မဟူရာငှက်ဖျား(ရိုးမအရှေ့)
မျောက်လက်ဆောင်
(၁)
ကွန်းချောင်းမှာ ရေမရှိတော့ပေမဲ့ သစ်လုံးတံတားကြီး ထိုးထားသည်။ သစ်လုံး ၁၀ လုံးလောက်ကို စီခင်းထားပြီး အပေါ်က မြေသားထူထူဖုံးလိုက်တာနဲ့ တံတားဖြစ်သွားပြီ။
ဒီတံတားလေးက နယ်ခြားတံတားလေးလို့ ပြောလည်း ရတယ်။ ချောင်းဟိုဘက်ကမ်း ပဲခူးရိုးမရှိရာက ကျောက်တံခါးမြို့နယ်၊ ချောင်းဒီဖက်ကမ်းက ဖြူးမြို့နယ်လေ။
ကျောက်တံခါးမြို့နယ်က သစ်တောကြီး ဖန်တီးပေးထားပြီး ဖြူးမြို့နယ်က သစ်ကွင်းဆိုတဲ့ ဖျာခင်းပေးထားတယ်။ ပြီးတော့ လုပ်စားကိုင်စားသမားများရဲ့ ဈေးကွက်ဖျာကြမ်းကြီးကလည်း ပျံကျသစ်တောမျိုးနဲ့ ရွေ့လျားစွာနဲ့ ဟိုနေရာခင်း၊ ဒီနေရာချခင်းနဲ့ သူလည်း ပဲခူးရိုးမကြီးကို မှီတင်းနေထိုင် ကြီးပွားရတာပဲ။
ဒီဇင်ဘာလဝက်လောက်ဆိုရင်ပဲ ကွန်းချောင်းရေက တောင်ကျမိုးရေတွေ မရှိတော့လို့ အပ်ချည်မျှင်လောက်ပဲ ရှိတော့တယ်။ တောင်ကျချောင်းတစ်လျှောက် စိမ့်ထွက် စမ်းပေါက်က တစ်သောင်း၊ နှစ်သောင်းမကရှိပြီး စိမ့်ထွက်လာသမျှ စိမ့်ရေစမ်းရေတွေ ကွန်းချောင်းထဲပဲ စီးကျရတာ။ စီးကျလာတဲ့ စိမ့်ရေစမ်းရေတွေ စုစည်းမိတော့ အပ်ချည်မျှင် ရေစီးကြောင်းလေး ဖြစ်တယ်။
ခပ်နက်နက် ချိုင့်ဝှမ်းရှိတဲ့ ချောင်းရိုးနေရာတွေ ဆီမှာတော့ ခါးစောင်းလောက်ရှိတဲ့ ရေအိုင်မျိုးရှိတယ်။ ရေတွေ အေးမြတယ်။ သန့်စင်တယ်။ မိုးရေကနေပြီး တောင်ကျချောင်းအတိုင်း ဖုန်အလိမ်းလိမ်း၊ အမှိုက်သရိုက် အထွေထွေနဲ့ အရောရောအနှောနှော ကျလာတာ မဟုတ်ဘူးလေ။ ရေဝေရေလဲဆန်ဆန်ပဲ။
ရိုးမကြီးကျောကုန်းနဲ့ ခန္ဓာကိုယ် အတက်အဆင်း အားလုံးမှာ သစ်ပင်ကြီး သစ်ပင်ငယ်တွေ ပြည့်နှက်လို့ ပေါက်ရောက်တယ်။ ဧရာမကျွန်းပင်ကြီးတစ်ပင်၊ ဒါမှမဟုတ် ယမနေလို ဧရာမသစ်ပင်ကြီးတစ်ပင်ဆို ရေဆယ်ဂါလံလောက်များ လှောင်ထားမလားပဲ။
သစ်ပင်ကြီးရဲ့ မြစ်မ၊ မြစ်မွှာနဲ့ အမြစ်ပွားကလေးတွေက ဝါးငါးပြန်လောက်ထိ မြေကြီးထဲ ခေါင်းလျှိုကုပ်ဝင်ပြီး မိုးရေစက်တွေကို မျိုချလှောင်သွားထားတာ။ ပင်စည်၊ အရွက်၊ ရိုးတံနဲ့ အဖူးအငုံတွေထိ အမြစ်က ရေဓာတ်ကို ထရန်စဖော်မာက လျှပ်စစ်လွှတ်သလို လွှတ်နေတာ။ ဆောင်းနဲ့ နွေရောက်လာပြီဆို အမြစ်က ရေတွေ ချွေးထွက်သလို ပြန်စိမ့်ထွက်ပေးရာ စိမ့်စမ်းဖြစ်လာတာ။
ထွန်းသြက မီးသွေးဖုတ်သမားဆိုပေမဲ့ စာတတ်သလို စာဖတ်တယ်။ တွေးတောလို့ အရသာခံတတ်တဲ့ စာပေ ဝါသနာရှင်လေ။
အောက်တိုဘာ၊ နိုဝင်ဘာဆို ရိုးမပေါ် ရောက်နှင့်နေပြီ။ ပွဲစားဆီက ငွေလည်းရပြီ။ ကိုယ်တိုင် သွားမယူနိုင်သေးတောင် ပွဲစားက သူ့ဆီ အခေါက်ခေါက် အခါခါ လိုက်လာပြီး ငွေရှင်ကြေးရှင်နဲ့မတူတဲ့ လုပ်ငန်းရှင်ရဲ့ အပြုံးမျိုးနဲ့ တစ်သောင်းကနေပြီး သုံးသောင်းထိ ယူမလား။
ထွန်းဩ မတက်သေးဘူး။ ဟိုမှာ မီးသွေးသမား အဆိုင်း နှစ်ရာလောက် ရောက်နေပြီလေ။ နောက်ကျရင် ကိုယ့်စိတ်တိုင်းကျ နေရာမျိုးမရဘဲ နေရဦးမယ်လို့ စေတနာစကားတွေကလည်း ငွေပေးမယ့်လူက ကိုထွန်းဩ နားငြီးလောက်အောင် ပြောနေတာ။
