မောင်မြင့်မား(ဘိုကလေး)


ချေ(ဂျီ)ဆိုသော အကောင်မျိုးက လန့်တတ်သည်။ ချေအီး ချေလန့် ဆိုသော စကားတောင် မုဆိုးလောကမှာ ကြားဖူးသည်။ အခုလည်း ဘယ်ကဘယ်လို ချေက လန့်လာသည်မသိ။ တောကောင် မရသေးသောကြောင့် စိတ်ညစ်နေရသည့်အထဲ စိတ်ပျက်လက်ပျက်နှင့် ထိုင်နေသော ကိုပွေးကို လန့်လာသော ‘ချေ’ က ဝင်တိုးသွားသောကြောင့် ကိုပွေးတစ်ယောက်မှာ ရှေ့ကို မှောက်လျက်လဲကျသွားရသည်။

တောကောင်ရှာနေသော ကိုပွေးကို တောကောင်က ဝင်တိုးသွားသောကြောင့် ကိုပွေးတစ်ယောက် တောက်တခတ်ခတ်နှင့် ကျန်နေခဲ့သည်။ ကိုပွေးနှင့်အတူပါလာသော စောဂျိမ်းနှင့် ကျော်စိုးက ကိုပွေး အဖြစ်ကိုကြည့်ကာ ရယ်ကြသည်။ ကိုပွေးက မျက်နှာကြီးနီလာသောကြောင့် နှစ်ယောက်သား မျက်ရိပ်မျက်ခြည်ပြကာ စောဂျိမ်းက…

“ကိုပွေးရယ် … ချေဆိုတဲ့ အကောင်မျိုးက လန့်တတ်တာပဲ။ ဒီကောင်က သူ အန္တရာယ်တွေ့လို့ လန့်တာ မဖြစ်နိုင်ဘူး။ သူ့ဟာသူ အီးပေါက်ပြီး လန့်တာ ဖြစ်ရမယ်။ သူ အန္တ ရာယ်ကောင် တွေ့တယ်ဆိုရင် ကျွန်တော်တို့ တောထဲဝင်လာကတည်းက အရိပ်အမြွက်လောက်တော့ သိရမှာပေါ့။ ခုဟာက ဘာအရိပ်အမြွက်တောင်မှ မသိရဘဲ ဗြုန်းခနဲ ထွက်လာတာ ဆိုတော့ သူ့အီး သူလန့်ပြီး ပြေးလာတာပါဗျာ”

“အေး…ဟုတ်ပါတယ်၊ မုဆိုးက တောကောင်ကို ရှာတာပါ။ ဒါပေမယ့် တောကောင်က မုဆိုးကို ဝင်တိုးပြီး ပြေးသွားတာဆိုတော့ မလွန်ဘူးလားကွာ။ မုဆိုး သိက္ခာကျတယ်ကွ”

“ကိုပွေး ခင်ဗျား သိက္ခာကျတာ ကျုပ်နဲ့ ကျုပ်တပည့် ကျော်စိုး နှစ်ယောက်ပဲ သိတာပါဗျာ”

“အေး… အဲဒါကြောင့် တော်သေးတာပေါ့ကွာ”

စောဂျိမ်းက တစ်စုံတစ်ခုကို လေးလေးနက်နက် စဉ်းစား၍…

“ကိုပွေး ကျုပ် တစ်ခု စဉ်းစားမိတယ်ဗျ”

“ဘာတုန်းကွ”

“ဒီကောင်လန့်ပြီး ပြေးလာတာက တခြားအကြောင်းတစ်ခုကြောင့် ဆိုရင်ကော”

ကိုပွေးက စဉ်းစားလိုက်ကာ…

“အေး… စောဂျိမ်း၊ မင်းပြောတာ ဖြစ်နိုင်တယ်။ ဒီကောင် ပြေးထွက်လာတဲ့ဘက်ကို ချောင်းကြရအောင်”

စောဂျိမ်းက ဦးဆောင်ကာ စိန်နားပန်ချုံများ ရှိရာဘက်ဆီသို့် သတိအနေအထားဖြင့် ချီတက်လာကြသည်။

အောက်ခြေတွင်လည်း ချုံပုတ်အပုကလေးများ ရှိနေသောကြောင့် ပိုးကောင်(မြွေ)ကိုလည်း သတိထားရင်း စိန်နားဝန်ချုံများ ရှိရာသို့ ရောက်လာကြသည်။ ချုံများကို တိုးဝှေ့ကာ ထွက်လာကြရင်း တစ်နေရာ အရောက်တွင် စောဂျိမ်းက ရပ်လိုက်သည်။

