• July 6, 2025
  • admin
  • 0

အညာမြေ ရွှေဆင်
မေတ္တာဖြင့် အောင်နိုင်ခြင်း

ကျွန်တော်သည် လက်တွင်းရှိ ဝါးလုံးနှင့် ဝှီးကနဲမြည်အောင် တချက်ယမ်းလိုက်တိုင်း စောင်းတန်း အမိုးပေါ်မှ အကောင်တွေက တဗြုန်းဗြုန်း ဆူညံစွာ နောက်ဆုတ်သွားကြသလို လှေကားပေါ်သို့ တက် လာကြသော အကောင်တွေကလည်း လွှားကနဲ ခုန် ဆင်းသွားကြပြန်သည်။

ကျွန်တော့်နံဘေးရှိ လှေကားလက်ယမ်းပေါ်တွေ၊ စောင်းတန်းအမိုးပေါ် ၊ စရပ်အမိုးပေါ်တွေတွင် ကြောက်စရာ လန့်စရာ ရန်စောင်နေကြသော မျောက်များ။

သို့ ဝါးလုံးနှင့်ယမ်းရင်းပင် လှေကားထစ်တွေအား သတိကြီးစွာထားကာ နောက်ပြန်တဖုံ၊ ရှေ့တိုက် တနည်း၊ ဘေးပတ်ချာလှည့်ကာတသွယ် တက်နေရသည်။

ဝါးလုံးအယမ်းရပ်ပြီး လှေကားတထစ် တက်လိုက်တိုင်း မျောက်များက တကွိကွိအော်မြည်ကာ ကိုက်ဖဲ့ကြတော့မည်နှယ် ထိုးစစ်ဆင်လာကြပြန်၏။

အရိုးကွဲမတတ် အေးမြလှသော ဆောင်းရာသီဖြစ် သော်လည်း ကြောက်လန့်စိတ်ကြောင့် ကျွန်တော့်တကိုယ်လုံး ဇောချွေးတွေတပြိုက်ပြိုက် ကျဆင်းနေရ သည်။ နောက် အဖေ၏ အနက်ရောင်သက္ကလပ် စစ် အင်္ကျီရှည်ကြီးကို ဝတ်ထားသည်။ သည်အင်္ကျီကြီး ကပင် ကျွန်တော့်အား ဤအန္တရာယ်ကို ဖန်တီးခဲ့ခြင်း ပါတည်း။

ချောက်ရင်းလှန့်ရင်းနှင့် ကျွန်တော် လဘက်ရည်ဆိုင်ဆီသို့ တက်လာခဲ့သည်။ ဆိုင်ဝသို့ ရောက်သည်နှင့် ဝါးလုံးကို လေးငါးခါမျှ ဘယ်ပြန်ညာပြန် ဝှေ့ယမ်းလိုက်ရာ မျောက်များသည် အတော်ဝေးဝေး၊ ကျောက်ကြိုကျောက်ကြားအထိ ပြေးတက်သွားကြ၏။

အနီးရှိ မျောက်တကောင် နှစ်ကောင်နှင့် မျောက်မကြီးကား ဇွဲနဘဲကြီးစွာဖြင့် ကျွန်တော့်ရှေ့သို့ပင် ခုန်ဆင်းလာလေရာ စည်ပိုင်းအား တဗိုင်းဗိုင်းရိုက်ပြီး ချောက်လိုက်မှ စောင်းတန်းပေါ်သို့ ခုန်တက်သွားကြသည်။

ကျွန်တော်လည်း ဆိုင်ထဲသို့ ကမန်းကတန်း ပြေးဝင် လိုက်ရတော့၏။

ဆိုင်ထဲသိုရောက်မှ ကိုယ်တွင် ဝတ်ထားသော သက္ကလပ်အင်္ကျီကြီးကို အမြန်ချွတ်ရသည်။ ရင်ထဲတွင် တဒိတ်ဒိတ်ခုန်ပြီး မောဟိုက်နေသဖြင့် ရေတခွက် သောက်ချလိုက်ရသည်။

အဖေသည် ကြင်နာစွာပြုံးရင်း ကျွန်တော့်အနား သူ ကပ်လာ၏။

“ကဲ… ငါမပြောဘူးလား။ ဒီအင်္ကျီကြီး ဝတ်မသွားပါနဲ့ လို့ဆိုတာ။ ဒီကောင်တွေဟာ အင်မတန် အမှတ်သညာကောင်းတယ်။ မနေ့က မျောက်မကြီး လက်ထဲက မျောက်သေကလေး မင်း လုကတဲက မတတ်သာလို့ ဘာမှမလုပ်ကြတာ။

ညကလဲ ညဖြစ်ပြန်၊ မင်းကလဲ တကိုယ်လုံး မဲမဲကြီးဆိုတော့ ကြောက်ပြီး ရန်မပြုတာပေါ့။ အခုတော့ မင်းမှန်း သိသွားကြပြီ။ နောက်ဆိုရင် မင်း အပြင်ထွက်ဖိုတောင် ခပ်ခက်ခက် ဖြစ်လာပီ…..”

