မောင်ကျော်ဖိုး (လေးတောင်)
မုန်တိုင်းပင်လယ်ထက်က ဒုက္ခဝဲဂယက်
(၁)
မကြာမီ ပင်လယ်ပြင်ထဲသို့ ငုပ်လျှိုးဝင်တော့မည့် နေဝန်းကြီးမှာ အစွမ်းကုန် နီရဲလှပနေသည်။ ဟိုတစ်စု သည်တစ်စု ပျံဝဲနေသော ပင်လယ်ခိုများနှင့် ဇင်ရော်ငှက်များမှာလည်း ဝင်လုဆဲနေရောင်ထဲတွင် ပျံကာဝဲကာ ပျော်ရွှင်မြူးထူးနေကြသည်မှာ လက်ရာမြောက်သော ပန်းချီကား တစ်ကားနှယ်။
ရှုမဝအောင် လှပသည့် ဝန်းကျင်ဖြစ်နေသော်လည်း အလွမ်းဝေဒနာနှင့် ပူဆွေးနေရသူ မကျော့သာ အဖို့မှာတော့ သည်ဝန်းကျင်အလှနှင့် ဆန့်ကျင်ရုံမျှသာမက သည်ကမ်းခြေအလှကပင် သူမ၏ ဝေဒနာကို နှိုးဆွတိုးပွားပေးသယောင်ရှိချေ၏။
ပင်လယ်ကမ်းခြေသို့ ထွက်၍ ငေးမျှော်နေခဲ့သည်မှာ ငါးရက်မြောက်ရှိသွားပါပြီ။ ရောက်ချိန်တန်ပါလျက် ရောက်မလာသူ အကြောင်းကို တွေးရင်း ရင်တွင်း ဝေဒနာမှာ ပိုလို့သာ တိုးပွားလာတာ့သည်။
တစ်စုံတစ်ခုသော ဘေးအန္တရာယ်နှင့် ကြုံတွေ့နေရပြီလား။ သည်အတွေးကို မတွေးချင်ဘဲ တွေးနေရပေပြီ။ ပင်လယ်ပြင် ဝေဟင်ထက်က ပျံဝဲနေသော ခိုငှက်ကလေးဖြစ်လျှင် ကောင်းပေမည်။ ပင်လယ်ပြင်အနှံ့ ပျံဝဲကာ မတွေ့တွေ့အောင် ရှာနိုင်မည်။ ယခုမှာတော့ မသေချာ မရေရာသည့် အတွေးစိတ်နှင့် စိုးရိမ်ပူပန်မှုပိုကာ မျှော်တမ်း ပူးဆွေး ငိုကြွေးရုံမှသာ …။
(၂)
မကျော့သာ၏ ဦးလေး ဦးဖြူထီးအောင်သည် လှေသူကြီးဖြစ်သည်။ သူ့ဒုံးလှေကြီးဖြင့် စစ်တွေ၊ သံတွဲနှင့် ပုသိမ်သို့ သွားရောက်၍ ရောင်းဝယ်ဖောက်ကား ပြုလုပ်သည်။
လှေထိုးသားအများစုမှာ သူနှင့် ဆွေမျိုးတော်စပ်ကြသည်။ ထွန်းဖြူအောင် တစ်ယောက်ကသာ ဆွေမျိုး တော်စပ်သူ မဟုတ်သော်လည်း ရိုးသားကြိုးစားမှုတို့ကြောင့် ဆွေမျိုးတော်စပ်သူများထက်ပင် ထွန်းဖြူအောင်ကို ဦးဖြူထီးအောင် အရေးပေးသည်။ သည်အကြောင်းကြောင့်လည်း တူမချော မကျော့သာနှင့် လူငယ်ချင်းရည်ငံနေကြသည်ကို သဘောတူကျေနပ်ကာ သူတို့နှစ်ဦးအား အိမ်ထောင်ချပေးရန် နှစ်ဖက်မိဘများသို့ နားဖောက်မှုရှိထားသည်။
သည်တစ်ခါက် စစ်တွေမှအပြန်မှာ သူတို့နှစ်ဦးကို မင်္ဂလာဆောင်ပေးရန်လည်း စီမံထားကြသည်။ ထွန်းဖြူအောင်တို့ ချစ်သူနှစ်ဦး၏ အနာဂတ်ခရီးမှာ ပန်းခင်းလမ်းကဲ့သို့သော သာယာဖြောင့်ဖြူးနေပေသည်။
သို့သော်လည်း သည်တစ်ခေါက်ခရီးတွင် ရောက်ချိန်တန်လျက် ရောက်မလာ။ ဟိုဟိုဒီဒီ စုံစမ်းကြည့်တော့ လေပြင်းမုန်တိုင်းမိပြီး လူရောလှေပါ ပျောက်နေကြောင်းသိရ၏။
ဆယ်ရက်ကျော်သည်အထိ ဘာသတင်းမှ မရသည့်အတွက် ပင်လယ်ပြင်မှာ ရေနစ်ပြီး အသက်ဆုံးရှုံးသွားကြပြီဟုသာ မျက်စိမှိတ် ယုံကြည်ကြရတော့သည်။
