ကုသ
မြင်ဆရာ သင်ဆရာ
“မုဆိုးစိုင်သင်”ဟူသော မြန်မာတို့ ဆိုရိုးစကားအရ
စိုင်သတ္တဝါများသည် မုဆိုးများအား တောလိုက်နည်းအသွယ်သွယ်တို့ကို သင်ကြားပြသပေးသည်ဟု ဆိုရာရောက်ပေသည်။ သို့နှင့်အမျှ အကြင်မုဆိုးတစ်ယောက်သည် တောတောင်များအတွင်း၌ စိုင်သတ္တဝါတစ်ကောင်ကိုမျှပင် ပစ်ခတ်၍ မရဖူးသေးပါက ထိုမုဆိုးသည် အခြား ဆင် ပြောင် ကြံ့ အစရှိသော သားကောင်များကို ပစ်ခတ်ရရှိနိုင်ခဲ့စေကာမူ မုဆိုး မပီသသေး (ဝါ) မုဆိုးပဂေးကြီးတစ်ယောက်အဖြစ်သို့ မရောက်သေးဟု မုဆိုးလောက်တွင် ပြောစမှတ်ပြုထားကြလေသည်။
ကျွန်ုပ် မောင်ရဲသည် သားကောင်များစွာတို့ကို ပစ်ခတ်ရရှိခဲ့ပြီးဖြစ်ရာ စုစုပေါင်း ကောင်ရေတထောင်ပင် ကျော်လာခဲ့ပေပီ။ သို့ငြားလည်း စိုင်သတ္တဝါ တစ်ကောင်တလေမျှကိုပင် ပစ်ခွင့်မရနိုင်ခဲ့သေးချေ။ အဘယ်ကြောင့်ဆိုသော် စိုင်သည် တောတွင်းပျော်သားကောင်ကြီးများအနက် ပစ်ခတ်ရန် အခက်အခဲဆုံးသော သားကောင်မျိုးဖြစ်နေချေသောကြောင့်ပင်တည်း။
သို့ဖြစ်ရကား ကျွန်ုပ်သည် ကသာခရိုင် မန်ဒန်ကျေး ရွာနေ ရွာခေါင်း ကိုဖိုးစု၏ ဖိတ်ခေါ်ချက်အရ စိုင်ကြီးတစ်ကောင်ကို ပစ်ခတ်ရရှိလိုသောကြောင့် ၁၉၃၅ ခုနှစ် မတ်လတွင် ယင်းရွာသို့ မောင်သန်းခေါင်နှင့်အတူ ရောက်ရှိလာခြင်း ဖြစ်ပေသည်။
ရွာခေါင်းကြီး ကိုဖိုးစုသည် ကျွန်ုပ်တို့အား ကောင်း မွန်ဖော်ရွေစွာ ကြိုဆိုဧည့်ခံကျွေးမွေးပေတော့သည်။
ကျွန်ုပ်သည် ရောက်သည့်ရက်တွင် နံနက်စာကို ပဲကြီးဟင်းချိုနှင့် အသားခြောက်ကြော်တစ်မျိုးကို စားရသည်တွင် လွန်စွာ ခံတွင်းတွေ့မိသောကြောင့်
“အင်မတန် အရသာထူးလှတဲ့ အသားကြော်ပါလား ကိုဖိုးစု။ ဘာအသားခြောက်ပါလဲ”
“ဟုတ်ပ . . . တခြားမဟုတ်ပါဘူး။ ချေသားခြောက်
တွေပါ ကိုရဲ။ ချေသား အစိမ်းသက်သက်ကို နေမှာ တစ်ရက်လှန်းပြီးမှ ကြော်လို့ တစ်မျိုးအရသာထူးတာပေါ့။ အစိမ်းသက်သက်ကိုသာ ကြော်ရင် အရသာ ဒီလောက်မကောင်းလှပေဘူး။
ကျုပ်တော့ဖြင့် ချေပစ်လို့ရတိုင်း အသည်းနှလုံးတွေကို ပထမ ဆီပြန်ဟင်းချက်စားလိုက်ပြီး ကျန်ရှိတဲ့ အသားတွေကိုတော့ ဓားနဲ့ ပါးပါးညှင်းပြီး နေလှန်းထားလိုက်တော့တာပဲ။ ဒီလို နေလှန်းထားတဲ့ အသားခြောက်တွေကို နောက်ထပ် ချေတစ်ကောင်ပစ်လို့ မရသေးခင်မှာ ခရမ်းချဉ်သီးနဲ့ရောပြီး နေ့စဉ် ဆီပြန်ဟင်း ချက်လိုချက်၊ ကြော်လိုကြော်ပြီး စားနေတော့တာပဲ။
မနှစ်က ကိုရဲ ကျုပ်ကို လက်တွေ့သင်ပြခဲ့လို့ ယမ်းတောင့်ခွံလွတ်တွေကို ကျုပ် ကောင်းကောင်းကြီး ပြန်လုပ်တတ်နေပြီလေ။ မနှစ်က ကိုရဲ ရွှေဘိုကို ပြန်သွားတဲ့ရက်ကစပြီး ဒီနေ့အထိ ကျုပ် ချေ အကောင်တစ်ရာကျော် ပစ်လို့ရခဲ့ပြီလေ။ ကိုရဲရဲ့ ကျေးဇူးတွေကို ကျုပ် ဘယ်တော့မှ မေ့နိုင်တော့မယ်မဟုတ်ပါဘူး။
ချေတွေကို ပစ်ခတ်လို့ ရလာရင် တစ်နိုင်စားပြီး ပိုလျှံတဲ့အသားတွေကို အခြောက်လှန်းပြီးတော့ ကသာဈေးမှာ တက်ရောင်းတော့တာပဲ”
“အလို ချေကောင်ရေ မနည်းတော့ပါလား။ ဒီချေတွေကို ရွာခေါင်းကြီး ဘယ်လိုပစ်ခဲ့ပါသလဲ။ တောထဲသွားချောင်းပြီး ပစ်သလား။ တောချောက်ပြီး ပစ်သလား။ သစ်ပင်ပေါ်မှာ လင့်စီးပြီး ပစ်သလား”
ကိုဖိုးစုသည် အနည်းငယ်ပြုံးပြလိုက်ပြီးနောက် . . .
“လွယ်လွယ်ကလေးပါ ကိုရဲ။ ကျုပ် ချောင်းလည်း မချောင်း၊ တောလည်းမခြောက်၊ လင့်လည်း မစီးခဲ့ပါဘူး။ ဒီချေတွေကို နှဲခင်မှုတ်ပြီး ပစ်ခဲ့ဟာပါပဲ။ လွယ်ပါဘိသနဲ့။ ကျုပ် နှဲခင်မှုတ်ပြပါမယ်”
ဟု ပြောပြီးနောက် ကိုဖိုးစုသည် မိမိအိပ်ခန်းတွင်းသို့ ဝင်ရောက်သွားပြီး နှဲခင်ငယ်တစ်ခုကို ယူဆောင်လာ ခဲ့တော့သည်။
“ဟောဒီမှာ ကိုရဲ နားထောင်ပါ။ ကျုပ် နှဲခင်ကို မှုတ်ပြပါမယ်။ ဒီနှဲခင်မှုတ်သံ ကြားရတဲ့နေရာဆီကို ချေတွေ အမြဲလိုလို လာလေ့ရှိတယ်။ ဘာကြောင့်လဲဆိုရင် နှဲခင်မြည်သံဟာ ချေသားငယ်အော်သံနဲ့ အင်မတန်တူတာကိုး။ နှဲခင်မှုတ်သံကို ကြားမိရင် တစ်ခါတရံတော့ ချေတွေသာမက ကျားတွေ၊ ကျားသစ်တွေနဲ့ တောဝက်တွေလည်း ရောက်လာတတ်ကြတယ်”
သို့ ပြောပြီးနောက် ရွာခေါင်းကြီးကိုဖိုးစုသည် နှဲခင် ငယ်ကို အသံရှည်ရှည် မှုတ်ပြလေတော့ရာ အသံမှာ ပီ ပီ ပီ နှင့် ချွဲချွဲပျစ်ပျစ် ကနွဲ့ကလျ ရှိလှပေတော့သည်။
ကျွန်ုပ်လည်း နှဲခင်မှုတ်သံတွင် အထူးပင် စိတ်ဝင်စား သွားမိပြီး . . .
