပြင်သို့ လှမ်းကြည့်လိုက်သည်။ ဝေသီမြင့်ခေါင်သော ရေခဲတောင်ထိပ်ပေါ်တွင် နေရောင်ခြည်များ လျှမ်းလျှမ်းထနေပြီ။ ရေခိုးရေငွေ့များသည် နေရောင်ခြည်ထဲ တံလျှပ်ရိပ်ရိပ်ပြေးနေကြသည်။ မြောက်လေအဝှေ့တွင် နှင်းပွင့်နှင်းသီးများ ချိုင့်ဝှမ်းတောင်ကြားထဲ ဝေ့ဆင်းလာကြ၏။
နေဝန်းနီနီကိုကား မမြင်ရသေး။

ဝံပုလွေ ချိုင့်ဝှမ်းတွင် စပါးစေ့၊ ဝါစေ့ခန့်ရှိ နှင်းသီးနှင်းလုံးများသည် စိန်တုံးစိန်ခဲများနှယ် လက်လက်တောက်နေကြသည်။

ဘွန်ကောသည် တစ်ကုမ္ဗဝင်အိတ်ဟု ခေါ်ဆိုရမည့် မုဆိုးလွယ်အိတ်နားမှ ဒန်အိုးငယ်ကို ဦးစွာ လှမ်းဆွဲသည်။ ပြီး ဂူဝရှိ မီးဖိုပေါ်တင်ခဲ့ပြီး အပြင်သို့ ထွက် လာသည်။ ကျောက်တောင်ခြေရင်းမှ ရေခဲမြှုပ်တစ်ဆုပ်ကို လက်ခုပ်နှင့် ကျုံးယူကာ ဒန်အိုးထဲ ထည့်လိုက်သည်။

ပြီးမှ ခေါပျဉ်နှင့် အသားခြောက်အနည်းငယ်ကို ထည့်ပြုတ်သည်။ ဆားအနည်းငယ် ခတ်ပြီးသောအခါ သူ၏နံနက်စာမှာ ပြီးပြည့်စုံသွားလေသည်။

ဝံပုလွေချိုင့်ဝှမ်းပေါ် နေရောင်ခြည်တန်းများ ထိုးကျစပြုချိန်တွင် ဘွန်ကော နံနက်စာ ပြီးသွားပြီ။

လေးနှင့် မြားဘူးကိုလွယ်ကာ ဂူထဲမှထွက်လာ၏။ သူ၏ ဝန်စည်စလယ်များ ထည့်ထားသော ဝံသားရေကြမ်းလွယ်အိတ်ကြီးကိုမူ ဂူထဲ၌ပင် ထားခဲ့လေသည်။

ဘွန်ကောသည် ရေခဲမှိုများ ပေါက်တတ်သော ထင်းရှူးတောစပ်ဘက်နား လျှောက်လာသည်။ ရေခဲမှိုကြိုက်တတ်သော ကတိုးကောင်များသည် ဝံပုလွေချိုင့်ဝှမ်းပေါ် နေရောင်ခြည်ကျချိန်တွင် နေဆာလှုံရင်း၊ ရေခဲမှိုလုစားရင်း မြူးတတ်ကြသည်။

သို့သော် တစ်နေ့လုံးရှာသော်လည်း ကတိုးတစ်ကောင်တလေ၏ အရိပ်အခြည်ကိုမျှ မမြင်ရသဖြင့် နေ ညိုသည်နှင့် စခန်းသို့ ပြန်လာရသည်။ စခန်းနားရှိ ထင်းရှူးပင်ငုတ် တစ်ငုတ်တွင် ညနေဘက် နေဆာတက်လှုံနေသော ရေခဲငှက်တစ်ကောင်ကို မြင်လိုက်ရ၏။

ညနေစာအတွက် ချက်ချင်း လေးနှင့် လှမ်းပစ်လိုက်၏။ လေးစူးတန်းလန်းနှင့် ပြုတ်ကျလာသော ရေခဲငှက်ကို မြေခွေးတစ်ကောင်က လှစ်ခနဲ ဝင်ဆွဲသွားသည်။

