မြစ်ခြောက်နာ (ဝတ္ထတို) ခင်ခင်ထူး
၁။
ရွာနံမည်က “ဘို့ကုန်း”။
တကယ့်ကို ကုန်းခေါင်ခေါင် အညာရွာကလေး။
ခေါင်လိုက်သမှ တကယ့်ကို ရေမနီး ကုန်းမနီးဆိုတဲ့ ရွာမျိုး။ ထနောင်းကြောင်ခြစ် ဆူးရစ်ပွင့်ဝေ ဖုန်ငွေ့တွေ လှိုင်းကြီးထနေတတ်တဲ့ ရွာမျိုး မိုးရွာမှ ရေခံကန်ပြည့်ရတဲ့ ရွာမျိုးပါ။ ဟိုတုန်းကတော့ သည်နေရာက အင်းခြောက်ကြီးလို့ဆိုတယ်။ အဲသည် အင်းခြောက်ကြီးကိုမြေဖို့ပြီး ရွာတည်ထားတာမို့ ဖို့ကုန်းတဲ့။ အဲသည်ထဲကမှ “ဘို့ကုန်း” ရယ်လို့ ဖြစ်သွားတာလို့ အစဉ်အဆက် ပြောကြတယ်။
အရှေ့ဘက် မိုင်တော်တော်ဝေးဝေးမှာ နွားထိုးကြီး မြင်းခြံ ကားလမ်းတော့သွားနိုင်ပါရဲ့။ ဒါပေမဲ့ အဲသည် ကားလမ်းမဘက် ကရုန်းကရင်းတက်ပြီး ခရီးသွားလိုက်မဟဲ့ဆိုတဲ့ လူရယ်လို့ မရှိသလောက် ရှားတယ်။ တစ်ခါတလေ ဟိုရွာသည်ရွာ ကူးကြတဲ့ လှည်းတွေကလွဲလို့ အဲသည် အရှေ့ဘက်ကို တကန်တကဘယ်သူမှ မရောက်ကြပါဘူး။ ခရီးရယ်လို့ သွားဖို့ လာဖို့ ဖြစ်လာရင်လည်း အနောက်ဘက် ခပ်လှမ်းလှမ်းက ဧရာဝတီမြစ်ကြီးဆီ ရွာစဉ်လေးငါးရွာလောက် ကျော်တဲ့ပြီး ပြည်ကူးတို့သင်္ဘောကြီးတွေ သွားစီးကြတာ များတယ်။ ကားလမ်းဘက် တက်လို့ ပေးရမယ့် ကားခထက် သင်္ဘောခက သက်သာတာလဲ ပါတယ်။ ပြီးတော့ တစ်သက်လုံး သင်္ဘောစီးကြတာများတော့ သင်္ဘောပဲ စိတ်ရောက်ကြတာပါ။
ဘို့ကုန်းရွာသူရွာသားတွေဟာ ဓားမဦးချ တောင်သူလုပ်တာ၊ ထင်းခုတ်တာ ထန်းတက်တာလောက်ကလွဲလို့ တခြား အလုပ်ရယ်လို့ မယ်မယ်ရရ ပြောလောက်အောင် မလုပ်တတ်ကြပါဘူး။ လူရည်ကလေး နည်းနည်းလည်တာဆိုလို့ ပဲပွဲစား၊ ကြက်သွန်ပွဲစား၊ နွားပွဲစားကလေး မတောက်တစ်ခေါက် လုပ်နေတဲ့ ကိုစံအုံးရယ်၊ ရွာခံ မူလတန်းကျောင်း ဆရာလေး ကိုဘအေးရယ်၊ ရွာလယ်ပိုင်းက ဆေးဆရာကြီး ဦးနှောရယ် သည်လောက်ပဲရှိတာပါ။ လူရည်လည်တယ်ဆိုတာကလည်း စက်ဘီးကလေး တစ်စင်းနဲ့ ရွာစဉ် ရွာရိုး ကုန်းကျော် ရေကျော် အရောက်အပေါက်ရှိတတ်တာမျိုး၊ ကြည်တော်ကုန်းလို့ အုပ်စုရွာကြီးက စျေးကလေးသွားပြီး အဝယ်အခြမ်းရှိတာမျိုး၊ ပဲကလေး ရွဲကလေး ရောင်းကြတာမျိုး၊ ဟိုသတင်း သည်သတင်း ဖလှယ်ကြတာမျိုး၊ သာမူနာမှုကလေး ကူးကြ လူးကြတာမျိုးလောက်ပါ။
ရွာတောင်ဖျားမှာ ရွာဦးထိပ် ဘုန်းကြီးကျောင်း တစ်ကျောင်းရှိတယ်။ ကျောင်းထိုင်ဆရာတော် ဦးကဝိန္ဒက သက်တော်ရာ ဝါတော်ရော သည်နယ်မှာတော့ အကြီးဆုံး သြဇာအရှိဆုံး။ ကျောင်းရှေ့မှာ ကုက္ကိုပင်ကြီးတွေ အုပ်ဆိုင်းနေတဲ့ သောက်ရေကန်ကြီး တစ်ကန်ရှိတယ်။ အဲသည် ရေကန်ကြီးက တစ်ရွာလုံးအတွက် သောက်သုံးရေကန်ကြီးလည်းဖြစ်၊ သာမှုနာမှုလည်း သုံးရတဲ့ ရေကန်ကြီးပါ။ မိုးရွာတဲ့အခါ ရေပြည့်လာပြီး မိုးဝေးတဲ့ တပေါင်းတန်ခူးလို နွေကလေးပေါက်လာတဲ့အခါကျတော့ ရေတစ်စက်မှ မကျန်အောင် ခန်းခြောက်သွားတတ်တယ်။ အဲသည် အချိန်မျိုးမှာ ပက်ကြားတွေများ အက်လို့။ အိမ်ခြေခုနှစ်ဆယ် ရှစ်ဆယ်လောက်ရှိတဲ့ ရွာကလေးအတွက် ဆရာတော်က ကျောင်းဝင်းထဲမှာ သောက်ရေတွင်းကြီးတစ်တွင်း စောက်ကြီးနက်အောင် တူးပေးထားပေမယ့် ရေတွင်းကလည်း ရေကန်လိုပါပဲ။ မိုးရွာတဲ့နှစ်တွေမှာ ရေကောင်းတယ်။ မိုးခေါင်တဲ့နှစ်များဆိုရင် ရေတွင်းကလည်း ကောတော့တာပါ။ သည်တော့ ရေရှားသွားတဲ့ သုံးလေးလစာအတွက် နွားလှည်းတွေပေါ် ရေစည်တင်ပြီး မြစ်နားကမ်းနားအထိ လှည်းတပ်ကြီးချီပြီး ရေစည်လှည်း သွားတိုက်ကြရတယ်။ အများနည်းတူ ပဲစိုက်၊ ကြက်သွန်စိုက်ကြတာဆိုပေမယ့် မိုးကောင်းရင် သီးနှံကောင်းပြီး၊ မိုးမကောင်းရင် သီးနှံလည်း ဖျင်းတတ်တာမှုတ်လား၊ ဒါပေမဲ့ ဘို့ကုန်းရွာသူရွာသားတွေကတော့ ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်ဆိုသလို ရောင့်ရောင့်ရဲရဲ နေပျော်ခဲ့ကြတာကိုပဲ နှစ်တွေကြာလှပေါ့။
ရွာမြောက်ဘက်မှာ ဖုန်ရောင်ထနေတဲ့ ရှားစောင်းပြဿဒ်ပင်တွေ၊ ကန္တာရပင် မည်းမည်းကြီးတွေ၊ ခါးစောင်းလောက် ဆူးရစ်ချုံနွယ်ပင်တွေနဲ့ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ ရွာသချိုင်္ိင်းဆိုပေမယ့် အုတ်ဂူတွေ တဖွေးဖွေးနဲ့ ချောက်ချောက်ချားချားနိုင်တဲ့သင်္ချိုင်းလက္ခဏာရယ်လို့ တစ်စက်မှ မရှိပါဘူး။ မသိတဲ့လူဆိုရင် အလေ့ကျဆူးတောတစ်စောလို့တောင် ထင်ရတဲ့ ဖုန်းဆိုး တောဆိုးမြေသက်သက်ပါ။ သင်္ချိုင်းမှာဘယ်သူဘယ်ဝါရဲ့ အုတ်ဂူရယ်လို့ တစ်လုံးမှ မရှိသလို ရွာကလည်း အသေအပျောက်နည်းတော့ ပျင်းစရာတောင် ကောင်းတယ်ဆိုတာမျိုး။ အကြမ်းဖျင်း၊ တစ်နှစ်တစ်ယောက်ဆိုသလို ရွာထဲ မွေးတာဖွားတာရှိချင်နိုင်ပေမယ့် အသေအပျောက်ကတော့ တစ်နှစ်တစ်ယောက်ရှိဖို့ ခပ်ရှားရှားရယ်။ ပြီးတော့ လူမို့သေရင်လည်းမီးစာကုန်ဆီခန်းလို့ ဥဘယက္ခခေါ်တဲ့ လူ့သက်တမ်းနဲ့ကံ နှစ်ပါးစုံကုန်လို့ မလွှဲသာ မရှောင်သာ သေကြတာမျိုးက များတယ်။ အကင်းတဖြုတ်ဖြုတ်ဆိုသလို အရွယ်မတိုင်ခင် ရောဂါဘယကပ်ငြိပြီး သေရတာမျိုး ဥပစ္ဆေဒကကံနဲ့ သေရတာမျိုးဆိုတာ မရှိဘူးလို့ ပြောရင်တောင် ရကောင်းပါရဲ့။
မရှိဆို ဘို့ကုန်းရွာက ရွာသာသေးတာ။ ရွာကလေးကသာ ဟိုမနီးသည်မနီး ချောင်ကျတာ။ တစ်အုပ်စုလုံးက အားထားနေရတဲ့ ဆေးဆရာကြီး ဦးနှောက ရှိတာကို။ တောသူတောင်သားများ ဖြစ်တတ်တဲ့ ရောဂါဆိုတာလည်း မြို့ရောဂါတွေ မဟုတ်တော့ ရွာရောဂါနဲ့ ရွာဆေးဆရာ ဆေးလိုက်တဲ့ သဘောထင်ပါရဲ့။
၂။
ဆေးဆရာကြီး ဦးနှောကို တစ်နယ်လုံးက ဆရာကြီးနှောလို့ တရိုတသေခေါ်ကြတယ်။ ရွာနီးချုပ်စပ်က လူတွေကလည်း ဘို့ကုန်းဆရာကြီးတဲ့။ ရွာတွေမှာက ရွာနာမည်ကို ရှေ့ကတပ်ပြီး ခေါ်ကြတဲ့အလေ့ ရှိလေတော့ ဆရာကြီးနှောနဲ့တင်ပဲဘို့ကုန်းရွာက ဂုဏ်ရောင်ပြောင်လှပါပြီ။ သူ့ဟာသူ ရေရှားတာ၊ မိုးရှားတာ၊ သီးနှံဖျင်းတာ မဖျင်းတာ၊ ရွာငယ်ဇနပုဒ်မီးကလေး မှိတ်တုတ်ဖြစ်တာ မဖြစ်တာ နောက်ထား။ ဘို့ကုန်းလို့ ဆိုလိုက်ရင်ကို ဆရာကြီးနှောနဲ့ ရောပြီ လူသိများတဲ့ ရွာကလေးဖြစ်နေတာကိုက ဘို့ကုန်းရဲ့ ရွာဖြစ်ရကျိုးနပ်မှုပါပဲ။
ဆရာကြီးနှောကို ဆေးပညာအမွေပေးခဲ့တာ ဆရာကြီးရဲ့ အမေ ဘွားရွှေမြစ်ပါ။ဘွားရွှေမြစ်က တကယ့်ဆေးဆရာမကြီးတော့ မဟုတ်ပါဘူး။ ဘွားရွှေမြစ်ရဲ့အဖေ (ဆရာကြီးနှောရဲ့အဘိုး) ဘိုးမင်းဆိုင် လက်ထက်တုန်းကတော့ တကယ့်ကို နယ်ကျော်နယ်ကြား နာမည် ဟိန်းဟိန်း ထခဲ့တဲ့ ဓာတ်ဆရာကြီးလို့ ပြောကြတယ်။ ဓာတ်ဆရာ ဆရာဆိုင် လက်ထက်တုန်းကဆို ဝေဒနာကို ဆေးတစ်ဖဲ့ ဝါးတစ်ခြမ်း မသုံးရဘဲ နား၊ မျက်စိ၊ နှာခေါင်းဆိုသလို အာရုံအတွေ့အထိနဲ့တင် တော်ရုံတန်ရုံ ရောဂါပျောက်အောင် ကုနိုင်တယ်လို့ဆိုတယ်။