ပြောသူက သိန်းနှစ်ရာလောက် ရင်းနှီးပြီး အပြော ခံရသူ (နားထောင်သူ)က လူကို ရင်းနှီးလိုက်၊ တောထဲတောင်ထဲ မြှုပ်နှံလုပ်ကိုင်ရဖို့ တစ်နှစ်ကို ငွေ သုံးသောင်းလောက်လိုတယ်။ အဲဒီလို ငွေကို သိန်းနှစ်ရာသမားက ထုတ်ပေးထားတယ်။ သုံးသောင်း ကုန်ကျသွားတယ်ဆို လေးသောင်း၊ လေးသောင်းခွဲလောက် ထုတ်ပေးပေါ့။
ကားချိန်ကုန်လို့ ကွင်းသိမ်းပြီဆို တစ်သောင်း၊ တစ်သောင်းခွဲ အမြတ်ထွက်တာလောက်ပဲရှိတာ။
ဒါတောင် အမှုအခင်း မဖြစ်၊ ကျန်းမာရေးကလည်း ဒေါင်ဒေါင်မြည်ကောင်းနေဦးမှ။
(၂)
ပဲခူးရိုးမဆိုတာ ပင်လယ်ပြင်ကြီးတစ်ခုပါပဲ။ ပင်လယ်ဆိုတာ ရေပြင်ကျယ်ကြီးပေါ့။ ရိုးမဆိုတာ သစ်တောကြီး။ သစ်တောကြီးမှ အပြောကျယ်တဲ့ သစ်တောကြီး။
ပင်လယ်ကိုမှီပြီး အသက်မွေးဝမ်းကျောင်းပြုတဲ့ ရေလုပ်သားတွေ၊ တခြားအသက်မွေးဝမ်းပြုသူတွေ ပင်လယ်ရဲ့ အန္တရာယ်တွင်းမှာ သက်ဆင်းရသလို ရိုးမကို မှီတင်းလုပ်ကိုင်စားသူတွေလည်း ရိုးမရဲ့ အန္တရာယ်စက်ကွင်းမှာ အသက်ဆုံးရှုံးရသူတွေ ဒုနဲ့ဒေး။
ထွန်းဩနဲ့ အဖွဲ့က မင်းလှနဲ့ ပန်းညိုချောင်းကြားမှာပဲ အခြေချဖို့ ဆုံးဖြတ်လိုက်တယ်။ ကုန်ကြမ်းထင်းကတော့ ဘယ်တောင်ကျော၊ ဘယ်ချောင်းဖျားဆီကိုပဲ သွားသွား၊ ဟိုတုန်းကလို လွယ်လွယ်နဲ့ မရတော့ဘူး။ ပျဉ်းကတိုး မီးသွေးစစ်စစ်မှဆိုတဲ့ ပွဲစားအတွက်လည်း ပျဉ်းကတိုးများများနဲ့ သစ်ပွသားရောရာ ထည့်မပေးလို့ ဘယ်မှာလာ အလုပ်ဖြစ်မှာလဲ။
ပျဉ်းကတိုးခွဲသား စီးပွားဖြစ် ခုတ်လှဲသူတွေတောင် ချာချာလည်ပြီး မူးလဲမတတ် ဖြစ်နေကြပြီလေ။ ကုမ္ပဏီထုတ်လုပ်မှုတွေ ဝင်လာပြီဆိုတော့ လွတ်ရာကျွတ်ရာမှာ ရှာခုတ်ရတယ်။
ထွန်းသြတို့ မီးသွေးသမားတွေက မီးသွေးအတွက် ထင်းကုန်ကြမ်းရဖို့ စီးပွားဖြစ် ခုတ်လှဲ လွှထောင်ဆွဲသူတွေရှိရာကို ချဉ်းကပ်ရတာ။ သူတို့လွင့်ပစ်တဲ့ ပကာတွေ၊ စကွဲယား ရောင်ပျက်တွေ၊ အလဲကြမ်းသွားလို့ အဖျားက အရင်းထိ အက်ကြောင်းလိုက်သွားတဲ့ နဂိုပင်စည်လုံးကြီးတွေကို ကောက်သင်းကောက် ယူရတာ။
လည်လည်ပတ်ပတ်နဲ့ ချစ်တီးခေါင်း သန်းရှာတဲ့ လွှထောင်ဆရာမျိုးနဲ့ဆို သူတို့စွန့်ပစ်ခဲ့ရမဲ့ ပကာထင်းတောင် အလကားမရဘူး။ ချက်အရက်ငါးလုံးနဲ့ လန်ဒန်တစ်ဘူး ဝယ်ပေးရသေးတယ်။
အံ့သြစရာကောင်းတာကတော့ ရိုးမကြီးပေါ် ယာခင်း စိုက်ပြီး အခြေချနေသူတွေပဲ။ သစ်ဆို နိုင်ငံပိုင်သစ်ပဲဖြစ်ဖြစ်၊ ကုမ္ပဏီသစ်ပဲဖြစ်ဖြစ်၊ သစ်လေသစ်လွင့်ပဲဖြစ်ဖြစ် လက်ဖျားနဲ့ မတို့ဘူး။ အနှစ်နှစ်ဆယ်ကျော် တဲဆောက်နေတာတောင် သစ်လုံးမပါဘူး။ ဝါးပိုးတိုင်ကြီးတွေနဲ့ပဲ ခိုင်ခိုင်ခန့်ခန့် ဖြစ်အောင် ဆောက်နေတာ။
ရေနွေးဝါးဆစ်ခွက်၊ ရေနွေးဝါးဆစ်ဓာတ်ဘူး၊ ဝါးဆစ်ဆားဘူး၊ ဝါးဆစ်ရှည်ရေဘူး၊ ဝါးဆစ်ငရုတ်ဆုံ၊ ဝါးဆစ်ဆေးတံ၊ ဝါးနွယ်ဝါးဆစ်နောက်လွယ်ပလိုင်းချိပ်၊ ဝါးဆစ်ဘူး ဆန်အိုး၊ ပဲအိုး၊ အရက်ဘူး၊ ဝါးဆစ်ဇွန်း၊ ယောက်မ အားလုံး ဝါးဆစ် ဝါးလုံးတွေနဲ့ လက်ရာမြောက်အောင် ခုတ်ထစ်လိုက်တယ်။
