• July 1, 2025
  • admin
  • 0

တည်ကြည်
မုဆိုး

နက်ကြားပင် မျက်စိသူငယ် ဖြစ်နေရှာပြီ။ ဆောင့်ကြောင့်ထိုင်ကာ စိတ်ဓာတ်ကျနေဟန် ပြနေ၏။

ပန်းမလည်း စိုးရိမ်ပူပန်နေသည်က အမှန်။ တခါတရံ အားငယ်ပြီး ကြောက်စိတ်ပင် ဝင်လာတတ်သေးသည်။

သို့သော်လည်း သည်တော သည်တောင်တွင် နေတတ်သူဖို့ အားငယ်စိတ်ကို မကြာခဏ မောင်းနှင်ထုတ်နိုင်ခြင်း ဖြစ်သည်။ တခြားလူတယောက်ဆိုလျှင် မလွယ်။ ကြောက်စိတ်မွှန်ပြီး သေမည်က သေချာသည်။

ပန်းမ မသွားတတ်၊ မလာတတ် ဖြစ်နေပြီ ဆိုသည်ကို သတိပြုမိသည်က အချိန်အတန်ကြာကတည်းကပင် ဖြစ်သည်။ ဘယ်ရောက်၍ ဘယ်ပေါက်ပြီဆိုသည်ကို မှန်းဆမရကတည်းက မိမိ ကျင်လည်ကျက်စားသော တောတောင်ရေမြေတဝိုက် မဟုတ်တော့ပြီကို နားလည်၏။

သည်လို ဖြစ်ခဲ့ရသည်ကလည်း မနေ့က ညနေ အိမ်အပြန်တွင် မိုးမှောင်ကျလေသည်။ တတောလုံး တတောင်လုံး အမှောင်အတိ ဖုံးလွှမ်းသွားသည်။ အမှောင်ဖုံးသော်လည်း မိမိကျင်လည်ရာ ပတ်ဝန်းကျင်မို့ ခရီးသွားမပျက်ခဲ့။ အလွန်အားကိုးရသော နက်ကြားလည်း ရှိနေသည်မို့ ဘာကိုမျှ စိုးရိပ်ကြောင့်ကြခြင်း မရှိခဲ့။

မိုးမှောင်ကျနေရာမှ လေပြင်းတိုက်လာသည်။ မိုးပြင်း ရွာချလိုက်သည်။

နက်ကြားနှင့် ပန်းမတို့ သစ်ပင်ကြီးတပင်အောက်တွင် ဝင်ခို၏။ မိုးအစဲ လေပြင်း အရပ်ကို စောင့်သည်။

မျှော်လင့်သလို ဖြစ်မလာ။

မိုးက ပိုပြင်းပြင်းရွာသည်။ လေက ပိုကြမ်းကြမ်း တိုက်သည်။ အမှောင်က ပို၍ မည်းမှောင်မှု ထုထည် ကြီးမားလာသည်။

ကြာလျှင် တောထဲတောင်ထဲတွင် ညအိပ်ရမည်ကို ပန်းမ တွေးဆမိသည်။ သည်လိုဖြင့် မဖြစ်သေး။ နက်ကြားကို အချက်ပေးပြီး အမှောင်ထဲတွင် မှန်း ဆ၍ အပြန်ခရီးကို နှင်ကြသည်။

အကြာကြီး မနားတမ်း သွားသည့်တိုင် မိမိရွာ စမ်းပက်လက်သို့ မရောက်။ သည်မျှ ကြာကြာသွားရမည့် အကွာအဝေး မဟုတ်သည်ကို ပန်းမ သိ၏။ သို့ ပါလျက် ဘာကြောင့် သည်မျှ ကြာနေရသနည်း။

ပန်းမ ရင်တွေဖိုလာခဲ့၏။ ကြောက်စိတ်လိုလို ဝင် သေးသော်လည်း သတ္တိမသေးသော ပန်းမ ကြောက် စိတ်ကို ချက်ချင်း မောင်းထုတ်လိုက်သည်။

မကြာခဏ လျှပ်စီးရောင်များ လက်သောကြောင့် ထိုလျှပ်ရောင်ဖြင့် အသွားလမ်းကို ပြောင်းသည်။ နက် ကြားကလည်း သူသိလေဟန်ဖြင့် ဦးဆောင်သည်။

သည်လိုနှင့် ညတဝက်အကြာတွင် သစ်ပင်ခေါင်း ကြီးတခုထဲသို့ ဝင်၍ ခိုနေလိုက်တော့သည်။ နက်ကြားလည်း ချမ်းခိုက်ခိုက်တုန်နေသည်။ ပန်းမလည်း ခိုက်ခိုက်တုန်နေသည်။

သည်တကြိမ် ပန်းမ ကံဆိုး၏။

ထောင်ချောက်များတွင် တောကြက်သုံးကောင် မိရုံ မှအပ တခြားသားကောင်ကြီးကြီး အဘယ်သားကောင်မျှ မမိ။

ပန်းမ တောထဲတောင်ထဲတွင် သားကောင်ရှာဖွေခြင်းဖြင့် အသက်မွေးဝမ်းကျောင်းနေသည်က ကြာပြီ။

ယခင်က ဖခင်ကြီး၏ ဦးဆောင်သင်ပြမှုဖြင့် တော ကောင်ထောင်ခြင်းအတတ်ကို သင်ကြားလုပ်ကိုင်ခဲ့ရသည်။

ဖခင် ဆုံးပါးသွားသည့် နောက်ပိုင်းတွင် ပန်းမသည် မိခင်အိုကြီးကို ဖခင်ပေးခဲ့သော ပညာဖြင့် ဆက် လက်လုပ်ကိုင် ကျွေးမွေးခဲ့သည်။ မိမိကိုယ် မိမိ ဦး ဆောင်၍ နက်ကြားနှင့်အတူ တောကောင်ထောင် ဖမ်းသော အလုပ်ကို လုပ်ခဲ့သည်က ငါးနှစ်ပင် ပြည့်ခဲ့လေပြီ။ ယခုလို တခါတရံမျှ မျက်စိမလည်ဖူးပါ။ မသွားတတ် မလာတတ် မဖြစ်ဘူးပါ။

“အူ … ဝူ … အူ”

ပန်းမသည် အနောက်သို့ တိမ်းစောင်းစပြုပြီဖြစ်သော နေရောင်အောက်တွင် မားမားရပ်လျက် နယ် မြေအနေအထားကို သုံးသပ်ယင်း အတွေးပင်လယ်ထဲသို့ ရောက်နေရာမှ နက်ကြား၏ ဆွေးမြည့်စွာ အူလိုက်သံကြောင့် အတွေးကို လွင့်ပြယ်သွားတော့သည်။

နက်ကြားကို စိုက်ကြည့်သည်။ နက်ကြားသည် ပန်းမ၏ရှေ့တွင် ဟိုပြေးသည်ပြေး လုပ်နေ၏။

“နက်ကြား … လာ”

