လွင်ဦး (ကွမ်းခြံကုန်း)
မျောက်သိန်းအောင်
သူ့နာမည်က သိန်းအောင်ဖြစ်ပါသည်။
သို့သော် မျောက်ပစ်ရာ မျောက်ဖမ်းရာတွင် ကျွမ်းကျင်လွန်းသဖြင့် ခင်မင်ရင်းနှီးသူများက သူ့အား မျောက်သိန်းအောင်ဟုခေါ်သဖြင့် ကြာသော် မျောက်သိန်းအောင်ဟု နာမည်တွင်သွားပါသည်။
လူပုံက ဂွင်ဂွကောင်းကောင်း၊ ဗလကောင်းကောင်း၊ မျက်နှာခပ်တည်တည်ဖြင့် အလုပ်တစ်ခုကို တစ်ဇောက်ကန်း လုပ်မည့်ပုံပေါ်သည်။ လုပ်ရာကိုင်ရာတွင် သတ္တိရှိသည်။ လျင်မြန်ဖျတ်လတ်သည်။ မျောက်ပစ် ကျွမ်းသည်။
ပဲခူးရိုးမတောင်ခြေရှိ အောင်သာ၊ မင်းရေးရွာဘက်တွင် မျောက်အလွန်ပေါသည်။ အောင်သာရွာ၊ မင်းရေးရွာတို့ကား ပဲခူးတိုင်း၊ ပျဉ်းမနားမြို့နယ်၌ ပါဝင်ပါသည်။ ပဲခူးရိုးမတောင်ခြေနှင့်နီးပြီး တောအုပ်ထဲတွင် ဆင်များ၊ ကျားများ၊ ပြောင်များ၊ စိုင်၊ ချေ စသော သားကောင်ကြီးများ ရှိကြသည်။
ရွာသူရွာသားများကလည်း လယ်လုပ်ငန်း၊ ယာလုပ်ငန်း၊ သစ်လုပ်ငန်း၊ ဝါးလုပ်ငန်း၊ ထင်းမီးသွေးလုပ်ငန်းတို့ စသည်ဖြင့် စုံနေအောင် လုပ်ကြသည်။ တောနှင့်နီးနေသဖြင့် လယ်လုပ်ငန်း ယာလုပ်ငန်းအပြင် အမဲလိုက်သော မုဆိုးလုပ်ငန်းလုပ်သူများလည်းရှိသည်။ ထိုအထဲတွင် မျောက်သိန်းအောင်လည်း အပါအဝင်ဖြစ်ပါသည်။
မျောက်သိန်းအောင်က ဒူးလေးပစ် အလွန်တော်သည်။ မျောက်များကလည်း လူကိုတွေ့သည်နှင့် သစ်ပင်၏မြင့်ပေ့ဆိုသော အကိုင်းအခက်များကြားတွင် တက်ရောက်ပုန်းကွယ်နေတတ်သည်။ ထိုအချိန်ဝယ် မျောက်သိန်းအောင်သည် သန်မာလှသော ဒူးလေး ကြီးကို ခြေနှစ်ဖက်နှင့်စုံကန်၍ လက်ဖြင့် တအားဆွဲတင်နေပြီ ဖြစ်သည်။ မျောက်သိန်းအောင် ဒူးလေးသည် အလွန်သန်မာလှပေရာ တော်ရုံတန်ရုံ လူမတင်နိုင်ပေ။ အလွန်ဗလကောင်းသောလူမှ တင်နိုင်ပေသည်။
ဒူးလေးကို မောင်းတင်ပြီးလျှင် ပြေးလမ်းပေါ်ဝယ် ပျားဖယောင်းကပ်ထားသော ဒူးလေးပေါ်၌ မြားတင်လေသည်။ မြားက ပျားဖယောင်း၌ ကပ်နေသဖြင့် အပေါ်သို့ မော့ချိန်သော်လည်း အောက်သို့ လျှောမကျပေ။ ထိုအချိန်ဝယ် သစ်ပင်ပေါ်၌ မျောက်များ ပြေးလွှားပုန်းအောင်းနေကြ၍ စောစောကဆူညံ နေသော မျောက်အုပ်သည် တစ်ကောင်မျှ ရှာမတွေ့တော့ပေ။
ကိစ္စမရှိပါ။ မျောက်သိန်းအောင်က မျောက်တို့၏ အထာကို နောကျေနေအောင် သိနေသူဖြစ်၍ သစ်ပင်၏ပင်စည်ကို ကိုယ်နှင့် ကပ်တွယ်၍ ကိုယ်ယောင်ဖျောက်ရင်း သစ်ပင်ပေါ်သို့ စေ့စေ့ စပ်စပ် လိုက်ကြည့်နေသည်။
မျောက်များသည် သစ်ရွက်ကို ဖင်ခုထိုင်ထားသဖြင့် အောက်မှကြည့်၍ မမြင်မတွေ့ရခြင်းဖြစ်ပါသည်။ ကြာကြာမစောင့်ရပါ။ မျောက်တို့၏သဘောသည် အရာရာကို စူးစမ်းလေ့လာတတ်သော သဘောရှိပေရာ ဖင်ခုထိုင်ထားသော သစ်ရွက်ကိုဖြဲ၍ စောစောကလူ ရှိ မရှိ ကြည့်ကြပြန်သည်။ ထိုအခါ အသင့်ချိန်ရွယ်ထားသော မျောက်သိန်းအောင်က ဒူးလေးကို ဖြုတ်ချလိုက်ရုံသာ ရှိပါသည်။
“ဒေါင်” ခနဲ ဒူးလေး မြားဖင်ကိုညှိကြီး ရိုက်သံနှင့်အတူ သစ်ရွက်များကို ဖြတ်၍ အပေါ်သို့ မြားတက်သွားသံ “တရှဲရှဲ” ကြားရသည်။
မြားတက်သွားသံ “တရှဲရှဲ” ၏ အဆုံးဝယ် မျောက်ကို မြားမှန်၍ သစ်ပင်ပေါ်မှ “တဝေါဝေါ” ထိုးကျလာသံ ကြားရသည်။ ထို ကျလာသံတို့၏အဆုံးဝယ် မြေပြင်ပေါ်သို့ “ဘုန်း” ခနဲမြည်အောင် ပစ်ကျသံ ကြားရမည်ဖြစ်ပါသည်။ ထို့ကြောင့် . . .
“ဒေါင်. . . ရှဲရှဲရှဲ . . ဝေါဝေါ. . . ဘုန်း”
ဟူသော အသံတို့သည်ကား မျောက်သိန်းအောင် မျောက်ပစ်ထွက်တိုင်း ကြားနေကျအသံများပင် ဖြစ်ပါသည်။ “ဘုန်း” ဟူသော အသံကြားတိုင်း မျောက်တစ်ကောင်ရပြီဖြစ်ပါသည်။ မျောက်သိန်းအောင်သည် လက်တဲ့လှသူဖြစ်ပေရာ တစ်ချက် တစ်ကောင်ပင် ဖြစ်ပါသည်။ မျောက်သိန်းအောင် တောထဲသို့ မျောက်သွားပစ်ပြီဆိုလျှင် မျောက်မရသောအခါ မရှိ။ ပြန်လာတိုင်း ထမ်းပိုးညွတ်အောင် ထမ်း၍ ပြန်လာမြဲဖြစ်သည်။
အောင်သာရွာတွင် မျောက်သိန်းအောင်လောက် လက်ဖြောင့်သူ မရှိပေ။ မျောက်သိန်းအောင်ကိုင်သော ဒူးလေးလောက် ပြင်းထန်သည့်ဒူးလေး မရှိပေ။ အကုသိုလ်နှင့် အကျိုးပေးသည်ဟု ဆိုရပေမည်။
ကမ္ဘာပေါ်တွင် မျောက်အမျိုးပေါင်း များစွာရှိလေသည်။ မျောက်ညို၊ မျောက်မောင်းမ၊ မျောက်တံငါ၊ မျောက်ပုတီး၊ မျောက်လှောင်၊ မျောက်စပ်၊ မျောက်ဖင်နီ၊ မျောက်လေပွေ၊ မျောက်မျက်ကွင်းဖြူ၊ မျောက်လွှဲကျော် စသည်ဖြင့် မျောက်မျိုးပေါင်းကား စုံလင်လှလေသည်။
မျောက်အမျိုးပေါင်း မည်မျှများသော်လည်း မျောက်တို့၏ သဘောထားအတူတူပင် ဖြစ်ပါသည်။
မည်သည့်မျောက်မဆို အငြိမ်မနေတတ်ဘဲ လှုပ်ရှားဆော့ကစားနေတတ်လေသည်။ ထို့ကြောင့် “လူ့စိတ်သည် မျောက်စိတ်နှင့်တူသည်” ဟုလည်းကောင်း “မျောက်ရှုံးအောင်ဆော့သည်” ဟုလည်းကောင်း တင်စား၍ ပြောဆိုထားကြခြင်း ဖြစ်ပါသည်။
