အချိန်က ၁၉၈၀ ခုနှစ်ဝန်းကျင်…။

ကြီးမောင်ဆိုတာက တောင်သာမြို့ပေါ်မှာနေပြီး ပွဲရုံတွေဆီက မုန့်တွေကို ဝယ်ယူပြီး ခြင်းကြီးနှစ်ခြင်းတပ်ထားတဲ့ စက်ဘီးနဲ့ ကျေးလက်တွေဆီကို လက်ကားဖြန့်ဝေရောင်းချနေတဲ့သူ။

ဒီအတွက် ကြီးမောင်အနေနဲ့ ရောင်းတစ်ရက် ဝယ်တစ်ရက်သတ်မှတ်ပြီး ဝယ်ရက် ညနေစောင်းဆိုရင် ပွဲရုံတွေဆီက မုန့်မျိုးစုံကို လှည့်ပတ်ဝယ်၊ ရောင်းရက် မနက်အစော ဝေလီဝေလင်းဆိုရင် စက်ဘီးနဲ့ ထွက်ပြီး ရောင်းချ။ ဒီလိုနဲ့ သူလုပ်ငန်းက ပုံမှန်လည်ပတ်နေတယ်။

ပင်ပန်းလွန်းလို့ အများသူငါ မလုပ်နိုင်တဲ့ အလုပ်ဆိုတော့ ဝင်ငွေကလည်း မဆိုးဘူး ပြောရမယ်။ ဒါပေမယ့် တစ်ခါတစ်လေ ပုံမှန်သွားနေကျ ရွာတွေနဲ့ မုန့်တွေက ရောင်းမကုန်ရင် နောက်ထပ်ခရီးက ထပ်ဆင့်ရတော့တာပဲ။ ဒီအခါမျိုးဆိုရင်တော့ ကြီးမောင်အဖို့ ဖတ်ဖတ်မောအောင် စက်ဘီးနင်းပြီး ပင်ပန်းရပြန်လေတာ။ ပြောရမယ်ဆိုရင် ဒါကလည်း ဆယ်ကွေ့တစ်ကွေ့ရယ်မှပါ။

ဒီကနေ့တော့ ကြီးမောင်ရဲ့ ဈေးရောင်းရက်ပဲ။

ထုံးစံအတိုင်း မနက်ဝေလီဝေလင်းကတည်းက ကြီးမောင် စက်ဘီးကို နင်းလို့ ဈေးရောင်းထွက်ခဲ့တယ်။

နေထန်းတဖျားရောက်ချိန်ကျတော့ သူရောင်းခဲ့ ကျေးရွာငါးရွာလောက်ရှိပြီ။ မုန့်တွေကတော့ အရာတောင်မယွင်းသေးဘူး။

” ဟူး…ဒီနေ့တော့ ပုံမှန်လမ်းကြောင်းနဲ့ တွက်ချေမှ ကိုက်ပါ့မလား မသိဘူး…”

ကြီးမောင် ညည်းညူမိတယ်။ ပုံမှန်ဆိုရင်တော့ ဒီအချိန်ဆိုတာက သူ့အတွက် ခရီးတဝက်ကျိုးသလို မုန့်တွေလည်း တဝက်ကျိုးချိန်ပဲ။ အခုတော့…။

” မထူးပါဘူး…နေ့တွက်ကိုက်အောင် မုန့်တွေတော့ ကုန်အောင် ရောင်းရမှာပဲ…”

ကြီးမောင် စိတ်ကိုတင်းလို့ ခရီးဆက်ခဲ့ပြန်တယ်။

နောက်ထပ်နှစ်ရွာ ရောင်းတယ်။ ရောင်းတော့ ရောင်းရသား၊ မုန့်တွေ တဝက်လောက်ကုန်သွားခဲ့တယ်။ ဒီတစ်ခါတော့ အခြေအနေ မဆိုးဘူး ပြောရမယ်။

သုံးရွာမြောက်ကို ဝင်ချိန်မှာတော့ ကြီးမောင် အသုပ်ဆိုင်တစ်ဆိုင်ဆီကို ဝင်ပြီး နေ့လည်စာကို စားလိုက်တယ်။ နောက်ပြီးတော့ တအောင့်တနားအဖြစ် လွတ်နေတဲ့ တန်းလျားလေးဆီမှာ ကျောမှီလို့ မှေးနေလိုက်တယ်။

ဗိုက်ကလေး၊ ခရီးက ပန်းဆိုတော့ မကြာပါဘူး ကြီးမောင် အိပ်ပျော်သွားခဲ့ပါပြီ။

***

” ကောင်လေး…ဟဲ့ ကောင်လေး ထတော့…”

