မျက်နှာငယ်မှာ စိုးပါတယ်
လယ်တွင်းသားစောချစ်
၁၊။
“တောင်ငူရောက်မှတော့ အမေ့အိမ် ဝင်အိပ်လိုက်ဦးမယ်”
ကျွန်တော်ပြောလေ့ရှိသောစကား။
တောင်ငူမှာ အမေရှိ၍မဟုတ်။ အမေ့အိမ်လည်း မရှိ။ ရှိသည်က အမေ့အိမ်ဟိုတယ်။
မန္တလေးမြို့မှတစ်ဆင့် ထန်းတစ်ပင်သို့ကူးပြီး စာပေဟောပြောရာတွင် ကြားမှာ တစ်ရက်အားနေသည်။ ရန်ကုန်ထိပြန်ပြီးမှ ထန်းတစ်ပင်ပြန်လာလျှင် ညရောက် မနက်ပြန်ထွက်ရမည်။ ခရီးပန်းသည်။
ထို့ကြောင့် ထန်းတစ်ပင်မှ စာပေမိတ်ဆွေများကို ဟောမည့်နေ့ မနက်ကျမှ တောင်ငူ အမေ့အိမ်လာကြိုရန် မှာကြားလိုက်သည်။
ကျွန်တော် မန္တလေးမှ ကားဖြင့်လိုက်ပါပြီး တောင်ငူဆင်းသည်။ အမေ့အိမ်ဟိုတယ်မှာတည်းသည်။ အမေ့အိမ်ဟိုတယ်သည် တောင်ငူမြို့ အလယ်ခန့်မှာရှိသည်။ စည်ကားသောနေရာဖြစ်သည်။ ရန်ကုန် – မန္တလေး လမ်းမကြီးဘေးမှာ ဖြစ်သည်။ တည်းခိုနားနေရသည်မှာ အဆင်ပြေသည်။ စားသောက်ဆိုင်လည်းရှိ၍ အပြင်ထွက်စားစရာမလို။ ဟိုတယ်မှာပင် ကောင်းကောင်းစား၍ရသည်။ ဝန်ထမ်းများကလည်း ဆက်ဆံရေးကောင်းသည်။
ကျွန်တော်ရောက်သွားတော့ အခန်းတစ်ခန်းယူပြီး နားသည်။ ဟိုတယ်ဝန်ထမ်းများကို ပိုင်ရှင်ဦးမြင့်ညိုအား မပြောရန်မှာထားသည်။ သိလျှင် တည်းခိုခမယူမှာစိုး၍ ဖြစ်သည်။
သို့သော် ညနေပိုင်းကျတော့ ဦးမြင့်ညိုရောက်လာပြီး ထမင်းစားရန်ခေါ်သည်။
“ဟာ ကလေးတွေကို မပြောပါနဲ့ မှာထားတာပဲဗျာ”
ကျွန်တော်က ဦးမြင့်ညိုကို အားနာသည်။
“ကလေးတွေ မပြောပါဘူးဗျ။ ကျွန်တော့်ဘာသာ ဧည့်သည်အဝင်စာရင်းကိုကြည့်ပြီး သိတာပါ”
“ထမင်းစားတာတော့ ကျွန်တော်ပေးမယ်ဗျာ”
“မဟုတ်တာဗျာ။ ထုံးစံမရှိတာ။ လာပါ။ စကားပြောရတာပေါ့”
စားသောက်ဆိုင်မှာမဟုတ်။ ဧည့်သည်ကျွေးသည့် သီးသန့်ခန်းမှာ ပြင်ဆင်ထားသည်။ စားဖွယ်အစုံအလင်နှင့်အတူ သောက်စရာ ဝီစကီဆော်ဒါ၊ ရေခဲပါ အဆင်သင့်။
“ကျွန်တော် မသောက်တော့ဘူးဗျ”
“ကောင်းတာပေါ့”
ဦးမြင့်ညိုက အတင်းမတိုက်။ သူကိုယ်တိုင်လည်း လုံး၀မသောက်။
“ဆရာရောက်လာတာနဲ့ အတော်ပဲ။ ဆရာ့ကို ပြောချင်တာရှိတယ်”
ဦးမြင့်ညိုက စကားစသည်။
“ပြောဗျာ”
ထမင်းစာရင်း စကားပြောကြသည်။