ဟိုပြေးသည်ပြေး လုပ်နေသော နက်ကြားကို ခေါ် လိုက်ယင်း တောအုပ်သို့ ဦးတည်ထွက်ခွာကြသည်။ တောအုပ်သည် ညို့နေ၏။ နေပြောက်ပင် ထိုးပုံမရ။ တောအုပ်အောက်တွင် ရေစပ်စပ်ရှိသော်လည်း သွား၍ လာ၍ အခက်အခဲ ရှိဟန်မတူဟု ပန်းမ တွက်ချက်ထားသည်။

သည်တောအုပ်မှ လွန်ပါက တောင်တလုံး မားမားကြီး ကာရပ်နေသည်ကို တွေ့ထားပြီးဖြစ်သည်။ ထိုတောင်ပေါ်သို့ တက်၍ မိမိဒေသ စမ်းပက်လက်ကို ရှာမည်ဟု စိတ်ကူး၍ ထိုနေရာသို့ ထွက်ခွာခြင်း ဖြစ်သည်။

“ရှူး”

နက်ကြား နှာတချက် မှုတ်လိုက်ပြီး တောအုပ်ထဲသို့ အတင်းပြေးဝင်သည်။ တောအုပ် ဟိုမှာဘက် အဝေး တွင် သားကောင်ငယ်တကောင် လှစ်ကနဲ ဖြတ်ပြေး သည်ကို နက်ကြား မြင်လိုက်ခြင်းကြောင့် ဖြစ်သည်။

ပန်းမသည် နက်ကြားနောက်သို့ အပြေး မလိုက်မိ။ ပြေးလိုက်ရန်လည်း ခွန်အားက မရှိလှ။ ပင်ပန်းနွမ်းနယ်ခြင်းသည် ညကတည်းက စိုးမိုးနေပြီး ဖြစ်သည်။

တောကြက်များကိုပင် မသယ်ဆောင်တော့ပဲ လွှတ် ခဲ့လေပြီ။ ထောင်ချောက်များနှင့်၊ လေးမြား၊ ပြီးတော့ ဘိုးစဉ်ဘောင်ဆက် ကိုင်လာခဲ့သော ဓားရှည်တို့ကိုသာ လွယ်ပိုးလာခဲ့သည်။

သည်ဓားရှည်သည် နှယ်နှယ်ရရ ဓားရှည်မဟုတ်။ အဘိုးလက်ထက်တွင် ကျားတကောင်ကို လုံးထွေး ထိုးနှက် အနိုင်ယူခဲ့ဖူးသော ဓား။

ပန်းမ ငယ်ငယ်က ပန်းမ၏ အဖေသည်လည်း ဝက်ဝံတကောင်နှင့် ကျားပေါက်တကောင်ကို ဤဓားဖြင့် လုံးထွေးအနိုင်ယူခဲ့ဖူး၏။

ပန်းမသည် သားကောင်ရရေးအတွက် မျှော်လင့်ချက် မထားပါ။ တောကောင်တို့၏ အနီးကပ်ရန်ကို ကာကွယ်နိုင်ရန် ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် ခရီးနှင်နေခြင်း ဖြစ်သည်။

ယခုလည်း နက်ကြား တောအုပ်ထဲသို့ အတင်း ပြေး ကတည်းက ဓားကို အသင့်ပြင်ဆင် ကိုင်ထားလိုက် သည်။

သားကောင်ငယ်များ အတင်း ဖြတ်ပြေးခြင်းသည် သာမန်ကိစ္ စမဟုတ်။ ကြောက်ရမည့် တောကောင်ရန်ကြောင့်၊ သို့မဟုတ် မုဆိုးရန်ကြောင့် ပြေးခြင်း ဖြစ်တန်၏။

X X X X X X X X X

ပန်းမသည် နက်ကြား ရေစပ်စပ်တွင် အတင်းပြေးသွားရင်း ခွေကနဲ ရေထဲ လဲကျသွားသည့် မြင်ကွင်း ကြောင့် ရင်ထဲ ထိတ်ကနဲ ဖြစ်သွားသည်။ စူးစူးစိုက်စိုက် ကြည့်နေမိသည်။

နက်ကြား လူးလွန့် ရုန်းနေ၏။ ရွှံတွေ ပေကျံကုန်၍ လား၊ သို့မဟုတ် သစ်ပင်ကြီးများပေါ်မှ တဖြုတ်ဖြုတ်ကျလာသော ဘာကောင်မှန်းမသိရသော အကောင်များကြောင့်လားတော့ မသိ။ နက်ကြား၏ အဖြူကွက်များပါသည့် အနက်ရောင်တို့သည် ပျောက်နေလေပြီ။

အပေါ်မှ ဘာကောင်မှန်း မသိရသော အကောင်များ ကလည်း သစ်ရွက်ကြွေဘိအလား ကျအား ပိုပင်ကောင်းနေသေးသည်။

“နက်ကြား …”

ပန်းမ စိုးရိမ်စွာ အော်ခေါ်လိုက်သည်။ ပြီးတော့ နက်ကြား လူးလွန့် နေရာသို့ ပြေးရန် အားပြုလိုက်သည်။

“ဟိတ် … ရပ်”

ပန်းမ၏ ဟန်ပြင်မှု တန့်ကနဲ ရပ်သွားသည်။ နောက် ဘက်သို့ ချာကနဲလှည့်ယင်း ဓားကိုလည်း အသင့် ထိုးခုတ်ရန် ပြင်လိုက်သည်။

“ဒိုင်း”

ပန်းမ မျက်လုံးများ ပြာဝေသွားသည်။ ကြက်သေ သေလျက် ဖြစ်သွားသည်။

“နင် ဟိုခွေးဆီ မသွားရဘူး”

ကြက်သေသေနေစဉ် ပန်းမ၏ ဓားကိုင်လက်ကို လိမ် ချုပ်လိုက်ရင်း သေနတ်သမားက ပြောလိုက်သည်။

“နင် လန့်နေတုန်းလား။ ငါ သေနတ်ကို အပေါ်ထောင်ပစ်လိုက်တာ”

လူရွယ်ကပြောရင်း သူ့ နှစ်လုံးပြူးကို ခါယမ်းပြလိုက်သည်။

သည်ကာလအထိ ပန်းမ စကားမပြောနိုင်သေး။ ရုန်း ဖယ်ခြင်း၊ ခုခံတိုက်ခိုက်ခြင်းမျိုးလည်း မလုပ်မိသေး။

“ငါ့ကို နင် ဓားနဲ့ ပြေးခုတ်မလို့ မဟုတ်လား”

“အေး … ဟုတ်တယ်”

“ဒါကြောင့် ငါ သေနတ်မောင်းဆွဲပြီး ဟန့်လိုက်ရ တာပေါ့”

