ခင်မောင်အေး(မန္တလေး)


မိုးသည် တစိမ့်စိမ့်ရွာလျက်ရှိသည်။ တစ်ရက်ခွဲခန့် ရွာသွန်းလျက်ရှိခဲ့ခြင်းကြောင့် မြေအပြင်တွင်ပင် မြေပျော့များ နွံဖြစ်စပြုလျက် ရှိပေပြီ။

ပင်အိုဖားဖား သစ်ရွက်ကြီးများဖြင့် အုပ်ဆိုင်းထားသည့်တိုင် မိုးဒဏ်မှ ကင်းလွတ်ခြင်း မရှိတော့ဘဲ ရေနစ်ထားသော ကြွက်စုတ်ကလေးများသဖွယ် တုပ်တုပ်ရွှဲလျက် ရှိကြ၏။

ယာယီတည်းခိုစခန်းအဖြစ် စစ်သုံးမြေခင်းမိုးကာများကိုစု၍ လေးယောက်အိပ်တဲကလေး ထိုးထားခဲ့သဖြင့်သာ တော်ပေသေးတော့သည်။ ပါသမျှ အဝတ်အထည်များကလည်း မည်သို့မျှ သုံးမရအောင် စိုရွှဲလျက်ရှိပြီဖြစ်ရာ ခါးတွင် ဝတ်ဆင်ထားသည့် အဝတ်များအတိုင်း ငုတ်တုတ်ထိုင်၍ မိုးလင်းရမလို အခြေအနေက ဖန်တီးလျက် ရှိ၏။

မိုးဒဏ် လေဒဏ်ကြောင့် တစ်ကိုယ်လုံး ခိုက်ခိုက်တုန်လျက်ရှိကြရာ အအေးဒဏ်ကို ကာကွယ်ရေးအတွက် လေးဦးသား ကျောချင်းကပ်လျက် ထိုင်နေကြရပေသည်။ မြေခင်းမိုးကာက သည်မျှ မိုးဒဏ်ကို ခံနိုင်စွမ်း မရှိ၍လည်း မီးဖိုပင်လျှင် အိုင်ထွန်းလျက် ရှိရ၏။

သာမိုဓာတ်ဘူးထဲသို့ ညဦးပိုင်းက အမှတ်မထင် ဖျော်ထည့်ထားခဲ့သည့် ကော်ဖီခါးခါးကြောင့်သာ သည်အခြေအနေကို ကြံ့ကြံ့ခံနိုင်ခြင်း ဖြစ်ဟန်တူ သည်။ နံနက်လင်း၍မှ သည်မိုးမတိတ်ခဲ့လျှင် ကျွန်တော်တို့အဖို့ အတော်ကြီး အခြေအနေက ဆိုးဝါးလာမည် ဖြစ်ပေသည်။ မည်သို့ပင်ရှိစေ ယခု လောလောဆယ်အနေဖြင့် လူချင်းပူးလျက် ငုတ်တုတ်ထိုင်နေကြသည်မှတစ်ပါး မည်သို့မျှ တက်နိုင်သည် မဟုတ်ပါတကား။

ဝါသနာ၏ စေပါးရာသို့ မငြင်းဆန်သာ လုပ်ကိုင်ဆောင်ရွက်ခဲ့သည့် ကျွန်တော်တို့ မုဆိုးများအဖို့ သည်မျှ ရာသီကြမ်းကို ခံနိုင်စွမ်းရှိရမည်သာ။ အားလပ်သော ခွင့်ရက်များအတွင်း မုဆိုးများအဖို့ အကြီးအမားဆုံး ဟင်းလျာသားကောင်ဖြစ်သည့် ပြောင်အုပ်လိုက်ပွဲ နွဲခဲ့ကြခြင်းဖြစ်ရာ မိုးမရွာမီ တစ်ရက်ကမှ မတ္တရာကြိုးဝိုင်းအတွင်း ကားတစ်တန် လှည်းတစ်တန်၊ ခြေလျင်တစ်တန်ဖြင့် လာခဲ့ကြရ၏။

မတ္တရာအပိုင် ငွေအိုးကြီးတောင်ခြေ ခံတက်ချဉ်ရွာသားများ၏ သတင်းပေးချက်အရ ငွေအိုးကြီးတောင်ကြောပေါ်တွင် အကောင်သုံးဆယ်ထက် မနည်း သော ပြောင်အုပ် ရောက်ရှိနေပြီ ဖြစ်၏။

မိုးရာသီအတွင်း အုပ်သင်းဖွဲ့လျက် ကျက်စားသော တောကောင်ကြီးများနောက်သို့ လိုက်ရသည်မှာ ခက်ခဲခြင်း သိပ်မရှိလှချေ။ မိုးရွာထားသဖြင့် စိုစွတ် စွတ် မြေပျော့ပေါ်တွင် ကြီးမားလေးလံသော ကိုယ်လုံးကြီး၏ အလေးချိန်ဖြင့် ထင်ရှားသော သားကောင်ကြီးများ၏ ခြေရာကို တွေ့ ရှိနိုင်သည်။

အကယ်တန္တု ညဉ့်တွင် မိုးရွာထားလျက် နံနက် မိုးစဲအသွားတွင် ခပ်စောစော ခြေရာခြေခင်း လမ်းကြောင်းကို တိတိကျကျ တွေ့ ရမည်ဖြစ်ပေသည်။ ပြောင်နှင့် စိုင်လို အမဲကြီးများမှာ စားစားသွားသွား နားနားနေနေ အကောင်မျိုး ဖြစ်သဖြင့်တစ်ကြောင်း၊ အုပ်အသင်းအတွင်း အကောင်ငယ်ကလေးများ ရော နှောပါဝင်နေသဖြင့် တစ်ကြောင်း၊ ကလေးသားငယ်များကို စောင့်ဆိုင်း၍ ဖြည်းဖြည်းချင်း စားရင်းသွားတတ်၏။

စွတ်ကြောင်းကို ခြေရာခံမိလျှင် ဇွဲကောင်းသော မုဆိုးအဖို့ သားကောင်အုပ်ကို တွေ့သည်နှင့်မခြား သေချာလှပေသည်။

ခံတက်ချဉ်ရွာသားများ မျောတိုက်သွားရင်း ငွေအိုးကြီးတောင်ကြောမှ ပြောင်အုပ်နှင့် တိုးခဲ့မိသည်မှ အစပြုလျက် ကျွန်တော်တို့ မန္တလေးမုဆိုးတစ်စုက ငွေအိုးကြီးတောင်ကြောပေါ်သို့ ရောက်ရှိလာခဲ့ကြရပြီ ဖြစ်ပါသည်။

ကျွန်တော်တို့အုပ်စုတွင် ကျွန်တော်၊ မန္တလေးမုဆိုးကျော် မွတ်တား၊ ကိုဘသိန်း၊ ကိုတင့်ဆွေနှင့် ရေဝန်ရုံး စာရေးကြီး ဦးဖေမောင်တို့ ပါဝင်ကြ၏။

