မုဆိုး ဒေါင်းချောင်း
“အိုးဝေ … အိုးဝေ”
တောင်ညိုအနောက် ဆင်တောင်၏ ငမျှောင်ရိုးချောင်မှ ဒေါင်းဖို ဒေါင်းမတို့၏ အိပ်တန်းဆင်းအော်သံ၊ မြူးသံ ကြားလိုက်ရ၏။
“မုဆိုးကောင်း ဒေါင်းချောင်း” ဟု ဆိုသည့်အတိုင်း မုဆိုးကောင်းများအဖို့ ဒေါင်းရဖို့အတွက် လေအောက် ကိုက်တစ်ရာ့ငါးဆယ်မှ အသံလုံလုံဖြင့် ချောင်း ရ၏။
ဒေါင်းတို့မည်သည် အာရုံငါးပါး အနံ့ခံကောင်း၏။ ပါးနပ်လှ၏။ အရှင်ဖမ်းယူနိုင်ရေးအတွက် မလွယ်ကူပါ။ ဒေါင်းဖိုတို့အား ဒေါင်းမဖြင့် “တည်”ကာ ဖမ်းယူသောဓလေ့သည် နှစ်ပေါင်းများစွာကပင် မုဆိုးများ ကျင့်သုံးခဲ့ကြ၏။
ဗုဒ္ဓဘုရားအလောင်းသည်ပင် ဘဝများစွာ ကျင်လည်ခဲ့ရသဖြင့် ဒေါင်းဘဝ ရောက်ခဲ့ရ၏။ ဘုရားလောင်းဒေါင်းမင်းသည် ဒေါင်းဘဝမျိုး၌ ဖြစ်လင့်ကစား ဒေါင်းမင်းဖြစ်ကာ အလွန်သတိကောင်းလှ၏။
နံနက်နေထွက်၍ အိပ်တန်းဆင်းပြီဆိုပါက ဂါထာကို ရွတ်ဆိုပြီးမှ အိပ်တန်းဆင်းလေ့ရှိ၏။
ဤသို့ပင် အိပ်တန်းတက်သောအခါမှာလည်း ဂါထာကိုရွတ်ဆိုပြီးမှ အိပ်တန်းတက်လေ့ရှိသဖြင့် ရန်သူမျိုးအပေါင်းမှ ကင်းကွာရွှင်လန်းခြင်း ဖြစ်ရ၏။
သို့သော် ဤမျှ သတိထားကာ ဘုရားအလောင်းဒေါင်းမင်းဖြစ်စေကာမူ မုဆိုးက ဒေါင်းမနှင့်မြူ၍ဖမ်းသော် ရွတ်ဆိုနေ ကျဂါထာတော်ကိုမေ့ကာ သတိလစ်ပြီး မုဆိုး၏ ညွတ်ကွင်းတွင် အဖမ်းခံရကြောင်း ငါးရာ့ငါးဆယ်ဇာတ်တော်တွင် ဘုရားရှင် ဟောတော်မူခဲ့ပေ၏။
ယခု ကျွန်ုပ်နှင့် မုဆိုးကြီး ဦးဖဝေး၊ ဌာနေမုဆိုး ကိုတင်တို့သည် တောင်ညိုမှနေ၍ ငမျှောင်ရိုးချောင်ဆီသို့ ခြေလှမ်းများ တောင်ကြောလမ်းအတိုင်း သွက် သွက်လှမ်းနေကြ၏။
ငမျှောင်ရိုးချောင်တွင် ဒေါင်းများရှိသည်မှာ မဆန်းပါ။ ထိုချောင်တွင် စမ်းပေါက်များရှိပြီး ကန်စွန်းနှင့် တောငှက်ပျော အလေ့ကျစပါးတောကွက်နှင့် ကတွတ်ပင်၊ သပြေပင် စသည့် စားပင်များရှိပါသည်။
တောအမဲကလေးများထဲတွင် တောဝက်နှင့် ချေ၊ ဒရယ်၊ ဆတ်များ တွေ့ရတတ်ပြီး တောဝက်များသည် ကတွတ်သီး၊ ကတွတ်ဥများကို အလွန်ကြိုက် သဖြင့် ထိုစားပင်များအောက်တွင် အမြဲ တွေ့ရတတ်ပါလေသည်။
ကျွန်ုပ်တို့လိုချင်သည်မှာ ဒေါင်းတစ်ကောင် အရှင်ရဖို့ဖြစ်ပါသည်။
မှန်သည်။ ကျွန်ုပ်၏မိတ်ဆွေ သစ်တောအုပ်ကြီးက ရန်ကုန်သစ်တောဝန်ထံသို့ လက်ဆောင်ပေးရန်အတွက် ကျွန်ုပ်တို့မုဆိုးအဖွဲ့အား ဒေါင်းတစ်ကောင်ရှာပေးရန် တာဝန်ပေးထားပါသည်။
ဒေါင်းတစ်ကောင် အရှင်ရဖို့ အတွက် မုဆိုး ကိုတင်က ကျောလွယ်ခြင်းထဲတွင် သူ့မိတ်ဆွေထံမှ ယူလာသော ဒေါင်းမတစ်ကောင် ပါလာ၏။ ထို ဒေါင်းမဖြင့်မြှူကာ ကျော့ကွင်းဖြင့် ဖမ်းယူရန်ပင် ဖြစ်သည်။
ဤသို့ပင် နှစ်ပေါင်းများစွာက ဥဒေါင်းမင်းအား ဖမ်းယူသော နည်းအတိုင်း ယခုလည်း ဖမ်းယူရန် ကျွန်ုပ်တို့ သဘောတူခဲ့ကြပါသည်။