ထွန်းဩတို့ မီးသွေးသမားတွေ သူတို့ကို အတုယူတယ် ဆိုပေမဲ့ ကြွပ်ကြွပ်အိတ်၊ ရေသန့်ဘူးခွံ၊ ပလပ်စတစ်ဇွန်း၊ ပုံးတွေမရှိမှ ဝါးလုံးခုတ်ပြီး ဝါးဆစ်၊ ဝါးပြားပစ္စည်း သုံးတာ။
မီးသွေးကုန်သည် မထွေးသန်းဆီကပဲ ထွန်းဩ ငွေထုတ်လိုက်တယ်။ ငွေသုံးသောင်းထုတ်ပြီး ရိက္ခာဝယ်၊ လွှကြီးနှစ်လက်၊ ရဲတင်း၊ ဓားမကြီး၊ ဘောင်းဘီတို အဟောင်းထည်ဝယ်၊ ငှက်ဖျားဖြတ်ဆေးဝယ်နဲ့ ငွေတစ်သောင်းက မြို့လေးမှာပဲ ဖျတ်ခနဲ ကုန်သွားပေါ့။
နောက်ဆုံး ဝယ်ဖို့ကျန်နေတာက အိတ်ခွံ၊ မြွေရေခွံအိတ်၊ ငါးပုံးဝင်အိတ်ကြီးတွေ အနည်းဆုံး အလုံး ၄၀၀ ဝယ်ထားရမှာ။ တစ်လုံး ၆၀ ကျပ်၊ အဟောင်းဆို ၃၅ ကျပ်။ ၃၅ ကျပ်တန် ဝယ်ဦး၊ တစ် သောင်းလေးထောင်ကုန်ရဦးမယ်။
သူ့ မိန်းမ မိအေးနဲ့ သမီး သူဇာထွေးဖို့ ငွေ ၆ဝဝဝ လောက်နဲ့ စားဝတ်နေရေး ဘယ်လို လည်ပတ်မလဲ။
မိအေးစိန်က မြို့လေးမှာ မနေခဲ့ဘူး။ သူလည်း တောင်ပေါ်ထိ လိုက်နေမယ်၊ ထမင်းချက်ကျွေးမယ်ပေါ့။ ဒါကို ထွန်းဩ သိပ်သဘောမကျဘူး။ တောင်ပေါ်ဆိုတာက ငှက်ဖျားတော။ ပြီးတော့ ကျားရဲတိရစ္ဆာန်တွေ၊ တစ်ခါတစ်ရံ ပေါ်လာတတ်တဲ့ ဆင်ရိုင်းနှစ်ကောင်၊ သုံးကောင်။
“ဒီအန္တ ရာယ်တွေ ကြောက်နေမှ လူတွေလည်း ဘယ်လိုမှ လုပ်မစားတတ်ဘူး။ မကြောက်လို့ပဲ တောတောင်တွေ ပြောင်နေပြီမဟုတ်လား”
“နင် အရမ်းမပြောနဲ့။ ဒီနှစ် စီးပွားဖြစ်ခုတ်လှဲသူတွေ မချောင်လို့ မလာဘူးတဲ့ဟ။ သစ်တောဌာနက မျက်နှာသာ မပေးတော့ဘူး”
ထွန်းသြက မိအေးကို ကျောပေးရင်းနဲ့ ရှင်းပြတယ်။
မိအေးက နှုတ်ခမ်းစူနေဆဲ။
ထွန်းဩက စိတ်ညစ်နေတယ်ဆိုတာ မိအေး မသိရှာ ဘူး။ ဘာအလုပ်မှ မလုပ်ရသေးဘဲနဲ့ ငွေသုံးလေးသောင်းကို ဖွေးခနဲ အလွယ်ရလိုက်တာကလည်း ဒီအလုပ်ပဲ ရှိတယ်။
ကြံခုတ်လိုက်ရင်လည်း ငွေကြိုမရဘူး။ ဆန်စက်၊ ဆီစက်နဲ့ သစ်စက်ထဲဆင်းလည်း ဒီလိုပဲ။ ၁ဝ ရက်လုပ်ပြီးမှ တစ်ခါရှင်းတာ။
မထွေးသိန်းက ငွေထုတ်ပေးလိုက်ပြီး ဘယ်ဈေး ကောက်မယ်ဆိုတာ မပြောလိုက်တာ ကိုထွန်းသြ ဘဝင်မကျဘူး။
ဒီစနစ်က ပွဲစား၊ ကုန်သည်တွေရဲ့ ဝှက်ဖဲပဲလေ။ အရင့်အရင်နှစ်တွေက ဒီလိုပဲ။ ငွေထုတ်ပေးတယ်။ ကားချိန် မီးသွေးပေါ်တော့ တောင်အောက်မှာ တစ်အိတ်လေးရာ၊ တောင်ပေါ်ဖိုထွက်ကျတော့ ၂၀၀ ကျပ်တည်း။ ကားခနဲ့ အလုပ်သမားခက ၆ဝ ကျပ်ရှိတာ။ မီးသွေးတစ်အိတ် တောင်အောက်သစ်ဆိပ်ရောက်တာနဲ့ တစ်အိတ် ၁၄၀ ကျပ် မြတ်နေပြီ။ ကားနှစ်သောင်း ကောက်ပြီးပြီ။ ငွေတိုးထက် အမြတ် မမြန်ပေဘူးလား။
ဒါကြောင့်လည်း မီးသွေးပွဲစားတွေ ဦးသုံးလေးဆယ် တိုးပွားလာတာ။ အဲဒီလိုပဲ မီးသွေးဖုတ်ရောင်းသူတွေလည်း တစ်ထောင်ကျော်လာတာပေါ့လေ။
ငွေရလည်းလွယ်၊ အလုပ်လည်းပေါ့၊ ပျော်စရာလည်းကောင်းဆိုတော့ မီးသွေးဖုတ်ရောင်းသူတွေ ပဲခူးရိုးမကို ပဒေသာပင်ကြီးပေါက်လာတာလို့ ယူဆကြတာပေါ့။
(၃)
ထွန်းဩ ရိုးမပေါ်တက်ဖြစ်ခဲ့ပြီ။