“မင့်အဘိုးတို့များ ဗေဒတ္တနယလို့ခေါ်တဲ့ အင်္ဂဝိဇ္ဇာကျမ်း အလွန်နိုင်နင်းသာ၊ လူနာကို မြင်ရုံနဲပ ဘယ်ဓာတ်ပျက်သလဲ တန်းသိတယ်။ အပူနာ အအေးနာ အတက်နာ အသက်နာ အပွင့်နာ အပိတ်နာ တစ်ထိုင်တည်းနဲ့ ဆုံးဖြတ်နိုင်တယ်။ ရောဂါဝေဒနာဆိုသာကလည်း ဓာတ်မသိတော့ အခက်သား၊ ဓာတ်သိတော့ အလွယ်ကလေးဆိုသဟာကိုးကွယ်၊ အကြားနဲ့ ကုသယ်၊ အမြင်နဲ့ ကုသယ်၊ အနံ့နဲ့ကုသယ်၊ အတွေ့အထိနဲ့ ကုသယ်။ ခဲရာခဲဆစ် ရှာဖွေသုံးနေရတာ မဟုတ်ဘူး။ ကိုယ့်ရှေ့ရှိတဲ့ဟာ ဆရာ ကိုင်မိရင် ဆေးဖြစ်ရသာချည်းပဲ”
ဆရာ့ဆိုင်မှာ သားယောက်ျားကလေး တစ်စွန်းတစ်စ မထွန်းကားလေတော့သမီး မရွှေမြစ်ကိုပဲ တတ်ထားသမျှ ပညာအမွေ ပေးရတာ အားပါးတရ မရှိခဲ့ဘူးတဲ့။ မြေးကလေး မောင်နှော ငါးနှစ်သား လောက်ကတည်းက လောကီ လောကုတ္တရာ တရားတွေကို အရွယ်နဲ့မဆံ့ ဖိသင်ပေးခဲ့တယ်။ မောင်နှောကလည်း ဉာဏ်ကလေးကောင်းလေတော့ အဘိုးရဲ့ ဆေးပညာအမွေရယ်လို့ အကုန်အစင် မရလိုက်ပေမယ့် မျက်ရည်ဝ နားရည်ဝဆိုသလို သိသင့်တာ ကြားသင့်တာများတော့ မလွတ်ခဲ့ဘူး။
“ငါ့မြေးရဲ့ ဘုရား တရား သံဃာ ရတနာသုံးပါးဟာ ပဓာနကွယ့်။ ငါးပါးသီလကိုခါးဝတ်ပုဆိုးလို မြဲမြဲထိန်းသိမ်းရမယ်။ ကတိသစ္စာတည်ကြည်ရမယ်။ မှတ်ထားကွယ်နော်။ သစ္စာတရားဟာ ဆေးပဲ”
ငယ်စဉ်ကတည်းက သည်လို အဆုံးအမတွေနဲ့ သောကော ရောကော ကြီးပြင်းခဲ့ရသူဆိုတော့ အရွယ်ရောက်လို့ လူလားမြောက်လာတော့ မောင်နှောဟာ လူလိမ္မာ လူယဉ်ကျေးဖြစ်လာတာပေါ့။ လူလိမ္မာ လူယဉ်ကျေးများကို မြင်သူတိုင်းကချစ်ခင်လေးစားကြတော့ ဦးနှောကိုလည်း လူချစ်လူခင်များတယ်။ ဦးနှောက ဥပဓိရုပ် စင်ကြယ်တယ်။ အကျင့်သီလကောင်းတယ်။ ဦးနှောငယ်စဉ်ကဆိုရင်သူ့အမေ ဘွားရွှေမြစ်ဆီ လူနာလာတိုင်း ဘေးမှာ အမြဲရှိနေတော့တာပါ။
“ဟဲ့ မိဂျမ်းပုံ ညည်းကလေးက ဘာဖြစ်သလဲ”
“ဘာဖြစ်လဲ ကျုပ်မပြောတတ်ဘူး ဘွားရွှေမြစ်ရဲ့။ တောထဲက ပြန်လာတော့ ကိုယ်တွေ ခြစ်ခြစ်တောက်ပူလို့။ မျက်စိလည်း မဖွင့်ဘူး။ အားလည်းကိုးပါရဲ့၊ ကြည့်ပေးပါဦး”
ဘွားရွှေမြစ်က မဂျမ်းပုံကို အနားတိုးခိုင်းပြီး ကလေးမျက်စိ ဖြဲကြည့်တယ်။ ချက်ကို လှန်ကြည့်တယ်။ ခြေတွေ လက်တွေ ဆုပ်နယ်ကြည့်တယ်။ ပြီးတော့ ကလေးခေါင်းကို သပ်ရင်းက မေးတယ်။
“ကလေးက ဘယ်နှစ်လ ရှိပြီတုံးအေ့”
“ရှစ်လ မှတ်သာပဲ။ ပြာဆိုမွေးပဲတော်”
“အေး ရှစ်လ၊ ရှစ်လဆိုတော့ မေဓာဝီနတ် ဖမ်းစားသာပဲဟဲ့။ အိမ်ရောက်ရင် ခေါပတောင်းထဲ ထမင်းဖြူ တစ်ဆုပ် စလောင်းနဲ့ထည့် မုန့်ခုနှစ်ယှက်၊ ငါးခုနှစ်ကောင်ကြော်၊ ပေါက်ပန်းဖြူ ခုနှစ်ပွင့်ကို ကြိုးနဲ့ သီထည့်၊ ပေါက်ပေါက် ဆီမီးခုနှစ်တိုင်ကို နံ့သာရေဖျန်းပြီး ဆုတောင်း။ သည်ကလေး မွေးတဲ့အချိန်လောက်မှန်းပြီးအနောက်မြောက်ဘက် ရွာစာသွားချချေ။ နင်နေရစ် ငါသွား၊ မပျောက်တော့ ငါ့ပြော၊ ကိုင်း ကလေးကို နွေးနွေးထွေးထွေး သိပ်ဟဲ့ သွား သွား”
မဂျမ်းပုံပြန်သွားတော့ မောင်နှောက မအေလုပ်သူကို ဘာဆေးမှ မပေးလိုက်လို့အထူးအဆန်းဖြစ်နေတော့ အကျိုးအကြောင်း မေးတယ်။ ဘွားရွှေမြစ်ကတော့သားကိုကြည့်ရင်း ပြုံးတယ်။
