မဟာမြိုင်မုဆိုး
တပို့တွဲလပြည့်ကျော်လျှင် အညာဒေသသည် နွေဦးပေါက်ရာသီ ဖြစ်လာပြီ။ နှင်းကြွင်းနှင်းကျန်တို့မူကား မကုန်တတ်သေး။ နံနက်စောစောနှင့် ညနေ နေဝင်ရီတရောအချိန်တို့တွင် နှင်းကြွင်းလေလား၊ မင်းလွင်မြူခိုးလား မပီဝိုးတဝါး မထင်မရှား ဖြစ်နေပါတော့သည်။
နေ့လယ်နေ့ခင်း၌ သူရိန်နေမင်းက ပူပြင်းစ ပြုလာပါပြီ။ နေပူရှိန်ကြောင့် ပင်ထက်ရှိ သစ်ရွက်တို့သည် သိင်္ဂီတစ်ဝက် မြတစ်ဝက် ဆိုသကဲ့သို့ ဝါရောင် တစ်ဝက် စိမ်းရောင်တစ်ဝက် ရှိနေရာမှ ရော်ရွက်ဝါအဖြစ်သို့ ကူးပြောင်းတော့ကာ နွေဦး၏ လေရူးအဝှေ့တွင် မြေပြင်သို့ သက်ဆင်းကြပြီ။
ပင်မြင့်ယံမှ မြေသို့ ကြွေဆင်းရာတွင်လည်း လေရူးကြောင့်ထင့်၊ သစ်ရွက်ကလေးများမှာ အကချင်း ပြိုင်နေကြသလိုပင်။
“လင်းစမှာ မှုန်ရီဆင်
နေ့လယ်တွင် ရီမှုန်မှိုင်း
ကတော့ထိုးပါလို့ . . .
ခင်ရိုးလေပွေ မွှေ့ရော့ထင်. . .”
ဟု ဒီရာသီ၏ မြင်ကွင်းကို ကဗျာဆရာ မြဝင်း (ဒဿန)က ပုံဖော်ထား၏။
စာရေးသူတို့ မုဆိုးအဖွဲ့သည် ‘ဆောင်းခြောက်’ ကလေး မစားရတာကြာပြီဟူ၍ ပြီးခဲ့သည့် နတ်တော်လတွင်းကလည်း တောပစ်ထွက်ခဲ့ကြသေး ရာ ချေရော သမင်ပါ ရခဲ့ပါသည်။
(‘ဆောင်းခြောက်’ဟူသည် ပစ်ခတ်ရသည့် သားကောင်၏ အသားကောင်းကို ညှင်း၍ ဆောင်းနေတွင် နေ့အချိန် လှန်းထားပြီး ညအချိန် ရောက်ပြန်တော့ နှင်းများကျ၊ ဤသို့ဖြင့် လှန်းထားသော အသားခြောက်သည် စားလို့အလွန်ကောင်းလှသည်။ အဘယ့်ကြောင့်နည်းဟူချေ သမင်တို့သည် လူတို့စိုက်ပျိုးထားသော ပဲစင်းငုံ၊ စပါး၊ တစ်လပဲ အစရှိသည့် သီးနှံများကို စားသုံးထားသဖြင့် ယင်းတို့၏ အသားသည် ထောပတ်နံ့ကလေး မွှေးသင်းပြီး အရသာရှိ၍ ဖြစ်ပါသည်။)
ဤသို့ဖြင့် ပြာသိုတစ်လကုန်ပြီး၍ ယခု တပို့တွဲလ ကုန်ခါနီး၌ တောပစ်တစ်ဖန်ထွက်ရန် ဆန္ဒဖြစ်ပေါ်လာသည်။
ယင်းသို့ရှိခိုက် …
စာရေးသူ၏အိမ်သို့ မင်းကန်ရွာမှ မုဆိုးငလင်း (ယုန်ငလင်း)သည် နံနက်စာထမင်းစားပြီးအချိန်၌ ရောက်လာသည်။
“ကိုတာ ရှိလားဗျို့၊ ဗျို့ ကိုတာ”
အိမ်ကခွေး ပွားပွား၏ဟောင်သံ ဆူညံသွားသည်။
“အေး- ရှိတယ်ကွယ့်။ မောင်တာရေ”
မိခင်ဖြစ်သူ၏ လှမ်းခေါ်သံ ကြားရသည်။ စာရေးသူလည်း တုံးလုံးလှဲ စာဖတ်နေရာမှ ထကာ –
“ဗျာ”
“မင်းဧည့်သည် လာနေတယ်”
“ဟုတ်ကဲ့ လာပြီ. . . လာပြီ”
အိမ်အတွင်းမှထွက်ပြီး ဝင်းပေါက် သံပန်းတံခါးသို့ ကြည့်လိုက်ရာ –
“ဟာ- ငလင်း … လာဟေ့။ အမေ … ပွားပွားကို သံကြိုးနဲ့ ချည်ထားလိုက်ပါဦး”
ကျွန်တော်က တံခါးသွားဖွင့်ပေးလိုက်ရာ လွယ်အိတ်ကို ပခုံးစလွယ်သိုင်းလွယ်၍ လက်ထဲတွင်လည်း အင်ဖက်များဖြင့် ထုပ်ထားသည့် အထုပ်ကြီးကို လျှော်ကွင်းမှဆွဲကာ ပြုံးချိုသော မျက်နှာပေးဖြင့် ငလင်းက
“ရော့ ကိုတာ့အိမ်အတွက် ကျုပ်ရဲ့ လက်ဆောင်”
“ဘာတွေများလဲကွာ၊ မင်းကလည်း ဒုက္ခရှာလို့”
“ယုန်သုံးထုတ် ကင်ပြီး ယူလာတာပါ။ ဟဲဟဲ”
“ကဲ- လာလာ အထဲဝင်။ ဧည့်ခန်းထဲကိုရောက်မှ ပြောကြတာပေါ့”
“ဟာ- နေပါစေ၊ ဒီအပြင်ဘက် တန်းလျားမှာပဲ ထိုင်ပါ့မယ်”
“အေး အေး … မင်း ကောက်ပဲသီးနှံ လာရောင်းတာလားကွ”
“ကျုပ်မှာ ဘာမှ ရောင်းစရာ မပါပါဘူးဗျာ။ ဝက်ရဲကားကြုံတာနဲ့ မုံရွာကို လိုက်လာတာ။ အိမ်သုံးပစ္စည်းလေးတွေ နည်းနည်းပါးပါး ဝယ်ချင်လို့ဗျ”
“အောင်မာ- မင်း တော်တော် ငွေရွှင်နေပုံပဲ”
“ဟုတ်တယ် ကိုတာရဲ့၊ ခင်ဗျား ပေးထားတဲ့ လေသေနတ်ကျေးဇူးကြောင့် တစ်မှောင်တစ်မှောင် ငွေ မနည်း ရတယ်ဗျ”
(တစ်မှောင်ဆိုသည် လပြည့်ကျော် (၉)ရက်မှ နောက်လဆန်းရက်ထိ လမိုက်ညများကို ဆိုလိုပါသည်။)
“အေးဗျာ၊ ဟုတ်ပါပြီ… ဟုတ်ပါပြီ။ နေဦး မင်း ထမင်းစားခဲ့ပြီလား၊ ထမင်းပွဲ ပြင်ခိုင်းလိုက်မယ်”
“ဟာ- စားပြီးခဲ့ပြီ။ မလုပ်နဲ့ … မလုပ်နဲ့။ ကားဆိုက်ကတည်းက ခေါက်ဆွဲကြော် ဝယ်စားခဲ့တာဗျို့။ ဈေးဝယ်ပြီး ပစ္စည်းတွေ ကားဂိတ်အပ်ပြီးမှ ဆိုက်ကားနဲ့ ဒီ ထွက်လာတာဗျ-ဟဲဟဲ။ ကားက (၃)နာရီ ပြန်ထွက်မှာ။ ဒါနဲ့ နေဦး၊ ကျုပ်ပြောဦးမယ်”
“အေး- ပြော”
“ဟိုတစ်လောဆီက အင်းကြီးရွာဘက် ကျုပ် ရောက်သေးတယ်။ ဦးအုန်းမောင်ကြီးနဲ့ တွေ့လို့ သူက မှာလိုက်တယ်ဗျို့။ ကိုတာတို့ တောပစ်လာခဲ့ကြတော့ တဲ့ဗျ။ ဟိုရက်ပိုင်းကတည်းက မှာချင်တာ လူကြုံ မရှိလို့တဲ့။
ရွာကလူတွေကလည်း တင်းတိန်ရံဈေးကိုပဲ သွားဝယ်ကြတာကွ။ မုံရွာကို မရောက်ဖြစ်ကြဘူး ဆိုပြီး ပြောတော့ ကျုပ်ကလည်း ဘယ်လိုလဲ ဦးအုန်းမောင်၊ သားကောင်တွေ ဒီဘက် ပေါနေပြီလား လို့ မေးတော့ ဟာ- ပေါတာတော့ မပြောနဲ့ စိုင်ဘုံတွေ၊ တောဝက်ဘုံတွေကွာ နည်းလားကွ။ မြေပဲစားလိုက်၊ ပဲကြီးစားလိုက်နဲ့ ရွာကလူတွေ အခင်းစောင့်လိုက်ရတာ ရွာမှာကို အိပ်ရတယ် မရှိဘူးမောင်”
