မုဆိုးနှင့် ကျုးကျော်သူ
လေပြေကလေးက သုတ်သွေးလိုက်ပြီးနောက် ကျွန်းရွက်ဟောင်းတွေက ရှဲကနဲ မြေပေါ်သို့ ကျလာလေတော့၏။
အကာအကွယ်လွတ်နေသော ကျွန်တော်၏ ဇက်ပိုးပိုင်းနှင့် မျက်နှာပြင်တဝိုက်ဆီသို့ လေပြေကလေးအတွင်းမှ အအေးဓါတ်တွေက မဆိုင်းမတွပင် အေးစက်သော ဝေဒနာကို ဖန်းတီးပေးလိုက်၏။
ဟေမန်ရာသီ၏ တန်ခိုးအာဏာ မကုန်သော တပို့တွဲလ၏ နံနက်ခင်းကာလပင် ဖြစ်ပေ၏။ မြို့ကြီးပြကြီးများတွင် တပို့တွဲလမှာ အချမ်းပေါ့စေမည် ဖြစ်သော်လည်း ယခု ကျွန်တော်ရောက်ရှိနေခဲ့သော မိုးစွေရွာအနီးတဝိုက်၌ကား နှင်းမှုံနှင့် အအေးဓာတ်သည် မဲဇာတောင်ခြေဇာတ်လမ်းထဲကလိုပင် နှင်းဖြောက်ဖြောက်ကျ၍ကောင်းတုန်း အချိန်အခါပင်။
အချိန်ကား နံနက် ၉-နာရီထိုးရန် ဆယ်မိနစ်လိုသော အခြေအနေကို ကျွန်တော်၏ အကြမ်းသုံးလက်ပတ်နာရီက ဖော်ပြနေပါသည်။
ဦးဘိုးဟန်ကြီးအဘို့ သူ၏ နေရပ်ဟောင်းဇာတိ ကလည်းဖြစ်ပြန်၊ သူ၏ဆရာရင်း မုဆိုး ဦးလှကျော်၏ နေအိမ်တွင် စခန်းချခဲ့ပြန်သည်ကြောင့် ဆရာတပည့်နှစ်ယောက် တောကြက်သားကင်ကို အမြည်းလုပ်ကာ လဘက်ရည်ကြမ်း တအိုးပြီးတအိုး ဇိမ်ခံသောက်နေ၏။
မုဆိုးဘဝ သံသရာ၏ အတွေ့အကြုံများအကြောင်း ဘုံဘေဘားမား၊ စတီးဘရားသား၊ သစ်တောဋ္ဌာနများမှ ဆင်ဦးစီးများအကြောင်း၊ ဆင်များအကြောင်း၊ အမဲပစ်ခတ်မှုများ အကြောင်းကို၊ ဇာတ်စုံဖွဲ့ကာ စကားပြောရင်း မိုးစွေရွာတွင် ကျန်ရစ်ခဲ့ပါသည်။
ကျွန်တော်တွင် တနေရာရောက်လျှင် အေးဆေးငြိမ်သက်စွာ ထိုင်နေရခြင်းကြောင့် အညောင်းမိစေမည့် အခြေအနေမျိုး ဝါသနာမရှိခဲ့ခြင်းကြောင့် မိုးစွေရွာ၏ အနောက်ဘက် မိုင်ဝက်ခန့်ရှိ နှမ်းခင်း ပဲခင်းများ ယာခင်းတလျှောက်ဆီသို့ ထွက်ခဲ့၏။ ဂျီကလေး၊ ဆတ်ကလေး ထွက်လိုထွက်ငြား၊ ပစ်ခတ်ရလို ပစ်ခတ်ရငြား သဘောဖြင့် .၃၇၅ မက်နမ်ရိုင်ဖယ်ကို ယူဆောင်ခဲ့ပြီး လမ်းပြအဖော် ဦးညိုကြီးနှင့်အတူ ထွက်ခဲ့ကြသည်။
ကျွန်တော်တို့သည် တလှမ်းချင်းကပ်ကာ ခိုကာ ချောင်းလျက် တက်ခဲ့သည်။ ပြော့တော့တော့ နေရောင်ခြည်များ ပဲခင်း အရှေ့စဆီသို့ ကျရောက်နေလေပြီ။ ထို့ကြောင့် ကပျာကယာ မှန်ပြောင်းအိမ်မှ မှန်ပြောင်းကိုထုတ်၍ ပဲခင်းစနှင့် တောဘက် နယ်နိမိတ် စည်းမျဉ်းကြောင်းတလျှောက်သို့ ပိုက်စိပ်တိုက်၍ ကင်းကောက် ကြည့်ရှုလိုက်တော့သည်။
ပဲခင်း၏ အနောက်တောင်ဘက်အစ ချုံကွယ်တွင် ခေါင်းပြူလျက် နားရွက်ကလေး တစွင့်စွင့်နှင့် ဖြစ်နေသော ဂျီကောင်၏ ရှေ့ပိုင်းကို မှန်ပြောင်းတွင်းမှ တွေ့လိုက်ရသည်ကြောင့် မှန်ပြောင်းကို လည်ပင်း၌ ဆွဲကြိုးနှင့် တွဲလွဲဆွဲလိုက်ပြီး .၃၇၅ မက်နမ်ရိုင်ဖယ်ကို လှမ်း၍ ချိန်လိုက်ပါသည်။
ထို့နောက် ပြောင်းဝထဲ၌ တဝက်ထိုးပြီးသား မောင်းတုန်းကို ရှေ့သို့ တအားဆောင့်ထိုးလိုက်ပြီး မောင်းအပြည့်တင်ခြင်းအခြေအနေသို့ ပို့ဆောင်လိုက်ပြီးနောက် ချုံကွယ်မှ ပစ်ကွင်းဆီသို့ လှမ်း၍ ချိန်လိုက်လေ၏။
ဂျီပေါက်နှင့် ကျွန်တော်၏ အကွာအဝေးမှာ ဂိုက်သုံးရာအတွင်း၌ ရှိနေခြင်းကြောင့် ရိုင်ဖယ်၏ နောက်မှန်ချိန် ဂိုက်သုံးရာမှန်ကွက်ကလေးကို ဆွဲကာ ထောင်လိုက်ပြီး သာမန်မျက်စိအမြင်အားဖြင့် ခပ်ရေးရေး ခပ်နီနီသာ မြင်နေရသော ဂျီပေါက်ကြီး၏ ရင်ဘက်ဆီသို့ ကျကျနန ချိန်လိုက်တော့သည်။
၁၂ ဘို့ နှစ်လုံးပြူးသမားအဘို မြှော်လင့်ချက်မရှိစေသော အင်မတန်ဝေးလံနေသော ပစ်ကွင်းမျိုး ဖြစ်သော်လည်း ရိုင်ဖယ်သေနတ်များအဘို့ အင်မတန်ချိန်ဆ၍ကောင်းသော ပစ်ကွင်းမျိုးဖြစ်လေ၏။ အထူးသဖြင့် ‘မက်နမ်’ ရှေ့ကပါသော ရိုင်ဖယ်သေနတ်သမားအဘို့ ရိုးရိုးရိုင်ဖယ်တွေထက် ယမ်းအားပိုမိုထည့်ထားသော ကျည်ဆန်ခွံ၏ တန်ခိုးသတ္တိကြောင့် ကျည်ထွက်အပြေးဆုံး အဖြောင့်တန်းဆုံးသောမက်နမ်ရိုင်ဖယ်စွမ်းအားကြောင့် ဂိုက်သုံးလေးရာအကွာသို့ လက်လှမ်းမှီ ပစ်ကွင်းကောင်းများသာ အဖြေပေါ်ထွက်စေ၏။
