#မောင်လွမ်းသူ
မုဆိုးလသာ တံငါလမိုက်
ချွတ်ခနဲ သစ်ရွက်ခြောက်နင်းသံကို လင့်ပေါ်က ကျွန်တော်၏ ကျင့်သားရနေပြီဖြစ်သော မုဆိုးနားက အဝေးမှ ခပ်သဲ့သဲ့ ကြားလိုက်ရသည်ဆိုလျှင်ပင် သားကောင်လာပြီဟု အတပ်သိလိုက်ပါသည်။
ကျွန်တော်နှင့် နောက်လိုက်ရဲဘော်ကြီး ကိုလှထွန်း တို့ နှစ်ဦးစလုံး ဝမ်းသာသွားကြသည်။ သည်အကောင်ကို ကျွန်တော်တို့ အိပ်ရေးပျက်ခံ၍ သုံးညတိတိ စောင့်ခဲ့ရ၏။ ယခင်ညတွေက အိပ်ရေးပျက်၍ လူသာပန်းခဲ့သည်။ မပစ်ခဲ့ရ။ ယနေ့ညတော့ ဆိုက်ဆိုက်မြိုက်မြိုက် လာချေပြီတကား။
စင်စစ် လင့်စောင့်ပစ်ရခြင်းကို ကျွန်တော် အတော် ဝန်လေးမိပါသည်။ လင့်ပေါ်တွင် မလှုမယှက် ငြိမ်ငြိမ်သက်သက် တစ်ညလုံး ထိုင်နေဖို့ဆိုတာ မလွယ်လှပါ။
လင့်စောင့်တော့မည်ဆိုလျှင် ခင်းထိုင်စရာ ဂုန်နီအိတ်၊ ရေဘူး၊ ဝါးကျည်တောက် စ၍ အစုံယူသွားရသည်။ ဝါးကျည်တောက်မှာ အပေါ့စွန့်ရ ဖြစ်ပါသည်။
ဆေးလိပ်မသောက်ရ။ မီးရောင်ကို အဝေးရှိ သားကောင်က မြင်နိုင်သည်။ မီးခိုးနံ့ ရနိုင်သည်။
အင်း … အမဲက လာမည်၊ မလာမည်မှန်း မသိရသေး။ မုဆိုးကတော့ လာနိုး လာနိုး မျှော်ရင်း အတော် ကသိကအောက် နိုင်လှပြီ။
အမှန်မှာ လင့်စောင့်ဖို့ မဆိုထားဘိ လင့်ထိုးရသည် မှာပင် မလွယ်လှပါ။ စားပင်တစ်ပင်ကို စောင့်တော့မည်ဆိုလျှင် ထိုအပင်နှင့် မနီးမဝေး သေနတ်တစ်ကမ်း မီလောက်သည့်နေရာတွင် လင့်ထိုးစရာ ခွကောင်းကောင်း ရှိသည့် အပင်ရှိ မရှိ ဦးစွာရှာရသည်။
ဆတ်လိုအကောင်ကို စောင့်တော့မည်ဆိုလျှင် လင့်သည် တော်ရုံအမြင့်နှင့် မလုံလောက်ပေ။ အနည်းဆုံး မြေပြင်မှ အမြင့် ပေနှစ်ဆယ်လောက် ရှိရမည်ဖြစ်သည်။ ဆတ်သည် လည်တိုင်ရှည်၍ အတော်မြင့်မြင့်သို့ မော့်ကြည့်နိုင်သည် မဟုတ်လော။
တစ်ဖန် လင့်ထိုးရန် သစ်ကိုင်းများ ခုတ်ရာ၌လည်း စားပင်နှင့် ကိုက်တစ်ရာပတ်လည်ရှိ အပင်များကို မခုတ်သင့်ပေ။ သစ်ပင်များခုတ်ထား၍ တောအခြေအနေ ပျက်နေသည်ကိုမြင်လျှင် သားကောင် လာတော့မည် မဟုတ်ပေ။
ထို့ကြောင့် သားကောင်လာလမ်းမဟုတ်သည့်ဘက် အဝေးမှ ဟိုတစ်ပင်၊ သည်တစ်ပင် မသိမသာ ခုတ်ပြီး ထိုနေရာမှာပင် တော်သင့်ရုံ အကိုင်းများဖြတ်၍ ယူလာရသည်။