(ဘုံ ဟူသည် ဒေသစကား အုပ်လိုက် သင်းလိုက်ကို ဆိုလိုပါသည်။)
“ဟေ- ဟုတ်လား၊ ငါတို့လည်း သွားချင်နေကြတာကွ။ ကိုကြံအောင်၊ ကိုစန်းအောင်တို့နဲ့ မနက်က လက်ဖက်ရည်ဆိုင်မှာ ပြောဖြစ်ကြသေးတယ်ကွ“
“ဒီလိုဖြင့် တောတက်ခဲ့ကြတော့ဗျာ။ ကျုပ်လည်း ခင်ဗျားတို့နဲ့ အင်းကြီးကို လိုက်ခဲ့မယ်။ ဘယ်နေ့ ထွက်ခဲ့မယ်ဆိုတာ ပြောလိုက်၊ ကျုပ် ဆည်လယ်ရွာက ကြိုစောင့်နှင့်မယ်လေ”
ငလင်း လာရောက်စေ့ဆော်မှုဖြင့်ပင် ကိုကြံအောင်၊ ကိုကြည်ထွန်း၊ ကိုစန်းအောင်နှင့် စာရေးသူတို့ လေးဦးသား မုဆိုးအဖွဲ့သည် ရိက္ခာများ၊ စားအိုးစား ခွက်များ၊ ခြုံစောင်များ အစရှိသည်တို့ကို အထုပ်အပိုးများပြင်ကာ တပို့တွဲလပြည့်ကျော် (၁၂) ရက် ညနေ (၃) နာရီ အချိန် မောင်းထောင်ရွာသို့ ကားစီး၍ ထွက်ခဲ့ကြပါတော့သည်။
xxx xxx xxx
မောင်းထောင်ရွာကြီးမှာ သာယာလှပသည့်ရွာ ဖြစ်ပါသည်။ မန်ကျည်းအုပ်အုပ် ထီးမိုးလုပ်ရွာ ဖြစ်သည်။ စာဆိုအကျော်အမော်များ ထွန်းကားသည့်ရွာ ဖြစ်သည်။ ရင်ထဲစွဲ၍ ကျန်ရစ်သည့် စာဆိုများကား တွင်းသင်းမင်းကြီး ဦးထွန်းညိုနှင့် စိန္တကျော်သူဦးဩတို့ ဖြစ်သည်။
“တန်လည်းမြစ်လောင်း၊ ချောင်းခြားလေထ
ရှေးမဆွက တစ်ညယံသာ ကွဲကြခါကို၊
ခုနစ်ရာနှစ်၊ တိုင်ရောက်လှစ်လျက်၊
နွဲ့ရစ်လည်ဖက်၊ တင့်ထက်တင့်ထား၊
လွမ်းအားသန်သန်. . . ”
ဟူ၍ ကိန္နရီကိန္နရာ ချစ်ခြင်းမေတ္တာကို တင်စားဖွဲ့ဆိုခဲ့သည့် သလ္လာတိယပျို့ပါ ကဗျာသံစဉ်ကို ကြားမိလာသည်။
သလ္လာတိယကန်သည်ကား ရွာ၏ ကျက်သရေကန် ဖြစ်သည်။ စာဆိုရှင် စိန္တကျော်သူဦးဩ၏ “ချစ်၍ခေါ်သည် လိုက်တော်မူခဲ့” ကဗျာသံစဉ်ကား စွဲမက်သည့် ကဗျာသံစဉ်ပါပေ။
မဟာနန္ဒာကန်က လှပသာယာ၍ ကျွန်တော်တို့ တောပစ်ထွက်သည့် ကန်များကား ရေစပ်စပ်၊ ရွှံ့ အထပ်ထပ် ဖြစ်ပါသည်။
မောင်းထောင်ရွာကြီးရောက်တော့ ညနေ (၅) နာရီခွဲခန့် ဖြစ်သည်။
“ကဲ- ကိုကြံ၊ ခင်ဗျားတို့ ဒီကပဲစောင့်။ ကျွန်တော် လှည်းသွားစုံစမ်းဦးမယ်”
ရွာလယ်ဇရပ် ကားဂိတ်တွင် ယင်းတို့ကိုထားခဲ့ပြီး ရွာမြောက်ပိုင်းမှ ထွန်းဝေအိမ်ဘက်သို့ လျှောက်လာခဲ့သည်။
ထွန်းဝေဖြင့် တွေ့ရာ –
“ကိုတာ မပူနဲ့၊ မြောက်တောက မီးသွေးလာပို့တဲ့ လှည်းတွေ ညမောင်း မောင်းပြီးပြန်ကြမှာ။ ကျုပ်မိတ်ဆွေတွေပါ၊ လိုက်လို့ရပါတယ်ဗျ”
“ဟန်ကျတယ်ကွာ၊ နို့မို့ဆိုရင် လှည်းငှားရမှာ”
“ကဲ-ခင်ဗျားရဲ့အဖွဲ့တွေ သွားခေါ် ရအောင်။ ကျုပ်အိမ်မှာပဲ ထမင်းစားကြဗျာ။ ရှိထမင်း ရှိဟင်းပေါ့”
မောင်ထွန်းဝေက အထုပ်အပိုးများကိုလည်း ကူသယ်ရှာပါသည်။ သို့ဖြင့် စာရေးသူတို့တစ်တွေ သူ၏အိမ်သို့ လိုက်လာကြသည်။ မောင်ထွန်းဝေတို့ အိမ်သည် ကုန်စုံဆိုင်ဖြစ်ပေသည်။ နွားလှည်းဘီးကိုစွပ်သည့် သံပတ်ကအစ အစုံရောင်းသည်။
မောင်ထွန်းဝေအိမ်မှ ကျွေးသော ထမင်းတစ်နပ်သည် မမေ့နိုင်ပါပေ။ ထမင်းမစားမီ မုံရွာမှယူလာသော ဘီအီးတစ်ခွက်စီသောက်၍ မန်ကျည်းရွက်ချဉ် ရည်ဟင်း၊ နွားနို့အရည်ချက်၊ ပဲရေပွကြော်၊ ကြက်ဥကြော်၊ ငရုတ်သီးထောင်းတို့ဖြင့် စား၍မြိန်လှသည်။
သို့ဖြင့် မီးသွေးလာပို့သော လှည်းများနှင့် လိုက်ခဲ့ကြတော့သည်။ ဝန်စည် စလယ်များကို လှည်းတစ်စီးပေါ်တင်၍ ကျွန်တော်တို့ လူများက လှည်းတစ်စီး ပေါ်မှ လိုက်ခဲ့ကြသည်။ စုစုပေါင်း လှည်းငါးစီး ဖြစ်သည်။
မီးသွေးဖုတ်သူများမှာ တောထဲတွင် မိသားစုလိုက်နေပြီး မီးသွေးဖုတ်ကြသည်။ မီးသွေးများကို မောင်းထောင်ရွာကြီးသို့ လာရောင်းရပြီး အပြန်တွင် ရိက္ခာ အခြောက်အခြမ်းများဝယ်၍ ပြန်ကြ၏။ ရိုးသားသော တောတောင်သားများ ဖြစ်ကြပါသည်။
လှည်းဆရာများသည် နှစ်နံစပ်တင်းတိမ်ချည်စောင်များခြုံ၍ ပြောင်းဖူးဖက်ဆေးလိပ် တဖွားဖွား ဖွာကာ မောင်းကြသည်။ စာရေးသူတို့မှာကား စစ်ဆွယ် တာများ၊ ဖီးဂျက်ကက်များကို ဝတ်ထားသည့်အပြင် ဘီအီးကိုပါ တစ်လှည့်စီစုပ်၍ ကြယ်ရောင်အောက်မှ လှည်းစီး၍ ညခရီးသွားရသည်မှာ တစ်မျိုးတစ်ဖုံ ဇိမ်ကျလှပေသည်။
လှည်းလမ်း၏ ဘေးတစ်ဖက်တစ်ချပ် ဝဲယာတွင် ကြက်တက်ချုံများ၊ ဆူးရစ်ချုံများအပေါ်မှ ညပိုးကောင်အသံတို့ တစီစီ မြည်နေကြသည်။ တချို့နေရာတွင် ထနောင်းပင်များသည် ပင်စည်နွဲ့နှောင်း၍ ကြယ်ရောင်အောက်၌ ကကြိုးဆင်နေသယောင်။
တချို့ ကြီးမားသော ထနောင်းပင်တို့ကား လှည်းလမ်းပေါ်သို့ အရိပ်မည်းကြီးများဖြင့် အုပ်ဆိုင်းကာ ထားကြပြန်သည်။
နွားတို့သည်ကား ဤလမ်း ဤခရီး သွားဖန်များတော့ ကြိုးပင်ဆွဲစရာ မလိုပါပေ။ တစ်နေရာတွင် ရှေ့လှည်းတစ်စီးမှ ဆောင်ပန်း၌ ထိုးထားသော ဓားမပြုတ် ကျ၍သာ ရပ်ပြီး ကောက်ရပါသည်။
ခရီးစဉ်မှာ မောင်းထောင်၊ ရွာမွန်၊ ကူတော်၊ ဝက်ရဲ၊ အင်ကြင်းသဘိုး၊ ဆည်လယ်ရွာ။
