————————————-
ကျွန်မို အလုပ်တစ်ခုလောက်လိုချင်ပါတယ်။
ကျွန်မကို အလုပ်တစ်ခုလောက်ပေးကြပါလားရှင်။
“ကျွန်မ မောင်ရှိတဲ့ဂျပန်ပြည်ကို လိုက်သွားဖို့အတွက် ပိုက်ဆံလိုနေလို့ပါနော်”
“မုန်းတယ် မုန်းတယ်”
“မောင်နဲ့ကျွန်မကို တစ်နေရာဆီဝေးသွားအောင် လုပ်ပြစ်ခဲ့တဲ့ မောင့်ရဲ့မိဘတွေကို စိုးမာ မုန်းတယ်”
“မမ စိုးမာကို ဒီကနေ ခေါ်သွားပေးပါ
စိုးမာဒီမှာမနေချင်ဘူးမမရယ်”
ကျွန်မလက်ကို အားကိုးတကြီးကိုင်ထားရင်းကနေ လက်အုပ်ကလေး ချီကာတောင်းပန်သလို ပြောနေတဲ့ သူ့မျက်နှာကလေးကိုကြည့်ရင်း ကျွန်မရင်ထဲ စိတ်မကောင်းခြင်းများစွာ ဖြစ်နေမိပါတယ်။
ဒီနေရာမှာ သူ့ကိုထားခဲ့မိတဲ့ကျွန်မ မှားများသွားခဲ့သလားလို့လည်း ထင်နေမိပါတယ်။
သူ့ဆံပင်လေးကို ကျွန်မဖြီးသင်ပေးနေရင်းက
“မမပြန်ခေါ်ပါ့မယ်စိုးမာရယ်
မမနဲ့ပြန်လိုက်ချင်ရင် စိုးမာ ကျန်းမာရေးကောင်းအောင် အရင်လုပ်ရမယ်လေ
ဆေးလည်းမှန်မှန်သောက်ပြီး ကျွေးတဲ့အစားကိုလဲ အချိန်မှန်စားမှဖြစ်မှာပေါ့ စိုးမာရဲ့”
ကျွန်မကို မျက်လုံးဝိုင်းကြီးနေတဲ့ စိုက်ကြည့်နေတဲ့စိုးမာရဲ့ မျက်လုံးအိမ်ထဲမှာ မျက်ရည်တွေဝိုင်းနေပါတယ်။
မမက ဒီလိုပဲပြောပီး စိုးမာကို ထားခဲ့အုန်းမှာပဲမဟုတ်လားဆိုတဲ့အကြည့်နဲ့ပါ။
တစ်ခေါက်လာတိုင်း ပိန်ပြီးမျက်နှာကပိုပိုချောင်ကျသွားတဲ့သူမျက်နှာကလေးဟာ ဟိုးအရင် ကျွန်မနဲ့ စတွေ့ခဲ့တဲ့ ငါးနှစ်တုန်းက ပြည့်ပြည့်ဖြိုးဖြိုးမျက်နှာကလေးကို ပြန်မြင်ယောင်လာမိပါတယ်။
************
ဧရာဝတီတိုင်း ဟင်္သတမြို့နားက ရွာကြီးတစ်ရွာမှာမွေးဖွားခဲ့တဲ့
စိုးစိုးမာဆိုတဲ့ တက္ကသိုလ်ကျောင်းသူလေးတစ်ယောက်ဟာ ဟင်္သတာကောလိပ်မှာကျောင်းတက်ရင်းက ချစ်သူတစ်ယောက်ရခဲ့ပါတယ်။
စိုးမာကတစ်ဦးတည်းသောသမီးလေးဖြစ်တဲ့အပြင် မိဘများကလည်း အတန်အသင့်နေနိုင်စားနိုင်သူတွေဖြစ်တာကြောင့် စိုးမာဟာ အလိုလိုက်ခံထားရတဲ့သမီးကလေးပါ။
ချစ်သူနှစ်ဦးဟာ ကျောင်းပြီးလို့ဘွဲ့ယူအပြီးမှာပဲ မခွဲနိုင်တော့တာကြောင့် ကျန်တာတွေဘာမှမစဥ်းစားပဲ လက်ထပ်ယူလိုက်ကြပါတယ်။
အလုပ်မရှိတဲ့ လင်မယားနှစ်ယောက်အတွက် ရှေ့ရေးကို မျှောတွေးပြီး စိုးမာရဲ့ယောက္ခမများက သူတို့သားကို ဂျပန်မှာ အလုပ်သွားလုပ်လို့ရအောင် ဆောင်ရွက်ကြပါတော့တယ်။
“စိုးမာလည်း ဂျပန်ကိုလိုက်ချင်တယ်မောင်”
“ဘယ်လိုက်လို့ဖြစ်အုန်းမလဲစိုးမာရယ် ၊ မောင်တစ်ယောက်ထဲဂျပန်ကို သွားဘို့တောင် သိန်းငါးဆယ်လောက်ကုန်မှာဆိုတော့ အဖေတို့အမေတို့ကနှစ်ယောက်စာ ဘယ်တတ်နိုင်မှာလဲကွာ”
“အို..မရဘူး စိုးမာကတော့ မောင်နဲ့မခွဲနိုင်ဘူး လိုက်မှာပဲ၊ မောင့်မိဘတွေ မတတ်နိုင်လဲ စိုးမာမိဘတွေကိုပို့ခိုင်းမယ်”
မယူခင်တုန်းက အိမ်ထောင်ပြုလိုက်ရင် မောင်နဲ့မခွဲမခွာ အတူနေရတော့မယ်ဆိုတဲ့အပျော်တွေက အိမ်ထောင်သည်ဘဝမှာ ထင်သလိုဖြစ်မလာခဲ့တာကို စိုးမာစိတ်ပျက်တယ်။
