ဖျာပုံလှမိုးနွယ်
မုဆိုးမိုးပျံ
“ပျားနဲ့တိုက်တာ ဘယ်ကောင်းမလဲကွာ။ ဝါသနာတူ ဘဝတူတဲ့ လူတွေပဲဟာ။ အငြိုးအမျက် မထားရဘူးကွ။ သည်းခံရတယ်၊ ခွင့်လွှတ်ရတယ်။ လူအများနဲ့ဝေးတဲ့ တောကြီးမျက်မည်းထဲ နေကြရတာ။ အကြောင်းရှိ အကူအညီပေးရမယ်။
သူ စိတ်ထားမကောင်းလို့ လုပ်ဝံ့တာကွ။ စိတ်ထားကောင်းတဲ့မင်းက ခွင့်လွှတ်လိုက်ပါကွာ။ သူ ဘယ်သူလဲ မင်းသိရမှာပါ။ အဲ ဟဲဟဲ … အီး ဟီးဟီး … ဆတ်ကျွန်း၊ ရာဟုထောင့်၊ ကန့်ဘလာပင်ချောင်း၊ ဆတ်သွားဖူးရုံအနီးကို မနက်ဖြန် နေမထွက်ခင် အရောက်သွားရလိမ့်မယ်။ ကြားလား … အကောင်”
“ဟုတ် … ဟုတ်ကဲ့။ ကြားပါတယ် ဘဘငှက်ကြီး”
“ဟေ့ … ကံစိန်၊ ငါက အတွေ့အကြုံအရ သေချာလို့ပြောတာကွ။ အဲ ဟဲ ဟဲ … ဂီး ဟီးဟီး”
ကိုအောင်သိန်း၏ ကျောရိုးတစ်လျှောက် ကြက်သီးဖြန်းခနဲ ထသွားသည်။ ပင့်သက်ထုတ်လျက် ရယ်ပြီး ရှိုက်သွင်းလေတွင် တဟီးဟီးရယ်သံ အဆုံးသတ်ပုံမှာ စိတ်ထဲ တုန်လှုပ်ချောက်ချားဖွယ်ဖြစ်နေသည်။
တစ်ပွဲစားဦးငှက်ကြီးသည် တောကြောင်ရေ တပ်ထားသော ပက်လက်ကုလားထိုင်ပေါ် လှဲရင်း သိမ့်သိမ့်ခါအောင် ရယ်နေသည်။
အတန်ငယ်ကျယ်သော တဲ၏ထရံတွင် မှတ်မှတ် ရရဖြင့် ချိတ်ဆွဲထားသော ဒူးလေးကြီးတစ်လက်နှင့်အတူ ဆတ်ချိုကြီးများ၊ ရုပ်လုံးမပျက် မြွေရေခွံများ၊ ဝက်စွယ်အချို့နှင့် မိကျောင်းရေတို့ကို ချိတ်ဆွဲ ထားပါသည်။ ညှီစို့စို့ အောက်သိုးသိုးအနံ့ကို ရှူရှိုက်မိသည်။
ကိုအောင်သိန်းတို့ ဆင်ကူးဝံချောင်းနယ်မြေတွင် ငယ်စဉ်ထဲက တောခုတ် ပိုက်ထောင်၍ ဝါသနာကြီးလှစွာ အမဲလိုက် လုပ်ကိုင်စားခဲ့သော အသက်ရှစ် ဆယ်ကျော် မုဆိုးအို ဦးငှက်ကြီး၏ တောထဲက ရသမျှ ဒဏ်ရာမျိုးစုံရှိသော ခန္ဓာကိုယ်ကြီးမှာ ဘယ်ဘက်တစ်ခြမ်း လေဖြန်းထားသည်။ သွားလာနိုင်ခြင်း မရှိတော့ပါ။
သူနှင့်ဝါသနာတူ ကိုအောင်သိန်း၊ ကိုကံစိန်တို့လို လူငယ်လူလတ် မုဆိုးဝါသနာရှင်တို့ကို သူ့အတွေ့အကြုံများပြော၍ မြစ်ဝကျွန်းပေါ် တောသဘာဝနှင့် သားကောင်တို့အကြောင်း ပြောဆိုသင်ပြသည်။
တောထဲနေကြသူများက သူ့ကို တစ်ပွဲစားကြီးဟု ယုံကြည်သတ်မှတ်ထားကြသည်။
