ခင်ခင်ထူး

( ၁ )

မင်းကွန်း။
ရန်ကုန်မှ မန္တလေးသို့ ခေတ္တရောက်လာကြသော ကျွန်မတို့မိတ်ဆွေ မိသားစုက စစ်ကိုင်း ကောင်းမှုတော်ဘုရားကြီးနှင့် မင်းကွန်းဘက် လိုက်
ပို့ပါရန် ပြောလာသောအခါ ကျွန်မ လိုလိုလားလား လက်ခံလိုက်ပါသည်။စိတ်ကလေးမှ အပန်းပြေစေတော့ သဘောဖြင့် လိုက်ချင်တာ မှန်သော်လည်း
ကောင်းမှုတော် သနပ်ခါး ဝယ်ချင်တာကလည်း တစ်ကြောင်း ပါ,ပါသည်။ ကျွန်မတို့ မန္တလေးနှင့် မဝေးလှသော သနပ်ခါးထွက်ရာ အရပ်များဖြစ်သည့် ရွှေဘို၊ အရာတော်၊ မုံရွာ၊ ရေစကြိုနယ်ထွက် သနပ်ခါးများလည်း ကောင်းပါ၏။ ကောင်းမှုတော် သနပ်ခါးကိုလည်း ကျွန်မကြိုက်သည်။ ကောင်းမှုတော်မှာ ကျွန်မ သိသလောက် သနပ်ခါးထွက်ခြင်း
မရှိပါ။ သနပ်ခါးထွက်သော ထိုအရပ်တွေကပဲ ရောက်လာကြသော သနပ်ခါးများပင် ဖြစ်ပါလိမ့်မည်။ ဘယ်အရပ် ဘယ်သနပ်ခါး မပြောနိုင်
သော်လည်း ကောင်းမှုတော်ဘုရားကြီးမှာရောင်းသည့် သနပ်ခါးများကတော့ သနပ်ခါးစစ်လှပါ၏။ အနှစ်ဝါဝါ၊ အပွေးရင့်ရင့်၊ ရနံ့မွှေးမွှေး သနပ်ခါးများ
ဖြစ်သည်။ ရန်ကုန်သူတွေကိုပါ အကြံပေးရပါသည်။

“ကောင်းမှုတော် သနပ်ခါး ဝယ်ကြရအောင်၊ သနပ်ခါးတော့စစ်တယ်၊ ဘုရားရင်ပြင်ပေါ်မှာ သနပ်ခါးကို လိမ်မရောင်းရဘူးလို့ ဆိုတာပဲ”

“ဟာ… သနပ်ခါးတော့ ဝယ်မယ်ဟေ့”

မင်းကွန်းကိုလည်း ကျွန်မ ရောက်ချင်တာ ကြာပါပြီ။ မန္တလေးနှင့်မင်းကွန်း မဝေးလှသော်လည်း တကန်တကနိုင်လှသည့်အတွက် စိတ်ရောက်သော်မှ ကိုယ်မရောက်နိုင်ခဲ့ပါ။ ရေလမ်းကသွားလျှင် မရမ်းခြံ ထင်းဝင်း ဆိပ်ကမ်းတွေဘက် သွားရမည်။ ထိုမှ ဘုတ်ချပ်စီးရမည်။ ကားလမ်းက သွားချင်ရင်တော့ စစ်ကိုင်းကိုဖြတ်၊ မင်းကွန်းအထိ ကားလမ်းထိုထိုပေါက်ရောက်ပါ၏ ။ ခရီးက မထောင်းတာလှသော်လည်း သမီးကလေးတစ်ဖက်နှင့်ဆိုတော့ ကျွန်မမှာ တော်ရုံခရီး စဉ်းစားရပါသည်။ အခုတော့ ကောင်းမှုတော်ဘုရားကြီးရော မင်းကွန်းကိုပါ တစ်ကြောတည်း သွားနိုင်မှာဆိုတော့ အဆင်ပြေလှသည်။ ဘုရားလည်းဖူးရင်း သနပ်ခါးလည်း ဝယ်ရင်းထွက်ခဲ့ရသည့် ခရီးပင်။

ကျွန်မတို့အဖွဲ့ကောင်းမှုတော်ကို အရင်သွားကြကာ ဘုရားဖူးကြသည်။ သနပ်ခါး ဝယ်ကြသည်။ ရန်ကုန်သူတွေ သနပ်ခါးမြင်တော့ ဝယ်လိုက်ကြစမ်းဆိုတာများ။ ချက်ချင်းပင် သနပ်ခါးကား ဖြစ်သွားတော့
သည်။ ကောင်းမှုတော်မှ စစ်ကိုင်းဘက် ပြန်လာကာ စစ်ကိုင်းတောင်တက်လမ်းအတိုင်း မင်းကွန်းဘက်ဆီကို မောင်းခဲ့ကြသည်။

( ၂ )

စစ်ကိုင်းကထွက်၍ မြစ်လမ်းအတိုင်း မောင်းလာသည်နှင့် ဧရာဝတီကို လက်ဖြင့်ပုတ်လို့ပင် ရပြီ။ မြစ်ရေပြင်က စိမ်းဖန့်နေသလို လေကလည်း
အေးမြလှသလို စေတီနှင့် တန်ဆောင်း၊ ချောင်နှင့် ကျောင်းတို့ ပေါများလှသော အရပ်ဒေသမို့ တရားရိပ်ဖြင့် ငြိမ်းချမ်းသည်လည်း အမှန်ပင်။ ရှေး
ကတော့ သည်လို လမ်းခရီးမတွင်တော့ ရေလမ်းကိုသာ အားထားရသည်။အခုတော့ စစ်ကိုင်းနှင့် မင်းကွန်း နတ်လမ်းပေါက်သည်ဟုပင် တင်စား
ချင်ပါ၏။ လမ်းမှာ ဝါးချက်ရွာ၊ အာလောင်ရွာတွေကို ဖြတ်ရသည်။ခိုတောင်ရွာရိပ် ဝင်လာတော့ မုန့်တီဆိုင်ကလေးတွေ တွေ့ရပြီ။

“နေ့လယ်စာကို စစ်ကိုင်း ပြန်စားမှာဆိုတော့ မနက်ခင်းစာ ခိုတောင်မုန့်တီ စားကြရအောင်”

မုန့်တီဆိုင်ကလေးတစ်ဆိုင်မှာ ကားထိုးရပ်ရင်း ခိုတောင်မုန့်တီ စားကြသည်။ အသားငါး မပါဘဲ ပဲမှုန့်ထွေးထွေး ဆီဝါ ဆီနီတို့နှင့် သုပ်ထားသော ခိုတောင်မုန့်တီကလည်း မန္တလေး မုန့်တီကိုပင် ပခုံးတို့နိုင်သည်။