“နင် ဘယ်သူလဲ … ဘယ်ကလဲ”

“နင်ရော”

“ငါ မုဆိုး”

ပန်းမက သူမ၏ အလိမ်ခံထားရသော လက်ကို ဆောင့်ရုန်းရင်း ပြောသည်။ ပြီးတော့ တအီအီဖြင့်
အော်ယင်း ရေစပ်စပ်တွင် လူးလွန့်နေသည့် နက်ကြားကို လှမ်းကြည့်သည်။

“နင့်ခွေး သေတော့မှာပဲ”

“သူ ဘာဖြစ်သွားသလဲ၊ ငါ အဲဒီ သွားမယ်”

“နင်ပါ သေသွားမယ်”

“ဘာ”

“နင် မုဆိုးဆို”

“ဟုတ်တယ်၊ ငါမုဆိုး”

“ငါလဲ မုဆိုးပဲ၊ နင့်ထက် ဒီနေရာအကြောင်း ပိုသိတဲ့ မုဆိုး”

“အင်း … ငါက မျက်စိလည်လာတာပဲ”

“ဟုတ်လား”

ပန်းမ ဘာမျှပြန်မပြော။ လူရွယ်ကို စိုက်ကြည့်သည်။ ချက်ချင်း ခွေးဆီသို့ မျက်လုံးရောက်သွားသည်။

“ငါ့ခွေးကိုယ်ပေါ်ကို ခုထိကျနေတာ ဘာတွေလဲ ”

“အဲဒါတွေကြောင့် နင့်ခွေး သေရမှာ”

“ဘာလဲ၊ အသားစားပင့်ကူ ဆိုတာတွေလား”

“မဟုတ်ဘူး၊ ဒါ မျှော့”

“မျှော့ … ဟုတ်လား”

“အင်း … ဒီနေရာက မျှော့အိုင်၊ အဲ့ဒီအောက်ကို ဘယ်သားကောင်မှ မဖြတ်ကြဘူး။ ဖြတ်မိရင်လဲ နင့် ခွေးလို ဖြစ်ရော။ သူတို့က သစ်ပင်ပေါ်မှာ နေကြတာ။ သွေးနံ့ရတာနဲ့ သစ်ပင်ပေါ်က ခုမြင်ရသလို အကုန်လုံး ခုန်ဆင်းလာတာပဲ။ သူတို့ တွယ်မိရင် သွေးမတိတ်တော့ဘူး”

ပန်းမ ကြက်သီးများ ထလာလေသည်။

“နင်သာ ငါ့ကို အချိန်မီမတားနိုင်ယင် ငါလဲ…”

ပန်းမ ဆက်မတွေးရဲသလို စကားလည်း မပြောနိုင် ဖြစ်သွားတော့သည်။ သူမသည် နက်ကြားကို ဝမ်းနည်းကြေကွဲစွာ စိုက်ကြည့်နေသည်။

နက်ကြားသည် ပန်းမ၏ အကောင်းဆုံးအဖော်မွန်။ ပန်းမ၏ သစ္စာရှင်။ ပန်းမ၏ ကစားဖော်။ ယခု နက် ကြား ငြိမ်သက်နေပြီ။ သူရှိရာသို့ ပန်းမ မသွားရောက်နိုင်။

ပန်းမသည် မျက်နှာကို လက်ဝါးဖြင့်အုပ်၍ တအား ငိုလိုက်မိသည်။ ချက်ချင်း စိတ်ကို တင်းလိုက်သည်။ မုဆိုးတယောက်သည် လူစိမ်း မုဆိုးရှေ့မှာ ငိုလျှင် ညံ့ရာကျပေမည်။ လူစိမ်းမုဆိုး၏ အစော်ကားခံရဖို့ သေချာသွားမည်။

“နင် ဘယ်ရွာကလဲ”

“စမ်းပက်လက်က”

“ငါက အလယ်ရွာက”

“အလယ်ရွာဆိုတာက”

“ပန်းတောင်းနဲ့ ပိုနီးတယ်”

“ခု ငါရောက်နေတာ ဘယ်နေရာလဲ”

“စမ်းကြီးတောရ ချိုင့်ဝှမ်း”

“အို … ငါတို့ စင်းပက်လက်နဲ့ တခြားစီပဲ”

“ဟုတ်တယ်၊ နင် တောင်ဘက်သွားရမယ့်အစား အရှေ့မြောက်ဘက်ကို သွားမိတာကိုး”

“ငါ မနေ့ကတဲက မိုးမှောင်မိပြီး ခုလိုဖြစ်လာတာ”

“ငါ နင့်ကို အကူအညီပေးမယ်”

“လူလူချင်း ကူသင့်တာပဲ”

“ဒါကြောင့်ပေါ့”

လူရွယ်သည် ကမူကလေးပေါ်တွင် အားရပါးရ ထိုင်ချလိုက်သည်။ ပြီးတော့ ဆေးတံကိုထုတ်၍ ဆေး ထည့်သည်။

ပန်းမ ခံတွင်း ပိုချဉ်လာ၏။ ညကတည်းက ဆေးလိပ်ပြတ်သွားသည်။ ငုံရန်ဆေးလည်း ကုန်သွားသည်။ ယခုလို ဆေးတံဆေး ဖြည့်နေသည်ကို မြင်ရတော့ ပို၍ အာသာငင်ငင် ဆန္ဒပြင်းပြလာ၏။

“ငါ့ကို ဆေးတခါငုံလောက် ပေးပါ”

“ရော့ …”

ပလတ်စတစ်ဖြင့် ထုပ်ထားသော ဆေးထုပ်ကို ကမ်း ပေးယင်း လူရွယ် ဆေးတံကို မီးကူးနေ၏။ ပန်းမသည် ဆေးအနည်းငယ် ထုတ်ယူပြီး အားရပါးရ ပါးစပ်ထဲသို ထည့်လိုက်ပြီး အံဖြင့်ကြိတ်ကာ သုံးလေးကြိမ် ဝါးလိုက်သည်။

“နင် မုဆိုးလုပ်တာ ကြာပြီလား”

လူရွယ်သည် ပန်းမကို မကြည့်ပဲ မေးသည်။

“အေး … ငယ်ငယ်ကလေးကတဲက။ ဒါပေမယ့် ငါတယောက်ထဲလုပ်တာ ငါးနှစ်ရှိပြီ”

ပန်းမသည် လူရွယ်ကို စိုက်ကြည့်နေသည်။ လူရွယ်၏ အသက်သည် ပန်းမ လောက်ပင် ရှိမည်။ ပန်းမသည် မိန်းမသားများထဲတွင် အလွန်ထွားကျိုင်း သူ ဖြစ်၏။ တော်ရုံတန်ရုံ ယောက်ျားမျိုးပင် ပန်းမ၏ ထွားကျိုင်းခြင်းကို မမိ။