မျောက်တို့၏အစားအစာကား အသီးအရွက်ဖြစ်ပါသည်။ ငှက်ပျောသီးကို အလွန်ကြိုက်ကြလေသည်။
အသားစားသော မျောက်များလည်းရှိပါသည်။ မျောက်တံငါတို့သည် ငါး၊ ပုစွန်၊ ကဏန်း စသည်တို့ကို ဖမ်း၍စားသောက်တတ်၏။
မျောက်တံငါတို့ ကဏန်းဖမ်းပုံမှာ ဤသို့ဖြစ်ပါသည်။ ရှေးဦးစွာ အမြီးကို ကဏန်းရှိသော တွင်းထဲသို့သွင်း၍ ကဏန်းကိုမျှားထားသည်။ ကဏန်းကအမြီးကိုညှပ်သောအခါ ရှုံ့မဲ့၍ အနာခံပြီး တဖြည်းဖြည်းချင်း ဆွဲထုတ်သည်။ ကဏန်းတွင်းဝသို့ရောက်သောအခါ လျင်မြန်စွာဆွဲထုတ်၍ ကဏန်းကိုဖမ်းယူစားလေသည်။ ငါးပေါက်ကလေးများ၊ ပုစွန်ပေါက်ကလေးများကို ရေတက်ရေကျရှိသောနေရာများတွင် ရေကျချိန် အိုင်ကလေးများ၊ ချိုင့်ကလေး များ၌ တင်ကျန်ခဲ့သည်ကို ဖမ်းယူစားသောက်တတ်သည်။
တောထဲဝယ် မျောက်များသည် သူ့ပိုင်နက်နှင့်သူသာလျှင် ဖြစ်ပါသည်။ ပိုင်နက်ကျူးကျော်လာသောမျောက်များကို ဒေသခံ မျောက်များက ပြန်၍မောင်းထုတ်တတ်လေသည်။ ထိုကျူးကျော်လာသော မျောက်များမပြန်မချင်း ဒေသခံမျောက်များသည် မျ သစ်ပင်သစ်ကိုင်းများကို ကိုင်၍လှုပ်ခြင်း ပါးစပ်မှအဆက်မပြတ် အော်ခြင်း၊ သစ်ကိုင်းများဖြင့် ချိုး၍ ပစ်ပေါက်ခြင်း စသည်ဖြင့် ရန်လုပ်လျက်ရှိပါသည်။ ထိုမျောက်အုပ်စုပြန်သွားမှသာ ငြိမ်သက်သွားလေသည်။
တောတွင်းတွင် မျောက်များ ဆူပူမငြိမ်မသက် ဖြစ်လျက်ရှိသော နယ်လုပွဲမျိုး တစ်ခါတစ်ရံ ကြုံတတ် ကြားတတ်ပါသည်။
ဤသို့ မျောက်များ မငြိမ်မသက်ဖြစ်ရခြင်းမှာ နောက် တစ်နည်းလည်း ရှိနိုင်ပါသည်။ အသားစားသတ္တဝါများဖြစ်သော ကျားကြီးများ၊ ကျားသစ်များရောက်ရှိလာလျှင် မျောက်များသည် အချင်းချင်း အော်ဟစ်သတိပေးတတ်ပါသည်။ ထိုကျားကြီးများကို သစ်ကိုင်းများ ချိုး၍ပစ်ခြင်း၊ တဦးဦးမာန်ဖီခြင်းတို့ဖြင့် သစ်ပင်အောက်မှ မောင်းထုတ်တတ်ပါသည်။ ထိုကျားကြီးများ အဝေးသို့ ထွက်ခွာသွားမှသာလျှင် မျောက်အုပ်သည် ငြိမ်သက်သွားတတ် ပါသည်။
မျောက်များသည် တောတွင်းအန္တရာယ် အချက်ပေး ကိရိယာများလည်း ဖြစ်ပါသည်။
ခွန်အားကြီးမားသော တောဘုရင် ကျားငစဉ်းလဲကြီးများသည် မျောက်တို့၏ လေ့လာစူးစမ်းတတ်သော သဘောကို အသုံးချ၍ စဉ်းလဲကောက်ကျစ်စွာဖြင့်လည်း မျောက်များကို ဖမ်းစားတတ်လေသည်။
မျောက်တို့သည် သစ်ပင်ပေါ်ဝယ်နေထိုင်သော သတ္တဝါများဖြစ်လေရာ သစ်ပင်ပေါ်သို့တက်၍ မလိုက်နိုင်ကြသဖြင့် မျောက်များကို အောက်သို့ဆင်းလာရန် ဤသို့ လုပ်လေသည်။
မျောက်ဖမ်းလိုသော ကျားသည် မျောက်အုပ်ရှိသော သစ်ပင်၏ ပင်စည်အနီး၌ကပ်ကာ တစ်နေကုန် အိပ်လေသည်။ အိပ်ရာတွင် ပါးစပ်ကိုဖွင့် ပက်လက်လှန်၍ အသေကောင်ကဲ့သို့ အိပ်လေသည်။ သစ်ပင်ပေါ်မှ မျောက်အုပ်စုသည် ကျားကြီးရောက် လာစဉ်ကာလဝယ် အော်ဟစ်မာန်ဖီကြသော်လည်း ကျားကြီးအိပ်၍ ငြိမ်သက်သွားသောအခါတွင် မအော်ကြတော့ချေ။ သူတို့စိတ်ထဲတွင် ကျားကြီး ဘာဖြစ်သွားသည်ကို သိလို စူးစမ်းလိုကြပေသည်။
ထို့ကြောင့် မျောက်များသည် သစ်ပင်ပေါ်မှနေ၍ အရိပ်အကဲကြည့်ပြီး နေကြလေသည်။ အတန်ကြာ၍ ကျားကြီး မလှုပ်ရှားသောအခါ သစ်ပင်အဖျားမှ မျောက်များသည် သစ်ပင်အလယ်သို့ ရောက်လာ၏။ သစ်ပင်အလယ်မှ မျောက်များသည် သစ်ပင်အောက်ဘက်သို့ ရောက်လာကြသည်။ သို့သော် သစ်ပင်အောက်သို့ မရောက်သေးပေ။
ထိုအချိန်တွင် ရဲတင်းသော မျောက်တစ်ကောင်က ပင်စည်အနီး၌ရှိသော အမြီးကို သွားကိုင်သည်။ ကျားကြီးက မလှုပ်ပေ။ နောက်တစ်ကောင်က ခြေထောက်ကို သွားကိုင်သည်။ ကျားကြီးက အသေကောင်ကဲ့သို့ မလှုပ်ပေ။
မျောက်များသည် ကျားကြီးသေပြီထင်၍ တစ်အုပ်လုံး ဆင်းလာကြကာ ဗိုက်ပေါ်တက်ခုန်သော မျောက်က တက်ခုန်သည်။ လည်ပင်းပေါ် ခွစီးသောမျောက်က စီးသည်။ နှုတ်ခမ်းမွေးဆွဲသော မျောက်က ဆွဲသည်။ နားကိုကလိသော မျောက်က ကလိသည်။ မျောက်တစ်အုပ်လုံး ကျားကြီးနှင့် လုံးလားထွေးလား လုပ်နေကြသည်။
ထိုအချိန်တွင် သေပြီထင်သော ကျားကြီးသည် လျှပ်စီးလက် လိုက်သကဲ့သို့ ခုန်ထကာ အနီးဆုံး၌ရှိသော မျောက်နှစ်ကောင်ကို လက်ဝါးဖြင့် ဖိကာဖမ်းလိုက်သည်။ ကျန်သောမျောက်အုပ်ကား ဝရုန်းသုန်းကားဖြင့် သစ်ပင်ပေါ်သို့ တက်ပြေးကြလေသည်။
ကျားသစ်ကမူ ဤသို့ မဖမ်းပါ။ သစ်ပင်တက်တတ်သော သတ္တဝါဖြစ်၍ သစ်ပင်ပေါ်သို့ တက်ဖမ်းလေသည်။ မျောက်များသည် အသိဉာဏ်ရှိသော သတ္တဝါများဖြစ်ပါက သစ်ပင်ထိပ်ဖျား ကိုင်းထိပ်ဖျားသို့ တက်ပြေးပါက လွတ်ပါသည်။
ကျားသစ်၏ ခန္ဓာကိုယ်အလေးချိန်ဖြင့် ကိုင်းဖျားသို့တက်၍ မလိုက်နိုင်ပါ။ သို့သော် မျောက်သည် အသိဉာဏ်နည်းသောသတ္တဝါဖြစ်၍ ကျားသစ်က သစ်ပင်ထိပ်ဖျားသို့ တက်လိုက်မည့်ဟန်ဖြင့် ချောက်လိုက်သောအခါ ကြောက်လန့်၍ အောက်သို့ခုန်ဆင်းပြေးကြလေသည်။ မြေပြင်ပေါ်သို့ ရောက်သောအခါတွင်ကား လျင်မြန်ဖျတ်လတ်သော အသားစားသတ္တဝါကျားသစ်အတွက် ဖမ်းယူရန်မှာအလွယ်ကလေးဖြစ်ပါသည်။ ဤသို့ဖြင့် မျောက်အချို့သည် သစ်ပင် ပေါ်တွင်နေသော်လည်း ကျားစာ ကျားသစ်စာ ဖြစ်ကြရပါသည်။
