လေနုအေးက တစ်ချက်ဝေ့လာသည်။
မြေပေါ်ရှိ သားကောင်ခြေရာကို အသေးစိတ် ကြည့်ရှုနေသောတစ်ချက်တစ်ကောင် သိန်းလွင်မောင်’က ဘိုဟန်၏မျက်နှာကို မော့ကြည့်လိုက်သည်။ ဘိုဟန်က သိန်းလွင်အောင်၏ မျက်နှာကို ငုံ့မကြည့်ဘဲ လက်တွင်းမှ သေနတ်ကို .အသင့်အနေအထားနှင့် ကိုင်ထားပြီး ညာလက်ညှိုးက ရိုင်ဖယ်မောင်းကွင်းပေါ် ဖိကပ်ထားပြီး ရုတ်ချည်းတန်းပစ်နိုင်ရန်အသင့်။ မျက်စိအစုံက ဝန်းကျင်ကို အကဲခတ်လျက်..

“ချွတ်ခနဲ’သစ်ကိုင်းခြောက်လေးများ မြေပေါ်သို့
ကျလာသံ။ ‘ရှဲခနဲ’ ချုံတစ်ချုံးမှ တစ်ချုံးသို့ မြေဝပ်ငှက်လေးများ တိုးလွှားပြေးသံ။ “စွေ့ခနဲ’ တစ်ကိုင်းမှတစ်ကိုင်းသို့ ရှဉ့်ငယ်ကလေးများ ပြေးလွှားသံ။ သံစဉ်မဲ့ ပေါက်ကွဲသံကို အားပါးတရ ဟစ်နေသော ပုစဉ်းရင်ကွဲတို့၏ ‘တိခနဲ’ ရပ်လိုက်သောအသံ စသည်တို့ကြောင့် မိမိတို့ ဝန်းကျင်တွင် ရန်သူသားကောင်ကြီး ရောက်နေပြီလားအသိနှင့် အသင့်အနေအထား။

သိန်းလွင်မောင်က နှင်းရည်များ အဝသောက်စို့ထားပြီး စိမ်းရင့်ရောင် မြေဆီလွှာဆီသို့ ပြန်ငုံ့ကြည့်ကာ ခြေရာခံလိုက်ပြန်သည်။ထိုစဉ် . .’ဂဲခနဲ’အသံနှင့်အတူ လင်းမြီးဆွဲငှက်ကလေးတစ်ကောင်ကကြောက်အားလန့်အားနှင့်` ကောင်းကင်ထက်သို့
‘သုတ်ခနဲ’ထပြန်တက်သွားသည်။ အကျင့်ပါနေသော လက်များက သေနတ်ပြောင်းဝကို ငှက်ငယ်ဆီသို့ တန်းချိန်လိုက်မိကြပြီ။သည်အခိုက် .တရှဲရှဲ မြည်သံဖြင့် ခြုံပုတ်တွင်းမှ တရွေ့ရွေ့ တိုးလာသည့် သတ္တတစ်ကောင်၏ မသဲမကွဲ သဏ္ဌာန်ကို မြင်တွေ့လိုက်ရပြန်သည်။မုဆိုးနှစ်ယောက်နှင့် ရေနက်ကြီးလေးအိမ်စုရွာ၊ဖောင်ကြီး၊ ဝါးချောင်း စသည့်ရွာများဆီ ချောက်လှန့်နေသည့်သားကောင်ကြီးနှင့် တိုးမိပြီဟူသောအသိကြောင့်
ဒုတိယမိ သေနတ်ပြောင်းများက တန်းခနဲ။

တစ်ခဏလေးအတွင်း ပျဉ်းကတိုးပင်ပျိုအုပ်စုအတွင်းမှ “ဝေါခနဲ” တိုးထွက်လာသည့် သားကောင်ထွက်လာသဖြင့် နှစ်ယောက်သား လက်များက ပစ်ခတ်ရန် ချိန်ရွယ်ပြီး အနေအထား။

“ဟာ .….တိုင်ပင်မထားဘဲ နှစ်ယောက်သား အာမေဋိတ်သံအသီးသီးထွက်သွားပြီး..”

