မုဆိုးနှလုံးသား
ဝင်းဇော်(သုံးဆယ်)
ကျုပ်က မုဆိုးအလုပ်နဲ့ သက်မွေးဝမ်းကျောင်း ပြုနေတဲ့သူတစ်ယောက်ပါ။ ဖိုးထော်လို့ ခေါ်ပါတယ်။ ကျုပ်မိဘ ညီအစ်ကိုမောင်နှမတွေက လယ်သမား ယာသမားတွေပါ။ ကျုပ်မိဘနှစ်ပါးနဲ့ အစ်ကိုတွေက ကျုပ်ကို လယ်သမား ယာသမား ဖြစ်စေချင်လွန်းလို့ လယ်ယာ စိုက်ပျိုးနည်းပညာတွေကို စနစ်တကျ ပြောပြ လုပ်ကိုင်ပြပြီး သင်ကြားပေးကြပါတယ်။
ဒါပေမယ့် ကျုပ်က လယ်အလုပ် ယာအလုပ်တွေကို ငယ်စဉ်ကတည်းက လုံးဝ ဝါသနာမပါခဲ့ဘူး။ အဖေက ကျုပ်ကို စားကျက်ထဲမှာ နွားကျောင်းခိုင်းရင် စားကျက်ထဲမှာတွေ့တဲ့ စာကလေး၊ ဆက်ရက်၊ ကျီးကန်းတွေကို လေးခွနဲ့ပစ်ပြီး အိမ်ကိုယူလာလေ့ရှိတယ်။
ငှက်တွေကို အမွှေးနုတ်ပြီးတာနဲ့ အမေ့ကို ဆီနဲ့ ကြော်ခိုင်းတယ်လေ။
ပထမတော့ အမေက ငှက်လေးတွေကို ကျုပ်စားဖို့ အဖေမသိအောင် ကြော်ပေးပါတယ်။ နေ့စဉ်ရက်ဆက် ငှက်တွေကိုကြော်ခိုင်းတော့-
“ဟဲ့ ဖိုးထော် နင် ငှက်တွေကို ဘာလို့ပစ်နေရတာလဲ”
လို့ ဆူတယ်။ ကျုပ်က မျက်နှာကြီးပြုံးထားပြီး-
“ငှက်သားကို နေ့တိုင်းစားချင်နေတာကိုး အမေရ”
ပေါ့လို့ ဖြေလိုက်တယ်။
အမေ့မျက်နှာက ရှုံ့မဲ့ပြီးနေတာ။
ကျုပ် ငှက်ပစ်ရင် မရတဲ့နေ့ဆိုတာ မရှိဘူး။ ကျုပ်ကလည်း ငှက်သားမစားရဘဲ မနေနိုင်တာကိုး။ ကျုပ် လေးခွပစ်ရင် ဘာမှန်သလဲမမေးနဲ့။ ငယ်စဉ်ကတည်းက အမေရဲ့ ဆေးပေါ့လိပ်တွေကို ခုံပေါ် မှာထောင်ပြီး မမှန် မှန်အောင် လေ့ကျင့်ခဲ့တာပဲ။
ကျုပ် (၇) နှစ်သားလောက်က ရွာထဲက ကိုပေသီးဆိုတဲ့လူက ကျုပ်ကို လေးခွကိုင်ထားတာကိုမြင်တော့ –
“ဟေ့ကောင်၊ မင်းက ဘယ်လောက်လက်တည့်လို့ လေးခွကိုင်ရတာလဲ”
လို့ သွေးတိုးစမ်းတယ်။
ဒီတော့ ကျုပ်က မခံချင်စိတ်နဲ့ –
“ခင်ဗျားလက်ညှိုးကို ထောင်ပြီး အပေါ်ကိုမြှောက်ထား။ မှန်အောင်ပစ်ပြမယ်”
လို့ ပြောလိုက်တယ်။
ကိုပေသီး ကျုပ်ကိုအထင်သေးတဲ့ မျက်လုံးတွေနဲ့ ကြည့်ပြီး –
“အပြောကြီးတဲ့ကောင်ပစ်ကွာ”
လက်ညှိုးကို အပေါ်ကို ထောင်ပြတယ်။ ကျုပ်ကလည်း တွေ့ကြသေးတာပေါ့ ကိုပေသီးရယ်လို့ စိတ်ထဲကကြုံးဝါးလိုက်တယ်။ လောက်သားရေအိတ်ထဲမှာ လောက်စလုံးထည့်ပြီး သားရေကြိုးကိုဆွဲလို့ ပစ်ထည့်လိုက်တယ်။
“အောင်မလေး – သေပါပြီဗျာ”
ကိုပေသီးရဲ့လက်ညှိုးကို လေးသီးမှန်သွားတာကြောင့် ကိုပေသီးဟာ လက်ကိုခါယမ်းပြီး အော်ဟစ်နေရှာတယ်။
ယောက်ျားကြီးတန်မဲ့ နာကျင်လွန်းလို့ ငိုနေတာ တွေ့ ရလို့ ကျုပ် စိတ်မကောင်းဖြစ်သွားရတယ်။ ကျုပ်ကိုများ ရိုက်ပုတ်လေမလားလို့ တွေးပြီး အိမ်ကို ပြန်ပြေးလာမိတယ်။
ကိုပေသီးရဲ့ညီက အမေ့ကိုလာတိုင်ပြောလို့ ကျုပ်အရိုက်ခံရတယ်လေ။ အစ်ကိုကြီးက
“အမေရယ် ညီလေးကိုမရိုက်ပါနဲ့ တော့။ ပေသီးက ပစ်ခိုင်းလို့ ပစ်တာပဲ။ ဒီကောင်လက်တည့်တာ သူမှမယုံတာ ခံပေါ့။ ကောင်းတယ်”
လို့ ဝင်ပြောတယ်။ အဲသည်ကတည်းက ကျုပ်ကို ဘယ်သူကမှ လေးပစ်တာကို ပညာမစမ်းရဲတော့ဘူး။
အဲသလို လောက်လေးခွပစ်တာကို လက်တည့်တဲ့ကျုပ်ဟာ အရွယ်လေးရောက်လာတော့ ဒူးလေးကို ကိုယ်တိုင်ဆင်ပြီးတော့ ဒူးလေးပစ်ကျင့်ခဲ့တယ်။
နွားစားကျက်ထဲက သစ်ပင်ကြီးတွေရဲ့ ပင်စည်တွေမှာ ကျုပ် ဒူးလေးမြား စူးဝင်ထားတဲ့အရာတွေနဲ့ချည်းပါပဲဗျာ။
“ဒီကောင်ကွာ … ငါမွေးထားတဲ့ သားသမီးတွေထဲမှာ မုဆိုးအလုပ်ကို အတော်ဝါသနာပါတယ်”
