မင်းရဲကျော်
မုဆိုးနှင့်သားကောင် တောတောင်ကတစ်မှောင့်
(၁)
မြန်မာနိုင်ငံက ချစ်သော၊ မြန်မာနိုင်ငံတွင် မြစ်ဖျားခံကာ၊ မြန်မာနိုင်ငံတွင် အဆုံးသတ်လေသော မြန်မာ့သွေးကြောဖြစ်သည့် ဧရာဝတီမြစ်မင်းကြီးကား ထာဝရ တဒီးဒီး စီးဆင်းနေသည်။
ထာဝရလှပနေသော မြစ်မင်းဧရာဝတီအား မြန်မာပြည်သူတွေ ချစ်၏။ ပြည်ပ ဧည့်သည်တော်များလည်းချစ်ကြ၏။
မြစ်မင်း၏ ချစ်ခြင်းအား မြန်မာပြည်သူတွေ သိ၏၊ မြတ်နိုး၏။ ထာဝရရေကြည်၍ သဘာဝကိုမသွေဖည်သော မြစ်မင်း၏ စေတနာကြောင့် သယံဇာတ ပေါကြွယ်ဝပြီး ရာသီအလိုက် မြေနုကျွန်းတွေ၌ သီးနှံစိုက်ပျိုးကြပြီး ရိက္ခာဖြည့်ဆည်းပေးနေလေသော ဧရာဝတီ။
ထိုဧရာဝတီမြစ်မင်း၏ ဒုတိယမြစ်ကျဉ်းကား ဗန်းမော်မြို့နှင့် ရွှေကူမြို့အကြား သမိုင်းကြောင်းထင်ရှားခဲ့သည့် ခေါင်းပုံခဲ့သော ကောင်းတုံဆိုသည့် ပုဂံခေတ် ရှေးဦးခံတပ် ကျေးရွာကြီး၏ အောက်၊ စဉ်းခန်းရွာအနီးတွင် တည်ရှိပါ၏။
မြစ်ကျဉ်း၏ အရှေ့ဘက်ကမ်းမှာကား မြင့်မားသော တောနက်ကြီး။
အဓိက ကျွန်း၊ အင်၊ ကညင်နှင့် ဝါးတောကြီးတွေ တည်ရှိသည့် တောင်တန်းခံတပ်ကြီး။ ထိုတောင်တန်းခံတပ် မြစ်ကမ်းစပ်ဝယ် လွန်လေပြီးခဲ့သော ခရစ်နှစ် ၁၇၆၉ ခုနှစ်တွင် နောက်ဆုံးစစ်ပွဲကြီးပြီးသည့်နောက် လူသူအရောက်အပေါက်နည်း၍ ပိုမိုနက်ရှိုင်းလာသော တောနက်ကြီးကား တောတောင်တို့၏ သဘာဝကို အလှဆင်သလို၊ တောရိုင်းတိရစ္ဆာန် မျိုးဆက်များ ပေါက်ပွားရှင်သန်ကျက်စားရာ နယ်မြေဒေသကြီးလည်း ဖြစ်လာခဲ့ပေသည်။
ကောင်းတုံခံတပ်သမိုင်း၏ ကျောရိုးဖြစ်သော ထို ဧရာဝတီမြစ်မင်းကြီး၏ အရှေ့ဘက်ခြမ်းတောင်တန်းနှင့် ယှဉ်ပြိုင်နေလေသော မြစ်၏အနောက် ချစ်ဖွယ်ကောင်း၍ အံ့သြဖွယ်လည်း ကောင်းလှ သည့် နတ်မျက်နှာတောင်ခေါ် ရွှေသမင်တောင်ကြီးသည်ကား ကမ္ဘာဦးအစမှ ယနေ့အထိ သဘာဝအလှကို ဖန်ဆင်းနေသည်မှာ ဝင့်ကြွားစရာ အံ့ဩစရာတွေအပြည့်။
“ရော် … မောင့်ကို ပြောစရာရှိတယ်ပ”
“ပြောလေ ယု”
“ဒီကျောက်တွင်း ရောက်ရင်လေ မောင်သိမှာပ။ ဟိုစကားပုံလေ။ ကျောက်စက်ရေလား ကြမ်းကြားလေသို့ ဆိုတာပအေး”
“ဘာဖြစ်လို့”
“ရော် … ဒီကျောက်တွင်း (ဒုတိယမြစ်ကျဉ်းအား ဒေသခေါ်မှာ ကျောက်တွင်းဟု ခေါ် ကြပါ၏) ရောက်တာပအေး။ ဘယ်လောက်ပူတဲ့ နွေကာလပဲဖြစ်ဖြစ် ကျောက်တွင်းထဲ ရောက်တာနဲ့ ရင်ထဲအေးသွားတာပနော့”
ကျွန်တော်၏ ချစ်ဦးသူ ဗန်းမော်မြို့မှ ဓာတ်မီးကုန်းသူ ရှမ်း-ဗမာ မလေး ယု၏ အပြုံးလေးအား တစိမ့်စိမ့်ကြည့်ရင်း ကျောက်တွင်း၏ ဆွဲဆောင်မှုထံသို့ ရောက်သွားရင်း …
“ယု”
“ပြောတာပ”
“ကျောက်စက်လေကား စိမ့်၍သွားလို့ မောင်က ပြောချင်တယ်”
“ရော် ဘယ်လိုပအေ။ ယု မသိ”
“ဒီလိုလေ … ကျောက်တွင်းထဲရောက်တာနဲ့ ဟောဒီ နတ်မျက်နှာတောင်ကြီးဆီက ရိုက်ခတ်လာတဲ့ လေ က ကျောက်စက်လေပေါ့ ယုရဲ့။ နွေမှာ ရင်ထဲအေးမြသွားသလို ဆောင်းတို့ မိုးကာလတို့ဆို စိမ့်နေအောင် အေးတယ် မဟုတ်လား”
“ဟုတ်တာပ … ဟုတ်တာပ”
ကျွန်တော် ပြန်သတိရနေမိပါသည်။ အမှန်ပင် မြစ်ရေက အေး၏။ မြစ်လေက နတ်မျက်နှာတောင် ခေါ် မြင့်မားပြီး မြစ်ကြီးထဲသို့ ပြိုကျမယောင် သို့မဟုတ် မြစ်တွင်းမှာ ရှိသည်ဆိုသော ရေနဂါး ပါးပညဲကြီးတွေ ပေါ်လာတာကြည့်ရန် ဦးခေါင်းမျက်နှာ ငဲ့ကာ ကြည့်နေလေသော ကျောက်တောင်ကြီးထံမှ ပြန်လည်ရောက်လာလေသောကြောင့် ရင်ထဲ ကျောထဲ စိမ့်သွားအောင် အေးသွားသည့် လေပြည်သာသာ၊ လေညင်းမကျတကျ တိုက်ခတ်မှုကား သင်္ဘောကြီးစီးကြသည့် ခရီးသည်တိုင်း၏ရင်ဝယ် အေးမြစေ၏။ ထိုခံစားချက် အေးမြမြအကြားမှ အမြဲမြင်တွေ့နေကြရသည့် ထိုသဘာဝ နတ်မျက်နှာတောင်ခေါ် ရွှေသမင်တောင်ကြီးဆီသို့ မျက်စိတွေ ရောက်သွားကြ၏။
ကလေးလူငယ် တစ်ဖန် မိခင် ဖခင်တွေက သားသမီး များအား လက်ညှိုးထိုးကာ အေးမြလေသော အပြုံးကလေးများဖြင့် …
“ရော် ကြက်တူရွေးနှုတ်သီးပအေး”
“ဟုတ်တာပ”
‘“ကြက်တူရွေးနှုတ်သီး သား သမီး ကြည့် … ကြည့်တာပ”
ခရီးသွားလူတိုင်း ပါးစပ်ဖျားမှ မှတ်သားထားသည့် ထိုနတ်မျက်နှာတောင်အတွင်းမှ ရေပြင်ဘက်သို့ ထိုးထွက်နေလေသော ကျောက်သားစစ်စစ် ကြက်တူရွေးဦးခေါင်းနှင့် နှုတ်သီး၏ ကြည့်မဝ ရှုမဝ သဘာဝအလှတွေ၊ သဘာဝအလှတရားတွေကို ဖော်ညွှန်းနိုင်အောင် ထိုကြက်တူရွေးနှုတ်သီးသဏ္ဌာန် ကျောက်ဆောင်အား နှုတ်သီးကနီရဲရဲ၊ ဦးခေါင်းက အစိမ်း တောက်တောက်၊ မျက်လုံး အနက်ရောင်က ထိုးဖောက်နေလေသော ဆေးပန်းချီနှင့် လိုက်ဖက်ညီလှပါဘိ။
