ကျွန်းစဥ်မြေစောခက်
မျှင်ထိုးသားတို့ နွေ
“အောက်အီး အီး အွတ်”
အိမ်ခေါင်းရင်းသရက်ပင်ပေါ်က ကြက်တွန်သံကြောင့် ဖိုးချမ်း ဖျတ်ခနဲ ထထိုင်လိုက်၏။
“ဖေကြီးနိုးပြီလား၊ ဒီမှာ ထမင်းကျက်နေပြီလေ”
“တော်သေးတာပေါ့ကွာ၊ ငါအိပ်ပျော်သွားတယ်”
ဇနီးသည် ဒါလှဖြူ၏ စကားကြောင့် ဖိုးချမ်းဝမ်းသာသွား၏။ မီးဖိုခန်းသို့ တန်းဝင်သွားပြီး စဥ့်အိုးထဲမှ ရေကို အုန်းမှုတ်ခွက်ကလေးဖြင့် ခပ်ပြီး မျက်နှာကိုတဖြန်းဖြန်း ပွတ်သပ်ချလိုက်သည်။
လက်ကျန် ရေတစ်ငုံစာလောက်ကို ပါးစပ်ထဲပစ်ထည့်ပြီး ပလုတ်တစ်ချက်ကျင်းကာ အုန်းပျိုးပင်ကလေးသို့ ပလွတ်ခနဲ ထွေးထုတ်ပစ်လိုက်၏။
ဖိုသီ ဖတ်သီ ဝတ်ထားသောပုဆိုးကို ဖြုတ်ပြီး အထက်စ, ဖြင့် မျက်နှာကို ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်သည်။
အိမ်အောက်သို့ဆင်းပြီး ပတ်ဝန်းကျင်ကို ဝှေ့ယမ်းကြည့်လိုက်သည်။ နွေကာလပင်ဖြစ်သော်လည်း ဖက်ဆွတ်ရေအိုး သင်္ကြန်မိုးကြောင့် မုတ်သုံရနံ့က ဖိုးချမ်း၏နှာသီးဝအား ကျီစယ်နှုတ်ဆက်လိုက်၏။
တပေါင်း တန်ခူး ကဆုန်လရာသီများသည် မျှင်ကောင် (ပုစွန်သေး)ကလေးများ တက်သောရာသီဖြစ်၍ ကျွန်းစဉ်သားတို့ မျှင်ထိုးကြသော ရာသီပင် ဖြစ်သည်။
ခုလို သင်္ကြန်လွန်ပြီး မိုးတစ်ပြိုက် နှစ်ပြိုက် ရွာပြီဆို ဖိုးချမ်းတို့လို မျှင်ထိုးသားတို့ ပျော်ကြသည်။
“ကဲ ဖြူရေ ထမင်းကျက်ရင် အိုးတောင်းထဲထည့်တော့ကွာ။ ဒီနေ့ လဆန်း(၁၁)ရက်ဆိုတော့ ရေကျတော့မယ် အတော်ပဲ”
“ဟုတ်ကဲ့ ဟုတ်ကဲ့ ၊ ပြီးပါပြီ ပြီးပါပြီ”
ဒါလှဖြူ ထမင်းအိုး ဟင်းအိုးကလေးများကို တောင်းကလေးတစ်လုံးထဲသို့ ကောက်ထည့်လိုက်၏။
“ကဲသမီး ခိုင်ထွေးဖြူ အမေတို့ ချောင်းဆင်းတော့မယ် ထတော့လေ”
“ဟုတ်ကဲ့အမေ ထပါပြီ”
“မနေ့က မျှင်တွေ ပြန်ထုတ်ပြီး လှန်းထားနော်သမီး။ ထောင်းလက်စ ငါးပိတွေလည်း ရေပြန်ပြီး တစ်ချီလောက် ပြန်ထောင်းထားလိုက်ဦး “
“ဟုတ်ကဲ့ အမေ”
“သားလေး နိုးပြီလား”
အိမ်ရှေ့ခန်းတွင်အိပ်နေသော သားလေး သာထွန်းဖြူကို အော်ပြောလိုက်၏။
“နိုးပြီအမေ”
“သားရေ နေ့လယ်လောက်ဆို သာဘော်ကုန်း ကုက္ကိုပင်ကြီးအောက် နွားတွေစုလိမ့်မယ် သိလား။ အဲဒါရေသွားတိုက်ဦးနော်”
“ဟုတ်ကဲ့အမေ သားသိပါတယ်”
“အေး အေး အေး အေး”
“ကဲဖေကြီးသွားတော့၊ ကျုပ် နောက်ကလိုက်လာခဲ့မယ်”
ဖိုးချမ်း မျှင်ပိုက်ကို ပခုံးပေါ်ကောက်တင်ပြီး လှေဆိပ်သို့ ဆင်းလာ၏။ ဒါလှဖြူကလည်း ထမင်းတောင်းနှင့် ရေအိုးကိုထမ်းပြီး ထက်ကြပ်မကွာ နောက်ကလိုက်၏။
xxx xxx xxx
ဖိုးချမ်းသည် ရွာပြင်ချောင်းစပ်ကို ကျောခိုင်းပြီး မျှင်ထိုးလှေကလေးကို ချောင်းရိုးအတိုင်း ခပ်သွက်သွက် လှော်ထွက်လိုက်၏။
ဒါလှဖြူက အိမ်သို့သုတ်ခြေတင်ပြန်လာခဲ့သည်။