ရှေ့မှန်ချိန် ဆေးသားကလေးသည် နောက်မှန်ချိန် ဂိုက်ဆုံးရာမှန်ကွက်၏ အလယ်ဗဟိုတည့်တည့်၌ မပေါ့တပေါ် ရှိခိုက်တွင် ကျွန်တော်၏ ညာလက်ညှိုးက မောင်းကြိုးကို ဖိဆွဲချလိုက်ပါတော့သည်။
ယမ်းအား ဂရိမ်သုံးရာ စီးနင်းသော .၃၇၅ မက်နမ်ရိုင်ဖယ်၏ ပြောင်းအတွင်းမှ တခဲနက် ပေါက်ကွဲလှည့်ပတ်ချက်ကား ပြင်းထန်လှပေတကား။ ပိဿာအချိန်တဆယ်ကျော်မျှသာ စီးနင်းသော ကိုယ်အလေးချိန်ရှိ ဂျီပေါက်ကြီးအဘို့ မြောက်ကနဲ အထက်သို့ ပါသွားပြီး တခဏအတွင်း၌ပင် မြေပေါ်သို့ပြန်၍ မလှုပ်သော ကျဆင်းခြင်းဖြင့် စခန်းသိမ်းလိုက်တော့၏။
သေနတ်သံအဆုံးတွင် ကျွန်တော်တို့ ရပ်နေရာ မြောက်ဘက်ဆီမှ တခဲနက်အော်ဟစ်လိုက်သော လူသံများသည် မမြှော်လင့်ဘဲ ပေါ်ထွက်လာလေသည်။
ကျွန်တော်၏ ဂျီကို ပစ်ခတ်သော ကျည်ဆန်ဖူးက ဂျီကို ဖေါက်ထွက်ပြီး ယခု ရုတ်တရက် အော်သံကြား ရာသို့ ပိုမရောက်နိုင်ကောင်းချေ။ အကြောင်းမှာ ဂျီပေါက်လေးကျရာနှင့် အော်သံထွက်ရာနေရာများသည် လေးဆယ့်ငါးဒီဂရီစီ ကွာခြားနေသောကြောင့် နောက်တချက် ရိုင်ဖယ်ကို ကျည်ဆန်အသစ်တတောင့်ထိုးကာ သော့ပိတ်လိုက်ရင်း အလန့်တကြား အော်သံများဘက်သို့ အာရုံပြုကာ ကြည့်ရှုစစ်ဆေးလိုက်တော့၏။
“ဘာလဲ ဦးညိုကြီး … အော်သံတွေဗျို့။ ကျုပ်တို့ ကျည်ဆံ အဲဒီဘက် မရောက်နိုင်ပါဘူးဗျာ။ တခုခုဘဲဗျို့”
“ဒီက ကျည်ဆံနဲ့ မဆိုင်ပါဘူး ဗိုလ်မှူးကြီး။ အော်သံတွေကတော့ အလန့်တကြားဘဲ။ စောင့်ကြည့်စမ်းကြရအောင်”
ကျွန်တော်၏အမေးကို ချက်ခြင်း ဖြေကြားလိုက်ပါသည်။
“လိုက်ပြီဟေ့ … ခွေးညို ပြေး … ပြေး။ ဘယ်လိုအကောင်ကြီးလဲဟ။ ကျွဲသိုးကြီးလဲ မဟုတ်နိုင်ပါဘူး။ ဟေ့ … စိန်ထွန်း၊ မင်းဆီကို ခေါင်းမော်ပြန်ပြီဟေ့”
ခလေးသံရော လူကြီးသံတွေကိုပါ တထွေးကြီး ဆူညံနေအောင် ပေါ်ထွက်နေပြန်တော့သည်။ ကျွန်တော်တို့ နှစ်ယောက်သားသည် မျက်နှာချင်းဆိုင်ကာ နားစွင့်၍ထောင်ရင်း စကားမပြောနိုင်စတမ်းအကဲခပ်နေခဲ့ကြသည်။
မကြာမီ ကျွန်တော်တို့ အသင့်စောင့်နေရာ မြေလမ်းကလေးအတိုင်း တဘုတ်ဘုတ် ပြေးလာကြသော ခြေသံများကို အတိုင်းသား ကြားလိုက်ရပြန်၏။
ရှေ့ဆုံးမှ ပုဆိုးကို စလွယ်သိုင်းကာ ဖနောင့်နှင့် တင်ပါး တသားတည်းကျနေအောင် ဒုန်းပြေးလာသော ဆယ့်ငါးနှစ်သားအရွယ်တဦးကို တွေ့လိုက်ရသည်ကြောင့် ဦးကြီးညိုက …
“ဟေ့ … ခွေးညို ဘာဖြစ်တာလဲကွ။ ဘာကောင်က မင်းတို့ကို ဖိလိုက်နေသလဲ”
ဟု ရှေ့မှ ဆီးကြို၍ မေးမြန်းလိုက်သည်တွင် လူငယ်ကလေးသည် စွပ်၍ ပြေးတက်ရင်းမှ …
“ဘာကောင်ကြီးမှန်း မသိဘူးဗျ။ နှမ်းခင်းထဲ ဝင်စားနေလို့ ကျုပ် သွားမောင်းတာ တအားလိုက်နေလို့ ဝါးရုံပင်ကို ချာချာလှည့် ပြေးနေတုန်းမှာ ဒီဖက်က သေနတ်သံကြားမှ တန့်သွားတယ်။ ကျုပ်တို့အားလုံး လွတ်ရာပြေးခဲ့ရတယ်”
ဟု မူမမှန်သော မောသံကြီးနှင့် ဖြေရင်း ကျွန်တော်တို့နှစ်ယောက် ရှိရာသို့ ရောက်ရှိခဲ့၏။
“ကျွဲသိုးကြီးလောက်လားက၊ ဘယ်လို အရောင်လဲ ခွေးညို။ မင်းတို့ကို လိုက်နေတဲ့ အကောင်ကြီးကို မင်းတို့ မမြင်ဖူးဘူးလား”
“ဟာ … မဲမဲကြီး အရီးလေးရ။ ကျွဲပေါက်ကြီးတွေထက် တပြန်လောက် မိုးနေတယ်။ မြန်က မြန်ပါဘိသနဲ့ဗျာ။ ချိုကလဲ အလုံး၊ ကျွဲချိုနဲ့ တခြားစီဟာ”
ကျွန်တော်သည် ခွေးညို၏ တိုင်ကြားချက် ဆုံးအောင် မစောင့်တော့ဘဲ ခြေသွားလမ်းကလေးအတိုင်း နှမ်းခင်းများဆီသို့ ခပ်သွက်သွက် တက်ခဲ့ပေသည်။ ကျွန်တော်၏ စိတ်ထဲ၌ ကျွန်တော် ထင်မြင်သော အမဲကြီး သားကောင်ကြီးလည်း မဟုတ်နိုင်ရာဟု ယူဆမိ၏။