“ဟုတ်ပ . . . နှဲခင်ရဲ့အသံကဖြင့် အင်မတန် သနားစရာကောင်းတဲ့ အသံပါပဲ။ ကိုဖိုးစု ဘယ်နေရာမှာသွားပြီး မှုတ်ပါသလဲ။ မှုတ်လိုက်တိုင်း ချေတွေ လာကြပါသလား”
“ဟုတ်ပ … ကျုပ်အိမ်မှာ အသားခြောက်တွေ ကုန် သွားရင် ဒီရွာရဲ့အနောက်ဘက် တောင်ခြေရင်းမှာရှိတဲ့ တောထဲကိုသွားပြီး မှုတ်ပါတယ်။ မှုတ်သံကြားတဲ့ ချေတိုင်းလိုလို လာကြတော့တာပဲ။ ကျုပ်က ချုံတစ်ချုံထဲကို ဝင်ပုန်းပြီး မှုတ်တာကိုး။ တစ်ခါတစ်ရံ ချေတွေဟာ ကျုပ်နဲ့ တစ်လံနှစ်လံလောက်နီးနီး ကပ်လာတတ်ကြတယ်။ တေ့ပြီးပစ်ရလို့ ဘယ်တော့မှ မလွဲခဲ့ပါဘူး။ သစ်ပင်ပေါ်မှာ လင့်စီးပြီးပစ်ရတာက ပင်ပန်းလွန်းလှတယ်”
“ဟုတ်ပ . . . တကယ်ထူးတဲ့ နှဲခင်ပါလား။ ကျုပ် တော့ဖြင့် ဒီနည်းကို မသိရသေးတော့ ချေတွေကို တောခြောက်ပြီး ပစ်ခဲ့ရတော့တာပဲ။ ဒါပေမဲ့ ချေတွေဟာ အင်မတန် အပြေးမြန်ကြလို့ ပစ်လိုက်တိုင်း မထိမှန်နိုင်ခဲ့ပါဘူး။ ချောင်းပြီး ပစ်ပြန်တော့လည်း အင်မတန် ပါးနပ်ကြလို့ ရခဲပါဘိခြင်း …”
“ဟုတ်ပ”
“နှဲခင်မှုတ်သံကြားလိုက်ရင် တစ်ခါတစ်ရံတော့လည်း ကျားသစ်နဲ့ တောဝက်တွေလာကြလို့ ကျုပ်ပစ်တာ ကျားသုံးကောင်၊ ကျားသစ်နှစ်ကောင်နဲ့ တောဝက်ငါးကောင်တောင် ရခဲ့ဖူးပြီကလား”
“အလို ဟုတ်လှချေကလား။ ရွာခေါင်းကြီး အခုလို မှုတ်ပြပြောပြတဲ့အတွက် အလွန်ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒီနှဲခင်နဲ့ မှုတ်ပြီး ချေတွေခေါ်တဲ့နည်းကို ကျုပ် လက်တွေ့သင်ယူလိုပါတယ်။ ဒါကြောင့် ကျုပ်ကို ဒီနေ့ညနေမှာ ရွာအနောက်ဘက်က တောထဲကို ခေါ်ဆောင်ပြီး လက်တွေ့ပြသပါလား ခင်ဗျာ”
“ဟုတ်ပ ဒီနေ့ညနေ နှစ်နာရီအချိန်လောက် ကျုပ်တို့ ရွာက ထွက်ကြတာပေါ့။ ကိုရဲ ရိုင်ဖယ်သေနတ်ကြီးကို ယူဆောင်သွားဖို့တော့ မလိုပါဘူး။ နှစ်လုံးပူးသေနတ်နဲ့ ချေပစ် ယမ်းတောင့်တွေကိုသာ ယူလာပါ။ ဒါပေမဲ့ တစ်ခါတစ်ရံတော့လည်း တောဝက်တွေ၊ ကျားတွေ၊ ကျားသစ်တွေ လာတတ်ကြလို့ ၉လုံးကျည်ယမ်းတောင့်တွေကိုလည်း ယူလာပါနော်”
“ဟုတ်ပ . . . ဟုတ်ပ”
xxx xxx xxx
ထိုရက်ညနေ ၃ နာရီအချိန်ခန့်တွင် ကျွန်ုပ် မောင်ရဲ၊ သန်းခေါင်နှင့် ရွာခေါင်းကြီး ကိုဖိုးစုတို့သည် မန်ဒန်ကျေးရွာ အနောက်ဖက် တောင်ခြေရင်းရှိ တောအတွင်းသို့ ရောက်ရှိနေကြတော့သည်။
ကျွန်ုပ်တို့သည် ချုံတစ်ချုံအတွင်းသို့ ဝင်ရောက်၍ နေရာယူပြီးကြသော် ကိုဖိုးစုသည် နှဲခင်ကို အသံရှည်ရှည် ချွဲချွဲပျစ်ပျစ် ကနွဲ့ကလျ တစ်ချက်ပြီးတစ်ချက် မှုတ်လေတော့သည်။
“ပီ … ပီ … ပီ … ပီ … ပီ … ပီ”
၁၅ ချက်မျှ မှုတ်ပြီးသော် ကျွန်ုပ်၏ ရှေ့ဆယ်လံ အကွာနေရာသို့ ချေထီးမတစ်စုံတို့ ဘွားခနဲ ရောက်လာကြပြီး နားရွက်များထောင်ကာ ရပ်တန့်နေကြစဉ် ကျွန်ုပ်လည်း S.G ယမ်းတောင့်နှစ်တောင့် ထိုးထည့်ထားပြီးဖြစ်သော (ဝက်စလီရစ်ချက်) နှစ်လုံးပူးသေနတ်ကိုပင့်ကာ ချိန်လိုက်တော့သည်။
ထိုခဏ၌ပင်လျှင် ဘာကြောင့်မသိ၊ ယင်း ချေမောင်နှံတို့သည် တစ်ပြိုင်ညီခုန်လွှားကာ ပျောက်ကွယ်သွားကြသည်၏ အဆုံးတွင် အလေးချိန် ပိဿ ၉၀ မျှရှိမည့် တောဝက်ထီးကော့ကြီးတစ်ကောင် (အစွယ်အလွန်ရှည်ပြီး အထက်သို့ ကော့တက်နေသော တောဝက်ထီးကြီး) သည် မမျှော်လင့်ဘဲနှင့် ပေါ်ပေါက်လာပြီး ဘေးတိုက်ရပ်နေသဖြင့် ကျွန်ုပ်လည်း ၎င်း၏လည်ပင်းကို ချိန်ကာ ပစ်လိုက်တော့ရာ သေချာစွာ ထိမှန်ပြီး လဲကျသွားသည်။
သို့ငြားလည်း လဲကျရာမှ တစ်ဖန်အားယူပြီး ထရပ် လေရကား ကျွန်ုပ်လည်း နောက်ထပ်တစ်ချက် ၎င်း၏လက်ပြင်နောက်သို့ ချိန်ကာ ပစ်လိုက်ပြန်တော့မှ လဲကျသေဆုံးသွားပေတော့သည်။
သို့ရာတွင် ကိုဖိုးစုသည် ကျွန်ုပ်တို့အား ချုံပြင်သို့
မထွက်စေသေးဘဲ
“နှဲခင်မှုတ်သံကြားလို့ ဂျီနှစ်ကောင်လာတာ ကိုရဲတွေ့မြင်ခဲ့ရပြီမဟုတ်လား။ ပစ်ရခါနီးမှာ သူတို့ဟာ တော ဝက်ကြီးရဲ့ အနံ့ကိုရကြလို့ လန့်ဖျပ်ပြီး ပြေးကြတော့တာပဲ။ ကိုရဲတို့ ခဏစောင့်နေကြပါဦး။ ကျုပ် နှဲခင်ကို ထပ်ပြီး မှုတ်ကြည့်ပါဦးမယ်”
စသည်ဖြင့် တီးတိုးရှင်းလင်း ပြောပြလေတော့ သည်။
၅မိနစ်ခန့်အကြာ တစ်တောလုံး တိတ်ဆိတ်ငြိမ်သက် နေစဉ် ကိုဖိုးစုသည် နှဲခင်ကို ယခင်ကကဲ့သို့ အသံရှည်ရှည် ကနွဲ့ကလျ တစ်ချက်ပြီးတစ်ချက် မှုတ်ပြန်တော့သည်။ ၁၂ ခါမှုတ်ပြီးသော် ဆယ်ပိသာမျှ အချိန်စီးမည့် ချေဖိုတစ်ကောင်သည် ကျွန်ုပ်တို့ ပုန်းအောင်းနေသော ချုံနှင့် ဆယ်လံကွာနေရာတွင် လာ၍နားစွင့်ကာ ရပ်နေသည်ကို တွေ့ရသောကြောင့် ကျွန်ုပ်လည်း နှစ်လုံးပူးသေနတ်ကို အသာပင့်ကာ ချိန်ပြီး ပစ်လိုက်သည်တွင် ထိမှန်ပြီး ချက်ချင်းလဲကျသေဆုံးသွားလေတော့သည်။
သို့မှ ကျွန်ုပ်တို့သည် ချုံပြင်ဘက်သို့ ထွက်၍ ကိုဖိုး စုသည် သေနေပြီဖြစ်သော ချေဖို၏ လက်နှစ်ဖက်နှင့် ခြေနှစ်ဖက်တို့ကို စုစည်းကာ နွယ်ကြိုးတစ်ချောင်းဖြင့် ချည်နှောင်ပြီးနောက် …
“ကိုရဲ . . . နှဲခင်ရဲ့အစွမ်းကို လက်တွေ့မြင်ခဲ့ရပြီ မဟုတ်လား။ ဘယ်လောက် လွယ်သလဲ။ နောက်ထပ် မှုတ်လိုက်ရင် ချေတွေ လာကြဦးမှာပဲ။ ဒါပေမဲ့ စားလို့ကုန်နိုင်မှာမဟုတ်တဲ့အတွက် နောက်ထပ်အလိုရှိတော့မှပဲ လာပြီး မှုတ်ကြ ပစ်ကြပြန်တာပေါ့။ အခု နေလည်း စောင်းလာပြီမဟုတ်လား”