ဘဘိုးရကမူ ငွေအိုးတောင်ကြောကို နောနေအောင် ကျေပြီးဖြစ်၍ ရွာခံလမ်းပြမပါဘဲ ကျွန်တော်တို့ချည်းသာ ထွက်လာခဲ့ခြင်း ဖြစ်ပေသည်။ တောင်ကြောပေါ် ရောက်ခဲ့ကြပြီးနောက် စခန်းချရပ်နားရန် မိုးကာတဲထိုးပြီးသည်မှစလျက် မိုးသည် တဖြောက်ဖြောက် ရွာလာခဲ့၏။

ထိုမှ တစ်ရက်ခွဲလုံးလုံး အဆက်မပြတ် ရွာလာခဲ့သည်ဖြစ်ရာ တောအပြင်သည် ရေဖြင့် ပြည့်လျက်ရှိခဲ့ရ၏။

ဘိုးရကမူ သည်နေရာထက် စခန်းသာရာနေရာကို ရှာဦးမည်ဟုဆို၍ ညနေပိုင်းကပင် ထွက်သွားခဲ့လေသည်။ ညဉ့်နက်သည်နှင့်အမျှ မိုးက ပိုမိုပြင်းထန်ခဲ့ပြီး လေကပါ တဝုန်းဝုန်း ထန်လာခဲ့၏။ အဘိုးကြီးက သည်မျှ လေထန် မိုးကြီးသည့်ကြားမှ စခန်းသို့ ပြန်လာတော့မည် မထင်ပါချေ။

ချောင်ကောင်းကောင်းတွင် မိုးအေးအေးနှင့် ကွေးပြီး နံနက်လင်းမှသာ ပြန်လာတော့မည်ကား သေချာလှ၏။ လေသည် မိုးစိုနေသော အဝတ်များကို ထွင်းဖောက်၍ အသားသို့တိုင် တိုက်ခတ်လာသည်။ လူငွေ့ဖြင့် အနွေးဓာတ်ရှိစေရန် အချင်းချင်း ပူးကပ်လျက် တိုးဝှေ့ထိုင်နေကြရ၏။ တစ်စတစ်စနှင့် မိုးနှင့် လေက လျော့ပါးလာသည်။

အရုဏ်တက်စပြုချိန်တွင်မူ လေက လုံးဝ ငြိမ်သွားပြီး မိုးနှင်းကလေးများသာ ကျန်ရစ်ခဲ့ပေသည်။ ရောင်နီပျိုးလာလျှင်ပင် မိုးက တိတ်သွားခဲ့၏။ ငွေအိုး တောင်ကြောတစ်ခွင်ကား မိုးသောက်ရောင်ခြည်အောက်တွင် စွတ်စိုလျက် ကျန်ခဲ့ပြီ ဖြစ်၏။

မေးချင်းရိုက်လျက် ရှိရာမှ လေးဦးသား ကမန်းကတန်းထလျက် မီးဖိုတစ်ဖို ရရှိရေးကို ဝိုင်းဝန်းကြိုးပမ်းကြရ၏။ တောတစ်ခွင်လုံး မိုးရေဖုံးလျက် ရှိသဖြင့် မီးဆိုက်ရန်၊ ထင်းခြောက်ရရန် များစွာ ခက်ခဲလျက် ရှိရ၏။

သို့သော် မှန်အိမ်အတွက် ရေနံဆီကိုသုံးလျက် မီးမွေးကြ၏။ နာရီဝက်ခန့် ကြာလျှင်ပင် မီးပုံတစ်ပုံ ရရှိခဲ့ကြလေသည်။ ရတတ်သမျှ ကိုင်းခြောက်များအား မီးရှိန်ဖြင့် အခြောက်ကင်လျှင် နံနက်စာအတွက် ကော်ဖီကျကျတစ်အိုး နှပ်ပြီးမှပင် ဘိုးရက ခပ်ကုပ်ကုပ်ကလေး ပြန်လည်ရောက်ရှိလာခဲ့၏။

“ဟော အဘိုးကြီး လက်ဖက်ရည် အမီကလေးပဲ၊ လာ … လာ ၊ ညက ဘယ်သွားခွေနေလဲဗျို့”

စာရေးကြီးက ဘိုးရအား လှမ်းနှုတ်ဆက်ရင်း ကော်ဖီခွက်ကို လှမ်းပေးလိုက်သည်။ ဘိုးရသည် လက်ထဲမှ ဒသမ ၄၂၃ မော်ဇာရိုင်ဖယ်ကို သစ်ပင်တွင် မှီ၍ ထောင်လိုက်ပြီး ကော်ဖီခွက်ကို လှမ်းယူလိုက်၏။ ကော်ဖီကိုမှုတ်၍ တစ်ရှုပ် သောက်လိုက်ရင်း . .

“ဟာဗျာ စခန်းကောင်း တွေ့လို့ဗျို့၊ မိုးချလာတာနဲ့ အဆင်ကြည့်ရတာ စိတ်မချလို့ ခိုနေလိုက်တာ။ တော်သေးတာပေါ့၊ နို့မို့ရင်လား ခင်ဗျားတို့ဆီ လက် ပစ်ကူးပြီး ပြန်လာရမှာ သေချာတယ်”

“စခန်းသစ် ဟုတ်လား၊ ဆိုစမ်းပါဦး ဘယ်နေရာလဲလို့”

ကိုတင့်ဆွေက ဘိုးရအား လှမ်းမေးလိုက်၏။

“သိပ်မဝေးပါဘူး၊ ငွေအိုးတောင်ကြော မြောက်ဘက်ထိပ်ပဲ။ လေရော မိုးရော စိတ်ချရသဗျ။ စခန်းကောင်းပါပဲ။ ခင်ဗျားတို့ ကြိုက်မှာပါ။ နေပွင့်ရင် ရွှေ့ကြတာပေါ့”

“ကောင်းသားပဲဗျာ၊ ဒီမတော့ တစ်ညလုံး ငုတ်တုတ်ထိုင်ပြီး ကြွက်စုတ်ဖြစ်နေတာ မြင်တဲ့အတိုင်းပဲ။ ရွှေ့ဆို စောစောရွှေ့ပြီး ခြေရာလိုက်ကြရအောင်”

မွတ်တားက ဝင်ရောက် လောဆော်လိုက်ပေသည်။ ကျွန်တော်ကပင် အဘိုးကြီးအား လောပေးလိုက်ရ၏။

“ရွှေ့ဆိုလည်း စောစော ရွှေ့ကြတာပေါ့ဗျာ။ မနက်စာလည်း ဟိုကျမှပဲ ချက်ကြတာပေါ့။ အချိန်ရှိခိုက် လုံ့လစိုက်လိုက်ကြရအောင်”

