• June 19, 2025
  • admin
  • 0

ကိုပိုက်
မေ့ဖျောက်၍မရသော မြင်ကွင်း

တောအုပ်ကလေး ညွန့်လှိုင်လှိုင်တို့အဖွဲ့သည် တောင်ကုတ်မှနေ၍ နံနက် ၈ နာရီတွင် ခရီးထွက်ခဲ့ရာ ဆားပြင်ရွာသို့ မွန်းလွဲ ၂ နာရီတွင် ရောက်ခဲ့ကြသည်။

ထိုရွာတွင် အလုပ်သမားများ ရှာဖွေစုဆောင်းပြီး နောက်တစ်နေ့တွင် ခရီးဆက်ခဲ့ကြပြန်သည်။ ထိုမှတစ်ဆင့် တောင်ပေါက်ကျေးရွာသို့ ရောက်ခဲ့ကြ၏။

တောင်ပေါက်ကျေးရွာ၏ ရွာဆော်ကြီး ဦးလူရှည်အိမ်တွင် တစ်ည တည်းခိုပြီး တောင်ကျော်အလယ်ရွာသို့ ထွက်ခဲ့ရာ လမ်းတွင်ရှိသော ခွဆုံးကျေးရွာတွင် မုဆိုးလည်းဖြစ်၊ တောင်ယာလုပ်သားလည်းဖြစ်သော ကိုစိုးဝင်းနှင့် ကိုဒေါင်းဒေါင်းတို့နှစ်ယောက်ကို ဝင်ခေါ်ခဲ့ကြပြန်သည်။

ကိုဒေါင်းဒေါင်းနှင့် ကိုစိုးဝင်းတို့သည် မုဆိုးများဟု ခေါ်ရသော်ငြား သူတို့သည် အမဲလိုက်သည်ဆိုရာ၌ ကိုင်းထောင်၊ ကပ်ဘိထောင်ခြင်း၊ ကျော့ကွင်းထောင်ခြင်း၊ သုတ်ကိုင်းထောင်ခြင်း၊ ပိုက်ထောင်ခြင်း စသည့် နည်းများဖြင့် အမဲရှာဖွေကြသူများ ဖြစ်၏။ သူတို့၏လက်နက်ကား လှံရှည်များပင် ဖြစ်ချေ တော့၏။

ဆိုပါစို့။ ကျော့ကွင်းတွင် တောဝက်မိနေပြီဆိုပါက သူတို့သည် လှံရှည်ဖြင့် ဝိုင်းဝန်းထိုးသတ်ဖြတ်ကြခြင်း ဖြစ်၏။ အန္တရာယ်တော့ အများသား။ သို့ငြား သူတို့ရိုးရာနည်းဖြင့် ဘိုးဘွားဘီဘင်လက်ထက်ကတည်းက ဤနည်းဖြင့်သာ အမဲလိုက်ခဲ့ကြသူများဖြစ်သည်။ သူတို့အဖို့ မည်သို့မျှ မထူးဆန်းပါချေ။ သို့ငြား အခန့်မသင့်လျှင်ဖြင့် လွဲချော်မှုအနည်းငယ်တော့ ဖြစ်တတ်သည်။

တောအုပ်ကလေး ညွန့်လှိုင်လှိုင်တို့အဖွဲ့သည် ရခိုင်ပြည်နယ်၊ တောင်ကုတ်-ဆားပြင် ကြိုးဝိုင်းအတွင်း သစ်တောထွက် သယံဇာတပစ္စည်းစာရင်းများ ကောက်ယူရန် ရောက်လာခဲ့ကြခြင်း ဖြစ်သည်။

တောင်ကျော်ကျေးရွာတွင် သုံးညအိပ်နေထိုင်ကြပြီး သစ်ပင်အမျိုးအစားခွဲခြင်း၊ အရေအတွက် စာရင်းကောက်ခြင်း၊ သက်တမ်းသတ်မှတ်ခြင်းလုပ်ငန်း များကို လုပ်ကိုင်ကြလျှင် ခလီခလာချောင်းဖျားသို့ တက်ခဲ့ကြ၏။

ခလီခလာချောင်းနံဘေး တောင်ယာတဲစုလေးတွင် နေထိုင်ကြသူများမှာ “နားပေါက်ကျယ်” ချင်းလူမျိုးစုတို့ ဖြစ်ကြ၏။ တောင်ယာတဲစုဟု ဆိုရသော်ငြား ရှစ်လုံးခန့်သာ ရှိပေ၏။ ညွန့်လှိုင်လှိုင်တို့အဖွဲ့သည် ခလီခလာချောင်းနံဘေး သဲသောင်ခုံတွင်ရှိ တဲလွတ်တစ်ခုတွင် စခန်းစွဲထားသည်ဖြစ်၍. . .