“ဟာ မခင်စော နင်ရောက်နေပြီလား”
“ဟုတ်တယ် မဒါလှရေ။ အိမ်က ကိုမဲဒုတ်ကို လှေဆိပ်ချပို့ပြီးတာနဲ့ ချက်ချင်းတန်းလာခဲ့တာပဲ”
“အေးဟေ့ ငါလဲ ခုပဲ ကိုဖိုးချမ်းကို လှေဆိပ်ပို့ပြီးပြန်လာတာလေ”
“ယောက်ျားတွေ ကိစ္စပြီးတော့ တို့အလုပ်ပဲ ကျန်တော့တာပေါ့ဟာ”
“ကျွန်မ ဒီမှာ အကုန် အဆင်သင့်လုပ်လာခဲ့ပြီလေ”
မခင်စောက မျှင်ပိုက်တောင်းကလေးနဲ့ ထမင်းတောင်းကလေးကို လှုပ်ပြလိုက်၏။
“မဒါလှ အတွက်ပါ ထမင်းထည့်ယူလာခဲ့ပြီ”
“ဟုတ်လား ဒုက္ခရှာလို့ဟယ်”
“ဘယ်ကနေ ဒုက္ခရှာရမှာလဲ။ ကိုမဲဒုတ်အတွက် ခူးခပ်ထည့်ပြီးတာနဲ့ အကုန်လုံး အိုးမှောက်ချလာခဲ့တာပဲ”
“ဒါဆို မခင်စော နင်လှေဆိပ်ဆင်းတော့။ ငါ လှော်တက်တွေ ယူလာခဲ့မယ်”
ဒါလှဖြူသည် အိမ်သို့ပြန်ပြေးပြီး လှော်တက်တွေယူကာ ပြန်ဆင်းလာ၏။ နှစ်ယောက်စလုံး လှေပေါ်သို့ ခပ်သွက်သွက် တက်လိုက်ကြ၏။
လေအသုတ်တွင် တလှုပ်လှုပ်ခါယမ်းနေကြသော ဓနိလက်ကလေးများကြားက လှေကို ကန်ထုတ်ပြီး အားရပါးရ ကျုံးလှော်လိုက်ကြ၏။
ကျွန်းစဉ်ဒေသတွင် နွေရောက်ပြီဆို မျှင်လုပ်ငန်းကို ဝမ်းစာရေးအတွက် လုပ်ကိုင်ကြသူများရှိသည်။ ယောက်ျားများက မျှင်ထိုးသည်။ မိန်းမများက မျှင်ခံသည်။
မျှင်ထိုးခြင်းမှာ အလျား ၁၂ ပေ၊အနံ ၁၂ ပေ ရှိသော မျှင်ပိုက် (ကွက်စိပ်) တွင် အလျားဟုသတ်မှတ်သော အနားနှစ်ဖက်ကို ဝါးနဲ့ တွဲချည်သည်။ ဝါးအရင်းနှစ်ဖက်ကို ပူးချည်လိုက်ခြင်းဖြင့် မြီးခွသည် အမြှောက်လက္ခဏာသဏ္ဌာန် ဖြစ်သွားသည်။ မြီးခွအောက်က မျှင်ပိုက်စ,ကို သီချုပ်လိုက်သောအခါ မျှင်ပိုက်အိတ်ဖြစ်သွားသည်။
ဝါးအဖျားနှစ်ခုတွင် တစ်ပေခွဲခန့်ရှည်သည့် သစ်သားချောင်းနှစ်ချောင်းကို လုံးထွင်း လှေကလေးသဖွယ် ထွင်းပြီး အတွင်းဘက်တွင် ဝါးဖျားကို စွပ်၍ သံရိုက်ကာ ခိုင်အောင် ထည့်ထားသည်။ ကျောဘက်တွင် ခုံးချောလုပ်ထားခြင်းသည် အဖျားကို မြေတွင်စိုက်မဝင်စေရန် ဆောင်ရွက်ထားခြင်းဖြစ်သည်။
သို့မှသာ မျှင်ပိုက်ကို တွန်းထိုးလိုက်ချိန်တွင် ရွေ့လျားမှု မြန်ဆန်စေသည်။ ဤသစ်သားချောင်း နှစ်ချောင်းကို မျှင်ပိုက်ခွါဟု ခေါ်သည်။
မျှင်ထိုးခြင်းလုပ်ငန်းကို သရက်တောင်၊ စိတ္တရ၊ ပေါက်တူးတောင်၊ ငန်းတောင်၊ ကျောက်ဖျာ၊ အောက်တောင်ရှည်၊ ရေနီကြီး၊ သင်းပေါင်းချောင်း၊ ဝပေါ်ကြီး၊ ဆတ်တက်၊ ငွေတွင်းတူး၊ ကုက္ကို၊ လောင်းဒရိတ်၊ သေချောင်း၊ ကုန်ဘောင်၊ မိုးသီးနတ်တောင်၊ အမျက်ထွက်၊ ကျီးခေါင်းတောင်နှင့် ရေရှင်ရွာများ အဓိက လုပ်ကိုင်ကြသည်။
မျှင်ခံခြင်းမှာ မျှင်ပိုက် နှစ်လက် သုံးလက်ဆက်ပြီး ချောင်းရေအကျ သုံးပုံ နှစ်ပုံခန့် လျော့မှ ခံရသည်။ ချောင်းမှာလည်း နှစ်ဖက်စီးချောင်းမျိုး မဖြစ်စေရ။ တစ်ဖက်စီး ပြင်ကျချောင်းရေမျိုးဖြစ်ရန် လိုပေသည်။
