• June 20, 2025
  • admin
  • 0

ပြည်ပန်းမိုး
မေတ္တာရောင်ပြန်

ထောက်ကျူးဂွတို ဟု ဆိုလျှင် ဆင်မလိုက် ဝက်သမားလောက၌ မသိသူမရှိ။ ကျောက်ပေါက်မာသဲ့သဲ့၊ ပုတိုက်တိုက်နှင့် ဗလကောင်းကောင်း၊ လူလုံးလူ ဖန် တောင့်တင်းသန်မာသည်။ သွက်လက်သည်။ ဖျတ်လတ်သည်။

အထူးသဖြင့် ခေါင်းကို ကျော့နေအောင် ဖြီးသင်တတ်၏။ သန့်ပြန့်သော အဝတ်ကို ဝတ်ဆင်တတ်၏။ မန္တလေးက ကတ္တီပါဖိနပ်ကိုစီး၍ ကြွကြွရွရွ နေတတ် သူ။ အချို့က သူ့ကို “မင်းသားဂွတို”ဟု ခေါ်ကြ၏။ အများအားဖြင့် “ထောက်ကျူးဂွတို” ဟု လူသိများ၏။

နောက်တစ်ယောက်က သံချောင်း။ အချို့က “ဓားသံချောင်း” ဟု ခေါ်သည်။ ဓားသံချောင်းက သူ့အပေါင်းအသင်း။ လက်မြန်သည်၊ သွက်သည်၊ ထက်ထက် မြက်မြက်ရှိသည်။

“ဟေ့ ဘယ်သူ့ဓား ထက်ထက်၊ သံချောင်းဓားကို လာမယှဉ်နဲ့၊ ဓားတစ်ချက် တွတ်လိုက်တာနဲ့ ဝက်တစ်ကောင်ကို တိခနဲ ထက်ပိုင်းပြတ်စေရမယ်”

ဟု ကြုံးဝါးသူပင်။

ဆံပင်ချည်တစ်ထွေးကို ဓားသွားပေါ်တင်ပြီး ပါးစပ်နှင့် မှုတ်လိုက်လျှင် နေရာမရွေ့ဘဲ တိခနဲ ပြတ်ကျသည်။

ထို့ကြောင့် သူ့ကို ဓားသံချောင်းဘွဲ့ ပေးအပ်ထား၏။

သံချောင်းက ဆံပင်ကောက်ကောက်၊ အသားဖြူဖြူ၊ မျက်လုံးပြူးပြူး၊ နှာတံပေါ်ပေါ် လူချောတစ်ဦး ဖြစ်သည်။

မှန်လည်းမှန်၏။ ဝက်တစ်ကောင်လုံးကို ဓားသုံး၍ အရိုးထုတ်သည့်နေရာ၌ ဓားသံချောင်းကို မည်သူမျှ မမီဟု ဆိုရမည်။ သံချောင်းလည်း သူ့နေရာနှင့်သူ တော်၏။

ဝက်တစ်ကောင်ကို ဂွတို၏ ဓားချက်မိပြီး သေဆုံးသည်နှင့် ရေနွေးကန်ထဲသို့ စက်သီးကြိုးနှင့်ဆွဲတင်လိုက်သည်။ ထို့နောက် ရေနွေးကန်ထဲသို့ပစ်ချပြီး ပြန် ဆွဲတင်။ အမွေးခြစ်ရန် တင်လှကိုအပ်။

တင်လှကလည်း ခေသူမဟုတ်။ ဝက်တစ်ကောင်၏ အမွေးကို မည်သည့်အမွေးက တိုသည်။ မည်သည့်အမွေးက ရှည်သည်ကို သိချင်လျှင် တင်လှမေး။ ဝက်မှင်ဘီး၊ စုတ်တံလုပ်ဖို့အတွက် အမွေးခြစ်ပြီးသည်နှင့် အတိုအရှည်ကို ခွဲခြမ်းစိတ်ဖြာပြီးသား။

ထို့ကြောင့် သူ့ကို အမွေးတင်လှဟု ခေါ်သည်။ ရယ်လိုက်လျှင် သွားကျဲကျဲနှင့် မျက်နှာပြဲပြဲကို တင်လှက ပိုင်ဆိုင်သည်။ အချို့က မျက်နှာပြဲ တင်လှ ဟု ခေါ်၏။ အချို့က ‘အမွေးတင်လှ’ဟု ခေါ်သည်။

တင်လှ အမွေးခြစ်ပြီးသည်နှင့် ဝက်ကို ဝမ်းခွဲ။ နှစ်ခြမ်းခြမ်း။ အူကလီစာ ဝမ်းတွင်းသားတွေထုတ်။ အရိုးထုတ်ဖို့ ဓားသံချောင်းကိုအပ်။ ဓားသံချောင်းက ဝက်အခြမ်းလိုက် အရိုးထုတ်၊ နံရိုးသတ်သတ်၊ အသားသတ်သတ် ခွဲခြမ်းစိတ်ဖြာရ၏။ ကုန်စည်နံပါတ်ရိုက်။ ကတ္တားချိန်ဖို့ ကျော်စိန်ဆီပို့။

ကျော်စိန်ကလည်း ကတ္တားကျွမ်း၏။ နာမည်နှင့် လိုက်၏။ ဝက်တစ်ကောင်ကို ခြေထောက်ကိုင်ကြည့်လိုက်သည်နှင့် အချိန်ဘယ်လောက်ရှိသည်ကို သိပြီး သား။ သို့မဟုတ် ဝက်မြီးကို မြှောက်ကိုင် လိုက်သည်နှင့် ကတ္တားပင် ကိုင်စရာမလိုအောင် ဝက်မှန်းတော်သည့်ကောင်မျိုး။

မှန်သည်။ ကျော်စိန်က ဝက်မှန်းတော်၏။ ဝက်ဝယ်လျှင် ကျော်စိန်ခေါ် သွား အရှုံးမရှိ။ ကွက်တိ ဖြစ်၏။

ဝက်ခြံထဲသို့ ကျော်စိန်ရောက်ပြီ။ ဝယ်မည့် ဝက်ကို အမြီးတစ်ချက်ကိုင်မြှောက်လိုက်သည်နှင့် အချိန်ဘယ်လောက်ရှိသည်ကို ကျော်စိန် သိပြီးသား။ အချိန်ဘယ်လောက်၊ ပေါက်ဈေးဘယ်လောက်ရှိသည်။ ကြိုက်လျှင် ရောင်း၊ မကြိုက်လျှင် မရောင်းနှင့်။
လက်ရှိဈေးနှင့် ဈေးဖြတ်ပေးသည်။

ဝယ်သူလည်း မရှုံး။ ရောင်းသူလည်း မနစ်နာရအောင် ကျော်စိန်က ဆုံးဖြတ်နိုင်စွမ်းရှိသည်။ လုပ်ငန်းကျွမ်းကျင်သည်။

ထို့ကြောင့် ကုန်သည်များစုပေါင်း၍ လုပ်ကြသော ဝက်ကုန်စည်များ နယ်သို့ ဝက်ဝယ်ထွက်ပြီဆိုလျှင် ကျော်စိန်ကို သူ့ထက်ငါ နေ့တွက်ကောင်းကောင်း ပေး၍ ခေါ်သွားတတ်ကြသည်။

သူက ဝက်ဝယ်လက်လည်း ရှိသည်။ ကျော်စိန်နှင့် တွေ့၍ ရောင်းအဝယ် စကားပြောပြီးလျှင် အရောင်း အဝယ်ဖြစ်သည်က များ၏။ အရောင်းအဝယ် ပျက်သွားသည်ဟု သိပ်မရှိ။ ထို့ကြောင့်လည်း သူ့ကို “ကတ္တားကျော်စိန်” ဟု ခေါ်တွင်ခြင်းပင်။

စင်စစ် ကတ္တားကျော်စိန်၊ ထောက်ကျူးဂွတို၊ ဓားသံချောင်း၊ အမွေးတင်လှ၊ ဆေးမောင်ကျော်ဟူသော လူငါးယောက်ရှိလျှင် ဝက်ကုန်စည်(လိုင်စင်စီ) သမားများအဖို့ ပူစရာမလို။ သူ့နည်း သူ့ဟန် သူ့နေရာနှင့်သူ ကျွမ်းကျင်ကြသော လုပ်သားကြီးများပင်။

မှန်သည်။ ဆေးမောင်ကျော်ကလည်း အရေးကြီးသည်။ အချို့ ဝက်ပိုင်ရှင်တို့က နေထိုင်မကောင်း ဖြစ်နေသောဝက်ကို အတင်းထိုးရောင်းတတ်၏။

ထိုအခါ ကျန်းမာရေးအခြေအနေကို အကဲခတ်ရန် မောင်ကျော်ကို ခေါ်ရ၏။ မောင်ကျော်က ဝက်၏ အစာစားသုံးမှုကို ကြည့်၏။ ထို့နောက် ဝက်၏ မစင်ကို ကြည့်၏။ ထို့နောက် ဝက်၏ အသက်ရှူမှုကို ဝက်၏ ဝမ်းဗိုက်ကို လက်နှင့်စမ်းကြည့်ရုံနှင့် ဝက် နေကောင်း မကောင်း သိသည်။ ပုံမှန်အနေအထား ဟုတ် မဟုတ် သိသည်။ ချက်ဆိုလျှင် မောင်ကျော်က နားခွက်က မီးတောက်ပြီးသားပင်။

သည်တော့ ဝက်နာကို ဈေးပေါပေါနှင့် ရ၍ ဝယ်လိုက်လျှင် ခြံထဲ၌ ပေါ် ရန် လှောင်ထားသော ဝက်များကိုပါ ရောဂါကူးစက်နိုင်၏။ ထို့နောက် ဝက် နာပေါ်သည်ဟု ကျန်းမာရေးဌာနက သိရှိသွားပါလျှင် သားသတ်လိုင်စင်ကို ပိတ်ပင်ပစ်နိုင်သည် မဟုတ်ပါလား။

ဤသည်တို့ကြောင့် ဝက်ဝယ်ရာတွင် အမှားအယွင်း မရှိရအောင် ဂရုစိုက်ရသည်မှာ ဝက်သမားတို့၏ ထုံးစံပင်။

