*******
” ခွေးလိုကောင်…သောက်ကျင့်တစ်စက်မှမကောင်းဘူး…”
ဘာရယ်တော့ မဟုတ်ဘူး။ ဒီလိုစကားတွေကြားရင် ကျွန်တော်မဲ့ပြုံး ပြုံးမိတယ်။
ဘာတဲ့…။
ခွေးလိုကောင်တဲ့…။
လူတစ်ယောက် အကျင့်စာရိတ္တပျက်ပြားတာကို မဆီမဆိုင် လက်ပံပင်ဓားနဲ့ ချိုင်ပြီး သူ့ဘာသာနေတဲ့ ခွေးနဲ့ နှိုင်းပြီးပြောတယ်။
တကယ်တော့…။
ခွေးနဲ့ ဒီကိစ္စက လားလားမှမဆိုင်။ ခွေးက သူ့ဘာသာနေပြီး လူက သူ့ဘာသာမူဖောက်တာ။
တကယ်တမ်းတရားသဘောနဲ့ တွေးကြည့်ရင်တော့ လူတိုင်းက မမှား၊ မမှားတိုင်လည်း မမှန်။ ငါဆိုတာကလည်း သူ၊ သူဆိုတာကလည်း ငါပါပဲ။
ဆိုလိုချင်တာကို ပွင့်ပွင့်လင်းလင်းပြောပြရရင်တော့။
လူတွေမှာလည်း ကောင်းသူရှိသလို၊ ဆိုးသူရှိတယ်။
ဒါဖြင့်…လူတွေများပြောနေကြသလို ခွေးတွေက အမြဲလို ယုတ်မာတတ်နေပါသလား။ လူတွေကကော လုံး၀ မယုတ်မာတတ်ဘူးလား။ ခွေးတွေကပဲ ယုတ်မာတတ်လို့ ယုတ်မာသူတွေကို ခွေးနဲ့နှိုင်းတာလား။
တကယ်တော့ ခွေးတွေမှာလည်း လူတွေလိုပဲ ကောင်းတဲ့သူရှိသလို၊ ဆိုးသွမ်းတာမျိုးရှိတတ်ပါတယ်။
ဒါပေမယ့်…သေချာတာကတော့ သူတို့ဟာ လူတွေလောက်မယုတ်မာတတ်ဘူးဆိုတာပါပဲ။
ဒီအတွက်ကို သက်သေပြတဲ့အနေနဲ့ ဒီဖြစ်ရပ်လေးကို တစ်ချက်ကြည့်ပါ။
*******
မိကဲ အိမ်ကို ရောက်လာတော့ သူ့အသက်က လပိုင်းလောက်ပဲ ရှိဦးမယ်။
လသားအရွယ်ဆိုတော့ ဟိုရယ်၊ ဒီရယ် လျှောက်ပြီးသွားလာတတ်နေပြီ။ သူ့ကို သန့်ပြန့်နေအောင်လုပ်ပေးပြီးတော့ အိမ်ထဲမှာထားတာ။
မိကဲက ငယ်ကတည်းက အကျင့်ကောင်းတယ်။ သူ့ ဘယ်လောက်ပဲ အလေး၊အပေါ့သွားချင်ချင် အိမ်ထဲမှာမသွားဘူး။ ရရာ အပေါက်က တိုးထွက်လို့ အိမ်အပြင် လွတ်ရာ ခြံထောင့်ဆီမှာသွားတတ်တယ်။ အပြင် ထွက်ဖို့ သူ့အတွက် မလွယ်ပေါက်လေးသီးသန့်ထားပေးထားတယ်လေ။
ဒီလိုနဲ့ မိကဲတို့ တဖြေးဖြေးနဲ့ အရွယ်ရောက်လာတော့ အိမ်ထဲမှာ ထားလို့မရတော့ဘဲ ခြံကို လုံအောင်ကာလို့ အိမ်နောက်ဘက်မှာ အိမ်ခန်းသေးသေးလေးဆောက်ပေးပြီး ထားခဲ့တယ်။