ခိုတောင်မုန့်တီသည်များက မနက်ဘက် မန္တလေးဘက်ကမ်းကူးကာ မန္တလေးမြို့ပေါ်လေးပြင်လေးရပ်မှာ ရောင်းချပြီး ညနေ ကူးတို့လှေဖြင့် ပြန်ကြရသည်။ညနေတိုင်လျင် ဂေါဝိန်မြစ် ရှု့ခင်ထဲက ငှက်သမ္ဗာန်တွေပေါ်မှာ ခိုတောင်မုန့်တီခံတောင်း ပက်လက်ကလေးတွေကိုလည်း မြင်
နိုင်ပါ၏။

“သည်ဘက်ရွာတွေက သစ်သီးသစ်နှံ စိုက်ပျိုးကြတာ များတယ်။မွေးမြူရေးလည်း လုပ်ကြတယ်၊ လက်မှုပညာလည်း တတ်ကျွမ်းကြတယ်”

ကျွန်မက မိတ်ဆွေမိသားစုကို ပြောပြတော့ အညာရွာကလေးတွေကို သူတို့လည်း စိတ်ဝင်စားကြပုံရသည်။ ကားလမ်းတစ်လျှောက် အိမ်တွေမှာ
ခြံတွေမှာ စိုက်ပျိုးထားကြသော ဇွန်ရုံကြီးတွေကို မြင်ကြရပြီ။ ရွာများနှင့်အဆက်ပြတ်သော နေရာတွေမှာတော့ စိမ်းစိမ်းစိုစို သစ်ရိပ်ဝါးရိပ်များ
အစဉ်မပြတ်လှပါ။ စစ်ကိုင်းတောင်ရိုးနှင့် မင်းဝံတောင်ရိုးကြားရှိ လွင်ပြင်ကြီးမှာ ကျယ်ပြောလှသည်။ တစ်ခါတစ်ရံ မြင်ရတတ်သော နွားလှည်းတွေက လှည်းလမ်းအတိုင်း လိုက်သွားကြရာက အချိုးအကွေ့မှာ ဖြုတ်ခနဲ ပျောက်သွားတတ်ကြသည်။ တစ်နေရာရောက်တော့ ဘွားခနဲ ပေါ်လာတတ်ပြန်၏။ သူတို့ရွာတွေနှင့် သူတို့လမ်း သူတို့မှပဲ သိကြတာမဟုတ်လား။လမ်းဘေးသစ်ရိပ်မှာ သောက်ရေအိုးစင်ကလေးတွေရှိသည်။ ကြီးမားလှသော မန်ကျည်းပင်ကြီးတွေရှိသည်။ တောရကျောင်းများ၊ဘုန်းကြီးကျောင်းများ၊ ချောင်များဆီ လမ်းညွှန်ရာ ဆိုင်းဘုတ်တွေရှိသည်။ ကြက်ထောင့်ရွာထိပ် မန်ကျည်းရိပ်မှာတော့ ဘိုးတော်ဘုရားကောင်းမှုတော် ရေကန်ကြီးကို တွေ့ရပါ၏။

မိုးမိတ်ကုန်းမြေရိပ်ကို ကျော်ခဲ့ပြီ။ မင်းကွန်းရိပ်ကို ဝင်ပြီ။ လမ်းခရီးမှာ ပျောက်နေခဲ့သည့် ဧရာဝတီသည်လည်း မင်းကွန်းရိပ်ကိုရောက်တော့
ပြန်ပေါ်လာခဲ့ပါ၏။ ဧရာဝတီမြစ်နှင့် တစ်ဖက်ကမ်း မန္တလေးတောင်သည် တိမ်တောင်တိမ်လိပ် တိမ်ရိပ်များဖြင့် လှပနေသည်။ မင်းကွန်းခေါင်း
လောင်းတော်ကြီးရှိရာ ခေါင်းလောင်းရုံရှေ့မှာ ကားရပ်လိုက်ကြကာ ကျွန်မတို့ ဆင်းလိုက်ကြသည်။ ကျွန်မ အိမ်သားက ဧည့်သည်မိသားစုကို ရှင်းပြသည်။

“မင်းကွန်းကြီးလေးကြီးလို့ပြောရင် ဘုရားကြီး၊ ခြင်္သေ့ကြီး၊ ခေါင်းလောင်းတော်ကြီး၊ ကန်တော်ကြီးလို့ ပြောကြတယ်။ ကန်တော်ကြီးကတော့
ကျွန်တော်တို့ လမ်းမှာတွေ့ခဲ့ကြတဲ့ ကြက်ထောင့်ကန်လို့ တချို့က ယူဆကြတယ်။ ရှေးက တစ်ဖက်ဆည်ကန်ကြီးလည်း ရှိခဲ့ဖူးတယ်လို့ ပြောကြတယ်။ ဘိုးတော်ဘုရားက ဧရာဝတီမြစ်ဆိပ်ကနေ အနောက်မင်းဝံတောင်ရိုးကိုဖောက်ပြီး လှည်း၊နွားသွားနိုင်တဲ့လမ်း ဖောက်ပေးခဲ့တယ်လို့လည်း
ဆိုတယ်”

ကျွန်မတို့ ခေါင်းလောင်းကြီးကို လှည့်ပတ်ကြည့်ကြပါသည်။ ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး ခေါင်းလောင်းကြီးကို သံယက်မကြီး လျှို
ထမ်းထားသည်။ ခေါင်းလောင်းပေါ်က မင်းဖြူမှန်မှန်ပြောဆိုသည့် စာတမ်းကို နောက်ခံထားကာ ဓာတ်ပုံရိုက်ကြသည်။

“သည်ခေါင်းလောင်းကြီးက တန်ကိုးဆယ်လောက် လေးတယ်လို့ ဖတ်ဖူးတယ်။ ခေါင်းလောင်းတွေရဲ့ သဘာဝမှာ ပုစွန်ထုပ်၊ ဆုံ၊ ကြာအုံ၊ဖောင်း၊ ဇက်၊ နားပန်ရယ်လို့ ပါကြပေမယ့် ဒီလောက်ကြီးတဲ့ ခေါင်းလောင်းကြီးကို အချိုးကျအောင် သွန်းနိုင်တာကို အံ့သြကြတယ်”