လွန်ခဲ့သော တစ်ပတ်ဆီက တောလိုက်သွားသော ကိုအောင်သိန်း တစ်ယောက် ပျားနဲ့ အတိုက်ခံရသည်။ ထို့ကြောင့် ကိုကံစိန်တို့ မုဆိုးဝါသနာရှင်များ ယုံကြည်လေးစားသော မုဆိုးအိုကြီး တစ်ပွဲစားဦးငှက်ကြီးထံ တိုင်ကြားမေးမြန်းရန် ကိုအောင်သိန်းကို သပြုချောင်း ဝဲထောင့်ရှိ ဦးငှက်ကြီးတဲသို့ ခေါ်လာခြင်း ဖြစ်သည်။
မုဆိုးအိုဦးငှက်ကြီး၏ သမီးနှစ်ယောက်နှင့် ခင်ပွန်းတို့မှာ အမဲလိုက် ပိုက်ထောင် လုပ်ကိုင်သူများဖြစ်၍ ဦးငှက်ကြီး၏ အဆိုအမိန့်အောက်တွင် နာခံကျိုးနွံသူများ ဖြစ်သည်။
မုဆိုးကျော် ကိုအောင်သိန်း ကျားမလိုက်ဘဲ ပျားလိုက်ခံရသည့်အဖြစ်ကို မုဆိုးအိုကြီးသည် စိတ်ဝင်တစားနားထောင်ပြီး ချွဲကပ်သောအသံကြီးဖြင့် သဘောကျစွာရယ်သည်။ ပြီးတော့ သူပြောလိုသောစကားကိုလှဲနေသောကုလားထိုင်ပေါ်မှ တောက်လျှောက်မနားတမ်း ပြောသည်။ ကိုအောင်သိန်းကို အမိန့်ပေးညွှန်ကြားစေခိုင်းလေသည်။
တစ်ပွဲစားကြီးနေရာမှ မထနိုင်သော်လည်း တောအတွင်း ချောင်း မြောင်း နေရာ၊ အမှတ်အသားတို့ကို အတိအကျညွှန်လျက် မည်သည့်အမဲကောင် ရ မရ၊ ကြားနေ မြင်နေရသလို ပြောနိုင်သည်ဆိုသဖြင့် ကိုအောင်သိန်း အီလည်လည်ဖြင့် ခေါင်းညိတ်ခဲ့ရသည်။
ယခင် ကိုကံစိန်နှင့် တစ်ကြိမ်နှစ်ကြိမ် ရောက်ဖူးစဉ်က မုဆိုးကြီးဦးငှက်ကြီးသည် သူ့တစ်သက်တာ အတွေ့အကြုံနှင့် တောနှင့်သားကောင်တို့၏ ပရိယာယ်မာယာတို့အကြောင်းကို ပြောပြခဲ့သည်။ ယခုတော့ ဆတ်ကျွန်း၊ ကန့်ဘလာပင်ချောင်းသို့ နေမထွက်မီ သွားရမည်။ ဝက်ရမည်ဟု ကိုကံစိန်ကိုပါ သက်သေထားပြောလိုက်သည်။
“အသေအချာကို ပြောတာကွ။ မင်းကိုပဲ ပြောတာလေ။ သွားလိုက်ပါကွာ၊ ဦးငှက်ကြီးပြောရင် လွဲခဲပါတယ်။ မင်းသွားလို့ ဘာမျှမတွေ့ရင်လည်း လေဖြန်း ထားတဲ့ မုဆိုးအိုကြီး သွေးပြောလေပြောလို့သာ မှတ်ပေါ့ကွာ”
အပြန်တွင် လူချင်းမခွဲမီ သူ့ထက် အသက်ကြီးပြီး ဤတောထဲ၌ အနေကြာခဲ့သော ဝါသနာတူမုဆိုး ကိုကံစိန်က ကိုအောင်သိန်း လှေနံကို ဆွဲထားရင်း ပြောခဲ့သည်။ မယုံမရဲ ဖြစ်နေသော သူ့အတွင်းစိတ်ကို သိနေပုံရသည်။