ဤသို့ဖြင့် အငြိမ်မနေတတ်သောသဘော၊ စူးစမ်းတတ်သောသဘော၊ ကြောက်လန့်တတ်သောသဘောရှိသော မျောက်တို့သည် သူတို့၏သဘောသဘာဝက သူတို့အား ကောင်းကျိုးထက် ဆိုးကျိုးကို ပို၍ဖြစ်စေပါသည်။
လူတို့အားလည်း ကောင်းကျိုးထက် ဆိုးကျိုးကို ပို၍ဖြစ်စေပါသည်။
မျောက်သည် လူနှင့်နီးစပ်၍ လူနှင့်အလွန်တူသည်။ လူသည် မျောက်မှဆင်းသက်လာသည်ဟုလည်း အဆိုရှိပါသည်။ ထို့ကြောင့် “မျောက်သားစား မျောက်မျက်နှာ မကြည့်နဲ့” ဟု ဆိုရိုးရှိခြင်း ဖြစ်ပေလိမ့်မည်။
မျောက်မျက်နှာကို ကြာကြာကြည့်မိပါက လူနှင့်တူလှသဖြင့် စားချင်စိတ် ပျောက်သွားမည်ဖြစ်ကြောင်း ရည်ညွှန်းဟန်ဖြစ်ပါသည်။
ပုပ္ပားတောင်၊ ဖိုလ်ဝင်တောင်များသို့ ဘုရားဖူးသွားသူများသည် မျောက်များကို ပြင်ပလောက၌ နီးနီးစပ်စပ် တွေ့ဖူးကြပါလိမ့်မည်။ မျောက်များကို ဘုရားဖူးခရီးသည်တို့က အန္တရာယ်မပေးဘဲ အစာကျွေးကြသဖြင့် တောတွင်းမှမျောက်များသည် လူများနှင့် ယဉ်ပါးကာ နီးနီးကပ်ကပ် လေ့လာကြည့်ရှုနိုင်သည်။
သို့သော် ထိုမျောက်များသည် လူများ၏အန္တရာယ်မပေးဘဲ အလိုလိုက်ထားမှုအပေါ်တွင် အခွင့်ကောင်းယူကာ ဘုရားဖူးခရီးသည်များအပေါ်တွင် စော်ကားလျက်ရှိပါသည်။ အထူးသဖြင့် ကြောက်ရွံ့တတ်သော မိန်းကလေးများပေါ်တွင် ခြောက်လှန့်ကာ ဗိုလ်ကျအနိုင်ကျင့်တတ်ပါသည်။
ဥပမာ- သားရေအိတ်၊ ခြင်းတောင်းတစ်ခုခုတွင် စားစရာမုန့်၊ သစ်သီးတစ်ခုခုသော်လည်းကောင်း ထည့်၍ အမျိုးသမီးငယ်တစ်ဦး ဘုရားပေါ်သို့ တက်လာသည်ဆိုပါစို့။ ထိုအခါ ဘုရားစောင်းတန်း အုတ်ခုံများပေါ်၌ ထိုင်နေသောမျောက်များ၊ အဆောက်အဦ ခေါင်မိုးများပေါ်ဝယ် ထိုင်နေသောမျောက်များသည် အနံ့ခံကြည့်ကာ ထိုအထဲတွင် ဘာပါသည်ကို အတတ်သိကြလေသည်။
ထို့နောက် နောက်မှအသာလိုက်သွားကာ အမျိုးသမီး လက်ထဲမှ သားရေအိတ်ကို နောက်မှအတင်းဆွဲထားလေသည်။ အမျိုးသမီးကလှည့်ကြည့်၍ မျောက်ဆွဲထားမှန်းသိလေသော် မိမိပစ္စည်းကို အရဆွဲယူလေသည်။ ထိုအခါ မျောက်သည် လက်မလွှတ်ဘဲ စုန်ကန်၍ ဆွဲယူထားလေသည်။ ထိုမျောက်သာမကဘဲ အနီးအနားမှ မျောက်များကလည်း ဝိုင်းရံ၍ လာကြလေသည်။ ထို့ကြောင့် အမျိုးသမီးသည် ကြောက်လန့်၍ ဘာလုပ်ရမှန်းမသိ။ ဒုက္ခရောက်လေသည်။
အနီးအနားဝယ် အကြောင်းသိသူတစ်ဦးတလေရှိပါက အိတ်ထဲခြင်းထဲမှ စားစရာကို ချကျွေးရန် အကြံပေးလျှင် ယင်းသို့ ချကျွေးပါမှ မျောက်အုပ်သည် အိတ်ခြင်းတို့ကို လက်လွှတ်လေသည်။ ယင်းသို့ ချမကျွေးပါက မျောက်အုပ်နှင့် မိန်းကလေးသည် ဂျာအေးသူ့အမေရိုက်သကဲ့သို့ ချာလပတ် လည်လျက်ရှိလေသည်။
တစ်ခါက ကျွန်ုပ်တို့သည် ပုပ္ပားတောင်သို့ ဘုရားဖူးသွားခဲ့သည်။ ဘုရားပေါ်အတက်တွင် မုခ်ဦး၌တွေ့ ရသော ထွားကျိုင်း မှည့်ဝင်းနေသည့် သင်္ဘောသီးကြီးများကိုတွေ့၍ ဝယ်ခဲ့လေသည်။ မိတ်ဆွေများသတိပေးချက်အရ သင်္ဘောသီးများကို အနံ့မထွက် ရအောင် မမြင်ရအောင် လုံခြုံစွာထုပ်ပိုး၍ ဘုရားပေါ်သို့ ယူဆောင်ခဲ့လေသည်။ ဘုရားပေါ်ရောက်သောအခါ မျောက်များမရှိပါ။ စောင်းတန်း၌သာ ရှိခြင်းဖြစ်လေသည်။
ဘုရားပေါ်တွင် ဘုရားအား ခွဲစိတ်၍တင်ပြီး ကျွန်ုပ်တို့လည်း အဝစားကြလေသည်။ သင်္ဘောသီးများကား အလုံးကြီးသလောက် အလွန်ချို၍ အရသာရှိသောသင်္ဘောသီးများ ဖြစ်ပါသည်။ ကျန်သောသင်္ဘောသီးခွဲပြီးသားများကို ကျွတ်ကျွတ်အိတ်ဖြင့်ထည့်ကာ ဘုရားအောက်သို့ စောင်းတန်းအတိုင်း အမှတ်မထင် ဆင်းသက်လာခဲ့လေသည်။
ဘုရားစောင်းတန်းဝယ် ဘိုးဘိုးအောင်တန်ဆောင်း၊ မယ်တော်ကြီးတန်ဆောင်း၊ ရှင်ဥပဂုတ်စသည့် ရဟန္တာများတန်ဆောင်း စသည်တို့ရှိလေရာ ကျွန်ုပ်တို့သည် စောင်းတန်းများဘေးရှိ တန်ဆောင်းများသို့ တစ်ခုပြီးတစ်ခု ဝင်ရောက်ဖူးမြော်လေသည်။
ထိုစဉ်ခိုက်ဝယ် ကျွန်ုပ်၏လက်ထဲမှ သင်္ဘောသီးထည့်ထားသော ကျွတ်ကျွတ်အိတ်ကို တစ်စုံတစ်ယောက်က အသာအယာ ဆွဲယူသွားလေသည်။ ကျွန်ုပ်ကား ကျွန်ုပ်တို့အဖွဲ့မှ တစ်စုံတစ်ဦးသည် ကျွန်ုပ်၏ပစ္စည်းများ လေးပင်၍ ဝိုင်းဝန်းသယ်ပိုးပေးသည်အထင်နှင့် လွှတ်ပေးလိုက်လေသည်။
သို့သော် ကျွန်ုပ်နောက်သို့ လှည့်ကြည့်လိုက်သောအခါတွင် သင်္ဘောသီးအိတ်အား ဟန်ရပန်ရဆွဲကာ တန်ဆောင်း၏ခေါင်မိုးပေါ်သို့ တက်သွားသော မျောက်တစ်ကောင်ကို တွေ့ ရလေသည်။ သင်္ဘောသီးရသောမျောက်သည် မကျေမနပ်ဖြစ်နေသော ကျွန်ုပ် အား အရွဲ့တိုက်သည့်ပမာ ကျွန်ုပ်၏မြင်ကွင်းဝယ် သင်္ဘောသီးများကို အားရပါးရ စားပြနေသည်ကိုတွေ့ ရပါသည်။