သမီးကတော့ ခေါင်းလောင်းကြီးကို မော့ကြည့်သည်။ မေမေ ဘာကြီးလဲလို့ မေးသည်။ ကျွန်မက ခေါင်းလောင်းထိုးနေသည့် ကိုရင်တစ်ပါးဆီက ထိုးတံကိုယူပြီး ထိုးပြလိုက်သည်။ ခေါင်းလောင်းကြီးအောက်က ဖြတ်၍ တစ်ဖက်ကို ကူးခဲ့ကြသည်။

“ကျွန်မကတော့ အဲသလို ခေါင်းလောင်းကြီးအောက် မဝင်ရဲဘူး။မတော်ပြုတ်ကျချိန်နဲ့ တိုက်ဆိုင်နေမှဖြင့် မ,မရ ပြုမရနဲ့”

မိတ်ဆွေအမျိုးသမီး စိုးရိမ်နေပုံကိုကြည့်ပြီး ကျွန်မတို့မှာ ရယ်ကြရသေးသည်။ ကျွန်မတောင် သူပြောမှ ကြောက်သွားမိသလိုလို၊ ဟုတ်ပါရဲ့ ကိုယ် အောက်ကဖြတ်တုန်း ခေါင်းလောင်းကြီး ကျလာလျှင် ဘယ်
လိုလုပ်မလဲ။

ခေါင်းလောင်းရုံဘေးက ဆိုင်ခန်းတွေကို ကျွန်မတို့ ဝင်ကြည့်ကြသည်။ သမီးအတွက် “မင်းဖြူမှန်မှန်ပြော’ ကမ္ပည်းထိုးထားသည့် ခေါင်းလောင်းပုံပါ တီရှပ်တစ်ထည် ဝယ်ဝတ်ပေးလိုက်သည်။ မိတ်ဆွေ၏
သားကလေးက “မင်းဖြူမှန်မှန်ပြောဆိုတာ ဘာလဲ” မေးနေလို့ ခေါင်းလောင်းကြီး၏ ပိဿာချိန်ကို မြန်မာအက္ခရာဖြင့် အမှတ်အသားပြုထားခြင်း
ဖြစ်ကြောင်း ပြောပြရသည်။ ပိဿာချိန် ၅၅၅၅၅။
ကျွန်မတို့တစ်တွေ မြသိန်းတန်စေတီဘက် လှည့်ခဲ့ကြသည်။

( ၃ )

လမ်းနှင့်စာလျှင် ဘုရားပရဝဏ်က မြင့်လှပါ၏။ လှေကားထစ်များကို အရင်တက်ရမည်။ မတက်ခင် တောသရေစာမုန့်ကလေးတွေ ရောင်းနေတာ
တွေ့လို့ မုန့်ဆီကြော်ပူပူကို ဝယ်စားကြသည်။ အရသာကောင်းလှသဖြင့် စားလို့ပင် မဝခဲ့။ အရှေ့ဘက်နီးနီးမှာ မြစ်ကို မြင်နေရသည်။ မြစ်ဘေး
မှာ ခြုံတွေတက်နေသော ခြင်္သေ့ဖြူကြီးတစ်စီး မြင်နေရသည်။ ကျွန်မအိမ်သားက မြစ်နှင့် ခြင်္သေ့ကို ဓာတ်ပုံရိုက်ဖို့ ထွက်သွားသဖြင့် ကျွန်မတို့ချည်း ဘုရားပေါ် တက်ခဲ့ကြသည်။

ဘုရားစေတီဘက်ကို မသွားကြသေးဘဲ အုတ်လှေကားထိပ်ဆီက ဧရာဝတီမြစ်နှင့် အဝေးရှုမျှော်ခင်းတွေကို ကျွန်မတို့ ကြည့်ကြသည်။မြစ်ဆိပ်မှာ လှေတွေဆိုက်ထားသည်။ မော်တော်တစ်စင်း နှစ်စင်းလည်းရှိသည်။ အဖေ့ကို သတိရလိုက်မိပါ၏။ ရှေးလှေကြီးတွေ ခေတ်ကုန်သွားတော့ အဖေက ဖောင်ဆွဲမော်တော်တစ်စင်း ဝယ်လိုက်ပြီး အစိုးရသစ်ဖောင်ဖွဲ့ရေးကို ဝင်ကာ သစ်များဆွဲခဲ့သည်။ တစ်ခါတစ်ရံ တာဝန်ကျရာ မင်းကွန်းဖောင်ဖွဲ့ရေးရုံးဆိပ်မှာ မော်တော်သွားကပ်ထားရသည့် အခါများလည်း ရှိပါသည်။ အဖေ ရှိနေသည့် မင်းကွန်းကို ကျွန်မတို့မောင်နှမတွေ စိတ်ကူးရတိုင်း လိုက်သွားလေ့ရှိကြပါသည်။ သစ်လုံးကြီးတွေပေါ် ဇတ်ခနဲ
ဇတ်ခနဲ ကူးရတာကိုပင် ကစားကွင်းလို သဘောထားကြရတာကိုလည်း မှတ်မိသည်။ ရေပေါ်သစ်လုံးကြီးတွေက ဖောင်တွဲ တွဲထာသော်လည်း ကြာကြာရပ်လျှင် မြုပ်သွားတတ်သည်။ ဒီတော့ သစ်လုံးတွေပေါ်ကို ဇတ်ခနဲ ဇတ်ခနဲ ဖြတ်ရသည်။ အဖေကတော့ သားသမီးတွေကို လက်ဆွဲကာ မြသိန်းတန်စေတီဘက် ထွက်လာတတ်ပါသည်။ မြသိန်းတန်စေတီ ကိုးကွယ်ထားပုံကို အဖေ သဘောကျသည်က တစ်ကြောင်းကြောင့် ဖြစ်ပါ၏။

“မင်းကွန်းတိပိဋက ဆရာတော်ကြီးက ပုထိုးတော်ကြီးကို ဧည့်ခေါ်ဘုရား… မြသိန်းတန်စေတီကို ဧည့်ခံဘုရားလို့ အမိန့်ရှိခဲ့ဖူးတယ်တဲ့”