ရိုက်ပုတ်လှုပ်နှိုးမှုကြောင့် ကြီးမောင် လန့်နိုးလာရတယ်။ နှိုးသူကို ကြည့်တော့ အသုပ်ရောင်းတဲ့ အဒေါ်ကြီးရယ်။

” မင်းမလည်းကွယ်။ တကတည်း အိပ်နေလိုက်တာများ၊ မင်း မုန့်တွေ လိုက်ရောင်းရဦးမယ် မဟုတ်လား…”

” ဟုတ်…ဟုတ်တယ် ဒေါ်ကြီး။ ကျုပ်…မှေးခနဲ ဖြစ်သွားတယ်…”

” အေး…မှေးခနဲ မနေနဲ့။ နေမွန်းတောင် လွဲရော့မယ်။ သွား သွား မင်း အပြန်နောက်ကျနေဦးမယ်…”

ကြီးမောင် သောက်ရေအိုးဆီက ရေနဲ့ မျက်နှာကို ကမန်းကတန်းထသစ်ပြီး စက်ဘီးကို ဆွဲလို့ လက်ကျန်မုန့်တွေကို ရောင်းချရန် ထွက်ခဲ့တယ်။

ကြီးမောင်တို့ အိပ်ချင်မူးတူးနဲ့ ထွက်သာထွက်ခဲ့ရတာ ဘယ်ကို သွားရောင်းရမယ် မသိဘူး။ တစ်ယောက်ထဲ ယောင်ချာချာနဲ့ စက်ဘီးနင်းနေရင်းနဲ့ အတော်ကြာပါမှ အတွေးတစ်ခုက ပေါ်လာခဲ့တယ်။

” သင်ပေါင်းကုန်းဘက် မသွားတာကြာပြီ။ အဲ့ဒီ့ဘက်က လမ်းနဲနဲ လှမ်းတော့ သွားလို့ဖြစ်ပါ့မလား…”

ကြီးမောင် စက်ဘီးကို ဦးလှည့်နင်းမလို လုပ်ပြီးမှ ရပ်တန့်လိုက်မိတယ်။

” သင်ပေါင်းကုန်းဘက်ဆို အပြန်ကျ မိုးက ချုပ်မှာ။ လမ်းခရီးမှာ စစ်ကြောင်းနဲ့ ဆုံရင် ပေါ်တာက အဆွဲခံနေရဦးမယ်…”

ကြီးမောင် လမ်းကြောင်းကို တွက်ဆပြီး မသွားတော့ဖို့ ဆုံးဖြတ်လိုက်တယ်။ ပြီးတော့ စက်ဘီးကို လာရာလမ်းဆီအတိုင်း ပြန်လှည့်လို့ နင်းလာခဲ့တယ်။

အချိန်က တဖြေးဖြေးနဲ့ နေစောင်းလာခဲ့ပြီ။

” ရှူး……”

နင်းနေရင်းနဲ့ နောက်ဘီးဆီက အသံ။

” ဟာ…သွားပါပြီကွာ။ ဘီးကလည်း အခုမှ ပေါက်ရတယ်လို့…”

ကြီးမောင်ညည်းညူရင်း စက်ဘီးပေါ်က ဆင်းလို့ ကြည့်မိတော့ နောက်ဘီးက ပြားချပ်နေပါပြီ။

စိတ်ပျက်ပျက်နဲ့ စက်ဘီးကို တွန်းရင်းလာခဲ့လိုက်တယ်။ အနီးစပ်ဆုံးဖြစ်တဲ့ ဒီပါကုန်းရွာကို နာရီဝက်ကျော်ကျော်လောက်တွန်းခဲ့ရတယ်။

ဒီပါကုန်းရောက်တော့ စက်ဘီးကို ဘီးဖာတယ်။ ဘီးဖာတာကလည်း နဲနဲကြာသွားတော့ ဒီပါကုန်းက ပြန်ထွက်ချိန် ညနေတောင် စောင်းနေခဲ့ပြီ။

***

ကြီးမောင် စက်ဘီးကို အသားကုန်ဖိပြီး နင်းနေတယ်။

အချိန်က နေဝင်ရီတရောအချိန်။ လမ်းကလည်း တောလမ်း။ လူသူပြတ်လိုက်သမှ အသွားအလာ တစ်ယောက်မှကို မမြင်ရဘူး။

ကြီးမောင် စက်ဘီးနင်းနေရင်း ကျောထဲကနေ စိမ့်ခနဲ ဖြစ်လာတာမို့ ပါးစပ်ကနေ ဘုရားစာတချို့ကို ရွတ်ဆိုမိလိုက်တယ်။