“မောင်တိုးရေ … မင်းတို့နေတဲ့နေရာက အန္တရာယ်များသကွယ့်။ အကယ်၍များ ညရေးညတာမှာ တောဆင်ရိုင်းအုပ်တွေ ဆင်းလာလျှင်ဖြင့် ချောင်းဘက်ကို ပြေးဖို့ စိတ်မကူးကြနဲ့နော်။ ငါတို့ တဲစုလေးဘက်ကိုသာ ပြေးလာကြကွယ့်”

ရယ်လို့ တဲစုရှိ ရွာလူကြီးဟု ခေါ်ရမည့် မုဆိုးကြီး ဦးငတုတ်က စေတနာအပြည့် ပြောလာမိတ်ဆက်ခဲ့သဖြင့် ညွန့်လှိုင်လှိုင်တို့သည် နားပေါက်ကျယ်ကျေးရွာလူကြီး မုဆိုးဦးငတုတ်ဆိုသည့် အသက် ၇ဝ ခန့်ရှိ ချင်းလူမျိုးတစ်ဦးနှင့် ဆုံစည်းခဲ့ရာမှ ရင်နင့်ဖွယ် ဇာတ်လမ်းလေးတစ်ပုဒ်နှင့် ကြုံခဲ့ကြရပေတော့သည်။

ဤဇာတ်လမ်း စတင်အခြေခံသည့်နေရာကား ခလီခလာချောင်းဖျားရှိ နားပေါက်ကျယ်တို့ နေထိုင်သည့် တဲအိမ်စုလေးမှ မုဆိုးကြီး ဦးငတုတ်နှင့် ဒုတိယအကြိမ် ပြန်ဆုံရာမှ စခဲ့ခြင်းဖြစ်သည်။

ဆိုပါအံ့။ တောအုပ်ကလေး ညွန့်လှိုင်လှိုင်တို့သည် ပထမအခေါက် ဦးငတုတ်တို့ တဲအိမ်စုလေးတစ်ဝိုက်အနီးရှိ သဘွန်ချောင်းနှင့် ဗျစ်ဆင်ချောင်း တစ်ဝိုက်တွင် လုပ်ငန်းများလုပ်ခဲ့ကြပြီး ထိုမှတစ်ဆင့် တန့်လွဲချောင်းဖျားရှိ သက္ကယ်ပြင်ကျေးရွာတစ်ဝိုက်တွင် လုပ်ငန်းများ လုပ်ဆောင်ရန် စခန်းပြောင်းခဲ့ကြ​၏။

ထိုမှာပင် အဓိက ဇာတ်ပို့တစ်ဦးဖြစ်သည့် ကိုရွှေအေးနှင့် ဆုံခဲ့ကြသည်။ ကိုရွှေအေးသည် ဆင်သေရွာ က. ယ. က အတွင်းရေးမှူး ဖြစ်၏။ သူသည် လွန်စွာမျှ ချီးကျူးဖွယ်ကောင်းသော လူတစ်ယောက်ဖြစ်၏။ တောတောင်အတွင်း မွေးဖွားနေထိုင် ကြီးပြင်းခဲ့ရသော်ငြား သူ၏မျိုးဆက်ဖြစ်သည့် သားသမီးတို့အား အမြင်ကျယ်စေရန် လူတောတိုးနိုင်စေရန် သူကဲ့သို့ တောတောင်တွင်း တောင်ယာတဲများ၌သာ ဘဝကို မဖြတ်သန်းစေဘဲ ပညာတတ်လူငယ်များ ဖြစ်အောင် သင်ယူစေ၏။

သို့ကြောင့်လည်း သားသမီးတွေ ဆယ်တန်းအောင်လို့ အဝေးသင်တက္ကသိုလ် ရောက်ကြချေပြီ။ သားဖြစ်သူက ဆယ်တန်းအောင်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထဲမှာ တာဝန်ထမ်းဆောင်နေသူတစ်ဦး ဖြစ်သည်။ သမီး ဖြစ်သူက ရန်ကုန်မြို့ကြီးအနီး လှိုင်သာယာ စက်မှုဇုံတွင်ရှိသော အထည်ချုပ် စက်ရုံတစ်ရုံမှာ အလုပ်လုပ်ရင်း ပညာသင်ကြားနေဆဲ ဖြစ်သည်။

သို့ဆိုသလို ကိုရွှေအေးတို့ဇနီးမောင်နှံသည် သားသမီးတွေကို ပညာတတ်တွေ ဖြစ်စေပြီး သူတို့နှစ်ဦးကတော့ ယနေ့တိုင် တောတောင်အတွင်း တောင်ယာတဲများတွင် လှည့်လည်နေထိုင်ရပြီး နွားတစ်ရှဉ်းဖြင့် ကျုံးရုန်းရှာနေတုန်း ဖြစ်ချေတော့၏။

