မျိုးရိုးသစ်ပင် ခင်ခင်ထူး
အညာသူအညာသား ကျွန်မဆွေမျိုးများ စာအုပ်ကို ကျွန်မရေးခဲ့စဉ်က ကျွန်မတွင် ခံစားမှုတစ်ခုရှိခဲ့ပါသည်။ သည်စာအုပ် ကို ရေးသည့်အခါ ပါ၀င်ခဲ့ကြသော ဇာတ်ရုပ်များမှာ တစ်ခါက တကယ်ရှိခဲ့ကြသော ဆွေမျိုးများ ပါ၀င် သလို ယနေ့အထိ ရှင်သန်နေဆဲ ဆွေမျိုးသားချင်းများလည်း ပါ၀င်ကြပါသည်။ ကျွန်မစိတ်ကူး ဖြင့် ဖွဲ့သော ဆွေမျိုးများ မပါခဲ့ပါ။ အခြေအနေအရ အမည်ပြောင်းတာမျိုး ရှိခဲ့သော်လည်း အမှန်တကယ် ရှိခဲ့သူများသာဖြစ်ပါ၏။ ထိုဆွေမျိုးအားလုံး၏ ပုဂ္ဂိုလ်ရေးနှင့်ဆိုင်သည့် အချက်အလက်များကို သာစေ နာစေ စိတ်မရှိဘဲ ကျွန်မရေးခဲ့သည်။ ကျွန်မဆိုလိုသည့်အချက်မှာ တောသူတောင်သားများပီပီ သူတို့ထင်မိထင်ရာ သူတို့တွေးမိတွေးရာ ပြောကြဆိုကြ ကျင့်ကြတာကို ပေါ်လွင်စေချင်ခြင်းသာဖြစ်၍ သည့်အတွက်လည်း ဆွေမျိုး များကကျေနပ်ခဲ့ကြပါသည်။
နောက်ထပ်လည်း သူတို့ဘ၀အတွေ့အကြုံ သူတို့..ထူကြ၊ အကြပုံတွေကို ရိုးရိုးသားသား ဖြည့်စွက် ပြောကြ ရှာပါသည်။ “ညည်း…ငါတို့အကြောင်းရေးသာနည်းသယ်“ လို့ပင်ပြောကြရှပါသည်။
ကျွန်မပြောချင်သည့် အချက်မှာ အထက်တွင်ရေးခဲ့သော ခံစားမှုဆိုသည့် ကိစ္စဖြစ်ပါသည်။ တောကျေးလက် တွင် ဘ၀ကို ပင်ပန်းဆင်းရဲခြင်းကြီးစွာ လုပ်ကိုင်စားသောက်ရင်း ကျော်ဖြတ်ခဲကြသူတို့ခမျာ ကျရာဘ၀တွင် ပျော်ပိုက်ခဲ့ကြသူများ ပါလားဆိုသည့် အချက်ပေါ်တွင် ၀မ်းသာ၀မ်းနည်း ခံစားခဲ့ရခြင်းကို ဆိုလိုပါသည်။ အမျိုးတွေ ထဲမှာ သောင်သာသူတွေပါသည်။ အိုးကြီးအိမ်ကြီးနှင့် နေရသူတွေပါသည်။ ယာနှင့်အခင်းနှင့် လှည်းနှင့် နွားနှင့် နေနိုင်ကြသူတွေပါသည်။
အိမ်ရှေ့မှာပဲဖြန့်၊ပဲမှော်တိုက်ပေါ်မှာ၊ ကျီထဲပုတ်ထဲမှာ ပဲအပြည့်၊ကြက်သွန်အပြည့် နေနိုင်ကြသူတွေရှိသလို၊ ဆွေမျိုးတကာ တို့၏အိမ်မှာ သူရင်းငှားလုပ်ရင်း ဆွေမျိုးများ၏အခင်းထဲမှာ ပဲနုတ်လိုက်ရင်း၊ ကြက်သွန် တူးရင်း ဘ၀ကုန်ခဲ့ကြသူတွေလည်း များစွာပါ၀င်ကြ၏။ အချို့ဆိုလျှင် ဆင်းရဲတာရှည်လွန်းကြသည်။ နိမ့်ပါး ချို့ငဲ့ခြင်း ၀န်ကို ရွတ်ရင်း တစ်၀မ်းတစ်ခါး ရှာစားကြသူတွေလည်းပါပါ၏။