နှီးစ၊ ဝါးစ၊ ဓားဖြတ်စများလည်း အပင်အောက်၌ လုံးဝ မကျန်စေရ။ အဓိက အရေးအကြီးဆုံးအချက်မှာ လင့်ထိုးထားသည်ကို သားကောင် လုံးဝမရိပ်မိဖို့ ဖြစ်ပေသည်။
ယခု ကျွတော်တို့စောင့်သော လင့်ကား ကျွန်တော့် ဆရာကြီး ဦးစံတင့်၊ ကိုလှထွန်းနှင့် ကျွန်တော်တို့ သုံးဦး ကိုယ်တိုင် စိတ်ကြိုက်ထိုးထားသော လင့်ဖြစ်၍ အထူးပြောစရာမလိုပါ။
ဒါတောင် ထိုးပြီးစနှစ်ညက သားကောင်မလာခဲ့ပါ။ ထို့ကြောင့် ထိုနှစ်ရက်က ကျွန်တော်တို့သည် ဦးစံတင့်၏ ဆန္ဒအရ နေ့လယ်ပိုင်းတွင် အနီးအနားရှိ အခြား စားပင်တွေကို အနှံ့လိုက်ရှာပြီး ဖျက်ပစ်ခဲ့ရသေးသည်။
ဖျက်သည်ဆိုခြင်းမှာ အပင်အောက်၌ သစ်ကိုင်းများ ခုတ်ချထားခြင်း၊ သစ်ခေါက်များ ခွာထားခဲ့ခြင်း၊ ပင်စည်၌ စက္ကူစများ ကပ်ထားခဲ့ခြင်းတို့ ပြုလုပ်ခဲ့ရခြင်းပင် ဖြစ်သည်။
ဒါမှ ထိုအပင်တွေကိုလာသော သားကောင်သည် အခြေအနေပျက်နေသည်ကို လန့်ပြီး ကျွန်တော်တို့ စောင့်ရာ အပင်သို့သာ လာတော့မည်မဟုတ်လော။
ကျွန်တော်တို့သည် ဉာဏ်ကို အတတ်နိုင်ဆုံး စေစား အသုံးချခဲ့ရသည်။ ဒါတောင် လွယ်လွယ်ကူကူ မပစ်ရတတ်ပါချေ။
ယခု ကျွန်တော်တို့စောင့်သော လင့်သည် သဖန်းပင် သုံးပင်စလုံးကို ခွ၍ မီနိုင်သည့် အပင်၌ ထိုးထားခြင်းပင်ဖြစ်ပါသည်။
ကျွန်တော်သည် အဖော် ရဲဘော်ကြီးကိုလှထွန်းကို အသာ လက်တို့လိုက်ပါသည်။
“ကြားတယ်ဆရာ….ကြားတယ်”
ကိုလှထွန်းက တီးတိုးပြောလိုက်သည်။
စိတ်ရှည်လက်ရှည် ဆက်လက်စောင့်ကြရာ တစ်နာရီ ကျော်ကျော်လောက် ကြာမှပင် သားကောင် ဝင်လာပါသည်။ သို့သော် သားကောင်က အဝေးဆုံး အပင်မှာသာ စားနေပါသည်။ ကျွန်တော်တို့လင့်နှင့် ကိုက်ငါးဆယ်ခန့် ဝေးပေမည်။
မည်းမည်း မည်းမည်းနှင့် အပင်ဘေးတစ်ဝိုက် လှည့်စားနေသော သားကောင်ကို တန်ခူးလဆုတ် လေးရက်ည ထွက်စ လရောင်တွင် ဝိုးတဝါး မြင်နေရသည်။
နီးနီးအပင် လှည့်လာနိုးနှင့် နာရီဝက်ကျော်ကျော်ခန့် စောင့်နေသော်လည်း မူလအပင်မှာသာ လှည့်စားနေတုန်း ဖြစ်သည်။ ကြာလျှင် စားဝ၍ ထွက်သွားသော် မပစ်လိုက်ရမှာစိုး၍ မီးချကြည့်လိုက်သည်။