လို့ အဖေကပြောတယ်။
အဖေဟောကိန်းထုတ်တဲ့စကားက မှန်လိုက်တာ။
ကျုပ်ကလည်း ကြက် ငှက်တွေကို ပစ်သတ်ပြီးမှ မီးနဲ့ကင်စား၊ ကြော်စားရတာကို အရသာရှိလွန်းလှ တယ်လို့ ထင်မိတယ်။ ရွာထဲက ရွာသားတွေနဲ့ တောတက်ပြီး ထင်းခုတ်သွားတဲ့အခါ ကျုပ်က တောလည်ပြီး သားကောင်ရှာတယ်။ ရွာသားတွေက သစ်ခုတ်ပြီးလို့ ရွာကိုပြန်ချင်နေကြပြီ။ ကျုပ်က တော ကွင်းထဲက ပြန်မလာသေးလို့ စောင့်နေကြရတယ်။ စိတ်ဆိုးကြတယ်။ ကျုပ်ကလည်း တောထဲက သားကောင်တစ်ကောင်ရမှ တောင်ခြေကိုပြန်လာတယ်။
“ဟာ … ဖိုးထော် သမင်တစ်ကောင် ရလာတယ်။ ဟေ့ကောင် ဖိုးထော် မင်းကို မင်းအဖေ ဦးဉာဏ်စိန်က သစ်ဝါးခုတ်ဖို့ တောတက်ခိုင်းတာကွ။ မင်းက တော လိုက်ဖို့ချည်း စိတ်ကူးမနေနဲ့”
ကိုကြီးပေါက်စက မကျေမနပ် ပြောတယ်။ ကျုပ်က ပခုံးထက်မှထမ်းလာတဲ့ သမင်ကို လှည်းပေါ်တင်ရင်း
“ခင်ဗျားတို့ကို တောကောင်သား စားစေချင်လွန်းလို့ တောလိုက်တာဗျ။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့”
“တော်စမ်းပါ ဖိုးထော်ရယ်၊ မင်း မုဆိုးပဲ လုပ်စားတော့”
“စိတ်ချ ကိုကြီးပေါက်စ၊ ကျုပ်က မုဆိုးလုပ်စားမှာ။ ကျုပ် တောလိုက်တာကို အဖေနဲ့ အမေက လုံးဝသဘောမကျဘူး။ ကျုပ်ကလည်း တောမလိုက်ရရင် နေမထိ ထိုင်မသာ ဖြစ်ရတယ်။
အဖေက သူ့စကား နားမထောင်လို့ဆိုပြီး ကျုပ်ကို အိမ်ပေါ် က နှင်ချတယ်။ ကျုပ်က ဝမ်းမနည်းပါ ဘူး။ ရွာအစွန်က တောစပ်မှာ တဲကလေးဆောက်ပြီးနေတယ်။ မုဆိုးအလုပ်နဲ့ အသက်မွေးဖို့ဆုံးဖြတ်လိုက်တယ်။
တောထဲမှာ ထောင်ချောက်တွေဆင်ပြီး သားကောင်ဖမ်းတယ်။ မြား၊ ဒူးလေးတွေနဲ့ သားကောင်ပစ်တယ်။ ရရှိလာတဲ့ သားကောင်ကို ဖျက်ပြီး အသားကို ရွာတွေမှာ လျှောက်ရောင်းတယ်။ သားရေကို နေလှန်းထားတယ်။
ကျုပ်တို့နေတဲ့ရွာက မြို့နဲ့သိပ်အလှမ်းဝေးတာ။ ရိုးမတောကြီးနဲ့လည်း အတော်ဝေးတာပဲ။ မုဆိုးအလုပ် က ကျုပ်အတွက် သင့်တော်တယ်လို့ ဆိုရမလားဘဲ။ ကျုပ်မှာ တောကောင်သား မျိုးစုံကို စားရတယ်။ ပိုလျှံတဲ့အသားကို ရောင်းလိုက ရောင်း၊ ကျပ်တင်အခြောက်လှန်းလိုက လှန်းထားလိုက်ရုံပဲ။
အခုဆိုရင် သားကောင်တွေရဲ့သားရေတွေကို အခြောက်လှန်းထားတာ မနည်းတော့ပါဘူး။ ကျုပ်က အမေ့ကို စားစေချင်လို့ သားကောင်သား သွားပေးတဲ့အခါ –
“နင့်အဖေသိရင် အမေ့ကိုဆူကြိမ်းမှာ။ အမေလည်း သားကောင်တွေကို မစားချင်ပါဘူး။ နင့်အစ်ကိုတွေကို ချက်ကျွေးလိုက်မယ်နော် သား။ တောထဲ တောင်ထဲမှာ အန္တရာယ်များပါတယ်။ အမေတို့နဲ့ ပြန်နေပြီး လယ်လုပ်ဖို့ပဲ စိတ်ကူးပါလား သားရယ်”
အမေက ငိုယိုပြီးပြောရှာတယ်။ ကျုပ်မှာ စိတ်မကောင်းဖြစ်မိပေမယ့် ဝါသနာကို မစွန့်နိုင်တော့ အမေ့ကို စိတ်ချမ်းသာအောင်ပြောပြီး ပြန်လာခဲ့ရ တယ်။
တစ်နေ့တော့ မနက်အစောကြီးထပြီး တောပိုင်တောင်ပိုင်တွေကို ဟင်းစားပေးဖို့ တောင်းပန်ပြီး တောနက်ထဲကို ဝင်လာခဲ့တယ်။
တောနက်ထဲမှာ အနက် (၇) ပေရှိတဲ့ မြေကျင်းကြီးတစ်ခုကို တူးတယ်။ မြေကျင်းထဲမှာ ဝါးချွန်တွေကို အပေါ်ထောင်ပြီးစိုက်တယ်။ မြေကျင်းကို သစ်ကိုင်းတွေစီခင်းပြီး သစ်ရွက်ခြောက်တွေကို အပေါ်က ဖြန့်ခင်းထားလိုက်တယ်။ တောကောင်တွေ အဲဒီအပေါ်ကို တက်နင်းမိတာနဲ့ မြေကျင်းထဲကို ကိုးရိုး ကားရားကျပြီး ခန္ဓာကိုယ်ကို ဝါးချွန်တွေ စူးဝင်ပြီးသေအောင် ကျုပ် စီစဉ်ထားတာလေ။