အလိုလိုက်အချစ်ခံထားရတဲ့တစ်ဦးတည်းသမီးပီပီ စိုးမာဖြစ်ချင်တာကိုပဲ သိတာမို့ အမေ့ကို ဂျပန်လိုက်သွားမှာမို့ ပိုက်ဆံထုတ်ပေးဖို့ ပြောလိုက်မိပါတယ်။
“သမီးရယ် အမေတို့မှာ ချောင်လည်တယ်ဆိုတာက ဒီစျေးဆိုင်ကလေးဖွင့်ထားနိုင်တာတစ်ခုပဲ၊ ငွေပိုငွေလျှံမှ မရှိတာကွယ် အဲဒီလောက်ကြီးတော့ အမေတို့ ဘယ်တတ်နိုင်ပါ့မလဲ”
အမေတို့ကို ပြောကြည့်တော့လဲ အဆင်မပြေတာမို့ စိုးမာ မောင့်မိဘတွေကိုသာ မကျေမနပ်ဖြစ်နေမိပါတယ်။
“စိုးမာကလည်း မောင်ဟိုမှာအလုပ်ရရင် အဆင်ပြေပီလေ မောင့်မိဘတွေစိုက်ထုတ်ပေးထားတဲ့ ငွေရင်းကျေရင် စိုးမာလာလို့ရအောင် မောင်ပို့ပေးမှာပေါ့”
” တကယ်နော်… အင်းလေ ဘယ်တတ်နိုင်မလဲ စိုးမာ မောင့်ကိုမခွဲချင်ပေမဲ့ မောင့်မိဘတွေစီမံတာကို မောင်ကလည်း မငြင်းပဲ သွားချင်နေတာမဟုတ်လား”
“မောင်တို့လိုရိုးရိုးဘွဲ့တစ်ခုနဲ့ အချိန်တိုအတွင်းမှာ အလုပ်အကိုင်တစ်ခုရဖို့ မလွယ်သလို လစာကောင်းကောင်းလည်းမရနိုင်ဘူးလေ”
” မောင့်မိဘတွေက မောင်နဲ့စိုးမာရှေ့ရေးအတွက် ပို့ပေးတာကို အပြစ်မတင်ပါနဲ့ ”
ဒီလိုနဲ့ ဂျပန်မှာမောင်အလုပ်သွားလုပ်နေတုန်းမှာ စိုးမာမိဘတွေနဲ့သာပြန်နေခဲ့ပါတယ်။
စိုးမာကို သိပ်အလိုမကျတဲ့ယောက္ခမတွေနဲ့လဲ စိုးမာကအတူမနေချင်ခဲ့ဘူး။
ဒါပေမဲ့ တဇွတ်ထိုးဆန်တတ်တဲ့စိုးမာဟာ မောင်နဲ့အမြန်နီးရအောင် ရန်ကုန်မှာအလုပ်သွားလုပ်မယ်ဆိုပြီးထွက်သွားခဲ့ပါတော့တယ်။
အပိုင်း ၂
မောင့်ဆီကိုလိုက်သွားချင်ခဲတဲ့စိတ်နဲ့ စိုးမာ ရန်ကုန်ကို အလုပ်လုပ်ဖို့ တက်လာခဲ့မိတယ်။
အဆောင်တစ်ခုမှာ ငှားနေရင်းက စိုးမာအလုပ်လိုက်ရှာခဲ့တယ်။အဆင်ပြေလိုက်မပြေလိုက်နဲ့ ရန်ကုန်လူနေမှု အသိုင်းအဝန်းမှာ အသားမကျနိုင်ဘူးဖြစ်နေခဲ့ပါတယ်။
နယ်မှာပဲအနေများခဲ့တဲ့ စိုးမာ သာမာန် ဘွဲ့တစ်ခုလောက်နဲ့ အလုပ်အကိုင်ကောင်းကောင်း ရဘို့ဆိုတာမလွယ်ဘူးဆိုတာ မောင်ပြောခဲ့သလိုပါပဲ။
အင်တာဗျူး ဖြေကြတဲ့အခါ ကိုယ့်ထက်အရည်အချင်းပြည့်မှီသူတွေ၊ ဒီပလိုမာဘွဲ့လက်မှတ်တွေ၊ အင်္ဂလိပ်စကား၊တရုတ်စကားပြောနဲ့အြခါးဘာသာစကားသင်တန်းတက်ထားသူတွေကြားမှာ စိုးမာလို ဘွဲ့လက်မှတ်တစ်ခုနဲ့လာလျှောက်သူက မျှော်သာမျှော် ဘယ်တော့မှ အခေါ်မခံရပါဘူး။
မောင်ကတော့ ဟင်္သာတကိုပဲပြန်နေဖို့ပြောတယ်။မိဘတွေကိုလဲ ဂျပန်ပို့ထားတဲ့စားရိတ်ကျေပြီးရင်
စိုးမာကိုပါ ပို့ပေးမှာမို့ ဘာမှမလုပ်တော့ဘို့ပြောပေမယ့် စိုးမာ ရန်ကုန်မှာနေရတာ ပိုကြိုက်တယ်။
အဆောင်မှာ စိုးမာလို နယ်ကနေအလုပ်လာလုပ်နေတဲ့သူတွေအများကြီးပဲ။
ဘဝတွေကလည်းအစုံမို့ စိုးမာ ရန်ကုန်ဆိုတဲ့တိုးတက်စည်ကားလှတဲ့မြို့ကြီးမှာ အလုပ်တစ်ခုရအောင်လုပ်ရင်း မောင်နောက်ကိုလိုက်မယ်လို့ပဲ ဆုံးဖြတ်ထားတယ်။
အလုပ်အကိုင်မယ်မယ်ရရ ရမလာသေးတဲ့စိုးမာဟာ မောင်ပို့ပေးတဲ့ပိုက်ဆံကို စုဖို့ထက် ရန်ကုန်မြို့ပြရဲ့စတိုင်တွေအပြည်နဲ့နေနိုင်စားနိုင်ဘို့ကိုသာ ဦးစားပေးလာမိတယ်။