ဤမျှလောက် ရွာနှင့် တမိုင်အတွင်း လူများ၏ လုပ်ခင်း ကိုင်ခင်းများအတွင်းသို့ ကျွန်တော် ထင်မြင်သည့် အမဲကြီးသည် ရဲတင်းစွာ ဤမျှ ကျူးကျော်ဝင်ရောက်မည်လည်း မဖြစ်နိုင်ကြောင်းကို စဉ်းစားမိပြန်၏။သို့ရာတွင် လက်တွေ့ အလိုက်ခံခဲ့ရသော မိုးစွေရွာသား လူရွယ် ခွေးညို ကိုယ်တိုင်ကပင် ကျွဲသိုးကြီး မဟုတ်ကြောင်း၊ ကျွဲထက် ကိုယ်လုံး တပြန်ခန့် ကြီးမားကြောင်း၊ နက်မှောင်ပြီး ချိုလုံးနေကြောင်း စသည့် သတင်းပို့ချက်များတွင် ကျွန်တော် ကြိုတင် ထင်မြင်သည့် အမဲကြီးကောင်၏ ကိုယ်လုံးအချိန်နှင့် တသမတ်ထည်း ကိုက်ညီနေပြန်တော့၏။
မကြာမတင် ကာလတွင် တိကျရှင်းလင်းသော အဖြေကို မုချရရှိတော့မည်ကိုလည်း ကျွန်တော် ယုံကြည်လိုက်ပါသည်။
X X X
ညာဘက်သို့ ကွေ့ကာ ဝိုက်ကာ ဆင်းသော ခြေသွားလမ်းကလေးအဆုံးတွင် စိမ်းရင့်ရောင် နှမ်းခင်းများကို စတင်ကာ ကျွန်တော် တွေ့လိုက်ရပေ၏။ နှမ်းခင်း၏ တောင်ဘက်အစတောနှင့် တဆက်တည်း နေရာလောက်ဆီက တဖြောင်းဖြောင်း တဝုန်းဝုန်း နှင့် ရုံးရင်းဆန်ခတ် လှုပ်ရှားမှုအသံတွေ အတိုင်းသား ကြားလိုက်ရပါပြီ။ ထို့ကြောင့် မြင်သာထင်သာသော နေရာကောင်းဖြစ်သည့် နှမ်းခင်း၏ အရှေ့ စ တောင်ကမူလေးပေါ်မှ တက်၍ နှမ်းခင်း တောင်စကွေ့ လယ်ထဲသို့ လှမ်း၍ ဂရုတစိုက် ကြည့်လိုက်မိ၏။
တောစပ် ဝါးရုံကြီးပေါ်၌ လှုပ်ရှားနေသော လူနှစ်ယောက်သဏ္ဍာန်နှင့် ဟိုဝါးကိုင်းဆွဲလိုက် ဒီဝါးကိုင်းကူးလိုက်နှင့် လူစင်စစ်က မျောက်ဘဝကူးနေသကဲ့သို့ အငြိမ်မနေနိုင်သည့် အဖြစ်ကို တွေ့လိုက်ရပေ၏။
ရှစ်ပေပတ်လည်ခန့် အတွင်းတွင် ထူထပ်စွာ စုံပြုံ၍ တက်ရောက်နေသော ဝါးရုံပင်ခြေရင်းတဝိုက်၌ ခြောက်ပေကျော်၍ မြင့်မားသည့် အင်ပင်ပေါက်ကလေးတွေက ပေါက်ရောက်နေပြီး နှမ်းခင်းနှင့် တောစပ်ကို စည်းရိုးသတ်မှတ်ပေးထား ယသကဲ့သို့ မှတ်တိုင်အဖြစ် ထီးတည်း တွေ့လိုက်ရပြီးနောက် စက္ကန့် ပိုင်းအတွင်း၌ မဲကနဲ သတ္တဝါကြီးတကောင်၏ ဘေးတိုက်ပုံသဏ္ဍာန်သည် အင်ပင်ကလေးတွေအကြားမှ ရုတ်တရက် ပေါ်ထွက်လာပြီး ဝါးရုံပင်ခြေတဝိုက်ကို သူ၏ ချိုကားကားကြီးနှင့် သိမ်းကြုံး၍ ခတ်လိုက်ပြန်သည်တွင် ဝါးလုံးတွေနှင့် ချိုဖျားနှစ်ချောင်းတို့ ပြင်းထန်စွာ ထိခတ်မှုအဆုံး၌ ဖြောင်းကနဲ ဖြောင်းကနဲ ဝါးလုံးအရင်းပိုင်းတွေသည် ဓားမကြီး ကောင်းကောင်း ထက်ထက်နှင့် ခုတ်ချသကဲ့သို့ အပိုင်းပိုင်း ပြတ်ထွက်နေတော့၏။
ဝါးပင်ပေါ်မှ လူရွယ်နှစ်ဦး၏ အလန့်တကြား အော်သံများကလည်း တဖြောင်းဖြောင်းနှင့် သတ္တဝါကောင်ကြီး၏ ခတ်သံများအကြားမှ အမြိုင့်သား ပေါ်ထွက်နေလေသည်။
“ဟေး … ဟေး”
ကျွန်တော်သည် ပွဲတွေ့များခဲ့သူပီပီ ညာသံပေးလိုက်ပြီး သတ္တဝါကြီး၏ ဝါးရုံပင်ခြေရင်းကို အာရုံစိုက်ရာမှ ကျွန်တော့ဆီသို့ ပြောင်းလွှဲကာ စိန်ခေါ်လိုက်ခြင်းလည်း ဖြစ်ပေ၏။
သဲသဲမဲမဲ မာန်ကြီးကြီးနှင့် ခေါင်းကြီးတန်းကာ ခတ်နေသော မဲမဲသတ္တဝါကြီးသည် ကျွန်တော်၏ အသံကို ကြားလိုက်ရရုံဖြင့် သူခတ်နေသော လှုပ်ရှားမှုကို ချက်ခြင်းရပ်လိုက်ပြီး ကြီးမားသောကိုယ်လုံး ကိုယ်ထည်နှင့် ကျွမ်းကျင်သော လျင်မြန်မှုဖြင့် ကျွန်တော့ဘက်သို့ ခေါင်းကြီးစောင်းကာ လှမ်း၍ ကြည့်လိုက်တော့သည်။
ကျွန်တော့အဘို့ ရှေ့လုပ်ငန်းဆန္ဒကို ကြိုတင် တွက်ချက်ထားသူပီပီ ကျွန်တော်၏ .၃၇၅ မက်နမ်ရိုင်ဖယ် မောင်းတင်ပြီး မပြီး ပြောင်းဝတွင်း၌ ကျည်ဆန်အသင့်တတောင့် ရောက်ရှိပြီး မပြီးကို အရေးတကြီး ထပ်မံ၍ စစ်ဆေးလိုက်ပြီးနောက် အားလုံး အဆင်သင့်အခြေအနေ တွေ့ရမှ ကျွန်တော့ဆီသို့ ဦးခေါင်းလှည့်၍ ထောင်လိုက်သော အမဲကောင်ကြီးကို မမှိတ်မသုံ လှမ်းကာ ကြည့်လိုက်တော့သည်။