“တောက် … ခွေးတိရစ္ဆာန်၊ ငါ ဆိပ်လူးမြားနဲ့ ပစ်လိုက်ရင် ဝံပုလွေစာ ဖြစ်သွားပြန်ဦးမယ်”

xxx xxx xxx

နှင်းများ အုံဖွဲ့မနေတော့။ တဖြည်းဖြည်း ပါးလျားသွားကြလေပြီ။

ဘွန်ကော စခန်းသို့ ရောက်ခါစလို ညညတွေမှာပင် တဖြောက်ဖြောက်ကြွေသံကို မကြားရတော့။ ထင်းရှူးပင်ဖျားများမှာလည်း ကျီးပေါင်းနှင်းဖတ်တို့ အထပ်ထပ်ကွာကျကာ ရွက်နုပုရစ်တို့ပင် ပြူစပြုလာလေပြီ။ မြေပြင်ပေါ်တွင်လည်း နှင်းမြှုပ် နှင်းဖတ်များကို မမြင်ရတော့။ တောတောင်တို့သည် စိမ်းလန်းလာကြ၏။

ဝေသီမြင့်ခေါင်လွန်းသော ရေခဲတောင်ချွန်း တောင်ထိပ်များပေါ်မှာမူ နှင်းမြှုပ်နှင်းမြူတွေနှင့် ရေခဲဦးပေါင်း ဆောင်းထားကြတုန်းပင်။

ဤသို့ နွေဦးပေါက်ရာသီသည် ကတိုးအပစ်ရဆုံး ရာသီဖြစ်သည်။ အမွှေးအကြိုင်ကြိုက်သော ကတိုးကောင်များသည် ပန်းမွှေးများနှင့် ရေခဲမှိုများကို စားရန် ဝံပုလွေချိုင့်ဝှမ်းသို့ ရောက်လာကြမည်ကို အတွေ့အကြုံအရ ဘွန်ကော သိထားသည်။

ပြီး ဤရာသီမှာ ကတိုးကောင်များ၏ မိတ်လိုက်ရာသီလည်း ဖြစ်သည်။

အခြေလေးချောင်းရှိသော တိရစ္ဆာန်များထဲတွင် အမက အထီးကို ပြန်လိုက်တတ်သော သဘာဝဓလေ့မှာလည်း ကတိုးတစ်မျိုး၌သာ ရှိလေသည်။

ကတိုးထီးနှင့် ကတိုးမတို့မှာ မိတ်လိုက်ပုံချင်း မတူကြ။ သဘာဝ (INSTINCT) ဗီဇအရ ရာဂစိတ်ဝင်လာသော ကတိုးမသည် ကတိုးဖိုကို ရေခဲပြင်၊ ရေခဲတောင်အနှံ့ လိုက်ရှာတတ်သည်။

များသောအားဖြင့် ကတိုးကောင်များသည် ပေ (၈ဝဝဝ) ကျော်မြင့်သော ရေခဲတောင်ပေါ်၌သာ ကျက်စားတတ်ကြ၏။ ထို့ကြောင့် မြန်မာနိုင်ငံ၌ ကတိုးကောင်များကို ကချင်ပြည်နယ်အရှေ့ဖျား၌သာ တွေ့ ရတတ်သည်။

ကတိုးထီးများသည် မိတ်စိတ်ဝင်နေသော ကတိုးမများကို ရှောင်ပြေးတတ်ကြသည်။ သို့သော် သူတို့ပြေးလမ်းတစ်လျှောက်တွင် ကတိုးဖိုများ၏ ကိုယ်နံ့က ကျန်ခဲ့လေရာ ကတိုးမများ၏ လိုက်အားထဲ ကျရောက်တတ်ကြသည်။

ကတိုးမများသည် ရှေ့ကပြေးသွားသော ကတိုးဖို များကို အမီလိုက်ကာ ကတိုးဖို၏ တိုနန့် နန့်အမြီးကို တအားစုပ်ငုံလေ့ရှိသည်။ ကတိုးထီးများ၏ အမြီးဖျားတွင် နို့သီးခေါင်းကဲ့သို့ အဖုကလေးများနှင့် အ ပေါက်ကလေးများ ပါရှိသည်။ ကတိုးမက ကတိုးထီး၏ အမြီးကို စုပ်ယူလိုက်သောအခါ ထိုအမြီးဖျားမှ သန္ဓေရည်တွေ ထွက်လာတတ်၏။ ထိုအခါ ကတိုး ဖိုရော ကတိုးမပါ လိင်စိတ်တွေပြေငြိမ်းသွားကြသည်။