သေဆုံးသူများအား ရည်စူး၍ ရက်လည်ဆွမ်းသွတ် အမျှဝေခြင်းကို အစဉ်အလာအတိုင်း လုပ်လိုက်ကြရသည်။ မကျော့သာအဖို့ ရင်ထဲက ဝေဒနာကို တားဆီးနိုင်စွမ်း မရှိတော့။ ရေစက်ချရေနှင့်အတူ မျက်ရည်ပြိုင်ပြိုင်ကျခဲ့ရပြီကော။
(၃)
သေသောသူ ကြာရင်မေ့ ဆိုသော်လည်း သက်ဆိုင်သူများတော့ မေ့၍မရနိုင်ကြသေး။
ရက်လည်ဆွမ်းသွတ်ပြီး ၂၅-ရက်ခန့်အကြာ ညနေခင်းမှာ . . . . ။
“သရဲတွေ . . . သရဲတွေ . . . ရွာထဲလာနေကြတယ်”
ရွာထိပ်မှာ ကစားနေသော ကလေးတစ်စု အော်ဟစ်ပြီး ရွာထဲ ပြေးဝင်လာကြသည်။ ကလေးများ၏ အလန့်တကြား အော်ဟစ်ပြေးလွှားလာသံများကြောင့် လူတွေ ထိတ်ထိတ်ပျာပျာ ဖြစ်ကုန်ကြသည်။
“ဘာဖြစ်နေကြတာလဲ”
ဟု လူကြီးတစ်ဦးက မေးသည်။
“ဦးဖြူထီးအောင်နဲ့ ကိုထွန်းဖြူအောင်တို့ သရဲဖြစ်ပြီး ရွာထဲ လာနေကြတယ်”
ဒေါ်ဗြောင်းတူက
“ဟဲ့ . . . နင်တို့ကြောက်နေလို့ အပိုပဲ။ ငါ့နောက် လိုက်ခဲ့ကြ”
ဟု ပြောကာ သူကိုယ်တိုင် ဦးဆောင်၍ ရွာထိပ်သို့ ထွက်ခဲ့ကြသည်။ လူကြီးအချို့လည်း ခပ်လှမ်းလှမ်းမှ လိုက်ပါလာကြသည်။
ဦးဖြူထီးအောင်နှင့် ထွန်းဖြူအောင်တို့ ရွာထဲဝင်လာတော့ ဒေါ်ဗြောင်းတူက ရှေ့က ဆီး၍
“နင်တို့ ဖြူထီးအောင်နဲ့ ထွန်းဖြူအောင် အစစ်အမှန် ဟုတ်ရဲ့လား”
“အမှန်ပါအဘောင်၊ ကျွန်တော်တို့ မသေပါဘူး”
“ငါတို့ တစ်ရွာလုံးက နင်တို့ ပင်လယ်ပြင်မှာ ရေနစ်သေပြီဆိုပြီး ရက်လည်ဆွမ်းသွတ် အမျှတောင်ဝေပြီးသွား။ ဘယ်လိုလုပ် အသက်မသေဘဲ ပြန်ရောက်လာကြတာလဲ”
“ပြောရမှာ အရှည်ကြီး၊ အိမ်ရောက်မှ အေးအေးဆေးဆေး ပြောပြပါ့မယ်”
“နင်တို့ အိမ်ထဲ မဝင်ကြနဲ့ဦး။ ခဏနေကြ”
ဆိုကာ ဒေါ်ဗြောင်းတူက ကင်ပွန်းရည်ဖြင့် သူတို့နှစ်ဦးကို ပက်ဖျန်းပြီးမှ ခြံထဲ ဝင်ခိုင်းသည်။
ဦးဖြူထီးအောင်နှင့် ထွန်းဖြူအောင်တို့က သူတို့ ကြုံတွေ့ခဲ့သမျှကို ပြန်ပြောသည်မှာ . . . ။
(၄)
ဦးဖြူထီးအောင်၏ လှေမှာ အလျား လက်လံ ၁ဝ လံ ရှည်သည်။ ကိုယ်တိုင် စိတ်ကြိုက်တည်ဆောက်ထားသော ဒုံးလှေကြီး။ ဒုံးလှေ ဆိုသော်လည်း ဧရာ (ရေခွဲရေစူး) ပါသောလှေမျိုးဖြစ်၍ လှိုင်းဒဏ် လှေဒဏ်ခံနိုင်သည်။ ချိုး၍ ကော်၍ ရသောလှေမျိုး။
လေမသင့်သော်လည်း မိမိသွားလိုရာသို့ ရွက်ဖွင့်ကာ သွားလာ၍ ရခြင်းကို ရေကြောင်း ဝေါဟာရဖြင့် ချိုး၍ ကော်၍ ရသည်ဟုခေါ်သည်။
ဦးဖြူထီးအောင်၏ လှေသည် နောင်တော်ကြီး (ပင်လယ်ကြောင်း) အတိုင်းသွားသည်။ သုံးရက်အကြာတွင် စစ်တွေသို့ ရောက်လေသည်။ ကုန်ပစ္စည်းရောင်းပြီး လေးတောင်မှာ ပြန်ရောင်းရန် ကုန်ပြန် ဝယ်ရသည်။ သည်လိုနှင့် စစ်တွေမြို့တွင် လေးရက်ခန့် ကြာသွားရသည်။