“ဟာ အရေးထဲ၊ သေတော့မှာပဲ”
သိန်းလွင်မောင်က မကျေမနပ် ရေရွတ်လိုက်ပြန်သည်။

“လုပ်မနေပါနဲ့ဗျာ”

ဘိုဟန်က ပြောပြောဆိုဆိုနှင့် ပျဉ်းကတိုးပင်ပျိုတောတွင်းမှထွက်လာသည့် သားကောင်အား ဘောလုံးတစ်လုံးနှယ် ပစ်ကန်လိုက်သည်။ထွက်လာသော သားကောင်မှာ သူတို့ မျှော်လင့်ထားသော သားကောင်ကြီးမဟုတ်ဘဲ ခြ၊ ပုရွက်ဆိတ်များကိုရှာဖွေစားသောက်နေသည့် ‘ သင်းခွေချပ်တစ်ကောင်ပင်။သူတို့အား မြင်တွေ့ လိုက်သည်နှင့် သင်းခွေချပ်ကောင်ကလည်း ခန္ဓာကိုယ်အား ဘောလုံးကြီးတစ်လုံးနှယ်လုံးခွေရုပ်ဖျက်လိုက်သည်။သင်းခွေချပ်ဘောလုံးမှာ ဘိုဟန့်ကန်ချက်ကြောင့်
မြေနိမ့်ကြောတစ်လျှောက် တဝုန်းဝုန်း။

မိုးအကုန် ဆောင်းအကူးသမယ။´
နေကောင်းစွာမပွင့်သေး။ ဝန်းကျင်တစ်ခုလုံး ဆီးနှင်းနှင့် မြူများက ထူထပ်စွာကျနေပြီး ရြှေ့မင်ကွင်းတစ်ကိုက်ခန့်ပင်မသဲကွဲ။

နှင်းနှင့်မြူကြားထဲတွင် ဘိုဟန်နှင့်သိန်းလွင်မောင်တို့ သေနတ်ကိုယ်စီနှင့် ရေနက်ကြီး၊ လေးအိမ်စုရွာဘက် ချီတက်နေခြင်းပင်။ ·လက်များတွင်လည်း သေနတ်များက ကိုင်ပြီးအသင့်။သည်ရွာလေးက လှည်းကူးမြို့နယ်အတွင်း ရိုးမနှင့်အနီးဆုံးရွာ။ ကျောက်ချော၊ ကရင်မ၊ ပိန္နဲတောင်၊ ဝါးတောင်ဆိုသော သစ်စခန်းများဆိုလျှင် တကယ့်ပီဘိပဲခူးရိုးမ။

သည်တော၊ သည်တောင်၊ သည်ရိုးမအတွင်း ဘိုဟန်နှင့် သိန်းလွင်မောင်တို့ အမဲပစ်နေကြ။လှည်းကူးမှ ဖောင်ကြီးသို့ (၁၇)မိုင်။ဖောင်ကြီးမှ မင်းကုန်း၊ မင်းကုန်းမှသည် ရေနက်ကြီး၊ လေးအိမ်စုသို့ (၁၀)မိုင်ခန့် လမ်းလျှောက်ရသည်။မင်းကုန်းလွန်သည်နှင့် မြင့်မားလှသော ကျွန်း၊ ပျဉ်းကတိုး၊ သစ်ရာ၊ အင်ကြင်း၊ပိတောက်စသော သစ်ကြီးများ။ဝါးပိုး၊ ဝါးနက်၊ ကျသောင်းဝါးတောကြီးများကလည်းထူမှထူ ကြိမ်တောကြီးများကလည်း မျက်စိတစ်ဆုံး။သဘာဝဆိုသည်က တကယ့်အံ့စရာ။
ဝါးပိုးတောဆိုလျှင် ဝါးပိုးချည်းသာပေါက်သည်။
ကြသောင်းဝါးဆိုလျှင်လည်း ကြသောင်းဝါးများသာ
ပေါက်၍ အခြားဝါးများပေါက်လေ့မရှိ။