ကျွန်ုပ်လည်း စိတ်တိုလှသဖြင့် တန်ဆောင်းများကို စုံလင် အောင်ပင်မဖူးတော့ဘဲ ဘုရားအောက်ခြေသို့ အမြန်ပြန်ဆင်းခဲ့လေသည်။ စောင်းတန်းအောက်ခြေဝယ် အဖော်များကိုစောင့်ရင်း တစ်ယောက်တည်း ထိုင်နေမိပါသည်။ ကျွန်ုပ်နှင့် မလှမ်းမကမ်းဝယ် မျောက်တစ်ကောင်သည် ဆောင့်ကြောင့်ထိုင်ရင်း ဘုရားဖူး ခရီးသည်များကို ကြည့်နေလေသည်။ ကျွန်ုပ်သည် အပျင်းပြေဆေးလိပ်ဖွာရင်း ဆေးလိပ်တိုကို လွှင့်ပစ်လိုက်ရာ ဆေးလိပ်တိုသည် မျောက်ရှေ့သို့ အမှတ်မထင် သွားကျလေသည်။
ထိုအခါ မျောက်ထီးကြီးသည် ကျွန်ုပ်အား တခွီးခွီးဖြင့် မာန်ဖီရင်း ကိုက်တော့မယောင် ကုတ်တော့မယောင် ကျွန်ုပ်ရှိရာသို့ ပြေးလာလေသည်။ ကျွန်ုပ်သည် ဆေးလိပ်တိုဖြင့် မထိမိပါဘဲလျက် သက်သက်ရန်လိုနေသောမျောက်ကြီးအား လက်ထဲမှ လမ်းလျှောက်တုတ်ဖြင့် ရိုက်ခွဲလိုလှပါသည်။
သို့သော် ပတ်ဝန်းကျင်သို့ကြည့်လိုက်သောအခါတွင် စောင်းတန်းထဲမှ မျောက်များနှင့် ခေါင်မိုးပေါ်မှမျောက်များသည် ကျွန်ုပ်နှင့်မျောက်ကြီးတို့ ဘာလုပ်မည်ကို ဝိုင်းဝန်းကြည့်လျက်ရှိသည်အား သတိထားမိပါသည်။ ကျွန်ုပ်အား မျောက်များကလည်း ဝိုင်းလာကြသည်။
ကျွန်ုပ်သည် ထွက်လာသော ဒေါသအား မျိုသိပ်ရင်း စိတ်ကို ပြန်လျှော့ချလိုက်ရပါသည်။ ကျွန်ုပ်ရိုက်မည်ဆိုပါက ဆေးလိပ်တိုဖြင့်ပစ်သော မျောက်ကြီးတစ်ကောင်သာ ခေါင်းကွဲမည် ဖြစ်သော်လည်း ကျန်မျောက်အကောင်ငါးဆယ်ခန့်တို့သည် ကျွန်ုပ်အား ဝိုင်း၍ ကိုက်ကြ ကုတ်ကြလျှင် အဖြစ်ကား မတွေးဝံ့စရာဖြစ်သည်။
ထို့ကြောင့် ကျွန်ုပ်သည် ကိုယ်မပစ်သကဲ့သို့ ဣန္ဒြေဆည်ကာ မသိသလို လုပ်နေလိုက်ရပါသည်။ သို့တိုင် ထိုမျောက်သိုးကြီးသည် ကျွန်ုပ်အဖော်များ ရောက်လာ၍ ဘုရားအောက်သို့ ဆင်းသွားသည့်တိုင် တခွီးခွီးဖြင့် ကျွန်ုပ်အား မာန်စောင်လျက်ရှိပါသည်။
ဤကား ဘုရားမှမျောက်များ၏ ကျွန်ုပ်အပေါ်ဝယ် ကျူးကျော်စော်ကားချက်များ ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်သည် မျောက်မြင်လျှင် အလွန်မုန်းတီး၍ သတ်ချင်ဖြတ်ချင်စိတ်များသာ ပေါ်ပေါက် လျက်ရှိပါသည်။
ကျွန်ုပ်ကြားဖူးသမျှများထဲမှ အကြောင်းအရာအချို့ကို တင်ပြလိုပါသည်။
တစ်နေ့သောအခါတွင် မြစ်ဝကျွန်းပေါ်ပိုင်း တစ်ရွာမှ တစ်ရွာသို့ ထင်းဓနိများရောင်းသော သမ္ဗန်တစ်စီးသည် တစ်ရွာမှတစ်ရွာသို့ သွားရင်း လမ်းခုလတ်ချောင်းကမ်းတစ်ခုဝယ် ရပ်နားကာ ထမင်းစားကြလေသည်။ ထိုချောင်း၏ပတ်ဝန်းကျင်ဝယ် တောကြီးသာလျှင်ဖြစ်၍ မျောက်များ အလွန်ပေါလေသည်။ သမ္ဗန် ကြိုးချည်ထားသော လမုပင်ကြီးပေါ်တွင်ကား မျောက်တစ်အုပ်သည် ဘာသာဘာဝ ပြေးလွှားဆော့ကစားလျက်ရှိသည်။
သမွန်ပဲ့စီးသည် ထုံးစံအတိုင်း စားဦးစားဖျားကို အဘိုး ကွင်းပိုင် စသည်တို့ကို တင်မြှောက်၍ ထမင်းစားကြလေသည်။
ထိုအခါ မျောက်အုပ်စုထဲမှ ဗိုလ်ကြီးသည် သမ္ဗန်သမားတစ်စု စားနေသော ထမင်းဟင်းများကို စားလို၍ အကြံထုတ်လျက်ရှိလေသည်။ မကြာပါချေ။ ထမင်းဝိုင်းအပေါ်တည့်တည့်ရှိ သစ်ကိုင်းပေါ် သို့တက်ကာ ချေးပါချလေသည်။
သမ္ဗန်သမားများကား ပန်းကန်ထဲသို့ရောက်လာသော မျောက်ချေးများကို ရွံရှာလှသဖြင့် ထမင်းဟင်းများကို ချောင်းစပ်၌ သွား၍ပစ်ကာ စိတ်ဆိုးမာန်ဆိုးဖြင့် မျောက်များအား တုတ်များ၊ ခဲများဖြင့် ပစ်ခတ်ကြလေသည်။ မျောက်တို့သည် မိမိတို့ထံလွင့်ပျံ လာသော တုတ်များ၊ ခဲများကို ကျွမ်းကျင်စွာရှောင်တိမ်းရင်း ထမင်းနှင့် ဟင်းများကို အလုအယက် စားလျက်ရှိကြသည်။
ထိုအခါတွင် ဖြတ်ထိုးဉာဏ်ကောင်း၍ မျောက်အကြောင်းကိုသိသော သမ္ဗန်သမားတစ်ဦးသည် အိုးထဲတွင်ကျန်နေသေးသော ထမင်းများအား ပုစွန်ငါးပိစိမ်းစားများနှင့် ရောနယ်ကာ စောစောက မျောက်ချေးပေသဖြင့် လွှင့်ပစ်သော ထမင်းကဲ့သို့ ဟန်ဆောင်၍ ထိုထမင်းပုံ၌ အမှတ်တမဲ့ ရောထည့်လေသည်။
မျောက်အုပ်ကြီးသည် သမ္ဗန်သမား ထမင်းလာထည့်သဖြင့် ရှဲသွားပြီး သမ္ဗန်သမားပြန်သွားသောအခါ မျောက်ဗိုလ်ကြီးသည် ဦးစွာနှိုက်စားလေသည်။ သို့သော် ပါးစပ်ထဲသို့ မသွင်းရသေးမီ ငါးပိနံ့ နံသဖြင့် ထိုထမင်းအုပ်အား လွင့်ပစ်လိုက်လေသည်။ ကျန်ထမင်းများအား နမ်းကြည့်လိုက်သောအခါ ငါးပိနံ့ နံသဖြင့် မျောက်တစ်အုပ်လုံးသည် ထိုနေရာမှ ထွက်ပြေးကြလေသည်။ မျောက်များသည် ငါးပိကို အလွန်ကြောက်လေသည်။
ငါးပိလူးထားသော ထမင်းကို ကိုင်မိသည့် မျောက်ဗိုလ်ကြီးသည် လက်ကို ချောင်းရေနှင့် အထပ်ထပ်ဆေး၍ မပြီးနိုင်အောင် ရှိလေသည်။
လက်ကိုဆေးကြည့်လိုက်၊ နမ်းကြည့်လိုက်ဖြင့် ငါးပိနံ့ မပျောက်သောအခါ ချောင်းဘေးရှိ ကျောက်တုံးများဖြင့် ပွတ်တိုက်ဆေးရင်း ကြာသော် မျောက်ဗိုလ်ကြီး၏လက်သည် သွေးခြင်းခြင်း ရဲလျက်ရှိသည်။
ယုတ်မာပက်စက်သည့်မျောက်များအား ပညာပေးဆုံးမလိုက်ရသော သမ္ဗန်ပဲ့စီးကား သမ္ဗန်ပေါ်မှ တဟားဟားပွဲကျကာ ဝမ်းသာမဆုံး ရှိနေတော့သည်။