ဆက်နင်းလာရင်းနဲ့ အရှေ့တခေါ်သာသာလောက်ဆီက သစ်ပင်အုံ့အုံ့ကို လှမ်းမြင်တော့ ဘာကြောင့်ရယ်မသိ ကျောချမ်းမိသွားရသေးတယ်။ အမှန်တော့ ဒီလမ်းခရီးက သူပုံမှန်သွားနေကျ ခရီးပါပဲ။ ဒီတစ်ခါတော့ အဲ့ဒီ့နေရာကို ဖြတ်သွားရမှာကို စိတ်ထဲ တစ်မျိုးကြီးဖြစ်နေမိတယ်။

ဘာပဲဖြစ်ဖြစ် ကြီးမောင် စိတ်ကိုတင်းပြီး ဆက်နင်းလာလို့ အဲ့ဒီ့အနားကို ရောက်တော့ အမျိုးသမီးတစ်ယောက် သစ်ပင်အောက်မှာ ရပ်နေတာကို မြင်လိုက်ရတယ်။ ဒီအမျိုးသမီးကို မြင်တော့ “ဪ… လူသူရှိသေးပါတယ်” ဆိုတဲ့အတွေးနဲ့ စိတ်သက်သာရာတောင် ရသွားမိသေးရဲ့။

” ခဏနေဦး။ ငါ မုန့်ဝယ်ချင်လို့…”

အမျိုးသမီးက ပြောလာတယ်။

ကြီးမောင်လည်း အချိန်နှောင်းနေပြီမို့ မရောင်းချင်ပေမယ့် စက်ဘီးကို ရပ်လိုက်မိတယ်။ စိတ်ကလည်း ဈေးသည်ဆိုတော့ နဲနဲရောင်းရလည်း မနဲဘူးပေါ့။

” မုန့်တော့ ကျန်သေးတယ်ဗျ။ ဘာမုန့်တွေ စားမလဲ…”

ကြီးမောင် မေးရင်း အမျိုးသမီးကို ကြည့်တော့ ခေါင်းကြီးငုံ့ထားတာကို သတိထားမိတယ်။

” ဒါနဲ့ ညီမျှမယ့် မုန့်ကို ပေးခဲ့ပါ…”

အမျိုးသမီးက ပိုက်ဆံတစ်ရွက်ကို ကမ်းပေးပြီး ခပ်ပြတ်ပြတ်ကြီး ပြောလာပြန်တယ်။

ကြီးမောင်လည်း ပိုက်ဆံကို လှမ်းယူပြီး ကြည့်မိတော့ မျက်လုံးတွေပြူးသွားရတယ်။

ပိုက်ဆံက သူငယ်ငယ် အဖိုးအဖွားတွေ ပြလို့ မြင်ဖူးခဲ့တဲ့ ဂျပန်ခေတ်က ပိုက်ဆံကြီး။

” ဟို…ဟို…အစ်မ၊ ဒီပိုက်ဆံက အခုခေတ်မှာ သုံးလို့ မရတော့ဘူးလေ…”

” ဒါပဲ ရှိတယ်…မုန့်ပေး…”

အမျိုးသမီးရဲ့ အသံက သြရှရှကြီးဖြစ်လာတယ်။

ကြီးမောင်လည်း အခြေအနေက မူမမှန်တော့ဘူးဆိုတာ ရိပ်မိလိုက်ပြီး ဘာလုပ်ရမှန်းမသိ၊ ဇောချွေးတွေလည်း ပျံလာရတယ်။

အဲ့ဒီ့အခိုက်မှာပဲ…။

” အူဝဲ…အူ…ဝဲ…..”

သစ်ပင်ရဲ့ တစ်ဖက်၊ အပင်အုပ်အုပ်ဆီက ကလေးငယ် ငိုသံက စူးစူးဝါးဝါး ထွက်ပေါ်လာတယ်။

ကြီးမောင်လည်း အမှတ်တမဲ့ လှမ်းကြည့်မိလိုက်တော့…။

” အမလေး….”

နောက်ထပ်အမျိုးသမီးတစ်ယောက်၊ ကလေးငယ်ကို ပိုက်လို့ သစ်ကိုင်းဆီမှာ ကြိုးဆွဲချရင်း တန်းလန်းကြီး။

ပိုက်ထားတဲ့ ကလေးငယ်က ကြီးမောင်ကို လျှာထုတ်ပြောင်ပြနေတယ်။

” မုန့် ပေးမှာလား မပေးဘူးလား…”

အရှေ့မှာ ရပ်နေတဲ့ အမျိုးသမီးက လေသံမာမာနဲ့ ပြောလာရင်း မျက်နှာကို ဖုံးနေတဲ့ သူရဲ့ဆံပင်တွေကို လှန်တင်လိုက်တယ်။

မျက်နှာက ပြောင်ချောကြီး။

မျက်စိ၊ နှာခေါင်း၊ ပါးစပ် ဘာဆိုဘာမှ ရှိမနေဘူး။

” အ…အမလေး…သ…သရဲ…”

