#ဗိုလ်လုံ
မုဆိုး စိုင်သင်
စိုင်ကော်လို့ချုံပေါ်ရောက်သည်။ မုဆိုးစိုင်သင် ဆိုသည့် စကားရပ်များမှာ မုဆိုးနှင့် စိုင်တို့၏ ဆက်နွယ်ပတ်သက်နေသည့် စကားပုံများပင်ဖြစ်ပါသည်။ ယင်းစကားပုံများ၏ အဓိပ္ပါယ်ကို အတိအကျမဖော်ပြနိုင်သော်လည်း စကားပုံ၏ရိုးရှင်းမှုနှင့် စိုင်ပစ်မုဆိုးအဖြစ် မိမိကိုယ်တိုင် စိုင်များကို ပစ်ခဲ့သည့် အတွေ့အကြုံများကို အခြေပြုပြီး အနီးစပ်ဆုံးအဓိပ္ပါယ်ကို ဖော်ပြနိုင်မည်ဖြစ်ပါသည်။
စိုင်ဆိုသည့်သတ္တဝါမှာ တောနွားပင်ဖြစ်ပါသည်။ များသောအားဖြင့် အရောင်မှာညိုဝါရောင် ဖြစ်ပါသည်။ အနက်ရောင် စိုင်များလည်းရှိပါသည်။ ၄င်းတို့၏ ဦးချိုများမှာ နွားများ၏ ဦးချိုများကဲ့သို့ အပေါ်သို့ ခပ်မတ်မတ်မရှိဘဲ ဘေးသို့ဝိုက်ပြီးအပေါ်သို့ ပြန်ပြီးကွေးလာပါသည်။ အဖျားမှာချွန်ထက်သော်လည်း ပြောင် (တောကျွဲ) များ၏ ဦးချိုများကဲ့သို့ ဘေးသို့များများထွက်ပြီး မကြီးလှသောကြောင့် ရန်သူကို ပြောင်ကဲ့သို့ မခတ်နိုင်ဘဲ ဝှေ့ပါသည်။
ဝှေ့သည်ဆိုရာတွင်လည်း ဝှေ့အားထက် ကော်အားက များသည်ဟု ယူဆရပါသည်။ လူကိုသော်လည်းကောင်း၊ အခြားတောကောင် ရန်သူများကိုသော်လည်းကောင်း တိုက်ခိုက်ရာတွင် ဦးခေါင်း၊ ဦးချိုတို့ဖြင့် ကော်တင်လိုက်ပြီးမှ မြေပေါ်ကျလာပြီး အနာတရ ဖြစ်သည့် ရန်သူကို မြေကြီးနှင့်ညှပ်ပြီး ဝှေ့သည်ဟု ယူဆရပါသည်။
ထို့ကြောင့် “စိုင်ကော်လို့ ချုံပေါ်ရောက်သည်” ဆိုသည့်စကားပုံ အနက်အဓိပ္ပါယ်မှာ လူတစ်ယောက် စိုင်မှကော်တင်လိုက်သဖြင့် အနာတရမရှိဘဲ ချုံပေါ်သို့ သက်တောင့်သက်သာစွာ ရောက်ရှိသွားသည်ဟု ဆိုလိုပါသည်။ ဆိုလိုရင်း၏အဓိပ္ပါယ်မှာ လူတစ်ယောက်သည် မိမိ၏ လုံ့လ၊ ဝီရိယ၊ အရည်အချင်းမပါဘဲ ဒုက္ခရောက်မည့် အခြေအနေမှ တစ်စုံတစ်ယောက်သောသူ၏ ကူညီမစမှုကြောင့် မိမိနှင့်မထိုက်တန်သည့် ရာထူးစည်းစိမ်ကို ရရှိသွားသည်ဟု ယူဆ ဖွယ်ရာရှိပါသည်။
“မုဆိုးစိုင်သင်” ဆိုသည့်စကားပုံမှာ ကျွန်တော်ကိုယ်တိုင် တစ်နေ့သောနံနက်ခင်းအတွင်းမှာပင် စိုင်နှစ်ကောင်ကို ပစ်ခတ်ရရှိခဲ့ပါသည်။ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အတွေ့အကြုံပင်ဖြစ်မည်ဟု ယူဆပါသည်။
ကျွန်တော်သည် တပ်မတော်(ကြည်း) အင်ဂျင်နီယာ တပ်ဖွဲ့တွင် အမှုထမ်းစဉ်က အမှတ်(၃)ကာကွယ်ရေး ပစ္စည်းစက်ရုံ၊ ဆင်တဲဆောက်လုပ်ရေးလုပ်ငန်းများကို တာဝန်ယူခဲ့ရသည့် စစ်အင်ဂျင်နီယာတစ်ဦးဖြစ်ခဲ့ပါသည်။ တပ်မတော်အရာရှိတစ်ဦး အနေဖြင့် လည်းကောင်း၊ အင်ဂျင်နီယာတစ်ဦး အနေဖြင့် လည်းကောင်း မိမိရောက်ရှိနေသည့်နေရာမှ ပတ်ဝန်းကျင်မိုင်တစ်ရာခန့်အထိ နယ်မြေအခြေအနေကို သိရှိရန်လည်းကောင်း၊ ဆောက်လုပ်ရေးပစ္စည်းများ ရရှိနိုင်မည့်အခြေအနေကို သိရှိရန်လည်းကောင်း၊ မိမိ ဝါသနာပါသည့် အမဲပစ်ခြင်းဖြင့် လေ့လာစူးစမ်းခဲ့ပါသည်။