မျှင်တိုင်သစ်သားချောင်းများကို ချောင်းလယ်လောက်တွင် တန်းစီစိုက်ပြီး မျှင်ပိုက်ကို ကာရံထားရသည်။ ချောင်းလယ် ရေဆွဲအားပြင်းသောနေရာက မျှင်ပိုက်အိတ်ကို ချည်မျောမျောချပြီး ထောင်ထားရသည်။
သို့မှသာ ချောင်းရေစီးဖြင့် မျောပါလာသော မျှင်ကောင်များ မျှင်ပိုက်အိတ်ထဲ တန်းဝင်ကြသည်။ မျှင်ကောင်များမှာ သေးငယ်သဖြင့် မျှင်ပိုက်အိတ်သို့ဝင်မိချိန်တွင် ရေဆန်တိုးပြီး ပြန်ထွက်နိုင်စွမ်းမရှိပေ။ အကယ်၍ရေဆန်တိုးနိုင်သော်မှ ပြေးလမ်းမရှိဘဲ မျှင်အိတ်သို့သာ ပြန်ရောက်ရမည်ဖြစ်သည်။
မျှင်ခံရာတွင် ရေကျပြီး ချောင်းဘောင် ဝဲယာနှစ်ဖက် ရေထဲကပေါ်မှ မျှင်ပိုက်ချရသည်။ မျှင်ပိုက်ချသည့်အချိန်တွင်လည်း ချောင်းရေသည် မျှင်ခံသူ အမျိုးသမီးနှစ်ဦး၏ ရင်လောက်သာ ရှိသင့်သည်။ အရပ်မမီဘဲ မျှင်ပိုက်ချလိုက်ပါက ဒီရေအကျဖြင့် လူရော မျှင်ပိုက်ပါ လွင့်စင်သွားနိုင်ပေသည်။
ချောင်ကမ်းပါးပေါ်ချိန်လောက်တွင် မျှင်ပိုက်ချမှ မျှင်ပိုက်ကို ရုန်းထွက်နိုင်လောက်သော ငါးများလည်း ထွက်သွားပြီဖြစ်သည်။
မျှင်ခံမိန်းမနှစ်ဦးမှာ ချောင်းကို လက်ဝဲ လက်ယာ ခွဲပြီး ကိုယ့်တာ ကိုယ်လုံအောင် တာဝန်ယူလုပ်ဆောင်ကြရ၏။
ဒါလှဖြူနှင့် မခင်စောတို့သည် သရက်တောင်ရွာချောင်းကြီးမှ လက်ယာဘက်သို့ ခွဲထွက်နေသော ရွာသူကြီးချောင်းသို့ လှေကလေးကို လှော်သွင်းလိုက်ကြ၏။ ရွာသူကြီးချောင်းမှာ မျှင်ဝင်များသော ချောင်းဖြစ်၍ မျှင်ခံမိန်းမများ အကြိုက်တွေ့ကြသည်။ ရွာသူကြီးချောင်းကို တစ်နွေလုံး ရေအလိုက် မျှင်ခံနိုင်ရေးအတွက် ဒါလှဖြူနှင့် မခင်စောတို့ တလင်းဦးကတည်းက ပန်းဖူးစိုက်ထားကြသည်။
ပန်းဖူးစိုက်သည်ဆိုခြင်းမှာ ချောင်းဝနှုတ်ခမ်းဘောင်တွင် ဒီရေလွတ်အောင် သစ်သားတစ်ချောင်းကို ထိုးစိုက်ထားပြီး တိုင်ဖျားတွင် ဓနိလက်အဖျား သို့မဟုတ် ကောက်ရိုးကို ခိုင်ခိုင်မြဲမြဲစုချည်ထားခြင်းပင် ဖြစ်သည်။
ဤသို့ အချက်ပြ ပန်းဖူးစိုက်ထားလျှင် ပိုင်ရှင်ရှိပြီးသားချောင်းမို့ အခြားမျှင်ခံမိန်းမများ မျှင်ခံမဝင်ကြတော့ပေ။ ကျွန်းစဉ်ဒေသ၏ ဓလေ့နှင့်လုပ်ငန်းမှာ သစ္စာရှိခြင်း၊ ရိုးသားခြင်း၊ မှန်ကန်ခြင်းတို့ကို ဖေါ်ညွှန်းနေပေသည်။ မျိုးရိုးစဉ်ဆက် ထိန်းသိမ်းလာခဲ့ကြသော ဓလေ့စရိုက်များပင် ဖြစ်ပေသည်။
xxx xxx xxx
ဖိုးချမ်းသည် ရွာချောင်းကြီးမှ ဖောင်ပြေ မြစ်ကြောင်းအတိုင်း စုန်လှော်လိုက်သည်။
မျှင်ထိုးသားတို့ မျှင်ထိုးဆင်းရွာတွင် ရွာအောက်ဘက်ဒီရေစီးဆင်းရာ ချောင်းဝ မြစ်ဝဘက်သို့သာ လှော်ဆင်းရ၏။
