ရွှေဘိုစောလွင်
မြိုင်တောအလယ်မှာ

(၁)

မြေက်လေတစ်ချက် ဝှေ့လိုက်သဖြင့် သစ်ကိုင်းသစ်ခက်များ သိမ့်ခနဲ လှုပ်ရှားသွားသည်။

လေထဲတွင် အအေးဓာတ်က ရောပါလာ၍ ကျောရိုးတစ်လျောက် စိမ့်တက်သွားသလို ခံစားလိုက်ရ၏။

သည်လို ဆောင်း၏ အအေးဒဏ်ကို ခံနေကျမို့ စောထွန်းကျော် သိပ်မဖြုံလှ။

နေဝန်းက တရိပ်ရိပ် မြင့်တက်လာနေပေမယ့် အအေးဓာတ်ကတော့ တောတစ်ခွင်လုံး စိုးမိုးနေဆဲ။ နေရောင်ခြည် မပက်ဖျန်းနိုင်သည့် နေရာများ၌ ငွေနှင်းရည်စက်တွေက သစ်ရွက်ဖားဖားကြီးတွေပေါ်ဝယ် ပုလဲဥတွေ တွဲခိုနေလျက်။

ကျေးငှက်တို့၏ တေးဆိုသံတွေက ဝန်းကျင်တစ်ဝိုက်တွင် ညံစာနေ၏။ မြိုင်ညို ငှက်ကလေးများ၏ တေးသံကြားဝယ် နှင်းရည်စက်တို့ တစ်ဖြောက်ဖြောက် ကြွေကျသံတွေကလည်း စီးချက်လိုက်ပေးသည့်နှယ် သာတောင့်သာယာ ရှိပါဘိ။

စောထွန်းကျော် လျှောက်လှမ်းလာသော ခရီးတစ်လျှောက်လုံး ကျေးငှက်တေးသံ၊ နှင်းကြွေသံတွေ က ဆူညံမစဲပါကလား။

နှင်းကြွေ ဟေမန်ဦးမို့ ဆောင်း၏ သဘာဝ ရှုခင်းတွေက တကယ့်ကြည်နူး ဆွတ်ပျံ့ဖွယ်ရာ။

ဟိုးအဝေး တောင်တန်းညို့ညို့ကြီးတွေကလည်း နှင်းငွေ့နှင်းခိုးတွေ ယှက်သန်းပိတ်ဆို့နေကာ လွမ်းမောဖွယ် သဘာဝရှုခင်းလှလှတွေကို ခြယ်မှုန်းနေပါ၏။

သည်တောတောင် ရှုခင်းတွေကို မြင်နေကျမို့ သူ့စိတ်တွင် အဆန်းမဟုတ်တော့။ သဘာဝ အလှတွေကို သူစိတ်မဝင်စားနိုင်။ စောထွန်းကျော် စိတ်ဝင်စားနေသည်က သူ့သား စောထွန်းဝေနှင့် သူ့ယောက်ဖ စော သာထွေး။

သည်ကောင်တွေ အနောက် ရိုးမထဲ ဖက်ခူးထွက်သွားသည်မှာ ရက်တစ်ပတ်ပင် ကျော်နေပြီ။ သူတို့ ခရီးမထွက်ခင် ပြောစကားအရဆိုလျှင် မနေ့က ပြန်ရက်။ ညမိုးချုပ်သည်အထိတော့ သူတို့ ရွာပြန်ရောက်မလာကြသေး။

ရွာက မိသားစုတွေက သူတို့အလာကို မျှော်နေကြသည်။ မျှော်နေရသည်ဆိုတာထက် စိတ်ပူပန်မှုက လွန်ကဲနေပြီ ထင်၏။

သည်တော့ စောထွန်းကျော် မနေသာ။ သူတို့ကို စိတ်မချ၍ နံနက်စောစောတွင် ရိုးမထဲသို့ ဝင်ရတော့သည်။