မီးရထားခေါင်းတွဲကြီးတတွဲ ဘူတာမှ စတင်ကာ အရှိန်ပြင်းပြင်းနှင့် ထွက်လာသကဲ့သို့ သတ္တဝါကောင်ကြီးသည် ကျွန်တော့်ဆီသို့ တဟုန်တည်း ဒုန်းစိုင်းကာ ပြေးတက်ပါတော့သည်။
ကြီးမားလှသော ပြောင်ကြီးနှင့် ကျွန်တော်၏ ကြားကာလ အကွာအဝေးကို ရှေးဦးစွာ ကျွန်တော်က စိတ်တွက်တွက်ကာ ခန့်မှန်းလိုက်သည်။ ဒုတိယ ဆုံးဖြတ်ချက်မှာ ကျွန်တော့်ဆီသို့ ဒုန်းစိုင်းလာသော မုန်တိုင်းဆင်လာသည့် ပြောင်ကြီးကို မည်သည့် နေရာ၊ မည်သည့် အကွက်လောက်က ပိုင်း၍ ပစ်ခတ်ရန် နေရာရွေးချယ်လိုက်ခြင်း ဖြစ်ပါသည်။
ပြောင်ကြီးနှင့် ကျွန်တော်၏ အက္ခာအဝေးမှာ ဂိုက်တရာအတွင်းသို့ ရောက်နေကြောင်း ခန့်မှန်းရပြီး ကျွန်တော်ရပ်နေရာဆီသို့ ပြောင်ကြီးသည် ခပ်ပြေပြေတက်နေသော နှမ်းခင်း၏ မြောက်ဘက်စပ် တောင်ပူစာယောင်ယောင်ပေါ်သို့ အတက်တွင် အပိုင်အနိုင် ပစ်ခတ်လိုက်ခြင်းဖြင့် ခပ်မော့မော့နှင့် ပြောင်ကြီးအနေအထားမှာ ပစ်ကွင်းကောင်း တရပ်စီ ဖြစ်နေမည်သာမက တဟုန်တည်း တက်ပြေးလာသော ပြောင်ကြီး၏ လျင်မြန်မှုအရှိန်သည် လျော့ရလိမ့်မည်ဟု တွက်ချက်မိပေသည်။
ထို့ကြောင့် .၃၇၅ မက်နမ် မော်ဇာရိုင်ဖယ်ကို ညာဘက်ပခုံးတွင် အရံသင့်ကပ်ကာ ဘယ်ဘက်လက်က ရိုင်ဖယ်၏ သစ်သားမေးအောက်ကို အားရပါးရ ဆုပ်ကိုင်ကာ ညာလက်မှ ရိုင်ဖယ်၏ ဒင်ကလေးကို ထိန်းသိမ်းချုပ်ကိုင်လျှက် ပစ်ရန်အသင့် အနေအ ထားသို့ ဖန်းတီးလိုက်ပြီး ဖြစ်ပေ၏။
ကျွန်တော်၏ ကြံဆချက်များ၊ ဆုံးဖြတ်ချက်များနှင့် ပြောင်ကြီး၏ တဟုန်တည်း လှုပ်ရှားမှုများသည် တဒင်္ဂ သို့မဟုတ် အင်မတန် တိုတောင်းလှသော အချိန်ပိုင်းကလေး အတွင်းမျှသာ ဖြစ်ပေ၏။
မကြာမတင်ကာလတွင် ပြောင်ကြီးသည် ကျွန်တော်ရပ်နေရာ တောင်ပူစာ အတက်ကလေးပေါ်သို့ တအားပစ်ကာ ထိုး၍ အတက်လိုက်တွင် သူ၏ လျင်မြန်မှုအရှိန်က လျော့သွားခိုက်တွင် ကျွန်တော်နှင့် ကိုက်ငါးဆယ်အတွင်းသို့ ရောက်ရှိနေသော ပစ်ကွင်းကြီးကို ဖျပ်ကနဲ ထိုးချိန် ချိန်ကာ ပြောင်ကြီး၏ ညာဘက်ထမ်းပိုးကြီးတွင်း သို့မဟုတ် လည်မျိုနှင့် ညာဘက်လက်ပြင် ဆုံရာဆီသို့ ရိုင်ဖယ်မောင်းကွင်းကလေးကို ဖြုတ်ချလိုက်ပါသည်။
.၃၇၅ မက်နမ်ကျည်ဆန်၏ ပေါက်ကွဲသံနှင့်အတူ ပြောင်ကြီးသည် တအားရှေ့သို့ ဖိတက်နေရာမှ ရှေ့သို့ တလှမ်း နှစ်လှမ်းလောက်သာ တက်လိုက်နိုင်ပြီး ဘယ်ဘက်သို ခပ်စောင်းစောင်း ဖိကျ ကျသွားလေတော့၏။ ကျွန်တော်သည် ဂျောက်ကနဲ ရိုင်ဖယ်မောင်းတံကို နောက်ပိုင်းသို့ ဆွဲနုတ်ကာ တမုဟုတ်ချင်းပင် မောင်းတံကို ပြောင်းဝထဲသို့ ခပ်ပြင်းပြင်း ထိုးလိုက်ခြင်းဖြင့် ဒုတိယကျည်ဆန်တတောင့်သည် အလိုလို တင်ပြီးသား အခြေအနေသို့ ဖန်တီးလိုက်ရပေ၏။
ကျွန်တော်အဘို့ ပြောင်ကြီးသည် တောင်အတက် ကလေးတွင် ယက်ကန်ယက်ကန်ဖြင့် လဲနေမည် ဟူ၍ တွက်ချက်ပြီး ဖြစ်ပေ၏။ သို့ရာတွင် ခပ်စောင်းစောင်း တောင်အတက်ကလေးပေါ်၌ တချီ လဲကျပြီးမှ ပြောင်ကြီးသည် အင်မတန် လျှင်မြန်လှသော ခွန်အားဖြင့် ရုန်းကန်၍ လူးလဲကာ ခေါင်းကြီးကို ဝှေ့ရမ်းကာ ထလိုက်ပြီး နှမ်းခင်း၏ အရှေ့စ ကိုက်နှစ်ဆယ်မျှသာ ဝေးသော ဝါးတောထဲသို့ ပြေးလာသည့် စံချိန်နှုန်းအတိုင်း အင်မတန်လျှင်မြန်စွာဖြင့် စက္ကန့်ပိုင်းကလေးအတွင်း၌ ဝင်ပြေးလိုက်ပါသည်။
