ကြယ်နီ
မြစ်တွေး ကွန်သံ လန့်တည့်လေး
(၁)
နေသည် အနောက်ဘက်သို့ ရွေ့စောင်းကာ ကျဆင်းနေလေပြီ။
“နေမွန်းတိမ်း” “နေစောင်း” “နေကျ” “နေစွယ်ကျိုး” “နေအေး” “နေတောင်တင်” “နေဝင်ရီ တရော” “နေဝင်ဆည်းဆာ” “နေဝင်ဖျိုးဖျ” စသဖြင့် နေမင်းအနောက်ဘက်သို့ ရွေ့စောင်းသည်မှ အစပြု၍ တရွေ့ရွေ့ကျဆင်းကာ စုံးစုံးနစ်မြုပ် ပျောက်ကွယ်သွားသည် အထိ အဆင့်ဆင့် သတ်မှတ်ပိုင်းခြား၍ အမှတ်အသား ထားရှိကြသည်ဖြစ်ရာ ယခုမူကား “နေကျ”ဟူသော အဆင့်သို့ ရောက်ရှိနေပေပြီ။
ဘုန်းကြီးကျောင်းသားကလေး တစ်ဦးသည် နေကို မော်ကြည့်လိုက်ပြီးနောက် ကျောင်းရှေ့ရှိ အရိပ်အာဝါသ ကင်းလွတ်သော မြေပြင်တွင် စိုက်ထူပြုလုပ်ထားသော “နေနာရီ”ကို အပြေးကလေး သွားကြည့်။ မလွဲမသွေပင် နေနာရီ၌ အိမ်မြှောင်သဖွယ် တပ်ဆင်ထားသော “ဖဲထီး” သံချောင်းရှည် ကလေး၏ အရိပ်သည် (၃) ဂဏန်း အလယ်တည့်တည့်အပေါ်သို့ ကျရောက်နေလေပြီ။
ဘုန်းကြီးကျောင်းသားကလေးသည် အခြားကျောင်းသားငယ်တစ်ဦးကို အဖော်ခေါ်ပြီးနောက် ကျောင်းပေါ်သို့ အပြေးတက်သွားကြ၏။
တစ်ဦးက “ကျောက်စည်”ကို ထု၍၊ တစ်ဦးက “သားရေစည်” ကြီးကို ရိုက်ခတ်လိုက်၏။
“နောင် … ဒိုင်း …“
“နောင် … ဒိုင်း …“
“နောင် … ဒိုင်း …”
ညနေ ၃ နာရီ အချိန်ပါ။
ဗျင်းဘွဲ့ရွာကလေးကား စည်တော်သံ မြည်ဟည်းလိုက်သည်နှင့်အမျှ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြ၏။
ထဘီများ ကပိုကရိုဖြင့် သန်းတုပ်ရင်း သူတစ်ပါး အတင်း ပြောနေကြသော မိန်းမများမှာလည်း သန်းတုပ်၍ အတင်းပြောခြင်းကို တစ်ခန်းရပ်လိုက်ရကာ ညစာချက်ပြုတ်ရန် ပြင်ဆင်ကြ၏။
ဆန်ဆေးသူက ဆေး၏။ ထမင်းအိုးတည်သူက တည်။ ငါးဟင်းစား အရှာထွက်သူက ထွက်၏။
ဗျင်းဘွဲ့ရွာကလေးရဲ့ ညနေခင်း သရုပ်ပန်းချီကားချပ်လေ…။
ကိုဒေါင်းစိန်ကား သူ့အိမ်ကလေးပေါ်မှ ခုန်ဆင်းလိုက်ကာ ကိုလေးဖိုးကွန့်တို့ အိမ်ရော၊ ကိုလူမောင်တို့ အိမ်ကိုပါ တစ်ဆက်တည်း သိမ်းကျုံးကြည့်ရှုလိုက်
ပြီးနောက်
“ဗျို့ … ကိုလေးဖိုးကွန့်တို့၊ ကိုလူမောင်တို့ ကွန်ပစ်သွားဖို့ အချိန်တော်နေပြီ၊ အားလုံး အသင့်ဖြစ်ပြီလား”
ဟု လှမ်းမေးလိုက်၏။ ကိုလေးဖိုးကွန့်တို့အိမ်မှ
“အေးဟေ့ အားလုံး အသင့်ဖြစ်နေပြီ၊ သွားကြစို့”
ဟူသော ကိုလေးဖိုးကွန့်၏အသံ ထွက်ပေါ်လာသော်လည်း ကိုလူမောင်တို့ အိမ်မှမူကား စကားပြန် မရပါ။ အတော်ကလေးကြာမှ
“ခဏ စောင့်ပါဦးကွာ၊ ထမင်း မနပ်တတ်သေးလို့”
ဟူသော ကိုလူမောင်၏ ထိုင်းမှိုင်းလေးလံသောအသံ ထွက်ပေါ်လာသည်။
ကိုဒေါင်းစိန်ကား ထမင်းချက် နောက်ကျနေသော ကိုလူမောင်၏မိန်းမ မဖွားသက်အား စိတ်ပျက်သွား၏။ သူ့မိန်းမ မယ်စိန်နှင့်ကား ကွာပါဘိခြင်း။
သူတို့သည် ခရီးဝေးသို့ ကွန်ပစ်သွားရမည်ဖြစ်၍ ညစာ ထမင်းဟင်းကို ချက်ပြုတ်ယူသွားရသည်ဖြစ်ရာ မယ်စိန်သည် ညနေ ၃ နာရီ မထိုးမီပင် ချက်ပြုတ်ပြီးနှင့်လေပြီ။ ချက်ပြုတ်ပြီးလျှင်ပင် သူ့အား ကွန်ပစ်သွားဖို့ အချိန်တော်ပြီဖြစ်ကြောင်း တတွတ်တွတ် သတိပေးနေသဖြင့်၊ အလုပ်ပျင်းသော သူကပင် ကိုလေးဖိုးကွန့်နှင့် ကိုလူမောင်ကို ဆော်သြလိုက်ရ၏။
ဒါပေမဲ့ ကိုလူမောင်က ထမင်းမနပ်တတ်သေးလို့ စောင့်ပါဦး တဲ့။
မဖွားသက်ကား စိတ်သဘောကောင်း၍ စိတ်နှလုံး နူးညံ့သလောက် အလုပ်လုပ်ရာ၌ လေးကန်လှ၏။ ပျင်းရိတတ်၏။
မယ်စိန်ကား ဤသို့မဟုတ်။ စိတ်ကြမ်း ကိုယ်ကြမ်းနှင့် စိတ်မြန်လက်မြန် ရှိသလောက် အလုပ်လုပ်ရာတွင်လည်း ဖျတ်ဖျတ်လတ်လတ်နှင့် ဆိုးဆိုးဆတ်ဆတ် ပြုလုပ်တတ်သည်ဖြစ်ရာ မြန်လည်း မြန်၏။ အလုပ်လည်း တွင်ကျယ်၏။ တစ်ခုပြီးတစ်ခု ဇယ်ဆက်သလို ဆက်ကာ ဆက်ကာ ပြုလုပ်သွားတတ်၏။
မဖွားသက်နဲ့ မကွာလား။
ကိုဒေါင်းစိန်ကား ကိုလူမောင်ကို စောင့်ရင်းပင် သူ့လှေကလေးကို ပြင်ဆင်နေ၏။ “ကွန်တိုင်”ကို တပ်ဆင်၏။ ပိုက်ကွန်ကို လှေပေါ်၌ သေသပ်စွာ နေရာချထား၏။ ထမင်းပွဲကိုလည်း သယ်ယူကာ လှေပေါ်သို့ အသင့်တင်ထား၏။ မီးဖိုနဲ့ လက်ဖက်ရည်ကြမ်းအိုးလည်း ပါရမှာပေါ့။
ကိုဖိုးကွန့်လည်း သူ့နည်းတူပင် အသင့်ပြင်ဆင်ပြီးလေပြီ။ သူတို့နှင့်အတူ ကွန်ပစ်သွားကြမည့် အခြားကွန်လှေ ခုနစ်စင်းခန့်လည်း ရောက်ရှိလာကာ သူတို့ နှင့် လာပေါင်း၍ ကိုလူမောင်ကို စောင့်ဆိုင်းနေကြ၏။
အတန်ကြာလျှင် ကိုလူမောင်လည်း ထမင်းပွဲများ၊ ပိုက်ကွန်များနှင့် ရောက်ရှိလာပြီဖြစ်၍ သူတို့ ထွက်ဖို့ အသင့် ဖြစ်နေလေပြီ။
ကိုဒေါင်းစိန်သည် သူ့သား ဒီလုံးကို ပဲ့ကိုင်အဖြစ် ခေါ်၍ လှေကို ဦးစွာလှော်ထွက်ခဲ့ရာ အခြား ကွန်လှေများလည်း တပျော်တပါး လှော်လိုက်လာကြ၏။ ကိုလေးဖိုးကွန့်က သူ့သား ဖိုးလှကို ပဲ့ကိုင်အဖြစ် ခေါ်လာသလို၊ ကိုလူမောင်ကလည်း သူ့တူကလေးကို ခေါ်လာသည်။