တောထဲမှ မျောက်များသာမဟုတ်ဘဲ အိမ်၌မွေးထားသော မျောက်များပင်လျှင် လူ၏အတုကိုခိုး၍ မထင်လျှင်မထင်သကဲ့သို့ လူကို ရန်ပြုတတ်လေသည်။ ထို့ကြောင့် မျောက်ကို မည်သည့်အခါမှ အယုံမသွင်းသင့်ပေ။ မျောက်စိတ်သည် အခြေအနေအရ အချိန်အခါကို လိုက်၍ လိုလျှင်လိုသလို မလိုလျှင်မလိုသလို ဖောက်ပြန်လွယ်လေသည်။
ဤနေရာဝယ် အိမ်မွေးတိရစ္ဆာန်ဖြစ်သော ခွေး၏သစ္စာရှိမှုကား မျောက်နှင့်ဆန့်ကျင်ဘက်ဖြစ်ကြောင်း တွေ့ရမည်ဖြစ်ပါသည်။
ခွေးသည် သခင်ဖြစ်သူနှင့် ချမ်းသာအတူ ဆင်းရဲအတူ သခင်အပေါ် သစ္စာစောင့်သိသော တိရစ္ဆာန်ဖြစ်သည်။ ချမ်းသာသောအခါ၌ အတူနေ၍ ဆင်းရဲသောအခါ၌ သခင်ကိုပြစ်မသွားတတ်ပေ။ အပြစ်ရှိ၍ သခင်ကရိုက်နှက်ဆုံးမရာတွင်လည်း ခံယူရှာပါသည်။ သခင်အား မည်သည့်အခါမျှ အငြိုးအတေး အမှတ်မထားတတ်ပေ။ မျောက်နှင့်ကား ဆန့်ကျင်ဘက်ဖြစ်ပါသည်။
မျောက်၏ သစ္စာမဲ့မှု စိတ်မထင်လျှင် မထင်သကဲ့သို့ ပြုမူ တတ်မှုတစ်ခုအား ကျွန်ုပ်ကိုယ်တွေ့မျက်မြင်ဖြစ်၍ တင်ပြလိုပါသည်။
ရန်ကုန်တိုင်း၊ ဟံသာဝတီတောင်ခြမ်း၌ပါဝင်သော ကျေးရွာ တစ်ခု၌ဖြစ်ပါသည်။ ၎င်းရွာ၌ ဦးသန်းတင်၊ ဒေါ်အေးရှင်ဟုခေါ် သော လင်မယားနှစ်ဦးရှိပါသည်။ သားသမီးများရှိသော်လည်း အိမ်ထောင်ရက်သားကျကာ အတောင်အလက်စုံ၍ ပျံကုန်ကြ သဖြင့် မိဘနှစ်ဦးသာ အိမ်၌ကျန်ရစ်ခဲ့ပါတော့သည်။
၎င်းတို့သည် လယ်လုပ်ကြ၍ လယ်ထဲ၌ပင် တဲထိုးကာ နွေရောမိုးရော နေလေသည်။ ၎င်းတို့ လယ်တဲအနီး၌ ချောင်းရှိ၍ တစ်ဖက်တွင် အရိပ်အာဝါသပြည့်စုံသော လမုတော၊ ကနစိုတော၊ ဒီရေသစ်တောကြီးများရှိလေသည်။
တစ်နေ့တွင် မိတ်ဆွေတစ်ဦးက လက်ဆောင်ပေးသဖြင့် မျောက်ကလေးတစ်ကောင် ရလာလေသည်။ သားသမီးအတူနေ မရှိသဖြင့် မျောက်ကလေးအား သားသမီးသဖွယ် ပြုစုကျွေးမွေး ထားလေသည်။ မျောက်ကလေးကလည်း လိမ္မာ၍ အတော်အသင့် ကိစ္စများကို ခိုင်းစေ၍ ရပါသည်။
ဤသို့ဖြင့် ရက်မှသည် လ၊ လမှသည် နှစ်ကူးကာ မျောက်ကလေးလည်း အတော်ကြီးပြင်းလာသည်။ ဦးသန်းတင်တို့ သတိထား၍ကြည့်ရာ မျောက်ကလေးသည် လူနားနီး၍ သင်လျှင် တတ်လွယ်သည်။ လူအတုကို ခိုးတတ်သည်ကို တွေ့ရသည်။ အခြားကိစ္စများတွင် အတုခိုးသည်ကို မတားမြစ်လိုသော်လည်း လူများ ဆေးလိပ်သောက်သည်ကို အတုခိုး၍ ဆေးလိပ်လိုက်သောက်သည်ကိုကား အတော်သတိထားနေရလေသည်။ တားမြစ်ထားရလေသည်။
လူများက တားမြစ်ထားသောအခါ မျောက်လေးသည် ခိုး၍ သောက်တတ်လေသည်။ ဤသို့ ခိုး၍မသောက်ရလေအောင် မီးခြစ်ကိုဖွက်၍ထားရလေသည်။
ဤသို့ဖြင့် နွေကာလရောက်၍ ဦးသန်းတင်တို့စပါးများ ရင့်မှည့်သောရာသီသို့ ရောက်လာလေသည်။
ဦးသန်းတင်နှင့် ဒေါ်အေးရှင်သည် မျောက်ကလေးကို တဲတွင်ထား၍ စပါးသွားရိတ်ရလေသည်။ လူမရှိခိုက် ဆေးလိပ်သောက်လျှင် တဲမီးလောင်မည်စိုးသဖြင့် မီးခြစ်ကို တဲအတွင်း၌ လုံခြုံသောနေရာတစ်နေရာ၌ ဖွက်ထားခဲ့လေသည်။ မီးခြစ်ကို လယ်ထဲသို့လည်း မယူကြချေ။ မီးခြစ်ပါလာပါက ဆေးလိပ်သောက်မိမည်စိုးသောကြောင့် ဖြစ်ပါသည်။ လယ်ထဲဝယ် စပါးရိတ်ရင်း ဆေးလိပ်သောက်ပါက မီးလောင်တတ်လေသည်။ ထို့ကြောင့် မီးခြစ်ကို တဲ၌သာ ဖွက်၍ ထားခဲ့လေသည်။
ဤသို့ဖြင့် စပါးရိတ်၍ ရက်အတန်ကြာခဲ့သည်။ ဦးသန်းတင်တို့ကလည်း မိမိတို့ မီးခြစ်ဖွက်ထားသော နေရာသည် လုံခြုံလှပြီဟု ထင်နေကြသည်။ သို့သော် အမှန်မှာမူ ဤသို့မဟုတ်။ ဦးသန်းတင်တို့ မနက်စောစော စပါးရိတ်သွားရန် ထမင်းထချက်ကြလျှင် မျောက်သည် နိုးနေပြီဖြစ်သည်။ ဦးသန်းတင်တို့သည် ဘာလုပ်သည် ဘာကိုင်သည်ကို တစေ့တစောင်း ချောင်းကြည့်နေတတ်လေသည်။ မီးခြစ်ကို ဘယ်နေရာ၌ထားသွားသည်ကိုလည်း သိနေလေသည်။
ဦးသန်းတင်တို့ စပါးရိတ်သွားတိုင်း မျောက်သည် ဆေးလိပ်ခိုးသောက်နေကျ ဖြစ်သည်။ တဲအတွင်း မမြင်ကွယ်ရာ၌ သောက်၍ ဦးသန်းတင်တို့ မသိကြပေ။ ပြီးနောက် မီးခြစ်ကို ထားနေကျနေရာတွင် ပြန်ထားသဖြင့် ဦးသန်းတင်တို့သည် မိမိတို့မီးခြစ်ဖွက်ထားရာ နေရာသည် လုံခြုံလှပြီဟု ထင်နေကြသည်။
တစ်နေ့တွင် မျောက်သည် ပြတင်းပေါက်နေရာ၌ ဆေးလိပ်သောက်မိလေသည်။ ဦးသန်းတင်တို့ စပါးရိတ်သောနေရာမှ လှမ်းကြည့်လိုက်လျှင် တဲကို မြင်နိုင်လေသည်။ ထို့ကြောင့် စပါးရိတ်ရာမှ တဲသို့ လှမ်းကြည့်လိုက်သောအခါ လူတစ်ယောက် ပြတင်းပေါက်ဝယ် ဆေးလိပ်မီးတဖွားဖွား သောက်နေသည်ကို တွေ့ရလေသည်။ ထို့ကြောင့် ဦးသန်းတင်သည် တဲနီးနားချင်းမှဧည့်သည် လာရောက်လည်သည်ထင်၍ ဧည့်သည်ကိုဧည့်ခံရန် တဲသို့ပြန်လာခဲ့လေသည်။