“အဲသာ ပညာပေါ့ ငနှောရဲ့။ ကလေးကို အမေကြည့်လိုက်တော့ ဘာဓာတ်မှ မပျက်ဘူး။ သူရို့က ကလေးကို လေတိုက်ထဲ ပစ်ထားကြပုံရရဲ့။ လေစိမ်းမိပြီး ကိုယ်ပူဖျားနေတသာ။ နွေးနွေးထွေးထွေး သိပ်ပြီး အမေ့ရင်ငွေ့နဲ့ အုံလိုက်ရင် ပျောက်မှာပဲလို့ အမေ သိသပေါ့။ ဒါပေမဲ့ လူ့စိတ်ဆိုတာ တစ်မျိုးကွယ့်။ တစ်ခုခုတော့ လုပ်လိုက်ရမှ ကျေနပ်ကြသာဟုတ်လား။ သဟာကြောင့် မလိုသော်ရှိ လိုသော်ရှိ သူငယ် ရှစ်ရက် ရှစ်လ ရှစ်နှစ်သားကို ဖမ်းစားတတ်တဲ့ မေဓာဝီနတ်ကို ပူဇော်ခိုင်းလိုက်သာပဲ။ ကြည့်နေ နက်ဖြန် မိဂျမ်းပုံကလေး နေကောင်းလာလိမ့်မယ်”
ကလေးကို ဆေးတစ်မှုန် လျှာမပွတ်လိုက်ရဘူး။ စုတ်တစ်ချက် မပေါက်လိုက်ရဘူး။ ဆီတစ်စွက် ရင်မသပ်လိုက်ရဘူး။ အကောင်းပကတိ ထပြေးနေတဲ့ မဂျမ်းပုံရဲ့ သားကလေးကို ကြည့်ရင်း မောင်နှော တစ်ယောက် ကောင်းကောင်းကြီး သဘောပေါက်လာခဲ့တယ်။ အမေ့ဆီကတင်မက ကိုယ့်ဉာဏ် ကိုယ့်စွမ်းရှိသလောက်စဉ်းစားတွေးခေါ်တတ်လာခဲ့တယ်။ ဓာတ်လေးပါး အစုအဝေးကြီးကို တစ်ပါးစီ ပိုင်းခြားစိတ်ဖြာကြည့်တတ်လာခဲ့တယ်။
“ငါ့သားနှယ် ရှေးရှေးက မိဘဘိုးဘွား အစဉ်အဆက်တွေတုန်းကတော့ ရောဂါဝေဒနာများ သစ္စာဆိုရုံနဲ့ ပျောက်သတဲ့။ မင်းလည်း ကြားဖူးသားပဲ။ ဘုရားလောင်း သုဝဏ္ဏသာမတို့များ မြားဆိပ်သင့်သာတောင် မိဘနှစ်ပါး လုပ်ကျွေးသမှုပြုခဲ့တဲ့ ကောင်းမှုကုသိုလ်ကို တိုင်တည်သစ္စာပြုလိုက်တာနဲ့ သားရွှေအိုးထမ်းလာတာကို မြင်ရသဲ့ကိန်း ဆိုက်ရသမှုတ်လား။ အေး သမ္ဘုလမင်းသမီးဆိုရင်လည်း သည်လိုပဲ။ လင်သားအပေါ်မှာ ထားရှိတဲ့ မဖောက်မပြန်သော သစ္စာတရားကို တိုင်တည်လိုက်တော့ ကုဋ္ဌနူနာများ စွဲကပ်နေတဲ့ လင်သားမှာ သမ္ဘုလရဲ့ သစ္စာတရားကြောင့် ရောဂါဆိုးကြီး ပိန်းကြာရွက် ရေမတင် ကင်းစင် လွတ်မြောက်ရသယ်။ အင်း သည်တုန်းကတော့ လူတွေက ရတနာသုံးပါး ဂုဏ်ကျေးဇူးသိကြသာကိုး။ အကျင့်သီလလည်းကောင်းကြတယ်။ သတ္တဝါအချင်းချင်း တစ်ဦးနဲ့ တစ်ဦး ကြင်နာစိတ်ထားကြသာကိုးကွယ်။ နောက်တော့ လူတွေဟာ အကျင့်သီလတွေ ယိုယွင်းလာကြတော့ စရိုက်များ ကြမ်းလာကြသာကိုး။ တစ်ဦးကိုတစ်ဦး စာနာထောက်ထားတတ်တဲ့ မေတ္တာစေတနာတွေ လျော့လာခဲ့ကြတယ်။ သည်တော့ သစ္စာဆိုရုံနဲ့ မရတော့ဘူး။ ရောဂါဝေဒနာရယ်လို့မှ စွဲကပ်လာရင် မြက်တစ်ရိုးစား၊ ဆီတစ်စက်လျက်မှ ပျောက်တော့သာ။ ဟော ခုခေတ်များတော့ကွယ် လူတွေက သစ္စာမရှိ ကတိမတည် ဖောက်ပြန်လွန်း အားကြီးလာကြတော့ နွယ်မြက်သစ်ပင်တောင် ဆေးဖက်ဝင်ဖို့ ခပ်ခက်ခက်ရယ်။ အေးလေ ဘာပဲဖြစ်ဖြစ် ကိုယ်ကသာ မဖောက်ပြန်နဲ့၊ သမားတို့ စောင့်စည်းအပ်တဲ့ သီလ၊ တည်တည်ကြည်ကြည် စဉ်းစားဆုံးဖြတ်နိုင်တဲ့ သာမဓိ၊ သမားကောင်း တစ်ယောက်ရှိသင့်ရှိအပ်တဲ့ပညာ၊ သည်သိက္ခာသုံးပါးနဲ့ ပြည့်စုံအောင် ကြိုးစားအားထုတ်ကွယ်”
အမေ့စကားကို မြေဝယ်မကျ မှတ်သားနာယူရင်း ဆေးကုလာတဲ့ ဆရာကြီးနှောရဲ့ဆေးပညာသက်တမ်းတောင် ရှိရောပေါ့ နှစ်လေးငါးဆယ်လောက်။ ဆရာကြီးနှောကိုင်ခဲ့တဲ့ ရောဂါဝေဒနာပေါင်းကလည်း စုံလှပြီ။ ပန်းနာရင်ကြပ်၊ မီးယပ်၊ ဒူလာ။ သွေးတကူ၊ လေတကူ၊ ဗိန်းဗြဲ၊ ကိုယ်ရောင်၊ အူရောင်ငန်းဖျား၊ ပလိပ်ဖျား၊ ငှက်ဖျား၊တုတ်ကွေးဖျား၊ ဝမ်းသွား ဝမ်းပျက်၊ ထုံနာကျဉ်နာ၊ အဆုတ်နာ၊ အသားဝါကအစ အဆိပ်အတောက်ဖြစ်လို့ မျက်လုံးပြူးနဲ့ အရေးပေါ်ရောက်လာတတ်တဲ့ သေကောင်းပေါင်းလဲ လူနာတွေအဆုံး ကုခဲ့ရပေါင်းများခဲ့ပြီ။ လူတွေက ဆေးလိုက်တယ်လို့ ပြောလည်း ပြောချင်စရာ။ ဆရာကြီးနှော ကုခဲ့သမျှ လူနာတွေ သူ့လက်တွင်းမှာ အသေအပျောက်ရယ်လို့ မရှိသလောက်ပေကိုး။
