• June 23, 2025
  • admin
  • 0

#ကိုပိုက်
မုဆိုးအငြိုး

“ဗျို့. . စောတာလူး. . စောတာလူး. .”

“ဘာတုန်း ငခွေးရ … ဘာများ ဖြစ်လာရတာတုန်း”

သူနှင့် သားကြီးဖိုးလုံး မနက်ကမှ ရှာလာသည့် ဖွတ်ကြီးအား တာလပေါဟင်းချက်ရန် ဖျက်နေသည့် မုဆိုးကြီးစောတာလူးသည် မောကြီးပန်းကြီး ပြေးလာသည့် ငခွေးကို မေးလိုက်သည်။

“ကျုပ် ဘာဖြစ်လာတာတုန်း မမေးနဲ့. . . ခင်ဗျားသားကြီး ဘာဖြစ်နေလဲဆိုတာ ခုလိုက်ကြည့်ဦး”

စောတာလူး ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားသည်။

သားကြီး ဘာဖြစ်ပါလိမ့်။

“ဟိတ်ကောင် ငခွေး. . . ဘာဖြစ်လဲ. . ပြောမှာသာ ပြောစမ်းပါကွာ. ..“

“အိုဗျာ. . သိချင်ရင် လာလိုက်ကြည့်. . . ”

သည်တော့ စောတာလူးသည် ကိုင်လက်စ ဖွတ်ကြီးအား ဒန်အိုးတွင်ထည့်ခဲ့ပြီး ငခွေးနောက်သို့ လိုက်ခဲ့တော့၏။

ရွာအပြင်ဘက် တောစပ်သို့ ရောက်သည်နှင့် စိတ်မချမ်းမြေ့ဖွယ်မြင်ကွင်းကို တွေ့လိုက်ရသည်။

“ဖြစ်မှဖြစ်ရလေ သားကြီးရယ်”

ကိုက်ဆွဲကုတ်ဖဲ့ခံရသည့် ဒဏ်ရာဒဏ်ချက် မြောက်မြားစွာ ရရှိထားသည့် သားကြီးဖိုးလုံးသည် မျက်လုံးလေး ကလယ်ကလယ်ဖြင့် တအီအီအော်မြည်ကာ ဆန့်ငင်ဆန့်ငင်ဖြစ်နေသည်။

ထိုမြင်ကွင်းသည် တာလူးအတွက် ကြေကွဲဖွယ်ရာပင် ဖြစ်တော့သည်။

စောတာလူးသည် သားကြီးကို ပွေ့ယူမလိုက်သည်တွင် အူခနဲ အသံရှည်ရှည်တစ်ချက် ထွက်လာကာ အသက်ထွက်သွားတော့သည်။ စောတာလူးရင်ထဲတွင် လှိုက်ခနဲဖြစ်သွားကာ မျက်ရည်များပင်စီးကျလာ၏။

“တောက်”

စောတာလူးသည် တောက်တစ်ချက်ခေါက်လိုက်ကာ အံကိုကြိတ်လိုက်ပြီး သူ၏ သားကြီးဖိုးလုံးကို ပခုံးပေါ်သို့တင်ပြီး ထမ်းယူလာ၏။ သူ၏နေအိမ်သို့ ရောက်သည့်အခါတွင် ခြံစပ်မှာပင် ကောင်းမွန်စွာ မြှုပ်နှံလိုက်သည်။

ထိုနေ့ ညနေမှစ၍ မုဆိုးကြီးစောတာလူးတစ်ယောက် လက် စွဲတော်ဒူးလေးကြီးကို ကိုင်စွဲ၍ ရွာမှထွက်သွားသည်မှာ ယနေ့ပါဆိုလျှင် လေးရက်မြောက်လေပြီ။

ရွာသို့လည်း ပြန်ရောက်လာခြင်းမရှိ။ သို့ကြောင့် ရွာလူကြီးဦးဖိုးစိန်သည် စောတာလူးအတွက် စိုးရိမ်မိသဖြင့် ကျွန်တော်နှင့် လင်းမြင့်လှိုင်ကို ခေါ်ယူအကူအညီ တောင်းခဲ့လေသည်။