ဤနတ်မျက်နှာတောင် ခေါ် ရွှေသမင်တောင်တော်ကား တန်ခိုးကြီးထွားပါ၏။ သူတော်ကောင်း သူမြတ်လောင်းတို့၏ ကျင့်ကြံအားထုတ်ရာ ဆိုပါကလည်း မမှားပါ။
ထိုတောင်တွင် ထုံးဖြူဖြူဖွေးနေလေသော စေတီလေးတစ်ဆူလည်း ရှိ၏။ ထိုစေတီလေးအား လက်ခံတောင်စေတီဟု ရွှေကူမှ သက်ကြီးရွယ်အို အဘွား တစ်ဦး ပြောခဲ့ဖူး၏။
ထိုကျောက်တောင်ကြီးပေါ်၌ တရားအားထုတ်နေလေသော ရဟန်းတော်ကြီးတစ်ပါးရှိသည်ကိုတော့ ကျွန်တော်သိ၏။ ကြုံဖူးပါ၏။ ထိုရဟန်းကြီးကား ထူးဆန်းသည့် ရဟန်းကြီးအဖြစ် နယ်မြေခံကျေးရွာများမှ ပြောပြ၍ သိရ၏။
(၂)
“ဆရာကျော်”
“ဟင် … ဪ အေး”
“ကျွန်တော်တို့ နောင်မိုရွာမှာ ဆင်းမှာနော်”
“အေးလေ”
“ဒါဆို ရောက်တော့မယ်လေ”
“အေး … သင်္ဘောဆိုက်ရင် ဆင်းကြမယ်လေ”
“မိုးကျော်”
“ဟင်”
“ဆရာကျော်က မယုကို သတိရနေပြီ ထင်ပါရဲ့”
“ဟဲ … ဟဲ”
“တင်မြတ်ရာ … ယုကို သတိရတာပေါ့။ တို့နှစ်ယောက် ကျွန်းတော်ဘုရားပွဲလာတာ ပြန်စဉ်းစားရင်း ကျောက်တွင်းရောက်တော့ ယုက ပြောတယ်”
“ဘာလဲ ဆရာကျော်၊ ရော် မောင် … အေးတာပ၊ ဖက်ထားပေးတာပ လို့လား။ ဟား … ဟား … ဟား … ဟား”
“ဒီကောင်ကတော့။ ဟို အေးတာတော့ မှန်ပါတယ်။ သူပြောတာက ‘ကျောက်စက်လေလား၊ ကြမ်းကြား လေသို့’ ဆိုတာလေ။ ငါက ‘ကျောက်စက်လေကား စိမ့်၍သွား’ လို့ ပြောခဲ့တာ ပြန်စဉ်းစားနေတာပါကွ”
“အင်း … ကဗျာဆရာမုဆိုးနဲ့ အလှနတ်သမီးလေး တွေ့ကြတော့ … အဟီး”
“ဒီအကောင်ကတော့”
“ဘော် ဝူ ဝူ ဝူ”
“ဘော် ဘော်”
“ဝူ ဝူ ဝူ ဝူ”
ကျွန်တော်တို့စီးလာသော ပဒုမ္မာ ကသာ-ဗန်းမော် ကူးတို့ နှစ်ထပ်သင်္ဘောသည် နောင်မိုရွာရေဆိပ်သို့ ဆိုက်ကပ်ရန် အချက်ပေးလိုက်၏။ (၁၉၆၄ ခုနှစ်မှ ၁၉၇၃ ခုနှစ်ခန့်အထိ ကူးတို့သင်္ဘောများ နောင်မိုရွာတွင် ဆိုက်ကပ်၏)
သင်္ဘောဆိုက်သည်နှင့် ကျွန်တော်တို့ သုံးယောက်သား ကျောပိုးအိတ်ကိုယ်စီအပြင် သေနတ်များအား ဖြုတ်၍ တပ်မတော်သုံး ကစ်ဘက်အိတ်ရှည် ကြီးအား တင်မြတ်ကထမ်းပြီး ရှေ့ဆုံးမှ ဆင်းလိုက်၏။
“ရော် … ဆရာကျော်တို့ပအေး”
“ဟုတ်တယ် သူကြီး … နေကောင်းတယ်နော်”
“ကောင်းတာပ … ရော် တောပစ်မှာပနော့”
“ဟုတ်ပါတယ် သူကြီး”
“လာတာပ … အိမ်သွားတာပနော့”
“ဟုတ်ကဲ့”
“ရော် ကိုတင်မြတ်ကြီးဆိုး၊ ရော် ကိုမိုးကျော်နဲ့ ဆရာကြီးလည်း ပါတာပအေး”
“ကိုစိုင်းရေ … သုံးယောက်ပေါင်း လောင်းကျော်လေ။ ဟား … ဟား … ဟား … ဟား”
“ရော် ကိုတင်မြတ် နောက်တာပဆိုး”
သူကြီး၏တူဖြစ်သူ ကိုစိုင်းခေါ် စိုင်းမောင်မောင်တို့အား နှုတ်ဆက်ရင်း စိုင်းမောင်မောင်က ကျွန်တော့် ကျောပိုးအိတ်နှင့် တင်မြတ် ကျောပိုးအိတ်တို့ကို ယူလွယ်ပြီး သူကြီးအိမ်သို့ လိုက်ပါခဲ့၏။
“ဆရာကြီးဆိုး”
“ဟုတ်ကဲ့ သူကြီး”
“ဒီနေ့ စနေပနော့ … တစ်ညအိပ်လား၊ နှစ်ညအိပ်လားပ”
“အခြေအနေ ပေးရင်တော့ ဒီတစ်ညပဲ သူကြီး။ သားကောင်ပေါ် မူတည်ပြီး တနင်္ဂနွေညအထိ အိပ်သင့် လည်း အိပ်မယ်လို့ တွေးထားပါတယ်”
“ကောင်းတာပ”
“ဟုတ် … ဟုတ်”
“အိမ်ရောက်ရင် အောင်မင်းနဲ့ တင်ထွန်းတို့ ခေါ်တာပ”
“ဟုတ် … ဟုတ်”
သူကြီးပြောသော ကိုအောင်မင်းကား အသက်သုံးဆယ်ကျော်ကျော် လူဖြောင့်လူတောင့်။ ကိုတင်ထွန်းမှာ ကား အသက်လေးဆယ်နီးပါး။ သူလည်း သန်မာထွားကျိုင်းသည့်အပြင် အရာရာကို ဆုံးဖြတ်ပိုင်းခြားတတ်သည့် ကျေးရွာပြည်သူ့စစ်ခေါင်းဆောင် ဖြစ်သည့်အပြင် လူပျိုခေါင်းလည်း ဖြစ်သည်။
စကားပြောတည်သလိုလို ရှိသော်လည်း တင်မြတ်နှင့်တွေ့လျှင်တော့ ရွှတ်နောက်နောက်။
ဧည့်သည် အပေါ် ဧည့်ဝတ်ကျေတတ်သူ၊ ဒေသခံ ရှမ်းတိုင်းရင်းသူများ၏ ရိုးသားလေသော ပုံခိုင်းတစ်ခုရှိ၏။
“ခွေးမောင်းတဲ့တုတ်ပဲ ရှိသည်၊ လူမောင်းတဲ့တုတ် မရှိ” ဟု ဆိုကြဘိသကဲ့သို့ သဒ္ဓါတရားလည်းကောင်း၊ စိတ်ထားလည်း ဖြူစင်ကြသည်သာ။
ကျွန်တော်တို့ တောပစ်ထွက်တိုင်းလိုလို အစိုင်း၊ ကိုအောင်မင်းနှင့် ပြည်သူ့စစ်ခေါင်းဆောင် ကိုတင်ထွန်း တို့ လိုက်ပါစမြဲ။
ရွာသား လူငယ်လူလတ်တွေလည်း တောပစ်လိုက်ချင်ကြ၏။ အကြောင်းမှာ ကျွန်တော်တို့တွင် ပါလာသော အာမီရမ်၊ အမဲဘူး၊ ငါးသေတ္တာဘူးမှအစ အိတ်သွန်ဖာမှောက် အကုန်ကျွေး၏။ အကုန်တိုက်၏။