နံနက်ဝေလီဝေလင်း စစ်တွေမြို့၊ ဆတ်ရိုးကျချောင်းမှ လှေမျိုးစုံ ရွက်ကိုယ်စီလွှင့်၍ ထွက်လာကြသည်မှာ ကြည်နူးစရာပင်။
ဆောင်းရာသီဖြစ်၍ နံနက်ပိုင်း စုန်လေ (အရှေ့မြောက်လေ)တသုန်သုန်တိုက်ခတ်နေသည့်အတွက် စစ်တွေ အနောက်တောင်အရပ်သို့ သွားလိုသော ဦးဖြူထီးအောင် လှေမှာ ရေမသင့်သော်လည်း လေအသင့်ဖြစ်နေ၍ ရွက်နှစ်ဖုံအားဖြင့် သင်္ဘောရှုံးလောက်အောင်ပင် ရှပ်တိုက်၍ ပြေးနေသည်။
ဒီရေတက်ချိန် ပင်လယ်ပြင်မှာ မြောက်ဘက်သို့စီး၍ ဒီရေကျချိန် တောင်ဘက်သို့ စီးသည်။ နေ့လယ်ပိုင်း နောင်တော်ကြီးသို့ အရောက်တွင် ဒီရေကျချိန် လေမှာလည်း “ရမ်းပေါက်လေ” (အနောက်မြောက်အရပ်မှလာသောလေ) ဖြင့် လေးတောင်သို့ ရေအသင့် လေအသင့် ဖြစ်နေ၍ တက်ခပ်သူများ အနားယူရင်း ပျော်နေကြသည်။
အနာဂတ်ကို ကြိုတင်မသိသူများပီပီ ပစ္စုပ္ပန်အတွင်းမှာ သာယာပျော်မြူးနေကြခြင်းဖြစ်သည်။
သို့သော်လည်း မကြာသောကာလမှာ ကြုံတွေ့လာရမည့် အန္တရာယ်ကို ကြိုတင်သိကြမည်ဆိုလျှင်ဖြင့် . . . ။
လှေသည် ရေစီးအား ရွက်အားဖြင့် ဖျံတစ်ကောင်ကဲ့သို့ ပြေးလွှားနေဆဲ၊ ရာသီဥတုမှာလည်း အလွန်သာယာနေသည်။
ထိုအချိန်တွင် အနောက်မြောက်အရပ်မှ ကြက်တစ်ဝပ်စာလောက် တိမ်တိုက်သေးသေးကလေးတစ်ခု ပေါ်လာသည်။ သို့သော်လည်း တိမ်တိုက်က သေးသေးကလေး၊ ပူစရာမလိုဟုဆိုကာ အမှတ်တမဲ့ နေကြသည်။
တိမ်ထဲက မတ်တပ် (တည့်တည့်) လျှပ်စစ်လက်လျှင် အထူးစိုးရိမ်ရသည်။ ယင်းတိမ်တိုက်ထဲမှ လျှပ်စစ်မတ်တပ်လက်သည်ကို နေ့လယ်ဖြစ်၍ မည်သူမျှ မမြင်လိုက်ကြ။ အလွန်ဝေး၍လည်း မမြင်ခြင်းဖြစ် ပေမည်။
မထင်မှတ်သော မိုးသားအစိုင်အခဲမှာ တဖြည်းဖြည်း တရွေ့ရွေ့ဖြင့် ရွေ့လျားကာ ကြီးမားလာသည်။ ၄၅-မိနစ်အတွင်း မိုးကောင်းကင်တစ်ခုလုံး ပြည့်လုမတတ်ဖြစ်သွားသည်။ တိုက်နေသောလေမှာလည်း ရမ်းပေါက်လေမှ မြောက်လေကြမ်းအဖြစ်သို့ တမဟုတ် ချင်း ပြောင်းသွားသည်။
ဦးဖြူထီးအောင်သည် မိုးသက်လေပြင်းကျပြီဆိုတာကို သိ၍ လှေသမားများအား နီးရာကမ်းသို့ ကပ်ရန်အားစိုက်ပြီး လှော်ခတ်ကြဖို့ ပြောသည်။ သို့သော်လည်း နောက်ကျသွားပြီ။ လှေမှာ အရပ်ခေါ် ကမ်းခွာလေ (မြောက်လေကြမ်း) ဖြစ်နေ၍ ကမ်းကိုကပ်ရန် ကြိုးစားလေလေ ကမ်းနှင့်ဝေးကွာလေလေဖြစ်နေသည်။