ဆည်လယ်ရွာရောက်တော့ နံနက် (၄) နာရီ အချိန်ရှိပြီ။ ရွာလယ်လှည်းလမ်းအဝင် ညာဘက်ရှိ အိမ်ဝိုင်းအတွင်း မီးဖိုမှာထိုင်နေကြသော လူသုံးဦးအနက်မှ ငလင်းက နှုတ်ဆက်၍ ထွက်လာပါတော့သည်။
“ဒီနေ့ လာမှလာကြပါ့မလားလို့ ကိုတာရာ။ ကျုပ်ဖြင့် လှည်းသံကြားတိုင်း ထွက်ထွက်ပြီး ကြည့်နေရတာဗျို့”
“ငလင်းရာ၊ လာမယ်လို့ တို့က သေချာမှာလိုက်တာပဲကွာ”
ဗိုလ်ကြံက ပြောလိုက်သည်။
“ကိုကြံအောင်ရာ ဒါတော့ဒါပေါ့။ ကျုပ်က မျှော်နေရတဲ့သူကိုးဗျ”
လှည်းဆရာများလည်း ရေနွေးသောက်နားပြီး အချိန်အနည်းငယ်ကြာမှ ဆက်လက်ထွက်ခဲ့ကြသည်။
ဆည်လယ်ရွာမှာ နှောပွဲကျင်းပရာရွာဖြစ်သည်။ ဆည်လယ်ရွာမှ ရွက်လယ်ရွာ၊ ဆုံကုန်းရွာသို့ ရောက်ကြပြီ။ စာရေးသူတို့စီးခဲ့သော လှည်းများသည် ဒီရွာမှ လမ်းခွဲ၍ သူတို့မီးသွေးဖုတ်နေရာ တောသို့ သွားကြတော့သည်။
ဆုံကုန်းရွာတွင် နေ့နားပြီး လှည်းနှစ်စီးငှားကာ ညဘက် မီးလည်ရင်း သွားကြမည်။ ဆုံကုန်းရွာမှ ဆည်တောရွာ၊ သစ်ရာအိုက်ရွာ၊ ပလင်ခက်ရွာ စသည့် ရွာများကိုဖြတ်၍ ညဘက် မီးလည်ရင်းနှင့် အင်းကြီးရွာသို့သွားကြရာ လမ်းတွင် ချေနှစ်ကောင်ပစ်၍ ရခဲ့ပါသည်။
(ဤအကြောင်းကို ညမီးလည် အပိုင်းတွင်မှ ရေးသားပါမည်။)
အင်းကြီးရွာသို့ နံနက် ဝေလီဝေလင်းအချိန် ရောက်တော့ ရွာခံမုဆိုး အုန်းမောင်နှင့် ကျော်စိုး၊ ထီကြိုင်၊ ထီမြ၊ ငမိုး စသူတို့က အားရဝမ်းသာ ကြိုဆိုကြသည်။ ပစ်၍ရလာသော ချေနှစ်ကောင်ကို သူတို့လက်ထဲ အပ်လိုက်သည်။ ဦးအုန်းမောင်က –
“ကိုတာတို့ နှစ်တိုင်း ဒီအချိန်လာ နေကျပါ။ ဘာဖြစ်လို့ မလာကြသေးတာလဲဆိုပြီး ကျုပ်တို့က မျှော်နေကြတာ။ ကျော်စိုးက ပိုပြီး ကဲတယ်ဗျ။ ဘာဖြစ်လို့ လဲဆိုတော့ သူ့မြေပဲခင်းတွေ တောဝက်တွေက ဖျက်နေကြလို့ပေါ့ဗျာ”
“ကဲ- ကိုစန်းအောင်ရေ ကြားတဲ့ အတိုင်းပဲ။ ဆော်ကြတာပေါ့ဗျာ “
“ဒါပေါ့ ကိုတာရယ်။ အခုတော့ တစ်မှေးလောက် မှေးကြဦးစို့ရဲ့”
စာရေးသူတို့ လေးယောက် ဦးအုန်းမောင်အိမ်ရှိ ဝါးကွပ်ပျစ်ပေါ် အိပ်ကြတော့သည်။ ငလင်းကတော့ မအိပ်ဘဲ ကျော်စိုးတို့နှင့် ချေနှစ်ကောင်ဖျက်ရာ ဝိုင်းကူနေသည်။
တစ်ရေးမှေးပြီး အိပ်ရာမှ ထကြသောအခါ ချေဝမ်းတွင်းသားဟင်းနံ့က မွှေးကြိုင်နေသည်။ ကျွန်တော်တို့လည်း ဝမ်းတွင်းသားချက် အမြည်းဖြင့် ဘီအီးဝိုင်းလေး လုပ်တော့သည်။ ပြီးမှ ချေသား တစ်ပွက်ဆူ ချက်ထားသော ဟင်းဖြင့် ထမင်းစားကြသည်။
ဦးအုန်းမောင်ကို မမြင်မိသဖြင့် ကျွန်တော်က မေးကြည့်ရာ..
ဦးအုန်းမောင်နှင့် ထီကြိုင်တို့နှစ်ယောက် တောထဲ ခြေရာ၊ လူးရာများ အခြေအနေကို အကြည့်သွားသည်ဟု ကျော်စိုးက ပြောပါသည်။
ညနေပိုင်းတွင်မှ ဦးအုန်းမောင်တို့နှစ်ဦး ပြန်လာကြသည်။
“ကျုပ်တို့လည်း တစ်ယောက်ကအနောက်၊ တစ်ယောက်က အရှေ့ လူခွဲပြီး ခြေရာကောက်သွားကြည့်လိုက်ကြတာ ထီကြိုင်သွားတဲ့ အရှေ့တော တယ်သီးဖြန့် အလွန် အင်တိုင်းတောစပ်မှာ ဝက်ခြေရာတွေ အများကြီး တွေ့ခဲ့တယ်တဲ့”
(တယ်သီးဖြန့် ဟူသည် သစ်ပင်မပေါက်သော ကျောက်ကုန်း ကျောက်စရစ်မြေ ဖြစ်သည်။)
“ဒါပေမယ့် ကျုပ်ရောက်ခဲ့တဲ့ ရွာငယ်စိမ့်ချောင်းဘေးမှာကတော့ စိုင်ခြေ ရာ၊ ဝက်ခြေရာ၊ ချေ၊ သမင်ခြေရာတွေ အများကြီးပဲ။ ချောင်းဘေး ကိုင်းတောစပ်မှာက သားကောင်တွေ ဝင်လမ်းထွက်လမ်း မှန်မှန်သွားထားတဲ့ပုံပဲဗျ။ ချောင်းထဲဆင်းကြည့်တော့ လူးရာတွေ သုံးလေးနေရာလောက်ကို တွေ့ခဲ့ရတယ်။
မနက်ဖြန်မနက် စားအိုးစားခွက်တွေပါယူပြီး တစ်နေရာမှာ စခန်းတစ်ထောက်ချ၊ လင့်ထိုးပစ်ရရင် စိုင်ကိုရော ချေ၊ သမင်၊ တောဝက်ပါ သေချာပေါက်ရမှာ ပြောနိုင်တယ်ဗျို့”
ဦးအုန်းမောင်သည် ရွာခံမုဆိုးပီပီ စေ့စပ်သေချာလှသည်။ ယခင်က အင်းကြီးရွာဘက်သို့ အလံနီများ ကြီးစိုးခဲ့သည်။ ၎င်းဒေသသို့ တပ်မတော်မှ ဝင်ရောက်ရှင်းလင်းပြီး စခန်းထိုင်ခဲ့ရာ တပ်မတော်သားများက သူ့ကို သေနတ်ပစ်သင်ပေး၍ ရိက္ခာအလို့ငှာ တောပစ်စေခဲ့သည်။ ဝါသနာဗီဇအခံရှိသူဖြစ်၍ မုဆိုးကောင်းတစ်ယောက် ဖြစ်လာရတော့သည်။
“ကောင်းပြီ ဦးအုန်းမောင်၊ မနက်ဖြန်မနက် ရွာက စောစောထွက်ကြတာပေါ့ဗျာ”
ညက ကောင်းကောင်း အိပ်စက် အနားယူလိုက်ရသဖြင့် နံနက်စောစော နိုးလေပြီ။ ကျွန်တော့်အနေနှင့် စောစောနိုးသည်ဟုသာ ပြောရသည်။ ကျန်လူများ မှာ ကျွန်တော့်အရင်ထ၍ မီးပုံဝိုင်းထိုင်ကာ ရေနွေးသောက်၍ စကားစမြည် ပြောနေကြလေပြီ။
ဒီလိုဖြင့် နံနက် (၇) နာရီခန့်တွင် လိုက်ကြမည့်သူများကို လူစုလာတော့သည်။ စားအိုးစားခွက်များ၊ ခြုံစောင်များကို ထမ်းဆိုင်းများလုပ်၍ ထမ်းသူက ထမ်း၊ လင့်ထိုးရန် လိုအပ်သည့် ပကာခြမ်းများကို ထမ်းသူကထမ်းပြီး အင်းကြီးရွာ၏ အနောက်မြောက် ရွာငယ်စိမ့်ချောင်းဆီသို့ ထွက်ခဲ့ကြတော့သည်။