ရထားသော သားကောင်မှ အသားလည်း ဝေမျှခွဲဝေပေး၏။ မလောက်မင မဖြစ်စေရ။ သို့မဟုတ် ပေါင်တစ်ပေါင်လောက်သာ ကျွန်တော်တို့ချန်ပြီး သူကြီးအိမ်တွင် ဟင်းချက်ကာ ဝေငှပေးသည်လည်းရှိ၍ ယောက်ျားသားတွေသာမက အမျိုးသမီးတွေပါ ခင်မင်ကြ၏။
စိတ်ထားကောင်းသည့်အပြင် သူတို့အိမ်တွေမှ ဟင်းကောင်းချက်ပြီး ပို့ပေးကြသည့်အတွက် တင်မြတ်က ပြောဖူး၏။
“မိုးကျော်ရေ . . . တင်မြတ်တို့ ဘုန်းကြီးပုံကတော့ ဟင်းခွက်ပြည့်အောင် မနည်းမျိုချရတယ်ကွ။ ဟား … ဟား … ဟား … ဟား”
“ဟေ့ကောင် … ဇူဇကာပုဏ္ဏားအကြောင်း ကြားဖူးတယ်နော်”
“ကြားဖူးတာပေါ့၊ အဲဒီငနာကြီးက ငတ်ငတ်နဲ့ ဝါးတာဟ”
“နင်ကကော”
“အဟီး … ပြတ်ပြတ်နဲ့ မျိုတာဟ။ ဟား … ဟား … ဟား … ဟား”
“ရော် ဦးတင်မြတ်ဆိုး၊ ဘောင်းဘီမှာ ဘာတွေယိုတာပ”
“ဟဲ့ ညီမလေး၊ ခေါပုတ်ရဲ့အဆီတွေ ယိုတာဟ။ ဟား … ဟား … ဟား … ဟား”
(၃)
ကျွန်တော်တို့သုံးယောက်နှင့် အတူ လူပျိုခေါင်းလည်းဖြစ်သူ ကိုတင်ထွန်း ခေါင်းဆောင်သည့် ရွာသားလေးယောက်တို့ စုပေါင်းကာ ဆတ်နှင့် တောဝက်ပေါသည့် ကန့်ကူချောင်းဘက် ထွက်ခဲ့၏။
ကန့်ကူချောင်းအား တစ်မိုင်ခန့် ဆန်တက်ခဲ့သော် သ ပိတ်ချောင်းဆိုသည့် ချောင်းလက်တက်တွင် တောဝက်တွေ ရေလူးသလို ဆတ်တွေလည်း ရေစိမ်ကြ၏။
ချေနှင့် ဒရယ်လည်း ထွက်သည်။
အကြောင်းမှာ ကန့်ကူချောင်းဝဲယာတွင် အခင်းတွေရှိ၏။ သားကောင်တွေအတွက် ရိက္ခာတွေပေါများသဖြင့် လှည့်ပတ်စားသောက်ကြသလို သပိတ်ချောင်းအဆုံတွင်လည်း မြက်နုများ၊ ကင်ပလင်းပင်နှင့် ကနစိုးပင်၊ ရေသဖန်းပင်ကြီးတွေအပြင် အလွန်နှစ်ချို့သော သစ်ဆိမ့်ပင်ကြီးလည်း ရှိလေသည်။ တောင်ခွေးသီးပင်တွေလည်း ပေါမှပေါ။
အခင်းတွေထဲမှာရှိသော ကန်စွန်းဥ၊ ကန်စွန်းညွန့်၊ ပဲ၊ ပြောင်း အပြင် မုန်ညင်းမှအစ ရှိသမျှ စည်းရိုးထိုးဖောက် ဝင်ရောက်စားတတ်ကြ၏။
ကျွန်တော်တို့အားလုံး ကန့်ကူချောင်းဘေးအတိုင်း ဆန်တက်ရင်း သပိတ်ချောင်းလက်တက်ဖြစ်ပေါ်ရာသို့ ရောက်သွားပါပြီ။
ထိုနေရာအား ယခင် နှစ်ခေါက်ရောက်ခဲ့ဖူးသည့်အတွက် ကျွန်တော်တို့ မစိမ်းပါ။ တောပစ်မုဆိုးအပြင် စစ်ကြောင်းဖြင့်လည်း ဝင်ရောက်ခဲ့ဖူးသောကြောင့် တော်တော်လေး နယ်မြေကျွမ်းပြီးပြီဟု ဆိုပါက လည်း ရပါသည်။
သို့အတွက် ရောက်သည်နှင့် သပိတ်ချောင်းလက်တက်အား တွေ့ရ၍ ချောင်းအခြေအနေ ကြည့်လိုက်၏။
“မိုးကျော် ခြေရာစုံပဲကွ”
“ဟုတ်ပ”
“ဆရာကျော် … တောမုဆိုးခြေရာတွေလည်း ထပ်နေပါလား”
“သားကောင်ပေါမှတော့ တင်မြတ်ရာ … သားရဲလည်း ပေါမှာပေါ့”
“ရော် သားရဲဆိုလို့ ပြောရတာပ ဆရာကြီးဆိုး”
“ဘာလဲ ကိုအေးသန်း”
ကိုအေးသန်းမှာ စိုင်းမောင်မောင်နှင့် သက်တူရွယ်တူ။ ကျွန်တော်တို့နှင့်လည်း ရွယ်တူတွေဖြစ်ပါ၏။ အသက်အားဖြင့် နှစ်ဆယ့်ခြောက်၊ နှစ်ဆယ့်ခုနစ်ခန့်။ ကိုအေးသန်းမှာ စကားအလွန်နည်းသူ။ ယခု သူဘာပြောမည် ဆိုသည်ကို အားလုံး နားထောင်နေကြ၏။
“ရော် တခြားမဟုတ်ပ၊ ဆရာကြီးတို့ပြောတဲ့ တောမုဆိုးပနော့၊ ရော် ကျားကြီးတစ်ကောင် မနေ့က ကျွန်တော့်အခင်းဘေး ရောက်လာတာပ”
“အဲဒီတော့”
“ရော် ကြောက်တာပ၊ ခြောက်လွှတ်တာမရ။ နောက်ဆုံး ရွှေသမင်တောင်ကြီးဘက်လှည့်ပြီး တိုင်တယ် တာပအေး”
“ဒီတော့”
“ဝေါင်းလို့ဟိန်းပြီး တောင်ပေါ် ပြန်တက်သွားတာပ”
“နောက်ကော”
“ရော် နောက်နာရီဝက်လောက်ကြာတော့ အံ့တာပအေး။ ကျွန်တော့် အခင်းအစပ်က ကန်စွန်းဥတွေ ဝင်စားနေတဲ့ တောဝက်အုပ်ပ။ ကျွန်တော်တို့သုံးယောက် ခဲနဲ့ထု၊ လောက်လေးနဲ့ပစ် မောင်းထုတ်ရတာပ”
“ကိုအေးသန်း ရွှေသမင်တောင်ဘက် လှည့်ပြီး မတောင်းပန်ဘူးလား”
“ရော် တောဝက်က ကျားမှ မဟုတ်တာပအေး”
“ကျားသားက စားမရဘူးလေ။ တောဝက်သားက စားလို့ကောင်းတာ မဟုတ်လား။ ဟဲ … ဟဲ … ဟဲ … ဟဲ”
“ရော် ကိုတင်မြတ်ကြီး နောက်တာပ။ တောဝက်က သိပ်ကြောက်ဖို့ မကောင်းပအေး။ ကျားက ပြောတာနဲ့တောင် ကြက်သီးထမိတာပဆိုး”
“ခင်ဗျား အခင်းက”
“ရော် ကျွန်တော့်အခင်းက ဒီဘက်အစွန်ဆုံးပအေး”
“ရော် ဒါကြောင့် တောဝက်နဲ့ ချေတို့၊ ဒရယ်တို့ဒဏ် ပိုခံရတာပေါ့နော်”
“ဟုတ်ပ … ကျား တစ်ခါမှ မလာပ။ ဟိန်းသံ ဟောက်သံတော့ မကြာမကြာ ကြားတာပ။ ခုတော့ ကျားကြီးနဲ့ ဘီလူးတွေ့ သရဲတွေ့ ကြုံတာပ”
“ရော် အေးသန်းဆိုး၊ နဖူးတွေ့ ဒူးတွေ့လို့ ဆိုတာပ။ နင့်ဟာက ဘီလူးတွေ့ သရဲတွေ့ … အံ့တာပ”