ယခု လူရွယ်က ပန်းမထက် များစွာ ထွားကျိုင်းသေး သည်။ အညိုအနည်းငယ်ကဲသော အသားရောင်က သူ၏ ကြမ်းတမ်းသော ဘဝကို ဖော်ပြနေ၏။

ဆံပင်ရှည် နှုတ်ခမ်းမွေးများကလည်း သူ၏ အသက်ကို အနည်းငယ် ရင့်စေပုံရနေသည်။

ကာကီရောင်ဘောင်းဘီကလည်း အစတွေ ဖွာ ဆန်ကြဲနေ၏။ ကာကီရောင်အင်္ကျီကလည်း စုတ်ပြတ်သည့် နေရာတွေက အများသား။

ကျောတွင် လေးနှင့် မြားကို လွယ်ထားသေးသည်။ ရေဗူးနှင့်ပလိုင်းတလုံးလည်း ခါးတွင် ချိတ်ထားသည်။ ဗယ်ဘက်ခါးတွင် ဓားကောတ်တလက်ကို အနားများ ဖွာနေသည့် ဓားအိမ်ဖြင့်ထည့်ကာ ချိတ်ထားသည်။ ကိုယ်ကို စလွယ်သိုင်းလျက် တမတ်လုံးခန့်ကြီးသော ကြိုးတခွေကို သိုင်းလွယ်ထား၏။

“နင့်နာမည်က ဘယ်လိုလဲ”

“ဘယ်လို”

“ပန်းမ … စမ်းပက်လက်က မုဆိုး ပန်းမဆိုယင် မသိ သူ မရှိဘူး”

ပန်းမက ခပ်တင်းတင်း ပြောလိုက်သည်။

“ငါ့နာမည် ထွန်းဇာ”

“နင့်လို စိတ်ကောင်း စေတနာကောင်းရှိတဲ့ မုဆိုးနဲ့ တွေ့ရတာ ငါ ဝမ်းသာတယ်”

”နင် ခု အလုပ်ဆက်လုပ်မလား”

“ငါပြန်မယ်၊ နင် လမ်းပြပေးမလား”

“လမ်းပြမယ်လေ။ ဒါပေမယ့် နင် ခုပြန်ယင် မိုးလင်း
လောက်မှ ရောက်မှာ”

“နင် လိုက်ပို့မယ် မဟုတ်လား”

“ဒါကို ငါစဉ်းစားနေတာ”

“ငါနဲ့ မလိုက်ရဘူးလား”

“မဟုတ်ဘူး။ ငါ့အမေ တော်တော်နေမကောင်းတာ ဆေးဖိုးလိုနေတယ်။ မဖြစ်လို့ ငါ တောလိုက် ထွက်လာတာ။ ခုထိ တကောင်မှ မရသေးဘူး”

ပန်းမ ရင်မောသွားသည်။ မိခင်အိုကြီးကိုလည်း ပြေးသတိရသည်။ ခုလောက်ဆိုပါက မိခင်ကြီး ပူလောက်ပြီ။ ဟိုမေး သည်စုံစမ်း လုပ်လောက်ပြီ။

ညောင်ကျိုးနှင့် မိုးထိစခန်းတို့မှ မုဆိုးတွေကို စုံစမ်းလောက်ပြီ။

“အင်း … နင်လဲ နင့်ဒုက္ခနဲ့ နင်။ ငါလဲ အမေ စိတ်ပူလောက်ပြီ”

“နင် ငါ့ရွာကို လိုက်ခဲ့ပါလား။ ပြီးတော့ ငါ ကားလမ်းက ပြန်ပို့ပေးမယ်”

“ငါ့ကိုသာ လမ်းပြလိုက်ပါ။ ငါ့ဖာသာ သွားရဲတယ်”

“လမ်းပြလို့ မရဘူး။ ငါတောင် တခါတခါ မျက်စိလည်သေးတာ”

ပန်းမသည် စိတ်ပျက်သွားသည်။ ရေအိုင်ထဲတွင် မျှော့များ သွေးစုပ်ပွဲ ကျင်းပနေသည့် နက်ကြားဆီသို့ မျက်လုံးအစုံကို ပို့လိုက်သည်။ အားကိုးရသော အဖော်မွန် နက်ကြား မရှိခြင်းက တအားလျော့လေခြင်းပင်။

“ကဲပါဟာ … နင့်ကို ငါ လိုက်ပို့မယ်”

“နင့်စိတ်စေတနာကို ငါမမေ့ပါဘူး ထွန်းဇာ”

ထွန်းဇာသည် ပန်းမ၏ စကားအဆုံးတွင် ရှေ့မှ ဦးဆောင်ထွက်ခွာသွားသည်။ ပန်းမသည် ထွန်းဇာ နောက်မှ အမြန်ပင် လိုက်ပါသွားလေသည်။

နေလုံးကြီးသည် တောအုပ်ကြီးထဲတွင် ငုပ်လျှိုးသွား လေပြီမို့ တလောကလုံး အမှောင်ဇာလွှာ လွှမ်းခြုံရန် ဟန်ရေးပြင်လေပြီ။

X X X X X X X X X

“ငါလဲ မုဆိုး၊ ကျားလဲ မုဆိုး။ မုဆိုးချင်း ဘယ်တော့ မှ ငါ မသတ်ခဲ့ဘူး။ ဒါပေမယ့် ငါနဲ့ ကျား ရင်ဆိုင်တွေ့ရင် သူရှောင်ရင်ရှောင်၊ မရှောင်ရင် ငါရှောင်တယ်။ ငါရှောင်လို့ သူက ငါ့ကို သားကောင်သဘောထားရင်၊ ငါကလဲ သူ့ကို သားကောင်အဖြစ် သဘောထားလိုက်တာပဲ”

ဤသည်က ထွန်းဇာ၏ မုဆိုးခံယူချက် ဖြစ်၏။

“ငါ့တသက်မှာ မိန်းမတယောက်ကို အကူအညီ
မပေးခဲ့ဖူးသေးဘူး။ ခု ပထမဆုံးပဲ။ ဒါကို ငါ တသက်လုံး မေ့မယ်မဟုတ်ဘူး”

ဤသည်က ထွန်းဇာ၏ နှလုံးသားလှုပ်သော စကား ရပ်များ ဖြစ်၏။

“ငါ့မှာ အမေရယ်၊ ညီသုံးယောက်၊ ညီမ လေးယောက်တောင် ရှိတာ။ သူတို့ဘဝ သူတို့ ရပ်နိုင်အောင် ငါ အများကြီး အလုပ်လုပ်ရမယ်”