ထားခဲ့လို့မရတဲ့ သူ့မိန်းမ မိအေးစိန်လည်း ပါလာ တယ်။ ကားလမ်း မပေါက်သေးလို့ အဖော်တွေအားကိုးနဲ့ပဲ ဝန်စည်စလယ် လုပ်ငန်းသုံးကိရိယာတွေနဲ့ ရိက္ခာတွေ သယ်လာခဲ့ရတယ်။
ထွန်းသြက တရုတ်ကျောပိုးအိတ်လွယ်၊ သမီးလေးကို ရင်ခွင်ပိုက်ချီပြီး မိအေးက စောင်နဲ့ အဝတ် အစားထုပ်ကို ရွက်လို့။
ဒီလို ရိုးမကြီးပေါ်မတက်မီက ထွန်းဩ နှစ်ညအိပ် သုံးရက်တက်ခဲ့ပြီးပြီ။ ဘယ်ကွင်းနဲ့ ဘယ်ချောင်း ဖျားမှာ ထင်းကုန်ကြမ်းပေါသလဲဆိုတာ တက်ကြည့်ပြီးမှ ပန်းညိုချောင်းနံဘေးကိုပဲ ရွေးရတာ။
ရိုးမပေါ်မှာ ပန်းညိုချောင်းဆိုတာ အရှည်ကြီးပေါ့။ ဒါပေမဲ့ ပန်းညိုချောင်းမှာပဲ စခန်းချတယ်ဆိုရင် သစ်ခုတ်သမားတွေ မီးသွေးသမားတွေ သိတယ်။ သစ်ထုတ်လုပ်ရေး သစ်ဆွဲကားလမ်းမကြီးနဲ့ ဝေးတဲ့နေရာမှာ မီးသွေးဖုတ်လို့မလွယ်ဘူးလေ။ သယ်ယူရတာက ကားနဲ့ဆိုတော့ ဝေးနေရင် ကားရှိတဲ့နေရာ ပစ္စည်းရောက်အောင် ဘယ်သယ်ပို့နိုင်မှာတုန်း။
ဈေးဆိုင်တွေနဲ့ ကာရာအိုကေရုံတွေ ဆီဆိုင်တွေလည်း ဒီလိုပဲ။ ရေရဖို့ ချောင်းရှိတဲ့ နေရာရယ်၊ ဆိုင်ရှေ့ဝကားတွေ အလွယ်ရပ်နိုင်တဲ့နေရာရယ် လိုတာကြောင့် ကားလမ်း မေးတင်ပြီး ဆိုင်ဆောက်ကြတယ်။
ရောက်ပြီး နှစ်ရက်မှာပဲ ထွန်းဩတို့လေးယောက် အစုက အိတ်နှစ်ဆယ်လောက် ကျထားပြီးပြီ။ ဈေးဦးပေါက် အိတ်နှစ်ဆယ်ကတော့ လာဘ်ဖွင့်ရမယ်။ ပွဲစား မအေးသိန်းဆီ သွင်းလို့မရသေးဘူး။ တစ်အိတ်နှစ်ရာနဲ့ ကြားပွဲစား မြသိန်းကို ရောင်းလိုက်ကြတယ်။
မြသိန်းတို့ ကြားပွဲစားတွေက ငွေကြိုထုတ်မပေးဘူး။ လွယ်အိတ်တစ်လုံးနဲ့ တောင်ပေါ်တက်လာပြီး ပွဲစားကုန်သည် မသိအောင် ခိုးရောင်းတဲ့အိတ် ရသလောက်ဝယ်တယ်။ မီးသွေးဖုတ်သမားတွေ ငွေပြတ်ပြီဆို ခိုးမရောင်းတဲ့သူ မရှိဘူး။
ထွန်းသြက ဒီလိုရောင်းတာကို လိပ်ပြာသန့်တယ်။ ပွဲစားကြီး မတရားအမြတ်ယူတာလည်း သူတို့ခံနေရ တာပဲမဟုတ်လား။
တစ်ခုရှိတာက မီးသွေးတစ်အိတ်ဖြစ်ဖို့ ဘယ်လောက် အရင်းကျသလဲဆိုတာ တွက်မရတဲ့ကိစ္စပဲ။ အဲဒီလိုသိရင် တစ်အိတ်ကို ဘယ်လောက်ရမှ ရောင်းနိုင်မယ်လို့ ထုတ်လုပ်သူ သူတို့ဘဝတူတွေ ဆုံးဖြတ်ပြီး ဈေးခေါ်နိုင်မယ်လေ။ ခုတော့ ပွဲစားကြီးက ဘယ်လောက်ဈေးပဲ ပေါက်တယ်လို့ ပါးစပ်နဲ့တစ်ခွန်း သတ်မှတ်လိုက်တာနဲ့ သူတို့ ခေါင်းထိုးပေးလိုက်ရသလိုပဲ။
ရိုးမပေါ်မှာ ၁ဝ နှစ်၊ ၁၅ နှစ်တိုင် မီးသွေးဖုတ်စားတဲ့ ဝါရင့်သမ္ဘာရင့်လူတွေကို မေးကြည့်ဖူးတယ်။ သူတို့လည်း မီးသွေးဖုတ်ပြီး ရောင်းစားလာတာ သစ်တန်တွေနဲ့ တွက်ရင် ထောင်သောင်းမက ဖြုန်းတီးခဲ့ပြီးပြီ။ ခုထိ တစ်အိတ် ဘယ်လောက် အရင်းကျသလဲဆိုတာမသိဘူး။ တွေးလည်း မတွေးမိဘူး။
တွေးမိလို့ တွက်ချက်ကြည့်တော့လည်း အဖြေထွက်အောင် မတွက်တတ်ပြန်။ နောက်ဆုံးကျန်တာကို ကိုယ့်ဥစ္စာပေါ့ကွာဆိုပြီး ရှေ့မှာ ရယ်သလို မောသလိုနဲ့ ဇာတ်သိမ်းဖြစ်ခဲ့ကြတယ်။
သူတို့ဘဝတူတွေ မကြီးပွားတာ ဒါကြောင့်များလားဆိုပြီး ထွန်းဩ အတွေးနယ်ချဲ့မိတယ်။
ထင်းရှာ၊ ဖိုဝင်ဆိုက် ထင်းဖြတ်၊ ဖိုဆင် မီးရှို့၊ မီးသွေးဖြစ်တော့ မီးသတ်ပြီး အပူနဲ့နှပ် ဖိုဖော်၊ အိတ်သွပ်၊ အိတ်ချုပ်…