ကျုပ်အကြံက မကောင်းဘူးလား။
ကျုပ်ရဲ့ကျင်းထောက်ချောက်ပြီးတော့ ညနေ နေဝင်ခါနီးနေပြီ။
ပါလာတဲ့ ရေတကောင်းကို မော့သောက်ပြီး အိမ်ပြန် လာခဲ့တယ်။ တဲအိမ်နဲ့ မလှမ်းမကမ်းမှာ ချောင်းငယ်လေးတစ်ခု ရှိတယ်ဗျ။ တစ်နှစ်တာလုံး ရေအမြဲရှိတယ်။ ချောင်းရေထဲမှာ ရေစိမ်ချိုးနေမိတယ်။ သည်တော့မှ ပင်ပန်းနွမ်းနယ်နေသမျှတွေ လန်းဆန်းသွားတယ်။
နေပူလှန်းထားတဲ့ ဆတ်သားခြောက်ကို မီးကင်ပြီး ညစာ စားရတာပေါ့။ ဆာလောင်နေလို့လားမသိပါဘူး။ စားကောင်းလိုက်တာ။
ကျုပ်က အကုသိုလ်အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုနေပေမယ့် ညတိုင်း ဘုရားရှိခိုးတယ်။ ရယ်စရာပြောဖို့ ဖြစ်နေမလားမသိဘူး။ အဖေက ငယ်စဉ်ကတည်းက သားသမီးတွေကို ညတိုင်းဘုရားရှိခိုးပြီးမှ အိပ်ရာဝင် ခိုင်းတာကိုး။
ရွာဘက်ဆီက ခွေးအူသံ တွေကိုကြားမိတယ်။ ညဉ့်နက်လာပြီဆိုတာ သိလိုက်တယ်။ အိပ်ရာထက်မှာလှဲ လိုက်တာနဲ့ တစ်ခဏချင်းပဲ အိပ်ပျော်သွားတယ်။ “
“အဟင်း… ဟင်း… အား”
“ကျွတ်… ကျွတ်”
“အဟင်း… ဟင်း… အား… ကျွတ်… ကျွတ်”
ကျုပ် နှစ်ခြိုက်စွာအိပ်ပျော်နေရာက လန့်နိုးသွားတယ်။ တစ်ကိုယ်လုံး အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲပြီး အဖျားတက်နေတယ်။ ဒီနေ့တစ်နေ့လုံး မြေကျင်းထောင်ချောက်ပြီးချင်ဇောနဲ့ အလုပ်လုပ်ခဲ့တာမဟုတ်လား။ ပင်ပန်းပြီး ဖျားတာ။
အမေပေးထားတဲ့ အဖျားကျ ငန်းဆေးကိုသောက်ပြီးပြန်အိပ်နေလိုက်တယ်။ တော်တော်နဲ့ အိပ်လို့မပျော်ပါဘူး။ အဖေနဲ့ အမေကို သတိရနေမိတယ်။ ကျုပ်က ကျုပ်ရှာဖွေရသမျှ တောကောင်မျိုးစုံရဲ့အသားကို အဖေနဲ့ အမေကို စားစေချင်တာ။ အဖေနဲ့အမေက ကျုပ် မုဆိုးအလုပ်လုပ်တာကို လုံးဝမနှစ်သက်တဲ့အပြင် ဘာသားကောင်သားကိုမှ လာမပေးနဲ့ မစားချင်ဘူးဆိုတော့ ကျုပ် စိတ်မကောင်းဖြစ်ရတာပေါ့။
ကျုပ်ဟိုသည် တွေးရင်း အိပ်ပျော်သွားတယ်။
မနက်မိုးလင်းတော့ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေတာတွေက မပျောက်ဘူး။ အဖျားကလည်း မကျသေးဘူး တစ်ရက်၊ နှစ်ရက်တော့ တောလိုက်လို့ မဖြစ်သေးပါဘူး။ တဲမှာပဲ အနားယူနေဦးမှလို့ စိတ်ကူးလိုက်ရတယ်။
နေလှန်းထားတဲ့ အသားတွေက အများကြီးရှိသေးတာဆိုတော့ စားစရာအတွက် ဘာမှ ပူပန်စရာ မလိုပါဘူး။ တစ်ခါတလေ ဘယ်မှ မသွားဘဲ တဲအိမ်လေးမှာ တစ်ယောက်တည်း အနားယူရတာ ပျင်းစရာတော့ အကောင်းသား။ ဖျားနာနေတော့လည်း လှဲအိပ်နေရတာပေါ့ဗျာ။
ကျုပ်ကျန်းမာရေးကောင်းလာတဲ့ မနက်မှာတော့ တောထဲကို တောပစ် ထွက်လာခဲ့တယ်။
လူအရိပ်အယောင်ကိုမြင်တော့ မျောက်တွေက တခွီးခွီး အော်ပြီး သစ်ပင်တစ်ပင်က တစ်ပင် ခုန်ကူးပြီးပြေးကြတယ်။ ကျေးငှက်ကလေးတွေကလည်း အော်မြည်နေကြတယ်။ တောတွင်းထဲကို တစ်ခါမှမရောက်ဘူးသေးတဲ့သူဆိုရင်တော့ တွေ့သမျှ မြင် သမျှတွေဟာ အထူးအဆန်းတွေပေါ့။
ကျုပ်လို နေ့တိုင်း တောပစ်သူအဖို့တော့ အထူးအဆန်းမဟုတ်တော့ပါဘူး။ အမြဲ မြင်တွေ့နေကျတွေ မဟုတ်လား။
ကျုပ် တောတွင်းမှာထောင်ထားတဲ့ ထောင်ချောက်တွေကို လိုက်ကြည့်တယ်။ ကျုပ်က ထောင်ချောက်အမျိုးမျိုး ဆင်တတ်တာကိုး။ ကျုပ်မှာ သားကောင်ကြီးတွေကိုပစ်ဖို့ သေနတ်မှ မရှိတာ။ ဥပမာ ဟင်းကောင်ကြီးလို့ခေါ်တဲ့ ‘ကျား’လို၊ ကျားသစ်လိုကောင်ကို မြားတို့၊ ဒူးလေးတို့နဲ့ ပစ်လို့ကတော့ ရယ်စရာ တောင်ဖြစ်ဦးမယ်။ သည်ကောင်တွေက မုဆိုးကို ရန်ရှာတတ်တဲ့ကောင်မျိုးတွေ။