ကတိုးကောင်တို့၏ သဘာဝကို သိထားသော ဘွန်ကောသည် ကတိုးကောင်များ သွားလာတတ်သော နေရာများကို တစ်ခုပြီးတစ်ခု လိုက်ရှာနေသည်။ သို့သော် ယခုထိ ရေခဲတောင်ပေါ်တွင် ကတိုးကောင် တစ်ကောင်တလေကိုမျှ မတွေ့ရသေးပေ။
သူ ကတိုးလိုက်ရန် ရွာကထွက်လာသည်မှာ နှစ်ပတ်၊ လဝက်ပင် ရှိသွားလေပြီ။

xxx xxx xxx

ဝံပုလွေတစ်ကောင်၏ ဆွဲဆွဲငင်ငင် အူလိုက်သံကို ကြားရသည်။ ဝံပုလွေများ သံရှည်ဆွဲ၍ အူသံကိုကြားရခြင်းမှာ နှင်းမုန်တိုင်းများ စဲတော့မည်ဟူသော သင်္ကေတပင်။

ရေခဲတောင်ပေါ်တွင် နှင်းမုန်တိုင်းကြီး ကျနေသဖြင့် ဘွန်ကော ဂူအောင်းနေခဲ့ရသည်မှာ သုံးရက်၊ သုံးည ပင် ရှိခဲ့လေပြီ။ ဝံပုလွေများ သံရှည်ဆွဲအူသံကို ဟိုမှသည်မှ ကြားရလေ၏။

တရှဲရှဲအော်မြည်တိုက်ခတ်နေသော နှင်းမုန်တိုင်းကြီးသည် နာရီပိုင်းအတွင်း ရပ်စဲသွားလေသည်။

မိုးမလင်းသေးသဖြင့် ဂူဝတွင် ခေါပျဉ်၊ အသားခြောက်ဖုတ်ကို ကျိုရင်း မိုးအလင်းကို စောင့်နေရလေသည်။

မိုးလင်းသည်နှင့် တစ်ပြိုင်နက် ကတိုးအရှာ အထွက်ရပြန်သည်။

သုံးရက်၊ သုံးည နှင်းမုန်တိုင်းကြီး ကျသွားသဖြင့် ရေခဲပြင်ပေါ်ရှိ ထင်းရှူးပင်ကြီးတွေမှာ ပြိုလဲကုန် ကြသည်။ ယခင်က အမှတ်အသားထားခဲ့သော ထင်းရှူးပင်ကြီးများကို ရေခဲပြင်ပေါ်တွင် ရှာမတွေ့တော့။

ကျိုးတိုးကျဲတဲ ကျန်နေခဲ့သော ထင်းရှူးပင်များ အကြိုအကြားထဲတွင် ရေခဲပြင်ကြီးကား မျက်စိတစ်ဆုံး ကျယ်ပြန့်နေသည်။

ကျောက်ဆောင် ကျောက်တုံးများပေါ်တွင် နေဆာလှုံနေကြသော ရေခဲငှက်များသည် ဘွန်ကောကို မြင်သောအခါ ထပျံကုန်ကြ၏။

ရေခဲငှက်များကို လိုက်ချောင်းနေသော မြေခွေးများနှင့် ဝံပုလွေများသည်လည်း ကျောက်ဆောင်ကျောက်တုံးများပေါ်မှ အလျှိုအလျှို ပေါ်လာကြသည်။

ဘွန်ကောသည် ဝံပုလွေချိုင့်ဝှမ်းတစ်ဖက်သို့ တက်လာလေ၏။

ရေခဲမှိုကျင်းနားတစ်နေရာတွင် ကတိုးတစ်ကောင်ကို ရိပ်ခနဲ မြင်လိုက်ရသည်။ ထိုကတိုးကောင်ကို လေးနှင့်ပစ်ရန် သူ လိုက်ချောင်း၏။ ကတိုးကောင်သည် သူ့ကို ရိပ်မိသွားသဖြင့် ချက်ချင်း လစ်ပြေးသည်။

သူလည်း ကတိုးကောင်နောက်သို့ ပြေးလိုက်ရ၏။

ရေခဲပြင်ပေါ် တွင် အင်မတန်အပြေးသန်သော ကတိုး ကို သူ တော်တော်နှင့် လိုက်မမီနိုင်။

ထင်းရှူးပင်များ ကျိုးတိုးကျဲတဲကြားထဲတွင် ကတိုးကောင်ကို သူ မြင်နေရသည်။ ကတိုးကောင်သည် ဝံပုလွေချိုင့်ဝှမ်းအစမှ ရေခဲတောင်ကြောပေါ် တရကြမ်း တက်ပြေးသွား၏။