နောက်ပြီး အရွယ်ရောက်လာလေပြီဆိုတော့ သူ့ကို လမ်းကြားထဲက အလေအလွင့်တွေနဲ့ မဟုတ်တရုတ် အမျိုးစပ်မှာစိုးလို့ တိ၊ ကုဆရာ၀န်ဆီသွားပို့ပြီး သန္ဓေတားဆေးထိုးထားလိုက်ကြတယ်။
ဆေးအာနိသင်ကြောင့်ထင်ပါရဲ့ မိကဲတို့များ အကောင်ကြီးက ထွားကြိုင်းပြီး ၀ဖီးလာလိုက်တာ သာမန်ခွေးထီးတွေလောက်တောင်မကဘူး။ အမွှေးအရောင်ကလည်း ဝါရွှေနုရောင်ထနေလေတော့ တကယ့်ကို လှလွန်းနေတယ်။
တားဆေးထိုးထားတော့ မိကဲမှာ မေထုန်စိတ်မရှိဘူး။ မေထုန်စိတ် မရှိတော့ သူ့အနားကို ဘ၀တူ၊ လိင်ကွဲဖွန်ကြောင်တွေလာရင် ဟိန်းဟောက်ပြီး မာန်ဖီတတ်ခဲ့တယ်။
*******
ကျွန်တော်တို့မိသားစုနဲ့ မိကဲက မိသားစုပမာဖြစ်နေခဲ့ပါတယ်။ တစ်ခုသော ရက်ဆီမှာတော့ နယ်က ရန်ကုန်က အဘွားဆုံးပါးလို့ တစ်မိသားစုလုံး ခရီးသွားဖို့ဖန်လာတယ်။
မိကဲကို ခေါ်သွားလို့မရတော့ ခြံထဲမှာပဲ တံခါးပိတ်ထားလို့ ခြံသော့ကို နံဘေးက အိမ်နီးချင်း ဆီအပ်ခဲ့ပါတယ်။
အဘွားနာရေးချပြီးတဲ့ နောက်တစ်ရက်မှာတော့ အဖေ့ဆီကို ဖုန်း၀င်လာတယ်။
အဖေက ဖုန်းပြောပြီးတော့ နောက်ပိုင်းဆီကို သူချက်ချင်းပြန်မယ်လို့ ပြောလာတယ်။
ဖြစ်ပုံက ဒီလိုရယ်လေ။
ကျွန်တော်တို့ ခရီးသွားပြီး သုံးရက်မြောက်ညမှာ အိမ်ကို သူခိုး၀င်တယ်။
ဒီမှာတင် မိကဲက သူခိုးကို အပီအပြင်တွယ်တော့တာပဲ။
သူခိုးခမျာ မိကဲရဲ့ အလစ်အကိုက်ကတိုက်ခိုက်မှုကို ခံခဲ့ရပြီး အရေးပေါ်ခန်းဆီကိုတောင်ရောက်တယ်လို့ ဆိုတယ်။
ဒါတောင် မိကဲရဲ့ အသံကြောင့် အိမ်နီးနားကလူတွေအလာမြန်လို့တဲ့။ မိလိုက်တဲ့ သူခိုးကလည်း နယ်နယ်ရရတော့မဟုတ်ဘူးနော်။ တကယ့်ကို နယ်တကာလှည့်ခိုးနေတဲ့ နာမည်ကြီးသူခိုးတဲ့။
ရဲတွေတောင် အဖမ်းရခက်လောက်အောင် ခြေရာအဖျောက်ကောင်းတဲ့ နာမည်ကြီးသူခိုးကို မိကဲက ဖမ်းပေးခဲ့တာ။
နောက်တော့ သူခိုးရဲ့ ထွက်ဆိုချက်အရ သူခြံထဲကို ကျော်၀င်ချိန်အထိ မိကဲရဲ့ အရိပ်အယောင်ကို မမြင်ရဘူး။ ဒီတော့ သူခိုးက စိတ်ချလက်ချနဲ့ အိမ်သော့ကို ဖျက်ဖို့လုပ်နေတုန်း မိကဲက အလစ်အငိုက်လုံးလာတာတဲ့။