တောတွင်းတစ်နေရာက ကျုပ်ရဲ့ ကျင်းထောင်ချောက်တစ်ခုပြိုကျနေတာ မြင်တွေ့လိုက်ရတယ်။ မြေကျင်းထဲက ငုတ်ချွန်မှာတော့ ကျားတစ်ကောင် ဝါးချွန်တွေစူးနေပြီး သေနေတာ တွေ့လိုက်ရတယ်။ ကျုပ်လည်း ဝမ်းသာအားရနဲ့ မြေကျင်းထဲကို ဆင်းလာမိတယ်။ ဝါးချွန်ထောင်ချောက်ထဲမှာ မိနေတာ ကျားမ ကြီးဗျ။
“ဟင်”
သေနေတဲ့ ကျားမကြီးကို အသေအချာကြည့်ပြီး ကျုပ် စိတ်မကောင်း ဖြစ်သွားမိတယ်။ ကျားမကြီးက သားပေါက်ပြီးခါစ သားသည်အမေ။
“ဟင် ဒါဆိုရင် သူ့သားကလေးတွေ ဘယ်ရောက် သွားပြီလဲ”
ကျုပ်က မြေကျင်းထဲမှာပဲ ကျားသားရေကိုဆုတ်၊ အသားတွေဖျက်ပြီး တွင်းပေါ်ကို တင်ရတယ်။ ကျားမကြီး အသားတွေက မပုပ်မသိုးသေးဘူး။ သယ်နိုင်သမျှ သယ်ယူဖို့ပဲ စိတ်ကူးရတော့တာပေါ့။
အိမ်ပြန်မယ်အလုပ်မှာ သစ်ရွက်ခြောက်တွေကို နင်းလာတဲ့ အသံကို ကြားလိုက်မိတယ်။ အသေအချာကြည့်လိုက်တော့ ရက်သားအရွယ် ကျားသားပေါက်ကလေးတစ်ကောင်ကို တွေ့လိုက်ရတယ်။
ကျုပ် ကျားကလေးကို ကြည့်ပြီး သနားသွားမိတယ်။ သူ့ခမျာ မိခင်ပျောက်လို့ လိုက်ရှာနေတာ။ သူ့မိခင်က တွင်းထောင်ချောက်ထဲကျပြီး ဝါးချွန်တွေစူးလို့ သေသွားတာကို သူ့ခမျာ မသိရှာဘူး။
ကျုပ် မြင်တွေ့ရတာက ကျားကလေးတစ်ကောင်ရယ်။ ကျားသတ္တဝါဆိုတာ သားမွေးရင် နှစ်ကောင်၊ သုံးကောင် မွေးတတ်တယ်လို့ ကျုပ် သိထားတယ်။ ဒါဆိုရင် ကျားကလေးရဲ့မွေးချင်း ကျားကလေးတွေက ဘယ်မှာလဲ။
ကျားကလေးခမျာ ဒီအတိုင်းသာ တောထဲမှာ လျှောက်သွားနေရင် နို့ငတ်ပြီး သေသွားနိုင်တယ်။ တခြားသားကောင်ကြီးတွေရဲ့ ရန်ပြုမူကို ခံရလိမ့်မယ်ဆိုတာ တွေးမိတယ်။
ကျုပ်လေ ကျားကလေးကို မြင်မြင်ချင်း ချစ်ခင်သွားမိတယ်။ ကျုပ် တွေဝေစွာစဉ်းစားနေမိတဲ့အထိပါပဲ။
နောက်ဆုံးတော့ ကျုပ် ဆုံးဖြတ်ချက်တစ်ခုကို ပိုင်နိုင်စွာချလိုက်တယ်။ ကျားလေးကို ဖမ်းပြီး ကျုပ်နေတဲ့ တဲအိမ်ကို ခေါ် လာခဲ့တယ်။
ကျားကလေးက အတော်နို့ဆာနေတဲ့ပုံပဲ။ ညတွင်းချင်း ရွာထဲကို ကျားသားသွားရောင်းပြီး နွားနို့ကို မရ ရအောင် ရှာဖွေလာခဲ့ရတယ်။ တဲအိမ်ပြန်ရောက် တော့ နွားနို့ကို ပန်းကန်ထဲမှာထည့်ပြီး ကျားကလေးကို တိုက်တယ်။
အင်း သူ့ခမျာ ဆာလောင်နေရှာတယ်ထင်ပါရဲ့။ ပန်းကန်ထဲက နွားနို့တွေကို အငမ်းမရ လျက်နေတယ်။
ကျုပ်က ကျားကလေးနေဖို့ လှောင်အိမ်ဆောက်ပေးတယ်။ လှောင်အိမ်ပတ်လည်မှာ သားရေချပ်တွေနဲ့လုံအောင် ကာထားတယ်။ ကျားကလေးကို နို့တိုက်ပြီး မွေးထားမိတယ်။
ကျုပ် တောထဲကို တောလိုက်သွားတဲ့အခါ ကျား ကလေးကို လှောင်အိမ်ထဲမှာ ထည့်ထားခဲ့တယ်။ ကျုပ်က ကျားကလေးကို သားသမီးလို ချစ်နေရတယ်။ ပြီးတော့ ကျားကလေးကိုလည်း ကျားမောင်လို့ အမည်ပေးထားတယ်။
ကျုပ် တောထဲကပြန်လာရင် ကျားမောင်ကိုမြင်လိုက်ရတာနဲ့ အမောကိုပြေသွားတာပဲ။ ကျားမောင်က သူ့ကိုပွတ်သပ်ပေးရင် သိပ်သဘောကျတာ။
“သားက အဖေမရှိလို့ ပျင်းနေတာပေါ့ ဟုတ်လား။ အဖေက သားကို တောထဲခေါ်သွားလို့မှ မဖြစ်တာ။အဖေက တောလိုက်သွားတာလေကွယ်။ သားကောင်တွေက သားကိုမြင်ရင် ပြေးမှာပေါ့ … မဟုတ်ဘူးလား။ သားကို ဒီမှာ လွှတ်ထားခဲ့ရင်လည်း သားက ဟိုသည် လျှောက်သွားနေမှာကွ”
