ထောင်မှူးကြီးသိန်းဝင်း
မုဆိုးအတွက် မနုဿလက်ဆောင်
တစ်နေ့ အောက်ချိုင့် ဆီအုန်းခြံ ရုံးခန်းတွင် ထိုင်၍
တပည့်ဖြစ်သူ စာရေး မောင်တင်ဦးနှင့် အသားစိုရိက္ခာဝယ်ရန်အတွက် စာရင်းတွက်နေကြစဉ် ရုံးခန်း ရှေ့သို့ မော်တော်ဆိုင်ကယ်တစ်စီး ဆိုက်ရောက်လာပါသည်။
ကျွန်တော် ခေါင်းမော့အကြည့်တွင် ပသျှူးလူမျိုး အရပ်သားတစ်ဦး ရုံးခန်းထဲသို့ ဝင်လာပါသည်။ အလောတကြီးဟန်ဖြင့်…
“ဆရာကြီး … ခွင့်ပြုပါ။ အကူအညီ တောင်းစရာရှိလို့”
“လာပါ ခင်ဗျား၊ ထိုင်ပါ။ ဘာကိစ္စများ ရှိပါလိမ့်”
ဧည့်သည်မှာ ရုံးခန်းအတွင်းသို့ ဝင်လာပြီး ကျွန်တော့်စားပွဲရှေ့က ထိုင်ခုံအလွတ်တွင် ဝင်ထိုင်ပါသည်။
“ချွန်တော့နာမည် ရှဖီးပါ။ ထောင်ပိုင်ကြီးကို အကူအညီ တောင်းချင်ပါတယ်”
“ဟုတ်ကဲ့ … ပြောပါခင်ဗျာ”
“ချွန်တော့အိမ်အောက် မူး(ဝက်) ဝင်နေ။ အဲဒါ ရှင်းပေး။ ချွန်တော် ကော့်ဆောင်းက ပြန်လာ။ အိမ်ရောက် မိန်းမအိမ်ပေါ်က မဆင်းရဲ။ အော်နေ။ ချွန်တော့် မြင်၊ မူး(ဝက်) လိုက်၊ ထွက်ပြေးရ”
“ခင်ဗျားတို့အိမ်က ဘယ်နားမှာလဲ”
“ဆရာတို့စခန်းအထွက် ဘန်နွားရွာ လှည်းလမ်းဘေး ဆရာ”
“တောဝက်က အတော်ကြီးသလား”
“ကြီး ဆရာ။ ကီလိုတစ်ရာလောက် ရှိ ဆရာ”
“ဟုတ်ပြီ။ ကျုပ် လိုက်ခဲ့မယ်။ ခင်ဗျား ခဏစောင့်”
“ဟုတ် ဆရာ”
သို့နှင့် ကျွန်တော် လက်နက်ခန်းမှ .၃ဝ၃ အမေရိကန်ရိုင်ဖယ်တစ်လက်အား ရွေးယူပြီး ကျည် (၅) တောင့် ထည့်၍ ယူခဲ့ပါသည်။
အရာရှိဖိုမှ တပည့်သံချောင်းအား ခေါ်၍ ရုံးခန်းထဲမှ HONDA ဆိုင်ကယ်အား ထုတ်ခိုင်းပြီး သံချောင်းအား သေနတ်ကိုင်ခိုင်းကာ နောက်ထိုင်ခုံတွင် ထိုင်စေလျက် ရှဖီးဆိုင်ကယ်နောက်မှ လိုက်ခဲ့ပါတော့သည်။
မကြာပါ။ ၅ မိနစ်ခန့်နှင့် ရှဖီးတို့ခြံနား ရောက်ပါ သည်။ ဆိုင်ကယ်ကို ထားခဲ့ပြီး သံချောင်းထံမှ သေနတ်ကို ယူပါသည်။
“ကိုရှဖီးနဲ့ သံချောင်း၊ ဒီသရက်ပင်ကြီးအကွယ်မှာ နေခဲ့ပါ။ အန္တရာယ်များတယ်။ ကျွန်တော်တစ်ယောက်တည်းပဲ သွားမယ်”