(၂)

စောထွန်းကျော်သည် သူတို့ ပြန်လာနိုင်မည့် လမ်းအတိုင်း ရိုးမအတွင်း တိုးဝင်လာနေသည်။

သည်လမ်းကသာ သူတို့ ပြန်လာကြမည် ထင်သည်။

တောက တဖြည်းဖြည်း နက်ရှိုင်းစ ပြုလာသည်။ သစ်ကြီး ဝါးကြီးများကို ဖြတ်သန်းလာခဲ့၏။

မှုန်ပျပျ ခြေသွားလမ်းကလေးအတိုင်း တရွေ့ရွေ့ တိုးဝင်လာနေရသော်လည်း သူ့စိတ်ကတော့ တထင့်ထင့်။ သူတို့နှင့် တွေ့မှ တွေ့ပါ့မလား။ စိတ်ပူမိသည်တော့ အမှန်ပင်။

ပြန်ရက်တွင် ရောက်မလာတော့ စိတ်ထဲ မတင်မကျ ကြီး ဖြစ်နေသည်။

သည်တောတောင်တွင် အန္တရာယ်က အချိန်မရွေး ဝင်လာနိုင်သည်။ လူကို ဒုက္ခပေးနိုင်သည့် သားရဲ တိရစ္ဆာန်ကြီးများကလည်း နေရာမရွေး သွားလာကျက်စားနိုင်ကြသည်။

သူတို့ အန္တရာယ်မှ ကင်းပါ့မလား။ သည့်နှယ် တွေးမိ သဖြင့် စောထွန်းကျော် ချွေးပြန်စ ပြုလာသည်။ သည်လို တွေးမိပြန်တော့ သူရင်ထဲမှာ မပူပန်ဘဲ နေ၍ မဖြစ်တော့။ ရင်ထဲမှာ ပြင်းစွာ မီးမတောက်ပေမင့် သောကအပူကိုတော့ စောထွန်းကျော် ရင်ဝယ် ပိုက်မိနေပြီကော။

နေလုံးက တရိပ်ရိပ် မြင့်တက် လာနေသလို သူလည်း အတော်ပင် ခရီးပေါက်လာသည်။

ဖန်းခါးမြောင်၊ မဟာမြိုင်စခန်း၊ ပျဉ်းမပင်ကွေ့။ စခန်း တစ်ခုပြီး တစ်ခု ကျော်နင်းလာခဲ့သည်။

သူတို့ မရမ်းချိုမှာ စခန်းချနေကြပြီလား။ ရှေ့စခန်းကို မျှော်၍ တွေးမိသည်။

သည်ကောင်တွေ သည်လောက်တော့ ညံ့မည်မထင်။ မရမ်းချိုစခန်းမှာ အန္တရာယ်က သိပ်မကင်းချင်။ ကျား၊ သစ်၊ ဝံတို့ တစခန်းထနိုင်သည့် အန္တရာယ် စခန်း။ ကိုးတောင်ကျားနှင့် မိုက်မဲသော ကျားသစ်တွေက လျှိုမြောင်ပေါသော မရမ်းချိုတွင် ပျော်မွေ့တတ်ကြသည်။ တောကောင်ကြီးကြီးတွေ မွေ့လျော် ပျော်ပိုက်လေ လူတွေအတွက် အန္တရာယ်က မကင်းလေ။

နက်ရှိုင်းနေပြီမို့ စောထွန်းကျော် သတိလက်လွတ်
မထားဝံ့တော့။ မျက်စိကိုဖွင့် နားကိုစွင့်လျက် တိုး၀င်နေရ၏။ တောလိုက်ဓားမြှောင်နှင့် ဒူးလေးကြီးကို အသင့်ပြင်ထားပြီး ဝဲယာနှစ်ဘက်ကို စူးစမ်းသွားနေရသည်။