အမှန်မှာ တစ်ရက်တည်းနှင့် ဒေါင်းထီးတစ်ကောင်ရဖို့ မလွယ်ပါ။ နှစ်ရက် သုံးရက် အချိန်ယူကာ ဒေါင်းမကလေးအား နေ့စဉ်သတ်မှတ်ထားသောနေရာ တွင်ထားကာ “တည်”၍ ဖမ်းယူရမည် ဖြစ်သည့်အတိုင်း နံနက် ငါးနာရီကပင် ထ၍ လာခဲ့ခြင်းဖြစ်ပါသည်။
နေရောင်သည် နှင်းမြူများအတွင်း ထိုးဖောက်ကျစပြုလာပါသည်။ လေက တဟူးဟူး တိုးဝှေ့တိုက်နေ ၏။ နှင်းပွင့်များ လေနှင့်အတူ လွင့်ပါးလျက်ရှိနေချေသည်။
ကျွန်ုပ်သည် အမဲလေးများပစ်ခတ်ဖမ်းယူရန်အတွက် စပရင်းဖီး(လ်)ရိုင်ဖယ်ပါခဲ့သလို ဦးဖဝေးမှာဒသမ(၄ဝ၅) ရိုင်ဖယ်နှင့် မုဆိုး ကိုတင်တွင် ဒူးလေး ကြီးတစ်လက် ပါရှိပါသည်။
“ဂီး … ဂီး … ဂီး”
မုဆိုး ကိုတင်၏ နောက်ကျော ခြင်းထဲမှ ဒေါင်းမကလေး၏အသံ ဖြစ်ပါသည်။ ကျွန်ုပ်က ကိုတင်အား –
“ဗျို့ ကိုတင် ခင်ဗျားဒေါင်းမက ဂီး … ဂီး … ဂီး နဲ့ဘယ်လိုလဲဗျ။ ကြက်ဆင်ကြီးကျနေတာပဲ။ ဒေါင်းထီးက ဒီအသံကြားတာနဲ့ ခပ်ဝေးဝေး ထွက်ပြေးနေပါဦးမယ်”
ကျွန်ုပ်၏စကားကြောင့် ကိုတင် ရော ဦးဖဝေးပါ ရယ်လိုက်ကြပါသည်။ ကိုတင်က –
“ဗိုလ်လေးရေ သူက ဒီလောက်ပဲ အသံပေးနိုင်မှာပဲ။ ဒါပေမဲ့ ဒေါင်းထီးတွေက သူ့အသံကိုရော အနံ့ကိုရော တစ်မိုင်လောက်က ဖမ်းယူနိုင်တယ်ဗျ။ ဒေါင်းထီးတွေအဖို့ ရန်ကုန်က အဆိုတော်တစ်ဦး ရောက်လာသလား လာပြီးရစ်ကြမှာ မလွဲဘူး”
ကိုတင်၏စကားကြောင့် ကျွန်ုပ်မှာ တဟားဟား ရယ်လိုက်မိပါသည်။
လွန်ခဲ့သော ဒုတိယကမ္ဘာစစ်ကြီးအတွင်းတွင် မိတ်ဆွေကြီးတစ်ဦး မွေးနေ့ပွဲအတွက် ဝက်ဝံနှင့် ဒေါင်းများရရှိရေးအတွက် ကျွန်ုပ်နှင့် ရဲဘော်အချို့ အကူအညီပေးခဲ့ရပါသည်။
ထိုမိတ်ဆွေကြီးသည် ဒေသခေါင်းဆောင်တစ်ဦးဖြစ်ပြီး ကျွန်ုပ်တို့ စစ်မြင်းတပ်နှင့် အလွန်ရင်းနှီးလှပါသည်။
သူ၏မွေးနေ့ပွဲမှာ အမျိုးပေါင်း (၃၆)မျိုး ပါဝင်လျက် ကုန်ကျစရိတ် အနည်းဆုံး သောင်းချီ အကုန်ခံ ကျွေးမွေးသော ဧည့်ခံပွဲတစ်ခုပင် ဖြစ်ပါသည်။ ခေါင်းဆောင်ကြီး၏ အနွယ်များမှာ တရုတ်ပြည် ယူနန်ဖူးမှ ဆင်းသက်လာသော မင်းမျိုးမင်းနွယ်တစ်ဦးဟု သိရပါလေသည်။
ဟင်းအမျိုးပေါင်း (၃၆)မျိုးတွင် ဝက်ဝံနှုတ်ခမ်းသားနှင့် ဒေါင်းသား အစရှိသော အသားများအပြင် ပင်လယ်ထွက် ငါးမန်း၊ မိကျောင်းသားကအစ သူ၏ တပည့်များက ကြိုတင်ကာ လနှင့်ချီ၍ စုဆောင်းဝယ်ယူထားသဖြင့် ဤတစ်ကြိမ်သာ ထူးထူးခြားခြား စားသောက်ခဲ့ဖူးပါ၏။
xxx xxx xxx xxx
ကျွန်ုပ်နှင့် ရဲဘော်နှစ်ဦးသည် ခေါင်းဆောင်ကြီးမွေးနေ့ပွဲအတွက် နန်းမောတောင်တန်းတွင် ဝက်ဝံနှင့် ဒေါင်းများ ရရှိရေးအတွက် အမဲလိုက်ထွက်ခဲ့ကြပါ သည်။
ကျွန်ုပ်တို့အဖို့ ဝက်ဝံနှင့် ဒေါင်းပင်မက စိုင်နှင့် ပြောင်များရလျှင်လည်း ပစ်ယူမည်ဖြစ်ပါသည်။