ထို့ကြောင့် ပြည်လမ်းမှ တောင်တွင်းကြီးမြို့အထိ လည်းကောင်း၊ ပန်းတောင်း-တောင်ကုတ်လမ်းတွင် တောင်ကုတ်မြို့အထိ လည်းကောင်း၊ ရေလမ်းတွင် အထက်သို့ ကံမမြို့ထိလည်းကောင်း၊ အောက်သို့ ကြံခင်းမြို့ထိ လည်းကောင်း ခြေဆန့်ရင်း အမဲပစ်ရင်း လေ့လာခဲ့ပါသည်။
အထူးသဖြင့် ပန်းတောင်း-တောင်ကုတ်လမ်းပေါ်ရှိ အမြင့်ပေသုံးထောင်ကျော်ရှိ ညောင်ကျိုးစခန်းကို အခြေပြုပြီး အမဲပစ်ခြင်းများ ပြုလုပ်ခဲ့ပါသည်။
၁၉၆၃ ခုနှစ် ဇွန်လအတွင်း တစ်ခုသော စနေနေ့တွင် အလုပ်များနေသောကြောင့် ညနေ ၄ နာရီ ကျော်မှ ညောင်ကျိုးဘက်သို့ ထွက်နိုင်ခဲ့ပါသည်။
ပန်းတောင်းနှင့် ဥသျှစ်ပင်အကြားရှိ လယ်ကွက်ထဲမှ ကိုက်တစ်ရာကျော်အဝေးရှိ ခရုစုပ်ငှက်ကြီးတစ် ကောင်ကို ပွိုင့်တူးတူးရိုင်ဖယ်ဖြင့်ပစ်ခတ်ရရှိခဲ့ပါသည်။ ယင်းငှက်ကြီးမှာ အလေးချိန်အားဖြင့် တစ်ပိဿာကျော်ကျော်ရှိသဖြင့် ညစာအဖို့ လုံလောက်ပေပြီ။
ကျွန်တော်သည် ခရီးသွားရင်း ကားပေါ်တွင် ဦးနှောက် အလုပ်ပေးနေရပါသည်။ ညောင်ကျိုးအထိ ဆက်တက်လျှင် ကောင်းမည်လော သို့မဟုတ် ညောင်ခြေထောက်နှင့် ညောင်ကျိုးအကြား အမြင့်ပေတစ်ထောင့်ငါးရာခန့်ရှိ စမ်းပက်လက်စခန်းတွင် ဖြစ်သလို ညအိပ်ပြီး နံနက်စောစောထ၍ စိုင်ပစ်ထွက်မည်လောဟု တွေးတောနေရခြင်းပင်ဖြစ်ပါသည်။
ယခင်က အခေါက်တိုင်းလိုလိုပင် မုဆိုးကျော်စိန်ညိုကို ညောင်ကျိုးမရောက်မီနှစ်မိုင်ခန့်တွင် ယာဘက် ရှိ တောတွင်းသို့ အမေရိကန်အမှတ်(၄) ရိုင်ဖယ်တစ်လက်နှင့်အတူ ကျည်(၁၀)တောင့် ထည့်ပေးလိုက်ပါက မိမိတို့ ညောင်ကျိုးစခန်းသို့ ရောက်ပြီး တစ်နာရီခန့်အကြာတွင် ဂျီတစ်ကောင်ကိုထမ်းပြီး ရောက်လာလေ့ ရှိပါသည်။
ကျည်မှာလည်း တစ်တောင့်သာကုန်ပါသည်။
တစ်ခါတစ်ရံ မောပန်းလာပါက ယင်းဂျီအား သစ်ကိုင်းတစ်ကိုင်းတွင် အမှတ်အသားပြုလုပ်၍ ချိတ်ဆွဲထားခဲ့ကာ စခန်းသို့ရောက်ပါက တစ်ယောက်ယောက်ကို သွားရောက်ပြီး ထမ်းစေပါသည်။
သည်တစ်ခေါက်တော့ ယင်းသို့ စီမံ၍ မရတော့ပေ။ ညောင်ခြေထောက်လွန်လျှင်ပင် မှောင်စပျိုးလာပါသည်။
ယခင်အခေါက် ညောင်ကျိုးတက်စဉ်က စမ်းပက်လက် စခန်းအနီးတွင် စိုင်အုပ်တစ်အုပ် ရောက်ရှိနေကြောင်း သတင်းလည်းရထားသဖြင့် စမ်းပက်လက်စခန်းမှာပင် ဖြစ်သလိုညအိပ်ပြီး နံနက်ရောက်မှ စိုင်ပစ်ထွက်မည်ဟု ဆုံးဖြတ်လိုက်ပါသည်။
ထို့ကြောင့် စခန်းစောင့်မောင်နုအား မိမိတို့တွင်ပါလာသည့် ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်များနှင့် ခရုစုပ်ငှက်ကြီးကို ညစာချက်ပြုတ်စေပြီး စားကြပါသည်။
နောက်နေ့နံနက်တွင် ညကကျန်သည့် ထမင်းနှင့် ဟင်းကို အသင့်အတင့်စားပြီး ၀၆း၃၀ နာရီခန့်တွင် မုဆိုးကျော်စိန်ညိုအား လမ်းပြအဖြစ်ခေါ်ပြီး နှစ်ဦးတည်း စိုင်ပစ်ရန် ထွက်ခဲ့ကြပါသည်။
ညောင်ကျိုးစခန်းတွင် အခြေပြုပြီး အမဲပစ်ထွက်သည့်အခေါက်တိုင်းလိုလိုတွင် သေနတ်ကြီး၊ သေနတ်လတ် ငါးလက်ခန့်၊ မုဆိုးကျော် ငါးဦးခန့်၊ အထမ်းသမားခုနစ်ဦးခန့် ပါလေ့ရှိပါသည်။ စခန်းမှာ တော်တော်ဝေးသည့်အတွက် တောတွင်းမှာပင် တစ်ညအိပ်လေ့ရှိပါသည်။ အမဲမရသည့်အခေါက်ဟူ၍ မရှိပါ။