မည်သို့ဆိုစေ တစ်ခါတစ်ခါ၌ ဆင်မလိုက်ကမ်းနားသို့ အနယ်နယ် အရပ်ရပ်မှ ဝက်သမ္ဗန်များ လာတတ်၏။

ထိုအခါ ဝက်ပွဲစားတို့က သူ့ထက် ငါ ဈေးကောင်းပေး၍ ဝယ်ယူကြသည်။ လက်ရှိ ဝက်ပေါက်ဈေးထက် ပိုပေး၍ ရောင်းလိုက်လျှင် ရောင်းသူ သေပေရော့။ ဝက်ကို ပိုင်ရှင်ရှေ့၌ ကတ္တားနှင့်ပင် ချိန်၍ ဝယ်သည်။ တစ်ကောင်ချင်း ကြိုက်လျှင် တစ်ကောင်ချင်း ကတ္တားချိန်၍ ဝယ်သည်။ ဝက်ငယ်လျှင် နှစ်ကောင် သုံးကောင်ပူး၍ ချိန်သည်။ ထိုအခါ ကတ္တားကို ပညာသုံး၍ ချိန်တွယ်သောအခါ ဝက်ရောင်းသူခံရတော့၏။

ဈေးကွာဟမှုကို ကတ္တားနှင့် ပြန်ထိန်းပစ်လိုက်သည်။ ထို့ကြောင့် ဝက်လောက၌ ဈေးပိုရသော်လည်း ဝမ်းမသာနှင့်။ ပစ္စည်းမှန်၊ အလေးမှန်၊ ဈေးအမှန်ရဖို့အတွက် အရေးကြီးလေသည်။

မှန်သည်။ တစ်မြန်နှစ်က အမျိုးသားကြီးတစ်ဦး၏ ဝက်သမ္ဗန် ဆိပ်ကမ်းသို့ကပ်သည်။ ကမ်းနား၌ ဒိုင်ဖွင့်ထားသူများက သူ့ထက်ငါ လုယက်၍ ဝယ်သည်။

တစ်ခါတစ်ခါ၌ ဝက်လုယက်ဝယ်ရင်း ပွဲစားအချင်းချင်း စကားများသည်ကိုလည်း ကြုံရ၏။ အချို့ဆိုလျှင် စီးပွားရေးပတ်သက်လာသည်မို့ တစ်ဦးနှင့်တစ်ဦး ခိုက်ရန်ဒေါသဖြစ်ရသည်အထိပင် ကြုံတွေ့ ကြရသည်။ ထို့ကြောင့် ဝက်ရောင်းသူကို လုယက် မခေါ်ဘဲ ကတ္တားချ၍ ထိုင်နေကြသည်။ ဝက်ရောင်းချင်သူက ကြိုက်သည့်ဒိုင်ဝင်၍ ကြိုက်ဈေးမေးပြီး ကြိုက်သလို ရောင်းနိုင်၏။

အမျိုးသားကြီးလည်း ရွာစဉ်လှည့်လည်၍ ဝက်များကို ဝယ်ယူပြီး ဆင်မလိုက်ဒိုင်သို့ လာသွင်းခြင်းပင်။ ရောင်းသူက ကြိုက်ဈေးရ၍ ရောင်းသည်။ ဝယ် သူကလည်း စကားကို ရွှန်းရွှန်းဝေအောင် ပြောပြီး ရောင်းသူ စိတ်ကျေနပ်သည့်ဈေးနှင့် ညှိနှိုင်းပြီး အရောင်းအဝယ်လုပ်ကြသည်။

မည်သို့ဆိုစေ ပညာပြထားသော ကတ္တားနှင့် အမျိုးသားကြီး မိတ်ဆွေဖွဲ့ခြင်း ခံလိုက်ရသည်။ ထိုအခါ ဝက်လာရောင်းသူ အမျိုးသားကြီးအဖို့ ဝယ်ရင်းလည်းမရ၊ သမ္ဗန်ခပါ ရှုံးနေပြီ။ မြက်မြက် မစားရဘဲ လှေပေါက်၍ ရေနစ်ရမည့်ကိန်း ဆိုက်တော့၏။

ဤသည်ကို ကတ္တားချိန်သူအား ပြောသောအခါ ကတ္တားချိန်သူက အချိန်ငါးဆယ်ရှိတာကို အချိန်တစ်ရာဖြစ်အောင် ဘယ်လုပ်လို့ရမလဲ။ သူ့တန်ရာ တန်ဖိုးပဲရမှာပေါ့။ ဈေးလည်း ဖြတ်ပြီးပြီ။ ဝက်တွေလည်း ချိန်ပြီးပြီ။ မရောင်းတော့ဘူးလို့ ပြောချင်လို့လား။ မရဘူး၊ ဝက်အားလုံး (၁၀)ကောင်ရှိတယ်။ စုစုပေါင်း အချိန် (၂၈၀)ရှိတယ်။ ဟိုမှာ သူဌေးဆီ ငွေသွားထုတ်။ ဘောင်ချာ ရေးပေးလိုက်မယ်”

“ဟဲ့ကောင်လေး ကျော်တင့်ရဲ့။ ငါ ရွာမှာ ချိန်လာတာ အချိန်(၃၂၀)ရှိတယ်။ ပိုတောင် ပိုသေးတယ်။ အခုတော့ နင့် ဥစ္စာက (၂၈၀)ပဲ ရှိတယ်ဆိုတော့ အချိန် (၄၀)လောက်တောင် ကွာနေတော့ ငါ အမြတ်မရတဲ့အပြင် သမ္ဗန်ခပါ ရှုံးနေပြီ”

ဟု ပြောဆိုကာ ကတ္တားချိန်သူ ကျော်တင့်၏ကျောကို ပုတ်၍ ပြောသည်။

မည်သို့မျှ ပြော၍မရ။ လုပ်ငန်းက ပြီးပြီ။ ချိန်တွယ်ပြီးသော ဝက်များကိုလည်း ထမ်းပိုး၍ ယူသူက ယူသွားပြီ။ ထို့ကြောင့် အရှုံးခံ၍ ကျသင့်သောငွေကို ယူပြီး ပြန်သွားရ၏။

ယခင်အခါ ချိန်တုန်းကလည်း ယခုလိုပင် ခံခဲ့ရသည်။ ယခင် အချိန် (၂၀)နီးပါးလျော့၏။ ယခု အချိန် (၄၀) ကျော် လျော့နည်းရပြန်ပြီ။ နှစ်ရပ်ပေါင်း လျှင် အချိန်(၆ဝ)ကျော်မို့ ဝက်ကြီးတစ်ကောင်တန်ဖိုးလောက် အလဟဿ ဆုံးရှုံးရပြီ မဟုတ်လား။

မကြာပါချေ။ သုံးရက်အကြာတွင် ကတ္တားချိန်သူ၏ကျော၌ ဘုကြီးတစ်ခုထွက်ပြီး အနာဖြစ်တော့၏။ ထိုအနာမှာ ပြည်တရွှဲရွှဲနှင့် တော်တော်နှင့် မခြောက်။ အလုပ်လည်း မဆင်းနိုင်။ မစားနိုင်၊ မ သောက်နိုင်။ ပိန်ချုံးကာ လူစဉ်ပင်မမီတော့။

အနာက ပုပ်စော်ပင် နံလာသည်။ အချို့က အနာ့ပဆုပ်ပေါက်တာဟု ဆိုကြ၏။ အနာ့ပဆုပ် ကျောလုံးပုပ်၊ အနာလည်းပျောက် လူလည်းပျောက်ဟု ဆိုသူ ဆိုကြသည်။

ထို့ကြောင့် ကျော်တင့်တို့ မိသားစုမှာ အကြီးအကျယ် ဒုက္ခရောက်တော့၏။ အလုပ်လုပ်နိုင်သူမှာ ကျော်တင့်တစ်ယောက်တည်းသာ ရှိ၏။ ဇနီးသည်က မီးယပ်ရောဂါသည်။ သည်ကြားထဲ သူ့အဖေဖြစ်သူက လေဖြတ်ထား၏။ ဝင်ငွေကမရှိ။ စားဝတ်နေရေး အကြီးအကျယ် ကျပ်တည်းတော့၏။

သည်တော့ ကျော်တင့် ဘုရားကို များများရှိခိုးရ၏။ မေတ္တာပို့ရ၏။ ဘုရားမှလွဲ၍ အားကိုးအားထားစရာ မမြင်။ ဘုရားကယ်ပါ၊ တရားကယ်ပါ၊ သံဃာ ကယ်ပါ ဟူ၍ သရဏဂုံသုံးပါးကို အာရုံပြုပြီး နေသာသလို နေရတော့၏။

တစ်နေ့တွင် ဝက်ကုန်သည်သူဌေး ဦးယုန်စိန်နှင့် ဒေါ်ကျင်မြိုင်တို့ ရောက်လာသည်။ ဆေးရုံတက်ပြီး ကုသလိုလျှင် ကုသပေးမည်။ ဆရာဝန်ပင့်၍ ဆေးဝါးကုသလိုက ကုသရန်နှင့် မိသားစု စားဝတ် နေရေးအတွက် ငွေကျပ် (၅၀၀၀)ကို ဦးယုန်စိန်တို့ ဇနီးမောင်နှံက လာရောက်၍ ပေးလှူသည်။

ဦးယုန်စိန်နှင့် ဒေါ်ကျင်မြိုင်တို့က စိတ်ထားကောင်း၏။ တပည့်သားမြေးများအပေါ် ကြင်နာသည်။ ငွေရေးကြေးရေးနှင့် ပတ်သက်ပြီး သူ့အလုပ်သမားများအပေါ်၌ သိပ်မမျှော်လင့်တတ်။ တကယ် ဖြစ်လျှင် တကယ်ကြည့်ရှု စောင့်ရှောက် သည်။ သည်အလုပ်သမားတွေကြောင့် သူတို့ချမ်းသာသည်။ သည်အလုပ်သမားတွေ ကောင်း၍သာ သူ့လုပ်ငန်းတွေ အောင်မြင်သည်ဟု သဘောထားသူပင်။