အဖေပြောသည်မှာ အမှန်ပင်။

ကျွန်တော်သည် ဆိုင်ခန်းထဲမှ လှမ်းကြည့်လိုက်ရာ ဆိုင်ဝ စောင်းတန်းအုတ်ခုံပေါ်တွင် ထိုင်ရင်း သုန်မှုန်စွာ ကြည့်နေသော မျောက်မကြီးကို လန့်စရာ မြင်ရလေသည်။

“ဟာ… အဖေကလဲ၊ ဒီလောက် ချမ်းနေတာ … ဒီအ
င်္ကျီ မဝတ်လို့ သေသွားမှာပေါ့ဗျ။ အင်မတန်ဆိုးတဲ့ အကောင်တွေ။ ကျွန်တော်တော့ အဲဟို မျောက်မကြီးသာ သတ်ပစ်ချင်တာဘဲ”

“အမလေး လေး … မလုပ်ပါနဲ့ မောင်ရာ။ အဲဒါမှ ပိုဆိုးနေပါ့မယ်။ အခုတောင် မင်း အပြင်တောင် ထွက်လို့ ရချင်မှ ရမှာ……”

အဖေက စိုးရိမ်စွာ ပြောပါသည်။

ဟုတ်သည်။ နောက်နေ့ ကျွန်တော် အပြင်ထွက်မည် ပြုသောအခါ အသင့်စောင့်နေသော မျောက်မကြီးက အော်လိုက်သည်နှင့် ဟိုမှ သည်မှ ခုန်ဆင်းလာကြ သော မျောက်ကြီး မျောက်ငယ် ရွယ်ရွယ်လတ်လတ် များကို အသဲယားစဖွယ် တွေ့ရတော့သည်။

ကျွန်တော့်မှာ သွားစရာ လာစရာ ရှိသည်ကိုလည်း မသွားရ၊ ဖြောင့်ဖြောင့်တန်းတန်း မလုပ်ရသဖြင့် မျောက်မကြီးကိုသာ စိတ်တွင်းမှ ကျိန်ဆဲနေမိတော့၏။

ပြဿနာ ဖန်လာပုံကား ….

xxx xxx xxx

ကျွန်တော်တို့၏ လဘက်ရည်ဆိုင်ကလေးသည် ပုပ္ပားတောင်ကလပ်အတက် တဝက်လောက်တွင် ရှိ၏။

အစ ပထမသည် တောင်ကလပ်ပေါ် မရောက်သေးခင်က ပုပ္ပားဈေးတန်းမှာ ထမင်းဆိုင်ဖွင့်ရင်း နေသည်။ အမေ၏ အမေ အဖွား ရသေ့မက တောင်ကလပ်ရှိ အုတ်တိုက်ကလေးမှာ နေသည်။

အဖွားဆုံးသောအခါ ကျွန်တော်တို့ တောင်ကလပ်ရှိ အဖွား၏ တိုက်ကလေးမှာ ပြောင်းနေကြ၏။ စီးပွား ရေး အဆင်မပြေသဖြင့် ဈေးတန်းရှိ ထမင်းဆိုင်ဖွင့်ထားရာ မြေကွက်ကို ရောင်းပစ်လိုက်ရသည်။

တောင်ကလပ်သို့ ပြောင်းရွှေ့လာကြပြီး တိုက်က လေး၏ ရှေ့ပိုင်းတွင် အမိုးတခု ခပ်ကျယ်ကျယ်ထိုးကာ လဘက်ရည်ဆိုင် ဖွင့်ခဲ့ပါသည်။

တောင်ကလပ်သို့ တက်ရာလမ်းတလျှောက်တွင် များပြားစွာသော မျောက်များ ရှိကြ၏။ သို့သော် ဘုရားဖူးလာသူများကို မည်သို့မျှ အန္တရာယ်မပြုချေ။