အပြောလွယ်သလောက် တကယ်လက်ဝင်ပြီး ပင်ပန်းတဲ့အလုပ်။ အပူရှိန်ပြင်းပြင်းကလည်း ရင်ဘတ်နဲ့မျက်နှာကို ဟပ်သေး။ တစ်ကိုယ်လုံးကိုလည်း မီးသွေးထက်မည်းတူးအောင် ပေကျံသေး။
မီးခဲရဲရဲကြီးကို ကိုင်မိတာတို့၊ တက်နင်း မိတာတို့၊ တူရွင်းမောင်းပြန် ဘက်ရိုက်လို့ လက်ကျိုးတာတို့ မပါသေးဘူး။
ပြီးခဲ့တဲ့နှစ်ကဆို ကားချိန်ကုန် အလုပ်လည်း သိမ်းရော တစ်ပြားမှ လက်ထဲမှာ မကျန်ရစ်ခဲ့ဘူး။
မိုးဦးကျလို့ မိုးလည်းဖြိုင်ဖြိုင်ရွာရော ငှက်ဖျားထလို့ ငွေခြောက်ထောင်လောက် ကြွေးတင်သွားခဲ့ရတယ် မဟုတ်လား။
ဒီနှစ်ကားသိမ်းချိန် စာရင်းချုပ်လို့ မီးသွေးတစ်အိတ် ထုတ်လုပ်စရိတ်ရဲ့ ကျသင့်ငွေနဲ့ အရှုံးအမြတ်သိရင် ရှေ့နှစ်အတွက် အဖြေပေါ်ပြီမဟုတ်လား။ ဒီလိုသိမှလည်း ထွန်းဩ ရှေ့နှစ်အတွက် ဆုံးဖြတ်တတ်မှာလေ။
(၄)
တောင်ပေါ် အတက်အဆင်းလုပ်လာတဲ့ မိထွေးသိန်း ယောက်ျား သိန်းထွန်းဝင်း၊ သူ့မိန်းမ ငွေသြဇာနဲ့ တစ်နေ့တခြား ဆက်ဆံရေးမောက်မာလာတာ လူပြောများလာတယ်။
ထွန်းဩ သည်းခံရပေါင်း များလှပြီဆိုပါတော့။
သိန်းထွန်းဝင်း ရေချိုးရင် ရေဆိပ်လိုက်ပြီး ပုဆိုးနဲ့ ယူထားတဲ့ငွေစာရင်း ချတွက်ခိုင်းတာတို့ လုပ်တယ်။
“ဒီမှာ ထွန်းသြ၊ ရန်ကုန်က ငါ့ဖောက်သည်က မျောက်တစ်ကောင် လိုချင်သတဲ့။ မျောက်တစ်ကောင် လက်ဆောင်အဖြစ် ပေးရမယ်။ မင်းလူတွေနဲ့ မျောက်အရှင်တစ်ကောင် ရှာပေးကြစမ်းကွာ”
ထွန်းသြတို့လူသိုက် စိတ်ညစ်သွားတယ်။
ပဲခူးရိုးမပေါ် တက် မီးသွေးဖုတ်စားလာတာ ငါးနှစ်ရှိပြီ။ မျောက်သားလည်း မစားဖူးဘူး။ မျောက်ကိုလည်း မဖမ်းဖူးဘူး။ မျောက်သားစား မျောက်မျက်နှာ ကြည့်တို့၊ မျောက်ခြေ မျောက်လက်တို့ဆိုတာ လူနဲ့ မျောက်ကို ခွဲခြားပေးလိုက် တဲ့ဆိုရိုးတွေပဲ မဟုတ်လား။
ချားလ်ဒါဝင်ကြီးပြောသလို လူဟာ မျောက်က ဆင်းသက်လာတာတဲ့။ မျောက်သားစားတာ လူသားစားတာနဲ့ အတူတူ ဖြစ်မနေဘူးလား။ ချားလ်ဒါဝင်ကြီး တကယ်ပဲ အမှန်ပြောခဲ့တာလား။ လူတွေကို နောက်ပြောင်ပြောခဲ့တာလား။
သုတေသနပြုပြီး ပြောခဲ့တာ ဆိုရင်တော့ လူနဲ့တူတဲ့ မျောက်ကို လက်ဖျားနဲ့တောင် တို့ဖို့ မကောင်းဘူးနော်။
ထွန်းမြတို့ ထင်းရှာရင် တောတိုးရင် တစ်ခါတစ်ရံ မျောက်တစ်ကောင်စ နှစ်ကောင်စတော့ တွေ့ဖူးပါရဲ့ ။ လျှပ်တစ်ပြက်ပဲ။
ဝါးသပွတ်တောမှာတော့ မျောက်တွေ များတယ်။ ဝါးသပွတ်အနောက်ခြမ်း တောင်စောင်းတွေမှာက သစ်ပင်ကြီးတွေ ပေါများပြီး တစ်ပင်နဲ့ တစ်ပင် ထိစပ် ယှက်နွယ်နေရုံမကဘူး။ နွယ်တန်းတွေကလည်း အမယ်ဘုတ်ရဲ့ ရှုပ်ထွေးနေတဲ့ ချည်မျှင်တွေလို။
ယာသမားကြီး ဦးရင်စိန်က မျောက်တောဆီ လိုက်ပို့မည်တဲ့။
ဝါးသပွတ်က ထွန်းသြတို့နှင့် တစ်မိုင်ခွဲလောက်ပဲ ဝေးသည်ဆိုတော့ လက်တစ်ကမ်းပဲ ဝေးသည်ဟု ဆိုရမယ်ပေါ့။ နွေရာသီဖြစ်လို့ လူသွားလမ်းကလေးတွေ မရှိသေးတောင် အောက်ခြေချုံတော နွမ်းခြောက်လို့ သွားသာလာသာရှိတဲ့ အနေအထားပါ။
