• July 6, 2025
  • admin
  • 0

တင့်ထူး(ဇေယျဝတီ)
မုဆိုးသားအဖနှင့် အသားစားမျောက်တစ်အုပ်

မုဆိုးကြီးစံအေးမှာ သားကောင်များ ရှာဖွေပစ်ခတ်၍ ရရှိလာသည့် သားကောင်အသားများကို ရောင်းခြင်းဖြင့် အသက်မွေးနေသူဖြစ်သည်။

သူ၏အိမ်တွင် ဆတ်ချိုများ၊ ကျားသားရေများ၊ ဒရယ်ခေါင်းများ ချိတ်ဆွဲထား၏။ ထိုပစ္စည်းများကို တွေ့မြင်ရသည်နှင့် ကိုစံအေးမှာ အမည်ခံမုဆိုးတစ်ယောက်မဟုတ်ဘဲ အတွေ့အကြုံ ရင့်ကျက်နေသော မုဆိုးကျော်တစ်ဦးဖြစ်သည်ကို ခန့်မှန်းသိရှိနိုင်လေသည်။

ကိုစံအေးနေထိုင်ရာ ရွာကလေးမှာ မုဆိုးစံအေးရှိနေသဖြင့် ဟင်းစားမပြတ်ခဲ့ကြပေ။ နှစ်ရက်ခြား တစ်ခါ၊ ငါးရက်ခြား တစ်ကြိမ် ဆိုသလို တောဝက်၊ ဆတ်၊ ချေ၊ ဝက်ဝံတို့ မကြာခဏ ရလာတတ်သည်။

ထိုသားကောင်တို့ကို ဖျက်၍ ရွာထဲမှ အသားလိုသူများကို ပြန်ရောင်းချပေးခဲ့သဖြင့် ဟင်းချက်စရာအသားကို တကူးတက ဈေးလိုက်၍ ဝယ်စရာမလိုခဲ့ကြပေ။ ဈေးတွင် သွားရောက်ဝယ်ယူပါက ငွေလက်ငင်းပေးဝယ်ကြရ၏။ ကိုစံအေးထံမှ ဝယ်ယူလျှင်ရက်ဆိုင်းနှင့် အကြွေးဝယ်၍ ရသည်။

ကိုစံအေးကလည်း သူ့ ရွာကလူများကို သိမြင်နေ သဖြင့် အကြွေးပေးကာ စာရင်းမှတ်ထားခဲ့၏။ ရက်ချိန်းစေ့ရောက်လျှင်တော့ အကြွေးလိုက်သိမ်းလေသည်။

တချို့က ငွေပေးကြ၏။ ငွေပေးရန် မလွယ်သူတို့က ဆန်၊ ဆီ၊ ပဲများကို တန်ဖိုးသင့်၍ ပေးကြသည်။

ကိုစံအေးကလည်း ဆန်ပဲပေးပေး၊ ပဲ-ပဲပေးပေး သူ့အတွက် အသုံးတည့်လေသည်။ ငွေပေးလာလျှင်လည်း ဆန်၊ ဆီ၊ ပဲတို့ကို ဝယ်ရမည်သာ ဖြစ်သည်။

“ဟေ့-စံအေး၊ မင်း မုဆိုးလုပ်နေတော့ ငါတို့ရွာသားတွေ အသားမျိုးစုံအောင် စားသောက်ခဲ့ရသကွ”

“အေးပေါ့ဗျာ… ကျုပ်ကလည်း တောထဲအမဲပစ်ထွက်ရင် တွေ့တဲ့အကောင်ကို ပစ်ယူရတာပဲလေ”

“ဒါပေမဲ့ကွာ… ငါတို့ ပြောင်သားတော့ တစ်ခါမှ မစားဖူးသေးဘူးကွ။ တစ်ခါလောက် စားဖူးတယ်ရှိအောင် ပြောင်တစ်ကောင်လောက် ပစ်လာပေးပါလား စံအေးရာ..”