“ဟုတ်ပ … ကျုပ် နှဲခင်ရဲ့အစွမ်းသတ္တိတွေကို မြင်ခဲ့ရပါပြီ။ ကိုဖိုးစုကို အလွန်ကျေးဇူးတင်ပါတယ်။ ရွာကို ပြန်ကြတာပေါ့”
“ဟုတ်ပ ရွာကိုပြန်ရောက်တော့မှ ကျုပ်ယောက်ဖနဲ့ သူ့အဖော်လေးယောက်ခန့်တို့ကို ဒီတောဝက်ကြီးဆီကို ပို့လွှတ်ပြီး ရွာကို ထမ်းပိုးနဲ့ ထမ်းဆောင်လာစေတော့မယ်။ ဒီချေကိုတော့ ကျုပ်တစ်ယောက် ထမ်းပြီး ပြန်နိုင်ပါတယ်။ ကိုင်း ကျုပ်တို့ ပြန်ကြစို့ရဲ့”
(၂)
ကျွန်ုပ်တို့သည် ထိုညတွင် ချေအသည်းနှလုံးဆီပြန် ဟင်း၊ တောဝက်သားကြော်တို့ဖြင့် အထူးမြိန်ရှက်စွာ စားသောက်ကြရပြီးနောက် လက်ဖက်ရည်ကြမ်းသောက်ရင်း စကားပြောဆိုနေကြတော့သည်။
“ကိုရဲ စားသောက်လို့ ကောင်းပါရဲ့လား”
“ဟုတ်ပ အလွန့်အလွန် ကောင်းပါတယ် ကိုဖိုးစု။ ကျုပ်တို့ကို စေတနာနဲ့ ချက်ပြုတ်ကျွေးမွေးတဲ့အတွက် ကျေးဇူးတင်လှပါတယ်”
“ဒါပေမဲ့ ကိုရဲတို့ကို ကျွေးရတာ ကျုပ် မကျေနပ်လှသေး ပါဘူး။ လူ့လောကမှာ အရသာအထူးဆုံးဖြစ်တဲ့ အသားဟင်း တစ်မျိုးနဲ့ ကျွေးချင်ပါသေးတယ်”
“အလို အရသာအထူးဆုံးဆိုတာ ဘာဟင်းမျိုးပါလဲ ခင်ဗျာ။ ချေသား၊ သမင်သားတွေထက်ပဲ ကောင်းပါသေးသလား”
“တခြားမဟုတ်ပါဘူး။ ဖွတ်သားဗျ … ဖွတ်သား။ လူ့ လောကမှာ ဘယ်အသားတွေနဲ့မျှ မတူအောင် ကောင်းတဲ့ အသားပါပဲ”
“အလို လူ့လောကမှာ ဖွတ်သားဟာ အရသာအရှိ ဆုံးအသား ဖြစ်ပါသလား”
“ဟုတ်ပ . . . ကောင်းလှပြီလား ကိုရဲ။ ဖွတ်သားထက် ကောင်းတဲ့အသားဟာ လူ့လောကမှာ မရှိတော့ပါဘူး။ အရသာအထူးဆုံးဖြစ်လို့ ဖွတ်သားကို ဘုရင် မဆက်နဲ့လို့တောင် စကားပုံရှိနေပြီ မဟုတ်လား”
“ဟုတ်ပ ဖွတ်သားကို ဘုရင်မဆက်ဖို့ တားမြစ်ထား တဲ့ စကားပုံပါပဲ။ ဖွတ်သားကို ဘုရင်ကိုဆက်တော့ ဘာဖြစ်တတ်ပါသလဲခင်ဗျာ”
“ဖွတ်သားဟာ လူ့လောကမှာ အရသာအရှိဆုံးအသား ဖြစ်လေတော့ ဘုရင်ကိုဆက်သလို့ ဘုရင်ပွဲတော်တည်မိရင် အရသာ ထူးလွန်းလို့ နောက်ထပ်တောင်းမိလိမ့်မယ်။ တောင်းလို့ နောက်ထပ် မပေးဆက်နိုင်ပြန်ရင် မုချ အသတ်ခံရလိမ့်မယ်။ ဖွတ်ဟာ လွယ်လွယ်နဲ့ လိုက်ဖမ်းလို့ ရတာမျိုးမဟုတ်ဘူး။ သစ်ခေါင်းထဲဝင်သွားရင် ဖမ်းလို့ မရနိုင်တော့ဘူး”
“ဟုတ်ပ”
“ဒါကြောင့် ယမ်းတောင့်လုပ်နည်းတွေကို မကွယ်ဝှက်ဘဲ ကျုပ်ကို လက်တွေ့သင်ပြခဲ့တဲ့ ကျေးဇူးတွေကို ပြန်ပြီးဆပ်ချင်တဲ့အတွက် ကိုရဲကို လူ့လောကမှာ အရသာအထူးဆုံးဖြစ်တဲ့ ဖွတ်သားဟင်းနဲ့ ထမင်းကျွေးချင်လှပါတယ်”
“ဟုတ်ပ- ဟုတ်ပ။ ကျုပ် ဖွတ်သားဟင်းကို တစ်ခါမှ မစားခဲ့ရဖူးသေးတဲ့အတွက် မြည်းစားကြည့်ချင်ပါတယ်။ စကားပုံထဲကလို အရသာထူးရင်ဖြင့်လည်း နောက်ထပ် မတောင်းပါဘူး။ တောင်းလို့မပေးနိုင်ရင်လည်း ကိုဖိုးစုကို ကျုပ် မသတ်ဝံ့ပါဘူး။ ကျုပ်တော့ တောက်တဲ့ကြီးနဲ့ တူလွန်းလို့ ဖွတ်သားကို မသတီခဲ့ပါဘူး”
“စားသာ စားကြည့်စမ်းပါ ကိုရဲ။ တကယ့်ကို အရသာထူးတဲ့ အသားပါပဲ။ ကိုရဲ အသားတစ်တုံးလောက် စားမိရင် အကြောပေါင်းတစ်ထောင် စိမ့်သွားမှာ အမှန်မုချပဲ။ ဖွတ်ဟာ အမြင်သာမလှတယ်၊ အရသာတော့ ပြိုင်ဘက်ကင်းပါပဲ။ လူ့ လောကမှာ ဖွတ်သားထက်ကောင်းတဲ့အသား မရှိတော့ပါဘူး။ ကျုပ်ပြောတာ ယုံပါနော်”
“ဟုတ်ပ ကိုဖိုးစု။ ဒီလောက် အာမခံပြီး တိုက်တွန်းနေမှဖြင့် ကျုပ် မြည်းစားကြည့်ချင်ပါပြီ။ ဒါပေမဲ့ ဖွတ်ကို ဘယ်မှ တွေ့နိုင်မလဲ”
“ဖွတ်ကို ရှာရင် တွေ့နိုင်ပါတယ်။ ခွေးကောင်းရင် ရဖို့ မခက်လှပါဘူး။ မနေ့ညနေက ကျုပ်တို့ ချေနဲ့ တောဝက်တွေကို နှဲခင်နဲ့ မှုတ်ပြီးပစ်ခဲ့တဲ့ တောရဲ့ မြောက်ဖက် ခရီးငါးရာတွင်း အကွာနေရာလောက်မှာ လျှိုမြောင်တွေရှိကြတယ်။ အဲဒီ လျှို မြောင်တွေထဲမှာ ခွေးတွေနဲ့ ခြောက်ထုတ်လိုက်ရင် ဖွတ်ဟာ ပြေးထွက်လာတော့တာပဲ။ အဲဒီလို ပြေးထွက်လာတုန်းမှာ နှစ်လုံးပူးသေနတ်နဲ့ ပစ်ရင် ရနိုင်ပါတယ်။ ပစ်ရမခက်ပါဘူး”
“နှစ်လုံးပူးသေနတ်နဲ့ ပစ်ရလောက်အောင် ဒီဖွတ်တွေ ဟာ အရွယ်ပမာဏ ဘယ်လောက်ကြီးကြလို့လဲ”
“ဒီလိုပါ ကိုရဲ။ ဖွတ်ဟာ ဖွတ်မွဲ၊ ဖွတ်ကျားနဲ့ ဖွတ်မင်းရယ်လို့ သုံးမျိုးရှိပါတယ်။ ကျုပ်တို့ မနက်ဖြန် သွားပစ်ကြမယ့် ဖွဟ်မျိုးကတော့ ဖွတ်မင်းမျိုးဖြစ်တယ်။ နှာဖျားက မြီးဖျားအထိ နှစ်လံလောက်ရှည်တယ်။ ကိုယ်လုံးကတော့ နှစ်တောင်ပတ်လည်လောက် ရှိလိမ့်မယ်”
“အလို ရှည်လှကြီးပါကလား။ တကယ်ဘဲ ဒီလောက် ရှည်၊ ဒီလောက်ကြီးပါသလား။ ကျွန်တော် ရွှေဘိုမြို့အရှေ့ ဘက်က တောတောင်တွေထဲမှာ မကြာမကြာ မြင်တွေ့ခဲ့ရတဲ့ ဖွတ်တွေကတော့ဖြင့် အရှည်နှစ်တောင်ထက် ပိုလိမ့်မယ်မထင်ဘူး။ အရောင်ကတော့ မွဲခြောက်ခြောက်နဲ့”
“ကိုရဲ ရွှေဘိုမှာ မြင်တွေ့ခဲ့ရတဲ့ ဖွတ်တွေဟာ ဖွတ်မွဲလို့ ခေါ်တယ်။ ဒီဖွတ်မျိုးပေါ့။ အိမ်ပေါ်တက်လာရင် အိမ်ရှင်ဟာ တစ်ခါတည်း မွဲပြာကျသွားတော့တာပဲ။
“ဟုတ်ပ၊ အလွန်မကောင်းတဲ့ ဖွတ်မျိုးပါကလား”
“ကျုပ်တို့ ရွာနောက်ဘက်က တောတောင်တွေထဲမှာ နေပျော်ကြတဲ့ ဖွတ်တွေကိုဖြင့် ဖွတ်မင်းလို့ ခေါ်ကြတယ်။ ဖွတ်မင်းတွေရဲ့အရောင်ဟာ မွဲခြောက်ခြောက်မဟုတ်ပဲ အစိမ်းပုပ် ဖြစ်ကြတယ်။ ဒီဖွတ်မင်းတွေဟာ အတော်အသက်ကြီးလာပြီဆိုရင် မိကျောင်းဖြစ်ပြီး မြစ်ထဲကို ပြောင်းရွှေ့နေထိုင်ကြတော့တာပဲ။ မြစ်ထဲရောက်တော့လည်း ဘာသတ္တဝါကိုမှ အရှင်မထားတော့ဘဲ တွေ့သမျှကို စားပစ်ကြတော့တာပဲ။ ဒါကြောင့်လည်း “ဖွတ် မိကျောင်းဖြစ် မြစ်မချမ်းသာ”ဆိုတဲ့ စကားပုံဖြစ်ပေါ်လာခဲ့ရတာပေါ့”
