သောင်းမြင့်ဦး(ကွမ်းခြံကုန်း)
မျှင်

နောက်နှစ်ရက်ခန့်နေလျှင် ကောက်လှိုင်းတိုက်ရန် လှည်းဆင်ရတော့မည်။

ဘီးဝင်ရိုး၊ ဇင်တုံးနှင့် လှည်းသန်၊ လှည်းအိမ်၊ ထမ်းပိုးတို့အားလုံး ကောင်းသဖြင့် ဘီးနှစ်ဘီးတွင် ဝင်ရိုးတပ် နားစောင့်သပ်ရိုက်သည်။ ဝင်ရိုးအပေါ်တွင် လှည်းသန်ကိုတင်၍ မရွေ့စေရန် လှည်းသန်ပေါက်နှင့် ဝင်ရိုးကို သပ်ရိုက်ထိန်းရသည်။

နောက် လှည်းသန်ပေါ်တွင် လှည်းအိမ်တင်ရန် “ဇင် တုံး” ခေါ် သစ်သားတုံးကို ဝင်ရိုးနှင့်အပြိုင် တင်၍ နှစ်ဖက်စွန်းကို ဝင်ရိုးနှင့်အတူ ပူးချည်ရသည်။

ဝင်ရိုးပိုင်းဘက်ပြီးပါက လှည်းသန်နှစ်ချောင်းကို အဖျားနှစ်ဖက် ပူး၍ ထမ်းပိုးတုံးအလယ်ထားကာ စည်းကုံးသားရေကြိုးဖြင့် “ဝက်ခွတုတ်” ချည်ရသည်။

လှည်းသန်တွင် ထမ်းပိုးတင်၍ တုပ်ချည်ရာတွင် ပျော့ပျောင်းစေရန် ရေစိမ်ထားသော စည်းကုံးကျွဲရေသားရေကြိုးဖြင့် စည်းနှောင်ရသည်။ ရေမစိမ်ထားပါက သားရေကြိုးမှာ မာတောင့်နေသဖြင့် လိုသလို ဆွဲပတ်မရနိုင်ပေ။

စည်းကုံးကြိုးကို ကျွဲသေ၊ နွားသေများမှ အရေကိုခွာယူ၍ လက်လေးလုံးခန့် အစိတ်မြှောင်းကလေးများ စိတ်ပြီး နေလှန်းရသည်။ အရေခွံများ ခြောက်သွားသည့်အခါ လက်သုံးလုံးခန့်ရှိသော သားရေကြိုးချောင်းများကို ရရှိလေသည်။ ထိုကြိုးချောင်းများကို ရေမစိုသောနေရာတွင် ချည်နှောင်အသုံးပြုပါက အလွန်ခိုင်၍ လယ်သမားအားလုံးလိုလို လှည်းစည်းကုံးအဖြစ် အသုံးပြုကြသည်။

ကျေးလက်နေ လယ်သမားအများစုမှာ ရိုးသားကြပြီး ကူညီတတ်သူများပီပီ လုပ်ငန်းသုံးပစ္စည်းများကို ကိုယ်လိုအပ်လျှင် အချင်းချင်း တောင်းတတ်သလို ကိုယ့်၌ရှိနေလျှင်လည်း လိုအပ်သူသို့ ပေးကမ်းရန် ဝန်မလေးကြပေ။

မြစ်ကမ်းတဲစုနေ ဦးလေးထော်နီထံတွင် သားရေကြိုးအပိုရှိသည် ဆို၍ တစ်ချောင်းတောင်းပြီး လိုလိုမည်မည် ဆောင်ထားလိုက်သည်။ စည်းပြီးသွားသော စည်းကုံးကြိုးမှာ လှည်းသန်စောင်းနှင့် ပွတ်တိုက်ထားသဖြင့် အတော်ပါးနေပြီ။ လုပ်ငန်းခွင်ရောက်မှ စည်းကုံးကြိုးပြတ်၍ လှည်းကောက်လှိုင်းတိုက်ရပ်ရလျှင် အချိန်ကုန် အလုပ်ပျက်မည်။