အဖေ ပြောခဲ့ဖူးသော စကားကိုလည်း အမှတ်ရမိပါသည်။ မိတ်ဆွေမိသားစုက ဘုရားပေါ်တက်ဖို့ ခေါ်သော်လည်း ခင်ပွန်းသည်ကို စောင့်လိုက်ချင်သေးသဖြင့် သွားနှင့်ရန်ပြောပြီး စောင်းတန်းခြေမှ စောင့်နေခဲ့ပါသည်။ မလာနိုင်သဖြင့် ကျွန်မတို့ သားအမိ ဘုရားစေတီဘက် လိုက်ခဲ့ကြသည်။ ကျွန်မ ဖတ်ဖူးသလောက် မြသိန်းတန်စေတီ ဖိနပ်တော်အောက်ခြေ ဝိုင်းဝိုင်းစက်စက်က စကြဝဠာကို ရည်ရွယ်ကြောင်း၊ စေတီအောက်ခြေ
အဝိုင်းလိုက်ကြီးပေါ်မှ ပစ္စယာ (၇) ဆင့်တဖြည်းဖြည်း မြင့်တက်သွားတာ သီတာခုနှစ်တန်၊ တောင်ရံခုနစ်လုံးကို ရည်ရွယ်ကြောင်း။ သတ္တမ
ပစ္စယာက ယုဂနွိုရ်တောင်ထိပ် အလယ်ဗဟိုမှ မြင်းမိုရ်တောင်ပုံ။ အာလိန်ငါးဆင့်တွင် ထွင်းထုထားသော အရုပ်တွေကလည်း မာန်ပါလှပါ၏။
ပထမ အာလိန်က နဂါးများ၊ ဒုတိယအာလိန်က ဂဠုန်များ၊ တတိယ အာလိန်က မ္ဘန်များ၊ စတုတ္ထအာလိန်က ယက္ခများ၊ ပဉ္စမအာလိန်က ဂန္ဓဗ္ဗက်။ ထိုအာလိန်ငါးဆင့် အထက်က သိကြားမင်းစံရာ တာဝတိံသာ နတ်ပြည်၊ မြင်းမိုရ်တောင်ထိပ်မှာ စူဠာမဏိစေတီတော်။

“ဆရာမ… ဆရာမ ဒေါ်ထူးထူး ဟုတ်ပါတယ်နော်”

တစ်ခုသော စောင်းတန်းရိပ်အရောက်မှာ ကျွန်မတို့သားအမိ ထိုင်နားနေကြစဉ် မိန်းကလေးတစ်ယောက် ရောက်လာခဲ့သည်။ အသက်က
နှစ်ဆယ် အစိတ်ဝန်းကျင်လောက် ရှိဦးမည်။ မျက်နှာကလေးက နေလောင်ထားသော်လည်း လှပချောမောခြင်း အရိပ်လက္ခဏာတွေတော့ ပျောက်ပျက် မသွားသေးပါ။ ဆံပင်တွေက ဖြီးသင်မထားသဖြင့် ဖွာထက်ကာ ပျံ့လွင့်နေလေသည်။ မျက်တွင်းချိုင့်ချိုင့်တွေထဲက မျက်လုံးတွေကတော့ အရောင်မလဲ့ရှာတော့။ အဝတ်အစားက သန့်သန့်စင်စင် ရှိသော်လည်း တောက်တောက်ပြောင်ပြောင် မရှိရှာပါ။ မိန်းကလေးနှင့်အတူ သူ့ အဖော် ဈေးသည်
မိန်းကလေးတစ်စုကပါ ဝိုင်းလာကြသည်။

“ဟုတ်ပါတယ် သမီးက ဘယ်သူတုန်း”

“ကျွန်မဆရာမကို တက်လာကတည်းက မြင်တယ်၊ လူမှားမှာစိုးလို့၊ဆရာမက ဝ,လာတယ်နော်၊ အမေကြီးရော နေကောင်းလား”

ထိုမိန်းကလေးကို ကျွန်မ လုံးလုံးမမှတ်မိပါ။ ချွေးစေးကလေးတွေ ပြန်နေသော သူ့မျက်နှာပေါ်မှာတော့ ကျွန်မကို လူမမှားဘဲ တွေ့လိုက်ရသဖြင့် စိတ်အေးသွားပုံ ပေါ်ပါ၏။ ကျွန်မကလည်း စဉ်းစားနေရပါသည်။

ဘယ်သူများပါလိမ့်။ ပြီးတော့ ကျွန်မ အမေကိုပါ သိပုံရသည်။ အမေကြီး နေကောင်းသလားလို့ ဝင်မေးနေသည် မဟုတ်လား။ မိန်းကလေးက ကျွန်မ နာမည် မေးတာကို ထည့်မဖြေတော့ ကျွန်မမှာ စဉ်းစားရ ခက်နေပါသည်။

“အမေကြီး နေကောင်းပါတယ်ကွယ်၊ အသက်တော့ကြီးပြီပေါ့။သမီးက”

“မူယာလေ… မူယာနွယ်”

“ဟယ်… မူယာ… ဟုတ်လား”

ကျွန်မ၏ ဟုတ်လားထဲမှာ အဓိပ္ပာယ်တွေ အများကြီး ပါသွားလိမ့်မည် ထင်ပါ၏။ အလို… မမူယာ ညည်း ဘယ်လိုဖြစ်ရတာတုန်းဆိုသည့်
အံ့သြရိပ်က များနေပါလိမ့်မည်။ ကျွန်မ ကျောင်းဆရာမတာဝန် ထမ်းဆောင်ခဲ့စဉ်က ညနေဘက် ကျောင်းကအပြန် အနားဝန်းကျင်က ကလေး
တွေကိုခေါ်ကာ စာပြပေးသည်။ ကျွန်မလည်း အတွေ့အကြုံရအောင် ကလေးတွေလည်း အဆင်ပြေအောင် ပြပေးခြင်းဖြစ်ပါ၏။ အခကြေးငွေရယ်လို့လည်း မယူတော့ အပ်နှံသူတွေ များသည်။ သည်ကလေးတွေထဲက ထူးထူးခြားခြား ရှိကြသူ တပည့်တချို့ကို ကျွန်မ မမေ့။ မူယာနွယ်ကို
လည်း ထူးခြားသည့် တပည့်တွေထဲက တစ်ယောက်ဟုပင် ဆိုရပါမည်။

ချမ်းသာသော မိဘနှစ်ပါး၏ အလိုလိုက်ခြင်းခံရသူကလေးဆိုတော့ သည်ကနေ့ပေါ် မနက်ဖြန် ခါးပေါ်ရောက် ဝတ်ရစားရသည်။ တပည့်တော်တော်များများထဲမှာ လှပချောမော ပြည့်စုံသူကလေးအဖြစ် ကျွန်မ မှတ်မိနေခြင်းဖြစ်ပါ၏။

ထိုတပည့်မကလေးကို သည်လိုပုံနှင့် ကျွန်မကို လာနှုတ်ဆက်လိမ့်မည် မထင်ခဲ့။ ဆင်းရဲခြင်း ချမ်းသာခြင်းသည် ကြွေတစ်လက် ကြက်တစ်ခုန်
အချိန်အခါမရွေး ပြောင်းလဲသွားနိုင်တာပဲ မဟုတ်လား။ သင်္ခါရသဘောကို ကျွန်မ ဉာဏ်မီသလောက် သဘောပေါက်ပါ၏။ ကျွန်မ အံ့သြတာက
ချမ်းသာသူက ဆင်းရဲသွားရရှာပါပကောဆိုတာ မဟုတ်ပါ။ ကျွန်မ မထင်မှတ်သည့်နေရာမှာ မူယာကို တွေ့လိုက်ရခြင်းကြောင့် ဖြစ်ပါသည်။