အဆောင်မှာ သူနဲ့ပေါင်းမိတွဲမိတဲ့သူငယ်ချင်းတွေကလည်း ဘယ်ကဘယ်လို အလုပ်အကိုင်ကောင်းတယ်မသိပေမယ့် ငွေကိုရေလိုသုံးနိုင်ကြတယ်။
စိတ်အလိုလိုက်နေမိတဲ့စိုးမာဟာ ဂျပန်ကမောင့်နောက်ကိုလိုက်မယ်ဆိုတဲ့ စိတ်ကူးဟာ နောက်မှယရောက်သွားခဲ့ပြီး
မောင်ပို့ပေးတဲ့ပိုက်ဆံနဲ့ သုံးနေရတာပိုပျော်လာတယ်။
သူ့ကိုလည်း သူငယ်ချင်းတွေက အထင်ကြီးကြတယ်လေ။
စိုးမာ အလုပ်အကိုင်မရှာတော့ပဲ အပျော်ပဲရှာတော့တယ်။ ငွေရလွယ်တဲ့လောင်းကစားတွေလုပ်တတ်လာတယ်။ ရရင်သုံးမယ်ဖြုံးမယ်၊ရှုံးရင်လည်းမပူရဘူးလေ။
စိုးမာရဲ့မောင်က ပိုက်ဆံတွေပို့ပေးနေတာပဲနော်။
စိုးမာတစ်ယောက် ရန်ကုန်မှာပျော်နေပေမယ့် သူ့အမေစိတ်ဆင်းရဲနေတာကို မသိရှာဘူး။
စိုးမာအဖေက သူ့အမေ့ကိုပြစ်ပြီး နောက်မိန်းမငယ်ငယ်လေးယူသွားခဲ့တယ်။
စိုးမာ ကလဲစိတ်အလိုလိုက်တတ်သူမို့ အပေါင်းအသင်းတွေနဲ့ ကလပ်တက်လိုက် ၊ပို့သမျှသုံးဖြုန်းနေတာတွေကို သူ့ယောင်္ကျားကသိသွားခဲ့တာမို့ စိုးမာဆီကို ပိုက်ဆံမပို့ပေးတော့ပဲ ရပ်လိုက်တယ်။
ဒါကို စိုးမာမကျေနပ်ဘူး။
” စိုးမာကို ပိုက်ဆံမပို့ပဲ မောင့်မိဘတွေဆီကိုပဲပို့နေတာ ဘာသဘောလဲ”
” ငယတို့ဘဝရှေ့ရေးအတွက် စုရဆောင်းရအောင် ငါအားလုံးနဲ့ခွဲပြီးဂျပန်မှယ အလုပ်လုပ်နေတာ မင်းကရှာသမျှထိုင်ဖြုန်းနေတာပဲ”
“ငါ အပင်ပန်းခံရှာနေတာ ငါ့မိဘက ငါတို့အတွက်စုပေးထားတယ် အခု မင်းမှာဘယ်လောက်စုမိလဲ”
“ဒါကတော့ စိုးမာလည်း မောင့်နောက်ကိုလိုက်ချင်လို့ အလုပ်ရှာနေခဲ့တာ ရမှမရတာပဲ”
” မင်းလိုချင်တဲ့အလုပ်မျိုးက ကြိုးစားအားထုတ်မှု မရှိပဲ အပျော်မက်နေလို့က ဘယ်တော့မှ ရလာမှာမဟုတ်ဘူး အဲဒီတော့ ငါတစ်ခွန်းပဲပြောမယ် မင်းဟင်္သာတကိုပြန်နေလိုက်”
ဖုန်းထဲမှာတင် အခြေအတင်စကားများနေကြရင်းက မောင့်ဘက်က ဖုန်းချသွားခဲ့တယ်။
မောင့်မိဘတွေက တိုင်တာဖြစ်မှာပဲဆိုပြီး သူ့မိဘတွေကိုလည်းပိုပြီးစိတ်ဆိုးမိတယ်။
သူ့သားနဲ့ငါနဲ့ မပေါင်းရအောင် တမင်သက်သက်ခွဲခဲ့တာ။ မပြန်ဘူး စိုးမာ အလုပ်အကိုင်ကောင်းကောင်းရမှ ပြန်မယ်။
အဲဒီကစပြီး မောင်က စိုးမာကို အဆက်အသွယ်ပါဖြတ်လိုက်ပါတော့တယ်။
အဲလိုဖြတ်တာနဲ့ပဲ မောင်နဲ့ကျွန်မ လင်မယားအဖြစ်ကနေ ပြတ်စဲရတော့မှာလားမောင်။
အပိုင်း ၃
ရန်ကုန်မှာ ငွေမရှိပဲနဲ့ ရပ်တည်နေနိုင်ဘို့ဆိုတာ တာရှည်ကျမရတော့တဲ့ စိုးမာတစ်ယောက် ကြုံရာအလုပ်ကျတော့လည်း လက်ကြောတင်းအောင် မလုပ်ချင်ခဲ့ပါဘူး။
ငွေကို စိတ်ရှိသလိုသုံးနိုင်ခဲ့ရာကနေ ရုတ်တရက် ငွေပြတ်သွားခဲ့တာမို့ လက်ထဲမှာလည်း စုထားတာဘာမှမရှိခဲ့ပါဘူး။ အချိန်တန် မောင်ကငွေပို့ပေးနေတာပဲဆိုပြီးနေခဲ့တဲ့စိုးမာကို အဆောင်က အတူတွဲခဲ့တဲ့သူတွေကလည်း အလွန်ဆုံးကျွေးနိုင်တစ်လ လောက်ပဲဆိုတော့ စိုးမာ အမေ့ဆီပြန်ပြီး ငွေအရင်းအနှီးတောင်းကြည့်အုန်းမယ်ဆိုပြီး ဟင်္သာတကို ပြန်လာခဲ့ပါတယ်။