“ဆရာရေးတဲ့ အမေ့ထိုင်ခုံကို ကျွန်တော် မဂ္ဂဇင်းထဲမှာ ဖတ်ပြီးပြီ။ ဆရာက အမေ့အကြောင်းပဲရေးနေ တာကိုဗျ။ အဖေ့အကြောင်းလည်း ရေးပါဦး”
ကျွန်တော်ပြုံးလိုက်မိသည်။
အမေနေ့ လုပ်သလို အဖေနေ့ လုပ်စေချင်သူတစ်ဦးနှင့် တွေ့ရပြန်ပြီဟု တွေးမိ၍ဖြစ်သည်။
“သားသမီးတွေ အပေါ်မှာ အမေ့ကျေးဇူးတွေ ရှိတယ်ဆိုတာ ဟုတ်ပါတယ်”
ဦးမြင့်ညိုက ဆက်ပြောသည်။
“ဒါပေမဲ့ အဲ့ဒီအမေ အပါအဝင် သားသမီးတွေပါ စားဖို့၊ ဝတ်ဖို့၊ နေဖို့၊ ပညာသင်ဖို့၊ ရှာရတာ အဖေဗျ။ မီးဖိုထဲက ဆန်ပုံး ဆန်ဖြည့်ရတာ၊ ဆီအိုးဆီပြည့်အောင်ဖြည့်ရတာ အဖေဗျ”
ကျွန်တော် ခေါင်းညိတ်ပြလိုက်ပါသည်။
“တချို့အဖေတွေက ရှာရဖွေရတာ အခက်အခဲမရှိ အဆင်ပြေပေမယ့် တချို့အဖေတွေ ကျတော့ မညှာမတာ မောက်မာတဲ့ အထက်လူကြီးတို့ လုပ်ငန်းရှင်တို့နဲ့တွေ့ရင် အဆဲခံရ၊ အဆိုခံရ ဒါကိုပြောတာကွ၊ ငတုံးရ ဒါလေးတောင် မသိဘူးလား။ ငါ နားရင်းရိုက်လိုက်ရ။ အသုံးမကျတဲ့ကောင်။ အဲ့ဒီလိုအပြောခံရတာဆရာ”
ကျွန်တော်ခေါင်းညိတ်ရပြန်သည်။
ဦးမြင့်ညိုပြောသောအဖြစ်မျိုး ကိုယ်တိုင်လည်း များစွာကြုံရမြင်ရ ကြားခဲ့ရပါသည်။
“ဒါပေမဲ့ အဲဒီလို အပြောခံရ၊ အဆဲဆိုခံရတာကို ဘယ်အဖေမှ မိသားစုကို ပြန်မပြောကြဘူးဆရာ။ မိသားစုရှေ့ရောက်ရင် ကိုယ်ရှာဖွေရလာတဲ့ငွေလေးနဲ့ ပေးလို့ ကျွေးလို့ စားကြစားကြ ၀အောင်စားကြနဲ့ ပြုံးပြုံးရွှင်ရွှင် ကျွေးကြတာ။ ကိုယ်တိုင်သာ မိသားစုကွယ်ရာမှာ မျက်နှာငယ်ခံခဲ့ကြတာ။ ဘယ်အဖေမှ ငါဘယ်လိုအပြောခံရတာ၊ မျက်နှာငယ်ခံပြီး ရှာခဲ့ရတာလို့ မိသားစုကို ပြန်မပြောကြဘူး”
“ဟာ ကောင်းလှချည်လား။ ဦးမြင့်ညို အခုပြောတာကိုပဲ ရေးဖို့ကောင်းနေပြီ။ ဦးမြင့်ညိုပြောတာ ကိုယ်တွေ့ခံရဖူးသလိုပဲ”
၂။
“ခံခဲ့ဖူးတာပေါ့ဆရာ . . ကျွန်တော်က အောက်ခြေကစပြီး အလုပ်အမျိုးမျိုး ကြိုးစားခဲ့ရတာ။ အများကြီးကြုံခဲ့ရတာပေါ့။ ကျွန်တော့်လိုပါပဲ။ ကျန်တဲ့အဖေတွေလည်း အနည်းနဲ့အများ ခံခဲ့ကြရမှာပါ။ ဒါပေမဲ့ ဘယ်အဖေမှ မိသားစုကို ပြန်ပြောကြမှာမဟုတ်ပါဘူး။ မိသားစုဂုဏ်ရှိတာလေးတွေကိုပဲ ပြောကြမှာပါ”