သို့သော်ကျွန်မ ၀မ်းသာရသည့် အချက် မှာ သူတို့အားလုံး ကိုယ်ရပ်ကိုယ့်ရွာ၊ ကိုယ့်မိကိုယ်ဖ၊ ကိုယ့်ဆွေ ကိုယ်မျိုးဆိုသည့်အမျိုးကို စောင့်ရှောက် ကြခြင်း၊ အချင်ချင်းမေတ္တာဓာတ် မခန်းခြောက်ကြခြင်း ၊ဘ၀တွင် နေပျော်အောင် စိတ်ကောင်းနှလုံးကောင်းနှင့် နေထိုင်ကြီးပြင်းခဲ့ကြသူတွေ ဖြစ်နေ ကြခြင်းပင်။ ဆွေစိတ် မျိုးစိတ်ကြီး ကြသည်။ မိသားစု အသိုင်းအဝိုင်းစိတ် ကြီးကြသည်။ မနာလို၀န်တိုစိတ်ကင်းကြကာ ဥမကွဲ သိုက်မပျက် အချင်းချင်း စောင့်ရှောက်ကြသည်။ ဒါကို ကျွန်မ မြင်ခွင့်ရခဲ့ပါသည်။
ကျွန်မကိုယ်တိုင်က ရွာနေရွာကြီး၊ ရွာနှင့်အလှမ်းမကွာခဲ့သူဆိုတော့ သူတို့အကြောင်းကို အူမချေးခါး သိထားတာတွေရှိသလို ကျွန်မလက်လှမ်းမမီသည့်ကိစ္စ၊ ကျွန်မ မသိမိလိုကသည့် ကိစ္စ၊ ကျွန်မရေးလို့ မကောင်းနိုင်သည့် ကိစ္စ၊ရေးဖို့ကောင်းသော်လည်း မရေးခဲ့ဖြစ်လိုက်သည့် ကိစ္စတွေလည်းရှိခဲ့ပါ၏။ ထိုစာအုပ် ကို ရေးစဉ်ကသက်ကြီးဝါကြီး သိမီသူတို့ ၏အကူအညီဖြင့် ကျွန်မ ဘိုးဘေးအရိုးအဆက် မိသားစုဇယား စောက် အရင်ရေးပါသည်။
ကျွန်မအဘင်ကြီး ဖိုးရွှေလုံးဆိုလျှင် မင်းတုန်းမင်းကြီးလက်ထက်တော်က တလုပ်မြို့တွင် ရုံးထိုင်ရသော တလုပ်မြို့၀န်ဖြစ်ပါ၏။ မင်းကြီး“သမိန်ဗေဗြတ်ဇ“ ဆိုသည့် ဘွဲ့မည်ရည်ဖြင့် သွေးသောက်ကြီးအဖြစ် အမှုထမ်း ခဲ့သူဖြစ်သည်။ ကျွန်မ အဘေး၊ အဘီ၊ အဘင်ကြီးများ သွေးသောက် စုဖွဲ့ရာတွင် သုံးခဲ့ကြသော ငွေဖလား နှင့်သွေးသောက်ဓားရှည်တစ်ချောင်း၊ တိုက်မောင်းတစ်လုံး၊ အင်းထိုးစုတ်နှင့်ဆေးခွက်များကအစ ကျွန်မ မိခင်ဘက်မှ ဘကြီးဘုန်းကြီးများတွင် ရှိပါသေးသည်။