“အင်း… ပစ်တော့ ပစ်မှာပဲလေ။ ဒါပေမဲ့ ပြောင်က တွေ့ရခဲတယ်ဗျ။ တွေ့ပြန်ရင်လည်း အန္တရာယ်သိပ်များလွန်းတယ်”

“အိုကွာ… မင်းမှာ သေနတ်ရှိနေတာပဲကွ။ သေနတ်ကိုတော့ မင်းပြောင် မခံနိုင်ပါဘူးကွာ”

“အေးပေါ့လေ… ကျုပ် တစ်နေ့နေ့တော့ တွေ့အောင်လိုက်ရှာပြီး ပစ်လာခဲ့ပါ့မယ်ဗျာ”

မုဆိုးကြီးစံအေးက တောနက်နက်ထဲသို့ မသွားဘဲ တောစပ်တောင်ခြေနှင့် ကြောကြီးအရှေ့ဘက်စောင်းတောတောင်တစ်ခွင်ထဲမှာသာ လှည့်ပတ်ရှာဖွေပြီး ဆူလွယ်နပ်လွယ် ပစ်ခတ်ရှာဖွေနေခဲ့ခြင်းဖြစ်သည်။

ပြောင်လိုအကောင်ကြီးများက လူသူများနှင့်ဝေးရာတွင် နေတတ်ကြသည်။ အထူးသဖြင့် ရိုးမကြီး၏ အနောက်ဘက် တောနက်များထဲ၌သာ ကျက်စားနေခဲ့ကြသည်။

“အင်း… ငါ မုဆိုးဘဝနဲ့ တောပစ်လာခဲ့တာ နှစ်တွေပင် မနည်းကြာခဲ့ပြီပဲ။ တောပစ်ထွက်တိုင်းလည်း နီးနီးနားနားမှာပဲ ရှာဖွေပစ်ခတ်ခဲ့လေတော့ သားကောင်တွေလည်း တော်တော်ရှားပါးကုန်ကြပြီ။ ဒီတော့ ရွာသားတွေလည်း ပြောင်သားစားဖူးအောင် ဒီတစ်ခါတောလည်ထွက်ရင်တော့ ကြောကြီးအနောက်ဘက် တောနက်ထဲ ညအိပ်ထွက်လေမှပဲ”

မုဆိုးကြီးစံအေးလည်း တောခပ်နက်နက်ထဲသို့ တောပစ်ထွက်မည်ဖြစ်၍ အဖော်အဖြစ် သူ့သားကိုခေါ်သွားမည်ဖြစ်သည်။ ဒါမှ သားကောင်ပစ်ခတ်၍ ရခဲ့လျှင် တစ်ယောက်ကစောင့်နေ၍ တစ်ယောက်ကိုသားကောင်ထမ်းသယ်ရန် ရွာပြန်စေကာ လူပြန်ခေါ်ခိုင်းနိုင်သည်။ တောထဲတွင်လည်း တောက်တိုမည်ရ ခိုင်းနိုင်မည်ဖြစ်သည်။

“အဖေ – သားတို့ ဘယ်နှညအိပ်လောက် သွားမှာလဲဗျ”

“အိုကွာ… သုံးလေးညအိပ်လောက်ပေါ့ကွာ။ ငါတို့တောထဲမှာ ချက်ပြုတ်စားနိုင်ဖို့ ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန် အပြည့်အစုံထည့်ကွာ”

ညတွင်းချင်း ပြန်မဟုတ်ဘဲ သုံးလေးညအိပ် သွားကြမည်ဖြစ်၍ တောလည်လိုက်နေကျ အောင်နက်ကြီးကိုလည်း ခေါ်သွားကြမည်ဖြစ်သည်။ အောင်နက်က အကင်းပါးသည်။ မျက်စိလျင်သည်။ နားပါးသည်။ သခင်ကိုလည်း စောင့်ရှောက်ပေးသည်။