၃။
အင်မတန် အေးဆေးရောင့်ရဲလွန်းလှတဲ့ ဘို့ကုန်းရွာကလေးထဲကို ဗီဒီယိုသေတ္တာပုံးကြီး စယူလာခဲ့တဲ့နေ့က တစ်ရွာလုံး အုန်းအုန်းကျွတ်ကျွတ် ဖြစ်သွားလိုက်ပုံများရွာဘုရားပွဲထက်တောင် စည်သေးရဲ့။ ပဲပွဲစားကို စံအိုးက ရွာကလေးထဲ ဗီဒီယိုရုံ ထောင်မလို့တဲ့ ဆိုတဲ့သတင်းကလည်း မိုင်းကိုင်စက္ကူပေါ် ဆီစက်ကျသလို ပျံ့နှံ့သွားလိုက်ပုံများ တောထဲလယ်ထွန်နေတဲ့ လူကလည်း ထွန်းတုံးပေါ်က ခုန်ချပြီ ကိုစံအိုးရဲ့ အိမ်ကို ဒုံးစိုင်းပြေးကြည့်တယ်။ ထမင်းအိုးတည်ရင်း၊ ကလေးနို့တိုက်ရင်း။ပဲနွှာနေတဲ့ အိမ်ရှင်မတွေရော၊ နွားကျောင်းရင်း၊ ထင်းခွေနေကြတဲ့ ကလေးတွေရော အားလုံး ကိုစံအိုးအိမ်ရှေ့မှာ ပြုံခဲလို့။ ထန်းလျက်ခဲကို ပရွတ်ဆိတ် အုံနေတဲ့အတိုင်း။ အိုကြီး အိုမနဲ့ ရွာတောင်ဖျားက ဘုန်းကြီးကျောင်းကို တောင်ဝှေးကလေးတစ်လှမ်းချင်း ထောက်ပြီး ဥပုသ်နေ့ကလေး မနည်းစမ်းသွားနေရတဲ့ ဘိုးလှဘော်ကြီးတောင် ရောက်နေသေးတာ။
“ကိုင်း ကျုပ်တို့ရွာ အောက်တန်း နောက်တန်းကျလွန်းလို့ ဗဟုသုတ နည်းကြလွန်းလို့ ကျုပ်က စေတနာနဲ့ ဗီဒီယိုပုံးကလေး ဝယ်လာခဲ့သဗျနော်။ သည်ကနေ့ညတော့အလကားပြလိုက်ရဦးဗျာ။ နောက်ညတွေများတော့ ကျုပ်အတွက် ဘက်ထရီသွင်းခလေးရအောင် ခင်ဗျားတို့က မျှခံကြပေါ့ဗျာ။ ဟုတ်ပြီလား။ ကဲ နမူနာ ကြည့်သွားကြဦး”
ပွဲစား ဦးစံအိုးက ဘက်ထရီအိုး ကလစ်နဲ့ ညှပ်၊ ခလုတ်ကလေး နှိပ်လိုက်တယ်ဆိုရင်ပဲ ဗီဒီယိုပုံးကြီးရဲ့ ဖန်သားပြင်ပေါ်မှာ ရောင်စုံအရုပ်တွေ တရွရွနဲ့ ပေါ်လာတော့တာပါ။ ဒါကိုပဲ တစ်ရွာလုံး ပါးစပ်ဟောင်းလောင်းနဲ့ ငေးလိုက်ကြတာများ။ ပါးစပ်ထဲခဲပစ်သွင်းတာတောင် သိလိုက်ကြမှာ မဟုတ်ဘူး။ ရောင်စုံအရုပ်တွေက တလှုပ်လှုပ်တရွရွနဲ့ ဖျိုးခနဲ ဖျက်ခနဲကိုး။ အငြိမ့်ပွဲ ဇာတ်ပွဲတောင် တစ်ရွာ တစ်ရွာလိုက်ကြည့်ကြရတဲ့ ဘို့ကုန်းရွာသူ ရွာသားတွေအဖို့ ဆန်းကြယ်လွန်းလှတဲ့ သေတ္တာပုံးကြီးကို ပုဆစ်ဒူးများတုပ်လို့ ရိုသေနေလိုက်ကြပုံများ။ ညရောက်တော့ ကိုစံအိုး အိမ်တလင်းထဲ တစ်ရွာလုံးလူကုန် ခဲလို့ သည်းလို့။ အုန်းခနဲ ရယ်လိုက်ကြ၊ ဟာခနဲ အော်လိုက်ကြ၊ ရွှီခနဲ လက်ခေါက်မှုတ်လိုက်ကြနဲ့၊ ခါတိုင်း ဆရာတော်ကျောင်းက ဘုရားဝတ်တက်အပြီး အမျှအတမ်း ဝေတဲ့ ကြေးစည်သံတောင် အဲသည်ညက ဘယ်သူမှသာဓုမခေါ်လိုက်မိကြဘူး။ ရွာလယ်ပိုင်းက ဆရာကြီးနှောခမျာ ပုတီးတောင် ဖြောင့်ဖြောင့်စိပ်မရဘူး။ ကိုစံအိုးအိမ်က ဆရာကြီးအိမ်နဲ့ ကပ်လျက်ဆိုတော့ ကြိုးစားပြီးစိပ်ပေမယ့် ခါတိုင်းညတွေလို သာမဓိမရတာတော့ အမှန်ပဲ။ ခါတိုင်း ဂုဏ်တော်တစ်ထောင်အနုလုံပဋိလုံ စိပ်နေကျပေမယ့် သည်နေ့ညတော့ တစ်ပြန်တောင် မနည်းစိပ်ယူလိုက်ရတယ်။
