မစန္ဒာ

ရပ်ကွက်နံပါတ် (၁)

”အေးခင်”
”ရှင် မမ”
”နေ့ခင်းကျရင် သံဈေး သွားဦး”
”ဟုတ်ကဲ့ မမ”
”ကြောင်အိမ်ပေါ်က ဘီစကစ်မုန့်ပုံး အသစ်နှစ်ခု ယူသွား၊ ဖောက်လက်စ ဘူးနဲ့ မှားယူသွားဦးမယ်နော်၊ သတိထားဦး”
”သိပါတယ် မမ၊ ဟိုတစ်နေ့က အသားဖြူဖြူ ဝဝ လူကြီး လာကန်တော့တဲ့ ဘူးတွေ မဟုတ်လား”
”အေး နောက်ပြီး ပန်းသီးယိုဘူးရော၊ ဖျော်ရည်ပုလင်းကြီးရော၊ တစ်လက်စတည်း ယူသွားလိုက်တော့၊ စပျစ်သီးခြောက်ကတော့ ဆန်နီဘွိုင်းလေး ကြိုက်တယ် ထားခဲ့”
”ဟုတ်ကဲ့ မမ”
”အသေအချာ ဈေးမေးပြီး အများဆုံး ရတဲ့ဆီမှာ ရောင်းနော်၊ ဒူးယားတွေ တုန်းကလို တစ်ဆိုင်တည်း မေးပြီး ရတဲ့ဈေးနဲ့ ထိုးမရောင်းခဲ့နဲ့ဦး”
”ဟုတ်ကဲ့ မမ”
”ဪ သံရုံးတွေက နှစ်သစ်ကူးလက်ဆောင် ပို့ထားတဲ့ ရက်လေဘယ်လ်တွေ ရှိသေးတယ်။ ဈေးမေးခဲ့ဦးသိလား၊ ကြိုက်ဈေးမရရင် မထုတ်ဘူးလို့ပြော”
”ဟုတ်ကဲ့ မမ”

* * *

ရပ်ကွက်နံပါတ် (၂၊ ၃)

”ကိုကို”
”ဗျို”
”ဒီမှာ အိမ်စရိတ် နည်းနေပြီ”
”အခုမှ လဆန်းဆယ်ရက် ရှိသေးတာ”
”ကိုကို့ လခကို တစ်လရဲ့ သုံးပုံတစ်ပုံ သုံးရတာ ကံကောင်းတာပေါ့၊ မသိတာလည်း မဟုတ်ဘဲနဲ့ ရှင်းပြမနေချင်ဘူးကွယ်”
”အေးပါကွာ၊ ဓာတ်ဆီတွေ ထုတ်လိုက်ပါတော့မယ်၊ အရင်ကတော့ သမီးကျူရှင်ခ ပေးရခါနီမှ ထုတ်မလားလို့ စိတ်ကူးနေတာ”
”ကျူရှင်ခအတွက်က သပ်သပ်ရှာပါကွယ်”
”အေးပါကွာအေးပါ၊ ဝူး တော် ပါသေးရဲ့၊ ဓာတ်ဆီဈေးက ကောင်းနေလို့”

* * *

ရပ်ကွက်နံပါတ် (၄၊ ၅၊ ၆)

”အမေ့မှာလည်း တစ်နေ့ တစ်နေ့ ဒီသတင်းစာလေးပဲ အရိပ်ကြည့် နေတာပဲ”
”ကြည့်ရတယ်ဟဲ့၊ ယူလို့များ ရရင် သတင်းစာအစုံ ယူချင်တာ၊ ဖတ်လည်း ဖတ်၊ မြတ်လည်းမြတ်”
”သမီး မနှစ်က သုံးတဲ့ လေ့ကျင့်ခန်း စာအုပ်တွေလည်း ရှိသေးတယ် အမေ၊ ဒီတစ်ခါ အမေ သတင်းစာ ရောင်းရင် ထည့်ရောင်းလိုက်တော့”
”နှမြောတယ်ဆို”
”နှမြော မနေတော့ပါဘူး အမေရဲ့၊ စက္ကူဈေး ဒီလောက် ကောင်းနေမှ ရောင်းသာ ပစ်လိုက်ပါတော့ နောက်ပြီးတော့”
”အင်း”
”နောက်ပြီးတော့ ကြက်သားဟင်းလေး တစ်ခါလောက် ချက်ကျွေးပါ အမေရာ”