ဤသည်က ထွန်းဇာ၏ မိသားစုတာဝန်ပိနေခြင်းကို ဖော်ကျူးသည့် စကားများဖြစ်၏။

ပန်းမသည် ထွန်းဇာ၏ စကားလုံးများကို ရက်တွေ ညောင်းလာသည့်တိုင် မေ့မရ။ ထွန်းဇာနှင့် တောထဲ တွင် နှစ်ယောက်တည်း အတူသွားလာခဲ့ရသော အတွေ့အကြုံများကိုလည်း ပြန်ပြောင်းသတိရကောင်းဆဲ။ အသည်းနှလုံးများပင် မသိမသာ တုန်ယင်နေဆဲ။

ထွန်းဇာသည် မိုင်လေးဆယ်ခန့်ဝေးသော အလယ်ရွာမှ တောတောင်အထပ်ထပ်ကိုဖြတ်ကာ ပန်းမထံ သို့ အလည်လာမည်ဟု ကတိပေးခဲ့သည်။ ထိုကတိအတိုင်း ပန်းမဆီသို့ ရောက်၏။ ရောက်တိုင်း တော ကောင် တကောင်ကောင် ထမ်းပိုးလာတတ်သည်။ ရောင်းချပြီးမှ ပြန်သည်။

နောက်ပိုင်းတွင် ပန်းမနှင့် ထွန်းဇာတို့သည် ပန်းမ ကျင်လည်သော တောထဲတွင် သားကောင်ထောင်ရင်း ဆုံကြသည်။ ဆုံပါများတော့ အသည်းနှလုံးက စကားပြောလာကြသည်။ အသည်းနှလုံး စကားများကြောင့် သူတို့နှစ်ယောက် ချစ်သူဘဝသို့ ရောက်သွားကြလေသည်။

ပန်းမသည် ထွန်းဇာကို ချစ်မိ၏။ အသည်းနှလုံးထဲ တွင် ထောင်ချောက်ဆင်၍ ဘယ်မှ လွတ်ထွက်၍ မသွားနိုင်အောင် ထိန်းချုပ်ကာ ချစ်လိုက်ချင်၏။

သို့သော်လည်း မိန်းမသားမို့ ခက်သည်။

ထွန်းဇာကလည်း ပန်းမကို ငုံထားမတတ် ချစ်သည်။ ခက်နေသည်က ထွန်းဇာ၏ မိသားစု။ ထိုမိသားစု တာဝန်က ကြီးလေးလွန်းသည်။ ဥမမည် စာမမြောက်သေးသည့် ညီငယ်ညီမငယ်များ၏ မျက်နှာကို ထွန်းဇာ ပြန်ပြန်ကြည့်နေရသည်။

“အမေက ပြောတယ်သိလား ထွန်းဇာ။ ချစ်ရမယ့် လူရှိရင် ယူပါတဲ့။ အတူနေကြပေါ့တဲ့”

တနေ့တွင် ပန်းမသည် ရင်ထဲ ပြောချင်သည်များကို တိုက်ရိုက်မပြောရဲသောကြောင့် သွယ်ဝိုက်၍ ပြောလိုက်မိသည်။

ထွန်းဇာ ရင်မောရသည်။

“ငါလဲ နင်နဲ့ အတူနေချင်ပါပြီကွာ။ ဒါပေမယ့် …”

မတင်မကျဖြင့် လမ်းခွဲကြရပြန်သည်။

သည့်နောက် တောထဲတွင် မုဆိုးအလုပ် လုပ်ကြရင်း ဆုံကြပြန်သည်။ အချစ်ရေးမှ အိမ်ထောင်ရေးကို တိုင်ပင်ကြပြန်သည်။ ပန်းမ အမေကလည်း ပန်းမတို့အဖေ ရိုးမြေကျသွားသော စမ်းပက်လက်မှ တဖဝါး မခွာလို။

ထွန်းဇာကလည်း အလယ်ရွာရှိ မိသားစုကို ပစ်မထားရက်နိုင်။

“ဒီလိုလုပ်မယ် ပန်းမ၊ ငါနဲ့ နင် လောင်းကြေးတခု ထပ်ကြမယ်”

“ပြော … ထွန်းဇာ”

“ဒီတော၊ ဒီတောင်၊ ဒီစမ်း၊ ဒီရေမြေတွေဟာ နင်နဲ့ ငါ့အတွက် တသက်စားလို့ မကုန်နိုင်တဲ့ ရိက္ခာတွေပဲ။ နင့်အမေရယ် ငါ့မိသားစုရယ် အတွက်လဲ မကုန်နိုင်အောင် အသင့်ရှိနေတယ်လေ။ ဒီတော့ တို့နှစ်ယောက် အိမ်ထောင်ကျရင်လဲ ပူပင်ရပါဘူး။ ဒါပေမယ့် အတူနေရေးက မလွယ်ဘူး၊ မဆုံးဖြတ်နိုင်ကြဘူး မဟုတ်လား။

ငါ ခု လောင်းကြေးထပ်မှာက ဒီနေ့ကနေ တလပြည့်တဲ့အချိန်မှာ ငါ တောဝက်သုံးကောင်နဲ့ ဆတ်နှစ်ကောင် ပစ်နိုင်ရင် နင် ငါနဲ့ ငါ့ရွာမှာ လိုက်နေမယ်လို့ ကတိပေးရမယ်။ တလပြည့်လို သတ်မှတ်ထားတဲ့ သားကောင် ပစ်မရရင် ငါ နင့်ရွာမှာ နင်နဲ့ လိုက်နေမယ်။ ဘယ်လိုလဲ၊ လောင်းကြေးထပ်မလား”

“အင်း … ကောင်းတယ်”

ပန်းမ သဘောတူလိုက်သည်နှင့် ထွန်းဇာသည် ပန်းမ ကို တအားကျုံးဖက်လိုက်သည်။ မျက်နှာပြင်ကို တအားပင် နမ်းချေသည်။

ထိုအနမ်းသည် တသက်ပြယ်မည် မထင်အောင် ပန်းမ ခုံမင်နေလေသည်။

X X X X X X X X X

ထွန်းဇာဘက်မှ နိုင်ခြေများနေလေပြီ။

ဆယ့်ငါးရက်အတွင်း ထွန်းဇာသည် ဆတ်နှစ်ကောင် နှင့် တောဝက်တကောင်ပစ်၍ ရခဲ့လေသည်။ဆတ်ရော တောဝက်ပါ အကောင်ကြီးသောကြောင့် မကြုံစဖူး ငွေများ ရလိုက်ကြသည်။

သည်မှာတင် ထွန်းဇာသည် တောင်ကုတ်တက်၍ သူ့အတွက် အဝတ်တစုံနှင့် ပန်းမ အတွက် အဝတ်တစုံ ဝယ်သည်။ ဘဝတူမုဆိုးများကို အဓိကထားဖိတ်၍ တောထဲတွင် သူတို့နှစ်ယောက် အိမ်ထောင်ကျပြီဟု အသိပေးစဉ် ဝတ်ရန်နှင့် ပျော်ပျော်ပါးပါး သောက်စားကြရန် အစီအစဉ် ဆွဲထားသည်။