တစ်ဖွဲ့လုံး အချိန်မဖြုန်းကြဘဲ တဲကလေးကိုဖျက် ၊ ပစ္စည်းပစ္စယများ သိမ်းဆည်းထုပ်ပိုး၍ စခန်းရွှေ့ရန် ဝိုင်းဝန်းလုပ်ကိုင်ကြရ၏။ တောင်ကြောသည် ကျယ်ဝန်းပြန့်ပြူးသော လွင်ပြင်ဖြစ်သည်။ ညမိုးက လမ်းခရီးကို ချော်နေအောင် တမင် ဖန်တီးထားသလို ရှိသည်။ အိသောမြေပျော့ ဖြစ်သဖြင့် နင်းလိုက်တိုင်း ရွှံ့က ဖိနပ်တွင် အစိပ်သားလောက် ကပ်ပါလာပြီး
တဗိုင်းဗိုင်း ချော်လဲခဲ့ရလေသည်။

မကြာမီ ကျွန်တော်တို့က ကျောက်ထူထပ်သော အပိုင်းသို့ ရောက်လာခဲ့ရ၏။ သည်နေရာတွင် ကျောက်တုံးများက ကျဲပြန့်လျက်ရှိပြီး သစ်ပင်ကြီးများ ပါးရှားလှ၏။ ကျောက်တုံးများကို ကျော်လွှားလျက် တစ်ဖက်ရပ် တဲသဏ္ဌာန် အုပ်မိုးလျက်ရှိသော ကျောက်တုံးများရှိရာသို့ ဘိုးရက ကျွန်တော်တို့အား ခေါ် ဆောင်သွားခဲ့ပြီး နေရာချထားလေသည်။

“ခု ကျုပ်တို့ စခန်းနေရာဟာ ငွေအိုးကြော မြောက်ဘက်ထိပ်ပဲ။ ဒီကနေ ကြောအတိုင်း ဆင်းလိုက်ရင် ကညင်ပင်ရေထွက်ပဲ။ ဝါးရုံတောနဲ့ တောငှက်ပျော ထူလို့ စိမ့်မြိုင်တောင်ဘက် နွေဆိုရင်တော့ အမဲကြီးပေါဗျာ။ ဒါပေမယ့် ခုပြောင်အုပ်က ဒီထဲဘက် ရှိပုံမပေါ်ဘူး။ မိုးနှိပ်စက်လို့ လွင့်ကုန်မှာ အမှန်ပဲ”

ဘိုးရသည် ဆေးလိပ်တိုကို မီးညှိလျက် ရှူဖွာလိုက်၏။ ပြီးမှ ဆက်လက် စကားစပြန်သည်။

“လွင်သာတာဟာ ငွေအိုးကြောခုလပ်က ကျောက်ကျင်းပဲ ရှိတယ်။ တောက်လျှောက် တောင်ကြောကိုပတ်ပြီး ဒီဘက် ကညင်ပင် ရေထွက်အထိပေါ့ဗျာ။ ဝါးပင်ပေါတယ်၊ အလေ့ကျ ဝါးပိုးတွေပေါက်တယ်။ ဝါးပိုးမျှစ်ကလည်း ထွက်စဆိုတော့ ပြောင်အုပ် ဒီထဲ ခိုနေမှာအမှန်ပဲ။ ဒီတော့ လူစုခွဲပြီး လည်ကြစို့”

“လမ်းက ကျုပ်တို့ ကျွမ်းမှ မကျွမ်းဘဲ၊ လူစုခွဲလို့ ဖြစ်ပါ့မလား ဘိုးရရဲ့”

ကိုတင့်ဆွေက ဝင်မေးလိုက်၏။

“ဟာဗျာ လူစိမ်းနဲ့ဆို ကျုပ်က လိုက်ရမှာပေါ့။ သုံးဖွဲ့ခွဲလိုက်မယ်လေ။ နှစ်ဖွဲ့က အခရာပါပဲ။ ကျောက်ကျင်းဘက်ကို ဆင်းဖို့က ကျုပ်ရယ်၊ ဦးတင့်ဆွေ ရယ်ဗျာ။ ခု စခန်းကနေပတ်ပြီး ကညင်ပင်ရေထွက် ပြန်လှည့်ဖို့က အာစရိနဲ့ စာရေးကြီးဗျာ။ အဲ ကိုဘသိန်းကတော့ ကြောအတိုင်း တည့်တည့်ကြီး အပေါ်စီး က အယောင်ပြဆင်းလာရင် အလိုက်သင့်ပါပဲ။ နောက်ဆုံး ကညင်ပင်ရေထွက် ရောက်လာမှပေါ့။ ကိုင်း အချိန်သိပ်မရှိဘူး၊ထွက်ကြရအောင်”

ဘိုးရက ရှင်းပြရင်း ပြောင်အုပ်အား အပိုင်ပစ်ခတ်ရေးအတွက် ပြင်ဆင်ခဲ့​၏။

လွန်ခဲ့သော တစ်ရက်ခွဲလုံးလုံး မိုးရွာသွန်းခဲ့သည့်တိုင် ယခုအချိန်တွင်မူ နေသည် ကြည်ကြည်လင်လင် ထွန်းတောက်ပွင့်လင်းလျက် ရှိသည်။

ရေတစွတ်စွတ် မိုးတစိုစိုမှ ယခုကဲ့သို့ ဥတုသာယာလှသည့် အခိုက်အတန့်မျိုးတွင် သားကောင်များ မြူးထူးပျော်ပါးစွာ လှည့်လည်ကြမည်မှာ ယုံမှားစရာ မလိုပေ။

စွတ်စိုသော မိုးရေအောက်တွင် မိုးလုံလေလုံ ချောက်ကြိုမြောင်ကြား ကမ်းပါးတစ်နေရာရာတွင် ခိုအောင်းလျက် အစာရှာမထွက်ဘဲ အောင်းနေတတ် သော သားကောင်များအနေဖြင့် ရာသီဥတု ကြည်လင်သည်နှင့်တစ်ပြိုင်နက် ခိုအောင်းရာမှထွက်ကာ အစားအစာ ရှာဖွေတော့သည်မှာ သဘာဝပင် ဖြစ် သည်။

ကျွန်တော်တို့က စောစောက တိုင်ပင်စီစဉ်ကြသည့်အတိုင်း ကိုယ်စီလက်နက်များ ကောက်လွယ်ကာ တောတွင်းသို့ ခြေရာရှာထွက်ခဲ့ကြ၏။ ဘိုးရနှင့် ကိုတင့်ဆွေက ကျောက်ကျင်းဘက်သို့ လက်ယာတောင်ကြောမှ လှည့်ဆင်းလာခဲ့ကြ၏။

မွတ်တားကမူ နားနားနေနေ ကျန်ခဲ့ပြီး အတော်ကြာမှပင် အထက်ကြောအတိုင်း ထွက်လာမည် ဖြစ်ပေသည်။

ငွေအိုးကြီးတောင်ကြောအနေအထားမှာ အလျားခြောက်မိုင်ခန့် ရှည်လျားလျက် အနံလေးမိုင်ခန့်ရှိပြီး အင်းတိုင်ဆန်ဆန် တောများသာ ဖြစ်သည်။ နေရာတကာတွင် ကျောက်တုံး ကျောက်လုံးများ ကျဲပြန့်လျက်ရှိပြီး ကမ်းပါးယံနှင့် ချပ်ကြားထူထပ်လှသည်။