ထို့ကြောင့် ညနေပိုင်းကတည်းက မြစ်ကမ်းရှိ ဦးလေးထော်နီတဲသို့ ထွက်လာပြီး စည်းကုံးကြိုးတောင်း၍ အပြန်တွင် မရောက်တာကြာပြီဖြစ်သည့် ဦးလေးတင်ထွန်းတဲသို့ လှည့်ဝင်လိုက်သည်။

ဦးလေးတင်ထွန်းမှာ ပါးစပ်တွင် ခဲထားသော ဆေးတံကိုချွတ်၍ ပြုံးရွှင်စွာဖြင့် –

“ဟာ … ဖိုးချမ်းအေးကြီးပါလားကွ။ လယ်တွေရိတ်လို့ ပြတ်သွားပြီလား။ မင်းလည်း လယ်ဘက် လုံးပန်းနေတာနဲ့ သားရှာ ငါးရှာ ထွက်နိုင်ရဲ့လား။ လာကွာ … အကြမ်းသောက်ဦး”

“မြစ်ထဲတော့ မထွက်ဖြစ်ဘူး ဦးလေးထွန်းရ။ အိမ်ဟင်းစားအတွက်တော့ ရိုးထဲ ချောင်းထဲ ရံဖန်ရံခါ ဆင်းရတာပေါ့”

“မြစ်ထဲဆင်းရတော့ အိမ်ဟင်းစားရရုံလောက်နဲ့ မဖြစ်ဘူးလေ။ အပိုဝင်ငွေရမှ ဖြစ်မှာပေါ့”

“ဦးလေးထွန်းရော နားနေတာပဲလား”

“အေးကွ၊ ငါ ဘာမှ မရှာဖြစ်တာ တစ်ပတ်လောက်ရှိသွားပြီ။ ဒါပေမဲ့ သန်ဘက်ခါဆိုရင်တော့ ‘ဝက်ကိုက်’ ကမ်းခြေသောင်စပ်မှာ ‘မျှင်’ သွားခပ်မလားလို့။ လှေရော စက်ရော ရပြီးသားဆိုတော့ မင်းလည်း အတွေ့အကြုံအသစ်ရအောင် လိုက်ခဲ့ပါလား”

“လိုက်တော့ လိုက်ချင်တယ် ဦးလေးထွန်းရ။ ဒါပေမဲ့… “

“ဒါပေမဲ့ မနေစမ်းပါနဲ့ ဖိုးချမ်းအေးရာ၊ အလုပ်လုပ်ရမှာက တစ်နံနက်တည်းပါ။ ပြီးတော့ ငါ့မှာ မျှင်ဆွဲပိုက်ကလေးကလည်း ဆင်ပြီးသားဆိုတော့ ပိုက်အတွက်လည်း မပူရဘူး။ လူပဲလိုက်ရင် ရပြီ”

လုပ်ငန်းအတွေ့အကြုံလည်း ရမည့်အပြင် လုပ်ငန်းသုံးကိရိယာလည်း မပူရသည့်အတွက် အဆင်ပြေသည်။ ဦးလေးတင်ထွန်းကပင် ဆက်၍-

“မင်း လိုက်မယ်ဆိုရင် ငါ လူမငှားတော့ဘူး။ သူတို့ကို ပေးမယ့်အစား ကိုယ့်အချင်းချင်းပဲ ဝေငှစားကြတာပေါ့ကွာ။ မင်းလိုက်ရင် မင်းအတွက် မနစ်နာအောင် ငါ ထက်ဝက်စား ပေးမယ်ကွာ … ဟုတ်လား”