“ဪ … အေး မှတ်မိပြီး မူယာက မင်းကွန်းမှာ နေတာလား”

“ကျွန်မ အိမ်ထောင်ကျပြီးမှ ရောက်လာတာ ဆရာမ၊ ကလေးတစ်ယောက် ရပြီလေ၊ သမီးကလေးပါ”

“ဪ… သမီးကလေးက ဘယ်အရွယ်ရောက်ပြီလဲ၊ အိမ်ထောင်ကကော”

ကျွန်မတို့လူမျိုး၏ ပဋိသန္ဓာရ ခွန်းဆက်စကားတွေမှာ သူတစ်ပါး ကိုယ်ရေးကိုယ်တာတွေ ပါရစမြဲဖြစ်သည်။ ယဉ်ကျေးမှုအရ၊ လူ့ကျင့်ဝတ်
အရ မမေးသင့်တာရယ်လို့ ရှောင်လွှဲနိုင်ဖို့ ခက်သည်။ အိမ်ထောင်ကိစ္စ၊စားဝတ်နေရေးကိစ္စ၊ သားရေးသမီးရေးကိစ္စ၊ အဆင်ပြေမပြေ စသည်ဖြင့်
မေးရတာပဲ မဟုတ်လား။

“သမီးက ခြောက်နှစ် ဆရာမ၊ ကျောင်းတက်နေပြီ၊ ကျွန်မ အိမ်ထောင်က မကောင်းပါဘူး ဆရာမရယ်”

မူယာက လိုသလောက်ပဲ ပြောတော့ ကျွန်မလည်း ဆက်မမေးသာ။ကလေးက ကျောင်းနေပြီဆိုတော့ သည်ရွာကလေးထဲမှာပဲ ဖြစ်လိမ့်မည်။
အိမ်ထောင်နဲ့က ကွဲနေကြတာပဲလား။ မူယာက ခပ်ဝေ့ဝေ့ပြောနေတော့ ကျွန်မလည်း မေးမနေချင်တော့။ အခုကော မူယာ ဘာတွေလုပ်နေပါလိမ့်။
သူ့အပေါင်းအဖော်များ ဖြစ်ဟန်ရှိသော မိန်းကလေးတွေကတော့ ကျွန်မကို စိုက်ကြည့်နေကြသည်။မူယာရဲ့ ဆရာမဆိုတာတော့ စကားထဲက ကောက်မိကြဟန် ရှိပါ၏။ ဒီဆရာမနဲ့ ဒီတပည့် ဘဝတစ်ကွေ့ တွေ့ခဲ့ကြဖူးသတဲ့ ဆိုတာကိုတော့ လက်ခံကြပုံ ပေါ်ပါသည်။

မူယာက မျက်ရည်တွေကို မျက်တောင်ဖြင့် ပုတ်ခတ်ဖယ်ရှားရင်း လှေကားထစ်ပေါ် ဆတ်ခနဲ ထိုင်ချကာ ကျွန်မကို ကန်တော့လေသည်။ ကျွန်မ စိတ်ထဲမှာ မူယာကို စာသင်ခန်းထဲက တပည့်မကလေးအဖြစ် မြင်ယောင်လာခဲ့သည်။

မူယာမှာ အစ်မလား ညီမတွေလား ရှိတာကိုလည်း မှတ်မိပါသည်။မူယာနွယ်၊ ယမင်းနွယ်၊ ရွှေစင်နွယ်။ အဲသလို နာမည်မျိုးတွေဖြစ်၏။

ကျွန်မတို့ ရပ်ကွက်က လက်လုပ်လက်စားတွေ နေထိုင်ကြတာ များပါသည်။ချမ်းသာသူတွေ ရှိသော်လည်း သိပ်ကြီးမများလှ။ သည်နည်းနည်းကလေးထဲမှာ မူယာတို့ မိဘများ ပါဝင်ကြသည်။ ရပ်ကွက် သာရေး၊ နာရေးကိစ္စတွေမှာ ငွေကြေးများစွာ လှူဒါန်းနိုင်ကြသူများဖြစ်သည်။ ကားကလေးတစ်စီးရှိတာလည်း မှတ်မိသည်။ သမီးသုံးယောက်ကို ရွှေပေါ်မြတင် ထားနိုင်သည်။ သမီးတွေကလည်း တစ်ယောက်တစ်မျိုးစီ လှကြပါ၏။

“မူယာတို့ ညီအစ်မတွေ ကြီးရင် မင်းသမီး လုပ်ကြပါလားဟယ်။ချောကြလွန်းလို့”

သမီးချောတော့ ရွာကပြော ဆိုသလို ရပ်ကွက်ကလေးက လူတွေအားလုံး မူယာတို့ ညီအစ်မတစ်တွေ၏အလှကို ပြောစမှတ်ပြုကြရသည်။
အားလုံးထဲမှာ မူယာက အချောဆုံးလို့ ကျွန်မ ထင်ပါသည်။ ငယ်စဉ်ကပင် မိတ်ကပ်အဖွေးသား၊ နှုတ်ခမ်းနီအရဲသား၊ မျက်ခွံအပြာသားနှင့်ဖြစ်၏။ ဆံပင်ကလည်း ထိုခေတ် ထိုအခါက ခေတ်စားလှသည်ဆိုသည့် ပုံစံမျိုးကို နေ့တစ်မျိုး ညတစ်မျိုး ပြောင်းတတ်သည်။

ကျွန်မ မှတ်မိသလောက် မူယာတို့တစ်တွေ ကျွန်မတို့ ရပ်ကွက်မှာ သိပ်ကြာကြာ နေခဲ့ကြတာတော့ မဟုတ်ပါ။ သူတို့မိသားစု ပြောင်းခါနီးတော့ မူယာက ကျွန်မကို နှုတ်ဆက်ရင်း လာကန်တော့တာကိုလည်း
မှတ်မိသည်။ အဝတ်အထည် အသုံးအဆောင် ပစ္စည်းများနှင့်အတူ သနပ်ခါးတုံးတွေပင် ပါသေးသည်ထင်ပါ၏။ ဒီတုန်းက မူယာကို ကျွန်မ
ဘယ်လိုဆုတွေများ ပေးခဲ့ပါလိမ့်။ အခုကော ဘယ်လိုဆုတွေပေးရမှာပါလိမ့်။