“သူ့ရဲ့သားကြီးက သိပ်လိမ္မာတာဗျ. . . သူ့အတွက် အားကိုးလောက်တဲ့ သားကြီးပါ. . အင်မတန် အမဲလိုက်ကောင်းတဲ့ခွေး. . . သည်ခွေးလေးက သူ့အတွက် အားကိုးလောက်စရာပဲ. . သူ့ရဲ့ အသက်၊ သူ့ရဲ့လက်စွဲတော် ဒူးလေးထက်တောင် မရှိမဖြစ် အသုံးဝင်နေတာကိုး . . . အင်းလေ. . သူ့ရဲ့ အေးချမ်းတဲ့ဘဝလေး ပြေလည်နေတဲ့ ဝမ်းရေးကိစ္စကို ဖျက်ဆီးခံလိုက်ရတာကိုး. . အဲဒီနေ့က”

ပြောလက်စ စကားကို ခေတ္တရပ်လိုက်ပြီး ရေနွေးကြမ်းတစ်ခွက် သောက်လိုက်ပြီးမှ ဦးဖိုးစိန်သည် စကားဆက်ပြန်သည်။

“ခွေးကလေးက သူနိုင်သလောက် ပြန်လှန်ခုခံတိုက်ခိုက်ပြီး သူ့သခင်ဆီ အရောက်ပြန်ခဲ့တယ်ပြီးတော့ သူ့ကို ဘယ်ကောင် ဒုက္ခပေး တိုက်ခိုက်ခဲ့တယ်ဆိုတာ သူ့သခင်သိရအောင်လို့ ထင်ပါရဲ့။ အဲဒီ သတ္တဝါကောင်ရဲ့ နားရွက်တစ်ဖက်ကို ကိုက်ဖြတ်ယူခဲ့သေးတယ်လေ”

“ဟာ. . သည်ခွေးက တယ်တော်ပါလား.. ဘာကောင်ရဲ့ နားရွက်လဲဗျ. . . “

လင်းမြင့်လှိုင်သည် ဆတ်သားခြောက်ဖုတ်ကို ကောက်ယူဝါးရင်း မေးလိုက်သည်။

“ကျားသစ်လို့တော့ စောတာလူးက ပြောတာပဲ. . . “

“ကဲပါလေ. . . ခု ကျွန်တော်တို့က ဘာလုပ်ပေးရမှာတုန်း”

ကျွန်တော်က မေးလိုက်သည်။

“ရွာကို ပြန်ရောက်မလာတဲ့ စောတာလူးကို လိုက်ရှာချင်တယ်ဗျာ”

“ကောင်းပြီလေ. . မနက်ကို ခရီးစထွက်ကြတာပေါ့. . ကျွန်တော်တို့မှာတော့ ကျည်နဲ့သေနတ်ကလွဲလို့ ဘာမှပါမလာဘူးနော်”

“ကျွန်တော် အားလုံးစီစဉ်လိုက်ပါ့မယ်”

“ဦးဖိုးစိန်ကော လိုက်မယ် မဟုတ်လား”

လင်းမြင့်လှိုင်က မေးလိုက်သည်။

“လိုက်ရမှာပေါ့. .”

သို့ဖြင့် နောက်တစ်နေ့မနက်တွင် ကျွန်တော်တို့သုံးယောက်သည် စမ်းရွာကလေး၏ အရှေ့ဘက်တောသို့ စောတာလူးအား ရှာပုံတော်ဖွင့်ရန် ခရီးစခဲ့ကြတော့သည်။

နေမွန်းတည့်လောက်တွင် ဝါးခုတ်တဲတစ်လုံးတွေ့ သည်နှင့် ဝင်ရောက်စုံစမ်းကြည့်သည်တွင် –

“လွန်ခဲ့တဲ့ သုံးရက်လောက်က ဒူးလေးကိုင်ထားတဲ့ ကရင်ကြီးတစ်ယောက်ကို အထက်ပိုင်းမှာ တွေ့ လိုက်တယ်”

ထိုသည်မှလွဲ၍ ဘာမျှ ပိုမသိခဲ့ရ။ ထို့ကြောင့် ပါလာသည့် ရိက္ခခြောက်များကို ထိုဝါးခုတ်တဲတွင် ချက်ပြုတ်စားပြီး ခရီးဆန့်ခဲ့ကြပြန်သည်။

အောက်ပေါင်းရှုပ်သော တောစိုမို့ ညနေ ၄ နာရီခန့်တွင် အလင်းရောင် ပျောက်ကွယ်လုဖြစ်သဖြင့် . . . …

“ကဲ. . . ဆရာလေးတို့ ရှေ့နားမှာ ဆင်စခန်းရှိတယ်.. အဲဒီမှာ တစ်ညတည်းကြတာပေါ့”