သူတို့ဟာ သူတို့ ကျောက်ကြိုကျောက်ကြား စောင်း တန်းအမိုးပေါ်၊ စရပ်ပေါ်၊ လှေကားလက်ယမ်းပေါ် တွေမှာ နေကြသည်။ လူများက အစားအစာများ ကျွေးမွေးကြသဖြင့် ယဉ်ပါးနေကြ၏။

လူ့စရိုက်၊ လူ့ပတ်ဝန်းကျင်တွင် ရှိနေသဖြင့်လည်း အင်မတန် ပါးနပ်လိမ္မာ၏။ ငှက်ပျောသီးစားရလွန်း၍ ဝအီနေပြီဆိုလျှင် နောက်ထပ်ငှက်ပျောသီး ဘယ်လောက်ကျွေးကျွေး မစား။

အကယ်၍ မြေပဲနှင့် ငှက်ပျောသီးကို အတူတူချကျွေးပါမှု ငှက်ပျောသီးကို လက်နှင့်မျှ မတို့၊ မြေပဲကိုသာ အလုအယက် စားသည်။

ကျွန်တော်တို့ဆိုင်တွင် ဘုရားဖူးလာသူတို့ မျောက်များကို ကုသိုလ်ပြုလိုက ပြုနိုင်ရန် ငှက်ပျောခိုင် များလည်း ထားရှိရောင်းချသည်။ မျောက်များမှာ ဘယ်တော့မှ လုယက်၍ မစား။ ကျွေးမှသာ စား၏။

ထို့ကြောင့် ငှက်ပျောသီးရောင်းသော ကျွန်တော်တို့ဆိုင်နားတွင် မျောက်များစွာတို့ နေကြ အိပ်ကြတော့ သည်။

တနေ့သော် ထိုမျောက်အုပ်ထဲမှ မျောက်မကြီးတကောင်ကို မျောက်သားငယ်လေးပိုက်လျက် တွေ့ရလေသည်။ သူ့ရင်ခွင်တွင်းရှိ မျောက်ကလေးမှာ မည်သို့မျှ လှုပ်ရှားခြင်း မရှိသဖြင့် သေသေချာချာကြည့်တော့မှ မျောက်သေကလေး ဖြစ်နေတော့၏။

သို့သော် မျောက်မကြီးသည် ဤအသေကောင်လေးကို ဘယ်အချိန်မှ မချဘဲ ပိုက်မြဲ ပိုက်ထားသည်။ သန်းပင်ရှာပေးလိုက်သေး၏။ သူ့လက်ကြီးနှင့် ပွတ်သပ်ရင်း နမ်းဟန်ပြုသည်။

ကျွန်တော်တို့လည်း သူ့ဟာသူ စွန့်ပစ်လိမ့်မည်ထင်၍ ဘာမျှ မပြုလုပ်ခဲ့ချေ။ သို့သော် သုံးလေးရက်အထိ ဤမျောက်သေလေးကိုပင် ပွေ့ ပိုက်မြဲ ပွေ့ပိုက်လျက် တွေ့ရသောအခါမှ အံ့သြယူရတော့သည်။

မျောက်ကလေးမှာ ပုပ်စော်ပင် နံနေလေပြီ။

ကျွန်တော်က မျောက်သေကလေးအား လူယူရန်ကြံစည်တိုင်း မျောက်မကြီးသည် အတော်ဝေးဝေးသို့တိုင် ထွက်ပြေး၏။

နောက်ဆုံး အကြံတမျိုး ထုတ်ရတော့သည်။

မျောက်မကြီးမှာ ကျွန်တော်တို့ဆိုင်အနီးရှိ စောင်တန်းအမိုးနှင့် ကျောက်တုံးကြီး တတုံးကြားတွင် အိပ်သည်။

ညဘက်ရောက်သောအခါ ကျွန်တော်သည် အဖေ့ သက္ကလပ်အင်္ကျီကြီးကို ဝတ်သည်။ ခေါင်းစွပ်နက်ကို စွပ်သည်။ တဖန် လက်အိတ်နှင့် ခြေအိတ်များပါ ဆင်ယင်လိုက်သောအခါ လူဝံကြီးနှင့်ပင် တူသွားတော့သည်။