ကိုစံအေး မှတ်မိနေသေးသည်။ တစ်ခါက တောလည်သွားရင်း မြောင်တစ်မြောင်ထဲတွင် ဝက်ဝံကြီးတစ်ကောင်နှင့် ပက်ပင်းတိုးမိသည်။ သေနတ်နှင့် ပစ်ခတ်ရာ သေနတ်က ဂျန်းဖြစ်သွား၍ ပစ်မရတော့သဖြင့် ခါးတွင်ချိတ်ထားသော ဓားကိုထုတ်ကာ ရန်မူလာသော ဝက်ဝံကြီးကို ရင်ဆိုင်ခဲ့ရသည်။

ဝက်ဝံက လူဆီ ကုတ်ရန်အလာတွင် အောင်နက်ကနောက်ကနေဝင်ဆွဲ၏။ ဝက်ဝံကြီးက နောက်ပြန်၍ လိုက်လျှင် ထွက်ပြေး၏။ ဝေးဝေးမပြေးဘဲ လူဘက်ပြန်လှည့်သည်နှင့် ပြေးလာပြီး ကိုက်ခဲ၏။ ဝက်ဝံကြီးသည် လူကိုရန်မူလိုက် ခွေးကိုပြန်လည်တိုက်ခိုက်လိုက် လုပ်နေရသည်။

တစ်ကြိမ်တွင်တော့ ဝက်ဝံကြီးက လူဆီ အတင်းဝင်၍ လက်သည်းရှည်ကြီးနှင့် ကုတ်ခဲ့ရာ ဝဲဘက်လက်မောင်းတွင် ကုတ်မိခဲ့သဖြင့် သွေးများ ယိုစီးကျလာခဲ့၏။

ထိုစဉ် အောင်နက်က နောက်မှ ဝင်ကိုက်၍ ခွေးဘက်အလှည့်၌ ကိုစံအေးက ဝက်ဝံ၏ ငယ်ထိပ်ကို ဓားရှည်ဖြင့် ခုတ်လိုက်သည်။ ဓား စီးခနဲ ဖြစ်သွားပြီး ထိပ်ကို ခုတ်မိသွားခဲ့၏။ ဝက်ဝံ၏ခေါင်းထိပ်မှာ အမွေးပါးနေသဖြင့် ဓားချက်အားနှင့် ဓားသွားတော်တော်နက်သွားလေ၏။

ထိုဓားချက်နှင့် ဝက်ဝံကြီး ခပ်ငိုင်ငိုင်ဖြစ်သွားကာ ဆက်၍ ရန်မရှာတော့ဘဲ တောင်ကုန်းပေါ် တက်ပြေးသွားခဲ့လေသည်။ အောင်နက်ကြီးက နောက်က ဝင်ဝင် ကိုက်ခဲသောကြောင့်သာ လူကိုချည်း ရန်မရှာနိုင်ဘဲ ခွေးဘက်လှည့်လိုက် ဖြစ်နေသောကြောင့် ကိုစံအေး ဓားနှင့်ခုတ်ရန် အခွင့်အရေးရပြီး ခုတ်လိုက်နိုင်သဖြင့် ဝက်ဝံကြီးရန်က ဝေးခဲ့ရသည်။

လက်မှ ဒဏ်ရာကိုလည်း ပုဆိုးစဆုတ်ဖြဲ၍ ပတ်တီးစည်းခဲ့ကာ ရွာပြန်လာနိုင်ခဲ့သည်။

xxx xxx xxxx

“အဖေရေ-ကျွန်တော်တို့ တောနက်ထဲ တစ်ကုန်းတက် တစ်ကုန်းဆင်း၊ တစ်မြောင်ဝင် တစ်မြောင်ထွက်နဲ့ တစ်နေ့ကုန်ရှာလာခဲ့တာလည်း ဘာသားကောင်မှ မတွေ့ပါလားဗျာ။ အခု ညနေစောင်းနေပြီလေ”

“အေးပေါ့ကွာ… ငါတို့က မုဆိုးတွေပဲ၊ သားကောင်ပစ်ကြမှဆိုတော့ တွေ့အောင်တော့ စိတ်ရှည်ရှည်နဲ့ ရှာပစ်ရမှာပဲပေါ့ကွာ”