ရွာမှ ထွက်လိုက်သည်နှင့် ရွာ၏ ဝန်းကျင်တွင် သပြေပင်များကို နှင်းမြူတွေကြား မှုန်ဝါးဝါး မြင်ရတော့သည်။
အင်းကြီးရွာဝန်းကျင်တွင် သပြေပင်များ ပေါလှသည်။ ယင်း သပြေပင်များ၏ အောက်သို့ မဝင်ရပါ။ အင်းဘိုးတော်က မကြိုက်ဟု အယူရှိကြသည်။
အင်းကြီးရွာသည် ဒီပဲယင်းမြို့နယ် အနောက်တောင် အဖျားတွင်ရှိ၍ ရွာ၏ အရှေ့အရပ်၊ မြောက်အရပ်တို့တွင် ရွာဆက်အလွန်ဝေးပြီး အင်တိုင်းတောကြီးက မင်းမူနေသည်။
အင်းကြီးရွာသားများမှာ ခြေလှမ်းမြန်မြန်လျှောက်နိုင်ပြီး ခရီးအတော်ဝေးဝေးကိုလည်း မနားတမ်း သွားနိုင်ကြ၏။ ဒေသစကားဖြင့်ဆိုရပါမူ အလွန်ခြေပြင်း သူများပင်။
သားကောင်တို့၏ ခြေရာခံ ခြေရာကောက်ရာ၌လည်း အံ့ဩလောက်အောင် ကျွမ်းကျင်ကြသည်။ ပစ်ခတ်လိုက်၍ နေရာ၌မလဲသည့် သားကောင် နောက် လိုက်ရာတွင်လည်း ဇွဲနပဲကြီးသူများ ဖြစ်ကြသည်။
ခတ်ကျွဲမှန်လျှင် ချိုချက်မကင်း ဆိုသကဲ့သို့ တောလိုက်ဝါသနာပါသူ အင်းကြီးသားများသည် တောဝက် အကိုက်ခံထားရတဲ့သူ များသည်။
အဘယ့်ကြောင့်နည်းဟူ မိုးဦးကျစဆိုလျှင် တောဝက်ခြေရာခံပြီး တောလိုက်ကောင်းသော ခွေးများနှင့် လှံတို လှံရှည်ကိုသာ အသုံးပြု၍ တောဝက်ရအောင် လိုက်နိုင်ကြသူများပင်တည်း။
ဦးအုန်းမောင်၏ ရှေ့ဆောင်မှုဖြင့် ရွာငယ်စိမ့်ချောင်းသို့ ရောက်ကြပါပြီ။ ၎င်းကပင် စခန်းတစ်ထောက် ချမည့်နေရာကို ရွေးချယ်ပါသည်။
ချောင်းမှာ အရှေ့အရပ်ရှိ အင်တိုင်းတောကြီးအတွင်းမှ စိမ့်များပေါက်၍ ချောင်းဖျားခံပြီး အနောက်အရပ်ဆီသို့ ကွေ့ကောက်စီးဆင်းသည့် ရေရှင်ချောင်း ဖြစ်သည်။ အချို့ မြေနီချောင်းကမ်းပါးစောက်များ အခြေတွင် ရေမစီးဆင်းဘဲ စိမ့်ပေါက်၍ နွံပျစ်အိုင်များ ဖြစ်နေသည်။ ၎င်း နွံပျစ်အိုင်များတွင် သမင်ဘောက်ကြီးများ၏ လူးရာ၊ တောဝက်များ လူးထားသည့်အရာများကို အထင်အရှားပင် တွေ့ ရသည်။
ချောင်းကမ်းပါးဘေးတစ်လျှောက် ကိုင်းပင်များ၊ မိကျောင်းနွယ်ပင်များဖြင့် အတိပြီး၍ အင်ပင်ပေါက်များလည်း ကျဲကျဲပေါက်နေသည်။ ညအခါ၌ တောကောင်များ အစာထွက်စားပြီး နံနက်စောစော ၎င်းတို့ဝပ်ကျင်းရှိရာ အက်များသို့ အိပ်တန်းဝင်သည့် လမ်းကြောင်းမှာ ချောင်းရိုးလိုက် ဖုန်နေသည်။
(“အက်” အောက်ခြေချုံပင်များ ရှုပ်သည့် အင်တိုင်းတော။)
အင်းကြီးသားများ ဖြစ်ကြသည့် အောင်လှိုင်၊ ထီကြိုင်၊ ထီမြ၊ ငမိုး၊ ကျော်စိုးတို့ ငါးဦးသည် စခန်းချမည့်နေရာကို အင်ဖက်တဲထိုးသူထိုး၊ ချောင်းထဲ လက် ယက်တွင်းတူးကာ ရေခပ်သူခပ်၊ ယခင်ကာလ အတန်ကြာက လွှတိုက်ထားသည့် လွှစင်မှ ပကာခြမ်းများကိုလည်း သယ်ယူသူက သယ်နေကြသည်။ ညအခါ မီးဖိုရန်အတွက် ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး တွက်ကပ်မှုမရှိဘဲ အသီးသီး တာဝန်ယူ လုပ်ဆောင်နေကြသည်။
ယင်းသို့ သူတို့တစ်တွေ အလုပ်များနေခိုက် စာရေးသူနှင့် ဦးအုန်းမောင်၊ ကိုစန်းအောင်၊ ကိုကြံအောင်၊ ကိုကြည်ထွန်း၊ ငလင်းတို့မှာ ချောင်းရိုးအထက်ပိုင်းတစ်လျှောက် လင့်ထိုးရန် သင့်လျော်သည့်နေရာကို ရွေးကြပါသည်။
ကျွန်တော်တို့တွင် ပါလာသည့် သေနတ်များမှာ နှစ်လုံးပြူး တစ်လက်၊ တစ်လုံးထိုး နှစ်လက် ဖြစ်ရာ လင့် (၃) စင် ထိုးရမည် ဖြစ်ပါသည်။ တံတောင် ဆစ်ချိုး ချောင်းကွေ့ အောက်နားတွင် တစ်လင့်၊ ကွေ့ အထက် ကိုက် (၅၀) အကွာတွင် တစ်လင့်၊ ယင်းမှ အထက်ဘက် ကိုက် (၁၀၀) အကွာတွင် တစ်လင့်ဖြင့် လင့် (၃) စင် တစ်နေ့တည်း အပြီးထိုးရန် လှုပ်ရှားကြတော့သည်။
(စာရှုသူအနေဖြင့် လင့်စင်ဆို၍ ကြီးကျယ်ခိုင်ခံ့သည့်အမြင် မမြင်လိုက်ပါနှင့်။ ဆယ့်ငါးပေ၊ ပေနှစ်ဆယ် အမြင့်ရှိသော အင်ပင်ပေါက်၏ အကိုင်းအခက် များပေါ် ပကာခြမ်း နှစ်ခြမ်း၊ သုံးခြမ်းထိုးခင်းပြီး ထန်းလျှော်နှင့် တုပ်နှောင်ကာ လူတစ်ကိုယ်အလေးချိန် ခံနိုင်ရုံမျှ ထိုးရသည့် လင့်လည်း ရှိပါသည်။)
ချောင်းကွေ့အောက်ပိုင်းလင့်ဆိုလျှင် သစ်ပင်သစ်ကိုင်း အနေအထားအရ ပကာခြမ်းနှစ်ခြမ်းသာ ထိုး၍ရသည်။ ယင်းလင့်ကို ငလင်းက သူစောင့်မည်ဟု ပြောသည်။
မည်သို့ပင်အနေကျဉ်းပါစေ ငလင်းလိုလူမျိုးက စောင့်နိုင်ပေသည်။ ပကာခြမ်းကို ကားရားခွထိုင်ကာ နှစ်နံစပ်လုံချည်ကွင်းကို ချိုင်းနှစ်ဖက်အောက် စွပ်၍ နောက်ကျောမှ သစ်ပင်၏ပင်စည်ကို နွားနဖားကြိုးဖြင့်တုပ်ကာ ထိုင်တတ်သည်။ အကယ်၍ ငိုက်မျဉ်းလျှင်လည်း အောက်သို့ ပြုတ်မကျတော့ပေ။ အကျိုး အကြောင်းသာ ပြောပြရသည်။ ငလင်းလို လူမျိုးက လင့်စောင့်ရာတွင် လုံးဝ မငိုက်တတ်ပါ။
ချောင်းကွေ့ အထက်နားလင့်ကိုတော့ စာရေးသူ စောင့်မည်။ အထက်ပိုင်း ကိုက် (၁၀၀) အကွာ လင့်ကိုတော့ ကိုစန်းအောင် စောင့်ပေမည်။ ကိုစန်းအောင်သည် လင့်စီးရာတွင် အနေအထိုင် လွန်စွာကျစ်လျစ်သည်။ မည်သည့်အသံမျှ မကြားအောင် နေနိုင်သူဖြစ် သည်။ စိတ်ရှည်သည်းခံမှုက အခြားသူထက် သာလွန်သည်။