သို့သော် တဲနားရောက်မှ မည်သည့်ဧည့်သည်မှ မဟုတ်ဘဲ မျောက်ဆေးလိပ်သောက်နေသည်ကို တွေ့ရပါသည်။ မျောက်ကား ဆေးလိပ်တိုကို လက်ကြားညှပ်ကာ ဇိမ်ခံ၍ မျက်စိမှိတ်ကာ သောက်နေသည်နှင့် ဦးသန်းတင်ပြန်လာသည်ကို မသိလိုက်ပေ။ ခြေသံကြားမှ မျက်စိဖွင့်ကြည့်လိုက်ရာ ဦးသန်းတင် ပြန်လာသည်ကို တွေ့ရ၍ ဆေးလိပ်ကိုမီးသတ်ကာ ကပျာကယာ လွှင့်ပစ်လိုက်လေသည်။ မီးခြစ်ကိုကား မူလနေရာသို့ပြန်ထားရန် အချိန်မရတော့သဖြင့် တစ်နေရာ၌ ကပျာကယာ ဖွက်လိုက်သည်။
ဦးသန်းတင်သည် မျောက်အား ဆေးလိပ်ခိုးသောက်သဖြင့် ကြိမ်းမောင်းပြောဆိုလေသည်။ ထို့နောက် မီးခြစ်ကို တဲတွင်မထားတော့ဘဲ လယ်ထဲသို့ယူသွားရန် သူ့နေရာ၌ ပြန်စမ်းကြည့်ရာမတွေ့တော့ပေ။ ထို့ကြောင့် မျောက်ထံမှ မီးခြစ်ပေးရန် ချော့မော့တောင်းလေသည်။ မျောက်ကမပေးဘဲ ပေကပ်ကပ်လုပ်နေလေသည်။
ထို့ကြောင့် ဒေါသဖြစ်ကာ ဝါးခြမ်းပြားနှင့် ခပ်စပ်စပ်ကလေး ရိုက်၍ တောင်းလေသည်။ မျောက်သည် မီးခြစ်မပေးဘဲ အိမ်ခန်းထဲသို့ ဝင်သွားလေသည်။ မျောက်သည်ခါတိုင်း မာန်မဲကြိမ်းမောင်းခံရလျှင် ယခုကဲ့သို့အိမ်ခန်းထဲသို့ ဝင်သွားမြဲဖြစ်သည်။ ယခုလည်း အမာန်အရိုက်ခံ၍ စိတ်ညစ်ကာ အိမ်ခန်းထဲသို့ ဝင်သွားခြင်းဖြစ်မည်ဟု ခပ်အေးအေးသာနေလိုက်လေသည်။
သို့သော် မီးခြစ်မရသေး၍ မျောက်ကိုစိတ်မချသဖြင့် စပါး ရိပ်ရာသို့ ပြန်မသွားတော့ပေ။ အိမ်ရှေ့ကပြင်တွင် ထိုင်ရင်း ထွေရာလေးပါး စဉ်းစားနေပါသည်။ ထိုအခိုက် မျောက်သည် အိမ်ခန်းထဲမှ ထွက်လာသည်ကို မြင်လိုက်သောအခါမှ ဦးသန်းတင် မျက်လုံး ပြူးသွားလေသည်။
မျောက်သည် လက်တစ်ဖက်မှ မီးခြစ်ကို ကိုင်လာသည်။ လက်တစ်ဖက်မှ ဦးသန်းတင်တို့ ညဘက်တစ်နေရာမှတစ်နေရာသို့ သွားလျှင် အသုံးပြုသော မီးတုတ်ကြီးကို ရေနံဆီများဆွတ်၍ ကိုင်လာသည်ကိုမြင်သောကြောင့် မျက်လုံးပြူးသွားခြင်းဖြစ်ပါသည်။
မျောက်သည် ဦးသန်းတင်ကိုမြင်သောအခါ တဲခေါင်မိုးပေါ် သို့ ရုတ်တရက် တက်ပြေးသွားလေသည်။ တဲခေါင်မိုးပေါ် ရောက်သောအခါ မီးခြစ်ကိုခြစ်၍ တဲခေါင်မိုးကို မီးရှို့မည်တကဲကဲ လုပ်နေ၍ ဦးသန်းတင်သည် မနည်းချော့ထားရလေသည်။
မျောက်ကလည်း မီးခြစ်ကိုမပေးဘဲ ပေကပ်ကပ်လုပ်ကာ မီးခြစ်ကို ခြစ်လိုက် မှုတ်လိုက် လုပ်နေသည်။ နွေရာသီဖြစ်၍ တဲခေါင်ကလည်း ကြွပ်ရွကာ မီးအလွန်လောင်လွယ်သော အချိန်အခါလည်း ဖြစ်ပါသည်။
တဲမီးလောင်လိုက်ပါကလည်း တဲပတ်ဝန်းကျင်ရှိ စပါးခင်းကို ကူး၍ ဦးသန်းတင်တို့ ဖြူခါပြာခါ ကျမည်ဖြစ်ပါသည်။
ဦးသန်းတင်ကား ဆောက်တည်ရာမရ ဖြစ်နေသည်။ နောက်ဆုံး ကြံရာမရဖြစ်ကာ ဆန်သေတ္တာထဲဝယ် ဖွက်ထားသော မျောက်အလွန်ကြိုက်တတ်သည့် ငှက်ပျောသီးများကို သတိရတော့မှ ဆန်များထဲမှ ငှက်ပျောဖီးကိုပြေးယူကာ မျောက်ကို ငှက်ပျောသီးပြ၍ မျှားခေါ်ရလေသည်။
ဦးသန်းတင်သည် ထိုအခါကျမှ သက်ပြင်းချကာ မီးခြစ်ကိုသိမ်းထားရလေသည်။ နောက်တစ်ခါ တဲကို မီးရှို့မည်စိုးသဖြင့် မျောက်ကို မမာန်ရဲ မရိုက်ရဲတော့ချေ။
ထိုကဲ့သို့ လူတို့အား နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသော မျောက်သတ္တဝါတို့အား အမျိုးဖြုတ်နေသူမှာ မျောက်သိန်းအောင်ပင် ဖြစ်ပါသည်။ မျောက်ဖမ်းနည်းအားလုံးကို ကျွမ်းကျင်သည်။ မျောက်သတ္တဝါတို့၏အကြောင်းကို နောကျေနေအောင်သိသည်။ မည်သည့်မျောက်ကို မည်သည့်နေရာတွင် မည်ကဲ့သို့ ဖမ်းရမည်ကို သိသည်။
မျောက်သိန်းအောင်တို့ အောင်သာရွာနှင့်အတူတူပင်။ တောပတ်ချာလည်ဝိုင်းနေသော မင်းရေးရွာတွင် မျောက်ပြဿနာတက်လျက်ရှိသည်။ မင်းရေးရွာ ပတ်ချာလည်တွင်ရှိသော မျောက်များသည် တောစပ်တွင်ရှိသော လယ်တဲများသို့ လူမရှိသော နေ့ခင်းအချိန်တွင် ရောက်လာကာ ထမင်းအိုးများ၊ ဟင်းအိုးများကို လှန်လှော၍ စားသွားကြသည်။ ဆန်များ၊ ကြက်သွန်များ၊ အာလူးများကို ခိုးယူသွားကြသည်။ တဲမှ အဝတ်အစားများကို ဝတ်ဆင်၍ သွားကြသည်။
တဲရှင်များသိ၍ လိုက်ရိုက်သောအခါ သစ်ပင်အမြင့်ကြီးများအပေါ်သို့ တက်ပြေးကြသည်။ သူတို့မှာ မျောက်များတက်ပြေးသည့် သစ်ပင်ထိပ်ဖျားထိရောက်အောင် ပစ်နိုင်သည့် ဒူးလေးမရှိ။ မျောက်ကိုလည်း တွေ့ရှိအောင် လိုက်မရှာနိုင်လေရာ အံတကြိတ်ကြိတ် ဖြစ်နေကြလေသည်။
အဆိုးဆုံးမှာ လယ်သမားများ လုပ်ကိုင်သော လုပ်ငန်းခွင်များသို့ ဝင်ရောက်နှောင့်ယှက်ခြင်းပင် ဖြစ်ပါသည်။
တစ်နေ့ တင်အုန်းတို့လယ်ဝယ် မျောက်များဝင်ရောက် လုပ်ကိုင်သွားပုံမှာ လွန်စွာအသည်းယားဖွယ် ကောင်းလှသည်။ တင်အုန်းနှင့် အလုပ်သမားသုံးဦးသည် ထိုနေ့က မနက်စောစောထ၍ ကောက်ဖြန့်သည်။ ထို့နောက် နွားများဆွဲထုတ်သူက ဆွဲထုတ် သည်။ နှာခေါင်းစွပ်ခြင်းတပ်သူက တပ်သည်။ ကြိုးတွဲသူက တွဲကြသည်။ ထို့နောက် ခမောက်ဆောင်းထားသော တင်အုန်းက ကြိမ်လုံးတစ်ဖက်မှကိုင်၍ နွားကြိုးများကို တစ်ဖက်မှကိုင်ကာ စပါး နယ်တော့သည်။ အလုပ်သမားသုံးဦးက အမောဖြေရင်း သစ်ပင်အောက်ဝယ် ရေနွေးကြမ်းများ ထိုင်သောက်ကာ စပါးနယ်သည်ကို ကြည့်နေကြလေသည်။ တစ်ယောက်ညောင်းသောအခါ တစ်ယောက် ပြောင်း၍ အလှည့်နှင့် နယ်ကြလေသည်။
