မျက်ကန်းမိကျောင်း
“ကိုကြီးဟိုးတစ်ယောက် အိမ်မှာ မြင်ခဲ့လားဗျို့”
ဘယ်လူ့ကို တွေ့နေ၍ မေးမှန်းတော့ ဦးဘာဟိုး မသိ။ ထော်ကြီး၏ အသံဩဩကြီးကို ကုန်းတက်ဘက်မှ လှမ်းကြားလိုက်ရသည်။ ခဏအကြာမှာပင်
အိမ်ရှေ့ကွပ်ပျစ်ပေါ် ရေနွေးကြမ်းထိုင်သောက်နေသောဦးဘာဟိုးရှေ့ ထော်ကြီးအရိပ်က ထိုးကျလာ၏။
“ကိုကြီးတို့များ နေစိမ့်တယ်ဗျာ”
“ဟ. . . ဘာရယ်၊ ဘယ်လိုကွ ငထော်ကြီး”
“ဪ, ဘာရယ်ဆို သတင်းသန့်သန့်တောင် မကြားမိဘူးလားလို့လေ. . ကိုကြီးဟိုး”
“သိပ်ကြားတာပေါ့ ငထော်ရာ၊ ဘယ်မကြားဘဲ နေပါ့မလဲ မုဆိုးနားပါဟ၊ ငါလဲ မင်းကို မျှော်နေတာပဲဟကောင်ရေ၊အကြောင်းတစ်စုံ တစ်ရာထူးရင် ငါ့ကောင်တွေ မနေပါဘူး၊ ငါ့ လာခေါ်ကြမှာပဲဆိုတာ ငါ သိပြီသားမို့ပါဟ၊ ထိုင်လေကွာ”
ထော်ကြီးက ဦးဘာဟိုးရှေ့ ဝင်ထိုင်လိုက်ရင်း ဆက်ပြောနေပြန်၏။
“ခုကောင်က သိပ်ရဲတင်းလွန်းတော့ ကျွန်တော်တို့ ရွာသူရွာသားတွေမှာ ချောင်းကောက်ဘက် မျှော်တောင်မကြည့်ရဲ ဖြစ်ကုန်ပြီဗျ၊ မနေ့ကများ ကိုဘကျော်ကလေးနှစ်ယောက် နွားကျောင်းနေတာ ကုန်းပေါ်တက်လိုက်လို့တဲ့၊ပြေးလာလိုက်ကြတာ ရွာရောက်မှလိပ်ပြာခေါ်ယူရတယ်
“အာကျယ်ဘကျော် သားတွေလား”
“ဒီပြင် ဘယ်လူရှိဦးမလဲ ကိုကြီးဟိုးရာ”
“အရင် စိန်တစ်လုံးတုန်းကတော့.ဒီကောင်က ငါတို့
မိကျောင်းတစ်ကောင်ကို အချောင်ရသွားကြတာလို့
ပြောတယ်ဆို
“ဪ. . . တင်အောင်ကြီး ကျွဲတွေဝိုင်းနင်းလို့ သေတဲ့ မိကျောင်းတုန်းက ပြောတာလား”
“အေးပေါ့ကွ”
“အဲဒီတုန်းက အာကျယ်က ကျွန်တော်တို့ ဘယ်လိုမှ မသတ်လိုက်ရတာကို သတင်းသိုးသိုးသန့်သန့် ကြားလို့ ပြောတာ ဖြစ်ပါလိမ့်မယ်၊ ခုသူ့သားနှစ်ယောက်ကို မိကျောင်းကြီးတက်လိုက်တယ်ဆိုတော့ ကျွန်တော်ကိုကြီးဟိုး မြန်မြန်သွားခေါ်ဖို့ သူပဲ တစ်ရွာလုံး လိုက်ဆော်ဩနေတာကိုကြီးဟိုး”