“ဟုတ်ပ- ဟုတ်ပ”
“ကိုရဲ ဒီဖွတ်မင်းမျိုးကို မနက်ဖြန် ပစ်ရပါစေ့မယ်။ အင်း အတော်တော့ ညဉ့်နက်သွားပြီ။ ဒါကြောင့် အိပ်ရာဝင်ပြီး အပန်းဖြေ အနားယူကြစို့ရဲ့။ နက်ဖန်မနက်စောစော လက်ဖက်ရည်ကြမ်းသောက်ပြီးတဲ့အခါ ဒီဖွတ်မင်းနေလေ့ရှိတဲ့ တောကို သွားပြီး ပစ်ကြတာပေါ့။ ကျုပ်လိုက်ပြပါမယ်”
xxx xxx xxx
နောက်ရက်နံနက်တွင် ကျွန်ုပ်တို့သည် ကောက်ညှင်း ပေါင်းနှင့် တောဝက်သားကြော်တို့ကို အဝစားသောက်ကြပြီးနောက် မင်ဒန်ကျေးရွာအနောက်ဘက်ရှိ လျှိုမြောင်များဖြင့် ပြည့်လျှမ်းနေသော တောတောင်များဆီသို့ ဦးတည်ကာ သွားကြတော့သည်။
ကိုဖိုးစုနှင့်အတူ သူ၏ယောက်ဖလည်း အမဲလိုက် ခွေးငါးကောင်နှင့် လိုက်ပါလာသည်။
ကျွန်ုပ်တို့ ရွာမှထွက်၍ နှစ်နာရီခန့်အကြာတွင် တောင်ခြေသို့ ရောက်ကြပြီး တစ်ဖန် ခရီးဆက်ကြပြန်ရာ နာရီဝက်ခန့် အကြာတွင် လျှိုမြောင်ကြီးတစ်ခုခြေရင်းသို့ ရောက်ကြတော့သည်။
“ကိုရဲ . . . ဟောဒီ ချုံကွယ်မှာ ရပ်စောင့်နေပြီး မြောက်ဖက်ကို ကြည့်နေပါ။ ကျုပ်တို့ တောင်ခါးပန်းပေါ်တက်ပြီး ဖွတ်မင်းကို ခွေးတွေနဲ့ ချောက်ထုတ်ပေးကြမယ်။ ဖွတ်မင်းဟာ အကောင်ကြီးတယ်။ ရှည်လည်းရှည်တယ်။ အစိမ်းပုပ်အရောင် ဖြစ်နေလို့ သစ်ရွက်စိမ်းလို့ ထင်မှတ်မှားကြတယ်။ ဒါကြောင့် သေသေချာချာ ကြည့်ပါနော်။ သူ့ကို ချေပစ်တဲ့ ယမ်းတောင့်နဲ့ ပစ်ရင် ရနိုင်ပါတယ်”
စသည်ဖြင့် တီးတိုးပြောဆိုမှာထားပြီးနောက် ကိုဖိုးစုသည် သူ၏ယောက်ဖ၊ ခွေးငါးကောင်နှင့်အတူ တောင်ခါးပန်းပေါ်သို့ တက်ရောက်သွားလေတော့သည်။
နာရီဝက်ခန့်အကြာတွင် တောင်ခါးပန်းတက်မှ လူသံ နှင့် ခွေးဟောင်သံများကို ကြားရသဖြင့် ကျွန်ုပ်လည်း ၁၂ လုံးကျည်ယမ်းတောင့်နှစ်တောင့် ထိုးသွင်းထားသော နှစ်လုံးပူးသေနတ်ကို အသင့်ကိုင်ထားပြီး ဖွတ်မင်းပြေးထွက်လာမည်ကို စောင့်မျှော်ကြည့်ရှုနေတော့သည်။
ခွေးဟောင်သံများသည် တဖြည်းဖြည်း နီးသည်ထက်နီး၍လာပြီးနောက် တစ်နေရာတွင် ခွေးများ ဝိုင်းအုံစုပေါင်းပြီး တစ်ပြိုင်ညီဟောင်ကြသော အသံများကို ကြားနေရစဉ် ကိုဖိုးစုသည် တောင်ခါးပန်းမှ ကျွန်ုပ်တို့ရှိရာသို့ အမြန်ပြေးဆင်းလာပြီး ကျွန်ုပ်အား လက်ယပ်ခေါ်သောကြောင့် ကျွန်ုပ်နှင့် သန်းခေါင်တို့သည် ၎င်း၏နောက်သို့ ထက်ကြပ်မကွာ အပြေးလိုက်သွားကြတော့သည်။
ဆယ်မိနစ်ခန့်အကြာ တောင်ခန်းပန်းရှိ ပြောင်လင်း နေသော တစ်နေရာသို့ ရောက်သွားသော် ခွေးများ ဝိုင်းအုံ၍ ဟောင်နေကြသည်ကို တွေ့ရတော့သည်။
သို့နှင့် ကိုဖိုးစုသည် ကျွန်ုပ်အား တီးတိုးပြောကြားပြီး လက်ညှိုးထိုးကာ ပြလိုက်တော့သည်။
“လား … လား … ယခင်က ကျွန်ုပ် တစ်ကြိမ်တစ် ခါမျှ မမြင်ဖူးသေးသော နှာဖျားမှ မြီးဖျားထိ ၁၂ ပေမျှရှည်၍ ကိုယ်လုံးပတ် ၃ ပေမျှရှိမည့် အစိမ်းပုပ်ရောင် ဖွတ်ကြီးတစ်ကောင်ကို ပေ ၂ဝ ခန့်အကွာမှ ခွေးများဝိုင်း၍ ဟောင်နေကြသည်ကို တွေ့ရပေတော့သည်။
ဖွတ်မင်းသည် ကိုယ်ထည်ပမာဏ အတော်ပင်ကြီးပေရကား မည်သည့်ခွေးမျှ ၎င်းအား ဝင်မကိုက်ဝံ့ဘဲရှိနေစဉ် ကိုဖိုးစုက
“ဟဲ့ အောင်နက်၊ ဟဲ့ ကျားဘို၊ ဟဲ့ ဂုတ်ကျား၊ ဟဲ့ ရန်လုံ၊ ဟဲ့ ငနီတို့ … ရှူးရှူး”
စသည်ဖြင့် အော်ဟစ်ကာ လက်ခုပ်တီး အားပေးလိုက်တော့မှ ခွေးငါးကောင်တို့သည် ဖွတ်ကြီးကို ကိုက်ရန် အနီးသို့ ပြေးဝင်ချဉ်းကပ်သွားကြတော့သည်။
သို့ငြားလည်း ဖွတ်မင်းသည် မိမိအနီးသို့ ကိုက်ရန် ချဉ်းကပ်လာသမျှသော ခွေးတိုင်းကို ၄ပေခန့်ရှည်သော မိမိ၏ တုတ်ခိုင်သည့် အမြီးကြီးနှင့် တစ်ချက်ပြီးတစ်ချက် ရိုက်ချေတော့ရာ ခွေးများသည် တဂိန်ဂိန်အော်မြည်လျက် ပေ ၂ဝ မျှ လိမ့်ကာ လွင့်ထွက်သွားကုန်ကြတော့သည်သာ။
ထို့နောက် မည်သည့်ခွေးမျှ ဖွတ်မင်း၏အနီးသို့ နောက်ထပ် မချဉ်းကပ်ဝံ့ကြတော့ဘဲ ခပ်လှမ်းလှမ်းမှသာ အသံသဲ့သဲ့ဖြင့် ဟောင်နိုင်ကြတော့သည်သာ။ ခွေးတစ်ကောင်မူ ဖွတ်မင်း၏အမြီး၏ အရိုက်ခံရသည့်ဒဏ်ကြောင့် မြေပြင်ပေါ်တွင် သတိမေ့ကာ လဲနေတော့သည်။
သို့ဘိရကား ကျွန်ုပ်လည်း မနေသာတော့သဖြင့် ပေ ၅ဝ ခန့်အကွာမှနေ၍ ဖွတ်မင်း၏ ဦးခေါင်းကို သေနတ်နှင့် တစ်ချက်ပစ်လိုက်တော့ရာ ဖွတ်မင်းသည် မြေပြင်ပေါ်တွင် လူးလှိမ့်ပြီး သေဆုံးသွားလေတော့သည်။
ထို့နောက် ကျွန်ုပ်တို့သည် သေဆုံးပြီးဖြစ်သော ဖွတ် မင်းကို ဝါးလုံးရှည်တစ်ချောင်းဖြင့် အလျားလိုက် ချည်နှောင်ပြီး ရွာသို့ ထမ်းဆောင်လာခဲ့ကြတော့သည်။
ကျွန်ုပ်တို့သည် ထိုရက်နံနက်စာကို ဖွတ်မင်းသားဆီ ပြန်ဟင်းနှင့် အထူးမြိန်ရှက်စွာ စားရသည်တွင် ယခင်က စားဖူးသော မည်သည့်အသားဟင်းမျိုးနှင့်မျှ မတူအောင် အရသာထူးလှပေရကား
“ရွှေမြင့်မိုရ်ဦးကိုင်၊ ဝေယံပိုင်ဘုန်းစည်၊ ပွဲတော်တည်နေကျ၊ ခြောက်ပြည်လုံးသြဇာ၊ ကာမဂုဏ် လောကီတွင်၊ အတုမဲ့ ဆိမ့်အီသော၊ ကဗလီအရသာ၊ ရတနာ အဆီခဲ၊ နတ်သုဒ္ဓါထမင်းပွဲ”
စသည်ဖြင့် စလေဆရာကြီး ဦးပုည ရေးစပ်ခဲ့သည်များကို ပြေး၍ သတိရမိပေတော့သည်။
ကျွန်ုပ်လည်း ဤမျှအရသာ ထူးလှပေသော လူ့လော ကတွင် မုချပြိုင်ဘက်ကင်းပေသော ဖွတ်မင်းသား ဆီပြန်ဟင်းကို အလွန့်အလွန် မြိန်ရှက်စွာ စားသောက်ရပြီးသည်နှင့်တစ်ပြိုင်နက် အကြောပေါင်းတစ်ထောင်စိမ့်ကာ အတွေ့ထူးလာသောကြောင့် အိပ်လိုက်ရာ တစ်ဆက်တည်း အိပ်ပျော်သွားပြီး ညနေသုံးနာရီရောက်မှ နိုးပေတော့သည်။