လှည့်ကြည့်နေသော မျက်လုံးအစုံကို မီးရောင်တွင် မြင်လိုက်ရသည်။ ချုံများ ကွယ်နေ၍ ခန္ဓာကိုယ်ကို ကောင်းကောင်းမမြင်ရပါ။
ချေလား၊ ဆတ်အကောင်ငယ်ငယ်လား မကွဲပြားပါ။သဖန်းသီးမှည့်ကို ချေရော၊ ဆတ်ပါ စားတတ်ကြသည်။ မျက်လုံးအကျယ်မှာ လက်တစ်အုပ်ခန့် ရှိမည်ဖြစ်၍ အမြင့်မှာ ပေါင်လယ်သာသာလောက် ရှိမည် ထင်သည်။
ကျွန်တော်တို့နှင့် ဝေးလွန်းသည့်အပြင် ပေနှစ်ဆယ်ကျော်မြင့်သည့် လင့်ပေါ်မှ ကြည့်ရခြင်းဖြစ်၍ ကျွန်တော်တို့အမြင်မှာ တိကျမည်ဟု မဆိုသာပေ။ ကျွန်တော်သည် လက်ပပ်နေရာ မှန်းပြီး အသေအချာ ချိန်၍ ပစ်လိုက်ရာ တစ်ဟုန်ထိုး တိုက်ပြေးသွားသော ခြေသံကို ကြားလိုက်ရသည်။ လဲ၍ကား မနေပါ။
လင့်ပေါ်က ဆင်း၍ ပစ်ကျင်းကို ကြည့်ကြ ရာ သွေးစက်တွေသာ တွေ့ရသည်။ ကျွန်တော်တို့သည် မနက်မှ ဆက်လိုက်ကြမည်ဟု ကြံစည်ကာ နောင်မခန်ရွာရှိ ကိုလှထွန်း၏အိမ်သို့ ပြန်ခဲ့ကြတော့သည်။
“အင်း သေနတ်သံကို ငါ့ဆရာကြီးဦးစံတင့်တော့ ကိုလှထွန်းအိမ်ကနေ ကြားနိုင်ကောင်းပါရဲ့၊ သူ ဘာများ ထင်မြင်ချက် ပေးဦးမလဲ”
ဟု တွေးရင်း ပြန်ခဲ့ကြပါသည်။
နံနက်လင်းသောအခါ နောင်မခန်ရွာသား ဦးပေါ်အေး၏ တောလိုက်ခွေးတွေခေါ်၍ လိုက်ကြမည်ဟု စီစဉ်သော်လည်း ဦးပေါ်အေး ခရီးလွန်နေ၍ မတွေ့ရ။ သူ့ခွေးတွေမှာ သူမပါလျှင် ခေါ်မရပါ။
အခြားခွေးများကို ခေါ်ဦးမည်ကြံသော်လည်း ဦးစံတင့်က လိုက်နေကျခွေးမဟုတ်၍ အနံ့မသိလျှင် အခြေအနေကို ဖျက်ပစ်သည်နှင့် တူသွားမည်။ သည်အတိုင်း လူချည်း လိုက်ကြည့်ဦးစို့ဟုပြော၍ ကျွန်တော်၊ ဦးစံတင့်နှင့် ကိုကျန်ထွန်း၊ ကိုလှထွန်းတို့ ညီအစ်ကို ပေါင်း လေးယောက်သား လိုက်ခဲ့ကြပါသည်။
ပစ်ကျင်းမှ ကိုက်တစ်ရာကျော်ခန့် အရောက်တွင် သွေးစက် ပျောက်သွားပါတော့သည်။ ဘယ်လိုမှ လှည့်ရှာ၍ မရ။ တပေါင်း တန်ခူး ရွက်ဟောင်းကြွေချိန်ဖြစ်ရာ မြေပြင်တွင် သစ်ရွက်ကြွေများ ထပ်နေ၍ ခြေရာ လုံးဝ မထင်ပါ။
အိုင်နေသော သွေးကွက် တစ်ကွက်ကို သွေးစက် ဆုံးခါနီးတွင် တွေ့ရသည်။ အကောင် ရပ်နားသွားခြင်း ဖြစ်ပေမည်။