“ဟား. . ဟား. . အဲဒါပေါ့ကွ၊ သူဖြစ်မှ သိတဲ့အကောင်၊ မဒေးချောင်းထဲက ပါးဖြူကြီးကို တို့လိုက်ခဲ့ရတုန်းက အာဂန္တု မိကျောင်းတစ်ကောင်ကောင် ဖြစ်ပါလိမ့်မယ်၊ ချောင်းမှားပြီး ဝင်လာတာ၊ မကြာခင်ထွက်သွားမှာပါ၊ မုဆိုးတွေ ဘာတွေ ကြီးကြီးကျယ်ကျယ်ခေါ်ပြီး စပါးပေးဆန်ပေး လုပ်နေကြစရာ မလိုပါဘူးလို့ ငါတို့ကို မကြားတကြားပြောတာမင်း မှတ်မိမှာပေါ့၊ အဲဒါကြောင့် ငါ . . လိုက်မလာတာ ဟေ့ကောင်ရေ၊
“အိုး. . . ဒီကောင့်စကားများ ဗွေမယူစမ်းပါနဲ့ ကိုကြီးဟိုးရာ၊ ဒီကောင်က နေရာတကာ လူတွင်ကျယ် သိပ်လုပ်ချင်တဲ့ကောင်၊ ရွာစာသင်ကျောင်းကိစ္စတုန်းကလဲ ဘုဂလန့်ပြောလို့ ဘုန်းတော်ကြီး ရိုက်တာတိုကြီး သိသားနဲ့ဗျာ”
“ဟဲဟဲ အာကျယ်ဘကျော်က ခုတော့ သူ့လယ်နားတောင် သူမဆင်းရဲဘူး ဖြစ်နေပြီပေါ့”
“ဘကျော်တင် မဟုတ်ဘူး ကိုကြီးဟိုး၊ ခုဆို ချောင်းနားဘက် ကမ်းစပ်ကိုတောင် ဘယ်ကလေးမှ ကျွဲကျောင်းနွားကျောင်း မလွှတ်ရဲဘူးဖြစ်တုန်ကြပြီလေ”
“ဒါနဲ့ မိကျောင်းကိုက်ခံရတယ်ဆိုတဲ့ သောင်းစိန်ကောခုဘယ့်နှယ်နေလဲ”
“မင်းရွာ ဆေးခန်းကတစ်ဆင့် မြို့ဆေးရုံတောင် ပို့ကြရသေးတယ်
“အဲဒါလဲ ငါ ကြားပြီးသားပါ”
“ပေါင်တစ်ဖက် ကျိုးသွားတာကတော့ ပြန်ကောင်းမယ်လို့ မထင်တော့ဘူးဗျ၊ ခု. . ထော့နင်းထော့နင်းနဲ့တော့ လျှောက်နေတယ်၊ မင်းရွာဆေးခန်းကလဲ လမ်းများများလျှောက်ပေးဖို့ မှာတယ်ပြောတာပဲ၊ ဒီကောင်
သိပ်ကံကြီးလို့ မိကျောင်းစာ မဖြစ်တာနော်”
“ကံကြီးတာလဲ တစ်ပိုင်းပေါ့ကွာ၊ ဒီကောင့်ကိုယ်၌ကလဲ သတ္တိရှိပြီး သတိကောင်းလို့ပေါ့”
“ကိုကြီးဟိုး ပြောတာလဲ ဟုတ်ပါတယ်၊ ဒီကောင့်အပြောကတော့မိကျောင်းကြီးရဲ့ မျက်စိနှစ်လုံးကို သူ့လက်မ လက်သည်းနဲ့ ထိုးဖောက်ထားခဲ့တယ် ပြောတယ်၊ ဟုတ်နိုင်ပါ့မလား ကိုကြီးဟိုး၊ လူအထင်ကြီးအောင်ဒီကောင် တမင်များ ကြွားပြောတာလားလို့”
“အဲဒါကတော့ ဟုတ်မဟုတ် မကြာခင် သိရမှာပေါ့။