“ကိုပွေးရေ တရားခံတော့ တွေ့ပြီ။ ဒီကောင်ပဲ ဖြစ်ရမယ်”

စောဂျိမ်း ငုံ့ကြည့်နေသော ချုံအောက်ကို ကိုပွေးနှင့် ကျော်စိုးက ငုံ့ကြည့်လိုက်ရင်း ကိုပွေးက

“သေချာတာပေါ့ကွ၊ ဒီကောင်ပဲ”

မြင်ကွင်းက အသည်းယားစရာ။ အကောင်ပေါက်နေသော စပါးကြီးမြွေမိသားစု ဖြစ်သည်။ မြွေပေါက်ကလေးများက အကောင်နှစ်ဆယ်ခန့် ရှိသည်။

စိန်နားပန်ချုံ အခက်အလက်များကို အသိုက်လုပ်ကာ ပေါက်နေခြင်း ဖြစ်သည်။

“ချေက သူ့ဟာသူ လျှောက်လာရင်း ရင်ဆိုင်တိုးမိတာ ဖြစ်မယ်ကွ။ ဒီမှာ ကြည့်ပါလား”

စိန်နားပန်ချုံ၏ အရွက်အလက်အခက်များပေါ်တွင် ပေကျံနေသော ညိုတိုတိုရောင် အရည်များကို စောဂျိမ်းက ပြလိုက်သည်။ ကျော်စိုးက . . .

“စောဂျိမ်း အဲဒါ ဘာတွေလဲ”

“စပါးကြီးဆိုတဲ့ အကောင်မျိုးက ရန်သူနှင့်တွေ့ရင် ညိုတိုတိုအရောင်ရှိတဲ့ အခိုးနဲ့ မှုတ်တတ်တယ်။ အနံ့ကလည်း ဆိုးတယ်ကွ။ ချေကို အခိုးနဲ့ ချုံထဲက မှုတ်လိုက်လို့ ချေက လန့်ပြေးလာတာ”

“ရှူး … ရှူး”

ဟူသော အသံနှင့်အတူ စိန်နားပန်ချုံထဲက စူးရှသော အနံ့ဆိုးနှင့် အခိုးများ ထွက်လာပြန်သည်။ သုံးယောက်သား နောက်ကို ဆုတ်လိုက်သည်။

စောဂျိမ်းက ကိုပွေးကို ကြည့်လိုက်သည်။ “ဘယ်လိုလဲ”ဟူသော အကြည့်မျိုး။ ကိုပွေးကလည်း သဘောပေါက်သည်။

“စားရကံကြုံလို့ လာတွေ့တာလေကွာ။ မုဆိုးက ဆယ်ခါ တောပစ်ထွက်လို့ တစ်ခါ စပါးကြီးမြွေကို ရခဲတယ်။ စပါးကြီးသည်းခြေက တို့လူသားတွေအတွက် ဘယ်လောက်ထိ အဖိုးတန်တယ်ဆိုတာ မင်း သိပါတယ်”

“အကောင်ပေါက်ကလေးတွေတော့ ထားလိုက်ပါဗျာ”

“အေးပါ။ နောက်တစ်ချက်က မြွေသားက ငါ့ကိုယ်ပေါ်က ရောဂါတွေ ပျောက်တယ်လို့ ကြားဖူးတယ်”

မုဆိုးကိုပွေးက မည်သူပေးလိုက်သော နာမည်မသိ။ သူ့နာမည်ရင်းက အောင်မှတ် ဖြစ်သည်။ သူ့တစ်ကိုယ်လုံး ပွေးများစွဲနေသောကြောင့် တစ်ယောက်ယောက်က စခေါ်ရင်း ကိုပွေး နာမည်တွင်သွားခြင်းဖြစ်သည်။

အမဲလိုက်ရာတွင်တော့ ကိုပွေးက နာမည်ကြီး။ ဒီနယ်တစ်ခွင်မှာတော့ ကိုပွေးကို မသိတဲ့လူမရှိ။ စောဂျိမ်းတောင် ကိုပွေးထံမှ ဗဟုသုတ ရလိုသောကြောင့် အတူလိုက်လာခြင်း ဖြစ်သည်။

“ကိုပွေးရယ် ကြည့်လုပ်ပါဦး။ ရောဂါမပျောက်ဘဲ ပိုဆိုးလာမှ ခက်နေပါဦးမယ်”

“ငါလည်း ကြားဖူးတာ ပြောတာပါ။ ပိုဆိုးလာရင်လည်း ဒါထက်တော့ ဆိုးစရာအကြောင်း မရှိပါဘူး”