“ကျွန်တော်တို့ ခရီးဆက်သွားဦးမှာလားဗျာ”

“ဒီနေ့တော့ အချိန်မရှိတော့ဘူးကွ။ ညစာချက်စားရမှာဆိုတော့ လုံခြုံမှုရှိမည့်နေရာတစ်ခုကိုရှာပြီး နားကြမယ်။ မနက်မှ စောစောထွက်ရှာကြတာပေါ့”

နေရာကောင်းတစ်နေရာကိုရှာကာ စမ်းရေအိုင်မှ ရေနှင့် ဆန်ဆေးပြီး ထမင်းတစ်လုံး တည်ကြသည်။ အိမ်မှထည့်ယူလာခဲ့သော ငါးရံ့ခြောက်တစ်ပြားကို မီးဖုတ်ကာ ဆီဆမ်းသည်။ ဝါးဘူးနှင့် ရေနွေးတစ်အိုးကျိုသည်။

ပြီးလျှင် ထမင်းကို ဖက်နှင့်ပုံ၍ ငါးခြောက်ဆီဆမ်းကို ရေနွေးနှင့် သောက်စား စားခဲ့ကြသည်။ တောတောင်ထဲဖြစ်၍ အိမ်မှာလို ဖွယ်ဖွယ်ရာရာ ချက်စားရန် အချိန်မရပေ။ ဗိုက်ပြည့်လျှင်ပြီးရော ဖြစ်သလိုချက်စားခဲ့ကြပြီး ညဘက်၌ မီးထည့်ထားနိုင်ရန် သစ်တုံးခြောက်များကိုရှာပြီး စုပုံထားသည်။

မှောင်ရီသမ်းလာသည်နှင့် ခြင်များ ကိုက်လာသဖြင့် မီးထည့်ခဲ့ကြကာ မီးဖိုဘေးတွင် ခွေ၍ အနားယူအိပ်စက်ခဲ့ကြလေသည်။

တောနက်ထဲ ရောက်နေကြ၍ လူသူအသံများ မကြားရပေ။ တောတွင်းရှိ ကျေးငှက်များ ပျံသန်းအော်မြည်သံများသာ ကြားနေရသည်။

အောင်လောင်ငှက်ကြီးများ သစ်ပင်ကြီးများထိပ်မှ တရှဲရှဲပျံသန်းနေကြသံ၊ မျောက်အုပ်တို့ တစ်ပင်မှတစ်ပင် ခုန်ကူးနေကြသည်ကိုလည်းကောင်း၊ သိန်းငှက်က မြွေတစ်ကောင်ကို အရှင်လတ်လတ်မျိုနေသဖြင့် ငှက်၏နှုတ်သီးတွင် မြွေမှာ တွန့်လိမ်ကာ ငှက်မျိုခြင်းကို ခံရလေသည်။

“သိမ်းငှက်တွေက သိပ်လျင်တာကွ၊ သူတို့ခြေသည်းတွေနဲ့ ကုပ်ပြီး နှုတ်သီးချွန်နဲ့ ဆိတ်ပေါက်လိုက်ရင် ဘာမြွေမှ မခံနိုင်ဘူးလေ။ မင်းအမြင်ပဲ မဟုတ်လားကွ”

သူတို့ နံနက်စောစော ထလာ၍ သားကောင်ကြီးများကို ရှာဖွေလာခဲ့ကြရာ မည်သည့်သားကောင်မှ မတွေ့ကြသေးပေ။

“ငါ့သား… သားကောင်မတွေ့လို့ စိတ်ပျက်နေပြီလားကွ” “

ဟုတ်တယ် အဖေရေ – ခုထိကို မတွေ့သေးဘူးဗျ”

“ငါတို့ တစ်နေရာရာမှာတော့ တွေ့လာရမှာပေါ့ကွာ။ စိတ်မပျက်ပါနဲ့။ မုဆိုးလိုက်တယ်ဆိုတာ ဒီလိုပဲကွ။ သားကောင်မတွေ့မချင်းတော့ ပင်ပန်းစွာ ရှာဖွေရတာပဲလေ”