သွေးစက် ပျောက်သွား၍ ကျွန်တော်တို့ အနှံ့ လျှောက်ကြည့်ကြမည် ပြုစဉ် ဦးစံတင့်က
“နေဦး နေဦး၊ ကျောင်းဆရာ အရမ်းမသွားကြနဲ့၊ ကျုပ် အလျင် လျှောက်ကြည့်ဦးမယ်၊ ခင်ဗျားတို့ ခဏထိုင်နေကြဦး”
ကျွန်တော်တို့ ထိုင်နေကြစဉ် ဦးစံတင့်တစ်ဦးတည်း ထွက်သွားပါ၏။ နာရီဝက်နီးပါးခန့် အကြာတွင် သူ့ထံမှ “ဝူး” ဟု အူခေါ်လိုက်သံ ကြားရ၍ လိုက်သွားကြစဉ် သူ့အနီး ဖက်ပေါ်၌ ကျနေသော သွေးစက်တစ်စက်ကို တွေ့ရသည်။
ဆီးဖြူသီးခန့်သာ ရှိပေမည်။ သွေးစက်က တစ်ချက် ချင်းသာ ကျသွားပုံရသည်။ ရွှေ့ဆက်၍ကား သွေး စက် မတွေ့ရတော့။ ပစ်ကျင်းနှင့်လည်း မိုင်ဝက်နီးပါးခန့် ကွာလာပြီ ဖြစ်သည်။
ဦးစံတင့်သည် ကိုက်နှစ်ဆယ်ခန့် ရှေ့ဆက်သွားပြီး ပြန်လှည့်လာ၍ လမ်းဖြတ်ရှိရာဘက်သို့ လှည့်သွားပြန်ပါသည်။ အတော်ကြာသော် သူ့ထံမှ ခေါ်သံကြားရပြန်ပါသည်။
ကျွန်တော်တို့လည်း မောမောနှင့် လိုက်သွားကြသည်။ အချိန်မှာ နံနက်ဆယ်နာရီနီးပါးခန့် ရှိပြီဖြစ်၍ တန်ခူးနေသည် အတော်ပူနေပြီ။
“ဘယ့်နှယ့်လဲ ဘလေးတင့်၊ တွေ့ပြီလား”
“တွေ့တော့ မတွေ့သေးပါဘူး၊ ခင်ဗျားတို့ ပစ်တာ ချေ မဟုတ်ဘူး ဆတ်ပါ။ အစိတ် သုံးဆယ်ထွက်လောက်ပဲ ရှိမယ်။ အထီးဖြစ်မယ် ထင်တယ်၊ အမဆိုရင်လဲ ဇီးရှိမယ်၊ ခင်ဗျားပစ်တာ အောက်နည်းနည်း ကျသွားတယ်၊ အဆုတ် အဖျားမှာ ထိသွားတယ်၊ အညှာသာထိရင် ဘယ် ဒီလောက်ခံနိုင်မှာလဲ၊ သရက်သီးတွေ ဘာတွေ ပစ်ရင် ကြည့်ပါလား၊ အသီးမှန်လို့ မကျဘူး၊ အညှာထိတော့ တန်းခနဲ ကျလာတာ”
“အင်း ဟုတ်ပါပြီ၊ သွေးစက် တွေ့သေးလား”
“သွေးစက်တော့ မတွေ့တော့ဘူး၊ ဒါပေမယ့် ဒီကောင် ဟိုဘက် လှည့်သွားပြီ၊ ခင်ဗျားတို့ စောင့်ကြဦး၊ ကျုပ် လှည့်ကြည့်လိုက်ဦးမယ်”
ဦးစံတင့်သည် ကိုက်အနည်းငယ်လောက် ရှေ့ဆက်သွားပြီး တစ်ဖန် ပြန်လှည့်လာပြန်ကာ တစ်ဖက်ရှိ လမ်းကို ဖြတ်ကူးသွားပြန်ပါသည်။ သူဖြတ်ကြည့်ခဲ့သော ကန့်လန့် ဖြတ်လမ်းသည် နှစ်လမ်းရှိပြီ ဖြစ်သည်။ ရွာသားတို့ သစ်၊ ဝါး တိုက်ရန် မြိုင်ကို ဖြတ်ဖောက်ထားသော တိုက်လမ်းများ ဖြစ်ပါသည်။