ကျွန်တော်၏ ကိုယ်ကို ကျွန်တော်သည် ချက်ခြင်းပင် အပြစ်တင် ဒေါသဖြစ်မိလိုက်၏။ တချက်ကလေး ထပ်၍ ပစ်ခတ်ခြင်းဖြင့် နေရာတွင် “ပြောင်သားပေါ်ပြီး” အခြေအနေ ဖြစ်နိုင်လျက်သားနှင့် ကျွန်တော်၏ စိတ်ချလက်ချ ထားလိုက်မှုကြောင့် ကြောက်မက်ဖွယ်ရာ ဘေးဒုက္ခတွေကို ပေးနိုင်သော သားကောင်ကြီး သို့မဟုတ် ‘ကြီးငါးကြီးတွင်’ ပါဝင်သည့် ပြောင်ကြီးကား လုံခြုံရာ မျက်ကွယ်ရာ ဝင်ရောက် လွတ်မြောက် ပြေးလိုက်ခြင်းကြောင့် ကျွန်တော်ပင် ဒုက္ခများလှပေပြီ မဟုတ်ပါတကား။
“လဲပြီလို့ တထစ်ချ တွက်လိုက်တာဗျာ။ နာတော့ အတော်နာ သွားပြီဗျို့။ သိပ်မပြေးနိုင်ပါဘူး”
ဦးညိုကြီးသည် ကျွန်တော်၏နောက်ပိုင်း တောတွင်းမှ ပုန်းကွယ်နေရာက ထွက်လာရင်း ပြောလိုက်ပါသည်။
“ဟုတ်တယ် ဦးညိုကြီး။ ကျွန်တော် တချီပစ်ပြီး နောက်ထပ်ထိုးတင်လိုက်တဲ့ ကျည်ဆန်က ကျည်ဆန်အပျော့စားဗျ။ ဒါကြောင့် ဒီလောက်ကြီးမားတဲ ပြောင်ကြီးအဖို့ ကျည်ဆန်အပျော့နဲ့ ထိလိုက်တော့ နေရာတွင်မကျဘဲ ပြေးနိုင်တာဘဲ။ ကျည်ဆန်အမာနဲ့သာထိရင် ဒီလောက်ထုထည်ကြီးမားတဲ့ အကောင်ကြီး အဖို့ ထုတ်ချင်းပေါက်ဒဏ်ရာရပြီး နေရာမှာဘဲ ပုံနေမှာဘဲဗျ။ ကိုင်း … ကျုပ်တို့ ဒီကောင်ကြီး ပြေးတဲ့နောက် ခရီးမလွန်ခင် ဆက်လိုက်ဖို့ စီစဉ်ကြရအောင်”
ဦးညိုကြီးသည် ပြောင်ကြီး ဝါးတောဆီသို့ တမျှော်တခေါ် ကြည့်ကာ စဉ်းစားရင်း
“ဒီကောင်ကြီးဟာ ကျပ်မြောင်နဲ့ သဖန်းမြောင်ကို လွန်အောင် မပြေးနိုင်ပါဘူးဗျာ ဗိုလ်မှူးကြီး။ လိုက်ကြတာပေါ့။ ပြောင်သင်းကွဲကြီးဘဲ။ ကျုပ်လဲ စောစောက ဒီကောင်ကြီး ရွာနားမှာ ရောက်နေတယ်ဆိုတာ လျှော်ဆုတ်က ပြန်လာတဲ့ ငပုတို့ပြောတာမယုံကြည်ခဲ့ဘူး။ ဂျီပစ်လိုက်လို့၊ နို့မိုရင် ကျုပ်တို့ ရှေ့တိုးလာခဲ့ရင် ကျုပ်တို့နဲ့ တန်းတန်းတိုးမိပြီးသားဘဲ”
ဟု ရယ်မောရင်း ပြောလိုက်ပါသည်။
“ဟုတ်တယ် ဦးညိုကြီး၊ အလုံးအဖန်က တယ်ကြီးဗျာ။ နှာခေါင်းအနားက အမွှေးတွေတောင် ဖြူရောင်ရောင် ဖြစ်နေတယ်။ အသက်လဲ အတော်ထောက်ပုံရတယ်”
ကျွန်တော်သည် မူလ ပစ်လွှတ်လိုက်သည့် နေရာမှ အကွက်လိုက်ကျနေသော ပြောင်ကြီး၏ သေနတ်ဒဏ်ရာမှ သွေးကြောင်းများကို စတင်ခံရင်း ဖြေကြားလိုက်သည်။
“ဒီလို အသက်ကြီး အလုံးအဖန် ကြီးလာလေလေ သူတို့ ပြောင်အုပ်ထဲက ပြောင်ပေါက်ကလေးတွေက ဗိုလ်လုလေလေပေါ့ ဗိုလ်မှူးကြီးရဲ့။ အလုံးအဖန်ကြီးလာတော့ အကောင်ကြီးက ခါတိုင်းလို မလျှင်မြန်ဘူး ။ တက်စ ပြောင်ပေါက်ကလေးတွေ အလှည့်ရတာပေါ့ဗျာ။ ဒါကြောင့် ဒီကောင်ကြီးကို အုပ်ထဲက တိုက်ထုတ်ပြီး ပြောင်သင်းကွဲကြီးအဖြစ် ဖန်တီးလုပ်လိုက်တာပေါ့”
ကျွန်တော်သည် မိုးစွေနယ်မြေကို အနည်းငယ် သိရှိ ကျွမ်းကျင်ထားသူဖြစ်၍ ပြောင်ကြီးသည် ကျွန်တော်၏ မျက်မှောက်၌ပင် အရှေ့ဘက်ဝါးတော ထဲသို့ ဝင်ပြီး ယခု ဦးညိုကြီး၏ စကားအရ မိုးစွေအနောက် ကျပ်မြောင်ဘက်သို့ ပြေးလိမ့်မည်ဟူသောအချက်ကြောင့်–
“ဒါနဲ့ ဦးညိုကြီး၊ ကျပ်မြောင်ရွာက အနောက်ဘက်မှာ မဟုတ်ဘူးလားဗျ။ ပြောင်ကြီးပြေးတာက အရှေ့ဘက် ဝါးတောထဲ ဝင်ပြေးတာ ဖြစ်နိုင်ပါ့မလား။ လွဲကုန်ရင် မောနေမယ်နော်”
“မလွဲပါဘူးဗျ … စိတ်ချပါ ဗိုလ်မှူးကြီးရယ်။ ဟောဒီ ရွာခြေကပ်ကပ်လာတဲ့ အမဲကြီးမှန်သမျှ ကျပ်မြောင်နဲ့ သဖန်းမြောင် လွန်အောင် မပြေးနိုင်ပါဘူး။ ပြောင်တွေဆင်းတဲ့ လမ်းတွေမို့ အမဲကြီးဟာ ခြေရာရင်းကို အရေးရှိရင် လှည့်ပြန်တတ်ပါတယ်။ လိုက်သာ လိုက်ခဲ့ပါ”
ဟု ရဲရဲတင်းတင်း ပြောလိုက်သည်ကြောင့် ကျွန်တော်သည် ကျည်ဆန်ထိပ်ဖူး၌ သံမဏိတပ်ထားသော ကျည်ဆန်သုံးတောင့်ကို ထုတ်ကာ ရိုင်ဖယ်တွင်းမှ ကျည်ဆန် အပျော့ သုံးတောင့်ကို နှုတ်လိုက်ပြီးနောက် သံမဏိထိပ်ဖူးတပ် ကျည်ဆန်တွေကို ဇလုပ်ထဲ သွတ်လိုက်ပြီး မောင်းတင်သော့ ခတ်ထားလိုက်သည်။
ထို့နောက် ဦးညိုကြီးနှင့် ကျွန်တော်တို့ နှစ်ယောက်သားသည် ရှေ့ဆင့်နောက်ဆင့် ခြေလှမ်းကျဲကျဲနင်းကာ ပြောင်ကြီးဖြတ်ကူးမည့် ကျပ်မြောင်ဘက်မှ ဖြတ်သန်းရန် အရေးတကြီး ထွက်ခဲ့ကြပေသည်။