ထက်ဝက်စား ဆိုသည်မှာ ရှာဖွေ၍ရသမျှကို တစ်ဝက်တိတိ ပိုင်ဆိုင်ခွင့်ရရှိမည်။ ထို့ကြောင့်လည်း ရှည်ရှည်ဝေးဝေး စဉ်းစားမနေတော့ဘဲ-

“ကျွန်တော် လိုက်မယ်လေ။ ဒါထက် ဘယ်နေ့ဘယ်အချိန် သွားမှာလဲ။ ပြီး ကျွန်တော့်ယောက်ဖကိုလည်း ခေါ်ခဲ့ချင်တယ်။ ဖြစ်ရဲ့မဟုတ်လား”

“ဘာလို့ မဖြစ်ရမှာလဲ ချမ်းအေးရာ၊ အဖော်တောင်ရသေးတယ်။ အဲ … ဒါပေမဲ့ လူချည်းတော့ ခေါ်မလာနဲ့ကွာ။ သူ့အတွက်လည်း အဆင်ပြေအောင် မျှင်ပိုက်နဲ့ လုပ်ထားတဲ့ ရင်တွန်းကလေးတစ်ခုပါ ယူလာပစေ။ ဒါမှ သူ့အတွက်လည်း အဆင်ပြေမှာ။

အလုပ်ဆင်းမှာက လဆန်း ၈ ရက်နေ့ကွာ။ အိမ်ကနေ နံနက်လေးနာရီလောက်ထွက်ရင် လုပ်ကွက်ကို ငါးနာရီခွဲလောက် ရောက်မယ်။ ဟိုကျမှ ရေချိန်အနေအထားနဲ့ မျှင်တက်အခြေအနေကြည့်ပြီး လုပ်ကြတာပေါ့ … ဟုတ်လား”

“ဟုတ်ကဲ့ ဦးလေးထွန်း၊ ကျွန်တော် အချိန်မီ အရောက်လာခဲ့မယ်”

“ငါ စိတ်ချနေမယ်နော် ဖိုးချမ်းကြီး”

ဦးလေးတင်ထွန်းမှာ ထုံးစံအတိုင်း ပါးစပ်မှ ဆေးတံကိုဖြုတ်၍ ခါးပန်းစောင်းနှင့် တဒေါက်ဒေါက်ခေါက်ကာ ကျန်ရစ်ခဲ့တော့သည်။

xxx xxx xxx

“စိတ်ချ … စိတ်ချ ကိုကြီးချမ်းရေ။ ကိုယ်ပိုင်သာ မရှိပေမဲ့ ဒီစက်လောက်တော့ ကြည်လှ ကောင်းကောင်း မောင်းတတ်ပါတယ်”

ကြည်လှက လှေပဲ့မှနေ၍ ဟွန်ဒါပဲ့ထောင်စက်ကလေးကို မောင်းရင်း လှေကို တိုးမြစ်အဆုံး ပင်လယ်ဝဆီ ဦးတည်နေသည်။
လှေဝမ်းအတွင်းမှာတော့ အသစ်စက်စက် ဆွဲပိုက်ကလေးတစ်ထည်၊ ရင်တွန်းတစ်လက်၊ တင်းဝင်တောင်း နှစ်တောင်း။

ဦးလေးတင်ထွန်းနှင့် အတူ ကိုချမ်းအေးတို့ ရှိသည်။ ဦးလေးတင်ထွန်းက သူ့အကျင့်အတိုင်း ဆေးတံကို တစ်အိုးပြီး တစ်အိုးဖွာ၍ ဆေးချေးအား လှေနံကို တဒေါက်ဒေါက်ခေါက်ပြီး ခွာထုတ်ရင်း-

“ဟေ့ … ဖိုးချမ်းအေး၊ မင်း ‘မျှင်’ အကြောင်း ဘယ်လောက်သိလဲကွ”

“အမှန်ပြောရရင် ကျွန်တော် ဘာမှမသိဘူး ဦးလေးထွန်းရ။ မျှင်ပါတာဆိုလို့ အမှိုက်မျှင်နဲ့ မျှင်ငါးပိပဲ သိတယ်”