သူတို့သားအဖ ရှေ့ဆက်တိုး၍ ရှာဖွေခဲ့ကြပြန်သည်။ ခရီးလည်း အတော်ဝေးဝေး ရောက်လာခဲ့ကြပြီဖြစ်သည်။

“ဟာ အဖေ။ ဒီနေရာကို လာကြည့်ပါဦးဗျ”

“ဘာတွေ့လို့လဲကွ”

“ဟို အောက်ဘက်ကို ကြည့်ပါဦး”

“ဟာ တော်တော်နက်တဲ့ ချိုင့်ဝှမ်းကြီးပဲကွာ။ လှမ်းမြင်နေရတာတော့ သစ်ပင်ကြီးတွေလည်း ထူထူထဲထဲပေါက်နေတယ်”

“ဟာ ဟုတ်ပြီသားရေ… ပြောင်ဆိုတဲ့အကောင်ကြီးတွေက အဲဒီလို သစ်ပင်တွေထူထပ်ပြီး ရေနေရေတိုင်ကောင်းတဲ့ ချိုင့်ဝှမ်းမျိုးမှာနေပြီး ကျက်စားတတ်ကြတာပဲကွ”

“ဒါဖြင့်… ကျွန်တော်တို့ ဒီချိုင့်ဝှမ်းကြီးထဲကို ဆင်းရှာကြမှာလား”

“ဟုတ်တယ် – ဆင်းရှာရင် ပြောင်ကိုတွေ့မှာ သေချာတယ်ဟေ့”

သားအဖနှစ်ယောက် နက်ရှိုင်းလှသော ချိုင့်ဝှမ်းကြီးထဲသို့ ခက်ခက်ခဲခဲ ဆင်းလာခဲ့ကြသည်။

“ဟင်း ချိုင့်ဝှမ်းကြီးက တော်တော့ကို နက်တာပဲကွ။ အခုမှ တစ်ဝက်လောက်ပဲ ရောက်သေးတယ်”

“အဖေ အောက်ဘက်ဆင်းဖို့က ကျေက်ကမ်းပါးယံကြီး ခံနေပြီဗျ။ ကိုင်ဆင်းစရာလည်း ဘာမှမရှိဘူး။ ဘယ်လိုဆင်းကြမှာလဲဗျ”

“အိုကွာ – ရအောင်ဆင်းရမှာပေါ့။ ငါ နွယ်တွေခုတ်လိုက်ဦးမယ်”

ရလာသော နွယ်များကိုဆက်ကာ အစတစ်ဖက်ကို သစ်ပင်တစ်ပင်တွင် ခိုင်ခိုင်ချည်ပြီး တစ်စကို အောက်ဘက်ချ၍ နွယ်ကြိုးကိုင်ပြီး ခဲယဉ်းစွာ လျှောဆင်းလာခဲ့ကြလေသည်။

သူတို့ ပြောင်သွားရာ ခြေရာခံ၍ လိုက်ခဲ့ကြသည်။ ညနေစောင်းသာ ရောက်ခဲ့သည်။ ပြောင်ကိုတော့ မတွေ့ခဲ့ကြသေးပေ။ ထို့ကြောင့် မနက်မှပဲ လိုက်ကြရန် ဆုံးဖြတ်ပြီး ညအိပ်နားရန်အတွက် တောင်ကုန်းစွန်းတစ်နေရာတွင် ချက်ပြုတ်စားလိုက်ကြသည်။

ညဘက် မီးဖိုကာ မီးဖိုဘေးတွင် အနားယူခဲ့ကြလေသည်။

“ဟင် သစ်ပင်တွေပေါ်က တကျွိကျွိနဲ့ ဘာကောင်တွေ အော်နေလဲ မသိဘူး”

ကိုစံအေးက အော်သံကြားသဖြင့် လန့်နိုးလာကာ သားဖြစ်သူကိုလည်း နှိုးလိုက်သည်။ ထိုသို့ နားစွင့်နေကြစဉ် မီးဖိုဘေးတွင် အိပ်နေသော အောင် နက်ကြီးက ထိုအော်သံများကြားရာဆီသို့ ပြေးထွက်သွားလေသည်။