ရွာကိုပြန်ရောက်တော့မှ အခြေအနေအကြောင်းစုံကို သိလိုက်ရပေမယ့် နောက်ကျသွားခဲ့ပါပြီ။
အဖေ့အတွက် စိတ်ဒါဏ်ရာများနေခဲ့တဲ့အမေဟာ စိုးမေလိုပဲ စိတ်ပျော့သူတစ်ယောက်မို့ အမေဟာ အိမ်ရဲ့စီးပွားရေးကိုမလုပ်တတ်မကိုင်တတ်နဲ့ အကြွေးတွေပတ်ချာလည်ဝိုင်းပြီး အိမ်ကိုပါ အကြွေးနဲ့အသိမ်းခံလိုက်ရလို့ သူများအိမ် ကပ်နေရတဲ့အဖြစ်တောင်ရောက်နေခဲ့ပါပြီ။
စိုးမာကလည်း မိဘကိုဒီလောက်ကြီးအထိဖြစ်သွားလိမ့်မယ် မထင်ထားမိပဲပြစ်ထားခဲ့မိတာ နောင်တတွေရနေမိပါတယ်။
” အမေ ဘာမှ မပူနဲ့ အမေ့ကိုသမီးလုပ်ကျွေးမယ်နော် တရွာမပြောင်းသူကောင်းမဖြစ်တဲ့အမေရဲ့
သမီးတို့ဒီမှာမနေပဲ ဟိုး အထက်ဘက်ကိုသွားကြမယ်”
အမေနဲ့သမီးနှစ်ယောက်တည်းသာ ရှိတော့တဲ့ဘဝမှာ ဘွဲ့တစ်ခုရထားတဲ့သမီးစိုးမာ အားကိုးနဲ့ သားအမိနှစ်ယောက် ရှိတာလေးဆွဲပြီး မန္တလေး ပြင်ဦးလွင်ဘက်ကို အလုပ်ရှာဘို့ထွက်ခဲ့ပါတော့တယ်။
ရန်ကုန်ကတော့ စိုးမာနေခဲ့ဘူးသွားပြီမို့ ရန်ကုန်ကိုမသွားချင်တော့ပဲ မန္တလေးမှာပိုအဆင်ပြေမလားတွေးမိပြီးသွားခဲ့တာပါ။
ပိုက်ဆံကလည်းမရှိတာမို့ ဘုန်းကြီးကျောင်းကဆွမ်းကျန်ဟင်းကျန်တောင်းစား၊ သီလရှင်ဇရပ်တွေမှာမှီခိုနေထိုင်ရင်းက စိုးမာ ဟာ အလုပ်ရှာနေခဲ့ပါတယ်။
သူလိုချင်တာက ရုံးခန်းမှာအကျအနနဲ့လုပ်လို့ရတဲ့အတွင်းရေးမှူးမလေး၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းလို လှလှပပမျိုးလေး လုပ်ချင်ခဲ့တာပေမယ့် စျေးရောင်းအကူတို့ အိမ်ဖော်လို အလုပ်မျိုးကပဲရှာလို့ရတယ်။
စိုးမာကိုများ အထင်သေးလိုက်တာ။
ဒီက မောင်နဲ့စိတ်ကောက်နေလို့သာ ဒီအခြေအနေဖြစ်နေတာ။ မောင်သာ ဂျပန်ကနေ စိုးမာကိုလှန်းခေါ်ရင် အဆင်ပြေပြေဘဝမျိုး နေရတော့မှာ။
ဒီလိုနဲ့ အမေနဲ့စိုးမာ ရဲ့ စိတ်အခြေအနေကို ရိပ်မိကြတဲ့ သီလရှင်ဆရာကြီးနဲ့ ဒကာမတွေက သူတို့သားအမိကို ပြင်ဦးလွင် ပြင်စာရွာမှာရှိတဲ့ သဘာဝရိပ်သာတစ်ခုမှာ အေးအေးနေထိုင်ရင်း ရိပ်သာရဲ့ဝေယျာဝစ္စလုပ်ကိုင်ပေးပြီးနေရေးစားရေးအဆင်ပြေအောင် ပို့ဆောင်ပေးခဲ့ကြပါတယ်။
စိုးမာတို့သားအမိ သဘာဝရိပ်သာမှာခိုလှုံခွင့်ရခဲ့တာကို စိုးမာရဲ့အမေကတော့ သဘောတွေကျနေခဲ့ပေမယ့် စိုးမာကတော့ ဘဝကို ဒီလိုကြီးမဖြတ်သန်းချင်ဘူးလေ။
စိုးမာက ပညာတတ်တယ်၊ အရွယ်ကလည်းငယ်သေးတယ်၊ အလုပ်အကိုင်ကောင်းကောင်း တစ်ခုသာရရင် စိုးမာ အဆင်ပြေပီလေ ။
ကောင်းကောင်းနေ ကောင်းကောင်းစားပြီး တစ်ဦးတည်းသောသမီးအဖြစ် အလိုလိုက်ခံခဲ့ရတဲ့ ဘဝမျိုးကိုဖြတ်သန်းခဲ့ဘူးတဲ့စိုးမာဟာ လောကဒဏ်ရဲ့ ရိုက်ချက်တွေကို စိတ်က လက်မခံနိုင်ခဲ့ဘူး။
စိုးမာရဲ့စိတ်ဟာ အဲဒီကတည်းက မသိမသာလွတ်နေခဲ့တာ သူကတော့ဘယ်သိပါ့မလဲ။
စိုးမာ ရိပ်သာမှာမနေနိုင်ပဲ မန္တလေးကို အလုပ်ရှာမယ်ဆိုပြီး ထွက်သွားခဲ့တာ စိုးမာလိုချင်တဲ့အလုပ်ကလဲ ရှာရခက်လိုက်တာနော်။
ရိပ်သာကို ဝင်ချည်ထွက်ချည်လုပ်နေမိတဲ့စိုးမာကို ရိပ်သာက လက်မခံတော့ပါဘူး။