“ကဲ- ဦးအုန်းမောင် ကျွန်တော်တို့ လင့်ဆီသွားတော့မယ်။ စခန်းမှာ ကျန်တဲ့သူတွေ စကားပြောရင် အသံ ကျယ်ကျယ် မပြောဖို့ ခင်ဗျားက ထိန်းပေးပါ။ သေနတ်သံကြားရင်တော့ အကောင်ကောက်ဖို့ လာခဲ့ကြဗျာ”
“စိတ်ချစမ်းပါ ကိုတာရဲ့၊ ကျုပ်တို့စခန်းက ဘာသံမှမကြားရအောင် နေပါ့မယ်။ နောက်ပြီး လင့်နဲ့ စခန်းကလည်း (၆) ဖာလုံလာက် ဝေးတာပဲ။ ဒါကြောင့် ဒီနေရာ စခန်းချဖို့ ကျုပ် ရွေးခဲ့တာပဲဗျာ”
စခန်း၌ ညစာစားပြီး၍ လင့်ရှိရာ ချောင်းအထက်ပိုင်းသို့ စာရေးသူ၊ ကိုစန်းအောင်နှင့် ငလင်းတို့ သုံးဦးသား ကိုးလုံးကျည်ယမ်းတောင့်များ၊ လက်နှိပ်မီး၊ ခြုံ စောင်များနှင့် လိုအပ်သည်တို့ အပြည့်အစုံ ယူဆောင်ကာ ထွက်ခဲ့ကြတော့သည်။
ကိုစန်းအောင်၏ လင့်နေရာမှာ လူးကျင်းများသဖြင့် နှစ်လုံးပြူးသေနတ်ကို သူ့အား ကိုင်ဆောင်စေပြီး ကျွန်တော်နှင့် ငလင်းမှာမူ တစ်လုံးထိုးသေနတ် ကိုယ်စီ လွယ်ခဲ့ကြသည်။
ငလင်းသည် သူ၏လင့်ပေါ်တက်နေခဲ့ပြီ၊ ကျွန်တော်လည်း မိမိစောင့်မည့် လင့်ရှိရာ ရောက်သည်တွင် –
“ကဲ- ကိုစန်းအောင် ကျွန်တော် နေခဲ့တော့မယ်။ ခင်ဗျားဆီက ပစ်ရလို့ကတော့ အပိုင်ပစ်နော်”
“စိတ်ချ ကိုတာ။ ဝင်သာ ဝင်လာပါစေ၊ ယမ်းတောင့်တွေကလည်း အော်တွေချည်းပဲ။ အပေါက်မရှိပါဘူး… ဟဲဟဲ။ ကဲ- သွားပြီဗျို့”
စာရေးသူလည်း ခြုံစောင်၊ ယမ်းတောင့်များနှင့် လက်နှိပ်မီး ထည့်ထားသော လွယ်အိတ်၊ သေနတ်တို့ကို ပခုံးစလွယ်သိုင်းလွယ်၍ အင်ပင်ပေါက်အထက် လင့်ဆီ တက်ခဲ့သည်။ လင့်ပေါ် ရောက်လျှင် သေနတ်ပြောင်း အောက်ဘက်ကို လက်နှိပ်မီးအား သားရေပင်ဖြင့် သေချာ ချည်နှောင်လိုက်၏။ သေနတ် ပြောင်းရင်းအတွင်းသို့ (SG) ကျည်ကြီး (၉) လုံးကျည်ကိုထည့်ကာ မိမိမျက်နှာမူထိုင်ရာ ရှေ့အင်ကိုင်းပေါ် ပြောင်းတင်ပြီး ချထားလိုက်သည်။
လှုပ်ရှားမှုမရှိဘဲ ငြိမ်ပြီးထိုင်နေမှ ချမ်းအေးမှန်း သိတော့သည်။ ခေါင်းစွတ်ကို အောက်သို့ စွဲချလိုက်သည်။ လွယ်အိတ်ထဲမှ အညိုရောင် မုံရွာဂွမ်းပွစောင်ကို ထုတ်ယူပြီး ခြုံထားလိုက်သည်။
ည (၇) နာရီသာ ရှိသေးသည်။ အေးလှပြီ။ နေရာမှာ စိမ့်ချောင်းဘေးဖြစ်၍ထင့်။
ချောင်းအောက်ပိုင်း ခပ်လှမ်းလှမ်း “ဘော်ဘူပေါ် ဘော် … ဘော်” ဟု မြည်သံပြု၍ ဒီးဒုတ်ငှက်ကြီး ငါးရှာနေသည်။
ကျွန်တော်၏ ရှေ့တူရူ ချောင်းဟိုမှာဘက်ကမ်း မြောက်အရပ် အင်တိုင်းတောအခြေမှလည်း “ဥုံ ဖွား ဖွား၊ ဥုံ ဖွား ဖွား” နှင့် ငှက်အော်သံအဆန်းကို ကြားရပြန်သည်။
ဒေသခံတို့ကတော့ ဆေးဆရာငှက်ဟု ခေါ်ကြသည်။
ဟော- ကြားရပြန်ပါပြီ။
“ကြက်… ဝက် … ခြောက်ကောင်”
“ကြက်… ဝက် … ခြောက်ကောင်”
ကျွန်တော့်နားထဲတွင် အပီအပြင် ကြားရသည်။ အဆန်းပါလား၊ အဘယ်ကဲ့သို့သော ညဉ့်ငှက်များပါလိမ့်။
“ဂစ် … ဂစ် … ဂစ်”
ဒီအသံကတော့ ဖြူအော်သံ ထင်ပါသည်။
ချောင်း၏ မြောက်ဘက်ကမ်းမှ ခွာရှပ်သံ၊ လည်အိုးခါသံ ကြားလိုက်ရ၏။ အသံကို နားစွင့်နေမိသည်။ မည်သည့်အသံမျှ မကြားရတော့ပေ။
သားကောင်သည် ‘မလင်’ (သင်္ကာမကင်းဖြစ်) ၍ ရှေ့တိုးမလာသည်လား စိုးရိမ်တွေး တွေးမိသည်။ မဟုတ်သေးပါဘူး၊ အချိန်ကလည်း အစောကြီး ရှိပါသေးတယ်ဟု တွေးမိပြန်သည်။
လက်မှနာရီ ညကြည့်မီးကို နှိပ်ကြည့်လိုက်တော့ (၈) နာရီ (၁၀) မိနစ်။ အချိန်အနည်းငယ် အကြာတွင် မြောက်ဘက်ကမ်းပါးမှ သားကောင်တစ်ကောင် ထိုးဆင်းလာသည်။ မည်းမည်း မည်းမည်းသာ မြင်ရသည်။ ပေ (၃၀) ခန့် ကျယ်သော ချောင်းသဲပြင်ကို ဖြတ် လာနေသည်။
ချောင်းရေသည် ကျွန်တော်၏ လင့်ရှိရာ တောင်ဘက်ကမ်းအခြေတွင် ကပ်လျက်စီးနေသည်ဖြစ်ရာ ရေသောက်နေစဉ် အနီးကပ် ပစ်ရပေတော့မည်။ စိုင်ပေါင်ကို လက်မဖြင့်ဖိ၍ သေနတ်မောင်းတင်လိုက်သည်။
ရေသောက်နေပြီ။
သားကောင်မှာ “ချေဘောက်” ဖြစ်သည်။
သေနတ်ပြောင်းကို (၄၅) ဒီဂရီ ထောင်၊ လက်နှိပ်ဓာတ်မီးခလုတ်ကို အသေဖွင့်လျက် မီးကို အောက်သို့ တဖြည်းဖြည်းချကာ အကောင်ရှိရာသို့အရောက် ပစ်မှတ်ကို ကြည့်လိုက်သည်။
ဘေးတိုက်အနေအထား မဟုတ်ပေ။ ထိပ်တည့်တည့်လည်း မကျ။
ရှိစေတော့။ ဒီလောက် အကွာအဝေးဆိုလျှင် မည်သည့်နေရာမှန်မှန် လဲမှာတော့ သေချာသည်ဟု တွေးလျက် လည်တိုင်ရင်းဆီသို့ချိန်ကာ ခလုတ်ကို ဆွဲညှစ်လိုက်တော့သည်။
“ဒိုင်း”
ကော်ဒိုက်ယမ်းပေါက်ကွဲသံ မြည်ဟည်းသွားသည်။ မီးရောင်အောက်မှာပင် လဲကျသွားသည်။ (၉) ပိဿာတော့ အနည်းဆုံးထွက်မည့် ချေပဲဟု ခန့်မှန်းမိ သည်။
အချိန်စောလျင်စွာပင် ချေတစ်ကောင်တော့ လှဲလိုက်နိုင်ပြီ။
“ဟူး”