အအေးဓာတ်က လျော့ပါးမှု မရှိသော်လည်း သူ့နဖူးမှာ ချွေးတွေ ရွှဲနေသည်။ အအေးဓာတ်က သူ့အပူကို အေးအောင် မလုပ်နိုင်။

စောထွန်းကျော်သည် ပိတောက်ပင်ကြီး တစ်ပင်ရှေ့တွင် ခဏနားလိုက်သည်။ နဖူးတွင် စို့နေသော ချွေးများကို လက်ဝါးဖြင့် သုတ်ပစ်လိုက်သည်။

ပိတောက်ပင်ပေါ်မှာ မျောက်တစ်အုပ်က သူကို မြင်တွေ့သွားသဖြင့် တခွီးခွီးအော်မြည်လိုက်ကြသည်။

သူသည် ဒူးလေးကို လေထဲတွင် မြှောက်ပြီး မျောက်အုပ်ရှိရာကို ထိုးချိန်လိုက်သည်။

မျောက်များမှာ ကြောက်လန့်တကြားနှင့် သစ်ကိုင်းများကြားသို့ တရှောရှော တိုးဝင်သွားကြသည်။

ခဏ အပန်းဖြေပြီး ရှေ့ဆက်တိုးဝင်လာသည်။

လူရိပ်လူခြေ မတွေ့ရသဖြင့် စောထွန်းကျော် ရင်မောနေသည်။ ပူပန်သောကတွေက ရင်ထဲမှာ တစ်စတစ်စ ဖိစီးလာသည်။ စောထွန်းဝေနှင့် စောသာထွေးတို့ ဘယ်အခြေအနေ ရောက်နေသည်ကို သူ သိချင်နေသည်။

သို့နှင့် စိတ်တထင့်ထင့် ရင်တမမနှင့် ရှေ့ကိုသာ ဖိတိုးလာနေသည်။

သူ တိုးဝင်လာတိုင်း သူ့ဝဲဘက် တောချုံစပ်ထဲမှ ဖျောက်ခနဲ ဖျောက်ခနဲ အသံက တစ်ချက် တစ်ချက် ပေါ်လာနေသည်။

မရမ်းချိုစခန်း ဇောကပ်နေသော စောထွန်းကျော်မှာ သည်အချက်ကို သတိမထားလိုက်မိ။ သို့တစေ သူ
တိုးဝင်လာနေတိုင်း တဖျောက်ဖျောက် မြည်သံသဲ့သဲ့က မကြာ မကြာ ပေါ်ထွက်လာနေသည်။
ရှေ့ကိုသာ အတင်းဖိတိုးနေသည်မို့ မင်္သကာစရာ အသံကို သူ နားမဝင်။ သတိမထား။ ရှေ့သို့သာ တိုးဝင်နေမြဲ။

(၃)

မကြာမီ ရှေ့တူရူဆီမှ တောတိုးလာသံကို ကြားလိုက်ရသဖြင့် စောထွန်းကျော် ဆတ်ခနဲ ဖြစ်သွား သည်။ ရင်ထဲမှာလည်း လှိုက်ဖိုသွားရသည်။

သူသည် သွားနေရင်း ခဏရပ်ပြီး အသံကို နားစွင့်လိုက်၏။ တောတိုးလာသံတွေက တစ်စတစ်စ နီးကပ်လာနေသည်။

လူတွေ တောတိုးလာသံလား၊ တောကောင် တစ်စုံ တစ်ရာ၏ တောတိုးလှုပ်ရှားသံလား။ သူ စဉ်းစားကြည့်သည်။ အမြန် ဆုံးဖြတ်နိုင်အောင် အထပ်ထပ် သုံး သပ်နေသည်။ သေချာအောင် မြေကြီးပေါ် နားကပ်ပြီး ဂရုတစိုက် လေ့လာမှတ်သားသည်။