“အမေ့အတွက် တစ်နေရာစာတော့ စိတ်ချရတဲ့နေရာမို့ စိုးမာ အမေ့ကိုဒီမှာခဏထားခဲ့မယ်
စိုးမာ အလုပ်ရရင် ပြန်လာခေါ်မယ်နော်”
စိုးမာရဲ့ နှစ်သိမ့်စကားကို အမေကခေါင်းငြိမ့်ပြလိုက်ပေမယ့် သမီးကိုတော့ စိတ်မချဖြစ်မိတယ်။
ဒီလိုနဲ့ စိုးမာရဲ့ တတိယခြေလှမ်းအဖြစ် တောင်ကြီးမြို့ကို ထွက်လာခဲ့လိုက်ပါတယ်။
တောင်ကြီးဆိုတာ ပြင်ဦးလွင်ပြီးရင် နေချင်စရာအကောင်းဆုံးမြို့ဆိုတာ စိုးမာစာတွေဖတ်ပြီးသိနေခဲ့တာလေ။
စိုးမာရဲ့ လက်ထဲမှာတော့ အလုပ်အကိုင် အခွင့်အလမ်းရှာဖွေပေးတဲ့ ဂျာနယ်တစ်ခုကို ဆုပ်ကိုင်ထားခဲ့တယ်။
အပိုင်း ၄
စိုးမာကို ပထမဆုံးစတွေ့ခဲ့တဲ့မျက်နှာလေးကို ပြန်မြင်မိရင်း လွန်ခဲ့တဲ့ငါးနှစ်ဆီပြန်ရောက်သွားခဲ့တဲ့ကျွန်မရဲ့အတွေးများဟာ ဆက်ပြီးပျံ့လွင့်သွားခဲ့ပါတယ်။
ခိုလှုံရာဆိုတဲ့ ပရဟိတအလုပ်ကိုနိုင်သလောက်လုပ်နေတဲ့ကျွန်မဆီကို တောင်ကြီးမြို့က ပရဟိတ အဖွဲ့တစ်ဖွဲ့က အကြောင်းကြားတာကြောင့် ဟင်္သာတသူလေးစိုးမာကို သွားခေါ်ဖို့ရာ အကြောင်းဖန်လာခဲ့ပါတယ်။
အိမ်မဲ့ယာမဲ့ လမ်းဘေးတစ်နေရာက မိန်းကလေးတစ်ယောက်ကို ဘယ်သူကများ အတည်တကျ အလုပ်အကိုင်မျိုးပေးရဲပါ့မလဲ။
စိတ်ဝေဒနာသည်လေးဖြစ်နေတဲ့ စိုးမာကတော့ ဒါတွေကိုဘယ်သိမလည်း။
ကျွန်မသူနဲ့စကားပြောရင်း သူ့ကို အလုပ်တစ်ခုပေးမယ်ပြောပြီးမှ ဟင်္သာတကို ပြန်ခေါ်လာတော့ သူက သိပ်မလိုက်ချင်ခဲ့ပါဘူး။
“စိုးမာက အေးတဲ့နေရာပဲနေချင်တယ်
ပူရင်စိုးမာနေလို့မရဘူးမမ”
စိုးမာ မောင့်နောက်ကိုလိုက်မလို့ ပိုက်ဆံ ရှာချင်လို့နော် မမခေါ်တဲ့နောက်မလိုက်တော့ဘူး
စိုးမာ ကားပေါ်ကဆင်းပြေးလို့ ကျွန်မတို့မှာ မနည်းချော့မော့ ခေါ်ခဲ့ရပါတယ်။
စိုးမာ ရိပ်သာကိုရောက်လာခဲ့ပါပြီ။
မမရေ စိုးမာကိုထမင်းကျွေးလို့မရဘူးဆိုတာနဲ့ ကျွန်မသွားတော့
“စိုးမာ ဝိတ်ချနေတာမမ ထမင်းစားရင်ဝိတ်တက်မှာစိုးလို့ပါ”
အချိုရည်နဲ့ မုန့်ပဲစားမယ်နော်”
“အမေ့ကို ခေါ်ပေးပါလားမမရယ် စိုးမာ အမေနဲ့အတူနေချင်လို့ပါ ”
စိုးမာဟာ စိတ်ဝေဒနာခံစားနေရပေမယ့် အမေကိုတော့ သူသတိရနေရှာပါတယ်။
မုန့်ပေးတိုင်းလည်းအမေ့အတွက်တစ်ခုလောက်ဆို ယူပြီးသိမ်းထားတတ်ပါသေးတယ်။
ဒါပေမယ့် စိုးမာဟာ ရိပ်သာမှာအတူနေတဲ့
တစ်ယောက်နဲ့အအေးဘူးလုရင်း အချွန်နဲ့ထိုးပစ်လိုက်တဲ့အထိ သူ့စိတ်ကြမ်းလာတာကြောင့် ရိပ်သာမှာထားလို့မရတော့ပဲ စိတ်ကျန်းမာရေးဆေးရုံကို ပို့ထားလိုက်ရပါတော့တယ်။
စိုးမာက ကျွန်မနဲ့ပြန်လိုက်ချင်တယ်ပြောနေပေမယ့်
သူ့အခြေအနေက သိပ်တိုးတက်ပုံမရတာမို့ ကျွန်မ ဆေးရုံမှာပဲ သူ့အတွက်ခြောက်လစာ စားစရိတ်ကိုဆက်ပေးပြီး နေခိုင်းလိုက်မိတာ ကျွန်မ မှားများသွားလေသလားရယ်လို့ စိတ်မကောင်းဖြစ်ခဲ့ရတာကတော့
မိုးကုတ်မှာရောက်နေတဲ့ စိတ်ဝေဒနာသည် အမျိုးသမီးတစ်ယောက်ဆိုပြီး လိုင်းပေါ်မှာ တင်ထားတာ စိုးမာဖြစ်နေတာတွေ့လိုက်ရလို့ပါ။