ကန္တာရဆူးချုံတစ်ခုနား ရောက်သောအခါ ကတိုးကောင်သည် မြင်ကွင်းမှ ပျောက်သွားသည်။

ဘွန်ကောက ဆူးချုံနား အပြေးရောက်သွားသည်။ အနံ့ခံကြည့်သည်။

ရေခဲပြင်ထဲရှိ ကျောက်ဆောင်တစ်ခုနားတွင် မြေခွေးနှစ်ကောင် အော့အန်နေကြသည်ကို လှမ်းမြင်လိုက် ရသည်။ ဤမျှဆိုလျှင် သူလိုက်နေသော ကတိုးကောင်သည် ထိုဘက်သို့ ပြေးသွားကြောင်း ဘွန်ကော အတပ်သိလိုက်လေပြီ။

ကတိုးကောင်များနှင့် ပက်ပင်းတိုးမိလျှင် မည်သည့်တောတိရစ္ဆာန်မျှ ကတိုးကောင်နံ့ကို မခံနိုင်ကြ။ ကတိုးနံ့ကို ရှူရှိုက်မိသော တိရစ္ဆာန်တိုင်း မူးမေ့အော့ အန်ကုန်ကြသည်။

ထို့ကြောင့်လည်း ရေခဲပြင်ပေါ်တွင် မည်သည့်သားရဲတိရစ္ဆာန်ကမျှ ကတိုးကောင်ကို ကိုက်သတ်မစားနိုင်ကြပေ။ ကိုက်သတ်စားရန်ကို မဆိုထားနှင့်၊ ကတိုးကောင်နားကိုပင် မသီကြ။

ကတိုးကောင်ရှိ ကတိုးအိတ်ထဲမှ ထုတ်လွှင့်ပစ်ခဲ့သောအနံ့သည် အလွန် စူးရှပြင်းထန်သည်။ အခြောက်ခံပြီးမှ မွှေးသော ကတိုးစိမ်းအနံ့ကို သားကောင်များ မခံနိုင်ကြ။ ဤသည်မှာ ကတိုးကောင်များ၏ သဘာဝခုခံရေးလက်နက်ပင်။

ဘွန်ကောသည် မြေခွေးနှစ်ကောင် အော့အန်နေကြသောနေရာဘက် ပြေးလိုက်လာ၏။ ကျောက်ဆောင်တစ်ခုပေါ် ပြေးတက်သွားသော ကတိုးကောင်ကို ချက်ချင်းမြင်ရ၏။ ကျောက်ဆောင်ပေါ် က ပြေးဆင်းသွားသော ကတိုးကောင်နောက်ကို ဘွန်ကော မနားတမ်း ပြေးလိုက်လာသည်။

ကတိုးကောင်သည် ကျောက်ဆောင်ကျောက်တုံးကြီးတွေ ပိုများသော ရေခဲတောင်ကြောတစ်ခုဘက် ပြေးသွားပြန်၏။ လေးနှင့် လှမ်းပစ်နိုင်သော ပစ်ကွင်းထဲ မဝင်သေးသဖြင့် မပစ်ရသေး။

ကျောက်ဆောင်တစ်ခုနား ရောက်သောအခါ ဘွန်ကော အံ့အားသင့်သွားသည်။ သူ့မျက်စိ သူ မယုံမကြည်လည်း ဖြစ်သွား၏။ သူ့ကိုကြောက်ပြီး ရေခဲကျောက်တန်းတစ်ခုပေါ် တက်ပြေးသွားသော ကတိုးကောင်သည် ဦးတည်ရာလွဲပြီး ထို တောင်ကြောကို ကျော်မသွားဘဲ အဘယ်ကြောင့် လွင်ပြင်ထဲ ပြန်ဆင်းလာသနည်း။

ဘွန်ကောသည် ရေခဲပြင်ကြောဘက် ပြန်ဆင်းပြေးလာသော ကတိုးကောင်ကို မြားတစ်ထောက်အမီရောက်ရန် ဖြတ်ဆင်းလိုက်သည်။