မျှင်ထိုးခြင်းမှာ ရေဆန်ထိုးရခြင်းဖြစ်ပေရာ ရေဆန်ထိုးတက်လာခြင်းဖြင့် ရွာနဲ့ ပိုမိုနီးကပ်လာစေရန်ဖြစ်သည်။ အကယ်၍ မျှင်တန်းအဆုံးတွင် ဒီရေပြန်တက်လျှင် ဆက်လက်လှော်တက်ခြင်းဖြင့် ရွာသို့ရောက်လွယ်စေသည်။
“ရေကျသုံးပုံ နှစ်ပုံလောက် ရှိရော့မယ်၊ ရေစီးမပြင်းတော့ဘူး အတော်ပဲ”
ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရန်အတွက် ဖိုးချမ်း မျှင်ထိုးလှေကလေးကို တစ်ပတ်လှည့်ပြီး ကမ်းသို့ ကပ်လိုက်၏။ ကမ်းသို့အရောက်တွင် မြစ်ကမ်းစပ်သို့ ခုန်ဆင်းလိုက်သည်။
ရေက ရင်ညွှန့်လောက်ဆိုတော့ မျှင်ထိုးသားအကြိုက်ဖြစ်သည်။ ဖိုးချမ်းသည် ကျွဲချေးခြောက်ကို မီးညှိပြီး လှေဦးတွင် တင်ထားလိုက်၏။ ဤသို့ပြုလုပ်ခြင်းမှာ မြစ်ချောင်းနံဘေးများတွင် ရွှံ့နှစ်စားဖြုတ်တို့ ခြင်တို့ အထွေးလိုက်အပြုံလိုက် ရှိနေတတ်ကြရာ လူနဲ့တွေ့ပါက ဝိုင်းအုံနှိပ်စက်တတ်ကြသည်။
ဤအခြေအနေမျိုးတွင် မျှင်ထိုးသားများမှာ ဘီလူးက က,နေကြရ၏။ သို့ဖြစ်၍ ကျွဲချေးခြောက်ကို မီးညှိပြီး ခြင်ဖြုတ်အန္တရာယ်ကို ကာကွယ်ကြရသည်။ ကျွဲချေးခြောက် မီးမှတစ်ဆင့် ဆေးလိပ်ဆေးတံ ညှိလိုလျှင်လည်း လွယ်ကူစေသည်။
ဖိုးချမ်း မျှင်ပိုက်ကို ရေသို့ချပြီး ဝါးလုံးဖျားနှစ်ခုတွင် တပ်ထားသော မျှင်ခွာနှစ်ခုကို တစ်ဖက်တစ်ခုစီဖြစ်သွားအောင် မျှင်ပိုက်ဝကို ရနိုင်သမျှကားပြီး ရေဆန်ခံပေးထားလိုက်၏။ ပူးချည်ထားသော ဝါးလုံးအရင်းပိုင်းကို လှေဦးတွင် အသေစိုက်ထားသည့်မျှင်တိုင်တွင် ခွကြားနှင့်ညှပ်ပြီး ပူးချည်ထားလိုက်သည်။
လူက မျှင်ပိုက်အရင်းပိုင်းကို လက်နှစ်ဖက်ဖြင့် မြဲမြဲကိုင်ပြီးရှေ့သို့ တွန်းရ၏။ ရေအောက်ထဲက ခြေထောက်နှစ်ချောင်းကို အားရပါးရ ကန်ပြီးလျှောက်လှမ်းပေးခြင်းဖြင့် လှေနှင့်မျှင်ပိုက်ကိုရွေ့စေ၏။
လူမှာ မျှင်ပိုက်နှင့် လှေကြားတွင် ရှိနေရ၏။ ခြေထောက်ဖြင့်ကန်ပြီး ခန္ဓာကိုယ်ဖြင့် တွန်းတိုးရသဖြင့် ကာယကံအလုပ်ဟု နောက်နောက် ပြောင်ပြောင် ပြောလေ့ရှိကြသည်။ ရေစီးအားကို ရေဆန်ခံပြီး တွန်းနေရရာ အတော့်ကို အားစိုက် ရုန်းကန်ရသည်။
ဒီရေကျပြင်းချိန်များတွင် အမှိုက်သရိုက်များ အထွေးလိုက် အပုံလိုက် မျောဆင်းလာကြခြင်း၊ မျှင်ကောင်များ ကမ်းမကပ်သေး ခြင်းတို့ကြောင့် မျှင်ထိုးခြင်းမပြုကြပေ။ ရေသုံးပုံ နှစ်ပုံလျော့ခန့် ရေ ကျနှေးသွားတော့မှ မျှင်ထိုးခြင်းပြုရကြပေသည်။
ရေအကျနှေးလာပြီး ရေစီးညင်သာလာမှသာ မျှင်ကောင်များ ကမ်းသို့ကပ်လာကြသည်။ ရေကလည်း ကမ်းပြုတ်ပြီး ဆင်ခြေလျှော ရွှံ့ပြင်သာကျန်တော့သည်။
မျှင်ထိုးရာတွင် ဆင်ခြင်လျှော ရွှံ့ပြင်များကို ရွေးတတ်ရသည်။ မတ်စောက်သော ကမ်းစပ်များတွင် ကမ်းနားသစ်ပင်များ လဲပြိုကျပြီး ရေထဲတွင် ရှိနေတတ်ပေရာ မျှင်ထိုး၍ မရပေ။
“အဏ္ဏဝါ ကမ်းခြေအနီးမှာ … ဇရာပို တံငါအိုကြီး