ကညင်ပင်ရေထွက်မှာ ဆယ့်နှစ်ရာသီပတ်လုံး ရေစမ်း ရှိခြင်းကြောင့် သီးပင်စားပင်များမပြတ် စိမ်းစိုလျက်ရှိသည်ဖြစ်ရာ မတ္တရာကြိုးဝိုင်းတစ်ခွင်လုံးမှ အမဲသားကောင်များ အခါမလပ် ခိုအောင်းလျက် ကျက်စားရာ စခန်းကောင်း ဖြစ်လေသည်။

ငွေအိုးကြီးကြောနှင့် ဆက်လျက် ငွေအိုးကလေး၊ ကုက္ကိုအိုင့်၊ ပါပု စသည့် တောင်ကြောများက တည်ရှိရာ အမဲကြီးများကျက်စားရာ ခရီးကောင်းကြီးအဖြစ် ထင်ရှားလှ၏။

အလေးချိန် ရှစ်ပေါင်ကျော်ရှိလျက် အမဲကြီးပစ်ရာတွင် အလွန်ကောင်းလှသော ဝက်စတနာ အလစကန် ဒသမ ၃၇၅ အိပ်ချ်အဲန်အိပ်ချပ်မက်ဂနမ် ရိုင်ဖယ်ကို ကျည်ငါးတောင့်နှင့်လွယ်ကာ ကျွန်တော်က ဦးဆောင်လျက် စခန်းမှ ထွက်ခွာလာခဲ့ကြ၏။

ကိုယ်ခန္ဓာပေါင်ချိန် တစ်ရာ့တစ်ဆယ်ခန့်သာရှိသည့် ခပ်ပိန်ပိန် စာရေးကြီးကမူ သူ အမြဲတမ်း ကိုင်ဆောင်နေကျ ရန်ကြီးအောင်နှစ်လုံးပြူးဖြင့် လိုက်ပါ လာခဲ့ပေသည်။

နေရောင်အောက်တွင် စွတ်စိုစို မြေပျော့များအား နင်းလျက် အမဲရှာထွက်ရသည်မှာ ရွှင်မြူးဖွယ်ဖြစ်၏။

ချက်ကို တောစီးဖိနပ်က သည်နေရာမျိုးတွင် အသက်။ အသံမရှိ နင်းလိုက်တိုင်း ခြေသံလုံလှပေသည်။

စထွက်သည်နှင့် ပြောင်းရင်းအတွင်းသို့ ၃၇၅ မက်ဂ နမ် ကျည်တစ်ထောင့်ကို မောင်းတုံးကို နောက်သို့ဆွဲလျက် ရှေ့သို့ တွန်းပို့လိုက်ပြီး သော့ကို လက်မဖြင့် ပိတ်လိုက်သည်။

ဒင်အသေးပိုင်းမှ လက်ဖြင့်ဆုပ်လျက် ညာပခုံးပေါ်တွင် ရိုင်ဖယ်ကို ပြောင်းပြန်လှန်၍ ထမ်းလိုက်ပြီး မြေအနေအထားကို အကဲခတ်လျက် ကျွန်တော်က ရှေ့ဆောင်၍ ထွက်လာခဲ့ကြ၏။ ခပ်အေးအေး စာရေးကြီးကမူ နောက်မှ နှစ်လုံးပြူးကို ကန့်လန့် ဇော်ထမ်း ထမ်းရင်း လိုက်ပါလာလေသည်။

မှန်ကန်သော အနေအထား ဖြစ်၏။ နှစ်လုံးပြူး ၁၂ ဗို့ သေနတ်များက မောင်းဖုံး အမျိုးအစားပင်ဖြစ်စေ၊ (ဟန်းမား)တွတ်ပီ အမျိုးအစားပင် ဖြစ်စေ မည်မျှပင် သော့ကို ပိတ်ထားစေကာမူ စိတ်ချရသည် မဟုတ်ပေ။ သွားရင်းလာရင်း အခက်အခဲ ကျော်နင်းရင်းက သော့ကို မတော်တဆထိခိုက်မိလျှင်ပင် မောင်းပြုတ်ရန် အသင့်ဖြစ်လျက် သစ်ကိုင်းသစ်ခက် စသည်တို့နှင့် ငြိသည်နှင့် ‘ဒိုင်း’ခနဲ ထွက်သွားနိုင်သည်သာ။

ပြောင်းရွှေ့ထား၍ ခလုတ်ကန်သင်း တစ်ခုခုကို ထိမိခိုက်မိ၍ မောင်းပြုတ်သွားခဲ့သည်ဆိုပါမူ ရှေ့မှ မုဆိုးအဖို့ ကျောမှဝင်၍ ရင်မှ ပွင့်ထွက်သွားနိုင်သည် သာ။

ရှေ့နောက် တောလမ်းအတိုင်း တောဝင်သည့်အခါ ပြောင်းဝကို မိမိရှေ့သို့ မလှည့်ဘဲ နောက်ဘေးသို့ လည်းကောင်း၊ တစောင်းသော် လည်းကောင်း လှည့် ထားသင့်ပေ၏။

ဆင်ခြေလျှောအတိုင်း ကျောက်တုံးကျောက်ခဲများကို ဖြတ်သန်းကျော်နင်းလျက် ငွေအိုးကြီးတောင်ကြောကို လက်ယာဘက်မှ ပန်း၍ ဆင်းလာခဲ့သော ကျွန်တော်တို့က တစ်နာရီသာသာခန့်အထိ ခြေရာခြေကြောင်း တစ်ခုတလေမှ မတွေ့ ရသေးဘဲ ရှိ၏။

မြေအနေအထားသည် ခပ်စောစောပိုင်းကလို ပြေပြေပြစ်ပြစ် မရှိလှတော့ဘဲ လွင်လိုလို ကျောက်တုံးလိုလို ဖြစ်လာသည်။ အင်ပင်ပေါက်ကလေးများ ခပ်ကျဲကျဲရှိရာမှ ဝါးရုံအုပ်များရောလျက် တောရှုပ်စ ပြုလာသည်။ နေရောင်ကြောင့် ထွေးထွေးနွေးနွေး ရှိရာမှ စိမ့်၍ အေးသယောင်ယောင် ရှိလာသည်။ မြိုင်ဆန်သော ကျောက်ကျင်းနယ်နိမိတ်သို့ ဝင်စပြုလာသည်။

စာရေးကြီးအား ကျွန်တော်က မြေပြင်ကို ဂရုစိုက်ရန် မျက်ရိပ်ပြလျက် နှစ်ဦးသား ခပ်ကျဲကျဲ ခွာလျက် ရင်ပေါင်တန်း တက်လာခဲ့ကြသည်။ မြေပြင်သည် မိုးဒဏ်ကြောင့် ပျော့လျက်ရှိပြီး မြေစာမြက်ပါးပါးကလေးဖြင့် လွှမ်းခြုံထားသည့်အလား စိမ်းစိုလျက်ရှိ၏။