ထိုညနေတွင် သန်းခေါင်သည် ကိုဖိုးစု၏ ယောက်ဖ နှင့်အတူ ရွာအနောက်ဖက်ရှိ တောင်ပေါ်သို့ သွားရောက်ပြီး အမဲပစ်ရာ ပိသာ ၄ဝမျှ အချိန်ရှိမည့် ဆတ်ထီးကြီးတစ်ကောင်ကို ရရှိပြီး ထမ်းဆောင်လာခဲ့ကြတော့သည်။
(၃)
ကျွန်ုပ်သည် ညစာကို ဖွတ်မင်းသား ဆီပြန်ဟင်း၊ ဆတ်အသည်းကြော်တို့နှင့် မြိန်ရှက်စွာ စားသောက်ပြီးနောက် လက်ဖက်ရည်ကြမ်းသောက်ရင်း ကိုဖိုးစုနှင့် စကားစမြည် ပြောဆိုနေပြန်တော့သည်။
“ကိုရဲ အခု ဘာကောင်ပစ်ချင်လို့ လာပါသလဲခင်ဗျာ။ အရင် ကျွန်တော် ကသာမြို့ပေါ်ကနေပြီး ကိုရဲဆီကို စာတစ်စောင် ရေးပို့လိုက်တာ ရရဲ့မဟုတ်လား”
“ဟုတ်ပ- ရခဲ့ပါတယ်။ အဲဒီစာထဲမှာပါတဲ့အတိုင်း စိုင်အကြီးတစ်ကောင်ကို ပစ်ချင်လွန်းလို့ ကိုဖိုးစုဆီကို အခု လာခဲ့တာပေါ့။ ကျုပ် စိုင် တစ်ကောင်ကိုမှ မပစ်ဖူးသေးပါဘူး”
“ဟုတ်ပ … ကိုရဲ စိုင်ပစ်ချင်တယ်ဆိုရင် ပစ်ရပါစေ မယ်။ ကျုပ်ကိုယ်တိုင် လိုက်ပြပေးပါမယ်။ အခု ကိုရဲဆီမှာ ရိုင်ဖယ်သေနတ်ပါရဲ့မဟုတ်လား။ စိုင်ကို ရိုင်ဖယ်နဲ့ပစ်မှ စိတ်ချရတယ်။ ကျုပ် လုပ်ယမ်းတောင့်နဲ့ ပစ်ခဲ့တာ သုံးကြိမ်ရှိသွားပြီ။ ဒါပေမဲ့ တစ်ခါမှ မရခဲ့ပါဘူး”
“ဟုတ်ပ- ကျုပ် အခု .၃၇၅ (မဂ္ဂနမ်) ရိုင်ဖယ်ကို ယူ ဆောင်လာတယ်။ အလွန်ပြင်းပါတယ်။ ကျည်ဆံရဲ့ ရိုက်အားဟာ ပြောင်းဝမှာ ပေါင်ချိန် လေးထောင်ကျော်ရှိပါတယ်။ စိုင်ကို စိတ်ချလက်ချ ပစ်နိုင်တယ်။ ဒါထက် စိုင်ဆိုတာ ပစ်ရလွယ်ပါသလား ကိုဖိုးစု”
“မလွယ်လှဘူးဗျ။ သားကောင်ကြီးတွေထဲမှာ စိုင်ဟာ အပစ်ရအခက်ဆုံးပါပဲ။ ဘာကြောင့်လဲဆိုရင် စိုင်များဟာ မျက်စိရှင် အနံ့ခံကောင်းပြီး ပါးနပ်ကြတဲ့အပြင် အပြေးလည်း အင်မတန် မြန်ကြတယ်။
သူတို့ကို တောတောင်တွေထဲမှာ အပြေးလည်း အင်မတန် မြန်ကြတယ်။ သူတို့ကို တောတောင်တွေထဲမှာ ဘယ်တော့မှ လွယ်လွယ်နဲ့ မတွေ့နိုင်ဘူး။ ပြောင်ပစ် သလိုပဲ ခြေရာကောက်ပြီး သူတို့နောက်ကို လိုက်လံရှာဖွေရတယ်။
မတွေ့ ရသေးဘဲ မိုးချုပ်သွားရင် စမ်းချောင်းတစ်ချောင်းရဲ့ထိပ်မှာ ထမင်းဟင်း ချက်ပြုတ်စားသောက်ပြီး ဝါးချောင်းတွေ စိုက်ထူကာရံထားတဲ့ ဝင်းခြံအတွင်းမှာ အိပ်ကြရတယ်။ ဒီလိုလုပ်ထားမှ ညအိပ်နေတုန်း ကျားလာမဆွဲနိုင်ဘူး။ နောက်ရက်နံနက်မှာ စိုင်ရဲ့ခြေရာကို ဆက်ပြီး ကောက်ရတယ်”
“ဟုတ်ပ … စိုင်ပစ်ရတာ မလွယ်ပါကလား”
“စိုင်တွေဟာ ပြောင်တွေထက် ပါးနပ်ကြတယ်။ သူတို့ဟာ အိပ်တော့မယ်ဆိုရင် အိပ်လိုတဲ့နေရာကို အနည်းဆုံး ဆယ်ကြိမ်လောက် ရစ်လှည့် လမ်းလျှောက်ကြပြီးမှ ၁၅ ပေလောက် အကွာနေရာကနေပြီး အိပ်မယ့်နေရာအရောက် တစ်ခါတည်း ခုန်ပြီး ဝင်သွားလေ့ရှိကြတယ်။ ဒါကြောင့်လည်း သူတို့အိပ် နေတဲ့ဆီ အရောက်ခြေရာခံဖို့ မရနိုင်တော့ပါဘူး။ အင်မတန် ခြေရာအဖျောက်ကောင်းကြတာကလား။
အိပ်နေတုန်းမှာလည်း ချွတ်ခနဲ အသံကြားလိုက်ရင် တစ်ခါတည်း ထခုန်ပြီး ပြေးကြတော့တာပဲ။ စိုင်တွေဟာ အပါးတကာ့ ခေါင်ချုပ်တွေ ဖြစ်ကြတယ်”
“ဟုတ်ပ . . . စိုင်ဆိုတဲ့ သားကောင်ကြီးတွေဟာ ဘာနဲ့တူကြပါသလဲ”
“စိုင်တွေဟာ တောနွား နွားရိုင်းတွေပေါ့ ကိုရဲ၊ ကျုပ် တို့ စေခိုင်းနေကြတဲ့ နွားတွေထက် အရပ်မြင့်ကြတယ်။ တောတောင်အနှံ့ လွတ်လွတ်လပ်လပ် လှည့်လည်သွားလာနေခွင့် ရကြလို့ ခန္ဓာကိုယ် တုတ်ခိုင်ထွားကျိုင်းကြီးမားကြတယ်။ ပါးနပ်တဲ့နေရာမှာတော့ ဘယ်သားကောင်မျိုးနဲ့မှ မတူကြတာမို့ ပစ်ရအလွန်ခက်တယ်။ ဒါကြောင့်လည်း မုဆိုးစိုင်သင် ရယ်လို့ မြန်မာ့စကားပုံ ပေါ်ထွန်းနေတာပေါ့”
“ဟုတ်ပ”
“စိုင်ပစ်လိုလို့ စိုင်နောက်ကိုလိုက်နေတဲ့ မုဆိုးကို စိုင်က သင်ပေးတယ်။ စိုင်ဟာ မုဆိုးရဲ့ ဆရာဖြစ်တယ်လို့ ဆိုကြတယ်။ မုဆိုးတွေဟာ မိမိတို့ပစ်လိုတဲ့ သားကောင်တွေနောက်ကို ဘယ်လိုလိုက်လံချောင်းမြောင်းပစ်ခတ်ရမယ်ဆိုတာကို စိုင်က မုဆိုးကို သွယ်ဝိုက်တဲ့နည်းတွေနဲ့ သင်ပြပေးတယ်။ စိုင်တွေရဲ့ ဓလေ့စရိုက်၊ အမူအကျင့်တွေကို တွေ့မြင်မှတ်သားရဖန်များလာရင် မုဆိုးဟာ အလွန်တောကျွမ်းကျင်တဲ့ မုဆိုးအဖြစ်ကို အလိုအလျောက်ရောက်ရှိသွားတော့တာပဲ။ ပထမတမ်း မုဆိုးပဂေးကြီးအဖြစ်ကို ရောက်ရှိသွားတော့တာပဲ။
စိုင်တစ်ကောင်ကို ပစ်ခတ်ရရှိနိုင်ခဲ့ရင် ဒီမုဆိုးဟာ တခြား ဘယ်သားကောင်မျိုးကိုမဆို အခက်အခဲမတွေ့ရတော့ဘဲ လွယ်လွယ်နဲ့ ပစ်ခတ်ရရှိနိုင် တော့တာပဲ”
“ဟုတ်ပ”
“စိုင်ကို ပစ်ခတ်လိုလို့ စိုင်နောက်ကို လိုက်နေတဲ့အခါ မှာ မုဆိုးဟာ အင်မတန် သတိရှိဖို့လိုတယ်။ စိုင်ဟာ မိမိနောက်ကို ရန်သူလိုက်နေမှန်းသိရင် ချုံကွယ်ပြီး စောင့်နေတတ်တယ်။ ရန်သူနီးကပ်လာရင် တစ်ခါတည်း ချိုနှစ်ချောင်းနဲ့ထွက်ပြီး ကော်လေ့ ဆောင့်လေ့ရှိတယ်။ အကော်အဆောင့်ခံရတဲ့ မုဆိုးဟာလည်း ခါးရိုးကျိုးပြီး သေရတော့တာပဲ။ စိုင်ကော်လို့ ချုံပေါ်ရောက်ဆိုတဲ့စကားပုံဟာ လုံးဝ မမှန်ပါဘူး။ စိုင်ဟာ သားကောင်လောကမှာ အပါးနပ်ဆုံး အလိမ္မာဆုံးဖြစ်ပြီး အင်မတန် ခွန်အားရှိတဲ့ သားကောင်မျိုးဖြစ်တယ်။ သူ့အကော်ခံရရင် မုချသေရမှာပဲ”