ဘဝခရီးကို တွေး တွေး ရင်လေးမိတာ … ငိုက်မှေးသလိုနွမ်း ပိုက်ဆွေးကိုထမ်းကာ … တစ်လှမ်းချင်း စမ်းရင်း ဝမ်းတွင်း မရှိသမျှ အတိအကျ ပေါ်လာ … မြစ်ပြင်ရယ် ကျယ်ပါဘိလေး … ငါးတွေသည် မြစ်ကြောမှာ ပေါပါဘိလေး”
ဖိုးချမ်းသည် ဘာရယ်မဟုတ် ရောက်တတ်ရာရာ သီချင်းတစ်ပုဒ်ကို ကောက်ညည်းလိုက်၏။ မျှင်ထိုးသားများမှာ ဤသို့ပင် မျှင်ထိုးရင်း တောစာ၊ ငိုချင်း၊ လွမ်းချင်း၊ ခေတ်ပေါ်တေးကအစ အာရုံရရာကို တတ်သမျှ မှတ်သမျှ ညည်းနေတတ်ကြသည်။
အချို့ မျှင်ထိုးသားတွေဆို ငိုချင်း လွမ်းချင်းများကိုဆိုရာတွင် ဇာတ်မင်းသားများအတိုင်းပင် ဖြစ်သည်။
ညအချိန်များဆို ပိုပြီး အသံမြည်ပြီး ပိုပြီးနားထောင်ကောင်းသည်။ ဇာတ်နောက်လိုက်ဖူးသော လှညွန့်တို့များဆို ဇာတ်ထုပ်တစ်ထုပ်လုံးကို သူ့နေရာနှင့်သူ အံဝင်ခွင်ကျ ဆိုတတ်သည်။ လှေသွားရင်း ကြားသူများ ရပ်ပြီးတောင် နားထောင်ကြသည်အထိပင် ဖြစ်သည်။
ဖိုးချမ်း မျှင်ပိုက်အိတ် လေးလာသည်တွေ့၍ မျှင်ပိုက်အဝဘက်ကို ရေထဲမှ ပေါ်စေခြင်းအလို့ငှာ မောင်းအားကိုသွင်းပြီး မ, လိုက်သည်။
မျှင်ပိုက်မှာ ရေထဲမှပေါ်လာသလို မျှင်ပိုက်ထိပ်ဖျားက မျှင်ခွာနှစ်ချောင်းမှာလည်း ရေထဲမှ ကားရားကြီးပေါ်ပြီး မိုးပေါ်ထောင်တက်နေ၏။ ဝင်နေသမျှ မျှင်ကောင်များ မျှင်ပိုက်အိတ်ထဲတွင် ပုံနေကြပေပြီး။
“အဟဲ နည်းတဲ့အထုပ်ကြီး မဟုတ်ဘူး”
“ဖွမ်း”
“ဖွမ်း”
“ဖွမ်း”
ဖိုးချမ်း တစ်ချက်ပြုံးပြီး မျှင်ပိုက်ဖင်အိတ်ကို ဖွင့်ပြီး လေထဲ သွန်ချလိုက်၏။
“လှလိုက်တဲ့မျှင်တွေ ဆန်ပုံကြီးအတိုင်းပဲလား”
ဖိုးချမ်းတစ်ယောက်တည်းပြောရင်း ကျေနပ်နေ၏။ မျှင်ကောင်များကို စင်အောင်ခါပြီး ပိုက်ကို ရေပြန်ချပြီး ဆက်ထိုးလိုက်ပြန်သည်။
“မြစ်ဧရာ ကမ်းနဘေးက … လှမ်းမဝေး မြင်သည် …
ရွာဦးက ထုံးစေတီ …. ကြည်ညိုစရာအလွန်ကောင်း… ကျောင်း ဇရပ် ရေကန်စုံတယ်… ကျောင်း ဇရပ် ရေကန်စုံတယ်…. ရွာတည်ပုံ အားကျဖို့ ကောင်း”
ပစ္စက္ခ အခြေအနေကြောင့် ဖိုးချမ်း၏ အဇ္ဈတ္တ ရင်ပြင်တွင် ကျေနပ်မှုလှိုင်းဂယက်များ ရိုက်ခတ်နေ၏။
“ဖိုးချမ်း လား ဟေ့”
ဖိုးချမ်း သီချင်းသံကြောင့် မြစ်လယ်ကရွက်တိုက်လာသော လှေက မေးလိုက်၏။
“ဟုတ်တယ် ကိုနီတာလား၊ ဘယ်ကလာတာလဲ”
“ငါ ငပသုန်ဘက်က တက်လာတာလေကွာ၊ အုန်းသီးတွေ သွားဝယ်တာ။ မင်း မျှင်တွေ့လား”
“တွေ့တယ်အစ်ကို မဆိုးဘူး”
“အေး မိုးလေးတစ်ပြိုက်နှစ်ပြိုက် ရွာထားပြီဆိုတော့ မျှင်တွေ တက်ပြီးပေါ့ကွာ”
“အုန်းသီး ဝယ်ရတာလွယ်ရဲ့လား”
“မြို့က ကုန်သည်တွေ အရောက်ကျဲနေလို့ လွယ်ပါတယ်”
နီတာမှာ ပင်လယ်ဘက်မှ အုန်းသီး၊ ကျောက်ပွင့်များကိုဝယ်ပြီး ရွာတွင် စပါးနှင့် လဲသည်။ နီတာရွက်လှေကို လေတိုးအားက ကောင်းနေသည်မို့ ချက်ချင်း ဖိုးချမ်းနှင့် ဝေးသွားသည်။
