ဗိုလ်တာရာ


မြေသင်းနံ့သည် လှိုင်ကာ မြိုင်လုံးကို ချယ်လှယ်နေတော့သည်။

ပုရစ်ဖူးတွေကလည်း အစီအရီဖြင့် မျှော်လိုက်တိုင်း စိမ်းလန်းစိုပြေနေသည်ကို တွေ့ရပေ၏။

နွေတထောက်ကို ကျော်လွန်ခဲ့သည့် မိုးဦးကျစ နေ့တနေ့ နံနက်ခင်းပိုင်းလည်း ဖြစ်ပေ၏။ ထို့ကြောင့်လည်း တနွေလုံး အပူဒဏ်ကို တင်းတင်းခံရင်း မုဆိုးဘဝကို ရင်ဆိုင်ခဲ့ရသော ကျွန်တော်နှင့် ဦးဘိုးဟန်အဖို့ အသက်ရှူပေါက်ရစေသည့် မိုးကဖွဲဖွဲ။

လေအေးက မြူးမြူးအချိန်၊ သို့မဟုတ် မိုးဦးကာလကို မုဆိုးသဘာဝနှင့် ခရီးဦးကြိုပြုကာ နောက်ပါရွာခံမုဆိုး ကိုစိန်ဘိုးကို ခေါ်ယူပြီး နံနက်ဝေလီဝေလင်းကာလမှ စတင်ကာ သားကောင်များ၏ခြေရာကို ခံခဲ့ကြပေသည်။

လမ်းကူး, လမ်းဖြတ်, လမ်းဆုံများတဝိုက်တွင် ကျန်ရစ်ခဲ့သည့် သားကောင်မျိုးစုံ၏ ခြေရာတွေကို လေ့လာကာ အသစ် အဟောင်း ရွေးရင်း ခြေရာခံကာ အမဲလိုက်ခြင်းလုပ်ငန်း စတင်ခဲ့ပါတော့၏။

ခြေရာဟောင်းဆိုသည်မှာ လွန်ခဲ့သော သုံးလေးရက် ကျော်ကာလမှ သွားလာဖြတ်သန်းခဲ့သည့် ခြေရာမျိုးဖြစ်၍ ခြေရာသစ်ဆိုသည်မှာ မနေ့ည သို့မဟုတ် ယနေ့မနက်စောစောမှ ဖြတ်သန်းသွားလာသော ခြေရာမျိုးကို ဆိုလိုခြင်းဖြစ်လေသည်။

ခြေရာဟောင်းကို ခြေရာခံ၍မဖြစ်၊ လွန်ခဲ့သော ရက်ပိုင်းတွေအတွင်းက သွားနှင့်သော သားကောင်ကို ယနေ့မှ ခြေရာဟောင်းအရင်းမှ ခြေရာခံရလျှင် ဘယ်တော့မှ သားကောင်ကို မမှီနိုင်တော့ပါ။

ထို့ကြောင့် အကောင်းဆုံး အချက်အလက်ဖြစ်သည့် ယနေ့နံနက် စောစောက ကူးကာသန်းကာ သွားခဲ့သည့် သားကောင်၏ခြေရာ လတ်လတ်ဆတ်ဆတ်ကို ရှာဖွေကြည့်ရှုခဲ့ခြင်း ဖြစ်သည်။

ကျွန်တော်သည် ရှေ့ကကြိုကာ သားကောင်၏ ခြေရာကို စောင့်ကြိုရသည့် တာဝန်အရ အင်တိုင်းနှင့် သက်ကယ်ပြင်ကလေးထိပ်မှ ပုန်းကွယ်ကာ သက်ကယ်ကွင်းဖက်သို့ တဆင့်ကူးလာမည့် သားကောင်ကို အသင့်စောင့်နေခြင်း ဖြစ်သည်။

ဦးဘိုးဟန်နှင့် ကိုစိန်ဘိုးတို့ နှစ်ယောက်က ခြေရာရင်းမှလိုက်ကာ ခြေရာခံရင်း မှီခဲ့လျှင် ပစ်ခတ်ရမည့် သားကောင်ကား ဆတ်ကြီးပင် ဖြစ်ပေ၏။ နံနက်စောစော ရွာမှထွက်ကာ ခြေရာခံစဉ် ခပ်ကွင်းချောင်းအကူး လမ်းတက်နားမှ ကပ်လျက်ရှိသည့် သစ်တောကြိုးဝိုင်းထဲသို့ ဝင်သွားသော လဖက်ရည်ကြမ်းပန်းကန်လုံးခန့် အကျယ်ရှိပြီး ရှေ့ပိုင်းသို့ အဖျားချွန်ထွက်သွားသည့် ဧရာမ ဆတ်ခြေရာကြီးကို တွေ့လိုက်ရပေ၏။

“ဆရာဟန် … ဒီခြေရာ မနက်ခင်းကမှ ကူးသွားတဲ့ ဆတ်ဖားကြီး ခြေရာဗျ။ သိပ်မဝေးဘူး၊ အကြာဆုံးအဝေးဆုံး တမိုင်ဘဲ၊ ဘယ်လိုလဲ”

ဦးဘိုးဟန်သည် ဆတ်ဖားကြီး၏ ခြေရာကို ကြည့်လိုက်ပြီး…

“ကျုပ်တို့ အရင်ကလေးကမှ ကပ်ပြီး ထွက်သွားတဲ့ ခြေရာဗျ။ လိုက်ကြမယ်။ ကျုပ်က ရှေ့ကဆီးမယ်၊ ကိုစိန်ဘိုးနဲ့ ဗိုလ်မှူးက ခြေရာရင်းက လိုက်ခဲ့ကြပေတော့”

တာဝန်ခွဲကာ ဆတ်ဖား ဖြတ်ကူးနိုင်သည့် မျောက်ညိုတက်ခေါ် ခင်တန်းအတက်ကလေးဆီသို့ ဦးဘိုးဟန်သည် ခြေကုန်သုတ်ကာ ထွက်သွားပါသည်။

“မှီမှလုပ်နော် ကိုစိန်ဘိုး။ ကျုပ်က ခြေရာခံဆိုရင် အတော်လန့်နေပြီ။ သားကောင်ကြီးတွေနောက်က အမှီလိုက်ရတဲ့ အလုပ်ဟာ မလွယ်လှဘူး။ သေလုမြောပါး လိုက်ရတဲ့ အလုပ်ဗျ။ ခရီးကလဲ တော်တော်နဲ့ မဆုံးတတ်ဘူး”

ဟု ကြိုတင်၍ သတိပေးလိုက်ပါသည်။

ကိုစိန်ဘိုးသည် ခြေရာကို ကြည့်ရှုနေရာမှ …

“မှီပါတယ် ဗိုလ်မှူး။ ခြေရာကလဲ လတ်လတ်ဆတ်ကြီးဗျ”

.၃ဝ၃ အင်္ဂလိပ်စစ်သုံး ရိုင်ဖယ်ကို ပခုံးမှ ထမ်းလျက် ပြောလိုက်သည်။

ကျွန်တော်တို့သုံးဦးသား ဆတ်ကြီးကို စတင်ကာ ခြေရာခံသော နေရာကား တောင်ငူခရိုင် အုတ်ဖိုရွာနှင့် ပျဉ်းမနားခရိုင် ကုန်းသာရွာကြားရှိ ခွေးအအိုင်ချောင်း ကြိုးဝိုင်းအစရှိ မြောက်ကျဉ်းနယ်မြေဒေသ ဖြစ်ပေ၏။

ထိုနေရာမှစ၍ ဆတ်ကြီးကို ခြေရာခံခြင်း၊ လမ်းခုလပ်က ဖြတ်ဆီးခြင်းတို့ကို ကျွန်တော်တို့သုံးယောက် လုပ်၍ လိုက်ခဲ့ကြပေ၏။ ဆတ်ကြီးအဘို့၌ လူနံ့တွေ ရနေခြင်းကြောင့်ပေလော၊ သို့မဟုတ် စားရင်း ခရီးသွားရင်း လုပ်နေသည်ကြောင့်ပင်လော မသိနိုင်ရ လေအောင် ကျွန်တော်တို့နှစ်ယောက်ရှေ့မှ မမှီမကမ်းတွင် နားသည်မရှိဘဲ တဖြောင့်တည်း ခရီးသွားနေပါတော့သည်။