သူ့ဆီမှာ ဓားမြှောင်ပါတာတောင်မှ မိကဲရဲ့ သန်မာမှုကြောင့် ဘာမှမလုပ်နိုင်ခဲ့ဘူးတဲ့။
ဒီအဖြစ်အပျက်ကြောင့်ပဲ တစ်မိသားစုလုံးတင်မက ရပ်ကွက်က လူတွေကပါ မိကဲကို ချီးကျူးခဲ့ကြတယ်လေ။
******
အချိန်တွေပြောင်းလဲလို့ မိကဲ လေးနှစ်သားအရွယ်ကို ရောက်ခဲ့ပါပြီ။
အခုရက်ပိုင်း မိကဲကို ကြည့်ရတာ တစ်မျိုးဖြစ်နေပုံပဲ။ ရွှင်ရွှင်လန်းလန်းသိပ်မရှိဘူး။ ငေးငေးငိုင်ငိုင်နဲ့။ ဒီလိုမှ မဟုတ်ရင် ချောင်တစ်နေရာရာမှာ ခွေအိပ်နေတတ်ပြန်တယ်။
အဖေနဲ့ အမေဆို မိကဲအရိပ်အခြည်ကြောင့် နေများမကောင်းတာလားလို့ထင်ပြီး ဆေးခန်းတွေဘာတွေတောင်သွားပြခဲ့တာ။ ဒါပေမယ့်လည်း မိကဲက ဘာမှမဖြစ်ပါဘူး။
တကယ်တော့ မိကဲဖြစ်နေတဲ့ ဝေဒနာက တစ်မျိုးရယ်လေ။ ဒါကို နောက်ကျမှ ကျွန်တော်တို့မိသားစုသိခဲ့ကြရတာ။
အဲ့ဒီ့နေ့က…။
မိကဲ တစ်နေကုန်အိပ်နေခဲ့တာ အစာတောင်ထ’မစားဘူး။
ကျွန်တော်တို့ မိသားစုမှာတော့ မိကဲကို ကြည့်ပြီး စိတ်မကောင်းတောင်ဖြစ်မိကြတယ်။
ဒါပေမယ့် ညဘက် ညဉ့်နက်ချိန် လည်းကျရော မိကဲ အိမ်ကနေ ပျောက်သွားခဲ့တယ်။
ဒါကို ကျွန်တော်တို့မိသားစု အိပ်မောကျနေလို့ မသိကြဘူးလေ။
အမေ ညတစ်ရေးနိုးလို့ အပေါ့အပါးသွားချိန်လည်းကျရော မိကဲဆီကို စိတ်ပူပြီး၀င်ကြည့်မိတယ်။ နောက်တော့ အူယားဖားယားပြေးလာပြီး အဖေ့ကို နှိုးတော့တယ်။
” ကိုတင်…ကိုတင်…ထပါဦး။ ဒီကို လာကြည့်ပါဦးတော့…”
အမေ ထိတ်ထိတ်ပြာပြာနဲ့ နှိုးလာတော့ အဖေချက်ချင်းပဲ ထလိုက်တယ်။
ပြီးတော့…အမေက တိတ်တိတ်နေဖို့ အချက်ပြပြီး အဖေ့ကို အိမ်နောက်ဆီခေါ်လာခဲ့တယ်။
အိမ်နောက်လည်းရောက်ကော အမေက မိကဲအခန်းဆီကို မေးဆတ်ပြတယ်။
” ဟာ…”
မြင်ရတဲ့ မြင်ကွင်းကြောင့် အဖေအံ့သြသွားတယ်။
မိကဲရယ်လေ…သူ့ရင်ခွင်ထဲမှာ ဘယ်က ချီလာမှန်းမသိတဲ့ ခွေးနီတျာရဲလေးတွေကိုထည့်လို့ နို့ရည်မရှိတဲ့ သူ့နို့တွေကို တိုက်နေတာ။