ထိုစဉ်က ဖောင်ကြီးကျော်သည်နှင့် သစ်တောများထူထပ်သဖြင့် သားကောင်များနှင့် ရင်ဆိုင်တိုးရလေ့ရှိသည်။အဆိုးဆုံးကဝက်ဝံများ။ ဝက်ဝံများက အုပ်စုဖွဲ့နေတတ်ပြီး အုပ်စုအားကောင်းပါက လူကို မကြောက်ဘဲ လိုက်တတ်ကြသည်။

အဆိုးဆုံးက မြေထိုင်ဝက်ဝံ၊ သည်အကောင်ကြီးများက ကြမ်းကြုတ်ရက်စက်သည်။ နေပွင့်လေ နှင်းထုက ပိုထူလာလေ။နှစ်ယောက်သား နှင်းမှုံကြား ရင်ပေါင်တန်းလျှောက်။ အန္တရာယ်က အချိန်မရွေး ပေါ်ပေါက်လာနိုင်သဖြင့် သေနတ်များကအသင့်။ မုဆိုးဆိုသည်က လက်ယားတိုင်း၊ သားကောင်မြင်တိုင်း ပစ်ရသည်မဟုတ်။လူများ၊ ကျွဲနွားများ၊ စိုက်ခင်းများကို အန္တရာယ်ပေးဖျက်ဆီးလာသော သားကောင်ဆိုးများကိုသာ ပစ်ခတ်နှိမ်နင်းရသည်။ယခုလည်းဖောင်ကြီး အရှေ့ကျေးရွာအုပ်စုတွင်း ရွာများ၌ ရိုးမပေါ်မှ ဆင်းလာသည့် ဆင်ရိုင်းအုပ်များက လူများ၊ ကျွဲနွားများ၊ စိုက်ခင်းများကို ဖျက်ဆီးလာကြပြီ။သည်အန္တရာယ်ကြောင့် လူငါးယောက် သေဆုံးခဲ့ရပြီး စပါးခင်း၊ ပြောင်းခင်း၊ ဖရဲခင်းများ ပျက်စီးကုန်ကြပြီ။

ရေနက်ကြီးရွာသူကြီး ဦးသိန်းရွှေနှင့်အဖွဲ့က အကူအညီတောင်းသဖြင့် ဆင်ဆိုးများ ချောက်လှန့်မောင်းထုတ်ရန် ယခုကဲ့သို့ထွက်လာကြခြင်းပင်။ ·နေက တဖြည်းဖြည်း ပွင့်လာပြီး နှင်းတို့က ပါးလာပြီ။ မြေပျော့ပျော့ သဲတစ်ပိုင်း၊ ရွှံ့တစ်ပိုင်း၊ တောတွင်း ကျင်းပြန့်များပေါ်၌ ဧရာမ ခြေရာကွက်ကြီးများကအများအပြား။ခြေရာများက ဤတောတစ်ဝိုက် သစ်ဆွဲကျွဲကြီးများ၏ခြေရာများကဲ့သို့ မဝိုင်းဘဲ ရှေ့သို့ ချွန်ထွက်နေသည်။ အချို့နေရာများ၌ ခြေရာကြီးများကြောင့် မြက်ပင်များ၊ ချုံနွယ်တစ်ချို့ ပိပြားနေသည်။မိုးတွင်းအခါက ပေါက်ခဲ့သည့် မျှစ်စို့ရင့်ကြီးများမှထိပ်ပိုင်းအနုများကိုသာ ရွေးစားသည့် သားကောင်အုပ်စု၏ခြေရာများက စွပ်ကြောင်းကြီးအလား။

“သိပ်တော့ မဝေးဘူးအစ်ကို။ အများဆုံး သုံးလေးမိုင်ပဲ။ ဖြတ်လမ်းက ကြိုစောင့်ကြမယ်”

သိန်းလွင်မောင်၏ စကားအဆုံး ဘိုဟန်က ခေါင်းတချက်ညိတ်ပြလိုက်ပြီး သားကောင်အုပ်စုနောက်သို့ ဖြတ်လမ်းမှ လိုက်ရန် ပိန္နဲတောင်သစ်အုပ်စုဘက် လမ်းကြောင်းပြောင်းလိုက်သည်။သူတို့နှစ်ယောက်အတွက် ဤမဟူရာ ကြိုးဝိုင်းတစ်လျှောက် ကျောဖြတ်၊ ခင်တန်းဖြတ်၊ လမ်းကူးများကို အလွတ်ရနေသဖြင့် ခြေရာရှင်သားကောင်အုပ်အတွက် လွတ်လမ်းမရှိ။