“ဟုတ်ပ- ကျုပ်ကို အခုလို စိတ်ရှည်ရှည်နဲ့ ရှင်းလင်း ပြောကြားတာတွေကို ကြားရတဲ့အတွက် ကိုဖိုးစုကို ကျုပ် အင်မတန် ကျေးဇူးတင်ပါတယ်။ ကျုပ်ဖြင့် စိုင်တစ်ကောင်ကိုမှ မပစ်ဖူး မရဖူးသေးတဲ့အတွက် တစ်ကောင်လောက် မရရအောင် ပစ်လိုပါတယ်။ စိုင်ရှိတဲ့နေရာကို ကိုဖိုးစု လိုက်ပြပေးနိုင်မလား”
“ပြပေးနိုင်ပါသော်ကော။ ကိုရဲရဲ့ ကျေးဇူးတွေ ကျုပ် အပေါ်မှာ အများကြီးရှိနေတယ်မဟုတ်လား။ ကျုပ်တို့ရွာ အနောက်ဖက်မှာရှိတဲ့ တောင်တွေပေါ်မှာ စိုင်တွေရှိကြတယ်။ သားကောင်တွေထဲမှာ အပါးနပ်ဆုံးဖြစ်လေတော့ ပစ်မယ့်လူဟာ စိုင်တွေထက် ပါးနပ်လိမ္မာဖို့ လိုလိမ့်မယ်။ ဇွဲနဲ့ ခံနိုင်ရည် ရှိဖို့လည်း လိုလိမ့်မယ်။ စိုင်ပစ်ဖို့ ကိုရဲ ဘယ်တော့လောက် သွားချင်ပါသလဲ”
“ဖြစ်နိုင်မယ်ဆိုရင် မနက်ဖြန်ပဲ သွားချင်တယ်”
“ဟုတ်ပ . . . ဖြစ်ရပါစေမယ်။ မနက်ဖြန်သွားကြတာပေါ့”
(၄)
နောက်ရက်နံနက်တွင် ကျွန်ုပ်တို့သည် ဖွတ်မင်းသား ကြော် ဆတ်သားကင်နှင့် ကောက်ညှင်းပေါင်းတို့ကို လက်ဖက်ရည်ကြမ်းနှင့် အဝစားသောက်ကြပြီးလျှင် မန်ဒန်ကျေးရွာ အနောက်ဖက်ရှိ တောင်များဆီသို့ ဦးတည်ကာ ခရီးထွက်ကြလေတော့သည်။
ကျွန်ုပ်သည် .၃၇၅ (မဂ္ဂနမ်) ရိုင်ဖယ်ကို ကိုဖိုးစုအား လွယ်စေပြီး သန်းခေါင်ကမူ နှစ်လုံးပူးသေနတ်ကို ထမ်းကာ လိုက်ပါလာသည်။
ကိုဖိုးစု၏ယောက်ဖသည် ဒန်အိုးခွက်နှင့် သုံးရက်အတွက် ရိက္ခာစသည်များကို တောင်းနှစ်တောင်းတွင် ထည့်ပြီး ဆိုင်းထမ်းပိုးနှင့် ထမ်းဆောင်လာသည်။
နွေရာသီဖြစ်သည့်အားလျော်စွာ ပူပြင်းလှချေသည်။ တောတောင်အတွင်း၌ သစ်ပင်များထက်မှ ရွက်ဟောင်းများ ကြွေကျကုန်ပြီဖြစ်၍ အဝေးသို့ အလွယ်တကူ ကြည့်မြင်နိုင်လေသည်။ တစ်ချက်တစ်ချက်တွင် ချွဲချွဲပျစ်ပျစ် မြည်ကြွေးလိုက်သော ဥသြငှက်များ၏ တေးသံများသည် ကြားရသူတို့၏ ဟာဒယဘဝင်ကို အကြည်ဆေးဖြင့် တိုက်ကျွေးလိုက်ကြဘိသို့။
ကျွန်ုပ်တို့သည် တောင်ခါးပန်းတွင် စိုင်ခြေရာများကို အမြဲမပြတ် ကြည့်ရှုရှာဖွေသွားကြတော့သည်သာ။ တစ်နေရာတွင် စိုင်ခြေရာအချို့ကို တွေ့မိပေရာ ခြေရာဟောင်းများဖြစ်နေကြောင်း သိရတော့သည်။
သို့နှင့် နောက်ထပ် နှစ်နာရီကြာမျှ ခရီးဆက်ကြပြီး နောက် ကိုဖိုးစုသည် တစ်နေရာတွင်ရပ်ကာ မြေပြင်ကို အတော်ကြာ စူးစိုက်၍ ကြည့်ရှုလေတော့သည်။ ထို့နောက် …
“ဟောဒါတွေဟာ စိုင်ထီးကြီးရဲ့ ခြေရာတွေပေါ့။ မနေ့က ခြေရာတွေပါပဲ။ အင်မတန် လတ်ဆတ်နေသေးတယ်။ ကိုရဲ ကျုပ်နောက်ကကပ်ပြီး လိုက်လာနေပါနော်။ ဒီစိုင်ကြီးကိုတွေ့ ရင် အသင့်ပစ်နိုင်ဖို့ ကျုပ် ရိုင်ဖယ်သေနတ်ကို ကမ်းပေးပါ့မယ်။ သေနတ်ထဲမှာ ကျည်တောင့်တွေ ထည့်ထားရဲ့မဟုတ်လား”
“ဟုတ်ပ . . . ထည့်ထားပြီးပါပြီ”
မကြာမီပင် ခြေရာများသည် တောင်အောက်ရှိ စမ်း ချောင်းဘက်ဆီသို့ ပြသွားသောကြောင့် ကျွန်ုပ်တို့လည်း ခြေရာများနောက်သို့ တဖြည်းဖြည်းနင်းကာ လိုက်သွားကြတော့သည်။
အချိန်မှာ နေ့ ၁၂ နာရီရှိပြီဖြစ်၍ ကျွန်ုပ်တို့သည် စမ်း၏ ထိပ်တွင် နံနက်စာကို ချက်ပြုတ်စားသောက်ပြီး တစ်နာရီကြာမျှ အပန်းဖြေအနားယူကာ နေလိုက်ကြတော့သည်။
ညနေ ၂နာရီအချိန်ခန့်တွင် ကျွန်ုပ်တို့သည် စိုင်ခြေရာများကို ဆက်၍ ကောက်ကြပြန်တော့သည်။
တောတွင်း၌ ကောင်ရေ ငါးဆယ်မျှရှိမည့် တောဝက် တစ်အုပ်ကို တွေ့ရသော်လည်း စိုင် လန့်ပြေးမည်စိုးသောကြောင့် ကိုဖိုးစုက မပစ်စေ။
ညနေ ၄နာရီအချိန်ခန့်တွင် ကိုဖိုးစုသည် ကျွန်ုပ်အား ရိုင်ဖယ်သေနတ်ကို ကမ်းပေးလိုက်ပြီး ပေနှစ်ရာမျှအကွာ တောတွင်းတစ်နေရာသို့ လက်ညှိုးထိုးပြလိုက်တော့သည်။
သို့နှင့် ကျွန်ုပ်လည်း ကြည့်လိုက်ပေတော့ရာ ဝါးရုံတစ်ရုံ၏နံဘေးတွင် ထင်ရှားစွာရပ်နေသော စိုင်ထီးကြီးတစ်ကောင်ကို တွေ့လိုက်ရသောကြောင့် ရိုင်ဖယ်သေနတ်ကို လျင်မြန်စွာပင့်ကာ ချိန်လိုက်ပြီး မောင်းခလုတ်ကို ဆွဲဖြုတ်လိုက်တော့မည်အပြုတွင် သစ်ပင် ကြီးတစ်ပင်ထိပ်ဖျားမှ အောက်ချင်းငှက်တစ်အုပ် ပျံထွက်သွားသောကြောင့် စိုင်ကြီးလည်း လန့်ဖျပ်ပြီး ပြေးချေတော့သည်။
သို့နှင့် ကိုဖိုးစုသည် ပျံထွက်သွားသော အောက်ချင်း ငှက်များအား လက်ညှိုးထိုးကာ တောက်ခတ်လိုက်တော့သည်။
ထို့နောက် ကျွန်ုပ်တို့သည် စိုင်ခြေရာများကို ဆက်၍ ကောက်ကြပြန်ရာ ညနေ ၅နာရီအချိန်ခန့်တွင် နေဝင်တော့မည်ဖြစ်၍ စမ်းတစ်စမ်း၏ ထိပ်တွင် စခန်းချရပ်နားရင်း ထမင်းဟင်းများကို ချက်ပြုတ်ကြတော့သည်။
သို့အတွင်း ကိုဖိုးစုနှင့် သူ၏ ယောက်ဖတို့သည် ဝါးချောင်းရှည်များကို ခုတ်ပြီး ၁၅ ပေပတ် လည်မျှ ကျယ်မည့် ဝင်းခြံတစ်ခြံအဖြစ် စိုက်ထူကာရံထားလိုက်ကြတော့သည်။ ကျွန်ုပ်တို့သည် ညစာစားပြီးကြသော် ဝါးခြံတွင်းဝင်ရောက်၍ အတွင်းမှပိတ်ထားပြီး လက်ဖက်ရည်ကြမ်းသောက်ကာ စကားပြောနေကြတော့သည်။
ထိုညမှာ လဆန်း ၁၃ ရက်ဖြစ်၍ ထိန်လင်းနေရကား အနီးပတ်ဝန်းကျင်ကို ထင်ရှားစွာ မြင်နိုင်ပေသည်။ တောတွင်းပတ်ဝန်းကျင်မှ တစ်ချက်တစ်ချက်တွင် ကျားဟိန်းသံနှင့် ကျားသစ်အော်သံများကို ကြားနေရတော့သည်။
“ကိုရဲ . . . အတော်မောသွားပြီလား။ စိတ်မလျှော့ပါနှင့်။ နောက်ထပ် တောထဲမှာ နှစ်ရက် သုံးရက်ထက် ပိုပြီး နေရမယ် မထင်ပါဘူး။ စိုင်ပစ်ချင်ရင် ဇွဲရှိရမယ်။ ဒုက္ခလည်း ခံနိုင်ရမယ်။ စိုင်တစ်ကောင်ကို ပစ်လို့ရလိုက်ရင် တခြား ဘယ်သားကောင်တွေကိုမဆို ပစ်ဖို့ မခဲယဉ်းတော့ပါဘူး”