“ကောင်းပေါ့ကွာ၊ အေး … မင်းမှတ်ထားရမှာက စားတတ်ရင် ရှာတတ်ရတယ်ကွ။ရအောင်ရှာတတ်ဖို့ကတော့ လေ့လာမှတ်သား သင်ယူရတယ်။ ဒါမှလည်း အဆင်ပြေတာ”

“ဟုတ်ကဲ့ပါ ဦးလေးထွန်းရဲ့၊ ဦးလေးထွန်းသာ ပြောပြပါ။ ကျွန်တော် အသေအချာ မှတ်သားပါ့မယ်”

“အေး … တို့ အခု သွားဖမ်းမယ့်အကောင်က မျှင်လို့ခေါ်တယ်။ ပုစွန် အသေးစားကလေးတစ်မျိုးပေါ့ကွာ။ တို့တိုင်းပြည်မှာ ပုစွန် အမျိုးပေါင်း အများကြီး ရှိနေပေမဲ့ မင်းတို့ ငါတို့ စားနေကြတဲ့ ‘စိမ်းစားငါးပိ’၊ ‘ပုစွန်ငါးပိ’၊ ‘မျှင်ငါးပိ’ ဆိုတာကို တခြားဘာကောင်နဲ့မှ လုပ်လို့မရဘူး။ ဒီမျှင်ကောင်နဲ့ပဲ လုပ်လို့ရတာ။ အကောင်ကလည်း နာမည်နဲ့လိုက်အောင် တကယ့် သေးသေးမျှင်မျှင်လေးကွ။

ပြီးတော့ မျှင်မှာလည်း မျှင်နီ၊ မျှင်ပြာဆိုပြီး နှစ်မျိုး ရှိပြန်ရော။ မျှင်နီ ဆိုတဲ့အကောင်က အနီရောင်သန်းပြီး အကောင်က သွားကြားထိုးတံထက်တောင် သေးသေးတယ်။ အကောင်ကတော့ လက်မဝက်လောက် ရှည်တယ်။ အဲ … မျှင်ပြာကတော့ မျှင်နီထက်တောင် သေးသေးတယ်။ ပိုပြီး နူးညံ့တယ်။ မျှင်နှစ်မျိုးစလုံး ရေငန်မှာနေတဲ့ အကောင်တွေဆိုတော့ ပင်လယ်မှာပဲ အုပ်စုလိုက် နေထိုင်ကျက်စားကြတယ်ကွ”

ဦးလေးတင်ထွန်း စကားရပ်ပြီး ဆေးတံအိုးမှ ဆေးချေးကို ခေါက်ထုတ်ပြီး ဆေးသစ်ထည့်ကာ ခဲ၍ မီးညှိလိုက်သည်။

လှေမှာ နှင်းမှုန်ကလေးများအကြား စက်၏အရှိန်၊ ရေစီး၏ ပံ့ပိုးကူညီမှုကြောင့် ရေပြင်ပေါ်ဝယ် သွက်သွက်လေး ပြေးနေသည်။

လေတဟူးဟူး တိုးနေသောကြောင့် သုံးယောက်စလုံး ပုဆိုးဟောင်းများကို ဦးခေါင်းပါအုပ်၍ စွပ်ခြုံထားသည်။

လဆန်း ရေသေပတ်မို့ မြစ်ကမ်းစပ်ရှိ သစ်ပင်ကြီးငယ်တို့ကို ဝိုးတဝါး ငေးမောရင်း ခရီးထက်ဝက် ကျော်လာပြီ။ နောက်ထက် ၄၅ မိနစ်ခန့်ကြာလျှင် လုပ်ငန်းစမည့်နေရာ ရောက်မည်။