မုဆိုးကျော်စိန်ညိုသည် အမှတ်(၄) အမေရိကန် ရိုင်ဖယ် တစ်လက်နှင့် ကျည်ဆန်(၂ဝ)တောင့်၊ မိမိသည် လေးရာ့ငါးဆယ် စိုင်မောင်း နှစ်လုံးပြူးရိုင်ဖယ်ကြီးတစ်လက်နှင့် ကျည်အတောင့်(၂ဝ)၊ ခြောက်လုံးပူးတစ်လက်နှင့် ကျည်(၆)တောင့်၊ ဓားမြောင်တစ်လက်တို့ ကိုင်ဆောင်ထားကြပါသည်။ လေးရာ့ငါးဆယ် နှစ်လုံးပူးရိုင်ဖယ်တစ်လက်ကြီး၏ကျည်မှာ ယမ်း အား အလေးချိန် ဝရိန်လေးရာ၊ ပြောင်းဝအကျယ် သို့မဟုတ် ကျည်ထိပ်ဖူး၏ ပမာဏမှာ ဒသမလေးငါးလက်မ အချင်းရှိကာ ဆင်အထိပစ်ခတ်နိုင်ပြီး ဟော်လန်အင်ဟော်လန်ကုမ္ပဏီမှ ထုတ်လုပ်သည့် အမျိုးအစားကောင်းသည့် သေနတ်ကြီး ဖြစ်ပါသည်။
စိုင်မောင်းဆိုသည်မှာ ရှေးခေတ်ကထုတ်လုပ်သည့် နှစ်လုံးပူးရိုင်ဖယ်နှင့် ပြောင်းချော ဆယ့်နှစ်ဗို့ နှစ်လုံးပူးသေနတ်များတွင် ပါလေ့ရှိသည့် ကျည်ရိုက်တန်ပင် ဖြစ်ပါသည်။ ပြောင်းနှစ်လုံးထဲတွင် အမျိုးမတူသည့်ကျည်များကို ထည့်ထားသည့်အတွက် သားကောင်နှင့်ကိုက်သည့် ကျည်နှင့် စိုင်မောင်းကိုတင်ပြီး ပစ်နိုင်ပါသည်။
မိနစ်(၂၀)ခန့်သွားမိသည့်အခါ စိုင်အုပ်၏ခြေရာ လတ်လတ် ဆတ်ဆတ်များကို တွေ့ရှိရပါသည်။ ၄င်းတို့ စားထားသည့် သစ်ပင် ချုံနွယ်များမှ အစေးများပင် ထွက်လက်စရှိနေသည်ကို တွေ့ရပါသည်။
မုဆိုးကျော်စိန်ညိုက စိုင်အုပ်သည် ဆယ်ကောင်ခန့်ရှိမည် ဖြစ်ကြောင်း၊ အပြေးလိုက်မှမှီမည်ဖြစ်ကြောင်းပြောသဖြင့် အလေးချိန် ပေါင်နှစ်ဆယ်ရှိသည့် နှစ်လုံးပူးရိုင်ဖယ်ကြီးကို စစ်သင်တန်းတွင် သေနတ်ဘယ်မြှင့် အနေအထားမျိုးဖြင့် သူ့နောက်မှ အပြေး လိုက်ရပါသည်။
ရာသီဥတုအခြေအနေမှာ မိုးတစ်စိမ့်စိမ့်ရွာနေသဖြင့် မပင်ပန်းလှပါ။ သို့သော်လည်း စီးထားသည့်ဖိနပ်မှာ ယခင်အခါများမှာကဲ့သို့ … တောစီးဖိနပ်မဟုတ်ဘဲ။ ပူးပေါင်းစစ်ဆင်ရေးနှင့် လေထီးသင်တန်းကျောင်းမှ ညီတော်မောင် လေထီးစစ်သည် လက်ဆောင်ပေးထားသည့် လေထီးခုန်သည့် သားရေဖိနပ် ဖြစ်နေ သဖြင့် စီးလို့ကောင်းသော်လည်း ခွာတွင်အကုတ်များ မပါသဖြင့် မိုးတွင်းတွင်ချောနေသည့် တောင်ဆင်း တောင်တက်ခရီးကို အတက် အပြေး ဆင်းရာတွင် ချော်ပြီးမလဲစေရန် ထိန်းပြီးပြေးနေရသဖြင့် အတော်ပင်ပန်းပါသည်။
တောတောင်၏အခြေအနေမှာ ကျွန်း၊ ပျဉ်းကတိုးနှင့်၊ အခြားသစ်မာပင်များ ပေါက်ရောက်သည့် သစ်တောကြီးဖြစ်ပြီး အောက်ခြေရှင်းနေသဖြင့် သားကောင်များကို အဝေးမှပင်မြင်နိုင်ပြီး တောမှာလည်း တောင်ကုန်းကလေးများ၊ မြေပြန့်များ၊ လျှိုများ၊ ချောင်းကလေးများဖြင့် တန်ဆာဆင်ထား သဖြင့် သာတောင့်သာယာရှိပါသည်။
ကျွန်တော်သည် သားကောင်များ၏ နောက်သို့ အပြေးလိုက်နေရသဖြင့် တောတောင်၏သာယာ မှုကို မခံစားနိုင်တော့ပါ။ ထိုစဉ်က သစ်ထုတ်လုပ်ရေးမှ သစ်များ ခုတ်ယူခြင်း မပြုနိုင်သေးသဖြင့် သစ်ပင်များမှာ ကြီးချင်တိုင်းကြီးပြီး အောက်ခြေတွင် နေပြောက်မထိုးနိုင်သည့် အနေအထားတွင် ရှိပါ သည်။