“ခွီး … ကွိ … ကွီး … ကွိ”

“အိုင် … အိုင် … အိုင်”

“ဟာ အောက်နက် ဘာဖြစ်လဲမသိဘူး-အဖေ”

“အောင်နက်… အောင်နက်… လာ… လာ”

မည်သို့ပင်ခေါ်ခေါ် အောင်နက်ကြီး ရောက်မလာခဲ့ချေ။

“ဟာ အဖေ…အဖေ… မျောက်အုပ်တွေဗျ။ သစ်ပင်တွေပေါ်က ဆင်းလာကြပြီး ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ဝိုင်းနေကြပြီ”

“ဟင် ဒီမျောက်တွေဟာ အသားစားမျောက်တွေဖြစ်မယ်။ အောင်နက်ကြီးကိုဖမ်းစားပြီး ငါတို့ကိုဝိုင်းကိုက်စားဖို့ ဝိုင်းလာကြတာပဲဖြစ်မယ်”

ကိုစံအေးက မုဆိုးသဘာရင့်တစ်ယောက်ဖြစ်၍ တောတွင်းအတွေ့အကြုံ ရင့်ကျက်နေသူဖြစ်သည်။ ထိုအသားစားမျောက်မျိုးများသည် လူသူနှင့်ဝေးရာတွင် နေတတ်ကြသည်။ သူတို့ထက်ငယ်သော သားကောင်များကို ဝိုင်းဝန်းကိုက်ခဲ၍ အသားကိုစားတတ်ကြသည်။ ယခုလည်း သူတို့ သားအဖအား ဝိုင်းလာခဲ့ခြင်းမှာ ဝိုင်း၍ ရန်မူကြရန်ဖြစ်သည်။

“ငါ့သား ဘာမှမကြောက်နဲ့ … အဖေတို့မှာ သေနတ်လည်းပါတယ်။ ဓားလည်းရှိတယ်။ အနားကပ်လာရင် ပစ်ထည့်မယ်ကွာ။ ဓားနဲ့လည်း ခုတ်ကြမယ်။ အဖေနဲ့ သားနဲ့ ကျောချင်းကပ်နေမယ်။ အဖေက သေနတ် အဆင်သင့်ကိုင်ထားမယ်။ သားက ဓားကိုင်ထား။ အနားရောက်လာတဲ့အကောင် ဆီးပစ်၊ ခုတ်ပစ်ပေတော့”

ထိုစဉ် မျောက်တစ်ကောင်က အနားကပ်လာခဲ့သဖြင့် ကိုစံအေးက ပစ်ချလိုက်သည်။ ကျန်တစ်ကောင်ကပြေးဝင်လာရာ သားဖြစ်သူက ဓားနှင့် ဆီးခုတ်လေသည်။

သူတို့အဖော် မျောက်နှစ်ကောင် သေဆုံးသွားသဖြင့် မျောက်အုပ်က ဒေါသကြကာ ဝိုင်း၍ တိုက်ခိုက်ရန် တဖြည်းဖြည်း တိုးကပ်လာကြသည်။ သစ်ပင်များပေါ်မှလည်း တကွိကွိနှင့် အော်သံများ ကြားနေရသည်။

“အဖေ… မျောက်အုပ်က တော်တော်များတယ်ဗျ။ အုပ်စုလိုက်ဝင်လာရင် ကျွန်တော်တို့ ခုခံနိုင်ပါ့မလားဗျ”

“ဟုတ်တယ်ဟေ့… မျောက်အုပ်ကတော့ များသထက်များလာသလိုပဲကွ”