“အေးဗျာ … ကိုကြီးကိုကံစိန်၊ မှန်တာကို ဝန်ခံရရင် မယုံချင်သလိုပဲဗျာ။ များသောအားဖြင့် တောဝက်က ညဘက်ထွက်တာဗျ။ ခု ဦးငှက်ကြီးပြောတဲ့ မနက်အချိန်ဟာ တောဝက်တွေ ကိုယ့်နေရာ ကိုယ်ပြန်ပြီး အိပ်မောကျလောက်တဲ့ အချိန်ဗျ။ ဒီဆတ်ကျွန်းနဲ့ ပတ်ဝန်းကျင်တောတွေထဲက ဝက်တွေ နေ့ဘက်ထွက်တာ ကျွန်တော် သိပ်မတွေ့ခဲ့ဘူးဗျ”
“အေး … တစ်ပွဲစားမုဆိုးဦးငှက်ကြီးကတော့ တွေ့ရုံမဟုတ်ဘူး။ မင်း ဝက်ရမယ်လို့ ပြောတာကွ။ ရေမြေသဘာဝနဲ့ တောကောင်တွေရဲ့ အလေ့အကျင့်ကို သူ့အတွေ့အကြုံနဲ့ပြောတာ လွဲခဲလို့ တစ်ပွဲစားနာမည်တပ်ပြီး ငါတို့ သူ့ပါထည့်ပြီးတော့ မြှောက်နေရတာပဲကွာ။ အဲဒီနေရာကို သူပြောတဲ့အချိန် သွားဖြစ်အောင် သွားလိုက်ပါ အောင်သိန်းရာ။ အတွေ့အကြုံတစ်ခုပေါ့ … ဟုတ်လား”
ကိုအောင်သိန်း ဆုံးဖြတ်သလို သက်ပြင်းမှုတ်ထုတ်လိုက်သည်။ ခေါင်းကို အကြိမ်ကြိမ်ညိတ်သည်။ ထို့နောက် သူ၏မျက်နှာကို အကဲခတ်၍ ကိုကံစိန် သည် လှေနံကို ကိုင်ထားရာမှ လွှတ်လိုက်ပြီး ကျေနပ်စွာပြန်၏။ ချောင်းခွဲတစ်ခုတွင် ကိုကံစိန်သည် လှေကလေးကို တက်သုတ်နှင်၍ အပြေးလှော်သွားသည်။
ကိုအောင်သိန်း၏ လှေကလေးမှာလည်း မိတင်အေးတို့ သားအမိ စောင့်မျှော်နေမည့် ဆင်ကူးဝဲချောင်းဘက်သို့ သုတ်သုတ်လှော်ခဲ့ပါသည်။
xxx xxx xxx
နံနက်အရုဏ်တက်ချိန်တွင် ကိုအောင်သိန်း လှေကလေးနှင့် ထွက်ခဲ့သည်။ မိမိအချစ်တော် ခွေးကြီးရုပ်ဆိုးနှင့် ပျားတုပ်မတို့လည်း ပါခဲ့သည်။ ထို့အပြင် သူအလွန်နှစ်သက်ကိုင်ဆွဲလေ့ရှိသော လှံရှည်နှင့် ငှက်တော်မြီးပုံ တောခုတ်ဓားရှည်လည်း ပါသည်။
မိတင်အေးကို မုဆိုးအိုတစ်ပွဲစား ဦးငှက်ကြီး ပြောခဲ့သော စကားတို့ကို အသိပေးခဲ့၏။ အရုဏ်တက်ချိန်တဲမှ ထွက်သည်ကို မိတင်အေး မည်သို့မျှ မပြောတော့ပါ။
ရုပ်ဆိုးနှင့် ပျားတုပ်မတို့သည် အလင်းရောင် ဝိုးတဝါးတွင် သခင်ဖြစ်သူ ကိုအောင်သိန်း လက်နက်များနှင့် လှေထဲအဆင်း၌ ခုန်တက်လိုက်ခဲ့ကြသည်။ သခင်ဖြစ်သူက မဟန့်တားသဖြင့် လှေဝမ်းထဲတွင် တစ်ဖက်စီကပ်၍ ထိုင်လျက်ပါလာခဲ့ကြသည်။
တစ်နာရီခန့်ကြာသွားသောအခါ ကန့်ဘလာချောင်းသို့ ကိုအောင်သိန်း လှေ အပြေးရောက်လာသည်။ သစ်ပင်တို့အကြားမှ အရှေ့မိုးကောင်းကင်တွင် အလင်းရောင် တိုးထွက်သည်ကို မြင်နေရသည်။