.၃ဝ၃ ရိုင်ဖယ်ကြီးအား ကျည်ထိုး၊ မောင်းတင်ပြီးနောက် လုံခြုံရေးသော့အား ဖွင့်၍ ခြံစည်းရိုးအနားသို့ ပြေးကပ်ခဲ့ပါသည်။
တောဝက်ကြီးမှာ လူနံ့ရသည်ထင့်၊ သီဟိုပင်အောက်တွင် ငြိမ်ငြိမ်မနေတော့ဘဲ တရှူးရှူးအော်၍ ခြံတွင်းလှည့်ပတ်နေပါသည်။
ထိုအချိန်တွင် အိမ်မှာ တံခါးအားလုံး ပိတ်ထားသော်လည်း ပြတင်းပေါက်တံခါးတစ်ချပ် ပွင့်လာပြီး ပသျှူးအမျိုးသမီးတစ်ယောက်အား မြင်ရပါသည်။
ဖြူဖွေးပြီး ချောမောလှပသူတစ်ယောက် ဖြစ်ပါသည်။ ကျွန်တော့်အား လက်ပြ၍ အကူအညီတောင်းဟန် လုပ်ပြပါသည်။ ကျွန်တော်က အသံမထွက်စေရန် လုပ်ပြပြီး သေနတ်အား မြှောက်ပြလိုက်ပါသည်။
ပသျှူးခြံဝင်းများမှာ အတော်ကျယ်ဝန်းပြီး သီဟိုပင်၊ သရက်ပင်၊ အုန်းပင်၊ ကွမ်းသီးပင်နှင့် ငရုတ်ကောင်းပင်များ စိုက်ပျိုးထားရာ အောက်ခြေရှုပ်ထွေးပြီး တောဖုံးနေပါသည်။
ခြံတွင် အိမ်ဆောက်ထားရာ အိမ်မှာ ခြေတံရှည်ဖြစ်၍ တော်ပါသေးသည်။ အိမ်ရှေ့တွင် သီဟိုပင်ကြီးတစ်ပင်ရှိ၍ မြေတလင်းမှာ ပြောင်ရှင်းနေပါသည်။
ကျွန်တော် တဖြည်းဖြည်း တိုးကပ်ရင်း ခြံစပ်ရှိ သရက်ပင်နှစ်ပင်ကြားတွင် ပေါက်နေသည့် အုန်းပင်ကြီးအား အကာအကွယ်ယူလိုက်ပါသည်။ မြင်ကွင်းတော့ မရှင်းပါ။ သို့သော် တောဝက်တောင်းကြီး ဖြစ်သဖြင့် လုံခြုံသော အကာအကွယ်ရှိရန် အလွန်အရေးကြီးပါသည်။
တောဝက်ကြီးမှာ အိမ်အောက်မှ ထွက်၍ သီဟိုပင်အားပတ်ပြီး ကျွန်တော့်ဘက် ခေါင်းအလှည့်တွင် လက်ပြင်အားချိန်၍ သေနတ်ခလုတ်အား ညင်သာစွာဆွဲ၍ ပစ်ထည့်လိုက်ပါတော့သည်။
“ဒိုင်း …”
ကိုက် ၁ဝဝ ပင် မရှိသော ပစ်မှတ်ဖြစ်သဖြင့် .၃ဝ၃ ကျည်ဆန်၏ တွန်းကန်အားကြောင့် တောဝက်တောင်းကြီးမှာ ဖင်ထိုင်လျက် လဲကျသွားသော်လည်း ချက်ချင်းပြန်ထ၍ ကျွန်တော် အကာအကွယ် ယူထားသည့် အုန်းပင်ကြီးအား မီးရထားခေါင်းတွဲကြီးအလား အရှိန်အဟုန်ဖြင့် ပြေးဆောင့်ရာ အကာအကွယ်နောက်တွင် ရှိသည့် ကျွန်တော်ပင် အလွန် တုန်လှုပ်သွားပါသည်။