ကိုစံအေးက မျောက်အုပ်အခြေအနေ ခန့်မှန်းကြည့်မိသဖြင့် သူတို့က သားအဖနှစ်ယောက်ထဲ ဖြစ်၏။ မျောက်များက အုပ်စုလိုက် အကောင်ရေများနေခြင်းကြောင့် တကယ်တန်း ခုခံတိုက်ခိုက်ကြလျှင် ကောင်ရေများသဖြင့် မနိုင်လောက်ဟု တွက်မိခဲ့သည်။ ထို့ကြောင့် မျောက်အုပ်ကို နိုင်နိုင်သောနည်းလမ်းကို အပြေးအလွှား စဉ်းစားနေရတော့သည်။

“သားရေ အဖေတို့အနား ကပ်လာတဲ့ မျောက်ကိုပစ်ကြ ခုတ်ကြပေမယ့် ကျန်တဲ့မျောက်တွေက မပြေးကြဘူးကွ။ အဖေတို့ကို ရန်မူဖို့ပဲ ဝိုင်းလာနေကြတယ်”

“ဒီကောင်တွေ ထွက်ပြေးအောင် ဘယ်လိုလုပ်မလဲဗျ။ ကြာရင် ကျွန်တော်တို့ လက်အံသေပြီး နိုင်မှာမဟုတ်တော့ဘူး”

“ဟာ-အဖေအကြံရပြီသားရေ”

“ဘယ်လိုလုပ်ရမှာလဲဗျ”

“သားက ဒီအနီးအနားက သစ်ရွက်ခြောက်တွေ၊ ဝါးလုံးခြောက်တွေ ရသလောက် လိုက်စုလိုက်ကွာ။ အနားကပ်လာတဲ့ မျောက်တွေကို အဖေ ပစ်ချပေးမယ်။ မြန်မြန်စုလိုက်ဟေ့”

သားဖြစ်သူလည်း ကြောက်ကြောက်နှင့် တွေ့ရာဝါးလုံးအခြောက်၊ သစ်ကိုင်း၊ သစ်ရွက်ခြောက်များကိုရှာဖွေကာ စုပုံသည်။

“ကဲ-အဲဒီအပုံကို မီးထည့်ပေးလိုက်ဟေ့”

မီးထည့်ပေးလိုက်သဖြင့် မကြာမီပင် မီးတောက်ကြီးက တဟိန်းဟိန်းနှင့် ထတောက်လာခဲ့လေသည်။

ဝိုင်းလာနေကြသော မျေက်အုပ်လည်း မီးတောက်ကြီးကို မြင်တွေ့ကြသောအခါ တောမီးလောင်လာသည် ထင်မှတ်ကြကာ ကွိကွိကွပ်ကွပ်ကွပ် အသံပေးကြကာ သူတို့အနားမှ ထွက်ပြေးသွားကြတော့သည်။

ထိုမီးတောက်မှာ တဖြည်းဖြည်း ကူးစက်လောင်ကျွမ်းသဖြင့် သူတို့ပတ်ဝန်းကျင်တွင် မီးအလင်းရောင်ကြီး ထိန်လင်းနေပေတော့သည်။

“ကဲ ဟေ့- အဖေတို့ ဒီတောထဲ ဆက်နေလို့ မဖြစ်တော့ဘူးကွ။ ဒီ သားစားမျောက်တွေရန်က မအေးသေးဘူး။ ဒီတော့ ပြောင်ဆက်မလိုက်တော့ဘဲ ရထားတဲ့မျောက်သေတွေကိုပဲ ထမ်းပြီး ပြန်ကြပါစို့ကွာ”

သားအဖနှစ်ယောက်လည်း မိုးလည်းလင်းလာပြီဖြစ်၍ ချိုင့်ဝှမ်းမှ အပေါ်ကိုတက်နိုင်သောလမ်းကို ရှာဖွေကာ မျောက်သေများကိုထမ်းပြီး ပြန်လာခဲ့ကြလေတော့သည်။

အောင်နက်ကြီးမှာတော့ မျောက်များ ဝိုင်းဝန်းစား သောက်ခြင်းကို ခံခဲ့ရကာ ကျန်ရစ်လေသည်။

– ပြီး –

စာရေးသူ – တင့်ထူး(ဇေယျဝတီ)

Leave a Reply

Your email address will not be published. Required fields are marked *