ဟိုကွေ့တွင် မှီနိုးနိုး၊ ဒီကွေ့တွင် ပစ်ရနိုးနိုးဖြင့် ကျွန်တော်နှင့် ကိုစိန်ဘိုးတို့က ဖိ၍ လိုက်ခဲ့ပေ၏။

ယခုတကြိမ်၌မူကား ကျွန်တော်က ရှေ့မှ ပန်းကာ စောင့်ရသောတာဝန်ကို ယူလိုက်ရပြီး ဦးဘိုးဟန်နှင့် ကိုစိန်ဘိုးတို့က ခြေရာရင်းမှ ဆက်လိုက်ရသည့် တာဝန်များကို ရွှေ့ပြောင်းကာယူရင်း ဆတ်ကြီး၏နောက်သို့ ဆက်လက်လိုက်ခဲ့ရသော အလှည့်သို့ ဆိုက်ရောက်ခဲ့ပြန်ပါသည်။

နေကလည်း အတော်မြင့်၍ လာချေ၏။ ကျွန်တော် အသင့်စောင့်နေသော ချုံကွယ်နေရာမှ ရွက်နုတွေပေါက်ခါစ သက်ကယ်ပင်ကလေးတဝိုက်ဆီသို့ လှမ်း၍ စောင့်မျှော်နေရသော ဆတ်ဖားကြီး၏ အရိပ်အခြေကို ကြည့်ရှုနေမိသည်။

တနေရာမှ ခပ်မှန်မှန် ခြေလှမ်းတွေဖြင့် သက်ကယ်ကင်း၏ မြောက်စမှ တောင်စဆီသို့ ကူးသွားသော နီရဲရဲ ဂျီပေါက်ကြီးတကောင်ကို တွေ့လိုက်ရပေ၏။ ကျွန်တော်သည် အသင့်ကိုင်ထားသော .၄၀၄ ဘို့ မော်ဇာရိုင်ဖယ်ကို မ,က မကာ ချိန်လိုက်မိသည်။
သို့ရာတွင် ဦးဘိုးဟန်တို့နှစ်ယောက်သား ခရီး လေးငါးမိုင်ခန့် ပန်း၍ လိုက်ခဲ့ရသော ဆတ်ဖားကြီးကို သေနတ်သံပေးခြင်းဖြင့် ချောက်လှန့်မောင်းနှင်လိုက်သလို ဖြစ်သွားမည်ကို စိုးရိမ်မိသည်ကြောင့် ချိန်ထားသော ရိုင်ဖယ်ကို ပြန်၍ ချလိုက်ရပေ၏။ အကယ်၍သာ ဂျီပေါက်ကြီးကို .၄၀၄ ရိုင်ဖယ်နှင့် ပစ်ခတ်၍ ရခဲ့စေကာမူ ကျည်ဆံထိမှန်သော နေရာတဝိုက်၌ သုံးလေးပိဿာ အသားများသည် ကျည်ဆံဖူး ဖောက်ထွက်သွားရာနောက်သို့ ဂျီပေါက်ကြီး၏ အင်္ဂါကိုယ်ခန္ဓာမှ ပြတ်ပါသွားစရာ အချက်ကလည်း ရှိနေပေ၏။

မကြာမီ ဂျီပေါက်ကြီးသည် အင်တိုင်းတောကလေးထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားပါတော့သည်။

ကျွန်တော်သည် ဘယ်ဘက်လက်ကောက်ဝတ်မှ လက်ပတ်နာရီကို ကြည့်လိုက်မိသည်တွင် ဆယ်နာရီ မိနစ်နှစ်ဆယ်အချိန်ကို ညွှန်းနေကြောင်း တွေ့ရှိရပေ၏။ ခပ်လှမ်းလှမ်းလျှိုထဲမှ တောဝက်ကြီးလို အသံတချက် သဲ့သဲ့ကြားလိုက်ရပေ၏။ လူသူနှင့် အတော်ဝေးသည့် နေရာမျိုးဖြစ်၍ အမဲကောင်များ တော်တော်စုံလင်စွာ ရောက်ရှိနေသည်ကို ကျွန်တော် မှတ်သားလိုက်ပါသည်။

ထိုသို့ ကျွန်တော်စောင့်နေရာ သက်ကယ်ကွင်းထိပ်နှင့် တမိုင်ခန့်အကွာ ဒိုင်းကနဲ ဒိုင်းကနဲ ရိုင်ဖယ်သံ နှစ်ချက်ဆင့်ကာ ထွက်ပေါ်လာချေ၏။ ထို့ကြောင့် မကြာမီ သက်ကယ်ကွင်းဖက်သို့ ပြန်ပြေးလာမည့် ဆတ်ဖားကြီးကို ကျွန်တော်သည် ပစ်ခတ်နိုင်ရန် ကျကျနန နေရာယူလိုက်ပါသည်။

ဆယ့်ငါးမိနစ်ခန့် အကြာတွင် ဝူးကနဲ လူတယောက်၏ တောတွင်းအချက်ပေးသည့် အသံများ ထွက်ပေါ် လာသည်ကြောင့် ကျွန်တော်ကလည်း ပြန်လှန်ကာ “ဝူး” ဟူသော အချက်ပေးသံလို ပြုလိုက်ရပေ၏။

“လာဗျို့ … ဆတ်ကြီးနောက်ကို ဆက်လိုက်ရအောင်။ သွေးတွေနဲ့ ပြေးလေရဲ့”

ဦးဘိုးဟန်ကြီး၏ အရေးတကြီး ခေါ်သံကို ကြားလိုက်ရသည်တွင် …

“နှစ်ချက်ပစ်တာတောင် မမှန်ဘူးလား။ လွတ်ပြေးရတယ်လို့ဗျာ”

ကျွန်တော်သည် သွေးတွေနဲ့ ဟူသော စကားကို ပြန်၍ကောက်ကာ မေးမြန်းလိုက်မှ

“ကိုစိန်ဘိုး ပစ်တာ နောက်ပိုင်းချည့် ကျသွားတယ်။ ချက်မပိုင်တော့ ပြေးတာပေါ့ဗျာ။ ကျုပ်ဖက်ကို ဆတ်ကြီးက ထွက်မလာဘဲ နောက်ပိုင်းလှည့်ပြီးပြေးတဲ့အခါ ကိုစိန်ဘိုးနဲ့ သွားတိုးတော့ ဆီးပြီး ပစ်လွှတ်လိုက်ရတာပေါ့”

ကျွန်တော်သည် .၄ဝ၄ မော်ဇာမဂ္ဂဇင်းရိုင်ဖယ်ကို ပခုံးတွင်ထမ်းကာ ဦးဘိုးဟန်ကြီးခေါ်ရာဖက်သို့ ခပ်သုတ်သုတ် လှည့်ထွက်ခဲ့ရပေ၏။

X X X

နီရဲနေသောသွေးများ ကျနေသည့် သစ်ရွက်များနှင့် မြေကြီးများကို သုံးဦးသား ကြည့်ရှုကာ ဝေဖန်ချက်တွေအသီးသီး ပေးနေကြမိ၏။

“နောက်ပိုင်း မှန်သွားတယ် ဆရာဟန်။ ချိန်တာကတော့ ရှေ့ပိုင်းဘဲ။ ချိန်ထားတုန်းမှာ လူကိုမြင်သွားလို့ ရှေ့ တအားခုန်တိုးတုန်းမှာ ပစ်လိုက်ရတော့ အပြော့ပိုင်းနဲ့ နောက်နားတခုခု မှန်ပုံဘဲ ဆရာဟန်။ ကိုယ်ရှိန်ကတော့ အတော်ပျက်သွားတယ်။ ဟောဒီမှာ ခွာကြဲသွားတာဗျ”

ကိုစိန်ဘိုးသည် ဦးဘိုးဟန်ကြီးကို အထောက်အထားတခုစီ ပြသကာ ပြောနေပြန်သည်။

“အင်း … မှန်တယ်၊ အပျော့ပိုင်းနှင့် ဝမ်းပြင်းမှာ ဖြစ်ရမယ်။ သွေးက မဲနေတာကိုး။ လိုက်နိုင်ရင် မှီနိုင်ကောင်းပါရဲ့ဗျာ ကိုစိန်ဘိုး”