နောက်ညတွေကျတော့ ပိုလို့တောင် ဆိုးလာတယ်။ ပြောရမလားပဲ။ ပထမ တစ်ကားပြီးသွားတော့ ညဉ့်တစ်ဝက်ကျိုးလှပါပြီ။ နောက်တစ်ကားဆက်ပြတော့ သက်ကြီးခေါင်းချ ကြက်တွန်သံတောင် ကြားလိုက်ရပြီ။ ဆရာကြီးနှော အိပ်လို့ မပျော်နိုင်သေးဘူး။ သည်လိုသာ ညစဉ်ရက်ဆက်ဆိုရင် ခက်ရတော့မယ် မဟုတ်လား။ မနက်လင်းတော့ ရွာအရှေ့က စာသင်ကျောင်းကလေးဆီ ဆရာကြီးနှော ရောက်သွားတယ်။ ဆရာလေး ကိုဘအေးက ကျောင်းကို မလာစဖူး အလာထူးတဲ့ ဆရာကြီးနှောကို ပျာပျာသလဲ ဆီးကြိုရှာတယ်။
“ကြွပါ ဆရာကြီး၊ ကျွန်တော်လည်း အစည်းအဝေးရှိလို့ ကြည်တော်ကုန်းသွားနေသာနဲ့ သည်ကနေ့မှ ပြန်ရောက်သယ်။ ဆရာကြီးဆီတောင် နေ့လယ်တောင် လျှောက်ခဲ့မို့ဟာ”
ဆရာကြီးနှောက ဘာမှ မပြောသေးဘဲ ကွမ်းတစ်ယာ ထုတ်ဝါးလိုက်တယ်။ ပြီးတော့ စာသင်ကျောင်းကလေးထဲကို မျက်လုံးဝေ့ကြည့်ရင်း
“ဆရာကျောင်းက ကျောင်းသားနည်းလှချည်လား” လို့ပြောတော့ ဆရာလေး ကိုဘအေးက ပြောချင်လျက် လက်တို့ စကားစတော့တာပါပဲ။
“အဲသဟာ ပြောမလို့ဘဲ ဆရာကြီးရဲ့။ ကျွန်တော့်ကျောင်းက ကလေးတွေညက ဗီဒီယိုကြည့်ကြလို့ အိပ်နေကြသာတဲ့ဗျာ။ တစ်ရက်က နှစ်ရက်ဆိုရင် ခက်ရချည်ရဲ့ဗျာ။ ကျွန်တော်ဖြင့် ဘယ်လိုလုပ်ရမှန်း မသိလို့ ဆရာကြီးနဲ့ လာတိုင်ပင်မလို့ဟာ”
“ခက်တော့ ခက်သား ဆရာလေးရဲ့။ ခေတ်က ဖြစ်လာတော့ မောင်စံအိုးကိုလည်းအပြစ်မဆိုသာပေဘူး။ ကျုပ်တို့ရွာကမှ အရောက်အပေါက်နောက်ကျသေးသယ်။တခြားရွာတွေများ ဒါမျိုး တစ်အိမ် တစ်လုံးဆို သလောက်ကိုး။ အေးလေ အစမို့ ထင်ပါရဲ့။ နောက်တော့လည်း သူ့ဟာသူ ဖြစ်သွားကြမှာပါ။ သည်းခံစောင့်ကြသာပ”
ဆရာကြီးနှောတို့ စကားကောင်းနေတုန်းမှာပဲ ရွာထဲက လူတစ်ယောက် စာသင်ကျောင်းဘက် မောကြီး ပန်းကြီးပြေးလာတယ်။ တောထဲထင်းခုတ်ရင်း ပေသီးတစ်ယောက် ပိုးထိလို့တဲ့။ ဆရာကြီးနှောလည်း စကားတောင် လက်စ မသတ်ရသေးဘူး။လူနာရှိရာ ကောက်ကာ ငင်ကာ လိုက်လာခဲ့ရတယ်။ ဆရာကြီးနှောရောက်သွားတော့ ပိုးထိထားတဲ့ ပေသီးပါးစပ်က အမြှုပ်တွေ စီစီထလို့။
“ကဲဟေ့ ငါ့အိမ်နောက်ဖေးက ကန်စွန်းရွက် သွားခူးချေစမ်း။ ကြိတ်ပြီးယူခဲ့။ အင်းသည်ကနေ့ ဘာနေ့များပါလိမ့်”
“အင်္ဂါနေ့ဆရာကြီး”
“အင်း … အင်္ဂါနေ့။ သစ်ယာဧက၊ ကြမ္မဒွေး၊ အုန်းဆီနှော၊ တယောဒန္တာ အစွယ်သုံးချောင်းရှိတဲ့ မြွေပဲ၊ မြွေဆိုးဟဲ့”
ပြောရင်း ဆိုရင်း ဆရာကြီးနှောက ကိုက်လိုက်တဲ့ နေရာကို စမ်းကြည့်တော့ အေးစက်နေလို့ မြွေပွေးလို့ မှတ်လိုက်တယ်။ အင်္ဂါနေ့ မြွေဆိပ်က ခါးရိုးအဆစ်ကြားမှာနေတယ်။ ကုမှရပါ့မလားလို့ ဆရာကြီးနှောတွေးတယ်။ ဒါပေမယ့် သူတစ်သက်လုံး ကျင့်သုံးခဲ့တဲ့ သီလ၊ သမာဓိ၊ ပညာသိက္ခာသုံးပါးကို ယုံယုံကြည်ကြည်ထားပြီးဆေးကုရှာတယ်။ ကန်စွန်းသတ္တုရည်တိုက်ပြီးတော့ ဆရာကြီးနှောက မြောက်အရပ်ကို မျက်နှာမူလိုက်တယ်။
“ဥုံ … တက္ကသံ ဟိလိ ဟိလိ … စဲယျ စဲယျ”
သုံးဆယ့်ခုနှစ်အုပ် မန်းတယ် မှုတ်တယ်။ မြွေဆိပ်ကို ဆွဲချတယ်။ ပေသီးမျက်လုံးပွင့်လာတော့ ဆရာကြီးနှော အားတက်သွားတယ်။
“ပုန်းရည်ကို ထမင်းနဲ့ဆား ထည့်ကျိုစမ်း၊ ဂျင်းနဲ့ ဆား ရောကြိတ်စမ်းဟဲ့။ လင်းနေမြစ် ရသလောက် သွေးစမ်း များများ။ တစ်ယောက်က ဝါးရွက် သွားခူးချေစမ်း။ ထုံးနဲ့ ရောရအောင်”
ဆေးကို တစ်မျိုးပြီးတစ်မျိုး တိုက်တယ်။ ပါးစပ်ကလည်း တတွတ်တွတ် ရွတ်တယ်။