တင်အုန်းတို့ လုပ်ကိုင်နေသည်ကို အနီးရှိ သစ်ပင်ကြီးပေါ်မှ မျောက်တစ်အုပ်သည် အသေအချာကြည့်၍ နေကြလေသည်။
တင်အုန်းတို့သည် နေ့မွန်းတည့်သောအခါ ရေမိုးချိုး ထမင်းစား၍ တဲအတွင်းဝယ် အိပ်ကြလေသည်။ အိပ်ရာမှ နိုး၍ ကြည့်လိုက်သောအခါ ကောက်ပြန့်ပေါ်ဝယ် လှုပ်လှုပ်ရွရွဖြင့် မျောက်များကို တွေ့ကြရလေသည်။
မျောက်ဗိုလ်ကြီးသည် တင်အုန်း ဆောင်းသောခမောက်ကြီးဆောင်းကာ လက်မှကြိမ်လုံးကိုကိုင်၍ လက်ထဲတွင် ကြိုးများကိုကိုင်ပြီး နွားမောင်းသကဲ့သို့ မျောက်များကို မောင်းနေလေသည်။ ကောက်ပြန့်ပေါ်မျောက်များသည်ကား နှာခေါင်းစွပ်ခြင်း ခေါင်း တပ်လျက် တစ်ကောင့်လက်တစ်ကောင် ကြိုးဖြင့်ချည်ကာ လေးဖက်ထောက်၍ စပါးကောက်ပြန့်ပေါ်ဝယ် နွားများကဲ့သို့ လှည့်ပတ်လျက် ရှိသည်။
ကျန်မျောက်များကား ကောက်ပြန့်ပတ်လည်တွင် ထိုင်ကြည့်နေကြပြီး အချို့က ရေနွေးကြမ်းအိုးကို ငှဲ့သောက်နေကြလေသည်။ အချို့က အလုပ်သမားများ ချပေးထားသော လုံချည်များကို ကောက်ကာ အလုပ်သမားများခြုံသကဲ့သို့ ကွင်းသိုင်း၍ ခြုံထားကြလေသည်။
မျောက်များသည် လူများကို အတုခိုးတတ်သည်ဆိုခြင်းကို တင်အုန်းတို့ မျက်မြင်ကြုံကြရသည်။ သို့သော် ဤမျှ ရဲတင်း၍ ဤမျှ အနှောင့်အယှက်ပေးခြင်းကို သည်းမခံနိုင်ရကား တင်အုန်းနှင့် အလုပ်သမားသုံးဦးသည် ရရာခဲများဖြင့် ပစ်ပေါက်ကာ မျောက်များကို ဝင်ရောက်ရိုက်ကြလေသည်။
မျောက်များကား အလွန်ပါးနပ် လျင်မြန်သောသတ္တဝါများ ဖြစ်လေသည်။ လူရိပ်မြင်သည်နှင့် ကြို့ပင်ကြီးပေါ်သို့ လှစ်ခနဲ တက်ပြေးကြလေရာ တင်အုန်းတို့သည် တစ်ကောင်မျှ မမိလိုက်ကြချေ။ မျောက်များသည် ကြို့ပင်ထိပ်ဖျားသို့တက်ကာ ပါလာသော ခမောက်ကြီးကို တဗျင်းဗျင်း ဆွဲဆုတ်လေသည်။ ကြိမ်လုံးကိုကား အပိုင်းပိုင်းချိုး၍ထုတ်ကာ လူများကို ပစ်ပေါက်ကြလေသည်။ နွားချည်ကြိုးများကိုကား အပိုင်းပိုင်းကိုက်ဖြတ်၍ အောက်သို့ပစ်ချလေသည်။
တင်အုန်းက ဒေါသထွက်၍ လောက်လေးခွနှင့် ပစ်ရာ ကြို့ပင်ပေါ်ဝယ် အလျှိုလျှို ပျောက်ကွယ်သွားကြလေသည်။ တင်အုန်းသည် ဒေါသဖြစ်လွန်း၍ လယ်တဲပတ်ဝန်းကျင်ဝယ် ငှက်ပျောသီးများဖြင့် ထောင်ချောက်ဆင်၍ သုတ်ကိုင်းထောင်ထားလေသည်။ ဤကဲ့သို့ သုတ်ကိုင်းထောင်ထားသည်ကို နီးစပ်ရာ အပင်များပေါ်မှ မျောက်များသည် တိတ်တဆိတ်ချောင်း ကြည့်နေလေသည်။
လူများ ပြန်သွားသောအခါ ထိုနေရာသို့ မျောက်များ ရောက်လာလေသည်။ မျောက်ဗိုလ်ကြီးသည် သုတ်ကိုင်းဝယ် ခလုတ်ဖြင့် ဆင်ထားသည်ကိုသိသည်။ ထို့ကြောင့် ငှက်ပျောသီးကို လက်ဖြင့်မနှိုက်ဘဲ သစ်ကိုင်းရှည်ရှည်တစ်ခုရှာ၍ ငှက်ပျောသီးကို သစ်ကိုင်းဖြင့် အပြင်ဘက်သို့ ယက်ယူသည်။ ငှက်ပျောသီးကို မိသည်နှင့် ခလုတ်ဖြုတ်၍ သုတ်ကိုင်းသည် သစ်ကိုင်းကြီးကို “ရှီး” ခနဲ ဆွဲဆုတ်လေသည်။
မျောက်အုပ်သည် ငှက်ပျောသီးကိုစား၍ သုတ်ကိုင်းကြီးကို ချိုးဖဲ့ကာ ကြိုးများကိုလည်း ကိုက်ဖြတ်ထားလေသည်။ ထို့နောက် နောက်သုတ်ကိုင်းတစ်ခုကို ဖြုတ်ချကာ ငှက်ပျောသီးများကို စားကြလေသည်။ ဤသို့ဖြင့် သုတ်ကိုင်းအားလုံးကို ဖျက်ဆီး၍ ငှက်ပျောသီးအားလုံးကို စားပစ်ကြလေသည်။
နောက်တစ်နေ့သုတ်ကိုင်းလိုက်ကြည့်သောအခါ သုတ်ကိုင်းအားလုံး ပြုတ်နေ၍ ငှက်ပျောသီးအားလုံး ကုန်နေသောအခါ မျောက်တို့၏ ပါးနပ်မှုကို လက်ဖျားခါကြရသည်။
ထို့ကြောင့် မျောက်များကို လက်ရောခြေထောက်ပါ မြှောက်ကာ မျောက်သိန်းအောင်အား ခေါ်ကြရန် ဆုံးဖြတ်လိုက်ကြပါသည်။ ထို့ကြောင့် မျောက်သိန်းအောင်အား မနက်စောစော သွားခေါ်ကြလေသည်။
မျောက်သိန်းအောင် ရောက်ရှိလာသောအခါတွင် အဖြစ်အပျက်ကိုမေး၍ မျောက်များနေထိုင်ရာ အပင်များကို လှည့်ပတ်ကြည့်လေသည်။ ထို့နောက် ကိုတင်အုန်းတို့၏ လယ်သမားတစ်စု ဆန္ဒကို မေးလေသည်။
“ခင်ဗျားတို့ ဒီမျောက်တွေကို အသေဖမ်းမိချင်သလား၊ အရှင်ဖမ်းချင်သလား”
မျောက်သိန်းအောင်၏ မေးခွန်းကား ရှင်းလှသည်။
“ဆရာက ဒူးလေးနဲ့ပစ်မှာ မဟုတ်လား၊ အသေပဲမိမှာပေါ့အရှင် ဘယ်လိုလုပ်ရနိုင်မလဲ”
ကိုတင်အုန်းက စောဒက တက်လိုက်သည်။
“ဒါတွေ ပြောမနေပါနဲ့ ကျွန်တော်မေးတာပဲ ဖြေစမ်းပါ၊ အသေလိုချင်သလား၊ အရှင်လိုချင်သလား. . . ဆိုတာ”
မျောက်သိန်းအောင်က မရမကပင် မေးလိုက်သည်။
“အရှင်ရရင်တော့ ပိုကောင်းတာပေါ့ ဆရာရယ်. . . ဒါမှ ဒီကောင်တွေကို မှတ်လောက်သားလောက်အောင် ဆုံးမရမှာ”
ကိုတင်အုန်းက မယုံမရဲဖြင့် ပြောလိုက်သည်။
“ကဲ.. ဒါဖြင့် မျောက်လှောင်မယ့် လှောင်အိမ်တစ်ခု အဆင်သင့်လုပ်ထားဗျာ၊ လှောင်အိမ်ပြီးတာနဲ့ ကျွန်တော်တို့ မျောက်ဖမ်းကြမယ်. . .”