“မှီပါတယ် ဆရာဟန်။ ကျုပ်တို့ လူအားကလဲ သုံးယောက်တောင်မှ။ သေနတ်ကလဲ ပထမတန်း သေနတ်တွေနဲ့ချည့်ဘဲ။ လိုက်တာ လိုက်ပါဗျ”

ကိုစိန်ဘိုးသည် ဆတ်ဖားကြီး ဒဏ်ရာနှင့် လွှတ်ပြေးရာနောက်သို့ အမှီလိုက်ရန် တိုက်တွန်းနေပါသည်။

“မှန်းစမ်းအုံး … ကျုပ်တို့ ဘယ်ဘက်ကို ရောက်နေပြီဆိုတာ”

ဦးဘိုးဟန်က ကျွန်တော်တို့တတွေ ရောက်ကြခဲ့သည့် တောတောင်အခြေအနေကို ဆန်းစစ်ကြည့်လိုက်ပြန်သည်။

“ဟာ… ဘယ်တော ရောက်ရောက်ပါ ဆရာဟန်။ အနောက်ဆိုရင် ခွေးအအိုင် ချောင်းအဆုံး၊ တောင်ဆိုရင် ကျုပ်တို့ အုပ်ဖိုရွာ၊ အရှေ့ဆိုရင် ကုန်းသာ၊ မြောက်ဆိုရင် သစ်ပုပ်ပင်၊ ဒီထက်ပိုပြီး တောမကျယ်နိုင်ပါဘူး ဆရာဟန်။ လိုက်မယ့်ဟာ မှီအောင်လိုက်ကြပါ။ ဆတ်ဖားကြီးကဖြင့် အချိန်ခုနစ်ဆယ်ထက် မအောက်တမ်းဘဲ”

“လာကြဗျာ … ဘယ်ရောက်ရောက် ဘယ်ပေါက်ပေါက်”

ဦးဘိုးဟန်သည် ရှေ့ဆုံးမှ သွေးကြောင်းစဉ်အတိုင်း ဆက်လိုက်ခဲ့ကြသည်။ တော၏ အခြေအနေမှာလည်း တဖြည်းဖြည်းနှင့် အသွင်ပြောင်း၍ လာချေသည်။

အင်တိုင်းတောမှ မြိုင်တောဖြစ်သို့ ရောက်ရှိလာပြီး တောမှာ ရှုပ်ထွေးလာသည်ကို တွေ့ရပေ​၏။ သွေးကြောင်းအတိုင်းခံကာ လိုက်ရသော်လည်း မလွယ်တော့ပါ။ ချုံများ၊ ကြိမ်ပင်များ၊ တုံးများကို ကျော်လွှားကာ တလှမ်းချင်း လိုက်နေရသော အလုပ်မှာ အနည်းငယ်ပင်ပန်းစ ပြုစေပါတော့သည်။

သုံးမိုင်ကျော်မှ ခရီးပြင်းလိုက်ခဲ့ကြပြီး ချောင်းအကူးတွင် ဦးဘိုးဟန်သည် ဆတ်ကြီး၏ ချောင်းတဖက်ကမ်းခြေသို့ အတက်တွင် တချက်ချိန်ကာ အရေးတကြီး ပစ်ခတ်လိုက်ပါသည်။

.၃ဝ၆ ဘို့ မက်နမ်ရိုင်ဖယ်၏ ပြောင်းဝမှ မီးပွင့်၍ ထွက်လာပြီး ချောင်းတဖက်ပေါ်သို့ ခုန်ကူးနေသော ဆတ်ကြီး၏ နောက်ပိုင်းသည် တန့်ကာ ယိုင်သွားပြီး လဲမလိုဖြစ်ပြီးမှ ချက်ခြင်းပင် ဒယိမ်းဒယိုင်နှင့် ဆတ်ကြီးသည် တောထဲသို့ တိုးဝှေ့ပြေးဝင်သွားပြန်၏။

“နောက်ပိုင်း မှန်တယ်”

ကျွန်တော်သည် ဦးဘိုးဟန်နောက် အမှီပြေးတက်ရာမှ ပြောလိုက်သည်။

“လာပြန်ပြီဗျာ၊ ချိန်တုန်းက ရှေ့ကို ကြိုချိန်တာဘဲ။ သူက ကမ်းပါးပေါ် ထိုးအတက်မှာ နောက်ကျပြီး မှန်တာဗျာ။ နာလိုက်တာ လွန်ပါရော။ နေရာခွင်မကျတာ ပင်ပန်းဘို့ ဖန်လာပြန်ပြီဗျို့”
ဦးဘိုးဟန်ကြီးသည် ပစ်ပြီးသား ကျည်ဆန်အခွံကို နုတ်၍ နောက်ထပ် မဂ္ဂဇင်းပလတ်ပေါက်ပေါ်၌ တပ်လိုက်ပါသည်။ ကျည်ဆန်အသစ်တတောင့်ကို ပြောင်းဝထဲသို့ မောင်းတံကိုထိုး၍ တင်လိုက်ပြီး မောင်းတင်လိုက်ကာ သော့ပိတ်ထားလိုက်သည်။

သုံးယောက်စလုံး တဖက်ချောင်းအတက်ကို အပြေးအလွှား သွားရောက်ကာ ကျည်ဆန်ဖူးဒဏ်ချက်ကြောင့် ဆတ်ကြီးတင်ပါးမှ အသားတစ် နှစ်ခု သုံးခု ပြန့်ကြဲကာ ကျကျန်ရစ်ခဲ့သည်ကို တွေ့ရပြီး ကျွန်တော်တို့အား မြှော်လင့်ချက်တမျိုး တိုးစေတော့၏။

“သိပ်မဝေးနိုင်ပါဘူး ဗိုလ်မှူး၊ ဘယ်နေရာမှာ လဲနေမလဲဘဲ၊ တွေ့ရတော့မယ်”

ကိုစိန်ဘိုးက ပြောလိုက်ပြီး တောတောင်အခြေအနေကို အကဲခတ်လိုက်ပြန်၏။

“ကျုပ်တို့ ဘာလိုလိုနဲ့ ခွေးအအိုင်ချောင်း ကြိုးဝိုင်းထဲ အတော်ရောက်ခဲ့ကြပြီဗျို့။ ကိစ္စမရှိတန်ပါဘူးဗျာ … ပြန်လမ်းအတွက်”

“ဟာ … ဘယ်ရောက်ရောက်၊ ဘယ်ကမ်းဆိုက်ဆိုက်ဗျာ၊ ဒီအကောင်ကြီးကို မရရင်ဖြင့် မနေဘူး။ ညအိပ်ချင် အိပ်ရပေစေ၊ လာဗျို့ … ကြာတယ်”

သုံးဦးသားသည် ခြေလှမ်းကျဲကျဲနင်းကာ အပြင်းချီတက်ခဲ့ကြပေ၏။ သာမန်မြို့တော်သူ မြို့တော်သားများအဖို့ ထိုအချိန်အခါမျိုး၌ ကျွန်တော်တို့သုံးဦးနှင့် လမ်းပြိုင်၍ ယှဉ်၍ လျှောက်ခဲ့ပါမူ ကျွန်တော်တို့ခြေလှမ်းမျိုးကို မလှမ်းနိုင်သည်ကြောင့် နောက်ပိုင်းတွင် အပြတ်အသတ် ကျန်ရစ်ခဲ့မည်ကို ကျွန်တော်က ရဲဝန့်စွာ ပြောရဲပါသည်။ ထို့ကြောင့်လည်း ကျွန်တော်တို့ တကိုယ်လုံး၌ ရေချိုးထားသလို ချွေးတွေ ဒလကြမ်း စီးနေခဲ့ပါသည်။

ဆတ်ကြီးကား သွေးအားကြီးသည့်အသွင်ဖြင့် တနေရာမှ မနားတမ်း ရှေ့မှ ကြောက်အားပိုကာ ထွက်ခွာသွားနိုင်နေပြန်ပါသည်။

“အဘိုးကြီး … ဆတ်ကို ဆက်လိုက်တာကတော့ အရေးမကြီးဘူး။ လမ်းတွေ ခရီးစဉ်တွေလဲ သတိထားအုံး”