လေးတောင်သည် ရခိုင်ကမ်းရိုးတမ်း လခြမ်းပုံ၏ အလယ်ခွက်တည့်တည့်၊ စစ်တွေမြို့၏ အရှေ့တောင်အရပ်တွင် တည်ရှိသည်။ ယခု တိုက်သော မြောက်လေကြမ်းကြောင့် လှေမှာ လေးတောင်ဘက်သို့ မသွားတာ့ဘဲ ပင်လယ်သမုဒ္ဒရာထဲသို့သာ သွားနေလေပြီ။
ရွက်နှစ်ဖုံကို ဖြုတ်ချပြီး ထိုရွက်လိပ်နှစ်ဖုံဖြင့် လှေ၏ တစ်ဖက်တစ်ချက်စီတွင် ဖောင်ခပ်လိုက်ကြသည်။ အန္တရာယ်ကို ကြိုတင်ကာကွယ်ခြင်းဖြစ်သည်။ ရွက်တိုင်နှစ်ချောင်းကိုလည်း ရဲဒင်းဖြင့် ခုတ်ဖြတ်လိုက်ကြသည်။ ရွက်တိုင်ကြောင့် ဟန်ချက်မညီဘဲ လှေမမှောက်ရန် စီမံခြင်းဖြစ်သည်။
လှေကို ရေစုံမျှောလိုက်ကြသည်။ ကမ်းသို့ကပ်ရန် လှေကို အတင်းလှည့်လျှင် လှေမှောက်မည်။
ပဲ့ကိုင်ကြီး ဦးဖြူထီးအောင် အထူးသတိထား၍ ချက်ခြင်းစီမံလိုက်ခြင်းဖြစ်သည်။
လေမှာ ပို၍ထန်လာသည်။ လှိုင်းလည်း ပိုကြီးလာသည်။ လှေမှာ လှိုင်းလုံးကြီးများကြားတွင် တောင်ကြီးပေါ် တက်လိုက် ချောက်ထဲသို့ ထိုးကျလိုက်ဖြစ်နေသည်။
လှိုင်းကြီးလှေအောက်ဆိုသော်လည်း သည်းထန်သောလေဒဏ်ကြောင့် လှေမှာ ဆန်ကောထဲက ဆန်လုံးသဖွယ် လူးလိမ့်ရွေ့လျားနေသည်။ လှိုင်းတစ်လုံးမကျော်သေးခင် နောက်တစ်လုံးက အဆက်မပြတ် ပုတ်ခတ်နေ၍ တဝုန်းဝုန်း တဒိုင်းဒိုင်း မြည်နေသည်။
ဘယ်အချိန် လှေ တစ်စစီ ဖြစ်သွားမလဲဟု စိုးရိမ်စိတ်က ငယ်ထိပ်ကို ရောက်လာ၏။
သည်အဖြစ်မျိုး မကြုံဖူးသော ထွန်းဖြူအောင်တို့ လူစုမှာ ကြောက်လည်းကြောက်၊ လှိုင်းလည်းမူးကာ ခေါင်းမဖော်နိုင်ကြတော့။ လှေကို လှိုင်းပုတ်တိုင်း ဘုရားသာ တ,နေကြရတော့သည်။
သည်လိုနှင့် ညဘက်သို့ ရောက်လာသည်။ လှေမှာ မိုးသက်လေပြင်းကြောင့် ဘယ်အရပ်သို့ မျော၍ မျောမှန်း မသိနိုင်တော့ချေ။
(၅)
နောက်နေ့ နေ့လယ်လောက်မှာ လေအနည်းငယ် ငြိမ်သွားသည်။ သို့သော်လည်း လေပြင်းမုန်တိုင်းအရှိန်ကြောင့် လှိုင်းကထန်နေဆဲ။ ဆုံးစမထင်သော သမုဒ္ဒရာကြီးထဲတွင် လှေမှာ တရကြမ်းစီးမျော၍ နေပေသည်။
ပင်လယ်ပြင်မှအပ ဘယ်အရပ်ကိုမှ မမြင်ရခြင်းက ထွန်းဖြူအောင်တို့ကို ကြောက်စိတ်ပိုစေသည်။ မိမိတို့နေရပ် ဘယ်မှာမှန်းမသိ။
ကံကောင်း၍ အသက်မသေရသော်လည်း မရှုမလှဖြစ်နေကြရပြီ။ မနက်ကတည်းက ဘာမျှ မစားခဲ့ကြရ။ ရေထဲမကျဘဲ ကျန်နေသော ဆန်အနည်းငယ်နှင့် ထမင်းချက်၍ စိုနေသော ဟင်းကျန်များဖြင့် ဖြစ်သလို စားလိုက်ကြသည်။
လေပြင်းမုန်တိုင်း ငြိမ်သွားသော်လည်း လှေမှာ အနောက်ဘက်သို့ တရကြမ်း စီးမျောနေသည်။ တစ်ပူမအေးသေး၊နောက်တစ်ပူ ဆင့်နေသည်။
လှေမှာ ရိုးရိုးစီးနေသည် မဟုတ်ဘဲ တစ်ခုခုက အတင်းဆွဲချသလို ဖြစ်နေသည်။ အားလုံးက ဒီတစ်ကြိမ်တော့ မျှော်လင့်ချက်မရှိတော့ဟု သတ်မှတ်လိုက်ကြတော့သည်။ ဆုံးစ မထင်သော ပင်လယ်ပြင်ထဲမှာ အသက်ဆုံးရှုံးရမည်ဆိုသော အသိက ထွန်းဖြူအောင်တို့ကို ကြီးစိုးမင်းမူ၍ နေလေပြီ။