မကြာမီ နေလုံးကြီး ထွက်ပေါ် လာတော့မည်။ မုဆိုးအို ဦးငှက်ကြီး မှာလိုက်သောအချိန် ဖြစ်သည်။ ကန့်ဘလာချောင်းအတွင်းသို့ အတန်ငယ်ဝင်မိသောအခါ သစ်ပင်ကြီး နည်း၍ ကနစိုပင်ပေါက်များနှင့် ဗြူး၊ မဒမပင်တို့ ခပ်များများပေါက်နေသော တစ်နေရာတွင် ဆပ်သွားဖူးပင်များ စုပေါက်သောနေရာကို လှမ်းမြင်ရသည်။
“ဝူး ဝူး … ဗြုံး ဗြုံး ဗြုံး”
ကိုအောင်သိန်း အသံလာရာဆီသို့ နားစွင့်သည်။ ဝက်တစ်ကောင် မာန်သွင်းလျက် သွားသွားချင်း ကိုက်ဝါးသံနှင့်အတူ တစ်ရှူးထိုးအော်ရင်း ရန်သူကို ပြေးပက်တိုက်ခိုက်ရာက ချုံပုတ်ထူထူပေါ်သို့ကျရာ ရုန်းကန်သံများကို အသေအချာ ကြားနေရသည်။
အသံကြားရာဘက်ကမ်းသို့ လှေကိုကပ်ပြီး သစ်ကိုင်းတစ်ခုတွင် လှေ ကြိုးချည်ခဲ့သည်။
လှံအသင့် ဓားအသင့်နှင့် ကမ်းပေါ်တက်ခဲ့သည်။ ပျားတုပ်မနှင့် ရုပ်ဆိုးကို အပြေးမသွားရန် ကိုအောင်သိန်း လက်ဖြင့် အချက်ပြထိန်းထားသည်။
သစ်ပင်ကြီး နည်းသော်လည်း ခြေသလုံး၊ ပေါင်လုံးခန့် ကနစိုပင်ပေါက်တို့သည် ဖယောင်းတိုင်သဖွယ် ဖြောင့်တန်းမြင့်မားစွာ အစီအရီနှင့် ရှိနေကြ၍ ပတ်ဝန်းကျင်ကို တက်နေခြည်အလင်းရောင် ဖြာကျတိုးဝင်လာသည်။
“ဘောက် ဘောက် … ဝူး ဝူး … ဗြုံး”
“အား … အား … အောင်မယ်လေး … သေပါပြီဗျ”
“ဘောက် ဘောက် … ဝူး … ဗြုံး ဗြုံး”
ကိုအောင်သိန်း အသက်ရှူရန် မေ့မတတ် ထိတ်လန့်အံ့သြရပါသည်။ နေလုံးထွက်ပြူတော့ အလင်းရောင်နှင့် ဆတ်သွားဖူးပင်များနှင့် မဝေးသော ချုံပုတ်ငယ်တို့ ကျဲကျဲရှိသည့် နေရာမှ မြင်ကွင်းကို အထင်အရှား တွေ့လိုက်ရသည်။
ကနစိုပင်ပေါက်၏ ရုန်းကန်အားကိုယူ၍ ဝက်ဆင်းလမ်းတွင် ဝက်ကိုင်းခေါ် ထောင်ချောက်ဆင်ထားခဲ့ရာ တောဝက်တစ်ကောင် မိနေသည်။ ခြေလက်တို့တွင် သုတ်ကိုင်းကြိုး မိခဲ့ခြင်းမဟုတ်ပါ။ ရှေ့လက်တစ်စုံ နောက်ခြေတစ်စုံတို့အလယ် ခါးကိုသာလျှင် သွပ်နန်းကြိုးနှင့် ပြုလုပ်ထားသော ဝက်သုတ်ကိုင်းကြိုး မိနေခြင်းဖြစ်သည်။