နံနက်စောစောပင် လမ်းပြတစ်ဦး အကူအညီဖြင့် တောင်ခြေသို့ ရောက်ခဲ့ကြပါသည်။
နှင်းပင်လယ်ထဲတွင် ကျွန်ုပ်တို့တတွေ ခရီးနှင်လျက်ရှိနေရာ မြင်ရသော အရာဝတ္ထုတိုင်း နှင်းဖုံးထားသော သစ်ပင်သစ်တောများသာ ဖြစ်ပါ၏။ တစ်နာရီကျော်ကျော်မျှ တောင်ကြောများပေါ်တွင်ခရီးနှင်ရင်းက တောင်ကုန်းတစ်ကုန်းပေါ်တွင် ခေတ္တနားလိုက် ကြပြီး ထင်းခြောက်များစု၍ မီးများ ဖိုလိုက်ကြပါသည်။ ထိုအခိုက် –
“အိုးဝေ … အိုးဝေ”
တောင်ကြောအထက် တောင်ကပြန်ဆီမှ ဒေါင်းတွန်သံ ပေါ်ထွက်လာပါသည်။
ရဲဘော်နှစ်ဦး ပြေးထွက်သွားပါလေသည်။ လမ်းပြက –
“ဗိုလ်ကြီး ဒီဒေါင်းဟာ ဒေါင်းအိုကြီးတစ်ကောင် ဖြစ်ရမယ်”
လမ်းပြကပြောသဖြင့် ကျွန်ုပ်က-
“ဘာကြောင့် အသံကြားတာနဲ့ ဒေါင်းအိုလို့ ဆိုတာလဲ”
“အသံက လေးပြီး အသံတစ်ခုနဲ့ တစ်ခု ကွာလွန်းတယ်။ အာခေါင်ဇလုတ်သံ ပါနေတယ်။ ဒီဒေါင်းဟာ မြေပြင်ဆင်းပြီးရင် ဗြုန်းခနဲ မပျံနိုင်ဘူး”
ထိုအခိုက် –
“ဒိုင်း … ဒိုင်း”
သေနတ်သံနှစ်ချက်တိတိ ကြားလိုက်ရလေသည်။
“ဗိုလ်ကြီး ဒေါင်းကိုပစ်ရင် ဘယ်မှာကောင်းကောင်းစားရတော့မလဲ”
လမ်းပြက ပြင်းထန်သောရိုင်ဖယ်ဖြင့် ပစ်လိုက်သဖြင့် ဒေါင်း၏ အသည်းနှလုံးများကြေမွသွားမည်ဟုပြောလိုက်ခြင်းဖြစ်ပါသည်။
မကြာမီ ရဲဘော်နှစ်ဦး ဒေါင်းတစ်ကောင်နှင့် ကျားသစ်တစ်ကောင် ထမ်းလာကြ၏။ ဒေါင်းမှာ ဒေါင်းကြီးဖြစ်၏။ အရှင်လတ်လတ်ဖြစ်သည်။
“ဗိုလ်လေးရေ ကျွန်တော်တို့က ဒေါင်းကြီးကို ပြေးဖမ်းမယ်လုပ်တုန်း ဒီကျားသစ်က ဒေါင်းကို ခုန်အုပ်လို့ ပစ်ထည့်လိုက်ရတယ်။ ဒေါင်းကြီးတောင် လက်သည်းနဲ့ ကုတ်မိလို့ ဒဏ်ရာနည်းနည်းရသွားသေးတယ်”
ကျွန်ုပ်တို့အဖို့ ချက်ချင်းလိုပင် ဒေါင်းကြီးတစ်ကောင်နှင့် ကျားသစ်တစ်ကောင် ရလိုက်ပေပြီ။ လမ်းပြကလေး၏ စကားအရ ဒေါင်းကြီးမှ ဒေါင်းအိုတစ်ကောင်ပင် ဖြစ်သော်လည်း အမွေးအတောင်များကား ရွှေရောင်တောက်လျက် ရှိပါ၏။
ထိုစဉ် နေခြည်များ ထိုးကျလာပါသည်။ ကျားသစ်မှာ မကြီးလွန်း မငယ်လွန်းပါ။ ရဲဘော်နှစ်ဦးအား အရေခွံကို အထိအခိုက်မရှိစေပဲ အဖျက်ခိုင်းကာ အသားများကို မီးခဲတွင် တံစို့ထိုး၍ ကင်ထားလိုက်ပါသည်။ ကျားသစ်ရေအား နေရောင်တွင် လှန်းထားလိုက်၏။
အသားမီးကင်အနံ့သည် မွှေးပျံ့စွာ ထွက်ပေါ်လာပါသည်။
ထိုအခိုက် တောတိုးသံတစ်သံကို ကြားလိုက်ရပါသည်။ မည်သည့်အမဲကောင် ဖြစ်ပါသနည်း။
xxx xxx xxx xxx
လမ်းပြသည် ဒေါင်းကြီးအား ပါလာသည့်ဆန်များကို ကျွေးနေရာမှ-
“အား လာပြီ … လာပြီ” ဟု အော်လိုက်၏။
လမ်းပြအချို့မှာ တောင်ပေါ်တက်ရာတွင် ထမင်းထုပ်မပါလျှင် ဆန်များ ယူသွားတတ်သလို ကျွန်ုပ်တို့ လမ်းပြကလည်း ကျွန်ုပ်တို့စားဖို့အတွက်ပါ ဆန်ငါး လုံးခန့် ယူလာသည်။