“ရော် အစိုင်း … နင်မသိ၊ ကျားကြီးမြင်တော့ သေးပါချင် အီးပါချင်ပနော့။ ကြောက်တာမှ ကြက်သေမသေ၊ ကြွက်သေသေပ”
“ရော်ဝလုပ်ပြန်ပြီ … ကြွက်သေ မကြားဖူးပ”
“အေး ကြက်သေဆိုတာ မသိ၊ ကြွက်သေဆိုတာ မျက်လုံးပြူးပြီး ပုနေတာပနော့၊ အကြောက်ကြီးတာပဆိုး”
သူတို့စကား ဆက်နားမထောင်တော့။ ကျွန်တော်တို့သုံးယောက်သည် မုဆိုးပီပီ သားကောင်တွေ ဆင်းလမ်း တက်လမ်း၊ သူတို့အတွက် အစာရေစာနှင့် ရေအိုင်များလေ့လာရင်း ခြေရာခံရပါ၏။
ခြေရာတွေထဲတွင် ဆတ်ခြေရာ အဓိကထားကြည့်တော့ ဆတ်ခြေရာ တွေ့ရ၏။
“ဆရာကျော် … ဒါ ဆတ်ခြေရာတွေပဲ”
“ဟုတ်တယ်၊ အထီးခြေရာက ဒါပဲ”
“ဟုတ်တယ် … နှစ်ကောင် သုံးကောင်ပဲ။ ဒါကတော့ ဆတ်မနဲ့ ကလေးခြေရာ ထင်တယ်”
“ဟုတ်တယ် မိုးကျော်။ ဒါက ဒရယ်ခြေရာတွေ၊ ဒရယ်က ပိုများတယ်ကွ”
“မင်းကလည်း ဒရယ်ဆိုတာ အုပ်ဖွဲ့နေတတ်တဲ့ သတ္တဝါတွေပဲ။ တစ်ကောင်တည်း ဘယ်တော့မှ ခွဲမနေတာ နင်အသိပါ”
“ကဲ … မိုးကျော်ရေ၊ တို့ ပစ်ကွင်း ရွေးကြရအောင်လား”
“ဟုတ်ကဲ့”
မိုးကျော်အောင်သည် သစ်ဆိမ့်ပင်ကြီးနှင့် ရေအိုင်တို့အား နေရာသတ်မှတ်၏။
တစ်ဖန် တောင်စောင်းအထက်ဘက်မှ ဆင်းတတ်သော ခြေရာများကိုလည်း သတိထားနေခိုက် . . .
“မိုးကျော်”
“ဟုတ်ကဲ့”
“ဟောဟို ဝါးရုံကြီးအောက်မှာဆိုရင် ပိုကောင်းမယ်။ ဝါးရုံကြီးက ကုန်းမြင့်မြင့်ကွ။ အထက်စီးသဘောလည်း ရတယ်”
“ဟုတ်တယ်နော် …. ကောင်းတယ် ဆရာကျော်။ ဝါးရုံအောက် နည်းနည်းရှင်းပြီး ရွာသားတွေပါ အတူနေကြတာပေါ့”
“အေး … ရှင်းကွာ”
မိုးကျော်အောင်သည် ကိုတင်ထွန်း၊ ကိုအောင်မင်းတို့နှင့် တိုင်ပင်ကာ ဝါးရုံကြီးအောက်ခြေအား ရှင်းကြ၏။ ရှင်းသည်ဆိုရာဝယ် ပြောင်အောင်ရှင်း၍ မရ။ မသိမသာနှင့် လူနေမည့် ဝါးရုံအရင်းအောက်ခြေလောက်သာ ရှင်းပြီးသည်နှင့် အားလုံး ခြေလုံ လက်လုံအပြင် သားကောင်တွေ မမြင်အောင်လည်း အကာအကွယ်တွေယူကာ အသံမထွက် တိတ်တိတ် ဆိတ်ဆိတ်နေကြရန်လည်း သတိပေးထားရလေသည်။
သူတို့တစ်တွေမှာလည်း အတွေ့အကြုံရှိပြီးသားတွေမို့ ထွေထွေထူးထူး မပြောရတော့ပါ။
(၅)
“ဆရာကြီးဆိုး”
“ပြောလေ ကိုတင်ထွန်း’”
“ကျွန်တော် လုပ်ချင်တာတစ်ခု ရှိပါတယ်။ ခွင့်ပြုပေးတာပ”
“ဗျာ … ဘာများလဲ”
“ရော် တခြားမဟုတ်ပ၊ တောပိုင်တောင်ပိုင် တင်ချင်တာပဆိုး”
“ဟာ … ခင်ဗျားကလည်း၊ အရင်တစ်ခါကတည်းက ပြောပြီးသားပဲဗျာ။ ခင်ဗျားတို့ သဘောပါဗျ။ လုပ်ပါ … ကျွန်တော်တို့ မကန့်ကွက်ပါဘူး”
“ဟုတ်တာပ၊ အင်း … ဒီတောက ဟောဟို ရွှေသမင်တောင်မကြီးအောက်ခြေမှာ ရှိတာပ။ တောင်စောင့် တောစောင့်တွေက တောင်ခြေမှာပစ်တာ မကြိုက်ပနော့။ ဆရာကြီး အသိပအေး”
“ဒါကြောင့် ကျွန်တော် ဒီ သပိတ်ချောင်းလက်တက်လောက်ပဲ ရွေးတာလေ။ ဒါတောင် သူကြီးနဲ့ အဘထွန်းပြောတာ မှတ်မိနေသေးတယ်ဗျ”
“ရော် . . . ဘာများ ပအေး”
“ဪ တခြားမဟုတ်ပါဘူး၊ ဒီမှာရှိတဲ့ လင်းပိုင်ကြီးလေ”
“ရော် ကျောက်လင်းပိုင်ကြီး ပြောတာလား”
“ဟုတ်တယ်ဗျ”
ကျွန်တော် ပြန်စဉ်းစားမိ၏။
ထို သပိတ်ချောင်းလက်တက်တွင်ရှိသော (ယနေ့တိုင်ရှိနေဆဲ) ကျောက်လင်းပိုင်ကြီးကား သဘာဝကျောက်သားကြီး ဖြစ်၏။
သို့သော် အဘထွန်းဆိုသည့် ဘိုးတော်ကြီး ပြောဖူး၏။ ထိုကျောက် လင်းပိုင်ကြီးကား ရှေးယခင်က အစောင့်ကြီးတွေ ဖြစ်ကြောင်း၊ သူတော်ကောင်းနယ်မြေဟု သတ်မှတ်ထားကြောင်း၊ ထိုကျောက်လင်းပိုင်ကြီး၏ အထက်သို့ တက်သွားခဲ့သော် ပို၍ ခက်ခဲ၏။ လူတိုင်းသွားလို့ရ၏။ သို့သော် သားကောင်များ မသတ်ဖြတ်ရဟု အဆိုရှိကြောင်း၊ သားရဲ ကျား၊ ကျားသစ်၊ တောကြီးငန်းမြွေတွေ ရှိသော်လည်း သားကောင်ရှာစားပါက သပိတ်ချောင်းလက်တက်အောက်တွင်သာ ရှာဖွေစားသောက်ရကြောင်း၊ တောင်ပေါ်တွင် သွေးစွန်းသည်ကို လက်မခံကြောင်း၊ နောက်ဆုံးအဆင့် ချေ၊ ဒရယ်၊ တောဝက်၊ ဆတ်မှအစ သားကောင်တွေအားလုံး တောင်ပေါ်တွင် သဘာဝအတိုင်း အထီးအမ မိတ်မလိုက်ကြဟု ကြားဖူးကြောင်းအထိပင် ပြောပြထားသည်ကို ကျွန်တော် သတိရမိသည်။
“ဒါဆို ကျွန်တော် တင်မှာပနော့’”
“ကိုတင်ထွန်း သဘောပါ။ ကျွန်တော် မကန့်ကွက်ပါဘူး”
“ဟုတ် … ဟုတ်”
ပြောပြောဆိုဆို ကိုတင်ထွန်းသည် သူအသင့်ယူလာသော ကွမ်းယာ သုံးယာ၊ ဆေးပေါ့လိပ် သုံးလိပ်၊ သစ်သားမီးခြစ်ဘူး သုံးဘူးတို့အား ကျွန်းရွက်ကြီးခူးကာ တောင်မကြီးဘက် လှည့်၍ တင်မြှောက်ရင်း တောင်းဆိုနေပါ၏။