မကျဉ်းမကျယ် ချောင်းရိုးကလေးထဲတွင်ကား ကွန်လှေများဖြင့် ပြည့်ကျသွားတော့၏။
သို့သော် သူတို့သည် ယခု အသွားထဲက ကွန်ပစ်သွားကြမည်မဟုတ်ဘဲ အပြန်ကြမှသာ ပစ်ဆင်းလာကြမည်ဖြစ်ရာ၊ ယခု သူတို့ သွားရောက်မည့် ငှက်ပျောတောရွာကလေးသို့ အမြန်ရောက်အောင်သာ လှေကို အလုအယက် လှော်ယက်ရင်း ငါးအုပ်ရှိတတ်သော နေရာကို သိရှိထားရန် ချောင်းရေကိုလည်း အကဲခတ်သွားကြ၏။
နေကား အတော်ပင် ကျဆင်းသွားပြီဖြစ်ရာ အပူရှိန်လည်း လျော့လာသည်။ နေစွယ်မှာ ကျိုးသွားပြီဖြစ်၍ လေးနာရီခန့် ရှိပြီဖြစ်ကြောင်း သူတို့ ခန့်မှန်း ကြသည်။
သည်အချိန်မှာ ဗျင်းဘွဲရွာနှင့် မဝေးလှသော ကညင်ကုန်းရွာကလေးကို သူတို့ လွန်လာပြီးနောက် ထွန်းချက်ရွာကလေးသို့ပင် ရောက်ရှိနေပေပြီ။ ရှေ့ တစ်ဆင့် ဆိုလျှင် သူတို့ သွားရောက်ကြမည့် ငှက်ပျောတောရွာကလေးပေါ့။
သူတို့ကား နီးပြီဖြစ်၍ တအားတက်လာကာ ခပ်သွက်သွက်ကလေး လှော်ခတ်ကြ၏။
ကိုဒေါင်းစိန်သည် လှေဦးမှနေ၍ လှော်ယက်ရင်း အနံ့ တစ်စုံတစ်ရာကို ရမိသလို နှာခေါင်းကို ရှုံ့ချည် ပွချည် ပြုလုပ်ရင်း အနံ့ခံနေ၏။
မှန်သည်။ စူးရှလှသော သူ့နှာခေါင်းဝယ် အနံ့ တစ်စုံတစ်ရာကို ရှူရှိုက်မိနေသည်။
“ဗျို့ ကိုလူမောင် ဒီနေရာက ငါးကြင်း ငါးသိုင်းနံ့လိုလို အနံ့ရတယ်ဗျ။ ဒီနေရာမှာ ငါးကြင်း ငါးသိုင်း ရှိလိမ့်မယ် ထင်တယ်”
သူသည် သူ့ လှေဘေးမှ လှော်လိုက်လာသော ကိုလူမောင်ကို လှမ်းပြောလိုက်၍မှ ပါးစပ်မပိတ်သေးမီ သူ့လှေရှေ့နားလောက်ဆီမှ ငါးတစ်ကောင်က ထ ပွက်လိုက်၏။ ထိုငါး ထပွက်လိုက်သော အရှိန်ကြောင့် ရေစက်ရေပန်းကလေးများမှာ လွင့်စဉ်ဖြာထွက်သွားကာ တစ်လံခန့် မြင့်တက်သွား၏။
ဤပွက်နည်းမျိုး ပွက်သည့်ငါးကား ငါးမြစ်ချင်း၊ ငါးကြင်းမှ တစ်ပါး အခြားငါး မဖြစ်နိုင်။ ဤငါးပွက်ကို မြင်လိုက်သော ကိုလူမောင်က ကိုဒေါင်းစိန်သို့ လှမ်း၍
“ဟေ့… မင်း တယ်အနံ့ခံ ကောင်းပါလားကွ”
ဟု ဆိုကာ ကိုဒေါင်းစိန်၏ ထင်မြင်ချက်ကို ထောက်ခံလိုက်၏။
“ဒီ ငါးကြင်း ငါးသိုင်းတွေဟာ မြစ်ငါးခင်ဗျ။ ဝါဆိုဝါခေါင် မြစ်ရေထောက်လာတဲ့အခါမှာ မြစ်ရေနဲ့ အတူပါလာပြီး တော်သလင်း၊ သီတင်းကျွတ် ရောက်လို့ မြစ်ရေပြန်ဆုတ်တဲ့အခါကျတော့ မြစ်ရေနဲ့အတူ မြစ်ထဲကို ပြန်ပါသွားတတ်တယ်။ အခု ဒီငါးတွေကတော့ မြစ်ရေနဲ့အတူ ပါမသွားဘဲ ခိုကပ်ကျန်ရစ်တဲ့ ငါးတွေဗျ”
ကိုလူမောင်က ချီးမွမ်းလိုက်သောကြောင့် သူ ဘဝင်မြင့်သွားကာ သူ့လိုပင် ကိုလူမောင် သိထားပြီး ဖြစ်နေသည့် အချက်အလက်များကိုပင် အဆန်းလုပ်ပြီး သူက ထပ်မံရှင်းပြရင်း အသားယူလိုက်သေး၏။
( ၂ )
နေကား အနောက်သို့ နိမ့်သည်ထက် နိမ့်ဆင်းလာပြီဖြစ်ရာ နေရောင်ခြည်မှာလည်း နေ့လယ်တုန်းကလို ပူပြင်းခြင်းမရှိဘဲ နွေးနွေးထွေးထွေးကလေးသာ ရှိနေသည်။
ဆောင်းတွင်းဖြစ်၍လည်း နေကလေး ချိုလျှင်ပင် အအေးဓာတ် လွှမ်းစပြုလာပြီး နှင်းကလေး တဝေ့ဝေ့နှင့်ပင် ရှိသည်။ ဆောင်းလေအေးမှာလည်း ကဗျာဆန်ဆန် ညင်းညင်းညံ့ညံ့ တိုက်ခတ်လာသည်။ ရေမျက်နှာပြင်ပေါ်တွင်ကား ပိုးဖဲတွန့်ကလေးများလို လှိုင်းတွန့်ကလေးများမှာ လွန့်လူးယှက်ဖြာသွားသည်။
သည်အချိန်တွင် ကိုဒေါင်းစိန်တို့ ကွန်လှေအုပ်ကြီးမှာ ငှက်ပျောတောရွာထိပ်၌ စီရရီ ဆိုက်ကပ်နားမိကြ၏။ ထမင်းပွဲနှင့် လက်ဖက်ရည်ကြမ်းအိုးကို ကမ်းထိပ်မြေပြန့်သို့ သယ်တင်ကာ ထမင်းစားရန် ပြင်ဆင်ကြ၏။ နီးစပ်ရာလူချင်း ဝိုင်းဖွဲ့၍ ဟင်းခွက်များကို စုပေါင်းကာ တပျော်တပါး စားသောက်ကြ၏။
ထမင်းစားပြီးသောအခါ လက်ဖက်ရည်ကြမ်းအိုးကို ရေဖြည့်၍ မီးဖိုကလေး ကိုယ်စီဖြင့် တည်ကြပြန်၏။ ဆူလျှင် လက်ဖက်ခြောက်ခတ်၍ မီးဖိုပေါ်၌ အတန်ကြာ နှပ်ထားပြီး နောက်မှ လက်ဖက်ရည်ကြမ်းဝိုင်း ဖွဲ့ကြ၏။
ထိုအချိန်တွင် သူတို့ ကွန်သမားများထဲမှ ချစ်ထွန်း အမည်ရှိသော လူငယ်တစ်ယောက်သည် သူ့ခါးကြားထဲတွင် ထိုးထားသော ပလွေတိုကို ယူထုတ်၍ သူတို့နှင့် ခပ်လှမ်းလှမ်းနေရာသို့သွားကာ မှုတ်နေ၏။
သူကား အတီးအမှုတ်တွင် ဝါသနာကြီးသော လူငယ်တစ်ဦး ဖြစ်၏။ ရွာပွဲနှင့် ရွာဆိုင်းများတွင် သူ အမြဲပါ၏။ သီချင်းကြီးများကို နိုင်နင်း၍ ကာလပေါ်သီချင်းများကိုတော့ မတောက်တခေါက်သာ ရသည်။
ဘယ်ကာလသားက ဘယ်အပျိုးကို ကြူချင်လျှင် ချစ်ထွန်းကို ခေါ်ရသည်။ ချစ်ထွန်း၏ ချိုနွဲ့သော ပလွေသံသည် တောသူအပျိုကလေးများ၏ စိတ်ကို ယိမ်းယိုင်လာအောင် ဆွဲဆောင်နိုင်စွမ်းရှိသည်ဟု ကာလသားများက ယူဆကြသည်။
ပြာသော ကောင်းကင်ကို နောက်ခံပြုကာ ဖြူသော ဗျိုင်းအုပ်များသည် အိပ်တန်းတက်ရန် ပျံသန်းလာကြပေပြီ။ ဟိုတစ်ဖက် ကမ်းစပ်မှာတော့ ဗျိုင်းအောက်ကလေးတစ်ကောင်သည် အိပ်တန်းတက်ရန် သတိမရသေးဟန်ဖြင့် ကမ်းစပ်တစ်လျှောက် ငါးလိုက်ချောင်းနေသည်။