အသက် အောင့်ထားသည်အား မှုတ်ထုတ်ပြီး မီးပိတ်၊ ယမ်းတောင့်အသစ်ထိုးကာ ငြိမ်နေလိုက်သည်။ တစ်နာရီခန့်အကြာ အောက်ပိုင်းရှိ ငလင်း၏ လင့်ဆီမှ စကားတီးတိုးသံ ကြားရသည်။ ဦးအုန်းမောင်တို့တွေ သားကောင်လာကောက်ကြသည်ပင် ဖြစ်မည်။
ခဏအကြာ၌ လက်နှိပ်ဓာတ်မီး ဝင်းခနဲဖြင့် ဦးအုန်းမောင်၏ ခပ်အုပ်အုပ်ခေါ်သံ ပေါ်လာသည်။
“ကိုတာ … ကိုတာ၊ ဘာကောင်လဲဗျ”
“ချေဗျို့ ဦးအုန်းမောင်၊ ဘယ်သူတွေ ပါလာလဲ”
“အောင်လှိုင်နဲ့ ကျော်စိုးလေ”
သုံးဦးသား ပစ်လှံကိုယ်စီဖြင့် လာကြသည်။
“ချောင်းထဲဆင်းဗျ”
လက်နှိပ်မီးကို အောက်ပိုင်းသာ ထိုးကြည့်၍ ချောင်းထဲ ဆင်းသွားကြသည်။ ကျွန်တော်ကလည်း လင့်ပေါ်မှနေပြီး လဲနေသော ချေရှိရာကို တစ်ချက် မီးထိုးပြ၍ ပြန်ပိတ်လိုက်သည်။
တစ်ယောက်က မီးပြပေး၍ တစ်ယောက်မှ ကူညီပင့်ပေးကာ ကျန်တစ်ယောက်ကထမ်းလိုက်ပြီး ချောင်းကမ်းပါးပေါ်မှ စခန်းဆီသို့ ခပ်သုတ်သုတ် ထွက်သွားကြတော့သည်။
ဝန်းကျင်တစ်ခို ပြန်လည် တိတ်ဆိတ်သွားသည်။ ညပိုးကောင်တို့ မြည်သံတွေသာ ကြားနေရသည်။ အောက်ဘက်လင့် ငလင်းဆီမှလည်း မည်သည့် အသံမျှ မကြားရပေ။
သူစောင့်သည့်နေရာသည် လူးရာတွေ များလျက်နှင့် ယခုထိ သားကောင်ဝင်ဟန် မတူ။ ခပ်စောစောက ကျွန်တော်ပစ်ခဲ့သည့် သေနတ်သံကြောင့် သားကောင်များ မလင်၍ မဝင်သည်လား။
သို့သော် ပြော၍တော့ မရပါ။ သမင်နှင့် တောဝက်တို့သည် ညဉ့်နက်ချိန်မှ ဝင်လူးတတ်ပေသည်။
ညဥ့်ငှက်သံများ၊ ညပိုးကောင်တို့၏ အသံများ တိတ်ဆိတ်သွားပေပြီ။ ညဉ့်ဦးပိုင်းက ဝှေ့၍ တိုက်ခတ်သော လေရူးသည် ယခုတော့ မြောက်အရပ်ဆီမှ မှန်မှန်သုတ်ဖြူးနေပြန်သည်။
နှင်းဇာပဝါခြုံထားသည့် တောအလှကို ကြယ်ရောင်ဖျဖျဖြင့် မပီဝိုးတဝါး မြင်ရသည်။ နားအာရုံစိုက်ကာ နေမိသဖြင့် ဟိုအဝေးချောင်းအထက်ပိုင်း အ ရှေ့အရပ်ဆီမှ တောဝက်တို့၏အသံများ ယခုမှ ကြားရပြီ။
“အိ … အိ … အု … အု … ဂေါက် … ဂေါက် … ဂေါက် … ဂတ် … ဂတ်”
စသည့် အသံများ ပီပြင်စွာ ကြားနေရသည်။ ဒီပုံဆိုလျှင် ကိုစန်းအောင်က အရင်ပစ်ရလိမ့်မည်။ နေ့ပိုင်းအချိန်က ခြေရာ၊ လူးရာတို့ကို လျှောက်ကြည့်ရာတွင် သူ၏လင့်အနီး ဝက်ပွတ်ပင်ကိုလည်း တွေ့ထားရသည်။
တောဝက်များသည် ၎င်းတို့ ဖြတ်သွားဖြတ်လာလမ်းဘေးရှိ သစ်ပင်တစ်ပင်ကို အယားဖျောက်သည်ဖြစ်စေ၊ ခန္ဓာကိုယ်တွင် ကပ်နေသောရွှံ့များ ကွာရန် ဖြစ်စေ ပွတ်တိုက်တတ်ပါသည်။
ဤသို့ဆိုလျှင် တွေ့ရာသစ်ပင်တိုင်းကို ပွတ်တိုက်တတ်ပါသလား။ မဟုတ်ပါ၊ ပွတ်နေကျဖြစ်သော အပင်တစ်ပင်တည်းကိုသာ စွဲစွဲမြဲမြဲ ပွတ်တတ်ကြပါသည်။ အုပ်လိုက်လာလျှင်လည်း အကောင်တိုင်းက ထိုအပင်ပဲ ပွတ်ကြသည်။
အချို့ ဝက်ပွတ်ပင်ဆိုလျှင် ပင်စည်၏ အသားများ ချိုင့်ခွက်ကာ ပြောင်နေပါတော့သည်။ ယင်း ဝက်ပွက်ပင်အနီး ခပ်လှမ်းလှမ်းမှ လင့်ထိုး၍ ဖြစ်စေ၊ ကျင်းတူး မြုံထိုး၍ ဖြစ်စေ ပစ်ခတ်ပါက သေချာပေါက် ရတတ်ပါသည်။
တောဝက်များသည် အောက်အစွယ်ကသာ ရှည်ထွက်၍ ကွေးချွန်နေပါသည်။ အပေါ်သွားအစွယ်မှာ မရှည်ပါ။ တုံးတိတိ ရှိသည်။ ၎င်း အပေါ်သွားကို ကျောက်သွားဟု ခေါ်သည်။
တောဝက်အစွယ်သည် ချွန်ပြီး စွယ်ကွေး၏။ အတွင်း အသွားပိုင်းသည် ဓားသွားကဲ့သို့ပင် မြည့်နေအောင် ထက်သည်။
အဘယ်ပုံ ထက်နေရသည်လည်း ဆိုသည်ကိုရှင်းပြရပါလျှင် တဖြည်းဖြည်း ရှည်ထွက်လာသည့် အောက်အစွယ်အတွင်းပိုင်းနှင့် အပေါ်မှ တုံးတိတိရှိသော သွားစွယ်သည် လွတ်မနေဘဲ ပွတ်တိုက်လျက်ရှိသည်။ ဝက်၏ နှုတ်သီးသည် ဟလိုက် စေ့လိုက် အမြဲလုပ်နေသည့်အခါ အပေါ်သွားစွယ်မှ အောက်သွားစွယ် အတွင်းပိုင်းကို စားစေကာ သွေးပေးနေသလို ဖြစ်တော့သည်။
သွားရင်းလာရင်းလည်း တဂတ်ဂတ်ဖြင့် နှုတ်သီးကို ဟလိုက် စေ့လိုက်လုပ်ကာ သွားတတ်သည်။
ထို့ကြောင့် ဝက်တောင်းကြီးများလာလျှင် တဂတ်ဂတ်ဖြင့် မေးရိုက်သံကို အဝေးမှ ကြားရပါသည်။
“ဂလုပ်. . . ဂလုပ်. . . ဂလုပ်”
ဟော- အင်တိုင်းတောဖြန့်ဆီမှ သားကောင်ပြေးလာသည့်အသံများကို ကြားရသည်။
သေနတ်ကို ကောက်ကိုင်ကာ စိုင်ပေါင်ကို လက်မဖြင့်ဖိ၊ ထရေကာခလုတ်ကိုလည်း လက်ညှိုးဖြင့် အသာဆွဲကာ အသံမမြည်အောင် သေနတ်မောင်းကို ကျိတ်တင်လိုက်သည်။
ဤခြေသံသည် သမင် (သို့) ချေ ၏ ခြေသံဖြစ်မည်။ တစ်ကောင်တည်း ခြေသံမဟုတ်။ အနည်းဆုံး (၃) ကောင်တော့ရှိမည်ဟု ခန့်မှန်းမိသည်။ ချောင်းအနီးရောက်မှ ခြေသံပျောက်သွားသည်။ နားစွင့်၍ အမှောင်ထုအတွင်း ကြည့်နေမိသည်။ အချိန်အတန်ကြာသည်ထိ ငြိမ်သက်ကာ မည်သည့်အသံကိုမျှ မကြား ရတော့ပေ။
ခုနစ်စဉ်ကြယ်ပြောင် အမြီးထောင်ရုံမက တစ်ဖက်လဲတော့မည်။ သေနတ်မောင်းပြန်ဖြုတ်၍ ပကာခြမ်းပေါ်ချထားလိုက်ပြီး လက်နှစ်ဖက်ဖြင့် ဒူးနှစ်လုံးပိုက်ကာ ကုပ်နေလိုက်တော့သည်။