ကျွန်တော်သည် ကျောင်းသားဘဝက လက်ဝှေ့ထိုးခြင်း၊ ဘောလုံးကန်ခြင်း၊ အလေးမခြင်း စသည့် အားကစားနည်းများကို ကောင်းစွာလေ့ကျင့်ခဲ့သည့်အပြင် အသက်မှာလည်း(၂၇)နှစ်ခန့်သာ ရှိသေးသဖြင့် ကြမ်းတမ်းသည့်မုဆိုးဘဝကို လွယ်ကူစွာပင်ခံယူနိုင် ပါသည်။
အပြေးတက်လိုက်၊ အမြန်လျှောက်လိုက်နှင့် စိုင်အုပ် နောက်သို့ခြေရာခံပြီး လိုက်ခဲ့ကြရာ နောက်ထပ် နှစ်ဆယ့်ငါးမိနစ်ခန့်အကြာတွင် ကိုက်ငါးရာခန့်အဝေးရှိ စိုင်အုပ်ကို တွေ့ရပါတော့သည်။
သစ်ပင်များကို အကာအကွယ်ယူပြီး စိုင်အုပ်အနီးသို့ တစ်ဖြည်းဖြည်း ချည်းကပ်ကြပါသည်။
စိုင်အုပ်မှာ ညိုဝါရောင်နွားအုပ်နှင့်တူပြီး ဆယ်ကောင်မှဆယ့်နှစ်ကောင်ခန့် ရှိမည်ဖြစ်ပါသည်။ စိုင်အုပ်မှာ အမြင့်ပေ(၅၀)ခန့်ရှိသည့် တောင်ကြောပေါ်မှ မိမိတို့ကို ဘယ်ဘက်ဘေးခြမ်းပေးပြီး အစာစားရင်း လျှောက်နေကြပါသည်။
ကိုက်နှစ်ရာခန့်အထိ ကပ်မိသည့်အခါ မုဆိုးကျော်စိန်ညိုက မိမိအားပစ်ရန် လက်ရိပ်ပြလိုက်ပါသည်။ မိမိသည် နှစ်လုံးပူးရိုင်ဖယ်ကြီး၏ဆိုက်ကို ကိုက်နှစ်ရာသို့ တင်လိုက်ပြီး သစ်ပင်၏ဝဲဘက်မှကပ်၍ အသက်မှန်မှန်ရှုကာ ပစ်မှတ်ကို ချိန်လိုက်ပါသည်။
စိုင်အုပ်ထဲမှ နောက်ဆုံးကျန်သည့် စိုင်တစ်ကောင် သာ မြင်ရပါတော့သည်။ ကျွန်တော်သည် အချိန်မဆွဲတော့ဘဲ ညာဘက်စိုင်မောင်းကိုတင်ပြီး စိုင်၏ဝဲဘက်လက်ပြင်သို့ ချိန်၍ ပစ်လိုက်ပါသည်။
“ဒိုင်း”ဆိုသော လေးရာလေးရာ့ငါးဆယ် နှစ်လုံးပူးရိုင်ဖယ်ကြီး၏အသံမှာ တစ်တောလုံး၊ တစ်တောင်လုံး ကျယ်လောင်စွာမြည်ဟိန်းသွားပါသည်။ စိုင်မှာလဲမသွားဘဲ ပြေးလည်း မပြေးနိုင်တော့ပါ။ တစ်ဖြည်းဖြည်းလမ်းလျှောက်နေသည်ကိုသာ တွေ့ရပါသည်။
မုဆိုးကျော်စိန်ညိုက အချိန်ဆွဲမနေတော့ဘဲ စိုင်၏ဝဲဘက်လက်ပြင်ကို ပွိုင့်သုံးရာ့သုံး ရိုင်ဖယ်ဖြင့်ပစ်လိုက်ရာ စိုင်မှာ ညာဘက်သို့လဲကျသွားပါသည်။
ပွိုင့်သုံးရာ့သုံးရိုင်ဖယ်၏ အသံမှာ လေးရာလေးရာ့ငါးဆယ် နှစ်လုံးပူးရိုင်ဖယ်ကြီး၏အသံနှင့် နှိုင်းစာပါက ပွိုင့်နှစ်နှစ်ရိုင်ဖယ်၏အသံဟု ထင်ရပါသည်။
ကျွန်တော်တို့နှစ်ယောက်လည်း စိုင်လဲနေသည့် တောင် ကြောပေါ်သို့ အပြေးတက်သွားကြပါသည်။ စိုင်မှာ လှုပ်ရှားမှု မရှိတော့ဘဲ ဇီဝိန်ချုပ်နေပါသည်။ ကျွန်တော်ပစ်လိုက်သည့် ပွိုင့် လေးရာငါးဆယ်ကျည်မှာ စိုင်၏ ဘယ်ဘက်ပေါင်ရင်းမှ ညာဘက် ပေါင်ရင်းသို့ ဖောက်ထွက်သွားပါသည်။
ဒဏ်ရာမှာ အလွန်ပြင်းထန်သဖြင့် နောက်ထပ်ဆယ်လှမ်းခန့်သွားလျှင် ယင်းစိုင်မှာ အလိုအလျောက် လဲသွားမည်ဖြစ်ပါသည်။
ပွိုင့်လေးရာငါးဆယ်ကျည်မှာ နှစ်မျိုးနှစ်စားရှိပါသည်။ တစ်မျိုးမှာ ပြောင်နှင့်ဆင်ကဲ့သို့ အရေထူပြီး အရိုးကြီးသည့် သားကောင်ကြီးများကိုပစ်ရန် ထိပ်ဖူးအမာဖြစ်ပြီး၊ ကျန်တစ်မျိုးမှာ ကျား၊ စိုင်၊ ဆတ် အစရှိသော အရေပါးပြီး အရိုးမကြီးလှသည့် သားကောင်ကြီးများကိုပစ်ရန် ထိပ်ဖူးအပျော့ ဖြစ်ပါသည်။