ဖိုးချမ်းမှာ မျှင်ဝင်အားကောင်းနေသည်မို့ မျှင်ပိုက်ချေးအိတ်ကို လှေထဲသို့ ခဏခဏ ဖွင့်ချနေရသည်။ မျှင်ထိုးလှေကလေးတွင် ဆန်ပုံအလား မျှင်ကောင်များဖြင့် ဖွေးနေ၏။
ကျွန်းစဉ်ဒေသတွင် လုံးထွင်းလှေကိုသာ အသုံးများသည်။ လှေခပ်ကြီးကြီးလိုချင်ပါက လုံးထွင်းလှေကို တစ်စပ်တင်ပြီး စီးကြသည်။ မျှင်ထိုးလှေမှာ မျှင်ထိုးသားက ရေဆန်ဆွဲယူရသဖြင့် ပေါ့ပါးစေရန် စပ်မတင်ဘဲ လှေအသေးများကိုသာ အသုံးများသည်။
လဆန်း(၁၁)ရက် ရေသည် နေ့လယ်လောက်တွင် စစ်သည်။ ဒီရေသည် အငြိမ်နေလေ့မရှိ။ ရေစစ်သည်နှင့် ရေပြန်တက်တော့သည်။ ရေတက်လျှင် ရေစုန်သွားပြီမို့ မျှင်ထိုး၍ မရတော့ပေ။
“ဟောဗျာ ရေတက်လာပြီ”
ဖိုးချမ်း မျှင်ပိုက်ကိုဆေးကြောပြီး လှေပေါ်သို့ အလျားလိုက် စုန်တင်လိုက်၏။ မျှင်ပုံမှစီးကျနေသောရေဖြင့် ရေပက်ခန်းတွင် ရေ အတန်အသင့်ရှိနေပေရာ ဖိုးချမ်း ပက်ခွက်ကလေးဖြင့် တဖျပ်ဖျပ် ပက်ထုတ်လိုက်၏။ ပြီးသည်နှင့် ပဲ့စင်သို့တက်ပြီး လှေကို တစွတ်စွတ် လှော်သွားလိုက်သည်။
မျှင်ထိုးလိုက်ရသည်မှာ နှစ်နာရီကျော်ကျော် လောက်ပဲ ကြာလိမ့်မည်ထင်သည်။ လှေဝမ်းပိုက်ထဲတွင် မျှင်ပုံကြီး ဖြစ်သွား၏။ ဖိုးချမ်းမှာ ရေတက်ကလေးဖြင့် လှေလှော်ရင်း မျှင်ပုံကြီးကိုကြည့်ကာ ရင်ဝယ်ပီတိပြည့်နေ၏။
ဖိုးချမ်း မြစ်ကမ်းစပ် ရေစအတိုင်းပဲ လှော်သွားလိုက်သည်။ ရေသင့်မို့ လှေကလေးမှာ တဖျပ်ဖျပ်ပြေးနေ၏။
“ရေပြည့်လာမှာနဲ့ ဒုံချောင်းကဖြတ်ကျော်ရင် အတော်ပဲ”
ဒုံချောင်းမှာ ရွာပြန်လမ်းအတွက် ပြွန်ကျော်ဖြတ်လမ်းဖြစ်၏။ ဒီရောက်တောများမရှိ။ ကမ်းနဖူးတွင် မြက်ခါးတောကြီးသာ ရှိသည်။ ဖိုးချမ်း ဒုံချောင်းထဲသို့ လှေကိုလှော်သွင်းလိုက်၏။
ဒုံချောင်း၏ ချောင်းလက်တက်ကလေးများမှာ ခက်ဖြာထွက်နေကြ၏။ ချောင်းလက်တက်များသို့လည်း ဒီရေက ဝင်စပြုနေကြပေပြီ။ ဖိုးချမ်းသည် လမ်းတွင်တွေ့သော ချောင်းလက်တက်ကလေးများကိုကြည့်ရင်း လေကလေးတဝှီဝှီချွန်ကာ လှော်လာ၏။
“ဟာ … ဟာ … ဟာ”
အံ့သြခြင်းနှင့်အတူ ဖိုးချမ်းရင်ကြီး မြင့်တက်သွားသည်။ ချောင်းလက်တက်တစ်ခုအတွင်းသို့ ဒီရေနှင့်အတူ ငါးကြီးတစ်ကောင် ချောင်းဖျားသို့ဝင်ပြီး ပုစွန်ဖြူများကို ဖမ်းဆီးဝါးမျိုရင်း အာဟာရ ဖြည့်တင်းနေသည်။
ဖိုးချမ်း အသေအချာ ကြည့်လိုက်သည်။ ကကတစ်ကြီးဖြစ်သည်။ သုံးပေခန့်ရှည်၏။ ကကတစ်မှာ အစားကြီးသော ငါးမျိုးမို့ အာဟာရအတွက် လောဘမာန်တက်ပြီး ပတ်ဝန်းကျင်ကို လုံးလုံး သတိမပြု။ ရေတိမ်ကလေးမို့ ငါးကျောကုန်းတောင် မမြှုပ်ချင်။ ငါးကြီးမှာ ဆူးတောင်ကြီးများထောင်ပြီး အစာကိုမဲလိုက်နေ၏။