ဦးယုန်စိန်နှင့် ဒေါ်ကျင်မြိုင်တို့ ချမ်းသာပုံကလည်း စိတ်ဝင်စားစရာ ကောင်းလှ၏။

ဦးယုန်စိန်နှင့် ဒေါ်ကျင်မြိုင်တို့သည် ဆင်မလိုက် အုန်းတောရပ်ကွက်၌ အေးဆေးစွာ နေထိုင်ကြသည်။ ဒေါ်ကျင်မြိုင်တို့ မျိုးရိုးစဉ်ဆက်က စီးပွား ဥစ္စာပြည့်စုံကြသည်။ ဦးယုန်စိန်မှာမူ မရှိမရှားထဲက ဖြစ်ပြီး ရိုးသားသူဖြစ်သည်။

ဒေါ်ကျင်မြိုင်မှာ ဖြူဖွေးဝင်းလက်သော အသားအရေ၊ ရွှန်းလဲ့တောက်ပသော မျက်လုံးအစုံ၊ သွယ်တန်းသော နှာတံကို ပိုင်ဆိုင်သည်။ အထူးသဖြင့် ကော့ပျံသောမျက်တောင်နှင့် ဇင်ယော်တောင် မျက်ခုံးကို ရွှန်းလဲ့သောမျက်လုံးနှင့် ပေါင်းစပ်ကြည့်လိုက်မည်ဆိုပါလျှင် အကြည့်ခံရသူအဖို့ တုန်လှုပ်သွားရ၏။ အမိန့် ဩဇာပါသော အကြည့်ထူးကို ဒေါ်ကျင်မြိုင်က ထူးခြားစွာ ပိုင်ဆိုင်သည်။

မဟုတ်တာလုပ်ထားသူ တစ်ဦးတစ်ယောက် ဒေါ်ကျင်မြိုင်ရှေ့သို့ ရောက်လျှင် ဖြုံသွားရ၏။ ကြောက်ဒူးတုန်ပြီး နှုတ်ကမေးစရာမလိုဘဲ မျက်လုံးနှင့် ကြည့်ရုံနှင့် “ကျွန်တော် လုပ်ထားတာက ဒီလိုပါ” ဟူ၍ ဖွင့်ပြောရသည်မျိုးကို အကြိမ်ကြိမ် တွေ့ကြုံရဖူးသည်။

စင်စစ် ဒေါ်ကျင်မြိုင်က ထူးခြားအံ့ဩဖွယ် မျက်လုံးကို ဆန်းပြားစွာ ပိုင်ဆိုင်သူပင်။

ထို့အတူ ဦးယုန်စိန်သည် ဖြောင့်စင်းသော အရပ်။ ညီညာပြည့်ဖြိုးသော ကိုယ်လုံး၊ တောင့်တင်းသွယ်ပြန့်သော လက်မောင်းလက်ရုံးကို ပိုင်ဆိုင်သည်။

အထူးသဖြင့် ဦးယုန်စိန်၏ ဖြူဖွေးညီညာလှပသော သွားများအပြင် လှပသော သွားတက်ကြောင့် လူချစ်လူခင်ပေါ၏။ သူရယ်လိုက်လျှင် ညာဘက်သွားတက်လေးက လျှပ်ခနဲ ထွက်ပေါ်လာသလို စူးရှသော မျက်လုံးနှင့် သွယ်တန်းသော နှာတံကို ဦးယုန်စိန်က ပိုင်ဆိုင်သည်။

စင်စစ် ဦးယုန်စိန်သည် ချောမောလှပပြီး ယောက်ျားပီသသူလည်း ဖြစ်သည်။

မှန်သည်။ ဦးယုန်စိန်နှင့် ဒေါ်ကျင်မြိုင်တို့ လင်မယား လမ်းတွဲ၍ လျှောက်လာပြီဆိုလျှင် မကြည့်ဘဲ မည်သူမျှ မနေနိုင်။ လိုက်ဖက်ညီသော အတွဲမို့ မျက်လုံးထဲက မထွက်နိုင်။

ဆံပင်ကောင်းသော ဒေါ်ကျင်မြိုင်၏ ဆံထုံးအထက်မှ တစ်ပွင့်တည်းသော နှင်းဆီဖြူဖြူသည် နက်မှောင်သောကေသာနှင့် လိုက်ဖက်ညီသည်။

ထိုစဉ်က မြင်းလှည်းခေတ်မို့ ယုန်စိန်က မြင်းလှည်းထောင်သေး၏။ ယုန်စိန်ကိုင်သောမြင်းသည် မြင်ကွင်းထွက် လှမှလှသော ကြေးညိုရောင်မြင်းကြီးကို ဒေါ်ကျင်မြိုင်ကိုယ်တိုင် စိတ်တိုင်းကျ လိုက်ဝယ်ပေးသည်။

လှည်းကိုလည်း ဂျုံးဂျုံးဂျိုင်းဂျိုင်း မမြည်စေရ။ ကားသံပေါက်အောင် ကြွကြွရွရွ ဆင်သည်။ သူ့ မြင်းလှည်း၌ သူများလှည်းလိုမဟုတ်။ ခြေနင်းဘဲလ်ကို တပ်ထား၏။ ခြေနင်းဘဲလ်သည် ရထားလုံးများ၌သာ တပ်ကြသည်။ အခြား နှစ်ဘီးတပ်မြင်းလှည်းများ၌ ဈေးကြီးသဖြင့် မတပ်ကြ။

ဦးယုန်စိန် မြင်းလှည်းပြီဟေ့ဆိုလျှင် ခြေနင်းဘဲလ်သံပေးပြီးမှ အိမ်ကထွက်သည်။ လှည်းကလည်းလှ၊ မြင်းကလည်းလှ၊ မောင်းသူကလည်း လှလွန်း၍ ဝိုင်းကြည့်သည်အထိပင် ဖြစ်ရသည်။

ပိုက်ဆံလည်း သူများထက် ပိုရ၏။ ကုန်စုံဆိုင်ပိုင်ရှင် မိန်းကလေးတို့သည် ဦးယုန်စိန်မြင်းလှည်းကိုသာ စောင့်စီးကြသည်။ အလုအယက်ငှားကြ၏။

လှပသော မြင်းလှည်းကိုစီးလျှင် စီးသူလည်း ကျက်သရေရှိသည်ဟု ဆိုကြ၏။

လှည်း၏ ခြေနင်း ဘဲလ်သံမှာ ကြေးနှင့်ငွေ ရောစပ်၍ ပြုလုပ်ထားသည်မို့ ဟိန်းစည်ပြီး အသံသာလေသည်။ သည်ဘဲလ်သံကြားသည်နှင့် ဦးယုန်စိန်လာပြီ ဆိုသည်ကို မမေးဘဲနှင့်သိကြပြီး ဖြစ်သည်။ ဤသည်ကို ဒေါ်ကျင်မြိုင် မကြိုက်တော့။ ကြာလျှင် မြင်းလှည်းပါမက ယုန်စိန်ပါ ပျောက်သွားနိုင်သည်ဟု တွေး၏။

လှည်းနှင့်မြင်းက ပြန်ဝယ်၍ရသော်လည်း ယုန်စိန် ပျောက်သွားလျှင် ခက်မည်ဟု တွေး၏။

တော်ပြီ။ မြင်းလှည်းပေါ်ကို ယုန်စိန် မတက်ရ။ မြင်းနှင့်လှည်းကို အပြီးတိုင် ရောင်းပစ်လိုက်သည်။ သူ့၌လည်း ကိုယ်လေးလက်ဝန်ရှိပြီမို့ လင်မယားနှစ် ယောက် အိမ်မကွာ ကြမ်းမကွာ အလုပ်ကိုသာ လုပ်မည်ဟု ဆုံးဖြတ်လိုက်သည်။

ဦးယုန်စိန်ကလည်း ဘာမှ မပြောတော့။ သူ့မိန်းမ စိတ်ချမ်းသာလျှင် ပြီးရောဟူသောသဘော ထားလိုက်သည်။ ဦးယုန်စိန်ကလည်း ဒေါ်ကျင်မြိုင်မှလွဲ၍ မည်သည့် မိန်းကလေးနှင့်မျှ ဖောက်ပြန်သည်ဟူ၍ မကြားရချေ။

“လိုက်ဟေ့ … လိုက်ဟေ့”

ဆင်မလိုက် အုန်းတောတစ်ရပ်ကွက်လုံး ဆူဆူညံညံ အသံတွေကြားရ​၏။

“ဟိုဘက်ပြေးပြီ. . . . လိုက်ဟ . . . လိုက်ဟ”

“ဟေ့ကောင်ဂျပု၊ ဘာငိုင်နေတာလဲ … ဝင်ဖမ်းလေကွာ”

ဝက်မကြီးတစ်ကောင်သည် လည်ပင်း၌ သွေးသံရဲရဲ ဖြစ်ပြီး ဆင်မလိုက် အုန်းတောရပ်ကွက်ထဲသို့ ပြေးဝင်လာသည်။ ထို့ကြောင့် ဝက်ဖမ်းသမားများက တပ်ချီ၍ လိုက်လာကြသည်။

သူတို့လက်ထဲ၌ တုတ်တွေ၊ လှံတွေ၊ ကြိုးတွေကိုလည်း ကိုင်တွယ်ထားကြသည်။ ထို့ကြောင့် ရပ်ကွက်ထဲက လူတွေကလည်း လန့်ဖျပ်ပြီး ထွက်ကြည့်နေကြသည်။ ဝက်မကြီး ထွက်ပြေးရာလမ်းတစ်လျှောက် လူအုပ်ကြီး ဖြစ်နေလေသည်။

ဝက်မကြီး၏ လည်ပင်းဒဏ်ရာမှ သွေးများကလည်း တစက်စက်နှင့် ထွက်ကျလျက် ရှိသည်။ ဝက်မကြီးမှာ ဝဝဖိုင့်ဖိုင့်နှင့် ပြည့်ပြည့်ဖြိုးဖြိုးလည်း ရှိသည်။ သူ့အမွေးအရောင်က အနီဘက်ကို ရွှေဝါရောင်လုသည့် ရွှေနီဝက်မကြီး။