ဒဏ်ရာရရှိသွားသော အမဲကြီးများ၊ လူနှင့် မုဆိုးတို့ မိသော အမဲကြီးများ ပြေးရှောင်ရာနောက်သို့ လိုက်ပါရသည့် မုဆိုးလုပ်ငန်းမှာ အပင်ပန်းဆုံးပင်ဖြစ်ပေ၏။ ပြောင်၊ စိုင်၊ ဆင်၊ ကြံ့၊ ကျား ဟူသည့် “ကြီးငါးကြီး” သည် ဒဏ်ရာရရှိထားသည့် နောက်
ပိုင်းမှာဖြစ်စေ၊ မုဆိုး သေနတ်သမားတွေက သူတို့နောက်မှ လိုက်နေကြောင်း ရိပ်မိသွားသည့်အခါ၌ ဖြစ်စေ သားကောင်ကြီးများသည် ခြေကုန်သုတ်လေ့ ရှိကြ၏။ အခွင့်အခါကောင်းကြုံတိုင်း လစ်လျှင် လစ်သလို ချုံခို၍ အသင့်စောင့်ကာ တန်ပြန်ထိုးစစ် ဆင်လေ့ရှိ၏။ သတ္တဝါကြီးများ၏ ခြေကုန်သွားရာ နောက်သို့ အမှီလိုက်ပါရသည့် ခြေနှစ်ချောင်းနှင့် မုဆိုးအဖို့ မည်မျှ ပင်ပန်းအောင် မှီအောင် လိုက်ပါရသည်ကို စာဖတ်ပရိသတ်များ စဉ်းစားနိုင်ပေလိမ့်မည်။
ထို့ကြောင့် ကျွန်တော်နှင့် ဦးကြီးညိုတို့သည် သွေးကြောင်းရင်းမှ ကပ်ကာ မလိုက်ကြတော့ဘဲ ဖြတ်လမ်းဖြစ်သော ကျပ်မြောင်ဆီသို့ တအားဖိ၍ လိုက်ခဲ့ကြသည်။
ကျွန်တော်တို့ နှစ်ယောက်သားသည် တဖါလုံကျော် အပြင်းလိုက်ပါခဲ့ကြသည့်နောက်တွင် ဦးကြီးညို ကြိုတင်ပြောခဲ့သည့်အတိုင်း သွေးကွက် မဲမဲကြီးတွေရော ပြောင်ကြီးခြေရာတွေပါ ကျွန်တော်တို့ ဖြတ်စောင့်မည့် ကျပ်မြောင်ခြေသွားလမ်းကလေးပေါ်၌ တွေ့ရလေသည်။
ပြောင်ကြီး၏ ခြေရာအခြေအနေကို မုဆိုးဝါရင့်စ ပြုခဲ့သော ကျွန်တော်သည် ငုံ့ကာ တချက် ဂရုတစိုက် လေ့လာလိုက်သည်။ ခွာရှေ့မှ အကွဲကြောင်းသည် ပြဲကာ ကွဲနေသော အခြေအနေနှင့်တကွ ရှေ့လက်နှင့် နောက်ခြေမှ ခွာများ အခြေအနေကို တွက်ချက်ကြည့်လိုက်ရာတွင် ရှေ့နှစ်ဖက်သည် မြေကြီးကို ပွတ်ကာ ကပ်ကာ တိုက်ကာ သွားနေကြောင်း သက်သေအဖြစ်နှင့် အစင်းကြောင်းတွေပါ တွေ့ရခြင်းကြောင့်…
“သိပ်နာနေပြီဗျို့။ ဒီအကောင်ကြီး ရှေ့လက်နှစ်ဖက် မလှမ်းနိုင်တော့ဘူး။ လိုက်သာလိုက် … မှီနှိုင်တယ်”
ဟု ဝမ်းသာအားရနှင့် ကျွန်တော်သည် ကြွေးကြော်ခဲ့၏။
ထို့နောက် ကျွန်တော်သည် သားကောင်ကြီး၏ အလစ်ဝင်ရောက်တိုက်ခိုက်မှုအတွက် သတိရှိစေရန် ဦးကြီးညိုကို ကြိုတင်သတိပေးလိုက်ပါသည်။ နှစ်ယောက်သား ကျပ်မြောင်ပေါက်ဆီသို့ ဖြတ်လမ်းမှ ပန်းကာ အပြေးလိုက်ခဲ့ကြ၏။
မကြာမီ ကျပ်မြောင်ပေါက်ဆီသို့ လျှောက်ခဲ့သည်တွင် ဦးကြီးညိုသည် ရှေ့ဆုံးမှတက်ကာ ရိုးကူးလမ်းကလေးကို ပြေးကြည့်လိုက်ပြီး
“ဖြတ်ကူးသွားပြီဗျို့”
ဟု ကျွန်တော့်ကို ပြောလိုက်၏။
ဦးကြီးညိုသည် ကျွန်တော့ကို လက်ပြကာ ခေါ်ယူလိုက်ပြီး သဖန်းမြောင်ပေါက်ဆီသို့ တောပြင်ဖြတ်ကာ နှစ်ယောက်သား အပြေးလိုက်ခဲ့ကြသည်။
ကျွန်တော့် နဖူး၊ လက်မောင်း၊ ကျောပြင်တို့၌ ချွေးသီးချွေးပေါက်များကား အပြိုင်အဆိုင် ကျဆင်းနေပါပြီ။ လည် ဇက် မျက်နှာပြင်တို့မှာလည်း ချုံများ၊ သစ်ရွက်များ၊ သစ်ကိုင်းများကို ပြေးရင်းလွှားရင်း တိုးဝှေ့ခဲ့ရသည်ကြောင့် သစ်ပင်အမွေးများ အပွေးများနှင့် ထိတွေ့ခဲ့ခြင်းအတွက် ယားယံနေလေပြီ။
“မနီးသေးဘူးလားဗျ”
ကျွန်တော်သည် ဦးကြီးညိုကို လှမ်း၍ နှစ်ဖါလုံခန့်အလွန်တွင် မေးလိုက်၏။
“မဝေးတော့ဘူး၊ ဖိလိုက်မှ တော်ရုံကျမယ်နော်။ အဲဒီမြောင်က လွန်သွားရင် တောကြီးတဲ့အထဲ ရောက်ပြီး အရှာရ၊ အလိုက်ရ ခက်နေမယ်”
ရှစ်ပေါင်ခွဲခန့် အချိန်စီးနေသော .၃၇၅ မက်နမ်ရိုင်ဖယ်၊ ကျည်ဆန်သုံးဆယ်၏ နှစ်ပေါင်ခွဲခန့်အချိန်၊ .၃၈ စပါယ်ရှယ် ခြောက်လုံးပူးနှင့် ကျည်ဆန် ဆယ့်ရှစ်တောင့်အချိန်၊ တောလိုက်ဓါးမြှောင်ကြီး၊ ရေအပြည့်ပါသော ရေဘူး၊ မှန်ပြောင်းအိတ်နှင့် မှန်ပြောင်း၊ တောစီးဖိနပ်ရှည်ကြီး စသည့် မုဆိုးကိရိယာအစုံတို့က ကျွန်တော်၏ ကိုယ်ကာယကို နှိပ်စက်စ ပြုလာပါပြီ။