ပင်ရင်း ခြေသလုံးသာသာခန့်ရှိသော ကနစိုပင်သည် ပေသုံးဆယ်ခန့် မြင့်သည်။ ထိုအပင်၏ အဖျားတွင် ကွင်းလျှောထောင်ချောက်ကြိုး တပ်ပြီး ဝက်သွားလမ်းဘေး အထစ်ပါသောငုတ် ရိုက်သည်။ ထိုငုတ်တွင် နင်းမိလျှင် ခလုတ်ပြုတ်သော လျှာတံရှိသည်။ အဆိုပါသစ်သားငုတ်အထစ်အနီးရောက်အောင် ကနစိုပင်ပေါက်အဖျားသို့ လူတက်ပြီး နွယ်ကြိုးနှင့်ချည်ကာ အခြားသစ်ပင် တစ်ပင်တွင် နွယ်ကြိုးရစ်ပတ်ပြီး ပင်ဖျားကို နှိမ်ရသည်။ ရုန်းကန်အား အများဆုံးရအောင် နှိမ်သည်။ ထောင့်ချောက်ခလုတ်တင်ပြီးမှ ဆွဲနှိမ်ခဲ့သော နွယ်ကြိုးကို ဖြတ်ရသည်။
ထိုထောင်ချောက်တွင် ခါးမှမိထားသော ဝက်သည် နောက်ခြေနှစ်ဖက် မိမိရရ မထောက်နိုင်၊ ရှေ့လက်နှစ်ဖက်က ကုတ်ခြစ်အားယူ၍ ဒေါသတကြီး ရုန်းကန်တိုက်ခိုက်နေသည်။ အချိန်သုံးဆယ်ကျော် လေးဆယ်ခန့်ရှိမည့် တောဝက်ကြီးကို ကနစိုပင်ငယ်သည် ခြေမှလွတ်အောင် မရုန်းကန်နိုင်ပါ။
ဝက်ရုန်းကန်တိုင်း ညွှတ်၍ညွှတ်၍ ပါသွားသည်။ တုံ့၍တုံ့၍ ပြန်ဆွဲသည်။ လျင်မြန်သောအဟုန်ဖြင့် လှံသွား ရှေ့မှခင်း၍ တိုးဝင်လာသော လူသားကို မာန်သွင်းအော်သံနှင့်အတူ မာန်စွယ်ဖွေးဖွေးကို အားပြု၍ ပြေးပက်သည်။
ထိုးရန် လှံသွားခင်းလာသော လူသားသည် ဘေးကိုရှောင်တိမ်းခုန်ဆုတ်လိုက်သည်။ မမျှော်လင့်သော ဖြစ်ရပ်က ခုန်ဆုတ်သူအဖို့ ထောင်ချက်ဆင်ထားခဲ့သည့် ခလုတ်ကို နင်းမိသည်။ ထောင်ချောက်သုတ်ကိုင်း ကနစိုပင်ပေါက်သည် အရှိန်ပြင်းစွာ ရုန်းကန်ဆွဲတင်လိုက်သည်။
ထိုသူသည် ခြေတစ်ဖက် သွပ်ကြိုးကွင်းစွပ်မိပြီး မြောက်တက်သွားသည်။ အထိတ်တလန့်အော်ရင်း အကူအညီတောင်းပါသေးသည်။ ကနစိုပင်ထိပ်ဖျား လွန်အောင် မြောက်တက်သွားပြီး ပြန်ကျချိန်မှာ တစ်ဖက်ဝက်လမ်းတွင် မိထားသော ဝက်ကြီးက ပြေး၍ပက်သည်။
အရှိန်နှင့်လာရင်း ဒေါသတကြီး ခုန်ပက်သော ဝက်ကိုကြည့်လျက် အသံကုန်တစ်ချက်အော်ပြီး ဇောက်ထိုးဖြစ်လျက်နှင့် ခြေလက်အစုံ ရုန်းကန်ဝှေ့ယမ်းလျက်နှင့်ပင် ငြိမ်သက်သတိမေ့သွားဟန် တူပါသည်။
သူ့အနီးသို့ ဝက်ကြီးရောက်သွားသော်လည်း ကနစိုပင်ကိုင်းမှ တုံ့ဆွဲလိုက်သဖြင့် ချုံပုတ်တစ်ခုံပေါ် ကျသည်။ ဒေါသတကြီး ကိုယ်ကို တစ်ပတ်လှိမ့်၍ ရုန်းထချိန်တွင် ကိုအောင်သိန်းနှင့် ခွေးနှစ်ကောင်ကို တွေ့သွားသည်။