ကျွန်တော်သည် တောတောင်အခြေအနေကို ကြည့်ကာ တောနက်လာသည်ကြောင့် စိတ်ပူပန်မိလာသည့်အတွက် သတိပေးပြောကြားလိုက်ပါသည်။

“ဆတ်ဖားကြီး ကျတဲ့နေရာရောက်မှ ကျုပ်တို့ခြေလမ်းအတိုင်း လှည်းလမ်းကလေး စုံစမ်းရှာဖွေပြီး ရွာကို လှည့်ပြန်တာပေါ့ဗျာ။ ဟုတ်တော့ ဟုတ်တယ်၊ နေတောင်အတော်စောင်းသွားပြီဗျို့။ ရှေ့ကသွားနှင့်တဲ့ အကောင်ကလဲ အတော်အံ့ဩစရာဘဲ။ သုံး ချက်ထိတာထောင် တနေရာမှ ဝပ်တဲ့နေရာ မတွေ့ရဘူး”

ဦးဘိုးဟန်သည် တောတောင်၏ ထူထပ်မှု အခြေအနေကို ကြည့်လိုက်ပြီး …

“လိုက်သာ ဖိလိုက်ပါ။ ကျုပ်တို့ ဒီဆတ်ကြီးမှီဘို့ အပြေးလိုက်ကြရအောင်”

ထိုအချိန်အခါမှစ၍ ကျုပ်တို့ သုံးဦးသားသည် တယောက်က ခြေရာနှင့် သွေးကြောင်းကိုကြည့်ရင်း တယောက်စီ ရှေ့ဆုံး ဘယ်ညာဖြန့်ကာ အပြေး ကလေးဖိကာ လိုက်ကြပြန်၏။ မကြာမီ ကြိမ်တောကလေးထဲသို့ ဆတ်ကြီး၏ သွေးကြောင်းနှင့် ခြေရာများ ဝင်ရောက်သွားသည်ကို တွေ့လိုက်ရသည်တွင် ဦးဘိုးဟန်သည် ကျွန်တော်တိုအား ချက်ခြင်းရပ်တန့်ကာ နေစေပြီး ကြိမ်တော၏ အရှေ့ဘက်စွန်းဆီသို့ တချိုးတည်း ပိတ်ကာ ဒုန်းပြေးလိုက်ပြီး လေချွန်ကာ အချက်ပေးလိုက်သည်ကြောင့် ကျွန်တော်နှင့် ကိုစိန်ဘိုးတို့သည် ကြိမ်တောထဲသို့ ဝင်ရောက်ခဲ့ကြသည်။

ကြိမ်ဆူးများနှင့် နွယ်များသည် ကျွန်တော်တို့၏ ခြေသလုံးများကို မကြာခဏ ရစ်ပတ်သည့်ဟန့်တားမှု ရင်ဆိုင်ခဲ့ရပြီး ကိုက်နှစ်ရာလောက် ဝင်ရောက်ခဲ့သည်တွင် ကျွန်တော်တို့ရှေ့မှ တဖြောဖြောနှင့် တိုးပြေးနေသော ဆတ်ကြီး၏ အသံကို ကြားလိုက်ရသည်ကြောင့် “လာပြီဗျို့ … ပြေးပြီ … ပြေးပြီ” ချက် ခြင်းအော်ကာ အချက်ပေးလိုက်သည့် မိနစ်ပိုင်း အတွင်း၌ပင် ဦးဘိုးဟန် သေနတ်ဆီမှ ဒိုင်းကနဲ ပစ်ခတ်သံတချက် ခပ်တိုတို ကြားလိုက်ရပေ၏။

ကျွန်တော်တို့နှစ်ယောက်သားသည် ကြိမ်ပင်များ ကြားမှ ဖောက်ကာ ရှောင်ကာဖြင့် သေနတ်သံထွက်ပေါ်ရာဆီသို့ အရလု၍ တက်ခဲ့ကြသည်။

“လာကြဗျို့ … လဲနေပြီ၊ ဒီတခါမှ အမောပြေတော့မယ်”

ဦးဘိုးဟန်သည် ရိုင်ဖယ်သေနတ်ကို လက်နှစ်ဖက်ဖြင့် ကိုင်တွယ်ကာ ရပ်နေရာမှ လှမ်းခေါ်လိုက်သည်။ ဆတ်ဖားကြီးမှာ သူနှင့် မလှမ်းမကမ်းတွင် တုံးလုံးလဲနေပါတော့သည်။

“အတော် ဒုက္ခပေးတဲ့အကောင်ကြီးဘဲ။ ချိုကလဲ စိုက်နေတာဘဲဗျို့။ ကျုပ်တို့ သုံးယောက်နဲ့ ဘယ်နည်းမှ မနိုင်ဘူး”

ကျွန်တော်သည် ကိစ္စပြီးနေသော ဆတ်ကြီးကို ကြည့်ရာမှ ပြောလိုက်ရာ –

“နောက်ထပ် ယောက်ျားတောင့်တောင့် လေးယောက်မပါဘဲ ဒီဆတ်ကြီးကို စိတ်မကူးနဲ့။ ဒါနဲ့ ကိုစိန်ဘိုးလမ်းပန်းအခြေ အနေတွေ ကြည့်ကြစို့ရယ်။ မှန်းစမ်း … ဘယ်နှစ်နာရီ ရှိပြီလဲ”

ကျွန်တော်ဆီသို့ အချိန်နာရီကို မေးလိုက်သည်ကြောင့် လက်ပတ်နာရီကို ကြည့်လိုက်ရာတွင် ညနေ ငါးနာရီခွဲနေကြောင်း သိရ၏။

ကိုစိန်ဘိုးသည် အနီးပတ်ဝန်းကျင်တဝိုက်ကို လှည့်လည်၍ လမ်းပန်းအခြေအနေကို ရှာဖွေလိုက်ပြီး ပြန်လာပါသည်။

“တောတွေက အတော်နက်နေပြီဗျို့ ဆရာဟန်။ ကျုပ် အမှန်တိုင်း ပြောရရင် မျက်စိလယ်တယ်တယ် ဖြစ်နေပြီဗျ”

“ကောင်းဗျာ … လာကြ၊ ဆတ်ကြီးကို ခြေတွေလက်တွေကဆွဲပြီး ဟောဟိုလွင်ပြောင်မှာ ထုတ်ကြရအောင်။ မဟုတ်ရင်လဲ ကညင်ပင်ကြီးအောက်မှာ မီးဖိုပြီး တညဉ့်လုံး စခန်းပြုရမှာဘဲ။ ဒီလိုအခါမှာ ခုလိုတောကြီးထဲမှာ လမ်းမှားတာ၊ လမ်းပျောက်တာ သိပ်သတိထားရတယ်။

လူကလဲ သုံးယောက်ဖြစ်လေတော့ ရွာပြန်လမ်းကို ရှာဖွေဘို့ တယောက်ထဲ ပြန်လွှတ်လိုက်လဲ စိတ်မချဘူး ကိုစိန်ဘိုး။ ဒီတော့ ဒီတောတွေအကြောင်း သိတယ်မဟုတ်လား”
“သိပါတယ် ဆရာဟန်။ တောကောင်ကြီးတွေ အားကြီးရဲတယ်ဆိုတာရယ်၊ သားကောင်ကြီးတွေ ခိုကပ်တတ်တဲ့ နံမည်ကြီး ခွေးအအိုင်ချောင်းတောဆိုတာရယ် သိပါ့ဗျာ”

“ကိုင်း … ထင်းခြောက်တွေ ဝါးခြောက်တွေ စုကြဗျာ။ တညဉ့်လုံး မီးဖိုကြီးတွေနဲ့ နေကြလိမ့်မယ်။ ပြီးတော့ ဝါးစိုကြီးကြီး သုံးလေးလုံးခုတ် ရေနွေးကြိုသောက်ကြရအောင်”

ဦးဘိုးဟန်၏ စီစဉ်ချက်အတိုင်း ကျွန်တော်တို့သုံးဦးသားသည် ရှိသမျှအင်အားဖြင့် စု၍ ဆတ်သေကြီးကို ကြိမ်တောစမှ လွတ်ကင်းရာဘက်သို့ ဒရွတ်တိုက် ဆွဲ၍ ထုတ်ခဲ့ကြ၏။