ဗျိုင်းအောက်နှင့် မနီးမဝေးကမ်းစပ်၌မူ “ရေညှောင့်ကောင်” ငှက်ကလေးတစ်ကောင်သည် တစ်ခဏကလေးမျှ အငြိမ်မနေဘဲ အမြီးကလေး အောက်သို့ ညိတ်ခနဲ ညိတ်ခနဲနေအောင် လှုပ်ရှားကာ ရေညှောင့်နေသည်။
ချစ်ထွန်း၏ ချိုနွဲ့သော ပလွေသံကလေးသည် အတောကလေးတွေ၊ အလှိမ့်ကလေးတွေ၊ အလှည့်ကလေးတွေဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်ကြီး မင်းမူနေသည်။
“ရွှေဘုန်းတော် တိုးပါလို့ … ငွေမိုးတွေ ရွာ
နိုင်ငံတော် ပြည်အရေးငယ် သာလှတယ်လေး…”
ချစ်ထွန်းက ရွှေမိုးငွေမိုးတွေ ရွာပြီး နိုင်ငံတော် ပြည်အရေး သာယာငြိမ်းချမ်းဖို့ မျှော်မှန်းနေရှာထင့်။
ကိုဒေါင်းစိန်တို့ ကွန်သမားတစ်စုကား ချစ်ထွန်း၏ ပလွေသံ ညို့ဓာတ်ဝယ် မိနေကြဟန်ဖြင့် စကားတစ်ခွန်းမျှ မဆိုဘဲ လက်ဖက်ရည်ကြမ်းကိုသာ ဆိတ်ငြိမ်စွာ သောက်နေကြ၏။
ချစ်ထွန်းကလည်း သီချင်းကို တစ်ပုဒ်ပြီး တစ်ပုဒ် ပြောင်းကာ မနားတမ်း မှုတ်နေ၏။ တစ်ခါတစ်ရံ အဆိုရော အမှုတ်ပါ တွဲလာလေ၏။
ပထမ သူ့ဟာသူ သီချင်းသားကို ကောက်ဆိုလိုက်၍ နောက်မှ သူ့ဘာသာပင် ပလွေကလေးဖြင့် လိုက်မှုတ်၏။
“လွမ်းမပြေ မန်းမြေ တ မိပါတော့
ကမ်းခြေမှာ စမ်းရေကျတယ်နှင့်
အိုကွယ် … ဖျန်းလေက တသုန်သုန်။
တဲတစ်ဖက် ဆွဲဖျက်ကာ အလျင်လို ရော့သထင့်
ကရင်အို ယာပြင်ကြီးမှာကွယ် … မီးထည့်လို့လှုံ။
မပူပေါင် နောက်ဆီက ချမ်းရော့သထင့်
အဖြူစောင် ခေါက်ထည်ကြမ်းကိုတဲ့
လှမ်းတယ်လို့ လွှားကာခြုံ
ပါးမှာ ငုံပါတဲ့ နုရွှေကွမ်း။
ဘေးအိတ်မှာလျှို၊ ဆေးလိပ်တို နားမှာ ထိုးပါလို့
တောင်ရိုးမှာ ဘာသာသူတို့
ကွင်းအငူ နှင်းမြူကလဲ ကွဲချိန်မို့
အမိုးခေါ် ဖိုးစော်ကဲတို့ရယ်
အိုကွယ် … တဲပျက်စခန်း”
ချစ်ထွန်းကား အဆိုလည်းပိုင်၍ အတီးအမှုတ်လည်း နိုင်၏။ သူသည် သူ၏ အဆိုကို သူ၏ ပလွေဖြင့် လိုက်မှုတ်နေစဉ် ကိုဒေါင်းစိန်တို့၏ မျက်စိထဲ၌ ကွမ်းကို ပါးစောင်တွင်ငုံကာ ဆေးလိပ်တို နားမှာထိုး၍ အဖြူစောင် ခေါက်ထည်ကြမ်းကို လွှမ်းခြုံပြီး မီးလှုံနေသော ကရင်အိုကြီး၏ ရုပ်ပုံလွှာသည် အထင်းသား ပေါ်လာနေသည်။
သူတို့အနီးရှိ ငှက်ပျောတော ရွာကလေးမှာလည်း လယ်သမားရွာကလေးဖြစ်၍ သီချင်းသားတွင်ပါသော ကရင်အိုကြီး၏ ရုပ်ပုံလွှာမျိုးလို ကရင်အမျိုးသား လယ်သမားကြီးများကို တွေ့ မြင်နိုင်သည်။
“အင်း ချစ်ထွန်းရဲ့ ပလွေသံကလေးကို ကြားရတာ ငါဖြင့် မြေလျှိုးချင်သလိုလို၊ မိုးပျံချင်သလိုလို ဖြစ်သွားတာပဲကွ”
ဟု ကိုလေးဖိုးကွန့်က လက်ဖက်ရည်ကြမ်း ပန်းကန်ကို ယူသောက်ရင်း ခပ်လေးလေးကြီး ပြောလိုက်၏။
ထိုအခါ အခြား လက်ဖက်ရည်ကြမ်းဝိုင်းမှ ကွန်သမားတစ်ဦးက
“အို ကိုချစ်ထွန်းက ဘာဟုတ်သေးလဲဗျ၊ ကျုပ်တို့အပိုင်းက “ဉာဏ်ကြီး”ကမှ ဟန်ကျတာဗျ။ ညနေ အပုပ်ချိန်ဆိုရင် အရက်ကလေးမူးမူးနဲ့ ပလွေကလေးကို မှုတ်လိုက်တာများ ဗေလုဝ နတ်စောင်းသံလား အောက်မေ့ရတယ်။ သူ့သီချင်းကလည်း ဘေးမကပ်ဘူးဗျ။
မောင်ပြန်ချိန် နီးပြီမို့ ဆီးကြိုလှည့်ပါ …
ပျိုတို့မောင် ပါဝါနဲ့ လာပါပေါ့ကွယ်
မရှက်ဘူးကွယ်၊ အရက်မူးတယ်၊ ယိုင်တိုင်တိုင် လမ်းကို လျှောက်တယ်
တစ်ခါလာလည်း အဲဒီသီချင်း၊ နောက်တစ်ခါလာလည်း အဲဒီသီချင်း။ ဒီသီချင်းကကို မတက်တော့ဘူးဗျ”
စကားအဆုံးတွင် သူ့ပြက်လုံး သူ သဘောကျသွားသလို ဟားတိုက်၍ ရယ်လိုက်သဖြင့် အခြားသူများကလည်း လိုက်ရယ်ကြ၏။ စကားဖြစ်သွားကြပြီ မို့လည်း မူလ ဆိတ်ငြိမ်နေရာမှ တစ်ယောက်တစ်ခွန်းဖြင့် စကားသံများ ညံလာကြ၏။
“ကိုလေးဖိုးကွန့်တို့ကတော့ ဟန်ကျပါတယ်ဗျာ၊ အိမ်ကမယား မပြားကြီးက လိမ္မာရေးခြားရှိတော့ ကိုလေးဖိုးကွန့်တို့ အင်မတန် သက်သာတာကလား။ ကိုယ်က သားငါးကို ရှာပေးရုံပဲရှိတယ်။ အိမ်ရောက်တာနဲ့ တစ်ချက်တည်း ဘာတစ်ခုမှ ပြန်မကြည့်ရတော့ဘူး။ ငါးခြောက်တန် ငါးခြောက်၊ ငါးပိတန် ငါးပိနဲ့ မပြားကြီးပဲ စီးစီးနင်းနင်း လုပ်သွားတာပဲ။
ရောင်းချိန်ကျပြန်တော့လည်း ဈေးမကျန်အောင်ရောင်းလို့ တယ်ပြီး မျက်နှာလွှဲရတာကလား။ ကျုပ်တို့အိမ်က ဟာနဲ့များတော့ ကွာပါ့ဗျာ”
အခြားလက်ဖက်ရည်ဝိုင်းမှ ကွန်သမားတစ်ဦးက ကိုလေးဖိုးကွန့်ကို လှမ်းပြောလိုက်၏။
သူပြောတာလည်း ဟုတ်လှသည်။ မပြားကြီးမှာ အစစ အရာရာ၌ မျက်နှာလွဲရသူ ဖြစ်သည်။ သို့သော် ကိုလေးဖိုးကွန့်က သူ့အား ချီးကျူးလိုက်သည်ကိုပင် မနှစ်မြို့သော မျက်နှာပေးဖြင့်-
“အေး မင်းက ဒါပဲ သိတာကိုးကွ။ အဲဒီလို အစစ အရာရာ မျက်နှာလွှဲရလို့ သူကလည်း ငါ့အပေါ် အစစ အရာရာ သြဇာလိုက်ပေးနေတာကိုတော့ မင်းမှ မသိဘဲကိုးကွ။