တလှမ်းပြေးတက်လိုက်တိုင်း ကျွန်တော်၏ ကိုယ်ပေါ်မှ ဖော်ပြပါ အလေးချိန်တွေက နင့်ကနဲစီးလိုက်နှင့် အသက်ရှူမမှန်လာနိုင်အောင် ဖန်တီးလာပေ၏။ နားထဲက လေလည်း ထွက်စပြုလာတော့၏။ သို့ရာတွင် ကျွန်တော်၏ ဇွဲသတ္တိတခုသာ ကျွန်တော့ဖက်က မားမားမတ်မတ် ကျန်နေတော့သည်။
မကြာမီ ဦးကြီးညိုသည် သူ၏ လက်ညှိုးနှင့် ခပ်လင်းလင်း အကွက်ဆီသို့ ကမန်းကတန်း ထိုးပြကာ
“အဲဒီနေရာရောက်အောင် ဆင်းပေတော့။ သဖန်းမြောင်အကူးဘဲ ဗိုလ်မှူးကြီး”
ကျွန်တော့အဖို့ အသက်ကို ချက်ခြင်း မှန်မှန် အခြေအနေရောက်အောင် ပြုပြင်ကာ ရှူလိုက်ပြီး တောစွန်မှ ခပ်လင်းလင်း ထွက်နေသော မြောင်ပေါက်ဆီသို့လုကာ ပြေးထွက်ခဲ့၏။
မှန်ပေ၏။ ပေငါးဆယ်ခန့် ကျယ်ဝန်းသော ရေခမ်းခြောက်စ မြောင်ပေါက်သို့ ကျွန်တော်သည် မိနစ်ပိုင်းအတွင်း ရောက်ရှိသွားပြီး ပြောင်ကြီး ကူးသွားပြီးပြီကို ခြေရာ ချက်ခြင်းခံခါ ကြည့်လိုက်သည်။ ခြေရာအသစ်တစုံတရာ မတွေ့ရမှ ကျွန်တော်၏စိတ် အေးဆင်းသွားနိုင်ပေ၏။
ထို့ကြောင့် နဖူးမှ ချွေးပေါက်များကို စတင်ကာ သုတ်ရန် ဘောင်းဘီအိတ်ထဲမှ မျက်နှာသုတ်ပုဝါ ပေါက်စကလေးကို ဆွဲထုတ်ရန် ပြင်ဆင်လိုက်သည့် တခဏ၌ “ဖူး” ဟူသော နှာခေါင်းမှုတ်သံကြီး တချက်နှင့်အတူ ကျွန်တော့် ဘေးတိုက်ပေးနေရာ မြိုင်တောထဲမှ ဝေါကနဲ တောတိုးသံသည် တဆက် တည်း ပေါ်ထွက်လာချေ၏။
ချက်ခြင်း ကျွန်တော်သည် .၃၇၅ မက်နမ်ရိုင်ဖယ်ကို အသံထွက်ပေါ်လာရာဘက်သို့ လှမ်း၍ ချိန်လိုက်ရင်း ကျွန်တော်၏ မျက်စိနှစ်လုံးက ပစ်ကွင်းကို ရှာဖွေလိုက်တော့သည်။
နှာခေါင်းမှ သွေးတွေ တွဲလွဲယိုကျနေသော ပြောင်ကြီး၏ ရှေ့ပိုင်းကို ကျွန်တော်က စတင်တွေ့လိုက်ရပေသည်။ သူ၏ မျက်လုံးနီကျင်ကျင်ကြီးက မီးဝင်းဝင်းတောက်ခမန်း ကျွန်တော့်ကို အသေသတ်လိုသော ဒေါသစိတ်များနှင့်ကြည့်ကာ သူ၏ ကြီးမားပြီး ခန့်ညားလှသည့် ချိုကြီးနှစ်ချောင်ကို ဝင့်ကာ အနီးရှိဝါးပင်ကြီးကို ဖြောင်းကနဲ မာန်သွင်း၍ ခတ်ချလိုက်ပြီးနောက် ကျွန်တော့ဆီသို့ အကောင်းပကတိခြေလှမ်းတွေနှင့် ကဆုန်စိုင်းချလာပါတော့သည်။
ပြောင်ကြီးနှင့် ကျွန်တော်၏ အကွာအဝေးမှာ ပေလေးဆယ်မျှသာ။ ချောင်း ဟိုဘက်ကမ်း ဒီဘက်ကမ်း ခြားနားနေခြင်း ဖြစ်ပေ၏။ သူ၏ ပြေးတက်လာသော အရှိန်ကား တနာရီလျှင် မိုင်သုံးဆယ်နှုန်းထက် မသေးကြောင်း ကျွန်တော် ရိပ်မိလိုက်၏။
ချောင်းကမ်းပါးမှ ဆင်း၍ သဲပြင်ထဲသို့ ရှေ့လက်နှစ်ဘက် အကျတွင် ကျွန်တော်၏ ရိုင်ဖယ်ချိန်သီးကလေးက ပြောင်ကြီး၏ ရှေ့နဖူးပြင် ကြာကွက်ကြီးတည့်တည့်သို့ ချိန်ထားရာမှ ဒိုင်းကနဲ ပေါက်ကွဲလိုက်ပါသည်။
ယမ်းအား သုံးရာဂရိမ် ဆောင့်ကန်ခြင်းကြောင့် တစက္ကန့်လျှင် နှစ်ထောင့် ငါးရာ ငါးဆယ်ပေ အမြန်နှုန်းမှာ လှည့်ပတ်ကာ ပြောင်းတွင်းမှ ထွက်ခွာသွားသော ကျည်ဆန်ဖူးသည် ပြောင်ကြီး၏ နဖူးပြင် ကြာကွက်ဖြူဖြူကြီးကို ဆယ့်နှစ်လက်မအတွင်း လေး ထောင်သုံးရာသုံးဆယ်ခြောက်ပေါင် တွန်းကန်အားဖြင့် ဖေါက်ထွက်သွားလေပြီတကား။
သံမဏိထိပ်ဖူးသည် အင်မတန်မာကျောသော ပြောင်ကြီး၏ နဖူးဦးကြီးကို အောင်မြင်စွာ ခွဲထွက်သွားလိုက်ခြင်းသာ ဖြစ်ကြောင်း ကျွန်တော် ကောင်းစွာ နားလည်လိုက်ပါသည်။
ခေါင်းကြီးသည် သဲပြင်ပေါ်သို့ စိုက်ကာ ထိုးကျသွားသော ပြောင်ကြီးသည် တအားဖိတက်လာသည့် အရှိန်ကို မသတ်နိုင်သေးဘဲ ချောင်း၏ တဖက်ရှိ ကျွန်တော့ဆီသို့ ဟောကနဲ ထိုးရောက်လာပြီးနောက် ပြောင်ကြီး၏ ခြေလက်နှစ်ချောင်းသည် ခွေကာ ညွတ်ပြီး ရှေ့သို့ ထိုးကျသွားပါသည်။