ဖိုးချမ်း စဉ်းစားလိုက်သည်။ မျှင်ပိုက်ဖြင့် ထောင်ဖမ်း၍ မဖြစ်နိုင်။ ဟိုနားပိတ် သည်နားချ လုပ်နေရင်း ငါးကြီးရုန်းထွက်သွားနိုင်သည်။ ကကတစ်ငါးမျိုးမှာ အလွန်းပါးနပ်ပြီး အားရှိသော ငါးမျိုးမို့ တော်ရုံဖြင့် ဖမ်းမိနိုင်ရန်မလွယ်။
ငါးကြီးကို ဖမ်းဆီးနိုင်ရေးအတွက် ဖိုးချမ်းအချိန်ပေးပြီး စဉ်းစားနေလို့လည်းမရ။ ငါးကြီးထက် မြန်ဖို့ လျင်ဖို့ လိုနေပြီ။
ဖိုးချမ်းသည် လှေဦးကိုချောင်းဝဘက်သို့ စွပ်သွင်းလိုက်သည်။ ချက်ချင်းပင် လှေပေါ်ကခုန်ဆင်းပြီး ချောင်းဝဘက်ကရေကိုလှုပ်ကာညာသံပေးလိုက်၏။ ငါးကြီးမှာ အန္တရာယ်ရှိသောဘက်သို့ လှည့်ပြန်လျှင် အန္တရာယ်နှင့်တွေ့မည်ကို သူသိနေသည်။ ဖိုးချမ်းက လည်း အပြေးလိုက်၏။ ရေအဆုံးတွင် ငါးကြီးမှာ ပြေးစရာလမ်းမရှိတော့ပဲ ချောင်ပိတ်ခံနေရသည်။
ငါးကြီးမှာ ဘယ်အခြေအနေမျိုးပဲ ရောက်ရောက် နောက်ပြန်လှည့်ပြေးရန် အာရုံရောက်သွားပုံ ရသည်။ ပါးဟက်ကြီးကို ဟပြီး အားကုန်ရုန်း လိုက်၏။
ဖိုးချမ်းကလည်း ရလာသည့် အခွင့်အရေးကို လက်လွတ်မခံ။ အသင့်ပါလာသော တက်ရိုးဖြင့် ပါးဟက် ဟတတကြားသို့ အားကုန် စွတ်ထိုးကာ ရွှံ့ပြင် ထဲသို့ ထိုးစိုက်ထားလိုက်သည်။
ငါးကြီးကတော့ မုဆိုး၏လှံချက် ထိထားသော တောဝက်ကြီးလို တဖြန်းဖြန်းရုန်းကာ လွတ်လမ်းကို ရှာဖွေနေတုန်း။ ဖိုးချမ်းကလည်းငါးကြီး အားပျော့ သွားအောင်ထိ တက်ရိုးကိုမနုတ်။ ထိုးမြဲထိုးထားသည်။
“ဘာတတ်နိုင်သေးလဲ”
အမြီးဖျားကလေးတစ်ခု လှုပ်ရုံကလေးသာရှိတော့မှ ပါးဟက်ကြားသို့ လက်ကို အားရပါးရ ထိုးသွင်းလိုက်၏။
“အား ပါး ပါး ပါး သွားပါပြီ”
ဖိုးချမ်း လက်ခုံမို့မို့ကြီးမှ သွေးများ ဒလဟောစီးဆင်းလာ၏။ သို့သော် ဖိုးချမ်းကား လက်ကို ပြန်မနုတ်။ အမိအရ ထိုးသွင်းကာ ငါးကြီး၏ ပါးဟက်အုံကြီးကို မြဲမြဲကိုင်ထား၏။ ငါးကြီး၏ ပါးဟက်နှင့် ပါးဟက်အုံထဲတွင် စူးရှထက်မြက်သော သင်းတုန်းများပါသည်ကို သတိမထားခြင်းမှာ လောဘလွန်ကဲနေသော ဖိုးချမ်းအမှားပင်ဖြစ်သည်။
ထိရှဒဏ်ရာများ ရေငန်နှင့် ထိတွေ့နေပေရာ ဖိုးချမ်းမှာ နာကျင်ပူစပ်သော ဝေဒနာကို ပြင်းစွာခံစားသွားရသည်။
သို့သော် ဖိုးချမ်းမျက်နှာတစ်ချက်မရှုံ။ ငါးကြီးကို ကိုင်ပြီး ပြုံးပြုံးကြီး ကြည့်နေ၏။ လှေကြိုးဖြင့် ငါးကြီး၏ ပါးစပ်နှင့် ပါးဟက်ကို ဖောက်သွင်းချည်ကာ လှေဝမ်းထဲသို့ ထည့်ထားလိုက်၏။ မျှင်ထိုးလှေကလေးကတော့ ချောင်းရေပြင်တွင် ခပ်သွက်သွက်ဆက်ပြေးနေပေပြီ။
xxx xxx xxx
“ဒီနေ့ ဖိုးချမ်းတို့ နေ့ပဲဟေ့“
“ဖိုးချမ်း ဘာဖြစ်လို့လဲဟ”
“ဘာဖြစ်ရမလဲ ဟ၊ ဖိုးချမ်းရလာတဲ့ မျှင်က ငါးပိထောင်းရင် ငါးပိဿာလောက်စီးမှာ သူ့မိန်းမ ဒါလှဖြူတို့မှာလဲ တစ်ယောက် နှစ်ပိဿာလောက်စီ ရကြမှာလေ”