အကယ်၍ မျောက်မကြီးက ပြန်လှန်ရန်ပြုလျှင် လည်း ဤအဝတ်အစားတွေကြောင့် ဘာမျှ ဖြစ်မည် မဟုတ်။ သက္ကလပ်အင်္ကျီကြီးကလည်း အင်မတန် ထူထဲလှသည်။

အားလုံး ဝတ်ဆင်ပြီးသည်နှင့် မျောက်မကြီးအိပ်သောနေရာသို့ စောင်းတန်းနံဘေး မှောင်ရိပ်များကိုခိုရင်း တဖြည်းဖြည်း လာလေသည်။

မျောက်မကြီးမှာ တဖက်သို့လှည့်ရင်း ငိုက်မျဉ်းနေသဖြင့် ကျွန်တော်လာနေသည်ကို သိဟန်မတူ။ လက်တကမ်းသာသာလောက်ရောက်သည်နှင့် သူ့ရင်ခွင်တွင်းမှ မျောက်သေလေအား ဇတ်ကနဲ လူယူလိုက်တော့၏။

မျောက်မကြီးသည် လန့်သွား၍ထင့်၊ ခွီးကနဲအော်ကာ ကျောက်တုံးကြားထဲသို့ ကျသွားသည်။

ကျွန်တော်သည် မျောက်သေးလေးကိုယူကာ ပြန် လာ၍ နှစ်လှမ်းသုံးလှမ်းရောက်ကာရှိသေး မျောက်မ ကြီး၏ အာခလောင်ခြစ်၍ အော်သံနှင့်အတူ အကြို အကြားရှိ မျောက်များ၏ အော်လိုက်သောအသံ များ၊ စောင်းတန်းအမိုးပေါ်သို တဗြုန်းဗြုန်း ဆင်း လာသံများကို ကြားလိုက်ရတော့၏။

သို့သော် ကျွန်တော်၏ ကြောက်စရာအသွင်အပြင် အဝတ်အစားကြောင့်ဘဲလား၊ ညမို့၍လား မသိ။ မည်သို့မျှ အန္တရာယ်မပြုကြပါချေ။

ကျွန်တော်သည် မျောက်သေလေးကို အောင်မြင်စွာယူနိုင်ပြီး ချောက်ထဲသို့ ပစ်ချခဲ့သည်။

ထိုနေ့ည တညလုံး ကျွန်တော်တို့ အိပ်မရတော့ပါ။ မျောက်များစွာတို့မှာ သူတို့နေရာ သူတို့ ပြန်သွားကြသော်လည်း မျောက်မကြီးကား ကျောက်တုံးကြီးပေါ်တွင်ထိုင်ရင်း ဝမ်းခေါင်းသံကြီးနှင့် အော်လိုက်၊ စောင်းတန်းအမိုးပေါ်သို ဘုန်းကနဲတက်လိုက်၊ တဗျန်းဗျန်းနှင့် လှေကားလက်ယန်းသံတိုင်တွေပေါ် လျောက်လိုက်နှင့် တညလုံး သောကမီး တောက် လောင်နေရှာတော့သည်။

xxx xxx xxx

မနက်ရောက်သောအခါ ကျွန်တော် တောင်ကလပ် အောက်သို့ ဆင်းသည်။ ချမ်းအေးလှ၍ သက္ကလပ် အင်္ကျီကြီးကိုပင် ဝတ်ခဲ့၏။

မျောက်မကြီးကို မတွေ့ရ။ တခြား မျောက်တွေကို တွေ့သော်လည်း မည်သို့မျှ အန္တရာယ်မပြုကြချေ။

တောင်ကလပ်သို့ ပြန်အတက် သံလှေကားတခုနားသို့ ရောက်ပြီး တက်မည်ပြုကာ အပေါ်သို့ မော်ကြည့်လိုက်ရာတွင် လှေကားထိပ်တွင် ဆောင့်ကြောင့်ထိုင်ရင်း စိန်းစိန်းကြီးကြည့်နေသော မျောက်မကြီးကို တွေ့ရလေတော့၏။ မျောက်မကြီးသည် ခဏမျှ တွေတွေကြီး စိုက်ကြည့်နေပြီးမှ ရုတ်တရက် အောက်ဖက်သို့ လွှားကနဲ ခုန်ဆင်းလာကာ အော်ပါလေတော့၏။ မျောက်များစွာတို့သည် ဝိုင်းအုံလာကာ ကျွန်တော့်ကို ရန်ပြုကြလေသည်။