ငါက တစ်ခါတလေ အကြံကောင်းကလေးရလို့ ဒီလို ဒီလို လုပ်ပါလားလို့ အကြံပေးမိရင်ပဲ အို … တော်က ဘာသိလို့လဲ၊ ဟိုဟာက ဟိုလိုရှိပေမဲ့ ဒီဟာက ဒီလို ရှိသေးတာကလား၊ အိုကွာ… ဘယ်သို့ ဘယ်ညာ ဘယ်ချမ်းသာနဲ့သာ စာသံ ပေသံ တရားသံကလေးတွေပါ ရောစွက်ပြီး ကရားရေလွှတ် တတွတ်တွတ် ပြောလိုက်တာ ငါဖြင့် ခွေးအကြီးလို ငိုင်နေရတာပဲ။
အမြဲတမ်း ဒီလိုချည်း တစ်ခါတလေ ငါက စိတ်ပေါက်ပေါက်နဲ့ ဖေနဲ့ ကိုင်တုတ်လိုက်မှ ငြိမ်ကျသွားတယ်”
သူ့စကားကို သဘောကျသွားသလို ကွန်သမားအားလုံး ဟားတိုက်ရယ်လိုက်ကြ၏။
ကိုလေးဖိုးကွန့်ကလည်း သူ့စကားမှာ မဆုံးသေးဘဲ ဆက်ရန် ရှိသေးသလို သူတို့အငြိမ်တွင် သူ့ စကားကို ပြန်ဆက်၏။
“ငါကလည်း စကားပြောတဲ့အခါမှာ ရိုးရိုးတန်းတန်း မပြောဘဲ ကိုယ့်ကိုယ်ကိုယ် စကားတတ်ကြီး လုပ်ပြီး စာသံပေသံ တရားသံကလေးနဲ့ ပြောတာကို အမုန်းဆုံးပဲကွာ။ သူလည်း အစက ဒီလို မဟုတ်ပါဘူးကွာ။
ရွာထဲက အဘိဓမ္မာ ဆရာကြီး ဦးဖောင်နဲ့ ပေါင်းသင်းမိကတည်းက သူ ဒီအကျင့် စွဲလာတာပဲကွ။
တစ်ခါတုန်းကလည်း ဦးဖောင်က သူ့ကို ဘာတွေ ဟောလိုက်တယ် မသိပါဘူးကွာ။ ညအိပ်ရာဝင်တော့ ကိုဖိုးကွန့်ရယ် … တော်တို့ ကျုပ်တို့ဟာ ဒီကာမဂုဏ်တရးတွေကိုသာ ငမ်းငမ်းတက် လိုက်စားနေမယ်ဆိုရင် နောက်ပွင့်မယ့် အယိန်မဒေး ဆိုလား ဘာလားကွာ၊ အဲဒီဘုရားကို ဖူးတွေ့နိုင်ပါဦးမလားတဲ့။ ဒီခန္ဓာကိုယ်ကြီးဟာ သွေး၊ သလိပ် အတိပြီးတဲ့ ရွံစရာ့အပုပ်ကောင်ကြီးမို့ တဏှာရာဂသဘောနဲ့ တပ်မက်ခြင်းမပြုဘဲ မောင်းရင်းနှမလို သဘောထား၊ တကွဲတပြား အိပ်ကြပါစို့ နော် … တဲ့။
ငါက ဘာရမလဲ ။ ဟေ့ ကာမဂုဏ်တွေ၊ အပုပ်ကောင်တွေနဲ့ ရှုပ်မနေနဲ့။ လင်မယားမို့ လင်မယားလို သဘောထားပြီး လင်မယားလိုပဲ နေနိုင်မယ်လို့ ဆိုတော့ ဪ … ဒါကြောင့်မို့လည်း တော်တို့ ကျုပ်တို့ဟာ ဒီသံသရာကြီးထဲမှာ တဝဲလယ်လယ် ဖြစ်နေရတာပဲ ထင်ပါရဲ့နော်လို့ လုပ်လိုက်သေးတယ်။
သံပရာသီးသော ရှောက်သီးသော နားမလည်ဘူးကွလို့ဆိုပြီး အတင်း နသားပါးယား ပစ်လိုက်တယ်။ အေးရော။
လင်မယားကြားထဲမှာတောင် တကွဲတပြား ဖြစ်ကုန်အောင် လိုက်ရှုပ်တဲ့ တရားကိုတော့ ငါက ရှင်းရှင်းပဲဟေ့၊ မလိုချင်ဘူး”
ကိုလေးဖိုးကွန့်၏ အပြောမှာ ဒေါပါလှသည်ဖြစ်၍ ကွန်သမားများမှာ တဟားဟား ဖြစ်နေကြရ၏။
ဤသို့ တစ်ယောက်တစ်ပေါက် ပြောဆိုနေစဉ်မှာ ပင် နေလည်း ဝင်ခဲ့လေပြီ။
(၃)
နေဝင်သွားပြီဖြစ်၍ အမှောင်ရိပ်က သမ်းလာသည်။ ကွင်းထဲမှ ပုရစ်အော်သံကလေးများကိုလည်း အဆက်မပြတ် ကြားနေရသည်။ ညဉ့်ငှက်ဖြစ်သော လင်းဝက်ငှက်၏ အော်သံများကိုပင် ကြားနေရပေပြီ။ သူတို့ ကွန်ပစ်ဆင်းဖို့ အချိန်ကား ရောက်ခဲ့ပါပြီ။
အသီးသီးပင် မီးအုပ်ကလေးများကို ထွန်းညှိကြ၏။ ရေနံဆီမီးခွက်ကို ညှိထွန်း၍ မုန့်သေတ္တာထဲတွင် ထည့်ကာ မီးအုပ်ပြုလုပ်ထားခြင်း ဖြစ်သည်။
ကိုဒေါင်းစိန်ကား ဒီလုံးကိုခေါ်၍ ပဲ့ကိုင်စေကာ လှေဦးတွင် မီးအုပ်ကို နေရာချပြီး လှော်ထွက်စေ၏။ အခြားသူများလည်း အသီးသီး လှော်ထွက်လာကြ ၏။ အမှောင်သမ်းလျက်ရှိသော ရေမျက်နှာပြင်ပေါ်ဝယ် မီးအုပ်ထဲမှ ထိုးထွက်လာသော မီးခွက်၏ အလင်းရောင်ကလေးများသာ ယှက်သန်းလျက် ရှိသည်။
ကိုဒေါင်းစိန်သည် ကွန်ကို လက်နှစ်ဖက်ဖြင့် အသင့်ကိုင်တွယ်ထားကာ မီးရောင်ထိုးနေသော ရေမျက်နှာပြင်ကို စိတ်ဝင်စားစွာ စူးစမ်းရင်း လိုက်ပါလာ၏။ ဒီလုံးကလည်း လှေကို ခပ်ဖြည်းဖြည်း လှော်ပေးနေရာ လှေကလေးမှာ ညင်သာစွာ ရွေ့လျားနေ၏။
တစ်နေရာတွင် ငါးဘဲကလေးများမှာ ပွစိပွစိဖြင့် ရေမျက်နှာပြင်ပေါ်၌ ထပွက်နေသည်ကို မြင်၍၊ သူ ကွန်ဖြင့် ပစ်ကြဲလိုက်ရန် ကြံရွယ်စဉ်မှာပင် ငါးဘဲ ကလေးများမှာ ရေအောက်သို့ ငုပ်လျှိုး ပျောက်ကွယ်သွား၏။ သူသည် မကျေမနပ် ဖြစ်သွားကာ ဆက်လက်၍ စူးစိုက်ကြည့်ရှုနေစဉ်မှာပင် အခြားနေရာ၌ ငါးဘဲကလေးများ တစ်ကောင်နှစ်ကောင် လာပွက်နေသည်ကို မြင်လိုက်လျှင် မြင်လိုက်ချင်း၊ ဤနေရာ၌ ငါးအုပ် လာရတော့မည် သေချာ၍ သူ့လက်ထဲမှ ပိုက်ကွန်ကို ဟန်ပါပါလွှဲကာ တအားကုန် ပစ်ကြဲလိုက်၏။
လက်ဝဲဘက်မှ လက်ယာဘက်သို့ သိမ်း၍ ပစ်ကြဲလိုက်ခြင်းဖြစ်ရာ လူမှာလည်း ကိန္နရာငှက် ကလေးများ ဝဲသလို ဝဲကာ လှေဦးတွင် မတ်တတ်မှ ထိုင်လျက်ကလေးအထိ ညင်သာစွာ ကျလာ၏။
ပစ်ကြဲလိုက်သော ကွန်နှင့် ရေတို့ ထိတွေ့ သွားသောအခါ၌ ရှဲခနဲ မြည်သွားသောအသံ ထွက်ပေါ်လာရာ “ရေကြောင်းပြ”ဟု သူတို့ အသိအမှတ် ပြုထားသော မြစ်တွေးငှက်ကလေးမှာ ထိုကွန်သံကို လန့်၍ ပျံသန်း သွားသည်။
“သောင်ကမ်း … သောင်ကမ်း မော်တည့် အဖော်မပါ၊ မ ကိုရှာ ဟင်္သာမြစ်တွေး၊ ပင်လယ်ငယ်ဝယ်မှာ ကျူးရင့်ကြွေး… မြစ်တွေး ကွန်သံ လန့်တည့်လေး …”
ချစ်ထွန်း၏ အသံဝါကြီးသည် ဆိတ်ငြိမ်သော ညနှင့် ကွန်သံများကို ဖောက်ထွင်းကာ ထွက်ပေါ်လာသည်။ သူကား အဆိုပိုင်သူဖြစ်၍ နားထောင်ကောင်းလှသည့်အပြင် သီချင်းစာသားနှင့် မျက်မြင်ရှုခင်းမှာ ဟပ်မိသွားသောကြောင့်လည်း ကိုဒေါင်းစိန်၏ ရင်တွင်း၌ ကြည်နူးနေသည်။