ဦးလေးထွန်းမှာ ပါးစပ်က ဆေးတံမီးခိုးများကို မှုတ်ထုတ်ရင်း –

“ဒီမျှင်ကောင်တွေကို ဖမ်းလို့ရနိုင်တဲ့ ရာသီကတော့ တန်ဆောင်မုန်းလကနေ တပေါင်းလလောက်အထိပဲ။ အထူးသဖြင့် နှင်းကျတဲ့အချိန်တွေမှာ ပင်လယ်ပြင်ကနေ အုပ်စုလိုက် ကမ်းပြန့်နှင်းသောင်စပ်တွေကို ရောက်လာတတ်တယ်။

ပြီးတော့လည်း လဆန်း၊ လဆုတ် ရေသေရက်တွေမှာ ပိုလာတတ်တယ်။ ရှေးတံငါကြီးတွေ အဆိုအရ ‘နှင်းသောက်’ တယ်လို့ ပြောကြတာပေါ့။ အဲ … သောင်စပ်ကမ်းနားတက်လာတဲ့ အကောင်တွေကို ဒိုင်းဝန်း၊ ဆွဲပိုက်၊ ခွပိုက်တွေနဲ့ ဖမ်းကြတာပေါ့။

ဧရာဝတီတိုင်းဒေသကြီးတို့လို၊ တနင်္သာရီတိုင်းဒေသကြီးတို့မှာတော့ ပင်လယ်ရေတိမ်ပိုင်းမှာ ရင်ကွဲဝါးပိုး ဝါးဖောင်နဲ့ ကျားထောင်သလို ထောင်ဖမ်းတာလည်း ရှိတယ်ကွ။ သူတို့ကတော့ လုပ်ငန်းကြီးသမားတွေပေါ့ကွာ။

မျှင်တွေက သူတို့ကြိုက်တဲ့ ရေ အပူအအေး၊ နှင်းအနည်း အများနဲ့ လေတိုက်တဲ့အခြေအနေကို လိုက်ပြီး တက်ကြတာဆိုတော့ သူတို့ အမြူးများတဲ့ရက်တွေကို ဆွဲပိုက်သမားတောင် တစ်ရေ တင်း လေးငါးဆယ် ရကြတယ်။ ဒါက မျှင်နီကို ပြောတာနော်။

မျှင်ပြာကတော့ ဒီလိုမဟုတ်ဘူး။ ရေစီးနဲ့ လိုက်လာပြီး သောင်စပ်၊ ကမ်းစပ် ကမ်းယပ်အခြေမှာ ခိုနေတတ်ကြတယ်။ ဒီကောင်လေးတွေကို ပိတ်စိမ်းပါး၊ ဒိုင်းဝန်းနဲ့ စိတ်ရှည်လက်ရှည် လိုက်ရှာခပ်ရတယ်။ သူက များများစားစားတော့ မရတတ်ဘူး။ တစ်ရေခပ်မှ လေးငါးဆယ်သားပဲ ရတယ်။ ပိုပြီးနူးညံ့တော့ သူ့များ ငါးပိလုပ်စားလို့ကတော့ ပုစွန်ဆီစားရသလို အရသာရှိတာကွ။ မျှင်ပြာ (မိုးတိမ်မျှင်) ငါးပိက ရှာရတာ အရအမိနည်းတော့ ပေါပေါများများ မရှိဘူး။ ရောင်းသူလည်း နည်းသလို ဈေးကလည်း ကြီးတယ်ကွ”

“ကျွန်တော်တို့ အခု သွားဖမ်းမှာက မျှင်နီပေါ့နော် ဦးလေးထွန်း။ နောက်ပြီး ပင်လယ်ပြင်မှာ ဝါးဖောင်နဲ့ ထောင်တဲ့ အကြောင်းလည်း ပြောပြပါဦး”

“နေဦးကွာ … ခု လုပ်ငန်းခွင်ကို ရောက်ချိန်နီးနေပြီဆိုတော့ အပြန်မှ အေးအေးဆေးဆေး ပြောပြမယ်ကွာ”