(၆)
တတိယမြောက်နေ့ကို ရောက်လာပြီ။ လှေသည် ရေစီးအတိုင်း မျောလျက်ပင်။ ထမင်းချက်ရန် ဆန်မရှိတော့။ စားစရာဟူ၍ ကျောက်ဖရုံသီး တစ်လုံးသာ ကျန်တော့သည်။ ခွဲခြမ်းဝေမျှ၍ စားလိုက်ကြသည်။
ဝမ်းမှာ အစာတစ်ခုခုရှိဖို့က အဓိက မဟုတ်ပါလား။ လေနှင့် လှိုင်းဒဏ်ကြောင့် သောက်ရေ ရေစည်ကြီးလည်း ကွဲခဲ့ရပြီ။ သောက်စရာ ရေမရှိတော့။ ရေဆာသည့်ဒဏ်ကိုလည်း အလူးအလဲ ခံစားရသည်။
ထမင်း လည်းမစားရ။ ရေလည်းမသောက်ရ။ လူတွေမှာ ထူထူထောင်ထောင် မရှိတော့။ လှေဝမ်းထဲမှာပင် ပုစွန်ခွေသလို ခွေနေကြရလေပြီ။
(၇)
စတုတ္ထမြောက်နေ့တွင် ရာသီဥတုမှာ ပုံမှန်ဖြစ်သော်လည်း လှေက ရေစီးအတိုင်း အနောက်ဘက်သို့ မျောပါနေဆဲပင်။ လှေဝမ်းထဲ လဲနေသူများမှာ အစားမစားရ၍ အင်အားပြတ်နေကြပြီ။
“ငတ်တာလည်းကြာပြီ၊ စားစရာလည်းမရှိ။ ဒီအတိုင်းတော့ အသေမခံနိုင်။ ထွန်းဖြူအောင်ကို သတ်ပြီး ချက်စားကြရအောင်”
လှေထောင့်တစ်နေရာမှာ တီးတိုးတိုင်ပင်နေကြသည်ကို ထွန်းဖြူအောင် အကွယ်တစ်နေရာက ကြားလိုက်ရသည်။ တစ်ကိုယ်လုံး ကြက်သီးတဖျန်းဖျန်း ထသွားသည်။
“ဘုရား … ဘုရား … ငါ့ကို သတ်စားကြတော့မယ်။ ရေနစ်မသေဘဲ အသတ်ခံရလို့ သေရတော့မယ်”
တိုင်ပင်နေသူများမှာ ဆွေမျိုးသားချင်းတွေ။ ထွန်းဖြူအောင်က သူစိမ်း။ သူစိမ်းအသက်ကို သတ်ပြီး ကိုယ်တို့အသက်ရှင်သန်ဖို့ စိတ်ကူးနေကြပါလား။
ငါ ဘာလုပ်ရမလဲ။ ပြေးစရာ မြေမရှိ။ တစ်ယောက်နှင့်အများ ခုခံဖို့ကလည်း မဖြစ်နိုင်။ ဒီအတိုင်းနေရင် သေရတော့မှာ။ ဘာပဲဖြစ်ဖြစ် ဦးဖြူထီးအောင်ကို အသိပေးတာ အကောင်းဆုံး။
ထွန်းဖြူအောင်သည် ဦးဖြူထီးအောင် ရှိရာသို့ တွား၍သွားသည်။
“ကျွန်တော့်ကို ကယ်ပါ ဦးလေးရယ်။ ကျွန်တော့်ကို သတ်စားကြတော့မလို့ လုပ်နေကြတယ်။ ကျွန်တော် မသေပါရစေနဲ့။ ဦးကို ရှိခိုးတောင်းပန်ပါတယ်”
သည်တော့မှ ထွန်းဖြူအောင်ကို သတ်စားကြဖို့ ကြံနေမှန်း ဦးဖြူထီးအောင် သိရတော့သည်။
“အခုလို အသက်ဘေး ကြုံနေရချိန်မှာ မကြံကောင်းမကြံအပ်တဲ့ အကုသိုလ်ကိစ္စကို စိတ်မကူးကြနဲ့။ အားလုံး စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင်နေကြ။ မဟုတ်တာတွေ တွေးကြံမနေကြနဲ့၊ ဒါပဲပြောမယ်။ ထွန်းဖြူအောင် ငါ့တူ၊ မကြောက်နဲ့ ငါရှိတယ်။ မင်းကို လက်ဖျားနဲ့တောင် မထိစေရဘူး”
လှေသားများမှာ လှေသူကြီး ဦးဖြူထီးအောင် စကားကြောင့် ငြိမ်သွားကြရသည်။