ကိုပွေးနှင့် စောဂျိမ်း နှစ်ယောက်သား ချုံတောထဲဝင်ကာ ခဲရာခဲဆစ်ဖြင့် စပါးကြီးမြွေကြီးကို မ,ထုတ်လာခဲ့သည်။ အပြင်ရောက်ခါမှ လုံချည် တစ်ထည်ကို ထိပ်တစ်ဖက်ချည်လိုက်ကာ လုံချည်ဖြင့် ထုပ်လာခဲ့ကြသည်။ စိန်နားပန်ချုံမှ ထွက်လာပြီးသည့်နောက် သုံးယောက်သား အနောက်ဘက်တောတန်းအတိုင်း ထွက်လာခဲ့ကြသည်။

တောတန်းက ဆင်ခြေလျောကုန်းတန်းဖြစ်သည်။ ကျွန်းပင်များက ဆင်ခြေလျောအတိုင်း အစီအရီ ပေါက်နေကြ၍ အဝေးမှကြည့်လိုက်လျှင် အလွန်လှပသော ရှုခင်းဖြစ်သည်။ ခပ်ဝေးဝေးမှ မြူများဝေ့နေသော ရိုးမတောင်ကြီးကို လှမ်းမြင်နေရသည်။ ကျွန်းတောအတိုင်း နာရီဝက်ခန့် လျှောက်လာသည်အထိ ကျွန်းတောက မဆုံးသေး။

တစ်နေရာအရောက်တွင် . . .

“ဖလပ်… ဖလပ်… ဖြန်း… ဖြန်း”

“ကိုပွေး ဘာသံလဲ”

“နေဦး … ငါလည်း စဉ်းစားနေတာကွ”

ဝဲဘက် ချုံတောထဲမှ အသံများဖြစ်သည်။ ကိုပွေးက ဦးဆောင်ကာ အသံကြားရာဆီသို့ ခြေသံလုံလုံဖြင့် လျှောက်သွားလိုက်ကြသည်။ အသံများ တဖြည်းဖြည်း နီးလာသည်နှင့်အမျှ ပို၍ကျယ်လာသည်။ ချုံတောအလွန်တွင် သပွတ်အိမ်ပင်(နွယ်ပင်ကြီး) နှစ်ပင်အောက်တွင် အသီးများကို ခုန်၍ခုန်၍ နှုတ်သီးနှင့် လှမ်းဆိတ်နေသော သတ္တဝါနှစ်ကောင်။

အမြီးတိုနံ့နံ့ဖြင့် ဖင်ပြောင်နေသော အကောင်များ ဖြစ်သည်။ စောဂျိမ်းက ချုံကွယ်မှ ကြည့်ရင်း လေသံတိုးတိုးဖြင့် …

“ကိုပွေး … ဘာကောင်တွေလဲ”

“နောက်မှပြောမယ်။ မင်းကောင်… ကျော်… ဘယ်သူ”

“ကျော်စိုးပါ”

“သူ့ကို ဒီနားခေါ်လိုက်”

ခပ်လှမ်းလှမ်းမှ ချောင်းနေသော ကျော်စိုးကို စောဂျိမ်းက ခေါ်လိုက်သည်။

ကျော်စိုး အနားရောက်လာမှ …

“အဲဒီနှစ်ကောင်ကို မင်းနဲ့ ငါနဲ့ တစ်ကောင်စီပစ်မယ်။ ပထမ တစ်ချက်ပစ်ရင် ထခုန်လိမ့်မယ်။ အဲဒီလို ထခုန်လိုက်ရင် လေထဲမှာ တစ်ချက်ထပ်ပစ်မယ် ဖြစ်မလား”

“ဖြစ်ပါတယ်”

“အေး… ဒါဆိုရင် ပြီးရော … မြန်မြန်ပစ်။ မင်းက ဝဲဘက်က အကောင်ကိုပစ်။ ငါ ဘယ်ဘက်က အကောင်ကို ပစ်မယ်”

စကားဆုံးသည်နှင့် ကိုပွေးနှင့် ကျော်စိုးထံမှ သေနတ်သံမှာ တစ်ချက်စီ ထွက်သွားသည်။

“ဖောင်း … ဒိုင်း”

ကိုပွေး ပြောလေသည့်အတိုင်းပင် သေနတ်မှန်သွားပြီးနောက် သတ္တဝါနှစ်ကောင်က ငါးပေခန့်လောက်အထိ လန့်၍ ထခုန်လိုက်ကြသည်။