အနီးဆုံး လဲကျနေသော သစ်တုံးပေါ်သို့ ရောက်နှင့်နေသည့် ပျားတုပ်မကို ဝက်ကြီးပြေးပက်သည်။ လျင်မြန်သော ရုပ်ဆိုးက စိတ်ထင်တိုင်းမပေါက်သော ဝက်ကြီး၏ နောက်ဘက်ပေါင်ကို မိမိရရ ကိုက်ဆွဲပြီး ခုန်ထွက်သည်။ ပျားတုပ်မသည် တုံးပေါ်မှ တစ်ဖက်သို့ ခုန်ချပြီးဖြစ်ရာ အစွယ်နှင့်မထိလိုက်ရဘဲ သစ်တုံးနှင့် ဝက်ကြီးရင်ဘတ် တိုက်မိသည်။
နောက်ခြေဝင်ကိုက်သော ရုပ်ဆိုးကို ဝက်ကြီး လှည့်ပက်သည်။ လျင်မြန်သောဝက်ကြီးနှင့် ပျားတုပ်မ၊ ရုပ်ဆိုးတို့ နေရာယူတိုက်ခိုက်ပုံကို အတွေ့အကြုံရှိသော ကိုအောင်သိန်းက ဝက်ကြီးနံဘေးသို့ပြေးကပ်ရင်း နောက်ဘက် လက်ပတ်ကြားသို့ အမဲလိုက် လှံသွား ထိုးသွင်းလိုက်သည်။
ရုပ်ဆိုးထံ မရောက်မီ ဝက်ကြီးသည် အီခနဲတစ်ချက်အော်၍ ကိုအောင်သိန်းကို လှည့်ကာ အစွယ်နှင့်ပက်သော်လည်း လှံရိုးကို မလွှတ်ဘဲ ရှောင်ပေးလိုက်သည်။ ဝက်ကြီးသည် လဲကျသွားပါ၏။
ချက်ချင်းပင် ကိုအောင်သိန်းသည် ဗြူးခြေထောက်ပင်တွင် ထောင်ထားခဲ့သော ဓားကို ပြေးယူသည်။ ဝက်သုတ်ကိုင်းတစ်ခုတွင် ခြေတစ်ဖက်မိ၍ ဇောက်ထိုးမေ့မြောနေသော လူဆီ ပြေးလာသည်။
ခြေသလုံးသာသာရှိသော ဝက်သုတ်ကိုင်းလုပ်ထားသော ကနစိုပင်ကို သွက်လက်စွာ ခုတ်လှဲသည်။
နေလုံးကြီး မြင့်တက်လာပြီး အမှောင်တို့ လွင့်စဉ် သွားချေပြီ။
“ဟာ … ကိုကံရင်၊ လက်စသတ်တော့ ကိုကံရင်ပဲ။ ဝက်ဆင်းလမ်းနှစ်ခုမှာ နှစ်ကိုင်းထောင်ပြီး မိတဲ့ကိုင်းက ဝက်ကိုထိုးရင်း ကိုယ်ထောင်ထားထားတဲ့ ဝက်ကိုင်းကို အမှတ်တမဲ့ ပြန်နင်းမိတဲ့ အဖြစ်ဆိုးပဲဗျာ။ သေတော့ မသေနိုင်ဘူး ထင်ပါရဲ့”
xxx xxx xxx
“အဲ ဟဲ့ ဟဲ့ ဟဲ … ဟီးဟီး ဟီးဟီး ဟီးဟီး။ ဆက်ပြောစမ်းပါဦးကွ။ မုဆိုးမိုးပျံဆိုတာ ခုမှ မြင်ဖူးကြားဖူးတယ်ပေါ့။ ဟုတ်စ … ဟီးဟီး”
မုဆိုးအိုတစ်ပွဲစားဦးငှက်ကြီးသည် လက်တစ်ဆစ်ခန့် ဖွေးဖွေးဖြူနေသော ခေါင်းတုံးဆံပင်ပေါက်တို့ကို ညာလက်ဖဝါးဖြင့် ပွတ်သပ်ရင်း မှေးသော မျက်စိ တစ်ဖက်ပိတ်သွားအောင် သဘောကျစွာ ရယ်သည်။
အရေတွန့်လိမ်သော်လည်း ထင်သာမြင်သာ တွေ့ရဆဲ မျက်နှာပေါ်မှ ဒဏ်ရာအတိုအရှည်တို့သည် ဖရိုဖရဲ လှုပ်ရှားသွားကြသည်။
သွားမရှိတော့ဘဲ သွားဖုံးရိုးများသာရှိ၍ ဖားဖိုနှင့်တူသော သူ့ပါးတို့ကိုကြည့်ရင်း ကိုအောင်သိန်းက ဆက်ပြောသည်။