ထိုနောက် သစ်ခြောက်ဝါးခြောက်တွေကို ချက်ခြင်းစုံပုံကြခြင်း၊ မလှမ်းမကမ်းရှိ ရေစမ်းစပ်မှ ဝါးကျည်ထောက်သုံးလုံးနှင့် ရေများခပ်ကြခြင်း ပြုလုပ်ကာ ညဉ့်ရေးညဉ့်တာအတွက် အရေးတကြီး ပြင်ဆင်လိုက်ရပေ၏။

ကျွန်တော်တို့ စခန်းချမည့် ကညင်ပင်ကြီးတဝိုက်၌ ထူထပ်စွာ ပေါက်ရောက်နေသော ကင်ပွန်းပင်ကြီးများကို တွေ့ရပြီး မြေပေါ်တွင်မူကား ကြွေကျနေသည့် ကင်ပွန်းသီးခြောက်များစွာကို တွေ့ရလေသည်။

ခြေရာခြေစများကို ကြည့်နေသည့်အခါတွင် သားကောင်မျိုးစုံ၏ ခြေရာများ အသစ်အဟောင်း စုံအောင် တွေ့ရပြီး စိုင်အုပ်ခြေရာ၊ ပြောင်ခြေရာ၊ တောကောင်ကြီးများ၏ ခြေရာများကိုပင် တွေ့ရသဖြင့် ကျွန်တော်တို့သည် မျက်စိလည်နေသော တောတောင်မှာ အတော်နက်သော ခွေးအအိုင်ချောင်း ကြိုးဝိုင်းထဲသို့ ရောက်ရှိနေကြောင်းကိုသတိပြုမိပေ၏။

ခြေရာခြေစများကို ကြည့်နေသည့်အခါတွင် သားကောင်မျိုးစုံ၏ ခြေရာများ အသစ်အဟောင်း စုံအောင် တွေ့ရပြီး စိုင်အုပ်ခြေရာ၊ ပြောင်ခြေရာ၊ တောကောင်ကြီးများ၏ ခြေရာများကိုပင် တွေ့ရသဖြင့် ကျွန်တော်တို့သည် မျက်စိလည်နေသော တောတောင်မှာ အတော်နက်သော ခွေးအအိုင်ချောင်း ကြိုးဝိုင်းထဲသို့ ရောက်ရှိနေကြောင်းကိုသတိပြုမိပေ၏။

X X X

ကျွန်တော်နှင့် ဦးဘိုးဟန်တို့သည် ကျောပိုးစစ်လွယ်အိတ်များအတွင်းမှ ရိက္ခာခြောက်များနှင့် လက်နှိပ်ဓာတ်မီး ဓာတ်ခဲများကို တခုပြီးတခု ထုတ်လိုက်ကြပါသည်။ လဘက်ခြောက်ထုပ်၊ ဆားထုပ်၊ မုံ့ခြောက်များစသည့် အရေးပါလှသော ရိက္ခာပစ္စည်းများကို ပြင်ဆင်ရင်း တဟုန်းဟုန်းတောက်နေသော
မီးဖိုကြီးများအတွင်းမှ အရံသင့်တည်ထားသည့် ဝါးကျည်တောက်ကြီးဆီသို့ မျက်စိရောက်ခဲ့သည်။

အမှောင်ထုကလည်း တခဲနက်သောမြင်ကွင်းသို့ ကျရောက်ကာ မင်းမူချင်တိုင်း မင်းမူနေပါတော့ပြီ။

ဦးဘိုးဟန်ကြီးသည် ဓာတ်ခဲသုံးတောင့်ထိုး လက်နှိပ်ဓာတ်မီးကိုကိုင်ကာ ပတ်ဝန်းကျင်တဝိုက်ကို ထိုး၍ မီးအားအခြေအနေ ကောင်း မကောင်း စမ်းသပ်ကြည့်ရှုလိုက်ရာ အလင်းရောင်မှာ ဓာတ်ခဲအသစ်များထည့်သုံးထားခြင်းကြောင့် ထိန်လင်းနေတော့၏။

ကိုစိန်ဘိုးသည် ကွမ်းအစ်ပေါက်စကလေးအတွင်းမှ ကွမ်းရွက်ဝါးရင်း

“ဆရာဟန်ရေ့ … ကျုပ်တို့အခုရောက်နေတဲ့ နေရာဟာ ခွေးအအိုင်ချောင်း အဖျားဘက် ဖြစ်လိမ့်မယ်။ ဒါကြောင့်ကင်ပွန်းပင်တွေ၊ ကစွန်းပင်တွေ တွေ့နေရတာဗျ။ သားကောင်တွေကလဲ အတော်စုံတဲ့
လက္ခဏာ တွေ့ရတယ်”

“ညဉ့်ရေးညဉ့်တာတော့ သတိထားမှ ကိုစိန်ဘိုး။ ညဆို အိပ်ချင်တောင်မှ တယောက်တလဲ ကင်းစောင့်ကြရလိမ့်မယ်။ တောကောင်ခြေရာတွေဟာ ထပ်နေတာ တွေ့မိရဲ့လား။ ဒါကြောင့် မီးဖိုကြီးတွေကို မီးအားမကျအောင်ထည့်ပြီး ဘေးတဝိုက်က ချုံတွေ ရှင်းလင်းပစ်ကြစို့”

နှစ်ယောက်သားသည် တောလိုက်ဓါးမြှောင်ကြီးတချောင်းနှင့် ကိုစိန်ဘိုး၏ ဓါးမတိုတချောင်းဖြင့် စခန်းတဝိုက်အနီးမှ ချုံများကို ခုတ်ထွင်ကာ မြင်သာအောင် ရှင်းလင်းချလိုက်ကြပြီး ဆူလာသော ဝါးကြည်တောက်ကြီးကို မီးမလောင်သည့် ခြေရင်းမှ သစ်ရွက်စိမ်းများဖြင့် လက်ခုလုပ်ကာ ကိုင်၍ အရံသင့်စိုက်ထားသည့် နှစ်ခွထောက်ကလေးပေါ်သို့ မေးတင်လိုက်ပြီး ဦးဘိုးဟန်သည် လဘက်ခြောက်များကို ခပ်ထည့်လိုက်ပါသည်။

ကိုစိန်ဘိုးသည် ဝါးဆစ်များကို လက်လေးသစ်လောက်မှဖြတ်ကာ နှုတ်ခန်းများကို ချောနေအောင် လှီးလိုက်ပြီး တောတွင်းလဘက်ရည်ကြမ်း ပန်းကန် (သို့မဟုတ်) မော့ အဖြစ်ကို ဖန်ဆင်းလိုက်ပြန်သည်။

“မိုးသားတွေ တော်တော်ရှင်းနေလို့ တော်သေးတယ် ဆရာဟန်။ ကြယ်တွေကလဲ အလင်းရောင်နည်းနည်းပါးပါးတော့ ရပါတယ်”

ကိုစိန်ဘိုးသည် လဘက်ရည်ကြမ်းတခွက်စီကိုင်ကာ ထည့်ပေးရာမှ ရာသီဥတုအခြေအနေကို မှတ်ချက်ချလိုက်ပြီး ရွာမှ စီစဉ်ယူခဲ့သော ပဲလှော်သုပ်ကို ဖက်တရွက်ပေါ်တွင် လဘက်ရည်ကြမ်းအမြီးအဖြစ်နှင့် ထည့်ပေးပါသည်။

“ဂူးဂဲ- ဂူးဂဲ-ဂူးဂဲ” ဟူသော တစ်ဆို့ဆို့အသံကြီး သိုမဟုတ် သစ်တုံးပူပူကို လွှတုံးတုံးနှင့် ဆွဲနေသည့် အသံမျိုးကြီးလို ကျွန်တော်တို့နှင့် ဂိုက်သုံးရာခန့်ဆီမှ တခဲ့နက် ပေါ်ထွက်လာချေ၏။