သူသည် ဝါးတစ်လုံးခုတ်ယူပြီး ဆန်ကို ရေဆေး၍ ဝါးဆစ်ပိုင်းတွင်းထည့်ပြီး ရေနှင့်အတူ မီးရှို့ထားလိုက်ပါသည်။ ပိုသောဆန်ကို ဒေါင်းအား ကျွေးနေစဉ် သူက အော်လိုက်ခြင်းဖြစ်ပါသည်။
ထိုသတ္တဝါသည် အဝါရောင်လည်း မကျ၊ အဖြူရောင်လည်း မပီသသော သစ်တုံးကြီးတစ်တုံးကဲ့သို့ တရွေ့ရွေ့ တရှဲရှဲနှင့် ဖက်ကြီးချုံများအတွင်းမှ ခေါင်းထောင်ကြည့်လိုက်၏။
“ရှူး … ရှူး”
ကျွန်ုပ်တို့သည် ရိုင်ဖယ်ပြောင်းဝများအား ထိုသတ္တဝါ၏ဦးခေါင်းပိုင်းအား ညွှန်လိုက်ကြ၏။
“ဘာကောင်ကြီးလဲဗျ”
လမ်းပြကလေးအား မေးလိုက်ရသည်။
“အဲဒါ သစ်ဥစား ကင်းခြေများကြီး ခေါ်တယ်။ စားလို့ သိပ်ကောင်းတယ်။ ကင်နံ့ကြောင့် ထွက်လာတာပဲ”
ကင်းခြေများကြီးသည် တရွေ့ရွေ့ လှုပ်နေရာမှ ထွက်ပြေးတော့၏။ မီးရထားကြီးပြေးနေသကဲ့သို့တည်း။
“ဒိုင်း”
“ဒိုင်း”
ကျွန်ုပ် ဒသမ ၄၇၅ မဂ္ဂနမ်ရိုင်ဖယ်ကျည်သည် ဦးခေါင်းထိသွားပြီး ရဲဘော် ထွန်းမြိုင်၏ ရိုင်ဖယ်ကျည်က လည်ပင်းနေရာ ထိသွား၏။ သို့သော် လည်ပင်းဟူ ၍ မရှိသောသတ္တဝါပင်။
ကင်းခြေများကြီး လှုပ်နေသေး၏။ မသေသေးပဲ ရှိ၏။ လမ်းပြကလေးက နှုတ်ခမ်းပိုင်းကိုဓားဖြင့် ဖြတ်လိုက်မှ ငြိမ်သွား၏။
“ဒီအကောင်ကြီး တစ်ရက်တော့ ခံပါတယ်နော်”
“ခံပါတယ် ဗိုလ်ကြီး”
ကျွန်ုပ်၏မိတ်ဆွေ ငွေခွန်မှူးကြီး၏ မွေးနေ့တွင် ဟင်းတစ်ခွက် ကောင်းကောင်းဖြစ်ပါစေဟု စေတနာထားလိုက်ခြင်း ဖြစ်ပါသည်။ ရဲဘော်ကလေးနှစ်ဦး ကို ကင်းခြေများကြီးအား တောအင်ဖက်ကြီးများဖြင့်ပတ်ကာ ခြင်းထဲသို့ ထည့်စေလိုက်ပါသည်။
ဝါးဆစ်ဖြင့် မီးဖုတ်ထားသော ထမင်းများက ကောက်ညှင်းကျည်တောက်ကဲ့သို့ ကျက်နေ၏။ ကျွန်ုပ်တို့
ကလည်း ပေါင်မုန့်ခြောက်၊ အမဲခြောက်များ ပါသေးသည်။
ထိုအခိုက်…
ပုံပါးတောင်ရွာမှ ရွာသားငါးဦး ခြင်းများဖြင့် တောင်ပေါ်တက်လာ၏။ သူတို့မှာ မိတ်ဆွေကြီး၏ တပည့်များ ဖြစ်ကြသဖြင့် ကျွန်ုပ်က ဒေါင်းနှင့် ကင်းခြေများကြီးကို သူတို့၏လက်ကို အပ်လိုက်ပါ သည်။
“ခင်ဗျားတို့ ရွာသားဆယ်ဦးလောက် သေနတ်သံ နားထောင်ထားကြ။ ပုံပါးနဲ့ နန်းမောတောင်ကြားကို သွားမယ်။ အဲဒီမှာ ဝက်ဝံနဲ့ တောနွား (စိုင်) ရယ်၊ တောကျွဲရယ် တောင်ပေါ်မှာ လှည့်လည်ကျက်စားနေတဲ့ ဆင်တစ်အုပ်ရှိနေတယ်လို့ သိရတယ်။ ခင်ဗျားတို့ ခေါင်းဆောင်ကြီး မွေးနေ့ပွဲတက်မယ့် အမျိုးသားတွေအတွက် တောနွား၊ တောကျွဲ ပစ်ယူမယ်။ ရိုင်ဖယ်သံကိုသာ နားထောင်ပေတော့”
ကျွန်ုပ်၏စကားကို ခေါင်းတညိတ်ညိတ်နားထောင်ပြီး –
“ဟုတ်ကဲ့ … ဟုတ်ကဲ့ – ခမ်းဆေးကြီးကိုလည်း အကြောင်းကြားလိုက်ပါ့မယ်”