ခက်တာက ထွန်းသြတို့ လူသိုက်မှာ မုဆိုးမပါဘူး။ မျောက်ကို ဘယ်လိုလုပ် အရှင်ဖမ်းပေးရမလဲ။ ကျော့ကွင်းတို့၊ ထောင်ကိုင်းတို့နဲ့ ထောင်မှလည်း မျောက်က အရှင်ဖမ်းလို့ ရမှာ။
သိန်းထွန်းဝင်းရဲ့ ဆက်ဆံရေး မောက်မာမှုကြောင့် မျောက်လက်ဆောင် မပေးချင်ပေမဲ့ သူ့မိန်းမ မိထွေးသိန်း မျက်နှာကို ထွန်းသြတို့ ထောက်ရတော့မယ်။
မိထွေးသိန်းက အမြတ်ကြီးစားတယ်ဆိုပေမဲ့ လူမှုရေးကောင်းတယ်။ တောင်ပေါ်တက်လာရင် မီးသွေးသမားတွေအတွက် စားစရာ မုန့်ပဲသရေစာနဲ့ လေဘေးထည်ဘောင်းဘီတွေ၊ ဆွယ်တာတွေ၊ ဆွယ်တာတွေ ဝယ်လာပြီး လက်ဆောင်ပေးတယ်။
(၅)
မီးသွေးဖိုတွေက တစ်ဖက်၊ ထွန်းဩ မိန်းမ မိအေးစိန် ဖျားနေတာကတစ်ဖက်နဲ့ ထွန်းသြနဲ့ သံချောင်း ဝါးသပွတ်ဘက် မျောက်ရှာထွက်ခဲ့ရပြီ။
ဖိုစောင့်ဖို့ သန်းဝင်း ထားခဲ့ရတယ်။
မီးသွေးဖုတ်တယ်ဆိုတာ အလုံပိတ် မြေလောင်းဖိုနဲ့ ဖုတ်ကြတယ်။ ဖို မပေါက်ဖို့ အမြဲစောင့်ကြည့်သူ ရှိရတာပေါ့။ ဖိုပေါက်လို့ လေတရကြမ်းဝင်ပြီဆို မီးသွေးခဲ မဖြစ်ဘဲ ပြာဖြစ်ပြီမှတ်။
အလုံပိတ်ဖိုမှာ အတွင်းမီးက အားပါးတရ လောင်လို့ မရဘူး။ ဖွဲမီးလို ငုတ်လောင်ရတာ။ လေပေါက်ကြီးကြီးသာ ပေါက်သွားရင်တော့ အတွင်းမီးက အပြင်ကန်ထွက်လို့ ဝုန်းဒိုင်းကျဲ လောင်ပါလေရော။
မျောက်ရလို့ ပိုက်ဆံမရဘူး။ မီးသွေးထွက်မှ ပိုက်ဆံ ရမှာ။
ပြီးတော့ လူရဲ့ ကျန်းမာရေး။ ရိုးမရဲ့ ရာသီဒဏ်ချက်၊ အလုပ်ပင်ပန်းမှု၊ မီးအပူရှိန်ဟပ်ခံရမှု ဒဏ်ချက်တွေနဲ့ ဖျားနာသွားပြီဆိုရင် အလုပ်ဆက်မလုပ်နိုင်တော့ဘူး။
တချို့ဆို ဖျားနာနေပေမဲ့ ကြွေးကလည်း မကြေ၊ စားဝတ်နေရေးကလည်း ခက်သမို့ ဖျားနာနေတဲ့ကြားက ဆက်လုပ်ရာက ရိုးမပေါ်မှာပဲ သေဆုံးသွားရသူတွေရှိတယ်။ တစ်ခါတလေ ဖိုဟောင်းတွေနံဘေးမှာ လူအရိုးခေါင်းခွံတို့၊ လူအရိုးအတိုအစတို့ တွေ့ရှိခဲ့တာဟာ မီးသွေးဖုတ်သမားတွေ နိဂုံးပြ သင်္ကေတတွေပဲလေ။
ဒီကနေ့ မျောက်မရဘူးဆိုရင် ရိုးမတစ်နေရာရာမှာ တစ်ည၊ နှစ်ည အိပ်ကြရတော့မယ်။ မျောက်ကို သူကိုယ်တိုင် ဖမ်းမိဖို့ မစွမ်းဘူးဆိုတာ သေချာသလို သူနဲ့အတူပါလာတဲ့ သံချောင်းလည်း မကျွမ်းကျင်မှန်း ထွန်းဩ သိထားတယ်။ ဝါးသပွတ်စုထဲက ကရင် ယာသမားကြီး ဖားစောသိန်းဆီ အကူအညီတောင်းပြီး ငွေသုံးရာလောက်ပေးခဲ့ဖို့ မိအေးစိန်က အိပ်ရာထဲက အော်ပြီး မှာလိုက်သေးတယ်။
သူမရဲ့ အဖျားရှိန်က သူမကို လူးလိမ့်နေအောင် ခံစားနေရတဲ့ကြားက ပွဲစားဆီ မျောက်လက်ဆောင် မပို့နိုင်မှာကို ဒုက္ခခံ ပူပြနေသေးရဲ့။
ထွန်းဩက မိအေးစိန် ငှက်ဖျားရောဂါနဲ့ အိပ်ရာထဲ ထာဝရပက်လက်လဲကျသွားမှာကို စိုးတယ်။ သူတို့က မျောက်တွေကို ဖမ်းရောင်းစားတဲ့ မုဆိုးမှ မဟုတ်ဘဲ။ မီးသွေးဖုတ်စားတဲ့ လူက မျောက်တစ်ကောင်တောင် ရအောင် မဖမ်းနိုင်ဘူးလို့ ဘယ်သူက ကဲ့ရဲ့စကားဆိုမှာလဲ။ အပြစ်ဆိုတော့ကော ဘာဖြစ်လဲ။ မျောက်မရတော့ကော ဘာဖြစ်လဲ။ မျောက်လက်ဆောင် မပေးနိုင်လို့ မီးသွေးဖို ကြိုတင်ငွေ နောက်ထပ် ထုတ်မပေးလည်း ဘာဖြစ်ရမလဲ။