ကျွန်တော်သည် ထိပ်ဖူးအမာဆယ်တောင့်နှင့် ထိပ်ဖူးအပျော့ ဆယ်တောင့်စီယူလာပြီး ယာဘက်ပြောင်းတွင် ထိပ်ဖူးအမာထည့်ပြီး ဝဲဘက်ပြောင်းတွင် ထိပ်ဖူးအပျော့ထည့်ထားပါသည်။ စိုင်မှာ ထိပ်ဖူးအမာဖြင့်ထိမှန်သွားသဖြင့် ဝဲဘက်ပေါင်ရင်းမှ ယာဘက်ပေါင်ရင်းသို့ အရိုးကိုမထိဘဲ ဖောက်ထွက်သွားခြင်း ဖြစ်ပါသည်။
အကယ်၍သာ ထိပ်ဖူးအပျော့ဖြင့် ပစ်လိုက်ပါက ကျည်ဆံသည် အပြင်သို့ဖောက်ထွက်သွားမည်မဟုတ်ဘဲ အစိတ်စိတ်အမွှာမွှာ ကွဲသွားပြီး စိုင်၏ကိုယ်တွင်းမှာပင်ရှိနေပြီး ထိအားအလွန်ကောင်းသဖြင့် ချက်ချင်းမသေနိုင်သော်လည်း ထိုနေရာမှာပင် လဲကျသွားမည် ဖြစ်ပါသည်။
မုဆိုးကျော်စိန်ညိုနှင့် ကျွန်တော်တို့သည် လဲနေသည့် စိုင်ရှိရာ တောင်ကြောပေါ်သို့ အပြေးတက်သွားပြီး အခြေအနေကို ကြည့်ရှုစစ်ဆေးကြပါသည်။ စိုင်မှာ အစ်မဖြစ်ပြီး၊ ယာဘက်သို့ လဲကျပြီးသေနေပါသည်။
စိန်ညိုပစ်လိုက်သည့် ပွိုင့်သုံးရာ့သုံး ကျည်မှာ ဝဲဘက်လက်ပြင်ကိုထိပြီး ယာဘက်ရှိအရိုးကိုထိဟန် တူပါသည်။ ကျည်မှာဖောက်ထွက်သွားခြင်းမရှိဘဲ အထဲတွင် မွေ့သွားသည်ဟု ယူဆရပါသည်။ ကျွန်တော်တို့သည် ပျဉ်းကတိုးပင်ကြီး၏ ခြေရင်းတွင်ပါလာသည့် ပလတ်စတစ်မိုးကာစများကို လေးတိုင်စင်ပြုလုပ်ပြီးနားနေရင်း အမောဖြေနေကြပါသည်။
ပလတ်စတစ်မိုးကာပေါ်တွင်တင်နေသည့် မိုးရေများကို လက်ခုပ်ဖြင့်ခပ်ယူပြီး တစ်ဝကြီးသောက်ချလိုက်ပါသည်။ ခေတ္တမျှ နားပြီးသည့်အခါတွင် အမောပြေသွားပါသည်။
စိန်ညိုသည် ပတ်ဝန်းကျင်သို့ လေ့လာရေးထွက်ပါသည်။
စိုင်အုပ်သည် ဤပတ်ဝန်းကျင်မှာပင် ရှိနေသေးကြောင်း၊ ခြေရာများ ရှုတ်ရှက်ခတ်နေလောက်အောင် တွေ့ရှိခဲ့ရကြောင်း၊ အချိန်လည်းရှိနေသေး၍ စိုင်အုပ်နောက်သို့ ဆက်လိုက်ရန်အကြံပြုပါသည်။
နာရီကြည့်လိုက်ရာ ကိုးနာရီပင်မထိုးသေး၍ မိမိလည်း အလွယ်တကူ သဘောတူပြီး ဆက်လိုက်ကြပါသည်။
ထိုစဉ်က ကျွန်တော်အမဲလိုက်သွားတိုင်း ယူနီဖောင်းအပြည့်အစုံ ဝတ်ဆင်လေ့ရှိပါသည်။ တောဆောင်းဦးထုပ်၊ တောစီးဖိနပ်နှင့် ဘွတ်ရှ်ကုတ်ခေါ် ယခု ဆာဖာရီ ကုတ်နှင့်တူသည့်အင်္ကျီကို ဝတ်လေ့ရှိပါသည်။
ဘွတ်ရှ်ကုတ်သည် ခါးတွင် သီးခြားအဝတ် ခါးပတ်ကလေးပါသည်မှလွဲ၍ လက်ရှည်ဖြစ်ပြီး ဆာဖာရီကုတ်နှင့်တူကာ အောက်ဘက်ရှိအိတ်ထောင် နှစ်ခုထဲတွင် ကျည်ဆံများထည့်၍ ကောင်းပါသည်။
ဒီတစ်ခါတော့ ကျွန်တော်တို့သည် စိုင်အုပ်နောက်သို့ အပြေးမလိုက်ကြတော့ဘဲ မှန်မှန်ပင် လမ်းလျှောက်ပြီးခြေရာခံ၍ လိုက်ကြပါသည်။
စိုင်အုပ်သည် တောင်ကုန်းကလေးများပေါ်သို့ တက်လိုက် ဆင်းလိုက်နှင့် မြေပြန့်တွင် ကွေ့ပတ်သွားလာနေသည့် ခြေရာများကို တွေ့ရပါသည်။