သူတို့ခေါ်သော ခမ်းဆေးသည် သူတို့ခေါင်းဆောင်ကြီးအား အမြတ်တနိုး ခေါ်လိုက်ခြင်းပင်။
ကျွန်ုပ်တို့အဖို့ မိတ်ဆွေကြီးမွေးနေ့ ပွဲအတွက် ဟင်းအမည်မျိုးစုံ မြိုင်ယံ ပုံပါးနှင့် နန်းမောတောင်ကြားဆီသို့ စားသောက်ပြီးသည်နှင့် ခရီးထွက်ခဲ့ပါသည်။ လမ်းပြက –
“ဗိုလ်ကြီး- ဟိုတောင်ကြားဒေသမှာ ရန်သူတွေရှိတယ်။ သူတို့တပ်တွေက နယ်စပ်တစ်လျှောက် ဖြန့်ထားတယ်။ ရွာတွေမှာလည်း သူတို့လူတွေရှိတယ်”
ကျွန်ုပ်က-
“ငါက မင်းတို့ ခေါင်းဆောင်ကြီးအတွက်တောင် အသေခံပြီး အမဲလိုက်ခဲ့သေးတာပဲ။ ဘာကြောက်စရာရှိသလဲ”
ယင်းသို့ ကျွန်ုပ်က ပြောလိုက်သဖြင့် ပုံပါးရွာသား အမျိုးသားမှာ မျက်လုံးများ ဝင်းလက်သွားပါလေသည်။
တောင်ကြောလမ်းဟူ၍ မည်မည်ရရ မရှိချေ။ တောကျွဲများသွားသောလမ်းနှင့် စိုင်များဖြတ်သောလမ်းအတိုင်းသာ ကျွန်ုပ်တို့ လိုက်ခဲ့ကြရ၏။
အချိန်မှာ နံနက်(၁ဝ)နာရီ။ ထိုအခိုက် ရုတ်တရက် ကောင်းကင်ပြင်မှ အသံကြီးတစ်သံကို ကြားလိုက်ရပါ သည်။
ကြည့်လိုက်ရာ ယူနန်တွင် တပ်စွဲထားသည့် အမေရိကန် ကျားပျံလေတပ်မှ တိုက်လေယာဉ်နှစ်စင်း ဗုံးကြဲလေယာဉ်နှစ်စင်း ပျံသွားသည်ကို တွေ့လိုက် ရလေသည်။
ကျားပျံလေတပ်သည် လားရှိုး၊ သိန္နီမြို့များအား ဗုံးကြဲတိုက်ခိုက်ကြပေမည်။
ထိုစဉ် ကျွန်ုပ်တို့၏ရှေ့တွင် သစ်ပင်ကြီးများ လှုပ်ယမ်းသွားကာ သစ်ပင်အချို့ ဝုန်းခနဲ လဲကျသွားသည်ကို တွေ့လိုက်ရ၏။ ကျွန်ုပ်တို့ရှေ့မှာပင် ချုံကြီးတစ်ချုံ တိုးလျက် ဆင်ရိုင်းကြီးသုံးကောင် ပေါ် ထွက်လာပါသည်။
ခေါင်းဆောင်ဆင်ကြီးသည် ကျွန်ုပ်တို့အား မြင်လိုက်သည်နှင့် နှာမောင်းကို မြှောက်ကာ “ကျီ” ခနဲ အော်လိုက်ပါသည်။ သူတို့၏မျက်လုံးများသည် ကျွန်ုပ်တို့အား မှုန့်မှုန့်ညက်ညက်ချေပစ်လိုသော မုန်းတီးသည့် မျက်လုံးအကြည့်ဖြင့်သာ ကြည့်လျက် ရှိကြပြီး ဝေါခနဲ တိုက်ခိုက်ရန် ပြေးသွားကြ၏။
“ပစ် – ပစ် – မျက်လုံးနဲ့ နားရွက်ကြား ဆက်ပစ်ကြဟေ့”
ကျွန်ုပ်သည် ချက်ချင်းပင် ဒသမ (၄၇၅) မဂ္ဂနမ်ရိုင်ဖယ်ဖြင့် ပထမဆုံး ဦးဆောင်ပြေးလာသည့် ဆင်ရိုင်းကြီးကို မျက်လုံးနှင့် နားရွက်ကြား ပစ်ချလိုက်ရ၏။
“ဒိုင်း”
ဒသမ(၄၇၅)မဂ္ဂနမ်ရိုင်ဖယ်ကျည်မာသည် ဆင်ရိုင်းကြီး၏ ဘယ်မျက်လုံးနှင့် နားရွက်ကြား ဖောက်ထွင်းသွားပြီး ဝုန်းခနဲ ပစ်လဲကျသွားတော့၏။
လက်ဖြောင့်ရဲဘော် ထွန်းမြိုင်နှင့် ကိုကြီးတို့ကလည်းဒသမ(၃၀၃) ဗြိတိသျှရိုင်ဖယ်ဖြင့် ပစ်လိုက်ကြ၏။ နှစ်ကောင်စလုံး ချက်ကောင်းထိ၍ တုန်ခါကာ တဖြည်းဖြည်း ရှေ့လက်ဖြင့် ဒူးထောက်ကာ လဲကျသွားတော့၏။
ကျွန်ုပ်တို့သည် ထိုနေရာတွင် တစ်နာရီခန့် စောင့်နေစဉ် မိန်းမရော ရွာသားများပါ လူနှစ်ဆယ်ခန့် ရောက်လာကြသည်။