ဟုပြောရင်း ဦးဖိုးစိန်သည် ရှေ့မှ ခပ်သုတ်သုတ် သွားသည်ကြောင့် ကျွန်တော်တို့နှစ်ယောက်သည်လည်း သူ့နောက် အမှီလိုက်ရတော့၏။

တောင်ကြောပေါ်မှ နာရီဝက်ခန့် လျှောက်ခဲ့ကြပြီးနောက် ရေခမ်းစပြုနေသည့် ဥက္ကံချောင်းမကြီးအတွင်းသို့ ဖဲ့ဆင်းလိုက်ကြသည်။

အလင်းရောင်ပြန်မြင်ရသည်။ တစ်ဖန် ဥက္ကံချောင်းမကြီးအထက်သို့ ဆန်တက်လာကြစဉ် . . .

“ဗျို့. . ဦးဖိုးစိန်. . . ဘယ်တုန်းဗျ. . “

အသံလာရာဘက်သို့ လှမ်းကြည့်လိုက်ရာ တောစပ်မှ ချောင်းအတွင်း ဆင်းလာသည့် လူသုံးဦးကို တွေ့လိုက်သည်။

ပုဆိန်ကို ပခုံးပေါ်တင်ထမ်းလာသည့် လူတစ်ဦးနှင့် ယူနီဖောင်းဝတ်နှစ်ဦးဖြစ်သည်။

ကိုပိုက်သည်

“ဟာ တောအုပ်ကြီးကိုအောင်ဆန်းတို့ပါလား … အထက်ဆင်စခန်း သွားမလို့ဗျို့”

“ဘာကိစ္စတုန်း ”

တောအုပ်ကြီးကိုအောင်ဆန်းဆိုသူက ကျွန်တော်တို့အနား ရောက်လာသည်နှင့် ဦးဖိုးစိန်ကို ပြုံးပြုံးလေးဟန်ဖြင့် မေးသည်။

“စောတာလူးပေါ့. . . ရွာက ထွက်သွားတာ လေးရက်ကျော်နေပြီ. . . အဲဒါ သူ့ကို လိုက်ရှာနေကြတာ. .”

“ဗျာ. မနေ့ကတောင် ကျွန်တော်တို့စခန်း ရောက်လာသေးတယ်. . သူ့ကြည့်ရတာ ခါတိုင်းလို မဟုတ်ဘူး.. စကားလည်း သိပ်မပြောဘူး. . မှုန်ကုပ်ကုပ်နဲ့ ။ တစ်ခုခုထူးခြားနေသလိုပဲ။ ကဲ.. ကဲ.. ဦးဖိုးစိန်တို့တွေ ကျွန်တော့်စခန်းလိုက်ကြပေတော့. . . သူ့အကြောင်းလည်း ကျွန်တော် သိချင်တယ်. . သူ ဘယ်သွားလဲဆိုတာလည်း ပြောပြမယ်”

ကိုအောင်ဆန်းစကားကြောင့် ကျွန်တော်နှင့်လင်းမြင့်လှိုင်သည် ဦးဖိုးစိန်ကိုကြည့်ကာ ပြုံးပြလိုက်ကြသည်။

လမ်းစတွေ့ချေပြီ ဖြစ်သည်။

သို့ဖြင့် ကျွန်တော်တို့သည် တောအုပ်ကြီးကိုအောင်ဆန်း၏ စခန်းသို့ ရောက်လာခဲ့ကြတော့၏။

စခန်းသို့ရောက်သည်နှင့် ခေတ္တအမောဖြေနားလိုက်ပြီး ရေမိုးချိုးလိုက်ကြသည်။ ထိုနောက် ကိုအောင်ဆန်းထုတ်ပေးသည့် ARMY RUM ကိုသောက်ရင်း မျောက်သားကင်မြည်းကာ စကားစမြည် ပြောကြ လေသည်။

“ကိုအောင်ဆန်းတို့က သည်မှာ ဘာလာလုပ်ကြတာတုန်း”

ဦးဖိုးစိန်က ကျွန်တော်တို့နှစ်ယောက်နှင့် ကိုအောင်ဆန်းကို မိတ်ဆက်ပေးပြီးသည်နှင့် ကျွန်တော်က မေးလိုက်၏။

“သစ်ပင်ထောင် လာရိုက်ကြတာပါ”