ပြောင်းဝတွင်း၌ နောက်ထပ် ထည့်ပြီးသော ကျည်ဆန်ဖြင့် ကျွန်တော်သည် ပြောင်ကြီး၏ လက်ပြင်ကို ဆယ်ပေခန့်အကွာသို့ ပြေးတက်ကာ နောက်ဆုံးပိတ် ဇာတ်အသိမ်းအဖြစ် ပစ်ချလိုက်ပါသည်။
မျက်လုံးကြီးပြူးကာ ပါးစပ်နှင့် နှာခေါင်းမှ သွေးတွေပန်းထွက်ရင်း ပြောင်ကြီးအဖို့ ငြိမ်ကျသွားလေသည်။
နှစ်ယောက်သား ပြောင်ကြီး၏ ကိုယ်ပေါ်မှ ကျည်ဆန်ရာများကို ဂရုတစိုက် ရှာဖွေကြည့်ရှုလိုက်သည်။
ပထမဦးဆုံး ပစ်လိုက်သော .၃၇၅ ကျည်ဆန် အပျော့သည် ပြောင်ကြီး၏ ညာဘက်ထမ်းပိုးကြီးတွင်းမှ ဝင်ကာ ဘယ်ဘက်လက်ပြင်ဆီသို့ ခဲလာဖုနေ၏။ အပြင်သို့ မထွက်လာချေ။
ဒုတိယ ပစ်ခတ်ချက်ကား ပြောင်ကြီး နဖူးပြင်ကို ဖောက်ထွင်းသွားပြီး လည်တိုင်ကို ချိုးကာ ဘယ်ဘက်သို့ သုံးလက်မပတ်လည် အကွဲကြောင်း အဖြစ်နှင့် ကျည်ဆန်ထွက်သွား၏။
တတိယ ပစ်ချက်သည်ကား ဘယ်ဘက်လက်ပြင်မှ ညာဘက်လက်ပြင် တန်းတန်းဖေါက်ထွက်သွားခဲ့၏။
တတိယ ပစ်ချက်သည် မလိုချေ။ သို့ရာတွင် ပိုမို စိတ်ချရန်အတွက် ပစ်ချလိုက်သော အချက်ပိုပင် ဖြစ်ပေ၏။
နှစ်ယောက်သား ထိုင်ကာ စိတ်ပြေနပြေ အနားယူလိုက်၏။
ဦးကြီးညိုကား နဖူးမှ ချွေးပေါက်ကျနေသည်ကို ဦးခေါင်းမှ မျက်နှာသုတ်ပုဝါနှင့် သုတ်ရင်း ဆေးပေါ့လိပ်ကြီးကို ခဲနေတော့၏။
နေရောင်ခြည် ကျိုးတိုကျဲတဲတို့သည် မြောင်ပေါက်အတွင်းသို သစ်ရိပ်ဝါးရိပ်များအကြားမှ ကွက်တိကွက်ကျား ကျရောက်နေတော့၏။
ရှဉ့်နီကလေး တကောင်သည် ချောင်းဘေး ဝါးရုံပင် ပေါ်မှ တကျစ်ကျစ်မြည်ကာ အဖော်ကို ခေါ်နေတော့၏။
မကြာမီ လူတစု၏ ခြေသံတွေ ကြားလိုက်ရသည်ကြောင့် ဦးကြီးညိုက ဝူးကနဲ လူသံပေးလိုက်ရာ သူတို့ဆီကလည်း ဝူးကနဲ အသံပြန်၍ပြုရင်း ကျွန်တော်တို့ဆီသို့ ခပ်သုတ်သုတ် လျှောက်လာကြ၏။
ရှေ့ဆုံးမှ ဦးဘိုးဟန်ကြီး၊ နောက်မှ ဦးဘိုးဟန်၏ ဆရာ မုဆိုးလက်ဟောင်းကြီး ဦးလှကျော်နှင့် ရွာသား ၅ ယောက်တို့သည် မုဆိုးကြီးနှစ်ဦး လက်ထဲ၌ .၄ဝ၄ မော်ဇာရိုင်ဖယ်နှင့် .၄၇ဝ နှစ်လုံးပူးရိုင်ဖယ်ကြီးတွေ အသင့်ကိုင်လျက် တွေ့လိုက်ရပေ၏။
သူတို့သည် ကျွန်တော်တို့နှင့် ပြောင်ကြီးဖြစ်ရပ်ကို ကြားသိကြသည့်အတွက် ခရီးပြင်းလိုက်လာကြခြင်းသာ ဖြစ်ပေ၏။
“မုဆိုးဆိုတာ ဒီလိုမှပေါ့ကွ မောင်ဘိုးဟန်ရဲ့။ နောက်က အကူအညီ ပြန်မခေါ်ဘဲ ပြောင်ကြီးနောက်ကို ဖိလိုက်ရဲတဲ့ သတ္တိဟာ တော်တော်တန်တန် မုဆိုးမှာ မရှိဘူးကွယ်”
ကျွန်တော့ကို တလှည့်၊ ပြောင်သေကြီးကို တလှည့် ကြည့်ရင်း ဦးလှကျော်က ဝေဖန်လိုက်တော့သည်။
“အာဂ အကောင်ကြီးဟေ့။ ဒင်း အရင်နှစ်တုန်းကလဲ ဒီဖက်ကို ဆင်းပြီး ရွာသားတွေကို ဖိလိုက်ပြီပြီး။ သေချင်တဲ့အကောင် ချိုထောင်တာ ဆိုတာဘဲကွယ့်။
ကိုင်း … စစ်ဗိုလ်ကြီး အိမ်ပြန် အနားယူပေတော့။ မနက်က ပစ်ခဲ့တဲ့ ဂျီဝမ်းတွင်းသားအကြော်နဲ့ လဘက်ရည်မြည်းပြီး တရေးတမောအိပ်စမ်း။ ကျန် တဲ့ကိစ္စတွေ ကျုပ်တို့ကြည့်ရှင်းမယ်။ ပြောင်ကြီးကို ဖျက်ပြီး ကျတ်တင်ဘို့ စီစဉ်ကြရအောင်။ ထွေးစိန်တို့ ကျတ်စင်ဆောက်ကြတော့”
ကျွန်တော့အဖို့ အနားယူအိပ်စမ်းပါဟူသော ဦးလှကျော်၏ တိုက်တွန်းချက်ကို ကျေးဇူးများစွာ တင်ရှိသော်လည်း နာရီပိုင်းအတွင်းမှာ သေလမ်း ရှင်လမ်းပေါ်မှ ပြောင်ကြီးနှင့် ရင်ဆိုင်ခဲ့သည့် တိုက်ပွဲ အတွေ့အကြုံများကြားမှ ကျွန်တော်၏ စိတ်လှုပ်ရှားမှုကြောင့် ဘယ်နည်းနှင့်မျှ ရုတ်တရက် အိပ်မပျော်နိုင်မည်မှာ အရှင်းသား စဉ်းစားမိသည့်အတွက် မသိမသာ ပြုံးလိုက်မိပါတော့သတည်း။
ငွေတာရီမဂ္ဂဇင်း
အမှတ် ၄၆
၁၉၆၄ ခုနှစ် ၊ ဧပြီလ
– ပြီး –
စာရေးသူ – ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ 2.0