“ဒီလင်မယား တယ်ဟုတ်နေကြပါလားကွ”
“အဲဒါ မင်း ခုဈေးနဲ့တွက်ကြည့်လေ။ လက်ထိုးမျှင်ငါးပိ တစ်ပိဿာ နှစ်ထောင်ဈေးဖြစ်နေတာလေ၊ သူတို့လင်မယား ငါးပိဖိုးတင် တစ်သောင်းခြောက်ထောင်ဖိုးကွ”
“နောက် ဘာရှိသေးလို့လဲ”
“ဟေ့ကောင် စံမြအောင် ဒီမှာ ဖိုးချမ်းမျှင်ထိုးအပြန်မှာ ချောင်းဖျားတက်ပြီး အစာလိုက်နေတဲ့ ကကတစ်ကြီးတစ်ကောင် တက်ရိုးနဲ့ထိုးပြီး ဖမ်းလာခဲ့သေးသဗျာ”
“ဟာ တယ်ဟုတ်ပါလား”
“အဲဒီငါးကြီး ခုတ်ရောင်းတာသက်သက် တစ်သိုက်ကို တစ်ထောင်၊ ဆယ်သိုက် တင်တယ်ဗျာ။ အဲဒါတစ်သောင်း။ အူသည်း နုတ်ပြီး ခေါင်းနဲ့တွဲရောင်းတာက တစ်ထောင်လေ”
“ဒီတော့ မျှင်ဖိုးက ၁၆၀၀၀ ၊ ငါးခုတ်ရောင်းတာက ၁၁ဝဝဝ ဆိုတော့ ပေါင်းလိုက်ရင် ၂၇ဝဝဝ ကွာ ။ ဘာလိုသေးလဲ”
“ဒါဆို ဒီနေ့ ဖိုးချမ်းတို့လင်မယား မဟာကံထူးရှင်တွေပေါ့နော်”
“ဒီကောင် ညရေ တစ်ချီ ဆင်းဦးမယ်လေ”
ရက်တစ်ရက်တွင် နေ့၌ တစ်ကြိမ်ရေတက်ပြီး တစ်ကြိမ်ပြန်ကျသည်။ ညတွင်တစ်ကြိမ်ရေတက်ပြီး တစ်ကြိမ်ပြန်ကျသည်။ မျှင်ထိုးသားများမှာ ရွာသို့ရောက်လျှင် ရေမိုးချိုးထမင်းစားပြီး တစ်ရေး ကလေးသာ အိပ်ရသည်။ ညဉ့်ဦးယံတွင် အိပ်ရာမှပြန်ထပြီး မြစ်ချောင်းများထဲသို့ မျှင်ထိုးဆင်းရပြန်သည်။ သို့ဖြစ်၍ မျှင်ထိုးသားတို့မှာ ချောင်းမြစ်ထဲတွင် ဘဝကို မြှပ်နှံထားရသလိုမျိုး ဖြစ်နေသည်။
မိန်းမများ ညအချိန်တွင် မျှင်ခံခြင်းမှာ သဘာဝနှင့်လိုက် လျောညီထွေ မဖြစ်ခြင်းကြောင့် ညအချိန်များတွင် မျှင်မခံကြပေ။
ဖိုးချမ်းတို့ ဒါလှဖြူတို့လို မျှင်ထိုးမျှင်ခံ၍ရသော ငါးပိကို လက်ထိုးမျှင်ဟုခေါ်သည်။ အခြောက်လှန်းပြီး သစ်သားဆုံတွင်လက်ဖြင့်ထောင်းကြ၏။ ငါးကောင်ကလေးများ ရောနှောပါဝင်ခြင်းမရှိသဖြင့် အရောင်အဆင်းလှပပြီး ဟင်းခတ်ချိုသည်။ လူကြိုက်များသဖြင့် ငါးပိထွက်သော ရွာများတွင် ကုန်သည်များ အလုအယက် ဝယ်ယူကြသည်။
ကျွန်းစဉ်နယ်မှထွက်သော လက်ထောင်းမျှင်ငါးပိကို ရခိုင်တောင်ပိုင်းမြို့နယ်များဖြစ်ကြသော မြေပုံ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ အမ်း၊ မာန်အောင်၊ တောင်ကုတ်၊ သံတွဲ၊ ဂွ နှင့် ပြည် ပွဲရုံများ၊ ရန်ကုန် ဘုရင့်နောင်ပွဲရုံများသို့ တင်ပို့ရောင်းချကြသည်။
ဖိုးချမ်းနှင့်ဒါလှဖြူတို့မှာ ဒီတစ်နွေ ငါးပိရောင်းရငွေနှင့်တင် ပုစွန်တာ တစ်ရှယ်ယာဝင်နိုင်သည့်အဆင့်သို့ ရောက်သွားကြသည်။
ဖိုးချမ်းနှင့် ဒါလှဖြူတို့ အဇ္ဈတ္တအရောင်းချင်း ထပ်တူဖြစ်သွားကြသည်။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပြိုင်တူပြုံးလိုက်ကြ၏။
– ပြီး –
စာရေးသူ – ကျွန်းစဥ်မြေစောခက်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