“ဪ…”

ခေတ္တစကားပြတ်သွားကြပြန်သည်။

“ဟိတ်ကောင် သော်ဇင်. . မင်းမိန်းမပို့လိုက်တဲ့ ငါးခြောက်ကြော်လေး ယူခဲ့စမ်းပါဦးကွ. . မင်းမိန်းမလက်ရာ မြည်းရတာပေါ့… ဟဲ … ဟဲ”

“ရပါတယ် ဆရာသမားရဲ့. . ဟဲ. . ဟဲ”

တောအုပ်ကြီး ကိုအောင်ဆန်း၏ တွဲဖက်တောခေါင်း သော်ဇင်က သူ့အိပ်ရာခေါင်းရင်းတွင်ထားသည့် ငါးခြောက်ကြော်ထည့်ထားသော ဟောလစ်ပုလင်းကို ယူလာပေးသည်။

“ဒါနဲ့ စောတာလူးကိစ္စ ပြောပါဦး. . ”

ဦးဖိုးစိန်က မေးလိုက်သည်တွင် ကိုအောင်ဆန်းသည် ငါးခြောက်ကြော်ပုလင်းကို အဖုံးဖွင့်၍ ကျွန်တော်တို့ရှေ့တွင် ချပေးရင်း..

“မနေ့က စောတာလူး ရောက်လာတယ်. . . စကားလည်း သိပ်မပြောဘူး. . သူပစ်လာတဲ့ မျောက်ကိုပေးပြီး ဒီနားတစ်ဝိုက်မှာ ကျားသစ်ခြေရာလေး ဘာလေး မတွေ့ဘူးလားလို့ မေးတယ်. . သော်ဇင်က ပန်းပုတ်ကြီးစခန်းမှာ တွေ့မိတယ်လို့လည်း ပြောလိုက်ရော စောတာလူးက ဘာမှဆက်မမေးတော့ဘဲ ပန်းပုတ်ကြီးစခန်းဘက် ထွက်သွားလေရဲ့. . စောတာလူးက ဘာတွေဖြစ်နေတာလဲ ဦးဖိုးစိန်”

သည်တော့ ဦးဖိုးစိန်သည် စောတာလူး၏ ခွေးကလေး သေသွားသည့်ကိစ္စနှင့် ရွာမှထွက်သွားသည့်အကြောင်းကို အသေးစိတ် ပြောပြလိုက်၏။

“စောတာလူးဟာ သူ့သားကြီးအတွက် အငြိုးတကြီးနဲ့ ကလဲ့စားချေဖို့ တယ်ဇွဲကြီးတာကိုး. . ဘာပြောပြောလေ သူ့မှာက ဒူးလေးတင်ပါတာ.. သူ့ အတွက် အန္တရာယ်သိပ်များတယ်”

“ကဲ. . ကဲ. . လက်ကျန်လေး ရှင်းလိုက်ကြပါဦး. . ပြီးရင်.. ထမင်းစားကြတာပေါ့. . . စောတာလူးပစ်လာတဲ့ မျောက်သားဟင်းနဲ့ ဧည့်ခံရတော့မှာပဲ.. ကဲ.. သော်ဇင်ရေ ထမင်းပြင်ကွာ. . ဧည့်သည်တွေ စားကြလိမ့်မယ်”

ဟုပြောရင်း လက်ကျန်ခွက်ကို တစ်ကျိုက်တည်းမော့သောက်လိုက်သည်။ စားသောက်ပြီးကြသည်နှင့် တစ်ရေးတစ်မော အိပ်လိုက်ကြပြီး နောက်တစ်နေ့ မနက်စောစော ပန်းပုတ်ကြီးစခန်းဘက်သို့ ထွက်ခဲ့ ကြသည်နှင့် ကိုအောင်ဆန်းတို့အဖွဲ့သည်လည်း သစ်ပင်ထောင်ရိုက်ရန်အတွက် လုပ်ငန်းခွင်သို့ ထွက်သွားကြတော့သည်။

“သည်မြောင်လေးကို ကျော်လိုက်ရင် ရှေ့မှာ ပန်းပုတ်ကြီး စခန်းရောက်ပြီ”