သို့ ပင်ပင်ပန်းပန်း လုပ်ဆောင်နေရသည်ကို မောတယ် ပန်းတယ်ရယ်လို့ ဘယ်တော့မှ မပြောကြချေ။ လိမ္မာရေးခြားရှိလှသော သားသမီးများကြောင့် ဝမ်းသာပီတိ ဖြစ်နေကြသည်ပင်။

ညွန့်လှိုင်လှိုင်တို့အဖွဲ့သည် ကိုရွှေအေး တောင်ယာတဲတွင် စခန်းချ လုပ်ငန်း လုပ်ဆောင်ခဲ့သည့် အချိန်ကာလတွင် နေရေးထိုင်ရေး စားရေးသောက်ရေးကိုပင် သူက တာဝန်ယူခဲ့သူ ဖြစ်သည်။

တကယ်တော့ ညွန့်လှိုင်လှိုင်တို့သည် လုပ်ငန်းလည်း ပြီးပြတ်သလောက် ဖြစ်ချိန်မို့ ရိက္ခာငွေကြေးလည်း ပြတ်လတ်ကြချေပြီ ဖြစ်သည်။ ကိုရွှေအေးက တာဝန်မယူလျှင်လည်း သူတို့အဖွဲ့ ငတ်ကြပေမည်။

ညွန့်လှိုင်လှိုင်တို့အဖွဲ့ လုပ်ငန်းများ လုပ်ဆောင်ပြီးသည်နှင့် ပြန်ကြမည်ဖြစ်၍ တဲရှင် ကိုရွှေအေးတို့ဇနီးမောင်နှံကို နှုတ်ဆက်စကား ပြောလိုက်သည်။

“ကဲ. . . ကိုရွှေအေးရေ ခင်ဗျားရဲ့ ကျေးဇူးတွေကို ကျုပ်တို့ မမေ့ပါဘူးဗျာ။ နောင် အလျဉ်းသင့်သလို အခွင့်အခါကြုံလျှင်ဖြင့် ကျေးဇူးပြန်ဆပ်ဖို့ ကြိုးစား ပါမယ်”

ရယ်လို့ အဖွဲ့ခေါင်းဆောင် ညွန့်လှိုင်လှိုင်က ပြောလိုက်သည်။

“မလိုပါဘူးဗျာ၊ မြို့ကြီးပြကြီးကနေ ကျုပ်တို့ဆီ ရောက်လာကြတာ ဆိုကတည်းက အတိတ်ဘဝ ရေစက်ကြောင့်လို့ ပြောရမှာပေါ့။ ကဲ. . . ဒါတွေ ထားပါဗျာ။ ကိုညွန့်လှိုင်တို့ ပြန်ကြမယ်ဆိုလျှင်ဖြင့် ကျုပ် နားပေါက်ကျယ်ရွာအထိ လိုက်ပို့ပါ့မယ်”

ဆိုကာ ညွန့်လှိုင်လှိုင်တို့နှင့် ပါလာခဲ့တော့၏။

“အတော်ပဲဗျာ၊ ကျုပ်လဲ ဦးငတုတ်ကြီးကို နှုတ်ဆက်ရပေမယ်”

ရယ်လို့ ပြောပြီး ညွန့်လှိုင်လှိုင်က စဉ်းစားလာငြား နားပေါက်ကျယ်ရွာသို့ ရောက်ခဲ့ကြသည်တွင် သူ့ရင်တွင်း ထိတ်လန့် သွားတော့၏။ ဦးငတုတ်တို့ လူတစ်စု လှံရှည်များကိုင်ကာ စုရုံးစုရုံးလုပ်နေကြသည်ကြောင့်

“ကိုရွှေအေး သူတို့တွေ ဘာကိစ္စဖြစ်နေကြတာတုန်း၊ ရွာသားတွေ လှံရှည်ကိုယ်စီနဲ့ပါကလား။ တခြားရွာက လူတွေနဲ့ ရန်ဖြစ်ကြလို့လား”

ရယ်လို့ ညွန့်လှိုင်လှိုင်က မေးလိုက်သည်။

“ဟုတ်ဘူးဗျ၊ သူတို့တွေ အမဲလိုက်ထွက်ကြဖို့ ထင်တယ်။ ဧကန္တတော့ သူတို့ထောင်ထားတဲ့ ကျော့ကွင်းမှာ သားကောင်ကြီးတစ်ကောင် မိထားလောက် ပြီထင်တယ်။ လာဗျို့. . . ဟိုရှေ့မှာ ဦးငတုတ်ကြီး မဟုတ်လား၊ သူ့ သွားမေးကြစို့”