ကိုဒေါင်းစိန်သည် “ကွန်စောင်းကြိုး”ကို ကိုင်၍ ပြန့်သွားသောကွန်သည် ရေအောက်၌ တဖြည်းဖြည်း လာစုမည့် အချိန်ကို စောင့်ဆိုင်းရင်း နားစွင့်ထား၏။
“တူစုံမပါ… နေလှည့်ရာ… ငတုံးတာ တံငါမုဆိုး၊ ပင်လယ်ဝငယ်ကို ဖြုတ်ချင်းသွား… မယ်ဘွား ကွန်သံ လန့်ချည့်လေး”
ချစ်ထွန်းသည် အဆိုသာ မဟုတ်ဘဲ သက်ဆိုင်ရာ အတောကလေးများကိုလည်း ပါးစပ်ဖြင့် လိုက်တောပေးနေသည်ဖြစ်ရာ နားထောင်၍ပင် ကောင်းသေး တော့သည်။
“တက်ကြီး ရိုးရှည် … တက်ကြီး ရိုးစောက်၊ ကင်းတည့် တင်းခမောကယ်နှင့်… ရုပ်ဖျောက်ကယ်လာ၊ ငတုံးတာလော၊ တံငါလော…။
လှေငယ် ဦးစောက်၊ ကင်းခမောက်ကယ်နှင့်၊ ရုပ်ဖျောက်ကယ် လာပါသည်။ ငတုံးတာ … တံငါ ဟုတ်ကဲ့ ဟုတ်ကဲ့လေး”
ချစ်ထွန်းက စိတ်ပါလက်ပါ သီဆိုနေသည်။ အင့်ဟင် သူ့သီချင်းက ဘယ်လိုပါလိမ့်ဟု ကိုဒေါင်းစိန် တွေးနေမိသော်လည်း တံငါ၊ ကွန်သံ၊ လှေငယ် တက်ကြီးရိုးရှည်၊ ကင်းခမောက် စသော သူတို့လက်သုံး ကိရိယာ တန်ဆာပလာများ သီချင်းစာသားထဲ၌ ပါဝင်နေသည့်အတွက် စိတ်ဝင်စားနေသည်။
“ပုဆိုးမည်းစင်း ငါးစိမ်းခြင်းငယ်နှင့် … အပြင်းဈေးမီ လှော်စွလေ..။ ပက္ကလာတွင် … တောင်းငယ်တင်၊ ခုံမင်ဖောက်သည် လာစွလေး … ။ ဖောက်သည် လည်းလာ… ဆန်မပါ၊ တံငါ ငတ်စွ … ငတ်စွလေး”
“ဟာ ဒီခွေးမသားလေးဟာ နိမိတ်မရှိတာတွေ လျှောက်ဆိုနေတယ်။ ဖောက်သည်လာလို့ ဆန်မပါတာနဲ့ တံငါငတ်ရမလား။ စျေးဆိုင် ဝယ်စားမှာပေါ့”
ကိုလူမောင်က ကွန်တိုင်တွင် ပိုက်ကွန်ကို ချိတ်နေရာမှ ရေရွတ်လိုက်၏။ ကိုဒေါင်းစိန်ကမူ ပိုက်ကွန်ကို တဖြည်းဖြည်း ဆွဲဖော်ရင်း
“အို သူတို့က ပင်လယ်တံငါတွေဆိုတော့ ဈေးဆိုင်နဲ့မနီးလို့ ဖြစ်မှာပေါ့ဗျ။ ကျွန်တော်တော့ သူ့သီချင်း လေးတွေကို ကြိုက်တယ်ဗျ။ “ပုဆိုးမည်းစင်း ငါးစိမ်းခြင်းငယ်နှင့် အပြင်းဈေးမီ လှော်စွလေး” ဆိုတဲ့ နေရာမှာ ကျွန်တော့်မျက်စိထဲမှာဖြင့် ငါးစိမ်းခြင်းတောင်းကို လှေပေါ်မှာတင်ပြီး ဓနုဖြူ ဈေးအမီ အပြင်းလှော်သွားတဲ့ ငါးစိမ်းသည်မကြီး မမယ်ရင်ကို ကွက်ခနဲ သွားမြင်တယ်ဗျ”ဟု ပြန်ကြားလိုက်၏။
သူသည် ကွန်ကို တဖြည်းဖြည်း ဆွဲဖော်လာရာမှ ခဲသီးများ တပ်ထားသော ကွန်အောက်ခြေ အရောက်တွင်မူ ရွှံ့နွံများ၊ အမှိုက်သရိုက်များ စင်ကြယ်သွားစေရန်အတွက် ရေထဲတွင် အတန်ကြာအောင် လှုပ်ကာလှုပ်ကာ ဆေးကြောပြီး နောက်မှ လှေပေါ်သို့ ဆွဲတင်ကာ ကွန်တိုင်တွင် ချိတ်လိုက်၏။ ကွန်တိုင်တွင် ပိုက်ကွန်ချိတ်မိသည်နှင့် တစ်ပြိုင်နက် ဒီလုံးက လှေကို ကမ်းစပ်သို့ လှော်လိုက်၏။
သူသည် ကွန်ကို တစ်လွှာပြီးတစ်လွှာ ရှင်းရင်း ငါးများကို ဖြုတ်နေ၏။ ကွန်ထဲ၌ ရောထွေးပြီး ပါလာသော “ဖက်သွပ်” ဟု ခေါ်သည့် အမှိုက်သရိုက်များ ကိုလည်း ရှင်းလင်းပစ်၏။ သည်တစ်လွှာပြီးမှ နောက်တစ်လွှာသို့ ကူး၏။ ကွန်ထဲတွင် မိနေသော ငါးများကား စောစောက သူမြင်လိုက်သော ငါးဘဲများနှင့် ငါးမြွေထိုး၊ ငါးစင်စပ်များ ဖြစ်သည်။
“ချီးတဲ့မှပဲ၊ ကွန်ချက်ကို တွေ့ပြီဟဲ့လို့ အားရပါးရ ပစ်ကြံလိုက်တာ ငါး နည်းနည်းလေးမိပြီး ‘ဖက်သွပ်’ တွေချည့် ဖြစ်နေတာပဲ”
သူနှင့် မနီးမဝေး နေရာမှ ကိုလေးဖိုးကွန့်၏ ညည်းညူလိုက်သောအသံ ဖြစ်သည်။ ကိုဒေါင်းစိန်ကတော့ သူ ခန့်မှန်းသော ကွန်ချက်ကို တည့်တည့်ကြီး မိခဲ့သည်ဖြစ်၍ ဘာတစ်ခွန်းမျှ ပြန်မပြောဘဲ ကျေနပ်သော အပြုံးဖြင့်သာ တုံ့ပြန်လိုက်သည်။
“ကျုပ်လည်း ဒီတစ်ချီ ရှော်သွားတယ်ဗျ။ ဒါပေမဲ့ ငါး အတော်အသင့်ကလေး မိလိုက်လို့ ခင်ဗျားလောက်တော့ မဆိုးဘူးပေါ့ဗျာ။ ဒေါင်းစိန်တစ်ယောက် ငြိမ်နေပုံကို ထောက်လိုက်ရင် ဒေါင်းစိန်တော့ အချက်ကောင်း တိုးမိသွားပြီ ထင်တယ်”
ကိုလူမောင်၏ အသံပင် ဖြစ်သည်။ ထိုအခါ ကိုဒေါင်းစိန်သည် မြုံမနေနိုင်တော့ဘဲ
“ဒါပေါ့ဗျ၊ အချက်ကောင်းကို တိုးမိသွားလို့ စကားမပြောနိုင်အောင် ဝမ်းသာလုံး ဆို့နေတာပေါ့”
ဟု ပြန်ကြားလိုက်၏။
အခြားနေရာများမှလည်း စကားပြောသံ၊ ကွန်ပစ်သံ၊ ရေသံ၊ တက်ခတ်သံများကို အဆက်မပြတ် ကြားနေရ၏။ ကွန်ပစ်ပြီး၍ လှေကိုကမ်းဘက်သို့ ကပ်လာ သည့် လှေက ကပ်လာ၍၊ ကွန်မှငါးကိုဖြုတ်ပြီး နောက်တစ်ကြိမ်ပစ်ရန် ရေလယ်ဘက်ဆီသို့ လှော်ထွက်သွားသည့်လှေက လှော်ထွက်သွားခြင်းဖြင့် ချောင်းရိုးထဲ၌ ရှုပ်ယှက်ခတ် ဖြစ်နေသည်။
ကိုဒေါင်းစိန်လည်း ကွန်မှ ငါးများကို ဖြုတ်ပြီးရုံမျှမက ကွန်ကိုလည်း ရှင်းလင်းပြီးပြီဖြစ်၍၊ နောက်တစ်ကြိမ်ပစ်ရန် ဒီလုံးအား လှေကို ကမ်းစပ်မှခွာပြီး ရေလယ်ဘက်ဆီသို့ လှော်ရန် အမိန့်ပေးလိုက်သည်။
(၄)