ကြောင်ပါးကြီးတစ်ကောင်၏ အရေခွံကို လုပ်ထားသော ပက်လက်ကုလားထိုင်မှ အားယူဆွဲထထိုင်၍ စိတ်ဝင်စားစွာ ငေးစိုက်နားထောင်ပါသည်။ ကျယ်ပြန့် ကြံ့ခိုင်ခဲ့သော ရင်အုပ်၊ လက်မောင်းတို့မှာ အရေပြားတို့ တွဲကျနေသည်။ ဆေးမင်ကြောင် နီရဲရဲအရုပ်တို့ကိုလည်း တွေ့နေရသည်။
“ကနစိုပင်ကို လှဲပြီး ကိုကံရင်ကို ကျွန်တော့်လှေဆီ ထမ်းခေါ်ခဲ့ရတယ်။ ကိုကံရင့်လှေပေါ်ကိုတော့ ဝက်ကျောပိုးပြီး ထမ်းတင်ခဲ့တယ်။ သူ သတိမေ့နေ
တယ်။ ဝက်တင်ထားတဲ့ သူ့လှေကို ကြိုးနဲ့ တွဲလှော်ခဲ့ရတယ်။
ဆင်လူးကျွန်း သူနေတဲ့တဲပေါ်ရောက်မှ သူ့မိန်းမပေးတဲ့ သွေးဆေးနဲ့ နှာနှပ်မှ သတိရတယ်။ ဒူးဆစ်ပြုတ်သွားလို့ အရိုးဆက်အသားဆက်နွယ်ပင် အရွက်တွေထောင်းပြီး သူ့ဒူးကို ပတ်စည်းပေးခဲ့တယ်။
ကျွန်တော် တယုတယလုပ်ပေးနေတာကို ကြည့်ပြီး
“ကျေးဇူးတင်တယ်ဗျာ၊ အသက်ကယ်တဲ့လူပါပဲ”
တဖွဖွေပြောရင်း ရှိုက်ကြီးတငင် ငိုတယ်။
ဖျံအုပ်နဲ့တွေ့တဲ့ သူ့ခွေးနှစ်ကောင်ကို ကျွန်တော် ဂရုစိုက်မကယ်လို့ သူချစ်တဲ့ခွေးတစ်ကောင် သေရတာ အခဲမကျေ ဒေါသဖြစ်ရင်းနဲ့ ကျွန်တော်သေအောင် သူကြားဖူးတဲ့ တောကြီးပျားတိုက်နည်းနဲ့ တိုက်ခဲ့တာလို့ ဝန်ခံပြောတယ်။
ကျွန်တော် စိတ်ရင်းမှန်လို့ ဘေးမဖြစ်တဲ့အပြင် အခုလည်း သူ့အသက်ကို စွန့်စွန့်စားစား ကယ်ပေးပြန်သတဲ့။ ဒါကြောင့် သူ ပြစ်မှားကြံစည်လုပ်ကိုင်မိသမျှ ခွင့်လွှတ်ပါလို့ ရှိခိုးတောင်းပန်တယ် ဘဘငှက်ကြီးရဲ့”
တစ်ပွဲစားမုဆိုးအိုကြီးသည် ချွဲကျပ်သံဖြင့် ရှည်လျားစွာ ရယ်တော့သည်။ ပြီးတော့ ဆက်ပြောသည်။
“ကံစိန်နဲ့ မင်း လာမေးကြတဲ့ ပြဿနာရဲ့အဖြေကို ကာယကံရှင်ကိုယ်တိုင်က မင်းကို အဖြေပေးရင်း ဝန်ခံလိုက်ပြီနော်”
“ဘဘငှက်ကြီး ကြိုတင်သိသလို ပြောတဲ့အတိုင်းဖြစ်နေလို့ ကျွန်တော်တော့ အလွန်အံ့ဩမိပါတယ်။ ပြီးတော့ ကျန်တာလေး ဆက်ပြောပါရစေဦး။
ကိုကံရင်ဟာ ကျွန်တော်က ခွင့်လွှတ်ကြောင်း အကြိမ်ကြိမ်ပြောမှ ကျေနပ်သွားတယ်။ သူ့ကို ညီတစ်ယောက်လို သဘောထားပါလို့ ပြောတယ်။ သူ့ကိုင်းနဲ့ မိခဲ့ပြီး ကျွန်တော်ထိုးလို့ရခဲ့တဲ့ တောဝက်ကိုလည်း ကျွန်တော်ပဲ ယူပါလို့ ပေးတယ်။ ကျွန်တော် လက်မခံဘူး။ တစ်ဝက်ပဲဆိုင်တယ်ဆိုပြီး တစ်ခြမ်း ယူခဲ့တယ်။