ထူးဆန်းသည်မှာ စိုင်အုပ်သည် လျှိုတွင်းသို့ဆင်းသွားခြင်းမရှိ။ တောင်မြင့်မြင့်ပေါ်သို့ တက်သွားခြင်းလည်းမရှိဘဲ သစ်ပင်ချုံနွယ်များ စားထားသည့် အစအနများကိုလည်း မတွေ့ရခြင်းပင် ဖြစ်ပါသည်။
အချို့နေရာများတွင် စိုင်ခြေရာများ ကွေ့ပတ်သွားထားသကဲ့သို့ ထပ်နေပါသည်။ ခြေရာများမှာ လတ်လတ်ဆတ်ဆတ်ဖြစ်သော်လည်း မည်သည့်ခြေရာ အရင်ကျသည်။ မည်သည့်ခြေရာများ နောက်ကျသည်ဟူ၍ပင် ခွဲခြားနိုင်ရန် ခက်ခဲနေပါသည်။
ဤသို့အားဖြင့် ကျွန်တော်တို့သည် စိုင်အုပ်နောက်သို့ တစ်နာရီခန့်ကြာသည်အထိ ခြေရာခံပြီး လိုက်နေကြပါသည်။
စိုင်အုပ်သည် မမျှော်လင့်ဘဲ ကျွန်တော်တို့ရှေ့တူရှုရှိ တောင် ကုန်းဆင်ခြေလျောမှဆင်းပြီး အမြီးများထောင်ကာ ပါးစပ်များမှ အမြှုပ်များထွက်ကာ နွားများစိတ်ဆိုးသည့်အခါ အော်သကဲ့သို့ အော်ပြီး ကျွန်တော်တို့တည့်တည့်သို့ ပြေးဆင်းလာကြပါသည်။
ကျွန်တော်လည်း ရုတ်တရက်အံ့အားသင့်သွားသဖြင့် စိုင်များသည် “ဝူး”ဟု အော်သည်လော၊ “ဘူး”ဟု အော်သည်လောဆိုသည်ကို မခွဲခြားနိုင်ခဲ့ပါ။
စိန်ညိုသည် ကျွန်တော့်အားရှောင်ပေးရန် လက်ပြ
လိုက်သဖြင့် ကျွန်တော်သည် ယာဘက်ရှိပျဉ်းကတိုးပင်ကြီးနောက်သို့ ပြေးကပ်လိုက်ပါသည်။ ချက်ချင်းပင် နှစ်လုံးပူးရိုင်ဖယ်ကြီး၏ စိုင်မောင်းနှစ်ခုစလုံးကို တင်လိုက်ပါသည်။
သေနတ်ကို ပုခုံးပေါ်သို့ တင်ချိန်မရတော့ပဲ ခါးမှပင် ကျွန်တော့်ဘေး ဆယ်ပေခန့်မှ ပြေးသွားသည့်စိုင်အုပ်ထဲသို့ ပစ်လိုက်ပါသည်။
ညာဘက်ပြောင်းမှ ကျည်ဆံသည် ကျွန်တော့်ရှေ့ တစ်ကိုက်ကျော်ကျော်ရှိ မြေကြီးကို ထိမှန်ပြီး ကိုးလက်မခန့်နက်သည့် ချိုင့်ကြီးဖြစ်သွားပါတော့သည်။
ဘယ်ဘက်ပြောင်းမှကျန်သည့်ကျည်ဆံဖြင့် ပေသုံးဆယ်ခန့် ဝေးသွားသည့် စိုင်အုပ်ထဲသို့ ခါးမှပင် ထပ်မံပစ်ခတ်လိုက်ပါသည်။
စိုင်များကို ထိမှန်ခြင်းမရှိ၍လော သို့မဟုတ် ချက်ကောင်းကို မထိ၍လောဟု မသိပါ။ စိုင်အုပ်ကတော့ ပြေးမြဲပြေးနေပါသည်။
အမှန်မှာ ဤသေနတ်ကြီးဖြင့်ပစ်လျှင် နေရာမှာပင် စိုင်နှစ်ကောင်လောက် လဲနေရမည် ဖြစ်ပါသည်။ ကျွန်တော်သည် ချက်ချင်းပင် ဘွတ်ရှ်ကုတ်၏ ဘယ်ဘက်အောက် အိတ်ထောင်အတွင်းမှ ထိပ်ဖူးပျော့ကျည်နှစ်တောင့်ကိုယူပြီး ကျည်ဖြည့်ကာ ညာဘက်မောင်းကို တင်လိုက်ပါသည်။
စိုင်အုပ်သည် အပြေးအတော်မြန်ပါသည်။ ချောင်းကလေးကိုကျော်ပြီး တောင်ကုန်းပေါ်သို့ ပြေးတက် နေကြပါသည်။
ကျွန်တော် ပစ်ရန်ချိန်ရွယ်လိုက်သည့်အခါတွင် ကိုက်သုံးရာခန့်အကွာသို့ရောက်နေသဖြင့် ဆိုက်ကို ကိုက်သုံးရာတင်ပြီး နောက်ဆုံးကျန်သည့် စိုင်၏ ဦးခေါင်းကို ချိန်ပြီးပစ်လိုက်ပါသည်။
ပစ်လိုက်သည့် ထိပ်ဖူးအပျော့ကျည်မှာ စိုင်၏ ကျောကုန်းတည့်တည့်သို့ ထိမှန်ပြီး တောင်ကုန်းပေါ်မှလန်ကျကာ ချောင်းကလေးထဲသို့ ကျရောက်သွားပါသည်။
ကျွန်တော်တို့ ချောင်းကလေးအနားသို့ ရောက်သွားသည့်အခါ စိုင်မှာ ခြေလေးချောင်းအပေါ်သို့ထောင်ပြီး ယက်ကန်ယက်ကန်နှင့် အသက်ငင်နေသည်ကို တွေ့ရှိရပါသည်။