ဒီကောင်ကမိကျောင်းနဲ့ ရေထဲမှာ လုံးထွေးသတ်ပုတ်လာခဲ့တဲ့ အကောင်ဆိုတော့မဟုတ်ဘူးလို့လဲ ပြောမရဘူးလေ၊ ခုလောလောဆယ်မှာ ဒီမိကျောင်းအကြောင်း ဒီကောင်ပဲ အသိဆုံးပြောရမှာပေါ့၊ ဒါနဲ့ကွာ မင်းတို့ တံငါတန်းက ဟိုမိန်းမတွေလဲ မြင်လိုက်ကြတယ်ဆို၊ ဝိုင်းသတ်ဖို့ ကြိုးစားခဲ့ကြတယ်ဆိုတဲ့ လူတွေကကော
ဘာပြောကြလဲ”
“သူတို့ ပြောတာကတော့ လူကြီးနှစ်ရပ်နီးပါးတောင် ရှိတယ်ပြောတာပဲ၊ အရင်က ချောင်းပိုင်ကြီးလို့ သူတို့သမုတ်ခဲ့ကြတဲ့ မိကျောင်းထက်တောင် ကြီးတယ်ပြောတယ်၊ ဟုတ်,မဟုတ်တော့ ကျွန်တော်လဲ ဘယ်သိမလဲ”
“ဒါဆို ဧရာမအကောင်ကြီးပါလား”
“ဟုတ်တယ် ကိုကြီးဟိုး၊ ဒါနဲ့ နေမမြင့်ခင် သွားကြမယ်ဗျာ၊ ကျွန်တော့်အိမ်ရောက်မှ ထမင်းစားတော့၊
ကျွန်တော် အားလုံးစီစဉ်ခဲ့ပြီးပါပြီ
သည်လိုနှင့် ချောင်းကောက်ချောင်းတစ်ချောင်းလုံးကို စုန်ချည် ဆန်ချည် သောင်းကျန်းနေသည်ဆိုသော မိကျောင်းကြီးကို ဖမ်းသတ်ရန်ရွာခံမုဆိုး တော်ကြီးနှင့် ဦးဘာဟိုးတို့နှစ်ယောက် သလွတ်၊ မှိန်း၊ လှံအစုံအလင်နှင့် ချောင်းကောက်ရွာဘက် လိုက်လာကြလေသည်။
“သားတို့ကို မနေ့က လိုက်တယ်ဆိုတဲ့ မိကျောင်းကြီးအကြောင်းအဘတို့ကို ပြောပြစမ်းပါဦးကွယ်”
ဦးဘာဟိုး မနေ့ကမှ လောလောလတ်လတ် မိကျောင်းအလိုက်ခံရသည်ဆိုသော ဦးဘကျော်သားနှစ်ယောက်ကို ဦးဆုံးလူတွေ့မေးသည်။
“ကျွန်တော်တို့ ချောင်းနားတာကွင်းမှာ နွားကျောင်းရင်း ညောင်ပင်ကြီးအောက်မှာ နှီးဖြာနေကြတာ ဘကြီး၊ နွားတွေ တက်ပြေးလာသံကြားလို့လှမ်းကြည့်လိုက်တော့ နွားတွေနောက် ဝက်ခေါင်းထိုးလိုက်လာတာ နည်းနည်းနောနော မိကျောင်းကြီးမဟုတ်ဘူးဗျ၊ ခေါင်းထောင်ကြည့်လိုက်၊ တွားလိုက်နဲ့ လိုက်လာတာ ကျွန်တော်တို့ အော်သံနဲ့ နွားခလောက်သံတွေတော့ချောင်းနားမှာ ဆူညံသွားတာပေါ့”
“မင်းတို့နွားတွေကော ကိုက်သွားသေးသလား”
“နွားတွေကလဲ လန့်ပြီး ကျွန်တော်တို့ လူတွေနောက် ရွာဘက်ပြေးလာကြတော့ တစ်ကောင်မှတော့ အကိုက်မခံရပါဘူး”