သူ့ကို သတ်ဖြတ်ရန်အတွက် လိုက်လာသော လူအုပ်ကြီးကိုကြောက်၍ ခြေဦးတည့်ရာသို့ ပြေးလွှားနေခြင်းပင်။ ထိုအခါ ဝက်မကြီးနောက်ဘက်မှ ဖမ်းရန် လိုက်လာသော ဂျပုမောင်ညိုနှင့် ရင်ဆိုင်တိုးတော့၏။

ဖြုန်းခနဲမို့ ဝက်မကြီးကို ချက်ချင်း ဝင်မဖမ်းရဲ။ ကြောင်ပြီး ကြည့်နေ၏။ ဝက်မကြီးသည် ဂျပုမောင် ညိုကို အလစ်မပေးဘဲ ခပ်ကန်ကန် လုပ်နေသည်။

“ဟေ့ကောင်တွေ ဝင်ဖမ်းကြ၊ ဝင်ဖမ်းကြ”

ဟု ညာသံပေးပြီး လူအုပ်က ဝက်မကြီးကို ဝိုင်းလိုက်ကြသည်။ ထိုအခါ ဝက်မကြီးမှာ မျက်လုံးတွေပင် ပြာဝေလာပြီး သူ့တစ်ကိုယ်လုံးလည်း ကြောက်စိတ်နှင့် ဒေါသစိတ်တို့ ရောထွေးပြီး အသားများပင် တဆတ်ဆတ်တုန်လာသည်။ ဆက်ပြေးရန်လည်း မဖြစ်နိုင်တော့သည်မို့ ပြေးနေရာမှ ရုတ်ခြည်း ရပ်တန့်လိုက်သည်။

သည်လူအုပ်သာ သူ့ကိုဖမ်းမိလျှင် မုချသေရမည်ကို သူသိသည်။ ယခုလည်း သူ့ကို အသားပေါ်ရန် သတ်ဖြတ်နေရာမှ ကြိုးပြေပြီး ထွက်ပြေးလာခြင်းပင်။

သည်လိုပင် ဝက်သတ်ရုံ၌ တရားဝင် ဝက်ပေါ်ချိန်နှင့် ကိုက်၍ တရားမဝင် ဝက်ပေါ်သောသူများလည်း ရှိသည်။ သည်ဝက်မကြီးမှာ တရားမဝင် ခိုးပေါ် သော ဂျပုမောင်ညိုတို့ထံမှ အသက်လု၍ ထွက်ပြေးလာခြင်း ဖြစ်သည်။ ဝက်သတ်ရုံထဲသို့ ရောက်ပြီးသောဝက်သည် အပြင်သို့ အသက်ရှင်လျက်နှင့် ထွက်နိုင်ရိုး ထုံးစံမရှိ။ ယခု ဝက်မကြီးသည် ဝက်သတ်ရုံထဲက ဝက်မဟုတ်။

မည်သို့ဆိုစေ သည်လိုအဖြစ်မျိုးက ရှားပါးလှသည်။ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စမျိုး။ မောင်ညိုတို့ ပေါ့ဆ၍သာ သည်လို မဖြစ်သင့်ဘဲ ဖြစ်ရခြင်းပင်တည်း။

ယခု လူအုပ်က ဝက်မကြီးကို ဝိုင်းမိထားပြီ။ သူ့ရှေ့တည့်တည့်၌ ဂျပုမောင်ညိုနှင့် ရင်ဆိုင်တွေ့သည်။ ဝက်မကြီးမှာ မိမိ၏ရန်သူကို မတွေ့လို၍ အသက်လု ပြေးရှောင်ခဲ့သည်။ ယခုတော့ ရှောင်မရတော့။ မလွှဲသာသည့်အဆုံး အသေခံ၍ ရင်ဆိုင်ရတော့မည်။ မရင်ဆိုင်၍လည်း မရ။ သေချင်လည်း သေပါစေတော့ဟု ဆုံးဖြတ်လိုက်တော့၏။

မောင်ညို့လက်ထဲ၌ လှံရှည်ကို ကိုင်ထား၏။ မောင်ညိုက လှံရှည်ကို မြှောက်ကိုင်၍ ဝက်မကြီးကို ပြေး၍ ထိုးသတ်ရန် အားယူလိုက်သည်။

ထို့နောက် သူ့ကို ပေစောင်းပေစောင်းနှင့် ရှူးရှူးရှဲရှဲ ဖြစ်ပြီး စိုက်ကြည့်နေသော ဝက်မကြီး၏ နံကြားဆီသို့ ချိန်ရွယ်ပြီး အားပါးတရ ပြေး၍ ထိုးချလိုက်သည်။

“ဖုန်း. . . “

“အောင်မလေးဗျ။ သေ. . . သေပါပြီ. . . “

အဖြစ်အပျက်က မြန်ဆန်လွန်းလှသည်။ ဂျပုမောင်ညိုက ဝက်မကြီးကို လှံနှင့်ပြေးအထိုး ဝက်မကြီးက မောင်ညို့လှံချက်ကို လှိမ့်ရှောင်ပြီး မောင်ညိုကို ကျုံး၍ ပက်ထည့်လိုက်သည်။

ထို့ကြောင့် မောင်ညိုမှာ မတ်တတ်မှ ဗိုင်းခနဲ လဲကျပြီး ခြေသလုံးသားများ စုတ်ပြတ်သွား၏။ မောင်ညို၏ လှံချက်မှာ ဝက်မကြီးကို မထိုးမိဘဲ မြေကြီးထဲသို့ စိုက်ဝင်သွား၏။ ဝက်မကြီး၏ သတိနှင့် ရင်ဆိုင်မှုကြောင့် ဒေါသကြီးပြီး သွေးဆာနေသောမောင်ညို ကျဆုံးသွားပြီ။

မောင်ညို လဲကျသွားသည်နှင့် ဝက်မကြီးက အခွင့်ကောင်းရသွားသည်။ သူ့ရှေ့တည့်တည့်၌ရှိသော အိမ်တစ်အိမ်အောက်သို့ အတင်းဝင်ပြေးသွားလေ တော့သည်။ ထိုအိမ်သည် ဦးယုန်စိန်နှင့် ဒေါ်ကျင်မြိုင်တို့အိမ်ပင် ဖြစ်လေသည်။

သက်ရှိသတ္တဝါတိုင်း မိမိ၏ အသက်ကို သေမှာ ကြောက်ကြသည်။ ယခုလည်း ဝက်မကြီးက သူ့အသက်အတွက် အစွမ်းကုန်ကာကွယ်ပြီး ထွက်ပြေးသွားပြီ။

သည်နေရာ၌ ဝက်ဖမ်းလိုက်သူများမှာ အုပ်စုနှစ်စု ကွဲသွား၏။ တစ်အုပ်စုက ဝက်ပက်ခံသူ ဂျပုမောင်ညိုကို ဝိုင်းဝန်း ပြုစုကြသည်။ အုပ်စုတစ်စုက ထွက်ပြေးသွားသော ဝက်မကြီးနောက်သို့ လိုက်ကြပြန်လေသည်။

မောင်ညိုမှာ ခြေသလုံးသားများ အသားတစ်ထွက်ပြီး ပြတ်သတ်သွား၏။ အရိုးမကျိုး၍ တော်သေး၏။ သူ့တစ်ကိုယ်လုံးလည်း သွေးတွေနှင့် ရွှဲနစ်နေပြီး သူချော်လဲကျသွားသော နေရာ၌ အုတ်ခဲတစ်လုံးနှင့် ဦးခေါင်းကိုထိ၍လည်း ဦးခေါင်းပေါက်သွားပြန်သည်။ မောင်ညိုလည်း ဝက်မကြီးနည်းတူ သွေးသံတရဲရဲ ဖြစ်၍ ကျန်ရစ်ခဲ့ပြီ။

အစွယ်ရှိသော ဝက်ဆိုလျှင် ခြေထောက်နှစ်ချောင်းစလုံး ပြတ်တောက်၍ ကျိုးပဲ့သွားနိုင်၏။ ယခုမူ ဝက် မကြီးမှာ မောဟိုက်နေသည်က တစ်ကြောင်း၊ သူ့လည်ပင်းမှ ဓားဒဏ်ရာကြောင့် သိပ်ပြီး အားမစိုက်နိုင်၍သာ သက်သာသွားခြင်းဖြစ်၏။ သို့မဟုတ်ဘဲ မောင်ညို၏ ဝမ်းဗိုက်ကိုသာ ကျုံး၍ပက်ထည့်လိုက်လျှင် ဝက်သတ်သမားတစ်ယောက် ဝက်သတ်၍ သေရသည်ဟု ဆင်မလိုက်ရာဇဝင်၌ စာတင်ရကိန်းရှိ သည်။

ဝက်ခိုးပေါ်သော မောင်ညိုသည် ဝက်ပက်၍ ဒဏ်ရာရသည့်အပြင် ဝက်တန်ဖိုးပါ ပေးလျော်ရချေတော့မည်။

မည်သို့ဆိုစေ သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရဲသော ဝက်မကြီးအနားသို့ လူတိုင်း မကပ်ရဲကြတော့။ အခြေအနေ ကြည့်ပြီးမှ လုပ်ကြကိုင်ကြရချေတော့မည်သာ။

“ဘယ့်နှယ်လုပ်မလဲ၊ မင်း ဝင်ဖမ်းမလား”

“အို ဘာပဲဖြစ်ဖြစ် ဝင်ဖမ်းမယ်ကွ။ နို့မို့ရင် တို့ ဝက်ဖိုးလျော်ရမှာ။ ပြီးတော့ မောင်ညို့အတွက် ဒီဝက်မကို ကလဲ့စားချေရမယ်”

အိမ်ရှေ့၌ ဝက်ဖမ်းသမားများ ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။ သူတို့တစ်တွေမှာ ကိုယ်လုံးတီးနှင့် အောက်ပိုးကျိုက်ထားကြ၏။ ချွေးသံတရွှဲရွှဲ ဖြစ်နေကြ၏။

“ဟေ့လူတွေ ဘာလုပ်နေကြတာလဲ”

အိမ်ရှေ့၌ လူများ ဆူညံသံကြား၍ အိမ်ထဲက ကိုယုန်စိန် ထွက်လာသည်။ ထို့အတူ ဒေါ်ကျင်မြိုင် နေ့ခင်းနေ့လယ် မှေးနေရာမှ လန့်နိုးလာသည်။