သူတို့နှစ်ယောက်ကို မြင်တွေ့သွားသည့် မျောက်ညိုတစ်အုပ်က လန့်ပြီး သစ်ပင်ကြီးများဘက်သို့ အပြေးအလွှား အလုအယက် တတ်ပြေးကုန်ကြပြီ။ ဘိုဟန်ကလက်တွင်းမှ (- ၃၇၅ မဂ္ဂနမ်) ရိုင်ဖယ်ကို တစ်ချက်ဆကြည့်လိုက်သည်။ ( ၃၇၅-မဂ္ဂနမ်)ရိုင်ဖယ်က ပြောင်းအရှည် နှစ်ဆယ့်ငါးလက်မရှိပြီး မဂ္ဂဇင်းအတွင်း ကျည်ငါးတောင့်ဆန့်ကာ ဆယ်ပေါင်ခန့်သာ အလေးချိန်ရှိသဖြင့် ကိုင်တွယ်ရ လွယ်ကူသည်။ ကျည်ဆန်ပျော့နှင့် ကျည်မာ နှစ်မျိုးလုံး သုံးနိုင်သဖြင့် ပိုကောင်းသည်။

သိန်းလွင်မောင်၏ လက်စွဲတော်က (- ၃၀၃)စစ် သုံး
ရိုင်ဖယ် တစ်တောဆင်း၊ တစ်တောင်တက်၊ တစ်ခါတစ်ရံ
ချောက်ကမ်းပါးများထဲသို့ ဝါးရုံကိုင်းများ၊ နွယ်တန်းများကိုအားပြု တက်ခဲ့၊ ဆင်းခဲ့ရပြီး ရေမခန်းသေးသည့် စမ်းချောင်းများကိုဖြတ်။သားကောင်ကြီးများ၏ ရှေ့မှ ကြိုရောက်၊ စောင့်ပစ်ရန် ဖြတ်လမ်းမှ ကြိုဖြတ်ကြရပြီ။မုဆိုးဟူသည် ဂျီ(ချေ)ပစ်လိုလျှင် ဂျီ(ချေ)ကဲပါးနပ်ရမည်။ လျင်မြန်ရမည်။ ဆင်ပစ်လိုကဆင်ကဲ့သို့ နားပါး၊ မျက်စိရှင်ရမည်။* ပြောင်ပစ်လိုပါက ပြောင်နှယ် အပင်ပန်းခံ၊ ခရီးကြမ်းသွားနိုင်ရမည်။ ကျားပစ်လိုပါက ကျားနှယ် သတ္တိရှိ၍ကျားနှယ် မြန်ဆန်ရမည်။

သည့်နှယ် မဟုတ်ပါက မုဆိုးဘဝမှ သားကောင်
အဖြစ် ပြောင်းလဲခဲ့ရသည့်အဖြစ်သို့ ရောက်သွားနိုင်သည်မဟုတ်ပါလား။

နှစ်ယောက်သား ခရီးကြမ်းကို တရကြမ်း ဖြတ်ကျော်ကာ မဟူရာချောင်း (ရေတိမ်ကမ်းစပ်)ကို ရုတ်တရက် ဖြတ်ကျော်လိုက်ကြသည်။တောရိပ်တောင်ရိပ်ကြောင့် နေကမပူနိုင်။ ချုံများ၊ဝါးရိပ်များကြောင့် နေပြောက်မထိုးနိုင်ဘဲ အေးမြနေသည်။