ဆိုကာ ကိုရွှေအေးသည် ရှေ့မှ ဦးဆောင်ထွက်သွားသည်ကြောင့် ညွန့်လှိုင်လှိုင်တို့သည်လည်း သူ့နောက်မှ ကပ်ပါသွားကြသည်။

“ဘကြီးတုတ်ရေ . . . ဘာကောင်များ မိထားပြန်ပလဲ”

ကိုရွှေအေးက ဦးငတုတ်ကြီးနှင့် တွေ့တွေ့ချင်း မေးလိုက်၏။

“ဟ မောင်ရွှေအေး ဘာကိစ္စရှိလို့ ရောက်လာတာတုန်း။ ငါ ဘာကူညီ ပေးရမလဲ ပြော။ နို့ပေမင့် ခုတော့ မရဘူး၊ နက်ဖြန်လောက်မှ လာကွာ၊ ခု ငါ အမဲလိုက်သွားတော့မလို့ ”

ဦးငတုတ် စကားကြောင့် ညွန့် လှိုင်လှိုင်တစ်ယောက် အံ့ဩတကြီး ဖြစ်သွားမိသည်။

ဦးဝတုတ် အသက်က ၇ဝ ကျော်ချေပြီ။ ဘယ့်နှယ်ကြောင့် အမဲလိုက် ထွက်ဦးမှာပါလိမ့်။ ဖြစ်နိုင်ပါ့မလားရယ်လို့ စဉ်းစားလိုက်မိဆဲတွင် …

“အလိုဗျာ. . . တောအုပ်လေးလဲ ပါသကိုး။ အတော်ပဲဗျို့၊ ကျုပ်တို့ အမဲ လိုက်ထွက်ဖို့ လူလိုနေသဗျ။ ဟိတ်ကောင် ဒေါင်းဒေါင်း မင်းတို့လိုက်ခဲ့ကြ မလား။ ဒို့မယ် လူအင်အား နည်းနေသကွ။ ခု ထိုးရမယ့်အကောင်က အတော်ကလေး သတိထားလုပ်ကြမှ အန္တရာယ်ကင်းမှာကွ။ ဒို့ လူအင်အားနဲ့ သားကောင် သိပ်မမျှသလို ဖြစ်နေတယ်။

ခု ဒီမယ် ငါတို့သားအဖရယ်၊ ရွာသားနှစ်ယောက်ရယ်၊ လှံထိုးကျွမ်းကျင်သူ ရှိတာ။ မင်းတို့နှစ်ယောက် လိုက်ခဲ့ကွာ”

ဆိုပြီး ကျွန်တော့်လုပ်သားများ ဖြစ်သည့် ကိုဒေါင်းဒေါင်းနှင့် ကိုစိုးဝင်းတို့ကိုပါ ခေါ်နေသဖြင့်. . .

“ဘာကောင် မိထားလို့တုန်း။ တောဝက်ဆိုလျှင်ဖြင့်လဲ ဘတုတ်တောင် လိုက်စရာမလိုပါဘူးဗျာ။ သားတော်မောင်နဲ့ အဖော်နှစ်ယောက်ဆို ရပြီမဟုတ် လား”

ကိုရွှေအေး စကားကြောင့် ဦးငတုတ်သည် ဖွီကနဲ ပါးစပ်တွင်း ပလုတ်ပလောင်း ဝါးနေသည့် ကွမ်းများကို ထွေးထုတ်လိုက်ပြီး. . .

“ခွေးမှပဲ… တောဝက်လောက်ဆို ဘာပြောမှာတုန်း။ ခုဟာ ဆယ်တောင်နီးနီးရှိတဲ့ ဟင်းကောင်ကြီး မိနေလို့ပေါ့ကွ”

ဆိုလာသဖြင့် ကိုရွှေအေး မျက်လုံးပြူးသွားသလို ညွန့်လှိုင်လှိုင်တို့လည်း ထိတ်လန့်သွားတော့၏။

“ကဲဗျာ. . . နို့ဖြင့် ကျုပ်တို့နှစ်ယောက် လိုက်ခဲ့မယ်”

ဆိုကာ ကိုဒေါင်းဒေါင်းတို့နှစ်ယောက်သည် သာမန်တောင်ယာသမား လူနှစ်ယောက်ထံမှ လှံရှည် များကို လက်လွှဲယူလိုက်၏။