ညဉ့်သည် တဖြည်းဖြည်းနှင့် နက်လာသည်။ စောစောက ပါးလျားသော မှောင်ရိပ်မှာလည်း တစ်စထက်တစ်စ ထူထပ်သိပ်သည်းလာသည်။ ပတ်ဝန်းကျင်ကား အမှောင်ထုသာ မင်းမူနေသည်။ လဆုတ်ရက်မို့ ထက်ကောင်းကင်ဝယ် တင့်တယ်သော လမင်းကြီးက ထွက်ပေါ်မလာသေး။ စိန်ကြယ်ပွင့်ကလေးများသာ တလက်လက် ကွန့်မြူးနေသည်။
သည်အချိန်တွင် သူတို့သည် ထွန်းချက်ရွာသို့ ရောက်နေကြပေပြီ။ ထွန်းချက်ရွာထဲမှ ကြက်တွန်သံသဲ့သဲ့ကို သူတို့ ကြားလိုက်ရ၏။
“ဗျို့ ကိုလူမောင်၊ ‘သက်ကြီးခေါင်းချ’ကြက်တောင် တွန်နေပါပကော။ မစောတော့ဘူးဗျ”
ကိုဒေါင်းစိန်သည် အလုပ်၌ စိတ်ဝင်စားနေရာမှ ခါးညောင်းလာသောကြောင့် ခါးအညောင်းဆန့်ရင်း ကြက်တွန်သံကို ကြားလိုက်သဖြင့် ကိုလူမောင်အား စကား လှမ်းပြောလိုက်၏။
သို့သော် ကိုလူမောင်မှာ အလုပ်၌ စိတ်ဝင်စားနေ၍လော၊ သို့မဟုတ် ကိုဒေါင်းစိန်၏စကားကို မကြား၍လော မသိ။ မည်သို့မျှ ပြန်ကြားခြင်း မရှိ။
တစ်တီတူး ငှက်လေးတစ်ကောင်သည် “တစ်တီတူး တစ်တီတူး”ဟု စူးစူး ရှရှ အော်မြည်ရင်း ပျံသန်းသွားသည်။ ကမ်းစပ်ချုံနွယ်များအကြားမှ မြွေတွန်သံ ကလည်း စူးစူးရှရှ ထွက်ပေါ်လာနေသည်။
ဆောင်းလေအေးက တိုးဝှေ့တိုက်ခတ် လိုက်ရာ ကမ်းထိပ်ရှိ ကုက္ကိုပင်ကြီးများမှာ တရှဲရှဲ အော်မြည် ညည်းတွားနေကြသည်။
ထွန်းချက်ရွာရှိ ဇရပ်အိုကြီးမှ သွပ်မိုးများကလည်း လေအပင့်တွင် တဗြန်းဗြန်း တဒိုင်းဒိုင်း မြည်ဟည်းနေသည်။ ညဉ့်အချိန်နှင့် ဤအသံများကို ပေါင်းစပ် လိုက်ပါက စိတ်ချောက်ချားဖွယ်ပင် ဖြစ်သော်လည်း ကိုဒေါင်းစိန်တို့ အဖို့မှာမူ မည်သို့မျှ မထူးခြား။
အမြဲတစေ တွေ့ ကြုံဆက်ဆံနေရ၍ ရင်းနှီးပြီးဖြစ်နေသော သဘာဝ မဟာမိတ်အဖြစ်သို့ ရောက်နေပြီဖြစ်ရာ သူတို့အား ချောက်လှန့်ခြင်းငှာ မစွမ်း။
“ဪ ခါးဆစ်တွေလည်း ကိုက်ခဲပြီး ညောင်းညာလှပါပေါ့ ကွယ်တို့။ ဒါပေမဲ့ တစ်ပါးကလေးကို အနားမပေးနိုင်သေးဘူးကွယ့်။ အိမ်က နှမတော်မိမိက မှာလိုက်တယ်။ မောင်ရယ်တဲ့၊ ခါးဆစ်တွေ ကိုက်ခဲလှပါကလားလို့ အနားမယူလိုက်ပါနဲ့နော်တဲ့။ ရတဲ့ ငါးစိမ်းကလေးများကို ကုန်းတက်ပြီး ဆန်နဲ့ လဲရမှာမို့ ငါးစိမ်းများများရမှ ဆန်ကလေး အလျင်မီအောင် စားရမယ်တဲ့။ မောင် မောမောနဲ့ ပြန်လာတဲ့အခါ ဒီက နှမတော်မိမိက အမောပြေဆေးကလေး တိုက်ကျွေးပါ့မယ် မောင်ဘုရားရဲ့လို့ အမှာတော်ရှိတာကြောင့် ဟေ … သူငယ်ချင်းတို့ရဲ့ မောတယ် ပန်းတယ်၊ ညောင်းတယ် ညာတယ်၊ ကိုက်တယ် ခဲတယ်လို့ သဘောမထားဘဲ ကြိုးစားပြီး ပစ်လိုက်ကြဦးစို့ ကွယ်တို့”
ကွန်သမားတစ်ဦးက အလုပ်ပန်း၍ ခါးဆစ်များ ညောင်းညာကိုက်ခဲလျက် ရှိသဖြင့် အနားယူရန် ကြံနေကြသော သူ့ချစ်ဆွေများသို့ လှမ်းကာ ဇာတ်မင်းသားဆန်ဆန် ပြောဆိုအားပေးလိုက်၏။ သူ့ဟန်မှာ ဇာတ်မင်းသားဆန်၍ သူ့အသံမှာ လှိုက်လှိုက်လှဲလှဲ ရှိလှသဖြင့် ကိုဒေါင်းစိန်၏ စိတ်ကိုပင် ထိခိုက်သွား၏။
ထိုသူ ပြောသည်မှာ မှန်လှပေသည်တကား။
သူ့အားလည်း မယ်စိန်က သည်အတိုင်း ထပ်တူထပ်မျှပင် မှာကြားလိုက်သည် မဟုတ်ပါလော။ သူ့ကွန်ဖြင့် ငါးစိမ်းများများရအောင် ရှာဖွေသွားနိုင်မှ မယ်စိန်သည် ကုန်းတက်ပြီး လယ်သမားများထံမှ ဆန်များများရအောင် လဲလှယ်နိုင်ပေမည်။
သူသည် ခါးဆစ်မှ ညောင်းညာကိုက်ခဲလျက် ရှိသော ဝေဒနာပင် ရုတ်တရက် ပျောက်ကွယ်သွားကာ အံကြိတ် စိတ်တင်းလိုက်၍ ကွန်ကို အသင့်ကိုင်တွယ်လိုက်မိ၏။ နောက် ကွန်ချက်ကို မှန်းဆကာ အားပါးတရ ပစ်ကြဲလိုက်တော့၏။
လဆုတ်ရက်၏ တစ်ခြမ်းပဲ့ လကလေးသည် ထွက်ပြူ၍ လာပေပြီ။ ပြည့်ပြည့်ဝဝ မရှိသော လနတ်မယ်သည် ချည့်နဲ့လှသော အလင်းရောင်ဖြင့် မှောင်ထုကို မဝံ့မရဲ ရင်ဆိုင်နေရှာသည်။
ကြက်တွန်သံများကို ကြားရပြန်၏။ “လုလင်ပြန်” လေ။ သို့သော် သူတို့ကား မရပ်မနား အားခဲ၍ ပစ်ဆဲ။
စောစောက မှောင်ပိန်းလျက်ရှိသော ချောင်းရေမှာ ယခုတော့ ငွေရောင်တောက်လာသည်။ ပတ်ဝန်းကျင်ရှုခင်းမှာ ပြက်ပြက်ထင်ထင် ကြည်လင်ခြင်း မရှိသော်လည်း ဝိုးတဝါးတော့ မြင်နိုင်စွမ်းသည်။
“ငဟစ်” ငှက်တစ်ကောင်မှာ သူတို့ ကွန်လှေများကို လန့်၍ “ဟစ် .. ဟစ် … ဟစ် …”ဟု စူးစူးရှရှ အော်မြည် ရင်း ပျံသန်းသွားသည်။
ကညင်ကုန်း ရွာဖျားသို့ ရောက်လာကြပြန်ပေပြီ။ သည်နေရာ၌ ငါး အတော်မိသည်ဖြစ်၍ သူတို့ ရှေ့ဆက်မလှော်ဘဲ ထိုနေရာတစ်ဝိုက်သာ လှည့်ပတ် ပစ်နေကြသည်။
သည်လိုနှင့်ပင် ထက်ကောင်းကင်ဝယ် ခုနစ်စင်ကြယ်ပြောင်မှာ အမြီးထောင်ခဲ့လေပြီ။ ကညင်ကုန်းရွာထဲမှ ကြက်တွန်သံများ ထွက်ပေါ်လာပြန် ၏။ သန်းခေါင်ကြက်။
လခြမ်းကလေးကား အတော်ပင် မြင့်တက်လာပြီ ဖြစ်၍ ဆောင်းလရောင်ခြည်မှာပင် ဝင်းဝါသာယာလာသည်။ ပတ်ဝန်းကျင် လောကတစ်ခုလုံးကား လ ရောင်ရိပ်ဝယ် ဆောင်းကာလ၏ အယုအယကို ခံယူကာ အိပ်မောကျလျက် ရှိသည်။ ဆောင်းလေသည် ညနေခင်းတုန်းကလို ကဗျာမဆန်ဘဲ ခပ်ကြမ်းကြမ်း တိုက်ခတ်လာသည်။ မြူနှင်းကလေးများသည်လည်း ဆောင်းလေနှင့်အတူ လွင့်ပါးပျံဝဲလာသည်။ သူတို့ကား ချမ်းလွန်း၍ တုန်နေတော့သည်။ အထက်သွားနှင့် အောက်သွားမှာ တဇတ်ဇတ် တိုက်ခတ်မိသည်အထိ မေးခိုက်ခိုက်တုန်နေ၏။