ဆေးရုံက ဘယ်လိုဆင်းခွင့်ပြုလိုက်တာလည်း၊ ထွက်ပြေးသွားတာလားဆိုတာ သေချာမသိပေမယ့် ကျွန်မရင်ထဲမကောင်းတာနဲ့ စိုးမာကို ပြန်ခေါ်ဖို့ မိုးကုတ်ကိုလိုက်သွားခဲ့ပါတော့တယ်။
သူ့ကိုတွေ့လိုက်တဲ့အချိန်မှာ သူကျွန်မကိုမှတ်မိပါတယ်။ ဗိုက်မှာလည်း ခွဲစိတ်ခံထားရတဲ့ ချုပ်ရိုးရာကြီးတစ်ခုနဲ့လေ။
” ဘယ်လိုဖြစ်တာလဲ စိုးမာရယ်”
” မမလာခေါ်မှာကို ဘာလို့မစောင့်ရတာလဲ”
ကျွန်မ ဘယ်သူ့ကိုအပြစ်တင်ရမလည်း
ဘာမှကို အကြောင်းမကြားတဲ့သူတွေကိုပဲ အပြစ်တင်ရမလား၊ စိုးမာကိုပဲ အပြစ်တင်ရမလား၊ ကျွန်မကိုယ်ကိုပဲ အပြစ်တင်ရတော့မှာလား။
စိုးမာဟာ အရင်ကပုံနဲ့ လုံးဝမတူတော့တဲ့သူတစ်ယောက်ဖြစ်နေခဲ့ပါပြီ။
စိုးမာကို မောင့်ဆီခေါ်သွားပေးမယ်ဆိုပြီး ညာခေါ်သွားတဲ့ ဦးလေးကြီးဆီမှာပဲ အစာအိမ်ရောဂါကြောင့် ဗိုက်ခွဲလိုက်ရတယ်ပြောပါတယ်။
“အင်း..မမကိုဆက်ပြောပြပါအုန်းစိုးမာ
အဲဒီကနေ ဘယ်လိုလုပ်ပြီး မိုးကုတ်ကိုရောက်နေတာလဲဆိုတာ”
စိုးမာက သူမှတ်မိသလောက် ပြောပြနေတာကို နားထောင်နေရင်းက ကျွန်မ ရင်တွေစို့တက်နေမိပါတယ်
“စိုးမာလေ အဲဒီဦးလေးကြီးဆီကနေ မောင့်နောက်ကိုလိုက်ဖို့ ထွက်ပြေးခဲ့တယ်
ပြီးတော့ မူဆယ်ဘက်မှာ တက်ပြီးပိုက်ဆံရှာမယ်ဆို မူဆယ်ကိုရောက်သွားခဲ့ပါတယ်”
***********
စိုးမာ ဂျာနယ်တွေဖတ်ကြည့်တော့ မူဆယ်ကနေတဆင့် တရုတ်ပြည်ဘက်မှာ အလုပ်သွားလုပ်ရင် ပိုက်ဆံများများရှာလိုရတယ်ဆိုတာနဲ့
မူဆယ်ကိုသွားခဲ့လိုက်ပါတယ်။
ဟိုရောက်တော့ မြန်မာတို့ရဲ့ အားကိုးရာခိုနားရာဖြစ်တဲ့ ဘုန်းကြီးကျောင်းမှာတည်းမယ်ဆိုပြီး ဘုန်းကြီးကျောင်းလိုက်ရှာနေရင်းက
ဆိုင်ကယ်တစ်စီးနဲ့လူတစ်ယောက်ကနေ
“ညီမလေး ဘယ်ကိုသွားမလို့လဲ”
မူဆယ်ကိုသွားမလိုပါ…ဒါပေမယ့် လောလောဆယ် တည်းခိုဘို့ ဘုန်းကြီးကျောင်းလိုက်ရှာနေတာရှင့်”
“ဘယ်သူမှမပါဘူးလား…ဒါဆို အကိုဆိုငျကယျဲ့လိုကျပို့ပေးမယျ တက်”
စိုးမာ ဝမ်းသာမိရင်း သူ့ဆိုင်ကယ်နောက်ကလိုက်သွားမိတာ လမ်းက တောခြုံတစ်ခုထဲ စိုးမာကို ဆွဲခေါ်သွားခဲ့တယ်။
စိုးမာက အတင်းရုန်းကန်ရင်း ထွက်ပြေးမယ်လုပ်တာ စိုးမာကို လက်သီးတွေနဲ့ပိတ်ထိုးတော့တာပါပဲ။
နာကျင်ခြင်းဝေဒနာတွေနဲ့ စိုးမာမလှုပ်နိုင်တော့ သားမယားအဖြစ် အကြိမ်များစွာပြုခဲ့ပြီး စိုးမာကို ပြစ်ထားခဲ့ပါတော့တယ်။
စိုးမာ အဲဒီကစ ဘာကိုမှသိပ်မမှတ်မိတော့ပဲ
ရောက်ချင်တဲ့နေရာရောက် လျှောက်သွားနေမိပါတော့တယ်။
စိုးမာရဲ့ အသိစိတ်ထဲမှာ တစ်ခုပဲရှိတယ်။
ဂျပန်မှာ ရှိတဲ့မောင့်နောက်ကို လိုက်ဖို့ ပိုက်ဆံရှာရမယ်။
အဲဒီမှာ ပိုက်ဆံပေးမယ်ဆိုပြီး စိုးမာကို ခေါ်ခေါ်သွားခဲ့တဲ့သူတွေ များတယ်။
ပြီးတော့လည်း ပိုက်ဆံမပေးပဲ ပျောက်ပျောက်သွားကြတာပဲ။
စိုးမာက အေးတဲ့အရပ်ကို ကြိုက်တာမို့ မိုးကုတ်လို့ရေးထားတဲ့ ကားတစ်စီးကို တက်စီးလိုက်တာပါပဲ။
စိုးမာက ပညာတတ်၊ ရုပ်ရည်ကလေးကလဲ ဖြူဖြူချောချောကလေးမို့ ကားပေါ်ခေါ်တင်သွားချင်သူတွေကလည်းအများသား။