ချောင်းကလေးထဲ ဖြတ်အဆင်း သူတို့နှစ်ယောက်၏
ညာဘက် သင်တောအတွင်းမှ သားကောင်တစ်ကောင်က
အလောတကြီး တိုးဝြှေ့ဖတ်သန်းပြီး ဘွားခနဲ ရင်ဆိုင်တိုးမိပြီးအတွေ့ အကြုံရှိပြီးသား မုဆိုးများဖြစ်၍ အသံလာရာဆီ မျက်စိကကြည့်၊ လက်တွင်းမှ သေနတ်က ချိန်လိုက်ပြီ။ရှေ့ဘက် ပေငါးဆယ်ခန့်အကွာ သစ်တောတွင်းမှ မည်းမည်းကုန်းကုန်းထွက်လာသော ရုတ်တရက် လူသားနှစ်ယောက်ကို မြင်တွေ့လိုက်သဖြင့် ‘ဂါးခနဲ’အော်ဟစ်ကာ မတ်တတ်ရပ်၊ ပါးစပ်ကြီးကိုဖြဲ၊ လက်နှစ်ဘက်ဝှေ့ရမ်းကာ ရင်ဆိုင်သတ်ပုတ်တော့မည့် လက်ဝှေ့သမားနှယ်‘တန်းခနဲ’ အပြေးဝင်လာပြီ။ဘာလုပ်ကြရမည်နည်း။

စင်စစ် ဤဝက်ဝံကြီးသည် သူတို့ ပစ်မှတ်မဟုတ်။
ပြောင်အုပ်စုနောက် ခြေရာခံလိုက်ရာမှ ရင်ဆိုင်တိုးမိခြင်း
ပင်။ ပစ်ခတ်လိုက်သော သေနတ်သံကို ပြောင်အုပ်ကြားပါကလုံးဝ လိုက်မိတော့မည်မဟုတ်။ထို့ကြောင့် သေနတ်များနှင့် ချိန်ရွယ်ကာ ဝက်ဝံကြီးအား အသာကွင်းရှောင်ရန် ခြေတစ်ဘက်လှမ်းရန်အပြုအကောင်အထည်ကြီးမား၊ ရန်လိုသော မြေထိုင်ဝက်ဝံကြီးက‘ဂီးခနဲ’ အသံကြီးနှင့်အတူ နီရဲသော ပါးစပ်ကြီးဖြဲကာ ဘိုဟန့်ထံ အပြေးဝင်လာသည်။ ရှောင်၍မရ။ အသံမပြု၍ မရ။မပစ်၍မဖြစ်တော့။ဘိုဟန်က (. ၃၇၅မဂ္ဂနမ်) ရိုင်ဖယ်၏ တွတ်ပီကိုလက်မနှင့် ဖိ၍မပြီး ရှေ့သို့ထိုးချလိုက်ကာ တန်းပစ်လိုက်ရတော့သည်။ ဘိုဟန့်အား အသေသတ်၊ ဆုတ်ဖြဲရန် အပြေးတက်လာသော ဝက်ဝံကြီးမှာ ‘ဒိုင်းခနဲ’ (- ၃၇၅မဂ္ဂနမ်)ရိုင်ဖယ်၏ ကော်ဒိုက်ယမ်းချိန် (၅၀၀)ဂရိန်ရှိသော ကျည်ဆန်ကတစ်စက္ကန့်လျှင် `နှစ်ထောင့်တစ်ရာ နှစ်ဆယ့်ငါးပေ နှုန်းအမြန်နှင့် အနီးကပ်ရင်ဆိုင်တိုးမိတော့သည်။

အပြေးတက်လာသော ဝက်ဝံကြီးမှာ မီးရထားခေါင်း
တွဲကြီးနှင့် `ဝုန်းခနဲ’အတိုက်ခံရသည့်အလား ခေတ္တတန့်သွားပြီး တန့်ခနဲ၊ မတ်ခနဲ၊ ဝုန်းခနဲ၊ ဗွမ်းခနဲ ရေမခန်းတစ်ခန်းမဟူရာ ချောင်းပြတ်အတွင်း ပစ်ကျသွားကာ နှာခေါင်းနှစ်ပေါက်တွင်းနှင့် ညာဘက်ရင်ဘတ်မှ ကျပ်စေ့ခန့် အပေါက်ကြီးမှ သွေးများ တရဟောကျနေကာ – အကြောတစ်ချက်၊နှစ်ချက်ခန့်ဆွဲပြီး ငြိမ်ကာ အသက်ပျောက်သွားပြီ။