“ဥုံ … ကောက္ကသံဂုံ၊ ကောဏဂုံ၊ ကဿပ၊ ဂေါတမ၊ အရိမေတ္တေယျ ရှင်စောချွတ်လော ဝဿဝရော၊ ဗောဓိရှစ်တန်၊ ဉာဏ်တော်ရှစ်ပါး အိုဘုရား … အိုတရား … အိုသံဃာ … အ ရေတော်ကား ရွှေစဉ်အလား၊ ဥက္ခောင်းတော်ကား မြင့်မိုရ်တောင်၊ မျက်လုံးတော်ကား ပတ္တားမြားအရောင်၊ လျှာတော်ကား သံလျက်ထားတည်း၊ လက်မောင်းတော်နှစ်ဖက်ကား ဆဒွန်ဆင်မင်း အစွယ်တည်း၊ ဥုံ … ဘုရားတန်ခိုးတော်တရားတန်ခိုးတော် သံဃာတန်ခိုးတော် … ထိုးလည်းမဝင်၊ ခုတ်လည်းမရှ၊ ဖမ်းလည်းမမိ၊ ပစ်လည်း မမှန်၊ ခံလည်း ခံနိုင်စေသတည်း”
ဆရာကြီးနှောရဲ့ ရွတ်သံ ဖတ်သံ မဆုံးခင်မှာပဲ ပေသီးတစ်ယောက် စန့်စန့်ကြီး အသက်ထွက်သွားခဲ့ပြီ။ ပေသီးရဲ့အလောင်းကို ငေးကြည့်ရင်း ဆရာကြီးနှော ကိုယ်တိုင်တောင် တအံ့တသြဖြစ်လို့။ သူ ဆေးကုခဲ့တဲ့နှစ်ပေါင်းများစွာ အတွင်းမှာ ပေသီးဟာ ကုလျက်တန်းလန်းက ပထမဆုံး သေဆုံးခဲ့တဲ့ လူနာ မဟုတ်လား။
၄။
ပေသီး ဆုံးပြီးနောက်မှာတော့ ဆရာကြီးနှောကို ရွာက တီးတိုး တီးတိုး လုပ်လာခဲ့ကြတယ်။ ဆရာကြီးနှောဟာ အသက်ကြီးလာလို့ပဲ ဉာဏ်နည်းလာသလိုလို၊ ဆေးပဲမလိုက်တော့သလိုလို ပြောလာကြတယ်။ ပေသီးနောက် ဆရာကြီးနှော ကယ်ခဲ့တဲ့လူနာတွေထဲမှာ ခါတိုင်းလို အားလုံး အဖတ်မတင်ဘဲ တစ်ယောက်စ နှစ်ယောက်စအဖိတ်အစင် ကလေးတွေ ရှိလာတော့ ရွာက အယုံအကြည်နည်းသည်ထက် နည်းလာခဲ့ကြတယ်။ ရောဂါမို့ နည်းနည်းကြီးတယ်ထင်ရင် ဆရာကြီးနှောလက် မအပ်ချင်ကြတော့ဘူး။ လှည်းပေါ်တင်ပြီး မြို့ကို တကန်တက တက်ကုကြတယ်။ အခုတော့လည်း ဘို့ကုန်းရွာကလေးဟာ ကားလမ်းနဲ့ အရောက်အပေါက်တွေ ရှိလာခဲ့ကြပြီ။ ရွာထဲမှာ လူရည်လည်တွေ၊ စက်ဘီးစီးပြီး မြို့ကို ထိုထိုပေါက် သွားကြလာကြတဲ့သူတွေ များလာခဲ့ကြပြီ။
ရွာက ကိုသောင်းဖေ အစာအိမ်ရောဂါနဲ့ ဗိုက်ခွဲပြန်လာတဲ့နေ့က ဆရာကြီးနှောကလူမှုရေးအရ လူမမာ သွားမေးရှာတယ်။ ဗိုက်ကြီးပေါ်မှာ ကင်းခြေများလိုကန့်လန့်ဖြတ် ချုပ်ရိုးကြောင်းကြီးကို မြင်လိုက်ရတော့ ဆရာကြီးနှောမှာ အလန့်တကြား ဘုရားတောင် တမိတယ်။ နှစ်ရက် သုံးရက်လောက်လည်း စားမဝင် အိပ်မပျော်ဖြစ်ခဲ့ရသေးတယ်။ တရားလည်း အတော်ကျနေမိတာပါပဲ။
“အင်း … လူတွေ လူတွေ၊ မိဘက မွေးတဲ့အတိုင်း အကောင်းပကတိ မဟုတ်ရှာကြတော့ပါကလား။ လက်ချောင်းကလေး ဓားရှတာတောင် နာသေးတာ။ သူ့ခမျာ ဗိုက်ကြီး ဓားနဲ့ အခွဲခံရတယ်လို့။ အေးလေ အသက်မသေတာ ကံကောင်းပေါ့။ သတ္တဝါအပေါင်း ကျန်းမာကြပါစ၊ ချမ်းသာကြပါစေ”
ဆရာကြီးနှောက မေတ္တာပို့ရင်းနဲ့ သူ့အမေ ဘွားရွှေမြစ် ပြောသွားခဲ့တဲ့ စကားတွေကို နားထဲ ပြန်ကြားယောင်နေမိတယ်။ “ရှေးရှေးက လူတွေဟာ ဘုရားမှန်း တရားမှန်း သိကြတယ်။ အကျင့်သီလ ကောင်းကြတယ်။ ကတိသစ္စာ တည်ကြည်ကြတယ်။ တစ်ဦးကို တစ်ဦး စာနာထောက်ထားတတ်ကြတယ်။ ရောဂါဝေဒနာများ သစ္စာဆိုရုံနဲ့ ပျောက်ကင်းတယ်” ဆိုတာကိုပါ။