“ဝံသားရေတစ်ပြားကို ဖင်ခုထိုင်ကာ ရေခဲတောင် နိမ့်လျှောအတိုင်း လျှောစီးဆင်းချ၍ ရှေ့က ဖြတ်ဆင်းလိုက်သည်။ သူ တောင်ကြောအတိုင်း လျှောစီးဆင်းချလာစဉ် ကတိုးကောင်ရှိရာဘက်ကိုလည်း မျက်
ခြည်မပြတ် လှမ်းကြည့်လာသည်။

ဤမှာတင် အံ့ဩစရာအဖြစ်တစ်ခုနှင့် ကြုံရပြန်လေ၏။

သူလိုက်နေသော ကတိုးကောင်နောက်ကို ကျားကြီးတစ်ကောင်ကလည်း လိုက်လာနေသည်။

လူမုဆိုးနှင့် တောမုဆိုး ကျားကြီးတို့သည် ကတိုးကောင်ကို အပြိုင်လုကြရပေတော့မည်။

ဘွန်ကောသည် လျှောစီးဆင်းလာရသော ကိုယ်ရှိန်ကို ရုတ်ခြည်း ထိန်းလိုက်သည်။ ကျောက်ဆောင်တစ်ခုနားသို့ ပြေးကပ်လိုက်၏။ အခြေအနေကို အကဲခတ်ကြည့်လိုက်သည်။

အမှန်က ကျားကြီးသည် သူ့ဆရာ ကြောင်ကဲ့သို့ အပူကြိုက်ဒေသသား ဖြစ်သည်။ ဤလို အစဉ်ထာဝရ အေးခဲနေသော ရေခဲပြင်တွင် ကျားတိရစ္ဆာန်ကို ဘွန်ကော တစ်ခါမှ မကြုံဘူး၊ မတွေ့ဘူးချေ။

ဤလို ပေပေါင်း ကိုးထောင်၊ တစ်သောင်းကျော်မြင့်သော ရေခဲပြင်ပေါ်တွင် ကျားတို့၊ မြွေတို့ ဆိုသည်မှာ မတွေ့ကောင်းသော တိရစ္ဆာန်များသာ။

ယခု ဤကျားကြီးသည် ဘယ်ကဘယ်လို ရောက်လာပါလိမ့်။ သူ့အမြင်မှားတာများလား၊ တောမှောက်တာများလား။

သို့နှင့် သူ့ဘိုးဘီတို့ ပြောပြဖူးသော စကားကို သွားသတိရလိုက်သည်။

တခြားတိရစ္ဆာန်များက ကတိုးကောင်ရဲ့အနံ့ကို မခံနိုင်ကြသော်လည်း ကျားများဟာ နှာခေါင်းပါပေမယ့် အနံ့ ပိတ်တိရစ္ဆာန် ဖြစ်တယ်။ ကျားနှာခေါင်းဟာ အမြဲ ပုပ်ဟောင်နံစော်နေတော့ သားကောင်နံ့ကို ခံလို့မရဘူး။ ဒါဟာလည်း တောတိရစ္ဆာန်တွေအတွက် အ အရေးတစ်ခုပဲ။

ကျားဟာ တခြား သားစားတိရစ္ဆာန်တွေလို အနံ့ခံပြီး သားကောင်ဖမ်းစားတတ်ရင်လည်း တောတိရစ္ဆာန်အားလုံး ပြုန်းမှာပဲ။ ကျားဟာ သားကောင်ကို အနံ့ခံ မဖမ်းတတ်ဘဲ ရှာဖွေချောင်းမြောင်းပြီး ကိုက်သတ်စားတတ်တယ်။

ဤသည်မှာ မှန်ပေမည်။

ယခု မည်သည့်တိရစ္ဆာန်မျှ အနားမကပ်နိုင်ကြသော ကတိုးကောင်နောက်ကို ဤ ကတိုးကောင်နောက် ကျားကြီး လိုက်လာနိုင်သည်မှာ ကတိုးနံ့ကို လုံးဝမရ၊ အနံ့ရ၍ ရှူရှိုက်ခံရလျှင် စောစောက တွေ့ခဲ့ရသော မြေခွေးနှစ်ကောင်လို မူးမေ့အော့အန်ပြီး လဲကျခဲ့ မည်မှာ မုချပင်။

ဘွန်ကော၏ အတွေး မဆုံးလိုက်။ ဝေါင်းခနဲ ကျားကြီးဟိန်းလိုက်သံနှင့်အတူ ကျားကြီးနှင့် ကတိုးကောင်တို့သည် လုံးထွေးကာ ရေခဲတောင်ကြောမှ လိမ့် ကျလာကြ၏။