မဟူရာချောင်းရေကား သွေးတို့ဖြင့် ရဲလျက်။
“မလုပ်ချင်၊ မပစ်ချင်လို့ မောင်းတာ။ မရတော့လည်း သူ့ထိုက်နဲ့ သူပေါ့ကွာ”ဘိုဟန်က သေနတ်ကို ခါးချိုး၊ ‘ချွမ်ခနဲ’ ထွက်လာသောကျည်တစ်တောင့်နေရာတွင် တစ်တောင့်အစားထိုးလိုက်သည်။ သည်သေနတ်သံက ပြောင်အုပ်ကို မောင်းထုတ်လိုက်ပြီ။နှင်းကျသံတပေါက်ပေါက်က ပိုးရွာနေသည့်အလား။

– ပိန္နဲတောင်သစ်စခန်း၏ အောက်ဘက်၊ နှစ်မိုင်ခန့်အကွာ
မြောင်အတွင်း၌ ညဉ့်ငှက်များအော်သံ၊ ဂျီဟောက်သံများ
သာမက ဆတ်တစ်သံ၊ သမင်ကြီးများ ဝမ်းရှုတ်သံ၊ ကျားတစ်သံများဖြင့် မြိုင်လှသည်။ဦးသိန်းရွှေ၊ ဦးဟန်ရှင်၊ ဗဂျီးအောင်၊ ခင်မောင်လွင်၊ကိုချိုတို့ လူစုက မီးအရှိန်တက်ရေးအတွက် ထင်းတုံးကြီးများထပ်ဖြည့်နေကြသည်။တောတွင်း ညအိပ်ရာတွင် အအေးဒဏ်ခံနိုင်ရန်မြင်မြင်ထင်ထင် ရှိစေရန်နှင့် အန္တရာယ်အတွက် မီးကို အမြဲထည့်ပေးထားရသည်။

“ညကလည်းဖြစ်၊ နှင်းကကျ၊ တောကစူနေလို့ပေါ့ကွာ။ ထင်ထင်ရှားရှားသာ မြင်လို့ကတော့ ဒီဟင်းမျိုး(ကျား)ဗိုက်ထဲရောက်တာကြာပြီ”သိန်းလွင်မောင်စကားကြောင့် ဝါးခနဲ ဝိုင်းရယ်လိုက်ကြသည်။ မီးဖိုအရှိန်ကလည်း ကောင်းသည်။ ကာကွယ်ရေး
အဖွဲ့ဝင်များကလည်း စခန်းတစ်ဝိုက် ရိုင်ဖယ်ကိုယ်စီနှင့်
ကင်းစောင့်နေကြသဖြင့် အိပ်မပျော်နိုင်သေးသော မုဆိုး
နှစ်ယောက်နှင့် သူကြီးတို့ အဖွဲ့ကျနေကြခြင်းပင်။ရဲဘော် သိန်းလွင်မောင်ပြောမှ ဘိုဟန်လည်း ကျားတစ်သံကို နားထောင်လိုက်သည်။ ကျားတစ်သံနှင့် ဆတ်တစ်သံတို့က အသံထွက်ချင်းဆင်တူသည်။- ဆတ်တစ်သံ၊ အသံရှည်၊ အသံသာ၍ နားထောင်ကောင်းသည်။ ကျားတစ်သံက အသံ အပြီး အသံသေး၊အသံတို။

မနက်ငါးနာရီထိုးနေကြောင်း နာရီက ပြသဖြင့်
အိပ်မရသည့်ဘိုဟန် မီးပုံကြီးအနီး ကပ်လိုက်သည်။
ရေနွေးနှင့်မျက်နှာသစ်၊ ကောက်ညှင်းနှင့်၊ငါးခြောက်ကြော်၊ ဆီထမင်းအဝစား၊ ကော်ဖီသောက်ကာ၊ ဘိုဟန်နှင့် သိန်းလွင်မောင်တို့ ကာကွယ်ရေးအဖွဲ့များနှင့်တွဲ၊ နှစ်ဖွဲ့ခွဲကာ ဆင်ရိုင်းများကို ချောက်လှန့်ရန် နေ့လယ်စာအတွက်ငါးကြော်၊ ဆီထမင်းများ ခွဲဝေပေးလိုက်သည်။ဘိုဟန်အဖွဲ့တွင် သူကြီးဦးသိန်းရွှေ၊ ကာကွယ်ရေးရဲဘော်စံလွင်၊ ဆလိုင်းစံအောင်၊ ခင်မောင်လွင်တို့ ပါဝင်ပြီးအင်အားငါးယောက်။