သူတို့သည် ဒေသခံများ ဖြစ်ကြသည်။ ကျွန်ုပ်က ဆင်စွယ်ကို ကျွန်ုပ်တို့တပ်စခန်းသို့ပို့ရန် မှာကြားလျက် ခရီးဆက်ခဲ့ရပါသည်။
ရှေ့ခရီးသည် အလွန်အန္တရာယ်များလှပါသည်။ ပုံပါးနှင့် နန်းမောတောင်ကြားမရောက်မီ စမ်းချောင်းတစ်ချောင်းနှင့် ရေတံခွန်အထက် တောင်ပေါ်သို့ တက်ခဲ့ရာလူရိပ်အချို့ တောင်ပေါ်မှ ဆင်းလာသည်ကို တွေ့လိုက်ရ၏။
သေသေချာချာကြည့်လိုက်သောအခါ ရန်သူစစ်တပ်များ ဖြစ်နေတော့၏။ အလျင်အမြန်ပင် တောင်ကမ်းအောက်သို့ နွယ်ကြိုးများဖြင့် ဆင်းခဲ့ပြီးလျှင် ကျောက်လိုဏ်ဂူတစ်ဂူအတွင်းသို့ ဝင်လိုက်ကြရသည်။
ထိုဂူအတွင်း ဝင်လိုက်သည်နှင့် ကျွန်ုပ်တို့ မျက်လုံးများ ပြူးကျယ်သွားရတော့၏။
“ဂူး … ဂူး”
မှန်သည်။ သားသည်အမေ ဝက်ဝံမကြီးတစ်ကောင်သည် ကလေးအား နို့တိုက်လျက်ရှိနေ၏။ ဝက်ဝံမကြီးသည် ကျွန်ုပ်တို့အား မျက်တောင်မခတ် စိုက် ကြည့်လျက်ရှိ၏။ သူ၏ရင်ခွင်ထဲမှ ဝက်ဝံကလေးသည်ဝမ်းဗိုက်နှင့် မျက်နှာတွင် အဖြူမွေးများနှင့် အလွန်ကြည့်၍ လှပါ၏။
ကျွန်ုပ်တို့မှာ အဘယ်မှာ သူတို့သားအမိအား ရက်စက်နိုင်ပါမည်နည်း။
ထိုအခိုက်။ ဂူဝမှ ညိုမည်းသော သတ္တဝါကြီးတစ်ကောင်မှာ ဆန်ကောထက်ကြီးသော ပျားသလက်ကြီးကိုင်ကာ ပေါ်လာလျက် ကျွန်ုပ်တို့လူစုကို မြင်သောအခါ တစ်ချက် သွားဖြဲ၍ အော်လိုက်၏။
“ဂလူး … ဂလူး”
ဤအချိန်တွင် တောင်ကြောပေါ်မှ ရန်သူများ၏အသံ ပေါ်လာလေသည်။ ဝက်ဝံကြီးသည် ကျွန်ုပ်တို့က မည်သို့မျှ ရန်မမူမှန်း သိသောကြောင့် အတွင်းသို့ ဝင်လာပြီးလျှင်ဝက်ဝံမကြီးနှင့် သားငယ်အား ဖဲ့လာသော ပျားသလက်အား ချကျွေးလိုက်ပါ၏။
ကျွန်ုပ်တို့ကလည်း အချိန်အတော်ကြာ ထိုင်နေကြသလို ဝက်ဝံမကြီးနှင့် ဝက်ဝံအထီးတို့ကလည်း ရန်တုံ့မမူပဲ ရှိနေ၏။
ထိုနေရာသည် ဝက်ဝံမိသားစုနေထိုင်သော ကျောက်ကမ်းပါး၏ ဂူတစ်ဂူမှန်း သိရတော့သည်။
ကျွန်ုပ်က ရဲဘော်ထွန်းမြိုင်အား ရန်သူများအား စောင့်ကြည့်ခိုင်းလိုက်ပါသည်။
ရန်သူစစ်သားများသည် ကင်းလှည့်စစ်သားများဖြစ်ပြီး မကြာမီ တောင်ပေါ် သို့ တက်သွားကြောင်း သတင်းပို့လာပါသည်။
ကျွန်ုပ်တို့ကလည်း ချက်ချင်းပင် ဝက်ဝံ ဂူထဲမှ ထွက်လာကြရာ ဝက်ဝံမောင်နှံတို့က မျက်လုံးပြူးကြည့်လိုက်၏။ ရန်မူသောအရိပ်အယောင် မပြတော့။ တပ်မှ ပါလာသော မုန့်ခြောက်ထုပ်များကို ကျွန်ုပ်က ဂူထဲတွင် ထားပစ်ခဲ့ရာ ကျွန်ုပ်တို့ တောင်ကမ်းပါးယံအပေါ် ရောက်သောအခါ ဝက်ဝံအထီး၏ အော်သံကို ကြားလိုက်ရပါသည်။
ကျွန်ုပ်တို့ မိတ်ဆွေကြီး၏ ဧည့်ခံပွဲတွင် စားသောက်ဖွယ်မျိုးစုံ ဧည့်ခံခဲ့သော်လည်း ဝက်ဝံနှုတ်ခမ်းသားတော့ မပါရှိပဲ ဝက်နှုတ်ခမ်းသားဖြင့် အစားထိုးကာ ဧည့်ခံခဲ့ပါ၏။