“ဒုန်း …”
တောဝက်ကြီးမှာ အုန်းပင်အား ခေါင်းဆိုက်၍ အလဲတွင် ကျွန်တော် အနီးကပ်တစ်ချက် ထပ်မံ၍ ပစ်လိုက် ရပြန်ပါသည်။
“ဒိုင်း …”
ပထမတစ်ချက်မှာ လက်ပြင်အား ထိပြီး ဒုတိယအချက်မှာ နားတွင်းသို့ ဖောက်ဝင်သွားပါသည်။
သေချာမှ ကိုရှဖီးနှင့် သံချောင်းအား လက်ပြခေါ်ပြီး ခြံတွင်းဝင်ခဲ့ရာ ကိုရှဖီး ဇနီးဖြစ်သူမှာ တံခါးဖွင့်၍ အိမ်ပေါ်က ပြေးဆင်းလာပြီး ကိုရှဖီးအား ဖက်၍ ငိုပါတော့သည်။ သူ့ခင်မျာ တစ်ညနှင့် တစ်မနက်လုံး အိမ်ပေါ်တွင် အချုပ်အနှောင်ခံနေရသလို နေခဲ့ရခြင်း ဖြစ်ပါသည်။
ကိုရှဖီးက…
“မိန်းမ တိတ် … တိတ်၊ မငိုနဲ့။ ငါ့ဆရာရှိ၊ အားလုံးကောင်း”
မိန်းမဖြစ်သူမှာ ကျွန်တော့်အား မျက်လုံးရွဲကြီးဖြင့် စိုက်ကြည့်ပြီးနောက်…
“ကျေးဇူးတင် ဆရာ”
ကျွန်တော်တို့အား အိမ်ပေါ်သို့ခေါ်၍ ဧည့်ခံပါသည်။
ကိုရှဖီး ကော့သောင်းက ဝယ်လာသည့် Lipovitan (D)၊ SINGER BEER နှင့် ငါးကြော်တို့ ဖြစ်ပါသည်။
ကျွန်တော်တို့ စားသောက်အပြီး ပြန်ရန်ပြင်ဆင်စဉ် ကိုရှဖီးမှ
“ဆရာ မူးနော်(ဝက်) ဒီမှာ ထားမရ။ ဆရာ ယူသွား။ ကျေးဇူးတင်။ နောက်နေ့ ကျွန်တော် ဆရာ့စခန်း မိန်းမခေါ် လာလယ်ရ”
“ရ ကိုရှဖီး။ မနက်ပိုင်း ကျွန်တော် မအား။ စခန်းကိစ္စ အလုပ်တွေရှိ။ နေ့လယ်အား လာလည်ရ”
ကျွန်တော် သူတို့လေသံဖြင့် ပြောလိုက်ရာ ကိုရှဖီးမှာ အလွန်သဘောကျသွားပြီး သူ ကော့သောင်းမြို့က ဝယ်လာသည့် Lipovitan(D) တစ်ကတ်အား လက် ဆောင်ပေးပါသည်။
“ကဲ … ကိုရှဖီးရေ၊ ကျွန်တော်တို့ ပြန်ဦးမယ်။ စခန်းရောက်မှ သံချောင်းနဲ့ ရဲဘက်တွေလွှတ်ပြီး ဒီကောင်ကြီးကို လာသယ်ခိုင်းလိုက်မယ်။ ကျေးဇူးတင်တယ်နော်”
“ဟုတ်ဆရာ … ကျေးဇူး ဆရာ။ ဘိုင့်ဘိုင်”
ကျွန်တော်နှင့် တပည့်ဖြစ်သူ သံချောင်းတို့ ဆိုင်ကယ်စီး၍ ပြန်ခဲ့ကြပြီး စခန်းရောက်သည်နှင့် ရဲဘက်ဘုတ်ခေါ်၍ သံချောင်းအား တောဝက်သေကောင်ကြီးကို သွားထမ်းခိုင်းရပါသည်။