ဘဝဝမ်းကျောင်းတဲ့ အလုပ်ဆိုတာ တစ်ခုမဟုတ်တစ်ခု အဆင်ပြေသွားမှာပဲလို့ ထွန်းဩ ထစ်ထစ်ငေါ့ငေါ့ တွေးမိလေရဲ့။
မိအေးစိန်အတွက် ဓားနှစ်လက်ဆေးနှစ်ထုပ်နဲ့ နံပတ် သုံးဆေးပြား ၁ဝ ပြား ထားခဲ့ပေမဲ့ ထွန်းသြ စိတ်မချဘူး။
နံနက်စာကို နေ့နှစ်ချက်တီးကျော်မှပဲ ဖားစောသိန်း တဲရောက်မှ စားဖြစ်တယ်။ ထွန်းဩ မစားချင်ဆုံးက မျောက်သားပဲ။ ဖားစောသိန်းက ထွန်းသြနဲ့ သံချောင်းကို မျောက်သားဟင်းနဲ့ ကျွေးတယ်။ မျောက်သားကို ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်းပွတောင့်ကြီးနဲ့ ဆီနည်းနည်း ရေများများ ချက်ထားလို့ ညှီစို့စို့အနံ့တောင် မရှိဘူး။
ဒါပေမဲ့ မျောက်သား ဆိုတာနဲ့ မျောက်မျက်နှာ ပြေးမြင်မိရုံမကဘူး၊ မျောက် လက်ဆောင်တောင်းတဲ့ မီးသွေးပွဲစား သိန်းထွန်းဝင်း မျက်နှာကိုပါ မြင်မိပြီး မျောက်သားဟင်းကို ရွံရှာသွားမိတယ်။
ဒါပေမဲ့ ထမင်းမစားမီ ချက်အရက် တစ်ပိုင်းသောက်ထားမိလို့ ထွန်းသြက မျောက်သားဟင်းကိုပဲ စားဖြစ်သွားခဲ့တယ်။
ဖားစောသိန်းခြေထောက် ငြောင့်စူးထားလို့ လမ်း မလျှောက်နိုင်ဘူး။
ရိုးမပေါ်မှာ ဝက်ဖမ်းတဲ့သူတွေက ကျင်းတူး၊ ငြောင့်ထောင်၊ ကျင်းဝကို ဝါးကပ်ပါးပါးဖုံးပြီး မြေဖို့ထားတဲ့နည်းနဲ့ ထောင်တယ်။ ဖားစောသိန်း မူးမူးနဲ့ မြို့ကအပြန် တောတိုးအလာမှာ ငြောင့်တွင်းထဲ ခြေတစ်ဖက်ကျွံကျပြီး ဒဏ်ရာခပ်ပြင်းပြင်း ရခဲ့တယ်ဆိုပါတော့။
ထွန်းဩ စိတ်ဓာတ်ကျသွားတယ်။ ဒါနဲ့ ဖားစောသိန်း ရဲ့ သူရာသမားလေး စောဆယ်ပြားကို စောင့်ရင်း နှစ်ညအိပ် ကြာသွားတယ်။ စောဆယ်ပြားက တောင်ငူမြို့သွားပြီး ဘလက်အင်ဝှိုက်တီဗွီနဲ့ ဘက်ထရီအိုးတွေ သွားဝယ်သတဲ့လေ။
သုံးညမြောက်မှာတော့ ဖားစောသိန်းက မျောက်ထောင်နည်းနဲ့ ကွင်းလျှောထောင်ချောက်လုပ်နည်း သင်ပြပေးတယ်။
မခက်ပါဘူး။ လွယ်တယ်လည်း မဟုတ်ပါဘူး။ ထောင်ချောက်လုပ်တတ်ရုံနဲ့ မျောက်တစ်ကောင်ရဖို့ မလွယ်ဘူးလေ။ မျောက်တွေရဲ့ ဓလေ့စရိုက်ကိုပါ အကဲခတ်တတ်ဦးမှ။
မျောက်တွေအားလုံးလိုလိုကလည်း လူတွေရဲ့ ထောင်ချောက်ကို သိနေသလိုပဲ။ လူလစ်ချိန် မိနေပြီဆိုရင် ကွင်းမိထားတဲ့ ကြိုးကို ဝိုင်းကိုက်ဖြတ်ထုတ်ပြီး လွတ်ရာကျွတ်ရာ ပြေးနိုင်ပြီ။
ဘာပဲဖြစ်ဖြစ် ထွန်းဩတို့ ကြိုးစားပြီး သွားထောင် တယ်။ မရဘူး။
မျောက်တွေကတော့ တော်တော့်ကို များများစားစား တွေ့ရတယ်။ ထွန်းသြ စိတ်မရှည်နိုင်တော့ဘူး။ ဖိုတဲကထွက်လာတာလည်း ၆ ရက်ရှိပြီ။ နောက်ထပ် မီးသွေးဖို ၄ဝ လောက် တည်နိုင်တဲ့ အချိန်ဖြစ်ပြီး ဝင်ငွေကျပ် ငါးထောင်လောက် ဆုံးရှုံးရပြီလေ။
မျောက်ထောင်ချောက်လုပ်ပြီး ခပ်ဝေးဝေးက တောထဲသွား ခြင်ကိုက်ခံပြီး ငြိမ်ကုပ်နေရတာဟာ ဝဋ်တစ်မျိုးဖြစ်သလို မျောက်ထောင်ချောက်မှာမိပြီး အကြာကြီးနေမှ ကိုယ်က နောက်ကျရောက်သွားရင်လည်း မျောက်က လွတ်သွားမှာ စိုးရ။ အဲဒီသောက ကလည်း ထွန်းဩကို ဖိစီးပေါ့။
ဒါနဲ့ ထွန်းသြ သံချောင်းကိုခေါ်ပြီး သွားကြည့်တယ်။ ကံကောင်းချင်တော့ ဂွေးသီးပင်ရင်းမှာ မျောက်နီတစ်ကောင်တွေ့လို့ လက်ထဲမှာကိုင်ထားတဲ့ နံပါတ် ၅ ဓားမနဲ့ ပစ်ချလိုက်တာ မျောက်ခမျာ ခွေလဲသွားတယ်။ မျောက်မှာ ထိချက် သိပ်မနာဘူးထင်ရဲ့၊ ခုန်ဆွ ခုန်ဆွ ထပြေးလို့ သံချောင်းက လေးခွနဲ့ ပစ်လိုက်တယ်။
မျောက်မျက်နှာဆီ လောက်စာထိပြီး ခွေကျအသွား ထွန်းသြက ခါးမှာခေါက်ပြီး ချည်ထားတဲ့ တက်ထရက်ပုဆိုးနဲ့ အုပ်ဖမ်းလိုက်တယ်။
ထွန်းသြ ဝမ်းသာအားရနဲ့ မျောက်ကို ပြန်မကိုက်နိုင်အောင် လည်ပင်းညှစ်ဖိကိုင်လိုက်တယ်။
သံချောင်းက မျောက်ခြေ၊ မျောက်လက်တွေကို လျှော်ကြိုးနဲ့ ချည်ပြီး ပုဆိုးကို ခေါင်းပိုင်းပေါ်အောင် ထွန်းသြက ဖြည်ချပေါ့။ ရှားရှားပါးပါး မျောက်ကလေးတစ်ကောင် ကံကောင်းထောက်မစွာ ရပါတယ်၊ လေမွန်းလို့ သေသွားမှ မခက်လား။
(၆)
ထွန်းဩတို့ မျောက်ရခဲ့ပြီ။
သို့သော် မျောက်ကလေးမှာ ညဘက်မျက်လုံးတစ်လုံး မရှိတော့။ သံချောင်းရဲ့ လေးခွချက်ဖြင့် မျက်လုံးထွက်သွားခဲ့တယ်။ အင်္ဂါမစုံတဲ့မျောက် မင်္ဂလာမရှိလို့ သိန်းထွန်းဝင်း မလိုချင်ဘူးဆိုလည်း ထွန်းဩ မတတ်နိုင်။
နောင်လည်း မျောက်မပြောနဲ့ ပုရွက်ဆိတ်တစ်ကောင်ပင် ရှာပေးတော့မည် မဟုတ်ဟု ဆုံးဖြတ်လိုက်တယ်။ ထွန်းမြတို့ ဖားစောသိန်းတဲဆီ သွားရောက်နှုတ်ဆက် အကျိုးအကြောင်းပြောပြီးမှ မီးသွေးဖိုတဲဆီ ပြန်ဖို့ပါပဲ။
အချိန်က နေ့ ၂ နာရီလောက်ရှိနေတာရယ်၊ ဖားစောသိန်းတဲလမ်းနဲ့ ဖိုတဲလမ်းက တခြားစီ ကွဲပြားနေတာရယ်ကြောင့် ဖိုတဲဆီကိုပဲ ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။
မျောက်ရမှ ထမင်းဆာမှန်း သိလာပြီး ချက်အရက် တစ်လုံးလောက် အားပါးတရ မော့သောက်လိုက်ချင်တဲ့ဆန္ဒ ထွန်းဩ တောင့်တမိရဲ့။ အဲဒီဆန္ဒက ရေငတ်လို့ အိပ်မက်မက်သလို ပေါ်လာခဲ့ပြီးတော့ ချစ်ဇနီးမိအေးစိန်ကို သတိရလာပြီ။
မိအေးစိန် အဖျားကျလို့ သက်သာလာပြီလား။ အပူကြီး အဖျားတက်နေမှဖြင့် သူ့သမီးလေး တကျီကျီငိုနေမှာမြင်ပြီး ထွန်းဩ ရင်ဆို့မိတယ်။
ည ၉ နာရီကျော်လောက်မှ ထွန်းသြ တဲပြန်ရောက် တယ်။
တဲမှာ မိအေးစိန်နဲ့ သမီးလေး မရှိတော့ဘူး။ သိန်းထွန်းဝင်း ပွဲစားတပည့် ငညိုပဲရှိတယ်။ မိအေးစိန် မသက်သာလို့ မြို့လေးဆီက တိုက်နယ်ဆေးရုံဆီ စောင်ပုခက်နဲ့ ပွဲစားမိထွေးသိန်းက သူ့လူတွေ ထမ်းခိုင်းပြီး ပို့လိုက်ပြီတဲ့။
ထွန်းသြလက်ထဲက မျောက်ကို ကြိုးတုပ်ထားလျက်နဲ့ပဲ ငညို့ရင်ခွင်ထဲ ပစ်ချပေးခဲ့ပြီး တိုက်နယ်ဆေးရုံရှိတဲ့ မြို့လေးဆီ သုတ်ခြေတင်ပြေးလိုက်သွားလေရဲ့။ လေး
ထွန်းဩမျက်စိထဲမှာ မိအေးစိန် ငှက်ဖျားရောဂါနဲ့ ဆေးရုံမရောက်မီ လမ်းခုလတ်မှာ ကွယ်လွန်သွားခဲ့ပြီး သူရဲ့ခြေထောက်တွေ ဖျတ်ဖျတ်လတ်လတ် မပြေးနိုင်အောင် မမြင်ရတဲ့ ဝိညာဉ်တစ်ကောင်က ရိုက်ချိုးနေလေပြီတဲ့လေ။
[ရနံ့သစ်၊ ဇူလိုင် ၂ဝဝ၂]
– ပြီး –
စာရေးသူ – မဟူရာငှက်ဖျား(ရိုးမအရှေ့)