ကျွန်တော် ခေါင်းညိတ်လိုက်ရပါသည်။ ကျွန်တော်ကိုယ်တိုင် အငြူအစူ အပြောအဆိုခံခဲ့ရသည်များကို သတိရမိသည်။ ထို့ထက်ပို၍ သားဖြစ်သူမျက်နှာငယ်မှာစိုး၍ ကျွန်တော်ရှေ့မှောက်သို့ မျက်နှာအောက်ကြို့ တောင်းပန်ရှာသော ဖခင်တစ်ယောက်ကို မြင်ယောင်မိသည်။
ကျောက်ဆည်မြို့မှ အလွတ်ပညာသင်တန်းကျောင်းတစ်ခုတွင် ကျွန်တော်တာဝန်ထမ်းဆောင်ခဲ့စဉ်ကဖြစ်သည်။ ဘော်ဒါဆောင်၏ ပိုင်ရှင်မှာ ကျောင်းအုပ်ဆရာကြီးဖြစ်သည်။ ဆရာကြီးက ကျွန်တော့်ကို ဘော်ဒါအုပ်အဖြစ် အခကြေးငွေပေး၍ တာဝန်ပေး ခန့်ထားခြင်းဖြစ်သည်။
ကျွန်တော့် တာဝန်များထဲမှာ ဘော်ဒါကိုစည်းကမ်းတကျဖြစ်အောင် အုပ်ချုပ်ကွပ်ကဲရရုံမက ဘော်ဒါခကို လစဉ်တောင်းခံရခြင်းလည်းပါသည်။ တစ်လပြည့်လျှင် စာရင်းစာအုပ်နှင့်တကွ ဘော်ဒါခရငွေများ ဆရာကြီးထံပေးအပ်ရသည်။ တစ်လပြည့်ခါနီး တစ်ပတ်အလိုအထိ ဘော်ဒါခမပေးသွင်းသူများကို ခေါ်ယူသတိပေးရသည်။ တစ်လပြည့်သည်အထိ ဘော်ဒါခမပေးသွင်းသူများကို တစ်ပတ်အတွင်း နောက်ဆုံးထားပေးသွင်းရန် သတိပေးရသည်။
ထိုကျောင်းသားများ၏ အမည်စာရင်းကို ကြော်ငြာသင်ပုန်းမှာလည်း အများမြင်အောင် မင်နီဖြင့် ရေးကပ်ရသည်။
တစ်နေ့တွင် ဖြူဖြူသန့်သန့်နှင့် မွန်ရည်သောလူကြီးတစ်ယောက် ကျွန်တော့်ကိုလာတွေ့သည်။
”ဆရာ . . ကျွန်တော် ဆရာ့ကို ကြိုပြီးတောင်းပန်ထားချင်တာရှိလို့ပါ”
ပြောပုံက မျက်နှာအောက်ချလျက်။
“ဘာကိစ္စအတွက်ပါလဲဗျာ”
“ဒီဘော်ဒါမှာ ဆယ်တန်းကျောင်းသားဖြစ်တဲ့ မောင်အောင်သူဟာ ကျွန်န်တော့်သားပါဆရာ။ ကျွန်တော့် နာမည်က ဦးမြင့်မောင်ပါ”
ဘော်ဒါကျောင်းသားတစ်ယောက်၏ မိဘဖြစ်မှန်းနားလည်လိုက်ပါသည်။ မောင်အောင်သူကိုလည်း သိပါသည်။ ဖြူဖြူသန့်သန့်နှင့် လိမ်လိမ်မာမာ စာကြိုးစားသူဖြစ်ပါသည်။
“ဪ…ဟုတ်ကဲ့ မောင်အောင်သူက လိမ္မာပါတယ်။ စာလည်း ကြိုးစားပါတယ်”
“ဟုတ်ပါတယ် ဆရာ ကျွန်တော့်သားလေး မျက်နှာငယ်မှာစိုးလို့ပါ”
“ဗျာ … ဘာကိစ္စမျက်နှာငယ်ရမှာလဲ”
ကျွန်တော်နားမလည်ပါ။