(.-၃၇၅မဂ္ဂနမ်)တစ်လက်၊ နှစ်လုံးပြူးတစ်လက်၊ (၃၀၃)သုံးလက် ၊ သိန်းလွင်မောင်အဖွဲ့လည်း ဤအင်အားပင်။ ပိန္နဲတောင်စခန်းကို ဗဟိုပြု ငမိုးရိပ်ချောင်းဖျားနှင့် မဟူရာချောင်းဆုံအထိ ဆင်များကို ချောက်လှန့်ပစ်ခတ်မောင်းထုတ်ရန်၊ ညနေခြောက်နာရီစခန်းအရောက်ပြန်ရန်နှင့် တစ်ဦးလျှင် ငါးထောင့်ထိုး (EVER READY) ဓာတ်မီးတစ်လက်စီ စစ်ဆင်ရေးစပြီ။

ဘိုဟန်တို့ငါးယောက်အဖွဲ့က စခန်းကိုပတ်၊
သစ်နီပင်၊ ချောက်ဂူတောင်တို့ကို ဖြတ်၍ ချောင်းဆုံဆီ ဆင်းခဲ့ကြသည်။တောအုပ်ဆန်လှသော ခင်တန်းတစ်လျှောက် ကျောတစ်ကျောလုံးကို ခြေသံလုံလုံဖြင့် ဆင်ခြေရာရှာ၊ ဆင်အုပ်နောက်လိုက်ကြပြီ။မကြာမီ…တောင်ကျော၏ အရှေ့ဘက်လျှိုတွင်းမှ တဝေါဝေါ ဝါးချိုးသံများကြားရသည်။

“ဆင်ရိုင်းအုပ်နဲ့ တည့်တည့်ကို တိုးတာပဲဗျို့”

ငါးယောက်သား သစ်ပင်များကို တွယ်ကာ ကပ်ကာနှင့် မြောင်အတွင်းဆင်းခဲ့ကြရသည်။ မကြာမီ ချောင်းပြင်သောင်ခုံဖွေးဖွေးကို အပေါ်စီးမှ မြင်လိုက်ရသည်။
တဝေါဝေါနှင့် ဆင်များ၏ ဝါးချိုးစားသံများကပျောက်မသွား။

ဘိုဟန်က (- ၃၇၅မဂ္ဂနမ်)ကိုကိုင်၍ မြောင်အထက်မှ ငါးနေရာခွဲ၊ နေရာယူစေပြီး သတိကြီးစွာထားကာကြည့်လိုက်သည်။

လေကဆင်အုပ်ဘက်ဆီမှ သူတို့ဘက်သို့ တိုက်နေ၍
ဆင်အုပ်က လေတင်။ သူတို့ကလေအောက်။
ဆင်အုပ်သည် အကောင်နှစ်ဆယ်ကျော်ခန့်ရှိပြီးဆင်သားပေါက် လေးငါးကောင်လည်း ပါသေးသည်။
မိမိတို့ကအမြင့်၊ ဆင်များက အနိမ့်ပိုင်း သောင်ခုံ
သဲပြင်ပေါ်။ ပြီး ရှေ့တည့်တည့်က နာမည်ကျော် စိန်တောင်ထွက်လမ်း၊ လုံးဝ လူမနေသည့်အရပ်။
ဘိုဟန်အချက်ပြလိုက်သဖြင့် ခင်မောင်လွင်က မီးခြစ်ထုတ်၊ ဗျောက်အိုးထုပ်များ မီးရှို့ကာ အောက်သို့ပစ်ချ
လိုက်သည်။ ကျန်သုံးယောက်ကလည်း ထိုနည်းလည်းကောင်း၊ဘိုဟန်က သေနတ်ကိုင်၍ အခြေအနေကို ကြည့်နေသည်။