ညနေစာ တောဝက်သား စားရမည်ဖြစ်၍ ဝန်ထမ်းနှင့် ရဲဘက်အားလုံး ပျော်ရွှင်နေကြပါသည်။ ကျွန်တော်တို့ အရာရှိများအတွက် မဲခေါင်အရက်နှင့် တောဝက်ကလီစာဟင်းဖြင့် ညနေစာ စိုပြည်ပါတော့မည်။
တောဝက်၊ ချေနှင့် မျောက်များ မကြာခဏ ရသော်လည်း ယခုကဲ့သို့ လွယ်လွယ်ကူကူ ရလေ့မရှိပါ။ တစ်နေကုန် တောလည်သော်လည်း တစ်ကောင်တလေတောင် မရသည့်နေ့များ ရှိပါသည်။
ညနေစောင်းတွင် စခန်းမုဆိုး တင်အောင် တောတွင်းက ပြန်လာရာ တောကြက် ၂ ကောင် ကိုင်းထောင်မိ သဖြင့် အသားစိုရိက္ခာ ဖူလုံသွားပါတော့သည်။
နောက်တစ်နေ့ နေ့လယ် ထမင်းစားချိန်တွင် ရှဖီးနှင့် သူ့ဇနီးတို့ ဆိုင်ကယ်ဖြင့် ရောက်လာကြပါသည်။ ရောက်လျှင် ရောက်ချင်း …
“ဆရာ ချွန်တော့်အိမ် ဆန်မရှိ။ မိန်းမ မပြော။ ထမင်းမရှိ။ ဆရာ့ ဆန်ရှိ။ ချွန်တော့ရောင်း”
“ဟ… ရှဖီးရ၊ ထမင်းမရှိ ဒီမှာ စားပေါ့ကွာ။ ဆန်မရှိ ငါရောင်းမရ။ အစိုးရဆန်။ မင်းကိုတော့ နည်းနည်း ပေးမယ် … ဖြစ်မလား”
“ဖြစ် ဆရာ။ ဆရာ ခု ဘာဟင်းချက်”
“ဒီနေ့တော့ ကြက်သားဟင်းကွ။ စပါယ်ရှယ်ချက်ထားတာ။ မင်းတို့ စားသွားပါလား”
“ဆရာ ချွန်တော်တို့ စားမရ။ လည်လှီးမှ စားရ”
ယခုမှ ဘာသာခြားမှန်း ကျွန် တော်သတိရမိလိုက်ပါသည်။ သို့သော် နောက်ပြောင်လိုသဖြင့်…
“မင်းတို့ စားလို့ ရပါတယ်ကွ။ ငါ့တပည့် ကုလားလေး မွန်နား ချက်ထားတာပါ”
အနီးရှိ တပ်ကြပ်ကြီးဦးထွန်းမောင်အား တိုးတိုးပြော၍ ကျွန်တော့်တပည့် မွန်နားအား ခေါ်ခိုင်းရပါသည်။
မွန်နား ရောက်လာလျှင် ကျွန်တော်မှ မျက်စိတစ်ဖက် မှိတ်ပြ၍…
“မွန်နားရေ၊ တင်မောင် ကိုင်းထောင်ရတဲ့ တောကြက်အရှင်ကို မင်း ဘယ်လိုရွတ်ဖတ်ပြီး လည်လှီးတယ်ဆိုတာကို ဒီက ငါ့ဧည့်သည်တွေကို ပြောပြလိုက်စမ်းကွာ”
“ဟုတ်ကဲ့ ဆရာ”
မွန်နားမှာ မျက်ရိပ်မျက်ကဲ နားလည်သူ ဖြစ်သဖြင့် အောက်ပါအတိုင်း ဟန်လုပ်ပြီး ရွတ်ဖတ်ပြပါသည်။ ရှဖီးမှာ သဘောကျကာ…