လူတွေကြောင့် မေထုံမရှိ၊ သားသမီးရပိုင်ခွင့်မရှိတဲ့သူ့ဘ၀။
ဒီဘ၀ကို ပိုင်ဆိုင်ထားတဲ့ မိကဲဟာ မ’သတ္တဝါတို့ ထုံးစံအရ မိခင်မေတ္တာကို ပြသနေတာ။
ဒီမြင်ကွင်းကို ကြည့်ပြီး အမေဆို မျက်ရည်တွေ ဝဲလာတယ်။ အားလုံးလည်း စိတ်မကောင်းဖြစ်မိကြရတယ်။
သူ့ခမျာ သခင်လူသားတို့အလိုအရ မျိုးဆက်ဆိုတာကို ဖြတ်တောက်ခံခဲ့ရတယ်။
ဒါပေမယ့် သူဟာ သခင်တွေအပေါ်အမျက်မရှိတဲ့အပြင် သူခိုးရန်ကာကွယ်ပြီး ကျေးဇူးဆပ်လို့ တုန့်ပြန်တယ်။
ပြီးတော့ သူ့ရဲ့ မိခင်စိတ်ကို မဖြေဖျောက်နိုင်လို့ သူများရဲ့ ကလေးတွေကို သူသွားခိုးလာခဲ့ရတယ်။
နောက်တစ်နေ့မှာတော့ ကလေးတွေကြားက မိကဲဟာ သာမန်ထက်ကို ထူးလို့မြူးလို့ပျော်ရွှင်နေပါတော့တယ်။
သို့ပေသော်လည်း…။
နှစ်ရက်လောက်အကြာမှာ အဖေတို့က ခွေးကလေးတွေရဲ့ မိခင်ရင်းဖြစ်တဲ့ ခွေးသားမဆီကို ကလေးတွေကို ပြန်ပို့ခဲ့ပါတော့တယ်။
အကယ်၍ မပို့ခဲ့ရင်လည်း မိကဲဆီက နို့ရည်မရလို့ ကလေးတွေက သေသွားနိုင်တယ်လေ။
ကလေးတွေကို ပြန်ပို့အပြီးမှာတော့ အဖေကော အမေကော နှစ်ယောက်စလုံး မိကဲအတွက် မျိုးဆက်ရှိစေဖို့ တိ၊ကု ဆရာ၀န်ဆီသွားခဲ့ကြပါတယ်။
ဆရာ၀န်ဆီက စစ်ဆေးမှုကြောင့် ရလာတဲ့ အဖြေကတော့ မိကဲအတွက် ကံမကောင်းခဲ့ပါဘူး။ တားဆေးတွေထိုးထားတာ နှစ်ကြာပြီမို့ မိကဲခမျာ ဆေးဒဏ်ကြောင့်သားသမီးမရနိုင်ခဲ့တော့ဘူးတဲ့လေ။
မိကဲအပေါ် သူ့အလိုမပါဘဲ တားဆေးတွေထိုးပေးခဲ့မိတာကို တစ်မိသားစုလုံးနောင်တရမဆုံး၊ ကြေကွဲမဆုံးဖြစ်ခဲ့ကြရတယ်။ ဒါပေမယ့်လည်း စိတ်မကောင်းဖြစ်ကြရုံကလွဲပြီး ဘာမှလုပ်ပေးဖို့ မတတ်နိုင်ခဲ့ကြဘူး။
ဒီကြားထဲမှာ မိကဲကတော့ သူများတကာရဲ့သားသမီးတွေကို ရရင်ရသလို ခိုးယူလာပြီး သူ့ရဲ့ နို့ရည်မထွက်တဲ့ နို့ပိန်ကြီးကို တိုက်ကျွေးနေတုန်းပါပဲ။