“ဟုတ်ပြီ မင်းတို့တွေနေခဲ့။ ငါတို့ ငါးယောက်ဆိုလျှင် လုံလောက်ပြီ။ ကဲ ကိုရွှေအေးတို့ သွားလိုက်ဦးမယ်။ ဒီအချိန်ဆို ဟင်းကောင်ကြီး ရုန်းကန်ရင်း မောလို့ ငြိမ်နေလောက်ပြီ။ ညတွင်းချင်း သို့မဟုတ် မနက်စောစော ပြန်လာခဲ့မယ်။ တောအုပ်လေးတို့လဲ စောင့်နေပါ။ အပြန် ဟင်းကောင်သား လက်ဆောင်ယူသွားကြပေါ့ဗျာ”

ဆိုပြီး လှည့်ထွက်မည်အပြုတွင် ကိုရွှေအေးက

“ကိုညွန့်လှိုင်ရေ … ကြုံဖူး တွေ့ဖူးတယ်ရှိအောင် လိုက်ကြည့်ကြပါလား”

ရယ်လို့ ပြောလာသဖြင့် ညွန့်လှိုင်လှိုင်သည်လည်း

“အေးဗျာ ကြုံတောင့် ကြုံခဲ လိုက်ခဲ့မဗျာ။ ကျုပ်တို့အတွက်နဲ့ အနှောင့်အယှက်မဖြစ်ဘူး ဆိုလျှင်ပေါ့”

ညွန့်လှိုင်လှိုင်စကားကြောင့် ဦးငတုတ်သည် နောက်ပြန်လှည့်ကြည့်ပြီး-

“သွေးမနည်းလျှင်တော့ လိုက်ခဲ့လို့ရပါ့ဗျာ။ ကျုပ်တို့အတွက် အနှောင့်အယှက် မဖြစ်ပါဘူး။ နို့ပေမင့် ကျုပ်တို့ အလုပ်လုပ်နေတဲ့နေရာနဲ့ ခပ်လှမ်းလှမ်းမှာပဲ နေခဲ့ကြရလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကိုးရေး တစ်ရေး၊ ဆယ်ရေး တစ်ရာလေဗျာ။ သားကောင်ရဲ့ အခြေအနေ ကျုပ်တို့ ဂဃနဏ သိရသေးတာမှ မဟုတ်တာ။ အပိုင်ပြောလို့တော့ မရဘူး”

ဦးငတုတ် စကားနောက်ဆက်၍ ကိုရွှေအေးကလည်း. . .

“ဟုတ်တယ်ဗျ။ ကျော့ကွင်းမိထားတဲ့ သားကောင်ရဲ့အခြေအနေဆိုတာ ဒီကျော့ကွင်းဟာ ပိုင်ပိုင်နိုင်နိုင် သားရဲကောင်မှာ စွပ်မိနေလေသလား၊ အဖျား ခတ်သာလျှင် စွပ်မိနေသလားဆိုတာ မသိသေးဘူးဗျာ။ ဆိုပါစို့ဗျာ. . . လက်ကောက်ဝတ်၊ ခြေကျင်းဝတ်မှာ စွပ်မိနေလျှင်ဖြင့် ပိုင်ပိုင်နိုင်နိုင် မိထားတယ်လို့ ပြောလို့ရပေမင့် ကျော့ကွင်းက ခြေချောင်း လက်ချောင်းလေးတွေမှာသာ မိထားတယ်ဆိုလျှင်ဖြင့် သားရဲကောင်ဟာ ခြေချောင်း လက်ချောင်းလေးတွေကို အပြတ်ခံ ရုန်းကန်မယ်ဆိုလျှင် လှံထိုးသမားတွေအတွက် ကြီးမားတဲ့အန္တရာယ် ကျရောက်နိုင်တယ်ဗျာ”

ညွန့်လှိုင်လှိုင် သဘောပေါက်သွားတော့၏။

“ကျုပ်တော့ ကြုံတောင့်ကြုံခဲ အခွင့်အရေးမို့ လိုက်မဗျာ”

ပြောလိုက်၏။

“ကျွန်တော်တော့ နေခဲ့မဗျာ”

ရယ်လို့ ကျောင်းဆင်းခါစ တောအုပ်ကလေး ခင်မောင်တိုးက အသံတုန်တုန်ဖြင့် ပြောလာသဖြင့်. . .