(စော်ဘွားကြီးနှင့် ဂျပန်တပ်မ( ) မှ ဗိုလ်ချုပ်ကြီး၊ ဗိုလ်မှူးကြီးနှင့် တပ်ဗိုလ်များအပြင် မြန်မာစစ်တပ်မှ တပ်ရင်းမှူး တပ်ဗိုလ်များ၊ ဒေသခံ ဂုဏ်သရေရှိ လူကြီးများ၊ မြို့စားများအထိ ဧည့်ခံပွဲသည် အထူးပင် မြိုင်ဆိုင်လှပါ၏။
ထိုစားသောက်ပွဲကြီး ပြီးသောအခါတွင်ကား ညဉ့်တစ်နာရီကျော် နှစ်နာရီခန့် ရှိလေပြီ။
အားလုံး ပြန်သွားသောအခါတွင် မိတ်ဆွေကြီးက ကျွန်ုပ်အား သူ၏အိမ်တွင်း ခေါ်သွားလျက် လှောင်အိမ်ဖြင့်ထားသော ဒေါင်းကြီးကို ပြလိုက်၏။
“ခင်ဗျားကို ကျေးဇူးတင်ပါတယ် ဗိုလ်စိန်တင်။ ဒီဒေါင်းကို ပို့လိုက်ကတည်းက ကျုပ်ဇနီး သိပ်ဝမ်းသာသွားပါတယ်။
သူ့ရဲ့အကြောတွေ မလှုပ်နိုင်တဲ့ရောဂါလည်း ပျောက်သွားတဲ့အတွက် မသတ်တော့ပဲ ကျုပ်ဇနီးကို ကျုပ်မွေးနေ့မှာ လက်ဆောင်ပေးလိုက်ပါတယ်”
မင်္ဂလာရှိသောစကားပင်တည်း။ ဝမ်းသာခြင်းသည် ရောဂါဘယကို သက်သာစေသည်မဟုတ်ပါလား။
xxx xxx xxx xxx
ယခုတစ်ကြိမ် ကျွန်ုပ်တို့သည် ဒုတိယကမ္ဘာစစ်ကြီး ပြီးသည့်နောက် ဒေါင်းတစ်ကောင်ရရှိရေးအတွက် အင်္ဂပူမြို့နယ် ထူးကြီးတောင်တန်းမှ မျှင်ဝါးတောင်နှင့် တောင်ညိုကိုဖြတ်၍ ငမျှောင်ရိုးချောင်ဆီသို့ လာခဲ့ကြ၏။
နေခြည်များ နှင်းမြူများအတွင်းမှ ထိုးဖောက်ကာ စီးဆင်းလာခဲ့၏။
“ဂီး … ဂီး … ဂီး”
ကိုတင်၏ ကျောလွယ်ခြင်းထဲမှ ဒေါင်းမကလေး၏ အော်သံက ပေါ်လာ၏။ အသံက တိုးညှင်းလှသည်။အလွန်ပင် တိုးညှင်းလှသော်လည်း တောတောင်ထဲ တွင် ကျယ်လောင်လှ၏။
ထိုအခိုက် မနီးမဝေးဆီမှ ဒေါင်းအော်သံ ပေါ်ထွက်လာပါသည်။
ကိုတင်က-
“ဟုတ်ပြီဗျို့- အလွန်နီးစပ်တယ်။ ငမျှောင်ရိုးချောင်အနီးတောစပ် ချုံဘေးမှာပဲ သူ့ကို ထားကြည့်မယ်။ပိုက်ကိုတော့ အပေါ်က ဆင်ထားမယ်။ ဝင်လာတာနဲ့ ပိုက်ကျလာမှာပဲ”
ငမျှောင်ရိုးချောင်အနီး တောင်ကမ်းပါးကန်စွန်းများနှင့် ကတွတ်ပင်၊ တောငှက်ပျော၊ မြက်စိမ်းတောအနီးတွင် ဒေါင်းမကလေးအား စပါးကျွေး၍ ခြေထောက်တွင် ကြိုးကလေးချည်ပြီး လွှတ်ထားလိုက်၏။
ကိုတင်က ဝင်လာသော ဒေါင်းဖိုအား ပိုက်ကွန်ဖြင့်အုပ်ဖမ်းဆီးရန် ချုံကြီးအပေါ်တွင် စီစဉ်ထားလိုက်၏။မြက်တောထဲမှ ကြိုးကို တိုက်လိုက်သည်နှင့် ပိုက် ကွန်က အုပ်ကျလာမည်တည်း။
ကျွန်ုပ်တို့သည် လေအောက် တောင်ကုန်းများပေါ်တွင် နေရာယူထားလိုက်ကြသည်။ မျက်ခြေမပြတ် စောင့်၍ အကဲခတ်ကြည့်ပါသည်။
ဒေါင်းမကလေးသည်အစာစားရင်းက ခေါင်းမော့၍ တွန်လိုက်၏။ သည်တစ်ခါ “အိုး-ဝေ”မဟုတ်။ “အာ-ဝေ” ဟူသောအသံ ပေါ်ထွက်လာပါသည်။
တဖြည်းဖြည်း နေဝန်း မြင့်လာသည်။ နေခြည်များ သစ်ရွက်သစ်ကိုင်းများကြားမှ ထိုးကျလာ၏။
ယခုအထိ ဘာမှ မထူးခြားသေး။ စောင့်ရသည်မှာ ပျင်းစရာကောင်းလှ၏။ ကျွန်ုပ်တို့အဖို့ ဒေါင်းမကလေးအတွက် အခြားရန်သူများက ရန်မူလာမည်ကိုလည်း အထူးသတိထားရလေသည်။