“ဟုတ်ပ . . . ကျုပ် နည်းနည်းတော့ ပန်းနေတာပေါ့။ ဒါပေမဲ့ ကျုပ် ခံနိုင်ပါ။ ဒါထက် ဒီတောတောင်တွေထဲမှာ တစ္ဆေသူရဲစတဲ့ မကောင်းဆိုးဝါးတွေ မရှိကြဘူးလား ကိုဖိုးစု”
“ဟာ ရှိပါသော်ကော”
“ကိုဖိုးစု မြင်ဖူးပြီလား”
“ဟုတ်ပ ကျုပ် မြင်ဖူးပြီလား။ ဒါပေမဲ့ ကျုပ် နည်းနည်းမှ မကြောက်ခဲ့ပါဘူး။ မြင်လိုက်တိုင်း သေနတ်နဲ့ လှမ်းပစ်လိုက်တာချည်းပဲ။ ပစ်လိုက်တိုင်း မှန်တော့ မှန်တာချည်းပဲ။ ဒါပေမဲ့ ဘယ်တော့မှ လဲမကျသွားဘဲ ပျောက်ကွယ်သွားကြတော့တာပဲ”
“ကိုဖိုးစု မြင်ခဲ့ဖူးတဲ့ တစ္ဆေတွေဟာ ဘယ်လိုပုံသဏ္ဌာန် မျိုးပါလဲ”
“အမျိုးမျိုးပါပဲ။ ကျောကုန်းပေါ်မှာ နှုတ်ခမ်းမွေး ပေါက်နေတဲ့တစ္ဆေ၊ ပေါင်ကြားမှာ ဦးခေါင်းရှိတဲ့ တစ္ဆေ၊ ခေါင်းမရှိဘဲ သီချင်းဆိုတဲ့တစ္ဆေ၊ ခြေသလုံးနှစ်ဖက်ပေါ်မှာ မျက်စိရှိတဲ့ တစ္ဆေ၊ ပေါင်နှစ်ချောင်းဘေးမှာ နားရွက်ရှိတဲ့ တစ္ဆေ၊ ခြေထောက်မရှိဘဲ ထွက်ပြေးသွားတဲ့တစ္ဆေ၊ လည်ပင်းမှာ မုတ်ဆိတ်မွှေး တွေပေါက်နေတဲ့ တစ္ဆေ”
သည်တွင် ကျွန်ုပ်လည်း ပြုံးလိုက်မိတော့သည်။
ထိုစဉ်မှာပင် ကျွန်ုပ်တို့ စခန်းချနေထိုင်ကြသော နေရာအထက် ပေသုံးရာခန့် အကွာလောက်ဆီမှ
“တောမြိုင်ခြေလမ်း ရဂုံသာဗွေလေး . . .၊ တောင်ရေ စမ်းစီးသွယ်ခွေ၊ အို ဖော်ကွာရှာရန် ပန်းဘွယ်စေ”
စသည်ဖြင့် ဆွဲဆွဲငင်ငင် ချိုအေးသာယာလှသော မိန်းမတစ်ယောက်၏ သီချင်းဆိုသံကို မမျှော်လင့်ဘဲနှင့် အံ့သြစွာ ကြားလိုက်ရသည်တွင် ကိုဖိုးစုသည်
“ဒါ ဥစ္ဆာစောင့်မက မာယာနဲ့ သီချင်းဆိုတဲ့ အသံဗျ။ ကျုပ်တို့ကို သဒ္ဒါရုံနဲ့ မြူတာဗျ။ ဝင်းပြင်ထွက်မိရင် တစ်ခါတည်း လိပ်ပြာနှုတ်လိုက်မှာပဲ။ ဘာရမလဲ။ ဒင်းကို အကြောင်းသိစေမယ်”
ဟု အော်ဟစ်ပြီး သီချင်းသံ ထွက်ပေါ် သည့်ဘက်သို့ နှစ်လုံးပူးသေနတ်ဖြင့် နှစ်ချက်ပစ်လိုက်တော့မှ နောက်ထပ် သီချင်းဆိုသံ မကြားရတော့ချေ။
တောကြီးမာယာဆိုသည်မှာ ဤလိုထင့်။
ကျွန်ုပ်တို့သည် နောက်ရက်နံနက်စောစောတွင် လက် ဖက်ရည်ကြမ်း၊ ကောက်ညှင်းပေါင်းနှင့် ဆတ်သားကြော်များကို အဝသောက်စားကြပြီးနောက် စိုင်ကြီး၏ ခြေရာများကို ဆက်ကာ ကောက်ကြပြန်တော့သည်။
ကျွန်ုပ်သည် “တစ်ဆင်းသက်သော်၊ တစ်တောင်ငယ် ကျော်၊ တစ်မော်လျှိုရိုး၊ တစ်ချုံတိုး၊ တစ်မိုးသောက်လျှင်၊ တစ်နေဝင်၊ တစ်ပင်မြိုင်ကြီး၊ ဂနိုင်ဆီး” စသည်ဖြင့် အောင်မြေသာစံ ပတ်ပျိုးတွင် ပါရှိသည့်အတိုင်းပင် ပင်ပန်းခက်ခဲစွာ ခရီးသွား ကြရတော့သည်။
နံနက် ၉နာရီအချိန်ခန့်တွင် ခပ်လှမ်းလှမ်းရှိ တောင် ကြီးတစ်တောင်ဆီမှ “ဝူး-ဝူး-ဝူး-ဝူး”စသည်ဖြင့် သင်္ဘောမှ ဥသြမှုတ်သံများကဲ့သို့သော အသံများ ပေါ်ထွက်လာနေသည်ကို ကြားရသဖြင့် ကိုဖိုးစုသည် ခေတ္တမျှ ရပ်နားကာ အကဲခပ် နေလိုက်တော့သည်။
ဝူး-ဝူး-ဝူး-ဝူး နှင့် အသံကား ၅မိနစ်ခန့်တွင် တစ်ကြိမ်မျှ ဆက်လက်၍ ပေါ်ပေါက်နေသောကြောင့်
“ကိုရဲ ကြားရပြီမဟုတ်လား။ ကျုပ်တို့ ကံကောင်းရ တော့မယ်ဗျို့။ ဒီအသံတွေဟာ တခြားမဟုတ်ဘူး။ စိုင်ကြီးတစ်ကောင်ရဲ့ အော်သံတွေဘဲ။ စိုင်ထီးကြီးတွေဟာ မိတ်လိုက်တဲ့ရာသီမှာ ဒီလိုပဲ အော်လေ့ရှိတတ်ကြတယ်။ စိုင်မတွေကို သူတို့အနားလာကြအောင် ခေါ်တဲ့အသံတွေပေါ့။ အင်မတန် ကြားရခဲတဲ့အသံတွေပါပဲ။ လာ ကျုပ်တို့ သွားကြစို့ရဲ့။ ကိုရဲ စိုင်ပစ်သေနတ်တွေကို အသင့်လွယ်သွားပေတော့။ ဒီစိုင်ကြီးကို မုချ ပစ်ရတော့မယ်ထင်တယ်”
သို့နှင့် ကျွန်ုပ်တို့သည် စိုင်အော်သံများကြားရာဆီသို့ ဦးတည်ကာ ဖြည်းညင်းစွာ သွားကြပေတော့သည်။
ဝူး-ဝူး-ဝူး-ဝူး နှင့် အော်သံများကို ၅မိနစ်ခန့်မျှတွင် တစ်ကြိမ်မှန်မှန် ကြားရသောကြောင့် ကျွန်ုပ်တို့မှာ လွန်စွာ အားတက်လာကြတော့သည်။
သို့နှင့် ကျွန်ုပ်တို့သည် ဝူး-ဝူး-ဝူး-ဝူးနှင့် စိုင်အော်သံ များ ထွက်ပေါ်လာသည့်နေရာဆီသို့ တဖြည်းဖြည်း နီးသည်ထက် နီးကပ်လာကြပေတော့ရာ နောက်တစ်နာရီခန့်အကြာတွင် အသံရှင် စိုင်ကြီးသည် ကိုက် ၃ဝဝ မျှအကွာနေရာလောက်တွင် ရှိနေလိမ့်မည်ဟု ခန့်မှန်းရပေတော့သည်။
သို့ဘိရကား ကိုဖိုးစုလည်း သန်းခေါင်နှင့် မိမိယောက်ဖအား ရပ်နေလိုက်စေပြီး ကျွန်ုပ်တစ်ဦးတည်းကိုသာလျှင် စိုင်အော်သံများ ထွက်ပေါ်လာနေသည့်နေရာဘက်ဆီသို့ ခေါ်ဆောင်သွားပေတော့သည်။
ကျွန်ုပ်တို့သည် တစ်လှမ်းချင်းလှမ်းကာ ချဉ်းကပ်သွားကြသည်တွင် ၁၅ မိနစ်ခန့်မျှအကြာတွင် ကျွန်ုပ်ရှေ့ကိုက် ၁ဝဝ မျှအကွာရှိ ချုံငယ်တစ်ခုသည် “ဝူး-ဝူး” ဟူသော အော်မြည်သံများနှင့်အတူ ယိမ်းယိုင်လှုပ်ခါနေသည်ကို မြင်တွေ့ ရတော့သည်တွင် ကိုဖိုးစုက ကျွန်ုပ်အား ယင်းချုံငယ်အနီးသို့ သွား၍ စိုင်ကြီးကို ပစ်ခတ်ရန် မိမိလက်ဖြင့် အချက်ပြလေတော့သည်။
သို့နှင့် ကျွန်ုပ်လည်း .၃၇၅ (မဂ္ဂနမ်) ရိုင်ဖယ်သေနတ် ၏ မောင်းကို ညင်သာစွာ ဆွဲတင်လိုက်ပြီး လှုပ်ခါနေသော ချုံအနီးသို့ တစ်လှမ်းချင်းလှမ်းကာ ဖြည်းညင်းစွာ ချဉ်းကပ်သွားလေတော့သည်။
သို့ သွားနေစဉ် ကိုဖိုးစုလည်း ကျွန်ုပ်၏ နောက်မှ ထက်ကြပ်မကွာ ကပ်၍ လိုက်ပါလာတော့သည်။