“ဟောဒီ သစ်ဆင်ဟာ သိပ်မဝေးဘူးဗျ။ ဆတ်သေကြီးဆီက သွေးနံ့ရလို့ ရောက်နေတာ။ ဒီညဉ့် တပွဲ တလမ်း အကဲစမ်းချင် စမ်းရလိမ့်မယ်နော်။ ဝိရိယတော့ ပေါ့နေလို့ မဖြစ်ဘူး။ သေနတ်တွေ ကျုပ်တို့ဘေးမှာ လက်လှမ်းမှီ ထားကြပေတော့။ သစ်ရော ကျားရော အလွန်ပေါတဲ့ တောဗျ”

ဦးဘိုးဟန်သည် လဘက်ရေကြမ်းတခွက်ကို မော့ကာ သတိပေးလိုက်ပါသည်။

ညဉ့်ကလည်း အတော်နက်၍ လာပါတော့သည်။

ဒီးဒုတ် ဖိုမ တို့၏ အချီအချတွန်သံ၊ ကုပ်ကလူးခေါ် ညဉ့်ငှက် ဘီလူးကြီးများ၏ အစာရှာဖွေရာမှ အော်မြည်သံများကလည်း ကြောက်မက်ဖွယ်ရာ အသံများအဖြစ် ဖန်တီးနေစေ၏။

ကျွန်တော်တို့ သုံးယောက်စလုံးအဖို့ တနေ့လုံး ဆတ်ကြီးကို လိုက်လံခဲ့ရသည်ကြောင့် အမှန်အတိုင်းပြောရလျှင် အတော်ပင်ပန်းနေကြပြီး မျက်ခွံတွေ လေးလံနေပါသည်။ အားလုံးပင် အိပ်ချင်တော့ သည်။

ထို့ကြောင့် …

“တရေးတမော အိပ်ကြရအောင် တယောက်စီကင်းစောင့်ကြဗျာ။ ပထမ ကိုစိန်ဘိုး ကင်းစောင့်၊ မီးထည့်။ အရေးဆိုရင် ချက်ခြင်းနှိုး။ ပစ်တန် ပစ်ထည့်ပေး”

ကျွန်တော်သည် စီစဉ်လိုက်ပြီး ကျောပိုးအိတ်ကို ခေါင်းအုံးလုပ်၍ မီးဖိုဘေးတွင် အတင်းလှဲချလိုက်သည်။

ရိုင်ဖယ်ကို ကျွန်တော်၏ ညာဘက်ဘေးတွင် ကပ်လျက် သစ်တုံးပေါ်တွင် အသာတင်၍ ကျည်ဆန်တတောင့်ထိုး၍ ထားလိုက်သည်။

ကိုစိန်ဘိုးသည် အင်္ဂလိပ်ရိုင်ဖယ်ကို ပိုက်၍ မတ်တပ်ရပ်ကာ ကင်းစောင့်နေပါသည်။ ကျွန်တော်လည်း နှစ်ခြိုက်စွာ ချက်ခြင်းပင် အိပ်မောကျသွားပါသည်။

ကျွန်တော့်ကို ကိုစိန်ဘိုးက လာရောက်၍နှိုးသည်ကြောင့် အရေးတကြီးနှင့် မျက်လုံးများကို ဖွင့်၍ ကြည့်လိုက်သောအခါ ကင်းအလှည့်ပြောင်းရန် နှိုးကြောင်း သိရပြီး ချက်ခြင်းပင် လက်ပတ်နာရီကို ကြည့်လိုက်ရာ ညဉ့်လယ် နှစ်နာရီကျော် ငါးမိနစ်စွန်းနေကြောင်း တွေ့ရပေ၏။ ထိုကြောင့် အိပ်ရာမှ ထကာ ကျွန်တော်၏ ရိုင်ဖယ်ကိုကိုင်ကာ မီးဖိုကြီး နှစ်ဖိုအတွင်းသို့ ထင်းခြောက်များ၊ ဝါးခြောက်များထည့်ကာ ကင်းတာဝန်ကို စတင်၍ ယူလိုက်ရတော့သည်။
သန်းကောင်ကျော်ကာလ လေကလည်း တဟူးဟူးတိုက်ခတ်လာသလောက် မိုးနံ့ ကလေးတွေပါ ပါလာသည်။

ခပ်လှမ်းလှမ်းမှ ဆတ်တစ်သံများ၊ ကျားတစ်သံများသည့် ပြိုင်ကာ ဆိုင်ကာ ကြားလိုက်ပါပေ၏။

ရိုင်ဖယ်ကို ညာဘက်မှ လွှဲကာကိုင်ရင်း မီးဖိုကြီးတွေ ပတ်ချာတွင် လှည့်လည်ကာ အိပ်ချင်ပြေ လမ်းလျှောက်မိပါသည်။

အတန်ကြာလျှင် မြောက်စူးစူးဆီမှ လူသံလိုလို ခေါ်သံလိုလို ကြားလိုက်ရတော့သည်။ ပထမ သုံး လေးခွန်းကို မသဲကွဲသည်ကြောင့် ကောင်းစွာ အမှတ်သညာ မထားမိပါ။ နောက်နှစ်ခွန်းလောက် ကြားရမှ နားစွင့်မိခြင်း ဖြစ်၏။

“ဝူး … ဝူး … ဝူး” ဟူသော တောတောင်ထဲတွင် လူချင်းကွဲနေ၍ ဖြစ်စေ၊ တယောက်နှင့် တယောက် ဘယ်ရောက်နေသည်ဟူသော လူသံပေးကြသည့် “ဝူး” ဟူသောအသံ ပြုခြင်းမျိုး ဖြစ်ပေ၏။

အသံသည် မှန်မှန်ပေးရင်း ကျွန်တော်တို့ဖက်သို့ တဖြည်းဖြည်းနှင့် နီး၍ နီး၍ လာချေ၏။ ကျွန်တော့် စိတ်အထင်တွင် လူချင်းကွဲနေသော မနုဿလူသားတယောက်၏ အကူအညီခေါ်၍ တောင်းခံသော “ဝူး” သံဟု မှတ်ထင်လိုက်သည်။

တောထဲတောင်ထဲတွင် ရွာသားအချို့ ပြောဆို ယုံကြည်နေသော တောခြောက်သံ၊ ကြပ်များ နာနာဘာဝများ ခြောက်လှန့်သံဟူ၍ ကျွန်တော် မယုံကြည်ပါ။

ထို့နောက် ဆက်လက်၍ အသံများကို နားထောင်လိုက်ပါသည်။

အသံသည် ကျယ်သည်ထက် ကျယ်ကာ နီးကပ်လာပြန်သည်။

ထိုကြောင့် အကောင်းဆုံးနည်းဖြစ်သော ကိစ္စတခုကို လုပ်လိုက်ရပေ၏။ ဦးဘိုးဟန်ကြီးကို လက်ကုတ်၍ နှိုးကာ…

“လူသံတွေကြားတယ်ဗျို့ … သိပ်နီးနေပြီ”

ခပ်တိုးတိုး သတိပေးလိုက်ရာ ဦးဘိုးဟန်သည် အိပ်ရာမှ ဗြုံးကနဲထကာ သူ၏ရိုင်ဖယ်ကို ကိုင်လိုက်ပြီး နားစွင့်ကာ ထောင်လိုက်သည်။

“ဟုတ်တယ် … လူတွေ ဟစ်လာတဲ့ အသံမျိုးဗျ။ နေစမ်းပါအုံး၊ လူတွေ အသံပေးရအောင်ကလဲ ညဉ့်ကြီးမှာ မဖြစ်နိုင်ပါဘူးလေ”

အတန်ကြာ နားစွင့်ကာ ဆက်လက်၍ ထောင်နေလိုက်ပြီးမှ

“ဟာ … ဒါ လူအသံပေးတဲ့ ဝူးသံ မဟုတ်ဘူးဗျ။ ကိုင်း … ကိုစိန်ဘိုး ထပေတော့”

ချက်ခြင်းနှိုးလိုက်ပြီး….