ကျားမောင်က ကျုပ်ရင်ခွင်ထဲကို ခေါင်းကိုတိုးဝင်ပြီး ဘယ်ညာ ခါယမ်းနေတယ်။
“ဘာလဲ သားက အဖေပြောတာကို သဘောမကျ ဖြစ်ပြီး စိတ်ကောက်နေတာလား။ အဲသလို မဆိုးရဘူးလေ သားရဲ့။ အဖေက သားကို အန္တရာယ်ကင်းအောင် ထားတာပါ”
ကျားမောင်က ကျုပ်ကိုဖက်ပြီး ကျုပ်မျက်နှာကို သူ့လျှာနဲ့ လျက်နေတယ်။
“အဟင်းဟင်း … ဟေ့ကောင် မင်းလျှာတွေက ကြမ်းလိုက်တာ။ ဒါကြောင့် ရှေးလူကြီးတွေက ကြမ်းတမ်းတဲ့ အထိအတွေ့ကို ကျားလျှာနဲ့ ခိုင်းနှိုင်းတာကိုး။ အင်း တော်ပါတော့ကွာ၊ သားချစ်တာက ကြမ်းလိုက်တာ”
ကျုပ် ကျားမွေးထားတာကို ရွာကလူတွေ သိသွားလို့ ကျားမောင်ကို လာပြီး ကြည့်ကြတယ်။
ကျုပ်အဖေကတော့
“တောက် လူသားစားတဲ့သတ္တဝါကိုမှ မွေးထားရတယ်လို့ … အရူး”
လို့ အပြစ်တင်တယ်။
ကျုပ်အစ်ကိုတွေကတော့ ကျားလေးကို ရောင်းစားပစ်ဖို့ ပြောကြတယ်။ သားသမီးပမာ သံယောဇဉ်ဖြစ်ပြီး ချစ်နေရတဲ့ ကျားမောင်ကို ဘယ်လိုလုပ်ပြီး ကျုပ် ရောင်းစားရက်မှာလဲ။
ကျားမောင်က အခုဆိုရင် သားကောင်သားတွေ စားတတ်နေပြီ။ အသားစားတဲ့သတ္တဝါဆိုတော့ သူ့ကို ဝလင်အောင် ကျွေးရတာပေါ့။ ကျားမောင်က အသားစားပြီး ဗိုက်ဝတာနဲ့ အိပ်တော့တာပဲ။ ကလေးလေး ကျနေတာပဲ။
ကျုပ်က ကျားမောင်ကို ရွာထဲခေါ်သွားရင် ရွာထဲကခွေးတွေ အမြီးကုပ်ပြီး ဖင်သီနေကြတာ အတော် ရယ်စရာကောင်းတယ်။ အမေက ကျုပ် ရွာထဲလာတယ်လို့ သတင်းကြားရင် အပြေးကလေးရောက်လာပြီး –
“သားရယ် ဘာလို့ ကျားမွေးထားရတာလဲ။ တစ်နေ့ကျရင် သားကို အန္တရာယ်ပေးလိမ့်မယ်နော်”
လို့ သတိပေးရှာတယ်။
“ကျားမောင်က လိမ္မာတယ် အမေရဲ့။ ကျွန်တော့်စကားကို နားလည်တယ်။ သားသမီးလို ဖြစ်နေတာ”
“သူတို့သဘာဝအတိုင်းသွားလာ နေထိုင်ချင်မှာပေါ့။ တောထဲကိုသွားပြီး လွှတ်လိုက်ပါလား”
“ဟာ မလုပ်ပါရစေနဲ့အမေရယ်။ ကျွန်တော်က ကျားမောင်ကို သားသမီးလို ချစ်နေရတာ။ မခွဲနိုင်ဘူး အမေရဲ့”
“ခက်လိုက်တာ သားရယ်”
ကျားမောင်က တစ်နေ့တခြား ကြီးထွားလာတယ်။ သူ့နေတဲ့ လှောင်အိမ်ကို ခိုင်ခံ့အောင် တည်ဆောက်ထားရတယ်။ ကျားမောင် လှောင်အိမ်ထဲက, ထွက်ပြေးပြီး ရွာသူရွာသားတွေကို ရန်ပြုမှာစိုးရိမ်မိလို့လေ။
အဲ့သလောက် ကျားမောင်က မဆိုးရှာပါဘူး။ ဒါပေမယ့် ကျုပ်က ကျားမွေးထားမိတာကိုး။
ရွာထဲကလူတွေက ကျားမောင်ကို အလွန်ကြောက်ကြတယ်။ ကျုပ်တဲအိမ်နားကိုတောင် မလာရဲကြဘူး။
ရွာက ကျုပ်သူငယ်ချင်းတွေက ကျားမောင်ကို ရန်ကုန်က တိရစ္ဆာန်ရုံကို သွားလှူဖို့ တိုက်တွန်းကြတယ်။ ကျုပ်က အသက်အရွယ်ရလာပြီလေ။ ကျုပ်စား သောက်ဖို့အပြင် ကျားမောင်စားဖို့ပါ ရှာဖွေနေရတာဆိုတော့ ကျုပ် ပင်ပန်းတာကို သူတို့က သိနေလို့ ပြောကြတာနေမှာပါပဲ။
“ငါ့မှာ သားမယားရှိတာမဟုတ်ဘူး။ ကျားမောင်က ငါ့သားလေးလို ချစ်နေရတာ။ သူကို မမြင်ရရင် ငါ စိတ်ချမ်းသာမှာမဟုတ်ဘူး။ ဘယ်သူ့ကိုမှ မပေးနိုင်ဘူး။ မလှူနိုင်ဘူးကွာ”
ကျုပ် ရှာဖွေလို့ရလာတဲ့ သားကောင်သားကို ကျားမောင် အငမ်းမရစားနေတာကြည့်ပြီး ကျုပ်မှာ စိတ်ကြည်နူးရတယ်။ ပင်ပန်းသမျှလည်း ပြေပျောက်သွားရတယ်။
“ဖြည်းဖြည်းချင်းစားပါ သားရယ်၊ ငါ့သားစားဖို့ အဖေ ရှာဖွေလာတာပဲ”