၁ဝ မိနစ်ခန့်အကြာတွင် ကျွန်ုပ်တို့သည် ယိမ်းယိုင်လှုပ်ခါနေသော ချုံငယ်နှင့် ပေငါးဆယ်ခန့်မျှ အနီးသို့ ချဉ်းကပ်ရောက်ရှိသွားပြီး လူတစ်ရပ်မျှ မြင့်မည့် နနွင်းရိုင်းပင်များနောက်တွင် ခိုကပ်ကာ ငြိမ်သက်စွာ ရပ်နေလိုက်ကြတော့သည်။
နောက် ၅မိနစ်ခန့်ကြာလေလျှင် ဝူး-ဝူး-ဝူး-ဝူး နှင့် အသံကြီးများ ပေါ်ပေါက်လာပြန်ပြီးမှ ခိုင်းနွားသိုးကြီးမျိုးထက် တစ်ပေခန့်မျှပင် အရပ်ပို၍မြင့်မည့် အလွန်တုတ်ခိုင်ထွားကျိုင်းသော ညိုပုပ်ပုပ်အရောင်ရှိသော စိုင်ထီးကြီးတစ်ကောင်သည် ချုံငယ်၏ အပြင်သို့ ထိုးထွက်လာပြီး မတ်မတ်မားမား ထင်ရှား စွာ ရပ်လိုက်သည်ကို မြင်တွေ့ရပေတော့သည်။
လွန်စွာ ရခဲသော အခွင့်ထူးကို လက်မလွတ်နိုင်တော့ရကား။ ကျွန်ုပ်လည်း ဒူးတစ်ဖက်ထောက်ကာ လျင်မြန်စွာ မုဆိုးထိုင် ထိုင်လိုက်ပြီးနောက် နနွင်းရိုင်းပင်များအကြားမှနေ၍ ရိုင်ဖယ်သေနတ်ကို စိုင်ထီးကြီး၏ လက်ပြင်အနောက်သို့ပင့်ကာ ချိန်လိုက်ပြီးလျှင် သေနတ်မောင်းခလုတ်ကို ဖြုတ်ဆွဲလိုက်ရာ “ဒိုင်း” ဟူသော အသံကြီးသည် တောတောင်အနှံ့ မြည်ဟည်းပဲ့တင်ထပ်သွားလေတော့သည်။
သို့ငြားလည်း ကျွန်ုပ်သည် ယခင်က တစ်ကြိမ်တစ်ခါမျှပင် မမြင်မတွေ့ မပစ်ခတ်ဖူးသေးရာ စိုင်ထီးကြီးကို တွေ့မြင်လျှင် တွေ့မြင်ချင်း မရရအောင် ပစ်လိုသော စိတ်ဇောအဟုန် ကြောင့် အလျင်စလို ကတုန်ကယင်နှင့်ပင် သေနတ်မောင်းခလုတ်ကို ဆွဲဖြုတ်မိချေရကား ဂရိန် ၂၇ဝ လေးသော ကျည်ဆံ သည် စိုင်ကြီး၏ အသည်းနှလုံးကို တည့်တည့်မဟုတ်ဘဲ အနည်းငယ် လွဲချော်ကာ သိုးကာသီကာသာ ထိမှန်သွားဟန် တူချေတော့သည်။
အဘယ်ကြောင့်ဆိုသော် စိုင်ကြီးသည် သေနတ်ပြောင်းဝမှ တစ်ပေအကွာတွင် ရိုက်အားပေါင်ချိန် ၄၅ဝဝ ရှိသည့် •၃၇၅ (မဂ္ဂနမ်) ရိုင်ဖယ်ကျည်ဆံ၏ ထိမှန်ခြင်းကို ခံလိုက်ရငြားလည်း တစ်ချက်မျှသာ တွန့်သွားပြီး ထိုနေရာတွင် တစ်ချက်တည်း “ရုပ်သေးကြိုးပြတ်”လဲမကျသေးဘဲ တောနနွင်းပင်ရိုင်းများ၏ နောက်တွင် ခိုကပ်ကာ ရပ်နေသော ကျွန်ုပ်ရှိရာ သို့ မိမိဦးချိုနှစ်ချောင်းနှင့် ဆောင့်ကော်ရန် အရှိန်လျင်မြန်စွာ ပြေးဝင်လာချေတော့သည်။
သို့ဘိရကား ကျွန်ုပ်လည်း ရိုင်ဖယ်သေနတ်ကို နောက်ထပ် မောင်းတင်ပြီး ပစ်ရန်အချိန်မရတော့သဖြင့် မြေပေါ်သို့ ပစ်ချလိုက်ပြီး ခါးတွင် ချိတ်ထားသော .၄၅(ကို့လ်) ပစ္စတိုသေနတ်ကို လျင်မြန်စွာ ဆွဲယူ၍ စိုင်ကြီးကို ၆ချက်တိတိ ဆက်ကာ ပစ်လိုက်ရပေတော့သည်။
သို့နှင့်အမျှ ကျွန်ုပ်၏ မြင်ဆရာနှင့် ကြားဆရာဖြစ်ခဲ့ ပေသော စိုင်ကြီးသည် နဖူးတွင် ဂရိန် ၂၃ဝ အလေးချိန်ရှိသော ကျည်ဆံ ၃ချက် နောက်ထပ် ထိမှန်ခြင်းခံလိုက်ရသောကြောင့် မြေပေါ်တွင် ဘုံးဘုံးလဲကျကာ သေဆုံးသွားရရှာတော့သည်။
ကိုဖိုးစုလည်း လွန်စွာ အားရရွှင်ပျသော မျက်နှာ အမူအရာတို့ဖြင့် . . .
“ကျုပ်တို့ အင်မတန် ကံကောင်းတယ် ကိုရဲ၊ ဒီစိုင်ကြီးဟာ မိမိကိုလာပြီး ပစ်လှည့်ပါလို့ ကျုပ်တို့ကို အော်ဟစ်ပြီး ဖိတ်ခေါ်ခဲ့သလိုပါပဲ။ ဗြဟ္မာ့ဘုံက အပ်တစ်စင်းရဲ့ထိပ်ဖျားနဲ့ လူ့ပြည်က အပ်တစ်စင်းရဲ့ထိပ်ဖျားချင်း ထိဖို့ ခဲယဉ်းတာထက် အခုလို အခွင့်ထူးမျိုးရဖို့က ပိုပြီး ခဲယဉ်းပေလိမ့်မယ်။
အခု ကိုရဲ အလိုဆန္ဒ ပြည့်သွားပြီမဟုတ်လား။ ကျုပ်ဖြင့် ဝမ်းသာလို့ မဆုံးတော့ပါဘူး။ လာ … ကျုပ်တို့ အိမ်ပြန်ကြစို့ရဲ့။ အိမ်ပြန်ရောက်တဲ့အခါ ဒီစိုင်ကြီးရဲ့ အသားအရိုးနဲ့ သားရေတွေကို ခုတ်ထစ်ခွာလှန်ပြီး သယ်ဆောင်လာလို့ ကျုပ်ယောက်ဖနဲ့ အဖော် ၅ ယောက်တို့ကို လှည်းသုံးစီးနဲ့ တောတွင်းကို ပို့လွှတ်လိုက်မယ်”
ထိုရက် ညနေစောင်းတွင် ရွာခေါင်းကြီး ကိုဖိုးစု၏ ယောက်ဖနှင့် အပေါင်းပါတို့သည် စိုင်ကြီး၏ အသားအရိုးနှင့် သားရေစသည်များကို လှည်းသုံးစီးနှင့် တင်ဆောင်ကာ ရွာသို့ ပြန်လည်၍ ရောက်လာကြတော့သည်။
ကျွန်ုပ်တို့သည် ထိုရက်တွင် ညစာကို စိုင်၏ အူ၊ အသည်းနှလုံးဆီပြန်ဟင်းနှင့် မြိန်ရှက်စွာ စားသောက်ကြရပေတော့သည်။
နောက်ရက်နံနက်တွင် ကိုဖိုးစုသည် ကျွန်ုပ်အား လက် ဆောင်ပေးလိုသည်ဟု ပြောပြီး မိမိယောက်ဖနှင့်အတူ ရွာအနောက်ဘက်ရှိ တောအတွင်းသို့ သွားရောက်၍ နှစ်နာရီခန့်အကြာတွင် ချေငါးကောင်တို့ကို ဝါးလုံးတစ်ချောင်းဖြင့် ထမ်းဆောင်လာကြသည်ကို အံ့သြဝမ်းမြောက်ဖွယ် မြင်တွေ့ရပေတော့သည်။
“ကိုရဲ၊ ဒီချေငါးကောင်ကို ကျုပ် တောထဲသွားရောက်ပြီး နှဲခင်မှုတ်ပြီး ပစ်ခဲ့တယ်လေ။ တစ်နာရီလောက်အတွင်းမှာပဲ ပစ်လို့ရရှိခဲ့တယ်လေ။ အင်မတန်လွယ်ပါဘိသနဲ့။ ကိုရဲ မနက်ဖြန် ရွှေဘိုကိုပြန်တဲ့အခါ ဒီချေသားတွေကို လက်ဆောင်ပေးလိုက်မယ်။ ဒီချေသားတွေကို ဒီနေ့ အခြောက်လှမ်းထားလိုက် မယ်”
“ဟုတ်ပ . . . အင်မတန် ကျေးဇူးတင်ပါတယ်။ စိုင်သားတွေကို ကျုပ် မယူလိုပါဘူး။ ရွာခေါင်းကြီးကို ကျုပ် လက်ဆောင်အဖြစ် ပေးပါတယ်။ စိုင်သားတွေကို နေပူလှန်းပြီး ကသာမြို့ပေါ် တက်ပြီး ရောင်းနိုင်ပါတယ်။
ရော့ . . . ယူပါ ရွာခေါင်းကြီး။ ရွာခေါင်းကြီးကို ကျွန်တော် ယမ်းတောင့်အသစ် အတောင့် ၅ဝ လက်ဆောင်ပေးပါတယ်”
ရွာခေါင်းကြီး ကိုဖိုးစုကား ဝမ်းမြောက်၍မဆုံး ကျေးဇူးတင်၍ မဆုံးနိုင်တော့ပြီတကား။
(ရှုမဝမဂ္ဂဇင်း၊ ၁၉၇၀ ဝန်းကျင်)
– ပြီး –
စာရေးသူ – ကုသ