နံနက် (၃) နာရီ ထိုးပြီးပြီ။ မကြာခင် အရုဏ်ကျင်းတော့ပေမည်။ ယခုမှ နှင်းပေါက်များလည်း ဆီးကင်းလောက် ကျလာကြသည်။
“ဒိုင်း”
ကော်ဒိုက်ယမ်း ပေါက်ကွဲမြည်ဟည်းသံ ပဲ့တင်ထပ်သွားသည်။
“ကွီး. . . အီး “
“ဖုံး. . . ဝုန်း”
ဝက်အော်သံကြီး ကြားလိုက်ရသည်။ ကိုစန်းအောင်၏ လင့်ဘက်မှ ဖြစ်သည်။ ဝက်တစ်ကောင် လဲပေပြီ။
အရုဏ်ကျင်း လင်းမှပဲ လင့်ပေါ်မှ ဆင်းတော့မည်။ တောဝက်မှာ တစ်ခါတည်း ကိစ္စတုံးလျှင် အကြောင်းမဟုတ်။ သို့မဟုတ်ပါလျှင် အင်မတန် အန္တရာယ် များသည်။
စခန်းမှ လူများလည်း အိပ်ပျော်နေကြသည်ထင့်။ သူတို့ဆီမှလည်း အသံမကြားရပါ။ သို့ဖြင့် မိုးစင်စင်လင်းသော် လင့်ပေါ်မှ ဆင်းခဲ့သည်။
ပုလဲရည် ငွေနှင်းဥတို့သည် ကိုင်းပင်၊ ဆင်ငိုမြက်ပင်တို့၏ အဖျားတို့တွင် ယီးလေးခိုနေကြသည်။ နှင်းမှုန်တို့ကြားမှ ကိုစန်းအောင် ဘွားခနဲ ပေါ်လာသည်။
“ဗျို့ – ကိုစန်းအောင်၊ ခင်ဗျား လှဲလိုက်တဲ့ဝက်ကြီး တော်တော်ကြီးရဲ့လား ဗျ။ အခုပဲ ကျွန်တော် လာကြည့်မလို့”
“ဟာ- ကိုတာရေ၊ နေရာတင်မလဲဘူးဗျ။ စည်းကွဲဝက်ကြီး (သင်းကွဲ)။ ကြီးတာတော့ နည်းတဲ့အကောင်ကြီး မဟုတ်ဘူး။ အပေါ်စီးကနေ တေ့ဖြုတ်လိုက် တာပဲ။ ပစ်တာကတော့ လက်ထပ်ဆီ ပစ်လိုက်တာပဲဗျာ။ ဟောဒီ တောင်ဘက် ချောင်းကမ်းပါးစောင်းပေါ် ပြေးတက်ပြီး ထွက်သွားတာဗျ။ ကမ်းပါးပေါ်မှာတော့ သွေးကွက်တွေ ကျန်ခဲ့တယ်”
“ဟောဗျာ- ကျွန်တော်ကတော့ သေချာပေါက်ပြီအောက်မေ့တာ”
ကျွန်တော်တို့နှစ်ယောက် အချီ အချပြောနေစဉ် ငလင်းလည်း အနီးသို့ ရောက်လာသည်။ အကြောင်းစုံကို သူလည်း သိသွားရာ –
“ကဲပါဗျာ၊ လင်းလင်းကျင်းကျင်း ရှိတော့မှ ခြေရာခံပြီးလိုက်ကြတာပေါ့။ အင်းကြီးသားအဖွဲ့တွေနဲ့ဆိုရင် ဒီကောင် ကြီး ပြေးမလွတ်ပါဘူး”
“ဟုတ်တယ် ကိုစန်းအောင်၊ စခန်းပြန်ပြီး ချေသားတစ်ပွက်ဆူဟင်းနဲ့ ဗိုက်ဖြည့်ပြီးမှပဲ လိုက်ရအောင်။ ဗိုက်လည်း ဆာလှပြီ။ အေးလိုက်တာကလည်း လက် တွေကို ကိုက်လို့။ မီးဖိုမှာ ခြေထောက် လက်ထောက် ကင်ကြဦးစို့ရဲ့”
သုံးယောက်သားမှာ စောင်ခြုံများဖြင့် သေနတ်ကိုယ်စီထမ်းကာ စခန်းဆီသို့ လျှောက်လှမ်းခဲ့ကြတော့သည်။
စခန်းရောက်တော့ ဦးအုန်းမောင်နှင့် ကျော်စိုးတို့နှစ်ဦး မီးပုံဘေးမှာ ထမင်းချက်နေကြသည်။
ကိုကြံအောင်၊ ကိုကြည်ထွန်းနှင့် အင်းကြီးသားများ ဖြစ်ကြသည့် အောင်လှိုင်၊ ထီကြိုင်၊ ထီမြ၊ ငမိုးတို့ (၆ ယောက်မှာ စောင်ခြုံများဖြင့် တန်းစီ၍ ကွေးနေကြတုန်းပင်။
သို့ဖြင့် မှိုင်းကွဲ၍ မြင်မြင်ထင်ထင် ရှိပြီဖြစ်သော နံနက် (၉)နာရီခန့်တွင် ဦးအုန်းမောင်၊ အောင်လှိုင်၊ ထီကြိုင်၊ ထီမြ၊ ငမိုး၊ ကျော်စိုး၊ ငလင်း၊ ကိုစန်းအောင်၊ စာရေးသူတို့ (၉) ယောက်အဖွဲ့ ခြေရာခံ လိုက်ကြရန် ကိုစန်းအောင်၏လင့်ဆီသို့ ထွက်ခဲ့ကြသည်။
ကိုကြံအောင်နှင့် ကိုကြည်ထွန်းတို့ နှစ်ယောက်ကို စခန်းစောင့်ထားခဲ့သည်။
ကျွန်တော်ကိုင်သော တစ်လုံးထိုးသေနတ်ကို အောင်လှိုင်အား ပေးကိုင်လိုက်သည်။ ငလင်းက နှစ်လုံးပြူးကို သူ ကိုင်မည်ဟု ပြော၍ ကိုစန်းအောင်နှင့် သေနတ်ချင်း လဲလိုက်သည်။
ကျန်လူအားလုံးမှာ လှံကိုယ်စီ ကိုင်စွဲကာ လိုက် ကြသည်။ လူလွတ် လက်လွတ်လိုက်၍ မဖြစ်ပေ။ တောဝက်ဟူသည် အန္တရာယ်ပြုနိုင်သည့် သားကောင်တည်း။
“ဟေ့- ဒီမှာ သေချာကြည့်ကွ၊ သွေးတွေမှ အမြှုပ်တွေနဲ့ဟ။ ဒီပုံဆိုရင် အဆုတ်တို့ အတွင်းကလီစာတို့ ထိလို့ပဲဟေ့၊ ဝေးဝေးသွားနိုင်မှာ မဟုတ်ဘူး”
“ဟုတ်တယ် ဦးအုန်းမောင်ရဲ့ “
“ပြေးလမ်းစွတ်ကြောင်းက ကိုင်းတောထဲ ဝင်သွားတာဟေ့။ သတိထားကြ။ ဒီကောင်မျိုးတွေက လုံးလုံးမလဲသေးသမျှ ခံတတ်တယ်ဗျို့”
ဤသို့ဖြင့် ကိုင်းတောအတွင်း လူများဖြန့်၍ ရင်ပေါင်တန်းကာ လိုက်ကြတော့သည်။ တစ်နေရာ၌ ဝပ်၍နားသွားသည့်အရာ တွေ့ရ၏။ သွေးအမြှုပ်များ အတော်အိုင်နေသည်ကို မြင်တွေ့ရသည်။ အင်းကြီးသားများ ဒုန်းလိုက်တော့ပြီ။ သူတို့ကိုမီအောင် မနည်းလိုက်ရ၏။
ဒီလိုဖြင့် နားသွားသည့်နေရာ တွေ့လိုက်၊ ဆက်လိုက်၊ ရှေ့နားဆိုလျှင် မီပြီ၊ လိုက်ဟ … လိုက်ဟဖြင့်ပင် တစ်နေသာ ကုန်ပါတော့သည်။
ညမှောင်ထဲ လိုက်လို့မဖြစ်၍ ဖပ်ဖပ်မောကြကာ စခန်းဆီသို့ ပြန်ခဲ့ကြရတော့သည်။
အပြန်လမ်းတွင်တော့ အောင်လှိုင်မှာ မကျေမနပ်ဖြစ်ပြီး တောက်တခေါက်ခေါက်ဖြင့် ရှိတော့သည်။
“ဒီညတော့ စခန်းမှာပဲ ကောင်းကောင်းနားကြစို့ရဲ့။ လူတွေလည်း ပန်းပြီကွာ”
“ဟုတ်ပါတယ် ဦးအုန်းမောင်ရာ၊ ကျွန်တော်တို့လည်း တစ်မှေးမှ မမှေးရသေးဘူး။ ချေတစ်ကောင် ရထားသားပဲ။ ဘီအီးနဲ့ ချေသားကြော်မြည်းပြီး နှပ်လိုက်ဦးမယ်။ ဟူး- ညောင်းလိုက်တာ”
စခန်းရောက်၍ မီးပုံဘေးတွင် သောက်ဝိုင်းစကြတော့သည်။