ကျားမောင်က ကျုပ်ပြောတဲ့ စကားကို နားလည်သလို ငြိမ်နေတယ်။ ကျုပ်က ကျားမောင်ရဲ့ လည်ပင်းကို လက်နဲ့ပွတ်သပ်ပေးနေမိတယ်။
တစ်နေ့တော့ ကျုပ် တောထဲမှာ သားကောင်ရှာဖွေရင်း ခြေထောက်ကို ငုတ်စူးသွားတယ်။ ခြေထောက်ကနာကျင်လွန်းနေပေမယ့် ကျားမောင်စားဖို့ သားကောင်ကိုတော့ ရအောင် ရှာဖွေလာခဲ့တယ်။ မိုးချုပ်မှ တဲအိမ်ကို ပြန်ရောက်တယ်။ ကျားမောင်က အစာဆာလွန်းလို့ လှောင်အိမ်ထဲမှာ ယောက်ယက်ခတ်နေတယ်။
“အဖေ့ခြေထောက်မှာ ဒဏ်ရာရလာတယ်သားရယ်၊ ငါ့သား ဆာနေပြီပေါ့။ အသားဖျက်တာတော့ စောင့်ပါဦး သားရယ်”
ကျုပ်က သားကောင်ကိုဖျက်ပြီး ညစာအတွက် ချက်ပြုတ်တယ်။ ကျားမောင်ကို ကျွေးတယ်။ ခြေထောက်က ဒဏ်ရာက တအားနာကျင်ကိုက်ခဲလာ တယ်။
အဲဒီညက ကျုပ် အနာရှိန်နဲ့ အဖျားတက်တယ်။ နောက်တစ်နေ့မနက်ရောက်တော့ ကျားမောင်က ကျုပ်ကို လှောင်အိမ်ထဲကကြည့်နေတယ်။
“အဖေ နေမကောင်းဘူး သားရယ်။ သားစားဖို့ အသားတွေ အဖေချန်ထားပါတယ်။ အဖေ့ခြေထောက်က အနာသက်သာတော့မှ အဖေ တောလိုက်သွားနိုင်မှာကွ။ ဒီရက်အတွင်း ငါ့သားကို အဖေ အစာဘယ်လိုရှာကျွေးရမလဲကွာ။ ငါ့သား အစာဝအောင်တော့ အဖေ ကြံစည်ရမှာပေါ့”
ကျုပ်က ကျားမောင်ကို အစာကျွေးပြီး အိပ်ရာထဲမှာလှဲနေလိုက်တယ်။ ခြေထောက်အနာက ရင်းပြီး အဖျားတွေ တက်လာတယ်။ တစ်ကိုယ်လုံး နုံးချည့်ပြီး ငြိမ်သက်သွားသလား မပြောတတ်ပါဘူး။
ကျုပ် တောတွင်းထဲကို တောလိုက်သွားနေတဲ့အချိန်မှာ ကျားမောင်က လှောင်အိမ်ထဲက လွတ်ထွက်သွားတယ်။ ကျားမောင်ဟာ တောတွင်းထဲကို တိုးဝင်သွားခဲ့တယ်။ တောတွင်းတစ်နေရာမှာ ကျားမောင်က သူနဲ့ အရောင်အသွေးချင်းတူတဲ့ ကျားအိုကြီးတစ်ကောင်နဲ့ တွေ့တယ်။
“အဘိုးက ကျွန်တော်နဲ့ အမျိုးချင်းတူတယ်နော်”
ကျားမောင်က ကျားအိုကြီးကိုမေးတယ်။
“ဟုတ်တာပေါ့ကွယ်။ အဘိုးက မုဆိုးရဲ့အန္တရာယ်ကိုရှောင်ကွင်းတတ်လို့ ဒီအရွယ်ထိ အသက်ရှည်နေတာပေါ့။ မင်းတောင် ဒီအရွယ်ရောက်လာပြီနော်”
လို့ ကျားအိုကြီးက ပြောရှာတယ်။
“အဘိုးက ကျုပ်ကို သိလို့လား”
“ဟာ သိတာပေါ့ကွာ။ မင်း နို့စို့အရွယ်မှာ မင်းအမေ ကျားမကြီးဟာ မုဆိုးထောင်ထားတဲ့ မြေကျင်းထောင်ချောက်ထဲကျပြီး ဝါးချွန်တွေစူးလို့ သေသွားရရှာတယ်။ မုဆိုးက မင်းအမေရဲ့ အသား၊ အရိုး၊ သားရေတွေကို ဖျက်ပြီး ယူတယ်။ တောထဲမှာ မျက်စိသူငယ်နား သူငယ်ဖြစ်နေရှာတဲ့ မင်းကို မုဆိုးက ခေါ် သွားတာ အဘိုး မြင်တွေ့လိုက်ရတယ်”
“ဟုတ်ရဲ့လား အဘိုးရယ်၊ မုဆိုးကြီးက ကျုပ်ကိုအရမ်းချစ်တာ။ သူရှာဖွေလာတဲ့ သားကောင်တွေကို ဝလင်အောင် ကျွေးတယ်။ ကျုပ်ကိုလည်း နမ်းရှုပ်ပြီး သားလို့ခေါ်တယ် အဘိုးရဲ့”
ကျားမောင်စကားကြောင့် ကျားအိုကြီးက ရယ်မောနေတယ်။
“အဟင်းဟင်း … ကျားလေးရယ်၊ မင်းဟာ လူတွေရဲ့စိတ်နေစိတ်ထားကို ဘာမှ နားမလည်ပါလား။ လူတွေဟာ သိပ်ဉာဏ်များကြတယ်။ အသားလိုလို့ အရိုးတောင်းဆိုသလို ကျားကလေးကို အသားတွေဝဖြိုးဖြိုးကြီးမားလာအောင် ကျွေးမွေးထားတာ။ မင်းကြီးထွားလာမှ မင်းကိုသတ်ပြီး အသား၊ အရိုး၊ သားရေတွေကို ရောင်းစားမယ်စိတ်ကူးပြီး မင်းကို အသားတိုးအောင် ကျွေးမွေးနေတာ ကျားလေးရဲ့”
“ဟာ ဟုတ်ပါ့မလား ကျားအိုကြီးရယ်။ မုဆိုးကြီးက ကျုပ်ကို ရွာသားတွေ ရန်ပြုမှာစိုးလို့ တောထဲမှာတောလိုက်ပြီး သားကောင်ရတာနဲ့ အမြန်ပြန်လာတယ်”