“ရ ဆရာရ။ ချွန်တော်စားရ၊ မိန်းမစားရ”
ဟု ပြောဆိုကာ မွန်နားအား မုန့်ဖိုးပေးပါသည်။
လတ်ဆတ်သော တောကြက်သားဟင်းနှင့် နေ့လယ်စာ ထမင်းစားကြရာ ရှဖီးတို့ လင်မယားမှာ အလွန်မြိန်ကြဟန်တူပါသည်။
ထမင်းစားပြီးနောက် ကျွန်တော်တို့ ထွေထွေရာရာ ပြောရင်း ရေနွေးကြမ်း ဝိုင်းထိုင်ကြရာ ရှဖီးက…
“ဆရာ မိန်းမရှိ”
“ရှိတာပေါ့ကွ”
“ဘယ်မှာရှိ”
“ပြည်မမှာရှိ”
“ဘယ်နှစ်ယောက်ရှိ”
“ဟ တစ်ယောက်တည်းပေါ့ကွ”
“ချွန်တော့်မှာ မိန်းမ ၄ ယောက်ရှိ။ ဘန်ကောက်မှာ ရှိ၊ ရနောင်းမှာ ရှိ၊ ကော့သောင်းမှာ ရှိ၊ ချန်းဖန်မှာ ဒီမိန်းမရှိ”
“ဟ … များလှချည်လားကွ ရှဖီးရ”
စကားကောင်းနေ၍ ညနေစောင်းသွားရာ ကျွန်တော်က မဲခေါင်အရက်နှင့် ခြင်္သေ့တံဆိပ် ဆော်ဒါ၊ ရှဖီး ပေးထားသည့် Lipovitan (D) တို့အား ရောစပ်၍ ချေသားခြောက်ကြော်နှင့် ဧည့်ခံပါသည်။
ရှဖီးက. . .
“ဆရာ ဒါ အရက်”
“ဒါ ဘီယာအပြင်းစား။ မင်း သောက်ကြည့်”
ရှဖီး အနည်းငယ်မြည်းကြည့်ရာ
“ကောင်းဆရာ”
ချေသားခြောက်ကြော်အား လက်ညှိုးထိုး၍. . .
“ဒါ … ဘာ … ဆရာ”
“ချေသားခြောက်ကြော်လေကွာ။ ကိုင်းထောင်လို့မိတယ်။ စောစောက မွန်နား လည်လှီးတယ်။ မင်း စားလို့ ရပါတယ်”
ချေသားခြောက်ကြော်အား မြည်းပါသည်။ တဖြည်းဖြည်း အရသာခံပြီးနောက်. . .
“ကောင်းဆရာ။ တဝကောင်း။ မိန်းမ စား… စား…”
ညနေမိုးချုပ်စတွင်မှ ရှဖီးနှင့် ၎င်း၏ ဇနီးတို့ ဆိုင်ကယ်ကလေးဖြင့် ဆန်အိတ်တင်ပြီး အိမ်ပြန်သွားကြပါသည်။ ကျွန်တော်တို့ စားကြသောက်ကြအပြီး၌ တပ်ကြပ်ကြီးဦးထွန်းမောင်က
“ဆရာရေ၊ ကြည့်လည်း လုပ်ဦးနော်။ ကြက်သားနဲ့ချေသားက ဒီမှာ ရှားတယ်။ တစ်ခါတလေမှ မိတတ် တာ။ တောဝက်သားပဲ ပေါတာ။ နောက်တစ်ခါလာရင် ဆရာ့မိတ်ဆွေတွေ တောဝက်သားခြောက်နဲ့ နှစ်ပါး သွားနေရဦးမယ်နော်” ဟူသတည်း။ ။
(နောက်ပိုင်း Facebook က စာတင်လို့မရတော့လျှင် စာဆက်ဖတ်နိုင်ဖို့အတွက် အောက်က Telegram ကို Joint ထားကြပါဗျ)