ထို့နောက် ပန်းမကို သူ့ရွာသို့ ခေါ်သွားမည်။ ပန်းမ မိခင်အတွက် ရိက္ခာမပြတ်ရန် ထွန်းဇာက ရဲရဲတာဝန် ယူထားသည်။ ပန်းမ၏ မိခင်ကလည်း ကျေကျေနပ်နပ် ထည့်မည်ဖြစ်သည်။

ပန်းမဘက်မှ နိုင်ခြေနည်းနေပြီ ဖြစ်သော်လည်း ရက်ပေါင်းနှစ်ဆယ့်ငါးရက် ပြည့်သောကာလတွင်တော့ ပန်းမဘက်မှ အသာစီးရလာပြန်လေသည်။

ထွန်းဇာသည် နေ့မနား ညမအိပ်ပင် တောဝက်ရှာ ပစ်သော်လည်း တောဝက်နှင့် ထွန်းဇာ ရေစက်မဆုံ ဖြစ်နေလေသည်။

အခြား သားကောင်များကို ရသော်လည်း တော ဝက်ကို ရှာပင်မတွေ့။

ပန်းမသည် ထွန်းဇာကို သနားလာသည်။

ထွန်းဇာသည် ပန်းမကိုလည်း အလွန်ချစ်၏။ သူ့မိသားစုကိုလည်း ပစ်မထားနိုင်။

ပန်းမသည် ဖွင့်မပြောသော်လည်း ဆုံးဖြတ်ထားပြီး ဖြစ်သည်။ အကယ်၍ ထွန်းဇာ ရှုံးခဲ့ပါက ပန်းမသည် ထွန်းဇာကို မိမိရွာတွင် မနေစေတော့ပါ။ မိမိသည် ထွန်းဇာနှင့် လိုက်သွားမည်။ တသက်လုံး ထွန်းဇာနှင့်အတူ တောထဲတွင် ပျော်ပျော်ပါးပါး လုပ်ကိုင်စား သောက်မည်။

နှစ်ဆယ့်ခုနစ်ရက်မြောက်နေ့တွင် ထွန်းဇာ စိတ်မော လူမောဖြင့် ပန်းမ ထောင်ချောက်ဆင်ရာသို့ ရောက်လာသည်။

“ပန်းမ”

“ထွန်းဇာ””

“ငါရှုံးဖို့ များနေပြီဟာ”

“ရှုံးလဲ နင်နဲ့ ငါ အတူနေကြမယ့်ဟာပဲ”

“ဟုတ်ပါတယ်လေ၊ဒါပေမယ့် ငါ ရှုံးလို့ မဖြစ်ဘူး”

“တောဝက်နှစ်ကောင် ရအောင်ရှာပေါ့”

ပန်းမက သရော်သောအပြုံးဖြင့် ပြောသည်။

“ဟုတ်တယ် … ငါ မနက် ပြန်ထွက်မယ်”

“ငါလဲလိုက်မယ်”

“နင် ပင်ပန်းမယ်”

“ငါပါ တောဝက် ကူရှာပေးမယ်လေ”

“ငါ့ကို နင်က မုဆိုးညံ့ညံ့လို့ ပြောတာများလား
ပန်းမရယ်”

“ထွန်းဇာဟာ အညံ့စားမုဆိုး မဟုတ်ဘူး။ ပြိုင်စံရှားတဲ့ မုဆိုးပါဟာ။ နောက်နေ့ ငါလဲ နင်နဲ့အတူလိုက်ပြီး မုဆိုးကျော် နင့်အစွမ်းကို လိုက်ကြည့်မှာ”

နောက်နေ့တွင် သူတို့နှစ်ယောက် တောဝက်များ ကျက်စားရာ ဒေသများသို့ တတောဝင် တတောင်ထွက်ဖြင့် ထွက်ခွာသွားကြလေသည်။

X X X X X X X X X

“ဒီနေ့ဟာ ငါ့မိသားစုနဲ့ ငါ ခွဲရမယ် မခွဲရဘူးဆိုတဲ့ အဖြေကို ပေးမယ့်နေ့ပဲ ပန်းမ”

“ဟုတ်တယ်၊ ဒီနေ့ နင်နဲ့ ငါ အလောင်းအစား လုပ်ထားတဲ့ နေ့ရဲ့ နောက်ဆုံးပေါ့”

“အင်း ဟုတ်တယ် … ငါနိုင်ရမယ်၊ ဒီနေ့ ငါနိုင်ရမယ်”

ပြောသာ ပြောရသည်။ ထွန်းဇာ၏ မျက်နှာသည် သွေးဆုတ်နေ၏။ သူအရေးနိမ့်တော့မည်ဟု သူ့ဖာသာ နားလည်ထားပုံ ရသည်။ သို့သော်လည်း သူ့စိတ်ကို သူ တင်းထား၏။

ပန်းမ ထွန်းဇာကို ကြည့်ကာ ပြုံးလိုက်သည်။

“ပန်းမ ငါရှုံးတော့မယ် ထင်ပြီး သရော်တာလား”

“နင့်ကို သနားလို့ ”

“ငါရှုံးမှာမို့လား”

“နှင့် စိတ်ဓာတ်ကို ငါသိပါတယ် ထွန်းဇာ။ နင်ဟာ ဇွဲကြီးတယ်၊ ဝိရိယရှိတယ်။ ဒါပေမယ့် ထွန်းဇာ၊ နင်နဲ့ ငါ ရွာကို ပြန်ကြမယ်။ တို့ ဆုံးဖြတ်ထားတဲ့အတိုင်း တောထဲမှာ တို့ အိမ်ထောင်ပြုကြပြီ ဆိုတာကို အသိ မုဆိုးတွေနဲ့ သက်သေထူကြမယ်။ ပြီးရင် နင့်ရွာ ငါ လိုက်ပါ့မယ်”

“ဒါက နင် ငါ့ရဲ့ မုဆိုးဂုဏ်ကို စော်ကားတာပဲ”

“မဟုတ်ဘူး ထွန်းဇာ၊ နင်ဟာ မုဆိုးကျော်တယောက်ဆိုတာ ဟောဒီ တတောလုံး တတောင်လုံးနဲ့ ဒီထဲမှာရှိတဲ့ သားကောင်တွေက အသိအမှတ်ပြုထားသလို ငါလဲ အသိအမှတ်ပြုထားပါတယ် ထွန်းဇာရယ်”

“ဘာပဲဖြစ်ဖြစ် လောင်းကြေးသတ်မှတ်ထားတဲ့ အတိုင်းပဲ တပြားဖိုးမှ မပြင်နိုင်ဘူး”

“ထွန်းဇာရယ် … နင်က စိတ်ချည်းပဲ”

“ငါရှုံးရင် နင့်ရွာက ငါ ဘယ်တော့မှ မခွာဘူး။ ဒါပေမယ့် ငါ နိုင်ရမယ်”