ဦးဘာဟိုးသည် ဦးဘကျော်သားနှစ်ယောက်ကို မေးနေရာမှ သူ့ကိုလာခေါ်သော ထော်ကြီးဘက် လှည့်၍လည်း . . .“အရင့်အရင် နေ့တွေကကော ဘယ်ရွာတွေမှာ ကျွဲတွေနွားတွေကိုက်သံကြားသေးလဲ တော်ကြီး”
“ဘယ်ရွာမှတော့ ကိုက်သံမကြားမိသေးဘူး ကိုကြီးဟိုး၊ဒါပေမယ့်အသံကြားတာနဲ့ လူရောကျွဲနွားတိရစ္ဆာန်တွေပါ လိုက်နေသံကတော့ တစ်နေ့မှာ တစ်ရွာမဟုတ် တစ်ရွာက ကြားနေရတာပဲ”
“အေးကွ. . မင်းတို့ပြောတဲ့ မိကျောင်းက ဆန်းတော့ ဆန်းသား၊ငာခြားမိကျောင်းတွေက ကျွဲကူး နွားကူးလမ်းမှာ ချောင်းမြောင်းပြီးကိုက်ရင်ကိုက်မကိုက်ရင် သောင်ပြင်လတာပေါ်မှာ ဒီရေမစစ်ခင်ကဘဲ တစ်ကိုယ်လုံး ရွှံ့နွံထဲ မြှုပ်ထားပြီး သားကောင်အနားရောက်လာမှ အမြီးနဲ့ . . .. . . လိုက်ရိုက်ပြီး ဖမ်းတတ်တာ၊ ခု ဒီကောင်က တစ်မျိုးပါလား။
ပြီးတော့ လူသူလေးပါးနဲ့ ကျွဲနွားတိရစ္ဆာန်တစ်ကောင်ကောင်ကိုမှ ခုထိသူ မကိုက်နိုင်သေးတာကလဲ ထူးခြားတာပဲကွ၊ ဒါနဲ့ မိကျောင်းကိုက် ခံထားရတဲ့ သောင်းစိန်ဆီကိုလဲ ငါ့လိုက်ပို့ကြပါဦးဟ”
ဦးဘာဟိုး၏ တောင်းဆိုချက်အရ မိကျောင်းကိုက်ခံထားရသောသောင်းစိန်ဆီကို ထော်ကြီးက ဦးဘာဟိုးအား လိုက်ပို့ရပြန်သည်။
သောင်းစိန်ကသူနှင့် မိကျောင်းကြီးတို့ ရေထဲတွင်
လုံးထွေးသတ်ပုတ်ခဲ့ကြရသည့်အကြောင်း မုဆိုးကြီးဦးဘာဟိုးကို အစအဆုံးပြော..သည်။ သောင်းစိန်ပြောပြချက်အရဆိုလျှင် မိကျောင်းကြီးအား သူလက်သည်းနှင့် မျက်လုံးနှစ်ဖက်စလုံးကို ထိုးဖောက်လိုက်သည်မှာ သေချာသွားပြီဟု ဦးဘာဟိုး မှတ်ချက်ချ၏။
ထို့ကြောင့်လည်း ဦးဘာဟိုးနှင့် ထော်ကြီးတို့သည်
မျက်ကန်းမိကျောင်းကို လှေငယ်လေးတစ်စင်းနှင့် ရဲရဲဝံ့ဝံ့ပင် ချောင်းကောက်ချောင်းစုန်ချည်ဆန်ချည် လိုက်ရှာနေကြလေသည်။
ဦးဘာဟိုးနှင့် ထော်ကြီးတို့သည် လှေငယ်တစ်စင်းနှင့် ချောင်းကောက်ချောင်းထဲ စုန်ချည်ဆန်ချည် လိုက်ရှာကြစဉ် ထိန်ပြင်ရွာအောင်အရောက်၌ လတာပြင်ဘက်မှ မျောက်တစ်ကောင် ထူးထူးခြားခြားအော်ဟစ်နေသံကို ကြားကြရသဖြင့် လတာပြင်ဘက် လှော်ခတ်လာကြသည်။