ကျွန်တော်တို့ သုံးဦးကား မောမောနှင့် ထိုင်နေရစ်ကြ သည်။ အတော်ကြာသော် သူ့ဆီက ခေါ်သံကြားရပြန်၍ ကျွန်တော်တို့ လိုက်သွားကြပြန်သည်။
“ကျောင်းဆရာ ဒီကောင် အတော်နာနေပြီ။ သင်ပေါင်းလျှိုဘက် လှည့်သွားပြီ။ အဲဒီမှာ အိုင်နှစ်အိုင် ရှိ တယ်။ ဒီကနေ မလှမ်းတော့ဘူး၊ ကိုင်း ခင်ဗျား ရှေ့ဆုံးကသွားတော့၊ တွေ့ရင် လက်မနှေးစေနဲ့”
ဦးစံတင့်ကပြောပြီး လမ်းဖယ်ပေးလိုက်သည်။
ကျွန်တော်သည် ကျွဲ နွားများ သွားထားသော လမ်းကြောင်းအတိုင်း ရှေ့ဆုံးမှ သေနတ်မောင်းတင်၍ ဖြည်းဖြည်းချင်း လိုက်ခဲ့သည်။ ပထမအိုင် ရောက်သည်။ ဘာမျှ မတွေ့ရပါ။
နောက် တစ်အိုင်သို့ ဆက်လိုက်ခဲ့သည်။ တစ်အိုင်နှင့် တစ်အိုင် ကိုက် ခုနစ်ဆယ်ခန့်သာ ကွာပေမည်။
အိုင်အနီးရောက်သော် ခြေသံလုံအောင်ထိန်း၍ ဖြည်း ဖြည်းချင်း ကပ်ခဲ့သည်။
တွေ့ပါပြီ။ အိုင်စပ် ကိုင်းဘေးတွင် ဝပ်နေသော ဆတ်။
ကျွန်တော်သည် လက်ပပ်ကို အသေအချာချိန်၍ ပစ်လိုက်ရာ ယက်ကန်ယက်ကန်နှင့် လဲသွားပါတော့သည်။ အချိန် သုံးဆယ်နီးပါးထွက်မည့် ဆတ်ပေါက် ကလေး ဖြစ်ပါသည်။
ထိုနေ့ည ကျွန်တော့်အိမ်၌ ပြုလုပ်သော အောင်ပွဲခံ အခမ်းအနားမှာ လူစုံလှသည်။ ဦးစံတင့်အပြင် ကျွန်တော်နှင့် လုပ်ဖော်ကိုင်ဖက် ကျောင်းဆရာများ၊ ကုန်သွယ်ရေးဌာနမှ မန်နေဂျာများ၊ စာရေးများ၊ ပေါင်း ဆယ်ဦးခန့် ရှိမည်။
ကျွန်တော့်ဇနီးမှာ ထိုစဉ်က မြို့နယ်ကုန်သွယ်ရေးတွင် အမှုထမ်းသူဖြစ်ရာ ကျွန်တော့်တွင် ဇနီးဘက်က အပေါင်းအသင်းများပါ မိတ်စုံလင်လှပေသည်။
အမဲရလာပြီဆိုလျှင် ကျွန်တော့်အိမ်မှာ သည်လို ဝိုင်းဖွဲ့ကာ အဝအပြဲ စားသောက်လေ့ ရှိကြသည်။
“ဘလေးတင့် တော်တယ်ဗျာ၊ ကျွန်တော်တို့အလိုဆို ဒီဆတ်ဟာ မစားရတော့ဘူး၊ သွေးစက်ပျောက်သွားကတည်းက ဆက်ရှာတတ်ကြမှာ မဟုတ်ဘူး၊ ကိုင်း…ကျွန်တော် မရှင်းတာလေးတွေ မေးဦးမယ်၊ အားလုံးလဲ ဗဟုသုတ ရသွားအောင် ခင်ဗျားရှင်းပြစမ်းပါဦး”
ကျွန်တော့် အပြောကြောင့် ဦးစံတင့်သည် စုံထောက်ကြီး ဦးစံရှားက ဦးသိန်းမောင်အား အမှုသွား အမှုလာအကြောင်း အသေးစိတ် ရှင်းပြသလို ရှင်းပြပါသည်။