“မူယာ… အခု ဘာလုပ်နေသလဲ၊ ဈေးရောင်းတာလား၊ ဈေးရောင်းတာ စင်ကြယ်တဲ့ အသက်မွေးမှုပဲ ကောင်းပါတယ်”

မူယာက စင်ကြယ်တဲ့ အသက်မွေးမှုဆိုတာကို သဘောပေါက်ပုံရသည်။ ကျွန်မကို မော့ကြည့်ရင်း ပြုံးသည်။

“စင်ကြယ်တဲ့အလုပ်ပဲ လုပ်ပါတယ် ဆရာမရယ်၊ တော်တော်တော့ ရုန်းကန်ရတယ်။ ဘုရားကို ဧည့်သည်တွေ အလာပါးရင် ဈေးမရောင်းရဘူး”

“ဘာတွေရောင်းတာလဲကွယ့်”

“ကျွန်မကတော့ ပန်းချီကားတွေ လိုချင်ရင် ဂယ်လာရီတွေ လိုက်ပို့တယ်။ မင်းကွန်းဘုရားတွေ လည်ချင်တယ်ဆိုတော့လည်း လိုက်ပို့ပေးတာပဲ။ ကျွန်းပင်မောင်နှမ နတ်ကွန်းမှာ တင်မြှောက်စရာလိုတော့လည်း လိုက်လုပ်ပေးလိုက်တာပါပဲ။ အမွှေးတိုင်တို့ ဖယောင်းတိုင်တို့လည်း ရောင်းလိုက်တာပဲ။ ပြောင်းဖူးတို့ ကန်စွန်းဥတို့ မြေပဲတို့လည်း ပြုတ်
ရောင်းတာပါပဲ။ မူယာ ဘာလုပ်သလဲဆိုရင် ပြောဖို့တော့ ခက်သား”

“သားအမိနှစ်ယောက် လောက်တယ်မဟုတ်လား၊ လင်သားက ညည်းနဲ့ အဆင်မပြေပေမယ့် သမီးလေးတော့ ထောက်တယ်မဟုတ်လား”

“ထောက်ဖို့နေနေသာသာ ဆရာမရယ်၊ ဘယ်ရောက်နေမှန်းတောင် မသိပါဘူး၊ ကျွန်မဆီလည်း မလာတော့ပါဘူး၊ ပြောရရင် ဆရာမရယ် ကျွန်မက မိဖုရားဖြစ်ခဲ့တာ မဟုတ်ပါဘူး၊ မောင်းမပဲ ဖြစ်ခဲ့တာပါ”

မူယာ ပြောပြသော သူ့ဘဝပုံရိပ်တွေကို ကြားရတာ ကျွန်မအဖို့တော့ စိတ်မချမ်းမသာ ဖြစ်ရပါ၏။ သည်ဇနီး သည်သမီး ဘဝခရီးမှာ အတူရှိစေချင်သည်။ ဆင်းရဲအတူ ချမ်းသာအမျှ အတူတကွ ရှိကြစေချင်သည်။အခုတော့ သည်လိုမဟုတ်။ လင်တော်မောင် ကြွအလာကို မျှော်နေရရှာသော ခန်းဆောင်တွင်းက မောင်းမတစ်ယောက်၏ ဘဝမျိုးဖြင့် ကြေကွဲနေရရှာသော မူယာနွယ်။

ကျွန်မ အကဲခတ်ရသလောက် မင်းကွန်းမှာ အဝေးဧည့် အနီးဧည့် လာကြလေ့ရှိသည်။ များတာ နည်းတာတော့ ရှိမှာပေါ့။ ဈေးသည်တွေကလည်း များတော့ စို့စို့ပို့ပို့ ရလိုက်တာမျိုးတော့ ရှိချင်မှ ရှိလိမ့်မည်။မူယာ့ မိဘတွေအကြောင်း မေးတော့ မရှိကြတော့ဟု ဆိုသည်။ မိဘများ မဆုံးပါးခင်က စီးပွားပြုန်းနှင့်ကြကြောင်းလည်း ပြောပြသည်။ ဘာကြောင့်ဆိုတာတော့ ထည့်မပြော။

“အမေက နောက်မှဆုံးတာ ဆရာမ၊ အမေ ရှိတုန်းက ရွှေစင်နဲ့နေတယ်၊ ရွှေစင့် ယောက်ျားလေးက ပန်းပုဆရာ၊ ဘုရားကြီးမှာ သစ်ပန်းပုတွေ သွင်းတယ်။ ရရစားစားပါပဲ ဆရာမရယ်၊ ယမင်းတော့
အိမ်ထောင်ကျသွားပြီလား မကျသေးဘူးလား မပြောတတ်ဘူး။ သူလည်းအဖော်ကောင်းတာနဲ့ လာရှိုး မူဆယ်ဘက် အလုပ်သွားလုပ်လိုက်တာ
ပြန်မလာဘူး၊ ငါးနှစ်လောက်ရှိပြီ”

ကြားရသမျှ စိတ်မသက်မသာ ဖြစ်ရပြန်ပါ၏။ တစ်ချိန်က တောက်တောက်ပပ ဝတ်ကာစားကာ သွားလာလှုပ်ရှားခဲ့ကြသော ညီအစ်မသုံး
ယောက်၏ ပုံရိပ်တွေကိုတောင် ကျွန်မ ဆုပ်ဖမ်းမရချင်တော့။ မူယာအတွက် အကောင်းဆုံးဘဝ တစ်နေရာကို ကျွန်မ ရွေးချယ်ပေးချင်လှပါ၏။

ကျွန်မ အိမ်သား လှေကားဆီက တက်လာနေပြီ။ ကျွန်မတို့သားအမိနှင့် မူယာတို့အုပ်ကြီးကို လှမ်းမြင်ပုံရ၏။ ကျွန်မတို့ရှိရာ စောင်းတန်းရိပ်ကို ရောက်လာတော့ ကျွန်မ အိမ်သားကို မူယာနှင့် မိတ်ဆက်ပေးလိုက်သည်။ မိတ်ဆွေ မိသားစုကတော့ ကျွန်မတို့ကို မျှော်နေလောက်ပြီ။

“ဆရာမ သွားမယ် မူယာ၊ ဧည့်သည်တွေလည်း ပါသေးလို့နော်၊ဆရာမကို ဘယ်လိုမှမထင်ပါနဲ့ကွယ်၊ မူယာသမီးကလေးအတွက် ကျောင်းမုန့်ဖိုး ပေးခဲ့ချင်တယ်”