“ဘော်ဒါခ မပေးနိုင်တဲ့ ကျောင်းသားကို ဆရာက ခေါ်ယူသတိပေးတယ်။ ကြော်ငြာသင်ပုန်းကပ်တယ်လို့ပြောပါတယ်။ ဒီလကစပြီး ကျွန်တော် ဘော်ဒါခမပေးနိုင်ရင် ကျွန်တော့်သားလေးခေါ်ပြီး သတိပေးခံရမှာ … စာကပ်ခံရမှာစိုးလို့ပါ ဆရာ။ နောက်လထိ မပေးနိုင်ရင် ပိုပြီး ရှက်စရာကောင်းမယ်လို့ ပြောပါတယ်။ အဲ့ဒါဆို ကျွန်တော့်သားလေး မျက်နှာငယ်မှာစိုးလို့ တောင်းပန်ပါတယ် ဆရာ”
ပြောနေသော ကျောင်းသားမိဘမှာ ကျွန်တော့်မိဘအရွယ် ဖြစ်ပါသည်။
“ကျွန်တော့်မှာ စီးပွားရေး မော်တော်ကားလုပ်ငန်းက အဆင်မပြေလို့ ငွေကြေးအခက်အခဲ ရှိနေပါတယ်။ နောက်ဆုံးကျန်တဲ့ကားတစ်စီးကို ကျွန်တော် အရောင်းအဝယ်လုပ်ထားတာ။ နောက်ထပ်သုံးလကြာမှ ရမယ်ဆရာ။ လက်ထဲ ငွေရတာနဲ့ ကျွန်တော့်သားအတွက် ဘော်ဒါခအားလုံး ကျွန်တော် လာပေးပါ့မယ်ဆရာ။ နောက်ဆုံးရက် ပေးနိုင်ဖို့ ကျွန်တော်ကတိပြုနိုင်တာက မတ်လနောက်ဆုံးအပတ်ပါ ဆရာ။ ကျွန်တော့်သားလေး ဆရာခေါ်သတိပေးရင် ကြော်ငြာသင်ပုန်းကပ်ရင် ရှက်ပြီး စိတ်အနှောင့်အယှက်ဖြစ်မှာ စာမကျက်နိုင်မှာ စိုးလို့ပါ”
“အဲဒီတော့ ကျွန်တော် ဘယ်လိုလုပ်ပေးရမှာလဲ”
“ဆရာ့ကျေးဇူးကို ကျွန်တော်ဘယ်တော့မှ မမေ့ပါဘူးဆရာ။ ကျွန်တော့်သားလေးဘော်ဒါခ သုံးလကျန်တာကို ရပြီလို့ စာရင်းသွင်းပေးထားပါဆရာ။ ကျွန်တော့်သားလေး လာမေးရင်လည်း ကျွန်တော်ငွေသွင်းသွားပြီလို့ ပြောပေးပါ။ သူ့ကို ခေါ်တောင်းတာ၊ သတိပေးတာ၊ စာကပ်တာ လုံး၀မလုပ်ပါနဲ့ဆရာ။ ကျွန်တော့်ကို ကူညီပါ။ ဒီငွေအားလုံး မတ်လကုန်မှာ ကျွန်တော် လာပေးပါ့မယ်”
ကျွန်တော်စဉ်းစားရပြီ။ မတ်လမှ ဆယ်တန်းစာမေးပွဲ ဖြေကြရမည်။ စာမေးပွဲပြီးလျှင် ကျောင်းသားအားလုံး ပြန်သွားကြလိမ့်မည်။ မောင်အောင်သူ၏ဖခင် ဦးမြင့်မောင်က သူကတိပေးသည့်အတိုင်း ငွေလာမပေးလျှင် ချုပ်ကိုင်တောင်းဆိုစရာ ကျောင်းသားမရှိတော့ပါ။
“ကျွန်တော်က လစဉ် ဆရာကြီးကို ငွေအကြေအပ်ရပါတယ်။ ချန်ထားလို့ မရဘူး”
“ဟုတ်ပါတယ်ဆရာ … အဲ့ဒါကို တစ်နည်းနည်းနဲ့ဖြစ်အောင် လုပ်ပေးပါ ဆရာ။ လောလောဆယ် ကျွန်တော့်မှာ အကြွေးတွေချည်းဖြစ်နေတော့ ငွေချေးဖို့လည်း အခက်အခဲရှိလို့ပါ။ ကျွန်တော်ရှက်ပေမယ့် မတတ်နိုင်ဘူးဆရာ။ ကျွန်တော့် စီးပွားရေးအခြေအနေက အဆိုးဆုံး ရောက်နေလို့ပါ”