“ဟုတ် … ဟုတ်ကဲ့ ဦးလေးထွန်း”

xxx xxx xxx

နံနက်လင်းစ နှင်းမှုန်နှင့် ရေငွေ့တို့အောက်မှာ မှုန်ရီဝိုးတဝါး တွေ့ မြင်ရသော ရှည်လျားကျယ်ပြန့်လှသည့် ကမ်းစပ်သဲသောင်ပြင်မှာ ကြည့်ကောင်းလှသည်။

ပင်လယ်ရေတက်စပြုပြီး ဂယက်လှိုင်းကလေးများမှာ ကမ်းစပ်ကို အပြေးအလွှားတက်လာပြီး အလျင်အမြန် ပြန်ဆုတ်သွားပြီး ရေ တဖြည်းဖြည်း မြင့်တက်လာသည်။

အလင်းရောင်ကောင်းစွာ ရရှိသည့် အချိန်တွင် ပင်လယ်ရေ ရောက်တန်းပင် ရောက်တော့မည်။

ထိုစဉ် ဦးလေးထွန်းမှာ ဆေးတံကိုခဲလျက် လှေပေါ်ကနေ၍ သောင်ပြင်ကမ်းစပ်သို့ ဆင်းသည်။ ပြီး ကြည်လှ၏ ရင်တွန်းပိုက်ကို ဆွဲယူ၍ ကမ်းစပ်သဲခုံတွင် တွန်းထိုးကာ ဖော်ကြည့်သည်။

နှစ်ခါလောက် စမ်းထိုးပြီးမှ −

“ကဲ …ဖိုးချမ်းကြီးရေ၊ တို့လုပ်ငန်းစကြမယ်ဟေ့။ အဲဒီမှာ လှေကို ထိုးဝါးခိုင်ခိုင်စိုက်ပြီး ချည်ထားခဲ့။ ပြီးတော့ ဆွဲပိုက်ကလေးကို ယူခဲ့တော့။ ဟိုကောင် ကြည်လှလည်း လာ။ မင်း ရင်တွန်းကို မင်းထိုးလို့ရပြီကွ”

“ဟုတ်ကဲ့ ဦးလေးထွန်း လာပြီ … လာပြီ”

လှေအတွင်းမှ နှစ်ဖက်လက်နားတွင် လက်ဆွဲရန်နှင့် ပိုက်သားအိတ်သဖွယ် ဖြစ်စေရန် တွန့်ရှုံ့ချည်ထားသော တစ်လံခန့်ရှည်သည့် ဆွဲပိုက်လေးယူ၍ ပေးလိုက်သည်နှင့် ဦးလေးထွန်း တစ်ဖက်လက်နားတုတ်ကို လှမ်းကိုင်ရင်း-

“ဖိုးချမ်းကြီး … မင်း ရေနက်ဘက်က နေမလား၊ ကမ်းစပ်က နေမလား … ပြောကွာ”

“အာ… ဦးလေးထွန်းကလည်း၊ ဦးလေးထွန်း ရေနက်ဘက်လာနေရင် အားစိုက်နေရမှာပေါ့။ ကျွန်တော်က လူငယ်ပဲ၊ ရေနက်ဘက်က နေပါ့မယ်”

“အေး … အေး မင်းသဘောပဲ။ အလုပ်ဆိုတာက ဘယ်ကိစ္စပဲလုပ်လုပ် အနည်းနဲ့အများတော့ အားစိုက်ရတာချည်းပဲကွ။ အေး … ကိုယ်စိုက်လိုက်ရတဲ့အား အချည်းနှီးမဆုံးရှုံးဖို့ပဲ အရေးကြီးတယ်ဟေ့။ ကဲ … ရော့ တစ်ဖက် လက်နားတုတ်”