ကျည်ဆံမှာ ဝမ်းဗိုက်သို့ဖောက်ထွက်လာခြင်းမရှိသဖြင့် အထဲတွင် မွှေသွားပြီး ထိချက်နာပါသည်။ယင်းစိုင်မှာလည်း အစ်မပင်ဖြစ်ပါသည်။
စိန်ညို၏ ရိုင်ဖယ်မှပစ်သံတစ်ချက်မျှ မကြားရသဖြင့် မည်သည့်အကြောင်းကြောင့် ပစ်ခတ်ခြင်းမရှိသည်ကိုမေးရာ မောင်းထိန်းခလုတ်ပိတ်ထားသဖြင့် ပထမတစ်ချက် မပစ်လိုက်ရကြောင်း၊ မောင်းထိန်းခလုတ်ကို ဖွင့်လိုက်သော်လည်း မောင်းမှာ ဟတ်(ဖ်)ကော့ ဖြစ်သွားသဖြင့် ပစ်၍မရကြောင်း၊ အချိန်မှာ အလွန်မြန်သဖြင့် မောင်းထိန်းခလုတ်ကို မပြုပြင်နိုင်တော့ကြောင်း ပြန်ပြောပါသည်။
ကျွန်တော်သည် ပထမဦးဆုံးပစ်လိုက်သည့် မတော်တဆထွက်သွားသည့် ကျည်ဆံနှစ်တောင့်နှင့် တတိယပစ်ပြီး စိုင်ကိုထိမှန်သည့် ကျည်တို့အကြားတွင် တစ်ဆယ့်ငါးစက္ကန့်မျှသာ ကြာမည်ထင်ပါသည်။
နာရီကို ကြည့်လိုက်ရာ တစ်ဆယ့်တစ်နာရီပင် မထိုးသေးပါ။ ပစ်၍ရထားသည့် စိုင်များကို မည်သို့သယ်ယူမည်ကို စိန်ညိုနှင့် တိုင်ပင်ရပါသည်။
မိမိတို့ရောက်ရှိနေသည့်နေရာနှင့် စခန်းမှာ နှစ်မိုင်ကျော်ခန့်သာ ဝေးကြောင်း၊ ဖြတ်လမ်းမှ သွားလျှင် နာရီဝက်ကျော်ကျော်ဖြင့် ရောက်နိုင်ကြောင်း၊ စခန်းရောက်မှ မြေသယ်ယာဉ်ဖြင့် ညောင်ခြေထောက်သို့ အထမ်းသမားများ သွားခေါ်မည်ဖြစ်ကြောင်း၊ အပြန်တွင် ထမင်းချိုင့်ယူလာမည်ဖြစ်ကြောင်း၊ အေးအေးဆေးဆေး နားနေရန်ပြောပြီး ပျဉ်းကတိုးပင်ကြီး၏အခြေတွင် ပလတ်စတစ်စဖြင့် လေးတိုင်စင်တဲကလေးထိုးပေးပြီး စိန်ညို ထွက်သွားပါတော့သည်။
ကျွန်တော်သည် နှစ်လုံးပူးရိုင်ဖယ်ကြီးကို ထိပ်ဖူး အပျော့ ကျည်နှစ်တောင့်ထိုးပြီး တင်ပ္ပလင်ခွေထိုင်၍ သေနတ်ကို ပေါင်ပေါ် တင်ကာ စောင့်ကျန်ခဲ့ပါသည်။
မကြာသေးမီက ပစ်ခတ်ထားသော လေးရာလေးရာ့ငါးဆယ်ကျည်ဆံလေးတောင့်၏ ကျယ်လောင်လှ သည့် ပေါက်ကွဲသံကြောင့် အနီးပတ်ဝန်းကျင်တွင် ဒုက္ခပေးနိုင်မည့် သားကောင်ကြီးများ ရှိမည်မထင်တော့ပါ။
သို့သော်လည်း စပါးကြီးမြွေ၏ရန်ကိုတော့ စိုးရိမ်ရပါသေးသည်။ ထို့ကြောင့် ကျွန်တော်သည် ပျက်စိရှင်ရှင်ဖြင့် ရုတ်တရက်ပေါ်ပေါက်လာနိုင်သည့် အန္တရာယ်ကို သတိကြီးစွာဖြင့် စောင့်ကြည့်နေရပါသည်။
နေ့လည်တစ်နာရီခန့်တွင် စိန်ညိုသည် အထမ်းသမား နှစ်ဆယ်ခန့်ကို ဦးဆောင်ပြီး ကျွန်တော့်ထံသို့ ပြန်လည်ရောက်ရှိလာပါသည်။
ပါလာသည့် ကြက်သားဟင်းနှင့် ထမင်းချိုင့်ကို တစ်ထိုင်တည်းမှာပင်ကုန်စင်အောင် စားပစ်လိုက်ပါသည်။
စိုင်သေနှစ်ကောင်မှာ တစ်ကောင်နှင့် တစ်ကောင် ကိုက်ငါးရာခန့်သာ ကွာသဖြင့် အဖွဲ့နှစ်ဖွဲ့ခွဲပြီး ဖျက်ကြရန်နှင့် ချိုနှင့်အရေများပါမကျန် ယူရမည် ဖြစ် ကြောင်း ပြောလိုက်ပါသည်။