“အဘိုးစကားကို မင်းမယုံရင် လာ … လိုက်ခဲ့”
ကျားအိုကြီးက ကျားမောင်အား သစ်ပင်ပေါ်တွင်ထိုင်ကာ ငိုက်မျဉ်းနေသော မျောက်အိုကြီးတစ်ကောင်ဆီသို့ ခေါ်သွားလေသည်။ ကျားအိုကြီးက ကျားလေး၏ ဘဝဖြစ်စဉ်ကို မျောက်အိုကြီးအား ပြောပြရာ
“ဟုတ်တယ် ကျားကလေး၊ အဲဒီ တုန်းက အဘိုးမျောက်က သစ်ပင်ပေါ် မှာ ရှိနေတယ်။ မင်းအမေ ကျားမကြီးက မုဆိုးထောင်ထားတဲ့ မြေကျင်းပေါ်ကို တက် နင်းမိပြီး တလိမ့်ခေါက်ကွေးနဲ့ မြေကျင်းထဲကို ကျသွားတယ်။ ရင်ဘတ် လည်ပင်းတွေကို ဝါးချွန်တွေစူးဝင်ပြီး ဝေဒနာကို အလူးအလဲခံစားပြီး သေဆုံးသွားရရှာတယ်။
အဘိုးမျောက်က သစ်ပင်ပေါ်က မြင်တွေ့နေရတာကိုး။ အဲဒီတုန်းက အဘိုးမျောက် မြင်တွေ့ပြီး စိတ်မကောင်း ဖြစ်ခဲ့ရတယ်။ မင်းကို မုဆိုးက ဖမ်းဆီး ခေါ်ဆောင်သွားတာကိုလည်း မြင်လိုက်မိတယ်”
ကျားမောင် ကျားအိုကြီးနှင့် မျောက်အိုကြီးတို့ရဲ့စကားကြောင့် ယုံကြည်သွားတယ်။
“ဟင် အဲဒါဆိုရင် မုဆိုးကြီးဟာ အလွန်ရက်စက်တဲ့သူပါလား။ ကျုပ်အမေကို သတ်တယ်။ ကျုပ်ကိုလည်း လိုလားတဲ့စိတ်နဲ့ ကျွေးမွေးထားတာကိုး။ သိမယ်။ ကျုပ် အင်အားတွေ ပြည့်ဖြိုးလာတဲ့ တစ်နေ့ကျရင် အဲဒီမုဆိုးကို ကိုက်သတ်စားမယ်”
ကျားမောင်က ကြိမ်းဝါးပြီး မုဆိုးရဲ့တဲအိမ်ကလေးရှိရာသို့ ပြန်လာတယ်။ လှောင်အိမ်ထဲမှာ ဟန်မပျက် ပြန်ဝင်နေလိုက်တယ်။
ညနေစောင်းတော့ မုဆိုးက သမင်တစ်ကောင်ကိုထမ်းပြီး ပြန်လာတယ်။
“သားရေ အဖေပြန်လာပြီဟေ့။ ငါ့သားက ဆာနေပြီလား။ အခုချက်ချင်း အသားဖျက်ပြီးတာနဲ့ သားကိုကျွေးမှာပါကွာ”
ကိုဖိုးထော်က သမင်ကို အသားဖျက်ပြီး စားဖို့ ရောင်းဖို့ ဖယ်တယ်။ ကျန်တဲ့အသားတွေကို သံလင်ပန်းထဲမှာ ထည့်ထားတယ်။
ကျားမောင်ကို လှောင် အိမ်ထဲက ခေါ်လာတယ်။ ကျားမောင်က သူ့အမေအတွက် ဒေါသဖြစ်နေတာကို ကိုဖိုးထော်က မသိရှာဘူး။
ကျားမောင်က သမင်သားကို အငမ်းမရ စားနေတယ်။ ကိုဖိုးထော်က အနားမှာ ထိုင်ကြည့်ရင်း မျက်နှာကြီး ပြုံးနေတယ်။
“စားလို့ကောင်းလား သား။ ငါ့သား ဆာလောင်နေမယ်ဆိုတာ အဖေသိတယ်။ အဖေလည်း အမြန်ပြန်လာတာပဲ သားရယ်”
ကိုဖိုးထော်က ကျားမောင်ရဲ့ ဦးခေါင်းကို လက်နဲ့သပ်ပေးရင်း ပြောနေတယ်။ ကျားမောင်က အစာစားရင်း ကိုဖိုးထော်ကိုလှည့်ကြည့်တယ်။
“ဝေါင်း”
“ဟာ”
ကျားမောင်က ကိုဖိုးထော်ကို ပြေးဖက်သလို ရန်ပြုဖို့ ကိုဖိုးထော်ရဲ့လည်ကုပ်ကို ကိုက်ခဲထားလိုက်တယ်”
“ဟဲ့ သား၊ အဖေနာတယ် လွှတ် …”
“အသင်မုဆိုး”
ကျားမောင်ရဲ့ စကားပြောသံကြောင့် ကိုဖိုးထော် အံ့ဩသွားတယ်။
“သင်ဟာ ကျုပ်အမေ ကျားမကြီးကို သတ်ခဲ့တာရယ်၊ ကျုပ်ကိုလည်း သတ်စားဖို့ မွေးထားတယ်ဆိုတာ ကျုပ်သိတယ်”
“ဟာ မဟုတ်တာ သားရယ်”
“သင့်ကို ကျုပ် ကိုက်သတ်စားရမှ ကျေနပ်မယ်”
“အသင် ကျားကလေး၊ ငါဟာ သင့်ရဲ့ကျေးဇူးရှင်ဖြစ်ပေတယ်။ အသင် ငယ်စဉ်က နို့ငတ်ပြီး သေဆုံးသွားမှာစိုးလို့ နွားနို့တိုက်ပြီး ကျွေးမွေးခဲ့တယ်။ သင့်မိခင်ကို သေစေလိုလို့ ထောင်ချောက် ဆင်ခဲ့တာမဟုတ်ပါဘူး။ အခြားတောကောင်တွေကို ဖမ်းမိအောင် ထောင်ချောက်ဆင်ထားရင်းက သင့်အမေကိုဖမ်းမိသွားတာပါ။ သင် ငါ့ကို ကိုက်သတ်ချင်ရင် လည်း သတ်ပါ။ သင်ဟာ ကျေးဇူးရှင်ကို သတ်မိလို့ တစ်သက်လုံးဒုက္ခတွေ့ မှာကိုတော့ ငါ မလိုလားဘူး ကျားလေး”