ဆောင်းလေသည် အကြင်နာကင်းမဲ့စွာဖြင့် သူတို့၏ ကိုယ်ကာယကို ဖောက်ထွင်းကာ သူတို့နှလုံးသား အရောက် ကျူးကျော်လာ၏။ သူတို့၏ လက်များမှာ အမြဲ ရေစိုနေသဖြင့် ပဲကြီးတွန့်လိုက်ကာ ထုံကျဉ်နေသည်။ သို့သော် သူတို့ကား မရပ်မနား အားသွန်၍ ပစ်ဆဲပါ။
ကမ္ဘာလုံးကြီးကား မှန်မှန်ကြီး လည်ပတ်လျက်ရှိရာ နေလ နက္ခတ်တာရာတို့မှာလည်း အတည်မရှိဘဲ ရွေ့လျားသွားကြရ၏။ သည်လိုနှင့် အရှေ့ဘက် ကောင်းကင်ယံမှ ကြယ်နီတောင် ထွက်ပေါ်လာပါပကော။ အဝေးမှ ကြက်တွ သံ သဲ့သဲ့က ဆောင်းလေနှင့်အတူ ပါလာ၏။ ကြက်ဦးတွန်လေ။
သည်အချိန်တွင် ကိုဒေါင်းစိန်တို့ ကွန်သမားများမှာ ကညင်ကုန်းရွာကို လွန်လာခဲ့ကာ၊ ကညင်ကုန်းနှင့် သူတို့ ဗျင်းဘွဲရွာအကြားရှိ ကမ်းထိပ်မြေပြန့်တွင် တည်ထားသော ကိုးတောင်ပြည့် စေတီကလေးအနီးသို့ ရောက်လာကြ၏။
ဆောင်းလေမှာ ရက်စက်စွာ တိုက်ခတ်ဆဲပင် ဖြစ်၏။ မြူနှင်းများလည်း ထူထပ်စွာ ကျလာနေသည်။
ကိုဒေါင်းစိန်တို့ ကွန်သမားများမှာ ဆက်လက် ဇွဲကောင်းရန် မတတ်စွမ်းနိုင်တော့။ ကွန်အောက်ခြေတွင် လေးလံသော ခဲသီးများ တပ်ထားရုံမျှမက ရေစိုနေသော ကွန်တစ်ထည်၏ အလေးချိန်မှာ ပေါ့ပေါ့ပါးပါး မဟုတ်။ ထိုမျှ လေးလံလှသောကွန်ကို ရေထဲ၌ ပြန့်ကားကျသွားအောင် အားစိုက်၍ ပစ်ကြဲရသည်မှာ မသက်သာလှ။
တစ်ခါလည်း မဟုတ်၊ နှစ်ခါလည်း မဟုတ်၊ အခါပေါင်း များလာတော့ သူတို့၏ ခါးဆစ်များမှာ မခံမရပ်နိုင်အောင် ကိုက်ခဲလာ၏။ ခါးမှာ တစ်ဖက်သို့ပင် စောင်းနေ၏။ တစ်ကိုယ်လုံး မလှုပ်ချင် မရှားချင် လောက်အောင် ပင်ပန်းနွမ်းနယ်နေကြ၏။
ပြီးတော့ အေးမြလှသော ဆောင်းလေနှင့် မြူနှင်းများကြောင့် အသည်းခိုက်အောင် ချမ်းလှပေပြီ။ သူတို့သည် သူတို့ အတတ်နိုင်ဆုံး ကြိုးစားပြီးခဲ့ကြပေပြီ။ သူတို့၏ ကြိုးစားချက်ကြောင့် ငါးများ လည်း အတော်အသင့်ပင် ရခဲ့ကြပါ၏။ ယခုအချိန်တွင် သူတို့ ခေတ္တအနားယူ မီးလှုံရင်း ရေနွေးကြမ်းပူပူလေး သောက်ဖို့အချိန်တော်နေပါပြီ။
သူတို့သည် တစ်ဦးနှင့်တစ်ဦး အဖော်ညှိမနေရဘဲ တိုင်ပင်ထားကြသလို ကိုးတောင်ပြည့်စေတီကလေး တည်ရှိရာ ကမ်းစပ်သို့ တစ်စုတစ်ဝေးကြီး ထိုးဆိုက် လိုက်ကြ၏။ ပြီးနောက် လက်ဖက်ရည်အိုးနှင့် မီးဖိုကလေးများ ကိုယ်စီဆွဲ၍ ကမ်းထိပ်သို့ တက်ခဲ့ကြတော့၏။
ဝင်းပသော လရောင်အောက်ဝယ် ထုံးဖြူဖွေးနေသော စေတီကလေးကား သပ္ပာယ်လှပါသည်။ ဆောင်းလေအေးက ဆည်းလည်းကလေးများကို ဆွဲလှုပ်နေရာ သာယာနာပျော်ဖွယ်သော ဆည်းလည်းသံကလေးမှာ ငြိမ့်ညောင်းစွာ ထွက်ပေါ်လာသည်။
ထိုစေတီကလေး အနီးတွင် ဝါး၊ သက်ငယ်များနှင့် ဆောက်လုပ်ထားသော ဇရပ်ငယ်တစ်ဆောင် ရှိနေသည်။ သူတို့သည် ထိုဇရပ်ကလေးပေါ်သို့ တက်၍ အသင့်ယူလာသော မီးဖိုတွင် မီးမွှေးကာ လက်ဖက်ရည်အိုးတည်ရင်း မီးထိုင်လှုံနေကြ၏။ ချမ်းလွန်း၍ မည်သူမျှ စကားမပြောကြ။
ကိုဒေါင်းစိန်ကား ပဲကြီးတွန့်လိုက်ကာ ထုံကျဉ်နေသော သူ့လက်ဖဝါးကလေးနှစ်ဖက်အား မီးတောက်ဝယ် ကင်မြိုက်နေ။ အတော်ကလေးကြာမှ နွေးနွေးထွေးထွေး ရှိလာကာ အိပ်ချင်စိတ် ပေါ်လာ၏။ မျက်လုံးများမှာ မှေးရိုက်လာ၏။
တောက် … ဒီလို အချိန်မျိုးမှာ မယ်စိန်ကို ဖက်ပြီး အိပ်လိုက်ရရင် ဇိမ်ပေါ့။
သူ စိတ်ကူးယဉ်အိပ်မက်ဝယ် မှေးငိုက်လျက် ရှိစဉ်မှာပင် ရေနွေးအိုးမှာ ဆူလာကာ အောက်သို့ လျှံကျလာ၏။ သည်တော့မှ သူ့မျက်လုံး ပွင့်လာကာ သူ့ခါးပိုက်ထောင်အိတ်ထဲမှ လက်ဖက်ခြောက်ထုပ်ကလေးကို နှိုက်ပြီးနောက် အကုန်အစင် ထည့်ခတ်လိုက်၏။ နောက် ခါတိုင်းလို နှပ်မနေတော့ဘဲ အိုးကို ချကာ သောက်၏။
အေးအောင် စောင့်မနေဘဲ ပူပူကြီးကို မှုတ်သောက်လိုက်ရာ၊ ဝမ်းထဲမှာ နွေးဆင်းသွား၏။
အဲ အခုမှ ဟန်ကျတော့သကိုး၊ အပြင်ရော အတွင်းရော နွေးသွားတော့ နေသာထိုင်သာ ရှိလာ၏။ စကားစမြည်ကလေး ပြောချင်လာ၏။ သို့ဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ရာ သူ့လိုပင် လက်ဖက်ရည်ကြမ်း ပူပူလေးကို သောက်လိုက်ရ၍ စိတ်လက် ပေါ့ပါးသွားဟန်ရှိသော ကိုလူမောင်၏ မျက်လုံးများနှင့် သွားတိုးနေ၏။
“ရှီး.. ခုမှ နေသာထိုင်သာ ရှိသွားတော့တယ်ကွာ၊ အေးလိုက်တာကလည်း လွန်ပါရော”
“တောက် … အခုနေများ မယ်စိန်နဲ့အတူ စောင်ခြုံပြီး ကွေးလိုက်ရရင်လား၊ ဟင်း ဘာပြောကောင်းမလဲ၊ လောကကြီးကို အမေ့ပေါ့”
သူတို့နှစ်ယောက်က စကားစလိုက်တော့ ငြိမ်နေကြသော ကိုလေးဖိုးကွန့်နှင့် အခြားကွန်သမားများလည်း စကားပြောလာကြ၏။ စကားဝိုင်းမှာ ဆူညံလာ ၏။