“ငါထင်ပါတယ်ကွာ။ မင်းက တောတောင်ဆိုတာ ဒီတစ်ခါပဲ ရောက်ဖူးတာမဟုတ်လား။ သင်တန်းဆင်းပြီးတာနဲ့ တောထဲဝင်ခဲ့ရတော့ တောအတွေ့အကြုံတောင် ရှိတာမဟုတ်ဘူး။ ဆင်ချီးပုံတွေ့တာတောင် ဘာလဲလို့ မေးတတ်သေးတာပဲ … နေခဲ့ပါကွာ”

ဟု ညွန့်လှိုင်လှိုင်က ပြောလိုက်၏။

သို့ဖြင့် သူတို့သည် ဦးငတုတ် ဦးဆောင်သည့်နောက်မှ လိုက်သွားကြတော့၏

ခရီး တစ်မိုင်ခန့်အရောက်တွင် ဆူညံစွာ အော်ဟစ်နေသော ကျား၏ အသံကြောင့် ထိတ်လန့်သွားမိ၏။

ကြောက်ခမန်းလိလိ အော်ဟစ်သံကြောင့် မြေဝပ်ငှက်တို့ ထပျံကုန်၏။

သားကောင်ငယ်တို့ ပြေးလွှားသွားကြ၏။

“ဟာ. . . ဟုတ်ပြီ ကျော့ကွင်းမှာ ဟင်းကောင်မိနေတာ သေချာပြီ။ သူ့အသံ ကြည့်ရခြင်းအားဖြင့် လက်မှာဖြစ်ဖြစ် ခြေမှာဖြစ်ဖြစ် ပိုင်ပိုင်နိုင်နိုင် ကျော့ ကွင်းမိနေတာ သေချာတယ်ဟေ့။ နို့ကြောင့် သူက ရုန်းလေ ကျော့ကွင်းကြိုးက အသားထဲ စိုက်ဝင်သွားလေမို့ အသားကုန်အော်ဟစ်နေသံပဲကွ”

မုဆိုးကျော်ကြီး ဦးငတုတ်က ကျားအော်သံကြည့်ပြီး မှတ်ချက်ချ ပြောလာသဖြင့်. . .

“နေပါဦးဗျ … ကျော့ကွင်းက ဘာကျော့ကွင်းတုန်း၊ ရုန်းလေ အသားထဲ နစ်ဝင်လေဆိုတော့. . .”

ရယ်လို့ ညွန့်လှိုင်လှိုင်က မေးလိုက်သည်။

“ကျော့ကွင်းက စတီးကြိုးပေါ့ကွဘယ်သားကောင်ဖြစ်ဖြစ် ရုန်းလေအသားထဲကို စိုက်ဝင်သွားလေဆိုတော့ နောက်ဆုံး နာကျင်လွန်းလို့ မရုန်းသာတော့ဘူးပေါ့ကွာ။ အဲဒီအချိန်မှာ ငါတို့က သူနဲ့ လက်တစ်ကမ်းအကွာကနေ စိမ်ပြေနပြေ လှံရှည်တွေနဲ့ မသေမချင်း ထိုးသတ်နေရုံပေါ့”

ကျား၏ အော်ဟစ်သံမှာ တစ်စတစ်စ တိုးညင်းသွားသံသာ ကြားရတော့သဖြင့်. . .

“လာဟေ့. . . ဒီကောင်ကြီး မရုန်းရဲပြန်တော့ဘူး။ ငြိမ်သွားပြန်ပြီ။ ဒို့လုပ်ငန်း စကြစို့။ ရွှေအေးနဲ့ တောအုပ်လေး ကျုပ်တို့အနား သိပ်မကပ်နဲ့။ ခပ်လှမ်းလှမ်းကသာ ကြည့်နေနော်။ အန္တရာယ်ဆိုတာ ပြောမရပေဘူး”

ရယ်လို့ မှာပြီး ဦးငတုတ်တစ်ယောက် ဦးဆောင်ကာ ထွက်သွားတော့၏။

သူ့နောက်မှ လှံကိုင်သမားများ လိုက်သွားကြ၏။ ညွန့်လှိုင်လှိုင်နှင့် ကိုရွှေအေးသည်လည်း နောက်မှ ထက်ကြပ်မကွာ လိုက်ပါသွားတော့၏။

တောတန်းလေးအလွန် ဝါးနက်ဝါးတောအောက်တွင် ကျော့ကွင်းမိနေသော ကျားကောင်ကို တွေ့လိုက်ကြသည်။ သူ့ကို ထိုးနှက်သတ်ဖြတ်ရန် လူသတ္တဝါများကို မြင်လိုက်သည်နှင့် ကျားကောင်သည် “ဝေါင်း” ရယ်လို့ အော်ဟစ်ပြီး လဲလျောင်းနေရာမှ ထကာ အန္တရာယ်ပြုဟန် လှုပ်ရှားလိုက်ငြား ကျော့ကွင်းဒဏ်ကြောင့် နာကျင်သွားရသဖြင့် အသံကုန်အော်ဟစ်ရင်း ငြိမ်ကျသွားပြန်၏။ အသက်ရှူ မြန်နေပုံလည်း ဖြစ်၏။ ထို့နောက် သူ့နား တိုးကပ်လာကြသော လူတစ်စုကို မျက်လုံးစူးစူးဖြင့် ကြည့်နေပြီး အကြံထုတ်နေပုံ ရ၏။