ထခုန်လိုက်ချိန်တွင် …

“ဖောင်း… ဒိုင်း”

“ဖုန်း… ဖုန်း”

မြေပြင်ပေါ်သို့ အတုံးအရုံး ပြုတ်ကျသွားကြသည်။ နှစ်ကောင်စလုံး နှစ်ချက်စီ ချက်ကောင်းမှန်လိုက်သောကြောင့် လှုပ်တောင် မလှုပ်တော့။

“ကျော်စိုး … မင်း မဆိုးဘူးကွ။ ငါ ပြောတဲ့အတိုင်း ကွက်တိပဲ။ စောဂျိမ်း … ခင်ဗျားတပည့် တော်တယ်ဗျ”

စောဂျိမ်းက မှန်ထားသော အကောင်များကိုကြည့်ရင်း…

“ဟာ… ခုမှ သေချာကြည့်မှ သိတော့တယ်။ ဒေါင်းတွေပဲဗျ၊ ဒေါင်းတွေက ဘယ်လိုပုံ ဖြစ်နေရတာလဲ”

“ဒီလို စောဂျိမ်းရ၊ ဒေါင်းဆိုတဲ့ အကောင်မျိုးက မိုးတွင်းဘက်ဆိုရင် အမြီးချတတ်တယ်။ ဒါကြောင့်မို့ အမြီးတိုပြီး ဖင်ပြောင်နေတာ။ ငါ ပစ်လိုက်တာ ဒေါင်းထီးကြီးကွ။ လေးငါးပိဿာလောက်တော့ ရှိမယ်။ ကျော်စိုး ပစ်လိုက်တာက ဒေါင်းအမ၊ သုံးပိဿာကျော်ကျော်လောက်ပဲ ရှိမယ်၊။ ဒီနေ့အတွက်ကတော့ ဒီနှစ်ကောင်နဲ့တင် ဟင်းစားက လုံလောက်နေပြီလေ”

ကိုပွေးထက်စာရင် စောဂျိမ်းက မုဆိုးဆိုသော်လည်း အတွေ့အကြုံ ကိုပွေးထက် နုသေးသောကြောင့် စောဂျိမ်းက ငြိမ်နေလိုက်ရသည်။

သို့သော်လည်း စောဂျိမ်းတပည့် ကျော်စိုးက ကျေနပ်ပုံမပေါ်။ ထို့ကြောင့် . . .

“ဆရာပွေး … ကျွန်တော် တစ်ခုတော့ သိထားတာရှိတယ်ဗျ”

“ဘာတုန်းကွ”

“ကျွန်တော်တို့ ဒီနေ့ တောပစ်ထွက်လာတာ နေ့ဝက်ကျိုးပြီလေဗျာ။ ကြီးကြီးမားမား သားကောင်ဆိုလို့ တစ်ကောင်မှတောင် မရသေးဘူး။ ဆရာပွေး ပြောပုံဆိုရင် ဒီနှစ်ကောင်နဲ့တင် ဆရာပွေးက ကျေနပ်နေပြီလား”

“မုဆိုးကွ”

“မုဆိုးပဲဆိုတော့ ဆရာပွေးက ဘာကိုဆိုလိုတာလဲ”

“မုဆိုးဆိုတာ သားကောင် လိုချင်တာပေါ့ကွာ။ မရတော့လည်း ရသလောက်နဲ့ ကျေနပ်ရတာပေါ့”

ဒီတောဒီတောင်သည် ကိုပွေး နှံ့စပ်ကျင်လည်သော တောတောင်ဖြစ်သည်။ တောဆိုသည်မှာ အင်မတန် အပြောရခက်သည်။ ကိုပွေးသည် စာတစ်လုံးမျှ တတ်သူမဟုတ်။ တူမီးကို ခလုတ်တစ်ချက်ဆွဲလျှင် သားကောင်တစ်ကောင် ရမည်ဆိုတာ သိသူတစ်ယောက်သာ ဖြစ်သည်။

ထိုနေ့က ကိုပွေး ပြောသည့်အတိုင်း မိုးချုပ်သည်အထိ စပါးကြီးမြွေတစ်ကောင်နှင့် ဒေါင်းနှစ်ကောင်မှလွဲ၍ တခြားသားကောင် တစ်ကောင်မျှ မရတော့။

ကျော်စိုး ပြုံးသည်။ သူ့အပြုံးက အသိရခက်သောအပြုံး။ သူလည်း မုဆိုးတစ်ယောက်ပင် မဟုတ်ပါလော။

– ပြီး –

စာရေးသူ – မောင်မြင့်မား(ဘိုကလေး)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