“ဟေ့မောင်ပု နင်တို့ ဘာလုပ်တာလဲ”

ဒေါ်ကျင်မြိုင်ကလည်း လှမ်းအော်မေးသည်။ ဦးယုန်စိန်ကလည်း ဒေါ်ကျင်မြိုင်ရှေ့က ကာရပ်ထားရင်း ဆိုသည်။

“ဪ. . . အစ်မ ကျင်မြိုင်ရေ … ဝက်မကြီးတစ်ကောင် လွတ်သွားလို့ လိုက်ဖမ်းကြတာ။ အဲဒါ အစ်မတို့အိမ်အောက် ရောက်နေလို့ ဝင်ဖမ်းဖို့ လုပ်နေကြတာ။ အိမ်အောက်က နည်းနည်းနိမ့်လို့ ဝင်ရခက်နေကြတာ”

“ဟင်… ဟုတ်လား၊ ရှင်တို့ ဝက်ခိုးပေါ်လို့ ဖြစ်မှာပေါ့။ အဲဒီဝက်က ဘယ်မှာလဲ”

“အိမ်အောက်မှာ”

“ဒုက္ခပါပဲကွာ။ မင်းတို့ဥစ္စာ အလုပ်လုပ်တာ မသေမချာနဲ့။ အားလုံး စိတ်ဆင်းရဲစရာတွေ ဖြစ်ကုန်ပြီ။ နေဦး … နေဦး၊ ငါ ဆင်းကြည့်ဦးမယ်။ အရမ်းအရမ်း မလုပ်ကြနဲ့ကွာ။ ငါ့မိန်းမကလည်း ကိုယ်လေး လက်ဝန်နဲ့။ လန့်သွားရင် ဒုက္ခ”

ဦးယုန်စိန်က ပြောပြောဆိုဆိုနှင့် အိမ်ပေါ်မှ ဆင်းသည်။ ထို့နောက် အိမ်အောက်သို့ ငုံ့ကြည့်သည်။

မှန်သည်၊ ဝက်မကြီးတစ်ကောင်သည် လည်ပင်း၌ ဓားဒဏ်ရာ၊ ခြေထောက်မှာလည်း ကြိုးတန်းလန်းနှင့် အိမ်အောက်ရှိ ကျင်းထဲ၌ ဝင်၍ ဝပ်နေသည်ကို မြင်ရ၏။

“မြိုင်ရေ ဘယ့်နှယ်လုပ်မလဲ။ သူတို့ကတော့ မရ ရအောင်ဖမ်းပြီး ပေါ်မှာပဲ။ ဝက်မကြီး သနားစရာကွာ။ သူ့ခမျာ သေမှာကြောက်လွန်းလို့ ပြေးလာရတာ”

ဒေါ်ကျင်မြိုင်၏ ဆုံးဖြတ်ချက်ကို ဦးယုန်စိန်က မေးသည်။ ဦးယုန်စိန် ဘာဖြစ်ချင်သည်ကို ဒေါ်ကျင်မြိုင်က သိသည်။ သူ ဘာလုပ်ရမည်ကိုလဲ နားလည်သည်။

“ကဲ. . . ကိုစိန် . . . ဒီဝက်မကြီးတန်ဖိုး ဘယ်လောက်လဲလို့ မေးလိုက်။ တို့ခြံထဲ တို့အိမ်ထဲ ရောက်နေပြီ … တို့ဝက်ပဲ။ ရှင်တို့ အခုအချိန်ကစပြီး ကျွန်မဝက်ကို လက်ဖျားနဲ့တောင် မထိနဲ့တော့။ ဝက်ဖိုး ကျသင့်သလောက် ကျွန်မပေးမယ်။ မတရားဈေးတော့ မပြောနဲ့။ အခုအချိန်ကစပြီး ဒီဝက်မကို ကျွန်မ ဝယ်လိုက်ပြီလို့ မှတ်ပါ”

“အေး ဟုတ်တယ်၊ ဒီဝက်မကို တို့ဝယ်လိုက်ပြီ၊ ဝယ်လိုက်ပြီဟေ့”

“အို မဟုတ်တာ အစ်ကိုယုန်စိန်ရယ်။ ဝက်မမှာ ဒဏ်ရာကြီးနဲ့။ တော်ကြာ အစ်ကိုတို့အိမ်အောက်မှာ သေသွားရင် ဘယ့်နှယ်လုပ်မလဲ”

“အို သေသေရှင်ရှင် သူ့ကံကိုယ့်ကံပဲ။ ကဲ ကဲ ခင်ဗျားတို့ ပြန်ကြတော့ … ပြန်ကြတော့။ ပိုက်ဆံလည်း ရပြီ မဟုတ်လား။ အိမ်အောက်က ကျုပ်ဝက်မကြီး စိတ်ဆင်းရဲနေလိမ့်မယ်”

ဦးယုန်စိန်က ပြောသည်။ ဒေါသလည်း ဖြစ်လာဟန်တူသည်။ ထို့နောက် ဝက်မကြီးအတွက် ကျသင့်ငွေကို လုံးဝဈေးမဆစ်ဘဲ သူတို့ ပြောသလောက် ထုတ်ပေးလိုက်လေသည်။

ဝက်ဖမ်းသမားများလည်း အိမ်အောက်၌ ဝပ်နေသော ဝက်မကြီးကို ဖမ်းဖို့မကြိုးစားတော့။ ဝက်ဖိုးငွေပိုက်၍ ပြန်သွားကြလေသည်။

“ကဲ ကိုစိန် တိရစ္ဆာန်ဆေးကုဆရာဝန်ကို သွားပင့်ချေ။ ပြီးတော့ မြမောင်ကိုခေါ်ပြီး အိမ်ဘေးက မြေကွက်မှာ ချက်ချင်း ဝက်ခြံဆောက်ရအောင်”

“အေး… အေး”

ဦးယုန်စိန် အိမ်ကထွက်သွားသည်။

မကြာပါချေ။ တိရစ္ဆာန်ဆေးကု ဆရာဝန် ဦးကျော်ကို ခေါ်လာသည်။ ထို့နောက် အိမ်ပေါ်က ခင်းပြင်ကို ခွာသည်။ အိမ်အောက်သို့ ဦးယုန်စိန်ဆင်း သောအခါ လည်ပင်း၌ ဒဏ်ရာရနေသော ဝက်မကြီးက တအီအီနှင့် ကလေးငယ်တစ်ဦးလို အော်ဟစ်နေသည်။

ထို့ကြောင့် အိမ်၌ရှိသော ထမင်းကို ထမင်းရည်နှင့် ဖျော်၍ ဝက်မကြီးကို ကျွေးသည်။ ဦးကျော်က ဝက်မကြီး၏ ဒဏ်ရာကို ကြည့်သောအခါ သေနိုင် လောက်သောဒဏ်ရာ ဖြစ်သော်လည်း ဒဏ်ရာမှာ နက်ရှိုင်းမှု မရှိဘဲ ဘေးသို့ချော်၍ ဓားနှင့် ထိုးမိခြင်း ဖြစ်သည်။ ထို့ကြောင့် ဝက်မကြီး မသေခြင်းပင်။ ခြေထောက်၌ ချည်ထားသော ကြိုးကလည်း လျော့နေသည်မို့ ရုန်းထွက်ပြီး ပြေးလာခြင်းပင်တည်း။

ဤသည်တို့ကြောင့် ဝက်မကြီး၏ဒဏ်ရာကို ဆေးထည့် ပတ်တီးစည်း ဆေးထိုးပေးလိုက်သည်။ ဆေးထိုးပေးပြီး ဦးကျော်က ဆိုသည်။ ဝက်မကြီးမှာ ကိုယ်ဝန်ရှိနေသည်ဟု ဆိုသည်။ အသက်အန္တရာယ် စိုးရိမ်စရာမရှိ။ ခြေတစ်ဖက် နာနေသည်ဟု ဆိုသည်။

“ဘုရား … ဘုရား … သူ့အသက်နဲ့ သူ့သားသမီးတွေရဲ့အသက်ကို ကျွန်မတို့ ကယ်ဆယ်ခွင့်ရတာ ကံကောင်းတာပေါ့။ ကိုစိန်ရေ ဝက်ကြီးကို ရွှေရည် ငွေရည်လောင်းရအောင်”

ပြောပြောဆိုဆိုနှင့် ဒေါ်ကျင်မြိုင်က သူ့လည်ပင်းမှ ရွှေဆွဲကြိုးကို ချွတ်သည်။ နံ့သာဖြူ အမွှေးနံ့သာ သွေးသည်၊ ထို့နောက် ငွေဖလားလေးထဲထည့်သည်၊ အမွှေးနံ့သာရည်နှင့် ရွှေဆွဲကြိုး စိမ်ထားသော ရွှေရည်ငွေရည် အမွှေးနံ့သာရည်များကို ဝက်မကြီး၏ တစ်ကိုယ်လုံးကို ဖျန်းပက်ပေးသည်။

“ကဲ ဒီအချိန်ကစပြီး စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့နေ။ နင့်ကို ငါတို့ မွေးစားလိုက်ပြီ။ နင်ဟာ ငါတို့ရဲ့ သားသမီး ဖြစ်သွားပြီ”

ဟု ပြောသောအခါ ဝက်မကြီးက တအီအီနှင့် အော်ဟစ်နေ၏။

သူ့အနာက နာဟန်တူ၏။ မျက်ရည်များလည်း စီးကျနေသည်ကို ရင်မောဖွယ်ရာ မြင်တွေ့ရသည်။ ထို့ကြောင့် ဝက်မကြီး၏ ဝမ်းဗိုက်နှင့်ကျောကို ပွတ်သပ်ပေးပြီး ချော့မော့လိုက်ရသည်။

“သမီး အားရှိအောင် အိပ်လိုက်၊ နင် ကလေးမွေးရဦးမယ် မဟုတ်လား”