“ဟိတ်ကောင်တွေ … သိပ်အတင့်မရဲနဲ့ နော်။ ဒီကောင်ကြီး အကြံထုတ်နေပုံ ရတယ်။ သူနဲ့ လက်တစ်ကမ်း အလွတ်ကို သေချာတွက်ချက်ပြီး နေကြနော်။ ကဲ. . . ဒို့တွေ သူ့ကို ဝိုင်းတွယ်လိုက်ကြရအောင်”

ရယ်လို့ ဦးငတုတ်က သူ့လက်တွင်းမှ လှံရှည်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး ကျားကောင်၏ လက်ပြင်ရိုးနေရာဆီသို့ ပြေးထိုးလေ၏။

ကိုဒေါင်းဒေါင်း၊ ကိုစိုးဝင်း၊ ဦးငတုတ်၏သား အပါ အဝင် ရွာသား မုဆိုးနှစ်ယောက်သည်လည်း ဦးငတုတ်နှယ် ထိုကျားကောင်၏ ခန္ဓာကိုယ် အနှံ့အပြားသို့ တစ်ယောက်တစ်နေရာဆီ ပြေးထိုးကြတော့၏။ တစ်ကိုယ်လုံး ပတ်ပတ်လည် နေရာအနှံ့ လှံစူးများဖြင့် ထိုးနှက်ခြင်း ခံရသဖြင့် ကျားကောင်သည် နာကျင်လွန်းသည်ဖြစ်၍ ရုန်းကန်နေလေတော့၏။ သူ့အသံကြီးသည် တောပျက်လုမတတ် ကြောက်မက်ဖွယ် ဖြစ်ချေတော့၏။

“ထိုး … ထိုး”

“လက်ပြင်ထိုး”

“နှလုံးသားကို ထိုး”

“ဝေါင်း”

လူသံ၊ ကျားအော်သံ ဆူညံနေ၏။ ထိုစဉ်ကြားမှာပင်..

“ဖြောင်း”

“ဂျွတ်”

“ဟာ”

“သားကြီး မထိုးနဲ့ … မထိုးနဲ့ နောက်ပြန်ဆုတ်”

ဦးငတုတ်၏ ကြောက်လန့်တကြား သတိပေးသံပင် မဆုံးလိုက် ကျားသည် အားစိုက်ရုန်းကန်လိုက်သည့်အခိုက်တွင် ကျော့ကွင်းကြိုး ပြတ်တောက်ခြင်း မရှိသော်ငြား သုတ်ကိုင်းဝါးသည် ဖြောင်းကနဲ ကျိုးသွားသည်ကြောင့် ကျားကောင်နှင့် လက်တစ်ကမ်းနေရာတွင် ရှိနေသည့် ဦးငတုတ်၏ သားသည် ကံဆိုးစွာပင် ကျားကောင်၏ ကျားနာခဲခြင်းကို ခံလိုက်ရပေသည်။

“အား”

“ဟာ”

ဦးငတုတ်၏သား အော်ဟစ်လိုက်သည့် အသံစူးစူးဝါးဝါးကြီးသည် ကျားကောင် မာန်ဖီသံနှင့် ရောထွေးနေရာမှ တဖြည်းဖြည်း တိမ်ဝင်သွားတော့၏။

မထင်မှတ်သော မြင်ကွင်းကြောင့် ကျားထိုးသူများ နောက်သို့ ဆုတ်သွားကြ၏။ ဘယ်သို့ ဆက်လုပ်ရမည်ကို တဒင်္ဂ မေ့လျော့သွားကြသည်။ ကြောက် လန့်တုန်လှုပ်နေကြ၏။

ကျားကောင်ကြီးသည် အနှောင်အဖွဲ့မှ လွတ်နေတော့ ၏။ မည်သူမျှ ရှေ့မတိုးရဲပေမယ့် ဦးငတုတ်သည် သားဇောကြောင့် စဉ်းစားမနေတော့ဘဲ သူ့လက်တွင်းမှ လှံဖြင့် ကျားကောင်ကို ပြေးထိုးလေတော့၏။

“ဝေါင်း”

ကျားကောင်သည် ခြေတစ်လှမ်း နောက်ဆုတ် အရှိန်ယူကာ သူ့ထံ တဇွတ်ထိုးပြေးဝင်လာသော ဦးငတုတ်ကို ခုန်အုပ်ရန် ကိုယ်ကျုံ့လိုက်သည်မှာပင်