“တောပိုင် တောင်ပိုင် အပိုင်စားရပါသော ဘိုးတော်တို့၊ ကျွန်တော်တို့ အောက်ဘက်လှည့်ပြီး သားကောင် ပစ်လိုတာပအေး။ တောင်ပေါ်ဘက် မလှည့်ပါ။ သွေးမစွန်းစေရပါ။ တောကောင် ပစ်ခွင့်ပြုပေးတာ ပနော့။ ကျွန်တော် တောင်းခံတာပ။ တောတောင်အချုပ်နှင့် တောပိုင် တောင်ပိုင် ညီနောင်သုံးပါးအတွက် ကွမ်းသုံးရာ၊ ဆေးလိပ်သုံးလိပ်နှင့် တင်ပါတယ် မြှောက်ပါတယ် ဘိုးတော်တို့”
ကိုတင်ထွန်း တင်မြှောက်နေစဉ် မိုးကျော်အောင်နှင့် တင်မြတ်သည် စောစောကတွေ့ထားသော သစ်တုံး အပိုင်းကြီးအား ရွှေ့ကာ သားကောင်ပစ်မည့် အောက်ဘက်သို့ ကန့်လန့် ဖြတ် ချထားရင်းမှ …
“ဆရာကျော်”
“ဟင်
“
“မီးထိုးမယ့်သူ မရှိဘူး”
“တို့သေနတ်တွေမှာ မီးတွေတပ်ပြီး ပစ်ကြတာပေါ့”
“ဆရာကျော်ပါ ပစ်မှာလား”
“အေး … သားကောင်အနေအထားတော့ ကြည့်မယ်လေ။ သားကောင်ပေါရင် သုံးယောက်စလုံး တိုင်ပင်နဲ့ ပစ်ကြမယ်လေ”
“ကောင်းတယ် ဆရာကျော်၊ ကျွန်တော်တို့သုံးယောက် တစ်ပြိုင်တည်း မပစ်ရတာကြာပြီ”
“အေးလေ … ပုံသေတော့ မတွက်နဲ့။ ငါ မီးထိုးသင့်ရင်လည်း မီးထိုးပေးမှာပေါ့”
“ဟုတ်ကဲ့ပါ”
“တစ်ပြိုင်တည်းဆို ပိုကောင်းတာပေါ့”
ကိုတင်ထွန်း တစ်ယောက် ဆေးလိပ်တစ်လိပ်ကို သူချထားသော မီးခြစ်နှင့်ခြစ်ကာ ညှိ၏။ ဆေးလိပ် သုံးလိပ်၊ မီးခြစ်သုံးလုံးဖြင့် ညှိပြီးနောက် အဝေးက မမြင်သာအောင် ကျွန်းရွက်ကတော့ထိုးကာ ကာထား ၏။
“ဆရာကြီးဆိုး”
“ပြောလေ”
“အောင်မြင်မယ်ဗျ”
“ဟုတ်လား”
“ရော် သေချာတာပဆိုး”
“ဘာကြောင့်လဲ ကိုတင်ထွန်းကြီး”
“ရော် ဒီမှာကြည့်တာပ ကိုမိုးကျော်ဆိုး။ ဆေးလိပ်သုံးလိပ်စလုံး ဘိုးတော်ညီနောင် ဖွာနေကြတာပအေး”
“ဟုတ်လား … ကောင်းတယ်ဗျာ”
မိုးကျော်အောင် အလိုက်သင့် ပြောလိုက်၏။
ဆေးလိပ်သုံးလိပ်စလုံးမှာတော့ လူဖွာသောက်နေသကဲ့သို့ ရဲခနဲ ရဲခနဲ မြင်ရသည်ကတော့ အမှန်ပင်။ လေတိုက်သည်ဟု ဆိုရပါမူ လေကာသည့်အပြင် မီးရောင်ကို အဝေးက မမြင်ရအောင် ကျွန်းရွက်ကားကားကြီးများအား ကတော့ထိုးကာ ပတ်ပတ်လည် ကာထားသည်ကို တွေ့ရ၍ အံ့ဩစရာလားတော့ မသိ။ သို့သော် ကျွန်တော်တို့ သုံးယောက်စလုံး၏ အလုပ်က သားကောင်ပစ်ရန်ပင် ဖြစ်ပါ၏။
(၅)
မိုးချုပ်စဖြစ်၍ အမှောင်ထုက အတင်းလု၍ တောထဲတောင်ထဲသို့ မည်းမည်းမှောင်အောင် ဖန်တီးလိုက်ပြီ လား မသိတော့။
“ကျီ ကျီ ကျီ ကျီ”
“ကျီ ကျီ ကျီ ကျီ’
“ဂျစ် ဂျစ် ဂျစ် ဂျစ်”
“ဂျစ် ဂျစ် ဂျစ် ဂျစ် ဂျစ်”
“အင်း … တောကတော့ ပုံမှန်ပါပဲ ဆရာကျော်”
“ဟုတ်တယ်နော်၊ ပုစဉ်းရင်ကွဲနဲ့ ပုရစ်ကောင်တွေ တိုက်ပွဲစပြီ ဆရာကျော်ရေ”
“အေး … ဒါဟာ တို့အတွက် မုဆိုးအကြိုက်ပဲကွ။ ဒါမှလည်း သားကောင်ထွက်မှာလေ”
မုဆိုးတို့သည် ပတ်ဝန်းကျင်အား မျက်ခြည်မပြတ် သတိချပ်နေရသည့်အပြင် တောတောင်တို့၏ သဘာဝအတိုင်း ပုံမှန် ဟုတ် မဟုတ်ကိုလည်း သတိပြုရ၏။
မိုးချုပ်စ၊ အမှောင်လွှမ်းစတွင် လျှို၊ မြောင်၊ တောင်ကြားတို့တွင် ပုစဉ်းရင်ကွဲနှင့် ပုရစ်ကောင်တွေ၏ အသံကြားရပါမူ အများအားဖြင့် တောခြောက်ခြင်း၊ တောမှောက်ခြင်း ကင်းတတ်၏။
သို့သော် ထိုအမှောင်နှင့် ထပ်တူထပ်မျှ လေ၏ တိုက်ခတ်မှုကို သတိထားနေရာယူမှသာလျှင် မိမိ၏ အနံ့အသက်အား သားရဲ ကျား၊ ကျားသစ်၊ ဝံနှင့်အတူ သားကောင်က မရဘဲ အန္တရာယ်တစ်ဝက် ကင်းမည်ဖြစ်သည်။
“ဝေါက်”
“ဖြောက် ဖြောက် ဖြောက် ဖြောက်’”
“ဝေါက် ဝေါက် … ဖြောက် ဖြောက်’”
ချေပေါက်တစ်ကောင်၏ ဟောက်သံနှင့်အတူ တောင်စောင်းပေါ်မှ ပြေးဆင်းလာသည့် သူ၏ခြေသံကား တဖြောက်ဖြောက်။ တစ်ခါတစ်ရံ သစ်ရွက်ခြောက်နင်းမိပါက ပို၍ ကျယ်လောင်ပါ၏။
ထိုချေသည် အစာစားရန်ထက် ပထမဆုံး ရေ သောက်ရန် ဦးစွာ ဆင်းခဲ့ခြင်းလည်း ဖြစ်နိုင်၏။
“ရှေ့ပြေးဆင်းပြီ ဆရာကျော်”
“သူအရင်ဆင်းလေ ကောင်းလေပဲ။ သူက ငါးစာပေါ့ မိုးကျော်”
“ဟုတ်တယ်၊ နောက်က ဆက်ဆင်းလာမှာ သေချာပြီ”
သားကောင်များသည် နံနက်စောစောနှင့် ညအခါများတွင် အစာရှာ စားသောက်ပြီးနောက် တစ်နေကုန် ချုံကောင်းကောင်းတို့တွင် ခိုအောင်း အိပ်စက်ကြ၏။ တချို့လည်း စားမြုံ့ပြန်နေကြရင်း အိပ်လိုက် နိုးလိုက်ဖြင့် နေရာသိပ်မရွှေ့ကြ။