(၈)
ပဉ္စမမြောက်နေ့သို့ ရောက်လာပြီ။ လှေမှာ အနောက်အရပ်သို့သာ စီးမျောနေဆဲ။ လှိုင်းဒဏ်က တစ်မျိုး၊ အစားအစားရသည်က တစ်ဖုံ ဖြစ်ကာ ယခင်ကထက်ပို၍ ပျော့ခွေနေကြပြီ။
တစ်ချီချီမှာ လှေဦးက ဦးဖြူထီးအောင်၏ တရားစာရွတ်သံသဲ့သဲ့ကို လှိုင်းသံလေသံကြားက တိုးတိုးညှင်းညှင်း ကြားနေရသည်။
ထွန်းဖြူအောင် သူ့အဖော်များကို ကြည့်လိုက်သည်။ အားလုံး ခွေလဲ၍ နေကြပြီ။ ရေဆာသည့် ဒဏ်ကြောင့် နှုတ်ခမ်းများ ခြောက်ကပ်ကာ ပြာနှမ်းနေကြပြီ။
ငါတို့ထဲမှာ လှုပ်ရှားနိုင်သူဆိုလို့ ငါတစ်ဦးသာ ရှိတော့သည်။ သူတို့အတွက် ငါ ဘာလုပ်ရမလဲ။ အစာရှာဖို့မဖြစ်နိုင်။ ရေဆာတာက ပို၍ အရေးကြီးသည်။ ရေကိုမြင်လျက် မသောက်ရ ဖြစ်နေရခြင်းမှာ ဒုက္ခကြီးလှပါတကား။
သူ ရုတ်တရက် အကြံရသည်။ သူ့အဝတ်သန့်သန့်များနှင့် လုပ်ဖော်ကိုင်ဖက်တို့၏ အဝတ်သန့်သန့်များကို လှေကြမ်းပြင်တွင် ဖြန့်ခင်း၍ နှင်းခံလိုက်သည်။ နှင်းက ပင်လယ်ထဲတွင် ပို၍ကျသည်။
နံနက်ဝေလီဝေလင်းမှာ နှင်းစိုနေသော အဝတ်များကို အရည်ညှစ်ကာ ခွက်တစ်ခုဖြင့် နှင်းရေစုဆောင်းနေသည်။ အဝတ်အစားအားလုံး အရည်ညှစ်ပြီးသည့်အခါ ရေတစ်ခွက်နီးပါးရသည်။ အားတက်သွားကာ လဲနေသူများကို အနည်းငယ်စီ မျှဝေတိုက်ကျွေးပေးလိုက်သည်။
“ထွန်းဖြူအောင် . . . ငါတို့ကို ခွင့်လွှတ်ပါကွာ။ အလွန်ဆာနေချိန်မှာ ရေနည်းနည်းဟာ အရသာအရှိဆုံးပါ။ မင်းအပေါ် မကောင်းစိတ် ထားခဲ့မိတာကို ခွင့်လွှတ်ပါကွာ”
မိမိ၏ မွန်မြတ်သည့် စေတနာကြောင့် ထွန်းဖြူအောင်အတွက် မေတ္တာရောင်ပြန်ဟပ်ခြင်းပင် မဟုတ်ပါလား။
“စိတ်မကောင်း မဖြစ်ကြပါနဲ့။ အချင်းချင်း ကူညီရတယ်လို့ သဘောထားပါ။ အစ်ကိုတို့ စိတ်ဓာတ်မကျနဲ့။ အားတင်းထားကြ”
(၉)
ပင်လယ်ပြင်ကြီးထဲ မျောနေသည်မှာ ခြောက်ရက်မြောက်ရှိပြီ။ ပင်လယ်ပြင်ကြီးမှအပ ဘာကိုမှ မမြင်ရတာ ကြာပြီ။ လှိုင်းသံများက သေမင်းခေါ်သံအလား ခြောက်လှန့်၍နေသည်။ တစ်နေ့ကျော်လွန်ခြင်းသည် သေမင်းလက်က တစ်နေ့တာ လွတ်ခြင်းပင်ဖြစ်သည်။ သည်ကနေ့အဖို့ သေမင်းလက်က လွတ်နိုင်ပါ့မလား၊ ရှိသမျှအားကို စိုက်၍ နီးရာကို ဖက်တွယ်ထားကြရသည်။
“ငါတို့ မျှော်လင့်ချက်မရှိတော့ဘူး။ ဒီနေ့လား မနက်ဖန်လားလို့ သေနေ့ကို မျှော်နေရပြီ။ ရလာတဲ့ငွေကို သံဗူးထဲထည့်ပြီး ပင်လယ်ထဲမျှောလိုက်ကြမယ်။ မသေခင် အလှူဒါနလုပ်ကြတာပေါ့။ ငွေရသူ အမျှဝေနိုင်အောင် နာမည်နှင့်လိပ်စာရေးထည့်လိုက်မယ်”