“လာလာ … ဗိုလ်မှူး၊ ကျုပ်တို့ အသာပုန်းနေ။ လူရိပ်ကိုမပြနဲ့။ ပစ်ခတ်ဘို့ အသင့်ပြင်ဗျို့ … သိပ်နီးနေပြီ”

“ဘာလဲဗျ … တစ္ဆေခြောက်တာလား။ လူသံနဲ့ သိတ်တူတာဘဲ”

“တွေ့ပါလိမ့်မယ်၊ ပြောင်တွေ အူလာတာဗျ။ သိပ်လူသံနဲ့တူတယ် မဟုတ်လား”

ကျွန်တော်သည် သစ်ပင်ကြီးနောက် မှောင်ရိပ်တွင် ကပ်၍ နေရာယူလိုက်ပြီး ရိုင်ဖယ်မောင်းတံကို ရှေ့သို့ထိုးကာ မောင်းတင်လိုက်သည်။

မကြာမီ တဖြောဖြောနှင့် ခြေသံများ၊ ဖက်ရွက်သံများနှင့် ချုံများတို့ကား ဆူဆူညံညံ တက်လာသည့် အသံများနှင့်အတူ ခပ်လှမ်းလှမ်းဆီမှ မဲမဲသဏ္ဍာန်ကြီးတွေကို စတင်ကာ တွေ့လိုက်ရပေသည်။

ဧရာမ သစ်ဆွဲကျွဲကြီးတွေထက် တဆခွဲမျှ အရပ်အမောင်းရော ကိုယ်လုံးရော ကြီးမားပြီး ခေါင်းကြီးတွေမော့ကာ နီးရာ ဝါးရွက်များကို စားလိုက် တက်လိုက်နှင့် ပြောင်သတ္တဝါကြီးများသည် ရဲတင်းစွာဖြင့် ကျွန်တော်တို့ဖိုထားသော မီးဖိုကြီးတွေနှင့် ဝါးနှစ်ရိုက်လောက်ဆီသို့ ချဉ်းကပ်၍ လာပါတော့သည်။

တတန်းတည်းဖြစ်နေသော လည်ဂုပ်တောင့်တောင့်ကြီးမှာ မီးရောင်၌ ပြောင်လက်နေသည့် ဂျိုကားယားကြီးများနှင့် ဆင်ပေါက်ကလေး ကိုယ်လုံးကဲ့သို့ တောင့်တင်းလှသော ကိုယ်လုံးကြီးများဖြင့် ပြောင် ခုနစ်ကောင်အုပ်ကို ကျွန်တော်သည် ကြည့်ရင်း ထိပ်ဆုံးက ကြီးမားလှသော ပြောင်ထီးကြီး၏ လက်ပြင်ကို ကျကျနနချိန်ကာ ချက်ရွေးနေပါသည်။

ဆတ်သေကြီးမှ သွေးနံ့၊ သို့မဟုတ် ကျွန်တော်တို့ မီးဖိုဘေးတွင် ကျန်ရစ်ခဲ့သော အဝတ်အစား လွယ်အိတ်များမှ လူနံ့များ ဖြစ်စေ၊ ကျွန်တော်တို့ ပုန်းကွယ်နေရာဆီမှ ချွေးနံ့များ ရရှိသွားသည်ကြောင့်ဖြစ်စေ၊ ပြောင်ကြီးများသည် ရုတ်တရက် ရပ်တန့်ကာ ရှေ့ဆုံးမှ ပြောင်ထီးက ဖောက်ကနဲ နှာခေါင်းမှုတ်ကာ တိုက်ခိုက်ရန် အသင့်ပြင်အနေအထားဖြင့် နားရွက်နှစ်ဖက်ကို စွင့်ကာ နေပါတော့သည်။

ကျွန်တော်၏ အသက်ရှူသည် ခေတ္တ ရပ်နားလိုက်သည့် နောက်ဆုံးတွင် ကျွန်တော်၏ ညာဘက်လက်ညှိုးသည် ရိုင်ဖယ်၏ မောင်းကွင်းကို ညင်သာစွာဖြင့် ဆွဲညှစ်ကာ ချလိုက်ပါသည်။

ငြိမ်သက်နေသော ညဉ့်ယံကို .၄ဝ၄-ရိုင်ဖယ်၏ ဂရိမ် လေးရာ ယမ်းအားသည် ရုတ်တရက် ပေါက်ကွဲကာ တစက္ကန့်တွင် နှစ်ထောင့်တရာလေးဆယ်ရှစ်ပေ အမြန်နှုန်းဖြင့် ထွက်ကာ လှည့်ပတ်ပြီး ရှေ့ဆုံးမှ ပြောင်ထီးကြီးကို ထိမှန်သွားပါသည်။

ကျွန်တော်၏ရှေ့ ဂိုက်ငါးဆယ်အတွင်း၌ မာန်တင်းကာ ရပ်နေသော ပြောင်ထီးကြီးသည် ကြီးမားလှသော မီးရထားခေါင်းတွဲကြီးနှင့် တအား ပစ်ကာ အတိုက်ခံရသလို ဆယ့်နှစ်လက်မ အကွာအဝေးကြားတွင် လေးထောင်တရာ ငါးဆယ် ငါးပေါင် တွန်းကန်အားဖြင့် ပစ်ခွင်းခြင်းခံရသော .၄၀၄-ရိုင်ဖယ်၏ ကျည့်ဆန်ဒဏ်ချက်ကြောင့် စက္ကန့်ပိုင်းအတွင်း ငိုင်နေရာမှ ရှေ့သို့ ထိုးကျသွားပါသည်။

နောက်ထပ် ကျွန်တော်က ကျည်ဆန်သစ်တတောင့်ကို ချက်ခြင်း ပြောင်းဝထဲသို့ ထိုးသွင်းကာ မောင်း တင်စေပြီး ဒုတိယပစ်ကွင်းကို ရှာဖွေလိုက်ပါသည်။

ဦးဘိုးဟန်နှင့် ကိုစိန်ဘိုးတို့ကသည်း ရိုင်ဖယ်သံနှစ်ချက်ဆင့်ကာ ပေါ်ထွက်ခဲ့ပြီး တတိယ ပြောင်တကောင်ကို ပစ်ချလိုက်သည်ကို တွေ့လိုက်ရပါသည်။

ကြီးမားလှသော ကိုယ်လုံးကြီးတွေနှင့် ဆန့်ကျင်ကာ လျင်မြန်လှသော ပြောင်ကြီးများသည် ဝေါဝေါ ဒိုင်းဒိုင်းပင် စက္ကန့်ပိုင်း၌ တဟုန်ထိုး ပြေးမိပြေးရာ ပြေးလွှားသွားကြပါသည်။
ဦးဘိုးဟန်တို့ ပစ်ခတ်လိုက်သော ပြောင်ကြီးသည် သွေးရူးသွေးတန်းနှင့် အဖော်များပြေးရာသို့ ရောနှောကာ ပြေးရန် ရှေ့လက်ခြစ်ကာ အထ,လိုက်တွင် ကျွန်တော်၏ .၄ဝ၄ ရိုင်ဖယ်သည် မီးပွင့်၍ ထွက်လာသော ရိုင်ဖယ်သံနှင့်အတူ ပြောင်ကြီး၏ လည်တိုင်ကို ချိုးပစ်လိုက်မှ ပြောင်ကြီးသည် အရုပ်ကြိုး ပြတ် ကျသွားပါသည်။

သုံးယောက်စလုံး ရိုင်ဖယ်များကို မောင်းတင်ကာ အရိပ်အခြည်ကို အတန်ကြာအောင် စကားတခွန်းမှ မပြောစတမ်း အကဲခတ်နေကြသည်။

ငါးမိနစ်ခန့်ကြာမှ …

“ကောင်းကွာ … ရမယ့်ရတော့ ဆတ်ကော၊ ပြောင်ကြီးနှစ်ကောင်ပါ ရတယ်။ ကံများနှယ်ကွာ… ရယ်စရာနဲ့ ရွံစရာဘဲ၊ ထွီ …”

“ကျုပ်လဲ ကြားတယ် ဆရာဟန်။ လူတွေလာတယ် အောင့်မေ့ပြီး အိပ်ကလဲ အိပ်ချင်တာနဲ့ အိပ်မက်မက်သလို ဖြစ်နေတုန်း ဆရာဟန် လာနှိုးတာဗျ”

“အေး … ငါလဲ ကြားခါစတော့ တောချောက်တယ် အောက်မေ့မိတယ်။ သေသေချာချာ အသံကို စုံစမ်းနားထောင်မှ လူတွေ အူသံထက် အသံကကြီးတာ သတိရပြီး ကင်ပွန်းသီးခြောက်တွေ လာပြီးစားဘို့ဆိုတာ အဖြေရတော့တယ်”