ညအမှောင်လွှမ်းသည်နှင့် ရေရှိသောအရပ်သို့ ဦးစွာ ဆင်းပြီး ရေသောက်ကြ၊ ရေစိမ်ကြပြီးမှ အစာရှာကြသည်က ပိုများလေသည်။
“ဖောက် … ဖောက်”
“ဖောက် ဖောက် ဖောက် ဖောက်”
“ဖြောက် ဖြောက် ဖြောက် ဖြောက်”
“ရှူး”
“အင်း တောဝက်ကြီး တစ်ကောင်”
“နေပါစေ၊ ဆက်ဆင်းကြမှာပဲ”
“ဟုတ်တယ် … နောက်မှာ တောဝက်အုပ် ပါလာပြီ။ ခြေသံတွေရော၊ အသံတွေရော”
“အီ အီ အီ အီ”
“ဝု ဝု … ဖောက် ဖောက် … ဝု ဝု”
“အီ … အိ အိ … အီ အီ”
“ဖြောက် ဖြောက် ဖြောက် ဖြောက်”
တောဝက်ငယ်ကလေးတွေကား မိခင်ဝက်မကြီးထံမှ နို့တောင်းရင်း လိုက်လာကြ၏။ မိခင်ဝက်မကြီးက နို့မတိုက်။ ရေဆိပ်သို့ ဆင်းလာရင်း ကလေးတွေအား တဝုဝု ခေါ်ကာ တစ်ခါတစ်ခါ ဒေါသသံပါပါ အောက် မေးရိုက်သံဖြစ်သော တဖောက်ဖောက်အသံကိုပါ ကြားနေရသည်။
“ဖြောက် ဖြောက် ဖြောက် ဖြောက်”
“ဝေါက် ဝေါက် ဝေါက် ဝေါက်”
ချေပေါက်တစ်ကောင်သည် ပျော်မြူးရွှင်ပျစွာ ပြေးဆင်းလာသည်။ ရေငတ်၍ ရေသောက်ရန် ခုန်ပေါက် ပြေးလာနေပုံ ရလေသည်။
“ကျီ ရွှီ … ကျီ ရွှီ ရွှီ”
“ဖြောက် ဖြောက် ဖြောက် ဖြောက်”
“ဟာ ဆရာကျော် … ဒရယ်အုပ်ပဲဗျ။ ကြည့်စမ်း … တော်တော်များတယ်”
“အေး … အရိပ်တွေအရ တော်တော့ကို များပါကလား”
သဲသဲကွဲကွဲ မမြင်ရသော်လည်း အုပ်လိုက်ဆင်းလာလေသော ဒရယ်အုပ်သည် အနည်းဆုံး အကောင် နှစ်ဆယ်လောက် ရှိပေမည်ဟု သုံးသပ်ရ၏။ ဒရယ်နှင့် တောဝက်အပြင် ချေလည်း ပစ်ရတော့မည်ကား မလွဲပါ။
ကျွန်တော်တို့အား မှာလိုက်သည်မှာ ချေသားနှင့် ဆတ်သား အဓိကမှာ၏။ သို့သော် ဆတ်ဆို၍ အရိပ်အယောင်ပင် မမြင်ရ၍ ခက်ချေပြီ။
“တင်မြတ်နဲ့ မိုးကျော်”
“ဟုတ်ကဲ့”
“ပြော … ဆရာကျော်”
“တို့ စောင့်ကြမယ်နော်၊ မလောနဲ့”
“စိတ်ချပါ ဆရာကျော်”
“ဆတ်တွေကို စောင့်မယ်မဟုတ်လား”
“ဟုတ်တယ် မိုးကျော်၊ ဆတ်လည်း ဆင်းမှာပါ။ မင်းတွေ့တဲ့ ခြေရာတွေက သက်သေပဲလေ”
ကျွန်တော်တို့သုံးယောက်သား ဆင်းလာကြသည့် သားကောင်တွေ၏ အခြေအနေကို လေ့လာရင်း ပတ်ဝန်းကျင်ကိုလည်း မျက်ခြည်မဖြတ်ရဲ။
သတိလက်လွတ်၍ မဖြစ်ပါ။ တောက ရိုးရိုးသာမန်တောမဟုတ်။ အမှားအယွင်းမခံသည်ကိုလည်း သိထားရသဖြင့် ပိုမိုအာရုံစိုက်နေခိုက် …
“ရော် ဆရာကြီးပအေး”
“ပြော … ကိုတင်ထွန်း”
“တောင်ပေါ်ဘက်က မီးနှစ်ခါ တွေ့ ရတယ်”
“တစ်ခါတော့ ကျွန်တော် မြင်လိုက်တယ်။ တောင်ပေါ်ကဆိုတော့ အရေးမကြီးဘူး”
“ဟုတ်တာပ၊ ကျွန်တော်တို့ တောင်မကြီးဘက် မတက်ပနော့၊ သတိပေးတာပဲ ဖြစ်မှာပအေး”
“ဟုတ်မှာပေါ့”
ယခင်တစ်ခါတုန်းက အထက်တောင်မကြီးခြေရင်းရောက်၍ တောပစ်ရန် သားကောင်းရှာစဉ်က မီး တလက်လက် တွေ့ရပြီးနောက် အလွန်ကျယ်လောင်သော ကျားဟိန်းသံကြီးကို ကြားရ၏။ ကျွန်တော်တို့ သတိထားနေခိုက် တောင်ပေါ်မှဆင်းလာသော ဧရာမကျားကြီးတစ်ကောင်သည် ကျွန်တော်တို့နှင့် မလှမ်းမကမ်း မြင်သာထင်သာအထိ ဆင်းလာသည်။ ပြီးလျှင် ကျွန်တော်တို့အား အလေးမထားဘဲ အောက်ဘက်သို့ ကြည့်နေသဖြင့် ကျွန်တော်တို့ တောင်အောက်သို့ ပြန်ဆင်းပြီး ဆတ်တစ်ကောင် ပစ်ခဲ့ဖူးပါသည်။
ရွာသားတွေ ပြောပြချက်အရ တောစောင့်တောင်စောင့်တွေက သတိပေးတာ၊ သူတို့နယ်မြေမှာ သွေးစွန်းတာမကြိုက်ဆိုသည့်သဘောဟု ဆိုကြသည်။
ယခုလည်း မီးရောင်မြင်ရလေပြီ။ သို့သော် ကျားဟိန်းသံ မကြားပါ။ အကောင်အထည်လည်း မမြင်ရသည့်အတွက် ကိုတင်ထွန်းတို့ ရွာသားတွေ ဝမ်းသာနေပုံရ၏။ စကားတော့ မပြောကြ။ အများအားဖြင့် သူတို့တစ်တွေ တောင်မကြီးဘက်ကိုသာ ဂရုစိုက်
ကြည့်ရှုနေသည်ကို ကျွန်တော် ကောင်းစွာ သိနေ၏။ သူတို့က တောင်ပေါ်ကို ကြည့်နေမှတော့ ကျွန်တော် တို့ ကြည့်စရာမလိုတော့။ သားကောင်ပစ်ရန်သာ အဓိကတာဝန် ထားလိုက်ကြ၏။
(၆)
“ဆရာကျော်”
“ဘာလဲ မိုးကျော်”
“ကျွန်တော်တို့တော့ သားကောင်တွေ အလှည့်ခံလိုက်ရပြီဗျ”
“ဟာ … ဘာလဲ မိုးကျော်”
“တင်မြတ် အသံနားစွင့်စမ်း”
“မိုးကျော် … မင်း ဘာကိုပြောတာလဲ”
“ရေဆိပ်မှာ ဆတ်တွေပါ ရောက်နေပြီဗျ”
“သေချာလား”
“သေချာတာပေါ့၊ နားထောင်ကြည့်”
မိုးကျော်အောင်သည် အလွန်မျက်စိလည်း လျင်၏။ မြေကြီးသို့ ကပ်နားထောင်ရင်း နားပါးပြီး သားကောင် လာ မလာ၊ အနီးအဝေး ခန့်မှန်းတတ်သော အလေ့အကျင့်က ကျွန်တော်တို့နှစ်ယောက်ထက်သာသော လေ့လာထားမှုနှင့် အကြားအာရုံ ကောင်းလေသူ။