ဦးဖြူထီးအောင်က ရှိသမျှ ခွန်အားကိုထုတ်၍ ပြောလိုက်သည်။ အသက်ရှင်ရန် မရှိတော့သည့် ဘဝမှာ ငွေလည်းဘာမှ တန်ဖိုးမရှိတော့။ ငွေနောက် လိုက်ခဲ့ကြလို့ အခုလို ဒုက္ခကြုံခဲ့ရပြီ။ ဒီအခြေအနေမှာ ငွေဟာ ရေတစ်ခွက်လောက် အသုံးမဝင်တော့။ ရေမစို၍ ကျန်နေသော စာရင်းစာရွက်အလွတ်တွင် ပါလာသူများ၏ အမည်၊ နေရပ်များကို ရေးပြီးနောက်
“ကျွန်တော်တို့သည် မုန်တိုင်းကြောင့် လှေမှောက်ကာ ရေနစ်၍ သေဆုံးသူများ ဖြစ်ပါသည်။ ဤဗူးကိုရသူအား ငွေများကို လှူဒါန်းပါသည်။ ကျွန်တော်တို့အား တတ်စွမ်းသလောက်နှင့် ရည်စူးဒါနပြုလုပ်၍ အမျှဝေပေးပြီး ကျွန်တော်တို့ မိသားစုကို အကြောင်းကြားပေးပါရန် တောင်းပန်ပါသည်” ဟု ရေးလိုက်သည်။
ငွေနှင့်စာရွက်ကို သံဗူးလွတ်တစ်ခုတွင် ထည့်၍ အလုံပိတ်ကာ ရေမျှောလှူဒါန်းရန် ကြံနေစဉ် ထူးကဲသော အသံတစ်ခုကို ကြားလိုက်ကြသည်။ လှမ်းမျှော်ကြည့်လိုက်ရာ မဲမဲညိုညို တစ်ခုကို မြင်လိုက်ကြ ရသည်။
အသံ ကျယ်သထက် ကျယ်လာသည်။ နီးသထက် နီး၍ လာသည်။ ဦးဖြူထီးအောင်က
“သင်္ဘောဟေ့ . . . သင်္ဘော၊ ငါတို့ မသေတော့ဘူး”
ဟု ပြောလိုက်သည်။ အဝတ်စတစ်ခုကို ဝါးလုံးတွင် ချည်ကာ ဝှေ့ရမ်း၍ အချက်ပြ အကူအညီ တောင်းလိုက်သည်။
သင်္ဘောက မြင်ဟန်တူသည်။ လှေဘက်သို့ ဦးလှည့်လာသည်။
လှေသမားများ ဝမ်းသာ၍ ထိုင်မထိ ထမထိ ဖြစ်နေကြသည်။
သို့သော် သင်္ဘောမှာ လှေနားရောက်ခါမှ ပြန်လှည့်သွားသည်။ သူတို့ကို မကယ်ဘဲ ပြန်သွားပြီဟု ထင်မှတ်ကာ ငိုကြသည်။
အမှန်က သင်္ဘော စက်ရှိန်လျှော့ရန် လှည့်သွားခြင်းဖြစ်သည်။ စက်ရှိန်မလျှော့လျှင် သင်္ဘောအရှိန်ကြောင့် လှေနစ်မြုပ်သွားနိုင်သည်။ အရှိန်လျှော့၍ တဖြည်းဖြည်း ချဉ်းကပ်လာတော့မှ ပြုံးနိုင်ရယ်နိုင်ကြတော့သည်။
လှေအနီး ရောက်လာသောအခါ လှေနှင့် သင်္ဘောကို ချည်၍ သင်္ဘောပေါ်က ကြိုးလှေကားချပေးလိုက်သည်။ လှေသမားများအား ကြိုးလှေကားဖြင့် သင်္ဘောပေါ် ရောက်အောင် ဆွဲတင်ကြသည်။
(၁ဝ)
သင်္ဘောပေါ် ရောက်ရောက်ချင်း ထမင်းကျွေးရန် လက်ဟန်ပြ၍ တောင်းကြသည်။ သင်္ဘောတာဝန်ရှိသူများက ထမင်းမကျွေးသေး။ ဆန်ပြုတ်အနည်းငယ်နှင့် ရေအနည်းငယ်စီ တိုက်သည်။ ဆန်ပြုတ် သောက်ပြီးသည်နှင့် လူအများ ပျော့ခွေ၍ အိပ်ပျော်သွားကြတော့သည်။
အိပ်ရာမှ နိုးလာလျှင် ကမ္ဘာ့မြေပုံတစ်ချပ်ကို ဖြန့်ပြပြီး “ဘယ်နိုင်ငံကလဲ”ဟု မေးရာ ထွန်းဖြူအောင်က မြန်မာနိုင်ငံမြေပုံကို ထောက်ပြလိုက်သည်။
သင်္ဘောအရာရှိက မြန်မာဗုဒ္ဓဘာသာလူမျိုးမှန်း သိသွား၍ ဖော်ရွေစွာ ဆက်ဆံသည်။ ညနေဘက်တွင် မုန့်ပျော့ပျော့နှစ်ခုနှင့် ရေတစ်ခွက်စီ ကျွေးသည်။