တလုပ်ကိုးမြို့၀န်ဖိုးရွှေလုံးက ပေါက်ဖွားသော သမီးမယ်စိမ်းညို၊ ထိုမယ်စိမ်းညိုမှ ပေါက်ဖွားသော ဖိုးသာထန်၊ မယ်ရွှေယာ၊ မယ်မူယာ၊မယ်လိမ္မာ။ ကျွန်မ၏ မိသာစုစောက်ဇယားတွင် သည်လိုကစ ဆင်းသက်ခဲ့ကြ သူမျုား ပါ၀င်သကဲ့သို့ ဘ၀အနေခြားလွန်းကြသော မထင်မရှားကြသူများလည်းပါခဲ့ကြသည်။ သူတို့ကိုလည်း ချန်ထား၍ မဖြစ်ပါ။ သစ်ပင်ကြီးတစ်ပင်၏ ကိုင်းခက်ကိုင်းလက်တိုင်းတွင် အရွက်တွေမစည်နိုင်ကြ၊ အသီးတွေ မတင်နိုင်ကြ၊ အပွင့်တွေမဝေနိုင်ကြပါ။ သို့သော်ကျွန်မအဖို့ သည်သစ်ပင်ကြီးသည် ပင်မျိုးရိုး သစ်ပင်ကြီး ဖြစ်လေရာ အားလုံးပါအောင် ရေးဆွဲရပ်ါသည်။
ထိုဆင်းသက်မှု တွင် မိသားစုတန်ဖိုးဆိုသော ခပ်ပါးပါး ဖုံးကွယ်နေသည့် အဓိပ္ပာယ်တစ်မျိုးကို ကျွန်မ အမှတ် မထင် တွေ့လိုက်ရပါသည်။
အမေကတော့ “တို့က ကိုးမပေါက်တွေဟေ့…“လို့ဂုဏ်ယူစွာပြောတက်သည်။ ကိုးမပေါက် ဆိုတာ ညီအစ်ကို မောင်နှမကိုးယောက်ကဆင်းသက်ပေါက်ဖားလာကြသူများဟု ဆိုလိုပါသည်။ ဆွေမျိုးများခြင်းကို ဂုဏ်ယူခြင်း လည်းဖြစ်သည်။ ဆွေကြောင်းမျိုးကြောင်းပြောကြပြီဆိုလျှင်လွမ်းစရာနှင့်ချစ်စရာတွေချည်း ကြားရ တက်ပါသည်။ အမေမှမဟုတ်ပါ။ ရွာသားတွေလည်း ဘယ်သူကမှ ဘယ်သူအကြောင်း အဆိုးမထင်၊ အမြင်မစောင်း ကြဘဲ မေတ္တာဖြင့် ပြောကြဆိုကြတာကိုပဲ ကြားရတက်သည်။ ဆိုးသူ သွမ်းသူ တွေ အကြောင်း ကို ပြောကြသည့်တိုင် ထိုအဆိုးတရားများကို ဖုံးနိုင်လောက်သည့် အကောင်းတရားများနှင့် အုပ်ကြတာ သတိထားမိပါ၏။ အကောင်းမြင်တက်ကြသူများပင်။
မိသားစုသစ်ပင်ဖျားမှ အောက်ဘက်သို့ဆင်းလာချိန်မှာတော့ နောက်ပေါက်ငယ်ရွယ်သူတွေ များများ ပါကြပြီ။ အနေခြား။ ဘဝြခား၊ စီးပွားဥစ္စာခြားနားကြသူ ကျွန်မကိုယ်တိုင် တစ်ခါက သိုက်သိုက်ဝန်းဝန်း ရှိခဲ့ရသော မိသားစုဘဝထဲမှာ နေ ခဲ့ရသည်။ အဖေ၊အမေနှင့် မောင်နှများ။ ငယ်စဉ်က ကလေးအတွေး နှင့် သည်လိုပဲ သည်အမြုံထဲမှာ တစ်သက်လုံး နေခဲ့ရလိမ့်မည် ထင်ခဲ့သည်။ သည်လိုပဲထာဝရ အေးမြနေ လိမ့်မည် ထင်ခဲ့သည်။ အဖေက လှေသူကြီး၊ အမေက ဆယ့်နှစ်ပွဲ ဈေးသည်။ အဖေက လေထဲမိုးထဲမှာ၊ အမေ က ဘုရားပွဲတကာ မီးရောင် မှိန်မှိန်အောက်မှာ။ ဘဝ၀မ်းကို မိဘ နှစ်ပါး ကျောင်းခဲ့ကြရရှာသည်။ ကျွန်မ တို့ မောင်နှမများ၏ နေ့ရက်တွေမှာ မိဝေး ဖဝေး နေ့ရက်များသာ ဖြစ်ခဲ့ ရသည်။
သို့သော် ကျွန်မတို့မောင်နှမတစ်တွေ ချစ်ခင်ခဲ့ကြသည်။ ပျော်ခဲ့ကြသည်။ သူ့ကို ညှာ၊ ကိုယ့်ကိုညှာ ရှိခဲ့ကြသည်။ ဘယ်လိုမျိုးရိုးသစ်ပင်ကဆင်းသက်ကြသည်ဖြစ်စေ တကယ်တော့ လူဖြစ်ပါပြီဆိုကတည်းက ကိုယ့် တာဝန် ကိုယ် ယူကြမည်ဆိုသည့်အချက်ကို ထိုစဉ်က ကျွန်မတို့ခေါင်းထဲမှာ အရှိကြပါ။ အဖေ့ လှေကြီးရွာ ဆိပ်ကမ်းဘလာလျှင် ပျော် သည်။ သည်အဖေ သည်အမေ သည်သားသမီးသားလျှင် ဘဝ ဖြစ်ခဲ့ ရပါ၏။ အဖေ က ခွေးသအုပ်မမြုံ လိုပင် သုံးစွဲခဲ့ပါသည်။
နှစ်ကာလတွေ လွန်မြောက်ပြီးသည့်နောက်မှာတော့ အဖေလည်းမရှိတော့ပြီ။ အမေ နှင့် မောင်ငယ်က အဖေ ထားခဲ့သော မန္တလေးမြစ်ဆိပ်ကအိမ်မှာ ကျန်ရစ်ခဲ့ကြပြီ။
ကျန်မောင်နှမတွေက ကိုယ့်မိသားစုနှင့်ကိုယ်။ တစ်ယောက်ဆီ တစ်ယောက် အကြောင်းရှိ မှ ရောက်ကြရပြီ။ အမေ့ ဆီမှာ ဆုံကြတော့လည်း အားသူကအားသလို ရောက်ရတာဆို တော့ အမေ့ခမျာ သည်သားသမီး တွေ ကို တစ်စုတစ်စည်းတည်း တွေ့ခွင့်မရရှာပါ။ ဟို တုန်းက သည်အမေ့ရင်ခွင်မှာ မရှိအတူ ရှိအတူ နေခဲ့ကြသည့် ဘဝကလေးကို ပြန်မရနိုင် တော့။ အတူနေခဲ့ကြစဉ်က အဓိပ္ပာယ်ရှိခဲ့သော ဘဝတွေကို ပြန် အောက်မေ့ကြရုံသာ။
မိသားစုကို အသိုက်အမြုံအဖြစ် တင်စားကြပါသည်။ ကျွန်မတို့ပတ်ဝန်းကျင်မှာ လည်း မိသားစုတွေရှိကြပါ၏။ ချမ်းသာသူတွေလည်း ရှိကြသလို ဆင်းရဲကြသူတွေ လည်း ရှိုသည်။ တချို့ဆိုလျှင် ကိုယ့်မိသားစု ဘဝကလေး ထဲမှာ ပျော်ရွှင်ချမ်းမြေ့မှု မရကြတာတွေ မြင်နေကြားနေရသည်။ မိသားစုထဲမှာပင် အနိုင်ကျင့်ချင်ကြတာ၊ ကိုယ်ကျိုး ကြည့်ချင် ကြတာ၊ မာန်မနထောင်လွှားကြတာတွေ မြင်နေရသည်။ မိသားစုတွင်း သံသယ များသည် ဆိုးကျိုးများကိုဖြစ်စေတာ ကျွန်မမျက်မြင်ပင်။ ဘယ်လိုကြောင့် သည်လိုဖြစ်ရတာပလိမ့်။