ဟု ဒေါ်ကျင်မြိုင်က ချော့မော့၍ပြောမှ မျက်လုံးလေးစင်းပြီး အိပ်စက်သွားလေသည်။

နောက်တစ်လလောက်ကြာသော အခါ ဝက်မကြီး သားပေါက်တော့၏။ သားသမီး (၇)ကောင် မွေးသည်။ အမ (၅)ကောင်၊ အထီး(၂)ကောင်။ ဝက်မကြီး သားပေါက်သည့်နေ့၌ ဒေါ်ကျင်မြိုင် ထီ တစ်သိန်းဆုပေါက်သည်။ ထီဆုကြီးပေါက်ပြီးနောက် နှစ်လခန့်အကြာ သားဦးရတနာ မောင်ကျင်အေးကို မွေးဖွား သားသည်။ သည်သား မွေးပြီးကတည်းက စီးပွားတက်သည်။

ဝက်မကြီးကလည်း သားထိန်းကောင်း၏။ မွေးသမျှ ကလေးတွေအားလုံး အဖတ်တင်သည်။ ထို့ကြောင့် ဝက်မကြီးကို စီးပွားတိုးသဖြင့် မိတို ဟု နာမည်ပေးထား၏။

မိတိုးသည် သူ့အသက်သခင် ဒေါ် ကျင်မြိုင်ကို အလွန်ချစ်သည်။ ထို့အတူ ဒေါ်ကျင်မြိုင်မွေးသော သားလေး မောင်ကျင်အေးကိုလည်း အလွန်ချစ်၏။ ဒေါ်ကျင်မြိုင် သားဦးမွေးသောအခါ မိတိုးက သားခွဲပြီ။ ထို့ကြောင့် ဒေါ်ကျင်မြိုင်၏ မီးနေခန်းကို ညတိုင်းညတိုင်း မိတိုးက စောင့်အိပ်သည်။

နေ့ခင်းဘက်၌ လူဝင်လူထွက်များ၍ သူ့ကိုခြံထဲ၌ အစာကျွေးပြီး ပိတ်လှောင်ထားရ၏။ သို့သော် သူ၏ဦးခေါင်းမှာ ဒေါ်ကျင်မြိုင်၏ မီးနေခန်းဘက်သို့သာ လှည့်ကြည့်နေတတ်သည်။ ညဘက်ရောက်လျှင် ခြံတံခါး ဖွင့်မပေးမချင်း အော်ဟစ်ခုန်ပေါက်နေ တော့၏။ တံခါးဖွင့်ပေးလိုက်သောအခါ အိမ်ပေါ်သို့ အတင်းတက်တော့၏။ အိမ်ထဲရောက်သည်နှင့် ဒေါ်ကျင်မြိုင် အိပ်ခန်းဝ၌ အပေါက်ပိတ်ပြီး အိပ်တော့၏။ သည်အခန်းထဲသို့ သူ့သခင် ဦးယုန်စိန်မှလွဲ၍ မည်သူမျှ အဝင်မခံ။ ညဘက် မီးနေခန်းကို သူကိုယ်တိုင် စောင့်တော့၏။

ဤသည်ကို သူ့သခင်ဦးယုန်စိန်က သိ၍

“ဟဲ့ မိတိုး၊ နင့်နေရာ နင်ပြန်လေ”

ဟု ပြောသော်လည်း မပြန်။ တအီအီနှင့် အော်ပြီး အခန်းပေါက်ဝ၌ ပိတ်ပြီး အိပ်လေတော့၏။ မိတိုးက သူ့အသက်သခင်ကို ပြန်၍ ကျေးဇူးဆပ်ချင်ဟန်တူသည်။

မှန်သည်။ မိတိုးကို နေ့ဘက်၌သာ ခြံထဲ၌ ထားလို့ရသော်လည်း ညဘက်ဆိုလျှင် ထား၍မရမှန်းသိ၍ ခြံတံခါးဖွင့်ပေးထားပြီး အိမ်ပေါ်သို့ တင်ပေးထားရ၏။ မိုးစင်စင်လင်းမှ မီးနေအခန်းပေါက်ဝမှ ထွက်၍ အိမ်အပြင်၌ အလေးအပေါ့သွားပြီး သူ့ခြံထဲ သူ ပြန်ဝင်အိပ်နေတတ်၏။

မိတိုးက လူတွေနှင့် အနေကြာ၍ လူလိုပင် နားလည်နေသလားပင် မသိ။

ဒေါ်ကျင်မြိုင် မီးထွက်သောအခါ မိတိုးကိုပါ ရေမိုးချိုးပေးသည်။ အမွှေးနံ့ သာရည်များ ဖျန်းပေးပြီး ကြက်သားဒံပေါက်ထမင်းကို လူတွေကျွေးသလို သူ့ ကိုလည်း သပ်သပ်ရပ်ရပ် ကျွေးသည်။ အစာစားပြီးသောအခါ မိတိုးက ပျော်ရွှင်စွာနှင့် သူ့ခြံထဲ၌ ကလေးတစ်ယောက်လို ခုန်ပေါက်နေလေသည်။

သည်လိုနှင့်ပင် ဒေါ်ကျင်မြိုင် တစ်ည၌ ထူးဆန်းသော အိပ်မက်တစ်ခုကို မြင်မက်သည်။ အိပ်မက်ထဲ၌-

“ဟဲ့ ကျင်မြိုင်၊ ထ … ထ ငါ သေတော့မယ်။ ငါသေရင် ငါ့ဗိုက်ကိုကြည့်။ ငါ့ဗိုက်ထဲမှာ ရွှေထုပ်ရှိတယ်။ ငါ့ တူလေး မောင်ကျင်အေးကိုပေးဖို့ ငါ့အသက်နဲ့လဲပြီး ဒီကိုရောက်အောင် လာရတာ။ ငါ့အသားကို ဘယ်သူမှ မစားစေနဲ့။ ရေနံဆီလောင်းပြီး မြေမြှုပ်ပစ်”

ဟု ဝက်မကြီး မိတိုးက ထူးထူးဆန်းဆန်းစကားပြောနေသည်ကို ကြားရ၏။

“ဟဲ့ သမီး မိတိုး … နင် ဘာတွေ ပြောနေတာလဲ၊ သွားအိပ်တော့လေ”

ဟု ဒေါ်ကျင်မြိုင်ကပြောရာ-

“အေးပါ ကျင်မြိုင်ရယ်။ ငါပြောတဲ့အတိုင်းပဲ ယုန်စိန်ကိုလုပ်ခိုင်း၊ ဘယ်သူ့မှ မခေါ်နဲ့”

ဟု ပြောပြီး ဒေါ်ကျင်မြိုင် အိပ်ခန်းထဲက ထွက်သွားသည်ဟု အိပ်မက်မြင်မက်လေသည်။

ဤသည်ကို ယောက်ျားဖြစ်သူ ဦးယုန်စိန်ကို ပြောပြသောအခါ- –

“မင်း စိတ်စွဲလမ်းလို့ပါကွာ။ ငါ မနက်က အစာကျွေးတာ မိတိုး ကောင်းကောင်းစားသားပဲကွ။ ဒါပေမယ့် ငါ့ကိုတော့ ခဏ ခဏ ဖက်ဖက်တက်တယ်။ အဲဒါတော့ ထူးတယ်”

ဟု ဆိုသဖြင့် ဘာမှမပြောဘဲ ငြိမ်နေမိတော့သည်။

ထို့နောက် စိတ်ထဲ မသင်္ကာသဖြင့် မိတိုး ရှိရာသို့ ဒေါ်ကျင်မြိုင် ဆင်းသွားမိသည်။

ခြံထဲ၌ မိတိုးငြိမ်နေ၏။

“ဟဲ့-မိတိုး၊ ဟဲ့-မိတိုး”

ဟု နှစ်ခါထပ်ခေါ်သောအခါ မိတိုးက ဝုန်းခနဲ ကျုံးထသည်။ ထို့နောက် မိတိုး ဗုန်းခနဲ ပစ်လဲသွားလေတော့သည်။ ထိုကတည်းက မိတိုး ပြန်မထတော့။ ခေါ်၍လည်း မရတော့။

ထို့ကြောင့်

“ကိုစိန်၊ ဒီမှာ မိတိုး ဘာဖြစ်နေလဲ မသိဘူး”

ဟု အော်ပြောသောအခါ ဦးယုန်စိန် ရောက်လာ၍ မိတိုးကို ပွေ့ထူသည်။ မိတိုး လုံးဝမထတော့။ မိတိုး ငြိမ်သက်သွားလေတော့သည်။

မှန်သည်။ မိတိုး ဆုံးပြီ။ ဝလွန်းသော မိတိုး။ အဆီပိတ်၍ သေဟန်တူ၏။

“ကိုစိန် မိတိုးတော့ သေပြီ။ ကျွန်မအိပ်မက် ဟုတ် မဟုတ် ဗိုက်ခွဲကြည့်ရအောင်။ တစ်ခုခုနဲ့ ကာပြီး သူပြောသလို လုပ်ကြည့်တာပေါ့။ ဩော် မိတိုး … မိတိုး ကောင်းရာမွန်ရာ ရောက်ပါစေကွယ်”

ကိုယုန်စိန်က ပြောပြောဆိုဆိုနှင့် မိတိုး၏ခြံကို စောင်များနှင့် ပတ်ကာလိုက်သည်။ မိတိုး သေဆုံးသည်ကို မည်သူမျှ မသိအောင် ဖုံးဖိထားလိုက်သည်။ ထို့နောက် မိတိုး၏ ဝမ်းဗိုက်ကို ဓားနှင့်ခွဲလိုက်သည်။

ထိုအခါ မိတိုး ဗိုက်ထဲမှ သွေးပုပ်တို့က ဝေါခနဲ ထွက်
ကျလာသည်။ ထို့နောက် ပေါက်ကွဲနေသော အစာအိမ်ဆီမှ ဖြူဖြူအလုံးတစ်လုံး တွေ့ ရ၏။ ထိုအလုံးကို ယူ၍ ဖြေကြည့်သောအခါ ဆွေးမြည့်နေသော အဝတ်စလုံးကြီး ဖြစ်နေသည်။ ထိုအဝတ်စလုံးကြီးဘေး၌ ချွန်ထွက်နေသော ရွှေဆံထိုးလိုလို၊ ရွှေဘီးလိုလို အချွန်အတက်တစ်ခုကို တွေ့ရပြန်သည်။