ကျွန်တော်ရင်ထဲမှာတင် သက်ပြင်းမောတစ်ချက် ချလိုက်မိပါသည်။
“ကျွန်တော်ကတော့ ဆရာကြီးကို ငွေလျှော့အပ်လို့ရမှာ မဟုတ်ဘူး။ ပြောပြရင်တော့ ရမရမသိဘူး။ ဒါပေမဲ့ ကျွန်တော် မပြောချင်ဘူး”
“ဆရာ… ကျွန်တော့်ကို တစ်နည်းနည်းနဲ့ဖြစ်အောင် ကူညီပါ။ ကျွန်တော့်အိမ်ရဲ့ စီးပွားရေးအခြေအနေကိုလည်း ကျွန်တော့်သားလေး မသိသေးပါဘူး။ သူမသိစေချင်ဘူးဆရာ။ စာမေးပွဲကို စိတ်အေးချမ်းသာနဲ့ ဖြေရရင် သူအောင်မှာပါ ဆရာ။ စာမေးပွဲနားနီးမှ သူစိတ်မကောင်းဖြစ်မှာစိုးလို့ပါ ဆရာ။ အဲ့ဒါကြောင့် သူဆယ်တန်းကျတယ်ဆိုရင် ကျွန်တော် တစ်သက်လုံး စိတ်မကောင်းဖြစ်ရမှာမို့ပါ”
ပြောနေရင်းမှ ဦးမြင့်မောင်၏ပါးပေါ်မှာ မျက်ရည်များ စီးကျလာသည်။
“ကျွန်တော့်ကို ကူညီပါဆရာ။ ကျွန်တော်တောင်းပန်ပါတယ်။ မတ်လကုန်မှာ ငွေရတာနဲ့ ကျွန်တော်လာပေးမှာပါ။ ကတိမပျက်ပါဘူးဆရာ”
မျက်ရည်ကျလျက် တောင်းပန်နေသော ဦးမြင့်မောင်ကို မြင်နေရသည်မှာ သနားစရာ။ သားဖြစ်သူ မျက်နှာငယ်မှာ၊ အရှက်ရမှာစိုး၍ ကိုယ်တိုင်မျက်နှာငယ်ခံ အောက်ကြို့တောင်းပန်နေသော ဖခင်တစ်ယောက်၏ မေတ္တာ စေတနာကို လေးစားမိသည်။
ကျွန်တော် ဆုံးဖြတ်လိုက်ပါသည်။
“ဟုတ်ကဲ့… ဦးမြင့်မောင် စိတ်ချပြီးတော့သာ ပြန်ပါဗျာ။ မောင်အောင်သူ မျက်နှာမငယ်ရစေပါဘူး။ စာမေးပွဲကို စိတ်အေးအေးနဲ့ ဖြေနိုင်ပါစေ့မယ်။
ဦးမြင့်မောင်က ကျွန်တော့်ကို ကျေးဇူးတင်ကြောင်း အများကြီးပြောပြီး ပြန်သွားပါပြီ။
မောင်အောင်သူအတွက် သုံးလစာဘော်ဒါခငွေများကို လအလိုက် ကျွန်တော် စိုက်သွင်းခဲ့ပါသည်။ ဖခင်တစ်ယောက်၏ ကြီးမြတ်သောစိတ်ထားကို ဂုဏ်ပြုခြင်းဖြစ်ပါသည်။ ထိုငွေ ပြန်မရလျှင်လည်း ဆုံးပါစေတော့ဟု သဘောထားလိုက်သည်။
သို့သော်မဆုံးပါ။ မတ်လကုန်မှာ ကားဖိုးငွေရသည်နှင့် ဦးမြင့်မောင် ကတိအတိုင်း လာပေးပါသည်။
ထိုနှစ်က သူ့သားလေးမောင်အောင်သူ ဆယ်တန်းအောင်သွားပါသည်။
သားမျက်နှာမငယ်စေရန် ကိုယ်တိုင်မျက်နှာငယ်ခံ အောက်ကြို့တောင်းပန်သော ဖခင်တစ်ယောက်၏ စိတ်ထားသည် ကြီးမြတ်လှပါ၏။
လယ်တွင်းသားစောချစ်
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၇) အမှတ် (၆)