နေရာအနှံ့ သားကောင်ငယ်ကလေးများဖြစ်သော ချေ၊ ဒရယ်များ၏ ခြေရာ၊ ဝက်ခြေရာ စသည်တို့ ရှုပ်ထွေးလျက် တွေ့ရသည်။ မိုးရွာပြီးစ မြေပျော့ ပေါ်တွင် ထင်လျက်ရှိသဖြင့် ထင်ထင်ရှားရှား တွေ့မြင်နေရ၏။

ယင်းခြေရာ ခြေကြောင်းများအတွင်း ကျွန်တော်တို့က ကြီးမားဝိုင်းစက်သော ခြေရာခွက်ကြီးများကိုသာ ဂရုတစိုက် တငုံ့ ရှာဖွေလျက်ရှိရ၏။ မြိုင်တွင်းသို့ ဝင်မှန်းမသိ ဝင်လာခဲ့ကြရာမှ လွင်သည် ပြန့်ပြူးသည်ထက် ပြန့်ပြူးလာသည်နှင့် ကျွန်တော်က စာရေးကြီးအား မျက်ရိပ်ပြ ပြန်ခေါ်လျက် ၎င်း၏ နားနားသို့ ကပ်၍ လေသံကလေးဖြင့် ပြောလိုက်ရ၏။

“အတွင်းဘက်ကျလေလေ ပြောင်အုပ်နဲ့ နီးလေလေပဲ ထင်တယ်။ အမဲခြေရာတွေလည်း ထပ်လာပြီ။ ခင်ဗျားနဲ့ကျုပ် ခပ်ကျဲကျဲခွာပြီး ရှာကြစို့။ မြင်သာ အောင်လည်း နေတာပေါ့။ ခြေရာတွေ့ ရင် လေချွန်လိုက်၊ ဟုတ်ပလား”

စာရေးကြီးက အသာအယာ ခေါင်းညိတ်ပြလိုက်သည်။ ကျွန်တော်က ဆက်၍ ပြောရပြန်သည်။

“အဲ တစ်ခုတော့ရှိရဲ့၊ လမ်းကတော့ သွားစရာမရှိဘူး၊ ကြောအတိုင်းပဲ ကျောက်ကျင်းဆုံးရင် ကညင်ပင်ရေထွက်ရောက်ကရောပေါ့၊ ကိုင်း ထွက်ကြစို့”

ရင်ပေါင်တန်း၍ တစ်လှမ်းချင်း ထွက်ခွာလာကြရာမှ တစ်ချက်တစ်ချက် စာရေးကြီးဘက်သို့ လှမ်းကြည့်လိုက်မိသည်။ စာရေးကြီးအား ရန်ကြီးအောင် နှစ်လုံးပြူးကို အသင့်အနေအထားဖြင့် ဝါးရုံများအကွယ်တွင် တကုန်းကုန်း တွေ့လိုက်ရ၏။

သို့နှင့် စိတ်ချလက်ချ ခြေရာကိုရှင်းရင်း ရှေ့သို့ တဖြည်းဖြည်း တက်လာခဲ့မိသည်။ ငြိမ်လျက်ရှိသောလေသည် ဝါးရွက်ကလေး တစ်ရွက်တလေကိုသော်မှ လှုပ်ရှားခြင်း မရှိဘဲ မြုံနေဟန်တူသည်။

ကြသောင်းဝါးရုံများကို ကျိုးတိုးကျဲတဲ တွေ့နေရပြီးနောက် ဝါးပိုးရုံများအကြားသို့ တစ်စထက်တစ်စ ကျွန်တော်တို့ တိုးဝင်ရောက်ရှိလာသည်။

ပေါင်လယ်လောက်အထိ မရှိတတ် ရှိတတ် မျှစ်စို့ကြီးများကို ဝါးရုံများအခြေတွင် ထိုးထိုးထောင်ထောင် တွေ့နေရသည်။ မျှစ်စို့များ အထဲတွင် ဝါးပိုးမျှစ်သည် အလွန်နူးညံ့၍ ချိုလှ၏။ ယင်း မျှစ်စို့ကြီးများကို အမဲကြီးများ နှစ်သက်လှသည်ဖြစ်ရာ ဝါးပိုးရုံ တစ်ရုံကိုဖြတ်၍ ညာဘက်သို့ ပန်းတက်လိုက်မိသည်နှင့် ကျွန်တော်၏နှလုံးသည် ဒိုင်းခနဲ ခုန်သွားရပေသည်။

ဝါးပိုးရုံအခြေ မြေပေါ်တွင်ကား လတ်လတ်ဆတ်ဆတ် မျှစ်ကြောဖြူဖြူများ ကျဲပြန့်လျက်ရှိပြီး ပန်းကန်ပြားလေးတစ်ချပ် မြေပြင်ပေါ်တွင် ချထားသည့် အလား ကြီးမားဝိုင်းစက် ခပ်ခွက်ခွက် ပြောင်ခြေရာများကို ရှင်းလင်းပြတ်သားစွာ ကျွန်တော် တွေ့လိုက်ရ၏။

ခြေရာများသည် တစ်ကောင်တည်းသော ပြောင်ခြေရာများဖြစ်ကြောင်းကို ညီညာသော ၎င်းတို့၏ အတိုင်းအထွာအရ သိရှိခဲ့၏။ အိလျက်ရှိသော မြေပေါ်တွင် နက်နက်ထင်လျက်ရှိပြီး ဝါးရုံအခြေမှ မျှစ်ကို စိမ်ပြေနပြေ တမြုံမြုံ စားသွားကြောင်း ငုတ်တိုကလေးသာရှိသော မျှစ်ကြောကလေးက သက်သေခံ လျက် ရှိလေသည်။

ခြေရာသည် ငွေအိုးကြီးကြောအတိုင်း ကျောက်ကျင်းအပြင်ပိုင်း ညာဘက်သို့ ဦးတည်လျက်ရှိသည်။

ခံတက်ချဉ်သားများ အဆိုအရ သုံးဆယ်ထက် မနည်းသော ပြောင်အုပ်ဆိုလျှင် ယင်းသို့ ကျွန်တော် တွေ့ ရသည့် တစ်ကောင်တည်း ကွဲလျက်ရှိသော ခြေရာရှင် ပြောင်ကြီးက အဘယ့်ကြောင့် ထီးတည်း ရှိရလေသနည်း။

အတွေးမှ မဆုံးသေးမီ ရှေ့ခပ်လှမ်းလှမ်းမှ ဖြောင်းခနဲ အသံတစ်ချက်ကို ကြားလိုက်ရ၏။ လျင်နေသော ကျွန်တော့်နားများက အသံကို တိတိကျကျ အဖြေအဖြစ် ခွဲခြားပြနိုင်ပေသည်။