လက်ထဲတွင် ဝါးလုံး ပါလာ၍သာ တော်တော့၏။ နို့မို့ဆိုလျှင် ဤမျောက်အုပ်ကြီးအလယ်၌ ကျွန်တော်ခံ စားရမည့် အန္တရာယ်ကား မသေးလှပါချေ။

xxx xxx xxx

ကျွန်တော် အပြင်ထွက်မည်ပြုတိုင်း မျောက်တို့က ရန်စောင်နေကြသဖြင့် အင်မတန်စိတ်ညစ်နေရပါပြီ။

အဖေ အမေတို့ကိုမူ မည်သို့မျှ ရန်မပြု။ ကျွန်တော့်ကိုသာ မဲနေကြတော့သည်။ ကျွန်တော်သည် ဒေါသထွက်ကာ မျောက်မကြီးအား လေသေနတ်နှင့် ပစ်မည်ရွယ်ရာ အဖေသည် ဟန့်တားရင်း အေးချမ်းစွာ ဆိုလေသည်။

“မင်း ဒီလိုလုပ်ရင် မှားတော့မပေါ့ကွာ။ အဖေ တခုပြောမယ်။ မင်း သေသေချာချာ စဉ်းစားကြည့်စမ်း။ မျောက်မကြီးရဲ့ သားလေးဟာ ဒို့အမြင်မှာ သေနေပေမယ့် မျောက်မကြီးမှာတော့ အင်မတန်ချစ်ရှာ ကြင်နာရှာတော့ သေတာတောင် မပစ်ရက်ဘူး။

ဒီလို သူအင်မတန်ချစ်တဲ့ သူ့ရှင်သွေးကို မင်းက လု ယူလိုက်တော့ မိခင်ဖြစ်တဲ့ မျောက်မကြီးရဲ့ မေတ္တာ တရားဟာ ဒေါသအဖြစ် ပြောင်းသွားတာမို့ ဘယ် လောက်ပြင်းထန်မလဲဆိုတာ စဉ်းစားကြည့်စမ်း။

ဒါကြောင့်လဲ ခုလို မင်းကို အငြိုးတကြီးနဲ့ ရန်စောင်
နေကြတာဘဲကွ။ ဒေါသကို ဒေါသနဲ့ တုံ့ပြန်ရင် ဘယ် ကောင်းပါ့မလဲ။ မင်းသတ်ပစ်လို့ ဒီမျောက်မကြီး သေသွားတယ်ဘဲထား။ တခြား သူ့အသိုင်းအဝိုင်း မျောက်တွေဟာ ဒီတောင်ကလပ်တခုလုံးမှာ ပွစာကြဲ လို့။

ဒို့ကလဲ ဒီမျောက်တွေကြားထဲမှာ နေနေရ၊ လုပ်ကိုင်နေရတာ။ ဒီတော့ မျောက်မကြီးအပေါ် ဒေါသမထားပါနဲ့၊ မေတ္တာပို့ပီးသာနေပါ။ မေတ္တာရဲ့ အစွမ်းဟာ အင်မတန်ကြီးမားသတဲ့။ မင်း မေတ္တာအကျိုးကို မင်းခံစားရပါလိမ့်မယ် သားရာ…”

အဖေ့စကားသည် ကျွန်တော့်အတွက် စဉ်းစားစရာ ဖြစ်ခဲ့လေသည်။

ဟုတ်ပါသည်။

သေသေချာချာ တွေးကြည့်မိ၍ မျောက်မကြီး၏ ကြီးမားသော မိခင်မေတ္တာကို နားလည်လာသောအခါ မျောက်မကြီး၏ ဒေါသကို အပြစ်မဆိုသာတော့ချေ။

ကျွန်တော်သည် မျောက်မကြီးအပေါ် မေတ္တာစိတ် သွင်းခဲ့ပါတော့၏။ အကြံအစည်တခုကိုလည်း ကြံခဲ့သည်။

တပတ်လောက်ကြာသောအခါ ကျွန်တော်သည် ဆိုင်ဝသို့ ငှက်ပျောတခိုင်နှင့်အတူ ထွက်လာခဲ့သည်။ ဘုရားဖူးများ နားနေသောအချိန်၊ ပါးသောအချိန် နေ့လယ်ခင်းပင် ဖြစ်၏။

ကျွန်တော်သည် ငှက်ပျောသီး လေးငါးလုံးကို ဖြုတ်ပြီး မျောက်များရှိရာသို့ ပစ်ကျွေးလိုက်၏။ ဝအီ နေသော မျောက်များမှအပ မျောက်များစွာတို့မှာ အလုအယက် စားသောက်ကြလေသည်။