သို့သော် သူတို့၌ ကြီးကြီးကျယ်ကျယ် ပြောစရာ အကြောင်းမရှိ။ သူတို့ လုပ်ငန်းအကြောင်း၊ သူတို့အိမ်အကြောင်း၊ သူတို့ရွာအကြောင်း၊ ဒါပဲ ပြောစရာ ရှိသည်။
ကြက်တွန်သံများကို တဖြည်းဖြည်းနှင့် ဆက်ကာ ဆက်ကာ ကြားလာရ၏။ ကြယ်နီမှာလည်း တဖြည်းဖြည်းနှင့် မြင့်တက်လာ၏။ လခြမ်းကလေးကား အနောက်ဘက်သို့ ရွေ့စောင်းသွားလေပြီ။ မိုးသောက်ချိန် နီးပြီကော။
လက်ဖက်ရည်ကြမ်းလည်း ကုန်၊ ပြောစရာ စကားလည်း မရှိ။ သို့ဖြင့် လက်ဖက်ရည်ကြမ်းဝိုင်းကို ရုပ်သိမ်းလိုက်ကာ လှေကလေးများ ကိုယ်စီဖြင့် လှေ ထွက်ခဲ့ကြ၏။
( ၅ )
ကျီးများ တအားအား အော်မြည်နေကြသည့် အချိန်တွင် ကိုဒေါင်းစိန်တို့ လှေကလေးသည် သူ့အိမ်ဆိပ်နှင့် တည့်တည့်သို့ ရောက်ရှိလာ၏။
ကမ်းထိပ်တွင်ကား မယ်စိန်သည် သူတို့အား စောင့်မျှော်နေသည်။
မြစ်တွေးငှက်ကလေး တစ်ကောင်သည် ရေကို ရှပ်၍ နိမ့်စွာ ပျံဝဲလာပြီးနောက် ရုတ်တရက် ရေထဲသို့ ထိုးစိုက်ချကာ ငါးကလေးတစ်ကောင်ကို ထိုးသုတ်လိုက်၏။ ငါးကလေးကို ရမိသွားသောအခါ ရေထဲသို့ ထိုးဆင်းသွားပြီးနောက် ရေကူးရင်း ငါးကလေးကို မျိုချနေ၏။ ငါးကလေး ဝမ်းထဲရောက်သွားသောအခါ နှုတ်သီးကို ရေထဲ ထိုးစိုက်၍ ရေကိုစုပ်ယူပြီးနောက် ခေါင်းကို ပြန်မော်ကာ သောက်ချနေ၏။
ကိုဒေါင်းစိန်သည် အိမ်ဆိပ်သို့ ရောက်နေပြီဖြစ်သဖြင့် နောက်ဆုံးအကြိမ်အဖြစ် ကွန်ကိုဝင့်ကာ ပစ်ကြဲလိုက်သည်။ မယ်စိန် မျက်မှောက်ဖြစ်၍လည်း သူက အားကြိုးမာန်တက် ပစ်ကြဲလိုက်ခြင်း ဖြစ်သည်။
ကွန်နှင့်ရေ ထိတွေ့၍ ရှဲခနဲ အသံထွက်ပေါ်လာသောအခါ ရေထဲ၌ ကူးနေသော မြစ်တွေးငှက်ကလေးမှ ထိုကွန်သံကို လန့်၍ ပျံသန်းသွားသည်။
“သောင်ကမ်း … သောင်ကမ်း၊ မော်တည့်အဖော်မပါ၊ မ ကိုရှာ၊ ဟင်္သာ မြစ်တွေး၊ ပင်လယ်ငယ် ဝယ်မှာ၊ ကျူးရင့်ကြွေး၊ မြစ်တွေး ကွန်သံ လန့်တည့်လေး “
ချစ်ထွန်းကား လှေကို ရှေ့သို့ ဆက်လှော်ရင်း သီဆိုသွားသည်။ ကိုဒေါင်းစိန်၏ ရင်တွင်း၌လည်း ကြည်နူးသွားသည်။
“တူစုံမပါ နေလှည့်ရှာ… ငါးတုံးတာ တံငါမုဆိုး… ပင်လယ်ဝငယ်ကို ဖြုတ်ချင်းသွား … မယ်ဘွား ကွန်သံ လန့်ချည့်လေး”
ချစ်ထွန်း၏အသံမှာ ဝေးကာ ပျောက်သွားလေပြီ။
ကိုဒေါင်းစိန် ကွန် တဖြည်းဖြည်း ဆွဲဖော်လိုက်ပြီးနောက် ကွန်တိုင်တွင် ကွန်ကိုချိတ်လိုက်သည်နှင့် တစ်ပြိုင်နက် ဒီလုံးလည်း လှေကို သူတို့အိမ်ဆိပ်သို့ ဆိုက်ကပ်လိုက်တော့၏။
မယ်စိန်သည် အိပ်ချင်မူးတူး ဖြစ်နေသော သူ့လင်တော်မောင် ကိုဒေါင်းစိန်၏ မျက်နှာကို လှမ်းကြည့်ကာ “ကာလနာတော့ အတော်ကလေး ပင်ပန်းလာပြီ ထင်တယ်”ဟု စိတ်တွင်းမှ ရေရွတ်လိုက်ပြီးနောက်၊ မျက်နှာကို ပြုံးပြုံးရွှင်ရွှင်ဖြစ်အောင် ပြုပြင်လိုက်ကာ
“ဘယ့်နှယ် တော်တော်ပင်ပန်းလာတယ် မှတ်တယ်။
ငါးကော တော်တော်လေး ရရဲ့လား”
ဟု ပြောရင်း လှေဆိုက်ရာ ကမ်းစပ်သို့ ပျာပျာသလဲ ဆင်းလာခဲ့၏။
“ဟာ ပင်ပန်းတာတော့ မပြောနဲ့တော့ကွာ။ အိပ်ရေးပျက်ပြီး ခါးဆစ်က ကိုက်ရတဲ့အထဲ ချမ်းလိုက်တာကလည်း လွန်ပါရော။ တစ်ညလုံး ကြိုးစားပမ်းစား
ပစ်လိုက်လို့ ငါးတော့ အတော်ကလေးပဲ ရခဲ့ပါရဲ့ ။ အဲဒီငါးတွေနဲ့ တစ်ပါတည်း ကွန်ကိုပါ မင်း သိမ်းလိုက်ပါတော့ကွာ။ ငါတော့ အိပ်ချင်လှပြီ”
ပြောပြောဆိုဆိုပင် ကိုဒေါင်းစိန်သည် ပဲ့ကိုင် သူ့သား ဒီလုံးကိုပါခေါ်၍ ယိုင်တိုင်တိုင် ခြေလှမ်းများဖြင့် အိမ်ပေါ်သို့ လှမ်းတက်ခဲ့၏။ အိမ်ပေါ် ရောက်လျှင် ရောက်ချင်း ဣန္ဒြေမှမဆည်နိုင်ဘဲ ထိုးလှဲလိုက်ကြ၏။
ဒီလုံးမှာ ချက်ချင်းပင် အိပ်ပျော်သွားကာ တခေါခေါနှင့် ဟောက်နေသော်လည်း ကိုဒေါင်းစိန်ကတော့ မျက်စိကြောင်ကာ ရုတ်တရက် အိပ်မပျော်ဘဲ ရှိနေ၏။ သို့သော် ပင်ပန်းနွမ်းနယ်လျက်ရှိသော သူ့ကိုယ်ခန္ဓာကြီးအား အိပ်ရာပေါ်သို့ လှဲချလိုက်ကာ ခြေညောင်း လက်ဆန့် အနားယူလိုက်ရသည့်အတွက်ကား ပြောမပြနိုင်အောင် အရသာတွေ့သွား၏။
မယ်စိန် ကွန်လှန်းနေသည်ကိုလည်း သူ သိ၏။ ရလာသော ငါးစိမ်းများကို ကုန်းတက်ပြီး ဆန်နှင့်လဲရန် တချွတ်ချွတ် ပြင်ဆင်နေသည်ကိုလည်း သူ သိ၏။ နောက်ဆုံး မယ်စိန်သည် ငါးစိမ်းခြင်းကို ရွက်၍
“ကျုပ် ကုန်းတက်ပြီး ဆန်နဲ့ သွားလဲလိုက်ဦးမယ်”
ဟု သူ့အားပြောကာ ဆင်းသွားသည်ကိုလည်း သူ သိလိုက်၏။ သို့သော် စကားလည်း မပြောချင်၊ ကိုယ်ကိုပင် အနည်းငယ်ကလေးမျှ မလှုပ်ချင်သဖြင့် တိတ်တဆိတ်သာ ကွေးနေလိုက်၏။
အတော်ကလေး ကွေးလိုက်ရ၍ နွေးနွေးထွေးထွေး ရှိလာသောအခါမှ သူ့ မျက်လုံးများမှာ မှေးငိုက်လာတော့၏။ မကြာမီပင် သူ့ဟောက်သံသည် ဒီလုံး၏ ဟောက်သံနှင့်အပြိုင် ထွက်ပေါ်လာတော့သတည်း။
( ရှုမဝ၊ နိုဝင်ဘာ ၁၉၅၂ )
-ပြီး-
စာရေးသူ – ကြယ်နီ
စာစီစာရိုက် – မုဆိုး တံငါ စာပေများ