အပြန်ခရီးတွင် လေထီးခုန်သည့် သားရေဖိနပ်ကြီးကို ချွတ်ပြီးလည်းကောင်း၊ ရိုင်ဖယ်ကြီးထဲမှ ကျည်ဆံနှစ်တောင့်ကို ထုတ်ယူပြီးလည်းကောင်း၊ အထမ်းသမားတို့ကို အပ်လိုက်ပြီး တောင်ဝေးဖြင့်ထောက်ကာ စိန်ညိုပြသည့်ဖြတ်လမ်းအတိုင်း တောင်တက်တောင်ဆင်းလမ်းဖြင့် စခန်းသို့ ပြန်ခဲ့ပါသည်။ စခန်းသို့ ပြန်လည်ရောက်ရှိသည့်အခါ ညနေခြောက်နာရီခန့်ရှိနေပြီဖြစ်သဖြင့် ကျွန်တော်တို့သည် မနားကြတော့ဘဲ စခန်းစောင့်မောင်နုနှင့်အဖွဲ့အား စိုင်သားနှစ်ပိဿာခန့်ကိုဟင်းစားပေးပြီး မြေသယ်ကားကြီးဖြင့် ဆင်တဲသို့ ပြန်လည်ထွက်ခဲ့ကြပါသည်။
ညောင်ခြေထောက်သို့ ရောက်သည့်အခါ ကားကိုခေတ္တရပ်ပေးပြီး အထမ်းသမားများအား လုပ်အားခ အဖြစ် စိုင်သားနှစ်ပိဿာခန့်စီပေးပြီး ဆက်လက်ထွက်ခဲ့ကြရာ ည ခုနစ်နာရီခွဲခန့်တွင် ဆင်တဲသို့ရောက်ကြပါသည်။ အမှတ်(၃) ကာကွယ်ရေး ပစ္စည်းစက်ရုံမှအရာရှိများနှင့် ဆင်တဲတပ်ဆွယ်မှ ဝန်ထမ်းများကို စိုင်သားအနည်းငယ်စီ ဟင်းစားပေးလိုက်ပါသည်။
ချက်ချင်းပင် စိုင်သားများကိုတင်ပြီး ပဲ့ချိတ် စက်ရေယာဉ်ဖြင့် ပြည်ဘက်သို့ကူးသွားပါသည်။
ပြည်ဘက်သို့ ရောက်သည့်အခါ အမှတ်(၉ဝ၃) စစ်မြေပြင်တပ်ခွဲ (အင်ဂျင်နီယာ)မှ အရာရှိများကို စိုင်သားဟင်းစားအနည်းငယ်စီပေးပြီး ကျန်အသားများကို အသင့်ပြုလုပ်ထားသည့် ဂျစ်ကားထရေလာပေါ်ရှိ သစ်သားသေတ္တာကြီးထဲတွင် ပလတ်စတစ်အိတ်များတွင်ထည့်ကာ ရေခဲများဖြင့်အုံထားပါသည်။
နောက်နေ့နံနက်စောစော ရန်ကုန်သို့ ဆက်ထွက်ပြီး တပ်ခွဲသို့ရောက်သည့်အခါ စိုင်သားအချို့ကို အရာရှိနှင့် ဝန်ထမ်းများအား ခွဲဝေပေးလိုက်ပါသည်။ အချို့ကို အရန်အဖြစ် ရေခဲသေတ္တာထဲတွင် ထည့်ထားလိုက်ပါသည်။
အိမ်သို့ရောက်သည့်အခါ စိုင်သားမှာ ငါးပိဿာမျှသာ ကျန်ပါတော့သည်။
ဤသို့အားဖြင့် ကျွန်တော်သည် မုဆိုးကြီးဘဝဖြင့် သားကောင်များကိုပစ်ခတ်ပြီး လူအများစားသုံးရန် ဝေငှပေးခဲ့သဖြင့် အကုသိုလ်အလုပ်နှင့် ကုသိုလ်အလုပ်နှစ်မျိုးစလုံးကို တစ်ချိန်တည်းမှာပင် ပြုလုပ်ခဲ့ပါသည်။
၄င်းနှစ်မျိုးကို နှိုင်းယှဉ်ပါက ကုသိုလ်က များမည်ထင်ပါသည်။ သို့သော် ဝဋ်ကတော့ခံခဲ့ရပါသည်။
ယင်း ဝဋ်ခံခဲ့ရသည့်အကြောင်းကို အလျဉ်းသင့်ပါက ဖော်ပြပါဦးမည်။
စိုင်ဆိုသည့် တောကောင်များသည် ၄င်းတို့အား ပစ်ခတ်သည့် မုဆိုးများကို ပြန်လည်တိုက်ခိုက်တတ် သည်ဆိုသည့် စကားပုံကို လက်တွေ့ ကြုံခဲ့ရသဖြင့် “မုဆိုးစိုင်သင်” သဘောပေါက်ခဲ့သည်။
ထို့ပြင် ပြောင်၊ စိုင်၊ ဆတ်၊ သမင် စသည့် တောကောင်အုပ်များတွင် အထီး တစ်ကောင်သာပါရှိကြောင်း၊ ၄င်းအုပ်စုခေါင်းဆောင်အထီးနောက်သို့ ကျန်အမများလိုက်ကြရသည့် တောတွင်းဥပဒေသအချို့ကိုလည်း သိရှိခဲ့ရပါသည်။
ထို့ကြောင့် ကျွန်တော်ပစ်လိုက်သည့် စိုင်နှစ်ကောင်မှာ အုပ်စုမှ နောက်ဆုံးကျန်ခဲ့သည့် အမများသာဖြစ်ကြပါသည်။
ဤသို့အားဖြင့် “မုဆိုးစိုင်သင်” ဆိုသည့်စကားပုံကို ကျွန်တော်ကိုယ်တိုင် သဲထိတ်ရင်ဖိုဖွယ်ရာ လက်တွေ့ကြုံခဲ့ရပါကြောင်း ရေးသားဖော်ပြလိုက်ရပါတော့သတည်း။
– ပြီး –
စာရေးသူ – ဗိုလ်လုံ
စာစီစာရိုက် – မုဆိုး တံငါ စာပေများ