* * *

ရပ်ကွက်နံပါတ် (၇၊ ၈၊ ၉၊ ၁ဝ)

”ဟဲ့. စက္ကူစုတ်ဆိုပြီး လွှင့်မပစ်နဲ့ဦး၊ အစုတ်လည်း အစုတ်ဈေးနဲ့ ရောင်းလို့ ရတာပဲ”
”အစ်မကတော့ စံပါပဲဗျာ၊ အမှိုက်မှန်သမျှ လိုက်ကောက်နေတာပဲ”
”အေး အဲဒီ အမှိုက်တွေ ရောင်းလို့ရတဲ့ ငွေနဲ့ နင်တို့ကို အဲဒီ ငါးနှပ်ခြောက်ကြော် ကျွေးနိုင်တာကိုရော သိရဲ့လား”
”ဟော ဒီမှာ ကြည့်စမ်း၊ ငါတို့အစ်မရဲ့ ရတနာပုံကြီး၊ စက္ကူစုတ်တွေရော ကော်ရုပ်အစုတ်ရော၊ ဒီဖိနပ်စုတ်က ဟိုတစ်နေ့က ရန်လုံကြီး ပါးစပ်က အတင်း လိုက်လုထားတာ မဟုတ်လား”
”အဲဒါတွေက အကုန် ရောင်းလို့ ရတယ်ဟဲ့၊ နင်တို့ ဘာသိလဲ”
”ဒီမှာ ကြည့်စမ်း၊ ဓာတ်ခဲအဟောင်းတွေ၊ မီးလုံးအကျွမ်းတွေ ”
”အေးလေ ရောင်းလို့ ရတာပဲ”
”လက်သည်းနီပုလင်း အဟောင်းတွေရော၊ လိုင်နာပုလင်းတွေရော”
”ဘာဖြစ်လဲ၊ ငါ့ဟာငါ ရောင်းတာ”
”ဟင် ပက်ဆိုးဒင့် ဘူးခွံတွေရော ရောင်းလို့ ရတာပဲ”
”အေး ရောင်းလို့ ရတာပဲ၊ ငါတို့တော့ ဘာမှမချန်ဘူး၊ အကုန်ရောင်းတယ်”
”တစ်ခုတော့ မရောင်းနိုင်ပါဘူးဗျာ၊ ကျန်ပါသေးတယ်”
”ဘာလဲ”
”နို့ဆီခွက်၊ အဟက် အဟက်”
”ရောင်းနိုင်မလားဟဲ့၊ ကော်ဖီမှ မသောက်နိုင်တာ၊ နို့ဆီမှ မသုံးနိုင်တာ၊ တကတည်းမှ သိရက်သားနဲ့”

* * *

ရပ်ကွက်နံပါတ် (၁၁၊ ၁၂၊ ၁၃၊ ၁၄)

”ဒီမှာ မိန်းမရဲ့ ခင်ဗျားနဲ့ ကျုပ်က ပေါင်းလာတာ ဆယ်နှစ် ကျော်ပြီနော်”
”အင်း”
”ကျုပ် ဘာကြိုက်တယ် ဆိုတာကို ခင်ဗျား ဘယ်တော့မှ မတွေးဘူး”
”တွေးပါ့တော်၊ သိပ်တွေးတာပေါ့၊ တော်ကြီး အကောင်း ကြိုက်တတ်တာ၊ ဇိမ်ခံတတ်တာကိုလည်း သိလိုက်သမှ သိပ်သိ”
”ဒီလိုဆို ရုံးကနေ တစ်ခါတလေမှ ရှားရှားပါးပါးရတဲ့ ဒူးယားကလေး၊ သကြားကလေးတွေကို ဘာလို့ ပြန်ရောင်းပစ်ရသလဲ”
”တော်ကြီးနော်၊ သိလျက်သားနဲ့”
”တစ်သက် တစ်ခါလောက်များ ကျုပ်ကို ကော်ဖီလေး ဖျော်တိုက်ဖူးတယ် ရှိအောင် တိုက်ပါလား”
”ဪ သကြားရတော့ ဘယ်မလဲ နို့ဆီ၊ ဘယ်မလဲ ကော်ဖီမှုန့်”
”ဒီလိုဆို ဒူးယားကလေး ရှိုက်ပါရစေလား”
”အဆုတ်ကင်ဆာ ဖြစ်တတ်တယ်တဲ့”
”ငါ့ကျန်းမာရေးကို မင်း ဒီလောက် မစိုးရိမ်ပါဘူးကွာ၊ ငါသိပါတယ်”
”အင်း သိရင်လည်း ပြီးရော၊ ပြောမနေနဲ့တော့”
”ငါ့အပေါ်မှာ စေတနာနည်းလို့ မဟုတ်ဘူး ဆိုတာကိုလည်း ငါသိပါတယ် မိန်းမရယ်”
”သိလျက်သားနဲ့များ ကိုဘကျော်ရယ်”