“ဒိန်း …”

ပြင်းထန်သော ယမ်းအားပေါက်ကွဲသံနှင့်အတူ ကျားကောင်သည် နောက်သို့ ဖင်ထိုင်ကျသွားတော့သည်။

ဦးငတုတ်သည် ရုတ်တရက် ကြားလိုက်ရသော သေနတ်သံကြောင့် ပြေးရင်းမှ ရုတ်ခြည်းရပ်တန့်သွားသည်။ ထိုမြင်ကွင်းရှိ လူအားလုံးသည် သေနတ်သံ ထွက်ပေါ်လာရာသို့ အံ့ဩစွာဖြင့် လှမ်းကြည့်လိုက်ကြသည်။

ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် အံ့ဩတကြီး ဖြစ်နေသည့် လူတစ်စုထံသို့ ဖြည်းလေးသော ခြေလှမ်းများဖြင့် လျှောက်သွားလိုက်ကြသည်။

“ဟာ … ကိုပိုက်နဲ့ ကိုလင်းပါလား။ ဘယ်လိုကြောင့် ဒီရောက်လာကြတာလဲ။ အံ့ဩစရာကောင်းလိုက်တာဗျာ”

တောအုပ်ကလေး ညွန့်လှိုင်လှိုင်က ဝမ်းသာစွာ ဆီးကြိုပြောလာလေသည်။

သို့ဖြစ်၍ ကျွန်တော်က. . .

“ကျွန်တော်တို့နှစ်ယောက်ကို ခင်ဗျားတို့ရဲ့ ဝန်ထောက်ကလေး မောင်မောင်သန်းက ခေါ်လာတာဗျ။ မနေ့ကတည်းက ရောက်နေတာ။ ဒီကနေ့ ကျွန်တော်တို့ မရောက်ဖူးတဲ့ ရခိုင်ရိုးမတောထဲ အမဲပစ်ထွက်ခဲ့ကြတာလေ။

မောင်မောင်သန်းကတော့ ခလီခလာမှာ နေခဲ့လေရဲ့။ ကျွန်တော်တို့နှစ်ယောက်က လမ်းပြကြီးနဲ့အတူ အမဲပစ်ထွက်ခဲ့ကြရင်း ကြောက်ခမန်းလိလိ ကျားအော် ဟစ်သံကြောင့် ကျော့ကွင်းမိနေတဲ့ ကျားအော်နေတာသိလို့ ဗဟုသုတအလို့ငှာ ကြည့်ချင်ကြတာနဲ့ ရောက်ခဲ့ကြတာဗျို့။ အချိန်မီ ရောက်ခဲ့ကြပေမင့် ခုလို
ရုတ်တရက်ကြီး အခြေအနေပြောင်းလဲသွားမယ်ဆိုတာ ကြိုမတွက်ထားမိတော့ လူတစ်ယောက် အသက်ဆုံးရှုံးသွားရတာကိုပဲ စိတ်မကောင်းဖြစ်မိတယ်ဗျာ”

သည့်နောက် ကျွန်တော်တို့သည် ညွန့်လှိုင်လှိုင်တို့အဖွဲ့နှင့်အတူ ခလီခလာ တဲစုလေးသို့ တစ်စုတစ်ဝေးတည်း ပြန်ခဲ့ကြရာတွင် ရှေ့ဆုံးမှ ဦးငတုတ်သည် သူ၏သားအလောင်းကို ပွေ့ပိုက်ရင်း တစ်လှမ်းချင်း လှမ်းခဲ့သလို ကျားသေကောင်ကို ဝါးလုံးလျှို၍ ရွာသားနှစ်ယောက်က ထမ်းလာပြီး ကျန်လူတို့သည် ညှိုးငယ်သော မျက်နှာများဖြင့် လျှောက်လာကြသည်ကို တဲစုလေးရှိ တောင်ယာသမားတို့နှင့်တကွ ဧည့်သည် သစ်တောဝန်ထမ်းများကပါ စိတ်မကောင်းစွာဖြင့် ထွက်ကြည့်နေကြသည့် မြင်ကွင်းသည် ယနေ့တိုင် ကျွန်တော့်ကို အိပ်မက်ဆိုးများအဖြစ် ခြောက်လှန့်နေဆဲ ဖြစ်ပေသည်။

၁၈. ၂. ၂၀၀၁

မှုခင်းရှုထောင့်မဂ္ဂဇင်း၊ ဇန်နဝါရီ၊ ၂ဝဝ၁

– ပြီး –

စာရေးသူ – ကိုပိုက်
စာစီစာရိုက် – မုဆိုးတံငါစာပေများ

Leave a Reply

Your email address will not be published. Required fields are marked *