“ပထမဆုံး ကျွန်တော်မေးမယ်၊ သွေးစက်ပျောက်သွားပြီး ခြေရာလဲ မတွေ့ရဘဲနဲ့ သားကောင်သွားတဲ့ဘက် ခင်ဗျား ဘယ်လိုလိုက်နိုင်တာလဲ”
“ဪ… ကျောင်းဆရာတို့က ကြွေနေတဲ့ ဖက်ရွက် တွေကိုမူ အသေအချာ မကြည့်ဘဲကိုး၊ ဒဏ်ရာရထားတဲ့ သားကောင်ဟာ အနာက နာတော့ လမ်း ကောင်းကောင်း လျှောက်နိုင်တာ မဟုတ်ဘူး။ ဒါကြောင့် တရွတ်တိုက်သွားတာ။ သူ တိုက်သွားတဲ့ လမ်းကြောမှာ ဖက်တွေဟာ လန်မနေပေဘူးလား။ ဒါကြောင့် လန်နေတဲ့ ဖက်ရွက်တွေကိုကြည့်ပြီး သူ ဘယ်ကိုလှည့်သွားတယ်ဆိုတာ သိနိုင်တာပေါ့။
ဖက်ကို ကြည့်ရင်လဲ နဂိုကအတိုင်း ရှိတဲ့ဖက်နဲ့ ခုမှတိုက်လို့ လန်သွားတဲ့ဖက် သိသာပါတယ်။ နဂိုကျနေတဲ့ ဖက်ကတော့ နေဒဏ်ကြောင့် ခြောက်သယောင်းလို့ နေတယ်။ ခုမှ လန်သွားတဲ့ ဖက်ကတော့ မူလအောက် မျက်နှာပြင်က မြေကြီးနဲ့ ကပ်နေရတော့ အစိုဓာတ်ကလေး ရှိနေတယ်။ ဒါကြည့်ပြီး ခွဲတာပေါ့”
“အင်း ဒါလဲ ပညာရပ်တစ်ခုပဲဗျို့၊ မှတ်လောက်သား လောက်ပဲ”
မြို့နယ်ကုန်သွယ်ရေးမှ ဌာနခွဲ မန်နေဂျာ ဦးစိုးမြင့်က ပြောလိုက်သည်။
“ဟုတ်ပြီ၊ ခြေရာမမြင်ဘဲ ချေနဲ့ ဆတ် ဘယ်လို ခွဲဘာလဲ”
“ခြေရာက ကျောင်းဆရာတို့ မကြည့်တတ်လို့ပါ။ ဖက်ပေါ်မှာ မထင်ပေမယ့် မြေပြင်ကျ ဘယ်မထင်ဘဲ နေနိုင်မှာလဲ။ ခု ကျုပ်တို့ရှာနေတဲ့ နေရာမှာ မီးလောင်ထားလို့ တောရှင်းနေတော့ ဆတ်လဲနေရင် အထင်အရှား မြင်ရမယ် မဟုတ်လား။ ဒီမှာ မတွေ့တော့ ဒီမှာမလဲဘူးပေါ့။
ဒါကြောင့် ကျုပ် ရှေ့က လမ်းဖြတ်တွေ သွားသွားကြည့်တာ။ လမ်းကူးသွား မသွား သိအောင်ပေါ့။ လမ်းကူးကျ ခြေရာ ဘယ်ထိမ်နိုင်မှာလဲ။ အထင်အရှား တွေ့တော့တာပေါ့။ ဒါကြောင့် ခြေရာကြည့်ပြီး ဆတ်ပဲ၊ အစိတ် သုံးဆယ်ထွက်လို့ ကျုပ်မှန်း တာပေါ့။
နောက်ပြီး ကျောင်းဆရာတို့က သွေးစက်တွေ့ရတုန်းကလဲ ဖက်ပေါ်ကျတဲ့သွေးစက်သာ ကြည့်တာကိုး။ သူတိုက်သွားလို့ ပေကျံခဲ့တဲ့ သွေးကျတော့ မမြင် ကြဘူး။ စိမ်းညှင်းပင်တွေကို တိုက်သွားလို့ စိမ်းညှင်းရွက်တွေမှာ သွေးတွေ ပေကျံခဲ့တယ်။ စိမ်းညှင်းရွက်ရဲ့ သွေးပေနေတဲ့ အမြင့်နဲ့ ညက ခင်ဗျားတို့ အပြော၊ မျက်လုံးအမြင့်၊ တစ်လုံးနဲ့တစ်လုံး အကျယ်၊ ဒါတွေကိုမှန်းပြီး ကျုပ်ပြောတာပါ။ ခြေရာ မြင်ရ ပိုသေချာသွားတာပေါ့”