တဖျောင်းဖျောင်း၊ တဖောင်းဖောင်း၊ တဒိုင်းဒိုင်း
ပေါက်ကွဲသံဆက်တိုက်ကြောင့် ဆင်အုပ်ကြီးမှာ ရုတ်တရက်ကြောင်၍ ငေးကြည့်နေပြီးမှ ဝူးခနဲ၊ ကျီခနဲ အသံများပေး၍ပြေးလမ်းပေးထားသော စိန်တောင်ထွက်ဘက်သို့ တဝေါဝေါပြေးကြပြီ။ဦးသိန်းရွှေ ဦးစီးသော အဖွဲ့ကလည်း မြန်ပါဘိခြင်း။

သေနတ်များ လွယ်လျက်မှ မတ်တတ်ရပ်ကာ လေးခွများ
ထုတ်၊ လေးသီးအစား ပေသီးများထည့်ကာ ဆင်ပြေးလမ်းတစ်လျှောက်ရှိ သစ်ပင်ကြီးများ၊ တောင်နံရံများဆီသို့ ပစ်ခတ်လိုက်ကြတော့သည်။မီးရှို့ပစ်ခတ်ခဲ့သော ဗျောက်အိုးများအစား၊ လေးခွဖြင့် ပစ်ခတ်လိုက်သော ပေသီးများက တဖျောင်းဖျောင်း၊တဖောင်းဖောင်း။စဉ်ဆက်မပြတ်ပေါက်ကွဲသံများကြောင့် ဆင်များ´မှာ ထွက်ပေါက်အတိုင်း တပုန်းဝုန်း ပြေးကြရာ ဆင်သွားလျှင်လမ်းဖြစ် ဆိုသည့်စကားနှင့်အညီ ပြောင်တလင်းခါ၍ရှင်းနေသော စွပ်ကြောင်းကြီးသာ ကျန်ရစ်ခဲ့တော့သည်။

“ဆရာ သိန်းလွင်မောင် စီစဉ်တဲ့အတိုင်း ကွက်တိပဲဗျာ။ မီးအိုးတွေ၊ ဗျောက်အိုးတွေ၊ ပေထုပ်တွေ မီးရှို့၊ လေးခွနဲ့ပစ်၊ ရှူးဒိုင်းတွေလည်းပစ်ရော ဆင်အုပ်ကြီး ကြောက်အားလန့်အား ပြေးတာ ကြွက်အုပ်နောက် ကြောင်လိုက်သလိုပဲဆရာတို့ရယ်။ ဒီကြားထဲ ကြောက်အားလန့်အားနဲ့ အိပ်ရာကထပြေးတဲ့ ဟင်းမျိုးကြီးတစ်ကောင်တောင် အဆစ်ရခဲ့သေး။

တကယ် အားရတယ်ဗျာ”သိန်းလွင်မောင်နှင့် ပါသွားသော အဖွဲ့မှ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး၏ အားပါးတရ ပြောနေသံကို ဘိုဟန် အိပ်ရာတွင်းမှ ကြားနေရသည်။

စစ်ဆင်ရေးကို ပြန်သုံးသပ်ပါရစေ။

မိမိတို့ လုံးဝအောင်မြင်သည်။ အထိအခိုက်အပျက်အစီးလုံးဝမရှိ။ ရန်သူ(တောဆင်)များအားလုံး ထွက်ပြေးသွားကြပြီ။မိမိတို့အဖွဲ့၏ တဝါးဝါး၊ တဟားဟား ရယ်သံများကိုနားဆင်၍ မုဆိုးဆိုသည်မှာ လူနှင့်ဝန်းကျင် သဟဇာတဖြစ်ရေး၊ ဝန်းကျင်သန့်ရှင်းရေး၊ သဘာဝ သစ်တောထိန်းသိမ်းရေးသမားများဖြစ်ကြောင်း ဖောင်ကြီးတိုက်နယ်မှ သိကြသည့်နည်းတူ မြန်မာနိုင်ငံ တစ်နံ၊ တစ်လျားမှ သိစေချင်ပါသည်ဟူ၍ …

#စာစီစာရိုက် – KyawZinPhyo (mmbookshelf)

#စာရေးသူ – ကျော်မင်းညွန့်(လှည်းကူး)