ဦးတင်ထွန်း ကမ်းပေးလာသည့် ပိုက်လက်နားတစ်ဖက်တုတ်ကို ကိုချမ်းအေး လှမ်းယူပြီး သူမေးထိုးပြရာ ပင်လယ်ရေပြင်တွင်းသို့ ဆင်းလိုက်သည်။ ရေအနက် ခါးအထက်ကျော်ကျော် ရင်စို့နားရောက်သည်နှင့် ဦးတင်ထွန်းက ‘ပိုက်ဆွဲမယ်ဟေ့’ ဟု ဆိုကာ ပိုက်ကို ရေဆန်နှစ်ယောက်သား ခြေလှမ်းညီညီနှင့် ဆွဲလိုက်ကြသည်။

ဦးတင်ထွန်းက ကမ်းစပ်ဘက် ရေတိမ်ရာမှ ဆွဲရသော်လည်း အသက်ရွယ်ကြောင့် အားစိုက်ဆွဲနေရသည်။ ရေဆန်လည်းဖြစ်သည့်အပြင် ပိုက်မှာ ပိုက်ကွက်စိပ်ကလေး ဖြစ်သည့်အတွက် ပိုက်ကျဲဆွဲရသည်ထက် လေးနေသည်။

ပိုက်ဆွဲနေရာမှ ကြည်လှကို လှမ်းကြည့်လိုက်စဉ် ရေဒူးလောက်သာနက်သော ကမ်းပြန့်တွင် ရင်တွန်းထိုးနေသည်။ ပိုက်ကို လက်လံ ၅၀ ခန့်ဆွဲ၍ တစ်ခါဖော်ကြည့်သည့်အခါ မျှင်ကောင်လေးများ လေးပြည်သားခန့် မိနေသည်။

ပိုက်ဆွဲချိန် တစ်နာရီကျော် ကြာလာပြီ။ ပင်လယ်ရေမှာလည်း ရေဝက်တန်း ရောက်ခါနီးနေပြီ။ လှေဝမ်းအတွင်းရှိ တင်းဝင်တောင်း နှစ်လုံးတွင်လည်း မျှင်ကောင်များ ပြည့်လျှံကျနေသည့်အပြင် လှေဝမ်းကန့် တစ်ကွက်ပင် ပြည့်လုနီးနေပြီမို့ ပိုက်ကို ရေတွင် ခါဆေးသန့်စင်လိုက်ပြီး လိပ်သိမ်း၍ လုပ်ငန်းရပ်လိုက်တော့သည်။

လူသုံးယောက်နှင့် မျှင်ကောင် နှစ်တင်းခွဲလောက်ကို တင်လာသော ဦးတင်ထွန်း၏ စက်လှေမှာ အပြန်ခရီး၌ ရေတက်ရေစုန်ကြုံ၍ မြန်နှုန်းကောင်းနေသည်။

ပိုက်ဆွဲနေစဉ်က ခေတ္တအောင့်ထားရသော ဆေးတံကို တစ်အိုးပြီးတစ်အိုး အတိုးချ၍ ဖွာရင်း –

“ဟေ့ … ချမ်းအေးကြီး၊ ဒီမျှင်ကောင်လေးတွေကို ငါးပိဖြစ်အောင် လုပ်တတ်ရဲ့လား”

“ဘာလုပ်တတ်မှာလဲ ဦးလေးထွန်းရာ။ ဖမ်းတာတောင် ဒီတစ်ခါပဲ ဖမ်းဖူးသေးတာဗျ”