“ဟုတ်ပါပြီ၊ အဆုတ်မှန်တယ်၊ အဖျားဘက်ကျ တယ် ဆိုတာကရော”
“သတ္တဝါတွေဟာ အဆုတ်နဲ့အသက်ရှူတယ် မဟုတ်လား။ အသက်ရှူလို့ ထွက်လာတဲ့ သွေးစက်မို့ အမြှုပ်ရှိတာပေါ့။ ဒါကြောင့် သွေးစက်မှာ အမြှုပ်ကလေးတွေပါတာကြည့်ပြီး အဆုတ်ထိလို့ ကျတဲ့သွေးစက်လို့ ကျုပ်တွက်တယ်။ နောက်ပြီး အဆုတ်သွေးက အရောင်ဖျော့တယ်၊ ကျဲတယ်။ နှလုံးသွေးက ပျစ်ပြီး အရောင်ရင့်တယ်။
အဖျားမှာ ထိတယ် ဆိုတာကတော့ ဒါလောက်ခရီးနဲ့ မလဲဘဲ သွားနိုင်ပုံထောက်ဘော့ အညှာမထိလို့ဆိုတာ တွက်လို့ရတာပေါ့။ ဒါ့ပြင် အချိန်သုံးဆယ်ထွက်လောက်ရှိတဲ့ ဆတ်ရဲ့အမြင့်နဲ့ သွေးပေနေတဲ့ သစ်ရွက်အမြင့်ကို ကြည့်ပြီးတော့လဲ မှန်းနိုင်ပါတယ်”
“အင်း… အထီးဖြစ်မယ်၊ အမဆိုရင်လဲ ဇီးရှိမယ် ဆိုတာကရော”
“ဪ…. ဒါကတော့ ဒီလောက်ခံနိုင်ရင် ဖိုသတ္တဝါဆိုတဲ့ သတ္တိကြောင့်လို့ ကျုပ်တွက်တယ်။ အမဆိုရင် မသဘာဝအတိုင်း အားနွဲ့တော့ ဒါလောက်ခံနိုင်မယ် မထင်ဘူး။ အဆုတ်ထိတာမို့ ရုတ်တရက် မသေတောင် ဝပ်နေ မှီနေရမယ်။ အဲ့.. အမဆိုရင်လဲ ဇီးရှိရင်တော့ ရုတ်တရက် မသေဘူးဗျို့။ အထဲက ကလေး မသေမချင်း မသေဘူး။ ဒါဟာ မိခင်စိတ်ကြောင့်လို့ ဆိုမလားတော့မသိဘူး”
“အင်း…ကနေ့အဖို့တော့ ဘလေးတင့် ကျေးဇူးကြောင့် ကျွန်တော်တို့ပါ ဗဟုသုတ အတော်တိုးတာပဲဗျို့”
ကျွန်တော့်ဘေးမှ ကျောင်းဆရာတစ်ဦးက ပြောလိုက် ပြန်ပါသည်။
“အတော်နာနေပြီ ဆိုတာကရော”
“ဒါကတော့ ခြေရာမှာ ခွာမြဲနေတာ တွေ့လို့ပါ။ ခြေရာမှန်အတိုင်းဆိုရင် ခွာက မမြဲဘူး၊ အကားလဲ မှန်တယ်။ ဒဏ်ရာရထားတဲ့ သားကောင်ကျတော့ ခန္ဓာကိုယ်ကို မလဲအောင် မနိုင်မနင်း အားပြုထားရလို့ ခွာမြဲနေတာပေါ့။ နောက်ပြီး တစ်လှမ်းနဲ့တစ်လှမ်း ခွာစိပ်ထိုးသွားပြီ။ ဒါကြောင့် လဲတော့မယ်၊ မှီတော့ ဝပ်တော့မယ်လို့ ကျုပ် တွက်တာပေါ့”
“အင်း… သင်ပေါင်းလျှိုကအိုင်မှာ တွေ့မယ် ဆိုတာကရောဗျာ…”