နံနက်ဆယ်နာရီကျော်သောအခါတွင် လျှပ်တစ်ပြက် ချုံတိုးသံ ကြားရ၏။ တစ်ချိန်တည်းမှာပင် တစ်ပင်မှတစ်ပင် ပျံလာသော တောင်ပံခတ်သံ ပေါ်ထွက် လာလေသည်။
တစ်ခဏအတွင်း မြေပေါ်သို့ ဒေါင်းတစ်ကောင် ဆင်းလာသည်ကို တွေ့လိုက်ရလေသည်။ လှလိုက်သည့်ဒေါင်း။ တွေ့ ရပြန်တော့ ဒေါင်းမင်း။
ဒေါင်းမင်းမျိုးကို ရဖို့မလွယ်။ အလွန်ရှားသော ဒေါင်းမျိုးဖြစ်သည်။
ကျွန်ုပ်တို့ ဒေါင်းမကလေးမှာ ခေါင်းကလေး ခါ၍ ခါ၍ အသံတစ်ချက် ပြုလိုက်သည်။ ဒေါင်းမင်းက ဒေါင်းမကလေးအနား ပြေးလာပြီးလျှင် အသံပြုလိုက်စဉ် အသင့်ထောင်ထားသော ပိုက်ကွန်ကြီးသည် အောက်သို့ ဝုန်းခနဲပြုတ်ကျလာတော့၏။
“မိပြီ … မိပြီ”
မုဆိုးကိုတင်က ပြောလိုက်စဉ် ဝုန်းခနဲ အသံတစ်သံ ကြားလိုက်ရပါသည်။
ဦးဖဝေးက-
“ဟာ- ကျားသစ်”
ကျွန်ုပ်သည် ဒေါင်းများအပေါ် ခုန်ဆင်းလာသည့် ကျားသစ်ကို ဆိုင်းမနေပဲ စပရင်းဖီ(လ်) ရိုင်ဖယ်ဖြင့် ပစ်ထည့်လိုက်ပါသည်။
“ဒိုင်း”
“အာဝု … အာဝု”
ကျားသစ်သည် သစ်ပင်တစ်ပင်မှ ခုန်ဆင်းလာသော်လည်း ကျွန်ုပ်က ဝါးလုံးထိုး ပစ်ချလိုက်သောကြောင့် လမ်းတစ်ဝက်မှာပင် လွင့်ထွက်သွားပါ၏။
ကော်ဒိုက်ယမ်းနံ့များ ထောင်းခနဲ ထသွားလေသည်။
ကျွန်ုပ်နှင့် ဦးဖဝေး၊ ကိုတင်တို့ အလျင်အမြန် ပြေး၍ တောင်ကုန်းကလေးမှ ဆင်းသွားစဉ် ကျွန်ုပ်သည် နောက်ထပ်သတ္တဝါတစ်ကောင်ကို လျှပ်တစ်ပြက်ပင် ပစ်ချလိုက်ရပါ၏။
“ဒိုင်း”
“ခွီး”
ကော်ဒိုက်ယမ်းငွေ့များအောက်တွင် ဖက်ကြီးချုံများ တိုးလာသည့် ထိုသတ္တဝါမှာ ကတွတ်ပင်ခြေရင်းတွင် လိမ့်ထွက်သွားပါတော့၏။
ထိုသတ္တဝါကား ကျားသစ်ကဲ့သို့ပင် ဒေါင်းများ ဆွဲစားရန် ရောက်လာသော ခွေးလောက်နီးပါးရှိသည့် အင်းကျားခေါ် ကြောင်ကြီးများကဲ့သို့ ကြီးမားသည့် ကြောင်မြင်းကြီး ဖြစ်ပါသည်။
ထိုသတ္တဝါများသည် သားစားသတ္တဝါများဖြစ်ပြီး ကျွန်ုပ်တို့ မကာကွယ်လိုက်ပါက ဒေါင်းနှစ်ကောင်စလုံး သေမည်မှာ သေချာလှပါ၏။
ခပ်စောစောက ကျွန်ုပ်ပစ်လိုက်သောကျားသစ်မှာ မသေသေး။
“ဂူး … ဂဲ ၊ ဂူး … ဂဲ”
ကျားသစ်သည် လက်ပြင်တွင် ဒဏ်ရာရကာ လျှိုရိုးဘေး ဝပ်နေ၏။ ကျွန်ုပ်က နောက်ထပ်ကျည်တစ်တောင့်ကို ကျားသစ်၏ နှာခေါင်းအထက် ပစ် သွင်းလိုက်ရသည်။
“ဒိုင်း”
“ဂရူး”
ကျားသစ် ပစ်လဲကျကာ ငြိမ်သွားတော့၏။ ကျားသစ်ကို သေသေချာချာ ကြည့်လိုက်ရာ ကျားသစ်အထီးမဟုတ်ပဲ ကျားသစ်မဖြစ်ကာ ခြောက်တောင်နီးပါး ရှိပါသည်။
ကျွန်ုပ်တို့ လိုချင်သော ဒေါင်းတစ်ကောင်အပြင် ကြောင်မြင်းနှင့် ကျားသစ်ကိုပါ အဆစ်ရလိုက်သဖြင့် အပြန်ခရီးအတွက် ပျော်ရွှင်စွာ ပြင်ဆင်လိုက်ရပါ သတည်း။
– ပြီး –
စာရေးသူ – မြဝဇီ