ကျွန်တော်နှင့် တင်မြတ် နှစ် ယောက်သား နားစွင့်လိုက်တော့မှ မိုးကျော်၏စကားသည် သွေးထွက်အောင် မှန်နေလေပြီ ဆိုသည်က သိလိုက်ရလေပြီ။
“ဖူး ဖူး”
“ဖူး … ဖတ် ဖတ်”
“ဖူး”
ဆတ်ကြီးတွေ နှာမှုတ်သံနှင့်အတူ တစ်ချက် တစ်ချက် သူတို့၏ ဦးခေါင်းခါလိုက်သဖြင့် နားရွက်နှင့် လည်ပင်းထိခတ်သံက တဖတ်ဖတ် မြည်နေ၏။
“မိုးကျော်”
“အေး”
“ဆတ်တွေက သပိတ်ချောင်းလက်တက်အပေါ်က ဆင်းတာ မဟုတ်ဘူးထင်တယ်ကွ။ ကန့်ကူချောင်းအထက်က ဆင်းလာတာပဲ ဖြစ်မယ်”
“ဟုတ်တယ် မိုးကျော်၊ အပေါ် ကဆင်းရင် တို့ သိရမှာပဲ။ ကန့်ကူချောင်းဖျားကဆင်းပြီး ဒီမှာ ရေစိမ် တာပဲလား။ ဒါမှမဟုတ် အစာစားနေကြပြီလား မသိဘူး”
“ဟုတ်တယ်၊ အစာမဝရင် အောက်အခင်းတွေဆီ အုပ်လိုက် ဆက်ဆင်းကြမယ် ထင်တယ်ဟ”
တင်မြတ်နှင့် ကျွန်တော်တို့စကားကို မိုးကျော်အောင် လက်ခံ၏။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ပစ်ခတ်မှုအစီအစဉ် စရန် ကျွန်တော် စဉ်းစားရပါပြီ။
စောစောက ပြောခဲ့သည့်အတိုင်း သုံးယောက်သား တစ်ပြိုင်တည်းပစ်ရန်ကို ဦးစားပေးရပေတော့မည်။
“ကဲ … မိုးကျော်နဲ့ တင်မြတ်၊ တို့သုံးယောက် တစ်ပြိုင်တည်း ပစ်မယ်။ ဒီတော့ ကိုယ့်တူရူ ကိုယ်ပစ်မယ်။ မီးတွေ အသင့်နော်’”
“အသင့်ပဲ ဆရာကျော်”
“အေး … ချေပစ်တဲ့သူက နှစ်ကောင်လောက်ရအောင် ပစ်မယ်။ ကျန်တဲ့ အကောင်ကြီးတွေအတွက်တော့ တစ်ကောင်စီရအောင် ကြိုးစားကြတာပေါ့”
“စိတ်ချ ဆရာကျော်၊ လိုအပ်ရင် နှစ်တောင့် သုံးတောင့်တော့ သုံးမယ်နော်”
“အေးလေ … တစ်ပြိုင်တည်းဆိုတော့ တစ်ချိန်တည်း တစ်သံတည်းဖြစ်အောင်တော့ ကြိုးစားကြရအောင်။ တောင်မကြီးနဲ့ နီးတော့ သတိလည်း ထားရမယ်လေ”
‘“ဟုတ်ပါတယ်”
“ကဲ … အသင့်ပြင်ကြတော့။ ဩော် ကိုတင်ထွန်းတို့အဖွဲ့လည်း မစိုးရိမ်နဲ့။ စောစောကအတိုင်း တောင်ပေါ်ဘက်တော့ သတိထားကြည့်ပေးဗျာ”
“ရော် စိတ်ချပြီး ပစ်တာပ။ နောက်ထပ် မီးရောင်မတွေ့၊ ကျားဟိန်းသံလည်းမကြား၊ ကောင်းတာပဆိုး”
“ဟုတ်ပြီ၊ ကဲ … အသင့်ပြင်”
ကျွန်တော်လည်း စောစောက မိုးကျော်အောင်နှင့် တင်မြတ်တို့ စီစဉ်ထားသည့် သစ်တုံးပေါ် သေနတ် ပြောင်းတင်ကာ အသင့်အနေအထားဖြစ်အောင် ဂရုစိုက် ပြင်ဆင်နေရာယူပြီးနောက် သားကောင်တွေရှိရာ ကန့်ကူချောင်းနှင့် သပိတ်ချောင်းလက်တက်ဆုံရာသို့ ချိန်သားမှန်စွာ စီစဉ်ပြီးသည်နှင့် …
“မိုးကျော်နဲ့ တင်မြတ်၊ မီး တစ်ပြိုင်တည်းထိုးမယ်၊ တစ်ဆိုတဲ့ တိုင်ပင်က မီးထိုးတာ၊ နှစ်က စိတ်ကြိုက်ချိန်၊ သုံးဆိုတာနဲ့ ပစ်။ ပစ်လို့ ထပ်မပြောတော့ဘူးနော်။ မှတ်မိတယ်နော်”
“ဟုတ်ကဲ့ … မှတ်မိပါတယ်”
“တစ်က မီး၊ နှစ်က စိတ်ကြိုက်ချိန်၊ သုံးဆို ပစ်”
“အေး … ကဲ အသင့်”
“တစ်”
သုံးယောက်သား ငါးတောင့်ထိုး လက်နှိပ်ဓာတ်မီးခလုတ် နှိပ်လိုက်၏။ မီးရောင်ကား ထိန်၍ စူးစူးစိုက်စိုက်ဖြစ်သည့်အခိုက်မှာပင် …
“နှစ်”
စိတ်ကြိုက်ချိန်လိုက်ပါပြီ။ မိမိ ရှေ့တည့်တည့်ရှိ စူးစိုက်နေလေသော မီးရောင်အောက်မှာ တွေ့ရသော သားကောင်ကို သေသေချာချာ ပစ်မှတ်အဖြစ် ချိန်ရွယ်နေသည့်အခိုက် သားကောင်တွေအားလုံး မှင်တက်မိကာ ကြောင်တောင်တောင်ဖြစ်နေကြပြီး မလှုပ်မယှက် ဖြစ်နေစဉ် …
“သုံး”
“ဒိုင်း … ဒိုင်း … ဒိုင်း”
“ဒိုင်း … ဒိုင်း”
“ဒိုင်း … ဒိုင်း”
“ဝူး … ဝေါ ဝေါ ဝေါ ဝေါ”
“ဝုန်း … ဗုန်း”
“အီး … ဝေါက် ဝေါက်”
“ဝုန်း … ဝုန်း’”
“ဝီ ဝီ ဝီ”
“ဝေါ ဝေါ ဝေါ ဝေါ”
တောတစ်တောလုံး ဆူညံသွားလေပြီ။
ကျွန်တော်တို့သုံးယောက်၏ ကျည်ဆန်သံကား တစ်ပြိုင်တည်း ပေါက်ကွဲသလို စက္ကန့်ပိုင်းအတွင်း တိတ်ဆိတ်သွားပါသော်လည်း သားကောင်တွေ၏ အော်ဟစ်သံ၊ ပြေးလွှားသံ၊ ချုံတိုးသံ၊ ရေထဲကျသံမှအစ နောက်ဆုံး ခပ်လှမ်းလှမ်းတွင်ရှိနေသည့် အိပ်စက်နေကြလေသော တောကြက်အုပ်နှင့် ကြက်တူရွေးတွေပါ တဝုန်းဝုန်း တဝေါဝေါနှင့် ထပျံသွားကြ သည်။
“တစ် တီ တူး”
“တစ် တီ တူး”
“တစ် တီ တူး … တူးတူးတူး”
တောကောင်တွေ၏အသံကား ဆူညံနေရာမှ မကြာခင်မှာပင် တိတ်ဆိတ်သွားလေပြီ။ စိတ်အထင် ဆယ်မိနစ်လောက်တော့ တစ်တောလုံး ညံသွား၏။
တောကောင်ဆိုသည့် သားကောင်တွေက ကြက်ပျောက် ငှက်ပျောက် ဆိုသကဲ့သို့ တစ်ဟုန်ထိုး ပြေးလွှားပြီး ချုံကောင်းကောင်း နေရာကောင်းကောင်းတို့တွင် ပုန်းခိုနေကြသည်မှာ လုံးဝ မလှုပ်မယှက်ကြတော့ သည့် သဘာဝအတတ်ပညာတွေကြောင့် ပစ်ခတ်မှုကြီး ပြီးသွားပါပြီ။