“အင်း… ဒါကတော့ ကျုပ် အမှန်းနဲ့ ပြောလိုက်တာပါ။ ဒါပေမယ့် ကျုပ်မှန်းဆချက် မှန်တာပဲ မဟုတ်လားဗျာ။ သေနတ်မှန်ထားတဲ့ သားကောင်ဟာ ဒဏ်ရာက နာတော့ ပူတော့ ရေရှိရာကို လာရစမြဲပဲ။ ဒီအနီးအနားမှာလဲ ဒီအိုင်နှစ်အိုင်သာ ရှိတာ။ ပစ်ကျင်းနဲ့လဲ အတော်ဝေးခဲ့ပြီ။ နာလဲ နာလှပြီ၊ နေလဲ အတော်မြင့်နေပြီ။ ဒါကြောင့် ဒီအိုင်တွေမှာဝပ်တော့ မှာပဲလို့ ကျုပ်တွက်တာ။ တကယ်လို့ ဒီအိုင်တွေမှာသာ မတွေ့ရရင်တော့ ရှေ့ဆက်ကြရဦးမှာပေါ့ဗျာ၊ ဒါတော့ ကျုပ်လဲ နတ်မျက်စိမှ မရှိဘဲ။ ဘယ်အတပ်ဟောနိုင်မှာလဲ”
“ကဲ… ဘလေးတင့်၊ ရှင်းပြလို့လဲ မောသွားရော့မယ်၊ သောက်လိုက်ပါဦး စီးကရက်”
ဦးစိုးမြင့်က ပြောလိုက်၍ ဒူးယားဘူးကို ထိုးပေးလိုက်ပါသည်။
“ဆရာတို့ လင့်စောင့်ပစ်တာ လသာချိန်နော။ ဒါကြောင့် မုဆိုးလသာ တံငါလမိုက်လို့ ဆိုကြတာ မဟုတ်လား”
ကုန်သွယ်ရေး ဝန်ထမ်း တစ်ဦးဖြစ်သူ ကိုအုန်းမောင်က မေးလိုက်ပြန်သည်။
“အင်း…. ဒါက လေးမြားအသုံးပြုပစ်ရတဲ့ ရှေးကမုဆိုးကြီးတွေရဲ့ ဆိုရိုးစကားပါ။ ရှေးကတော့ လက်နှိပ်မီးတွေ မပေါ်သေးတော့ လသာရက်မှာ လင့်စောင့်ပြီးပစ်မှ အထင်အရှား မြင်ရတာပဲ။
တံငါလမိုက် ဆိုတာကတော့ တံငါသည်တွေဟာ လသာရက်မှာကွန်ပစ်ရင် ငါးက လှေရိပ် လူရိပ် မြင်လို့ မရနိုင်ဘူး။လမိုက်မှ ရနိုင်တယ်။ ဒါကို ရည်ရွယ်လို့ ပြောဘာပါ။
အင်း…. ခုခေတ်တော့ လက်နှိပ်မီးတွေ၊ ဘက်ထရီတွေ ပေါ်လာတော့ အမဲတွေလဲ လသာရော လမိုက် ရော ဘယ်ရက်မှ သက်သာရာ မရကြတော့ဘူးဗျို့”
မုဆိုးကြီးဦးစံတင့်သည် စကားကို အဆုံးသတ်လိုက်ပါသည်။
သူ့ကောက်ချက်ချပုံနှင့် သိပ္ပံနည်းကျ ဆက်စပ်တွေးခေါ်မှုများကြောင့် ဦးစံတင့်ကို ကျွန်တော်တို့အားလုံး လေးစားသွားကြရပါသည်။
ကျွန်တော်သည် အမဲတော်တော်များများ ရဖူးပြီ ဖြစ်၍ မိမိကိုယ်ကို ဟုတ်လှပြီဟု ထင်ခဲ့သည်။ သို့သော် ကျွန်တော့်မုဆိုးပညာသည် ဦးစံတင့်နှင့် ယှဉ်လိုက်လျှင်ကား သူငယ်တန်းပညာမျှသာ ရှိပေသေး၏။ သေနတ်ကို မှန်အောင် ပစ်တတ် ရုံမျှနှင့်တော့ မုဆိုးကောင်းတစ်ယောက်ဟု မခေါ်နိုင်သေး ချေတကား။
[သရဖူ ဝတ္ထုမဂ္ဂဇင်း]
– ပြီး –
စာရေးသူ – မောင်လွမ်းသူ
စာစီစာရိုက် – မုဆိုး တံငါ စာပေများ