ရှောခနဲ … ဝေါခနဲ တောတိုးလာသံတွေကလည်း နီးကပ်သည်ထက် နီးကပ်လာသည်။

စောထွန်းကျော်မှာ မုဆိုးအတွေ့အကြုံ ရှိသူပီပီ လူ၏ လှုပ်ရှားမှုနှင့် တောတိရိစ္ဆာန်တို့၏ လှုပ်ရှားမှုကို အတော်အသင့် ခွဲခြားနိုင်သည်။

ရှေ့မှ တိုးဝှေ့လာသံများကား တောကောင် သားရဲ တို့၏ လှုပ်ရှားမှုတော့ ဖြစ်မည်မထင်။ လူတိုးဝှေ့ ဖြတ်သန်းလာသံတွေသာ ဖြစ်ရမည်။ စောထွန်းဝေနှင့် စောသာထွေးတို့ ပြန်လာနေကြပြီလား မပြောတတ်။

စောထွန်းကျော် အားတက်လာသည်။

“အူး … ဝူး … ဝူး … ဝူး”

သို့နှင့် စောထွန်းကျော် “အူး” သံ ပေးကြည့်လိုက်သည်။

“အူး … အူး … ဝူး … ဝူး … ဝူး”

ရှေ့တူရူဆီမှလည်း အူးသံ ပြန်လာသည်။

စောထွန်းကျော်ပို၍ အားတက်လာသည်။ သေချာပြီ။ စောထွန်းဝေနှင့် စောသာထွေးတို့ ပြန်လာကြတာကလွဲ၍ တခြား မဖြစ်နိုင်။

စောထွန်းကျော်က ပိုပြီး သေချာအောင် ထပ်ကာထပ်ကာ အူးသံ ပေးလိုက်သည်။ တစ်ဘက်မှ တုံ့ပြန် သံတွေကလည်း ဆက်တိုက် ပေါ် လာနေသည်။ သူတို့၏ အချက်ပေးသံတွေက တောတောင်တစ်ဝိုက်တွင် ပဲ့တင်ရိုက်ခတ်နေသည်။

ခုမှ စောထွန်းကျော် ဝမ်းသာအားရ ဖြစ်ရသည်။ စောစောက အုံ့မှိုင်းညှိုးငယ်နေသော သူ့စိတ်တွေမှာ ပေါ့ပါးလန်းဆန်းလာသည်။

သူ့ရှေ့တည့်တည့်ဆီက တရှောရှော တောတိုးသံတွေကလည်း နီးကပ်လာနေသည်။ တောအခြေနှင့် နှင်းခိုးနှင်းငွေ့တွေကြောင့် မြင်ကွင်းကို သဲကွဲစွာ မမြင်ရပေမယ့် အသံဗလံတွေက သူနှင့် ကိုက်သုံးဆယ်ပင် ဝေးမည်မထင်။ အသံဗလံတွေက နီးကပ်လာလေ လူ့စိတ်မှာ ဂနာမငြိမ် ဖြစ်လာလေ။

စောထွန်းကျော် ကြာကြာစောင့်မနေချင်။ စိတ်လည်း မရှည်နိုင်တော့။ သစ်ပင်ပေါ်တက်ပြီး အချက်ပေးမှ ဖြစ်တော့မည်။

သူသည် အနီးရှိ ပျဉ်းမပင်ကြီးဆီ တိုးကပ်သွားကာ ဒူးလေးကြီးကို သစ်ပင်ခြေရင်းတွင် ကပ်ထောင်လိုက်၏။

ထိုစဉ် ရှောခနဲ သစ်ရွက်လှုပ်သံများနှင့်အတူ လေးလံသော အရာဝတ္ထုကြီးတစ်ခုက သူ့ကိုယ်ပေါ်တွင် ပိကျလာပြီး သူ့ကုပ်ပိုးနှင့် ပခုံးသားတစ်ဝိုက်မှာ ပူခနဲ ဖြစ်သွားသည်။ လူမှာလည်း သစ်တုံးကြီးနှင့် ထုရိုက်ခံရသလို မြေပေါ်တွင် လက်လွတ်စပယ် ပစ်ကျသွားသည်။