“မနက်ရောက်တော့ရင် ကျော်စိုး မင်းက မင်းတဲပြန်ပြီး ခွေးတွေခေါ် ချေကွာ။ ခွေးတွေပါ ပါတော့ ငါတို့ စမ်းတဝါးဝါး မလိုက်ရတော့ဘူးပေါ့။ ခရီးပိုတွင် မယ်ကွ၊ ဟုတ်ဘူးလား”
“ဟုတ်တယ် ဦးအုန်းမောင်၊ ဟုတ်တယ်”
သောက်လိုက်၊ စားလိုက်၊ စကားပြောလိုက်ကြဖြင့် ညဉ့်နက်မှ အိပ်ရာဝင်ကြသည်။
ပကာခြမ်းများကို မီးပုံပေါ်သို့ ခါးမှ ကန့်လန့်ဖြတ်တင်၍ မီးရှိန်မြှင့်ကာ အိပ်ကြရသည်။
နံနက် ဆူဆူညံညံ ခွေးဟောင်သံများ ကြားရတော့မှ နိုးတော့သည်။ ချမ်းအေးလှ၍ ကွေးပြီးအိပ်ရာ ခြေထောက်များ တော်တော်ဖြင့် ဆန့်မရ။ အကြောတွေ တောင့်နေသည်။
“ထကြတော့ဗျို့၊ ကျော်စိုးတောင် ဘယ်အချိန်က ခွေးတွေ သွားခေါ်လာတယ် မသိဘူး”
လက်ပတ်နာရီကို ကြည့်လိုက်ရာ (၈)နာရီပင် ထိုးပြီးပြီ။ နှင်းမကွဲသေး။ အင်တိုင်းတောဆီတွင် မြူခိုးတွေ ရစ်သိုင်းနေသည်။ မှိုင်းများတိုက်နေ၍ အဝေးဆီမှ မြင်ကွင်းသည် ပြက်ပြက်ထင်ထင် မရှိ။
ယခင်နေ့က လူများပင် ခြေရာခံ ထွက်ခဲ့ကြတော့သည်။ ထူးခြားသည်က ကျော်စိုး၏ တောလိုက်ကောင်းလှသော ခွေး (၃) ကောင် ပါလာ၏။ နီကြင်ကြင် အမွေးရောင်ဖြင့် ပုပုကျစ်ကျစ် ဗမာခွေးများဖြစ်၍ သတ္တိကောင်းသည်။ တောအထာ၊ တောကောင်အကြောင်း လွန်စွာသိသော ခွေးများပါပေ။
“ဒီနေ့တော့ မတွေ့ရင် ကိုင်းတော မီးရှို့မယ်ကွာ”
“ဟာ- မလုပ်ပါနဲ့ အောင်လှိုင်ရာ၊ ငါ့ခွေးတွေက စွမ်းပါတယ်ကွ”
မနေ့က ခြေရာရင်းမှ စတင်ပြီး လိုက်ခဲ့ကြသည်။ ခွေးများမှာ အနံ့ခံလိုက်၊ ပြေးလိုက်။ တစ်ဖန် ရပ်၍ ထိုမှဤမှသွားကာ အနံ့ခံလိုက်၊ ရှေ့ဆက်၍ပြေးသွား လိုက်ကြဖြင့် ကျွန်တော်တို့ ယခင်နေ့က ရောက်ခဲ့သောနေရာပင် ကျော်ခဲ့တော့သည်။
ဒီနေရာတွင် ခွေး (၃) ကောင်မှာ ဟောင်သံ အသီးသီးပြု၍ တစ်ဟုန်ထိုး ပြေးထွက်သွားကြရာ အဖွဲ့လည်း မပြေးရုံတစ်မယ် လိုက်ကြသည်။
အောက်ခြေ ကိုင်းပင်၊ သမန်းပင်တို့က ခြေသလုံးသားကို အစင်းလိုက် ရှတော့သည်။
အင်ပင်ပေါက်များ ကျိုးတိုးကျဲတဲ ပေါက်နေသည့်နေရာ၌ ခွေးများဝိုင်းနေသည်။ အင်ပင်ပေါက် ပင်စည်ကို အကာအကွယ်ပြု၍ကြည့်လိုက်ရာ ဝက်တောင်းကြီးမှာ ဟိုဘက်လှည့်လိုက် တစ်ဖန် ဒီ ဘက်လှည့်လိုက်ဖြင့် ခွေးများကို ခံနေသည်။ ခွေးများကလည်း ဝင်မဆွဲရဲပေ။ လှည့်ပတ်၍သာ ဟောင်နေကြသည်။
ငလင်းသည် နှစ်လုံးပြူးသေနတ်ကို မောင်းတင်ကာ သစ်ပင်အကွယ်မှ ထွက်၍ ရှေ့တိုးလိုက်သည်။
“ဟေ့- ငလင်း အရမ်းမတိုးနဲ့ နော်။ သတိထားဟေ့”
အင်းကြီးသားများက အော်ဟစ် သတိပေးကြသည်။ သူတို့သည် ဝက်အကြောင်း ကောင်းကောင်း သိကြသူများ ဖြစ်သည်။
ငလင်းမှာ တစ်ခါမှ တောဝက် မပစ်ဘူးသေး။ အော်၍ သတိပေးတာ မရ၊ အနီးကပ်သွားပြီး လက်ထပ်ကို ချိန်၍ ပစ်ချလိုက်တော့သည်။
“ဒိုင်း”
ကော်ဒိုက်ယမ်း ပေါက်ကွဲသံနှင့် တစ်ပြိုင်တည်း ဝက်ကြီးထံမှ အသံပြုကာ နေရာတွင်ပင် လဲတော့သည်။
ခြေလက်များ အကြောဆွဲ၍ ငြိမ် သက်သွားမှ အားလုံး အနားကပ်ရဲကြ တော့သည်။
အစွယ်ကြီးမှာ နည်းနည်း နောနော မဟုတ်၊ ကြီးလှသည်။
အနီးကပ်ပြီးကြည့်တော့မှ ကိုစန်းအောင် ပစ်လိုက်သော ကျည်များသည် ဝက်ကုပ်ပိုးသားတွင် (၆) လုံးဖောက်၍ တစ်လုံးမှာ ရှေ့ညာလက်အကြောကို မှန်ထား၏။
လက်တစ်ဖက် မသန်တော့၍ ဝေးဝေး မပြေးနိုင်ခြင်းပင် ဖြစ်သည်။ မီးလောင်ထားသော သန်းငုတ်ကြီးမှာ နှာခေါင်းတွင် ထုတ်ချင်းပေါက်၍ တန်းလန်းစွပ် နေသည်။
သေနတ်မှန်လိုက်စဉ် အလန့်တကြား ကမ်းပါးယံတက်ပြေးရာ ၎င်း ကမ်းပါးယံရှိ မီးလောင်ထားသော သန်းငုတ်က နှာခေါင်းဖောက်စူးပြီး အသက်ရှူလိုက်သည့်အခါ နှာခေါင်းမှ သွေးများနှင့် ပါးစပ်မှသွားရည်များရော၍ အောက်သို့ကျသည်။ သွေးတွင် အမြှုပ်များ ဖြစ်နေတော့သည်။
ဤသည်ကို စာရေးသူတို့က အတွင်းကလီစာ ထိမှန်သည် အောက်မေ့ပြီး စွတ်ရွတ်လိုက်ကြသည်။
တော်ပေသေးသည်၊ ယခင်ရက်က မမီ၍သာ။
ယနေ့တော့ တောဝက်သည် အတန်ပင် မောနေ၍ လူကိုခံပြီး မပက်နိုင်တော့။ ငလင်းကလည်း တော ဝက်အထာမသိဘဲ မိုက်တိမိုက်ကမ်း တေ့ပစ်၍ ကိစ္စတုံးတော့သည်။
တောဝက်ကြီးကို ဝက်တုပ်တုပ် ချည်၍ လက်မောင်းလုံးခန့် သန်းပင်ကို ခုတ်ယူကာ ရှေ့နှစ်ယောက်၊ နောက်နှစ်ယောက်ဖြင့် တစ်လှည့်စီထမ်းပြီး စခန်းသို့ ပြန်ခဲ့ကြသည်။
စခန်းရောက်၍ ရေနွေးအိုးတည်ပြီး ဖျက်ကြရာတွင် ကုပ်ပိုးအခေါက်မှာ (၂)လက်မကျော် ထူသည်။ ကျည်များမှာ ၎င်းအခေါက်ကိုဖောက်ပြီး အသားထဲတွင်သာ စိုက်နေသည်။ အတွင်းထိ မပေါက်ပေ။
ဝက်ရှေ့ပိုင်းသည် အခေါက်ထူပြီး နောက်ဖင်ပိုင်းသည် အခေါက်ပါးပါးသာ ဖြစ်သည်။ ဝက်ကြီးမှာ အချိန် (၇၀) ထွက်ပါသည်။ ဝက်သားချက်၍စားကြရာ ဝက်မောသားဖြစ်သဖြင့် အရသာမရှိပါခင်ဗျား။ ။
– ပြီး –
စာရေးသူ – မဟာမြိုင်မုဆိုး
စာစီစာရိုက် – မုဆိုးတံငါစာပေများ