ကျွန်တော်တို့ မိသားစုကတော့ မတတ်သာတဲ့အဆုံးမှာ မိကဲအလိုကို လိုက်လို့ ခွေးကလေးတွေရောက်လာရင် သူစိတ်ကျေနပ်အောင် ခဏထားပေးပြီး နောက်မှပြန်ပြန်ပို့ကြရတာပေါ့။
*******
“ဒုန်း…ဒုန်း…ဒုန်း…”
အိမ်တံခါးကို တစ်စုံတစ်ယောက်က ခေါက်နေတာကြောင့် အဖေ လန့်နိုးလာရတယ်။
အိပ်ရာကနေ ထ’ကြည့်တော့ တံခါး၀မှာ မိကဲရယ်လေ။ ဂဏာမငြိမ်ဖြစ်ပြီး အမြှီးနှံ့လိုက်၊ ၀ပ်လိုက် ထလိုက်နဲ့။
မိကဲအခြေအနေကြောင့် အဖေ တစ်စုံတစ်ခုတော့ ထူးပြီဆိုတာ သိလိုက်ရတယ်။
အဲ့ဒါနဲ့ အဖေ မိကဲနောက်ကို လိုက်ကြည့်ဖို့ဆုံးဖြတ်ပြီး အိမ်ပေါ်က ဆင်းလိုက်တယ်။
အဖေ အိမ်ပေါ်က ဆင်းတာနဲ့ မိကဲတို့ ဘယ်အချိန်က ဖောက်ထားတယ်မှန်းမသိတဲ့ အပေါက်ကနေ တိုးထွက်ပြီး အပြင်ကို ပြေးတယ်။
အဖေက ဓာတ်မီးထိုးလို့ အနောက်ကလိုက်ရင်းနဲ့ ငါးအိမ်ကျော်လောက်က လူပြတ်တဲ့ ကွက်လပ်ကလေးတစ်ခုဆီအရောက်မှာတော့ မိကဲက ကတ္ထူဖာပုံးကြီးတစ်လုံးဆီကို ပြေးသွားတယ်။
အဖေလည်း ကတ္ထူပုံးကြီးထဲကိုလည်း ကြည့်လိုက်ရော…။
” ဟာ…”
အဖေ့ဆီက အာမေဋိတ်က တကယ့်ကို တုန်လှုပ်ခြောက်ခြားစွာနဲ့ ထွက်ပေါ်လာတာပါ။
အဲ့ဒီနောက်မှာတော့…။
*******
” အုဝဲ…အုဝဲ…အုဝဲ….”
မွေးကင်းစ ကလေးငယ်ရဲ့ ငိုသံက ကျွန်တော်တို့ အိမ်ကလေးဆီမှာ လွင့်ပျံနေပါတယ်။
ရပ်ကွက်ထဲက လူတစ်ချို့ကလည်း.အိမ်ဆီကို ၀င်ချည်ထွက်ချည်နဲ့။
မနေ့ညက မိကဲ အဖေ့ကို လိုက်ပြခဲ့တဲ့ ကတ္ထူပုံးကြီးထဲမှာ ရှိနေတာက ကလေးငယ်တစ်ယောက်ရယ်လေ။
အခု အဲ့ဒီ့ကလေးလေးက ကျွန်တော်တို့အိမ်ကို ရောက်နေခဲ့တာ။
အဖေက ဒီအတွက်ကို ရပ်ကွက်လူကြီးနဲ့ သက်ဆိုင်ရာတို့ဆီကို အကြောင်းကြားထားခဲ့ပြီး လူမဆန်တဲ့ မိဘတွေရဲ့ မလိုချင်မှုကြောင့် စွန့်ပစ်ခံထားခဲ့ ကလေးငယ်ကို သနားစိတ်ဖြစ်မိခဲ့တယ်လေ။
ဒီအတွက်ကြောင့်ပဲ အခုလို ခေတ်ကြီးထဲမှာ ကလေးတစ်ယောက်ရဲ့ စရိတ်စကဟာ မလွယ်ပေမယ့် မလိုချင်လို့ စွန့်ပစ်ခဲ့တဲ့ မိဘတွေဆီ ပြန်ရှာပြီး မပေးတော့ဘဲ ဒီမိသားစုမှာပဲ အပြီးအပိုင်မွေးစားမယ်ရယ်လို့ အပြတ်အသတ်ပြောခဲ့တယ်။