“အေး … ဒါဆို ငါးပိလုပ်နည်း ပြောလိုက်မယ်။ မင်းသေသေချာချာ လုပ်ပေတော့။ ပထမဆုံး မျှင်ကောင်တွေကို ရေဆေးပြီး ခဏစစ်ထား။ ပြီးရင် ဆားအသင့်အတင့်ပက်ပြီး နေ့ဝက်လောက် နေပြလိုက်ကွာ။ ရေလုံးဝ စစ်သွားပြီ၊ အကောင်ကလေးတွေ တောင့်သွားပြီဆိုရင် ဇလုံ ဒါမှမဟုတ် တောင်းတစ်ခုခုထဲ ပြောင်းထည့်။ နောက် အကောင်ကလေးတွေ ကြေညက်အောင် မောင်းလက်ဆုံ၊ ငရုတ်ဆုံထဲထည့်ပြီး ထောင်းပေတော့။ တစ်ထပ်နဲ့ မညက်ရင် နှစ်ထပ်၊ သုံးထပ်၊ လေးထပ် ကြေညက်တဲ့အထိ ထောင်းနော်။ ထောင်းလို့ရလာတဲ့ အဖတ်တွေကို ဆန်ခါထဲထည့်ပြီး ထွက်လာတဲ့အရည်တွေကို စစ်ယူထား။

အဲဒီ မျှင်ကြေရည်ကို ငံပြာရည်ချက်လိုက်စမ်း၊ ဘာအချိုနဲ့မှ မတူတဲ့ မျှင်ငံပြာရည် ရတာပေါ့။ အဲ … ရေစစ်သွားတဲ့ အဖတ်တွေကို အိုးတစ်လုံးထဲမှာ စုပြီး သိပ်။ နောက် ယင်မနားနိုင်အောင် အိုးဝကို အဝတ်စနဲ့ ပိတ်ထား။ ဆယ့်လေးငါးရက်ကြာလို့ အသားနပ်ချိန်ရောက်ရင် အကောင်းစား ထိပ်တန်းမျှင်ငါးပိကို ရပြီပေါ့။ မျှင်ကောင်စိမ်းတစ်တင်းကို ငါးပိခြောက်ပိဿာလောက်တင်တော့ မင်းတို့နှစ်အိမ် ဒီတစ်မိုး တစ်ဆောင်းတော့ ကောင်းကောင်းလောက်တာပေါ့”

xxx xxx xxx

စက်လှေ အိမ်ဆိပ်သို့ရောက်သည်နှင့် ဦးလေးထွန်း ခွဲပေးသော မျှင်တစ်တင်းခွဲကို နှစ်ယောက်သား ထမ်းရင်း အိမ်အမြန်ပြန်ခဲ့သည်။ ကိုချမ်းအေး မျှင်ကောင်များကို ရေဆေးရင်းမှ ထမင်းစားပြန်သည့် ကြည်လှကို-

“ဟေ့ကောင် ကြည်လှ၊ မြန်မြန်စားပြီး မြန်မြန်ပြန်လာခဲ့ကွာ။ မင်းပြန်လာရင်လည်း မိတင်ပါ တစ်ပါတည်း ခေါ်လာခဲ့။ ပြီးတော့ မျှင်ထောင်းရအောင်၊ မင်းအိမ်မှာရှိတဲ့ လက်ဆုံနဲ့ ငရုတ်ဆုံပါ ယူခဲ့ကွာ … ကြားလား”

“ဟုတ်ကဲ့ ကိုကြီးချမ်း”

ကိုချမ်းအေး မျှင်ကောင်များ ရေဆေးနေရာမှ ကြည်လှ ထွက်သွားသည်ကို လှမ်းကြည့်ရင်း တစ်ခါမျှ မလုပ်ခဲ့ဖူးသည့် မျှင်ငါးပိကို အဆင်ပြေ အောင်မြင်အောင် လုပ်နိုင်ပါ့မလားဟု တွေးရင်း သက်ပြင်းတစ်ချက် ချလိုက်မိလေတော့သည်။

(ဆရာ သောင်းမြင့်ဦး(ကွမ်းခြံကုန်း) ​၏ နားဝင်ပီယံခလောက်သံနှင့် အခြားဝတ္ထုတိုများ စာအုပ်မှ ကူးယူဖော်ပြပါသည်)

– ပြီး –

စာရေးသူ – သောင်းမြင့်ဦး(ကွမ်းခြံကုန်း)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ 2.0