ကွမ်းတစ်ယာညက်လောက်အရောက်တွင် ဦးဖိုးစိန်က ပြောသည်။ သူပြောသည့်အတိုင်းပင် မြောင်ကလေးကို ကျော်လိုက်ပြီး သည်နှင့် ပန်းပုတ်ကြီးစခန်းသို့ ရောက်လာကြ၏။ ဖရိုဖရဲဖြစ်နေသော ဝါးခုတ်တဲဟောင်းလေးများကို တွေ့ ရပြီး ကြီးမားသော ထိန်ပင်ကြီးခြေရင်းတွင် မီးခိုးငွေ့ လေးများ အူထွက်နေသည့် သစ်လုံးခြောက်ကြီးကို တွေ့ရသည်။

“ဒါ. . ညက စောတာလူးစခန်းချသွားတာဖြစ်မယ်”

“ဟုတ်တယ်. . သည်မှာ ဝါးတုတ်လေးတွေကို သူ မြားတံလုပ်သွားတာပဲ”

ဝါးခြမ်းအပိုင်းအစအချို့နှင့် ဝါးစလေးတွေကို ကြည့်ရင်း ကျွန်တော်က ထောက်ခံပြောလိုက်သည်။

ထိုနေရာမှ ရှေ့ဆက်လျှောက်လာကြရာ တစ်ဖာလုံသာသာ အရောက်တွင် ဝါးတောအတွင်းမှ ရုတ်တရက် ပြေးထွက်လာသည့် သတ္တဝါတစ်ကောင်ကို မြင်လိုက်သဖြင့် ကျွန်တော်သည် လက်ထဲမှ သေနတ် ကို ကမန်းကတန်း မောင်းတင်ကာ ပစ်ရန်အလို့ငှာ အရံသင့်ချိန်တွယ် လိုက်တော့၏။

ထိုသတ္တဝါကောင်သည်လည်း ကျွန်တော်တို့ကို မြင်လိုက်သည်နှင့် အနီးရှိ သစ်ပင်ပေါ်သို့ အားမာန်ဖြင့် လှမ်းခုန်တက်လိုက်သည်။ သို့ရာတွင် လမ်းခုလတ်မှာပင် အောက်သို့ ဘုတ်ခနဲ ပြုတ်ကျလာ၏။

ရှေ့လက်ပြင်တွင် မြားတံတန်းလန်းနှင့် ဒဏ်ရာများ ရထား ကျားသစ်တစ်ကောင်ဖြစ်သည်။

တဒင်္ဂအချိန်လေးမှာပင် သွေးအလိမ်းလိမ်းဖြင့် လူတစ်ယောက်သည် ထိုကျားသစ်ထံသို့ ပြေးဝင်လာကာ လက်တွင်ကိုင်ထားသည့် ဝါးခုတ်ဓားဖြင့် ဆက်တိုက်မရပ်မနား ခုတ်လေတော့သည်။

“ဝေါင်း. . ဝေါင်း..”

ကျားသစ်ကောင်သည် နာကျင်လွန်းသဖြင့် မာန်ဖီအော်ဟစ်ကာ လူသားကို ကိုက်ဖြတ်ကုတ်ဖဲ့ရန် ကြိုးစားပြန်သည်။ လူသားကော ကျားသစ်ပါ လုံးထွေးနေသဖြင့် ကျွန်တော်သည်လည်း ပစ်ခွင့်မသာဖြစ် ရသည်။ တစ်ချီတွင် ကျားသစ်သည် မည်သို့ပြုလုပ်လိုက်သည်မသိ။ လူသားသည် ခပ်လှမ်းလှမ်းသို့ လွင့်စင်သွားတော့၏။

ထိုသည်ကို အခွင့်ကောင်းယူ၍ ကျွန်တော်သည် လက်တွင်းမှ ချိန်ရွယ်ထားသည့် သေနတ်မောင်းခလုတ်ကို ဖြုတ်ချလိုက်သည်။

“ဒိန်း”

အနီးကပ်ပစ်ရသည်ဖြစ်သောကြောင့် ကျွန်တော်၏ ကျည်ဆန်သည် ကျားသစ်၏ နှလုံးသားတည့်တည့်သို့ ထွင်းဖောက်ဝင်ရောက်သွားသဖြင့် အသက်ဇီဝိန်ကြွေသွားရလေတော့၏။ ကျွန်တော်နှင့်လင်းမြင့် လှိုင်သည် ထိုကျားသစ်ကြီးအနားသို့ တိုးကပ်ကြည့်လိုက်သည်။

တစ်ကိုယ်လုံး မွနေသော ဒဏ်ရာများအပြင် လက်ပြင်တွင် မြှားတန်းလန်းစိုက်ဝင်နေသည့် နားရွက်တစ်ဖက်ပြတ်နေသော ဒဏ်ရာဟောင်းရှိ ကျားသစ်ကြီးပင်ဖြစ်သည်။

“စောတာလူး. . စောတာလူး. .”