ဘွန်ကော စောင့်ကြည့်နေရာ ကျောက်ဆောင်အနီးမှာပင် ကတိုးကောင်ကို ကျားကြီး ခုန်ကိုက်သတ်လိုက်လေသည်။

ဘွန်ကောသည် ကျားကြီးနှင့် ကတိုးကောင်ကို မျက်တောင်မခတ် စိုက်ကြည့်နေသည်။

သူသည် နှစ်စဉ်နှစ်တိုင်း ဤ ဝံပုလွေချိုင့်ဝှမ်းတစ်ကြောတွင် ကတိုးပစ်၍ ရဖူးသဖြင့် ဤနှစ်ကလည်း ကတိုးပစ်ရန် ရောက်လာရသလို ဤကျားကြီး သည်လည်း ဤရာသီ၌ ဤချိုင့်ဝှမ်းတစ်လျှောက်တွင် ဤဝံပုလွေချိုင့်ဝှမ်းကြောရှိ ကတိုးကောင်များ မပြုန်းမချင်း လာရောက်ကိုက်သတ်စားနေပေလိမ့်မည်။

လူမုဆိုးသည် တောမုဆိုးဖြစ်သော ကျားများကို အန္တရာယ်မပြုမချင်း သတ်ဖြတ်ရိုးထုံးစံ မရှိသော်လည်း ဤ ကျားဆိုးကိုမူ အရှင်ထားခဲ့၍ မဖြစ်ဟု ဆုံးဖြတ်လိုက်သည်။

ထို့ကြောင့် ဘွန်ကောသည် အရေးကြုံလျှင် သက်လုံ ကောင်းရန် ကိုယ်နှင့်မကွာ ပါတတ်သော တစ်ဆွေ့ခုန် သက်စောင့်မြားကို ဆွဲထုတ်လိုက်သည်။ ဤတစ်ဆွေ့ခုန်မြားဆိပ်မှာ မည်သည့်သက်ရှိသတ္တဝါကိုမဆို သွေးပေါက်ရုံ ထိမိသွားသည်နှင့် တစ်ချက် သာခုန်နိုင်ပြီး သွေးဆိပ်သင့်ကာ ချက်ချင်းသေစေနိုင်သော အပြင်းဆုံး မြားတစ်စင်း ဖြစ်လေသည်။

ဘွန်ကောသည် တစ်ဆွေ့ခုန်မြားတံကို လေးညှို့ထဲထည့်ကာ ကျားဆိုးအား “ဟေး” ဟု အသံတစ်ချက်ပေးလိုက်၏။

ကတိုးကောင်ရ၍ မြူးကြွနေသော ကျားဆိုးကြီးသည် လူသံကြားသဖြင့် ဘွန်ကောဘက် ဆတ်ခနဲ လှည့်ကြည့်လိုက်သည်။

ဤအခွင့်အရေးကို တမင် ဖန်တီးပေးလိုက်သော ဘွန်ကော၏ လေးညှို့ထဲမှ တစ်ဆွေ့ခုန်မြားတံသည် ဝီခနဲ မြည်ကာ ထွက်သွားလေသည်။

မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်အတွင်းမှာပင် ဝေါင်းခနဲ တစ်ချက်အော်လိုက်သံနှင့် ကျားဆိုးကြီးသည် ကျွမ်းတစ်ပတ်ပစ်ကာ ရေခဲပြင်ပေါ် လဲကျ သွားလေသည်။

ကတိုးပစ်ရန်လာသော ဘွန်ကောသည် မမျှော်လင့်ဘဲ ကျားသားရေတစ်ခုကိုပါ ရတော့မည် ဖြစ်သဖြင့် ခြေလှမ်းသွက်လက်စွာဖြင့် ကျားကြီးနှင့် ကတိုး ကောင်ရှိရာသို့ လှမ်းလာလေတော့၏။

သူရဇ္ဇမဂ္ဂဇင်း
အတွဲ (၁၂) ၊ အမှတ် (၁)
၂၀၁၂ ခုနှစ် ၊ ဇန်နဝါရီလ

– ပြီး –

စာရေးသူ – ဖိုးကျော့
စာစီစာရိုက် – မုဆိုး တံငါ စာပေများ