“ကိုင်း… အမဲကြီးတွေ ရတာတော့ ဟုတ်ပါပြီ။ ရွာကိုဘယ်လိုပြန်ပြီး ဘယ်လိုသယ်ကြမှာတုံး”

ကိုစိန်ဘိုးသည် သူ့ဖာသာသူ မေးခွန်းထုတ်ကာ တဟားဟား ရယ်မောလိုက်တော့သည်။

“အိပ်မနေတော့ပါဘူးကွာ။ ဟောဒီ ဝါးကျည်ထောက်နဲ့ ရေနွေးအိုးတလုံး တည်ကြဗျာ။ လဖက်ရည်ကြမ်းသောက်ပြီး မအိပ်တမ်း ငုတ်တုပ်ထိုင်ရတော့မယ်”

ဦးဘိုးဟန်သည် ဆေးပေါ့လိပ်ကြီးကို မီးညှိကာ တထောင်းထောင်းနှင့် မီးခိုးတွေထွက်လာအောင် ဖွာလိုက်ပါသည်။

ကျွန်တော်နှင့် ကိုစိန်ဘိုးတို့သည် ပြောင်ကြီး နှစ်ကောင် ဆယ်လှမ်းကွာလောက်စီ၌ အစီအရီလဲနေရာသို့ သွားရောက်၍ အခြေအနေကို အကဲခတ်ကြည့်ရှုလိုက်သည်။

ပထမပြောင်ကြီး၏ လက်ပြင်သည် ဟိုဖက်ဒီဖက် ကျည်ဆန်ထွက်ရာ တွေ့ရသည်။ ဒုတိယ ပြောင်ကြီးတွင် လက်ပြင်နေရာတွင် ၃ဝ-ဝ၆ ကျည်ဆန်နှင့် .၃ဝ၃ ကျည်ဆန်နှစ်ချက် မှန်သော်လည်း ကျည်ဆန်ယမ်းနှင့် အားနည်းနေမှုကြောင့် တဖက်သို့ ယမ်းဖူးမထွက်ပါ။ ကျွန်တော်၏ .၄ဝ၄ ကျည်ဆန်မှာ ပြောင်ကြီး၏ လည်တိုင်ကို ချိုးချလိုက်ခြင်းဖြင့် ကိစ္စပြီးစီးလိုက်ခြင်း ဖြစ်လေ၏။

ငုတ်တုတ်ထိုင်လျက် ငိုင်ချည်တလှည့် နိုးချည်တခါဖြင့် မိုးလင်းခဲ့ရလေ၏။

အရှေ့ဆီမှ နေရောင်ခြည်ကလေးတွေ တောစပ်ဆီမှ ပြူလာသောအခါတွင် ဦးဘိုးဟန်က နားစွင့်ကာ ထောင်လိုက်ပြန်သည်။

“ဘာလဲ အဖိုးကြီး၊ ပြောင်တွေ အူလာပြန်ပြီလား”

ကျွန်တော်က မေးလိုက်ရာ

“မဟုတ်ဘူးဗျ၊ သီချင်းဆိုသံ ကြားရလို့”

“ဟုတ်တယ် … ဟုတ်တယ်၊ သီချင်းဆိုသံဗျ … မှန်းစမ်းအုံး”

ကိုစိန်ဘိုးသည် ရိုင်ဖယ်ကိုဆွဲကာ မြောက်ဘက်စူးစူးဆီသို့ ခပ်သုတ်သုတ် ထွက်ခွာသွားသည်။

မကြာမီ ခြေသံများ တဗြောင်းဗြောင်းနင်းလာသည့် အသံများနှင့်အတူ ရှေ့ဆုံးမှ ကိုစိန်ဘိုး၊ နောက်မှ အထုပ်အပိုးတွေနှင့် ခရီးသည်တစုကို တွေ့လိုက်ရလေ၏။

“ကံကောင်းလို့ ဆရာဟန်ရေ့။ ကျွန်တော်တို့ရွာက ထွန်းညွန့်တို့လူသိုက် သစ်ပုတ်ပင်က လွှဆွဲပြီး ရွာအပြန် တိုးမိကြတာ။ သူတို့ကလဲ ဒီနေရာ တောကောင်ကြောက်တာနဲ့ လူသံတွေပေးလာကြတာ၊ သီချင်းတွေ တကြော်ကြော်နဲ့ပေါ့ဗျာ”

“နေရာကျလိုက်လေဗျာ၊ ကိုင်း… ခင်ဗျားတို့ဆီက အိုးခွက်တွေ ဆန်တွေပါရင် ပေးခဲ့ကြ။ ရွာကို ကိုစိန်ဘိုးနဲ့ အဖော်တယောက်က ပြန်ပြီး ဆန် ဆီ ရိက္ခာနဲ့ လူအားများများ ခေါ်ခဲ့ကြပေတော့။ ပြောင်ကြီးတွေရော ဆတ်ရော ဖျက်ပြီး ကျတ်တင်ရအောင်”

ရွာသားရှစ်ယောက်မှာ ပြောင်ကြီးနှစ်ကောင်နှင့် ဆတ်ကြီးကိုကြည့်ခါ ဝမ်းအသာကြီး သာနေကြပါသည်။

“လာကြဟေ့ … ကျတ်စင်ဆောက်ကြရအောင်။ ပြီးသလောက် စပြီး လုပ်နှင့်ကြအောင်”

လူကြီးလုပ်သူက ခေါ်ယူကာ ကျတ်စင်ကြီးကို အရေးတကြီး ဆောက်လုပ်နေသည်တွင် ဦးဘိုးဟန် သည် အရေးတကြီးနှင့် ထမင်းတလုံးကို ချက်ပြုတ်နေပါ၏။

“ကျုပ်တို့ဖြင့် ဘိုးသူတော်ပြောတဲ့ စကားပုံလိုဘဲ။ မျက်စိလည်လေ ဆန်ရလေ ဆိုတာလိုဘဲ။ အလည်ကောင်းဗျို့။ ပြောင်ကြီးရော၊ ဆတ်ရော အမြိုင်သားရတာ တချီထဲနဲ့ ကျေနပ်သွားတာဘဲ။ ဒါထက် ခုတောဟာ ရွာနဲ ဘယ်လောက်ဝေးသလဲဗျ”

ဦးဘိုးဟန်သည် ထမင်းချက်ရာမှ မေးလိုက်ရာ…

“ဝေးပေါ့ ဆရာကြီး၊ အဖျင်းဆုံး ငါးတိုင်ဘဲ။ အင်မတန်တောကြီးတဲ့ ခွေးအအိုင်ချောင်းအဖျားဗျ။ လူ နှစ်ယောက် သုံးယောက်ထဲဆိုရင် ဒီနေရာက မဖြတ်ရဲဘူး။ တောကောင်နဲ့ အမဲကြီးတွေ အားကြီးပျော်တဲ့နေရာဗျ။ တောဆင်တွေ မနှစ်က ဒီနေရာက မခွာဘူး ဆရာကြီး”

“ရွာကလူတွေ ရန်ကင်းရင် ဆိုက်လာမှာပါ ဗိုလ်ကြီး။ ထမင်း ဟင်းတွေ ကျွန်တော်တို့ ချက်ပါရစေ”

ရွာသားတဦးသည် ခွင့်တောင်းပြီး အဖိုးကြီးကို အနားပေးလိုက်သည်ကြောင့် ဦးဘိုးဟန်သည် လွယ်အိတ်ကို ခေါင်းအုံးသုံးကာ ဟန်ရပန်ရ မှိန်းလိုက်ပါတော့သည်။

ရစ်ကောင်၏ “ဒီးကနဲ … ဒီးကနဲ” အတောင်ခတ်သံသည် အိပ်မောကျစပြုနေသော မုဆိုးကြီး ဦးဘိုးဟန်ကို သားချော့သီချင်းအဖြစ် ချော့မော့၍ အိပ်စေသကဲ့သို့ တောလုံး တုန်နေတော့သည်။

ငွေတာရီမဂ္ဂဇင်း
အမှတ် ၄၉
၁၉၆၄ ၊ ဇူလိုင်လ

– ပြီး –