“မျောက်ဖမ်းတာကတော့ ဟုတ်ပါပြီဆရာ… ကျွန်တော်တို့ ဘာပစ္စည်းတွေ လိုမလဲ၊ ဘယ်လို ဖမ်းကြမလဲဆိုတာ”
“ဘာပစ္စည်းတွေ လိုမလဲဆိုတော့ ထန်းလျက်အရက်
ပြင်းပြင်း ငါးပုလင်း လိုမယ်။ မီးတောက်အရက်နော်။ ပြင်းလေ ကောင်းလေပဲ။ ဒါပဲ လိုပါတယ်။ ဒီပြင် ဘာမှ မလိုဘူး။ ခင်ဗျားတို့ မျောက်တစ်အုပ်လုံးနီးပါးလည်း ဖမ်းမိရမယ်။ ကျန်တဲ့အကောင် တွေလည်း တစ်ကောင်မှ ဒီနားမှာ မနေစေရဘူး”
ကိုတင်အုန်းတို့သည် နားရှိ၍ ကြားရသည်။ မျောက် သိန်းအောင် ပြောသောစကားများမှာ ဖြစ်နိုင်ပါ့မလားဟု သံသယဝင်မိလေသည်။ မိမိတို့ သုတ်ကိုင်းအမျိုးမျိုးဖြင့် ထောင်သည်ကိုပင် ချိုးဖဲ့ဖျက်ဆီး၍ လူနီးနီး အသိဉာဏ်ရှိသော မျောက်များကို အုပ်လိုက်ဖမ်းဆီးသည့်အပြင် ကျန်အကောင်များကိုလည်း နယ်နှင်ပစ်မည်ဆိုခြင်းမှာ ယုံတမ်းစကားလားဟု သံသယဝင်မိသည်။
သို့သော် မိမိတို့က ဆရာအဖြစ် ခေါ်ယူအကူအညီ တောင်းပြီးဖြစ်၍ မယုံသော်လည်း သူပြောသည့်အတိုင်း မျောက်လှောင်အိမ်ကို ပြီးအောင်လုပ်ရသည်။ မြို့ပေါ်သို့ သံဇကာမှာ၍ အမြန်ပြီးရန် လက်သမားဖြင့် မျောက်လှောင်အိမ်ကို အပြီးရိုက်ရသည်။ လှောင်အိမ်ပြီးသောအခါ မျောက်သိန်းအောင်ကို အကြောင်းကြား ခေါ်ယူလိုက်ပါသည်။
မျောက်သိန်းအောင် ရောက်သောအခါ မျောက်လှောင်အိမ်ကို သေချာစွာ ကြည့်ရှုသည်။ စိတ်ချရသောအခါမှ အရက်ငါးပုလင်းကို တောင်းသည်။ အရက်အနည်းငယ်ကို ကြမ်းပေါ်သို့ ချ၍ မီးရှို့ကြည့်သည်။ မီးတောက်သောအခါမှ သဘောကျစွာဖြင့် သိမ်းထားလိုက်သည်။ မနက်ဖြန် မျောက်ဖမ်းမည်ဟုလည်း ကြေညာလိုက်သည်။
မျောက်သိန်းအောင် ယနေ့လာသောအခါတွင် ဒူးလေးကြီးလည်း မပါ။ အခြားမျောက်ဖမ်းမည့်ကိရိယာဆို၍ ဘာဆိုဘာမှ ပါမလာသောအခါ ကိုတင်အုန်း သံသယမှာ ပို၍ကြီးထွားလာပြန်ပါသည်။ ဖြစ်မှဖြစ်ပါ့မလားဟူသော သံသယစိတ်သည် မျောက် သိန်းအောင်ပေါ်၌ မယုံနိုင်အောင်ဖြစ်၍ လာခဲ့ပါသည်။
ဤသို့ဖြင့် မျောက်ဖမ်းမည့် မနက်သို့ ရောက်လာခဲ့ပါသည်။ ကိုတင်အုန်းနှင့် အလုပ်သမားများသည် ခါတိုင်းကဲ့သို့ ကောက်ပြန်သည်။ စပါးနယ်သည်။ သို့သော် ဟိုနေ့က လက်ဖက် ရည်ကြမ်းသောက်သည့်အစား ရေပုလင်းများထဲမှ ရေများကို ဖန်ခွက်ထဲသို့ ငှဲ့ထည့်ကာ တစ်ယောက်တစ်ခွက် သောက်ကြသည်။ ထို့နောက် တစ်ယောက်နှင့်တစ်ယောက် စကားများဟန်ဖြင့် စကားကို အကျယ်ကြီးပြောကြသည်။ ထသွားသောအခါ အရက်မူးသမားဟန်ဖြင့် ယိုင်ထိုးယိုင်ထိုး သွားကြရသည်။
ဤသို့ဖြင့် နေမွန်းတည့်သောအခါ ကြိုးကြိမ်များကို အားလုံး ပစ်ချ၍ ရေချိုးထမင်းစားကြသည်။ ခါတိုင်းထမင်းစားပြီးသောအခါ အိပ်သော်လည်း ဤနေ့တွင် မအိပ်ဘဲ တဲထဲမှ အပေါက်ကလေးများ ဖောက်ကာ မျောက်များကို ချောင်းကြည့်နေလေသည်။
မျောက်များသည် သစ်ပင်ပေါ်မှချောင်းကြည့်၍ လူတို့ လုပ်ပုံကိုင်ပုံတို့ကို မှတ်သားထားကြသည်။
လူများအိပ်နေကြပြီဟုထင်သောအခါ မျောက်ဗိုလ် သစ်ပင်မှဆင်းလာ၍ လူများချန်ထားပစ်ခဲ့သော အရက်ပုလင်းထဲမှ အရက်ကို မြည်းကြည့်သည်။ ထို့နောက် ငယ်သားများကို တစ်ခွက်စီ သောက်စေသည်။ ထို့နောက် သူမှစ၍ တစ်ခွက်စီသောက်ကြပြန်သည်။
မျောက်များ ဗိုက်ထဲသို့ အရက်နှစ်ခွက်စီခန့် ဝင်သွားသောအခါတွင် မျောက်များ တစ်ကောင့်လက်တစ်ကောင် ကြိုးဖြင့် တွဲချည်၍ နှာခေါင်းစွပ်ခြင်းများ စွပ်ပြီးလျှင် စပါးနယ်လေသည်၊ သို့သော် မျောက်ဗိုလ်ကြီးလည်း ယိုင်ထိုးယိုင်ထိုးဖြစ်နေကာ စပါးကောင်းကောင်း မနယ်နိုင်။ နွားလုပ်သော မျောက်များကလည်း ကောင်းကောင်း မသွားနိုင်၊ မူးနေကြလေသည်။
တလင်းပတ်ချာလည်တွင် ပွဲကြည့်ပရိသတ်အဖြစ် ကျန်ရစ်ခဲ့သော မျောက်များကား အရက်ပုလင်းမှအရက်များကိုငဲ့ကာ ခွက်လှည့်သောက်နေကြလေသည်။ အဝေမတည့်၍ ဆူညံနေကြလေသည်။ ခွက်ရသော မျောက်က နင်းကန်သောက်၍ မှောက်သော မျောက်က မှောက်နေပေပြီ။
မျောက်များ ရေချိန်ကိုက်၍ အရက်ကုန်လောက်သောအခါ မျောက်သိန်းအောင်တို့လူစုသည် တဲထဲမှ ပြေးထွက်လာကာ အရက်မူးနေသောမျောက်များကို နှစ်တင်းဝင်အိတ်ကြီးများထဲသို့ ဖမ်း၍ထည့်လေသည်။ မျောက်လှောင်အိမ်ယူလာသူက ယူလာသည်။
အလုပ်သမားတစ်ဦးကို ကြို့ပင်ကြီးခြေရင်းသို့ သွားစေ၍ အရက်မမူးသေးသောမျောက်များကို ကြို့ပင်ဆီပြေး၍ တက်ကာ စီး၍ရိုက်ချလေသည်။
ထို့ကြောင့် အရက်မသောက်ရသေးသောမျောက်များ ရေချိန်မကိုက်သေးသော မျောက်များသည် တောထဲရှိ အခြားသစ်ပင်များဆီသို့ ပြေးကြလေသည်။ သစ်ပင်နားသို့ရောက်ရှိသော မျောက်များသည်လည်း အလုပ်သမားသာအေး၏ လက်ချက်နှင့် အများအပြား သေလေသည်။
ကောက်ပြန့်ပေါ်မှ မျောက်ဗိုလ်ကြီးနှင့် လက်တွဲထားသော မျောက်များကား ရေချိန်လွန်ကာ လှောင်အိမ်ထဲသို့ ရောက်သွားသည်ကိုပင် မသိလိုက်ကြပေ။ အခြားအရက်မူးနေသော မျောက်အများအပြားကို ဖမ်းမိလိုက်ပါသည်။ အခြားရေချိန်မကိုက်သေး သော မျောက်များသည် ထွက်ပြေးကြသော်လည်း အရက်မူးနေ၍ ကိုတင်အုန်းလက်မှ လွတ်အောင်မပြေးနိုင်ကြ။
မျောက်သိန်းအောင်ပြောသည့်အတိုင်းပင် မျောက်ဗိုလ်ကြီး ကျဆုံးသွား၍ ကျန်မျောက်များသည် တဲအနီးတွင် မနေတော့ဘဲ အခြားသို့ပြောင်းရွှေ့သွားကြပါသည်။
မျောက်များ၏ လူကိုအတုခိုးတတ်သော သဘောသဘာဝကိုသိ၍ ပိုင်နိုင်စွာဖမ်းပြနိုင်သော မျောက်သိန်းအောင်၏ ဂုဏ်သတင်းသည်လည်း ထိုအခါမှစ၍ ပိုမိုကြီးမား လူသိများ၍ သွားပါတော့သည်။
(ပဲခူးရိုးမတောင်ခြေမှ လူကြမ်းစိတ်ကြမ်း မျောက်ပစ်သမားကြီး မျောက်သိန်းအောင်အား ဂုဏ်ပြုလျက်)
– ပြီး –
စာရေးသူ – လွင်ဦး (ကွမ်းခြံကုန်း)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
Uncategorized