ကျားမောင်က ကိုဖိုးထော်ရဲ့ လည်ပင်းကိုတိုးလို့ကိုက်ချီထားတယ်။
“အသင် စဉ်းစားပါ ကျားလေး။ ငါဟာ သင့်ကို သားသမီးပမာ ချစ်ခင်ပြီး ကျွေးမွေးစောင့်ရှောက်ခဲ့တာပါ။ သင့်ကို ရွာကလူတွေက စွန့်ပစ်ဖို့ ပြောတာတောင် ငါ လက်မခံခဲ့ဘူးဟာ။ အသက်အရွယ်လည်း အိုမင်းလာပါပြီ။ သင်မသတ်လည်း ငါဟာ တစ်နေ့ သေရမှာပဲ။ သေမယ့်သူကို သတ်လို့ သင် ဘာအကျိုးရှိမှာလဲ။ သင် ငါ့ကို ကိုက်သတ်စားလို့ တစ်နပ်ပဲ စားရမှာပေါ့။ သင့်ကို ငါ ရှာဖွေကျွေးမွေးခဲ့တာ နှစ်ပေါင်းများစွာ မဟုတ်လား”
ကျားမောင်က ကိုဖိုးထော်ရဲ့လည်ပင်းကို တအားကိုက်ချပြီး ဆွဲခါယမ်းပစ်လိုက်တယ်။ “အား”
xxx xxx xxx
ကျုပ် ရုတ်တရက် လန့်နိုးသွားတယ်။ တစ်ကိုယ်လုံးမှာလည်း ချွေးတွေ ရွှဲနေတယ်။ ရင်ထဲမှာလည်း တဆတ်ဆတ် ခုန်နေတယ်။ ကျုပ် အိပ်မက်ဆိုးတွေမက်နေတာပါလား။ ကျားမောင်ရဲ့ လှောင်အိမ်ဘက်ကို နားစွင့်လိုက်တော့ တိတ်ဆိတ်ငြိမ်သက်နေတယ်။ ကျုပ် အလွန်မောဟိုက်နေတာတော့ အမှန်ပဲ။ အနာကြောင့် အဖျားရှိန်တွေတက်ပြီး အိပ်မက်ဆိုးတွေ မက်နေတာ။ အိပ်မက်ထဲမှာ ကျားမောင်က ကျုပ်ကို ကိုက်သတ်စားလိုက်တယ်။
တကယ်တော့ ကျားမောင်နဲ့ ကျုပ်ဟာ သဘာဝချင်း တူညီသူတွေ မဟုတ်ကြဘူး။ ကျားမောင်က လူသားစားကျား၊ ကျုပ်က အမဲလိုက်မုဆိုး။ သဘာဝချင်း မတူညီတဲ့သူတွေဟာ ဘယ်လောက် အချိန်ကြာကြာ နေထိုင်လို့ရမှာလဲ။
ပြီးတော့ ကျားမောင်က အသိဉာဏ်မဲ့တဲ့ တိရစ္ဆာန်မဟုတ်လား။ ကျုပ် အသက်အရွယ် အိုမင်းလာလို့ သူ့ကို အစာဝလင်အောင် ရှာဖွေမကျွေးနိုင်တဲ့တစ်နေ့မှာ သူက ကျုပ်ကို အစာအဖြစ် အသုံးမချဘူးလို့ မဆိုနိုင်ဘူး။ ဒီတော့ ကျုပ် ဆုံးဖြတ်ချက်တစ်ခုကို ပိုင်နိုင်စွာ ချလိုက်ရတယ်။
ကျားမောင်ကို လှောင်အိမ်ထဲက မလွှတ်တော့ဘူး။ သစ်တောဦးစီးဌာနက တောအုပ်ကြီးဦးသိန်းလွင်နဲ့ဆက်သွယ်ပြီး ကျားမောင်ကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို လှူဒါန်းဖို့ အကြောင်းကြားလိုက်တယ်။
ကျားမောင်က သူ့ကို လှောင်အိမ်ထဲက လွှတ်မပေးလို့ ဒေါသဖြစ်နေရှာတယ်။ ကျုပ်စိတ်မကောင်းပါ ဘူး။
မကြာပါဘူး။ သစ်တောဦးစီးဌာန က တာဝန်ရှိသူတွေက ကျားမောင်ကိုထည့်ထားတဲ့ လှောင်အိမ်ကို ကားပေါ် တင်ပြီး ရန်ကုန်တိရစ္ဆာန်ရုံကို ပို့ပေးကြ တယ်။ ကျုပ် ရင်ထဲမှာ မချိအောင် ခံစားရတယ်။ ကျားမောင်ကို ခေါ်သွားခါနီးမှာ ကျားမောင်က လှောင်အိမ်ကို ကုတ်ဖဲ့တက်ပြီး
“ဝေါင်း…” လို့ အော်တယ်။
ကျုပ်နားထဲမှာ အဖေရေလို့ သားက အော်ခေါ်နေသလိုပဲ။
ကျားမောင်ဟာ ကားကြီးပေါ်မှာ တလှုပ်လှုပ်နဲ့ ပါသွားတယ်။ ရွာသားတွေက ဝိုင်းကြည့်နေကြတယ်။ ကျုပ်ရင်ထဲမှာ ဘယ်လောက် ခံစားနေရတယ်ဆိုတာ ကျုပ် အသိဆုံး။
အလွန်ချစ်ရတဲ့ သားလေးနဲ့ တစ်သက်လုံး ခွဲခွာလိုက်ရတဲ့ ဖခင်ရဲ့ ခံစားမှုမျိုးပါ။
ကျုပ်သားလေးနဲ့ ကျုပ် ရှင်ကွဲ ကွဲခဲ့ရပြီလေ။ ခံစားမှုကြောင့် ကျုပ် မျက်လုံးထဲမှာ မျက်ရည်တွေပြည့်လာ တယ်။ မျက်ရည်တွေက ပါးပြင်ပေါ်ကို လိမ့်ဆင်းကျလာတယ်။ ကျုပ် တစ်ချက်ပြင်းပြင်း ရှိုက်လိုက်တယ်။
“သားရယ်” ကျုပ်ရဲ့ခေါ်သံက လည်ချောင်းထဲမှာ တိုးဝင်ပျောက်ကွယ်သွားတယ်။
– ပြီး –
စာရေးသူ – ဝင်းဇော် (သုံးဆယ်)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