တကယ်တော့ ပျော်ရွှင်ချမ်းမြေ့သော မိသားစုဘဝသည် ကံကောင်းထောက်မစွာ၊ ရတောင့်ရခဲစွာ ရလာသည့် ဘဝလက်ဆောင်မဟုတ်ပါ။ မိသားစု အချင်းချင်း ညှာတာကြ သရွေ့၊ စာနာကြသရွေ့၊ တစ်ဦး အပေါ်တစ်ဦးနားလည်နိုင်ကြသရွေ့ မေတ္တာဓာတ်ထား နိုင်ကြသရွေ့ စိတ်မချမ်းသာစရာတွေ ဖြစ်လာရန်မရှိ။ အကျိုးနည်း စရာလည်းမရှိ။ ဒါကိုတော့ ကျွန်မယုံကြည်ပါသည်။
ကျွန်မတို့မချမ်းသာပါ။ စာပေရေးသားခြင်းကရသော တရားသဖြင့်ဝင်ငွေကိုသာ အမှီပြုရတာ အမှန်ပါ။ ရသည့် အခါလည်း ရပါ၏။ မရသည့်အခါလည်းပြေးပြေးလွှားလွှား။
ကျွန်မကိုယ်တိုင်ဘာကိုမှမတောင့်တသလို မကြောင့်ကြမိအောင်လည်း ကြိုးစားနေထိုင်သည်။ ကျွန်မ ခံစား ရသမျှ ချရေးကြည့်နိုင်ခွင့်လည်းရှိပြီ။ သမီးကလေးကို စာသင်ပေးမည်။ သစ် ပင်ပန်းပင်ကလေးတွေ စိုက်မည်။ ခရီးခတင်း သွားစရာရှိတော့ ထသွားလိုက်သည်ပင်။ မိတ်ဆွေတွေ လာကြတော့လည်း ဘဝ အကြောင်း၊ စာအကြောင်းတွေ ဝေမျှဖြစ်ကြသည်။
ဘဝ ဘဝ က ရေစက်ရှိလို့ ဖွဲ့စည်းတည်ဆောက်မိဲကြသော အသိုက်အမြုံကလေး လှပသာယာနေဖို့က အရေး ကြီးသော အကြောင်းဟု ကျွန်မမြင်ပါသည်။ ကျွန်မ ကိုယ်တိုင်လည်း စိတ်ချမ်းသာအောင် နေချင် သည်။ မိသားစုကိုလည်းစိတ်ချမ်းသာအောင် ထားချင်သည်။ တစ်မိုးအောက်မှာ အနီးစပ်ဆုံး နေကြသခိုက် အဓိပ္ပယ် ပြည့်ဝသော ဘဝသာလျှင် လိုအပ်မှုဟု ခံယူပါသည်။ များများမရှိပါ။
ကျွန်မ ရေးဆွဲထားသည့် င်္ောငူပ ွှမနန ကိုပြန်ကြည့်မိလေတိုင်း ရိုးသားဖြူစင်စွာ နေထိုင်ခဲ့ကြသော ဘေးကြီး ဘိုးကြီး၊ မိကြီးဖကြီး၊ ဒွေးကြီးဒွေးလေး တို့ကို ကျွန်မ မေတ္တာပို့ဖြစ်ပါသည်။ သည်မျိုးရိုးဆီက ကောင်းတာတွေ ချည်း ချပေးခဲ့တာမဟုတ်ပေသိ ကျွန်မတို့ လုံခြုံပါသည်။ ဆင်းရဲချမ်းသာ ဘဝတွေ ကွာကြ သော်လည်း ဘယ်သူ့ကိုမှ စိတ်ဒုက္ခ ကိုယ်ဒုက္ခမပေးခဲ့ကြသဖြင့်လည်း ကျွန်မတို့ သားမြေးတွေမှာ နောင်တ တွေ ကျီလုံး ပွတ်လုံး လောက် တစ်ပွေ့ကြီးကျန်ရစ်ခဲ့တာမျိုးမရှိ။ ရာဇဝင် ရိုင်းလောက် စရာလည်း မရှိ။