ဤမိကျောင်းကို လိုက်ရှာကြရသည်မှာ တခြားမိကျောင်းများတုန်းကလူသံမကြားအောင် တိတ်တိတ်ဆိတ်ဆိတ် လိုက်မရှာကြဘဲ အသံကြားသည်နှင့် လိုက်လာတတ်သည်ဆိုသဖြင့် ယခုလည်း စကားတပြောပြောနှင့်ပင် ရေရိပ်မြေရိပ်ကို အကဲခတ်ရင်း လူသံပေးကာ လိုက်လာကြခြင်းဖြစ်၏။
“ဒီမျောက် အော်နေတာ ငါ့နားထဲတော့ တစ်ခုခု
ထူးခြားသလိုပဲငထော်”
“ဟုတ်တယ် ကိုကြီးဟိုး၊ ဒီမျောက်သင်းကွဲကြီးတစ်ကောင် အော်နေသံက ကြောက်ကြောက်ရွံ့ရွံ့ အော်နေသံထင်တာပဲ”
“အေးကွ”ဟူသော ဦးဘာဟိုး၏ တုံ့တုံ့ဆိုင်းဆိုင်း အသံအဆုံးမှာလှေငယ်က လတာပြင်အောက် ရောက်လာ၍ လတာပြင်ပေါ် လှမ်းကြည့်လိုက်ကြရာ လတာပြင်ထဲတွင် ပင်ထောင်သေနေသော ပြူးပင်တစ်ပင်ပေါ်မှ မျောက်ကြီးတစ်ကောင်သည် အောက်ကို ငုံ့ကြည့်ကာ ကွိကွိကျွိကျွိအော်မြည်လိုက် သစ်ကိုင်းတွေ ဖင်ဆောင့်လိုက် လုပ်နေသည်ကို လှမ်းမြင်ကြရသည်။
…
ဒီမျောက်ကြီး လတာပြင်မှာ ဘာတွေ့လို့ ဒီလောက်အော်နေတာလဲ ထော်ကြီး သေသေချာချာကြည့်”
“ဟာ. . ကိုကြီးဟိုး. . မိကျောင်းဗျ၊ မိကျောင်းကြီး”
ဦးဘာဟိုး၏ စကားမဆုံးခင်ပင် ပြူးပင်အောက်
အကြည့်ရောက်သွားသော ထော်ကြီးက အံ့ဩတကြီး ဦးဘာဟိုးကိုတီးတိုးပြောလိုက်၏။
ထိုအချိန်မှာ မျောက်ကြီးရှိနေသော ပြူးပင်အောက်၌ အပေါ်မော့ကြည့်လိုက် နားစွင့်လိုက်၊ ပြူးပင်ကြီးခြေရင်းက လတာထဲ၌ မိကျောင်းတွားသွား၍လှည့်ပတ်လိုက်လုပ်နေသော မိကျောင်းကြီးကို
ဦးဘာဟိုးလည်း ထင်ထင်ရှားရှား မြင်သွားပြီဖြစ်
သည်။
ဤမျှဆိုလျှင် ဦးဘာဟိုးနှင့် ထော်ကြီးတို့လည်း အတွေ့အကြုံအရ သဘောပေါက်သွားကြပြီး ဖြစ်သည်။
ဒီရေကျချိန်တွင် ချောင်းနား မြစ်နားရှိ ရွှံ့နွံသစ်တောထဲ နေကြသောမျောက်များသည် လတာပြင်ပေါ်သို့ ဆင်းကာ သောင်ပြင်မှ ငါးကလေးများကို ဖမ်းစားလေ့ရှိကြသည်။ ဤသည်ကို သိသော မိကျောင်းကလည်း ဒီရေမစစ်ခင်ကပင် သောင်ပြင်လတာထဲလာ၍ သူတို့ကိုယ်ကိုရွှံ့ညွှန်လတာထဲ နှစ်မြှုပ်ကာ မျက်လုံးနှစ်လုံးသာ ဖော်ပြထားပြီးနောက်များ ငါးဖမ်းကဏန်းဖမ်း ဆင်းအလာကို စောင့်ဖမ်းတတ်ကြသည်။