စိုးမာပြောပြနေတာတွေကို မျက်လုံးထဲမြင်ယောင်လာရင်းက ကျွန်မစိုးမာကို ဒုတိယအကြိမ် ဆေးရုံမှာထားခဲ့မိတာကို နောင်တရနေမိပါတယ်။
သူ့ရောဂါကောင်းကောင်းမကောင်းကောင်း
ရိပ်သာကိုပြန်ခေါ်ထားလိုက်ရင် သူဒီအဖြစ်မျိုးနဲ့ ကြုံချင်မှကြုံရမှာဆိုပြီး ကျွန်မ ကိုယ့်ဘာသာ အပြစ်တင်နေမိပါတယ်။
ရိပ်သာကို ပြန်ခေါ်လာပြီး ဆေးစစ်လိုက်တဲ့အခါ ထင်တဲ့အတိုင်း HIV postive ဖြစ်နေပါပြီ။
HIVစင်တာနဲ့ဆက်သွယ်လို့သူ့အတွက် လိုအပ်တဲ့ARTဆေးဝါးတွေတိုက်ကျွေးပြီး သူ့ရောဂါကိုပါကုသပေးခဲ့ပါတယ်။
” အမေ့ကို ပြန်ခေါ်ပေးပါလားမမရယ်
စိုးမာ အမေနဲ့အတူနေချင်လို့ပါ”
ကျွန်မကိုတွေ့တိုင်း အမေ့ကိုခေါ်ပေးပါဆိုပြီးဂျီကျတတ်လို့ စိုးမာရဲ့အမေကို စုံစမ်းကြည့်လိုက်တော့ မန္တလေးက ဘုရားကြီးရှေ့မှာ တောင်းရမ်းစားသောက်နေတယ်ဆိုတာသိတာနဲ့ ကျွန်မတို့ သွားခေါ်လာခဲ့ပြီး သားအမိနှစ်ယောက်ကို အတူတူနေစေခဲ့ပါတယ်။
ဘယ်လိုပဲ စိုးမာရဲ့ဘဝကို ကယ်တင်ပေးပါစေ သားအမိနှစ်ယောက် ခြံစည့းရိုးကိုဖျက်ပြီး ရိပ်သာကနေ ထွက်ပြေးသွားကြပါတော့တယ်။
အပိုင်း ၅
ကျွန်မနဲ့စိုးမာရဲ့ရေစက်က မကုန်ဘူးထင်ပါတယ်။
စိုးမာရဲ့သတင်းထပ်ရပြန်ပါပြီ။
သူသိပ်နေချင်တဲ့ သူသိပ်ချစ်တဲ့ တောင်ကြီးမြို့ရဲ့ ဘုန်ကြီးကျောင်းတစ်ခုမှာ ခိုလှုံနေတဲ့ စိုးမာသတင်းကြားကြားပြီးခြင်းပဲ သံယောဇဥ်နဲ့ထပ်ပြီး သွားခေါ်ရပြန်ပါပြီ။
အခုတစ်ကြိမ်စိုးမာကို ပြန်တွေ့ရတဲ့အခါမှာ သူ့အမေလည်း မတွေ့တော့ပါဘူး။
စိုးမာရဲ့စိတ်အခြအနေကလည်း တော်တော်ကိုဆိုးနေခဲ့ပါပြီ။
ခါးမှာလဲပုဆိုးကြီးတထည်ပတ်ထားပြီး ဘယ်သူတွေ စော်ကားထားလဲဆိုတာမသိပေမယ့် မေးစရာမလိုအောင် စိုးမာကိုကြည့်တာနဲ့တင်သိလိုက်ပါပြီ။
ရိပ်သာကို ပြန်ခေါ်လာတဲ့အချိန်မှာ စိုးမာ ထမင်းလည်းမစားတော့ပါဘူး။
ART ဆေးကလည်းပြတ်နေတာကြာပြီဆိုတော့ ပိန်ချုံးကျနေတဲ့စိုးမာဟာ စိတ်ကျန်းမာရေး အခြအနေက ဆိုးဝါးနေပြီး အဝတ်အထည်တောင်မကပ်ပဲ ကိုယ်လုံးတီးနဲ့နေ နေတာမို့ သူ့ကို အခန်းတစ်ခုထဲမှာ ထားရပါတယ်။
ကျွန်မကိုမြင်တိုင်းလက်အုပ်ကလေးချီကာ ချီကာနဲ့
“မမရေ စိုးမာကို အချိုရည်တိုက်နော်”
“မမလို ဂါဝန်လေးစိုးမာဝတ်ချင်လိုက်တာ”
“စိုးမာထမင်းမစားတာ ခွေးပြိတ္တာကြီးဖြစ်မှာစိုးလို့ပါနော်”
စိုးမာကို ကျွန်မချော့ပြောရပါတယ်။
“စိုးမာဝတ်ချင်တဲ့ ဂါဝန်လှလှလဲဝယ်ပေးမယ်
အအေးဘူးတွေလဲ အများကြီးပေးမယ်”
“စိုးမာ မမစကားနားထောင်ပြီး ဆေးရုံတော့တက်ရမယ်နော်”
စိုးမာရဲ့ နောက်ဆုံးအချိန်တွေ ရောက်လာမှာ နီးနေပြီဆိုပေမယ့် HIVရောဂါရော စိတ်ဝေဒနာရယ်ပါ လှိန့်ပိန့်နေအာင် ခံစားနေရတဲ့ စိုးမာကို ဒီဘဝက အမြန်ချုပ်ငြိမ်းစေချင်မိပေမယ့် ဆေးရုံကို ကျွန်မပို့ပေးရပါအုန်းမယ်။
ကျွန်မစကားကို သူနားထောင်ပြီး ဆေးကုခံပါမယ်လို့ ကတိတွေအထပ်ထပ်ပေးပြီး ဆေးရုံကို လိုက်သွားခဲ့ပေမယ့် ဟိုမှာ သူသောင်းကျန်းပြီး နေတယ်ဆိုတဲ့ သတင်းပဲပြန်ကြားရတယ်။