“မဟုတ်တာ၊ ဆရာမကို ကျွန်မကတောင် ကန်တော့ရဦးမှာပါ ဆရာမရယ်”

“တပည့်က ဆရာကို ကန်တော့ကောင်းသလို ဆရာကလည်း တပည့်ကို ပေးကောင်းပါတယ် မူယာရယ်၊ နှစ်ခုစလုံး မင်္ဂလာရှိတဲ့ ကိစ္စချည်းပါပဲ”

ကျွန်မက မူယာလက်ထဲကို ငွေသုံးထောင် ထည့်ပေးလိုက်သည်။မူယာက ယူဖို့ မဝံ့မရဲဖြစ်နေပုံပေါ်ပါ၏။ ကျွန်မက ဇွတ်ပေးတော့မှ ယူရှာသည်။

“ကျွန်မ ငယ်ငယ်က ကျောင်းဆရာမ သိပ်လုပ်ချင်တာ၊ ဆရာမ စာသင်တာကို အတန်းထဲမှာ ကျွန်မ အမြဲ‌ငေးတယ်၊ ဆရာမ ဝတ်တတ်တဲ့ အဝတ်အစားကလေးတွေကိုတောင် ကျွန်မ မှတ်မိနေတာ၊ ကျွန်မ ဆရာမ မဖြစ်နိုင်တော့ဘူးပေါ့နော် ဆရာမ”

မူယာစကားက မေးခွန်းလား၊ ညည်းညူ တသခြင်းပေလား ကျွန်မမသိပါ။ မူယာ မျက်ရည်တွေ ဝဲနေသည်။ တပည့်ဟောင်း တော်တော်များ
ဆင်းရဲရှာကြသူတွေလည်း ပါပါ၏။ သို့သော် မူယာကို တွေ့ရတာလောက် စိတ်မချမ်းမြေ့ရတာမျိုး မရှိ။
ကျွန်မတို့ မိသားစု ဘုရားပေါ်တက်လာကြတော့ မူယာတို့အုပ်ကြီး ကျန်ရစ်ခဲ့သည်။ မူယာက ကျွန်မအကြောင်းတွေ ပြောနေပုံပေါ်ပါသည်။
မိတ်ဆွေမိသားစုနှင့်အတူ ဘုရားဖူးပြီး ပြန်ဆင်းလာတော့ မူယာကို ရှာလို့ မတွေ့တော့။

( ၄ )

မြသိန်းတန်ဘုရားကြီးပေါ်က ဆင်းခဲ့ကြပြီး ပုထိုးတော်ကြီးနှင့် ခြင်္သေ့ကြီးနှစ်ကောင်ကို ခဏဝင်ကြမည်။ ပြီးလျှင် ပြန်မည်။ စစ်ကိုင်းမှာ ထမင်းဝင်စားကြမည်။ ကျွန်မတို့ ကားထွက်ခါနီးတော့ လှေကားထစ်တွေပေါ်က မူယာ ဒုန်းစိုင်းပြေးဆင်းလာတာ မြင်လိုက်ရသည်။ နေက ပူပြင်း
လှသည်။ ကျွန်မတို့ စီးလာသော ကားလေးကို လက်နှင့်ကာတားရင်း ရပ်ခိုင်းသည်။ လက်ထဲမှာ ပြောင်းဖူးတွေ။ ပူပူနွေးနွေး အငွေ့တထောင်း
ထောင်း၊ မူယာခမျာ မောနေပုံရသည်။ ဘယ်အထိတောင် သွားယူရတာပါလိမ့်။

“ဆရာမ သမီးကလေးဖို့ ပြောင်းဖူးပြုတ်တွေပါ ဆရာမ၊ အခင်းထဲက ချိုးပြီး ပြုတ်တာတွေ ချိုတယ်၊ ပြုတ်နေတဲ့အိမ် ပြေးယူလိုက်တာ၊
ဆရာမ စားပါနော်၊ ဧည့်သည်တွေလည်း စားပါရှင်”

ကျွန်မက ပြောင်းဖူးပြုတ်တွေ လှမ်းယူလိုက်သည်။ ကားထဲက တစ်တောင်သာသာ သနပ်ခါးနှစ်ချောင်းကို မူယာလက်ထဲ ထည့်ပေးလိုက်သည်။ ကောင်းမှုတော် သနပ်ခါးတွေကို မူယာ လိမ်းစေချင်သည်။ နေ
လောင်ထားသော မျက်နှာ၊ အဆီတွေပြောင်နေသော မျက်နှာ၊ သနပ်ခါးရော နားကပ်ပါ မကပ်ရှာသည့် မျက်နှာ။ မိတ်ကပ်မရှိ၊ နှုတ်ခမ်းနီမရှိ၊မျက်ခွံပြာ မရှိတော့သည့် မျက်နှာ။ မူယာက သနပ်ခါးတုံးတွေကိုတော့ မက်မက်စက်စက် ယူရှာပါသည်။ ကားထွက်ခါနီးတော့ မေးဖြစ်အောင် မေးလိုက်သည့် မေးခွန်းတစ်ခွန်း။

“ဒါတွေ တစ်ချောင်းဘယ်လောက် ဝယ်ခဲ့ရတာလဲ ဆရာမ”

“ဘယ်လောက်ဖြစ်ဖြစ်ပါအေ ညည်း လိမ်းစမ်းပါ၊ ညည်း လိမ်းစေချင်လို့ ပေးတာပါအေ”

“မဟုတ်တာ ဆရာမရယ်၊ ကျွန်မ ရိုးရိုးမေးတာပါ၊ ဟိုလေ ကျွန်မ ပြန်ရောင်းချင်လည်း ရောင်းမှာမို့ပါ”

ကျွန်မ ဘာပြောရမှန်းပင် မသိတော့။ ကျောင်းသူဘဝတုန်းက မူယာအတန်းထဲ မိတ်ကပ်တွေလိမ်းလာလျှင် သနပ်ခါးကလေးလူးဖို့ ကျွန်မ
ဆုံးမခဲ့ဖူးတာကို သတိရလိုက်မိပါ၏။ တစ်ခုခုပြောဖို့ ကျွန်မ ပါးစပ်ပြင်လိုက်မိသော်လည်း မပြောဖြစ်တော့။ သူကလေး ရိုးရိုးသားသား ပြောရှာ
တာကိုပဲ စိတ်မကောင်းဖြစ်ရသည်။ ရောင်းတော့ မစားပါနဲ့အေလို့လည်း မတားချင်တော့။ မိန်းကလေးဆိုတာ ပါးမှာ သနပ်ခါးရှိမှ ကျက်သရေရှိ
တာကွယ့်လို့လည်း မဆိုချင်တော့ သနပ်ခါးဈေးကို မပြောတော့ဘဲ နောက်ထပ် သနပ်ခါးတစ်ချောင်း မူယာကို ထပ်ပေးလိုက်သည်။ သည်တစ်
ချောင်းတော့ ညည်း လိမ်းလိုက်စမ်းပါအေ။