မျောက်မကြီးကား ကျွန်တော့်ကိုတလှည့်၊ ကျွန်တော်ပစ်၍ကျွေးနေသော ငှက်ပျောသီးများကိုတလှည့် ကြည့်ရင်း ကျောက်တုံးကြီးပေါ်တွင် ထိုင်နေဆဲ။

ကျွန်တော်သည် သူ့အနားသို့ ငှက်ပျောသီးတလုံး ပစ်ပေးလိုက်၏။ ကျောက်တုံးကြားထဲသို့ ရောက်သွားသည်။

မျောက်မကြီးသည် ငှက်ပျောသီးကို မယူသေး။ အတန်ကြာမှ ကျောက်တုံးကြားရှိ ငှက်ပျောသီးကို နှိုက်ယူစားလေ၏။ လေးငါးလုံးခန့် ကျွေးပြီးသောအခါ ကြို၍ပင် ဖမ်းလျက် စားလေသည်။

ကျွန်တော့်ရင်ထဲတွင် ကျေနပ်မှု ဝမ်းသာမှုများဖြင့် ဝေဆာနေပါသည်။

ဤကဲ့သို့ နေ့တိုင်း နေ့တိုင်း ငှက်ပျောသီး၊ မြေပဲ၊ အခြားကောင်းနိုးရာရာ အစားအစာကလေးများ
ကျွေးမွေးလာခဲ့ရာ မျောက်မကြီးတွင် ရန်လိုသောဟန်များ မတွေ့ရတော့ချေ။

ပထမ ကျွန်တော့်မှာ အပြင်သို့ ရဲရဲမထွက်ဝံ့သေး။ အတော်လေး ရက်အတန်ကြာမှ မရဲတရဲ ထွက်ကာ အကြောက်ကြောက်အလန့်လန့်ဖြင့် ဆင်းလာခဲ့သော်လည်း မျောက်မကြီးကား သန်းရှာပင် မပျက်ခဲ့ချေ။ ဘာမှ မလုပ်ခဲ့ချေ။

ကျွန်တော် အောင်နိုင်ခဲ့လေပြီ။

အခုဆိုလျှင် မျောက်မကြီးသည် ကျွန်တော့်လက် တွင်းမှ ငှက်ပျောသီးကိုပင် ရဲဝံ့စွာ ယူစားပါပြီ။ ကျွန် တော်လည်း ကျွေးရဲပါပြီ။

ကျွန်တော် တောင်ကလပ် အောက်ဆင်းသောအခါ ကျွန်တော်နံဘေး စောင်းတန်းလက်ရန်းတလျှောက် ပြေးဆင်းလိုက်ပါလာသည်အထိ ယဉ်ပါးခင်မင်နေပါပြီ။

ကျွန်တော်လည်း သေလုအောင် ချမ်းပါစေ သက္ကလပ်အင်္ကျီကြီးကို မဝတ်တော့ပါ။

မျောက်မကြီးသည် ရင်သွေးအတွက် ချစ်ခြင်းနှင့် ယှဉ်သောဒေါသဖြင့် ကျွန်တော့်အပေါ် ရန်လိုခဲ့၏။ ကျွန်တော်သည် ပြင်းပြသော မေတ္တာတရားဖြင့် မျောက်မကြီး၏ ဒေါသကို ပြေငြိမ်းစေခဲ့၏။

အမှန်တော့မူ မိခင်၏ ကြီးမားသောမေတ္တာတရား နှင့် ဒေါသကို မေတ္တာဖြင့်သာ အောင်စေရာသည်ဟူ သော အသိကို ပေးခဲ့သူမှာ ဤမျောက်မကြီးသာ ဖြစ် ပါသည်။

ထို့ကြောင့် ကျွန်တော်သည် ဤ အဟိတ်တိရစ္ဆာန် မျောက်မကြီးအား လူသားနှင့် တန်းတူထား၍ လေးစားချစ်ခင်မိပါသည်ဟုဆိုလျှင် လွန်းလွန်သည် ဆိုနိုင်ပါသလော။

ငွေတာရီမဂ္ဂဇင်း၊ ဖေဖော်ဝါရီလ၊ ၁၉၇၃

– ပြီး –

စာရေးသူ – အညာမြေ ရွှေဆင်

Leave a Reply

Your email address will not be published. Required fields are marked *