သင်းကွဲ ပြောင်ထီးပိုးကြီးကဖြင့် ရှေ့တွင် မျှစ်ချိုးလျက် ရှိနေချေပြီ ဖြစ်သည်။ ဘယ်ဘက်တောအတွင်း လှမ်းကြည့်လိုက်သည့်တိုင် စာရေးကြီး၏ အရိပ် အယောင်ကို မမြင်ရဘဲ ရှိသဖြင့် ကျွန်တော်က စောင့်ဆိုင်း မနေတော့ဘဲ ရိုင်ဖယ်သော့ကို အသာအယာတွန်းလျက် သေနတ်ကို အသင့်ကိုင်ကာ တစ်လှမ်း ချင်း တက်သွားရ၏။

တောအတွင်း ဆက်လျက်ရှိသော ဝါးပိုးရုံများကြောင့် မြင်ကွင်းကျဉ်းလှသည်။ ကိုက်ငါးဆယ်အတွင်း လုံးဝ မမြင်ရဘဲ ဆယ်ကိုက်ပတ်လည်ကိုပင် ဝါးပိုး ပင်များအကြားမှ ကျိုးတိုးကျဲတဲ တွေ့မြင်ရသည်။

ရှေ့သို့ တဖြည်းဖြည်း နီးလာလေလေ မျှစ်စားနေသော ပြောင်ကြီးအသံက ကျယ်လာလေလေ ဖြစ်သည်။ မျှစ်ကို တဖြုတ်ဖြုတ် ဖြတ်ဆွဲ စားသောက်နေသံအပြင် ဖူးခနဲ … ဖူးခနဲ နှာမှုတ်သံကြီးကိုပင် တိတ်ဆိတ်လျက်ရှိသော တောအတွင်း ကျယ်ကျယ်လောင်လောင် ကြားရသည်။

ခြေကိုဖွနင်းလျက် ကျွန်တော်က ထီးပိုးကြီးအသံ ကြားရာနေရာသို့ တစ်စ တစ်စ တက်လျက်ရှိသည်။ ရုတ်ခနဲ ခွာဖြင့် မြေကြီးကို ခုတ်သံတစ်ချက် ကြား လိုက်ရပြီးနောက် ထီးပိုးကြီးထံမှ အသံတိတ်သွား၏။

ထီးပိုးကြီးက ရန်သူအနံ့ ရသွားလေပြီလား မဆိုနိုင်ပေ။ ဝါးပိုးပင်များကို ကွယ်၍ တစ်လှမ်းချင်း ဖြည်းဖြည်းကလေး တက်လာသော ကျွန်တော်က စောစောက နှာမှုတ်သံကြားလိုက်ရသည့်နေရာနှင့် အနီးဆုံး ဝါးပိုးရုံအုပ်ကြီးအတွင်းသို့ ဝင်လျက် ရှေ့သို့ လှမ်းကြည့်လိုက်မိ၏။

ရှေ့ ပေသုံးဆယ်ခန့်အတွင်း ခပ်ကျဲကျဲ ဝါးပိုးရုံတစ်ရုံကို တွေ့ရပြီး ဝါးရုံအခြေ၌ကား နက်မှောင်သော ကိုယ်ထည်ကြီးဖြင့် ကျွန်တော့်ဘက်သို့ ခွာအစုံကို ခပ်ကျဲကျဲထားလျက် ငူငူကြီး ရပ်နေသော ပြောင်ထီးပိုးကြီးတစ်ကောင်ကို တည့်တည့်ကြီး လိုက်ရလေသည်။

တစ်ဖက်တစ်ချက်ကားလျက် ပစောက်သဖွယ် ကြီးမားလှပြီး အဖျားပိုင်းတွင် ဖြူဖွေးချွန်မြနေသည့် ဦးချိုကြီးကိုပင့်လျက် အကဲခတ်နေပုံရ၏။

ကြီးပေါင်း တက်လျက်ရှိသည့်အလား ဖြူညစ်ညစ် ကြာကွက်ကြီးအောက်မှ တောက်ပြောင်လျက်ရှိသည့် မျက်လုံးအစုံကို ကျွန်တော် မျက်လုံးများက ရင်ဆိုင်လိုက်ရသည့် ခဏတွင် ဖူးခနဲ နှာမှုတ်သံတစ်ချက်ကို ကြားလိုက်ရ၏။

တစ်ဆက်တည်း ထီးပိုးကြီးသည် ကြိမ်တို့လိုက်သည့် မြင်းတစ်ကောင်လို ဝေါခနဲ ကျွန်တော့်ထံ ထိုးတက်လာလေသည်။

“ဒိုင်းခနဲ … ဒိုင်းခနဲ” ဆက်တိုက် သေနတ်သံနှစ်ချက် ကြားလိုက်ရပြီးနောက် အရှိန်အဟုန်မပျက် တည့်တည့်ကြီး ပြေးဝင်လာသော ထီးပိုးကြီးအား ကျွန်တော် က ဒသမ ၃၇၅ ရိုင်ဖယ်ကို ပြောင်းထိုးပစ်ချလိုက်၏။

နောက်တစ်ချက် ထပ်ပစ်ရန် မောင်းတံကိုမ,၍ နောက်သို့ ဆွဲထုတ်လိုက်သည့်အချိန်တွင် ကျွန်တော် ဝင်ရောက်လျက်ရှိသော ဝါးပိုးရုံကို ပြောင်ကြီးက ဝင်တိုက်လာပြီ ဖြစ်သည်။

ကျွန်တော့် အခြေအနေမှာ ပတ်လည်တစ်တောင်ထက် မသေးသော ဝါးပိုးပင် နှစ်ဆယ် အစိတ်ခန့် ဝါးရုံအတွင်းမှ ဖြစ်သဖြင့် ပြောင်ကြီးက ဝင်ရောက် တိုက်ခိုက်လာသည့်တိုင် ရှေ့တွင် ဝါးပိုးပင်ကြီးများ ခံလျက်ရှိသဖြင့် အခိုက်အတန့် လုံခြုံလျက်ရှိသည်။

သို့တိုင် မီးရထားခေါင်းတွဲကြီးတစ်စီးလို အရှိန်အဟုန်ဖြင့် ဒိုင်းခနဲ ဝင်ဆောင့်လိုက်သည့် အင်အားကြောင့် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်မိသည်။ ကျွန်တော်သည် မျှစ်စို့ပေါက်တစ်ခုကို တိုက်လျက် လဲကျသွားခဲ့ရ၏။

သေနတ်သည်လည်း လဲကျသွားသည့်အရှိန်ကြောင့် ဝါးပိုးကိုပင် ကန့်လန့် ရိုက်၍ လက်မှ လွတ်ထွက်သွားလေသည်။