ဦးခေါင်းနှင့် မြေကြီး ထိခိုက်သွားကာ ဒုံးခနဲ အသံကြားလိုက်ရပြီး မိုက်ခနဲ ဖြစ်သွားသည်။

စောထွန်းကျော်မှာ ခေါင်းတစ်ခုလုံး မူးဝေနေကာ မကောင်းဆိုးဝါးကြီးတစ်ကောင်က သူ့ကိုယ်ပေါ် တွင် ခွစီးထားသလို ခံစားရ၏။ တစ်ဆက်တည်းမှာပင် …

“ဝေး … ဝေး … ဟေး … ဟေး …ဟေး၊ ခုတ်ဟ … ချဟ … အသေချဟ”

ဟူသော အသံများနှင့်အတူ မကောင်းဆိုးဝါးကြီး နှစ် ကောင်က သူ့ခန္ဓာကိုယ်ကြီးကို ဒရွတ်တိုက် ဆွဲသွားသည်ဟု ဝိုးတဝါး ခံစားလိုက်ရသည်။

နောက်ဆုံး ခေါင်းထဲ မိုက်ခနဲ ဖြစ်သွားသည်ကိုသာ စောထွန်းကျော် သတိရလိုက်တော့သည်။ သည်နောက်တွင် အမှောင်ထုကြီးထဲသို့ နစ်ဝင်သွားကာ လောကကြီးနှင့် အဆက်ပြတ်သွားလေတော့သည်။

(၄)

မည်မျှကြာကြာ သတိလစ်သွားသည် မသိ။ စောထွန်းကျော် အနည်းငယ် သတိရလာချိန်၌ ဝေးလံသော အရပ်, ဒေသဆီမှ မသဲမကွဲသော အသံတွေကို ခပ်
သဲ့သဲ့မျှ ကြားလာရ၏။ အသံတွေက နီးလာလိုက် ဝေးသွားလိုက် ဖြစ်နေ၏။

လူတစ်ကိုယ်လုံးလည်း မလှုပ်ရှားနိုင်၊ နာကျင်ကိုက်ခဲနေ၏။ အထူးသဖြင့် လည်ကုပ်နှင့် ပုခုံးသား တစ်ဝိုက်မှာ တစစ်စစ် နာကျင်နေ၏။

မူးဝေသည့် အရှိန်က မပြယ်သေး၍ မျက်စိကောင်းကောင်း ဖွင့်မရ။ မူးမှိုင်းနာကျင်နေသည့်ကြားက ကိုယ်ကို တစ်ချက် လူးလွန့်လိုက်၏။

“နာတယ်ကွာ … နာတယ်ဟ၊ စောထွန်းဝေ … သား … သား … စောသာထွေး”

စောထွန်းကျော် နှုတ်မှ ပလုံးပထွေး ထွက်လာ၏။ သို့သော် သူ့အသံမှာ အလွန်တိုးသက်လွန်းနေပြီး ကယောင်ကတမ်း ဖြစ်နေ၏။ ·

“ဟော … ဟော သတိရလာပြီ၊ ဖထီး သတိရလာပြီ”

အသံတစ်သံက နားထဲ တိုးဝင်လာသည်။

စောထွန်းကျော် မျက်စိကို အားယူဖွင့်ကြည့်သည်။ ရုတ်တရက် ဖွင့်၍မရ။ တဖြည်းဖြည်း ဖွင့်ကြည့်မှ ဝိုးတဝါး မြင်လာသည်။

သူသည် ပျံ့လွင့်နေသော စိတ်ကို ပြန်လည်စုစည်းပြီး အားယူကြည့်လိုက်၏။ မျက်နှာတစ်ခုက သူ့အပေါ် မိုးနေသည်။

“စောထွန်းဝေ၊ သား … သား … သား”