ကျွန်မတို့ ကားကလေး ဆက်ထွက်လာတော့ သနပ်ခါးသုံးချောင်းပိုက်ရင်း မူယာ လက်ပြကျန်ရစ်ခဲ့ရှာသည်။ ဆံပင်တွေက တလွင့်လွင့်။

( ၅ )

ပုထိုးတော်ကြီးထဲကို မိတ်ဆွေမိသားစုသာ ဘုရားသွားဖူးကြသည်။ကျွန်မက သမီးကလေး နေပူမိမှာစိုးသဖြင့် သစ်ပင်ရိပ်မှာပဲ ဘုရားကြီးကို
ဖူးမြော်လိုက်ပါ၏။ ကျွန်မ အိမ်သားကတော့ ခြင်္သေ့ကြီးနှစ်ကောင်ကို ဓာတ်ပုံသွားရိုက်သည်။ တစ်အောင့်နေတော့ ကျွန်မတို့သားအမိလည်း
ခြင်္သေ့ကြီးနှစ်ကောင်ဘက်ကို လိုက်ခဲ့ကြသည်။

ဈေးဆိုင်တန်းကလေးတွေကြား ဖြတ်တော့ သစ်သားပေတံကလေးတွေ၊ ရွှေချည်ထိုးအိတ်ကလေးတွေ သမီးကို ဝယ်ပေးလိုက်သည်။ သမီးကို သူ့အဖေက ခြင်္သေ့ကြီးတွေနှင့်တွဲကာ ဓာတ်ပုံရိုက်ပေးသည်။ ခြင်္သေ့ကြီးတွေကို မော့ကြည့်ကြသည်။

“ကျွန်မတို့ ငယ်ငယ်တုန်းက အဖေ ဖောင်ဆွဲမော်တော် မင်းကွန်းရောက်ပြီဆိုတာနဲ့ မောင်နှမတွေ လိုက်လာကြတာပဲ၊ သစ်လုံးတွေပေါ်
ဆော့လိုက်ကြ၊ သောင်ပြင်မှာ နပမ်းလုံးလိုက်ကြ၊ သည်ခြင်္သေ့ကြီးတွေကြား တူတူပုန်းလိုက်ကြနဲ့ပေါ့။ ဗိုက်ဆာတော့ အဖေမော်တော်ထဲ ဆင်းစားလိုက်
ကြနဲ့၊ အဖေတောင် သတိရနေမိသေးတယ်”

ကျွန်မ အိမ်သားကတော့ ကျွန်မစကားထက် ခြင်္သေ့ကြီးတွေကိုပဲ စိတ်ဝင်စားနေပုံ ရပါ၏။

“သည်ခြင်္သေ့ကြီးတွေက အတောင်ခြောက်ဆယ် မြင့်တယ်၊ ငလျင်ဒဏ်တွေ ခံခဲ့ရလို့ ပြိုကျသွားတာတွေ ဖြစ်ခဲ့ရတယ်။ ဗျာဒိတ်ခံ ခြင်္သေ့တွေဖြစ်လို့ ဘုရားစေတီတွေအနားမှာ အမြဲရှိကြရတာပေါ့။ အခုတော့ ပြိုကျပျက်စီးရပြီး သင်္ခါရက လွတ်ခဲတယ်လို့ ဆင်ခြင်နိုင်တာပေါ့လေ”

ဗျာဒိတ်ခံ ခြင်္သေ့ကြီးတွေတဲ့လား။ ကျွန်မတို့ငယ်ငယ်က မင်းကွန်းလူအိုရုံက အဘွားအိုတစ်ယောက် ပြောပြတာကို မှတ်မိနေသည်။ သည်ခြင်္သေ့
ကြီးတွေကို ခဲနဲ့ ကျော်အောင်ပစ်နိုင်ရင် ဆုတောင်းပြည့်တယ်ဆိုသည့်စကားပင်။ မောင်နှမတစ်တွေ တကယ်လည်း ခဲနှင့်ပစ်ကြည့်ခဲ့ကြဖူးသည်။ဘယ်သူမှ ကျော်အောင်မပစ်နိုင်ခဲ့။ သည်စကားကို ကျွန်မ အိမ်သားကို ပြောပြတော့ အခုလည်း ပစ်ကြည့်ပါလားတဲ့။ အခုမှတော့ မကြီးမငယ်နှင့်မပစ်ချင်တော့ပါ။

နောက်တစ်ခေါက် မင်းကွန်းကို ရောက်ဖြစ်လျှင်တော့ မူယာနွယ့်ကို လိုရာဆုတောင်းပြီး ခြင်္သေ့တွေကျော်အောင် ခဲပစ်ကြည့်ဖို့ ပြောပြချင်ပါ၏။
ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဆုတောင်းပြည့်လျှင် ကောင်းတာပေါ့။

ဆုတောင်းပြည့်သည် ဆိုပါစို့။ မူယာ ဘာဆုများတောင်းမှာပါလိမ့်လို့လည်း ကျွန်မ တွေးကြည့်နေမိပါသည်။ သူ့ထံ ပေါ်မလာတော့သော လင်သား ပြန်လာပါစေများ ဖြစ်နေမလား။ ဒါမှမဟုတ် ကောင်းမှုတော် သနပ်ခါးမွှေးမွှေး လူးနိုင်ပါရစေလို့ ဆုတောင်းလေမလား။ မူယာကကော ခြင်္သေ့ကျော်အောင် ခဲပစ်နိုင်ပါ့မလား။

– ခြင်္သေ့ကြီးတွေကတော့ ငလျင်ဒဏ်၊ လေဒဏ်၊ မိုးဒဏ်၊ နှစ်ကာလဒဏ်များကြောင့် ပြိုကျပျက်စီးကုန်ပါပြီ။ ဦးခေါင်းပိုင်း မရှိတော့သော
ခြင်္သေ့ကြီးနှစ်ကောင်ကို ကျွန်မ ကြည့်ရင်းက မိဖုရား မဖြစ်ရရှာသော မူယာအကြောင်းကို တွေးနေမိပါ၏။

————–

ခင်ခင်ထူး

( Perfect မဂ္ဂဇင်း )
(၂၀၀၈) ခုနှစ်၊ ဇန်နဝါရီလ