သင်္ကာရှင်းစရာတွေ ချန်မထားရစ်ခဲ့။ သူတကာ လက်ညှိုးထိုးလောက်စရာ အမည်းစွန်း အမည်းကွက် တစ်စက် ကလေးပင် မရိုခဲ့။
မေတ္တာတွေသာ ထားခဲ့ကြသည်။ ရိုးသားခြင်းကိုသာ ထားခဲ့ကြသည်။ စာနာညှာတာစိတ်အရင်းခံသော သိမ်မွေ့သည့် စိတ်နှလုံးကိုသာ ပေးခဲ့ကြသည်။ မိသားစုကောင်းဆိုသည့် အနှစ်သာရကိုသာ ပေးခဲ့ကြသည်။ ဆွေချစ်မျိုးချစ်စိတ်ကိုသာ သွင်းပေးခဲ့ကြသည်။ ကျွန်မ ကိုယ်တိုင်လည်းသည်အမွေကောင်းကို မိသားစုထံ သယ်လာ နိုင်ခဲ့ သည်ဟု ရိုးရိုးသားသား မြင်ပါသည်။
ဘိုးဘေးမိဘများ၏ ဘဝဖြတ်သန်းမှုအလျောက် ချမ်းသာသူတွေကလည်း ချမ်းသာသကောရယ် လို့ အကုသိုလ် အလုပ် တွေ မလုပ်ခဲ့ကြပါ။ ဆင်းရဲသူတွေကလည်း ဆင်းရဲ လှသကောရယ်လို့ မကောင်းမှုကို မတပ်မက် ခဲ့ကြပါ။ သမိုင်းမှာ မျက်နှာပန်း မလှစရာတွေ သားစဉ်မြေးဆက် ချန်မထားခဲ့သော ကျေးဇူးတရား သည်ပင် ကြီးမား လှပါ၏။ ရိုးဖြောင့်သောစိတ်ဓာတ်၊ မျိုးဂုဏ်ရိုးဂုဏ် ကို မညစ်နွမ်းစေရဆိုသည့် စောင့် ရှောက်သော စိတ်ဓာတ်၊ မေတ္တာကြီးမားသောစိတ်ဓာတ်၊ ကျောကပ်ရင်ကပ် တစ်လုံး တစ်စည်း တည်းသော စိတ်ဓာတ် များဖြင့် ဘဝကို ကုန်လွန်ခဲ့ကြပြီ။
ကျွန်မအလှည့် မှာလည်း မနွဲ့သာတော့ပြီ။ သည်စိတ်ဓာတ်မျိုး ထားနိုင်ရတော့မည်။ ကျွန်မ က ပေါက်ဖွားသော မျိုးဆက် ကိုလည်း သည်ကောင်းမွေကို လက်ဆင့်ကမ်းရပါဦးမည်။ မျိုးဂုဏ် ရိုးဂုဏ် ကို စောင့်စောင့်ရှောက်နိုင်ကြသရွေ့ တိုင်းဂုဏ် ပြည့်ဂုဏ် လူမျိုးဂုဏ် ကို စောင့်ရှောက်ပြီးသား ဖြစ်ရ သည်။
ကျွန်မ အဖို့ရာ သည်အချက်သည်လည်း အရေးကြီးသည် ထင်ပါ၏။
ခင်ခင်ထူး
(ဘာအရေးကြီးဆုံးလဲ စာအုပ် မှ)
Thursday, April 21, 2011