စောထွန်းကျော်က လေသံဖြင့် ပြောလိုက်၏။

“ဖထီး … ဖထီး၊ သတိရလာပြီ နော်။ ကျုပ် စောထွန်းဝေ မဟုတ်ပါဘူး။ ကျုပ် ဒိုးကုန်းက သာကျော်ပါ။ သာကျော် … သာကျော်”

“ဟင်း”

စောထွန်းကျော် ဇဝေဇဝါ ဖြစ်နေသေးပါကလား။

“ဖထီး … ဖထီး … ကျုပ်တို့ပါဗျ၊ သာလှတို့လေ … ဖထီး မမှတ်မိတော့ဘူးလား။ ဒိုးကုန်းက သာလှ … ဒိုးကုန်းက သာလှ”

သူ့အနား တိုးကပ်ပြောလိုက်သံကို ကြည်လင်စွာ ကြားလာသည်။
သို့နှင့် စောထွန်းကျော်၏ အမြင်မှာ တစ်စတစ်စ ကြည်လင်လာသည်။ ပကတိ အခြေအနေကို ပြတ် ပြတ်သားသား မြင်လာပြီး အခြေအနေမှန်ကို ပြန်လည်သုံးသပ်လာနိုင်သည်။

သူ့ကိုယ်ပေါ် အရာဝတ္ထုကြီး ပိကျလာပုံ၊ မြေကြီးနှင့် ဦးခေါင်းတို့ ထိခိုက်သံ၊ ဒရွတ်တိုက် ဆွဲသွားခြင်း၊ ငှက်အော်သံ၊ လူအော်သံတွေ၊ ပြီးတော့ အမှောင်ကြီး ထဲ ကျရောက်လာခြင်း။

စောထွန်းကျော် တစ်ခုပြီး တစ်ခု သတိရလာသည်။ သူ့အနား ဝိုင်းကြည့်နေသူများကို ကြည့်မိသည်။

သာလှ၊ သာကျော်၊ မောင်မဲနှင့် ငတိုး။ သူနှင့် တောလိုက်နေကျ ရိုးမမုဆိုးတွေ။

“စောသာထွေးတို့ကို မတွေ့ မိဘူးလား သာလှ”

စောထွန်းကျော်က အရင်စလို မေးလိုက်သည်။

“သူတို့ မနေ့ကပဲ ပြန်ဆင်းသွားကြပြီလေ။ လေပွေဘက်က လှည့်ပြန်မှာ။ မနေ့က လေပွေမှာ အိပ်မယ်၊ ဒီမနက် ရွာရောက်နေမှာပေါ့ ဖထီးရ”

“ငါ ဘာတွေဖြစ်တာလဲကွ သာလှရ”

“ဖထီးရဲ့ အူးသံတွေကြားလို့ ကျုပ်တို့လဲ ရှေ့အတင်း ဖိတိုးလာတုန်း ဖထီးကို ဟင်းမျိုးကြီး ခုန်အုပ်လို့ ကျုပ်တို့ ဝင်ကူညီလိုက်ရတာပါ ဖထီးရ။ ဖထီး ကံကောင်းတယ်နော”

“ဘာကွ … ဟင်းမျိုးကြီး”

“ဟုတ်တယ်၊ နည်းတဲ့ ကျားကြီး မဟုတ်ဘူး။ ပြီးတော့ ကျားနာကြီးဗျ။ ယာဘက် ရှေ့လက်မှာ ဒဏ် ရာကြီးနဲ့။ ဘယ်မုဆိုး လက်ကမြင်းသွားတယ် မသိဘူး။ ဒါကို လက်စားချေချင်လို့ လူကို ရွေးတိုက်ခိုက် သွားတာ ဖြစ်မှာပေါ့။