နောက်နေ့နံနက်တွင် ဆိပ်ကမ်းတစ်ခုသို့ သင်္ဘောဆိုက်ကပ်တော့သည်။ မြန်မာသံအမတ်ကြီးက သင်္ဘောဆိပ်တွင် စောင့်ကြိုနေသည်ကိုတွေ့ရသည်။
ဦးဖြူထီးအောင်ကို အားပေးစကား ပြောကြားသည့်အတွက် အထူးအံ့ဩနေကြသည်။ နောက်မှ သိရသည်မှာ သင်္ဘောမှ ကြိုတင် သံကြိုးရိုက် အကြောင်းကြားထားသည့်အတွက် မြန်မာသံအမတ်ကြီး လာရောက်ခြင်းဖြစ်ကြောင်း သိရတော့သည်။
သူတို့ ရောက်နေသောနိုင်ငံမှာ သီဟိုဠ် နိုင်ငံခေါ် သီရိလင်္ကာနိုင်ငံဖြစ်ကြောင်း သံအမတ်ကြီးက ပြောပြသည်။
(၁၁)
အစားအသောက်နှင့် ဆေးဝါးတို့ကို လိုလေသေးမရှိအောင် သံရုံးက စီမံဆောင်ရွက်ပေးသည်။ လူတွေကလည်း ရက်ပိုင်းအတွင်းမှာ အင်အားပြည့်ဝ ကျန်းမာလန်းဆန်းလာကြသည်။
“မုန်တိုင်းစဲသော် လေပြေလာ” ဆိုရိုးစကားရှိသည်။ ကံက မိမိတို့ဘက်သို့ ရောက်လာတော့လည်း မယုံနိုင်လောက်အောင်ပင် ရှိလေသည်။
သီဟိုဠ်တွင် မြတ်ဗုဒ္ဓစွယ်တော်တိုက် ရှိသည်။ တစ်နှစ်တွင် တစ်ကြိမ်သာ ဖွင့်သည်။ ထွန်းဖြူအောင်တို့ စွယ်တော်တိုက်အဖွင့်နှင့် ကြုံ၍ စွယ်တော်ဖူးရန် သံရုံးက ပို့ပေးသည်။ မြတ်စွာဘုရား၏ စွယ်တော်အစစ်ကို ဖူးခွင့်ရကြသည်မှာ ကုသိုလ်အလွန်ထူး၍ ဖြစ်ပေသည်။
နောက်သုံးရက်အကြာမှာ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့သို့ ပို့ပေးသည်။ ကာလကတ္တားမြို့မှ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ပို့ပေးသည်။
ရန်ကုန်တွင် ရွှေတိဂုံဘုရားကို ဖူးမြော်ခွင့်ရကြပြန်သည်။
ရန်ကုန်မှ သင်္ဘောကြီးဖြင့် ကျောက်ဖြူမြို့သို့ ပို့ပေးသည်။ ကျောက်ဖြူမှ လေးတောင်သို့ ခြေကျင်သွားရသည်။
ဤသို့ဖြင့် သေရွာပြန်များ မိမိဒေသကို ပြန်ရောက်လာကြသည်မှာ ကြားရသူများ အံ့ဩကုန်နိုင်ဖွယ် ဖြစ်ကြရသည်။
ပင်လယ်ကမ်းစပ်ထွက်၍ အလွမ်းသယ်ကာ စောင့်မျှော်နေသူနှင့် ပင်လယ်ထဲတွင် ဒုက္ခမျိုးစုံကြုံခဲ့ရသူတို့ ပြန်လည်ဆုံတွေ့ကြသော အခါ …
“ကျော့သာကို အလွမ်းဒုက္ခမျိုးစုံပေးပြီး ခုမှ ပေါ်လာတဲ့ အစ်ကို့ကို အငြိုးထားပြီး မုန်းပစ်မှာ”
“ကျော့သာကလည်း ကိုယ်တို့ ဘေးမသီ ရန်မခ ပြန်ရောက်ပြီပဲ။ နောက်ငါးရက်ဆို ကိုယ်တို့ မင်္ဂလာဆောင်တော့မယ်လေ။ ကျော့ ဝမ်းမသာဘူးလား”
“ဟွန်း . . . ပိုမနေနဲ့ ကိုဖိုးသဲကြီး”
(၁၉၃၅-ခုနှစ်က ဖြစ်ရပ်မှန်ကိုဇာတ်အိမ်ဖွဲ့ရေးသားထားပါသည်)
ရိုးမအလင်္ကာ ဝတ္ထုတိုစုစည်းမှု အမှတ်(၅) စာအုပ်မှ ကူးယူဖော်ပြပါသည်။
– ပြီး –
စာရေးသူ – မောင်ကျော်ဖိုး (လေးတောင်)