ထိုအရာ အားလုံးကို သံဇလုံထဲသို့ထည့်ပြီး ရေနှင့် ဆေးကြောသန့်စင်လိုက်သောအခါ မျက်စိကျိန်းစက်အောင် ဝင်းလက်နေသောအရာများ အလုံးတွေ အတုံးတွေ၊ ထူးဆန်း အံ့ဖွယ်ရာ။

“မင်းအိပ်မက် မှန်တယ်။ ယူပြီး သိမ်းထားလိုက်တော့။ ငါ့ကို ရေနံဆီပုံး ပေးတော့။ သူ ပြောတဲ့အတိုင်း လုပ်ရအောင်”

ဦးယုန်စိန်က မိတိုးဗိုက်ထဲမှ ခွဲယူရရှိသော ပစ္စည်းများ ထည့်ထားသည့် ဇလုံကို သူ့ဇနီးဖြစ်သူအား လှမ်းပေးလိုက်သည်။ ထို့နောက် ဒေါ်ကျင်မြိုင်ပေးသော ရေနံဆီပုံးကိုယူ၍ သေဆုံးနေသော မိတိုး၏ တစ်ကိုယ်လုံးကို လောင်းချလိုက်သည်။ ပြီးလျှင် မိတိုးနေထိုင်ခဲ့သောခြံကိုဖျက်၍ မြေကျင်းနက်နက်တူးကာ မိတိုးကို စိတ်မကောင်းစွာနှင့်ပင် မြေမြှုပ်ပစ်လိုက်လေသည်။

ဦးယုန်စိန်နှင့် ဒေါ်ကျင်မြိုင်တို့မှာ သည်ကတည်းက ဆင်မလိုက် အုန်းတောရပ်ကွက်၌ လူချမ်းသာစာရင်း ဝင်သွားလေတော့သည်။

မိတိုးမွေးပေးခဲ့သော ဝက်များမှာ ခြံနှင့် တစ်လုံးကြီးဖြစ်လာသည်။ ဝက်မ ငါးကောင်မှပေါက်သော ဝက်များကို မနိုင်၍ လူငှားနှင့် မွေးရ၏။

တစ်သုတ်မွေး၍ သားခွဲသည်နှင့် ရောင်းလိုက်၊ ကျန် တစ်ကောင်က ပေါက်လိုက်၊ နောက်တစ်ကောင်က မွေးလိုက်နှင့် ဝက်တွေက အကြီးမြန်ကာ ခြံထဲ၌ ဝက်မပြတ်တော့။

ဝက်ရောင်းရငွေနှင့်ပင် သားတွေကို ရှင်ပြုရ၏။ ဦးလေးဖြစ်သူ ဦးထွန်းကြွယ်ကို ရဟန်းခံပေးသည်။ သူကိုယ်တိုင်လည်း ရဟန်းဝတ်သည်။ ပိဋကတ်သုံးပုံကို ဆင်ပေါ်တင်၍ သုံးစုံပြည့်အောင် ဆင်နှင့် လှည့်၍ ခြိမ့်ခြိမ့်သဲသဲလှူသည်။

ကျောင်းဆောက်သည်။ သိမ်ဆောက်သည်။ ဘုရားပြုပြင်သည်။ အလှူများကို ရက်ရက်ရောရော ပေးလှူသည်။ ရှင်မပြုနိုင်သော ဆင်းရဲသည့် ကလေးများကို ယူ၍ ရှင်ပြုပေးသည်။ အိမ်၌ ဘုန်းကြီးငါးပါးကို အမြဲတမ်း ဆွမ်းလောင်းလှူသည်။

ညီအစ်ကိုမောင်နှမများ၊ အသိမိတ်ဆွေများ၊ သူ့အလုပ်သမားများကို စားစရိတ် သောက်စရိတ်ပါ အကုန်ခံ၍ တစ်နှစ်တစ်ခါ ဘုရားဖူးပို့ပေးသည်။

သည်နှစ် ပဲခူးဘုရားစုံပို့လျှင် နောက်တစ်နှစ် မန္တလေး၊ ပုဂံ၊ ပုပ္ပား စသည်များကို နေရာမထပ်ရအောင် နိဗ္ဗာန်ကူးတို့ အလှူလည်း ပြုလုပ်ပေးခဲ့သည်။

သူ့ဝက်မကြီး မိတိုးကိုလည်း သူလှူသမျှကုသိုလ် များကို ရည်မှန်း၍ “မိတိုးရေ အမျှ အမျှ အမျှ” ဟု အမြဲတမ်း အမျှပေးဝေတတ်သည်။

သည်ကတည်းက ဝက်နှင့် အကျိုးပေး၍ သားသတ်လိုင်စင်လျှောက်ပြီး ဝက်ကုန်စည်း ပြုလုပ်ကြည့်ရာ ဆင်မလိုက် အုန်းတောရပ်ကွက်တစ်ခွင်၌ သူ ဌေးဦးယုန်စိန်၊ ဒေါ်ကျင်မြိုင် ဟူသော အမည်သည် လျှမ်းလျှမ်းတောက် အောင်မြင်လာသည်။ လုပ်သက်ရင့် ဝက်ကုန်စည်း တရုတ်များပင် ဦးယုန်စိန်ကို ဆလံသရသည်အထိ အောင်မြင်ချမ်းသာလေတော့သည်။

ချမ်းသာလေ လှူလေ။ လှူလေ ချမ်းသာလေ ဆိုသလို ဖြစ်ပြီး ဆင်မလိုက်ရပ်ကွက် မီးလောင်သော်လည်း ဦးယုန်စိန်၏အိမ်က မီးထဲမပါ။ ရှေ့နောက် ဝဲယာအိမ်များ ပြာကျကုန်သော်လည်း ဦးယုန်စိန်အိမ်နှင့် ကျန်အိမ်နှစ်လုံးသုံးလုံးသာ ကျန်ရစ်သည်။ စေတနာ မှန်သဖြင့် ကံတရားက ဦးယုန်စိန်ကို အကျိုးပေး နေချေသည်။

မှန်သည်။ ယခုလည်း သူ့တပည့် ကတ္တားကျော်တင့် အနာပဆုပ်ပေါက်သည်ဆို၍ လင်မယားနှစ်ယောက်လုံး လာ၍ သတင်းမေးသည်။ ထို့နောက် ငွေငါးထောင်ကျပ်ကို ဆေးဖိုးနှင့် စားဖို့ သောက်ဖို့အတွက် ပေးသည်။

“အဲဒီငွေဟာ ပြန်ဆပ်ဖို့ မလိုဘူး။ ချေးတာ မဟုတ်ဘူး၊ ပေးတာ၊ ဆေးဖိုး လှူတာ။ မင်း အလုပ် မဆင်းနိုင်တဲ့အတွက် စီးပွားရေးကျပ်တည်းမှာစိုးလို့ က ကူညီတာ”

ဟု ပြောဆိုပြီး ကျော်တင့်လက်ထဲသို့ ထည့်သည်။

“ကျေးဇူးတင်လိုက်တာ အစ်ကိုရာ”

“ဟာ ကိုစိန်ရေ. . . တိုက်တိုက်ဆိုင်ဆိုင်ပဲ။ အိမ်ရှေ့မှာ သူတော်စင်တစ်ပါး ရောက်နေတယ်။သွားလှူလိုက်ပါဦး”

ဒေါ်ကျင်မြိုင်က ဆိုသည်။

ထို့ကြောင့် ဦးယုန်စိန်က ကျော်တင့်တို့ အိမ်ရှေ့၌ အလှူခံရပ်နေသော သူတော်စင်တစ်ပါးကို ပိုက်ဆံလှူရန် အိမ်ပေါ်က ဆင်းလာသည်။

ထို့နောက် သူတော်စင်ကြီး၏ ကြေးဝါဖလားထဲ ပိုက်ဆံများ ထည့်ဝင်လှူဒါန်းလိုက်သည်။ သူတော်စင်ကြီး၏ ကြေးဝါဖလားထဲ၌ ပိုက်ဆံအကြွေများ၊ ကျပ်တန်များ၊ ရာတန်များအထိ အထပ်လိုက်၊ စားစရာ ငှက်ပျောသီးများ၊ မုန့်များနှင့် ပြည့်စုံနေ၏။

“အတော်ပဲ၊ နင်ကုပေးမှ ဒီကောင် ရောဂါပျောက်မှာ၊ ဖလားကြီးကြီးနဲ့ ရေသန့်သန့်တစ်ခွက်ခပ်ခဲ့။ ငါ မျက်နှာသစ်မလို့ ရေလှူပါ”

“ဟုတ်ကဲ့ . . . ဟုတ်ကဲ့”

ဦးယုန်စိန်က ကျော်တင့်တို့ အိမ်ဘက်သို့ ပြန်လှည့်လာပြီး အသင့်တွေ့ရသော ရေဖလားအသစ်တစ်လုံးကို ယူသည်။ ထို့နောက် သောက်ရေအိုးထဲမှ ရေကို ဖလားခွက်ကြီးထဲသို့ ခပ်ထည့်သည်။ ပြီးလျှင် သူတော်စင်ကြီးဆီကို လျှောက်လှမ်းလာပြီး စေတနာ ထက်သန်စွာနှင့် လှူသည်။

သူတော်စင်ကြီးက သူကိုင်ထားသော ကြေးဝါဖလားကြီးနှင့် တောင်ဝှေးကို ဦးယုန်စိန်ထံသို့ လှမ်းပေးပြီး ဦးယုန်စိန်ဆီက ရေဖလားကို လှမ်းယူသည်။ နှုတ်မှ တဖွဖွနှင့် မေတ္တာပို့သသည်။

ထို့နောက် ရေခွက်ထဲက ရေကို သူ့လက်ခုပ်နှင့် ခပ်၍ သူ့မျက်နှာကိုသစ်သည်။ မျက်နှာသစ်သောရေကို မြေပြင်သို့ မကျအောင် ရေခွက်နှင့်ခံ၍ သစ်သည်။ ထို့ကြောင့် သူတော်စင်ကြီး မျက်နှာသစ်ရေတို့သည် သူကိုင်ထားသော ရေခွက်ထဲသို့ ပြန်ကျသည်။