ကျုပ်နဲ့ ငမဲက ဟင်းမျိုးကြီးကို ညာသံပေး အတင်း ဝင်ခုတ်ပြီး သာကျော်နဲ့ ငတိုးက ဖထီးကို ဘေးလွတ်ရာ အတင်းဆွဲခေါ်ရတယ်။ ဖထီးပခုံးနဲ့ လည်ကုပ် မှာ အစွယ်မိထားတယ်၊ စိုးရိမ်စရာ မရှိပါဘူးလေ”

သာလှ ပြောစကားကြောင့် ကျောရိုးထဲ စိမ့်တက်ကာ ကြက်သီးတဖြန်းဖြန်း ထသွားမိသည်။

သွေးအေးလာ၍ ဒဏ်ရာတွေက တစစ်စစ် နာလာပြန်သည်။ သူတို့ အဝတ်ကျပ်စည်းပေးထား၍ သွေးပင် မထွက်တော့။ သို့တစေ တစ်ကိုယ်လုံး နာကျင်နေသည်။

“အဲဒီ ဟင်းမျိုးကြီး ဘယ်လို ဖြစ်သွားလဲ။ လှဲနိုင်ကြရဲ့လား”

“ကျုပ်တို့လက် ဖထီး သိသားနဲ့။ ဒီကောင်ကြီး ကိစ္စ ချောသွားပြီလေ။ ရွာက ဝါးခုတ်အဖွဲ့တွေ ရောက်လာလို့ သူတို့လက်ထဲ အပ်လိုက်ပြီ။ သူတို့ ဝါးမခုတ်တော့ဘဲ ဟင်းမျိုးကြီးသယ်ပြီး ရွာပြန်ကြလေရဲ့။ ရွာရောက်ရင် အရေနဲ့ အသားကိုတော့ ဖထီး တွေ့ရမှာပါလေ”

စောထွန်းကျော် ဇာတ်ရည်လည်လာပြီ။ သို့တစေ မုဆိုးသက်ရင့်ပြီး တောတွင်းအတွေ့အကြုံ ကြွယ်ဝသူ မုဆိုးတစ်ဦး ကျားကိုက်ခံရသည်မှာ သေသည်ထက် ဆိုးဝါးလေခြင်းဟု တွေး၍ ရှက်နေမိသည်။

စောထွန်းကျော်သည် ကျောက်တုံးကြီး မှီထိုင်ထားရင်း ဝန်းကျင်တစ်ဝိုက်ကို လေ့လာကြည့်မိသည်။

ရိုးမ တောမြိုင်ကြီးကား ပကတိအသွင်ကို ဆောင်နေလျက်။ ကျေးငှက်တို့၏ တွန်ကျူးသံတွေကလည်း ဆူညံမစဲ တသဲသဲ တအုတ်အုတ်။

“ကဲ … ကဲ … ဖထီး ရွာပြန်ကြမယ်။ ဖထီး ကောင်းကောင်း သတိရနေပြီဘဲ။ ရွာပြန်ရောက်မှ ဒဏ်ရာကို ဆေးထည့်ရမှာ မဟုတ်လား”

သာလှနှင့် ငမဲက စောထွန်းကျော်ကို တွဲယူလိုက်ကြ၏။

“အို … ကျွတ် … ကျွတ်”

စောထွန်းကျော်၏ ဒဏ်ရာက နာကျင်လာပြန်သည်။ သာကျော်နှင့် ငတိုးက ရှေ့နောက်ညှပ်ပြီး နောက်ကြောင်းပြန်ဆုတ်လာကြသည်။

ထိုအချိန်တွင် ကညင်ပင်ကြီးပေါ်မှ ရစ်ငှက်တစ်ကောင်၏ ဒီးခနဲ ဒီးခနဲ အော်မြည်သံက လေးလေး တွဲ့တွဲ့ကြီး ပေါ်လာနေလေသည်။

ငွေတာရီမဂ္ဂဇင်း
အမှတ် ၄၁၉
ဇွန်လ၊ ၁၉၉၅

– ပြီး –

စာရေးသူ – ရွှေဘိုစောလွင်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ 2.0