(၇)
“ရော် … ရော် ဆရာကြီး … ဆရာကြီးဆိုး”
“ဗျာ … ကိုတင်ထွန်း”
“တောင်ပေါ်က မီးရောင်တန်းတွေပအေး”
“ဟုတ်တယ်နော်။ ကိစ္စမရှိပါဘူး၊ ကျွန်တော်တို့ပစ်တာက အောက်ဘက်ပါ။ နောက်ပြီး သားကောင်တွေ တောင်မကြီးဘက် မတက်ကြပါဘူး”
“ရော် မီးရောင်တွေ များတာပနော့”
“နေပါစေ”
ကျွန်တော် ပြောသာ ပြောရသည်။ စိတ်ထဲမှာတော့ ထင့်ခနဲ ဖြစ်သွား၏။
ကျွန်တော်ပြောသလို တောင်မကြီးဘက်အား မပစ်ပါ။ သို့အတွက် စိုးရိမ်စရာတော့ မရှိဟု ထင်ပါ၏။
နောက်တစ်ခုကား တောစောင့်တောင်စောင့်ကြီးတွေ၏ အစောင့်အရှောက်ဆိုသော ကျားဟိန်းသံလည်း မကြားရသည့်အတွက် စိတ်တော့ အေးရပါသည်။
“ကဲ … ဘာမှ မစိုးရိမ်ကြပါနဲ့။ သူတော်ကောင်း သူမြတ်လောင်းကြီးတို့ကို ကျွန်တော်တို့ မစော်ကား၊ မထိ ပါးပါဘူး။ ဒီအတွက် ကျွန်တော်တို့အားလုံး ဘေးမသီ ရန်မခပါဘူး။ ကျွန်တော် တာဝန်ယူပါတယ်။ ကဲ … တွေ့လား၊ မီးရောင်တွေ အများကြီးကနေ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားကြပါပြီ”
“ဆရာကျော် … ကျွန်တော် ကုသိုလ်မကောင်းဘူး”
“ဘာလဲ တင်မြတ်”
“ပစ်ချင်တာက ဆတ်၊ တွေ့ရ ပစ်ရတာက ချေလေ ဆရာကျော်ရဲ့။ နှစ်ကောင်တော့ ပစ်လိုက်တယ်”
“အေး … ငါကလည်း ပစ်ချင်တာ ဆတ်ပဲ။ တောဝက်နဲ့ တိုးနေတဲ့အထဲမှာ ငါပစ်တဲ့အကောင်က ဘေးတိုက်ကွ။ ဒါပေမဲ့ မီးခိုးလျှောက်လာမှာစိုးလို့ လက်ပတ်နဲ့ ခေါင်းကို နှစ်ချက်ပစ်ရင်း ဘေးက ဒရယ်တစ်ကောင်ပါ ပစ်လိုက်တယ်”
“မိုးကျော်တို့ကတော့ ရေကန်အသင့် ကြာအသင့်ပဲ။ ဆတ်နဲ့ တည့်တည့်တိုးလို့ လက်ပတ်ကို နှစ်ချက် ဆက် ပစ်လှဲလိုက်တယ် ဆရာကျော်”
“ရော် ဒါဆို ဆရာကြီးတို့ ပစ်လှဲတာ ဆတ်၊ တောဝက်၊ ဒရယ်နဲ့ ချေ ဆိုတော့ စုံနေတာပအေး”
“အေးဗျ၊ ကဲ မိုးကျော်ရေ တောဝက်က အရေးကြီးတယ်။ တော်တော်ကြာ ဝက်သိုးနံ့တွေ ပျံ့သွားမှဖြင့်”
“ဟုတ်ကဲ့ … ဆင်းကြတာပေါ့”
ကျွန်တော်တို့အားလုံး လက်နှိပ်မီးတွေထိုးကာ သတိကြီးစွာဖြင့် ချောင်းနှစ်ခုဆုံရာသို့ ဆင်းရင်း ပထမ ဆုံး ကျွန်တော်ပစ်လှဲထားသော တောဝက်သိုးကြီးကိုရှာရ၏။
တောဝက်ကြီးကိုတွေ့တော့ မိုးကျော်အောင်ပင် မလှုပ်ရှားလိုက်ရ။ ကိုတင်ထွန်းနှင့် ကိုအောင်မင်းတို့နှစ်ယောက်သား တောဝက်ကြီး၏သိုကို လှီးထုတ်ပြီး နောက် သားကောင်တွေ ဆက်ပြီး ရှာကြကာ ပါလာသော လိုင်းဘယ်ရီကြိုးတွေနှင့် ချည်နှောင်ရင်း နားခွဲ၊ ခွာခွဲ၊ တံကောက်ကျော ဖြတ်သည်။
အားလုံးပြီးသည်နှင့် စောစောက ဝါးရုံအောက် ခေတ္တစခန်းချရာသို့ ပြန်ရောက်ကြပြီး နားကြရင်း အာမီရမ် သောက်ကြပါပြီ။
ဒီတစ်ခါတော့ ရွှေသမင်တောင်တော်ဘက်မှ သူတို့ပြောသော နတ်ကျားသံ မကြားရပါ။
မီးရောင်တွေကတော့ တစ်ခါတစ်ခါ ဝါးရုံပေါ် ဖြတ်၍ ဖြတ်၍ လင်းလက်သွားလေသည်။ ထိုမီးရောင်များက ဘယ်သူတွေအား မီးထိုးရှာကြပါသနည်း။ သို့တည်းမဟုတ် တောင်မကြီးဝယ် အမှန်တကယ် အစောင့်အရှောက်တွေ ရှိနေပါကြောင်း သတိပေးနေသည်လားတော့ မသိပါ။
တောလိုက်မုဆိုးသည် တောအကြောင်း တောင်အကြောင်း သိထားရမည်။
သားကောင်ဆိုသည်မှာ တွေ့မှပစ်ရ၏။ တွေ့ပြန်သော်လည်း ပစ်ခွင့်မကြုံလိုက်၍၊ တစ်ဖန် ပစ်လိုက် ပါသော်လည်း မထိမရှ၍ လွတ်သွားသည်လည်း ရှိ၏။
သို့သော် မုဆိုးသည် တောတိုးရသည်ကတော့ မလွဲ။
သို့အတွက် မိမိတိုးရသော တောတောင်တို့အကြောင်း ပထမဦးစွာ သိထားရမည်သာ။ သားကောင်ပစ်ရ၏။ သေ၍ ရှာမတွေ့၊ ပုပ်ပွမှ ရတတ်သည်။
ပစ်သည့်နေရာ၊ သေသည့်နေရာ၊ ပုပ်မှ ပြန်တွေ့သည့်နေရာကား တစ်နေရာတည်း။
သို့သော် … တောခြောက်၍ တောမှောက်၍ သားကောင်ပျောက်၏။ မုဆိုးအတွက် အန္တရာယ်မဖြစ်၍ တော်ပါသေးသည်။
သို့အတွက် ကျွန်တော်တို့ တောပစ်စဉ် ကာလအတွင်း တောတောင်အကြောင်း ပထမ သတိပြုပြီးမှ ပစ်ခတ်ခဲ့၍လည်း အန္တရာယ်ကြီးကြီးမားမား မကြုံခဲ့ရ။
ကျွန်တော်တို့ ဆိုသည့် တောလိုက်မုဆိုးများအဖို့ သတိထားရသည်မှာ တောတောင်ကိုတိုးသည့် တောလိုက်မုဆိုးကား အသက်ချင်း ရင်းရသည်မို့ အပြောလွယ်သော်လည်း တောလည်ကြည့်မှ သိကြမည်ကိုဖြင့် ကျွန်တော် ပြန်တွေးနေမိသည်ကား အမှန်ပင် ဖြစ်ပါတော့သည်။
ငွေတာရီမဂ္ဂဇင်း
(နောက်ပိုင်း Facebook က စာတင်လို့မရတော့လျှင် စာဆက်ဖတ်နိုင်ဖို့အတွက် အောက်က Telegram ကို Joint ထားကြပါဗျ)