နောက်တစ်နှစ်လောက်နေတော့ ဆရာကြီးနှောဆီကို လူနာတစ်ယောက် ရောက်လာတယ်။ အဲသည့် လူနာကတော့ ပဲပွဲစား ကိုစံအိုးပါ။ မြို့တက်ပြီး ကျိတ်ကုတာ မရလို့ ဆရာကြီးနှောဆီ ရောက်လာခဲ့တာပါ။ လူလည်း လူရုပ်မပီတော့ပါဘူး။ ဆရာကြီးနှောတောင် လူနာရဲ့ ရုပ်နေ ရုပ်ထားကို မနည်းကြီး ဖမ်းယူရတယ်။ အရိုးပေါ်အရေတင်ပြီး ပါးဆက် နားဆက်တွေ ကျချင်တိုင်း ကျနေတဲ့ ဝါးခြမ်းတစ်ချောင်းလိုကိုစံအိုးကို ဘာရောဂါရယ်လို့ အမည်တပ်ရမှန်း ဆရာကြီးနှော မသိရှာဘူး။ ကိုစံအိုးကတော့ ချောင်းတွေ တဟွတ်ဟွတ်ဆိုး၊ ဝမ်းတွေ ဒလဟောသွားနဲ့ အရိုးပေါ်အရေတင် ပိန်လာလိုက်တာ။ ပိန်နာလို့တောင် အမည်တပ်လို့ရကောင်းရဲ့။
“မောင်စံအိုး ဆရာကြီးကို ဘယ်နှယ်မှ မအောက်မေ့နဲ့။ မင်းရောဂါကို ဆရာကြီးဉာဏ်မမီဘူးကွယ်။ ဆရာကြီး တတ်သမျှ မှတ်တမျှ ကျမ်းဆုံးအောင် လျှောက်ကြည့်ပြီးပါပြီ။ မကုချင်လို့ မဟုတ်ပါဘူးကွယ်။ ဆရာကြီး မကုတတ်ရိုး အမှန်ပါ။ဘုရား တရား သံဃာ ရတနာ သုံးပါးကိုသာ ကိုးကွယ်ဆည်းကပ်ကွယ့်နော်”
ကိုစံအိုးကို မျက်နှာလွှဲခဲ့ပြီးတဲ့နောက်ပိုင်း ဆရာကြီးနှောလည်း ဆေး သိပ်မကုဖြစ်တော့ပါဘူး။ ရွာတောင်ဖျားက ဘုန်းကြီးကျောင်းမှာပဲ နေ့ရော ညပါ တရားအားထုတ်ရင်း သတ္တဝါအပေါင်းကို အဝေးက မေတ္တာပို့ရုံကလွဲလုိ့ ဆရာကြီး ဘာမှလည်း မလုပ်တော့ပါဘူး။ ရောဂါတွေက ဆန်းလာပြီ မဟုတ်လား။ သူ့အဘိုး ဆရာဆိုင်တို့တုန်းက ရောဂါမျိုးတွေ မဟုတ်တော့ဘူး။ သူ့အမေ ဘွားရွှေမြစ်တို့တုန်းက ရောဂါတွေက ဆန်းလာပြီ မဟုတ်လား။ သူ့အဘိုး ဆရာဆိုင်တို့တုန်းက ရောဂါမျိုးတွေ မဟုတ်တော့ဘူး။ သူ့အမေ ဘွားရွှေမြစ်တို့တုန်းက ရောဂါမျိုးတွေ မဟုတ်တော့ဘူးလေ။ ဆရာကြီးနှော လေ့လာတတ်ကျွမ်းထားတဲ့ ဓာတ်ကျမ်း ဆေးကျမ်းတွေထဲ မပါတဲ့ ရောဂါဆန်းတွေကို သူလည်း ဘာမှန်းမသိတော့ဘူး မဟုတ်လား။
ပဲပွဲစား ကိုစံအိုး မြို့က ကူးလာတဲ့ ရောဂါဆန်းကို ဘာမှန်းမသိလို့ ဆရာကြီးနှောလက်ရှောင်ခဲ့တာတောင် ခပ်ကောင်းကောင်းရယ်။
တစ်ပတ်လောက်နေတော့ အဲသည်ပိန်နာနဲ့ပဲ ကိုစံအိုး ဆုံးသွားရှာတယ်။ ကိုစံအိုးမရှိတော့ပေမယ့် သူ့ဗီဒီယိုရုံကတော့ ပြတုန်း၊ ကိုစံအိုးလို ပဲပွဲစား၊ နွားပွဲစားဆိုတဲ့ ပွဲစားတွေလည်း ဘို့ကုန်းမှာ တရုန်းရုန်း၊ ရေမနီး၊ ကုန်းမနီးပေမယ့် အခုဆို ဘို့ကုန်းရွာကလေးထဲထိ ထော်လာဂျီတွေ တဝုန်းဝုန်းနဲ့ ဝင်ထွက်သွားလာလို့ ရနေပါပြီ။ နဂိုက ဖုန်ထူတဲ့ ရွာကလေးကတော့ ဖုန်ငွေ့တွေ တလုံးလုံးပေါ့။
အခုတော့ ဆရာကြီးနှော ကိုယ်တိုင်တောင် ကွယ်လွန်ခဲ့တာ ကြာခဲ့ပါပြီ။ လူကြီးနာပေါ့။ ကိုစံအိုး အပါအဝင် ရွာက လူတော်တော်များများ သင်္ချိုင်းထဲ ရောက်နေကြတာ များလှပေါ့။ အရင်က ပျင်းစရာကောင်းတယ်ဆိုတဲ့ သင်္ချိုင်းက ခုများ အုတ်ဂူတဖွေးဖွေးနဲ့ပါ။
ဘို့ကုန်းရွာကလည်း စည်ကားလာတာ ကြာပါပြီ။ ဗီဒီယိုရုံတောင် လေးငါးရုံ ရှိနေပါပြီ။ မြို့နဲ့ရွာများ အိမ်ဦးနဲ့ ကြမ်းပြင်ကူးလူးနေလိုက်ကြပုံများ။ ဝတ်တာစားတာလည်း ပြောင်းကုန်ပြီ။ နေတာထိုင်တာလည်း ပြောင်းကုန်ပြီ။ တွေးတာခေါ်တာလည်းပြောင်းကုန်ပြီ။
ဘို့ကုန်းရွာမှာ ဆရာဆိုင်၊ ဘွားရွှေမြစ်၊ ဆရာကြီးနှောရယ်လို့ လက်ထက်ဆင်း ဆေးဆရာကြီးတွေ ရှိခဲ့ဖူးတယ်ဆိုတာတောင် ရွာက မေ့ကုန်ကြပါပြီ၊ သစ္စာကတိနဲ့ဆေးကုတယ်ဆိုတာ သည်ခေတ် ယုံလောက်စရာ မရှိတော့တာကိုး။
(ဆုထူးပန် ဆရာကျော်၏ လောကီပညာပဒေသာကျမ်းမှ အချက်အလက်များကို ရယူပါသည်။)
ခင်ခင်ထူး