ဦးဖိုးစိန် စောတာလူးထံသို့ ပြေးသွားပွေ့ထူလိုက်သည်။

ကျွန်တော်နှင့် လင်းမြင့်လှိုင်သည်လည်း ဦးဖိုးစိန်အနား ရောက်သွားကြသည်တွင် ရုတ်တရက်မို့ ထိတ်လန့်သွားမိသည်။

စောတာလူးဆိုသူ၏ တစ်ကိုယ်လုံးတွင် ကျားသစ်ကုတ်ဖဲ့ခံရသည့် ဒဏ်ရာဒဏ်ချက်များအပြင် မျက်နှာတစ်ခြမ်းရှိ အသားဖတ်ကြီး လန်ကျနေခြင်းကြောင့် ပင် ဖြစ်သည်။

စောတာလူးသည် ဦးဖိုးစိန် ပွေ့ ဖက်ထားသော ရင်ခွင်ကြားမှနေ၍ ကျွန်တော့်အားကြည့်ကာ အံတစ်ချက် အားယူကြိတ်လိုက်သည်နှင့်တစ်ပြိုင်နက် ဇက်ကျိုးကျသွားလေတော့၏။

“အလာကောင်းပေမယ့် အခါနှောင်းပြီပေါ့ ဆရာလေးရယ် . . . စောတာလူးဆိုတာ သူပဲ”

ဦးဖိုးစိန်သည် ကျွန်တော့်ကိုကြည့်ပြီး စိတ်မကောင်းစွာဖြင့်ပြောသည်။

စောတာလူးတစ်ယောက် အသက်မထွက်မီ ကျွန်တော့်အား ခပ်စိမ်းစိမ်းကြည့်ကာ အံကြိတ်လိုက်ခြင်းသည် မကျေနပ်သောဟန်ပင် ဖြစ်တော့သည်။

အဘယ်ကြောင့်ဆိုသော်. . .

သူ့သားကြီးကို သတ်သွားသည့် သူတို့၏ ငြိမ်းချမ်းသာယာသော ဘဝလေးကို ဖျက်ဆီးလိုက်သည့် ကျားသစ်ကောင်ကို သူကိုယ်တိုင် ကလဲ့စားချေ အသေသတ်ဖြတ်ရန် ကြိုးစားခဲ့ခြင်းကို ကျွန်တော်က ကြားဖြတ်သတ်လိုက်ခြင်းကြောင့်ပင် ဖြစ်သည်။

တကယ်တော့ ကျွန်တော်ပစ်လိုက်သော ကျည်ကြောင့်မဟုတ်။ သူ၏ တိုက်ခိုက်ချက်များကြောင့်ပင် ကျားသစ်ကောင်သည် မကြာမီ အချိန်ပိုင်းတွင် သေနိုင်လောက်သည်ကို သိမသွားပေ။ အငြိုးကြီးပါပေ့စောတာလူးရယ်. . ။

“စောတာလူးရဲ့ ပြင်းထန်တဲ့ စိတ်ဓာတ်ကို မချီးကျူးလို့ မရဘူးဗျာ့ နော့ ကိုပိုက် .. “

လင်းမြင့်လှိုင်က ဤသို့ ပြောလာသဖြင့် ကျွန်တော်သည်လည်း ပြုံးရုံသာ ပြုံးလိုက်သည်။

အင်မတန်ပြောချင်သည့် စကားတစ်ခွန်းကိုတော့ဖြင့် စိတ်ထဲမှသာ ပြောလိုက်တော့၏။

“ဒီလိုလူမျိုးတွေကို ချီးကျူးရုံနဲ့ လုံလောက်နိုင်ပါ့မလား ကိုလင်း”

(ထဝမ်ရာဇီနှလုံးသားနှင့် မုဆိုးဝတ္ထုတိုများ ၁၉၉၇) (မောင်မောင်သိန်း မှုခင်းစုံ၊၁၉၉၅အောက်တိုဘာလ)

– ပြီး –

စာရေးသူ – ကိုပိုက်
စာစီ – မုဆိုးတံငါစာပေများ

Leave a Reply

Your email address will not be published. Required fields are marked *