ပြောပြောဆိုဆို ထွန်းဇာသည် သစ်ပင်အခြေတွင် ပုံထားသော မုဆိုးပစ္စည်းများကို သူ့ကိုယ်တွင် တပ်ဆင်လေသည်။

“နင် ဒီအနီးတဝိုက်မှာပဲ ထောင်ချောက်ဆင်နေ ရစ်တော့။ ငါ မိုးမချုပ်မီ ဝက်နှစ်ကောင်နဲ့အတူ ပြန် လာမယ်”

ထွန်းဇာ ထွက်ခွာသွားသည်။

ပထမတော့ ပန်းမ အတူလိုက်သွားရန် စိတ်ကူးသေးသည်။ သို့သော်လည်း နှစ်ရက်လုံးလုံး တောထဲတွင် ပင်ပန်းစွာ လှုပ်ရှားနေခဲ့ရသည်က တကြောင်း၊သည်အနီးတဝိုက်တွင် တောကြက်နှင့် ဥဒေါင်းများ အလွန်ကျသောကြောင့် ထောင်ချောက်ထောင်၍ ထွန်းဇာ အပြန်ကို စောင့်ခြင်းဖြင့် အကျိုးပိုများမည်ဟု စဉ်းစားမိ၍ နေရစ်ခဲ့ခြင်း ဖြစ်သည်။

ပန်းမသည် ထွန်းဇာ ပျောက်ကွယ်သွားသည်နှင့် မိမိ ထောင်ချောက်များကို ကျကျနန လိုက်လံချ၍ ထောင်ချောက်ဆင်လေသည်။

တနာရီခန့်အကြာတွင် ပန်းမ မောလာသည်။ သို့ဖြစ်၍ သစ်ပင်တပင်အောက်တွင် နားယင်း ဆေးငုံဝါးနေလိုက်သည်။

“ဒိုင်း”

“ဒိုင်း”

အဘယ်မျှ ကြာသွားသည် မသိ။ ဆေးငုံယင်း ထွန်း ဇာနှင့် အတူတကွ နေထိုင်ရမည့်အရေး တွေးကာ စိတ်ကူးယဉ်နေစဉ် အဝေးမှ သေနတ်သံနှစ်ချက်ကို ကောင်းစွာ ကြားလိုက်ရသည်။

သည်သေနတ်သံသည် ထွန်းဇာ၏ နှစ်လုံးပြူးမှ ရုန်း ထွက်သွားသော အသံများသာ ဖြစ်ရပေမည်။ သည် အတိုင်းဆိုပါက ထွန်းဇာ ဝက်နှင့် တွေ့လေပြီထင့်။

ပန်းမသည် သေနတ်သံကြားရာသို့ ကောင်းစွာ မှန်းဆ၍ ရပေသည်။ သို့ဖြစ်သောကြောင့် သူမ အသုံးအဆောင်ပစ္စည်းများနှင့် ဘိုးစဉ်ဘောင်ဆက် ဓားကို ယူကာ ထွက်ခွာခဲ့လေသည်။

ပန်းမသည် စောစောက သေနတ်သံကြားရာသို့ မှန်းဆလာခဲ့ရာ ကံအားလျော်စွာပင် သွေးအလူးလူးနှင့် သေနေပြီဖြစ်သော ဝက်သေတကောင်ကို အရင် မြင်သည်။ ပြီးတော့ ကျောက်တုံးငယ်များကြားတွင် လဲကျငြိမ်သက်နေသော ထွန်းဇာကို မြင်ရသည်။

“အို … ထွန်းဇာ”

“ထွန်းဇာ … ထွန်းဇာ”

ပန်းမသည် စိုးရိမ်တကြီးခေါ်ယင်း ထွန်းဇာကို ပွေ့ ထူလိုက်သည်။

ပန်းမ ထူပူသွားသည်။ ထွန်းဇာကို လှုပ်၍ လှုပ်၍ ခေါ်သည်။ ထွန်းဇာသည် အသေကောင်နှယ် ငြိမ်သက်နေ၏။

“ထွန်းဇာ … ထွန်းဇာ”

ပန်းမသည် လှုပ်၍ လှုပ်၍ ခေါ်ဆဲ။

အတန်ကြာသွားသည့်တိုင် ထွန်းဇာထံမှ တုံ့ပြန်ခြင်း မရှိ။ ထွန်းဇာ ကိုယ်ကြီးလည်း လှုပ်ရှားခြင်းမရှိ။

ပန်းမ မျက်လုံးအစုံမှ မျက်ရည်များ ဖြာဆင်းလာတော့သည်။ ထွန်းဇာ မျက်နှာနှင့် သူမ မျက်နှာ အပ်၍ ငိုချလိုက်သည်။

“ထွန်းဇာရယ် … ထွန်းဇာရယ်”

ငိုသံများနှင့် ရောထွေး၍ ထူးလိုထူးငြား ခေါ် နေမိ သေးသည်။ သို့သော် ထွန်းဇာ တယောက်ကား မလှုပ်။ ထွန်းဇာ အသက်မရှိတော့ဟု ပန်းမထင်သည်။

ပန်းမသည် အရူးမလေးအလား ငိုသည်။ ထွန်းဇာကို တစာစာခေါ်သည်။ ထွန်းဇာ၏ ကိုယ်ကြီးကို လှုပ်ခါသည်။

မည်မျှ အချိန်ကြာသွားသည်မ သိ။ ထွန်းဇာ တယောက် တအင့်အင့်နှင့် သတိရလာသည်။

“ထွန်းဇာ … ထွန်းဇာ”

“အင့် … အင့် … ဟင့် … အင်း”

“ထွန်းဇာ … ထွန်းဇာ … ထွန်းဇာ”

ပန်းမ အကြိမ်ပေါင်းများစွာ ခေါ်သည်။ ဝမ်းသာ လွန်းသောကြောင့် ထွန်းဇာကို တအား ပွေ့ဖက်ထား သည်။

“ပန်း … ပန်း … ပန်း မ”

“ထွန်းဇာ …”

“ဝက်နှစ်ကောင်ရော … ဝက်နှစ်ကောင်”

ပန်းမ ဝက်တကောင်သာ မြင်သည်။ တကောင်ကို မတွေ့။ လွတ်မြောက်သွားဟန် တူသည်။

“တကောင်သေပြီ ထွန်းဇာ”

“တကောင်ရော”

“လွတ်မြောက်သွားမှာပေါ့ ထွန်းဇာ”

ပန်းမသည် စကားကို ရပ်လိုက်ပြီး ထွန်းဇာ၏ ပေါင်မှ ဒဏ်ရာကို သူမ၏ ခေါင်းတွင် ပေါင်းပတ်ထားသော ပုဆိုးစဖြင့် သွေးထွက်သက်သာစေရန် စည်းပေးလိုက်သည်။ ဒဏ်ရာက မသေးပါ။ အသားစိုင်များ စုတ်ဖွာထွက်ကုန်အောင် များလှသည်။