ဒီလိုနဲ့ပဲ ဆေးရုံမှာ အဆင်မပြေဖြစ်ပြီး ပြန်ဆင်းလာအုန်းမှာပါ။
HIV စောင့်ရှောက်ရေးဂေဟာကလည်း စိတ်ဝေဒနာရှင်ကို လက်မခံလို့ပို့မရ၊ ဆေးရုံလည်းတင်မရနဲ့
လူလည်းပိန်ချုံးကျပြီး အားအင်ကုန်ခမ်းနေပါပြီ။
ကျွန်မကိုတွေ့ရင်လေ..”..မမဝတ်တဲ့ ဂါဝန်လေး ပေးနော်၊ မမ စိုးမာလေ အမေနဲ့နေချင်လို့ အမေ့ကို ရှာပေးနော်…”
“စိုးမာက အေးတဲ့နေရာနေချင်တာ”
” စိုးမာကို စိတ်ကျန်းမာရေးဆေးရုံ မပို့ပါနဲ့နော် စိုးမာ အခုကောင်းနေပြီ…”
စိုးမာကိုလေ အဖွားတွေနဲ့ အတူထားပေးနော်…”..မမ မမ နဲ့ ပူဆာလိုက်တာ…
ပြောချင်တာတွေပြောပြီးရင်လဲ လက်အုပ်လေးချီလို့…”…မမ စိုးမာပြောတာ အမှားပါရင် စိတ်မဆိုးနဲ့နော်၊ ကန်တော့တယ်နော်၊မမတို့က သူတော်ကောင်းလေ…အဲ့ဒါ စိုးမာက သေရင် ခွေးပြိတ္တာမကြီး ဖြစ်မှာစိုးလို့ နော်”
….ခွေးပြိတ္တာမကြီး ဖြစ်မှာစိုးလို့တဲ့လေ ကန်တော့နေရော…
စိတ်ကျန်းမာရေး မကောင်းသူလဲဖြစ်ပြန်၊ ကူးစက်ရောဂါလဲရှိပြန်၊ လစ်ရင်လဲ ထွက်ပြေးပြန်၊ စိတ်ဖောက်လာရင်လဲ တအားကြမ်းပြန်ဆိုတော့ သေတဲ့အထိ သူနေချင်သလို အဖွားတွေနဲ့ ရောထားလို့ မရခဲ့ဘဲ သီးသန့်အခန်းလေးထဲမှာဘဲ နောက်ဆုံးအချိန်ကို ဖြတ်သန်းခဲ့ရရှာတယ်။
သူ့ရဲ့နောက်ဆုံးအချိန်တွေမှာ တောင်
“မောင့်ကို တွေ့ရင် ပြောပေးပါ”
” စိုးမာ မောင့်နောက်ကို လိုက်ချင်လို့ ပိုက်ဆံစုနေတုန်းပါနော်”
မောင့်ကိုတွေ့ရင် ပြောပေးပါတဲ့လား။
စိတ်ဒဏ်ရာ၊ လူဒဏ်ရာတွေနဲ့ ဒီဘဝ၊ ဒီခန္ဓာကိုယ်ကြီးကို ထားခဲ့ပြီး ဘဝအသစ်တစ်ခုကို စိတ်သစ်လူသစ်နဲ့ စတင်ပါတော့ စိုးမာရေ….
“…နိဗ္ဗာန်မရောက်မှီ သံသရာမှာ ကျင်လည်ရသည့် ဘဝတိုင်း မိကောင်း ဖကောင်း၊ ဘိုးကောင်း ဖွားကောင်း၊ လင်ကောင်း သားကောင်း၊ ဆွေကောင်း မျိုးကောင်းတို့နဲ့သာ ဆုံတွေ့ရပြီး၊ လောကီအကျိုး၊ လောကုတ္တရာအကျိုးကို သယ်ပိုးနိုင်သော ပုဂ္ဂိုလ်ဖြစ်ပါစေ..”
ဘဝမှာ ပညာ၊ ဥစ္စာ၊ အလှတရား ဘယ်လောက်ပဲ ပိုင်ဆိုင်ထား ပိုင်ဆိုင်ထား လောကဒဏ်ကို တရားနဲ့ မဖြေနိုင်သရွေ့တော့ ဒီလိုဘဝ၊ ဒီလိုအဆုံးသတ်တွေဘဲ ဖြစ်လာကြလိမ့်မယ်လို့ စိုးမာက သူ့ဘဝကိုရင်းပြီး ပြသွားသလိုပါဘဲ…။
#မြမြဦးခင်
ဟင်္သာတမြို့က ခိုလှုံရာဆိုတဲ့ ဘိုးဘွားရိပ်သာက ပရဟိတ မေတ္တာရှင်မလေး သင်းရွှေစင်လှိုင်ရဲ့ ပို့စ်ကိုဖတ်ပြီး ဝတ္ထုတပုဒ်အသွင်ရေးဖွဲ့မိပါတယ်။
ဒီစာကို ဖတ်မိပြီး ခိုလှုံရာ ပရဟိတအသင်းကို အလှုငွေများလည်း လှုနိုင်ကြပါတယ်။
တကယ့်အဖြစ်အပျက်ကလေးမို့ စာနာသနားရေးဖွဲ့လိုက်ရတာက စိတ်အလိုကိုမလိုက်ပဲ ဆင်ခြင်သုံးစွဲတတ်ဖို့ရယ် အဝေးမှာအလုပ်သွားလုပ်နေတဲ့ အိမ်ထောင်ရှင် အမျိုးသားအမျိုးသမီးများ သတိပြုနေထိုင်နိုင်ကြပါစေ။
ဒီဖြစ်ရပ်မှန်မှာ စိုးမာရဲ့အမျိုးသားက သူ့ဘက်ကတာဝန်ကျေခဲ့ပါတယ်လို့ ကျွန်မအနေနဲ့ ထင်မိပါတယ်။