ကြီးမောင် ဘာကိုမှ မတွေးနိုင်တော့ဘူး။ စက်ဘီးကို ပစ်ချလို့ အနောက်ကို လှည့်ပြီး ခြေကုန်သုတ်ပြေးမိတော့တာ ဒီပါကုန်းရွာကို ပြန်ရောက်သွားတဲ့ အထိပါပဲ။

ရွာကို ဝင်မိတာနဲ့ ကြိးမောင်ခမျာ ငယ်ကြပါဦး အော်ဟစ်ရင်း မေ့လဲကျသွားလေတော့တာ။

**

ကြီးမောင် သတိရလာတော့ အိမ်တစ်အိမ်ပေါ်မှာရယ်။

ကြီးမောင်ရဲ့ အော်သံကြောင့် နီးစပ်ရာ အိမ်တွေက လူတွေထွက်လာပြီး ခေါ်ယူပြုစုထားတာလို့ သိရတယ်။ နံဘေးမှာလည်း လူသူတွေ ဝိုင်းနေတာပဲ။

သတိရလာပြီဆိုတော့ အဖြစ်သနစ်ကို ဝိုင်းမေးကြတယ်။

ကြီးမောင်က ပြောပြတော့ အားလုံးက စုတ်တသပ်သပ်နဲ့ ကံသီကံမလို့ ဘာမှမဖြစ်ကြတာပေါ့။

နေုာက်ပြီးတော့ ထပ်သိရတာတစ်ခုက အဲ့ဒီ့နေရာက ဟိုးတစ်ချိန်တုန်းက ဂျပန်ခေတ်က လူသတ်ကုန်းရယ်ဆိုပဲ။

ကြီးမောင်မှာတော့ နားထောင်ရင်း ကြက်သီးတဖြန်းဖြန်ထမိလို့။ အဲ့ဒီ့နေရာကို နောက်တစ်ကြိမ် ဖြတ်သွားဖို့ စိတ်ကူးနဲ့တောင် မရဲတော့ဘူး။

ဒါပေမယ့်လည်း မသွားမဖြစ် သွားရမယ့် အရေးက ရှိနေသေးတယ်။ စက်ဘီးနဲ့ မုန့်တွေ၊ ပြီးတော့ ရောင်းရငွေတွေ ထည့်ထားတဲ့ အိတ်။

” စက်ဘီးကိုတော့ သွားပြန်ယူမှ ဖြစ်မယ်ထင်တယ်…”

တစ်ယောက်ကဆိုတော့ ကြီးမောင် ဝမ်းသာသွားရတယ်။

” ဟုတ်…ဟုတ်တယ်။ ကျွန်တော့် စက်ဘီးနဲ့ မုန့်တွေ၊ ပြိးတော့ ဈေးရောင်းထားတဲ့ ပိုက်ဆံတွေလည်း အဲ့ဒီ့မှာ ကျန်ရစ်ခဲ့တယ်…”

ဒီပါကုန်းရွာကလူတွေ စေတနာကောင်းကြပါတယ်။

ကြီးမောင်ရဲ့ အကူအညီတောင်းမှုအတိုင်း လူသူ ချက်ချင်းစုပြီး လိုက်ပေးကြတယ်။

သစ်ပင်အုံ့ဆီကိုရောက်တော့ ကြီးမောင်ရဲ့ စက်ဘီးကို နေရာမပျက် ပြန်တွေ့ရတယ်။ ပိုက်ဆံအိတ်လည်း အထားအသိုမပျက်ဘဲ။ အဲ…ဒါပေမယ့် ထူးနေတာ တစ်ခုတော့ရှိတယ်။

အဲ့ဒါကတော့ စက်ဘီးဖင်ထိုင်ခုံပေါ်က ဂျပန်ခေတ်သုံး ငွေစက္ကူရွက်ကို ခဲလုံးလေးနဲ့ ဖိထားပေးတာပဲ။ ပြီးတော့ မုန့်ထုပ်တချို့လည်း ဖြုတ်ယူခံထားရတယ်လေ။

အဖြစ်အပျက်ကတော့ ဒီလောက်ပါပဲ။

အခုဆိုရင်တော့ ဒီအဖြစ်အပျက်ကို ဦးကြီးမောင် ကြုံခဲ့ရတာ နှစ်တွေလည်းမနဲတော့ဘူး။

လက်ရှိအချိန်ထိလည်း အဲ့ဒီ့တုန်းက ဂျပန်ပိုက်ဆံကို ဦးကြီးမောင် သိမ်းထားမိနေဆဲပါပဲ။

ပြီးပါပြီ။

နောင်ရိုး(ဆေးတပ်)