ယခု ဤမိကျောင်းကြီးသည်လည်း ထိုသို့မျောက်ဖမ်းရန် စောင့်နေစဉ် ယခု သစ်ပင်ပေါ်က အော်မြည်နေသော မျောက်ကြီးဆင်းအလာမှာ မိကျောင်းကြီးက လိုက်ဖမ်းခြင်းဖြစ်မည်။
မျောက်ကြီးမှာ ကြောက်ကြောက်ရွံ့ရွံ့နှင့် တွေ့ရာသစ်ပင်ပေါ်ပြေးရာ၊ သူ တက်ပြေးသော သစ်ပင်မှာ တခြားကိုလည်း ကူးပြေးရန်ခက်သော လတာပြင်ပေါ်က တစ်ပင်တည်းသောသစ်ပင် ဖြစ်နေသဖြင့်မိကျောင်းကြီးငုံ့ကြည့်ကာ ကြောက်ကြောက်ရွံ့ရွံ့နှင့် အော်မြည်နေခြင်းဖြစ်မည်။
ထို့ကြောင့် ဦးဘာဟိုးက . . .
“ဒီမိကျောင်းက သောင်းစိန် မျက်လုံးကို ကုတ်ဖောက်ထားတဲ့မိကျောင်းဖြစ်ရမယ်ကွ၊ အဲဒါကြောင့်
ဒီမိကျောင်း မျောက်ကို မမြင်မစမ်းဖမ်းမမိလိုက်တာ၊ ခုတော့ ဒီမိကျောင်းကြီးကို တို့ သတ်လို့ရပြီး မင်းသလွတ်လှံသာ အသင့်ပြင်ပေတော့”
သူတို့နှင့် မိကျောင်းကြီးမှာ ပေငါးဆယ်ကျော်သာ ဝေးသဖြင့် ဦးဘာဟိုးနှင့် ထော်ကြီးတို့မှာ မိကျောင်းထိုး သလွတ်လှံကြိုးကို လှေဦးတွင်အလျင်စလို ချည်လိုက်ကြပြီး သလွတ်လှံကြီးကို မိကျောင်းရှိရာဘက်မြှောက်ချိန်ကာ ဒူးခေါင်းနီးပါးခန့် နစ်မြုပ်နေသော လတာပြင်ပေါ်တွင်တစ်လှမ်းချင်း သတိနှင့် လှမ်းတက်လာကြသည်။
သလွတ်လှံတံနှင့် ဆက်ထားသော ကြိုးရှည်ကို လှေဦး၌ တစ်စချည်ထားခဲ့ကြခြင်းမှာ အကယ်၍ သူတို့လက်ထဲမှ သလွတ်လှံတံနှင့် မိကျောင်းကြီးကို လက်လွတ်စပယ် လှမ်းထိုးလိုက်ကြစဉ် သလွတ်လှံက
မိကျောင်းကြီး ကိုယ်ပေါ်တန်းလန်းကြီး စူးပါသွားပါက ထိုကြိုးစအဆုံးတွင်ရှိနေသော လှေငယ်ကို မိကျောင်းကြီးက ချက်ချင်းဆွဲမပြေးနိုင်အောင်ကြိုလုပ်ထားခဲ့ကြခြင်း ဖြစ်သည်။
ဦးဘာဟိုးနှင့် ထော်ကြီးတို့သည် မိကျောင်းကြီးနှင့်