“ရော့ ဒီရေနဲ့ နေမကောင်းဖြစ်နေတဲ့ ကျော်တင့်ရဲ့ ခေါင်းကနေပြီး တစ်ကိုယ်လုံး ရွှဲစိုအောင် လောင်းချလိုက်။ ပျောက်သွားလိမ့်မယ်။ သောက်လည်း သောက်လို့၊ ရအောင်တိုက် ကြားလား။ အင်း နင်လည်း ဒီလောက်ချမ်းသာနေတာ တော်ရောပေါ့။ နင့် အကုသိုလ်အလုပ်တွေ ရပ်လိုက်တော့။ သာသနာပြု အလုပ်တွေလုပ်တော့။ နင် အချိန် သိပ်မရှိတော့ဘူး။ ငါသွားမယ်။ ရော့ ဒီငှက်ပျောသီးကိုလည်း နေမကောင်းတဲ့လူကို ကျွေးလိုက်”

ပြောပြောဆိုဆိုနှင့် သူတော်စင်ကြီးက နေရာမှ ထွက်ခွာသွားလေသည်။ ဦးယုန်စိန်မှာ သူတစ်ခါမျှ မမြင်ဘူးသော သူတော်စင်ကြီးကို ငိုင်ကြည့်နေသည်။

လိပ်ခွေကျပ်ခဲနေသော ဆံပင်များ၊ ဖြူဖွေးသော မုတ်ဆိတ်မွေးများ၊ အဝါရောင် ပိတ်စိမ်းပါးအင်္ကျီ၊ အဝါရောင် လုံခြည်၊ မည်းပြောင်သောအသား၊ ဖိနပ်စီးမထားသည့် သန်စွမ်းသော ခြေထောက်များ၊ ကြေးဝါဖလားကြီး၊ တောင်ဝှေးနှင့် ဖိုးသူတော်ပုတီးကို လည်၌ဆွဲထားသော သူတော်စင်ကြီး။

ထူးဆန်းသည်မှာ ကျော်တင့် နေထိုင်မကောင်း ဖြစ်နေသည်ကို သူသိသည်။ မိမိအကြောင်းလည်း အူမချေးခါး သိနေပုံရ၏။ ထို့ကြောင့် အံ့ဩစိတ်နှင့် ရပ်ပြီး ငိုင်နေ၏။ သူတော်စင်ကြီးမှာ ကြေးဝါဖလားကြီးကိုင်၍ တောင်ဝှေးသံပေးပြီး လျှောက်လှမ်းသွားလေပြီ။ သူတော်စင်ကြီးက ဦးယုန်စိန်ကို လှည့်မကြည့်တော့။

“ကျန်းမာပါစေ၊ ချမ်းသာပါစေ”

ဟူသော အသံကိုသာ ကြားရ၏။ ထို့နောက်

“ဟေ့ ယုန်စိန် ငါပြောတာ လုပ်တော့လေ။ ဘာငိုင်နေတာလဲ”

ဟူသော အသံကို နားအနီးကပ်၍ အော်ပြောလိုက်သလိုပါကြားလိုက်ရသဖြင့် လန့်ဖျပ်သွားပြီး အိမ်ထဲသို့ ပြန်ဝင်ခဲ့ပါသည်။

“ကဲ ကျော်တင့်၊ မင်းကုသိုလ်ကံပဲ။ ခုနက သူတော်စင်ကြီးက ဒီရေကို မင်းခေါင်းကနေပြီး တစ်ကိုယ်လုံး စိုအောင် လောင်းချပေးလိုက်တဲ့”

ပြောပြောဆိုဆိုနှင့် ဦးယုန်စိန်က ထိုင်နေသော ကျော်တင့်၏ ဦးခေါင်းမှစ၍ လောင်းချလိုက်သည်။

ထို့ကြောင့် ကျော်တင့်တစ်ကိုယ်လုံး ရေတို့နှင့် စွဲစိုကုန်သည်။ ကျော်တင့်၏ အိပ်ရာများပါ စိုရွှဲကုန်သည်။ ထို့နောက် အနည်းငယ်ချန်ထားသောရေကို

“ပါးစပ်ဟ”

ဦးယုန်စိန်က ပြောသဖြင့် ကျော်တင့်က ပါးစပ်ဟပေးလိုက်သည်။ ထိုအခါ ဖလားထဲက ရေအကျန်ကို ကျော်တင့်ပါးစပ်ထဲသို့ လောင်းချလိုက်သည်၊

“အားပါးပါး … ရင်ထဲကို အေးသွားတာပဲ အစ်ကိုရာ”

“ရော့ ဒီငှက်ပျောသီးလည်း စားလိုက်ဦး။ ဒီအချိန်ကစပြီး မင်းရောဂါ သက်သာပျောက်ကင်းပြီလို့ မှတ်ပေတော့။ ကဲ တို့ပြန်မယ်။ လာ မြိုင် … ပြန်ကြစို့”

လင်မယားနှစ်ယောက် အိမ်သားများကို နှုတ်ဆက်ပြီး အိမ်ပေါ်မှ ဆင်းလာခဲ့ကြလေတော့သည်။ သူ့မျက်လုံးထဲ၌ သူတော်စင်ကြီး ရုပ်သွင်မှာ စွဲထင်၍ ကျန်ရစ်ခဲ့လေသည်။

“ဟို… ဟို သူတော်စင်ကြီး ကိုစိန်ကို ဘာတွေပြောတာလဲဟင်”

အိမ်အပြင်သို့ ရောက်သည်နှင့် ဒေါ်ကျင်မြိုင်က ဦးယုန်စိန်ကို မေးသည်။ ဦးယုန်စိန်ကလည်း သူတော်စင်ကြီး ပြောသမျှကို ဇနီးဖြစ်သူအား လုံးစေ့ပတ်စေ့ ပြန်လည်ပြောပြလိုက်လေသည်။

ထိုအချိန်မှစ၍ နောက်တစ်နေ့သို့ ရောက်သောအခါ ကျော်တင့် ကျောမှအနာမှာ လောက်တွေတဖွားဖွား ထွက်ကျလာသည်။ လောက်ကောင်တွေနှင့်အတူ ပြည်ပုပ်တွေပါ စီးကျလာသည်မှာ တစ်အိမ်လုံး ညှီနံ့တွေ ဟောင်နေတော့၏။ အနာမှာ တဖြည်းဖြည်းနှင့် သက်သာလာကာ နောက်ဆုံး၌ အသားသစ်များတက်၍ ပျောက်ကင်းချမ်းသာသွားတော့သည်။

ကျော်တင့်လည်း အနာပျောက်သည်နှင့် ဘုန်းကြီးဝတ်ချင်သည်ဆို၍ ယုန်စိန်တို့ကပင် ရဟန်းခံပေးလိုက်သည်။ ကတ္တားကျော်တင့်သည် သေသည်အထိ ပင် ဘုရားတရား အလုပ်လုပ်ရင်း ဘုန်းကြီးဘဝနှင့်ပင် အရိုးထုတ်သွားလေတော့၏။

ဦးယုန်စိန်တို့ ဇနီးမောင်နှံမှာလည်း ဝက်ကုန်စည်း လုပ်ငန်းကို ဆက်မလုပ်ဘဲ ရပ်တန့်လိုက်သည်။ ဘာသာ သာသနာအကျိုးပြုလုပ်ငန်းများကို လုပ်ရင်း လှူရင်းတန်းရင်းနှင့် အသက်ထက်ဆုံး နေထိုင်သွားခဲ့ကြလေသည်။

ဦးယုန်စိန် အလုပ်ရပ်နားသောအခါ သူ့အလုပ်သမားတွေကို သင်္ကန်းစည်းပေးသည်။ သူက ပစ္စည်းလေးပါး တာဝန်ယူသည်။

သူတို့အထဲ၌ ကတ္တားကျော်တင့် တစ်ဦးသာ ရဟန်းဝတ်နှင့်မြဲပြီး ကျန်ပုဂ္ဂိုလ်များကိုမူ လူထွက်သည်နှင့် အရင်းအနှီးထုတ်ပေးပြီး အခြား တတ်နိုင်သမျှ အရောင်းအဝယ်လုပ်ငန်းများကို လုပ်ကိုင်စေသည်။ အချို့လည်း ကြီးပွားသူ ကြီးပွားကြ၏။

ဆင်မလိုက်က ဝက်သတ်ရုံကို ဖျက်သိမ်း၍ ရွာသာကြီးသို့ ရောက်သွားသောအခါ ဂွတိုတို့လည်း အသက်အရွယ်အရ လည်းကောင်း၊ လုပ်ငန်းကလည်း အလှမ်းဝေးသွားသဖြင့် အခြားအလုပ်များ ပြောင်းလဲလုပ်ကိုင်၍ စီးပွားလမ်း ဖြောင့်နေလေသည်။

ယခုအခါ သူဌေးဦးယုန်စိန်၊ ဒေါ် ကျင်မြိုင်တို့၏သားများ ဖြစ်ကြသော ကိုကျင်အေး၊ ကိုမြင့်စိုး၊ ကိုဂျပန်ကြီးနှင့် ကိုကျော်မြင့်တို့သည် ဆင်မလိုက် လမ်းမ ကြီးဘေးက တိုက်အိမ်ခြံဝင်းထဲ၌ စည်းစည်းလုံးလုံး နေထိုင်ရင်း ဘတ်(စ်)ကားများထောင်၍ စီးပွားဥစ္စာများ ဖြစ်ထွန်းလျက် ရှိပါသည်။

မိသားစုညီအစ်ကိုမောင်နှမများ၏ စီးပွားရေးလုပ်ငန်းများကို ပညာတတ်ပြီး သွက်လက်ချက်ချာသော ကိုမြင့်စိုးက ဆောင်လျက်ရှိကြောင်း သိရှိရပါသည်။

ထောက်ကျူး – ဝက်သတ်သမား

(တရုတ်အခေါ်)

မှတ်ချက်

ဤဝတ္ထုဖြင့် ဆင်မလိုက် အုန်းတောရပ်ကွက်၌ အမှန်တကယ်ရှိခဲ့သော သူဌေး ဦးယုန်စိန်နှင့် ဒေါ်ကျင်မြိုင်တို့အား ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

– ပြီး –

စာရေးသူ – ပြည်ပန်းမိုး
စာစီစာရိုက် – မုဆိုးတံငါစာပေများ

Leave a Reply

Your email address will not be published. Required fields are marked *