အခုတော့ ကျွန်တော်တို့ဆီမှာ မိသားစုတစ်ယောက်တိုးပြီပေါ့ဗျာ။ ကလေးငယ်အတွက်ကတော့ မြင်ရသူတိုင်း ၀မ်းသာ၀မ်းနည်းဖြစ်ကြရသလို မိကဲကိုလည်း ချီးကျူးနေကြတယ်။
ကျွန်တော်တို့လည်း အသစ်ရလာတဲ့ ညီငယ်လေးအတွက် ပျော်မိနေကြပါတယ်။
အဲ့ဒီ့နေ့က စ’လို့ မိကဲကတော့ ကလေးရဲ့အနားမှာ အရိပ်တစ်ခုအဖြစ်နဲ့ ရှိနေပါတော့တယ်။
*******
နှစ်တွေကြာခဲ့ပါပြီ။
အခုဆိုရင် မိကဲလည်း ဆယ့်တစ်နှစ်သားအရွယ်မှာ ဆုံးပါးသွားခဲ့တယ်။
မဆုံးပါခင် အိုစာနေချိန်အထိတော့ မိကဲဟာ သူခေါ်လာတဲ့ ကျွန်တော်တို့ရဲ့ ညီငယ်လေးအနားမှာပဲ အမြဲလိုရှိနေပေးခဲ့တယ်။
ပြီးတော့…ညီငယ်လေးရောက်ရှိချိန်ကစလို့ အခြားခွေးသားမတွေရဲ့ ကလေးတွေကို မိကဲမခိုးယူတော့ဘူး။
ဒါတွေကို လူသားတစ်ယောက်အနေနဲ့ အဓိပ္ပါယ်ဖွင့်ဆိုရမယ်ဆိုရင်တော့ မိကဲဟာ သူ့ရဲ့ မိခင်မေတ္တာတွေကို ညီငယ်လေးဆီမှာ ပုံပေးခဲ့ပုံပါပဲ။
အခုတော့…မိကဲလည်းမရှိတော့ပါဘူး။
ဒီလိုပဲ ညီငယ်လေးဟာလည်း အခုအချိန်မှာ ကျွန်တော်တို့မိသားစုရဲ့ အငယ်ဆုံးလေးအဖြစ်နဲ့ တက္ကသိုလ်၀င်တန်းကိုတောင် ဖြေဆိုရတော့မှာပါ။
ဒီအကြောင်းအရာလေးကို ဘာလို့ပြောပြရသလဲဆိုတော့ မိဘမဆန်တဲ့လူသားတစ်ချို့ရဲ့ လုပ်ရပ်ကြောင့် ဒုက္ခရောက်ရတော့မယ့် မွေးကင်းစကလေးငယ်ကို၊ ကျွေးမွေးထားခဲ့တဲ့သခင်ကို၊ ကိုယ်ပိုင်ရင်သွေးမရနိုင်ပေမယ့် သူများကလေးတွေကို ခိုးယူပြီး မိဘမေတ္တာကို ပြခဲ့တဲ့ မိကဲနဲ့ တချို့ချို့သော လူသားမဆန်၊ စိတ်ဓာတ်က ခွေးထက်နိမ့်ကျသွားသူတွေကို နှိုင်းယှဉ်ပြချင်တာပါ။
ကဲ…ဒီဖြစ်ရပ်လေးကို ဘယ်လိုမြင်ကြသလဲ…။
မိကဲရဲ့ မိခင်မေတ္တာနဲ့ လူသားမဆန်စွာနဲ့ ညီငယ်လေးကို စွန့်ပစ်ရက်သူ မိဘတွေ…?
ဘာကြောင့်ရရ မိမိလုပ်ရက်ကြောင့်ရခဲ့ပြီး အပြစ်မရှိဘဲ လူ့ဘ၀ကို ရောက်ရှိလာတော့မယ့် ကလေးကို ဖျက်ချလိုတဲ့ မိဘတွေ…?
ဖြေလိုက ဖြေပေးကြပါ။
ပြီးပါပြီ။
နောင်ရိုး( ဆေးတပ်)