ဆယ်ပေကျော်ကျော်လောက်အနီးထိ မျက်နှာချင်းဆိုင် ရောက်လာကြခြင်း ဖြစ်သော်လည်း မိကျောင်းကြီးကား သူတို့နှစ်ယောက်ကို လုံးဝ မြင်ပုံမရ။ သစ်ပင်
ပေါ်က တကွိကွိ တကျွိကျွိ အော်မြည်နေသော မျောက်ကိုသာ ခေါင်းထောင်နားစွင့်လိုက်၊ ပြူးပင်ခြေရင်းကို မိကျောင်းတွား လှည့်ပတ်ကာလတာပြင်ပေါ် တွားသွားလိုက်လုပ်နေလေသည်။
“ထော်ကြီး၊ သောင်းစိန်မျက်လုံးနှစ်ဖက်ကို ကုတ်ဖောက်ထားခဲ့လို့ဒီမိကျောင်းကြီး မျက်စိကန်းနေတယ်ဆိုတာ ဟုတ်ပြီကွ၊ တကယ်လို့ဒီကောင် မျက်ကန်းမိကျောင်းသာ မဟုတ်ရင် တို့ကို မြင်သင့်ပြီ၊ တို့ကိုမြင်ရင် ဝက်ခေါင်းထိုးလိုက်ရင်လိုက်၊ မလိုက်ရင် ချောင်းကမ်းဘက် ဆင်းပြေးတော့မပေါ့၊ ခု ကြည့်လေ. . တို့နဲ့ မျက်နှာချင်းဆိုင်မှာ ခေါင်းမော့နေပေမင့်အနံ့သာရပြီး ခုထိ တို့ကို မြင်ပုံမရသေးဘူး”
သလွတ်လှံကြီးကို မိကျောင်းကြီးဆီ တည့်တည့်မတ်မတ် ချိန်ရွယ်ထားရင်းက ထော်ကြီးကို ဦးဘာဟိုးက တီးတိုးပြောလိုက်၏။
“ဟုတ်တယ် ကိုကြီးဟိုး၊ ဒီတော့ ဒီကောင့်ကို
ကျွန်တော်တို့ စိတ်ကြိုက်ထိုးလို့ရပြီ”
“အေးကွ. . ဒီတော့ ခု. . ငါ အသံပေးလိုက်မယ်၊ လူသံကြားလို့ဒီကောင် ခေါင်းထောင်ပြီး လိုက်လာတော့မှ ပါးချိုင့်အောက်ကို ပိုင်ပိုင်နိုင်နိုင် ထိုးထည့်ကြမယ်၊ ကဲ. . ငါ အသံပေးလိုက်တော့မယ်၊ မင်း ..မင်း အသင့်နော်”
ဦးဘာဟိုးသည် ပြောပြောဆိုဆိုနှင့်ပင်
“ဟေး . . ဟေး”ဟု အသံပေးလိုက်၏။ ဦးဘာဟိုး
ကြိုတင်တွေးထင်ခဲ့သကဲ့သို့ပင် မိကျောင်းကြီး
သည် လူသံကြားသည်နှင့် ခေါင်းထောင်ကာ ဦးဘာဟိုးတို့ဘက် ချက်ချင်းလိုက်လာသည်။ သို့သော် ခေါင်းထောင်လိုက်လာသော မိကျောင်းကြီးသည် ဦးဘာဟိုးတို့နှင့် နှစ်လံအကွာလောက် အရောက်မှာပင် အသွားလက်တစ်ဝါးနီးပါးခန့်ရှိသော သလွတ်လှံနှစ်ချောင်းသည် မိကျောင်းကြီး၏ ပါးချိတ်အောက် အသားပျော့ထဲကို စွပ်ခနဲ အသံနှင့်အတူ တဒုတ်ဒုတ် ထိကာ ထိုးဖောက်ဝင်ရောက်သွားလေသည်။
စာရေးသူ – ဖိုးကျော့
စာစီ – KyawZinPhyo(mmbookshelf)