* * *

ရပ်ကွက်နံပါတ် (၁၆၊ ၁၇၊ ၁၈၊ ၁၉၊ ၂၀)

”ရေးကြီးသုတ်ပျာနဲ့ ဘယ်လိုလဲ ဒေါ်ခင်တင့်ရဲ့”
”ဪ ခွဲတမ်းက ဆပ်ပြာနှစ်ပိုင်း ရလာလို့ ဆိုင်သွားသွင်းမလို့”
”တစ်ခါတစ်လေ ရတာကိုတော် အိမ်မှာ မလိုဘူးလား”
”လိုတော့ လိုတာပေါ့၊ ဒါပေမဲ့ ဆပ်ပြာက မတိုက်လို့ ဖြစ်သေးတယ်။ ညနေအတွက် ဆန်က မဝယ်လို့ မဖြစ်ဘူး”
”အင်း”

* * *

ရပ်ကွက်နံပါတ် (၂၁၊ ၂၂၊ ၂၃၊ ၂၄၊ ၂၅)

”ထဘီအဆင်ကလေး ကတော့ လှသားပဲ”
”အသားလေးလည်း ချောပါတယ်၊ ခုနကပဲ ဈေးထဲမှာ ဝင်မေးခဲ့တယ်၊ တစ်ကွင်းကို တစ်ရာတဲ့”
”ဆိုဈေး မဟုတ်လား၊ လျှော့ချင် လျှော့ဦးမှာပေါ့”
”တစ်ခွန်းဆိုင်မှာ မေးခဲ့တာပါ ညီမရယ်၊ အစ်မက ရုံးကနေ လပေးယူခဲ့တော့ တစ်ရာ့နှစ်ဆယ်တောင် ပေးရတာ အဲဒါ တစ်လ လေးဆယ်နဲ့ သုံးလ ခွဲဆပ်ရမှာ ”
”အခု မဆပ်ရသေးဘူးလား”
”ကြံကြံဖန်ဖန် အခု လကုန်မှ စပြီးဖြတ်မှာ၊ အစ်မမှာက လက်ငင်း ငွေလိုလွန်းလို့ ပြန်ရောင်းတာပါ”
”ရှစ်ဆယ် ထားလေ”
”မလုပ်ပါနဲ့ဟယ်၊ ကိုးဆယ်တော့ ပေးပါ၊ ညီမ ဈေးထဲ သွားဝယ်ကြည့်၊ ဒီဈေး မရပါဘူး”
”အစ်မကို အားနာလွန်းလို့နော်၊ ကျွန်မက သိပ်ကြိုက်တာ မဟုတ်ဘူး”
”ကျေးဇူးတင်ပါတယ်ဟယ်၊ ငါ့ညီမ ဘုန်းကြီးလို့ သက်ရှည်ပါစေ၊ ကြံတိုင်းအောင်လို့ ဆောင်တိုင်း မြောက်ပါစေ၊ တစ်နေ့ထက် တစ်နေ့ တိုးသည်ထက် တိုးပြီး ချမ်းသာပါစေ၊ စိန်ရွှေငွေ ဒီရေအလား တိုးပွားပါစေ၊ သာဓု သာဓု”

⬛

မစန္ဒာ
ပေဖူးလွှာ၊ မတ်လ၊ ၁၉၈၈။