“ငါ … ငါ … အမကို အရင်ပစ်တာ။ အမထိရင် အဖိုဟာ ထွက်မပြေးပဲ ငါ့ကို တိုက်ခိုက်မယ်ဆိုတာ ငါသိတာပေါ့။ ငါ့ကို တိုက်ခိုက်ရင် ငါ သူ့ကိုလဲ ပစ်နိုင်မယ်လို့ ယုံကြည်ပြီး ပစ်တာပဲ။ သူ့လဲ မှန်တယ်။ သူကငါ့ကျည်ဆန်ကို မမှုဘူး။ ငါ့ကို အတင်းဝင်ပက်တာပဲပန်းမ။ ငါ ဓားနဲ့ ခုခံပေမယ့် ငါ့ပေါင်ကို ဝက်စွယ် ငြိသွားတယ်လေ။ သူလဲ သေနတ်ဒဏ်ရာရော ဓားဒဏ်ရာရော ရသွားတာပဲ။ တောက် … နို့မို့ယင် ပန်းမကို ငါနိုင်မှာ”

ထွန်းဇာသည် ဒဏ်ရာအနည်းငယ်သက်သာသည်နှင့် ပန်းမကို အားပြုကာ ထရပ်သည်။ သူပစ်၍ သေပြီဖြစ်သော ဝက်သေကောင်ကိုကြည့်ရင်း ရှင်းပြသည်။

ပန်းမသည် ထွန်းဇာအား သစ်ပင်ဘေးတွင် အမှီဖြင့် နားနေစေသည်။ ထွန်းဇာ၏ သေနတ်နှင့် ဓားတို့ကို လိုက်လံကောက်ယူပြီး ထွန်းဇာနားတွင် ချပေးသည်။ သည့်နောက် သူမသည် သွေးများတစက်စက်ကျသွားရာ သူ ခြေရာခံ၍ အနည်းငယ် လိုက်သွားကြည့်သည်။

“ဟေ့ … ထွန်းဇာ နင်နိုင်ပြီဟ၊ ဟောဒီမှာ ဝက်ထီးကြီး သေနေပီ”

“ဟေ ဟုတ်လား … သေပြီလား”

“အေး”

“ငါလာခဲ့မယ်”

“ငါလာခေါ်မယ်”

ပန်းမ အပြေး ရောက်လာသည်။ ထွန်းဇာကို တွဲကာ ဝက်သေကြီးရှိရာ ချုံတောထဲသို့ ခေါ်သွားသည်။ ဝက်ဟုသာ ပြောရသည်။ အကောင်က ကြီးလွန်း၍ ကြံ့ကြီးလားဟုပင် ထင်ရလောက်သည်။ အစွယ် နှစ်ချောင်းကလည်း တထွာမက ရှည်သည်။

ထွန်းဇာ၏ ပေါင်ကို ပက်မိပေလို့ ၊ ရင်ဝကိုသာ ပက်မိမည် ဆိုပါက ထွန်းဇာ အသက်ရှင်နိုင်ဖွယ်မရှိပြီ။

ခုတော့….

“ဒီ ဝက်ကြီးနှစ်ကောင်ကို ရောင်းပြီးရင် နင်နဲ့ ငါ ဘဝတူမုဆိုးတွေကို ဟော့ဒီနေရာကို ခေါ်ပြီး အိမ် ထောင်ပြုပြီဆိုတာကို အသိပေးရင်း ပျော်ပွဲစားကြမယ် ပန်းမ””

“ပြီးတော့”

“နင်နဲ့ ငါ သဘာဝက ဖန်တီးပေးထားတဲ့ တော၊ တောင်၊ ရေမြေ၊ စိမ့်စမ်းတွေနဲ့ ဒီတော ဒီတောင်ထဲက သားကောင်တွေကို မင်္ဂလာလက်ဖွဲ့ ပစ္စည်းအဖြစ် သတ်မှတ်ပြီး နင်နဲ့ ငါ့ အတွက်လဲ သုံးမယ်၊ နင့်အမေ၊ ငါ့မိသားစုအတွက်လဲ သုံးမယ်။ နင့်နဲ့ ငါ့ရဲ့ ပတ်ဝန်း ကျင်အတွက်လဲ သုံးမယ်။ နင့်သဘောက”

“နင့်လိုပဲပေါ့ ထွန်းဇာ

“နင်နဲ့ ငါ အလောင်းအစားလုပ်တာ ဒီနေ့ နောက်ဆုံးနေ့နော်”

“နင်ရှုံးပေမယ့် ငါနိုင်တယ်ဆိုပြီး နင်စိတ်မချမ်းသာ ရင် ငါ ဘာမှ မလုပ်ပါဘူးဟာ။ ငါ မုဆိုး၊ နင် မုဆိုး။ မုဆိုးဆိုတာ မုဆိုးမာနကို တပြားသား လျှော့ချချင်ကြတာ မဟုတ်ဘူး။ ဒါပေမယ့် နင်က ငါ့ကိုချစ်တယ်။ ငါက နင့်ကိုချစ်တယ်။ တို့နှစ်ယောက် အချစ်ကြားမှာ မာနဆိုတာ မရှိပါဘူး ပန်းမရယ်”

“နင် သိပ်စကားတတ်တာပဲ။ ကဲ … ရွာကို ပြန်ကြမယ်။ နင့်ဒဏ်ရာက သွေးတွေ ထွက်နေတယ်”

“ထွက်ပါစေ၊ နင် ငါ့ကို ခုလို တွဲဖက်ထားသရွေ့ ငါ့ကိုယ်ထဲမှာ သွေးမခန်းပါဘူး”

“တော်ပါ … လာ”

ထွန်းဇာ နာကျင်ခြင်းများ မေ့သွားအောင် ရယ်လိုက် သည်။ ပန်းမသည် ထွန်းဇာကို ပြန်လမ်း တွဲခေါ်သွားလေတော့သည်။

သည်ကာလတွင် သူတို့နှစ်ယောက်၏ ပတ်ဝန်းကျင် ရှိ သစ်ပင်များပေါ်မှ ငှက်မျိုးစုံ၏ အသံများသည် တတောလုံးကို လွှမ်းသွားလေသည်။

ပန်းမနှင့် ထွန်းဇာတို့ နှစ်ယောက်အတွက် မင်္ဂလာ တေးအလား။

မြဝတီမဂ္ဂဇင်း

(ဤဝတ္ထုအား ဓါတ်ပုံရိုက် ပေးပို့ခဲ့သော Saw Nandar အကောင့်ပိုင်ရှင်အား ကျေးဇူးတင်ပါတယ်ခင်ဗျ)

– ပြီး –

Leave a Reply

Your email address will not be published. Required fields are marked *