ရှုပ်ထွေးလျက်ရှိသော ဝါးပင်များအကြားသို့ ကျွန်တော်က လဲကျသွားရပြီး အလျားလိုက်ရှိသော ဝါးပင်များအကြားသို့ အရှိန်ဖြင့် ပြေးဝင်လာသော ပြောင်ထီးပိုးကြီးသည်လည်း ဝါးရုံကြားအတွင်းသို့ ရှေ့လက်နှင့် ခေါင်းပိုင်းကျွံလျက် ဝင်လာခဲ့ပြီး ကြီးမားလေးလံသော ကိုယ်ထည်ကြီးက ညွှတ်လျက် ကျလာခဲ့ပေသည်။

ထီးပိုးကြီးသည် ဝါးရုံကြားတွင် ညပ်လျက်ရှိသော လက်တစ်ဖက်နှင့် ခေါင်းကို ဖူးခနဲ ဖူးခနဲ နှာမှုတ်၍ ရုန်းကန်နေသည့်တိုင် လွတ်ထွက်သွားခြင်း မရှိဘဲလရုန်းအားပျော့လာပြီးနောက် ရှေ့ဒူးညွှတ်လျက် ကျသွားခဲ့ရ၏။

ပါးစပ်တွင်းမှ လည်းကောင်း၊ နှာသီးများမှ လည်းကောင်း ပွက်ခနဲ ပွက်ခနဲ သွေးများ အန်ကျ လာသည်။

ပက်လက်လန် လဲလျက်ရှိသော ကျွန်တော်၏ ရင်ဘတ်ပေါ်တွင် သွေးစက်များက ပုံလျက်ရှိသည်။ ရင်အထက် လက်တစ်ကမ်းအလွန်တွင် ပြောင်ကြီး၏ ခေါင်းကြီးက ဝါးပိုးပင်ညပ်လျက် ဝင်နေသည်ဖြစ်ရာ လက်ကိုဆန့်၍ ထုတ်လိုက်သည်နှင့် ထီးပိုးကြီး၏ အောက်မေးကို စမ်းသပ်မိခဲ့ရ၏။

ပွက်ခနဲ သွေးတစ်ပုံက ထီးပိုးကြီး၏ပါးစပ်မှ ထွက်ကျလာခဲ့ပြီးနောက် လှုပ်ရှားမှု မရှိတော့။

စိုက်၍ကျလာသော ပြောင်ကြီး၏ ခေါင်းပိုင်းသည် ဝါးပိုးပင်နှစ်ပင်ကြားမှ အောက်ခြေသို့ အိ၍ ကျလာသည်။ ကျွန်တော့်အဖို့မှာမူ ရှေ့သို့လည်း တိုး၍မရ၊ ခြေမလှည့်သာ ခေါင်းမလှုပ်သာသည့် အကျပ်အတည်း အကြားတွင် ရောက်ရှိနေချေပြီ ဖြစ်သည်။

ထီးပိုးကြီး၏ အောက်မေးမှ လက်နှစ်ဖက်ကို တံတောင်နှစ်ဖက်ထောက်၍ တွန်းကန်ထားရာမှ တစ်စတစ်စ လေး၍လာသော အလေးချိန်ကြောင့် ဇောချွေးများပင် ပြန်လျက်ရှိရ၏။

သည်မျှ အလေးချိန်ကြီးအား ကျွန်တော် မည်မျှ ခံနိုင်ပါမည်နည်း။ ကြီးမားသော ပြောင်ကြီးက ရင်ဘတ်ပေါ်တွင် တဖြည်းဖြည်း ဖိကျလာသည် ဖြစ်သဖြင့် အသက်ရှူကျပ်လျက် မျက်လုံးများပင် ဝေလာရ၏။

“ဟာ ဒုက္ခပဲဗျို့၊ လက်ပြင်ကို ခြောက်လုံးကျည် နှစ်တောင့်လုံး သွင်းထားတာတောင် ငနဲက မလဲဘဲကိုးဗျ၊ နေဦး … နေဦး၊ ကျွန်တော် ဝင်မ,ထားမယ်ဗျို့”

စာရေးကြီး၏အသံကို တဝူးဝူး လေထွက်လျက်ရှိသော နားထဲတွင် သဲ့သဲ့ မျှ ကြားလိုက်ရ၏။

ခဏအတွင်း ဦးဖေမောင်က ဝါးပိုးပင်များအကြားသို့ ရောက်ရှိလာခဲ့ပြီး ပြောင်ထီးပိုးကြီး၏ ခေါင်းကိုပင့်၍ မ,လျက်ရှိသည်။ ကိုယ်အလေးချိန် ပေါင်တစ်ရာ အထက်သာရှိပြီး ကြုံလှီသေးငယ်သော ခွန်အားဗလဖြင့် အချိန်သုံးရာထက် မနည်းသော ယင်း ပြောင်ထီးပိုး၏ ခေါင်းကို လှုပ်ပင် မလှုပ်နိုင်ပေ။

အီးခနဲ အီးခနဲ ခွန်အားစိုက်ထူ၍ မ,ထားသည့်အတွက် ရင်ဘတ်ပေါ် တွင် ပိလျက်ရှိသော ပြောင်ခေါင်းကြီးက ထပ်မံ ပိမလာတော့ဘဲ အသက်ရှူရချောင် လာသည်။

ကျွန်တော်ကမူ သတိကိုမလစ်စေဘဲ လက်နှစ်ဖက်ကို ထောက်လျက် ပင့်မ,ထားရ၏။ မျက်လုံးများကမူ ဝေလျက်သာ ရှိသည်။ အခြေအနေသည် အတော် ဆိုးဆိုးရွားရွား ဖန်တီးလျက်ရှိပြီ ဖြစ်၏။

ကြုံလှီသော ခွန်အားဖြင့် ဦးဖေမောင်က မည်မျှကြာအောင် ပြောင်ခေါင်းကြီးအား မထားနိုင်ပါမည်နည်း။ အဆုတ်အတွင်းသို့ လေကို အားရပါးရ ရှူသွင်းလိုက်ချင်သော်လည်း လောလောဆယ် ခံစားလျက်ရှိသည့် အသက်ရှူကျပ်မှုကြောင့် ဆန္ဒမပြည့်ဝနိုင် ရှိချေသည်။

တစ်စတစ်စ အသက်ရှူရသည်မှာ ခက်ခဲလေသည်။ မှုန်ဝါးလျက်ရှိသော မျက်လုံး၏အမြင်တွင် ဝါးပိုးပင်ကိုင်းများက အဖျားမှစ၍ တလှုပ်လှုပ် ဖြစ်လာသည်။ လေတိုက်စပြုလာပြီ ဖြစ်၏။

ကိုင်းဖျားမှ တအိအိ ယိမ်းထိုးလျက်ရှိသော ဝါးပိုးပင်များက ဘယ်ညာသို့ ယိမ်းသည်နှင့်အမျှ အရင်း တွဲနှဲ၍ ပြောင်ကြီး၏ခေါင်းအား ညှပ်သည့်အလား ရှိသည်။ အလေးချိန်သည် နှစ်ယောက်အားဖြင့် မ,ထားသည့်တိုင် တိုး၍ တိုး၍လာပေပြီ။