ဟောဒီမှာ ဘဘငှက်ကြီးအတွက် ကျွန်တော်က တစ်တွဲ၊ ကိုကံရင်ကလည်း တစ်တွဲပေးလိုက်သဗျ။
သိပ်အံ့ဩစရာကောင်းတဲ့ ဖြစ်ရပ်နဲ့ အတွေ့ အကြုံပါပဲ ဘဘဦးငှက်ကြီး”
“အေး အေး … သာဓုပဲပေါ့ကွာ။ ဝါသနာတစ်ခု အလုပ်တစ်ခုဟာ စူးစူးစိုက်စိုက် အာရုံတစ်ခုတည်းထားပြီး ဇောက်ချလုပ်ရင် ကျွမ်းကျင်တတ်မြောက်လာတယ်။ ဒီထက်ပိုလာရင်တော့ အကြားအမြင်ပေါက်သလို ပညာသိတွေ ပေါ်လာတာပဲကွ။
ငယ်ငယ်တုန်းက စာထဲမှာလည်း ဖတ်ဖူးတယ်။ ကိုယ်တွေ့ ကြုံရင်း လေ့လာရင်း ကြီးလာတော့ ပိုသဘောပေါက်လာတယ်။ ငါ့ကို တစ်ပွဲစားလို့ ခေါ်ကြတယ်။ မသေသေးဘဲ နယ်စားပယ်စား လက်အောက်ခံ တစ်ပွဲစားလို့ ထင်ကြတယ်။
ငါ စိတ်မဆိုးပါဘူး။ ငါ့အမည်ခေါ်ရမှာ အားနာလို့ အမည်မသိလို့ ပွဲပေးတင်မြှောက်ကြတယ်ကွ။ သူတို့စိတ်မှာ လုံခြုံမှုရှိပြီး ကျေနပ်တယ်ဆိုရင် ပြီးတာပါပဲလေ။
ဒါပေမဲ့ ဘုရားဟောတဲ့ ငါးပါးသီလမှာ ပါဏာတိပါတာ သူ့အသက်သတ်တဲ့ သီလတစ်ပါးကလွဲရင် ကျန်တဲ့သီလကို တတ်နိုင်သမျှ ဒီကနေ့အထိ မကျိုးမပေါက် ငါ ထိန်းသိမ်းပါတယ်။
အကြောင်းရှိရင် အဲဒီသီလလုံခြုံမှုကို တိုင်တည်သစ္စာပြုတယ်ကွ။ အဲဒီအခါ ငါ့နားထဲမှာ ပြောသံလို ကြားရတယ်။ အရိပ်လို မြင်နေရတယ်။
ငါလုပ်သလို မင်းလုပ်ရင်လည်း ဖြစ်ပါတယ်ကွာ။ မင်းက စိတ်ရင်းကောင်းရှိတဲ့လူပဲဟာ။ အဲ … ဟဲ … ဟဲ … ဟီး … ဟီး … ဟီး”
ကိုအောင်သိန်းသည် တစ်ပွဲစားခေါ် အသက်ရှစ်ဆယ်ကျော်အရွယ် လေဖြန်းထားသော မုဆိုးဦးငှက်ကြီးကို သူ ဦးချကန်တော့နှုတ်ဆက်ရင်း လှေထဲ ဆင်းခဲ့သည်။
ရုပ်ဆိုးနှင့် ပျားတုပ်မသည် ရေနွေးဖြော အမွေးခြစ်ပြီးဖြစ်သော တောဝက်တစ်ခြမ်းကို အလယ်တွင်ထား၍ လှေထဲ ထိုင်စောင့်နေကြသည်။
နေထန်းတစ်ဖျားကျော်ခဲ့ပြီ။
ကိုအောင်သိန်း လှေကလေးကို ရေစုန်နှင့် သုတ်သုတ်လှော်ခဲ့သည်။
မိတင်အေးသည် တစ်ပွဲစားမုဆိုးအိုဦးငှက်ကြီး၏ ထူးခြားမှုနှင့် သူကပင် အမည်ပေးလိုက်သော မုဆိုးမိုးပျံ ကိုကံရင်အကြောင်းကိုကြားလျှင် ရွှေဉာဏ်ရှင် မည်သို့များ သုံးသပ်မည်နည်းဟု လေကလေးချွန်ရင်း မုဆိုးကျော်ကိုအောင်သိန်း တွေးနေမိပါသည်။
သည်းထိတ်ရင်ဖိုမဂ္ဂဇင်း
အတွဲ ၅ ၊ အမှတ် ၂
မတ်လ ၊ ၂၀၀၉
– ပြီး –