အသက်ရှူရ ကျပ်သထက် ကျပ်လာခဲ့ပြီး အခြေအနေသည် နောက်ဆုံးခံနိုင်ရည်အဆင့်သို့ ရောက်လာပြီ ထင်ရသည်။ တစ်ကိုယ်လုံး၏ ဘယ်ညာ တစ်ဖက်တစ်ချက်မှ ဝါးပိုးပင်များက ညှပ်လျက် ရှိသည့်အထဲမှ ရင်ဘတ်ပေါ်တွင် တင်လျက်ရှိသော ပြောင်ခေါင်းကြီးကပါ ဖိလျက်ရှိသဖြင့် နံရိုးများပင် ကျိုးမတတ် နာကျင်လာရသည်။

လက်ဖဝါးများအတွင်း အကြောများ ဖျင်းဖျင်းမြည်မတတ် ခံစားလာခဲ့ရပြီး တောင့်တင်း ကိုက်ခဲလာခဲ့ရ၏။ နားထဲတွင် စာရေးကြီး ဦးဖေမောင်၏အသံကို တစာစာ ကြားလျက်ရှိသည်။ တဝူဝူ လေထွက်လျက် ရှိသဖြင့် ဆိုလိုသည့် အဓိပ္ပာယ်ကို သဲသဲကွဲကွဲ မကြားရဘဲရှိ၏။

နက်ရှိုင်းသော ချောက်ကမ်းပါးတစ်ခုအတွင်းသို့ ကျဆင်းလျက်ရှိသည့် အသိစိတ်များသည် မကြာမီ အောက်ခြေနှင့် ထိတွေ့ရတော့မည်ကို အလိုလို သိလာရ၏။ အောက်ခြေနှင့် တွေ့သည်နှင့် တစ်ပြိုင်နက် လမ်းဆုံးသို့ ရောက်လာမည်ဖြစ်ရာ အသိစိတ်ကို အထက်သို့ ပြန်တက်သွားလိုသည့်ဆန္ဒက ပြင်းထန်သည်ထက် ပြင်းထန်လာခဲ့ရ၏။

ရုတ်ခနဲ ရင်ပေါ်မှ ဝန်ထုပ်ကြီးက ခွာထွက်သွားခဲ့သည်နှင့် တစ်ပြိုင်နက် ကျွန်တော်က သတိလစ်သွားခဲ့ပေသည်။

ပြင်းပြင်းထန်ထန် အသက်ရှူသွင်းလိုက်ရင်းမှ ပတ်ဝန်းကျင်ကို မျက်စိပြန်ဖွင့်၍ ကြည့်လိုက်သည့်အခါမူ မျက်နှာအထက်တွင် စာရေးကြီးနှင့် ကိုမွတ်တား၏ မျက်နှာကြီးများကို တအံ့တဩ တွေ့လိုက်ရလေသည်။

“ဟော သတိရလာပြီ။ ကျုပ်တို့ဖြင့် သွားရော အောက်မေ့တာဗျို့။ မထနဲ့ အသာမှိန်းနေလိုက်။ ခဏနေ ကောင်းသွားမှာပါပဲ။ အသက်သာ မှန်မှန်ရှူနေ

ကိုမွတ်တား၏ ဝမ်းသာအားရ ပြောသံကို ကြားလိုက်ရ၏။ တစ်ဆက် တည်း စာရေးကြီးက-

“တော်သေးတာပေါ့ဗျာ ကိုမွတ်တား ရောက်လာပေလို့။ ကျွန်တော်လည်းကြံရာမရလို့ ဝင်မ,ထားလိုက်ရတာ။ လွှတ်လိုက်ရင် တစ်ခါတည်း အသက်ရှူရပ် သွားမှာစိုးလို့ပေါ့။ ခုလို တုတ်နဲ့ ခံထားလိုက်ရင် ရမှာပဲလို့တော့ အောက်မေ့သား။ တစ်ယောက်တည်းမို့”

“သေနတ်သံ ဆက်တိုက် ကြားကြားချင်း ကြောထိပ်က ကျွန်တော် တန်းပြေးလာတာ။ ကျွန်တော့်ဘက် လွန်လာရင်လည်း ပစ်ရင်ပစ်ရအောင်လို့။ ပြောင် အုပ်လည်းမလာ။ ဘာသံမှလည်း မကြားမို့ မရပ်တော့ဘဲ အပြေးလာခဲ့ပေလို့ပေါ့။ နို့မဟုတ်ရင်တော့များလား”

အခက်အခဲ အကျပ်အတည်းကြားမှ ကျွန်တော်က ကောင်းစွာ ကျော်ဖြတ်လာနိုင်ခဲ့ပေပြီ။

နာရီစက္ကန့်အတွင်း ကျွန်တော်က မိမိကိုယ်ကို ပြန်လည် အားပြုလျက် ရပ်တည်လာနိုင်ခဲ့ပြီ ဖြစ်၏။

ဝါးရုံအကြားတွင် ရှေ့တစ်ပိုင်းညှပ်လျက် အသက်ပျောက်နေပြီဖြစ်သည့် သင်းကွဲပြောင်ထီးပိုးကြီးအား စစ်ဆေးကြည့်ရှုလိုက်ရာတွင် ဦးဖေမောင်၏ ရန်ကြီးအောင် ၁၂ ဗို့ နှစ်လုံးပြူးကျည်မ ခြောက်လုံးနှစ်တွဲအနက် ရှစ်လုံးက ပြောင်ကြီး၏ ညာဘက်လက်ပြင်ကို ဖောက်ထွင်း၍ စုပြုံဝင်သွားခဲ့ပြီး ကျွန်တော်၏ ဒသမ ၃၇၅ မက်ဂနမ် ကျည်ထိပ်ဖူးက ညာဘက်မျက်လုံးအတွင်းမှ ဖောက်ထွင်းလျက် ဝင်သွားသည်ကို မြင်တွေ့ကြရ၏။

မည်သို့ပင်ရှိစေကာမူ ပိဿာချိန် သုံးရာထက်မနည်း ကြီးမားလှသည့် ပြောင်ထီးပိုးကြီးကား ငွေအိုးကြီးတောင်ကြော ကျောက်ကျင်းစခန်းတွင် နောက်ဆုံးတိုက်ပွဲ ဆင်နွှဲရင်း ကျဆုံးခဲ့ရပြီး ဖြစ်လေသည်။

ဝါသနာ၏ စေပါးရာသို့ မငြင်းဆန်သာ လိုက်ပါလျက် အခက်အခဲ အကျပ်အတည်းများအကြားမှ လွန့် လူးရုန်းကန်ကာ အောင်ပွဲခံရခြင်းသည်သာ ကျွန်တော်တို့ မုဆိုးများအဖို့ မက်မောတွယ်တာဖွယ်ရာ ဆုလာဘ်ပင် မဟုတ်ပါလား။

– ပြီး –

စာရေးသူ – ခင်မောင်အေး(မန္တလေး)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